← Chapters

အခန်း (၁၅၅၅-၁၅၅၇)

Vol. 104 Ch. 1555-1557

အခန်း (၁၅၅၅-၁၅၅၇)

Vol. 104 Ch. 1555-1557

အခန်း (၁၅၅၅) အမှန်တရား ပေါ်ပေါက်လာခြင်း (၂)

လုကျိုးက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အတွက် ခြောက်ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးရင် မွေးဖွားစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ လိုအပ်ဦးမလား”

ယခင်က အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ မွေးဖွားနန်းဆောင်အတွင်းသို့ အသက်ဓာတ်နှလုံးသားကို ထည့်သွင်းစဉ်က ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့် နှိုင်းယှဉ်လျှင် နာကျင်မှုမှာ များစွာမရှိခဲ့ပေ။ ၎င်းမှာ ရှောင်ယွမ်အာ၏ အခြေအနေနှင့် အနည်းငယ် ဆင်တူနေပေသည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှာ အရောင်အမျိုးမျိုး ပြောင်းလဲနိုင်သဖြင့် လွတ်လပ်သော စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုဟု သတ်မှတ်နိုင်သည်။ လက်ရှိတွင် ရွှေရောင်ကိုယ်ထည်ပေါ်၌ အပြာရောင်လျှပ်စီးတန်းများ ဝင်းလက်နေပြီး ၎င်း၏ အင်္ဂါအစိတ်အပိုင်းများကို သီးခြားခွဲထုတ်၍ အသုံးပြုနိုင်ပေသည်။

ယခုတစ်ကြိမ်တွင်လည်း အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ မွေးဖွားနန်းဆောင်အတွင်းသို့ အသက်ဓာတ်နှလုံးသားကို မြှုပ်နှံလိုက်စဉ် နာကျင်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဤအချက်မှာ ရှောင်ယွမ်အာထက်ပင် ပိုမိုသာလွန်နေပြီး ကောင်းကင်ဘုံကို အန်တုနိုင်လောက်သည့် စွမ်းရည်ပင် ဖြစ်သည်။

လုကျိုးက တွေးလိုက်သည်။

“ထင်ထားတဲ့အတိုင်းပဲ”

ကံကောင်းထောက်မစွာဖြင့် လုကျိုးတွင် သက်တမ်းမှာ လုံလောက်စွာ ရှိနေပေသည်။ အဆုံးကျ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က မွေးဖွားဇယားချပ် အသက်သွင်းရန် အသုံးပြုလိုက်သော သက်တမ်းမှာ သူ၏ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ထံမှ ပြန်လည်ရရှိသော သက်တမ်းနှင့် ပြန်ခုနိုင်ခဲ့သည်။ နောင်ကျ ဤဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းရန်အတွက် အကြောင်းပြန်လှန်ကတ်များကို စုဆောင်းရပေလိမ့်မည်။ ကုသိုလ်မှတ်များ လုံလောက်စွာ ရှိနေသဖြင့် သူ စိုးရိမ်ပူပန်ခြင်း မရှိပေ။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ မွေးဖွားဇယားချပ် အသက်သွင်းခြင်း ချောမွေ့နေသည်ကို ကြည့်ကာ သူ သက်ပြင်းချလိုက်မိပြီး ပြောလိုက်သည်။

“ခဏလောက်တော့ ငါ ဒီကနေ ထွက်သွားနိုင်ဦးမှာ မဟုတ်ဘူး ထင်တယ်”

လုကျိုးသည် သူ၏ အဆင့်မြှင့်တင်ရေးကတ်ကို ထပ်မံထုတ်ယူလိုက်သည်။ ၎င်းကို အသုံးပြုရန်အတွက် ယခုအချိန်နှင့် ယခုနေရာထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေး မရှိတော့ပေ။

သူက ဆုံးဖြတ်လိုက်သည်။

“အနှစ် ၁၀၀... လုပ်လိုက်ကြတာပေါ့။ အသုံးပြုမယ်”

“တင်း စနစ်ကို အဆင့်မြှင့်တင်နေပါသည်”

“တင်း အသုံးပစ္စည်းကတ်များ အားလုံးမှာ ခေတ္တအသုံးပြု၍မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားပါသည်”

ထိုသို့ဖြင့် လုကျိုးသည် ဆင်ခြင်သုံးသပ်ခြင်း အဆင့်မြင့်အခြေအနေသို့ ဝင်ရောက်သွားတော့သည်။ သူ၏ အာရုံခံစားမှုများမှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ချောက်နက်ကြီးနှင့် ဆင်တူသော်လည်း ထူးခြားကွဲပြားသည့် အခြားလောကတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ပင်။ သူသည် နဂါးငွေ့တန်းအတွင်း၌ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ပျံသန်းနေ၏။ အလင်းစက်ကလေးများ ဝင်းလက်နေသော အဆုံးမဲ့မှောင်မိုက်မှုအတွင်း၌ အချိန်အတော်ကြာအောင် ဘာကိုမျှ မတွေ့ရဘဲ ရှိနေပြီးမှ နောက်ဆုံးတွင် သူ ရင်းနှီးလှသော ရွှေရောင်ကုသိုလ်ကျောက်တုံးကြီးကို မြင်တွေ့လိုက်ရတော့သည်။

အချိန်ဟူသည် မည်သူ့ကိုမျှ မစောင့်ဆိုင်းပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်း ၃၀ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ချင်းယွမ်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များ သူတို့၏ မွေးဖွားစမ်းသပ်ချက်များကို ကျော်ဖြတ်နိုင်ရန် အစွမ်းကုန် ကူညီပေးခဲ့သည်။ ဤအတောအတွင်း ခရုလေး တစ်ယောက်သာ သူမ၏ မွေးဖွားစမ်းသပ်ချက်ကို မကျော်ဖြတ်ရသေးပေ။ ပထမအချက်မှာ သူမအနေဖြင့် ဤကဲ့သို့ ကြမ်းတမ်းလှသော ပတ်ဝန်းကျင်မျိုးတွင် စမ်းသပ်ချက်ကို ကျော်ဖြတ်ရန် မလိုအပ်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သူမသည် လေးခုမြောက် မွေးဖွားစမ်းသပ်ချက်နှင့် အလှမ်းဝေးနေသေးသောကြောင့် ဖြစ်သည်။

