← Chapters

အခန်း (၁၅၄၉-၁၅၅၁)

Vol. 104 Ch. 1549-1551

အခန်း (၁၅၄၉-၁၅၅၁)

Vol. 104 Ch. 1549-1551

အခန်း (၁၅၄၉) ရှစ်စွင်းကို ရှာဖွေခြင်း

လုကျိုးသည် ချင်းယွမ်၏ အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်ပေါ်တွင် တင်လိုက်ပြီးနောက် ဖြစ်စဉ်မှာ ပုံမှန်ထက်ပင် ထူးကဲစွာ ချောမွေ့နေခဲ့သည်။ ကြာပွင့်ထက်တွင် ကြယ်တာရာ အလင်းစက်များ ဝင်းလက်လာတော့သည်။

“ဟင်”

ချောက်နက်ကြီးအတွင်းရှိ စွမ်းအားများသည် စုပ်ယူခြင်းခံလိုက်ရပြီး မွေးဖွားဇယားချပ် အသက်သွင်းမှုဖြစ်စဉ်ကို အထောက်အကူ ပေးနေခြင်းပင် ဖြစ်သည်။

“ဒီဘေးဒုက္ခကနေ အကျိုးအမြတ် ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ဤနေရာရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များသည် အမှန်တကယ်ပင် ကျင့်ကြံခြင်းကို အထောက်အကူ ပြုနိုင်ပေသည်။ လုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးတောမိသွား၏။ လူသားများသည် သေဆုံးသွားသောအခါ မြေကြီးသို့ ပြန်သွားကြသည်။ သူတို့ အသက်ရှင်နေစဉ်တွင် ကမ္ဘာမြေမှ အာဟာရများကို စုပ်ယူပြီး ကြီးထွားသန်မာလာကြသည်။ ကျင့်ကြံသူများသည် သဘာဝတရားထံမှ အသက်ဓာတ်စွမ်းအင်များကို စုပ်ယူကာ ကောင်းကင်ဘုံကို အန်တုပြီး သူတို့၏ ကံကြမ္မာကို ပြောင်းလဲကြသည်။ သေဆုံးပြီးနောက်တွင်မူ အရာအားလုံးမှာ မြေကြီးသို့ ပြန်လည်ရောက်ရှိသွားလောက်ပေသည်။ ဤသည်မှာလည်း စွမ်းအင်တည်မြဲခြင်း နိယာမနှင့် ကိုက်ညီနေပေသည်။

“ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အောက်ခြေမှာ ဒီလို ရတနာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

လုကျိုးသည် ချောက်နက်အတွင်းရှိ စွမ်းအင်များ သူ၏ မွေးဖွားနန်းဆောင်အတွင်းသို့ ဖြည်းညင်းစွာ စီးဝင်နေသည်ကို အာရုံခံနိုင်ပေသည်။ အရှိန်မှာ မမြန်လှသော်လည်း ဘာမှမရှိသည်နှင့်စာလျှင် ပို၍ ကောင်းမွန်လှပေသည်။

ချင်းယွမ်၏ နှလုံးသားက မွေးဖွားနန်းဆောင်ပေါ်ရှိ နယ်ပယ်ကို မှတ်သားပေးပြီးနောက် လုကျိုးသည် ၎င်းကို ပြန်လည်ထုတ်ယူလိုက်သည်။ ချင်းယွမ်သည် နတ်အရှင် မင်ပန်းနှင့် ရင်ဆိုင်ရစဉ်က အကြီးအကျယ် ရှုံးနိမ့်ခဲ့ရခြင်းမှာ သူမတွင် အသက်ဓာတ်နှလုံးသား မရှိခြင်းကြောင့်လည်း အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပေလိမ့်မည်။ ကံဆိုးစွာပင် လုကျိုးအနေဖြင့် ယခုအခိုက်အတန့်တွင် ၎င်းကို ချင်းယွမ်ထံ ပြန်ပေးရန် မဖြစ်နိုင်သေးချေ။

ဤသို့ဖြင့် ၂၆ ခုမြောက် မွေးဖွားဇယားချပ် အသက်သွင်းမှု၏ ဒုတိယအဆင့် စတင်လေတော့သည်။ နောက်ပိုင်းကာလများတွင် လုကျိုးသည် ချောက်နက်အတွင်း၌ ရှိနေစဉ် ကျင့်ကြံခြင်းအပြင် ကံစမ်းမဲများကိုလည်း စမ်းသပ်နှိုက်ကြည့်ကာ ချောက်နက်မှ ထွက်ခွာနိုင်မည့် နည်းလမ်းများကို ရှာဖွေနေခဲ့သည်။ သူ၏ ကျင့်ကြံမှု တိုးတက်လာတိုင်း သူသည် အထက်သို့ ပျံတက်ရန် ကြိုးစားသော်လည်း အမြဲတမ်းပင် ကျရှုံးကာ ပြန်လည် ပြုတ်ကျရမြဲ ဖြစ်သည်။

မင်ရှစ်ရင်သည် ကျန့်ဝမ်ရွှီကို သင်းပျံ့တောင်ကြားသို့ ပြန်လည်ခေါ်ဆောင်လာသောအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းမှာ မင်ရှစ်ရင် တစ်ယောက်တည်းကိုသာ မြင်တွေ့ရသဖြင့် ထူးဆန်းနေကြသည်။ ထို့နောက် အရိုက်အနှက် ခံထားရသော ကျန့်ဝမ်ရွှီနှင့် ဒဏ်ရာရနေသော ချင်းယွမ်တို့ကို မြင်လိုက်ရသောအခါမှ တစ်ခုခု မှားယွင်းနေပြီမှန်း သူတို့ နားလည်လိုက်ကြတော့သည်။

ချန်ဖုကလည်း စိုးရိမ်တကြီးဖြင့် မျက်မှောင်ကျုံ့ကာ မေးမြန်းလိုက်၏။

“မင်းတို့ ရှစ်စွင်းကော ပြန်မလာဘူးလား”

“ရှစ်စွင်းက နည်းနည်း နောက်ကျနေတာ ဖြစ်ပါလိမ့်မယ်...” မင်ရှစ်ရင်က ဖြေလိုက်သည်။ လူတိုင်းက ခေါင်းညိတ်ပြလိုက်ကြ၏။

“ဒါ ဘယ်သူလဲ” ရှောင်ယွမ်အာက မြေပြင်ပေါ်၌ လဲနေသော ကျန့်ဝမ်ရွှီကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

“ရွှေကြာနယ်မြေရဲ့ မင်းဆရာ ကျန့်ဝမ်ရွှီလေ” မင်ရှစ်ရင်က ပြန်ဖြေလိုက်၏။

“သူလား။ သူက သေသွားပြီ မဟုတ်ဘူးလား” ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ထို့နောက် သူမက ကျန့်ဝမ်ရွှီ၏ အနာကို ဆားနှင့် ပက်သလိုမျိုး ဆက်ပြောလိုက်၏။

“ရှစ်စွင်းရဲ့ အရိုက်အနှက်ကို ခံရပြီးတော့ သူ တကယ့်ကို သနားစရာကောင်းတဲ့ အသေဆိုးနဲ့ သေသွားခဲ့တာလို့ ကျွန်မ မှတ်မိနေတယ်”

ကျန့်ဝမ်ရွှီ “...”

