အခန်း (၁၅၄၆-၁၅၄၈)
Vol. 104 Ch. 1546-1548
အခန်း (၁၅၄၆) သူ ပြန်ရှင်လာပြီး သေသွားပြန်
လုကျိုးအနေဖြင့် ဤနေရာမှ ထွက်ခွာရန် တာအိုစွမ်းအား သို့မဟုတ် နိယာမများကို အသုံးမပြုနိုင်ပါက သူ၏ အရှိန်တစ်ခုတည်းဖြင့်မူ သေချာပေါက် ထွက်ခွာနိုင်လိမ့်မည် မဟုတ်ပေ။ ဆိုရလျှင် သူသည် အထွတ်အထိပ်သက်ရှိတစ်ဦး၏ စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးပေ။
ချောက်နက်ကြီးမှာ ဖြည်းဖြည်းချင်း ပိတ်သွားနေပြီ ဖြစ်သည်။ သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံး ပြိုလဲသွားမှုကြောင့် ကောင်းကင်ယံမှ ဧရာမ ကျောက်တုံးကြီးများ ရံဖန်ရံခါ ပြုတ်ကျလာတတ်၏။ ထိုကျောက်တုံးများမှာ ချောက်နက်အတွင်းသို့ ကျရောက်သောအခါ ခေတ္တမျှ ဝဲပျံနေပြီးမှ ချောက်နက်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။
လုကျိုး အချိန်ကို ကြည့်လိုက်သည်။ သူ့တွင် တစ်မိနစ်သာ ကျန်တော့သည်။
'ထပ်ပြီး ကြိုးစားကြည့်ရအောင်’
သူသည် တာအိုစွမ်းအားကို အသုံးမပြုနိုင်သဖြင့် အင်အားသုံးကာ ထွက်ခွာရန် ကြိုးစားလိုက်၏။ လုကျိုး အထက်သို့ ပျံတက်လိုက်စဉ် သူ၏ ခန္ဓာကိုယ်၌ အပြာရောင် လျှပ်စီးတန်းများ ဝင်းလက်သွားသည်။ သူသည် လက်နှစ်ဖက်ကို အထက်သို့ မြှောက်လိုက်၏။
ဘုန်း
သူ၏ အလွန်အမင်း မြန်ဆန်လှသော အရှိန်ကြောင့် အသံလှိုင်း ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။ ချောက်နက်အတွင်းရှိ မှောင်မိုက်မှုမှာ အမည်မသိကုန်းမြေတွင် တစ်နှစ်ပတ်လုံး ရှိနေတတ်သော မှောင်မိုက်မှုထက်ပင် ပိုမို ဆိုးရွားလှပေသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ လျှပ်စီးတန်းတစ်ခု ရုတ်တရက် ကျဆင်းလာခဲ့သည်။ လုကျိုး မျက်မှောင်ကျုံ့လိုက်မိ၏။ သူ ဤမြင်ကွင်းမျိုးကို အရင်က မြင်ဖူးခဲ့သည်။
“မင်းက ကမ္ဘာမြေကို ပြန်ပြုပြင်ချင်နေတာလား”
သူသည် ဖျက်ဆီးခြင်းတိုင်လုံးတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို မျက်မြင်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က ၎င်းသည် ဖျက်ဆီးခြင်းတိုင်လုံးပေါ်ရှိ အက်ကြောင်းများကို ပြန်လည် စေ့သွားအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
“ဒီစွမ်းအားက ကမ္ဘာမြေဆီကနေပဲ လာတာလား”
ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှာ ချောက်နက်၏ အနက်ရှိုင်းဆုံးနေရာရှိ စွမ်းအားနှင့် ဆင်တူနေကြောင်း လုကျိုး ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။ ထို့ပြင် ထိုစွမ်းအားမှာ သူ့ကို ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ အက်ကြောင်းများကိုသာ ပြန်လည် ပြုပြင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။
လျှပ်စီးတန်းများမှာ ချောက်နက်၏ အပေါ်ဘက်တွင် လွတ်လမ်းမရှိသော ပိုက်ကွန်တစ်ခုပမာ ဖြစ်ပေါ်လာသည်ကို မြင်သောအခါ လုကျိုး ထပ်မံ၍ မျက်မှောင်ကျုံ့လိုက်မိပြန်သည်။
“ဟင်”
ထို့နောက် သူသည် လက်ကို မြှောက်ကာ မဟာမိုးကြိုးဘီး လက်ဝါးစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။ လက်ဝါးစည်းတံဆိပ်မှာ အောက်ခြေမှနေ၍ အထက်သို့ တိုးဝင်သွားတော့သည်။ ၎င်းသည် လွတ်လမ်းမရှိသော ပိုက်ကွန်ကို ဖြတ်ကျော်သွားချိန်တွင်မူ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှာ ရုပ်သိမ်းသွားကာ ရှောင်တိမ်းပေးလိုက်သည်။ ဤနည်းဖြင့် လက်ဝါးစည်းတံဆိပ်မှာ တောက်ပလှသော မီးအိမ်တစ်ခုပမာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး မှောင်မိုက်နေသော ကောင်းကင်ကြီးကို လင်းထိန်သွားစေတော့သည်။
ဂျိန်း ဂျိန်း
ကမ္ဘာမြေကြီးမှာ နောက်ထပ် ၃၀ ရာခိုင်နှုန်းခန့် ပိတ်သွားပြန်သည်။ ကမ္ဘာမြေ ပြန်လည် စေ့သွားသည့် အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် လုကျိုးအနေဖြင့် အရေးတကြီး ခံစားလိုက်ရ၏။ လွတ်လမ်းမရှိသော ပိုက်ကွန်မှာ လင်းထိန်နေစဉ် ကြာမြစ်များပမာ ရှုပ်ထွေးစွာ ချိတ်ဆက်နေတော့သည်။ လုကျိုးမှာ ဖိအားများ ပိုမို ပြင်းထန်လာသည်ကို ခံစားလိုက်ရ၏။ သူ အချိန်ကို ကြည့်လိုက်သောအခါ မလုံလောက်တော့သည်မှာ ထင်ရှားလှပေသည်။ နောက်ဆုံး စက္ကန့်အနည်းငယ်တွင် သူသည် ရူးသွပ်သော လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်တော့သည်။ သူသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ထုတ်ယူလိုက်ပြီး ဆိုးယုတ်သူတစ်ပါး၏ စွမ်းအားအားလုံးကို ၎င်းအတွင်းသို့ ထည့်လိုက်၏။
ဝူး
ချုပ်နှောင်ခြင်းစည်းတံဆိပ်၏ ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများနှင့် ဆင်တူသည့် အပြာရောင် လျှပ်စီးတန်းများ ချက်ချင်းပင် ဝင်းလက်သွားသည်။ ထို့နောက် ချုပ်နှောင်ခြင်းစည်းတံဆိပ်မှာ မကြုံစဖူးသော အရွယ်အစားအထိ လျင်မြန်စွာ ကြီးထွားလာတော့သည်။
ဘုန်း
အဝင်ဝမှာ ပိတ်တော့မည့်ဆဲဆဲတွင် ချုပ်နှောင်ခြင်းစည်းတံဆိပ်မှာ အဝင်ဝ၌ တစ်ဆို့ကာ ညပ်သွားတော့သည်။ ချောက်နက်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ရစ်ပတ်ညှစ်ထုတ်နေကြ၏။ ကောင်းကင်ကြီးမှာ မှောင်မိုက်နေသော်လည်း ယခုအခိုက်အတန့်တွင် နဂါးငွေ့တန်း၏ အရောင်အသွေးများ ဝင်းလက်နေတော့သည်။ ချုပ်နှောင်ခြင်းစည်းတံဆိပ်မှာ အက်ကြောင်းတစ်ခုကြားတွင် ညပ်နေသော တောင်တစ်လုံးပမာ ရှိနေ၏။
