← Chapters

အခန်း (၁၅၅၂-၁၅၅၄)

Vol. 104 Ch. 1552-1554

အခန်း (၁၅၅၂-၁၅၅၄)

Vol. 104 Ch. 1552-1554

အခန်း (၁၅၅၂) မိုးပြာဧကရာဇ် (၃)

ယွီကျန့်ဟိုင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“အဲဒါ အထွတ်အထိပ်သက်ရှိ နှစ်ဦးဆိုတာပဲ ကျုပ်တို့ သိထားပါတယ်။ ဧကရာဇ် ထူဝေ့နဲ့ ဆိုးယုတ်သူတစ်ပါး ဟုတ်မဟုတ်ဆိုတာတော့ ကျုပ်တို့ မသိပါဘူး”

“အဲဒါ ဧကရာဇ် ထူဝေ့နဲ့ ဆိုးယုတ်သူတစ်ပါး ဖြစ်ရမယ်” အဘိုးအိုက ယုံကြည်ချက်ရှိရှိ ပြောလိုက်ပြီးနောက် မေးမြန်းလိုက်ပြန်သည်။

“ဆိုးယုတ်သူတစ်ပါး ဘယ်ရောက်နေလဲဆိုတာ မင်းတို့ သိလား”

“ဆိုးယုတ်သူတစ်ပါး ဟုတ်လား” ထိုနှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

ထို့နောက် ယွီကျန့်ဟိုင်က ခေါင်းခါလျက် ဖြေလိုက်သည်။

“မသိပါဘူး”

အဘိုးအို “...”

အဘိုးအိုသည် သူ၏ရှေ့မှ လူငယ်နှစ်ဦး၏ ကျင့်ကြံမှုအခြေခံမှာ မရိုးရှင်းကြောင်း အာရုံခံမိပေသည်။ ဤမျှအဆင့်ရှိသော ကျင့်ကြံသူများအနေဖြင့် ဆိုးယုတ်သူတစ်ပါးအကြောင်းကို မကြားဖူးစရာ အကြောင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်၏။

“ဆိုးယုတ်သူတစ်ပါး ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းကျော်တုန်းက လောကကြီးကို လွှမ်းမိုးခဲ့တဲ့ ပညာရှင်ကြီးတစ်ဦးပဲ။ သူဟာ မကြုံစဖူး ပါရမီရှင် ကျင့်ကြံသူ တစ်ဦးပေါ့။ အဲဒီတုန်းက မဟာလေဟာနယ်နဲ့ တိုက်ပွဲမှာ သူ တစ်ယောက်တည်းနဲ့တင် အထွတ်အထိပ်သက်ရှိ လေးပါးကို သုတ်သင်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ကျဆုံးသွားခဲ့တာ။ အခု သူ ပြန်လည်နိုးထလာပြီး ဧကရာဇ် ထူဝေ့နဲ့ တွေ့ဆုံခဲ့ပြီလေ။ ငါ့ရဲ့ မိတ်ဆွေလေးတို့... မင်းတို့ ဒါကို တကယ်ပဲ မသိဘူးလား”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ ခေါင်းကိုသာ ခါယမ်းလိုက်ကြပြန်သည်။

“ကျုပ်တို့ မသိပါဘူး”

သူတို့ စိတ်ထဲတွင်မူ တွေးတောနေကြသည်။ ‘ရှစ်စွင်းက တကယ်ပဲ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တာလား၊ တခြားသူများလား’

အဘိုးအိုက သက်ပြင်းချလိုက်၏။ “ထားလိုက်ပါတော့။ မင်းတို့ သွားနိုင်ပါပြီ”

“ခွင့်ပြုပါဦး”

ထို့နောက် ထိုနှစ်ဦးသားသည် လျှပ်စီးပမာ အရှိန်ဖြင့် ပျံသန်းထွက်ခွာသွားကြရာ လေထဲတွင် ထူးဆန်းစွာ ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့သည်။

“ဟင်”

အဘိုးအိုသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ကာ ထိုနှစ်ဦး၏ရှေ့တွင် ပြန်လည်ပေါ်လာပြန်သည်။ ထို့နောက် ပြောလိုက်၏။ “ခဏလောက် စောင့်ကြပါဦး”

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လျက် ဆိုလိုက်သည်။

“ချန်းပေ့... ကျုပ်တို့ ဆိုးယုတ်သူတစ်ပါး ဘယ်မှာလဲဆိုတာ မသိဘူးလို့ ပြောပြီးပြီပဲ”

“မစိုးရိမ်ပါနဲ့ မိတ်ဆွေလေးတို့ရာ” အဘိုးအိုက ပြုံးလျက် ပြောလိုက်၏။

“မင်းတို့ရဲ့ ကျင့်ကြံမှုတွေက မရိုးရှင်းဘူးဆိုတာ ငါ မြင်နေရတယ်၊ ဒါကြောင့် ငါ့ကို အကြံပေးပါဦး”

“အကြံပေးရမှာလား”

အဘိုးအိုသည် ဘာမှထပ်မပြောတော့ဘဲ တောင်တစ်လုံးပမာ အင်အားပါဝင်သော သူ၏လက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခုသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ရှိရာသို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် တစ်ပြိုင်နက်တည်း အရပ်မျက်နှာခွဲ၍ ရှောင်တိမ်းလိုက်ကြသဖြင့် ထိုအလင်းတန်းကို ဘေးကင်းစွာ ကျော်လွှားနိုင်ခဲ့သည်။ ထိုအခါ အဘိုးအိုက ပြုံးလိုက်၏။ ဤတစ်ကြိမ်တွင်မူ သူသည် စိမ်းဖန့်ဖန့် အလင်းတန်း နှစ်ခုကို ထိုနှစ်ဦးထံသို့ ပစ်လွှတ်လိုက်ပြန်သည်။

ယွီကျန့်ဟိုင်က သူ၏ဓားကြီးကို ဆွဲထုတ်လိုက်သလို ယွီရှန်းရုန်ကလည်း သူ၏ဓားကို ဓားအိမ်မှ ထုတ်လိုက်သည်။

ဒုန်း ဒုန်း

ထိုနှစ်ဦးသား နောက်သို့ လွင့်စဉ်သွား၏။ အဘိုးအိုသည် ရက်ရက်စက်စက် တိုက်ခိုက်နေခြင်း မဟုတ်ဘဲ စမ်းသပ်ရုံသက်သက်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူ၏ကျင့်ကြံမှုမှာ ထိုနှစ်ဦးထက် သိသိသာသာ မြင့်မားနေသည်မှာ ထင်ရှားလှပေသည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ နှစ်ခုကွဲသွားပြီး ဘယ်နှင့်ညာသို့ ပျံသန်းသွား၏။ ပုံရိပ်နှစ်ခုသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ ရှေ့တွင် အသီးသီး ပေါ်လာပြီးနောက် လက်ဝါးစည်းတံဆိပ်များကို ဆက်တိုက် ထုတ်ဖော်တော့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ ထိုအဘိုးအိုကို မည်သို့မျှ မယှဉ်နိုင်ပေ။။

