အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁) ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်
ကျီကျစ်ယွီ၏ စကားကို ကြားချိန်တွင် လူတိုင်း နန်ကုန်းယွီကို လှည့်ကြည့်လိုက်ကြလေသည်။
သို့သော် ထို့နောက် နန်ကုန်းယွီ၏ မျက်နှာလေးပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး ပြေးလာကာ ကျယ်လောင်စွာ အော်လိုက်သည်။
"မယ်တော်ကြီး..."
"အိုး... ယွီအာက အရမ်းလိမ္မာတာပဲ..."
ကျီကျစ်ယွီသည် နန်ကုန်းယွီကို ချီကာ သူမဘေးတွင် ထိုင်ခိုင်းလိုက်ပြီးနောက် အခြားသူများကို ကြည့်ကာ ပြောလိုက်လေသည်။
"ထိုင်ကြပါ..."
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး နေရာယူလိုက်ကြသည်။
ကျီယွီဝေ့နှင့် အခြားနှစ်ဦးတို့သည် နန်ကုန်းယွီကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြပြီးနောက် နန်ကုန်းကျင်းချီကို လှည့်ကြည့်လိုက်ကြရာ သူတို့၏ သိချင်စိတ်မှာ ပိုမိုကြီးထွားလာပေသည်။
ကျန်းပေ့မင်းသားက ချင်းယိုဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးရဲ့ မျက်နှာသာပေးမှုကို ခံရတာက တစ်ကဏ္ဍ... မယ်တော်ကြီးကရော ဘာလို့ ဒီလောက်တောင် မျက်နှာသာပေးရတာလဲ...
နန်ကုန်းကျင်းချီသည် ဧကရာဇ်၏ သားအကြီးဆုံးဖြစ်သော်လည်း ဤအခွင့်အရေးမျိုး မရရှိခဲ့ချေ။ ကျန်းပေ့မင်းသားက ဘာလို့ ဒီလိုအခွင့်အရေး ရနေရတာလဲ...
သို့သော် သူတို့သုံးဦးမှာ ရှုပ်ထွေးနေကြသော်လည်း ဤအခြေအနေမျိုးတွင် ထိုမေးခွန်းကို မေးမည် မဟုတ်။
မင်းသမီးကြီး ကျီယွင်ရှန်သည် ညင်သာစွာ မတ်တပ်ရပ်လိုက်ပြီး လက်ဆောင်သေတ္တာ သုံးခုကို လေးစားစွာ ဆက်သလိုက်လေသည်။
"အဒေါ်... ကျွန်မရဲ့ အစ်ကိုတော် ကျီပေါ်လင်က အဒေါ်ကို နှုတ်ခွန်းဆက်စကား ပါးခိုင်းလိုက်ပါတယ်... ဒါတွေက ကျွန်မတို့ရဲ့ လေးစားမှုကို ပြသတဲ့ လက်ဆောင်လေးတွေပါ... အဒေါ် စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်..."
ဤစကားကို ကြားချိန်တွင် ကျီကျစ်ယွီက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး ရယ်မောလိုက်သည်။
"ငါက နန်းတော်ထဲမှာ အချိန်အကြာကြီး နေလာခဲ့တဲ့ အဘွားကြီး တစ်ယောက်ပါပဲ... ဒီလို လက်ဆောင်တွေနဲ့ ထိုက်တန်လို့လား..."
"အဒေါ်ကလည်း နောက်နေပြန်ပါပြီ... ဒါက ကျွန်မတို့ရဲ့ လေးစားမှုကို ပြသဖို့ ပေးတဲ့ လက်ဆောင်လေးတစ်ခုပါ... ကျွန်မတို့ အဒေါ်နဲ့ မတွေ့ရတာ ကြာပြီဆိုတော့ ကျေးဇူးပြုပြီး ဒါလေးလက်ခံပေးပါ"
မင်းသမီးကြီး ကျီယွင်ရှန်သည် တည်ငြိမ်အေးဆေးဟန် ပြနေသော်လည်း စိတ်ထဲတွင်မူ သူမ၏ အကြံအစည်များ ပေါက်ကြားသွားပြီဟု ခံစားလိုက်ရပြီး အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားသည်။
ကျီကျစ်ယွီက သူမကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏လက်ကို အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။
"ချင်းကျူ... လူငယ်မျိုးဆက်ကနေ ငါ့ဆီပေးတဲ့ လက်ဆောင်ဆိုတော့ လက်ခံလိုက်ပါ..."
"ဟုတ်ကဲ့ပါ..."
ချင်းကျူက သဘောတူလိုက်ပြီး လက်ဆောင်သေတ္တာ သုံးခုကို ယူကာ မှန်ကူကွက်နောက်တွင် ထားလိုက်လေသည်။
ကျီကျစ်ယွီက အနည်းငယ် ပြုံးလိုက်ပြီး ကျီယွီဝေ့ကို ကြည့်ကာ ဆိုလိုက်သည်။
"ဒီမိန်းကလေးက ယွီဝေ့ဖြစ်ရမယ်... မဟာငြိမ်းချမ်းရေးခန်းမဆောင်မှာ သူမရဲ့ အိမ်ထောင်ရေးအကြောင်း ဆွေးနွေးနေကြတယ်လို့ ငါ ကြားတယ်..."
