အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
107
ရှောင်ရှီးသည် စုဟယ်၏အော်ခေါ်သံကို ကြားလိုက်ရသည်နှင့် လေထဲတွင် ဝဲပျံကာ စုဟယ်၏ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူများ၏ စပ်စုသောအကြည့်များကို မြင်လိုက်ရသဖြင့် စုဟယ်မှာ ရှောင်ရှီးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူမ၏ အင်္ကျီလက်ရှည်ဖြင့် လုံအောင် ဖုံးအုပ်ထားလိုက်တော့၏။ ယောက်မကြီးကို ကိုင်ထားသည့် ဦးလေးလီမှာ လှမ်းမေးသည်။
"အို ရှောင်စု၊ ဒါက မင်းမွေးထားတဲ့ ငှက်လား"
စုဟယ် အနေခက်စွာ ပြုံးပြရင်း ပြန်ဖြေလိုက်ရသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့"
"ဝါး ဒီငှက်က တကယ့်ကို အံ့ဩစရာပဲ"
"သူဌေးစုရေ၊ ဒီငှက်ကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ၊ တကယ့်ကို အထင်ကြီးစရာပဲဗျာ"
အချို့လူများဆိုလျှင် ရှောင်ရှီးကို အနီးကပ် ဓာတ်ပုံရိုက်ချင်သဖြင့် စုဟယ်၏ လက်မောင်းနားအထိ ဖုန်းများကို တိုးလာကြသည်။ စုဟယ်မှာ ကင်မရာများနှင့် လွတ်အောင် ခန္ဓာကိုယ်ကို ဘေးသို့ အသာစောင်းလိုက်ရ၏။ သူမသည် လက်နှစ်ဖက်ကို အသုံးပြုကာ လက်တစ်ဖက်ဖြင့် ရှောင်ရှီးကို ဖုံးကွယ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရှောင်ရှီး၏ ခြေသည်းတွင် ချိတ်ပါလာသည့် လက်စွပ်ကို ပြန်ယူရန် ကြိုးစားနေသည်။ စုဟယ်၏ လက်ထဲတွင် ဆွဲအားတစ်ခုကို ခံစားလိုက်ရသည်။ ရှောင်ရှီးမှာ လက်စွပ်ကို လွှတ်မပေးချင်ဘဲ ဖြစ်နေခြင်းပင်။ ရှောင်ရှီး၏ မျက်လုံးထဲတွင်တော့ ဤအရာမှာ သူကိုယ်တိုင် 'အမဲလိုက်' ရရှိထားသည့် ရတနာတစ်ခု မဟုတ်ပါလား။
စုဟယ်၏ လှုပ်ရှားမှုများမှာ အနည်းငယ် သိသာနေသဖြင့် ဘေးလူများမှာ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေကြသည်။
"ငှက်က လှုပ်နေတာလား"
"ဖုံးမထားပါနဲ့၊ ကျွန်တော်တို့ကိုလည်း ပေးကြည့်ပါဦး"
ရှောင်ရှီးသည် တစ်စုံတစ်ယောက်မှာ သူ့ဘက်မှကူပြောပေးနေသည်ကို ကြားလိုက်ရသဖြင့် စုဟယ်ကို အသာပြန်ဆိတ်လိုက်သည်။ စုဟယ် သူ့နှုတ်သီးလေးကို ညှစ်လိုက်ပြီး တိုးတိုးလေးသတိပေးလိုက်မှ ရှောင်ရှီးမှာ မတတ်သာဘဲ သူ့ခြေသည်းများကို လျှော့ပေးလိုက်တော့သည်။
"လူတွေ ဗီဒီယိုရိုက်နေတယ် အဟမ်း"
စုဟယ်သည် ရွှေလက်စွပ်ကို ဘေးနားရှိ နျိုကောထံသို့ ကမ်းပေးလိုက်သည်။
"နျိုကော၊ ဒါကို သေသေချာချာ သိမ်းထားလိုက်ပါဦး"
နျိုကောသည် လက်စွပ်ကို ဝမ်းသာအားရလှမ်းယူလိုက်ပြီး ဆိုသည်။
"သူဌေးစုရေ၊ တကယ်ကို ကျေးဇူးတင်ပါတယ်၊ တကယ်လို့ ဒီလက်စွပ်ကိုသာ ဓားပြက မျိုချလိုက်ရင် ကျွန်တော့်အရှုံးက မနည်းဘူးဗျ"
ဤရွှေလက်စွပ်များမှာ အလေးချိန်စီးလှပြီး တစ်ကွင်းလျှင် အနည်းဆုံး (၅) ဂရမ်ခန့် ရှိသည်။ နျိုကောလက်ထဲရှိ ရွှေလက်စွပ်တစ်ဆုပ်မှာ ယွမ်သောင်းချီ တန်ဖိုးရှိနေသည် မဟုတ်ပါလား။
"တကယ်လို့ သူသာမျိုချလိုက်ရင် ပြန်ထုတ်လို့ရရင်တောင် ကျွန်တော် အဲ့ဒါကို မလိုချင်တော့ဘူး"