“မဟာအမှောင်ကောင်းကင်အောက်မေ့ရာ”

“ကနဦးစွမ်းအင် ပြန်လည်ရရှိခြင်း”

စွမ်းအင်ဓားများနှင့် စွမ်းအင်ဓားမော့များစွာ ကောင်းကင်ယံ၌ ပြည့်နှက်သွားပြီး စက်ဝိုင်းပုံစံ ဖြစ်ပေါ်သွားတော့သည်။

ထို့နောက် အဘိုးအို၏ ပုံရိပ်နှစ်ခုမှာ တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားပြီးနောက် အားရပါးရ ရယ်မောလိုက်၏။ “ရုပ်သိမ်းစမ်း”

ဝူး

အဘိုးအို၏ လက်စွပ်ကို တစ်ချက် ခါယမ်းလိုက်ရုံမျှဖြင့် ကောင်းကင်ယံရှိ စွမ်းအင်ဓားများနှင့် စွမ်းအင်ဓားမော့အားလုံးမှာ ချေဖျက်ခြင်း ခံလိုက်ရတော့သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ စိတ်ထဲမှ ထိတ်လန့်သွားကြရ၏။ သူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် စကားတစ်လုံးမှ မပြောတော့ဘဲ အရပ်မျက်နှာခွဲ၍ ထွက်ပြေးကြတော့သည်။ ဤသည်မှာ သူတို့ ကြုံတွေ့ဖူးသမျှထဲ အစွမ်းထက်ဆုံး ပြိုင်ဘက်ထံမှ လွတ်မြောက်ရန်အတွက် အပြတ်သားဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်ပေလိမ့်မည်။

အဘိုးအိုက ရယ်မောလျက် ပြောလိုက်သည်။

“ပြန်လာခဲ့ကြစမ်း”

ဟင်းလင်းပြင်ကြီးမှာ အေးခဲသွားတော့သည်။

“တာအိုနိယာမ စွမ်းအားလား”

ဟင်းလင်းပြင်မှာ ပုံပျက်သွားပြီး ထိုနှစ်ဦးကို နောက်သို့ ပြန်လည် ဆွဲယူလိုက်သည်။ ထူးဆန်းသော စွမ်းအင်တစ်ခုသည် ထိုနှစ်ဦး၏ ထူးကဲချီသွေးကြောရှစ်ခုအတွင်းသို့ တစ်ပြိုင်နက်တည်း စီးဝင်သွားတော့၏။

အဘိုးအိုသည် ရတနာတစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ ထိုနှစ်ဦးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ ဝမ်းသာအားရ ဖြစ်နေပြီး ပြောလိုက်၏။

“မင်းတို့နှစ်ယောက်လုံးရဲ့ ကျင့်ကြံမှုတွေက တကယ့်ကို ထူးခြားတာပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အထိ နက်ရှိုင်းတဲ့ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားတာ ရှားတယ်”

“ချန်းပေ့... ဘာကို အလိုရှိနေတာလဲ”

အဘိုးအိုသည် ထပ်မံတိုက်ခိုက်ခြင်း မပြုသလို မေးခွန်းကိုလည်း ပြန်မဖြေပေ။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ အတော်လေး ဇဝေဇဝါ ဖြစ်နေကြရသည်။

အဘိုးအိုက ပြုံးလျက် ပြောလိုက်၏။

“နှစ်ပေါင်း သောင်းနဲ့ချီတဲ့အတွင်းမှာ ငါ့မျက်စိထဲ ကျတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ မင်းတို့နှစ်ယောက်ကတော့ တကယ့်ကို ထူးခြားတယ်။ ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုဖို့ မင်းတို့ကို ငါ အခွင့်အရေး ပေးမယ်”

“ချန်းပေ့ကို ဆရာအဖြစ် အသိအမှတ်ပြုရမယ်တဲ့လား”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ တစ်ဖက်လူမှာ မိတ်ဆွေလား ရန်သူလားဆိုသည်ကို မသေချာသေးသဖြင့် သူတို့အနေဖြင့် ရန်လိုလွန်း၍ မရချေ။

နောက်ဆုံးတွင် ယွီကျန့်ဟိုင်က ပြောလိုက်၏။

“စိတ်မရှိပါနဲ့ ချန်းပေ့... ကျုပ်တို့မှာ ဆရာရှိပြီးသားပါ”

“ဒါဆိုလည်း မင်းတို့ဆရာကို သစ္စာဖောက်ပြီး ငါ့ဆီ လာခဲ့ပေါ့”

ထိုနှစ်ဦး၏ မျက်နှာပေါ်ရှိ မျှော်လင့်ချက်မဲ့နေသော အမူအရာကို မြင်သောအခါ အဘိုးအိုသည် လက်နောက်ပစ်လျက် ခံ့ညားထည်ဝါစွာ ရပ်နေပြီးနောက် လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“ငါ့နာမည်က လင်းဝေ့ယန်း”

…

အခန်း (၁၅၅၃) ကြက်သွေးရောင်ဧကရာဇ်

အဘိုးအိုသည် သူ၏အမည်ကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခေါင်းစွပ်ကို ဖယ်ရှားလိုက်ရာ သူ၏မျက်နှာမှာ ရှင်းလင်းစွာ ပေါ်ထွက်လာတော့သည်။ သူသည် ခေါင်းကို အနည်းငယ် မော့လိုက်ပြီး ကျောကိုလည်း မတ်မတ်ဆန့်လိုက်၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် တစ်ဖက်လူ၏ အစွမ်းကို မြည်းစမ်းဖူးပြီးဖြစ်ရာ ထိုသူမှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း ကောင်းကောင်း သိထားကြသည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာ ဇဝေဇဝါ ဖြစ်နေကြဆဲပင်။ လင်းဝေ့ယန်း ဆိုသည်မှာ ဘယ်သူပါနည်း။

ယွီကျန့်ဟိုင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

“ကျုပ် အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးပါဘူး”

လင်းဝေ့ယန်း “...”

လင်းဝေ့ယန်းသည် ထိုလူငယ်နှစ်ဦးကို အသေအချာ ပြန်လည်လေ့လာလိုက်သည်။ နောက်ဆုံးတွင် သူက မေးမြန်းလိုက်၏။

“မင်းတို့ရဲ့ လူကြီးသူမတွေက မင်းတို့ကို ကျင့်ကြံခြင်းလောကအကြောင်း ဘာမှ မပြောပြကြဘူးလား”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ တစ်ပြိုင်နက်တည်း ခေါင်းခါယမ်းလိုက်ကြပြန်သည်။ လင်းဝေ့ယန်း၏ မျက်ခွံများ တဆတ်ဆတ် တုန်သွားရ၏။ ထို့နောက် သူက ဆိုလိုက်သည်။

“ကျင့်ကြံခြင်းလောကမှာတော့ လူတွေက ငါ့ကို... မိုးပြာဧကရာဇ်လို့ သိထားကြတယ်”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ ထပ်မံ၍ ခေါင်းခါလိုက်ကြပြန်ကာ တညီတညွတ်တည်း ဆိုလိုက်ကြ၏။

“မကြားဖူးပါဘူး”

လင်းဝေ့ယန်း “...”