ဤစကားကို ကြားချိန်တွင် ထိုနေရာရှိ လူများ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။ ကျီယွီဝေ့သည် နန်ကုန်းယွီကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာလေးပေါ်တွင် နာကြည်းမှုအချို့ ရှိနေပေသည်။
ချက်ချင်းပင် သူမသည် မတ်တပ်ရပ်ပြီး ဒူးထောက်ကာ တောင်းပန်လိုက်လေသည်။
"ဘွားဘွားကြီး... ယွီဝေ့က ငယ်သေးလို့ စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို မလိုချင်ပါဘူး... ကျေးဇူးပြုပြီး ယွီဝေ့ကို ကူညီပေးပါလား..."
ဤသည်ကို မြင်ချိန်တွင် မင်းသမီးကြီး ကျီယွင်ရှန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"ယွီဝေ့... အဓိပ္ပာယ်မရှိတာတွေ မလုပ်နဲ့... ငါတို့ ပြန်ရောက်ရင် မင်းရဲ့ ခမည်းတော်က ဒီကိစ္စကို ဆုံးဖြတ်လိမ့်မယ်... မင်းရဲ့ ဘွားဘွားကြီးကို အခက်တွေ့အောင် မလုပ်နဲ့..."
ကျီကျစ်ယွီက သူမ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကျီယွီဝေ့သည် အလိုအလျောက် မတ်တပ်ရပ်သွားလေသည်။
ထို့နောက် ကျီကျစ်ယွီက ပြုံးကာ ဆိုလိုက်သည်။
"ကျင်းချီက တော်တော်လေး ကောင်းတဲ့ ကလေးပါ... မင်း သူနဲ့ ရင်းနှီးအောင် ကြိုးစားကြည့်လို့ ရပါတယ်..."
"ဒါ့အပြင်... မင်းရဲ့ အဒေါ်ပြောသလိုပဲ အဲ့ဒါက အကြံပြုချက်တစ်ခုသာ ဖြစ်ပြီး အသေးစိတ်ကိုတော့ မင်းရဲ့ ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ ငါထင်တယ်..."
ဤစကားကို ကြားချိန်တွင် ကျီယွီဝေ့သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဘာမျှ ဆက်မပြောတော့ချေ။
သူမသည် ငယ်ရွယ်သော်လည်း သူမ၏ ဘွားဘွားကြီးက ငြင်းပယ်လိုက်ကြောင်း ကောင်းကောင်း နားလည်ပေသည်။
ဤအဖြစ်အပျက်လေးသည် များစွာ ပြောင်းလဲမှု မဖြစ်စေခဲ့ချေ။ မင်းသမီးကြီး ကျီယွင်ရှန်နှင့် အခြားသူများသည် ကျီကျစ်ယွီနှင့် ခဏတာ စကားစမြည်ပြောဆိုပြီးနောက် သူတို့သုံးဦး နန်းတော်မှ ထွက်ခွာသွားကြလေသည်။
နောက်ရက်များတွင် အရှေ့မီးတောက်အင်ပါယာနှင့် အခြားနိုင်ငံနှစ်ခုတို့သည် ချင်းယိုအင်ပါယာနှင့် မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ကြပြီး ကုန်သွယ်ရေးနှင့် ကုန်စည်ဖလှယ်မှုများကို တဖြည်းဖြည်း ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြပေသည်။
ဤသတင်း ပေ့ချွမ်းအင်ပါယာသို့ ရောက်ရှိသွားချိန်တွင် ဧကရာဇ် ထိုပါ့ယဲ့လွီနှင့် သူ၏ မှူးမတ်အရာရှိများကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့လေသည်။
သို့သော် သူတို့ကို ပို၍ စိတ်ပျက်လက်ပျက် ဖြစ်စေသောအရာမှာ ချင်းယိုအင်ပါယာသည် သူတို့၏ ပေ့ချွမ်းအင်ပါယာအကြောင်း အရာအားလုံးကို သိနေပုံရပြီး ပေ့ချွမ်းအင်ပါယာ စစ်တပ်ကို နောက်တစ်ကြိမ် အကြီးအကျယ် ထိုးနှက်ခဲ့ခြင်းပင် ဖြစ်ပေသည်။
ဤအချက်အပေါ် အခြေခံ၍ သူတို့သည် မြောက်ဘက်သို့ မိုင်ပေါင်းသိန်းနှင့်ချီ၍ ချီတက်ခဲ့ကြပြီး ပေ့ချွမ်းအင်ပါယာ၏ တောင်ပိုင်းနယ်မြေ အများအပြားကို သိမ်းပိုက်ခဲ့ကြလေသည်။
ထို့အပြင် ပေ့ချွမ်းအင်ပါယာ၏ အခြား ရန်သူနိုင်ငံကြီး နှစ်ခုဖြစ်သော လေနတ်ဆိုးအင်ပါယာနှင့် ကျားနတ်ဆိုးနိုင်ငံတို့သည်လည်း သွေးနံ့ရနေသော တောရိုင်းတိရစ္ဆာန်များကဲ့သို့ ပေ့ချွမ်းအင်ပါယာကို စစ်ကြေညာလာကြသည်။
လဝက်အတွင်းမှာပင် ပေ့ချွမ်းအင်ပါယာသည် ၎င်း၏ နယ်မြေ ၃၀% ကို ဆုံးရှုံးခဲ့ရပြီး အင်ပါယာ၏ အခြေခံအုတ်မြစ်မှာ အကြီးအကျယ် ထိုးနှက်ခံလိုက်ရလေသည်။