ဤအချိန်တွင် လုကျိုး၏ မျက်လုံးများမှ အပြာရောင်အလင်းများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပြာရောင် လျှပ်စီးတန်းများမှာလည်း ပျောက်ကွယ်သွားသလို၊ သူ၏ ထူးခြားသော သွေးကြောများကို ဖြတ်သန်းစီးဆင်းနေသည့် စွမ်းအားဗဟိုချက်အတွင်းမှ မကြုံစဖူးသော စွမ်းအားကြီးမှာလည်း မရှိတော့ပေ။ လျှို့ဝှက်ဆန်းကြယ်သော စကြဝဠာပမာ ဖြစ်နေသည့် ချောက်နက်အတွင်းရှိ မှောင်မိုက်မှုများက လုကျိုးကို ချက်ချင်းပင် ဝါးမျိုလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်နှင့်အတူ သူ၏ နှလုံးသားမှာလည်း အောက်သို့ နစ်မြုပ်သွားရ၏။ မည်မျှအထိ ကြာအောင် ပြုတ်ကျနေသည်မသိဘဲ ချုပ်နှောင်ခြင်းစည်းတံဆိပ်ကိုပင် မမြင်ရတော့သည့် အချိန်သို့ ရောက်သောအခါမှ သူ နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။
သူ၏ ပတ်ဝန်းကျင်မှာ နံရံများပေါ်၌ ရောင်ပြန်ဟပ်နေသော လှိုင်းလုံးပုံစံ အလင်းရောင်များဖြင့် လင်းထိန်နေသဖြင့် ပင်လယ်အောက်ခြေတွင် လမ်းလျှောက်နေရသကဲ့သို့ ရှိနေ၏။ လုကျိုးသည် ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
'ဒီစွမ်းအားက ငါ့ကို အန္တရာယ်မပေးဘူးလား' သူ၏ လက်များကို မြှောက်ကာ ကြည့်လိုက်၏။ အပြာရောင် စွမ်းအင်အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မူလကျင့်ကြံမှုအဆင့်ကိုသာ ပြန်လည် ရရှိထားတော့၏။
လုကျိုး သက်ပြင်းချလိုက်မိသည်။ အစောပိုင်းက အတွေ့အကြုံသာ မရှိခဲ့လျှင် သူ ယခုလောက်အထိ အားနည်းသည်ဟု ခံစားရမည် မဟုတ်ပေ။ သူသည် မိမိကိုယ်ကိုယ် အတော်လေး အစွမ်းထက်သည်ဟု ထင်ခဲ့သော်လည်း အထွတ်အထိပ် အစမ်းသုံးကတ်၏ စွမ်းအားကို မြည်းစမ်းကြည့်ပြီးနောက်တွင်မူ သူ မည်မျှအထိ အားနည်းနေသေးကြောင်း နောက်ဆုံးတွင် သိရှိသွားခဲ့ရသည်။
“အဲဒီကတ်က တစ်ခုတည်းပဲ ရှိတာ တကယ်ကို နှမြောစရာပဲ”
လုကျိုး သူ၏ လက်ကို ပြန်ချလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဘာမှ မရှိပေ။ သူသည် အထီးကျန်လှသော နဂါးငွေ့တန်းတစ်ခုအတွင်း လမ်းလျှောက်နေရသလို သူ ခံစားနေရ၏။ သူသည် အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့အာရုံ စွမ်းအားများကို အသုံးပြုကြည့်သော်လည်း မည်သည့် သက်ရှိကိုမျှ အာရုံမခံမိပေ။ သူသည် ဝေးလံလွန်းသော နေရာသို့ ရောက်ရှိလာပြီး မိမိကိုယ်ကိုယ် လမ်းပျောက်နေခဲ့ပြီ ဖြစ်သည်။ လုကျိုး မတတ်သာဘဲ သက်ပြင်းချလိုက်ရင်း ကောင်းကင်ယံကို ကြည့်လိုက်မိ၏။ ကောင်းကင်၏ လားရာကို ပြသနေသည့် ဖျော့တော့သော အလင်းတန်းလေးများကိုသာ သူ မြင်တွေ့ရသည်။ အကယ်၍ သူ ဤနေရာတွင် ကြာကြာနေပါက တကယ်ပင် လမ်းပျောက်သွားပေလိမ့်မည်။
လုကျိုးသည် အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီးနောက် အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းကြည့်၏။ ထူးဆန်းသည်မှာ ဤနေရာက သိပ်မကျယ်လှဟု ထင်ရသော်လည်း သူသည် နယ်နိမိတ်အကန့်အသတ်ကို ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် သူ၏ မူလနေရာသို့ ပြန်လာခဲ့ပြီး လေထဲတွင် ဝဲပျံနေလိုက်ရုံသာ တတ်နိုင်တော့သည်။
အထက်ဘက်ရှိ နေရာမှာ ယခုအခါ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများဖြင့် ပိတ်ဆို့ခံထားရသဖြင့် သူ ထွက်ခွာနိုင်ခြင်း မရှိတော့ပေ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် လားရာများကိုလည်း သူ မသိပေ။ သူ သေသေချာချာ နားမလည်မီမှာမူ ဟိုဟိုဒီဒီ လျှောက်သွားရန် မဝံ့မရဲ ဖြစ်နေ၏။ သူသည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးမှိတ်လျက် အနားယူလိုက်၏။ နဂါးငွေ့တန်းနှင့်တူသော ဤချောက်နက်ကြီးအတွင်း၌ မည်သည့် သက်ရှိမျှ မရှိကြောင်း အတည်ပြုပြီးချိန်နှင့် လှိုင်းလုံးပုံစံ အလင်းရောင်များက မှောင်မိုက်မှု အများစုကို ဖယ်ရှားပေးထားသဖြင့် သူ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
သူ ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်လိုက်သောအခါ ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိမှုတစ်ခုကို ရရှိလိုက်၏။
“တကယ့်ကို များပြားပြီး စင်ကြယ်လှတဲ့ ကနဦးချီတွေ ပါလား”
“ငါ အရင်ဆုံး ကျင့်ကြံကြည့်ပြီးမှ ပြန်ထွက်ဖို့ ထပ်ကြိုးစားရမယ်”
သွင့်ကျန်း
ပုံရိပ်တစ်ခုသည် လေထဲတွင် ဝဲပျံနေရင်း ပျက်စီးဆုံးရှုံးမှု မြင်ကွင်းများကို ကြည့်ရှုနေသည်။ တောင်တန်းများနှင့် မြစ်ချောင်းများ ပျက်စီးနေပြီး ကမ္ဘာမြေမှာလည်း အပျက်အစီးများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သူသည် ပြိုလဲနေသော ဖျက်ဆီးခြင်းတိုင်လုံးကို တင်းမာသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ လေထုအတွင်း၌ ရင်းနှီးနေသော အရှိန်အဝါ နှစ်ခုနှင့် စွမ်းအင်များကို အာရုံခံမိလိုက်ချိန်နှင့် တိုက်ပွဲ၏ အကြွင်းအကျန်များကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားရ၏။
အချိန်အတော်ကြာ တည်ငြိမ်နေခဲ့သော မဟာလေဟာနယ်ဧကရာဇ် မင်ရှင်းသည် ပထမဆုံးအကြိမ်အဖြစ် မှင်တက်သွားတော့သည်။ သူသည် မည်သည့် အမူအရာမျှ မရှိဘဲ သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။
“သူ ပြန်လာပြီ...”
