အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉) မင်း စောင်းတီးသင်ချင်လို့လား...
နန်ကုန်းယွီက မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
"ဒါက တကယ်ကို ငါ မရင်းနှီးတဲ့ နယ်ပယ်တစ်ခုကို ထိမိသွားတာပဲ..."
နတ်ဆိုးမျိုးနွယ်ရဲ့ သွေးမျိုးဆက် ပြန်လည်ပြောင်းလဲခြင်းနဲ့ ဝိညာဉ်အမြစ်က တကယ်ကို အဆင့်မြှင့်တင်မှု ရနိုင်တယ်... ဒါက ဘယ်လိုအလုပ်လုပ်လဲ မသိဘူးနော်။ လူသားမျိုးနွယ်ရော ဖြစ်နိုင်လား။
နန်ကုန်းယွီက မိမိကိုယ်ကို တိုးတိုးလေး ရေရွတ်လိုက်ပြီး မရေမရာဖြစ်ကာ ရှင်းပြ၍မရသော အတွေးတစ်ခု သူ၏စိတ်ထဲသို့ ဝင်ရောက်လာလေသည်။
သူသည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းကို တစ်ချက်ကြည့်လိုက်သည်။
"နောက်ထပ် အဆင့်တစ်ခု၊ နှစ်ခုလောက် ဖွင့်ပြီးရင် မင်း ငါ့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ထို့နောက် သူသည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှ ထွက်လာခဲ့လေသည်။
သူသည် အလွန်လှပဟန်ရှိသော သေသေသပ်သပ် ထွင်းထုထားသည့် ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။
"စစ်ချန် ဟုတ်လား... ဒါက ဦးရီးတော် ရုတ်တရက် စိတ်ကူးရပြီး ပေးလိုက်တဲ့ နာမည်လား... မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက် တိုက်ဆိုင်နေရတာလဲ..."
သူ၏လက်ထဲရှိ စစ်ချန် ဓားကို ကြည့်ရင်း နန်ကုန်းယွီသည် ချက်ချင်းပင် ၎င်းကို သွေးဖြင့် သခင်နှင့် ချိတ်ဆက်ရန် ရွေးချယ်လိုက်လေသည်။
"ဟင်းလင်းပြင်ငှက်မွေးက အဆင့်မြင့်လွန်းပြီး ငါ့ရဲ့ အစစ်အမှန် အဆင့်အတန်းနဲ့ မသင့်တော်ဘူး... အခုကစပြီး စစ်ချန် ဓားကိုပဲ သုံးရတော့မယ် ထင်တယ်..."
နန်ကုန်းယွီက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး စစ်ချန် ဓားကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်ပေသည်။
ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ ချင်းလင်၏ အသံ ထွက်ပေါ်လာလေသည်။
"သခင်လေး... မင်းသမီးက ညစာစားဖို့ ခေါ်လာဖို့ ဒီငယ်ကျွန်ကို စေလွှတ်လိုက်ပါတယ်..."
"ဟုတ်ပြီ... အခုလာပြီ..."
နန်ကုန်းယွီက သဘောတူလိုက်ပြီး တံခါးဖွင့်ကာ အပြင်ထွက်လာခဲ့ပြီးနောက် ချင်းလင်ကို ဧည့်ခန်းဆီသို့ ခေါ်သွားလေသည်။
သူ ဝင်သွားချိန်တွင် ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများ အနည်းငယ် နီရဲနေသည်ကို သတိပြုမိလိုက်ပြီး ဘာဖြစ်ခဲ့သည်ကို သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပေသည်။
"မယ်တော်..."
သူသည် အလျင်အမြန် ရှေ့တိုးသွားပြီး ရှန်ကွမ်ယွဲ့ရှီး၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ ချစ်စနိုးဖြင့် ပွတ်သီးပွတ်သပ် လုပ်လိုက်လေသည်။
ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီ၏ ခေါင်းကို ပုတ်ကာ အနည်းငယ် ပြုံးလိုက်သည်။
"ယွီအာ... ဆော့တာရပ်လိုက်တော့နော်... ခန္ဓာကိုယ်ကို သန်စွမ်းစေတဲ့ ဆေးဖက်ဝင်အစားအစာကို မြန်မြန်စားလိုက်... ပြီးရင် မယ်တော် သားကို သွားနားခိုင်းမယ်လေ... ဟုတ်ပြီလား..."
"ဟုတ်ကဲ့ပါ..."
နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး ထူးထူးခြားခြား လိမ္မာပါးနပ်ကာ နာခံနေလေသည်။
...
ထိုညက ဘာစကားမှ မပြောဖြစ်ခဲ့ကြချေ။
နောက်နေ့ စောစောပိုင်း မနက်ခင်းတွင် ဖြစ်ပေသည်။
နန်ကုန်းယွီသည် နံနက်စာ စားပြီးနောက် ခန္ဓာကိုယ် သန်စွမ်းစေရန် ဆေးဖက်ဝင်အစားအစာ စားပြီးနောက် ကျင့်ကြံနေသော ရှန်ကွမ်ယွဲ့ရှီးကို ထပ်မနှောင့်ယှက်တော့ဘဲ ချင်းလင်ကို ခြံဝင်းအတွင်းသို့ ခေါ်သွားလေသည်။
နန်ကုန်းယွီက ချင်းလင်ကို ကြည့်လိုက်သည်။
"ချင်းလင်... မင်းက ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီအပါအဝင် အနုပညာအားလုံးမှာ ကျွမ်းကျင်တယ်လို့ ငါ ကြားတယ်..."