နောက်ဆုံးတွင် ပေ့ချွမ်းအင်ပါယာသည် ချင်းယိုအင်ပါယာထံသို့ လက်နက်ချစာလွှာ ပေးပို့ခဲ့ပြီး ချင်းယိုအင်ပါယာနှင့် အပစ်အခတ်ရပ်စဲရန် တောင်းဆိုကာ စစ်လျော်ကြေးငွေ ပေးအပ်ခဲ့ပေသည်။
ထို့အပြင် ပေ့ချွမ်းအင်ပါယာသည် နှစ်စဉ် လက်ဆောင်ပဏ္ဏာ ဆက်သရန် ဆန္ဒရှိပြီး ချင်းယိုအင်ပါယာ၏ အကာအကွယ်ကို တောင်းဆိုကာ လေနတ်ဆိုးအင်ပါယာနှင့် ကျားနတ်ဆိုးနိုင်ငံတို့ကို စစ်ပွဲရပ်တန့်ရန် ဖျောင်းဖျပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြလေသည်။
သေချာစွာ စဉ်းစားပြီးနောက် နန်ကုန်းအောက်ထျန်းနှင့် အခြားသူများသည် လက်နက်ချစာလွှာကို လက်ခံခဲ့သော်လည်း ကျန်းပေ့မင်းသား နန်ကုန်းယွီအား လုပ်ကြံရာတွင် ပါဝင်ပတ်သက်သူများ၏ အမည်စာရင်းကို ပေ့ချွမ်းအင်ပါယာမှ ပေးပို့ရန် တောင်းဆိုခဲ့ပေသည်။
ထိုပါ့ယဲ့လွီသည် ထိုအခြေအနေကို မတတ်သာဘဲ သဘောတူလိုက်ရလေသည်။
ထို့ကြောင့် ပေ့ချွမ်းအင်ပါယာ၏ ဧကရာဇ် ထိုပါ့ယဲ့လွီမှလွဲ၍ နန်ကုန်းအောက်ချန်အား လုပ်ကြံရာတွင် ပါဝင်ပတ်သက်သူ အဓိကပုဂ္ဂိုလ်များအားလုံး ကွပ်မျက်ခံလိုက်ရချေပြီ။
သေချာသည်မှာ အသက်ရှင်ကျန်ရစ်သေးသော ကြွက်ကလေးတစ်ကောင် ရှိနေသော်လည်း နတ်ဘုရားအရိပ် တမန်တော်များက သူ့ကို ရှာမတွေ့သေးသကဲ့သို့ ဆက်သွယ်ရေးကျောက်စိမ်းပြားတွင်လည်း မဖော်ပြထားချေ။ သူ သေသွားပြီဟု လူတိုင်း ထင်မှတ်နေကြလေသည်။
ပေ့ချွမ်းအင်ပါယာ လက်နက်ချခဲ့သော်လည်း ချင်းယိုအင်ပါယာမှ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်မပေးခဲ့ချေ။ အဲ့ဒီအစား သူတို့က ရက်ရောတဲ့ လျော်ကြေးငွေတွေကို လက်ခံရရှိခဲ့ကြပေသည်။
သို့သော် ချင်းယိုအင်ပါယာက ကြားဝင်စေ့စပ်ပေးရန် သဘောမတူခဲ့သောကြောင့် လေနတ်ဆိုးအင်ပါယာနှင့် ကျားနတ်ဆိုးနိုင်ငံတို့သည် မရပ်တန့်ဘဲ ပေ့ချွမ်းအင်ပါယာကို ဆက်လက်တိုက်ခိုက်နေကြလေသည်။
မည်သို့ပင်ဆိုစေ ပေ့ချွမ်းအင်ပါယာသည် အင်အားကြီးနိုင်ငံ တစ်ခုဖြစ်နေဆဲပင်။ ချင်းယိုအင်ပါယာကဲ့သို့ ထူးခြားသော စွမ်းရည်များ မရှိသော်လည်း ၎င်းသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သော်လည်း တစ်နိုင်ငံတည်း ဆက်လက်ရပ်တည်ရန်မူ မဖြစ်နိုင်တော့။
...
ရှိုးရှန်းနန်းဆောင်တွင် ဖြစ်ပေသည်။
နန်ကုန်းယွီသည် ခြံဝင်းထဲတွင် အေးအေးလူလူ ထိုင်နေပြီး ချင်းလင်၏ ပခုံးနှိပ်နယ်ပေးမှုကို ခံယူနေလေသည်။
သူ ဤနေရာတွင် နေထိုင်လာသည်မှာ တစ်နှစ်နီးပါး ရှိနေသည့်အပြင် ယနေ့သည် သူ၏ မွေးနေ့ဖြစ်ပေသည်။
နန်ကုန်းယွီ၏ အမူအရာတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ၏ အသိစိတ်သည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း အတွင်းသို့ ဝင်ရောက်သွားလေ၏။
တကယ်ပါပဲ။
ထို့နောက် ရွှေရောင်ပြကွက်စင် ပြန်ပေါ်လာပြန်သည်။
ရွှေရောင်ပြကွက်စင်တွင် အကန့် ၈၁ ကန့် ရှိနေသေးပြီး အကန့်တစ်ခုစီတွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် လက်ဆောင်သေတ္တာ ၈၁ ခုစီ ရရှိလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် မျှော်လင့်ချက် အရိပ်အယောင်ကို ပြမိသွားလေသည်။
"အရင်တစ်ခေါက်က ယင်ယန်ပြောင်းပြန် နက်နဲဆေးလုံးကို ရခဲ့တယ်... ဒီတစ်ခေါက် ဘာကောင်းတာတွေ ရမလဲ မသိဘူး"
များများစားစား မတွေးတော့ဘဲ နန်ကုန်းယွီက တိုက်ရိုက် ပြောလိုက်သည်။
"ကိုးကိုးလီ ရှစ်ဆယ့်တစ် ပြီးပြည့်စုံခြင်းဆိုတော့ ရှစ်ဆယ့်တစ်ခုမြောက် လက်ဆောင်သေတ္တာကိုပဲ ရွေးလိုက်မယ်..."