ဤအချိန်အတွင်း သူတို့သည် ယွီကျန့်ဟိုင်ဈ ယွီရှန်းရုန်တို့နှင့်လည်း အဆက်အသွယ် မပြတ်ခဲ့ပေ။ ထိုနှစ်ဦးမှာ သူတို့၏ မွေးဖွားစမ်းသပ်ချက်များကို မည်သို့ ကျော်ဖြတ်ခဲ့သည်ကိုမူ မည်သူမျှ မသိရှိကြပေ။

နံနက်ခင်းအချိန်တွင်ဖြစ်သည်။

ဟွားယင်၏ တွဲကူမှုဖြင့် ချန်ဖုသည် စက်ဝိုင်းပုံစံ စင်မြင့်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူ၏ ဆံနွယ်များမှာ ယခုအခါ လုံးဝဖြူဖွေးနေပြီဖြစ်ကာ သူ၏ ကျန်းမာရေးမှာလည်း သိသိသာသာပင် ယိုယွင်းလာခဲ့ပြီ ဖြစ်သည်။ သူသည် လမ်းလျှောက်နေရင်း တုန်ရီနေရှာ၏။

ချန်ဖုက ပြောလိုက်သည်။

“ငါ့ရဲ့ ကျင့်ကြံမှုတွေကို စတေးပြီးတော့ အချိန်ပိုရအောင် လုပ်ရုံပဲ ရှိတော့တာပေါ့။ အစ်ကိုလု ပြန်မလာသရွေ့ ငါ လက်လျှော့မှာ မဟုတ်ဘူး”

ဟွားယင်က မေးမြန်းလိုက်သည်။

“ဆရာ... ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ”

ချန်ဖုမှာ သေလုမြောပါး ဖြစ်နေသော်လည်း ချင်းယွမ်က နတ်ဝိညာဉ်ပုလဲကို အသုံးပြု၍ သူ၏ ကျင့်ကြံမှုများကို စုပ်ယူကာ မင်ရှင်းက သူ့အပေါ် ပေးခဲ့သည့် ဒဏ်ရာအချို့ကို သူမထံသို့ ပြောင်းလဲခံယူပေးခဲ့သည်။ သူမမှာ သူတော်စင်သတ်ဖြတ်သူတစ်ဦး ဖြစ်သဖြင့် ပြန်လည်နာလန်ထူနိုင်စွမ်း ရှိသော်လည်း ချန်ဖုမှာမူ ထိုသို့မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကျင့်ကြံမှုများမှာ ဆုံးရှုံးသွားခဲ့ရခြင်းပင် ဖြစ်သည်။

ချန်ဖုက စင်မြင့်ဆီသို့ ရောက်ရှိလာသောအခါ လူတိုင်းက သူ့ကို ဂါရဝပြုကြသည်။ ချန်ဖုသည် စိုးရိမ်ပူပန်နေသော ချင်းယွမ်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

“မင်း အခုထိ စိုးရိမ်နေတုန်းပဲလား”

ချင်းယွမ်က ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“နှစ်ပေါင်း ၃၀ တောင် ရှိသွားပြီလေ။ ကျုပ်တို့ ဘယ်လောက်ပဲ ပုန်းနေပါစေ မဟာလေဟာနယ်ရဲ့ စွမ်းရည်နဲ့ဆိုရင် မကြာခင် ကျုပ်တို့ကို ရှာတွေ့သွားမှာပဲ။ တရားမျှတမှုချိန်ခွင် ဆိုတာ သာမန်အရာ မဟုတ်ဘူး”

ချန်ဖုက မေးလိုက်သည်။

“ငါတို့ နေရာပြောင်းရမယ်လို့ မင်း ပြောချင်တာလား”

ချင်းယွမ်က ပြန်ပြောလိုက်သည်။

“အဲဒီသဘောပါပဲ...”

ချန်ဖုက ဆိုလိုက်သည်။

“ဒါပေမဲ့ အစ်ကိုလုက အခုထိ ပြန်မလာသေးဘူးလေ”

ချင်းယွမ်က ပြောလိုက်သည်။

“မျှော်နန်းသခင်လု အတွက်တော့ ကျုပ်တို့ စိုးရိမ်နေစရာ မလိုပါဘူး။ အခု အရေးကြီးဆုံးက ကျုပ်တို့ကိုယ်ကျုပ်တို့ ဂရုစိုက်ဖို့ပဲ”

ချန်ဖုက မေးလိုက်သည်။

“ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ”

ချင်းယွမ်က ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေရဲ့ ကျင့်ကြံမှုက တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်နေတာ။ နောက်ပိုင်းမှာ ကျုပ်တို့ဆီမှာ သူတော်စင်တွေ ထပ်ပြီး ပေါ်ထွက်လာတော့မယ်။ ဒါဟာ တရားမျှတမှုချိန်ခွင်ကို လှုံ့ဆော်သလို ဖြစ်လိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေကို ခွဲထုတ်ပြီး နယ်မြေကိုးခုအတွင်းမှာ လှည့်လည်သွားလာခိုင်းရမယ်။ ဒါမှ သူတို့ကို ရှာမတွေ့နိုင်မှာပါ”

ချန်ဖုက ခေါင်းညိတ်လိုက်၏။ ၎င်းမှာ တကယ်ပင် ကောင်းမွန်သော အကြံဉာဏ် ဖြစ်ပေသည်။ ထိုအခိုက်အတန့်တွင် ရှောင်ယွမ်အာသည် အဝေးမှ ပျံသန်းလာပြီး ကောင်းကင်ယံ၌ ဝဲပျံနေရင်း ချင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မ အဆင်သင့်ဖြစ်ပါပြီ”

ချင်းယွမ်က ပြောလိုက်သည်။

“ကောင်းပြီလေ... ကျုပ်နောက်က လိုက်ခဲ့”

ချင်းယွမ်သည် သူမ၏ ပျားသားရဲအသွင်သို့ ပြောင်းလဲလိုက်ပြီး ဗဟိုချက်ဆီသို့ ပျံသန်းသွားတော့သည်။ သူမ မထွက်ခွာမီမှာပင် ကျန်သည့်သူများကို ဤနေရာတွင် စောင့်နေကြဖို့ ပြောခဲ့သည်။

“ကျိုရှစ်မေ့... မင်း လုပ်နိုင်ပါတယ်”

“သူတော်စင်အဆင့် မွေးဖွားစမ်းသပ်ချက်ကို ပထမဆုံး ကျော်ဖြတ်မဲ့သူက န၀မသခင်မလေး ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ကြသည်။ ခရီးလမ်းတစ်လျှောက်တွင် ချင်းယွမ်သည် ရှောင်ယွမ်အာကို သင်းပျံ့တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာရှိ အန္တရာယ်များနှင့် စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းများကို ပြောပြခဲ့သည်။

