← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

109

လီရှီသည် အတော်လေး အားနာသလို ခံစားနေရသည်။ သူ၏သူဌေးမှာ ကြိုတင်သတိပေးထားပါလျက်နှင့် သူသည် ပေါ့ဆမိခဲ့သည် မဟုတ်ပါလား။

"သူဌေး ကျွန်တော်တို့ကို မျက်ခြေမပြတ်ကြည့်ခိုင်းထားတဲ့ ချောင်လိဖန်းနဲ့ သူ့သားက ဒီမနက်ပဲ အခန်းအပ်ပြီး ထွက်သွားကြတာ၊ ဒီမနက် ကျွန်တော် သူတို့ကို အကဲခတ်ကြည့်တော့ တည်းခိုခန်းအပေါ် အတော်လေး ကျေနပ်ပုံရပါတယ်၊ မနေ့ကဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် သူတို့ စိတ်ထဲမှာ တစ်ခုခုဖြစ်နေမှာစိုးတာနဲ့ ကျွန်တော် မနက်စာကူပွန် နှစ်စောင်တောင် အပိုပေးလိုက်သေးတယ်၊ သူမက ဘာမှလည်း ပြန်မပြောဘူး၊ တကယ်ကို ဘာမှမှတ်ချက်မပေးဘဲ ထွက်သွားတာပါ၊ ကိစ္စကပြေလည်သွားပြီလို့ ကျွန်တော် ထင်ခဲ့တာ ဘယ်သူသိမှာလဲ"

လီရှီသည် နောင်တရသလို ခံစားနေရသည်။ အခြေအနေကိုသာ သူအနည်းငယ် ပို၍ သတိထားခဲ့လျှင် ပိုကောင်းပေလိမ့်မည်။ လီရှီသည် သူ၏ဖုန်းကို ဖွင့်လိုက်သည်။

"ဒီမနက် အော်ဒါအသစ်တွေရှိမလားဆိုပြီး အွန်လိုင်းဘိုကင်ပလက်ဖောင်းကို စစ်ကြည့်တော့ ဆက်တိုက်ဆိုသလို ကြယ်တစ်ပွင့်ပဲပေးထားတဲ့ ဆိုးရွားတဲ့ ဝေဖန်ချက်သုံးခုကို တွေ့လိုက်ရတာပဲ"

စုဟယ် သူ့ကိုနှစ်သိမ့်လိုက်သည်။

"ရပါတယ်၊ ဒီလိုဝေဖန်ချက်မျိုးတွေ ကြုံရတာက ရှောင်လွှဲလို့မရပါဘူး၊ ငါတို့က ဧည့်သည်အားလုံးကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ဘူးလေ"

"သူဌေး ဒါက သာမန်ဆိုးရွားတဲ့ ဝေဖန်ချက်မျိုး မဟုတ်ဘူး၊ ကြည့်လိုက်ရင် သိပါလိမ့်မယ်"

လီရှီသည် စကားဖြင့် ဖော်ပြရန်ခက်ခဲနေသဖြင့် သူ့ဆံပင်များကို ဆွဲဖွပြီး ဖုန်းကို လှမ်းပေးလိုက်သည်။ စုဟယ်သည် ဖုန်းကို လှမ်းယူလိုက်စဉ် အလန့်တကြားဖြစ်ကာ လက်ထဲမှပင် ပြုတ်ကျမတတ် ဖြစ်သွားရ၏။ လီရှီ၏ မျက်နှာထား ဘာကြောင့် ဤမျှဆိုးရွားနေရသနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။ စုဟယ်ကိုယ်တိုင်ပင် ထိုပုံများကို ကြည့်ပြီး စိတ်မသက်မသာဖြစ်သွားရသည်။

ချောင်လိဖန်းသည် အင်တာနက်ပေါ်မှ ပြင်းထန်သော အရေပြားရောဂါရှင်များ၏ပုံများကို ရှာဖွေထားခြင်းဖြစ်သည်။ ပထမဆုံးပုံမှာပြင်းထန်သော အရေပြားအဖုအပိန့်နာရောဂါသည်တစ်ဦး၏ပုံဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ အဖြူရောင်အကြေးခွံများဖုံးလွှမ်းနေကာ ဟော်မုန်းကုသမှုကြောင့် တစ်ကိုယ်လုံးဖောယောင်နေသည့်ပုံမှာ တကယ်ပင် ကြောက်စရာကောင်းလှ၏။ နောက်ထပ်ဝေဖန်ချက်နှစ်ခုမှာလည်း အလားတူပင်ဖြစ်သည်။ ချောင်လိဖန်းသည် 'အရေကြည်ဖုများ ပြည့်နေသော ကလေးငယ်' ပုံနှင့် 'ကြာစေ့အိမ်ကဲ့သို့ အပေါက်များရှိသော ရင်သား' ပုံ စသည့်ကြည့်ရဆိုးသော ပုံများကို တင်ထားခြင်းဖြစ်သည်။ လီရှီသည် ပျို့အန်ချင်စိတ်ကို အောင့်အည်းထားရင်း ချောင်လိဖန်း၏ရေးသားချက်ကို ဖတ်ပြသည်။