ကျန့်ဝမ်ရွှီ၏ ကျင့်ကြံမှုမှာ ပျက်စီးသွားပြီ ဖြစ်သည်။ သူသည် အသည်းထိအောင် နာကျင်ရလောက်အောင် ဒေါသထွက်နေသော်လည်း ပြန်လည် ချေပရန် အင်အား မရှိတော့ချေ။

“အဲဒါက သူ့ကိုယ်ပွားပဲလေ”

“ကိုယ်ပွား ဟုတ်လား”

ချန်ဖုက ရှင်းပြလိုက်၏။

“ဒါက စွမ်းရည်တစ်ခုပဲ။ သန့်စင်တဲ့အမွေအနှစ်ပစ္စည်း တစ်ခုကို သုံးပြီးတော့ ကိုယ်ပိုင်အသိစိတ်ပါဝင်တဲ့ ကိုယ်ပွားတစ်ခုကို ဖော်ဆောင်နိုင်တာ။ ကျင့်ကြံမှု မြင့်မားလေလေ ကိုယ်ပွားအပေါ်မှာ ထိန်းချုပ်နိုင်စွမ်း ပိုအားကောင်းလေလေပဲ။ မဟာတာအိုကို နားလည်သဘောပေါက်တဲ့ ကျင့်ကြံသူတွေဟာ ဒီစွမ်းရည်ကို ပိုင်ဆိုင်ကြတယ်”

မင်ရှစ်ရင် ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် တာအိုသူတော်စင် ဖြစ်လာရင်လည်း တစ်ခုလောက် ဖန်တီးအုံးမယ်။ တစ်နေရာရာမှာတော့ ဘုရင်တစ်ဆူလို နေလို့ရတာပေါ့”

ကျူးဟုန်ကုန်းက ရယ်မောလျက် ပြောလိုက်သည်။ “စစ်ရှစ်ရှိုးရဲ့ အတွေးက ကျွန်တော့်အတွေးနဲ့ အတူတူပဲဗျ”

“ဖယ်စမ်းပါ။ မင်းကတော့ တကယ့် အလကားလူပဲ” မင်ရှစ်ရင်က ဖြေလိုက်သည်။

ထိုအချိန်တွင် ချန်ဖုက မေးလိုက်၏။ “ဘာတွေ ဖြစ်ခဲ့တာလဲ။ ချင်းယွမ်က ဘာလို့ ဒဏ်ရာရနေတာလဲ”

“လမ်းမှာ ပြဿနာတချို့နဲ့ တိုးလို့ပါ” မင်ရှစ်ရင်က ဆိုသည်။

ယွီကျန့်ဟိုင်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ “လောင်စစ်... အမှန်အတိုင်း ပြောစမ်း။ ငါတို့အားလုံးက တစ်ဖွဲ့တည်းတွေပဲ။ ဘာမှ ဖုံးကွယ်မထားနဲ့”

မင်ရှစ်ရင်က အလျင်အမြန် ပြောလိုက်၏။ “ကျွန်တော် ဘာမှ ဖုံးမထားပါဘူး။ မယုံရင် ချင်းယွမ်ကို မေးကြည့်ပါလား”

ချင်းယွမ်သည် သူတို့ ဘာတွေးနေသည်ကို ရိပ်မိသဖြင့် ဖြေလိုက်သည်။

“ကျုပ်တို့ ပြဿနာအချို့နဲ့ တိုးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်ပဲ ဖြေရှင်းလိုက်လို့ ဒဏ်ရာနည်းနည်း ရသွားတာပါ”

ကျန့်ဝမ်ရွှီသည် နာကျင်မှုကို အောင့်အည်းကာ ရယ်မောလျက် ပြောလိုက်၏။

“နတ်ဧကရာဇ်နဲ့ တိုက်ခိုက်နေရတာ... သူ... သူလဲ အဆင်ပြေမှာ မဟုတ်ဘူး”

လူတိုင်း မှင်တက်သွားကြသည်။ မင်ရှစ်ရင် နောက်သို့ လှည့်ကာ ကျန့်ဝမ်ရွှီ၏ ရင်ဘတ်ကို ထပ်မံ နင်းခြေလိုက်ပြန်သည်။

ဘုန်း

ကျန့်ဝမ်ရွှီက မေ့လဲသွားတော့သည်။

'ငါ သူ့အကြောင်းကို မေ့နေတာပဲ။ သူ့ကို သတ်ပစ်ဖို့ အခွင့်အရေး ရှာရမယ်' မင်ရှစ်ရင် စိတ်ထဲမှ တွေးလိုက်မိ၏။

မင်ရှစ်ရင်သည် ကျန့်ဝမ်ရွှီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ရှစ်စွင်း ပြန်လာရင် ခင်ဗျားတို့ သိရမှာပါ”

လူများလွန်းသဖြင့် အခြေအနေမှာ ရှုပ်ထွေးနေ၏။ မင်ရှစ်ရင်သည် သူ၏ ဆရာတူ ညီအစ်ကို မောင်နှမများကို ဖုံးကွယ်ထားချင်၍ မဟုတ်ပေ။ ဆောင်းဦးနှင်းစက်တောင်မှ တပည့်များလည်း ရှိနေသေးသည် မဟုတ်ပါလော။ ဆိုးယုတ်သူတစ်ပါး အကြောင်းကို လူနည်းနည်းပဲ သိတာ ပိုကောင်းပေလိမ့်မည်။ ထို့အပြင် ရှစ်စွင်း ပြန်လာသည်နှင့် အရာအားလုံး အဆင်ပြေသွားမည်သာ ဖြစ်သည်။

ချန်ဖုက ပြောလိုက်၏။ “အရာအားလုံး အဆင်ပြေနေမှတော့ ဆက်ပြီး ကျင့်ကြံကြတာပေါ့”

အားလုံး ဦးညွှတ်ထွက်ခွာသွားကြသည်။ မင်ရှစ်ရင်သည် စွန့်ပစ်ထားသော အခန်းတစ်ခုအတွင်း ကျန့်ဝမ်ရွှီကို ချည်နှောင်ထားလိုက်ပြီး သူ၏ ထူးကဲချီသွေးကြောများကို ပိတ်ဆို့လိုက်၏။ ထို့နောက် ကျန့်ဝမ်ရွှီကို စောင့်ကြပ်ရန် ချုံးချီကို ထားခဲ့လိုက်သည်။ ထို့နောက်မှသာ သူသည် စိတ်အေးလက်အေး ကျင့်ကြံရန် ထွက်ခွာလာခဲ့တော့သည်။

အစပိုင်းတွင် မင်ရှစ်ရင်သည် သူ၏ရှစ်စွင်း အမြန်ပြန်လာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ငါးရက်တိုင်တိုင် စောင့်ဆိုင်းပြီးနောက်တွင်မူ တစ်ခုခု မှားယွင်းနေပြီဟု သူ စတင် ခံစားလိုက်ရ၏။ မင်ရှစ်ရင်အနေဖြင့် ရှစ်စွင်းမှာ ရန်သူနောက်သို့ လိုက်လံ ဖမ်းဆီးနေသည်ဟုသာ အခြားသူများကို ပြောပြနိုင်ခဲ့သည်။ ၎င်းမှာလည်း အမှန်တရားပင် ဖြစ်သည်။ သို့သော် ဤမျှအထိ ကြာမြင့်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

နောက်ထပ် ၁၀ ရက်ခန့် ကုန်လွန်သွားသောအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ အခြားတပည့်များမှာ မင်ရှစ်ရင်ကို ဝိုင်းအုံမေးမြန်းကြတော့သည်။

“လောင်စစ်... ငါတို့ကို အမှန်အတိုင်း ပြောစမ်းပါ။ ဘာဖြစ်ခဲ့တာလဲ”