ချင်းယွမ်က ရှင်းပြလိုက်သည်။

“အထဲကို ရောက်သွားတဲ့အခါ အမျိုးမျိုးသော ပုံရိပ်ယောင်တွေရဲ့ တိုက်ခိုက်မှုကို ခံရလိမ့်မယ်။ မင်း မှတ်ထားရမှာက တစ်ခုတည်းပဲ၊ အဲဒါတွေ အားလုံးက အတုတွေပဲ။ သူတော်စင်တစ်ပါး ဖြစ်လာဖို့အတွက် စိတ်အခြေအနေက အရေးကြီးဆုံးပဲ။ မင်း စမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ ကြာမြင့်တဲ့ အချိန်ဟာ နောင်တစ်ချိန်မှာ မဟာတာအိုကို နားလည်သဘောပေါက်နိုင်မဲ့ ပါရမီကို ကိုယ်စားပြုတယ်”

ရှောင်ယွမ်အာက ခေါင်းကို တဆက်ဆက် ညိတ်ပြလျက် ပြောလိုက်သည်။

“ဟုတ်ကဲ့... ကျွန်မ နားလည်ပါပြီ”

ချင်းယွမ်က ဆက်ပြောလိုက်သည်။

“အကယ်၍ မင်း စိတ်မသက်မသာ ဖြစ်လာရင် တခြားအရာတစ်ခုခုကို တွေးပြီး အာရုံပြောင်းလိုက်ပါ”

ရှောင်ယွမ်အာက မေးလိုက်သည်။

“စားစရာတွေအကြောင်း တွေးရင်ကော ရလားဟင်”

ချင်းယွမ်က ပြန်ဖြေလိုက်သည်။

“ရတာပေါ့”

ရှောင်ယွမ်အာက ထပ်မံမေးလိုက်သည်။

“ဒါဆို သောက်စရာတွေကော”

ချင်းယွမ်က ပြောလိုက်သည်။

“အဲဒါလည်း ရပါတယ်”

ရှောင်ယွမ်အာက ဆိုလိုက်သည်။

“ဟုတ်ကဲ့... နားလည်ပါပြီ”

ဗဟိုချက်ကို ဖြတ်ကျော်ပြီးနောက် ထိုနှစ်ဦးသားမှာ သင်းပျံ့တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာ အဝင်ဝသို့ ဆင်းသက်လိုက်ကြသည်။ ချင်းယွမ်က အဝင်ဝကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

“မင်း အဲဒီကနေ ဝင်သွားလို့ ရပြီ”

ရှောင်ယွမ်အာက ချက်ချင်းပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

ဝှစ်

ချင်းယွမ် စကားပင် ထပ်မပြောရသေးမီ ရှောင်ယွမ်အာသည် သင်းပျံ့တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ချင်းယွမ်က ဇဝေဇဝါဖြင့် လက်ကို မြှောက်ကာ ပြောလိုက်သည်။

“ကျုပ်... ကျုပ် အရေးကြီးတာ ပြောစရာ ကျန်သေးတယ်လေ။ ပြောလို့တောင် မပြီးသေးဘူး”

ချင်းယွမ် မှင်တက်နေစဉ်မှာပင် ရှောင်ယွမ်အာမှာ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ချင်းယွမ်သည် သူမကို လိုက်မှီရန်အတွက် အလျင်အမြန်ပင် ပျံတက်လိုက်ရ၏။ သူမသည် ရှေးဟောင်းသူတော်စင်သတ်ဖြတ်သူ ဖြစ်သည်။ သူမ၏ အရှိန်မှာ ရှောင်ယွမ်အာ ယှဉ်နိုင်သည့်အရောင် မဟုတ်ပေ။ ထို့ကြောင့် သူမသည် သိပ်မကြာခင်၌ ရှောင်ယွမ်အာက သင်းပျံ့တောင်ကြားအတွင်းပိုင်း၏ သုံးပုံတစ်ပုံခန့် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ ခေါင်းညိတ်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“ဆိုးယုတ်သူတစ်ပါး ဂုဏ်အယူရဆုံး တပည့်ဆိုတာ ဒါမျိုးမှပေါ့”

ချင်းယွမ်သည် ရှောင်ယွမ်အာ၏ ထိတ်လန့်ဖွယ်ရာ ပါရမီအကြောင်းကို သိရှိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ရှောင်ယွမ်အာအနေဖြင့် သုံးပုံတစ်ပုံခန့်ကို အလွယ်တကူ ရောက်ရှိသွားခြင်းအပေါ် သူမ မအံ့သြပေ။ ရှောင်ယွမ်အာသည် လမ်းလျှောက်နေရင်း သီချင်းလေးတစ်ပုဒ်ကို ပျော်ရွှင်စွာ ညည်းဆိုနေ၏။

ချင်းယွမ် ဇဝေဇဝါ ဖြစ်သွားပြီး ပြောလိုက်သည်။

“ပုံရိပ်ယောင်တွေ မရှိဘူးလား”

ရှောင်ယွမ်အာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို သံသယဖြင့် ဝေ့ကြည့်လိုက်သည်။ ထူးခြားတာ ဘာမှ မရှိပေ။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး အလွန်ပင် ဘေးကင်းပုံရသည်။ ထို့နောက် သူမသည် သူ့ဘာသာ ထပ်ခါတလဲလဲ ရေရွတ်လိုက်သည်။

“ဒါတွေက အတုတွေပဲ။ အစိမ်းရောင်ဆံပင်နဲ့ မိစ္ဆာကောင်၊ အဝါရောင်ဆံပင်နဲ့ မိစ္ဆာကောင်၊ အမည်းရောင်ဆံပင်နဲ့ မိစ္ဆာကောင်...”