"သူဌေး ကြည့်ပါဦး သူမက ဒီလိုရေးထားသေးတယ်၊ 'တည်းခိုခန်းက အရေပြားရောဂါသည် တစ်ယောက်ကို ပေးတည်းထားပြီး ဧည့်သည်တွေကို အသိမပေးဘူး၊ ဧည့်သည်က သိသွားတော့ ငွေနဲ့လာပြီး လာဘ်ထိုးတယ် 'မနက်စာ ကူပွန်ပုံ'စိတ်ဓာတ်မကောင်းတဲ့ စီးပွားရေးသမားတွေပဲ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် နစ်နာကြေး အပြည့်အဝ တောင်းဆိုတယ်' တဲ့"

လီရှီ စုဟယ်အား ရှင်းပြသည်။

"သူဌေး ကျွန်တော် တကယ်ပဲလာဘ်မထိုးခဲ့ပါဘူး၊ သူမစိတ်မကျေနပ်မှာစိုးလို့ မနက်စာကူပွန်အပိုပေးခဲ့တာပါ၊ သူမက ဒါကို သက်သေအဖြစ် သုံးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ဤဝေဖန်ချက်တွင် ပုံများသာမက အွန်လိုင်းပလက်ဖောင်းမှ အော်ဒါနံပါတ်ပါ ပါဝင်နေသဖြင့် ပလက်ဖောင်းဘက်မှ ဤဝေဖန်ချက်ကို 'တကယ်တည်းခိုခဲ့သူ၏ မှတ်ချက်' အဖြစ် သတ်မှတ်လိုက်သည်။ ထို့ကြောင့် ၎င်းဝေဖန်ချက်မှာ အလေးသာသွားပြီး အမြင်သာဆုံး နေရာတွင် ပေါ်နေခြင်းဖြစ်၏။ လီရှီမှာ ကျန်ရှိသော ဝေဖန်ချက်နှစ်ခုကို ညွှန်ပြသည်။

"ကျွန်တော် အွန်လိုင်းဘိုကင်ပလက်ဖောင်းရဲ့ Customer Service ကို ဒါတွေက အကောင့်တုတွေဖြစ်ပြီး အင်တာနက်ပေါ်က ပုံတွေပါလို့ပြောခဲ့ပါတယ်။ မူရင်းပုံတွေကိုတောင်ရှာပြခဲ့သေးတယ်။ ဒါပေမဲ့ Customer Service က စက်ရုပ်လိုပဲ စစ်ဆေးပေးပါမယ်လို့ပဲ ပြောနေတာ၊ အခု နှစ်နာရီတောင် ကြာသွားပြီ၊ ဒီဝေဖန်ချက်တွေက တက်နေတုန်းပဲ"

လီရှီသည် ပျို့အန်ချင်စိတ်ကို အောင့်အည်းကာ ထိုပုံများမှာ အင်တာနက်ပေါ်မှပုံများဖြစ်ကြောင်း သက်သေပြရန် သူ့ဖုန်းထက်ဆယ်ဆမျှကြီးသော ကွန်ပျူတာစခရင်တွင် တစ်ပုံချင်းစီရှာဖွေခဲ့သော်လည်း Customer Service ဘက်မှာ ဘာမှမလုပ်ဆောင်ပေးခဲ့ပေ။

"သူဌေး ဒါက ကျွန်တော်တို့စီးပွားရေးကို တော်တော်ထိခိုက်စေတယ်၊ အမြင်သာဆုံးနေရာမှာ ကြယ်တစ်ပွင့် ဝေဖန်ချက် သုံးခုတက်နေပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ပုံတွေပါနေရင် ဘယ်သူက လာတည်းရဲတော့မှာလဲ"

လီရှီမှာ အတော်လေး စိတ်ဓာတ်ကျနေပုံရသည်။ စုဟယ်သည် အွန်လိုင်းဘိုကင်ပလက်ဖောင်းများ၏ အားကိုးမရမှုကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ အစပိုင်းတွင် ပလက်ဖောင်း၏မန်နေဂျာမှာ ဟဲယဲ့တည်းခိုခန်းသို့ ကိုယ်တိုင်လာရောက်ကာ ပလက်ဖောင်းသို့ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး သီးသန့်စာချုပ် ချုပ်ဆိုရန်ပင် တောင်းဆိုခဲ့သော်လည်း စုဟယ်မှ ငြင်းပယ်ခဲ့၏။ နောက်ပိုင်းတွင် ပလက်ဖောင်း၏ ကော်မရှင်ခများမြင့်တက်လာပြီး ဟဲယဲ့တည်းခိုခန်းသို့လာသော ဧည့်သည်အရေအတွက်ကိုပင် ကန့်သတ်ရန် ကြိုးစားလာသည်။ စုဟယ်မှာ ဧည့်သည်များ၏ ဖုန်းဖြင့် အနီးနားရှိ ဟိုတယ်များကိုရှာကြည့်သောအခါ ဟဲယဲ့တည်းခိုခန်းမှာ အနီးဆုံးဖြစ်နေသော်လည်း ရှာဖွေမှုရလဒ်၏ အောက်ဆုံးတွင်သာရှိနေသည်ကို တွေ့ရ၏။ စုဟယ် ပလက်ဖောင်းမန်နေဂျာထံ ဆက်သွယ်၍ အကြောင်းကြားခဲ့သော်လည်း မန်နေဂျာမှာ အတော်လေး မောက်မာပြီး တရားသေပြောဆိုခဲ့သည်။