အခြေအနေက ဤသို့ ဖြစ်လာမှတော့ မင်ရှစ်ရင်သည် ဆိုးယုတ်သူတစ်ပါး အကြောင်းကို ချန်လှပ်၍ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်ရတော့သည်။ ချန်ဖု ကြားသောအခါ ခေါင်းခါလျက် ဆို၏။

“အစ်ကိုလုက သူတော်စင်အဆင့်ပဲ ရှိသေးတာလေ။ နတ်ဧကရာဇ်တစ်ပါးကို ဒီလောက်အကြာကြီး ဘယ်လိုလုပ် တိုက်နိုင်မှာလဲ”

လူတိုင်းက ချင်းယွမ်ကို လှမ်းကြည့်လိုက်ကြသည်။ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူတောင် ဒဏ်ရာရခဲ့မှတော့ သူတော်စင်အဆင့်သာ ရှိသေးသည့် သူတို့ရှစ်စွင်းဆိုလျှင် မည်သို့ ရှိမည်နည်း။

ဖုန်း

ကျူးဟုန်ကုန်းသည် ဒူးထောက်ကျသွားကာ အသံကုန် အော်ဟစ်ငိုကြွေးလေတော့သည်။

“ရှစ်စွင်း။ ဘာလို့ ကျုပ်တို့ကို ဒီလောက် စောစောကြီး ထားသွားရတာလဲဗျာ။ ကျွန်တော် ရှစ်စွင်းအပေါ်မှာ ဝတ္တရား မကျေရသေးဘူးလေ။ အို... ကောင်းကင်ကြီး... ခင်ဗျား တကယ်ပဲ မျက်စိမပါတာပဲ”

“…”

လူတိုင်းက ကျူးဟုန်ကုန်းကို မျက်မှောင်ကျုံ့ကြည့်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် မင်ရှစ်ရင်နှင့် ချင်းယွမ်တို့၏ တုံ့ဆိုင်းနေသော အမူအရာများကို ကြည့်ခြင်းအားဖြင့် ကျူးဟုန်ကုန်း၏ အတွေးမှာ မှားချင်မှ မှားပေလိမ့်မည်။

နောက်ဆုံးတွင် မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ကန်ထုတ်လိုက်တော့သည်။

“ဒီလောက် အူကြောင်ကြောင်နိုင်တဲ့ကောင်။ ဘာလို့ အော်ငိုနေတာလဲ။ ရှစ်စွင်းက မသေဘူးကွ”

ကျူးဟုန်ကုန်း မျက်ရည်များကို သုတ်လိုက်ပြီး ငိုတာ ရပ်သွားသည်။

“ဟုတ်လို့လား။ ဒါဆို သူ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။ ရှစ်ရှိုးက ကျုပ်တို့ ဝမ်းနည်းမှာစိုးလို့ တမင် ဖုံးကွယ်ထားတာ မဟုတ်လား”

မင်ရှစ်ရင်က ဆဲရေးလိုက်ပြီးနောက် ပြောလိုက်၏။

“ရှစ်စွင်း ပြန်လာရင် မင်းကို ဘယ်လို သင်ခန်းစာ ပေးမလဲဆိုတာ ကြည့်ရသေးတာပေါ့”

ကျူးဟုန်ကုန်း ထိုစကားများကို ထပ်မပြောရဲတော့ဘဲ အလျင်အမြန် ထရပ်ကာ မျက်လုံးများကို သုတ်လျက် ပြောလိုက်၏။

“ဟုတ်သားပဲ... ဟုတ်သားပဲ။ ရှစ်စွင်းက အနိုင်ယူမရတဲ့သူလေ။ သူ ဘာမှမဖြစ်နိုင်ပါဘူး။ ဒါဆို ရှစ်စွင်းက ရန်သူ ထောင်ပေါင်းများစွာကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ပြီး နတ်ဧကရာဇ်တောင်မှ သူ့ဆီကနေ ထွက်ပြေးခဲ့ရတယ်ဆိုတာ... ရှစ်ရှိုး လုပ်ကြံပြောတာ မဟုတ်လား။ အတော်လေးတော့ ကောင်းသားပဲဗျ”

ထိုအချိန်တွင် ချင်းယွမ်က ပြောလိုက်၏။

“မျှော်နန်းသခင်ရဲ့ ကျင့်ကြံမှုက အတိုင်းအဆ မရှိပါဘူး။ နတ်ဧကရာဇ် တစ်ပါးနဲ့ တိုက်ခိုက်တယ်ဆိုတာ သူ့အတွက် ဘာမှ မဟုတ်ပါဘူး”

လူတိုင်း၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်ပေါက်လာသည်။ သူတို့ကို အလွယ်တကူ လှည့်စားလို့ရတဲ့ ငတုံးတွေလို့ ထင်နေကြတာလား။

မင်ရှစ်ရင်က ဆို၏။

“ရှစ်စွင်းက အတိတ်မှာ ရှုံးဖူးလို့လား။ ဘယ်လို အစွမ်းထက်တဲ့ ရန်သူကိုမဆို သူ နှိမ်နင်းနိုင်ခဲ့တာပဲ မဟုတ်လား”

ရှောင်ယွမ်အာက ခေါင်းညိတ်လျက် ပြောလိုက်သည်။

“စစ်ရှစ်ရှိုး ပြောတာလည်း အဓိပ္ပာယ် ရှိသားပဲ”

“တော်ကြတော့” ယွီကျန့်ဟိုင်က ဖြေလိုက်သည်။ လူတိုင်း တိတ်ဆိတ်သွားကြ၏။

ယွီကျန့်ဟိုင်သည် လူတိုင်းကို ဝေ့ကြည့်လိုက်ပြီးနောက် ဖြေလိုက်သည်။

“ရှစ်စွင်း မရှိတုန်းမှာ တာ့ရှစ်ရှိုးတစ်ယောက်အနေနဲ့ ငါ တာဝန်ယူရမှာပေါ့။ ငါတို့ ခဏလောက် ထပ်စောင့်ကြည့်ကြမယ်။ အကယ်၍ ရှစ်စွင်း ပြန်မလာဘူးဆိုရင်တော့ ငါတို့ အပြင်ထွက်ပြီး သွားရှာကြတာပေါ့”

အကြီးအကဲ လေးဦးကလည်း ခေါင်းညိတ်ပြကြ၏။ “လောလောဆယ်တော့ ဒီနည်းလမ်းပဲ ရှိတာပေါ့”

ချင်းယွမ်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ အကယ်၍ ဆိုးယုတ်သူတစ်ပါး၏ တပည့်တွေသာ အတိတ်တုန်းက ဒီလောက်အထိ သစ္စာရှိခဲ့ကြရင် သူတို့ ဒီလို သနားစရာကောင်းတဲ့ အခြေအနေမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး။ အခု သူတို့ ပြန်လည် နာလန်ထူလာချိန်မှာတော့ အဲဒီအမှားမျိုးကို ထပ်ပြီး အဖြစ်ခံလို့ မရဘူး။ သူမအနေဖြင့် သူတို့၏ ရှစ်စွင်းမှာ ဆိုးယုတ်သူတစ်ပါး ဖြစ်ကြောင်း တကယ်ပင် ပြောပြချင်နေမိသည်။

ချင်းယွမ်က ပြောလိုက်၏။

“ကျုပ် အစွမ်းကုန် ကူညီပေးပါ့မယ်။ အသက်အန္တရာယ်ရှိတဲ့ အခြေအနေမှန်သမျှကို ကျုပ် ကျော်ဖြတ်ပေးပါ့မယ်”