ချင်းလင်က အလျင်အမြန် လက်ယမ်းပြလိုက်သည်။
"သခင်လေး... ဒီငယ်ကျွန်က သာမန်လူ တစ်ယောက်ပါ... ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီမှာ အနည်းငယ် ကျွမ်းကျင်တယ်လို့ပဲ ပြောနိုင်ပါတယ်... ဒါက သာမန်လူ အနည်းစုထက်ပဲ ပိုကောင်းတာပါ..."
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"နှိမ့်ချနေစရာ မလိုပါဘူး... ငါတို့ အချင်းချင်း ကောင်းကောင်း သိကြတာပဲ..."
ထို့နောက် နန်ကုန်းယွီက စကားလမ်းကြောင်း လွှဲလိုက်သည်။
"ချင်းလင်... ငါ မင်းဆီက သင်ယူနေတာ ခြောက်လရှိပြီဆိုတော့ လက်ရေးလှအကြောင်း နည်းနည်းတော့ သင်ယူပြီးပြီ... ငါ့ရဲ့ လက်ရေးကို မင်း ဘယ်လိုထင်လဲ..."
ဤစကားကို ကြားချိန်တွင် ချင်းလင်သည် ခဏတာ စဉ်းစားလိုက်သည်။
"ဖြောင့်မတ်ပြီး ခမ်းနားတယ်... စုတ်ချက်က နဂါးတစ်ကောင်လို လှုပ်ရှားနေတယ်... ချင်းလင်က ယှဉ်လို့မရပါဘူး..."
ဤနေရာတွင် ချင်းလင်သည် အံ့အားသင့်သည့် အမူအရာကို ပြမိသွားသည်။
နန်ကုန်းယွီသည် လူသားမျိုးနွယ်တွင် အများသုံးသော စာလုံးအားလုံးနီးပါးကို ဘယ်လို သင်ယူနိုင်ခဲ့သလဲ၊ ပြီးတော့ ခြောက်လအတွင်းမှာ ဒီလောက်ကောင်းတဲ့ လက်ရေးကို ဘယ်လို ဖန်တီးနိုင်ခဲ့သလဲဆိုတာကို သူမ တကယ် စိတ်ကူးမယဉ်နိုင်ခဲ့ချေ။
သူမ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး မြင်ရတိုင်း အံ့ဩနေခဲ့ရပေသည်။
စာလုံးတွေကို မှတ်မိဖို့ မပြောနဲ့... သူက နှစ်ခေါက်ဖတ်ပြီးတာနဲ့ မှတ်မိလုနီးပါးပဲလေ။ စာရေးတာနဲ့ ပတ်သက်ရင် နန်ကုန်းယွီရဲ့ လက်ရေးက စုတ်ချက်တိုင်းနဲ့အတူ တိုးတက်လာသလိုပဲ။
တစ်ခါတစ်ရံတွင် သူမ တွေးမိလေ၏။ ဝိညာဉ်အမြစ် ရှိသူတိုင်းက ဒီလောက် ဉာဏ်ကောင်းကြတာလား။
သို့သော် နန်ကုန်းရိုရွှယ်နှင့် အခြားသူများ၏ အံ့အားသင့်နေသော အမူအရာများကို ကြည့်ခြင်းအားဖြင့် ထိုသို့မဟုတ်ကြောင်း သိရန် မခက်ခဲလှပေ။
သူမ၏ အမူအရာကို မြင်ချိန်တွင် နန်ကုန်းယွီက အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့... ငါ့လက်ရေးအကြောင်း ငါ သိပါတယ်... မင်းကို ကျော်ဖြတ်ချင်တယ်ဆိုရင် အနည်းဆုံး နောက်ထပ် တစ်နှစ်ခွဲလောက် လေ့ကျင့်ရဦးမယ်..."
ထိုစာလုံးများကို သူ အလွတ်ရနေပြီဖြစ်ပြီး သူ၏အမှားများကို ဖုံးကွယ်ရန်အတွက်သာ တစ်ခေါက် ပြန်ဖတ်နေခြင်း ဖြစ်ပေ၏။ ထို့ကြောင့် ချင်းလင်၏ အမြင်တွင် သူသည် ကြီးမားသော ပါရမီကို ပြသနေခြင်း ဖြစ်လေသည်။
သူ၏ လက်ရေးလည်း ထိုနည်းတူပင် ဖြစ်၏။ သူသည် ယခုအခါ သူ၏ ကျွမ်းကျင်မှုအဆင့် တစ်ဝက်ကိုသာ ပြသနေခြင်း ဖြစ်ပေသည်။ သူသည် သာမန်လူများ၏ လက်ရေးလှပညာရှင်များလောက် မကောင်းသော်လည်း အတော်လေး ကောင်းမွန်နေသေးရာ ချင်းလင်နှင့် အခြားသူများကို အံ့အားသင့်စေခဲ့လေသည်။
နန်ကုန်းယွီ၏ စကားကို ကြားချိန်တွင် ချင်းလင်သည် အနည်းငယ် မျက်နှာရဲသွားသည်။
"သခင်လေးရဲ့ လက်ရေးက တကယ်ကို ကောင်းပါတယ်... အိမ်ရှေ့မင်းသားနဲ့ တခြားသူတွေတောင် သခင်လေးလောက် မကောင်းဘူးလို့ ပြောကြတယ်..."