ချင်းယွမ် ခေါင်းညိတ်လိုက်မိပြီး တွေးလိုက်သည်။

“ထင်ထားတဲ့အတိုင်းပဲ... သူမ ပုံရိပ်ယောင်တွေရဲ့ ဝိုင်းရံမှုကို ခံနေရပြီ”

ရှောင်ယွမ်အာသည် စိတ်ထဲ၌ ထိုကြောက်စရာကောင်းသော မိစ္ဆာကောင်များကို စိတ်ကူးပုံဖော်နေသော်လည်း ၎င်းတို့မှာ အသုံးမဝင်ဟု သူမ ခံစားလိုက်ရသည်။ သူမသည် သီချင်းလေးကို ဆက်လက်ညည်းဆိုရင်း ရှေ့သို့ ခုန်ပေါက်ကာ သွားနေပြန်သည်။

ချင်းယွမ်မှာတော့ ဆွံ့အသွားရတော့သည်။ လူအများစု မြင်တွေ့ရသည့် ပုံရိပ်ယောင်များမှာ သူတို့၏ စိတ်အတွင်းမှ မိစ္ဆာများ ဖြစ်ကြသော်လည်း ဤမိန်းကလေးငယ်မှာမူ ဘာကြောင့် အရောင်စုံသည့် အမွေးဖွားဖွား မိစ္ဆာကောင်များကို မြင်တွေ့နေရသနည်း။ သူမသည် ရှောင်ယွမ်အာကို ဆက်လက် စောင့်ကြည့်နေမိ၏။ ရှောင်ယွမ်အာ၏ အရှိန်မှာ ပို၍ ပို၍ မြန်လာနေသည်။

ရှောင်ယွမ်အာသည် သူမကိုယ်သူမ နှေးကွေးနေသည်ဟု ခံစားလိုက်ရသဖြင့် ပြေးလွှားတော့သည်။ နောက်ဆုံး လေးပုံတစ်ပုံခန့်သို့ ရောက်သောအခါ သူမ ရုတ်တရက် ရပ်တန့်လိုက်ပြီး လေထဲတွင် တစ်ပတ် လှည့်လိုက်၏။ ထို့နောက် သူမသည် ခုနစ်စင်ကြယ် တိမ်ယံခြေလှမ်းကို အသုံးပြုကာ အရပ်မျက်နှာ အနှံ့အပြားသို့ ရှောင်တိမ်းနေစဉ် သူမ၏ ခန္ဓာကိုယ်မှ ရွှေရောင်တံဆိပ်များ ပွင့်ထွက်လာတော့သည်။

ချင်းယွမ် နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

“စစ်မှန်တဲ့ ပုံရိပ်ယောင်တွေက အခုမှ ရောက်လာတာကိုး”

ချင်းယွမ်က ထပ်တွေးလိုက်သည်။

'တကယ့်ကို ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ ပါရမီရှင်ပါလား'

ရှောင်ယွမ်အာသည် ကောင်းကင်ယံ၌ ဟိုဟိုဒီဒီ ကခုန်နေပြီး သူမ၏ မျက်နှာအမူအရာမှာလည်း အခါအားလျော်စွာ ပြောင်းလဲနေ၏။ ချင်းယွမ်က တီးတိုးရေရွတ်လိုက်သည်။

“အကယ်၍ သူမသာ သူမရဲ့ အတွင်းမိစ္ဆာတွေကို နှစ်နာရီအတွင်း အနိုင်ယူနိုင်မယ်ဆိုရင်တော့ တကယ့်ကို အံ့သြစရာပဲ”

ချင်းယွမ်၏ စကားပင် မဆုံးသေးမီမှာပင် ပတ်ဝန်းကျင်ရှိ အစီအရင်များမှာ လင်းထိန်လာတော့သည်။ ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာ စုစည်းလာပြီး ရှောင်ယွမ်အာကို အထက်သို့ ပင့်တင်လိုက်၏။ ရှောင်ယွမ်အာသည် ခုခံခြင်းမပြုဘဲ ဖြည်းညင်းစွာပင် လေထဲသို့ မြင့်တက်သွားတော့သည်။ သူမ၏ မျက်နှာတွင် ကျေနပ်အားရသော အပြုံးတစ်ခုကို မြင်တွေ့ရ၏။ သူမ၏ ခါးတွင် ပတ်ထားသော နိဗာနခါးစည်းမှာလည်း လျော့ရဲစွာ ရစ်ပတ်နေပြီး သူမ၏ ကျောဘက်တွင် ဘဲဥပုံစံမျိုးဖြင့် တွဲကျနေတော့သည်။

စွမ်းအင်များမှာ ဆက်လက်စုစည်းနေပြီး လေနှင့်တိမ်တိုက်များကို လှုပ်ခတ်စေတော့သည်။ မကြာမီမှာပင် ထိုစွမ်းအင်များသည် ရှောင်ယွမ်အာ၏ စွမ်းအားဗဟိုချက်အတွင်းရှိ ချီပင်လယ်ထဲသို့ စီးဝင်သွားတော့သည်။ နိဗာနခါးစည်းမှာ လေထဲ၌ လွင့်ပျံနေစဉ် ရှောင်ယွမ်အာ၏ တစ်ကိုယ်လုံးမှာလည်း စတင်ဝင်းလက်လာတော့သည်။

ယင်းကို မြင်သောအခါ ချင်းယွမ်က အာမေဍိတ်သံ ပြုလိုက်မိသည်။

“သူတော်စင်အလင်း”

အရာအားလုံးမှာ အလွန်ပင် မြန်ဆန်လှသဖြင့် ရှေးဟောင်းသူတော်စင်သတ်ဖြတ်သူဖြစ်သော ချင်းယွမ်ပင်လျှင် ချက်ချင်း တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ သူမသည် သူတော်စင်အလင်းများ ဖြာထွက်နေသော ရှောင်ယွမ်အာကို ဇဝေဇဝါဖြင့် ကြည့်ရင်း ရေရွတ်လိုက်မိသည်။

“ဒါ... ဒါပဲလား”

အထွတ်အမြတ်နန်းဆောင်၏ ရှေ့တွင်ဖြစ်သည်။

ကျွီ...