"သီးသန့်စာချုပ် မချုပ်ထားရင် ဒီလိုအခြေအနေမျိုးတွေ ရှိမှာပဲ"

စုဟယ်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်မိတော့သည်။ လမ်းဟောင်း ပေါ်တွင် ဆိုင်များစွာရှိသဖြင့် စုဟယ်သည် ပလက်ဖောင်းနှင့် သီးသန့်စာချုပ် ချုပ်ထားသည့် ဆိုင်ငယ်လေးအချို့သို့ သွားရောက်စုံစမ်းခဲ့သည်။ ထိုဆိုင်ရှင်များက စုဟယ်အားငွေကုန်ခံပြီး ကြော်ငြာတိုက်ပွဲဝင်ရန် သို့မဟုတ် လုံးဝလက်လျှော့လိုက်ရန်သာ အကြံပေးကြပြီး ပလက်ဖောင်းအပေါ် အားမကိုးရန် သတိပေးခဲ့ကြသည်။

"ကျွန်တော် အဲ့ဒီတုန်းက သီးသန့်စာချုပ် ချုပ်ခဲ့တယ်လေ၊ အစတုန်းကတော့ လစဉ် လူကြည့်များအောင်လုပ်ပေးမယ် ဘာညာနဲ့ အကောင်းပြောတာပေါ့၊ တကယ်တမ်းတော့ ဘာမှ အသုံးမကျဘူး၊ ကျွန်တော့် ထမင်းဆိုင်ဖွင့်တာကြာပြီ၊ ပုံမှန်ဖောက်သည်တွေလည်း အများကြီးပဲ၊ သူတို့တွေက (5.0) မှတ်ပေးနေတာတောင် ကျွန်တော့်ဆိုင်က (3.7) မှတ်ပဲ ရသေးတယ်၊ အဲ့ဒီ (4.9) မှတ်တွေ ဘယ်ကနေ ရောက်လာလဲ မသိဘူး"

"ဟုတ်တယ် သီးသန့်စာချုပ် ချုပ်ပြီးရင် လူရဖို့ ငွေထပ်ရင်းခိုင်းတယ်၊ ငွေပိုပေးမှ လူရတာ၊ ပလက်ဖောင်းမန်နေဂျာကလည်း ဈေးနည်းတဲ့ ပက်ကေ့ချ်တွေပဲ ရောင်းခိုင်းတော့ အမြတ်က လုံးဝမကျန်တော့ဘူး

ထိုဆိုင်ရှင်များ၏ အကြံပြုချက်များကို ကြားပြီးနောက်တွင် စုဟယ်သည် ပလက်ဖောင်း၏ အခမဲ့အသုံးပြုသူ အဖြစ်သာ ယနေ့တိုင် ရပ်တည်ခဲ့သဖြင့် ပလက်ဖောင်း၏ ဒေသဆိုင်ရာ မန်နေဂျာမှာ သူမကို ဂရုမစိုက်တော့ပေ။ ယခုအခါ ဟဲယဲ့တည်းခိုခန်း၏ ဆိုးရွားသော ဝေဖန်ချက် သုံးခုစလုံး ထိပ်ဆုံးတွင် ကပ်နေခြင်းမှာ ပလက်ဖောင်းဘက်မှ တမင်လွှတ်ထားပေးခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ စုဟယ် လီရှီကို နှစ်သိမ့်လိုက်၏။

"တကယ်မတည်းခိုဘဲ ရေးထားတဲ့ ဝေဖန်ချက်နှစ်ခုကိုတော့ Customer Service ကိုထပ်ပြီး တိုင်ကြားကြည့်ပါ၊ ဒါပေမဲ့ ငါတို့က ဘာမှငွေမပေးထားတဲ့အတွက် သူတို့ဂရုစိုက်မှာတော့မဟုတ်ဘူး"

လီရှီ မခံမရပ်နိုင်ဖြစ်စွာပြောသည်။

"သူမက တည်းခိုခန်းရဲ့ ပတ်ဝန်းကျင်မကောင်းဘူး ဒါမှမဟုတ် ဝန်ဆောင်မှုမကောင်းဘူးလို့ ပြောရင်တောင် ကျွန်တော် လက်ခံနိုင်ပါသေးတယ်၊ ကျွန်တော်တို့ဘက်က လိုအပ်ချက်ရှိလို့ ဧည့်သည် စိတ်မချမ်းသာဖြစ်တာပဲလို့ သတ်မှတ်လို့ရတယ်၊ ဒါပေမဲ့ ဘာလို့ ဒီလိုမျိုးတွေ လုပ်ကြံဖန်တီးရတာလဲ၊ ပြီးတော့ ဒီလိုပုံတွေပါ တင်ရတယ်လို့"