နျိုကောမှာ သက်ပြင်းချရင်းပြောလိုက်သည်။ ထိုစဉ် ခေါက်ဆွဲစားနေသော ဖောက်သည်တစ်ဦးမှာ လက်ထဲမှ ခေါက်ဆွဲပန်းကန်ကိုကြည့်ရင်း အစားအသောက်ပျက်သွားဟန်တူသည်။ မျိုချပြီးသားအရာကို ဘယ်လိုများ ပြန်ယူရပါ့မလဲဟု တွေးတောနေပုံရ၏။ ရှောင်ရှီးသည် စုဟယ်၏လက်ဖဝါးကြားမှ အတင်းတိုးထွက်လာပြီး အမွေးပွပွခေါင်းလုံးလုံးလေးကို ပြူထွက်လာသည်။ သူ၏နူးညံ့လှပသော အမွေးအတောင်လေးများမှာ လေတိုက်သဖြင့် ဖွာထွက်နေပြီး သူ့မျက်လုံးများကတော့ တလက်လက်တောက်ပနေသည့် လက်စွပ်ထံမှာသာ စွဲမြဲနေလေ၏။ ဘေးမှကြည့်နေသူများမှာ ရှောင်ရှီး၏ လိမ္မာယဉ်ကျေးသော ပုံစံလေးကို ချက်ချင်းပင်ကင်မရာဖြင့် မှတ်တမ်းတင်ကြတော့သည်။
"အို ဘုရားရေ၊ အရမ်းချစ်ဖို့ကောင်းတာပဲ"
"သူဌေးစုရဲ့ ငှက်ကလေးကတော့ တကယ့်ကို ထူးခြားတာပဲ"
လူတွေ ပိုပိုပြီးစုရုံးလာသည်ကို မြင်ရသဖြင့် စုဟယ်သည် လူအုပ်ကြားထဲမှ ဆန့်ကျင်ဘက်အရပ်သို့ အတင်းတိုးထွက်လာခဲ့သည်။
"သူဌေး ဘာလို့ ပြန်တော့မှာလဲ၊ ငှက်ကလေးကို ထပ်ပြပါဦး"
"သူဌေးစုရေ၊ ပြန်မယ်ဆိုရင်လည်း ငှက်ကလေးကို ထားခဲ့ပါလား "
စုဟယ်မှာတော့ ဂရုမစိုက်နိုင်ဘဲ အော်ပြောရင်း လူအုပ်ထဲမှထွက်လာခဲ့သည်။
"မကြည့်ပါနဲ့တော့၊ ကျွန်မရဲ့ ငှက်ကလေးက စိတ်ဖိစီးမှုရတော့မယ်၊ လူစုခွဲကြပါ လူစုခွဲကြပါ"
နျိုကော ခေါင်းကုတ်ရင်း ဆိုသည်။
"ငှက်တွေမှာလည်း စိတ်ဖိစီးမှုရှိတာလား၊ ကြောင်တွေပဲ စိတ်ဖိစီးမှုရတတ်တယ်လို့ ကြားဖူးတာ"
နျိုကောအိမ်တွင် ကြောင်များစွာရှိသဖြင့် တိရစ္ဆာန်များအတွက် စိတ်ဖိစီးမှုမှာ ကြောက်စရာကောင်းမှန်းသိထားသည်။ ထို့ကြောင့် သူကလူအုပ်ကို တားဆီးပေးလိုက်၏။ ဦးလေးလီမှာလည်း ဝေခွဲမရဖြစ်နေသည်။
"ဖြစ်နိုင်တာပဲ၊ ငါမှတ်မိသလောက်ဆို စာကလေးတွေက အရမ်းစိတ်ကြီးတယ်လေ၊ ငယ်ငယ်က ငါဖမ်းခဲ့တဲ့ စာကလေးတွေဆို တစ်ကောင်မှ အသက်မရှင်ဘူး"
"ဟုတ်သားပဲ၊ ငှက်ကို ဒေါသထွက်လို့ သေအောင်လုပ်တယ်ဆိုတဲ့ စကားတောင်ရှိတာပဲ မဟုတ်လား၊ ကျွန်တော်တို့တွေ အကွာအဝေးတစ်ခုမှာပဲ နေသင့်တယ်၊ သူဌေးစုရဲ့ ငှက်ကလေး ဒေါသထွက်ပြီး သေမသွားအောင်လို့လေ"
ကြည့်ရှုသူများမှာ အိမ်နီးနားချင်းများဖြစ်ကြပြီး အချင်းချင်းရင်းနှီးဖော်ရွေကြသဖြင့် ဆူညံသံများလုပ်ကာ တမင်တကာ ပြဿနာမရှာကြတော့ပေ။
"ရှောင်ရှီးရေ အို ဘုရားရေ၊ ဘာလို့ ရုတ်တရက်ကြီး ခိုးထွက်လာရတာလဲ"
စုဟယ်သည် အခန်းထဲသို့ပြန်ရောက်သောအခါ အတော်လေး စိုးရိမ်တုန်လှုပ်နေမိသည်။ ရှောင်ရှီးမှာ အပြစ်ရှိသလို ခံစားနေရ၏။
"ငါက ကူညီချင်ရုံတင်ပါ"
"မလိမ်နဲ့၊ နင် အဲ့ဒီလက်စွပ်ကိုလိုချင်နေတာ ရှင်းနေတာပဲ၊ ငါမသိဘူး မထင်နဲ့၊ နင် ဗီရိုပေါ်မှာ တလက်လက်တောက်နေတဲ့ အရာတွေကို တစ်ပုံကြီးစုထားတာလေ၊ ခုနကလည်း အဲ့ဒီရွှေလက်စွပ်ကို တင်းတင်းဆုပ်ထားပြီး မလွှတ်ပေးဘူး"