တရားမျှတမှုချိန်ခွင်သည် ပုံမှန်နှင့်မတူသော အသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ပုံရိပ်တစ်ခု ပေါ်လာပြီး တရားမျှတမှုချိန်ခွင်ကို ငုံ့ကြည့်လိုက်၏။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း မျှခြေများ ပျက်ယွင်းသော်ငြား တရားမျှတမှုချိန်ခွင်မှာ ဤမျှ ထူးခြားသော လှုပ်ရှားမှုမျိုးကို မပြသခဲ့ဖူးပေ။

မင်ရှင်းက ခေါ်လိုက်သည်။

“ဝမ်ရူချင်း၊ ဟွားကျန့်ဟုန်၊ ကွမ်ကျို၊ ကျွေ့ချန်”

ပုံရိပ်လေးခုမှာ တစ်ချိန်တည်းမှာပင် ပေါ်ထွက်လာကြပြီး မေးလိုက်သည်။

“အရှင်မင်းကြီး ဘာများ အမိန့်ရှိပါသလဲ”

မင်ရှင်းက အမိန့်ပေးလိုက်သည်။

“အမိန့်ကို ထုတ်ပြန်လိုက်။ မဟာလေဟာနယ်မျိုးစေ့တစ်ခု ပေါ်ထွက်လာပြီ။ အဲဒါကို အမြန်ဆုံး ရှာဖွေကြစမ်း”

လူလေးဦးက ပြန်ထူးလိုက်သည်။

“ဟုတ်ကဲ့ပါ”

…

အခန်း (၁၅၅၆) ခန်းမသခင်အသစ် ချီရှန့်

ပုံရိပ်လေးခု တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားပြီးနောက် မင်ရှင်းက သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ပေ ၁၀၀ ကျော် အရွယ်အစားရှိသော တရားမျှတမှုချိန်ခွင်သည် တကျီကျီမြည်သံနှင့်အတူ သေးငယ်သွားပြီး သူ၏လက်ထဲသို့ တိုးဝင်သွားတော့သည်။ ၎င်းထံမှ ဆန်းကြယ်သော အလင်းဖျော့ဖျော့တို့ ဖြာထွက်နေပြီး သူ လက်ကို ဆုပ်လိုက်သောအခါတွင်မူ ကွယ်ပျောက်သွားတော့၏။

ထိုအချိန်တွင် လူတစ်ယောက် လျှောက်လှမ်းလာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး... ထူဝေ့ခန်းမရဲ့ သခင်အသစ် ရောက်ရှိနေပါပြီ”

မင်ရှင်းက ခပ်ဖျော့ဖျော့ ပြုံးလျက် တည်ငြိမ်စွာ ပြောလိုက်သည်။

“သူ့ကို အထဲဝင်ခိုင်းလိုက်ပါ”

မကြာမီမှာပင် မျက်နှာဖုံးအနီရောင် ဝတ်ဆင်ထားပြီး ခံ့ညားသော ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသားတစ်ဦးသည် နန်းဆောင်အတွင်းသို့ လျှောက်လှမ်းလာခဲ့သည်။ သူက ယဉ်ကျေးပျူငှာစွာ ဦးညွှတ်နှုတ်ဆက်လိုက်၏။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

မင်ရှင်းက ခေါင်းညိတ်ပြပြီး မေးလိုက်သည်။

“မင်း မဟာလေဟာနယ်ထဲကို ရောက်လာတာ မကြာသေးဘူး။ ဒီနေရာနဲ့ရော အသားကျပြီလား”

ထိုအမျိုးသားက ပြုံးလျက် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့... အသားကျနေပါပြီ”

မင်ရှင်းက ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“မင်း မဟာလေဟာနယ်ကို ရောက်လာကတည်းက အရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်တာ သိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ မင်းက ထူဝေ့ခန်းမရဲ့ ခန်းမသခင် ဖြစ်လာပြီဆိုတော့ ပိုပြီး တက်တက်ကြွကြွ ရှိသင့်တာပေါ့”

ထိုအမျိုးသားက ဦးညွှတ်လျက် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”

သူက ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ကျွန်တော်က ငယ်ရွယ်ပါသေးတယ်။ မဟာလေဟာနယ်က အကြီးတွေနဲ့ နှိုင်းယှဉ်ရင် တကယ့်ကို အတွေ့အကြုံ နည်းပါသေးတယ်။ ရောက်တာလည်း မကြာသေးတော့ အရင်ဆုံး လေ့လာသင်ယူတာကိုပဲ ပိုသဘောကျမိလို့ပါ”

ထိုစကားကို ကြားသောအခါ မင်ရှင်း၏ မျက်နှာထက်မှ အပြုံးမှာ ပိုမိုကျယ်ပြန့်သွားတော့သည်။ ထို့နောက် သူက ပြောလိုက်သည်။

“နှစ်တွေ အတော်ကြာသွားပြီ ဖြစ်ပေမဲ့ ငါ မင်းရဲ့ နာမည်ကို အခုထိ မသိသေးဘူးပဲ”

ခံ့ညားထည်ဝါစွာ ဝတ်ဆင်ထားသော ထိုအမျိုးသားက ပြန်ပြောလိုက်သည်။

“ကျွန်တော်က မိသားစုမှာ ခုနစ်ယောက်မြောက် သားဖြစ်လို့ ကျွန်တော့်နာမည်က ချီရှန့်ပါ”

မင်ရှင်းက ခေါင်းညိတ်လိုက်သည်။

“ချီရှန့်... လောကီသားတွေက သူတို့ရဲ့ သားသမီးတွေကို ဘိုးဘေးတွေရဲ့ နာမည်ကို မှီငြမ်းပြီး ပေးလေ့ရှိကြပေမဲ့ မင်းရဲ့နာမည်ကတော့ တကယ့်ကို ထူးခြားတာပဲ။ နာမည်ကောင်းလေးပါပဲ”

“ကျွန်တော် ငယ်ငယ်တုန်းက မိသားစုက ဆင်းရဲပါတယ်။ ချမ်းသာတဲ့သူတွေပဲ နာမည်ကို သေသေချာချာ ပေးနိုင်ကြတာပါ။ ကျွန်တော့်ကိုတော့ ရှန့်လို့ပဲ နာမည်ပေးခဲ့တာဖြစ်ပြီး ခုနစ်ယောက်မြောက်သား ဖြစ်လို့ ချီရှန့် လို့ ခေါ်ကြတာပါ”

အတိတ်ကာလများတွင် အသိပညာနှင့် ယဉ်ကျေးမှုဆိုသည်မှာ ချမ်းသာကြွယ်ဝသူများနှင့် မှူးမတ်များအတွက်သာ သီးသန့်ဖြစ်ခဲ့သည် မဟုတ်ပါလော။ သာမန်လူသားများအနေဖြင့် စာအနည်းငယ် ဖတ်တတ်လျှင်ပင် တော်လှပြီဖြစ်ရာ အများစုမှာ စာမတတ်ကြချေ။ ထို့ကြောင့် သူတို့၏ သားသမီးများကို နာမည်ပေးရာတွင်လည်း ပေါ့ပေါ့တန်တန်သာ လုပ်ဆောင်လေ့ ရှိကြသည်။