နန်ကုန်းယွီ စကားပြောအပြီးတွင် ရွှေရောင်ပြကွက်စင်ပေါ်ရှိ ရှစ်ဆယ့်တစ်ခုမြောက် လက်ဆောင်သေတ္တာသည် သူ့ထံသို့ ပျံသန်းလာပြီး ရွှေရောင်ပြကွက်စင်မှာ ပျောက်ကွယ်သွားလေသည်။
နန်ကုန်းယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ၏ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော လက်ဆောင်သေတ္တာကို ချက်ချင်း ဖွင့်လိုက်သည်။
သို့သော် မျက်စိကျိန်းလောက်အောင် တောက်ပသော ကြယ်ရောင်တစ်ချက် လက်သွားပြီးနောက် သူ၏ရှေ့တွင် အရောင်ခုနစ်မျိုးရှိသော မီးတောက်တစ်ခု ပေါ်လာလေသည်။
ထိုမီးတောက်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မသိမသာ ထုတ်လွှတ်နေသော်လည်း ၎င်းကို ဖိနှိပ်ထားပုံရကာ အတော်လေး သာမန်ပုံပေါက်နေပေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက သူ၏လက်ကို ဝှေ့ယမ်းကာ မီးတောက်ကို ကျောက်စိမ်းဖြူစင်ဆီသို့ ပို့လိုက်ပြီး မီးတောက်နှင့်ပတ်သက်သော အချက်အလက်များကို အလျင်အမြန် လေ့လာလိုက်လေသည်။
[ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက် - ကမ္ဘာလောကကြီး စတင်ဖြစ်ပေါ်လာချိန်က ပရမ်းပတာအခြေအနေမှ မွေးဖွားလာသော ပထမဆုံး တာအို ဝိညာဉ်မီးတောက် ဖြစ်ပြီး မြင်နိုင်သော အရာနှင့် မမြင်နိုင်သော အရာအားလုံးကို လောင်ကျွမ်းစေနိုင်ကာ အရာခပ်သိမ်း ရှောင်ရှားရသည့် အမြင့်ဆုံး မီးတောက် ဖြစ်သည်။]
"ဝိညာဉ်မီးတောက် ဟုတ်လား..."
နန်ကုန်းယွီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာလေ၏။ ဤကမ္ဘာပေါ်တွင် ဝိညာဉ်မီးတောက် အများအပြား ရှိပြီး အားလုံးမှာ ကောင်းကင်နှင့် မြေကြီးမှ မွေးဖွားလာကြခြင်း ဖြစ်ပေသည်။
ဤဝိညာဉ်မီးတောက်များတွင် အမျိုးမျိုးသော ဂုဏ်သတ္တိများနှင့် စွမ်းရည်များ ပါဝင်ပြီး ၎င်းတို့ကို ရယူကာ သန့်စင်ခြင်းသည် စွမ်းအားကြီးမားသော တိုက်ခိုက်ရေးနည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားခြင်းနှင့် အတူတူပင် ဖြဖြစ်လေသည်။
ထို့အပြင် ဝိညာဉ်မီးတောက်သည် ဆေးဆရာများနှင့် ရတနာဖန်တီးရှင်များပင်လျှင် အိပ်မက်မက်ကြသော်လည်း မရနိုင်သော ရှားပါးရတနာတစ်ခု ဖြစ်ပေသည်။
ဝိညာဉ်မီးတောက်များထဲတွင် ၎င်းတို့၏ ဂုဏ်သတ္တိများနှင့် ၎င်းတို့ ဖန်တီးခဲ့သည့် အချိန်ပေါ်မူတည်၍ စွမ်းအား ကွာခြားမှုများ ရရှိလေသည်။
အဆုံးမဲ့ဝိညာဉ်မီးတောက်ပင်လျှင် ကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်ဖြင့် အကန့်အသတ် မရှိသရွေ့ အထွတ်အထိပ်သို့ ရောက်နေသော သန့်စင်သောနယ်မြေမှ ဆေးဆရာတစ်ဦး၏ ဆေးမီးတောက်ထက် များစွာ ပို၍ အားကောင်းလှပေသည်။
သူ့ရှေ့က အရာကို အမြင့်ဆုံးလို့ ခေါ်နိုင်မှတော့ ဒါက သာမန် ဝိညာဉ်မီးတောက် မဖြစ်နိုင်ဘူး...
သူသည် အလွန်အမင်း အံ့ဩစရာကောင်းသော အရာတစ်ခုကို ထပ်မံရရှိခဲ့ပုံရလေ၏။
ကံတရားက သူ့ဘက်မှာ ရှိနေတယ် ဖြစ်နိုင်တာက...