နောက်ထပ် ၁၀ ရက် ကုန်လွန်သွားပြန်သည်။ လုကျိုးမှာမူ အခုထိ ပြန်မလာသေးပေ။ ယွီကျန့်ဟိုင်သည် သူ ပြောခဲ့သည့်အတိုင်း ရှစ်စွင်းကို ရှာဖွေရန် သင်းပျံ့တောင်ကြားမှ ထွက်ခွာခဲ့တော့သည်။

ယွီကျန့်ဟိုင် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ယွီရှန်းရုန်က သူ့ကို တားဆီးလျက် ဆို၏။

“တာ့ရှစ်ရှိုး... ကျွန်တော်လည်း လိုက်ခဲ့မယ်”

“အပြင်မှာ အန္တရာယ်များတယ်လေ။ မင်း ဒီမှာပဲ နေခဲ့ပါ” ယွီကျန့်ဟိုင်က ဆိုသည်။

ယွီရှန်းရုန်က ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်၏။

“အဲဒီတုန်းက ကျွန်တော် သာမန်လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာနဲ့ တောင်ကုန်းလေးတစ်ခုကနေ မိုင်ပေါင်း သောင်းချီတဲ့ သစ်တောကြီးတွေကို ဖြတ်ကျော်ခဲ့ဖူးတာလေ။ အဲဒါ ဘယ်လောက်အထိ အန္တရာယ်များလဲဆိုတာ ရှစ်ရှိုး ခန့်မှန်းကြည့်နိုင်ပါတယ်။ အဲဒါထက် ပိုပြီး အန္တရာယ်များတဲ့အရာ ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”

ယွီရှန်းရုန်၏ အတိတ်မှာ မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများအတွက် အမြဲတမ်း ဒဏ္ဍာရီတစ်ခုပမာ ရှိနေခဲ့သည် မဟုတ်ပါလော။

“သင်းပျံ့တောင်ကြားက အတော်လေး ဘေးကင်းနေပြီဆိုတော့ ရှစ်ရှိုးနဲ့အတူ လိုက်ရတာ ကျွန်တော် စိတ်အေးရတာပေါ့” ယွီရှန်းရုန်က ထပ်မံ ပြောလိုက်ပြန်သည်။

“ဒါကတော့...”

“တာ့ရှစ်ရှိုးက ကျွန်တော် လိုက်ခဲ့ရင် ရှစ်ရှိုးတစ်ယောက်တည်း ဟိတ်ဟန်ထုတ်ခွင့် မရမှာ စိုးလို့လား”

ယွီကျန့်ဟိုင်၏ မျက်နှာထားမှာ ခေတ္တမျှ တောင့်တင်းသွားပြီးမှ ဖြေလိုက်သည်။

“ဒါဆိုလည်း သွားကြတာပေါ့”

ဤသို့ဖြင့် ထိုနှစ်ဦးမှာ သင်းပျံ့တောင်ကြားမှ ထွက်ခွာသွားကြတော့သည်။ ကျန်ရှိနေသော သူများမှာမူ ဆက်လက် ကျင့်ကြံနေကြတော့သည်။

…

အခန်း (၁၅၅၀) မိုးပြာဧကရာဇ် (၁)

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် သင်းပျံ့တောင်ကြားမှ ထွက်ခွာ၍ အနောက်မြို့တော် လော့ယန်ဆီသို့ ပခုံးချင်းယှဉ်လျက် ပျံသန်းလာခဲ့ကြသည်။

အနောက်မြို့တော်မှာမူ ပြင်းထန်လှသော တိုက်ပွဲကြီး၏ ရိုက်ခတ်မှုကို ခံထားရဟန် မတူဘဲ အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ရှိနေ၏။ ယွီကျန့်ဟိုင်က မေးမြန်းလိုက်သည်။

“လောင်စစ် ပြောပြချက်အရဆိုရင် ရှစ်စွင်းနဲ့ အဲဒီပညာရှင်ဟာ အနောက်မြို့တော်ရဲ့ မြောက်ဘက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြတာပဲ။ ရှစ်စွင်း ဘယ်ကိုများ သွားတာလဲ မသိဘူး”

ယွီရှန်းရုန်က ပြောလိုက်၏။ “စုံစမ်းကြည့်ရင် သိရမှာပါ”

ယွီရှန်းရုန်သည် အနောက်မြို့တော်ရှိ ကျင့်ကြံသူများ စုဝေးသည့် နားနေစခန်းဆီသို့ ဦးတည်လိုက်သဖြင့် ယွီကျန့်ဟိုင်လည်း မတတ်သာဘဲ နောက်မှ လိုက်ပါခဲ့ရသည်။

နားနေစခန်းအတွင်း၌...

တစ်စုံတစ်ယောက်က သက်ပြင်းချလျက် ဆိုနေ၏။

“ရွှေကြာနယ်မြေက ကျင့်ကြံသူတွေ ရောက်လာတည်းက ကျုပ်တို့မှာ အေးအေးချမ်းချမ်း နေရတဲ့နေ့ဆိုတာ မရှိတော့ဘူး”

“နတ်ဘုရားတွေ ဆင်းသက်လာမှတော့ ကျုပ်တို့က ဘာတတ်နိုင်မှာလဲ။ တိုက်ပွဲတုန်းက အပျက်အစီးတွေ အများကြီး ရှိခဲ့ပေမဲ့ အနည်းဆုံးတော့ ကျုပ်တို့လို သာမန်လူတွေကို ဒုက္ခမပေးခဲ့တာပဲ ကျေးဇူးတင်ရမယ်”

ထိုတိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသည့် ကျင့်ကြံသူများသည် မိမိကိုယ်ကိုယ် သာမန်လူသားများအဖြစ်သာ သတ်မှတ်ရန် သင့်တော်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ထိုပညာရှင်ကြီးများမှာ သူတို့နှင့် နှိုင်းယှဉ်လျှင် နတ်ဘုရားများသဖွယ် ဖြစ်နေသည် မဟုတ်ပါလော။

“အဲဒီ နတ်ဘုရားနှစ်ပါးဟာ တာ့ဟန်ကနေ အမည်မသိကုန်းမြေက သွင့်ကျန်းအထိ တောက်လျှောက် တိုက်ခိုက်သွားကြတာလို့ ကြားတယ်။ အဲဒီမှာရှိတဲ့ ဖျက်ဆီးခြင်းတိုင်လုံးကိုတောင် ဖျက်ဆီးပစ်လိုက်တယ်ဆိုပဲ။ ဘယ်လောက်အထိ မှန်ကန်လဲတော့ မသိဘူး”

“ပုံမှန်ဆိုရင်တော့ ဘယ်သူမှ သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးနားကို မကပ်ရဲကြဘူးလေ။ အဲဒီမှာ ထူးဆန်းတဲ့ မဟာသူတော်စင်ကြီး တစ်ယောက် စောင့်ကြပ်နေတာကိုး”

“နတ်ဘုရားတွေနဲ့ ယှဉ်လိုက်ရင် မဟာသူတော်စင်ဆိုတာ ဘာပြောစရာ ရှိလို့လဲ”

ယွီရှန်းရုန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်းနှီးပြီးသား ဖြစ်၏။ သူသည် စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး မေးမြန်းလိုက်သည်။

“မိတ်ဆွေ... စောစောက ပြောတာတွေက တကယ်ပဲလား”

ထိုသူက ယွီရှန်းရုန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ “မှန်တာပေါ့”

“အဲဒီ စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုရဲ့ ပုံစံက ဘယ်လိုမျိုးလဲ” ယွီရှန်းရုန်က ထပ်မံမေးမြန်းလိုက်သည်။