“ချန်းပေ့... ဘာပဲဖြစ်ဖြစ် ကျုပ်တို့မှာ ဆရာရှိပြီးသားဖြစ်သလို အခြေပြုတဲ့ ဂိုဏ်းလည်း ရှိပြီးသားပါ။ တစ်ရက်ဆရာသည် တစ်သက်အဖေ ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား။ အကယ်၍ ကျုပ်တို့က ဆရာနဲ့ ဂိုဏ်းကို သစ္စာဖောက်ပြီး ချန်းပေ့ကို ဆရာအဖြစ် လက်ခံမယ်ဆိုရင် နောင်တစ်ချိန်မှာ ချန်းပေ့ကိုလည်း ကျုပ်တို့ သစ္စာမဖောက်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။ ဒါကြောင့် ချန်းပေ့အနေနဲ့ ကျုပ်တို့ကို လွှတ်ပေးပြီး တခြား ပါရမီရှင်တစ်ယောက်ကိုပဲ ရှာလိုက်ပါတော့” ယွီကျန့်ဟိုင်က ပြုံးလျက် ဆိုလိုက်သည်။

လင်းဝေ့ယန်းက ခေါင်းခါလိုက်၏။

“အဲဒါတော့ မဖြစ်နိုင်ဘူး။ ငါ မျက်စိကျတဲ့သူကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ။ ဒါပေမဲ့ မင်းပြောတာကလည်း အဓိပ္ပာယ် ရှိပါတယ်။ ကိုယ်ကျင့်တရားဆိုတာ အရေးကြီးသလို ထည့်သွင်းစဉ်းစားရမဲ့ အချက်လည်း ဖြစ်တာပေါ့။ မင်းတို့က မင်းတို့ဆရာကို သစ္စာမဖောက်နိုင်ဘူးဆိုရင်တော့ ငါ အရင်ဆုံး မင်းတို့ဆရာကို သတ်ပစ်လိုက်မယ်။ ဒါဆိုရင်တော့ ငါ့ကို ဆရာအဖြစ် လက်ခံတဲ့အခါ မင်းတို့ စိတ်မသန့်ဖြစ်နေစရာ မလိုတော့ဘူးပေါ့”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန် “...”

လင်းဝေ့ယန်းသည် ထိုနှစ်ဦး၏ ထူးဆန်းသော မျက်နှာထားကို မြင်သောအခါ သူတို့ ကြောက်လန့်နေကြသည်ဟု ထင်မှတ်လိုက်၏။ ထို့ကြောင့် သူက ပြုံးလျက် မေးမြန်းလိုက်သည်။

“မင်းတို့ဆရာက ဘယ်သူလဲ”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ ချက်ချင်း ပြန်မဖြေကြပေ။ လင်းဝေ့ယန်း၏ ကျင့်ကြံမှုမှာ တကယ့်ကို နက်ရှိုင်းလှပေသည်။ သူကိုယ်သူ မိုးပြာဧကရာဇ်ဟု အမည်တပ်ထားသဖြင့် သူသည် သေချာပေါက် အထွတ်အထိပ်သက်ရှိတစ်ပါး ဖြစ်ရပေမည်။ သူ့ကို အလွယ်တကူ ရန်သူမလုပ်သင့်ကြောင်း သူတို့ သိထားကြသည်။

ဤအတွေးဖြင့် ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ကျုပ်တို့ဆရာက နာမည်မရှိတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ချန်းပေ့အနေနဲ့ သိနေဖို့ မလိုပါဘူး”

“အဲဒါတော့ မရဘူး။ သူ့ကို ဒီကို ဆင့်ခေါ်လိုက်စမ်း” လင်းဝေ့ယန်းက ဆိုလိုက်သည်။

“ကျုပ်တို့ဆရာရဲ့ ကျင့်ကြံမှုက ချန်းပေ့ထက် နိမ့်ပါးပါတယ်။ အကယ်၍ ချန်းပေ့က ကျုပ်တို့ဆရာကို သတ်လိုက်ရင် ကျုပ်တို့က ချန်းပေ့အပေါ်မှာ အငြိုးအတေးတွေပဲ ထားရှိမှာပေါ့။ အဲဒီလို လုပ်နေဖို့ကော လိုလို့လား” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“မင်းပြောတာလည်း အဓိပ္ပာယ် ရှိသားပဲ” လင်းဝေ့ယန်းက ဆိုလိုက်ပြီးနောက် ထပ်မံ ပြောလိုက်ပြန်သည်။

“ဒါဆိုလည်း ငါ သူ့ကို ကျိုးကြောင်းပြပြီး နားချရတာပေါ့။ သူ့ကို ဒီကို ဆင့်ခေါ်လိုက်စမ်း”

“ကျုပ်တို့ဆရာက အမည်မသိကုန်းမြေမှာ မရှိပါဘူး” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ဒါက ပြဿနာ မဟုတ်ဘူး။ ငါ မင်းတို့နဲ့အတူ လိုက်ခဲ့ပြီး သူ့ကို တွေ့ရတာပေါ့” လင်းဝေ့ယန်းက ဆိုသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ အခြေအနေ မဟန်တော့ကြောင်း ခံစားလိုက်ရသည်။ တစ်ဖက်လူမှာ ကိုင်တွယ်ရ ခက်ခဲလှသလို တကယ့်ကို စိတ်အနှောင့်အယှက် ပေးတတ်သူလည်း ဖြစ်နေပေသည်။

ယွီကျန့်ဟိုင် သက်ပြင်းချလိုက်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်၏။

“အမှန်အတိုင်း ပြောရရင် ကျုပ်တို့ဆရာ ပျောက်ဆုံးနေတာ အတော်ကြာပါပြီ။ ကျုပ်တို့နှစ်ယောက်လည်း သူ့ကို လိုက်ရှာနေကြတာပါ”

လင်းဝေ့ယန်း အနည်းငယ် မျက်မှောင်ကျုံ့လိုက်မိသည်။ ယွီကျန့်ဟိုင်သည် လင်းဝေ့ယန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ စိတ်အနည်းငယ် အေးသွားရ၏။ သူက ပြောလိုက်သည်။

“အကယ်၍ ချန်းပေ့မှာ အချိန်ရှိမယ်ဆိုရင် ကျုပ်တို့နဲ့အတူ ဆရာ့ကို လိုက်ရှာပေးပါလား”