နန်ကုန်းယွီက အလျင်အမြန် လက်ယမ်းပြလိုက်သည်။
"ကောင်းပါပြီ... အဲ့ဒီလိုမျိုး ပြောလို့မရဘူးလေ... သွားပြီး ဒေါ် လေးရှန်ဆီက စောင်းတစ်လက် တောင်းလာခဲ့... ငါ ခဏလောက် စာရေးမယ်... ပြီးရင် မင်း ငါ့ကို စောင်းတီးသင်ပေးလို့ ရပြီ..."
"သခင်လေး... စောင်းတီးသင်ချင်လို့လား..."
ချင်းလင်သည် အံ့အားသင့်ကာ တွေဝေသွားပုံရလေသည်။
"အဲ့ဒါက ခွင့်မပြုထားလို့လား..."
နန်ကုန်းယွီသည် စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်သွေးကျောက်တို့ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်ပေသည်။
ချင်းလင်သည် ခဏတာ တွေဝေသွားပြီးနောက် ပြောလိုက်သည်။
"သခင်လေး... သခင်လေးမှာ ဝိညာဉ်အမြစ် ရှိတာဆိုတော့ အဲ့ဒီ ကျင့်စဉ်ပညာရပ်တွေကို တကယ် သင်ယူလို့ရပါတယ်..."
"လောလောဆယ် ငါ မသင်ချင်သေးဘူး... ငါ သင်ချင်တဲ့အချိန်အထိ စောင့်မယ်လေ... ငါ ပျော်နေသရွေ့ အဲ့ဒါက အရေးကြီးဆုံးပဲလို့ မယ်တော်က ပြောတယ်... အရမ်းမတွေးပါနဲ့... သွားတော့..."
နန်ကုန်းယွီ ပြောနေစဉ် သူ စတင်ရေးသားလေသည်။
ဤသည်ကို မြင်ချိန်တွင် ချင်းလင်သည် သူတို့ကို မနှောင့်ယှက်ရဲတော့ဘဲ ဒေါ် လေးရှန်ကို ရှာရန် လှည့်ထွက်သွားလေသည်။
သို့သော် ထိုအချိန်မှာပင် နန်ကုန်းယွီ၏ အသံ ရုတ်တရက် ထွက်ပေါ်လာ၏။
"ဒါနဲ့ ချင်းလင်... မင်းက အခု ငါ့ရဲ့ အစေခံဆိုတော့ ငါ့ကို မင်းသားငယ်လို့ ခေါ်တာ သိပ်မသင့်တော်ဘူး... ငါ့ကို သခင်လေးလို့ပဲ ခေါ်..."
ချင်းလင်သည် ခဏတာ တန့်သွားပြီးနောက် အာမေဍိတ်သံ ပြုလိုက်လေသည်။
"ဒီငယ်ကျွန် နားလည်ပါပြီ... သခင်လေး..."
"မြန်မြန်သွားတော့..."
"ဟုတ်ကဲ့ပါ..."
ချင်းလင်သည် သူမ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခုဖြင့် သွက်လက်စွာ လျှောက်သွားလေ၏။ သခင်လေး... သူမက သူ့ကို ပိုပြီး ရင်းနှီးသွားသလိုပဲ။
ခဏအကြာတွင် နန်ကုန်းယွီသည် သူ၏ စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်သွေးကျောက်တို့ကို သိမ်းဆည်းလိုက်ပြီး ချင်းလင်က သူရေးထားသော စာလုံးများကို ဂရုတစိုက် သိမ်းဆည်းလိုက်ပေသည်။
သူမ၏ အဆိုအရ ဤသည်မှာ နန်ကုန်းယွီ၏ လက်ရေးဖြစ်ပြီး နန်ကုန်းယွီ၏ အစေခံတစ်ဦးအနေဖြင့် အနာဂတ်တွင် သူမ ကြည့်ရှုနိုင်ရန် ၎င်းကို လုံခြုံစွာ သိမ်းဆည်းထားသင့်သည်ဟု ဆိုလေသည်။
နန်ကုန်းယွီက မတားဆီးခဲ့ချေ။
သူမ သိမ်းဆည်းပြီးသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက နောက်ဆုံး၌ စကားစပြောလိုက်သည်။
"စောင်းတီး သင်ပေးတာကို စကြရအောင်..."
"ဟုတ်ကဲ့ပါ သခင်လေး..."
ချင်းလင်က သဘောတူလိုက်ပြီး စောင်းကို ယူဆောင်လာကာ စားပွဲပေါ်တွင် တင်လိုက်ပြီး စောင်း၏ အခြေခံများကို စတင်ရှင်းပြလေသည်။
"သခင်လေး... ဒီငယ်ကျွန် သင်ယူနေတဲ့ ဂူကင် ကို ကြိုးခုနစ်ချောင်း စောင်းလို့လည်း ခေါ်ပါတယ်... ကြိုးခုနစ်ချောင်းကတော့ ဂုံ ၊ ရှန် ၊ ကျောက် ၊ ကျိ ၊ ယွီ ၊ ဝမ် နဲ့ ဝူ တို့ ဖြစ်ပါတယ်..."
"..."