အခန်း (၇၂) နောက်ထပ် အထွတ်အထိပ် အခြေအနေတစ်ခု
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ...
နန်ကုန်းယွီသည် စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်ကို ပေါင်းစည်းရန် အလျင်စလို မလုပ်ခဲ့။
သူက သူ၏လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ အလင်းမျက်နှာပြင်တစ်ခု ပေါ်လာလေသည်။
[အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း]
[အဆင့်: ၂]
[ချိတ်ဆက်ထားသူ: နန်ကုန်းယွီ]
[လက်ကျန်အမှတ်များ: ၇၁၇၄၆၁၉၀]
[စုစုပေါင်းအမှတ်များ: ၁၁၃၁၉၀၀၀၀]
[မှတ်ချက်: ဝိညာဉ်ကျောက်တုံးများနှင့် အမှတ်များကို တူညီသောတန်ဖိုးဖြင့် လဲလှယ်နိုင်သည်။ အမှတ် သန်း ၁၀၀၀ စုဆောင်းမိပါက အဆင့်သုံးဆင့် ပွင့်သွားမည်ဖြစ်ပြီး အဆင့်တစ်ခုစီတိုင်းတွင် အဆတစ်ထောင် တိုးလာမည်]
...
"တတိယအဆင့်ကို ဖွင့်ဖို့က ခက်ခဲတဲ့ ခရီးစဉ်တစ်ခု ဖြစ်နေတုန်းပဲ..."
နန်ကုန်းယွီ သက်ပြင်းချလိုက်၏။ လွန်ခဲ့သော ခြောက်လက ပေ့ချွမ်းအင်ပါယာ လက်နက်ချချိန်တွင် လျော်ကြေးအဖြစ် ချင်းယိုအင်ပါယာသို့ ပေးအပ်ခဲ့သော ဝိညာဉ်ကျောက်တုံး ၇၀% မှာ ထျန်းကန်း ခေါင်းဆောင်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပေသည်။
အခြားလျော်ကြေးငွေများအတွက်မူ ထျန်းကန်း ခေါင်းဆောင်က တစ်ပြားတစ်ချပ်မှ မယူခဲ့ချေ။
သေချာသည်မှာ ဤသည်မှာ ချင်းယိုအင်ပါယာက ၎င်း၏ ကိုယ်ပိုင်အခြေအနေကို သိရှိပြီး ပေးလိုသော ဆုကြေးတစ်ခုလည်း ဖြစ်ပေသည်။
ထျန်းကန်း ခေါင်းဆောင်သည် ဤဝိညာဉ်ကျောက်တုံးများကို ရယူခဲ့ပြီး စစ်ပွဲအတွင်း နတ်ဘုရားအရိပ် တပ်စုမှ ရရှိခဲ့သော စစ်ပွဲအမြတ်အစွန်းများနှင့် ပေါင်းစပ်ကာ စုစုပေါင်း ၈၈ သန်းကျော်ကို အမှတ်များအဖြစ် ပြောင်းလဲခဲ့လေသည်။
ထို့နောက် သူသည် အဆင့်နိမ့် ဝိညာဉ်ခြင်ဆီ ဆယ့်ရှစ်ခုကို လဲလှယ်ခဲ့ပြီး သူ၏စွမ်းအားကို မြှင့်တင်ရန် သူ၏လိုဏ်ဂူထဲသို့ ပစ်ထည့်ခဲ့ပေသည်။
အလယ်အလတ်အဆင့် ဝိညာဉ်ခြင်ဆီအတွက်ဆိုလျှင် အမှတ် သန်း ၁၀၀ လိုအပ်ပြီး သူ မတတ်နိုင်သေးချေ။
ထို့အပြင် သူသည် အမှတ် သိန်းနဲ့ချီကုန်ကျသည့် မြေကြီးအဆင့် ဖြစ်သော အရိပ်ခြေလှမ်းနှင့် တစ္ဆေအရိပ် ဓားသိုင်း ဆိုသည့် ဝိညာဉ်သိုင်းပညာ နှစ်ခုကိုလည်း ဝယ်ယူခဲ့လေသည်။
သို့သော် သူတို့သည် ပြီးခဲ့သည့် ခြောက်လအတွင်း အခြား မည်သည့်ထုတ်ကုန်ကိုမျှ မဝယ်ယူခဲ့ကြသကဲ့သို့ ပြန်လည်ရောင်းချရန်အတွက် ဆေးဖော်စပ်ရန် ဆေးဖက်ဝင်အပင်များကိုပင် အများအပြား မဝယ်ယူခဲ့ပေ။
အဓိကပြဿနာမှာ အဆင့်နိမ့် ဆေးလုံးများသည် သိပ်အကျိုးအမြတ်မများဘဲ အချိန်ကုန်သည်ဟု ထင်ရသောကြောင့် သူက စောင့်ကြည့်ရန် စီစဉ်နေခြင်း ဖြစ်လေသည်။
သေချာတာကတော့ အဓိကအကြောင်းရင်းက သူ ပျင်းနေလို့ပါပဲ...
နန်ကုန်းယွီသည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှ ထွက်လာပြီး မတ်တပ်ရပ်ကာ ချင်းလင်ကို ကြည့်၍ ပြောလိုက်သည်။
"ချင်းလင်... မင်း သွားနားသင့်ပြီ... ငါ တစ်ယောက်တည်း ခဏနေခဲ့မယ်..."