ယွီကျန့်ဟိုင်၏ အမြင်အရ လင်းဝေ့ယန်းကဲ့သို့သော ပညာရှင်ကြီးတစ်ဦးသည် ဤကဲ့သို့သော ကိစ္စမျိုးအတွက် အချိန်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ မျှော်လင့်ထားသည့်အတိုင်းပင် မိုးပြာဧကရာဇ် လင်းဝေ့ယန်းမှာ တုံ့ဆိုင်းသွားပြီး အတွေးနက်သွားတော့သည်။ ခဏအကြာတွင် သူက နှမြောတသသော မျက်နှာထားဖြင့် ပြောလိုက်၏။

“ငါ့မှာ အချိန်အများကြီး မရှိဘူး ထင်တယ်။ ငါလည်း လူတစ်ယောက်ကို လိုက်ရှာနေရတာမို့လို့”

“ချန်းပေ့က ဘယ်သူ့ကို ရှာနေတာလဲ။ ကျုပ်တို့များ ကူညီပေးနိုင်မလား” ယွီကျန့်ဟိုင်က မေးမြန်းလိုက်သည်။

လင်းဝေ့ယန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သူ ရှာနေသည့်သူမှာ လျှို့ဝှက်ချက် မဟုတ်သဖြင့် သူက ဆိုလိုက်သည်။

“ဆိုးယုတ်သူတစ်ပါးကို ရှာနေတာ”

'ဒါ သူ စောစောက ပြောခဲ့တဲ့သူပဲ မဟုတ်လား တကယ့်ကို ကြောက်စရာကောင်းတဲ့ ဘွဲ့အမည်ပါလား...'

ထိုနှစ်ဦး စိတ်ထဲမှ တွေးလိုက်မိကြသည်။ သူတို့နှစ်ဦးမှာ ခေါင်းခါယမ်းလိုက်ကြသည်။

“ကျုပ်တို့ သူ့အကြောင်း မကြားဖူးပါဘူး”

လင်းဝေ့ယန်းသည် ထိုနှစ်ဦး၏ မျက်နှာကို ဖျတ်ခနဲ ရိုက်ချင်စိတ်များ ပေါက်သွားသဖြင့် သူ၏မျက်ခွံများမှာ ပြင်းထန်စွာ တုန်ခါနေတော့သည်။ သို့သော်လည်း ပြန်လည် စဉ်းစားကြည့်သောအခါ ဆိုးယုတ်သူတစ်ပါး၏ ခေတ်ကာလမှာ ကုန်လွန်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ ဆိုးယုတ်သူတစ်ပါးမှာ ကျော်ကြားလှသော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ့အကြောင်းကို သိရှိသူ နည်းပါးလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မဟာလေဟာနယ်ကလည်း ဆိုးယုတ်သူတစ်ပါးအား တားမြစ်ထားသော အကြောင်းအရာတစ်ခုအဖြစ် သတ်မှတ်ထားသဖြင့် မည်သူမျှ ထုတ်မပြောရဲကြပါချေ။ မျိုးဆက်သစ် လူငယ်များ ဆိုးယုတ်သူတစ်ပါးအကြောင်းကို မသိရှိခြင်းမှာ မဆန်းလှပေ။

နောက်ဆုံးတွင် လင်းဝေ့ယန်းသည် စိတ်ကို ပြန်လည် ထိန်းသိမ်းလိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ ထိုအချိန်တွင် ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ပြီးနောက် ဆိုလိုက်သည်။

“ချန်းပေ့မှာ အချိန်မရှိဘူးဆိုမှတော့ ကျုပ်တို့ ခွင့်ပြုပါဦး”

အကယ်၍ သူတို့ ယခုအချိန်တွင် ထွက်မသွားပါက မည်သည့်အချိန်တွင် ထွက်သွားနိုင်မည်ကို မည်သူ သိပါ့မည်နည်း။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့မှာ အတော်လေး ကံကောင်းလှပေသည်။ အကယ်၍သာ မဟာလေဟာနယ် သို့မဟုတ် မဟာအသူရာမြေမှ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့ပါက အခြေအနေမှာ ဆိုးရွားသွားနိုင်ပေသည်။

“နေဦး” လင်းဝေ့ယန်းက လေးနက်စွာ ပြောလိုက်၏။

ထိုစကားကြောင့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ လှုပ်ရှားမှုများ ရပ်တန့်သွားကြရသည်။

“မင်းတို့ သွားနိုင်တယ်။ ဒါပေမဲ့ ငါ မင်းတို့အပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့ရမယ်”

“အမှတ်အသား ဟုတ်လား”

“ငါ အချိန်ရတဲ့အခါ မင်းတို့ကို လာရှာမယ်။ မင်းတို့ဆရာ ငါနဲ့ တွေ့တဲ့အခါ သူ ငြင်းဆန်မှာ မဟုတ်တဲ့အပြင် ငါ့ကိုတောင် ဝမ်းသာအားရ လက်ခံလိမ့်မယ်” လင်းဝေ့ယန်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

ထို့နောက် လင်းဝေ့ယန်းသည် ရေစက်ကလေးများနှင့် တူသော စိမ်းဖန့်ဖန့် အလင်းလုံး နှစ်လုံးကို ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ထံသို့ လျှပ်စီးပမာ အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။ ၎င်းတို့သည် ထိုနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် သူတို့၏ ကနဦးစွမ်းအင်များကို လှုံ့ဆော်လျက် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာကို မခံစားရပါချေ။ သူတို့ သဘာဝကျစွာပင် စိတ်မအေး ဖြစ်နေကြရသည်။ သူတို့သည် ထိုအမှတ်အသားကို အတင်းအကျပ် ထုတ်ပစ်ရန် ကနဦးစွမ်းအင်များကို ထပ်မံ အသုံးပြုကြည့်သော်လည်း ဘာမှ ထူးခြားမလာခဲ့ပေ။

လင်းဝေ့ယန်းက ပြုံးလျက် ပြောလိုက်၏။

“အင်အားတွေ ဖြုန်းမနေပါနဲ့တော့။ အကယ်၍ မင်းတို့သာ ဒါကို ဖျက်နိုင်မယ်ဆိုရင် ငါ့အတွက် တကယ်ကို အရှက်ရစရာ ဖြစ်သွားမှာပေါ့”

လင်းဝေ့ယန်းက ဆက်ပြောလိုက်သည်။

“ငါ ဆိုးယုတ်သူတစ်ပါးကို တွေ့ပြီးရင် မင်းတို့ကို လာရှာမယ်။ အဲဒီအချိန်ကျရင် မင်းတို့ဆရာနဲ့ ငါ စကားပြောရတာပေါ့။ ငါ့ကို ကြိုဆိုဖို့ အဆင်သင့်ပြင်ထားဖို့ သူ့ကို ပြောလိုက်။ မှတ်ထား... ငါ့နာမည်က လင်းဝေ့ယန်း တဲ့”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် လင်းဝေ့ယန်းသည် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုနှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်ပျက်သွားကြရ၏။