မှောင်ရိပ်ထဲမှနေ၍ ကိုယ်ရံတော် လျိုသည် ဤမြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရပြီး ခေါင်းကို အနည်းငယ် ခါယမ်းမိသွားသည်။
"သူ့မှာ စာပေအတွက် ကောင်းမွန်တဲ့ ပါရမီ ရှိတယ်... ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ကျင့်စဉ်ပညာရပ်တွေကို အမြန်ဆုံး သင်ပေးလို့ရသားနဲ့ ဘာလို့ သူ့ကို ကျင့်ကြံခြင်းအကြောင်း မြန်မြန် မသင်ပေးရတာလဲ..."
"မင်းသမီးက အလျင်စလို မလိုပါဘူးတဲ့... သူ့ကို ကစားချင်တာ ကစားပါစေ၊ သင်ချင်တာ သင်ပါစေလို့ ပြောတယ်လေ..."
ဒေါ် လေးရှန်က ဘေးမှ ဝင်ပြောလိုက်ရာ သူမ၏အသံတွင် ချစ်ခင်ယုယမှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
ဤစကားကို ကြားချိန်တွင် ကိုယ်ရံတော် လျိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"တခြားကလေးတွေနဲ့ ယှဉ်ရင်... သူက အသက် ခြောက်လမှာ ဆေးဖက်ဝင်အစားအစာနဲ့ ညင်သာတဲ့ ခန္ဓာကိုယ်လေ့ကျင့်မှုတွေကို စတင်ခဲ့ပြီး အခုဆို ခန္ဓာကိုယ်သန့်စင်ခြင်း အစောပိုင်းအဆင့်ကို ရောက်နေပြီလေ... တကယ်လို့ သူက ဒီဆေးဖက်ဝင်အစားအစာ လေ့ကျင့်မှုကို ဆက်လုပ်သွားမယ်ဆိုရင် အသက် သုံးနှစ်မပြည့်ခင်မှာ ခန္ဓာကိုယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်ကို သေချာပေါက် ရောက်သွားမှာပဲ... နောက်မှ ကျင့်ကြံခြင်းအကြောင်း သင်ယူတာက အချိန်ဖြုန်းရာ မကျဘူးလား..."
သို့သော် ဒေါ် လေးရှန်က အနည်းငယ် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့... ဒါက ကျင့်စဉ်တစ်ခုကို သင်ယူတာ သက်သက်ပါပဲ... ဘယ်လို အောင်မြင်အောင် ကျင့်ကြံရမလဲဆိုတာကို ငါ သင်ပေးပြီး ဝိညာဉ်စုပ်ယူခြင်းအဆင့်ကို တက်လှမ်းဖို့ သူ့ကို ကူညီပေးပါ့မယ်..."
"သူက ဖြည်းဖြည်းချင်း သင်ယူပြီး ဖြည်းဖြည်းချင်း ကျင့်ကြံသွားလို့ ရပါတယ်... သူက အချိန်နဲ့အပြိုင် အပြေးအလွှား လုပ်ဖို့ ၊အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ဖို့ မလိုပါဘူး... သူ့အတွက် အချိန်တွေ အများကြီး ရှိပါသေးတယ်..."
ဤစကားကို ကြားချိန်တွင် ကိုယ်ရံတော် လျို အနည်းငယ် အံ့အားသင့်သွားပြီးနောက် ရှန်ကွမ်ယွဲ့ရှီးနှင့် ရှန် တို့၏ ဆိုလိုရင်းကို သူမ နားလည်သွားလေသည်။
နန်ကုန်းယွီ၏ ကြီးထွားနိုင်စွမ်းကို သတ်မှတ်ပြီးသားဖြစ်သလို ကျန်းပေ့မင်းသား စံအိမ်ကလည်း သူ့ကို ကျင့်ကြံရာတွင် ကူညီပေးရန် ရှိနေပြီဖြစ်ရာ သူ့ကို အဘယ်ကြောင့် အတင်းအကျပ် ကြိုးစားခိုင်းရမည်နည်း။ သူ့ကို ပျော်ရွှင်စွာ ကျင့်ကြံစေပြီး ပျော်ရွှင်စရာကောင်းသော ဘဝကို ဖြတ်သန်းခွင့်ပေးလိုက်သည်ကပိုကောင်းပေမည်။
ဤအရာကို တွေးမိသည်နှင့် ကိုယ်ရံတော် လျိုသည် ခေါင်းကို အနည်းငယ် ခါယမ်းမိသွားကာ အကူအညီမဲ့စွာ ပြုံးလိုက်လေသည်။
"ထားလိုက်ပါတော့... အဲ့ဒါက ငါနဲ့ ဘာမှမဆိုင်ပါဘူး... ငါ အဲ့ဒီအတိုင်းပဲ ထားလိုက်တော့မယ်..."
"မင်း စောင့်ကြည့်ပေးထား... ငါ ကျင့်ကြံဖို့ သွားတော့မယ်..."
"ဟုတ်ကဲ့ပါ..."
ဒေါ် လေးရှန်က သဘောတူလိုက်ပြီးနောက် ကိုယ်ရံတော် လျိုသည် လှည့်ထွက်သွားလေသည်။
ဒေါ် လေးရှန်သည် မလှမ်းမကမ်းတွင် ချင်းလင်၏ စကားကို သေချာနားထောင်နေသော နန်ကုန်းယွီကို ကြည့်ကာ အနည်းငယ် ပြုံးမိသွားသည်။
"မလောပါနဲ့... မင်းသမီးနဲ့ ငါက မင်းကို အဖော်လုပ်ပေးမှာပါ..."
...
အခန်း (၈၀) ကိစ္စနှစ်ခုလား... တစ်ခုပဲ...