စုဟယ် ရှောင်ရှီးကိုအမိဖမ်းလိုက်သည်။ ရှောင်ရှီးသည် တတွတ်တွတ်ညည်းညူရင်း စုဟယ်၏လက်ပေါ်တွင် ငြိမ်ကုပ်နေတော့၏။ သူ၏ဝမ်းနည်းနေသောပုံစံလေးကို ကြည့်ပြီး စုဟယ်မှာ ရယ်ချင်သွားသည်။
"ကဲပါ ကဲပါ၊ ဒီလအတွက် နင့်ကိုဘောနပ်စ် အပိုပေးမယ်၊ အဲ့ဒီပိုက်ဆံတွေကို ရွှေနဲ့လဲဖို့ နျိုကောရဲ့ဆိုင်ကို ခေါ်သွားပေးရင် ဘယ်လိုလဲ"
ရှောင်ရှီးမှာ ငွေစက္ကူများကို စိတ်မဝင်စားသော်လည်း ဤစက္ကူများဖြင့် တလက်လက်တောက်ပသည့် အရာများကိုရနိုင်မှန်း သိလိုက်ရသောအခါ အတိုင်းမသိ ပျော်ရွှင်သွားသည်။
"ငါ ငါးခုလိုချင်တယ် ငါးခုလိုချင်တယ်"
"ကောင်းပြီ၊ နင်လိုချင်ရင် ဆယ်ခုဆိုရင်တောင် ပေးမယ်"
စုဟယ်သည် အာနျိုရွှေဆိုင်မှ(၀.၁) ဂရမ်ခန့်ရှိသော ရွှေစေ့လေးများ ရှိ၊ မရှိ တွေးနေမိသည်။ အကယ်၍ရှိခဲ့လျှင် ရှောင်ရှီးအတွက် အခု (၂၀) ဝယ်ပေးရန်မှာ ပြဿနာမဟုတ်ပေ။ ထိုတုံးအသော ဓားပြမှာမူ သံသယဖြစ်ဖွယ်မရှိဘဲ အဖမ်းခံလိုက်ပြီး စုဟယ်သည်လည်း ညနေပိုင်းတွင် ထွက်ဆိုချက်ပေးရန် ရဲစခန်းသို့ သွားခဲ့၏။ ရဲစခန်းတွင် စုဟယ်သည် နျိုကောနှင့်တွေ့ဆုံခဲ့သည်။
"နျိုကော ဘယ်လိုလဲ ပျောက်သွားတဲ့ ပစ္စည်းတွေ အကုန်ပြန်ရပြီလား"
စုဟယ်မှာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ နျိုကော ပြုံးလျက် ခေါင်းညိတ်ပြ၏။
"အားလုံးပြန်ရပါပြီ၊ ဘာမှမပျောက်ဘူး၊ ဒါပေမဲ့ အဲ့ဒီပစ္စည်းတွေက အခုလောလောဆယ် ရဲစခန်းမှာပဲ ရှိသေးတယ်၊ ဒီနေ့တော့ အရေအတွက် လာစစ်ရုံပါပဲ"
"ဒါဆို တော်သေးတာပေါ့၊ မဟုတ်ရင် အရှုံးက မနည်းဘူး၊ နျိုကောလည်း ဒီနေ့ တော်တော် လန့်သွားမှာပဲ၊ မနက်ဖြန်တော့ ဆိုင်ကိုပိတ်ပြီး သန့်ရှင်းရေးလုပ်လိုက်ပါဦး"
စုဟယ် နှစ်သိမ့်စကားဆိုလိုက်သည်။ မထင်မှတ်ထားသည်မှာ နျိုကောသည် အလွန်အမင်း စိတ်လှုပ်ရှားနေပုံရ၏။
"ပိတ်ရမှာလား မနက်ဖြန်မပိတ်ဘူး၊ ကျွန်တော်တို့ဆိုင်မှာ ပွဲရှိတယ်၊ သူဌေးစု သေချာပေါက်လာခဲ့နော် ကျွန်တော် ဈေးလျှော့ပေးမယ် "
"ရှင်"
စုဟယ် အံ့ဩသွားရသည်။ နောက်တစ်နေ့တွင် စုဟယ်သည် လွယ်အိတ်တစ်လုံးကိုလွယ်ကာ အာနျိုရွှေဆိုင်ဘက်သို့ လျှောက်လာခဲ့၏။ နျိုကောမှာ ဤမျှအထိ စိတ်အားထက်သန်စွာ ဖိတ်ကြားထားသဖြင့် သူမ သေချာပေါက် သွားရောက်အားပေးရပေမည်။ နျိုကော မနေ့က ပြောခဲ့သည်မှာ ရွှေဆိုင်တွင်ပွဲရှိသည်ဟူ၍ပင်။
တစ်ညတည်းနဲ့ ဆိုင်ကိုအကုန်ပြင်လိုက်တာများလား။ စုဟယ်သည် ဆိုင်အဝင်ဝသို့ပင် မရောက်သေးမီမှာပင် ရှေ့ဆက်တိုး၍ မရတော့ချေ။ အာနျိုရွှေဆိုင်သည် လူအုပ်ကြီးဖြင့် ပတ်ပတ်လည်ဝိုင်းနေပြီး အဝင်ဝတွင်လည်း လူများပြည့်နှက်နေသည်။ နျိုကောမှာ ယနေ့တွင် ပို၍ပင်ကြီးမားခန့်ညားသော ရွှေဆွဲကြိုးကြီးကို ဝတ်ဆင်ထားပြီး တံခါးဝတွင် စနစ်တကျရှိရန် ထိန်းသိမ်းပေးနေသည်။ စုဟယ် အနားသို့တိုးကြည့်လိုက်သောအခါ အို ဘုရားရေ အာနျို ရွှေဆိုင်မှာ ဘာမှမပြင်ဆင်ရသေးပေ။ နျိုကောသည် ကွဲအက်နေသောဖန်စများကိုသာ စုပုံသန့်ရှင်းထားခြင်း ဖြစ်သည်။ ရိုက်ခွဲခံထားရသော အပြင်ဘက်ဖန်သားများနှင့် ဖန်တံခါးမှာ ပျက်စီးနေသည့် အတိုင်းပင်ရှိနေဆဲဖြစ်၏။