“ဒုက္ခပဲ” ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လျက် ဆိုလိုက်သည်။

“ငါတို့ အမှတ်အသား အလုပ်ခံလိုက်ရပြီ။ အကယ်၍ ငါတို့ သင်းပျံ့တောင်ကြားကို ပြန်သွားရင် လူတိုင်းရဲ့ တည်နေရာကို ဖော်ပြလိုက်သလို ဖြစ်မသွားဘူးလား”

ယွီရှန်းရုန်ကလည်း မည်သည့်အမူအရာမျှ မပြဘဲ ခေါင်းညိတ်လိုက်၏။

“အဲဒီ အဘိုးကြီးက မရိုးရှင်းဘူး။ သူက ဆိုးယုတ်သူတစ်ပါးဆိုသူကို လိုက်ရှာရဲတာဆိုမှတော့ သူ့ရဲ့ ကျင့်ကြံမှုကလည်း မနိမ့်နိုင်ဘူး။ ကျုပ်တို့ရဲ့ ခွန်အားနဲ့တော့ ဒီအမှတ်အသားကို ဖျက်နိုင်မှာ မဟုတ်ဘူး”

“ဒါဆို ကျုပ်တို့ အခု ဘာလုပ်ကြမလဲ” ယွီကျန့်ဟိုင်က မေးမြန်းလိုက်သည်။

“သင်းပျံ့တောင်ကြားကိုတော့ သေချာပေါက် ပြန်လို့ မဖြစ်ဘူး။ ကျန်တဲ့သူတွေနဲ့ ဆက်သွယ်ဖို့ အဆောင်တွေကိုပဲ သုံးရတော့မယ်။ ရှစ်စွင်းကို ရှာတွေ့မှပဲ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့”

ယွီရှန်းရုန်က ပြောလိုက်၏။

“ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ” ဟု ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။

ထိုနှစ်ဦးသား ကောင်းကင်ယံရှိ ထူထပ်လှသော မြူခိုးများကို ကြည့်လိုက်ပြီးနောက် ချောက်နက်ကြီးကို ထပ်မံ ကြည့်လိုက်ကြပြန်သည်။

ယွီကျန့်ဟိုင်က ရုတ်တရက် မေးမြန်းလိုက်၏။

“အဲဒီ အဘိုးကြီးက ဘာလို့ ငါတို့ကို တပည့်အဖြစ် လက်ခံချင်နေရတာလဲ”

ယွီရှန်းရုန်က ဆိုလိုက်သည်။

“အစောပိုင်းက တိုက်ခိုက်မှုတွေအတွင်းမှာ ကျွန်တော့်ရဲ့ ထူးကဲချီသွေးကြောရှစ်ခုထဲမှာ ထူးဆန်းတဲ့ စွမ်းအင်တွေ စီးဆင်းနေတာကို ကျွန်တော် ခံစားခဲ့ရတယ်။ ကျွန်တော် မမှားဘူးဆိုရင်တော့ သူ ကျုပ်တို့ရဲ့ မဟာလေဟာနယ်မျိုးစေ့တွေ တည်ရှိနေတာကို အာရုံခံမိသွားတာ ဖြစ်ရမယ်”

ယွီကျန့်ဟိုင် မျက်မှောင်ကျုံ့လျက် သက်ပြင်းချလိုက်မိ၏။

“ဒီနေ့တော့ ငါတို့နှစ်ယောက်လုံး ကံမကောင်းဘူးလို့ပဲ ဆိုရမှာပေါ့”

“အဲဒီလောက်ကြီးတော့လည်း မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ ကျုပ်တို့ကို သတ်ချင်တဲ့ ဆန္ဒ မရှိဘူးလေ။ လောလောဆယ်တော့ သူက ရန်သူ မဟုတ်သေးဘူးပေါ့။ အကယ်၍ ကျုပ်တို့သာ မဟာလေဟာနယ်က လူတွေနဲ့ တွေ့ခဲ့ရင်တော့ သူတို့ ကျုပ်တို့ကို အတင်းအကျပ် ခေါ်သွားကြမှာ သေချာတယ်” ယွီရှန်းရုန်က ဆိုလိုက်သည်။

“အို” ယွီကျန့်ဟိုင် နောက်သို့ လှည့်ကာ ယွီရှန်းရုန်ကို အကဲခတ်သလို ကြည့်လိုက်ပြီးမှ ပြောလိုက်၏။

“အာ့ရှစ်တိ... မင်း ဘယ်တုန်းက လောင်ချီဆီကနေ သင်ယူလိုက်တာလဲ။ မင်းရဲ့ သုံးသပ်ချက်က တကယ့်ကို ကျိုးကြောင်းဆင်ခြင်ဉာဏ် ရှိတာပဲ”

ယွီရှန်းရုန်က ခပ်အေးအေးပင် ပြုံးလိုက်၏။

“ကျွန်တော်က ငတုံး မဟုတ်ဘူး။ ဦးနှောက်သုံးရမှာ ပျင်းနေရုံပဲ”

“စကားတွေကို ထားလိုက်ပါတော့။ ငါတို့ ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရမယ်။ အကယ်၍ မဟာလေဟာနယ်က လူတစ်ယောက်ယောက် လာခဲ့ရင်တော့ ထွက်ပြေးဖို့ ခက်လိမ့်မယ်”

ယွီကျန့်ဟိုင်က ဆိုကာ ပျံသန်းထွက်ခွာသွားတော့သည်။ ယွီရှန်းရုန်ကလည်း နောက်မှ လိုက်ပါသွား၏။

ထိုနှစ်ဦးသားသည် သင်္ကေတလမ်းကြောင်းနှင့် မိုင် ၁၀၀ ခန့် ဝေးကွာသော တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ထို့နောက် သူတို့သည် အဆောင်ကို အသုံးပြုကာ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို သွင့်ကျန်းတွင် မြင်တွေ့ခဲ့ရ၊ ကြားခဲ့ရသမျှနှင့် ကြုံတွေ့ခဲ့ရသမျှကို အသိပေးလိုက်ကြတော့သည်။

ပြောနေစရာပင် မလိုတော့ပေ။ လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြရ၏။ ဆောင်းဦးနှင်းစက်တောင်မှ တပည့်များသာမက ချန်ဖုပင်လျှင် မှင်တက်သွားရတော့သည်။ ချန်ဖုသည် စိုးရိမ်မကင်းဖြစ်သဖြင့် အခြေအနေကို စုံစမ်းရန် သူ၏တပည့်အချို့ကို အနောက်မြို့တော်သို့ စေလွှတ်လိုက်သည်။ ချန်ဖု၏တပည့်ဖြစ်သူ လျိုကျန့်မှာမူ ဤအကြောင်းကို ကြားလိုက်ရသောအခါ မေ့လဲသွားတော့သည်။ ဘာပဲဖြစ်ဖြစ် တာ့ဟန်မှာ သူ၏ အမိမြေ မဟုတ်ပါလော။ ယခုအခါ ကျင့်ကြံခြင်းလောက၏ ရုန်းရင်းဆန်ခတ်မှုများက သာမန်လူသားလောကသို့ ကူးစက်သွားပြီဖြစ်ရာ ၎င်းမှာ သေချာပေါက် ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်ပေတော့မည်။