ချင်းယိုအင်ပါယာ တောင်ပိုင်းနယ်မြေ။
မိမိ၏ စွမ်းရည်များကို ထုတ်ကြွားနေသည့် လူငယ်လေးတစ်ဦးသည် လေပြင်း ဟုခေါ်သော သူ၏ မြင်းကိုစီးကာ လမ်းတစ်လျှောက် ဖြည်းညင်းစွာ သွားနေရင်း အနည်းငယ် အကူအညီမဲ့နေပုံရလေသည်။
"ဆရာက ငါ့ရဲ့ အခွင့်အရေးက ချင်းယိုအင်ပါယာမှာ ရှိတယ်လို့ ပြောတယ်... ဒါပေမဲ့ ငါ ချင်းယိုအင်ပါယာမှာ လျှောက်သွားနေတာ ခြောက်လရှိပြီ... ဘာလို့ အခုထိ ရှာမတွေ့သေးတာလဲ..."
"အခွင့်အရေးဆိုတာ... တကယ်ပဲ အဲ့ဒီလောက် ရှာရခက်တာလား..."
"ကောင်းပြီလေ... ငါ ဆေးကုသရင်း ချင်းယိုအင်ပါယာကို ဆက်ပြီး လေ့လာသွားမယ်... ငါ့ရဲ့ အခွင့်အရေးကို ရှာမတွေ့ဘူးဆိုတာ ငါ မယုံဘူး..."
လူငယ်လေးက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး ခရီးဆက်လာခဲ့လေသည်။
သူ၏ ပစ်မှတ်မှာ ချင်းယို ဧကရာဇ်မြို့တော် ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် မြင်း၏ အမြန်နှုန်းနှင့် လမ်းတစ်လျှောက် နှောင့်နှေးမှုများကြောင့် အဲ့ဒီကို ရောက်ဖို့ အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်လောက် ကြာနိုင်ပေသည်။
...
ချင်းယိုအင်ပါယာ မြောက်ပိုင်း။
တောင်ကြားတစ်ခုထဲတွင် တဲရာပေါင်းများစွာကို ထိုးထားရာ စိမ်းလန်းသော တောင်တန်းများပေါ်တွင် ဆီးနှင်းများ ကျဆင်းနေသကဲ့သို့ ဖြစ်နေပေသည်။
ကွပ်ကဲရေးတဲအတွင်းတွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦးတို့သည် အနည်းငယ် ပြဿနာတက်နေသည့် အမူအရာများဖြင့် ထိုင်နေကြလေသည်။
"အခု ခြောက်လ ကုန်သွားပြီ... ပေ့ချွမ်းအင်ပါယာက တောင်ဘက်ကို ဆင်းလာဖို့ အလုပ်များနေတော့ မြောက်ပိုင်းနယ်စပ်က အတော်လေး ငြိမ်းချမ်းနေတယ်... ငါတို့ အရင်းအမြစ်တွေအကြောင်း စပြီး စဉ်းစားသင့်ပြီ..."
"ဟုတ်တယ်... ခြောက်လကြာပြီးတဲ့နောက် အင်ပါယာက ငါတို့ကို စစ်တပ်လစာ ပေးနေတုန်းပဲဆိုပေမဲ့ ငါတို့ရဲ့ ကျင့်ကြံမှု လိုအပ်ချက်တွေအတွက် လုံလောက်မှာ မဟုတ်ဘူး... စစ်ပွဲအတွင်းမှာ ငါတို့ စုဆောင်းထားခဲ့တဲ့ အရင်းအမြစ်တွေလည်း ကုန်လုနီးပါး ဖြစ်နေပြီ... ငါတို့ ဖြေရှင်းနည်းတစ်ခု စဉ်းစားဖို့ လိုတယ်..."
"ဝမ်ရှင်း... မင်းက အရမ်းဉာဏ်ကောင်းတာပဲ... မင်းမှာ အကြံကောင်း တစ်ခုခု ရှိလား..."
နန်ကုန်းဝမ်ရှင်းက ခေါင်းခါပြလိုက်သည်။
"ငါတို့မှာ ဘယ်လို အကြံကောင်းတွေ ရှိနိုင်မှာလဲ... ငါတို့က တိုက်ခိုက်ဖို့နဲ့ သတ်ဖြတ်ဖို့ပဲ တတ်တာလေ... အခု ချင်းယိုအင်ပါယာက ငြိမ်းချမ်းနေတော့ ငါတို့အတွက် အသုံးမဝင်တော့ဘူး..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းလင်ယွင်တို့သည် အကူအညီမဲ့စွာဖြင့် ခေါင်းခါရုံသာ တတ်နိုင်တော့သည်။
နန်ကုန်းဝမ်ရှင်း ပြောသည်မှာလည်း မှန်ပေသည်။
ထိုအချိန်တွင် ချင်ဝူဟွေ့သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏မျက်လုံးများ အရောင်လမှန်ပေသညသည်။
"ဝမ်ရှင်း... ကောင်းကင်နတ်ဘုရား တမန်တော်ကို ဆက်သွယ်လို့ ရသေးလား..."
"မင်း ဘာလုပ်မလို့လဲ..."