“မိတ်ဆွေက မသိဘူးလား။ အဲဒီနေ့က လူတွေအများကြီး မြင်ခဲ့ရတာလေ” ထိုသူက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောပြလေသည်။

“စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက အပြာရောင်လေ။ အံ့သြမသွားနဲ့ဦး၊ ကျုပ်တို့လည်း အဲဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ အဲဒါက အနန္တအထွတ်အထိပ်စိတ်ဝိညာဉ်သဏ္ဌာန်ဗျ။ ကျုပ်တို့ထဲက ဘယ်သူမှ အနန္တအထွတ်အထိပ်စိတ်ဝိညာဉ်သဏ္ဌာန်ကို မျက်မြင်မတွေ့ဖူးဘူး၊ စာအုပ်ထဲမှာပဲ ဖတ်ဖူးကြတာ။ ကျန်တဲ့ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကတော့ အနက်ရောင်ပဲ။ အနက်ရောင်ကြာ ကျင့်ကြံသူတစ်ယောက် ဖြစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးဟာ အထွတ်အထိပ်သက်ရှိတွေပဲ။ စိတ်ဝိညာဉ်သဏ္ဌာန်တွေရဲ့ အမြင့်ကိုတော့ မခန့်မှန်းနိုင်တော့ဘူး၊ တကယ့်ကို မြင့်မားလွန်းလို့ အဆုံးကိုတောင် မမြင်ရဘူး”

ယွီရှန်းရုန်က အနည်းငယ် မျက်မှောင်ကျုံ့လိုက်မိသည်။

ယွီရှန်းရုန်၏ ဘေးတွင် ထိုင်နေသော ယွီကျန့်ဟိုင်က မေးမြန်းလိုက်၏။

“သူတို့ သွင့်ကျန်းကို သွားခဲ့ကြတာ သေချာလား”

“သူတို့ သွင့်ကျန်းကို သီးသန့်သွားခဲ့တာလားတော့ ကျုပ် မသိဘူး။ ကြားတာကို ပြောပြတာပါ။ ဒါပေမဲ့ သူတို့ အမည်မသိကုန်းမြေကို သွားခဲ့ကြတာတော့ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်အဆင့်ရှိတဲ့ တိုက်ပွဲမျိုးကို အမည်မသိကုန်းမြေကလွဲလို့ တခြားနေရာက လက်ခံနိုင်မှာ မဟုတ်ဘူးလေ။ မိတ်ဆွေတို့ အတည်ပြုချင်ရင် အမည်မသိကုန်းမြေကို သွားကြည့်နိုင်ပါတယ်။ ဒီလောက် ကြီးမားတဲ့ တိုက်ပွဲမျိုးကတော့ သေချာပေါက် ပျက်စီးဆုံးရှုံးမှု အထောက်အထားတွေ ချန်ထားခဲ့မှာပဲ။ မြောက်ဘက်မြို့တော်က နန်းတော်ဆိုရင်လည်း မမှတ်မိနိုင်လောက်အောင် ပြားချပ်သွားခဲ့ပြီ”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ထို့နောက် ထိုသူကပင် ဆက်ပြောပြန်သည်။

“ဒါပေမဲ့ မိတ်ဆွေတို့ကို တစ်ခုတော့ သတိပေးချင်တယ်။ အကြောင်းမရှိဘဲ ပြဿနာမရှာပါနဲ့။ သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးမှာ ထူးဆန်းတဲ့ မဟာသူတော်စင်ကြီး တစ်ယောက် ရှိတယ်”

“ထူးဆန်းတဲ့ မဟာသူတော်စင်” ယွီကျန့်ဟိုင် ဇဝေဇဝါ ဖြစ်သွားရသည်။

“အဲဒီ လူထူးဆန်းကြီးက လူတွေကို ထွက်သွားဖို့ပဲ အမြဲတမ်း တိုက်တွန်းတတ်တာ။ အကယ်၍ မထွက်ဘူးဆိုရင်တော့ သူ့ရဲ့ ခြံဝင်းထဲကို အတင်းခေါ်သွားပြီး ဘဝသင်ခန်းစာတွေကို နားထောင်ခိုင်းတတ်တယ်။ အဲဒါတောင်မှ မထွက်သေးဘူးဆိုရင်တော့ သတ်ပစ်ပြီး သူ့ခြံဘေးမှာပဲ မြှုပ်ပစ်တာ။ အဲဒီလိုလူမျိုးက ထူးမဆန်းဘူးလား”

ယွီကျန့်ဟိုင်က နောက်ဆုံးတွင် ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် သူက ကျုပ်ရဲ့ ဘိုးဘေးမှ မဟုတ်တာ၊ ကြိုက်သလို ပြောနိုင်ပါတယ်”

“ဘာ” တစ်ဖက်လူက ဇဝေဇဝါဖြင့် မျက်မှောင်ကျုံ့လိုက်မိသည်။

ယွီရှန်းရုန်သည် ထိုအခိုက်အတန့်တွင် ထရပ်လိုက်ပြီး တစ်ဖက်လူအား လက်သီးဆုပ်မိုး နှုတ်ဆက်လိုက်သည်။

“ခွင့်ပြုပါဦး”

ထို့နောက် ထိုနှစ်ဦးမှာ နားနေစခန်းမှ ထွက်ခွာခဲ့ပြီး သင်္ကေတလမ်းကြောင်းဆီသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။

ယွီကျန့်ဟိုင်က မေးလိုက်၏။ “ငါတို့ တကယ်ပဲ အမည်မသိကုန်းမြေကို သွားကြမှာလား”

“တခြားနည်းလမ်း မရှိတော့ဘူးလေ”

“ကောင်းပြီလေ”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် နှစ်နာရီခန့် ပျံသန်းခဲ့ကြသည်။ တာ့ဟန်ရှိ သင်္ကေတလမ်းကြောင်းများကို သူတို့ မသိရှိသဖြင့် မိစ္ဆာဝေဟင်မျှော်နန်းသို့ အရင်ပြန်ခဲ့ကြပြီးမှ ထိုနေရာရှိ သင်္ကေတလမ်းကြောင်းကို အသုံးပြု၍ သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ခရီးဆက်ခဲ့ကြသည်။

သင်္ကေတလမ်းကြောင်းအတွင်း ရှိနေစဉ် လမ်းကြောင်းအတွင်း၌ လှုပ်ခတ်မှုများကို သူတို့ ရှင်းလင်းစွာ အာရုံခံမိကြသည်။ လမ်းကြောင်းမှာ ပျက်စီးနေသည်မှာ ထင်ရှားလှပေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ သွင့်ကျန်းသို့ ဘေးကင်းစွာ ရောက်ရှိခဲ့ကြ၏။

သူတို့၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ နှစ်ဦးသားစလုံး မှင်တက်သွားကြရတော့သည်။ သူတို့ ရောက်ရှိလာသည့် သင်္ကေတလမ်းကြောင်းနှင့် ၎င်း၏ အနီးအနား နေရာအနည်းငယ်မှလွဲ၍ တစ်ပြင်လုံးမှာ ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်သည်။

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လျက် ပြောလိုက်၏။

“တိုက်ပွဲက ပုံမှန်ထက်ပိုပြီး ပြင်းထန်ခဲ့ပုံပဲ”

ယွီရှန်းရုန်က ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။

“အကယ်၍ မိန်းကလေးကျောက်သာ ဒီသင်္ကေတလမ်းကြောင်းရဲ့ အကာအကွယ်ကို မြှင့်တင်မထားခဲ့ရင် ကျုပ်တို့ ဒီကို လာနိုင်မှာ မဟုတ်ဘူး”

ယွီကျန့်ဟိုင် ခေါင်းငုံ့ကာ သင်္ကေတလမ်းကြောင်းကို ကြည့်လိုက်ပြီး ပြောလိုက်၏။

“သူ ဒါကို ပြန်ပြင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ရှာရမယ်”

ထို့နောက် ထိုနှစ်ဦးမှာ လေထဲသို့ ပျံတက်လိုက်ကြသည်။

ယွီရှန်းရုန်သည် ကောင်းကင်ယံ၌ ဝဲပျံနေရင်း သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံး ရှိရာဘက်သို့ ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိ၏။ “တာ့ရှစ်ရှိုး...”