"မင်းသားငယ်... ကျွန်မ..."
ချင်းလင်က ငြင်းဆန်ချင်သော်လည်း သူမ စကားမပြောနိုင်မီမှာပင် နန်ကုန်းယွီက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ကောင်းပြီ... သွားတော့..."
"ဟုတ်ကဲ့ပါ မင်းသားငယ်..."
ချင်းလင်သည် မလိုလားသော်လည်း သဘောတူလိုက်ရပြီး မလှမ်းမကမ်းရှိ ထောင့်တစ်နေရာသို့ လျှောက်သွားကာ ထိုင်နေလိုက်လေသည်။
ဤနေရာမှာ ရှိုးရှန်းနန်းဆောင် ဖြစ်သော်လည်း သူမက နန်ကုန်းယွီ တစ်ယောက်တည်း နေခဲ့ရန် စိတ်မချကြောင်း ရှင်းလင်းလှပေသည်။
နန်ကုန်းယွီက ဂရုမစိုက်ဘဲ အနည်းငယ် ပြုံးလိုက်သည်။ သူက ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်ကို ပေါင်းစည်းချိန်တွင် သူမကို မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့်သာ ချင်းလင်ကို အဝေးသို့ လွှတ်လိုက်ခြင်း ဖြစ်လေသည်။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းကို သူ အလွန်ယုံကြည်သော်လည်း သတိထားရန် လိုအပ်သေးပေသည်။
ချက်ချင်းပင် သူသည် မှောင်ရိပ်ထဲရှိ တစ်စုံတစ်ဦးကို မျက်စိပစ်ပြလိုက်ရာ အတုအယောင်ပုံရိပ်တစ်ခုက သူ့အပေါ် လွှမ်းခြုံသွားလေသည်။
ဤနည်းအားဖြင့် သူ့အတွက် တစ်ခုခုဖြစ်လာခဲ့လျှင်တောင် ပြင်ပကမ္ဘာက သူ မျက်လုံးမှိတ်ပြီး တရားထိုင်နေသည်ကိုသာ မြင်တွေ့ရမည် ဖြစ်ပေသည်။
နန်ကုန်းယွီသည် လေထဲတွင် ခြေပက်လက်ခွေ ထိုင်နေလိုက်၏။ အနည်းငယ် စိတ်ကူးလိုက်သည်နှင့် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း အတွင်းရှိ ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်သည် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ပူလောင်မှုတစ်ခုက ဒန်ထျန်းမှ စတင်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် အံ့အားသင့်စွာ အသက်ရှူမှားသွားရချေသည်။
"ဟား..."
"ဒီခံစားချက်က တော်တော်ဆိုးတာပဲ..."
နန်ကုန်းယွီက သက်ပြင်းချလိုက်သော်လည်း အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ အကူအညီနှင့် မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်ကို သန့်စင်ခြင်းဖြင့် ပြင်းထန်သောအပူရှိန်သည် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
မကြာမီမှာပင် အရောင်ခုနစ်မျိုးရှိသော မီးတောက်တစ်ခု သူ၏ တန်ထျန်းတွင် ပေါ်လာရာ ၎င်းမှာ ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်ပင် ဖြစ်ပေသည်။
ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်၏ ဗဟိုတွင် သေးငယ်သော အရောင်ခုနစ်မျိုးရှိ ပုတီးစေ့လေးတစ်လုံး ရှိနေပြီး ၎င်းမှာ ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်၏ မူလအစ ဖြစ်လေ၏။
နန်ကုန်းယွီသည် ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်မှ ထွက်ပေါ်လာသော ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ခံစားလိုက်ရပြီး အနည်းငယ် မပြုံးဘဲ မနေနိုင်ဖြစ်သွားရချေသည်။
အခြားသူများသည် ဝိညာဉ်မီးတောက်ကို သန့်စင်ချိန်တွင် သေလုမြောပါး (သို့မဟုတ်) အသက်ရှင်ရန် အခွင့်အရေး လုံးဝမရှိသော အခြေအနေများနှင့် ရင်ဆိုင်ရသော်လည်း သူကတော့ လွယ်ကူစွာ လုပ်ဆောင်နိုင်ပေ၏။ သူ၏ ရွှေလက်ချောင်း က တကယ်ကို အံ့ဩစရာပါပင်။
အနည်းငယ် စိတ်ကူးလိုက်သည်နှင့် နန်ကုန်းယွီ၏ လက်ထဲတွင် အရောင်ခုနစ်မျိုးရှိသော မီးတောက်တစ်ခု ပေါ်လာပြီး အရာခပ်သိမ်းကို လောင်ကျွမ်းစေမည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။
သူ အာရုံခံလိုက်ရာ မီးတောက်များသည် ဝိညာဉ်အရှင်မြတ်အဆင့် ကျင့်ကြံသူကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ကြောင်း မရေမရာ ခံစားလိုက်ရပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သန့်စင်ပြီးနောက် ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်၏ စွမ်းအားမှာ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် အကန့်အသတ်ရှိနေသည်။ သို့မဟုတ်ပါက ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်မှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေမည် ဖြစ်လေသည်။
နန်ကုန်းယွီသည် ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်ကို သိမ်းဆည်းလိုက်ပြီး သူ၏ အခြေအနေကို တစ်ချက်ကြည့်ကာ ခါးသက်သက် ပြုံးမိသွားရချေသည်။
သန့်စင်ရာတွင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ အကူအညီနှင့် သန့်စင်သောမီးတောက်၏ စွမ်းအားများ မယိုစိမ့်စေရန် မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်က ဖိနှိပ်ထားသော်လည်း သန့်စင်သောမီးတောက်၏ အကြွင်းအကျန်အပူရှိန်က သူ၏ အဝတ်အစားများကို ပြာဖြစ်အောင် လောင်ကျွမ်းသွားစေခဲ့ပေ၏။
"ချင်းလင်က အစောပိုင်းက အာရုံလွှဲနေလို့သာ တော်တော့တယ်... မဟုတ်ရင် ရှင်းပြရခက်လိမ့်မယ်..."