"ဒါကို စိတ်ထဲမထားပါနဲ့၊ ဒါကို ကြိုတင်ပြီး အတွေ့အကြုံယူတယ်လို့ပဲ သဘောထားလိုက်၊ အခု ငါတို့စီးပွားရေးက အရမ်းကောင်းနေတော့ မနာလိုတဲ့သူတွေ အများကြီးရှိလိမ့်မယ်၊ နောက်ဆိုရင် ပြိုင်ဘက်တွေကတောင် လာပြီး ဝေဖန်ချက်ဆိုးတွေပေးကြဦးမှာ၊ ငါတို့အလုပ်ကို ငါတို့ ကောင်းကောင်းလုပ်ဖို့ပဲ လိုပါတယ်"

စုဟယ်သည် ဟဲယဲ့တည်းခိုခန်းအပေါ် အလွန်ယုံကြည်မှု ရှိသည်။ ဤကဲ့သို့ ယုတ်မာသော ဝေဖန်ချက်များမှာ ဧည့်သည်အချို့ကို ခြောက်လှန့်နိုင်သော်လည်း ဧည့်သည်များကိုယ်တိုင် လာရောက်တည်းခိုကြည့်လျှင်တော့ ထိုအယူအဆမှားများမှာ သေချာပေါက် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ လီရှီသည် ယခုလောလောဆယ်တွင် ဤခါးသီးသော အမှန်တရားကို လက်မခံနိုင်သေးဘဲ စိတ်ဓာတ်ကျနေသည့် ပုံစံပေါက်နေ၏။ မကြာမီမှာပင် လက်တွေ့လောကမှာ သူ့ကို ပို၍ပြင်းထန်သော ရိုက်ချက်တစ်ခု ထပ်မံပေးလိုက်တော့သည်။

"ဒီက သူဌေးရှိလား၊ မီးဘေးအန္တရာယ် စစ်ဆေးရေး လာတာပါ"

ယူနီဖောင်းဝတ်ထားသူသုံးလေးဦး တံခါးဝသို့ ရောက်ရှိလာကြသည်။ ဆူညံသံကိုကြားလိုက်ရသဖြင့် စုဟယ်သည် လီရှီကိုခေါ်ကာ အမြန်ပင်ထွက်ကြိုလိုက်၏။

"မင်္ဂလာပါ မင်္ဂလာပါ၊ ကျွန်မက ဟဲယဲ့တည်းခိုခန်းရဲ့ ပိုင်ရှင်ပါ၊ လူကြီးမင်းတို့ အရင် ထိုင်ကြပါဦးလား"

စုဟယ် လီရှီကို ရေနွေးငှဲ့ခိုင်းလိုက်သည်။ တာဝန်ခံခေါင်းဆောင်လေးမှာ တည်ကြည်သော မျက်နှာထားဖြင့် လက်ကာပြလိုက်၏။

"မထိုင်တော့ပါဘူး၊ စာရွက်စာတမ်းတွေ ယူလာခဲ့ပါ၊ အရင်စစ်ဆေးကြည့်မယ်၊ ကျန်တဲ့သူတွေက အပေါ်ထပ်ကိုသွားကြည့်ကြလိမ့်မယ်၊ အဆင်ပြေတယ်မဟုတ်လား"

"ပြေပါတယ် ပြေပါတယ်၊ ရတာပေါ့"

စုဟယ်၏မျက်နှာထားမှာ တည်ငြိမ်နေသည်။ ဆိုင်မှာယခင်ကလည်း အိပ်ပျော်နေသော မင်းသမီးလေး၏ကုတင် ကြောင့် ဈေးနှုန်းကြီးသည်ဟု တိုင်ကြားခံရဖူးသဖြင့် လူများလာစစ်ဖူးရာ စုဟယ်တွင် အတွေ့အကြုံရှိနေပြီဖြစ်၏။ ထို့ပြင် ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းတွင် သူမသည်အရာအားလုံးကို စနစ်တကျဖြစ်အောင် သေချာပြင်ဆင်ထားခဲ့သည်။ စူးဟယ်မှာ ဟိုတယ်လုပ်ငန်းလိုင်စင်နှင့် အခြားစာရွက်စာတမ်းများကို ထုတ်ပေးလိုက်၏။

"ကျေးဇူးပြုပြီး ကြည့်ပေးပါဦး"

ခေါင်းဆောင်လေးသည် တည်းခိုခန်း၏ လုပ်ငန်းလိုင်စင်နှင့် အခြားစာရွက်စာတမ်းများကို တစ်မျက်နှာချင်းစီ အသေးစိတ်လှန်လှောကြည့်ရှုနေသည်။ အခြားတစ်ဖက်တွင်မူ လီရှီသည် စစ်ဆေးရေးအဖွဲ့ဝင်များ နောက်သို့ အနည်းငယ်တုန်လှုပ်စွာဖြင့် လိုက်သွားရ၏။ ‌ဤစစ်ဆေးရေးမှူးများသည် အထပ်တိုင်းသို့သွားရောက်ကာ မီးသတ်ဆေးဘူးများ သက်တမ်းကုန်၊မကုန်နှင့် ဖိအားပြဒိုင်ခွက်များ ပုံမှန်ရှိ၊ မရှိကို စစ်ဆေးကြသည်။ ဧည့်ခန်းတံခါးတစ်ခုပွင့်နေသည်ကို မြင်လျှင်လည်း အခန်းထဲသို့ ဝင်ရောက်ကာ တည်းခိုခန်း၏ အခန်းများတွင် မီးဘေးကာကွယ်ရေးစောင်များ နှင့် မီးသတ်မျက်နှာဖုံး များ တပ်ဆင်ထားခြင်း ရှိ၊ မရှိနှင့် ခွင့်ပြုချက်မရှိဘဲ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးကြ၏။ စစ်ဆေးရေးမှူးများသည် မီးဘေးထွက်ပေါက်၏ အရှည်မှာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုလည်း ပေတံဖြင့် တိုင်းတာကြသည်။ လီရှီမှာတော့ ငိုချင်စိတ်ပင် ပေါက်နေတော့၏။