ယွီကျန့်ဟိုင်သည်လည်း သူ၏ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်နေသည်။

“ဖျက်ဆီးခြင်းတိုင်လုံးက တကယ်ပဲ ပြိုလဲသွားတာလား”

သူတို့အားလုံးမှာ ဖျက်ဆီးခြင်းတိုင်လုံးများ၏ အသိအမှတ်ပြုခြင်းကို ခံထားရသူများ ဖြစ်သဖြင့် နယ်မြေကိုးခုအတွင်းရှိ လူများထဲတွင် ဖျက်ဆီးခြင်းတိုင်လုံးများနှင့် အရင်းနှီးဆုံးသူများ ဖြစ်ကြသည်။ ထိုတိုင်လုံးများ မည်မျှအထိ အစွမ်းထက်ပြီး ခိုင်ခံ့မြဲမြံသည်ကို သူတို့ ကောင်းကောင်း သိကြသည် မဟုတ်ပါလော။

“အထွတ်အထိပ်သက်ရှိတွေက ငါ ထင်ထားတာထက် ပိုပြီးတော့ ကြောက်စရာကောင်းတာပဲ”

ယွီကျန့်ဟိုင်က တီးတိုးရေရွတ်လိုက်မိသည်။

ယွီရှန်းရုန်က ဇဝေဇဝါဖြင့် ပြောလိုက်၏။ “ကျွန်တော် တကယ် သိချင်မိတယ်။ အကယ်၍ ရှစ်စွင်းသာ အထွတ်အထိပ်သက်ရှိ တစ်ပါး ဖြစ်နေမယ်ဆိုရင် ဘာလို့ သင်းပျံ့တောင်ကြားမှာ ပုန်းနေရတာလဲ”

“ဖြစ်နိုင်တာက... သူလည်း ကျန့်ဝမ်ရွှီလိုမျိုး နေချင်တာ ဖြစ်မှာပေါ့” ယွီကျန့်ဟိုင်က ဖြေလိုက်သည်။

ထိုနှစ်ဦးသည် တစ်ချိန်က သွင့်ကျန်းဖြစ်ခဲ့သော အပျက်အစီးပုံကြီးကို နှစ်ပတ်ခန့် ဝဲပျံကြည့်ရှုပြီးနောက် ဤသည်မှာ တကယ်ပင် အထွတ်အထိပ်သက်ရှိများ၏ တိုက်ပွဲကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း လုံးဝ ယုံကြည်သွားကြတော့သည်။

ထိုအခိုက်အတန့်တွင် ယွီကျန့်ဟိုင်က ရုတ်တရက် ပြောလိုက်၏။

“သွားပြီ... ဒါဆိုရင် မဟာသူတော်စင် တွမ့်မူတစ်ယောက်တော့...”

ယွီကျန့်ဟိုင် သူ၏စကားကို ဆုံးအောင် မပြောသော်လည်း သူ၏ဆိုလိုရင်းမှာ ထင်ရှားလှပေသည်။

ယွီရှန်းရုန်က ပြောလိုက်၏။

“သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးတောင် ပြိုလဲသွားပြီဆိုမှတော့ သူလည်း ဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ထင်တယ်”

ယွီကျန့်ဟိုင် သက်ပြင်းချလိုက်မိသည်။ “စန်းရှစ်တိ အနေနဲ့ သူ့ဆွေမျိုးကို ခက်ခက်ခဲခဲ ရှာတွေ့ခဲ့တာလေ။ အခုတော့ သူ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးကို ဆုံးရှုံးလိုက်ရပြန်ပြီ”

ယွီရှန်းရုန်က ပြောလိုက်၏။ “စန်းရှစ်တိ ဝမ်းနည်းမှာစိုးလို့ ဒီကိစ္စကို လောလောဆယ် သူ့ကို မပြောပါနဲ့ဦး”

ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြလိုက်သည်။

ထိုနှစ်ဦးမှာ သွင့်ကျန်းတွင် သူတို့ရှစ်စွင်း၏ မည်သည့်အထောက်အထားမျှ ရှာမတွေ့သဖြင့် ချောက်နက်ကြီး ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

“အဲဒီမှာ အပေါက်ကြီးတစ်ခု ရှိနေတာပဲ။ တိုက်ပွဲကြောင့် ဖြစ်လာတာ ထင်တယ်”

သူတို့နှစ်ဦးလုံးမှာ သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ ရောက်ဖူးကြသည်။ သူတို့ မှတ်မိသလောက်ဆိုလျှင် သစ်ပင်ပန်းမန်များ ဝေဆာနေခဲ့သော်လည်း ဤမျှ ကြီးမားသော အပေါက်ကြီး မရှိခဲ့ပါချေ။ ဤသည်မှာ လတ်တလောမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။

…

အခန်း (၁၅၅၁) မိုးပြာဧကရာဇ် (၂)

မကြာမီမှာပင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် ချောက်နက်ကြီး၏ အထက်ပိုင်းသို့ ရောက်ရှိလာကြသည်။ သူတို့သည် လေးနက်တည်ကြည်သော မျက်နှာထားများဖြင့် အောက်ခြေသို့ ငုံ့ကြည့်လိုက်ကြ၏။ ချောက်နက်အတွင်း၌ နဂါးငွေ့တန်းတစ်ခုပမာ အလင်းစက်ကလေးများ ဝင်းလက်နေသည်ကို မြင်တွေ့ရသည်။

“ဒါတွေအားလုံးက တိုက်ပွဲကြောင့် ဖြစ်သွားတာလား” ယွီကျန့်ဟိုင်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“ဖြစ်နိုင်တယ်”

ယွီကျန့်ဟိုင်က ဆက်ပြောလိုက်သည်။ “အကယ်၍ လောင်စစ် ပြောတာတွေသာ အမှန်ဆိုရင်... ရှစ်စွင်းကတော့ တကယ့်ကို သရုပ်ဆောင်ကောင်းတာပဲ”

“ယုံကြည်မှုဆိုတာ အစွမ်းအစပေါ်မှာ အခြေခံတာလေ။ ရှစ်စွင်းဟာ ဟိုးအရင်ကတည်းက အထွတ်အထိပ်သက်ရှိတစ်ပါး ဖြစ်နေခဲ့တာလဲ ဖြစ်နိုင်တယ်” ယွီရှန်းရုန်က မှတ်ချက်ပြုလိုက်သည်။

“အခု အရေးကြီးဆုံးကတော့ ရှစ်စွင်းကို ရှာဖို့ပဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။

ယွီရှန်းရုန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

“အမည်မသိကုန်းမြေက တကယ့်ကို ကျယ်ပြောလှတာ။ ဒီထဲမှာ ရှာရတာက သမုဒ္ဒရာထဲမှာ အပ်ရှာရသလိုပဲ ဖြစ်နေမှာ”