လူများအလွန်များပြားနေသဖြင့် အချို့ဖောက်သည်များမှာ အဓိကတံခါးကို မသုံးတော့ဘဲ ကွဲအက်နေသော အပြင်ဘက် ဖန်သားပြင်ကြားမှပင်ဖြတ်လျှောက်နေကြသည်။ အချို့ဖောက်သည်များမှာတော့ တံခါးဝတွင် စုရုံးလျက် ရိုက်ခွဲခံထားရသော ဖန်သားနံရံကြီးရှေ့တွင် ဓာတ်ပုံရိုက်နေကြလေ၏။ နျိုကောသည် ဖောက်သည်များ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် ဓားပြရန်မှကာကွယ်ရန်ပြုလုပ်ထားသောကောင်တာမှ အပေါက်ကို သေသေချာချာ သန့်ရှင်းကာ၊ အနားသတ်များကို ချောမွေ့အောင်လုပ်ပြီး တိပ်ဖြင့် ပတ်ထားပေးထားသည်။ ဆိုင်ထဲမှာတော့ ပို၍ပင်စည်ကားနေပြီး ကောင်တာတွင် လူအုပ်ကြီးတန်းစီနေကြ၏။ နျိုကောမှာ စကားပြောလွန်းသဖြင့် တံတွေးများပင် စင်နေသည်။
"ဟုတ်ပါတယ်၊ ဒီအပေါက်ထဲကို လက်ထည့်လိုက်ပါ၊ အဲ့ဒီတုန်းက ဓားပြကဒီလိုပဲရွှေတွေကို နှိုက်ယူသွားတာ၊ ကောင်းပြီ ဒီထောင့်ကနေဆိုရင် ကောင်းတယ်၊ မျက်နှာထားကို နည်းနည်း ပိုပြီးရိုင်းစိုင်းတဲ့ပုံစံ လုပ်လိုက်ပါ၊ အခု ဓာတ်ပုံရိုက်ပေးမယ်"
နျိုကောမှာ အလုပ်မျိုးစုံကို တစ်ပြိုင်တည်း လုပ်နေရသည်၊ စနစ်တကျရှိအောင် ထိန်းသိမ်းရသည်၊ ဖောက်သည်များကို ဓာတ်ပုံရိုက်ပေးရသည်။ ထို့အပြင် သူ့ရွှေဆိုင်ပွဲကိုလည်း ကြော်ငြာနေသေးသည်။
"ဒီနေ့ ရွှေတစ်ဂရမ်ကို ယွမ် (၁၀၀) လျှော့ပေးပါတယ်တကယ့်ကိုတန်တဲ့ အပေးအယူပါပဲ "
နျိုကောသည် စုဟယ်ကိုမြင်သွားသည်။
"အော် သူဌေးစု ရောက်လာပြီပဲ၊ မြန်မြန် မြန်မြန် အထဲကို ဝင်ခဲ့ပါ၊ အထဲမှာ နေရာလွတ် ရှိပါသေးတယ်"
စုဟယ်မှာ မျက်တောင်ပင် ခတ်မိသွားသည်။ ပြည့်နှက်နေသောဆိုင်ကို ကြည့်ရသည်မှာ ဘယ်နေရာမှ နေရာလွတ်ရှိပုံမရပေ။ နျိုကော အော်ပြောလိုက်သည်။
"ကဲ လမ်းဖယ်ပေးကြပါဦး၊ သူဌေးစုကို အရင်ပေးဝင်လိုက်ပါ၊ မင်းတို့ မသိဘူး၊ မနေ့က သူဌေးစုရဲ့ငှက်ကလေးက ကောင်းကင်ကနေ ဆင်းသက်လာပြီး ဓားပြလက်ထဲက ရွှေလက်စွပ်ကို လုယူပေးခဲ့တာလေ"
"ဝါး"
"အိုး တကယ့်ကို အထင်ကြီးစရာပဲ"
ကြည့်နေသူများမှ အာမေဍိတ်သံများ ပြိုင်တူ ထွက်ပေါ်လာသည်။ စုဟယ်မှာ စိတ်အားထက်သန်နေသော ဖောက်သည်များကို ပြုံးပြရင်း နှုတ်ဆက်နေရ၏။ သူမ၏မျက်နှာမှာ ပြုံးလွန်းသဖြင့် တောင့်တင်းနေပြီ ဖြစ်သည်။ သူမ မသိလိုက်ဘဲ တစ်ခုခု ဖြစ်သွားတာလား ဘာလို့ လူအများကြီးက သူမကို လာနှုတ်ဆက်နေကြတာလဲ။ စုဟယ်သည် သူမလွယ်အိတ်ကို လက်ဖြင့် တင်းတင်းဆုပ်ထားလိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင်တော့ ရှောင်ရှီးလေးကို လုံးဝအပြင်ထုတ်၍မဖြစ်နိုင်ပေ။
108
စုဟယ်သည် နျိုကောအား မျက်စိမှိတ်ကာ အရိပ်အယောင် ပြလိုက်သော်လည်း နျိုကောမှာ လုံးဝသတိမထားမိပေ။ သူသည် အနားမယူနိုင်ဘဲ ဖောက်သည်များအား ပစ္စည်းများကို မိတ်ဆက်ပေးရန်သာ အလုပ်ရှုပ်နေတော့သည်။
"ဒါက အဲ့ဒီငှက်ရဲ့ ပိုင်ရှင်လား၊ ငှက်ကလေးကို ပေးကြည့်လို့ ရမလားဟင်"