မင်ရှင်းသည် သွင့်ကျန်း၏ ပတ်လည်တွင် ဖျတ်ခနဲ လှုပ်ရှားလျက် တစ်ချိန်က ဖျက်ဆီးခြင်းတိုင်လုံး ဖြစ်ခဲ့သော အပျက်အစီးပုံများကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူ ခေါင်းခါလိုက်မိသည်။ ထိုအချိန်တွင် ကောင်းကင်ယံကို ဖုံးလွှမ်းသွားသော သင်္ကေတလမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။ တောက်ပလှသော အလင်းတန်းတစ်ခု ကျဆင်းလာပြီးနောက် အစွမ်းထက်လှသော ကျင့်ကြံသူများမှာ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြတော့သည်။
သူတို့နှင့် နှိုင်းယှဉ်လျှင် မင်ရှင်းမှာမူ အတော်လေး ဟန်ဆောင်မှု ကင်းမဲ့နေ၏။ မင်ရှင်း ခေါင်းမမော့ပေ။ သူသည် သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံး အကြွင်းအကျန်များကိုသာ ဆက်လက် ကြည့်နေမိသည်။ သူ၏ မျက်နှာထက်တွင် ဒေါသရိပ်အချို့ကို မြင်တွေ့ရ၏။
ဤအခိုက်အတန့်တွင် သင်္ကေတလမ်းကြောင်းအတွင်းမှ ဧရာမ အဖြူရောင် တောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ ထိုတောင်ပံတစ်စုံမှာ ပေ ၁၀၀၀ ခန့် မြင့်မားသော လူသားပုံသဏ္ဌာန် တောင်ပံမျိုးနွယ်ဝင် တစ်ဦး၏ တောင်ပံများ ဖြစ်သည်။ သူ၏ ဦးခေါင်းပေါ်တွင် သရဖူတစ်ခု ရှိနေပြီး ခန္ဓာကိုယ်မှာလည်း တောက်ပသော အလင်းရောင်များ ဖုံးလွှမ်းနေ၏။ သူ၏ မျက်လုံးများမှာလည်း အေးစက်စွာ ဝင်းလက်နေတော့သည်။
မင်ရှင်းသည် ထိုတောင်ပံမျိုးနွယ်ဝင်ကိုဖြစ်စေ၊ ပေါ်ထွက်လာသော အခြား ပညာရှင်များကိုဖြစ်စေ လှည့်မကြည့်သေးပါချေ။ ထိုမြင့်မားလှသော တောင်ပံမျိုးနွယ်ဝင်သည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်၏။
“ဧကရာဇ် မင်ရှင်း... နေကောင်းရဲ့လား”
ထိုမြင့်မားသော တောင်ပံမျိုးနွယ်ဝင်၏ အသံမှာ အတော်လေး စူးရှသော်လည်း ပြင်းထန်သော ထိုးဖောက်နိုင်စွမ်း ရှိပေသည်။ မင်ရှင်းက ဆိုလိုက်၏။
“ဧကရာဇ်ယွီ... မင်း နောက်ကျနေပြီ”
ပတ်ဝန်းကျင်ကို ကြည့်ပြီး ဘာဖြစ်ခဲ့သည်ကို အကြမ်းဖျင်း သိရှိသွားသော ဧကရာဇ်ယွီက ခေါင်းအနည်းငယ် ညိတ်ပြလျက် မေးလိုက်သည်။
“သူ ပြန်လာတာလား”
မင်ရှင်းက ထိုမေးခွန်းကို ပြန်မဖြေပေ။ ထိုအစား လက်နောက်ပစ်လျက် ခေါင်းကိုသာ ညိတ်ပြလိုက်တော့သည်။ ဧကရာဇ်ယွီ သက်ပြင်းချလိုက်၏။
“မင်ပန်းရဲ့ အရှိန်အဝါတွေ ဘာလို့ ပျောက်သွားလဲဆိုတာ မဆန်းတော့ပါဘူး။ အေးလေ... သူ့ လက်ချက်နဲ့ သေရတာကတော့ မတရားဘူးလို့ မဆိုနိုင်ပါဘူး”
ထိုစကားကို ကြားသောအခါ အခြားသော တောင်ပံမျိုးနွယ်စုဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ထိတ်လန့်နေကြရသည်။ အရေးပါသော ပုဂ္ဂိုလ်ကြီး နှစ်ဦး စကားပြောနေချိန်တွင် သူတို့အနေဖြင့် ကြားဖြတ် မပြောဝံ့ကြပါချေ။ သို့သော် သူတို့အားလုံးမှာ ရည်ညွှန်းခံရသည့် သူဆိုသူမှာ ဘယ်သူလဲဆိုသည်ကို သိချင်နေကြသည်။ မည်သည့် ပညာရှင်ကများ ဧကရာဇ်ယွီထံမှ ဤမျှအထိ မြင့်မားသော အကဲဖြတ်မှုကို ရရှိနိုင်မည်နည်း။
“နတ်အရှင် မင်ပန်းတင် မကဘူး၊ အကြီးအကဲမင်သဲ့လည်း သေသွားပြီ။ ကျုပ်တို့ရဲ့ တောင်ပံမျိုးနွယ်စုဟာ ခုတလောမှာ မအေးချမ်းလှဘူး” ဧကရာဇ်ယွီက မကျေမနပ် ဖြစ်စွာ ပြောလိုက်သည်။
မင်ရှင်းက နောက်ဆုံးတွင် ခေါင်းမော့လိုက်ပြီး ဧကရာဇ်ယွီကို စိုက်ကြည့်လိုက်ကာ လေသံအတက်အကျမရှိဘဲ ဆိုလိုက်၏။
“မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကိုသာ ကောင်းကောင်း စောင့်ကြပ်နေစမ်းပါ”
“ကျုပ် သူ့ကို မယှဉ်နိုင်ဘူး” ဧကရာဇ်ယွီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ထူဝေ့ သေသွားပြီ” မင်ရှင်းက ပြောလိုက်၏။
ဧကရာဇ်ယွီ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ထူဝေ့အကြောင်းကို ကြားဖူး၏။ ထူဝေ့မှာ ခန်းမဆယ်ခု၏ ခန်းမသခင်များထဲမှ တစ်ဦးဖြစ်ကြောင်း သူ သိသည်။ ထူဝေ့သည် မဟာလေဟာနယ်၏ အစွမ်းထက်ဆုံး ပညာရှင်များထဲမှ တစ်ဦး ဖြစ်သည်။ တောင်ပံမျိုးနွယ်စုအနေဖြင့် နတ်အရှင်တစ်ပါးနှင့် တာအိုသူတော်စင်တစ်ပါး ဆုံးရှုံးရသည်မှာ ဝမ်းနည်းစရာဟု သူ ထင်ခဲ့သော်လည်း မဟာလေဟာနယ်က နတ်ဧကရာဇ်တစ်ပါးကိုပါ ဆုံးရှုံးလိုက်ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အမည်မသိကုန်းမြေ၏ ကောင်းကင်ယံမှာမူ တိုက်ပွဲ၏ ဒဏ်ကို မခံစားရသကဲ့သို့ ရှိနေ၏။ ၎င်းမှာ ပုံမှန်အတိုင်းပင် မှောင်မိုက်နေဆဲပင်။
“ဖြစ်နိုင်တာက... သူ နောက်တစ်ကြိမ် ထပ်သေသွားပြန်ပြီ ထင်တယ်...” မင်ရှင်းက အနည်းငယ် မရေမရာ ဖြစ်စွာ ဆိုလိုက်၏။
ဧကရာဇ်ယွီ ရယ်မောလိုက်သည်။ သူ၏ ရယ်သံမှာ သိပ်မကျယ်လှပေ။ ထို့နောက် သူက နောက်ပြောင်သလို ဆိုလိုက်၏။
“မင်း ဒီလောက်အထိ မရေမရာ ဖြစ်နေတာကို မြင်ရတာ ဒါ ပထမဆုံးပဲ။ မင်းက ပုံမှန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ယုံကြည်မှု ရှိတာ မဟုတ်လား”
မင်ရှင်းသည် အဝေးရှိ ချောက်နက်ကြီးကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
“ငါနဲ့အတူ သွားကြည့်ကြရအောင်”
ဧကရာဇ်ယွီသည် ချောက်နက်ကြီးကို မြင်သောအခါ မျက်လုံးများ တောက်ပသွားပြီး ပြုံးလျက် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ”
…
အခန်း (၁၅၄၇) ချောက်နက်ကြီးအတွင်း ကျင့်ကြံခြင်း (၁)