110

"သူဌေးမစု ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ခြုံငုံကြည့်ရရင်တော့ တည်းခိုခန်းက အတော်လေး ကောင်းမွန်ပါတယ်၊ ဒါပေမဲ့ အသေးစိတ်အချက်အလက်တချို့ကိုတော့ ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါသေးတယ်"

ခေါင်းဆောင်ဖြစ်သူမှာ လက်အောက်ငယ်သား၏ တင်ပြချက်ကိုကြားပြီးနောက်တွင် မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားကာပြောလိုက်သည်။

"မီးဘေးလွတ်ရာ ထွက်ပေါက်မြေပုံက နည်းနည်းဟောင်းနေပြီ၊ ပိုပြီး ရှင်းလင်းတာတစ်ခုကပ်ထားရင် အကောင်းဆုံးပဲ၊ ပြီးတော့ လာတည်းတဲ့ဧည့်သည်တိုင်းကိုလည်း မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာတွေကို သေချာအလေးထား ပြောကြားပေးရမယ်၊ တံခါးဝကလျှပ်စစ်စကူတာတွေက သူဌေးမလေးတို့ဟာလား"

ခေါင်းဆောင် မေးသည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ အနီးနားမှာ လာစားသောက်တဲ့သူတွေလာရပ်ထားတာဖြစ်ပါလိမ့်မယ်"

စုဟယ်မှာ အမြန်ပင်ရှင်းပြလိုက်ရသည်။ ခေါင်းဆောင်မှာ အပြင်သို့ထွက်ကြည့်လိုက်ရာ တံခါးဝတွင် စနစ်တကျမရှိဘဲရပ်ထားသော လျှပ်စစ်စကူတာများကို တွေ့လိုက်ရ၏။ ကြည့်ရသည်မှာ ရှုပ်ပွနေသော်လည်း တည်းခိုခန်းနှင့်တော့ သက်ဆိုင်ပုံမရပေ။

"ဒီစကူတာတွေကို မီးဘေးထွက်ပေါက် မပိတ်အောင် ဖယ်ခိုင်းလိုက်တာ အကောင်းဆုံးပဲ၊ ပြီးတော့လုံးဝ သတိထားရမှာက လျှပ်စစ်စကူတာတွေကို တည်းခိုခန်းထဲအထိသွင်းပြီး အားမသွင်းပါနဲ့၊ ဘက်ထရီအားသွင်းရင်း လျှပ်စစ်စကူတာတွေ မီးလောင်တဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့ဖူးတယ်၊ ဖြစ်တိုင်းလည်း ဆိုးဆိုးရွားရွားထိခိုက်ကြတာဆိုတော့ တကယ့်ကို ရင်နာစရာပဲ၊ အမြဲတမ်း သတိရှိရမယ်"

ခေါင်းဆောင်မှာ လေးလေးနက်နက် မှာကြားသည်။

"အကယ်၍ တည်းခိုခန်းမှာ အခြေအနေပေးရင် မီးသတ်ရေဖျန်းစနစ်တွေတပ်ဆင်ထားတာ အကောင်းဆုံးပါပဲ၊ ပြီးတော့ အပြင်ဘက်နံရံကလည်း အတော်လေး ဟောင်းနေပြီ၊ နောက်တစ်ခါပြန်ပြင်ရင် မီးဒဏ်ခံဆေးတွေ သုံးလို့ရတယ်"

စစ်ဆေးရေးမှူးမှာ စစ်ဆေးရေး အသိပေးချက် စာရွက်ကို ကမ်းပေးလိုက်သည်။ စုဟယ်သည် စာရွက်ကို ငုံ့ကြည့်လိုက်ရာ 'ပြုပြင်ရန်အတွက် ခေတ္တပိတ်သိမ်းရန်" ဟူသော စာသားကို မတွေ့ရသဖြင့် သက်ပြင်းချနိုင်တော့၏။ လုပ်ငန်းပိတ်သိမ်းစရာမလိုသရွေ့ ခေါင်းဆောင်ညွှန်ကြားသမျှ အချက်အားလုံးကို ဟဲယဲ့တည်းခိုခန်းအနေဖြင့် အကောင်အထည်ဖော်နိုင်ပေသည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်းတို့၊ ဒီနေ့ အပင်ပန်းခံစစ်ဆေးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ အသိပေးချက်အတိုင်း အားလုံးကိုသေချာပြုပြင်ပါ့မယ်"

စုဟယ် အတည်ပြုပြောကြားလိုက်သည်။ စုဟယ်သည် စစ်ဆေးရေးမှူးများကို ကားအထိလိုက်လံပို့ဆောင်ပေးပြီး လျှပ်စီးကဲ့သို့မြန်ဆန်သော လက်လှုပ်ရှားမှုဖြင့် လက်ဖက်ရည်နှင့် စားစရာ မုန့်အိတ်ကြီးတစ်အိတ်ကို ကားထဲသို့ ထည့်ပေးလိုက်၏။