ဖော်ဖော်ရွေရွေရှိသော ဖောက်သည်တစ်ဦးမှာ ရှေ့သို့တိုးကာ လာမေးသည်။ စုဟယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် နှိမ့်ချစွာ ပြန်မေးလိုက်မိ၏။
"ရှင်က ဘယ်လိုသိတာလဲ"
စုဟယ် ဆိုင်မှ ထွက်မလာခင်မှာ Weibo ပေါ်တွင် အထူးတလည် ရှာဖွေခဲ့သော်လည်း အွန်လိုင်း၌ ဤအကြောင်းနှင့် ပတ်သက်သော ရေပန်းစားနေသည့်သတင်းမျိုး မတွေ့ခဲ့ရပေ။
"ဟေး ဒါကို လူတိုင်း သိသင့်တာပေါ့ မဟုတ်ဘူးလား၊ ဒါက တကယ့်ကို ရှားရှားပါးပါး ကိစ္စလေ၊ ကျွန်မအိမ်နီးနားချင်း အသက် (၉၀) အရွယ် အဘွားကြီးတောင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရတာကို သိနေပြီ"
စကားပြောရသည်ကို နှစ်သက်သော ထိုဖောက်သည်မှာ စုဟယ်ကို ဘေးသို့ဆွဲခေါ်ကာ စကားစမြည် ပြောတော့သည်။ စုဟယ် ထိုသူ၏ စကားများကို ဖြတ်ကာပြောလိုက်၏။
"ဒါဆိုရင် ငှက်အကြောင်းကိုကျတော့ ဘယ်လိုသိတာလဲ"
ဖောက်သည်မှာ အနည်းငယ် အံ့အားသင့်သွားပြီး ပြန်မေး၏။
"ဗီဒီယိုကို မကြည့်ရသေးဘူးလား"
"ဘာဗီဒီယိုလဲ"
စုဟယ် အနည်းငယ် ကြောင်သွားရသည်။ မနေ့မှ အခင်းဖြစ်ပွားရာနေရာတွင် လူအများအပြား ဗီဒီယိုရိုက်နေကြသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ ရှောင်ရှီးကို တစ်စုံတစ်ယောက် ရှင်းရှင်းလင်းလင်း ရိုက်မိသွားမှာ စိုးသဖြင့် သူမအမျိုးမျိုးဖြင့် ရှာဖွေခဲ့သော်လည်း မည်သည့် ဗီဒီယိုမှ ရှာမတွေ့ခဲ့ပေ။
"ဒီမှာလေ၊ ဒီဗီဒီယိုက တကယ့်ကို နာမည်ကြီးနေတာ၊ Douyin ပေါ်မှာ Like ပေးထားတဲ့သူတွေလည်း အများကြီးပဲ၊ ဒေသတွင်း Group တွေထဲမှာလည်း အများကြီး ဝေမျှ နေကြတာ"
ဖောက်သည်မှာ စုဟယ်ကို ဗီဒီယိုပြရန် သူမ၏ဖုန်းကို ဖွင့်လိုက်သည်။ ဗီဒီယိုမှာ ဓားပြသည် တူကြီးဖြင့် ဖန်သားပြင်ကို ရိုက်ခွဲသည့် မြင်ကွင်းနှင့် စတင်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် ခန့်ညားစွာ ပေါ်လာပြီး ဓားပြကို ချက်ချင်းပင် ဖမ်းဆီးထိန်းချုပ်လိုက်ကြ၏။ နောက်ဆုံးတွင် ရှောင်ရှီးမှာ ကောင်းကင်မှ ဆင်းသက်လာကာ ရွှေလက်စွပ်ကို လုယူလိုက်လေသည်။ ဗီဒီယို၏ ရိုက်ချက်များမှာ စနစ်ကျပြီး အလှည့်အပြောင်းလည်း ပါရှိသလို၊ နောက်ခံတေးဂီတမှာလည်း အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသဖြင့် လူများကို သဘောကျစေ၏။
ဗီဒီယိုထဲမှ ကင်မရာမှာ ရုတ်တရက် Zoom ဆွဲလိုက်ပြီး ဂီတသံမှာလည်း တီးခတ်သံ သို့ ပြောင်းလဲသွားသည်။ ကင်မရာမှာ ရွှေလက်စွပ်ပေါ်သို့ အာရုံစိုက် ထားရာ ကြည်လင်ပြတ်သားမှုမှာ အံ့မခန်းဖြစ်နေသဖြင့် ဤအပိုင်းကို နောက်ပိုင်းမှ ထပ်မံထည့်သွင်းထားခြင်း ဖြစ်ပေလိမ့်မည်။ ထို့နောက် ရင်းနှီးနေသော အသံတစ်ခုမှာ ထွက်ပေါ်လာသည်။
"ဘယ်လို ရွှေလက်စွပ်မျိုးက ဓားပြကို မလွှတ်တမ်း ဆုပ်ကိုင်ထားစေပြီး ငှက်ကိုတောင် ဝိုင်းကူညီချင်စိတ် ပေါက်စေတာလဲ၊ နျိုကောရွှေဆိုင်ကို လာခဲ့ပါ၊ ဓားပြ ကိုယ်တိုင် အာမခံထားတဲ့ ဆိုင်ကောင်းတစ်ဆိုင်ပါ၊ ဒီနေ့ကစပြီး ရွှေတစ်ဂရမ်ကို ယွမ် (၁၀၀) လျှော့ပေးနေပြီ၊ ရွှေတစ်ဂရမ်ကို ယွမ် (၁၀၀) လျှော့ပေးနေပြီ"