“ရှစ်စွင်း ပြန်မလာစရာ အကြောင်းမရှိဘူး။ ဖြစ်နိုင်တာက သူ ဒဏ်ရာရသွားလို့ သူ့ ပုံရိပ်ကို ထိန်းသိမ်းတဲ့အနေနဲ့ အရင်ဆုံး ဒဏ်ရာကုသပြီးမှ ပြန်လာဖို့ ဆုံးဖြတ်လိုက်တာလား” ယွီကျန့်ဟိုင်က ခန့်မှန်းလိုက်သည်။

“ကျွန်တော် အောက်ဆင်းပြီး တစ်ချက်ကြည့်လိုက်ဦးမယ်”

“အတူတူ သွားကြတာပေါ့”

ထိုနှစ်ဦးသား အောက်သို့ ပျံဆင်းသွားကြသည်။ မိုင်ဝက်ခန့် အကွာသို့ ရောက်သောအခါ ချောက်နက်၏ အက်ကြောင်းကြားတွင် ညပ်နေသော ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို မြင်လိုက်ရသဖြင့် သူတို့ မှင်တက်သွားကြရ၏။

သူတို့နှစ်ဦးသည် ထိုနေရာသို့ အလျင်အမြန် ပျံသန်းသွားကြပြီး ချုပ်နှောင်ခြင်းစည်းတံဆိပ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

“ရှစ်စွင်းရဲ့ ချုပ်နှောင်ခြင်းစည်းတံဆိပ် ပါလား” ယွီကျန့်ဟိုင်က အံ့ဩတကြီး အော်ဟစ်လိုက်မိ၏။

“ရှစ်စွင်းရဲ့ စရိုက်အရဆိုရင် သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဒီအတိုင်း လွှင့်ပစ်လေ့မရှိဘူး။ ဒီအရာက အနည်းဆုံးတော့ ပေါင်းစပ်အဆင့်ရှိတဲ့ ရတနာပဲ။ အကယ်၍ သူ အသုံးမလိုတော့ရင်တောင် မိစ္ဆာဝေဟင်မျှော်နန်းက လူတွေကိုပဲ ပေးမှာ သေချာတယ်”

ထိုစကား၏ ဆိုလိုရင်းမှာ အလွန်ပင် ရှင်းလင်းလှပေသည်။ ယွီကျန့်ဟိုင် မျက်မှောင်ကျုံ့လိုက်ပြီး မေးမြန်းလိုက်၏။

“မင်း ပြောချင်တာက ရှစ်စွင်း တစ်ခုခု ဖြစ်သွားပြီလို့လား”

ယွီရှန်းရုန် တိတ်ဆိတ်သွားမိသည်။ ၎င်းမှာ ခန့်မှန်းချက်တစ်ခုသာ ဖြစ်သော်လည်း အကယ်၍ သူတို့ရှစ်စွင်း တစ်ခုခု မဖြစ်ခဲ့လျှင်တောင် အခြေအနေမှာ အကောင်းဘက်တွင် ရှိနေဟန် မတူချေ။

နောက်ဆုံးတွင် ယွီကျန့်ဟိုင်က လေးနက်စွာ ပြောလိုက်၏။

“အသက်ရှင်နေရင် လူကို တွေ့ရမယ်၊ သေသွားခဲ့ရင်လည်း အလောင်းကို တွေ့အောင် ရှာရမယ်”

ထို့နောက် ယွီကျန့်ဟိုင်သည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ဆွဲယူရန် လက်ကို ဆန့်ထုတ်လိုက်၏။

ဘုန်း

ချုပ်နှောင်ခြင်းစည်းတံဆိပ်မှာ မည်သို့မျှ လှုပ်ရှားခြင်း မရှိပေ။ ယွီကျန့်ဟိုင် မျက်မှောင်ကျုံ့လျက် ပြောလိုက်၏။

“ထူးဆန်းလိုက်တာ”

ယွီကျန့်ဟိုင်သည် မကျေမနပ် ဖြစ်ကာ သူ၏ လက်ဝါးဖြင့် ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။

“မဟာအမှောင်ကောင်းကင်လက်ဝါး”

ယွီကျန့်ဟိုင်သည် အကြိမ်ပေါင်းများစွာ ဆက်တိုက် ရိုက်နှက်လိုက်သော်လည်း လက်ဝါးစည်းတံဆိပ်များသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ပေါ်သို့ ကျရောက်သည်နှင့် ချောက်နက်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ ဝါးမျိုခြင်းကိုသာ ခံလိုက်ရတော့သည်။

စောင့်ကြည့်နေသော ယွီရှန်းရုန်က ပြောလိုက်၏။ “ဒါက ကမ္ဘာမြေရဲ့ စွမ်းအားပဲ”

ယွီကျန့်ဟိုင်သည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီး အောက်ခြေမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို အာရုံခံလိုက်သည်။ ထို့နောက် သူက မေးမြန်းလိုက်၏။

“ရှစ်စွင်း အောက်ထဲကို ပြုတ်ကျသွားတာ ဖြစ်နိုင်မလား”

၎င်းမှာ မေးနေစရာပင် မလိုတော့သော ကိစ္စဖြစ်ပေလိမ့်မည်။ ရှစ်စွင်း၏ ပစ္စည်းကို ချောက်နက်၏ အက်ကြောင်းတွင် တွေ့ရှိရခြင်းနှင့် ကမ္ဘာမြေ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ရှိနေခြင်းတို့မှာ ခိုင်လုံသော အထောက်အထားများပင်။ ထို့အပြင် အကယ်၍ ရှစ်စွင်းသာ ဘာမှမဖြစ်ခဲ့လျှင် သင်းပျံ့တောင်ကြားသို့ ပြန်ရောက်နေလောက်ပြီ မဟုတ်ပါလော။

“မင်း ရှစ်စွင်းကို လှမ်းခေါ်ကြည့်ပါလား” ယွီကျန့်ဟိုင်က အကြံပြုလိုက်သည်။

“တာ့ရှစ်ရှိုးပဲ ခေါ်လိုက်ပါ” ယွီရှန်းရုန်က ပြန်ပြောလိုက်၏။

ယွီကျန့်ဟိုင်က ဆိုလိုက်သည်။ “ငါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမတပည့်၊ ငရဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဒီလို အော်ဟစ်နေရတာက ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ မသင့်တော်ဘူး ထင်တယ်”

“ကျွန်တော့်အတွက်လည်း အတူတူပါပဲ” ယွီရှန်းရုန်က ဆိုပြန်သည်။

ထိုနှစ်ဦးသား အတော်ကြာအောင် တုံ့ဆိုင်းနေကြပြီးမှ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ကြ၏။

“ဒါဆို အတူတူ အော်ကြတာပေါ့”

မည်သို့ပင်ဆိုစေ ယခုကဲ့သို့သော အချိန်တွင် သူတို့၏ ပုံရိပ် သို့မဟုတ် ဂုဏ်သိက္ခာကို ဂရုစိုက်နေရန် မလိုအပ်တော့ချေ။ ထို့နောက် ထိုနှစ်ဦးသားသည် သူတို့၏ ကနဦးစွမ်းအင်များကို လှုံ့ဆော်လိုက်ပြီး ချောက်နက်အတွင်းသို့ အားကုန် ဟစ်အော်လိုက်ကြတော့သည်။

“ရှစ်စွင်း”