နန်ကုန်းဝမ်ရှင်းက မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့ကို တိုက်ရိုက် မဖြေခဲ့ပေ။
ချင်ဝူဟွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်ပြီးနောက် သူ၏အတွေးများကို ဖွင့်ဟလိုက်သည်။
"ငါတို့အတွက် အလုပ်တစ်ခုခု ရှာပေးဖို့ သူ့ကို အကူအညီ တောင်းလို့ရမလား... အမြတ်အစွန်းဖြစ်တဲ့ ဝိညာဉ်ကျောက်တုံး တချို့ကိုတောင် သူ့ကို ခွဲပေးလို့ရတာပဲလေ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းလင်ယွင်၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဝမ်ရှင်း... ဒါက ဖြစ်နိုင်တယ်လို့ ငါထင်တယ်... မင်း ဘယ်လိုထင်လဲ..."
နန်ကုန်းဝမ်ရှင်းသည် ခဏတာ တွေဝေသွားပြီးနောက် ပြောလိုက်သည်။
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ငါ သူ့ကို ဆက်သွယ်ကြည့်မယ်..."
သို့သော် ထိုအချိန်မှာပင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု တဲအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"မလိုဘူး..."
အသံ ပျောက်ကွယ်သွားသည်နှင့် သူတို့သုံးဦး အံ့အားသင့်သွားကြပြီး ချက်ချင်း သတိထားလိုက်ကြပေသည်။
သို့သော် နန်ကုန်းဝမ်ရှင်းသည် ထိုရင်းနှီးသော အသံကို ပြန်လည်အမှတ်ရသွားချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး လှည့်ကြည့်လိုက်လေသည်။
ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသားတစ်ဦး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူတို့ကို နက်ရှိုင်းကာ မသက်မသာဖြစ်စေသော အကြည့်ဖြင့် စောင့်ကြည့်နေသည်ကို တွေ့လိုက်ရပေသည်။
"ကောင်းကင်နတ်ဘုရား တမန်တော်လား..."
"ငါက နတ်ဘုရား တမန်တော်ပဲ... မင်းတို့နဲ့ ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိတယ်... မင်းတို့က ဒီလောက်တောင် သဘောကောင်းနေမှတော့ ပိုအဆင်ပြေတာပေါ့."
ကောင်းကင်နတ်ဘုရား တမန်တော်၏ စကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းက မျက်မှောင်အနည်းငယ် ကြုတ်မိသွားသည်။
"ကောင်းကင်နတ်ဘုရား တမန်တော်က ငါတို့ဆီက ဘာလိုချင်လို့လဲဆိုတာ သိချင်မိပါတယ်...ဘာပဲပြောပြော မြောက်ပိုင်းနယ်စပ်ကို စောင့်ကြပ်ဖို့ စစ်မိန့်တွေ ရထားတယ်ဆိုတာ မင်း သိပါတယ်... ပြီးတော့ ငါတို့က အမိန့်မရှိဘဲ ထွက်သွားလို့ မရဘူးလေ..."
"ကိစ္စနှစ်ခု..."
ကောင်းကင်နတ်ဘုရား တမန်တော်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ပထမတစ်ခုက... အခု ချင်းယိုအင်ပါယာရဲ့ မြောက်ပိုင်းနယ်စပ်လို့ သတ်မှတ်ထားတဲ့ လုံရှင်းတောင်ကြားစခန်း အတွင်းမှာရှိတဲ့ စစ်ဟုန်တောင်တန်းတွေမှာ အသစ်ရှာတွေ့ထားတဲ့ ဝိညာဉ်ကျောက်တုံး သတ္တုတွင်း တစ်ခု ရှိတယ်... အဲ့ဒီမှာ မင်းတို့ကို တပ်စွဲထားစေချင်တယ်... သတ္တုတူးဖို့ တစ်ယောက်ယောက်ကို တိတ်တဆိတ် ငှားတာပဲဖြစ်ဖြစ်၊ မင်းတို့ဘာသာမင်းတို့ တူးတာပဲဖြစ်ဖြစ်... မင်းတို့ ရတဲ့အထဲက ခုနစ်ဆယ် ရာခိုင်နှုန်းကို ငါ ပေးမယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦးတို့၏ မျက်လုံးများ အရောင်လက်သွားကြလေသည်။
"နတ်ဘုရား တမန်တော်... မင်း ပြောတာက တကယ်လား... အသစ်ရှာတွေ့ထားတဲ့ ပိုင်ရှင်မဲ့ ဝိညာဉ်ကျောက်တုံး သတ္တုတွင်း ဟုတ်လား..."
ကောင်းကင်နတ်ဘုရား တမန်တော်က ခေါင်းညိတ်လိုက်သည်။
"မူလက ပေ့ချွမ်းအင်ပါယာရဲ့ လျှို့ဝှက်အဖွဲ့အစည်းငယ်တစ်ခုက ရှာတွေ့ခဲ့တာပဲ... ဒါပေမဲ့ သတင်းမပျံ့ခင်မှာပဲ သိထားတဲ့သူက လွန်ခဲ့တဲ့ ခြောက်လက ချင်းယိုစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်းမှာ သေသွားခဲ့တယ်... အခုတော့ အဲ့ဒါက ပိုင်ရှင်မဲ့ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းအဖြစ် သတ်မှတ်လို့ရတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦးတို့၏ မျက်လုံးများ အရောင်လက်သွားကြပြန်သည်။
"နတ်ဘုရား တမန်တော်... မင်းပြောတာ မှန်တယ်ဆိုရင် ငါတို့ မြောက်ပိုင်းကာကွယ်ရေး စစ်တပ်က ဒီတာဝန်ကို ယူဖို့ ဆန္ဒရှိပါတယ်..."