ကျိမင်၏ ဖျက်ဆီးခြင်းတိုင်လုံး၏ အရှေ့ဘက် မိုင် ၁၀၀ ခန့်အကွာ ကောင်းကင်ယံတွင် လင်းဝေ့ယန်း ပေါ်လာသည်။ သူသည် ကျိမင်၏ ဖျက်ဆီးခြင်းတိုင်လုံးနှင့် ကောင်းကင်ယံသို့ ထိုးတက်နေသော ရေခဲဧကရာဇ်ကို ကြည့်လိုက်၏။ သူက မနေနိုင်ဘဲ ခေါင်းခါလျက် ဆိုလိုက်သည်။

“ကြက်သွေးရောင်ဧကရာဇ်… မင်းကတော့ ငါသိသမျှထဲမှာ တကယ့်ကို ရက်စက်တဲ့ အဖေတစ်ယောက်ပဲ”

လင်းဝေ့ယန်း၏ စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကြက်သွေးရောင် ဝတ်ရုံကို ဆင်မြန်းထားသော ခံ့ညားထည်ဝါသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်လာသည်။ သူ၏ ပုံရိပ်မှာ တကယ့်ကို ယဉ်ကျေးသိမ်မွေ့လှပေ၏။ သူ၏ မျက်နှာမှာ နီမြန်းနေပြီး မျက်လုံးများမှာလည်း စူးရှလှပေသည်။ သူသည် လက်နောက်ပစ်လျက် ရပ်နေကာ ပြောလိုက်၏။

“ငါ့ရဲ့ မိသားစုကိစ္စကို ဝေဖန်ဖို့ဆိုတာ မင်းရဲ့ အလုပ် မဟုတ်ဘူး ထင်တယ်”

လင်းဝေ့ယန်းသည် ထိုဝတ်ရုံနီနှင့် အမျိုးသားကို ကြည့်ကာ မေးမြန်းလိုက်၏။

“မင်းက ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ”

ကြက်သွေးရောင်ဧကရာဇ်က ပြန်မဖြေဘဲ မေးခွန်းတစ်ခုကိုသာ ပြန်လည် မေးမြန်းလိုက်သည်။

“မင်း သူ့ကို တွေ့ခဲ့ပြီလား”

…

အခန်း (၁၅၅၄) အမှန်တရား ပေါ်ပေါက်လာခြင်း (၁)

မိုးပြာဧကရာဇ် လင်းဝေ့ယန်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် ပြောလိုက်သည်။

“သွင့်ကျန်းမှာတော့ ငါ ဘာမှ ရှာမတွေ့ခဲ့ဘူး”

ကြက်သွေးရောင်ဧကရာဇ်က ပြောလိုက်သည်။

“မဟာဧကရာဇ် ထူဝေ့ သေဆုံးသွားပြီဆိုတာကိုတော့ ငါ အတည်ပြုချက် ရထားပြီးပြီ”

လင်းဝေ့ယန်းက ဆက်ပြောလိုက်သည်။

“အဲဒီတုန်းက တိုက်ပွဲမှာ လူတိုင်းက သူ သေပြီလို့ ထင်ခဲ့ကြတာ။ အဲဒီအချိန်မှာ သူ ပြန်လာမယ်လို့ ပြောခဲ့ပေမဲ့ တကယ်ကြီး ပြန်လာလိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး”

ကြက်သွေးရောင်ဧကရာဇ်သည် လင်းဝေ့ယန်း၏ ဘေးတွင် ရပ်နေရင်း ပိုးစာမင်းသမီး ဖန်တီးထားသည့် ကောင်းကင်သို့ ထိုးတက်နေသော ရေခဲအရံအတားကြီးကို ငေးကြည့်ကာ ပြောလိုက်သည်။

“ဖြစ်နိုင်တာက... သူဟာ မိုးမြေရဲ့ ချုပ်နှောင်မှုတွေကို ဖောက်ထွက်နိုင်မဲ့ နည်းလမ်းကို တကယ်ပဲ ရှာတွေ့ခဲ့တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို မယုံကြည်ခဲ့ကြဘူးလေ”

မိုးပြာဧကရာဇ် လင်းဝေ့ယန်းက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။

“ဘယ်သူမှ မယုံတာ မဟုတ်ပါဘူး။ သူတို့က မယုံချင်ယောင် ဆောင်နေကြတာပါ”

ကြက်သွေးရောင်ဧကရာဇ်က လင်းဝေ့ယန်းကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

“မင်းက သူ့ဘက်ကနေ ကာကွယ်ပြောပေးနေတာလား”

လင်းဝေ့ယန်းက ပြန်ဖြေလိုက်သည်။

“ငါက အမှန်တရားကိုပဲ ပြောတာ”

ကြက်သွေးရောင်ဧကရာဇ်က ထိုကိစ္စကို ဆက်လက်၍ အငြင်းမပွားတော့ဘဲ ပြောလိုက်သည်။

“ဧကရာဇ် ထူဝေ့ဟာ နတ်ဧကရာဇ် အသစ်တစ်ပါး ဖြစ်ပေမဲ့ သူ့ ခွန်အားကတော့ အတိုင်းအဆ မရှိဘူး။ သူ့မှာ သန့်စင်သောအမွေအနှစ်ပစ္စည်း ဝိညာဉ်ရှာခေါင်းလောင်းလည်း ရှိသေးတာပဲ။ သူ့ကို သတ်နိုင်ခဲ့တယ်ဆိုကတည်းက ဒီနှစ်တွေအတွင်းမှာ သူ၏ ကျင့်ကြံမှုတွေက ကျဆင်းသွားတာ မရှိဘူးဆိုတာ ထင်ရှားနေတာပဲ”

လင်းဝေ့ယန်းက ဆိုလိုက်သည်။

“အဲဒီလို ပြောလို့ရပေမဲ့ သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူး ဖြစ်နေတယ်။ ထူဝေ့နဲ့ တိုက်ခဲ့ရတာက သူ့အတွက်လည်း မလွယ်ကူလှဘူး။ သူ တစ်နေရာရာမှာ ပုန်းအောင်းပြီး ဒဏ်ရာကုသနေတယ်လို့ ငါ သံသယရှိမိတယ်”

ကြက်သွေးရောင်ဧကရာဇ်က မေးမြန်းလိုက်သည်။

“သူ့ကို ရှာတွေ့ဖို့က ဘယ်လောက်အထိ ခက်ခဲမှာမို့လို့လဲ”