"ဒါတွေက ကျွန်မတို့တည်းခိုခန်းက အထူးထုတ်လုပ်ထားတဲ့ မုန့်လေးတွေပါ၊ လူကြီးမင်းတို့ မြည်းစမ်းကြည့်ကြပါဦး၊ တန်ဖိုးကြီးတာတွေ မဟုတ်ပါဘူး"

ခေါင်းဆောင်မှာ အကြိမ်ကြိမ်ငြင်းဆိုသော်လည်း စုဟယ် 'တကယ်ကို တန်ဖိုးမကြီးပါဘူး' ဟု အထပ်ထပ် အလေးအနက်ပြောဆိုမှသာ လက်ခံလိုက်တော့သည်။ မထွက်ခွာမီ ခေါင်းဆောင်က ပြောသွားခဲ့၏။

"သူဌေးမလေး အငြင်းပွားစရာကိစ္စရှိရင် စောစောစီးစီး ပြေလည်အောင်ဖြေရှင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်"

စစ်ဆေးရေးအဖွဲ့ကို ပို့ဆောင်ပြီးနောက်တွင် စုဟယ်၏မျက်နှာမှာ မှောင်ကျသွားတော့သည်။ ပြောနေစရာပင် မလိုတော့ပေ။ ဤကိစ္စမှာ သေချာပေါက် ချောင်လိဖန်း၏လက်ချက်ပင် ဖြစ်ရမည်။ သူမ အမှန်တကယ် ဘာကိုလိုချင်နေတာလဲ။ စုဟယ်သည် တည်းခိုခန်းအတွင်းသို့ ပြန်ဝင်ကာ ချောင်လိဖန်း၏ အချက်အလက်များကိုရှာဖွေပြီး ဖုန်းခေါ်လိုက်သည်။

"အစ်မချောင် ကျွန်မဟဲယဲ့တည်းခိုခန်းက ပိုင်ရှင်ပါ၊ ရှင့်ရဲ့ ဝေဖန်ချက်ကို ကျွန်မ မြင်ပါတယ်၊ ကျွန်မတို့ တည်းခိုခန်းအပေါ် ဘာတွေများ အကြံပြုချက်ရှိလို့လဲ သိပါရစေ"

ချောင်လိဖန်းမှာ အလွန်ပင်ရိုင်းစိုင်းလှသည်။

"ငါ အဲ့ဒီနေ့ကတည်းကပြောပြီးပြီလေ၊ တည်းခိုခန်းတစ်ခုက အရေပြားရောဂါသည်တွေကို ဘယ်လိုလုပ်ပေးတည်းနိုင်မှာလဲ၊ ငါက စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးတောင်းတယ်၊ ပထမဆုံးအနေနဲ့ ငါ့ရဲ့အခန်းခကိုပြန်အမ်းပေး၊ ပြီးရင် ဆေးဖိုးအတွက် ယွမ် (၁၀,၀၀၀) နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ယွမ် (၁၀,၀၀၀) ထပ်ပြီး ပေးရမယ်"

စုဟယ်မှာ ဆွံ့အသွားရသည်။ ချောင်လိဖန်းမှာ လူကို ဗြောင်ကျကျဓားပြတိုက်နေသည်နှင့်ပင် တူနေ၏။ နျိုကောရွှေဆိုင်ကိုတိုက်သွားသည့် ဓားပြတောင် သူမလောက် ပိုက်ဆံမရနိုင်ပေ။

"အစ်မချောင်၊ ရှင် တကယ်ပဲ ကျွန်မတို့ တည်းခိုခန်းမှာတည်းလို့ အရေပြားရောဂါကူးစက်ခဲ့တာဆိုရင် ဆေးဖိုးတွေကို ကျွန်မတို့ သေချာပေါက်တာဝန်ယူပါ့မယ်၊ ဒါပေမဲ့ ဒီကိစ္စရဲ့အမှန်တရားကို ကျွန်မတို့ အားလုံးသိကြတာပဲလေ၊ ရှင့်ရဲ့အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုချက်တွေကိုတော့ ကျွန်မတို့ လုံးဝသဘောမတူနိုင်ပါဘူး"

စုဟယ် အေးစက်မာကြောသော လေသံဖြင့် ပြန်ပြောလိုက်သည်။ ချောင်လိဖန်းမှာလည်း အလျှော့မပေးပေ။ သူမသည် ဤကဲ့သို့သော ဟိုတယ်ငယ်လေးများနှင့် ပိုင်ရှင်အသေးစားလေးများကိုကြုံဖူးနေကျ ဖြစ်ပြီး သူတို့မှာအမြဲတမ်းအလျှော့ပေးတတ်ကြသည် မဟုတ်ပါလား။

"ဟဲဟဲ ဒါဆိုရင်တော့ သူဌေးမလေး သတိထားရလိမ့်မယ်၊ ဒီမနက် မီးသတ်ဌာနက ရှင့်ဆိုင်ကိုလာစစ်တယ် မဟုတ်လား၊ ပြဿနာ တစ်ခုခုများတွေ့သွားကြမလားပဲ"