မင်ရှင်းသည် နေရာမှ ထရပ်လိုက်ပြီး လက်ကို နောက်ပစ်လျက် လှေကားထစ်များအတိုင်း ဆင်းလာခဲ့သည်။ ကြည့်ရသည်မှာ သာမန်အဘိုးအိုတစ်ဦးနှင့်ပင် တူလှပေ၏။ အကြောင်းစုံကို မသိရှိသူများအဖို့မူ ဤသာမန်အဘိုးအိုမှာ မဟာလေဟာနယ်၏ အမြင့်ဆုံး ကိုယ်စားလှယ်ဖြစ်သော မဟာလေဟာနယ်ဧကရာဇ် မင်ရှင်း ဖြစ်လိမ့်မည်ဟု မည်သို့မျှ စိတ်ကူးမိကြမည် မဟုတ်ပေ။

မင်ရှင်းသည် ချီရှန့်၏ ရှေ့သို့ လျှောက်လှမ်းလာပြီး မေးလိုက်သည်။

“ငါ မင်းကို ဘာလို့ ထူဝေ့ခန်းမရဲ့ သခင်အသစ်အဖြစ် ခန့်အပ်ခဲ့လဲဆိုတာ မင်း သိလား”

ချီရှန့်က ခေါင်းခါပြလျက် ဖြေလိုက်၏။ “မသိပါဘူး”

မင်ရှင်းက ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လုံးလုံး ငါ မင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာ။ မင်းက တကယ့်ကို ပါရမီရှိပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့သူပဲ။ ကျင့်ကြံခြင်း ပါရမီကလည်း ပိုပြီး ထူးချွန်တယ်။ ငါ မမှားဘူးဆိုရင် မင်းမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေတယ် မဟုတ်လား”

မင်ရှင်းသည် သူ၏စကားအဆုံးတွင် ချီရှန့်၏ မျက်နှာထက်၌ အံ့ဩခြင်း သို့မဟုတ် ထိတ်လန့်ခြင်း အရိပ်အယောင်များ ရှိမရှိကို သေသေချာချာ စိုက်ကြည့်နေမိသည်။ သို့သော်လည်း ချီရှန့်မှာ တည်ငြိမ်နေဆဲပင်။ အရာအားလုံးမှာ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသကဲ့သို့ပင် သူက ပြုံးလျက် ပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့ မျက်စိကို ဘာမှ ဖုံးကွယ်လို့ မရပါဘူး။ မှန်ပါတယ်... ကျွန်တော့်မှာ မဟာလေဟာနယ်မျိုးစေ့ ရှိပါတယ်”

မင်ရှင်းက ပြောလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့ကို ရရှိဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲလှတယ်။ လူများစွာဟာ အဲဒါကို ရဖို့အတွက် သူတို့ရဲ့ အသက်တွေကိုတောင် စတေးဖို့ ဝန်မလေးကြဘူး။ မင်း ဒါကို ဘယ်လို ရခဲ့တာလဲ”

“ကျွန်တော် ပြောရင် အရှင်မင်းကြီး ယုံဖို့ ခက်ပါလိမ့်မယ်”

“ငါ မင်းကို ယုံပါတယ်” မင်ရှင်းက ဆို၏။

ချီရှန့်က ပြန်ပြောလိုက်သည်။

“အဲဒီတုန်းက ကျွန်တော် ကျင့်ကြံခြင်းကို စတင်ချင်လို့ ဆရာတစ်ယောက်ကို လိုက်ရှာနေခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရူးအဘိုးကြီး တစ်ယောက်နဲ့ တွေ့ပြီး သူက ကျွန်တော့်ကို မဟာလေဟာနယ်မျိုးစေ့ ပေးခဲ့တာပါ။ အစတုန်းကတော့ ဒီမျိုးစေ့က လူတွေ ရူးသွပ်ရလောက်အောင် ရှားပါးတယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ ဒါကြောင့် သိပ်ပြီး ဂရုမစိုက်မိခဲ့ဘူး။ အဲဒါကို စားပြီးတဲ့နောက်မှာတော့ သုံးရက် သုံးညတိုင်တိုင် ဗိုက်အောင့်ခဲ့ရသလို ဝမ်းလည်း လျှောခဲ့ပါတယ်။ နောက်ဆုံးတော့ နာလန်ထဖို့အတွက် တစ်လခွဲလောက် အိပ်ရာထဲ လဲနေခဲ့ရတာပေါ့”

မင်ရှင်းက ပြုံးလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။

“ဒါဆိုရင်တော့ မင်း အဲဒီအဘိုးကြီးကို တကယ်ပဲ ကျေးဇူးတင်ရမှာပဲ”

ချီရှန့်က ပြောလိုက်သည်။

“အရာအားလုံးက ကံကြမ္မာပါပဲ။ ကျွန်တော်တို့မှာ ရေစက်ရှိလို့ တွေ့ခဲ့ကြတာ ဖြစ်မှာပါ။ အဲဒီနောက်ပိုင်းတော့ အဲဒီအဘိုးကြီးကို ကျွန်တော် ထပ်မတွေ့ရတော့ပါဘူး”

ချီရှန့်သည် ထပ်မံမေးမြန်းလာမည့် မေးခွန်းများကို ဤနည်းဖြင့် လိမ္မာပါးနပ်စွာ ပိတ်ဆို့လိုက်တော့သည်။

“ကံကြမ္မာ...” မင်ရှင်းက ရေရွတ်လိုက်သည်။

“မင်းမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေရုံတင် မကဘူး၊ မင်းက မဟာလေဟာနယ်ရဲ့ အနာဂတ် အထွတ်အထိပ်သက်ရှိတစ်ဦးလည်း ဖြစ်နေတာကိုး။ အဖြူရောင်ဧကရာဇ်က မင်းကို ဒီလောက်အထိ ချစ်ခင်နေတာ မဆန်းတော့ပါဘူး”

ချီရှန့်က ပြောလိုက်သည်။

“အဖြူရောင်ဧကရာဇ်က ကျွန်တော့်အသက်ကို ကယ်ခဲ့တာမို့ ကျေးဇူးတင်မိတာ သဘာဝပါပဲ။ သူကပဲ ကျွန်တော့်ကို မဟာလေဟာနယ်ထဲ ဝင်ဖို့ တိုက်တွန်းခဲ့တာလေ။ တစ်နည်းအားဖြင့် ပြောရရင် သူက ကျွန်တော့်အတွက် အဖေတစ်ယောက်လိုပါပဲ”