ထို့နောက်တွင်မူ ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြတော့သည်။

လင်းဝေ့ယန်းသည် ထိုအကြောင်းအရာကို ဆက်လက် မဆွေးနွေးတော့ဘဲ ပိုးစာမင်းသမီး ရှိရာဘက်သို့ လက်ညှိုးညွှန်ပြကာ မေးလိုက်သည်။

“မင်း သူ့ကို တကယ်ပဲ မမေးချင်ဘူးလား။ ဆိုးယုတ်သူတစ်ပါးက ဖျက်ဆီးခြင်းတိုင်လုံးတွေဆီကို ရောက်ခဲ့လိမ့်မယ်လို့ ငါ ယုံတယ်”

ကြက်သွေးရောင်ဧကရာဇ်မှာ တုံ့ဆိုင်းနေဆဲပင်။ လင်းဝေ့ယန်းက ပြောလိုက်သည်။

“မတွန့်ဆုတ်နေပါနဲ့တော့” ထိုသို့ပြောပြီး ရေခဲတိုင်ကြီးသဖွယ် ရှိနေသော ကာကွယ်ရေးအရံအတားဆီသို့ ပျံသန်းသွားတော့သည်။ ကြက်သွေးရောင်ဧကရာဇ်မှာလည်း သက်ပြင်းရှည်ကြီး ချလျက် နောက်မှ လိုက်ပါသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှစ်ဦးမှာ ရေကန်အနီးသို့ ရောက်ရှိလာကြသည်။ လင်းဝေ့ယန်းက ပြုံးလျက် လှမ်းခေါ်လိုက်သည်။

“ကလေးမလေး… ဘာလို့ ထွက်မလာတာလဲ”

လင်းဝေ့ယန်း၏ စကား ဆုံးသည်နှင့် တစ်ပြိုင်နက် ပိုးစာမင်းသမီးသည် ရေခဲအရံအတား၏ ထိပ်ဖျားတွင် ပေါ်လာတော့သည်။ သူမသည် မိုးပြာဧကရာဇ် လင်းဝေ့ယန်းကို မြင်သောအခါ မျက်လုံးများတွင် ဝမ်းသာရိပ်အချို့ ဖြတ်ပြေးသွားသော်လည်း လင်းဝေ့ယန်း၏ ဘေးတွင် ရပ်နေသော ကြက်သွေးရောင်ဧကရာဇ်ကို မြင်လိုက်ရသောအခါတွင်မူ စိတ်ဆိုးမာန်ဆိုးဖြင့် ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားတော့သည်။ သူမသည် ဘာကိုမျှ မမြင်သလို၊ မကြားသလိုပင် ဟန်ဆောင်နေတော့၏။

လင်းဝေ့ယန်းနှင့် ကြက်သွေးရောင်ဧကရာဇ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် လင်းဝေ့ယန်းက ပြောလိုက်သည်။

“ထားလိုက်ပါတော့။ မင်း ထွက်သွားလိုက်တာ ပိုကောင်းမယ်”

ကြက်သွေးရောင်ဧကရာဇ်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ လင်းဝေ့ယန်းက ကြက်သွေးရောင်ဧကရာဇ်ကို ထွက်သွားရန် လက်ဝေ့ယမ်း ပြလိုက်ရင်း ပြောလိုက်သည်။

“ဒီမှာ ရပ်မနေပါနဲ့တော့။ မဟုတ်ရင် သူ ထွက်လာမှာ မဟုတ်ဘူး”

ကြက်သွေးရောင်ဧကရာဇ်က နှာခေါင်းရှုံ့လျက် ရေခဲအရံအတားကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“သစ္စာမရှိတဲ့ သမီး”

ထို့နောက် သူသည် ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ လင်းဝေ့ယန်းအနေဖြင့် ထိုသားအဖကြားရှိ ပြဿနာကို ဝင်မပါလိုတော့ချေ။ ကြက်သွေးရောင်ဧကရာဇ် ထွက်သွားပြီးနောက် သူက ထပ်မံ ပြောလိုက်သည်။

“ကလေးမလေး... အခု ထွက်လာလို့ ရပြီ”

ပိုးစာမင်းသမီးသည် လင်းဝေ့ယန်း၏ ရှေ့တွင် ဖျတ်ခနဲ ပေါ်လာပြီး ပြုံးလျက် မေးမြန်းလိုက်သည်။

“အဘိုးဝေ့ယန်း... ဘာလို့ ဒီကို ရောက်လာတာလဲ”

ပိုးစာမင်းသမီးက သူ့ကို အဘိုးဟု ခေါ်လိုက်သဖြင့် လင်းဝေ့ယန်းမှာ မျက်လုံးများ မှေးသွားသည်အထိ ပြုံးပျော်သွားတော့သည်။

“မြေးလေးကို လာတွေ့တာပေါ့”

ပိုးစာမင်းသမီးက ဝမ်းသာအားရ ပြောလိုက်သည်။

“ဒါဆိုလည်း မကြာမကြာ လာလည်ဦးလေ။ ဒါမှမဟုတ် ကျွန်မနဲ့အတူ ဒီမှာပဲ နေလိုက်ပါလား။ ကျွန်မ တစ်ယောက်တည်းဆိုတော့ အရမ်း ပျင်းဖို့ ကောင်းတာ။ ဒီကို ဘယ်သူမှ မလာကြတာ တော်တော်တောင် ကြာနေပြီ”

လင်းဝေ့ယန်းက ဆိုလိုက်သည်။

“ငါ မြေးလေးကို အရေးကြီးတဲ့ ကိစ္စတစ်ခု မေးချင်လို့ပါ။ မကြာသေးခင်က ကျိမင်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီကို ထူးခြားတဲ့သူ တစ်ယောက်ယောက် လာခဲ့သေးလား”

ပိုးစာမင်းသမီးက ပထမတွင် ခေါင်းခါပြသော်လည်း နောက်မှ ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။ လင်းဝေ့ယန်း အလွန်ပင် ဝမ်းသာသွားပြီး အလျင်အမြန် မေးမြန်းလိုက်သည်။

“ဘယ်သူလဲ။ သူ အခု ဘယ်မှာလဲ”

ပိုးစာမင်းသမီးက ပြန်ပြောလိုက်သည်။

“အဲဒီလူက တကယ့်ကို သတ္တိရှိတာ။ ကျွန်မကို လုံးဝ မကြောက်ဘူး။ သူနဲ့အတူ လူအုပ်ကြီးကို ခေါ်လာပြီးတော့ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုဝင်တွေနဲ့ အကြာကြီး တိုက်ခိုက်ခဲ့တာ။ သူက အဲဒီမျိုးနွယ်စုရဲ့ သူတော်စင်ကို သတ်ဖို့အတွက် တော်တော်လေး အားစိုက်ခဲ့ရတယ်လေ”