ချောင်လိဖန်းမှာ သူမ၏ယုတ်မာမှုကို ဖုံးကွယ်ရန်ပင် မကြိုးစားတော့ပေ။

"ရှင့်ရဲ့ တည်းခိုခန်းလေးက မုန့်တွေတောင် ရောင်းသေးတာပဲ၊ စီးပွားရေးက တော်တော်စုံတာပဲနော်၊ သူဌေးမလေးရေ အစားအသောက် သန့်ရှင်းမှုဆိုတာကလည်း ပြဿနာကြီးတစ်ခုပဲနော်"

စုဟယ်သည် ချောင်လိဖန်းနှင့် ဆက်လက် ငြင်းခုံခြင်းမပြုတော့ပေ။ သူမရည်ရွယ်ချက်မှာ ငွေလိုချင်ခြင်းပင်။ စုဟယ်မှာတော့ ထိုငွေကို တစ်ပြားတစ်ချပ်မှ ပေးမည်မဟုတ်ပေ။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်ဆက်လက် ဆွေးနွေးစရာမလိုတော့သဖြင့် စုဟယ် ဖုန်းကို တိုက်ရိုက်ပင်ချလိုက်တော့သည်။ စုဟယ်သည် သူမနားထင်ကို နှိပ်နယ်ရင်း စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်၏။ လီရှီ အနားသို့ တိုးကပ်ကာ တိုးတိုးလေးမေးသည်။

"သူဌေး၊ အဲ့ဒီ အစ်မချောင်ကို ဘယ်လို ကိုင်တွယ်ကြမလဲ"

"သူမက ငွေလိုချင်နေတာ၊ ငါတို့ဘက်က သဘောမတူနိုင်ဘူး၊ ဒါကြောင့် ဒီကိစ္စက ဒီမှာပြီးပြီ၊ စိတ်ထဲထည့်မထားပါနဲ့၊ နင်လည်း ဒီနှစ်ရက်မှာအလုပ်များလိမ့်မယ်၊ အစစ်အဆေးတွေ ထပ်လာဦးမယ်လို့ ငါ ထင်တယ်၊ တစ်စုံတစ်ယောက်လာတာမြင်ရင် ပါးပါးနပ်နပ်လေး နေနော်၊ ဟုတ်ပြီလား"

စုဟယ် မှာကြားလိုက်သည်။ လီရှီ ခေါင်းညိတ်ပြ၏။ ယနေ့အစစ်အဆေးကို ကြုံလိုက်ရပြီးနောက်တွင် သူ့တွင်လည်း အတွေ့အကြုံအနည်းငယ်ရသွားပြီ ဖြစ်သည်။ စုဟယ်သည် ရှေ့နေတစ်ဦးကိုရှာဖွေပြီး ချောင်လိဖန်းနှင့် ဖုန်းပြောထားသည့် မှတ်တမ်းများကိုပေးပို့ကာ အခြေအနေကိုရှင်းပြလိုက်ပြီး ထိုကိစ္စကို ရှေ့နေထံလွှဲအပ်လိုက်တော့၏။ ဟဲယဲ့တည်းခိုခန်းသည် အမြဲတမ်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ စုဟယ်သည် ချောင်လိဖန်း၏ တိုင်ကြားမှုများကိုမကြောက်ပေ။ စုဟယ် တစ်ခုစိုးရိမ်မိသည်မှာ လက်ရှိ တည်းခိုခန်းတွင် အလုပ်လုပ်နေသည့် ကတ်ဇာတ်ကောင်များပင်ဖြစ်သည်။

လီရှီနှင့် အစ်မကျန်းတို့မှာ အလုပ်ခန့်ထားမှု စာချုပ်များရှိကြသည်။ သူတို့မှာ ယာယီအလုပ်သမားဖြစ်စေ၊ မဖြစ်စေ တရားဝင် အလုပ်ခန့်စာချုပ်များရှိကြသည်။ သို့သော် ကတ်ဇာတ်ကောင်များတွင်မူ မည်သည့်မှတ်ပုံတင် အထောက်အထားမျှ မရှိကြပေ။ ရှောင်ရှီးမှာ အန္တရာယ်အကင်းဆုံးဖြစ်၏။ ကြည့်ရသည်မှာ ပုံစံမကျသည့် ကျီးကန်းတစ်ကောင်နှင့်သာ တူသည်။ ဝေဖုန်းယီနှင့် မစ္စကျိတို့မှာလည်း စစ်ဆေးမှုများကို ရှောင်ရှားနိုင်သည်။ အခန်းတစ်ခုထဲတွင် ပုန်းနေရုံသာ ဖြစ်၏။ ဟုန်လျန် တစ်ယောက်သာလျှင် မုန့်များပြုလုပ်ရသဖြင့် အမြဲတမ်း လူမြင်ကွင်းတွင်ရှိနေခြင်း ဖြစ်သည်။