ဧကရာဇ်ယွီ၏ ဦးဆောင်မှုအောက်တွင် တောင်ပံမျိုးနွယ်စုမှ ပညာရှင်များသည် မင်ရှင်းနောက်သို့ လိုက်ပါကာ ချောက်နက်ကြီး၏ အထက်ပိုင်းသို့ ရောက်ရှိလာကြသည်။ မင်ရှင်းနှင့် ဧကရာဇ်ယွီတို့ထံမှ ထွက်ပေါ်နေသော ဖျော့တော့သော အလင်းတန်းများကြောင့် ချောက်နက်အထက်ရှိ ညကောင်းကင်ယံမှာ ဝင်ရိုးစွန်းအလင်းတန်းများပမာ ဝင်းလက်နေ၏။ တိုက်ပွဲအပြီးတွင် ပတ်ဝန်းကျင်၌ မည်သည့် သက်ရှိကိုမျှ မတွေ့ရတော့ပေ။
မင်ရှင်းသည် ချောက်နက်ကြီးကို အသေအချာ လေ့လာနေ၏။ ၎င်းမှာ မှောင်မိုက်နေသော်လည်း ဖျော့တော့သော အလင်းစက်လေးများကြောင့် နဂါးငွေ့တန်းနှင့် ဆင်တူနေသည်။
“မင်း ဘယ်လို ထင်လဲ ဧကရာဇ်ယွီ” မင်ရှင်းက ချောက်နက်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
ဧကရာဇ်ယွီသည် ခဏမျှ အကဲခတ်ပြီးနောက် ဆိုလိုက်၏။
“ဒါဆို မြေအောက်ထဲမှာ ဟာလာဟင်းလင်း ဖြစ်နေတာပေါ့”
မင်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ ဖျက်ဆီးခြင်းတိုင်လုံးတိုင်းရဲ့ အောက်ခြေဟာ အခေါင်းပွကြီးတွေပဲ။ အဲဒါက ကမ္ဘာမြေရဲ့ စွမ်းအားတွေကို သိုလှောင်ထားတဲ့ ဧရာမ ရေတွင်းကြီးတစ်ခုနဲ့ တူတယ်။ မဟာလေဟာနယ်မျိုးစေ့တွေဟာ အဲဒီတွင်းထဲက အာဟာရတွေကို စုပ်ယူပြီး ကြီးထွားလာကြတာ”
ဧကရာဇ်ယွီက မေးလိုက်၏။
“ဒီလိုမျိုးလည်း ရှိသေးတာလား။ ဒါဆို မဟာအသူရာမြေက တိုင်လုံးရဲ့ အောက်ခြေကလည်း အခေါင်းပွကြီးပဲပေါ့”
ဧကရာဇ်ယွီ အနည်းငယ် ထိတ်လန့်သွားသည်။ အကယ်၍ ယင်းသာ အမှန်ဖြစ်နေလျှင် မဟာအသူရာမြေသည် အလေးလံဆုံး ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေရခြင်း ဖြစ်သည်။ သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးများမှာ ပြိုလဲသွားခဲ့ပြီ ဖြစ်သလို အခြားသော တိုင်လုံးများမှာလည်း ပြဿနာများနှင့် ကြုံတွေ့နေရဆဲပင်။ အကယ်၍ ကောင်းကင်ကြီးသာ ပြိုကျလာပါက ငရဲထဲသို့ ပထမဆုံး ကျဆင်းသွားမည့်သူမှာ မဟာအသူရာမြေရှိ တောင်ပံမျိုးနွယ်စုဝင်များသာ ဖြစ်ပေလိမ့်မည်။
မင်ရှင်းက ခေါင်းညိတ်လိုက်သည်။
ဧကရာဇ်ယွီ “...”
'ငါ လှည့်စားခံလိုက်ရသလိုပဲ’
ဧကရာဇ်ယွီသည် တည်ငြိမ်နေသော မင်ရှင်းကို ကြည့်ကာ ဆိုလိုက်၏။
“အခြေအနေက ဒီလိုဆိုရင်တော့ မင်းအနေနဲ့ တောင်ပံမျိုးနွယ်စုကို ကောင်းကောင်း လျော်ကြေးပေးရလိမ့်မယ်။ မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို ကာကွယ်ဖို့အတွက် ကျုပ်တို့မျိုးနွယ်တစ်ခုလုံးရဲ့ အသက်တွေကို စတေးထားရတာလေ”
မင်ရှင်းက မည်သည့် အမူအရာမျှ မပြဘဲ ပြောလိုက်၏။
“တောင်ပံမျိုးနွယ်စုက ရသင့်တာထက်တောင် ပိုပြီး ရထားပြီးသားပါ”
မဟာအသူရာမြေသည် အမည်မသိကုန်းမြေတွင် နေရောင်ခြည် ရရှိသည့် တစ်ခုတည်းသော နေရာ ဖြစ်သည်။ တောင်ပံမျိုးနွယ်စုဝင်များသည် မဟာလေဟာနယ် စွမ်းအင်များ၏ အာဟာရကို ခံစားခွင့်ရသည့် အခွင့်ထူးခံများလည်း ဖြစ်ကြသည်။ သူတို့၏ နေထိုင်မှု ပတ်ဝန်းကျင်မှာ အဆင့်မြင့်လှပြီး ကျင့်ကြံခြင်း အရင်းအမြစ်များမှာလည်း ပေါကြွယ်ဝလှပေသည်။ အကယ်၍ အကျိုးအမြတ်သာ မရှိလျှင် မည်သူက မဟာအသူရာမြေတွင် နေထိုင်မည်နည်း။
ဧကရာဇ်ယွီသည် မင်ရှင်း၏ ကပ်စေးနှဲမှုအပေါ် ပြုံးရုံသာ ပြုံးလိုက်တော့သည်။
မင်ရှင်းသည် ချောက်နက်ကြီးအတွင်းရှိ အုတ်ခဲတစ်ခုနှင့် တူသော အရာကို လက်ညှိုးညွှန်ပြကာ မေးမြန်းလိုက်၏။
“အဲဒါ ဘာလို့ မင်း ထင်လဲ”
ဧကရာဇ်ယွီက တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“အရာဝတ္ထုလေး တစ်ခုပါပဲ။ အဲဒီထဲမှာ ကမ္ဘာမြေရဲ့ စွမ်းအားတွေနဲ့ ရောနှောနေတဲ့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ရှိနေတယ်။ ဒါပေမဲ့ အဲဒါက သာမန် အရာဝတ္ထု တစ်ခုပါပဲ”
မင်ရှင်းက ဆိုလိုက်၏။
“အဲဒါ သူ့ အရှိန်အဝါပဲ”
ဧကရာဇ်ယွီ မှင်တက်သွားရသည်။ သူသည် ထိုအရာကို သံသယဖြင့် ထပ်မံ ကြည့်လိုက်၏။ ထို့နောက် သူက ပြုံးလျက် ပြောလိုက်သည်။
“အကယ်၍ သူ အသက်ရှင်နေဦးမယ်ဆိုရင်တောင် အရင်ကလောက် မစွမ်းတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပညာရှင်ကြီးတစ်ယောက်က ဒီလို သာမန် ပစ္စည်းမျိုးကို ဘယ်လိုလုပ် သုံးပါ့မလဲ”
သူ၏ စကား ဆုံးသွားသည်နှင့် မျက်နှာတွင် ထိတ်လန့်စရာ အမူအရာတစ်ခု ပေါ်လာပြီး ဆိုလိုက်၏။
“နေပါဦး။ မင်း ပြောချင်တာက သူ အောက်ထဲမှာ ရှိနေနိုင်တယ်လို့လား”
မင်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။
ဧကရာဇ်ယွီ မျက်မှောင်ကျုံ့လိုက်ကာ လက်ဝှေ့ယမ်းလိုက်သည်။ တောင်ပံမျိုးနွယ်စုမှ ပညာရှင် နှစ်ဦး အောက်သို့ ပျံဆင်းသွားကြ၏။ ကိုက် ၂၀၀၀ ခန့်အကွာအထိ အရာအားလုံး ပုံမှန်ပင် ရှိနေသော်လည်း ထိုအကွာအဝေးကို ကျော်လွန်သွားသည်နှင့် သမုဒ္ဒရာပမာ ပြင်းထန်လှသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကြောင့် လွင့်စဉ်ထွက်လာကြတော့သည်။
ဘုန်း ဘုန်း
ထိုနှစ်ဦးမှာ ထပ်မံ၍ အနားသို့ မကပ်နိုင်တော့သဖြင့် ဧကရာဇ်ယွီထံသို့ ပြန်လာရုံသာ တတ်နိုင်တော့သည်။
“အရှင်မင်းကြီး... ချောက်နက်ထဲက စွမ်းအားက တကယ်ကို ထူးဆန်းပါတယ်။ ကျုပ်တို့ ကိုက် ၂၀၀၀ ထက် ပိုပြီး အနားမကပ်နိုင်ပါဘူး”
ဧကရာဇ်ယွီက ဆိုလိုက်၏။
“ဆက်ပြီး ရှာစမ်း”
“နားလည်ပါပြီ”