လင်းဝေ့ယန်း စိတ်ထဲမှ တွေးလိုက်မိသည်။ 'ဒါ ဆိုးယုတ်သူတစ်ပါး မဖြစ်နိုင်ဘူး' ဘာပဲဖြစ်ဖြစ် ဆိုးယုတ်သူတစ်ပါးအနေဖြင့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စု တစ်ခုလုံးကို နှိမ်နင်းရန်မှာ လက်ညှိုးတစ်ချက် ဝေ့လိုက်ရုံမျှသာ လိုအပ်သည် မဟုတ်ပါလော။

ပိုးစာမင်းသမီးက ပြုံးလျက် ဆက်ပြောလိုက်သည်။

“အဲဒီလူက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာ။ ကျွန်မကို အကူအညီတောင်းဖို့ ပြောတာတောင် သူက လုံးဝ မတောင်းဘူး။ သူက အဘိုးထက်တောင် ပိုပြီး ခေါင်းမာသေးတယ်”

လင်းဝေ့ယန်းက ရယ်မောလျက် ချစ်စနိုးဖြင့် ဆူလိုက်သည်။

“ရိုင်းလှချည်လား”

ထို့နောက် သူက ထပ်မံ မေးမြန်းလိုက်သည်။

“သူ့ဆီမှာ ဘာတွေများ ထူးခြားတာ ရှိလို့လဲ”

ပိုးစာမင်းသမီးက ပြောလိုက်သည်။

“သူလား။ သူ့ရဲ့ တပည့်က ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတာလေ”

သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် လင်းဝေ့ယန်း၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အဘိုးဝေ့ယန်း... သူ့ တပည့်မှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေတယ်လို့ ကျွန်မ သံသယရှိမိတယ်”

လင်းဝေ့ယန်း၏ မျက်နှာမှာ လေးနက်သွားပြီး မေးလိုက်သည်။

“တကယ်လား”

ပိုးစာမင်းသမီးက ရယ်လျက် ပြန်ဖြေလိုက်သည်။

“ကျွန်မ ခန့်မှန်းကြည့်တာပါပဲ”

၎င်းမှာ ခန့်မှန်းချက်မျှသာ ဖြစ်သော်လည်း လင်းဝေ့ယန်းအတွက်မူ တကယ့်ကို တန်ဖိုးရှိလှသော သတင်းအချက်အလက်ပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ပြန်လည် မြင်ယောင်လာခဲ့သည်။ သူတို့နှစ်ဦးထံတွင် မဟာလေဟာနယ်မျိုးစေ့များ ရှိနေသည်ဟု သူ၏ ဗီဇက အသိပေးနေသဖြင့် သူတို့နှစ်ဦးကို သူ သဘောကျခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်ဦးမှာ ပိုးစာမင်းသမီး ပြောနေသည့် လူနှင့် ပတ်သက်နေမလားဟု သူ တွေးတောနေမိတော့သည်။

ချောက်နက်ကြီးအတွင်းတွင် ဖြစ်သည်။

ဂျွတ်

ကြည်လင်ပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရချိန်တွင် လုကျိုးသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ၂၆ ခုမြောက် မွေးဖွားဇယားချပ်မှာ အောင်မြင်စွာ အသက်ဝင်သွားခဲ့ပြီ ဖြစ်သည်။ ဖြစ်စဉ်မှာ သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမို ချောမွေ့ခဲ့ပေသည်။

“ကမ္ဘာမြေရဲ့ စွမ်းအားတွေက တကယ်ပဲ အံ့ဖွယ် အာနိသင် ရှိတာပဲ” လုကျိုးက ဝမ်းသာအားရ ဆိုလိုက်သည်။

သို့သော်လည်း သူသည် မကြာမီမှာပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်လိုက်ရပြန်၏။ သူ၏ မွေးဖွားစမ်းသပ်ချက်ကို မည်သည့်နေရာတွင် ကျော်ဖြတ်ရမည်နည်း။ ယခုအခါ သူ့၌ မွေးဖွားဇယားချပ် ၂၆ ခု ရှိနေပြီဖြစ်ရာ နောက်ထပ် ဇယားချပ် လေးခုကို ထပ်မံ အသက်သွင်းပြီးနောက်တွင်မူ မွေးဖွားခြင်းစမ်းသပ်ချက်ကို ထပ်မံ ကျော်ဖြတ်ရပေဦးမည်။ အကယ်၍ သူ ဤနေရာမှ ထွက်မသွားနိုင်ပါက မည်သို့ ကျော်ဖြတ်နိုင်မည်နည်း။

ခေတ္တမျှ ကြာပြီးနောက် လုကျိုးသည် ချောက်နက်အတွင်းမှ ပျံထွက်ရန် ကြိုးစားကြည့်သော်လည်း နောက်ဆုံးတွင် ကမ္ဘာမြေ၏ စွမ်းအားများကြောင့်ပင် တားဆီးခံလိုက်ရပြီး မထွက်နိုင်ခဲ့ပေ။

သူသည် မူလနေရာသို့ ပြန်လာခဲ့ပြီး အထက်သို့ မော့ကြည့်လိုက်၏။ အမှန်စင်စစ် ဤနေရာတွင် ကျင့်ကြံရသည်မှာ မဆိုးပေ။ သူ စိုးရိမ်နေသည့်တစ်ခုတည်းသောအရာမှာ သူ၏ တပည့်များပင် ဖြစ်သည်။ သူ ပြန်မလာသည်မှာ အတော်ကြာလှပြီဖြစ်ရာ သူတို့ မည်သို့ ရှိနေကြမည်နည်းဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။

လုကျိုးသည် အမြင်အာရုံစွမ်းအားကို အသုံးပြုကာ သူ၏ တပည့်များကို ကြည့်ရှုလိုက်သည်။ သူ၏ တပည့်များသည် သင်းပျံ့တောင်ကြားအတွင်း၌ လိမ်လိမ်မာမာဖြင့် ကျင့်ကြံနေကြသည်ကို သူ မြင်တွေ့ရ၏။ သို့သော် သူ၏ အကြီးဆုံးတပည့် နှစ်ဦးမှာ ထိုနေရာတွင် မရှိသည်ကို တွေ့လိုက်ရသောအခါ သူ သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဆိုစေ သူတို့၏ ကျင့်ကြံမှုမှာ မနိမ့်လှသဖြင့် သူ စိတ်အနည်းငယ် အေးသွားရ၏။

အမြင်အာရုံစွမ်းအားကို ရုပ်သိမ်းလိုက်ပြီးနောက် လုကျိုးသည် သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ကျယ်ပြန့်ကောင်းကင်အိတ်အတွင်းမှ အသက်ဓာတ်နှလုံးသား တစ်ခုကို ထုတ်ယူကာ နောက်ထပ် မွေးဖွားဇယားချပ်တစ်ခုကို ထပ်မံ၍ အသက်သွင်းလိုက်တော့သည်။

…

All Chapters