မင်ရှင်းက ချီးကျူးလိုက်သည်။

“ကျေးဇူးတရားကို သိတတ်တာဟာ ရှားပါးတဲ့ အရည်အချင်းတစ်ခုပဲ။ အဖြူရောင်ဧကရာဇ်က မင်းကို ပါရမီရှိတယ်လို့ ပြောထားတော့ ငါ မင်းကို စမ်းသပ်ချင်မိတယ်”

“ကျွန်တော်က ပါရမီရှိတယ်လို့ မထင်ပါဘူး၊ နည်းနည်းတော့ ဉာဏ်ပြေးတယ်လို့ပဲ ထင်မိပါတယ်”

ချီရှန့်က နှိမ့်ချစွာ ပြန်ပြောလိုက်၏။

မင်ရှင်းသည် လက်ကို နောက်ပစ်လျက် ဟိုဟိုဒီဒီ လမ်းလျှောက်နေရင်း ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ တုန်းက ဖျက်ဆီးခြင်းတိုင်လုံးတွေကနေ မဟာလေဟာနယ်မျိုးစေ့ ဆယ်ခု ပေါ်ထွက်ခဲ့တယ်။ အဲဒီမျိုးစေ့တွေ ရင့်မှည့်လာတာနဲ့ တပြိုင်နက် ပျောက်ဆုံးသွားခဲ့ကြတာ။ နယ်မြေကိုးခုက လူတွေဟာ ဖျက်ဆီးခြင်းတိုင်လုံးတွေဆီကို အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ကြတယ်။ တိုင်လုံးတွေရဲ့ တည်ငြိမ်မှုကို ကာကွယ်ဖို့အတွက် မဟာလေဟာနယ်ရဲ့ အစောင့်အရှောက်တွေဟာ လူသတ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ ကံဆိုးတာကတော့ အဲဒီမျိုးစေ့ ဆယ်ခုကို အခုထိ ရှာမတွေ့သေးတာပဲ”

သူက ခေတ္တရပ်လိုက်ပြီး ချီရှန့်ကို လှည့်ကြည့်ကာ ဆက်ပြောလိုက်၏။

“မင်းဆီမှာ မျိုးစေ့တစ်ခု ရှိနေပြီဆိုတော့ ကျန်တဲ့ ကိုးခုက ပျောက်ဆုံးနေတုန်းပဲ။ အဲဒီမျိုးစေ့တွေ အားလုံး မကြာခင် ပေါ်ထွက်လာတော့မယ်လို့ ငါ ခံစားနေရတယ်။ မင်းရဲ့ အမြင်အရဆိုရင် ငါတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ”

ထိုစကားကို ကြားသောအခါ ချီရှန့်က ခေါင်းညိတ်လိုက်ပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

“ရွေးချယ်စရာ သုံးခုပဲ ရှိပါတယ်”

“ပြောစမ်း”

ချီရှန့်က ပြောလိုက်သည်။

“ပထမတစ်ခုကတော့ ပြဿနာ မတက်အောင် မျိုးစေ့ပိုင်ရှင်တွေကို သတ်ပစ်လိုက်ဖို့ပါ။ ဒုတိယကတော့ သူတို့ကို ဖမ်းဆီးပြီး မျိုးစေ့တွေကို ပြန်လုယူဖို့ပါ။ တတိယကတော့ သူတို့ကို မဟာလေဟာနယ်ဆီကို သစ္စာခံလာအောင် လုပ်ဖို့ပါပဲ”

မင်ရှင်းက မေးလိုက်သည်။

“မင်းရဲ့ အမြင်အရဆိုရင် ဘာကို လုပ်သင့်လဲ”

ချီရှန့်က ပြန်ဖြေလိုက်သည်။

“သူတို့ကို သိမ်းသွင်းဖို့ပါပဲ”

“မင်းရဲ့ အကြောင်းပြချက်ကို ပြောပြပါဦး”

ချီရှန့်က ရှင်းပြလိုက်သည်။

“ပထမ ရွေးချယ်မှုက ရက်စက်လွန်းပါတယ်။ အရှင်မင်းကြီးက ကြင်နာတတ်တဲ့သူဆိုတော့ အဲဒီနည်းလမ်းကို ရွေးချယ်ဖို့က မသင့်တော်ပါဘူး။ ဒုတိယ နည်းလမ်းကလည်း မဆိုးလှပေမဲ့ နှစ်ပေါင်း ၅၀၀ တိုင်ခဲ့ပြီဆိုတော့ မျိုးစေ့တွေဟာ ပိုင်ရှင်တွေနဲ့ တစ်သားတည်း ဖြစ်နေလောက်ပြီ။ အဲဒါတွေကို ပြန်ယူမယ်ဆိုရင်တောင် အာနိသင်က အရင်လို ကောင်းမှာ မဟုတ်တော့ဘူး။ ဒါကြောင့် အားလုံးကို ခြုံငုံကြည့်ရင် တတိယ နည်းလမ်းက အကောင်းဆုံးပါပဲ”

မင်ရှင်းက မေးလိုက်သည်။

“အကယ်၍ သူတို့က ငြင်းဆန်ရင်ကော”

ဤလောကတွင် ထိန်းချုပ်ရန် အခက်ခဲဆုံးအရာမှာ လူတို့၏ စိတ်နှလုံးပင် ဖြစ်သည် မဟုတ်ပါလော။ မင်ရှင်းသည်လည်း ဤရွေးချယ်စရာ သုံးခုကို ယခင်ကတည်းက တွေးတောခဲ့ဖူးသည်။ အကယ်၍ သူသာ ရွေးချယ်ရမည်ဆိုပါက ပထမနည်းလမ်းမှာ မဆိုးလှဟု သူ ယူဆထား၏။

ချီရှန့်က ပြုံးလျက် ပြောလိုက်သည်။

“မစမ်းကြည့်ဘဲ ဘယ်လို သိနိုင်မှာလဲ။ အကယ်၍ သူတို့က တကယ်ပဲ ငြင်းဆန်မယ်ဆိုရင်တော့... ကျန်တဲ့ နည်းလမ်းကို စဉ်းစားဖို့လည်း နောက်မကျသေးပါဘူး”

မင်ရှင်း တိတ်ဆိတ်သွားမိသည်။ သူသည် လှည့်ထွက်သွားပြီး နန်းဆောင်အပြင်ဘက်သို့ ငေးကြည့်နေ၏။ သူ၏ မျက်နှာထားမှာ တည်ငြိမ်လှပေသည်။ ချီရှန့်ကလည်း အနည်းငယ် ဦးညွှတ်လျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

ခဏအကြာတွင် မင်ရှင်းက ရုတ်တရက် မေးလိုက်သည်။

“မင်း ကျော့အယ်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီကို ရောက်ခဲ့ဖူးလား”

ချီရှန့်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့... ရောက်ခဲ့ဖူးပါတယ်”

“ကျော့အယ်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးက မင်းကို အသိအမှတ်ပြုခဲ့လား”

“ဟုတ်ကဲ့...”