တောင်ပံမျိုးနွယ်စုမှ ပညာရှင်များသည် ဆိုးယုတ်သူတစ်ပါးကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း ကံဆိုးစွာပင် နဂါးငွေ့တန်းပမာ ဖြစ်နေသော ချောက်နက်ကြီးကိုသာ မြင်တွေ့ခဲ့ရသည်။ အဝင်ဝမှာလည်း မူလကတည်းက သိပ်မကြီးလှပေ။ နောက်ဆုံးတွင်မူ သူတို့သည် ဆိုးယုတ်သူတစ်ပါး၏ မည်သည့် အထောက်အထားကိုမျှ ရှာမတွေ့ခဲ့ပေ။
ဧကရာဇ်ယွီ သက်ပြင်းချလိုက်မိ၏။
“မင်းပြောတာ မှန်လောက်တယ်။ ဖြစ်နိုင်တာက သူ နောက်တစ်ကြိမ် ထပ်သေသွားပြန်ပြီ ထင်တယ်”
မင်ရှင်းက ပြောလိုက်သည်။
“အဲဒီတုန်းက တိုက်ပွဲမှာ မဟာလေဟာနယ်ဟာ အထွတ်အထိပ်သက်ရှိ လေးပါးရဲ့ အသက်တွေကို စတေးပြီးမှ သူ့ကို သတ်နိုင်ခဲ့တာ။ အခု သူ နောက်တစ်ခါ ပြန်ပေါ်လာတယ်ဆိုမှတော့ သူ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ထင်ရှားနေတာပဲ။ ငါ့မျက်စိနဲ့ သူ့ အလောင်းကို မြင်ရမှပဲ ငါ စိတ်အေးနိုင်မယ်”
“မင်းကို စိတ်ကျေနပ်အောင် လုပ်ရတာ တကယ် ခက်တာပဲ။ အစကတော့ သူ ထပ်သေသွားပြီလို့ ပြောပြီး အခုကျတော့ သူ အသက်ရှင်နေသေးသလိုလို ပြောပြန်ပြီ”
မင်ရှင်း တိတ်ဆိတ်နေမိသည်။ သူသည် သူ၏ အမှားများမှ သင်ခန်းစာ ယူခဲ့သည် မဟုတ်ပါလော။ နောက်ဆုံးတွင် သူကိုယ်တိုင် အောက်သို့ဆင်းကာ ရှာဖွေရန် ဆုံးဖြတ်လိုက်၏။ သူသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ကာ ကိုက် ၁၀၀၀ ခန့်အကွာသို့ ဆင်းသက်လိုက်သည်။ သူ၏ မျက်လုံးများမှာ ဝင်းလက်လာပြီး အမြင်အာရုံကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်၏။ သူသည် အလင်းစက်လေးများကိုသာ မြင်တွေ့ရပြီး အခြားဘာကိုမျှ မတွေ့ရပေ။ သူသည် ဆက်လက်၍ ဆင်းသက်ခဲ့သည်။ သူသည် တောင်ပံမျိုးနွယ်စုမှ ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် ပိုမို နီးကပ်စွာ ဆင်းသက်နိုင်ခဲ့ပေသည်။
ယခုအခါ ပိုမို နီးကပ်သွားသဖြင့် မင်ရှင်းသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို သေသေချာချာ မြင်တွေ့လိုက်ရသည်။ ခဏမျှ လေ့လာပြီးနောက် ၎င်းမှာ တကယ်ပင် သာမန် အရာဝတ္ထု တစ်ခုဖြစ်ကြောင်း သူ အတည်ပြုလိုက်၏။
မင်ရှင်း ထပ်မံ၍ ဆင်းသက်လိုက်ပြန်သည်။ ချောက်နက်အတွင်းမှ တိုးဝှေ့လာသော စွမ်းအားကြီးကို ခံစားလိုက်ရသောအခါ သူ မျက်မှောင်ကျုံ့လျက် ရပ်တန့်လိုက်၏။
“နိယာမတွေလား”
ထို့နောက် မင်ရှင်းသည် ဖြည်းဖြည်းချင်း ဆက်လက် ဆင်းသက်နေခဲ့သည်။ သူ ဆင်းသက်လေလေ ချေဖျက်ပေးသည့် စွမ်းအင်များမှာ ပိုမို အားကောင်းလာလေလေ ဖြစ်သည်ကို သူ ခံစားလိုက်ရ၏။
ဝှစ်။
ရေတွက်၍ မရနိုင်သော ကျောက်တုံးများမှာ ချောက်နက်အတွင်းသို့ ပြုတ်ကျနေကြသည်။ ထိုအခိုက်အတန့်တွင် ပြင်းထန်လှသော နိယာမ စွမ်းအားကြီးတစ်ခုမှာ အထက်သို့ တိုးဝှေ့တက်လာခဲ့သည်။ မင်ရှင်းသည် ထိုနိယာမ စွမ်းအားကို အာရုံခံမိလိုက်သောအခါ ဆက်လက် ဆင်းသက်ရန် မဖြစ်တော့ကြောင်း သူ၏ ဗီဇက အသိပေးလိုက်၏။ သူသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်တော့သည်။ ၎င်းမှာ အနန္တအထွတ်အထိပ် စိတ်ဝိညာဉ်သဏ္ဌာန်ကြီး ဖြစ်သည်။
ဝူး
မင်ရှင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ကြီးသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မဟာလေဟာနယ်ဆီသို့ ရောက်ရှိသွားကာ မြူခိုးများကို ဖောက်ထွက်လျက် သက်ရှိမှန်သမျှကို ငုံ့ကြည့်နေတော့သည်။ တောင်ပံမျိုးနွယ်စုမှ ပညာရှင်များမှာ အံ့ဩတုန်လှုပ်စွာဖြင့် မော့ကြည့်နေကြရ၏။
အနန္တအထွတ်အထိပ်စိတ်ဝိညာဉ်သဏ္ဌာန်ကြီးမှာ မြစ်ပေါင်း တစ်သောင်း ပင်လယ်သို့ ပြန်လည် စီးဝင်သကဲ့သို့ အလင်းတန်းများဖြင့် တောက်ပနေတော့သည်။ ထို့နောက် ထိုအလင်းတန်းများမှာ ကြာပွင့်ဆီသို့ စုစည်းသွားကြ၏။ ကျောဘက်တွင် ဆွဲချိတ်ထားသော ကြယ်တာရာဒိုင်ခွက်မှာလည်း ထူးခြားသော အလင်းရောင်များဖြင့် ဖုံးလွှမ်းနေတော့သည်။ ၎င်းမှာ တကယ့်ကို ခံ့ညားထည်ဝါလှပေ၏။ ဤအဆင့်သို့ ရောက်ရှိလာသောအခါ ခွန်အားကို အမြင့်ဖြင့် တိုင်းတာရန် မလိုအပ်တော့ချေ။
အနန္တအထွတ်အထိပ်စိတ်ဝိညာဉ်သဏ္ဌာန် ပိုင်ဆိုင်သူတိုင်းသည် အထွတ်အထိပ် နိယာမ စွမ်းအားများကို နားလည်သဘောပေါက်ပြီးသူများ ဖြစ်ကြသည်။ မင်ရှင်းသည် စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားကို အသုံးပြုကာ ကောင်းကင်ယံသို့ ပြန်လည် တက်လှမ်းခဲ့သည်။ ထို့နောက် စိတ်ဝိညာဉ်သဏ္ဌာန်မှာ ပိုလျှံသော စွမ်းအားများနှင့်အတူ ပျောက်ကွယ်သွားတော့၏။ မင်ရှင်းက အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။
“လူသားတွေရဲ့ ကျင့်ကြံမှုမှာလည်း အကန့်အသတ် ရှိတာပဲလေ”
ဧကရာဇ်ယွီက မေးမြန်းလိုက်၏။
“မင်း သူ့ကို မတွေ့ရဘူးဆိုတော့ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”
မင်ရှင်းသည် လက်နောက်ပစ်လျက် ရပ်နေရင်း ပြောလိုက်သည်။
“မဟာအသူရာမြေကိုသာ ကောင်းကောင်း စောင့်ရှောက်နေစမ်းပါ။ ကျန်တဲ့ကိစ္စတွေကိုတော့ မင်း စိတ်ပူနေစရာ မလိုပါဘူး”
…
အခန်း (၁၅၄၈) ချောက်နက်ကြီးအတွင်း ကျင့်ကြံခြင်း (၂)
“မင်းက ငါ့ရဲ့ စေတနာကို လုံး၀ အသိအမှတ်မပြုပါလား။ ကောင်းပြီလေ... ငါလည်း မင်းကိစ္စတွေထဲ ဝင်မပါတော့ဘူး” ဧကရာဇ်ယွီက ပြောလိုက်သည်။
သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ဒါက မဟုတ်သေးဘူး။ နတ်အရှင် မင်ပန်းက ပျောက်ခြင်းမလှ ပျောက်ဆုံးနေသလို အကြီးအကဲ မင်သဲ့ကလည်း သေဆုံးသွားပြီ။ ဒီကိစ္စကို ငါက ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ”
“မင်ပန်းက အခုထိ အသက်ရှင်နေသေးတယ်လို့ မင်း ထင်နေတုန်းလား” မင်ရှင်းက နှာခေါင်းရှုံ့လျက် ဆို၏။
ဧကရာဇ်ယွီမှာ ဆွံ့အသွားတော့သည်။ မှန်ပေသည်။ တစ်ဦးက နတ်အရှင်ဖြစ်ပြီး ကျန်တစ်ဦးက တာအိုသူတော်စင်မျှသာ ဖြစ်ရာ ဆိုးယုတ်သူတစ်ပါးအား မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။ သူတို့မှာ တိုက်ခိုက်ရန် အဆင့်အတန်းပင် မမီခဲ့ကြပါချေ။ နောက်ဆုံးတွင် သူက သက်ပြင်းချလျက် ပြောလိုက်သည်။
“မင်းတို့အားလုံး သူ့အကြောင်း ပြောနေကြတာကို ငါ ကြားခဲ့ရတယ်။ ငါလည်း တကယ်ပဲ သူနဲ့ တစ်ပွဲလောက် လက်ရည်ယှဉ်ကြည့်ချင်မိသား”
မင်ရှင်းက ဧကရာဇ်ယွီအား တစ်ချက် ကြည့်လိုက်ပြီး အတော်ကြာမှ ဆို၏။ “မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”
“မဟုတ်ဘူး... မင်းက ငါ့ကို အထင်သေးလွန်းနေတာပါ” ဧကရာဇ်ယွီက ပြန်လည်ချေပလိုက်သည်။
မင်ရှင်းကတော့ တိတ်ဆိတ်နေဆဲပင်။ ဧကရာဇ်ယွီက လေသံအေးအေးဖြင့် အမိန့်ပေးလိုက်၏။
“မဟာအသူရာမြေကို ပြန်ကြမယ်”
ထို့နောက် သူသည် သူ၏လက်ဖြင့် ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်ရာ ဧရာမ အလင်းဝိုင်းကြီးတစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။ တောင်ပံမျိုးနွယ်စုမှ ပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် သင်္ကေတလမ်းကြောင်းအတွင်းသို့ ပျံဝင်သွားကြပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြတော့သတည်း။
မင်ရှင်းသည်လည်း ထိုနေရာ၌ ဆက်မနေတော့ဘဲ ပြိုလဲသွားသော သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံး အပျက်အစီးများရှိရာသို့ ပျံသန်းသွားသည်။ သူသည် အပျက်အစီးပုံကြီးကို ကြည့်ရင်း တွမ့်မူထျန်း အကြောင်းကို တွေးတောကာ ရေရွတ်လိုက်၏။
“ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အောက်မှာ မြှုပ်နှံခံလိုက်ရတာလား။ ဒါက မင်းနဲ့ တကယ့်ကို ထိုက်တန်တဲ့ နေရာပဲ”
ဝူး
မင်ရှင်းသည် ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားတော့သည်။ ခေတ္တမျှကြာပြီးနောက် မင်ရှင်းသည် အထွတ်အမြတ်ခန်းမသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူသည် ရှေ့သို့ မျက်နှာသေဖြင့် ကြည့်လျက် မိန့်ကြားလိုက်သည်။
“ခန်းမဆယ်ခုကို အမိန့်ပေးလိုက်စမ်း... ဖျက်ဆီးခြင်းတိုင်လုံးတွေဆီမှာ ကင်းလှည့်တာတွေကို တိုးမြှင့်လိုက်။ တာအိုသူတော်စင် ၁၂ ပါးကလည်း တစ်လှည့်စီ ကင်းလှည့်ကြရမယ်”
“နားလည်ပါပြီ” တစ်စုံတစ်ယောက်က ပြန်လည်ဖြေကြားလိုက်၏။
ခဏအကြာတွင် ပုံရိပ်တစ်ခု လေထဲ၌ ပေါ်ထွက်လာပြီး ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ဝမ်ရူချင်းက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
မင်ရှင်းက ပြောလိုက်ည်။ “သူ ပြန်လာပြီ”
ဝမ်ရူချင်း၏ ဖောက်ထွင်းမြင်ရသော ပုံရိပ်မှာ ထိုစကားကြောင့် ချက်ချင်းပင် အသွင်အပြင် ထင်ရှားလာပြီး မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်ပေါက်လာတော့သည်။
“မင်းတို့ လေးယောက်လုံး ဒီကိစ္စကို တိတ်တဆိတ် စုံစမ်းကြစမ်း” မင်ရှင်းက အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ” ဝမ်ရူချင်းက ဆိုသည်။
“မဟာလေဟာနယ်အတွက် စေ့စပ်သေချာပြီး အားကိုးရတဲ့ အစီအစဉ်တစ်ခုကိုလည်း ကျုပ်တို့ ရေးဆွဲထားပြီးပါပြီ။ ကျန်တဲ့ ဖျက်ဆီးခြင်းတိုင်လုံးတွေကို ဘာမှမဖြစ်စေရဘူးလို့ ကျုပ်တို့ အာမခံပါတယ်”
…
တစ်ချိန်တည်းတွင် နှစ်မြွှာကြာနယ်မြေ၊ အနောက်မြို့တော်၏ မြောက်ဘက်တွင် ဖြစ်သည်။
မင်ရှစ်ရင်၊ ချုံးချီနှင့် ချင်းယွမ်တို့မှာ လုကျိုး ပြန်အလာကို စောင့်ဆိုင်းနေကြသည်မှာ အတော်ကြာလှပြီ ဖြစ်သည်။ မင်ရှစ်ရင်က တိုက်တွန်းလိုက်၏။
“ဒူးထောက်မနေပါနဲ့တော့ဗျာ။ ကျုပ်ရှစ်စွင်းက ဒီလောက်အမြန် ပြန်လာမှာ မဟုတ်ဘူး ထင်တယ်”
ချင်းယွမ်က ယုံကြည်ချက်ရှိရှိ ဆို၏။
“ဆိုးယုတ်သူတစ်ပါးက သေချာပေါက် ပြန်လာမှာပါ”
“ထားလိုက်ပါတော့ဗျာ။ ဆိုးယုတ်သူတစ်ပါး… ဘာ ဆိုးယုတ်သူတစ်ပါးလဲ” မင်ရှစ်ရင်က မေးလိုက်သည်။
ချင်းယွမ်က ရှင်းပြနေရန် စိတ်မကူးဘဲ ပြောလိုက်၏။ “ကျုပ်ကတော့ ဆိုးယုတ်သူတစ်ပါးကို ဒီမှာပဲ စောင့်နေမယ်”
မင်ရှစ်ရင် “...”
'ရှစ်စွင်း... ရှစ်စွင်းက ဒီလောက်အထိ အရူးအမူးဖြစ်နေတဲ့ အမာခံပရိသတ်တစ်ယောက်ကို ဘယ်ကနေများ ရှာလာတာလဲ'
“ခင်ဗျား ဒဏ်ရာတွေ အပြင်းအထန် ရထားတာလေ။ အရင်ဆုံး ဒဏ်ရာကို ကုသတာ အကောင်းဆုံးပါ။ အကယ်၍ ခင်ဗျားက ဒီမှာ ဒူးထောက်နေရင်း သေသွားရင် ကျုပ်ရှစ်စွင်းကို ထပ်မြင်ရတော့မှာ မဟုတ်ဘူးနော်” မင်ရှစ်ရင်က ပြောလိုက်သည်။
ချင်းယွမ် မှင်တက်သွား၏။ သူမ တကယ် မသေချင်သေးပေ။
မင်ရှစ်ရင်က ဆက်ပြောလိုက်သည်။
“အဲဒီ ဧကရာဇ် ထူဝေ့ကလည်း မရိုးရှင်းဘူး။ ရှစ်စွင်း ပြန်လာဖို့က အချိန်တစ်ခုတော့ လိုဦးမှာပဲ။ ကျုပ် အမြင်အရဆိုရင် သင်းပျံ့တောင်ကြားကို အရင်ပြန်တာ အကောင်းဆုံးပဲ ထင်တယ်”
ချင်းယွမ်က ပြောလိုက်သည်။ “ဒါပေမဲ့...”