"ကောင်းပြီ... မင်းတို့ စစ်ဟုန်တောင်တန်းတွေကို ထွက်သွားလို့ရပြီ... ဝိညာဉ်ကျောက်တုံး သတ္တုတွင်း အဝင်ဝကို လမ်းပြဖို့ ငါ့လူတွေ အဲ့ဒီမှာ စောင့်နေလိမ့်မယ်..."
ကောင်းကင်နတ်ဘုရား တမန်တော်၏ အေးစက်စက် အသံက နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦးကို အေးစိမ့်မသွားစေဘဲ သူတို့အတွင်း၌ ပူလောင်သော ခံစားချက်ကိုသာ နှိုးဆွပေးလိုက်လေသည်။
ဒါက သူတို့ကို ဝိညာဉ်ကျောက်တုံးတွေ ပေးတာပဲ။
သူတို့သုံးဦး သဘောတူလိုက်သည်ကို မြင်ချိန်တွင် ကောင်းကင်နတ်ဘုရား တမန်တော်က ပြောလိုက်သည်။
"ကောင်းပြီ... အဲ့ဒီလိုဆိုမှတော့ ဒီနတ်ဘုရား တမန်တော်လည်း ထွက်သွားတော့မယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းက အလျင်အမြန် အော်လိုက်သည်။
"ကောင်းကင်နတ်ဘုရား တမန်တော်... ကျေးဇူးပြုပြီး ခဏစောင့်ပါဦး..."
"ဘာကိစ္စကျန်သေးလဲ."
ကောင်းကင်နတ်ဘုရား တမန်တော်က လှည့်ကာ နန်ကုန်းဝမ်ရှင်းကို ကြည့်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုက စောင့်ကြည့်နေသကဲ့သို့ အစိုက်ကြည့်ခံရသဖြင့် နန်ကုန်းဝမ်ရှင်း၏ နှလုံးသားမှာ ကြုံ့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
သူက အလျင်အမြန် ပြုံးကာ ဆိုလိုက်သည်။
"အရင်က တမန်တော်က ကိစ္စနှစ်ခုလို့ မပြောခဲ့ဘူးလား... နောက်တစ်ခု အကြောင်းကိုရော ငါတို့ကို ပြောပြလို့ ရမလား..."
"ဒီကိစ္စနှစ်ခုက မူလက မင်းတို့ကို ရွေးချယ်ဖို့ ပေးခဲ့တာပဲ... အခု မင်းတို့က တစ်ခုကို လက်ခံလိုက်ပြီဆိုမှတော့ ဒုတိယတစ်ခုကို နားထောင်ဖို့ ဘာလို့ ဒုက္ခခံနေဦးမှာလဲ..."
ကောင်းကင်နတ်ဘုရား တမန်တော်က ခေါင်းခါကာ ပြောလိုက်၏။
"မင်းတို့ ပထမတာဝန်ကို အရင်ဆုံး ပြီးအောင်လုပ်သင့်တယ်... တကယ်လို့ မင်းတို့ သေချာလုပ်နိုင်ရင် မင်းတို့ကို ဒုတိယတစ်ခု လုပ်ခိုင်းဖို့ ငါ စဉ်းစားမယ်..."
သူ စကားပြောပြီးနောက် သူတို့သုံးဦးကို စကားပြောခွင့် မပေးတော့ဘဲ တဲအတွင်း၌ ပျောက်ကွယ်သွားလေသည်။
သူ ပျောက်ကွယ်သွားသည်ကို မြင်ချိန်တွင် နန်ကုန်းဝမ်ရှင်းက အကူအညီမဲ့စွာ ခေါင်းခါလိုက်၏။ ဒုတိယကိစ္စက ဘာလဲဆိုတာကို ရှာဖွေပြီး ရွေးချယ်ခွင့် ရနိုင်မယ်လို့ သူ ထင်ခဲ့တာပါ…
ဒါက အရမ်းလောလွန်းသွားပြီ။
လောဘကြောင့် မျက်ကန်းဖြစ်ပြီး သူတို့က အရမ်းမြန်မြန် သဘောတူလိုက်ကြတာပါပဲ။
ထိုအချိန်တွင် နန်ကုန်းလင်ယွင်က ရုတ်တရက် အာမေဍိတ်သံ ပြုလိုက်လေ၏။
"အို... ငါ ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ..."
"ဘာမေ့သွားတာလဲ..."