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး တူညီသော အဝတ်အစားတစ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီးနောက် ကျောက်တုံးခုံပေါ်တွင် ပြန်ထိုင်လိုက်လေသည်။
ချက်ချင်းပင် သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး သူ၏စိတ်ထဲတွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာလေသည်။
[အမည်: နန်ကုန်းယွီ]
[အသက်: ၁နှစ် ]
[မျိုးနွယ်: လူသားမျိုးနွယ်]
[အဆင့်: အမြုတေဖွဲ့စည်းခြင်းအဆင့် (ပြီးပြည့်စုံခြင်း)]
[ဝိညာဉ်အမြစ်: မဟာဟင်းလင်းပြင် ဝိညာဉ်အမြစ်]
[ခန္ဓာကိုယ်: နတ်ဘုရားအရိပ် တာအိုခန္ဓာ]
[ကျင့်စဉ်: မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်]
[ဝိညာဉ်သိုင်းပညာ: ငုပ်လျှိုးနေသော နက်နဲမှု၊ အရိပ် ခြေလှမ်း ၊ တစ္ဆေအရိပ် ဓားသိုင်း ]
[ဒုတိယအသက်မွေးဝမ်းကျောင်းများ: ဆေးဆရာ (အဆင့် ၄)၊ သရုပ်ဆောင် (အထူးအဆင့်)၊ အဆိပ်ပညာရှင် (အခြေခံ)၊ သမားတော် (အခြေခံ)၊ ဂီတပညာရှင် (အခြေခံ)...]
[လက်နက်များ: ဟင်းလင်းပြင်ငှက်မွေး ၊ လမင်းကြည်လင် ဒိုင်းလွှား ဝိညာဉ်ရတနာ၊ ကျောက်စိမ်းဖြူ ယပ်တောင် ဝိညာဉ်ရတနာ၊ မိခင်နှင့်သားဆန်းကြယ်အပ်များ ဝိညာဉ်ရတနာ]
[လက်အောက်ငယ်သားများ: ရှဲဒိုးချမ်း၊ ရှဲဒိုးရွှမ်၊ ထျန်းကန်း ခေါင်းဆောင်၊ တိရှား ခေါင်းဆောင်၊ မြေနတ်ဆိုး၊ မြေစစ်သည်၊ မြေသူရဲကောင်း၊ နတ်ဘုရားအရိပ် တပ်စု ၉ခု]
[ပစ္စည်းများ: အဆင့်နိမ့် ဝိညာဉ်ခြင်ဆီ ၃၆ ခု၊ လိုဏ်ဂူကောင်းကင် ဆေးလုံး ၈၀ လုံး၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ဆေးလုံး ၈၇ လုံး၊ ပြန်လည်နုပျိုခြင်း ဆေးလုံး ၉၇ လုံး]
...
လိုဏ်ဂူကောင်းကင် ဆေးလုံးနှင့် လိုဏ်ဂူထဲရှိ ဝိညာဉ်ခြင်ဆီတို့၏ အကူအညီဖြင့် သူသည် ကျန်ရှိသော လိုဏ်ဂူများကို နှစ်လမပြည့်မီ အချိန်အတွင်း ဖွင့်လှစ်နိုင်ခဲ့ရာ စုစုပေါင်း ပင်မလိုဏ်ဂူ ၃၆ ခုနှင့် ဒုတိယအဆင့် လိုဏ်ဂူ ၇၂ ခု သို့ရောက်လာခဲ့သည်။
နောက်မှ ဖွင့်လှစ်ခဲ့သော လိုဏ်ဂူ ၇၂ ခုမှာ ပထမ ၃၆ ခု၏ သုံးပုံတစ်ပုံသာ ရှိသောကြောင့် ၎င်းတို့ကို ဒုတိယအဆင့် လိုဏ်ဂူကောင်းကင်များဟု ခေါ်ဆိုခြင်း ဖြစ်ရာ နန်ကုန်းယွီက ၎င်းတို့ကို ဒုတိယအဆင့် လိုဏ်ဂူများဟု နောက်ပြောင်ကာ ခေါ်ဆိုခဲ့ခြင်း ဖြစ်လေသည်။
သို့သော် နန်ကုန်းယွီကို အံ့အားသင့်စေခဲ့သည်မှာ...