အသံလှိုင်းများသည် ချောက်နက်အတွင်းသို့ ကိုက် ၁၀၀၀ ခန့်အထိ ပုံမှန်အတိုင်း ဆင်းသက်သွားသော်လည်း ထိုမှတစ်ဆင့် မှောင်မိုက်မှုနှင့် နဂါးငွေ့တန်းပမာ အလင်းစက်များက ထိုအသံများကို တိတ်ဆိတ်စွာ ဝါးမျိုပစ်လိုက်သည်။ ၎င်းမှာ သမုဒ္ဒရာကြီးအတွင်းသို့ အရာဝတ္ထုတစ်ခု ပြုတ်ကျသွားသကဲ့သို့ပင်။

နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

“အောက်ဆင်းပြီး တစ်ချက်ကြည့်ရအောင်”

ယွီကျန့်ဟိုင်က အောက်သို့ ခုန်ချလိုက်ပြီး ယွီရှန်းရုန်ကလည်း နောက်မှ လိုက်ပါသွားသည်။ ပေ ၃၀၀၀ ခန့် ပြုတ်ကျသွားပြီးနောက် ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ဟင်းလင်းပြင်အတွင်း ဝဲပျံနေသကဲ့သို့ ခံစားလိုက်ရပြီးနောက် ပြင်းထန်လှသော တန်ပြန်တွန်းကန်အားတစ်ခုနှင့် ရင်ဆိုင်လိုက်ရ၏။

“ထူးဆန်းလိုက်တာ...”

ထိုတွန်းကန်အား၏ ပြင်းထန်မှုကြောင့် သူတို့နှစ်ဦး အံ့အားသင့်သွားကြရသည်။ သူတို့ မည်မျှပင် ကြိုးစားစေကာမူ ဆက်လက်၍ ဆင်းသက်နိုင်ခြင်း မရှိတော့ချေ။

နောက်ဆုံးတွင် ယွီရှန်းရုန်က ပြောလိုက်၏။ “တာ့ရှစ်ရှိုး... ဆက်မကြိုးစားပါနဲ့တော့”

ယွီကျန့်ဟိုင် ရပ်တန့်လိုက်သည်။ ယွီရှန်းရုန်က ဆက်ပြောလိုက်သည်။

“အကယ်၍ ရှစ်စွင်းနဲ့ မဟာလေဟာနယ်က ပညာရှင်တို့ တိုက်ခိုက်ရင်း ချောက်ထဲကို ပြုတ်ကျသွားတယ်ဆိုရင်တောင် အဲဒီပညာရှင်လည်း ကောင်းမွန်တဲ့ အဆုံးသတ်မျိုး ရှိမှာ မဟုတ်ပါဘူး။ ဒါအပြင် မဟာလေဟာနယ်ရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် သူတို့ ဒီနေရာကို ကင်းလှည့်ဖို့ လူတွေ သေချာပေါက် လွှတ်မှာပဲ”

“ဒါဆို မင်းပြောချင်တာက ရှစ်စွင်းကို မဟာလေဟာနယ်က လူတွေ ခေါ်သွားတာမျိုး ဖြစ်နိုင်တယ်ပေါ့”

ယွီကျန့်ဟိုင်က မေးလိုက်သည်။

“ဒါက ဖြစ်နိုင်ခြေ အရှိဆုံးပဲ။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ မဟာလေဟာနယ်က လူတွေတောင်မှ ဒီချောက်ထဲကို မဆင်းနိုင်တာမျိုး ဖြစ်နိုင်တယ်...” ယွီရှန်းရုန်က ပြောလိုက်၏။

“မင်းပြောတာ အဓိပ္ပာယ် ရှိသားပဲ”

ထိုနှစ်ဦးသား ချောက်နက်အတွင်း ခေတ္တမျှ ဝဲပျံနေခဲ့ကြသော်လည်း သူတို့ရှစ်စွင်း၏ မည်သည့်အထောက်အထားမျှ ထပ်မံ ရှာမတွေ့ခဲ့သဖြင့် စိတ်ပျက်သွားကြရသည်။ နောက်ဆုံးတွင် ယွီကျန့်ဟိုင်က ပြောလိုက်၏။ “တခြားနေရာမှာ ထပ်ရှာကြည့်ကြရအောင်”

“ကောင်းပြီလေ”

ထိုနှစ်ဦးသား ကောင်းကင်ယံသို့ ပြန်လည် ပျံတက်လိုက်ကြသည်။ သူတို့သည် ထူထပ်လှသော မြူခိုးများအောက်တွင် ဝဲပျံနေရင်း သွင့်ကျန်း၏ အပျက်အစီးများကို ထပ်မံ ကြည့်ရှုကာ ဤကဲ့သို့သော ရှုပ်ထွေးလှသည့် ခေတ်ကာလအပေါ် သက်ပြင်းချနေမိကြ၏။

ဝူး

ထိုနှစ်ဦးသား ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းမှ ပုံရိပ်တစ်ခုသည် အလွန်အမင်း မြန်ဆန်လှသော အရှိန်ဖြင့် ပျံသန်းလာခဲ့သည်။ ထိုသူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ လာနေသကဲ့သို့ပင် ရှိနေ၏။ သူ ဖျတ်ခနဲ လှုပ်ရှားလိုက်တိုင်း အလွန်ဝေးကွာလှသော ခရီးကို ကျော်ဖြတ်လာနိုင်ပေသည်။

“လူတစ်ယောက် လာနေပြီ။ အခုချက်ချင်း ထွက်သွားကြစို့” ယွီကျန့်ဟိုင်က ဆိုလိုက်သည်။

ထိုနှစ်ဦးသား အလျင်အမြန် ပျံသန်းထွက်ခွာရန် ကြိုးစားသော်လည်း မကြာမီမှာပင် ထိုပုံရိပ်မှာ သူတို့၏ ရှေ့တွင် ဖျတ်ခနဲ ပေါ်လာတော့သည်။

“ငယ်ရွယ်တဲ့ မိတ်ဆွေနှစ်ယောက်... ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ”

ထိုအသံမှာ နူးညံ့သိမ်မွေ့ပြီး အပြုံးရိပ်အချို့ ပါဝင်နေသည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ ခေါင်းမော့ကြည့်လိုက်ကြ၏။

သူတို့၏ ရှေ့မှ ပုဂ္ဂိုလ်မှာ ဝတ်ရုံခြုံထားပြီး ခေါင်းစွပ်ပါ ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး မုတ်ဆိတ်ရှည်ကြီး ရှိနေ၏။ သို့သော် သူ၏ မျက်လုံးများမှာမူ တက်ကြွနေပြီး ခင်မင်စရာ ကောင်းသော အပြုံးတစ်ခုကို ဆင်မြန်းထားပေသည်။

“ချန်းပေ့... ကျုပ်တို့ကို ဘာလို့ တားဆီးတာလဲ” ယွီကျန့်ဟိုင်က မေးမြန်းလိုက်သည်။

“ငါ ဒီနေရာကို တိုက်တိုက်ဆိုင်ဆိုင် ဖြတ်လာရင်းနဲ့ မေးစရာ မေးခွန်း တစ်ခု၊ နှစ်ခုလောက်ရှိလို့ပါ”

ထိုသူက ပြောလိုက်၏။

“ဘာများလဲ”

“ဧကရာဇ် ထူဝေ့နဲ့ ဆိုးယုတ်သူတစ်ပါးတို့ ဒီနေရာမှာ ဖျက်ဆီးခြင်းတိုင်လုံးကို ဖြိုချပြီး ချောက်နက်ကြီးကို ဖန်တီးခဲ့ကြတယ်ဆိုတာ အမှန်ပဲလား” ထိုအဘိုးအိုက ပြုံးလျက် မေးမြန်းလိုက်တော့သည်။

…

All Chapters