စခရင်ပေါ်တွင် ရွှေရောင်များ တလက်လက်တောက်နေပြီး အရောင်စုံ လှပသော စာလုံးများ ပေါ်လာတော့သည်။ စုဟယ်၏ မျက်လုံးများမှာ ပြာဝေသွားရ၏။
"ဒီဗီဒီယိုက အရမ်းနာမည်ကြီးနေတာ၊ လူတိုင်းက ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်က ဘယ်လိုပုံစံလဲဆိုတာကို သိချင်နေကြလို့ လာကြည့်ကြတာ၊ ပြီးတော့ တစ်ဂရမ်ကို ယွမ် (၁၀၀) လျှော့ပေးတယ်ဆိုတာက တကယ့်ကို တန်တဲ့ အပေးအယူပဲလေ၊ တခြား ရွှေဆိုင်တွေရဲ့ ရွှေဈေးနဲ့ လက်ခတွေပေါင်းရင် တစ်ဂရမ်ကို ယွမ် (၇၀၀) လောက် ရှိတယ်"
ဖောက်သည်မှာ ဆက်ပြောသည်။ ထို့နောက် ထိုဖောက်သည်မှာ မတူညီသော ရှုထောင့်အမျိုးမျိုးမှ ရိုက်ထားသည့် အခြားဗီဒီယိုအချို့ကိုလည်း စုဟယ်အား ပြသသေး၏။ ထိုဗီဒီယိုအားလုံးမှာ နျိူကောရွှေဆိုင်၏ ဈေးလျှော့ပေးသည့် ကြော်ငြာများဖြင့် ဆုံးသတ်ထားကြသည်။ ကံကောင်းသည်မှာ ထိုဗီဒီယိုများတွင် ရှောင်ရှီး၏ ပုံရိပ်ကိုသာ ရိုက်မိထားပြီး ၎င်း၏ ခြေထောက်သုံးချောင်းကိုတော့ ရိုက်မိမထားခြင်းပင်။
ဆိုင်ထဲတွင် တိုးပွားလာသော ဖောက်သည်များကို ကြည့်ရင်း စုဟယ်မှာ နျိုကောကို အမှန်တကယ် ချီးကျူးမိသွားသည်။ သူသည် တကယ့်ကို စျေးကွက်ရှာဖွေရေး ပါရမီရှင် တစ်ယောက်ပါပဲ။ လာသမျှ ဖောက်သည်တိုင်းသည် ပစ္စည်းမဝယ်လျှင်တောင်မှ ဓာတ်ပုံရိုက်ပြီး သူတို့၏ လူမှုကွန်ရက် ပေါ်တွင် တင်ကြခြင်းမှာ နျိုကောရွှေဆိုင်အတွက် အလွန်ကောင်းမွန်သော ကြော်ငြာတစ်ခု ဖြစ်နေ၏။ ရွှေဆိုင်ခွဲပေါင်းများစွာ ရှိနေသည့်ကြားတွင် နျိုကောရွှေဆိုင်မှာ မြို့ဟောင်းထဲရှိ သာမန်ရွှေဆိုင်လေးတစ်ဆိုင်သာ ဖြစ်သည်။ အကယ်၍ ထိုဓားပြမှုသာ မဖြစ်ခဲ့လျှင် နျိုကောရွှေဆိုင်မှာ တစ်ဂရမ်ကို ယွမ် (၂၀၀) လျှော့ပေးလျှင်တောင် ဤမျှများပြားသော ဖောက်သည်များကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
စုဟယ် နောက်ထပ်မေးမြန်းချင်သော်လည်း သူမ၏အိတ်ထဲတွင် ဝှက်ထားသော ရှောင်ရှီးမှာ မအောင့်နိုင်တော့ဘဲ ခေါင်းပြူထွက်လာသည်။ ၎င်းသည် လွယ်အိတ်ထဲမှ တိုးထွက်လာပြီး မှန်ကောင်တာထဲရှိ တလက်လက်တောက်နေသော ရွှေများကိုကြည့်ကာ ပျံသန်းသွားချင်သဖြင့် အတောင်ပံများကို ခတ်နေလေ၏။ စုဟယ်မှာ သူ့ကိုအမြန်ပင် ဖိထားလိုက်ရသည်။ ထိုအချိန်တွင် အနီးနားရှိ ဖောက်သည်များအားလုံး ရှောင်ရှီးကို မြင်သွားကြပြီ ဖြစ်၏။ သူတို့အားလုံး ရှောင်ရှီးအတွက် လမ်းဖယ်ပေးကြပြီး ရှောင်ရှီးနှင့်အတူ ဓာတ်ပုံရိုက်ရန် သူတို့၏ဖုန်းများကို တိတ်တဆိတ် ထုတ်လိုက်ကြသည်။ ရှောင်ရှီးမှာ ယခုအခါ ကုန်းပေါ်သို့ ရောက်နေသည့် ရေသူမလေးကဲ့သို့ပင် ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်အထက်ပိုင်းကသာ လုံးဝပုံမှန်ဖြစ်နေခြင်းဖြစ်သည်။ စုဟယ်သည် လွယ်အိတ်ကိုသာဖိထားပြီး ရှောင်ရှီးအား သူ့၏ခေါင်းနှင့် အတောင်ပံများကိုသာ ထုတ်ထားခွင့်ပေးလိုက်ကာ အိတ်ထဲပြန်ဝင်ရန် အတင်းအကျပ်မပြုလုပ်တော့ပေ။ ရှောင်ရှီးသည် သူ့အတောင်ပံများကိုခတ်ရင်း အတောက်ပဆုံးနေရာဖြစ်သည့် နျိုကော ဝတ်ထားသောပုံစံရွှေဆွဲကြိုးကြီးများ ပြသထားသည့်နေရာသို့ သွားချင်နေသည်။