နောက်ဆုံး လိုဏ်ဂူကောင်းကင် ဖွင့်လှစ်ချိန်တွင် လိုဏ်ဂူကောင်းကင် ၁၀၈ ခုသည် သိမ်မွေ့စွာ ချိတ်ဆက်သွားပြီး အထူးကွန်ရက်တစ်ခု ဖွဲ့စည်းသွားသကဲ့သို့ ဖြစ်သွားခြင်းပင် ဖြစ်ပေသည်။
ဤအထူးကွန်ရက်သည် သူ၏ သွေးကြောများကို သိမ်မွေ့စွာ သန်စွမ်းစေပြီး ကျယ်ပြန့်စေရုံသာမက သူ၏ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကိုလည်း အဆများစွာ ပိုမိုမြန်ဆန်စေကာ သူ၏ ကျင့်ကြံမှုအမြန်နှုန်းမှာလည်း သိသိသာသာ ထပ်မံတိုးတက်လာလေသည်။
ထို့နောက် အမြုတေဖွဲ့စည်းခြင်းအဆင့် ဆေးလုံးကို အကူအညီအဖြစ် အသုံးပြုကာ သုံးလကျော် အချိန်အတွင်း အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ယခုအခါ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
မဆိုးဘူး... နောက်ထပ် အထွတ်အထိပ် အခြေအနေတစ်ခုပဲ...
ယေဘုယျအားဖြင့် ပြောရလျှင် လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦး၏ လိုဏ်ဂူအားလုံး ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေချိန်တွင် တန်ထျန်းအတွင်းရှိ အမြုတေကို ဝိညာဉ်စွမ်းအင်များအားလုံးကို အသုံးပြု၍ ပေါင်းစည်းရန် အမြုတေဖွဲ့စည်းခြင်းအဆင့် ဆေးလုံးကို အသုံးပြုနိုင်ပေသည်။
အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်သို့ တက်လှမ်းခြင်း။
အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အမြုတေမှာ အစစ်အမှန်မဟုတ်ဘဲ အတုအယောင် အမြုတေ ဖြစ်လေသည်။
သင်သည် အစောပိုင်းအမြုတေကို ဝိညာဉ်စွမ်းအင်ဖြင့် စဉ်ဆက်မပြတ် သန့်စင်လိုက်သည်နှင့် ၎င်းသည် အစစ်အမှန်အမြုတေအဖြစ် တဖြည်းဖြည်း ခိုင်မာလာမည် ဖြစ်ပေသည်။
အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်။
ဝိညာဉ်စွမ်းအင်ဖြင့် ဆက်လက်သန့်စင်ပါက ခိုင်မာသော အမြုတေကို ရွှေအမြုတေအဖြစ် ပြောင်းလဲနိုင်ပြီး ၎င်းကို အမြုတေဖွဲ့စည်းခြင်း နောက်ပိုင်းအဆင့်ဟုလည်း ခေါ်ဆိုလေသည်။
သို့သော် ဤအဆင့်တွင် ရွှေအမြုတေမှာ မပြည့်စုံသေးဘဲ ဝိညာဉ်စွမ်းအင်ဖြင့် ထပ်မံသန့်စင်ရန် လိုအပ်ပေ၏။ ရွှေအမြုတေမှာ အပြစ်အနာအဆာကင်းသွားချိန်တွင် ၎င်းသည် အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ဖြစ်လာမည် ဖြစ်လေသည်။
ဤအဆင့်တွင် အမြုတေကို ခွဲချေကာ နတ်ဘုရားသန္ဓေသားအဖြစ် ဖွဲ့စည်းပြီး ဝိညာဉ်သန္ဓေသားအဖြစ် စုစည်းနိုင်ကာ ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ပေသည်။
ဤလုပ်ငန်းစဉ်အတွင်း ကျင့်ကြံသူသည် အဆင့်တက်ရန်နှင့် ရွှေအမြုတေများကို သန့်စင်ရာတွင် အကူအညီဖြစ်စေရန် အမြုတေဖွဲ့စည်းခြင်းအဆင့် ဆေးလုံးများကို စဉ်ဆက်မပြတ် အသုံးပြုနိုင်သော်လည်း တစ်ကြိမ်လျှင် ကိုးလုံးသာ အသုံးပြုနိုင်လေသည်။ ၎င်းမှာ အကန့်အသတ်ပင် ဖြစ်ပေသည်။
သို့သော် နန်ကုန်းယွီနှင့် ပတ်သက်၍ မမျှော်လင့်ထားသော ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ရွှေအမြုတေအတွင်းရှိ ဝိညာဉ်စွမ်းအင်များနှင့် လိုဏ်ဂူကောင်းကင်များနှင့် သွေးကြောများအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လိုဏ်ဂူကောင်းကင် အမျိုးမျိုးမှ ဆွဲငင်ယူသွားပြီး လိုဏ်ဂူကောင်းကင် ၁၀၈ ခုအတွင်း ရွှေအမြုတေ၏ အတုအယောင်ပုံရိပ်များကို တိုက်ရိုက် ဖွဲ့စည်းသွားခြင်းပင် ဖြစ်လေသည်။
ဤရွှေအမြုတေ အတုအယောင်ပုံရိပ်များသည် ရွှေအမြုတေ၏ တစ်ဦးချင်း အတုအယောင်ပုံရိပ် ကိုယ်ပွားများဖြစ်ဟန်တူပြီး ၎င်းနှင့် ရင်းနှီးသော ချိတ်ဆက်မှုတစ်ခုကို ဖွဲ့စည်းထားပေသည်။
ပြီးတော့ နန်ကုန်းယွီသည်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရှင်းပြ၍မရနိုင်အောင် အဆင့်တက်သွားခဲ့ရာ ၎င်းမှာ အတော်လေး အံ့ဩစရာကောင်းလှပေသည်။