မင်ရှစ်ရင်က ကြားဖြတ်ပြောလိုက်၏။ “ဒါပေမဲ့တွေ မလုပ်ပါနဲ့တော့... ခင်ဗျားကလည်း... ဘာလို့ ပိုပြီး ကျိုးကြောင်းဆင်ခြင်ဉာဏ် မရှိရတာလဲ” မင်ရှစ်ရင်က စိတ်ပျက်ဟန်ဖြင့် ပြောလိုက်၏။
ချင်းယွမ် သက်ပြင်းချလိုက်မိသည်။ “ဖြစ်နိုင်တာက ခင်ဗျား ပြောတာ မှန်ပါလိမ့်မယ်။ ကျုပ်တို့ ဒီမှာ ဆက်နေရင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာပေါ့”
“မှန်တာပေါ့” မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လုကျိုး၏ လက်ဝါးစည်းတံဆိပ်ဖြင့် ပိတ်လှောင်ခံထားရသော ကျန့်ဝမ်ရွှီကို လက်ညှိုးထိုးန်ပြကာ ပြောလိုက်၏။
“မထွက်ခွာခင် သူ့ကို အရင် သတ်ပစ်လိုက်ကြရအောင်”
ချင်းယွမ်က ဆို၏။ “သူ့ရဲ့ ကျင့်ကြံမှုတွေက ပျက်စီးသွားပြီဆိုတော့ သူ့ကို သတ်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ဆိုးယုတ်သူတစ်ပါး ချန်ထားခဲ့တဲ့ လက်ဝါးစည်းတံဆိပ်ကတော့ ကိုင်တွယ်ရ ခက်လိမ့်မယ်။ ကျုပ် အဲဒါကို ဖျက်နိုင်မှာ မဟုတ်ဘူး ထင်တယ်”
မင်ရှစ်ရင်က ချင်းယွမ်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
“ကျုပ် အရင် သတိပေးထားမယ်နော်။ သင်းပျံ့တောင်ကြားကို ပြန်ရောက်ရင် ကျုပ်ရှစ်စွင်းကို ဆိုးယုတ်သူတစ်ပါးလို့ မခေါ်ပါနဲ့။ ဒီကိစ္စကို လျှို့ဝှက်ထားရမယ်”
ယနေ့တွင် ထူဝေ့ တစ်ယောက်တည်း ရှိနေတာ ဖြစ်သည်။ မဟာလေဟာနယ်မှာ ပညာရှင်တွေ အများကြီး ရှိနေသေးသည် မဟုတ်ပါလော။ အကယ်၍ သူတို့သာ သူ့ဆရာ၏ အထောက်အထားနှင့် မဟာလေဟာနယ်မျိုးစေ့တွေအကြောင်း သိသွားပါက ဒုက္ခရောက်ကုန်ပေလိမ့်မည်။
ချင်းယွမ်က ပြောလိုက်သည်။
“နားလည်ပါပြီ”
မင်ရှစ်ရင်သည် လုကျိုး ချန်ထားခဲ့သော လက်ဝါးစည်းတံဆိပ်ဆီသို့ လျှောက်သွားပြီး၊ အစောပိုင်းက တိုက်ခိုက်မှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေသည့် ကျန့်ဝမ်ရွှီကို ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျားက တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ရွှေကြာနယ်မြေမှာတုန်းကတော့ စိတ်တိုင်းကျ လုပ်ခဲ့တာပေါ့။ ကံဆိုးတာက ခင်ဗျားရဲ့ ကံကြမ္မာက တကယ်ကို ခက်ခဲလွန်းတယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် နောက်ဆုံးတော့ ရှစ်စွင်းရဲ့ လက်ထဲမှာပဲ ရှုံးနိမ့်ရတာပဲ မဟုတ်လား”
ကျန့်ဝမ်ရွှီမှာ ယခုအခါ ကျင့်ကြံမှုများ ပျက်စီးသွားသဖြင့် မျှော်လင့်ချက် အားလုံး ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။ သူ၏ ပါးစပ်မှာ ခြောက်ကပ်နေပြီး မျက်နှာတွင်လည်း မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေ၏။ ဤခံစားချက်မှာ သေရသည်ထက်ပင် ပို၍ ဆိုးရွားလှပေသည်။ သူက မကျေမနပ်ဖြင့် ပြောလိုက်၏။
“မဟာလေဟာနယ်က သူ့ကို တစ်ကြိမ် သတ်နိုင်ခဲ့ရင် နောက်ထပ် တစ်ကြိမ်လည်း ထပ်သတ်နိုင်တာပဲ”
“ဟက်... ခင်ဗျားက ကျုပ်ရှစ်စွင်းအကြောင်းကို ပြောရဲသေးတယ်ပေါ့။ ကျုပ် ခင်ဗျားကို ရိုက်ပစ်မယ်”
မင်ရှစ်ရင်က အနားသို့ တဟုန်ထိုး ပြေးသွားတော့သည်။
ချင်းယွမ်က လှမ်းအော်လိုက်၏။
“မလုပ်နဲ့ အဲဒီ လက်ဝါးစည်းတံဆိပ်က အန္တရာယ်ရှိတယ်”
သို့သော်လည်း မင်ရှစ်ရင်သည် လက်ဝါးစည်းတံဆိပ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်သွားနိုင်ပြီး ဘာမှမဖြစ်ဘဲ ဘေးကင်းနေခဲ့သည်။ ထို့နောက် သူက ကျန့်ဝမ်ရွှီ၏ ရင်ဘတ်ကို တစ်ချက် ကန်လိုက်တော့သည်။ ကျန့်ဝမ်ရွှီမှာ သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။
ချင်းယွမ် “…”
မင်ရှစ်ရင်သည် ကျန့်ဝမ်ရွှီကို နင်းခြေထားလိုက်သည်။ ကျန့်ဝမ်ရွှီက မင်ရှစ်ရင်ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်သည်။
“မင်းက ဆိုးယုတ်သူတစ်ပါးရဲ့ ဟင်းလင်းပြင်ကန့်သတ်ချက်ကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်ရတာလဲ”
“ပေါက်ကရတွေ” မင်ရှစ်ရင်နောက်တစ်ချက် ထပ်နင်းလိုက်ပြန်သည်။ ကျန့်ဝမ်ရွှီမှာ နောက်ထပ် သွေးတစ်လုတ် ထပ်အန်လိုက်ရ၏။ ထို့နောက် သူက ပြောလိုက်သည်။ “ငါ့ကို မြန်မြန် သတ်လိုက်စမ်းပါ”
မင်ရှစ်ရင်က သူ့ကို လျစ်လျူရှုထားလိုက်၏။ ကျန့်ဝမ်ရွှီက ရယ်မောလျက် ဆိုသည်။
“ငါ ဘယ်နှစ်ကြိမ်ပဲ ရှုံးရှုံး၊ နောက်တစ်ခါ ပြန်ရွေးချယ်ခွင့် ရရင်လည်း ငါ ဒီလိုပဲ ထပ်လုပ်မှာပဲ။ ဒါပေမဲ့ သူကတော့ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး”
ဘုန်း
မင်ရှစ်ရင်သည် တတိယအကြိမ်မြောက် ထပ်မံ နင်းခြေလိုက်ပြန်သည်။ ကျန့်ဝမ်ရွှီမှာ ထပ်မံ အောင့်မထားနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။
မင်ရှစ်ရင်က ဆို၏။
“ခင်ဗျားက ဘယ်က ယုံကြည်ချက်တွေနဲ့ ဒီလောက်အထိ ပြောနေတာလဲ မသိဘူး။ ရှစ်စွင်းက ဧကရာဇ် ထူဝေ့ကိုတောင် အလွယ်တကူ နှိမ်နင်းနိုင်ခဲ့တာပဲ။ မဟာလေဟာနယ်မှာ ဘယ်သူကများ ရှစ်စွင်းကို ယှဉ်နိုင်ဦးမှာမို့လို့လဲ”
“အသိဉာဏ်မဲ့လိုက်တာ” ကျန့်ဝမ်ရွှီက လှောင်ပြောင်သလို ပြောလိုက်၏။