စုဟယ်သည် သူမပိုက်ဆံအိတ်ကို စမ်းကြည့်လိုက်ပြီး ရှောင်ရှီး၏လစာကို တွက်ချက်ကြည့်သည်။ ရှောင်ရှီး၏ရွှေဆွဲကြိုးကြီးကို စိုက်ကြည့်နေသည့် အကြည့်များကို လျစ်လျူရှုလိုက်ပြီး သူ့အတွက် အခေါင်းပွ ရွှေလက်ကောက်လေးတစ်ကွင်းကို ဝယ်ပေးလိုက်၏။ ၎င်းမှာ လက်ကောက်ဖြစ်သော်လည်း ရှောင်ရှီး၏လည်ပင်းတွင် ဆွဲကြိုးအဖြစ် ပတ်ရန်အတွက်တော့ အနေတော်ပင် ဖြစ်သည်။ စုဟယ်သည် ရှောင်ရှီး စကားမပြောနိုင်သေးသည့် အခြေအနေကို အခွင့်ကောင်းယူကာ သူ့အတွက် ချက်ချင်းပင် ဆုံးဖြတ်ချက်ချပေးလိုက်တော့၏။ စုဟယ်က ရှောင်ရှီးအား လက်ကောက် ဝတ်ပေးနေသည်ကိုလည်း ပတ်ဝန်းကျင်ရှိ ဖောက်သည်များက ဗီဒီယိုရိုက်ထားကြသည်။ ရွှေဆိုင်ထဲမှ ထွက်လာပြီးနောက်တွင် ရှောင်ရှီးမှာ သနားကမားလေသံဖြင့် ဆိုသည်။
"ငါးခု ဝယ်ပေးမယ်လို့ပြောခဲ့တာမဟုတ်လား"
စုဟယ်မှာ ပါးနပ်စွာပင် စကားလှည့်ပြောလိုက်သည်။
"ဟုတ်တယ်လေ၊ ငါးခုထက်တောင်ပိုသေးတယ် မဟုတ်လား ပြန်ရေကြည့်၊ နင့်လည်ပင်းက လက်ကောက် အိုး မဟုတ်ပါဘူး ဆွဲကြိုးလေးမှာ ရွှေလုံးလေးတွေ အများကြီး မဟုတ်လား"
ရှောင်ရှီး ခေါင်းလေးစောင်းကာ စဉ်းစားနေသည်။ စုဟယ်မှာ သူ့ကို လှည့်စားလိုက်သလို အမြဲခံစားနေရ၏။ အဲ့ဒီလိုမျိုး ရေတွက်ရတာလား။ သူသည် လည်ပင်းမှ ဆွဲကြိုးလေးကို ငုံ့ကြည့်လိုက်ရာ မျက်လုံးများပင် စွေသွားတော့မည် ဖြစ်သည်။ သို့သော် အမှန်ပင် ရွှေလုံးလေးများကို တစ်ခုချင်းစီ ဆက်ထားသည့် ဤလက်ကောက်လေးတွင် ရွှေလုံးလေးများစွာ ပါဝင်နေသည် မဟုတ်ပါလား။ ရှောင်ရှီးမှာ ရွှေလုံးလေးများကို တစ်လုံးချင်းစီ တကယ်ပင် ထိုင်ရေနေသည်ကို မြင်လိုက်ရသောအခါ စုဟယ်မှာ ဤကလေးလေးသည် သင်္ချာညံ့သဖြင့် လှည့်စားရန် လွယ်ကူမှန်း သိလိုက်သည်။ ဤသည်မှာလည်း နျိုကောမှာ သူမကိုခင်မင်မှုဖြင့် အထူးဈေးနှုန်း ပေးထား၍သာဖြစ်သည်။ မဟုတ်လျှင် ရှောင်ရှီး၏လစာမှာ ထိုပါးလွှာသော လက်ကောက်လေးကို ဝယ်ရန်ပင် လုံလောက်မည်မဟုတ်ချေ။ စုဟယ်သည် သူမကိုယ်သူမ ကပ်စေးနှဲသော သူဌေးတစ်ဦး ဖြစ်နေသလားဟု ပြန်လည် ဆင်ခြင်မိ၏။
စနစ် အကြောင်းကြားချက် : တည်းခိုခန်း၏ လူကြိုက်များမှု (၁၀၀,၀၀၀) / (၁၀၀,၀၀၀) သို့ ရောက်ရှိသွားပါသည်။ 'အနည်းငယ် ကျော်ကြားခြင်း' ဘွဲ့ကို ရရှိသည့်အတွက် ကစားသမားအား ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် ကတ်ဆွဲခွင့် (၁) ကြိမ် ရရှိပါသည်။
စနစ် တာဝန် : ကျေးဇူးပြု၍ တည်းခိုခန်း၏ လူကြိုက်များမှုကို 'ထွန်းသစ်စကြယ်ပွင့်' အဆင့်သို့ ရောက်အောင် ဆက်လက် မြှင့်တင်ပါ။ (ထွန်းသစ်စကြယ်ပွင့် - ဤမြို့တွင် အတိုင်းအတာတစ်ခုအထိ နာမည်ကျော်ကြားခြင်း။)