အကယ်၍ ချောင်လိဖန်းမှာ ဟဲယဲ့တည်းခိုခန်း၏ အစားအသောက် သန့်ရှင်းမှုကို အမှန်တကယ်တိုင်ကြားခဲ့လျှင် ဟုန်လျန်မှာ ပထမဆုံးထိခိုက်မည့်သူ ဖြစ်လိမ့်မည်။ ယနေ့ရရှိထားသော ကတ်ဆွဲခွင့်များကိုတော့ စုဆောင်းထား၍မရတော့ပုံပေါ်သည်။ ကံကောင်းသည်မှာ စုဟယ်သည် သတိကြီးသူတစ်ဦးဖြစ်၏။ သူမသည် ကတ်ဆွဲခွင့်များရရှိလျှင် အရေးပေါ် အခြေအနေများကို စိုးရိမ်သဖြင့် အားလုံးကိုတစ်ပြိုင်တည်း အသုံးမပြုတတ်ပေ။ ထို့ပြင် ကတ်ဇာတ်ကောင်များစွာကို တစ်ပြိုင်တည်းခေါ်ယူခြင်းမှာ တည်းခိုခန်းအတွင်း မတည်ငြိမ်မှုများကိုလည်း ဖြစ်စေနိုင်သည်။ အကယ်၍ ကတ်ဇာတ်ကောင်များမှာ မစ္စကျိကဲ့သို့ အလုပ်လုပ်ရန်နှင့် စိုက်ပျိုးရေးလုပ်ရန်သာ အာရုံစိုက်လျှင် အဆင်ပြေသော်လည်း ရှောင်ရှီးကဲ့သို့ စိတ်တိုတတ်သူများဖြစ်နေလျှင် စုဟယ်၏ဖိအားမှာ သိသိသာသာ ပို၍ကြီးမားလာလိမ့်မည်။

ထို့ကြောင့် စုဟယ်သည် ကတ်ဇာတ်ကောင်အသစ်များ ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် တည်းခိုခန်းတွင် အသားကျသွားမှသာ နောက်ထက်ဇာတ်ကောင်အသစ်များကို ခေါ်ယူလေ့ရှိသည်။ သူမအိတ်အတွင်းရှိ ကတ်ဆွဲခွင့် (၄) ကြိမ်ကိုကြည့်ရင်း စုဟယ်သည် မတွန့်ဆုတ်တော့ပေ။

"ကျွန်မ ကတ်ဆွဲခွင့်ကိုသုံးပြီး လူမှုဘဝ အထောက်အထားတွေနဲ့ လဲလှယ်ချင်တယ်"

စုဟယ်သည် စနစ်မျက်နှာပြင်ကိုခေါ်ယူကာ စိတ်ထဲမှတိုးတိုးလေးဆိုလိုက်သည်။

စနစ် အကြံပြုချက် : ကတ်ဇာတ်ကောင်များအား ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် အသားကျစေရန် ကူညီသည့်အနေဖြင့် ကစားသမားများအား ကတ်များကို ကြယ်သုံးပွင့်အဆင့်အထိ မြှင့်တင်ရန် တိုက်တွန်းပါသည်။ အဆင့်မြှင့်တင်ပြီးနောက် စနစ်က ကတ်ဇာတ်ကောင်၏ လူမှုဘဝ အထောက်အထားများကို အခမဲ့ ပံ့ပိုးပေးပါမည်။ ကစားသမားသည် ကတ်ဆွဲခွင့် (၁) ကြိမ်ကို အသုံးပြု၍လည်း လူမှုဘဝ အထောက်အထားနှင့် လဲလှယ်နိုင်ပါသည်။

စနစ် အကြံပြုချက် : ကစားသမား ကတ်ဆွဲခွင့် (၁) ကြိမ်ကို လူမှုဘဝ အထောက်အထားနှင့် လဲလှယ်ရန် အတည်ပြုပါသလား။

စုဟယ် ခေါင်းညိတ်ပြသည်။

"အတည်ပြုတယ်၊ ဟုန်လျန်အတွက် လူမှုဘဝ အထောက်အထားနဲ့လဲမယ်"

စနစ် အကြံပြုချက် : လူမှုဘဝ အထောက်အထားများကို ပေးပို့နေပါပြီ ကျေးဇူးပြု၍ စစ်ဆေးပါ

ဟဲယဲ့တည်းခိုခန်း တံခါးဝမှ ကားဟွန်းသံ ထွက်ပေါ်လာသည်။

"ဟုန်လျန်ရေ အမြန်ချောပို့ရောက်နေတယ်"

အပြင်တွင် ဖေးရွှန်းအမြန်ချောပို့ကားငယ်လေးပေါ်မှ ဝန်ထမ်းမှာအော်ပြောလိုက်သည်။ စုဟယ်သည် လက်ခံရန် အပြင်သို့အပြေးထွက်သွားလိုက်၏။ ထိုဝန်ထမ်းမှာ စုဟယ်ကိုမှတ်မိနေသည်။ ပြီးခဲ့သည့်အကြိမ် သူမထံမှ လမုန့်အော်ဒါအခု (၁၀၀) ကျော်ကို ပို့ဆောင်ပေးခဲ့ရသဖြင့် သူသည် ကော်မရှင်ခများစွာရရှိခဲ့ဖူးသည် မဟုတ်ပါလား။ စုဟယ်သည် ထူထဲသော စာရွက်စာတမ်းအိတ်ကြီးကို လှမ်းယူလိုက်တော့သည်။

All Chapters