“ခင်ဗျားကသာ တကယ့် အသိဉာဏ်မဲ့တဲ့သူပါ” မင်ရှစ်ရင်က ဆိုကာ ကျန့်ဝမ်ရွှီ၏ အင်္ကျီကော်လံကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းကို စော်ကားမိတဲ့ အကျိုးဆက်ကို မြင်တွေ့နိုင်ဖို့ ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးထားဖို့ ရှစ်စွင်းက အမိန့်ပေးခဲ့တာ”
ထို့နောက် မင်ရှစ်ရင်သည် ကျန့်ဝမ်ရွှီကို မကာ လက်ဝါးစည်းတံဆိပ်ဖြင့် ပိတ်လှောင်ထားသည့် နေရာမှ ထွက်ခွာလာခဲ့သည်။ သူ ထွက်လာသည်နှင့် ထိုလက်ဝါးစည်းတံဆိပ်မှာလည်း ထူးဆန်းစွာပင် ပျောက်ကွယ်သွားတော့၏။ သူသည် ထိုလှုပ်ရှားမှုကို အာရုံခံမိသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိသည်။
'ရှစ်စွင်း... ရှစ်စွင်း ဘာမှမဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်'
ထို့နောက်တွင် မင်ရှစ်ရင်သည် ကျန့်ဝမ်ရွှီကို ခေါ်ဆောင်ကာ ချုံးချီကို စီးနင်းလျက် သင်းပျံ့တောင်ကြားရှိရာဘက်သို့ ပျံသန်းသွားတော့သည်။ ချင်းယွမ်မှာ ဒဏ်ရာရထားသော်လည်း ပျံသန်းရန်အတွက်မူ ပြဿနာ မရှိပါချေ။ သူမသည် မင်ရှစ်ရင်တို့နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။ မင်ရှစ်ရင်က ထပ်မံ သတိပေးလိုက်၏။
“ဆိုးယုတ်သူတစ်ပါး အကြောင်းကို ဘာမှ ထုတ်မပြောမိစေနဲ့နော်။ ခင်ဗျားကတော့ ပုံပြင်တွေ လုပ်ကြံရတာ တကယ် တော်တာပဲ။ ကျုပ်ရှစ်စွင်းက ဘယ်လိုလုပ် ဆိုးယုတ်သူတစ်ပါး ဖြစ်ရမှာလဲ။ ခင်ဗျားက သူ့ကို မိစ္ဆာလို့ ပြောချင်နေတာလား”
ချင်းယွမ်က မင်ရှစ်ရင်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် သူမ၏နဖူးကို ရိုက်ပြလျက် ဟန်ဆောင်ကာ ပြောလိုက်၏။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ကျုပ်ပဲ လုပ်ကြံပြောမိတာပါ။ မျှော်နန်းသခင်လုက ဘယ်လိုလုပ် ဆိုးယုတ်သူတစ်ပါး ဖြစ်နိုင်ပါ့မလဲ”
ချင်းယွမ်စိတ်ထဲမှ တွေးလိုက်သည်။ 'သူက ဆိုးယုတ်သူတစ်ပါး ဆိုတာ သေချာပါတယ်။ မင်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျုပ်ကတော့ ဂရုမစိုက်ဘူး'
ချောက်နက်ကြီးအတွင်းတွင်ဖြစ်သည်။
လုကျိုးသည် ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်လိုက်၏။ သူသည် ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို အာရုံခံလိုက်သည်။ ဤနေရာရှိ ကျင့်ကြံခြင်းအရှိန်မှာ အမည်မသိကုန်းမြေထက် ပိုမိုမြန်ဆန်လှသလို သဘာဝကျစွာပင် ပိုမို သက်သောင့်သက်သာ ရှိနေသည်ကို သူ ခံစားလိုက်ရ၏။
သူသည် သူ၏ကြာပွင့်ကို ထုတ်ဖော်ကာ သူ၏ မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။ ထို့နောက် ၂၆ ခုမြောက် မွေးဖွားဇယားချပ်ကို စတင်လှုံ့ဆော်ရန် ပြင်ဆင်လိုက်၏။ သူသည် ဟင်းလင်းပြင်အိတ်အတွင်းမှ ချင်းယွမ်၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူလိုက်သည်။
လုကျိုးသည် ချင်းယွမ်၏ အသက်ဓာတ်နှလုံးသားကို မြင်သောအခါ အနည်းငယ် အားနာမိသွားသည်။ စောစောက သူမကို ပြန်ပေးရန် သူ မေ့နေခဲ့သည် မဟုတ်ပါလော။ အစောပိုင်းက ချင်းယွမ်မှာ နတ်အရှင် မင်ပန်း၏ အရိုက်အနှက်ကို ခံခဲ့ရသည်မှာ မဆန်းတော့ပေ။ အဆင့်အတန်း ကွာခြားနေစေကာမူ သူတို့နှစ်ဦးစလုံးမှာ အထွတ်အထိပ်သက်ရှိများ ဖြစ်ကြရာ ကွာဟချက်မှာ ထိုမျှအထိ မကြီးမားသင့်ချေ။
ထို့နောက်တွင် လုကျိုးသည် စနစ်စာမျက်နှာကို ကြည့်လိုက်၏။
အမည်= လုကျိုး
လူမျိုး= လူသား
ကုသိုလ်မှတ်= ၄,၅၀၉,၆၈၀
လက်ကျန်သက်တမ်း= ၄၂,၈၀၉,၇၃၉ ရက် (၁၁၇,၂၈၇ နှစ်)
အသုံးပစ္စည်းများ: ရွှေရောင်ထိုက်ရွှီကြေးမုံ
စီးတော်သားရဲများ= နတ်ခြင်္သေ့၊ ပိအန်း၊ ကျီလျန်၊ ချုံးချီ ၊ ထန်ခမ်း၊ တိကျန်း၊ ယင်ကျောက်၊ လုဝူ၊ မီးဇာမဏီ
လက်နက်များ= အမည်မဲ့၊ ခရမ်းရောင်တောက်ပသံကျောက် (အဆုံးမဲ့အဆင့်)၊ မတည်မြဲခြင်းတိုင်လုံး (အဆုံးမဲ့အဆင့်)
“၄.၅ သန်းလား”
လုကျိုး အနည်းငယ် အံ့အားသင့်သွားရသည်။ ဤမျှအထိ ကုသိုလ်မှတ်တွေ အများကြီး ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤကုသိုလ်မှတ်များကို မည်သို့ အသုံးချရမည်ကို သူ စဉ်းစားရမည်။ သူ ကံစမ်းမဲများကို ထပ်မံ မနှိုက်ချင်တော့ပေ။ ယခင် အတွေ့အကြုံများအရ ဘာမှ မရတာ ဖြစ်နိုင်သည်။ ပစ္စည်းများကို တိုက်ရိုက် ဝယ်ယူခြင်းက ပို၍ ကောင်းပေလိမ့်မည်။ သို့သော်လည်း စနစ်ဈေးဆိုင်အတွင်း၌ ကောင်းမွန်သော ပစ္စည်းများ သိပ်မရှိလှပေ။
လုကျိုးသည် အဆင့်မြှင့်တင်ရေးကတ် အကြောင်းကို တွေးတောလိုက်၏။ ၎င်းကို မည်သည့်အချိန်တွင် သုံးရမည်ကို သူ တကယ် မသိသေးပေ။ အနှစ် ၁၀၀ ဆိုသည်မှာ အလွန်ပင် ရှည်လျားလွန်းလှသည် မဟုတ်ပါလော။
လုကျိုး ခေါင်းခါလိုက်ပြီး အဆင့်မြှင့်တင်ရေးကတ်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။ သူ စိတ်ထဲမှ တွေးလိုက်မိသည်။
'ချောက်နက်ထဲကနေ ထွက်သွားပြီးမှ အခွင့်အရေးကောင်းတဲ့ နေရာတစ်ခု ရှာပြီးတော့ ဒါကို သုံးရမယ်'
ထို့နောက် သူသည် ၂၆ ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန်အတွက် ချင်းယွမ်၏ နှလုံးသားကို သူ၏ မွေးဖွားနန်းဆောင်ပေါ်သို့ တင်လိုက်တော့သည်။
…