ချင်ဝူဟွေ့က ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
နန်ကုန်းလင်ယွင်က ပခုံးတွန့်ပြလိုက်၏။
"ငါတို့ သုံးယောက်စလုံးက အခု နတ်ဘုရားပေါင်းစည်းခြင်းအဆင့်မှာ ရှိနေတာလေ... အထွတ်အထိပ်ကို ရောက်ဖို့ဆိုရင် ကပ်ဘေးပျက်သုဉ်းခြင်းအဆင့်ကို ဝင်ရောက်ဖို့ ကပ်ဘေးကျော်ဖြတ်ခြင်းကို လုပ်ဆောင်ရမယ်... ဒါပေမဲ့ ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံးတွေက အရမ်းရှားပါးပြီး ရှားပါးလွန်းတယ်... အင်ပါယာမှာတောင် အနည်းအကျဉ်းပဲ ရှိတာဆိုတော့ သူတို့က ငါတို့ကို ပေးမှာ မဟုတ်ဘူးလေ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းတို့သည် မျက်တောင်ခတ်မိသွား လေသည်။ နန်ကုန်းလင်ယွင်က ဘယ်အချိန်ကစပြီး ဒီလောက် ဉာဏ်ကောင်းသွားရတာလဲ။
သူတို့သည် ယခင်က ကောင်းကင်နတ်ဘုရား တမန်တော်ထံမှ ထိပ်တန်းအဆင့် နတ်ဘုရားပေါင်းစည်းခြင်း ဆေးလုံး တစ်ပုလင်းကို ဝယ်ယူခဲ့ကြလေသည်။ သူ တို့သုံးဦးက ခုနစ်လုံး သုံးစွဲခဲ့ပြီး ကျန်သုံးလုံးကိုတော့ မင်းသားဆီ ပေးခဲ့၏။
ယခု သူတို့အားလုံးသည် နတ်ဘုရားပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး ကပ်ဘေးကျော်ဖြတ်ခြင်းမှတစ်ဆင့် ကပ်ဘေးပျက်သုဉ်းခြင်းအဆင့်သို့ ဝင်ရောက်ရန် စိန်ခေါ်မှုကို ရင်ဆိုင်နေရကာ အောင်မြင်နိုင်စွမ်းကို သိပ်ယုံကြည်မှု မရှိသလို ရှေ့ဆက်ရန် ယုံကြည်မှုလည်း ဘယ်သောအခါမှ မရှိခဲ့ချေ။
သို့သော် တစ်စုံတစ်ဦးတွင် ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံး တစ်လုံး ရှိပါက အဆင့်နိမ့် တစ်လုံးဖြစ်လျှင်တောင် မိုးကြိုးကပ်ဘေး၏ စွမ်းအားကို ချေဖျက်နိုင်ပြီး အောင်မြင်နိုင်ခြေကို ၅၀% အထိ တိုးမြှင့်ပေးနိုင်ပေသည်။
အကယ်၍ ၎င်းသည် ထိပ်တန်းအဆင့်ဖြစ်ပါက အောင်မြင်နိုင်ခြေကို အနည်းဆုံး ၉၀% အထိ တိုးမြှင့်ပေးနိုင်မည်။
နန်ကုန်းဝမ်ရှင်းက မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
"မင်း ဆိုလိုတာက ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံးကို ဘယ်မှာ ဝယ်လို့ရမလဲ ဒါမှမဟုတ်သူ့ဆီမှာ ရှိမလားဆိုတာ ကောင်းကင်နတ်ဘုရား တမန်တော်ကို မေးကြည့်ဖို့လား..."
"ဟုတ်တယ်... မင်းကိုယ်မင်း မေးကြည့်... ငါတို့ မေးလို့ရမလား..."
နန်ကုန်းဝမ်ရှင်းသည် ခဏတာ တွေဝေသွားသော်လည်း ထို ကြောက်မက်ဖွယ်ကောင်းသော အကြည့်ကို တွေးမိသွားလေသည်။
သို့သော် လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားကာ သူသည် သွားကိုတင်းတင်းကြိတ်ပြီး ပြောလိုက်၏။
"ငါ မေးကြည့်မယ်..."
နန်ကုန်းဝမ်ရှင်းသည် အထူး အဖြူအမည်း ကျောက်စိမ်းပြားကို ထုတ်ယူကာ စာတိုတစ်စောင် ပို့လိုက်လေသည်။
ထို့နောက် သူတို့သုံးဦးသည် စုရုံးကာ ကျောက်စိမ်းပြားကို စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပေသည်။
ဤသည်မှာ လွယ်ကူစွာ ဆက်သွယ်နိုင်ရန် ကောင်းကင်နတ်ဘုရား တမန်တော်က သူတို့ကို ပေးထားသော ဆက်သွယ်ရေးကိရိယာ ဖြစ်သော်လည်း ၎င်းကို ကောင်းကင်နတ်ဘုရား တမန်တော်နှင့် စာတိုများ ဖလှယ်ရန်သာ အသုံးပြုနိုင်ပြီး နန်ကုန်းဝမ်ရှင်းက ဂရုတစိုက် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်လေသည်။
သို့သော် အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် သူတို့သည် မည်သည့် အကြောင်းပြန်ချက်မျှ မရရှိခဲ့ဘဲ စိတ်ပျက်သွားခဲ့ကြသည်။
နန်ကုန်းဝမ်ရှင်းသည် ခဏတာ တွေဝေသွားပြီးနောက် ပြောလိုက်၏။
"ကောင်းကင်နတ်ဘုရား တမန်တော် အလုပ်များနေလောက်တယ်... ဒီလိုလုပ်ကြရအောင် လင်ယွင်... မင်းသွားပြီး တပ်ကို စုရုံးပြီး ထွက်ခွာဖို့ ပြင်ဆင်ထားလိုက်... ငါတို့ ဆက်ပြီး စောင့်နေမယ်..."
"ဟုတ်ကဲ့ပါ..."
နန်ကုန်းလင်ယွင်က ခေါင်းညိတ်ပြီး အပြင်သို့ ထွက်သွားလေသည်။
သူတို့မသိခဲ့သည့်အရာမှာ ကောင်းကင်နတ်ဘုရား တမန်တော် အလုပ်များနေခြင်း မဟုတ်ဘဲ သူကိုယ်တိုင်က မည်သို့တုံ့ပြန်ရမည်ကို မသိခြင်းပင် ဖြစ်ပေသည်။