လက်ရှိ ဟဲယဲ့တည်းခိုခန်း၏ လူကြိုက်များမှုမှာ : (၁၆၀,၀၀၀) / (၁,၀၀၀,၀၀၀)
"ဟင်"
လူကြိုက်များမှု တာဝန်ပြီးသွားပြီလား။ စုဟယ်မှာ ပြန်လည်ဆင်ခြင်ခြင်းပင်မပြီးသေးမီ ထိုသတင်းကောင်းကို ရရှိလိုက်ခြင်းဖြစ်သည်။ စုဟယ်သည် ရွှေလုံးလေးများကို ရေတွက်ရင်း မျက်စိလည်နေသော ရှောင်ရှီးကို ကြည့်ကာ ခန့်မှန်းမိသည်။
"ဒါက ရှောင်ရှီးကြောင့်ရလာတဲ့ လူကြိုက်များမှု ဖြစ်နိုင်မလား"
သူမသည် စနစ်မျက်နှာပြင်ကိုဖွင့်ပြီး ရှောင်ရှီး၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ရှောင်ရှီး၏ လူကြိုက်များမှုမှာလည်း အနည်းငယ် ကျော်ကြားခြင်း အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ တကယ်ကို ရှောင်ရှီးပဲ။ ရှောင်ရှီး၏ လူကြိုက်များမှုမှာ ထွန်းသစ်စကြယ်ပွင့် အဆင့်နှင့် မဝေးတော့ဘဲ လျင်မြန်စွာ မြင့်တက်နေ၏။ ယခုတစ်ကြိမ်တွင် Weibo ၏ Hot Search များမှာ တည်ငြိမ်နေဆဲဖြစ်ပြီး အနုပညာရှင်များမှာ အာရုံစိုက်မှု ရရှိရန် ကြိုးစားနေကြသည်။ စုဟယ်သည် ဒေသတွင်း Group များထဲသို့ မဝင်ထားသဖြင့် Douyin ကိုသာ ဖွင့်ကြည့်လိုက်၏။
Douyin တွင် မြို့တွင်းကြည့်ရှုနိုင်သည့် လုပ်ဆောင်ချက်ရှိသည်။ တည်နေရာကို ဖွင့်ထားသရွေ့ စနစ်မှာမြို့တွင်းရှိ ဗီဒီယိုများကို ပို့ပေးလိမ့်မည်။ စုဟယ်သည် ဖုန်းစခရင်ကို အနည်းငယ်သာဆွဲကြည့်ရသေးသော်လည်း နျိုကောပြုလုပ်ထားသည့် အာနျိုရွှေဆိုင် ကြော်ငြာဗီဒီယိုကို မြင်လိုက်ရသည်။ သူမသည် ရှောင်ရှီး၏လက်စွပ်ကို လုယူပေးခဲ့သည့် ရဲရင့်သောလုပ်ရပ်ကို ထပ်မံကြည့်ရှုလိုက်ရ၏။ တကယ်တွင်လည်း ဗီဒီယိုထဲတွင် ရှောင်ရှီးမှာလုံးဝ တုံးအပုံမပေါ်ဘဲ အလွန်ပင်ခန့်ညားလှသည်။နောက်ထပ် ဗီဒီယိုတစ်ခုမှာတော့ သူမ ရှောင်ရှီးကိုခေါ်ပြီး အာနျိုရွှေဆိုင်တွင် လက်ကောက်ဝယ်ပေးသည့် မြင်ကွင်းဖြစ်၏။ ရှောင်ရှီး၏ခန္ဓာကိုယ်တစ်ဝက်မှာ လွယ်အိတ်ထဲတွင် ဝှက်ထားသော်လည်း ၎င်း၏ အတောင်ပံများကိုတော့ ရှေ့သို့ဆန့်ထုတ်ထားကာ ရွှေများကိုအစွဲအလမ်းကြီးစွာကြည့်နေသည့် အမူအရာမှာ ကောင်တာပေါ်သို့ တစ်ကိုယ်လုံးခုန်တက်တော့မည့်အတိုင်းပင်။ ဤကဲ့သို့ ထူးခြားပြီး ချစ်စရာကောင်းသည့်ပုံစံမှာ ဗီဒီယိုကို Like ပေးသူနှင့် ဝေမျှသူ အတော်လေး များပြားစေခဲ့သည်။
"ဒေါက် ဒေါက် ဒေါက် ဒေါက် "
တစ်စုံတစ်ယောက် တံခါးကိုခေါက်လိုက်သည်။ စုဟယ်သည် ရွှေလုံးလေးများကို နှစ်ခါတိုင်တိုင်ရေတွက်နေသော ရှောင်ရှီးလေးအား မနှောင့်ယှက်တော့ပေ။ သူမသည် လူကြိုက်များမှုမြင့်တက်လာသည့် သတင်းကောင်းကို နောက်မှသာ ပြောပြပါတော့မည်၊ မဟုတ်လျှင် ဤကလေးမှာ ပို၍ပင် တုံးအသွားပေလိမ့်မည်။ သူမသည် အခန်းထဲမှ ထွက်လာရာ တံခါးခေါက်နေသူမှာ လီရှီ ဖြစ်နေ၏။
"သူဌေး သတင်းဆိုး ရှိတယ်"
လီရှီမှာ စိုးရိမ်တကြီးပြောလိုက်သည်။