“အဖြူရောင်ဧကရာဇ်က မင်းအပေါ်မှာ တကယ်ကို ကောင်းရှာတာပဲ...” မင်ရှင်းက ပြောလိုက်၏။

“သူ့ရဲ့ ကျေးဇူးတရားကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး” ချီရှန့်က ပြန်ပြောလိုက်သည်။

မင်ရှင်းက ပြောလိုက်သည်။

“ကောင်းပြီလေ... မင်း သွားနိုင်ပါပြီ”

“ဟုတ်ကဲ့” ချီရှန့်သည် နန်းဆောင်အတွင်းမှ ရိုသေစွာ ထွက်ခွာလာခဲ့တော့သည်။

ဤစကားဝိုင်းမှာ အလှည့်အပြောင်းများစွာ ပါဝင်နေသော်လည်း ချီရှန့်မှာမူ အလွန်ပင် ရိုးသားပြီး သဘာဝကျစွာ တုံ့ပြန်နိုင်ခဲ့ပုံရပေသည်။

ချီရှန့် အပြင်သို့ ထွက်လာသောအခါ ငွေရောင်ချပ်ဝပ်အစောင့်နှစ်ဦးက ဦးညွှတ်လျက် မေးမြန်းလိုက်၏။

“ခန်းမသခင်... အခုပဲ ပြန်ကြတော့မလား”

ချီရှန့်က ကောင်းကင်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါ ချုံကွမ်းနန်းဆောင်ဆီကို သွားချင်တယ်”

ငွေရောင်ချပ်ဝတ် အစောင့်က ပြောလိုက်သည်။

“ခန်းမသခင်... ချုံကွမ်းနန်းဆောင်က နာမည်ပြောင်းသွားတာ ကြာပါပြီ။ အခုတော့ ရှီဟယ်နန်းဆောင်လို့ ခေါ်ပါတယ်”

“ဒါဆိုလည်း ရှီဟယ်နန်းဆောင်ကို သွားကြတာပေါ့”

အစောင့်က ဆက်ပြောလိုက်သည်။

“ရှီဟယ်နန်းဆောင်ရဲ့ သခင်က သူတော်စင်မိန်းမပျိုလည်း ဖြစ်ပါတယ်။ အားလုံးထဲမှာ သူက အထွတ်အထိပ်သက်ရှိ ဖြစ်လာဖို့ အခွင့်အရေး အရှိဆုံးသူပါ။ ဒါပေမဲ့ သူက တကယ့်ကို အေးစက်ပြီး ရင်းနှီးဖို့ မလွယ်ဘူး။ ခန်းမသခင်က တကယ်ပဲ သူ့ဆီကို သွားချင်တာလား”

“လမ်းပြစမ်း”

“နားလည်ပါပြီ”

…

အခန်း (၁၅၅၇) ဖမ်းဆီးရေး စစ်ဆင်ရေး (၁)

မဟာလေဟာနယ်သည် အမည်မသိကုန်းမြေကဲ့သို့ပင် အတိုင်းအဆမရှိ ကျယ်ပြောလှပေသည်။ ခန်းမဆယ်ခုမှာ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုနှင့် တစ်ထပ်တည်းကျသော နေရာ ဆယ်နေရာတွင် အသီးသီး တည်ရှိကြသည်။ ထိုခန်းမဆယ်ခုအကြား လွယ်ကူစွာ ကူးသန်းသွားလာနိုင်ရန်အတွက် ဆက်သွယ်ပေးထားသော သင်္ကေတလမ်းကြောင်း များစွာလည်း ရှိပေသည်။

ငွေရောင်ချပ်ဝတ်အစောင့်သည် ချီရှန့်ကို ဦးဆောင်ကာ သင်္ကေတလမ်းကြောင်းတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုစဉ်တွင် ချီရှန့်က ရုတ်တရက် လှမ်းခေါ်လိုက်၏။

ချီရှန့်က ပြောလိုက်သည်။

“နေဦး”

ငွေရောင်ချပ်ဝတ်အစောင့်က ချီရှန့်ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

“ဘာများ အမိန့်ရှိပါသလဲ ခန်းမသခင်”

ချီရှန့်က ဆိုလိုက်သည်။

“မင်းကို ငါ မေးစရာ ရှိတယ်၊ အမှန်အတိုင်းပဲ ဖြေစမ်းပါ”

အစောင့်က အခက်တွေ့နေသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်တော်က သာမန်အစောင့်တစ်ယောက်ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကမှ အနက်ရောင်ကြာနယ်မြေကနေ မဟာလေဟာနယ်ကို ရောက်လာတာပါ။ ကျွန်တော် သိတာတွေက ခန်းမသခင် သိတာထက် ပိုမှာ မဟုတ်ပါဘူး”

ချီရှန့်က မေးမြန်းလိုက်သည်။

“မဟာဧကရာဇ် ထူဝေ့ကို သတ်လိုက်တာ တကယ်ပဲ ဆိုးယုတ်သူတစ်ပါးလား”

အစောင့်မှာ ထိတ်လန့်သွား၏။ သူသည် ဘယ်ညာကို ဝေ့ကြည့်လိုက်ပြီး ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

“မဟာဧကရာဇ် ထူဝေ့ကို သတ်လိုက်တာ တကယ်ပဲ ဆိုးယုတ်သူတစ်ပါးလို့ လူတိုင်းက ပြောနေကြတာပါ။ ဒါပေမဲ့ ဒီနေရာက မဟာလေဟာနယ်လေ။ ဆိုးယုတ်သူတစ်ပါးဆိုတဲ့ အမည်က ဒီမှာတော့ တားမြစ်ချက်တစ်ခုပဲ”

ချီရှန့်က ထပ်မံ မေးလိုက်သည်။

“ဆိုးယုတ်သူတစ်ပါးရဲ့ အမည်ရင်းကိုကော မင်း သိလား”

အစောင့်က မသိကြောင်း ခေါင်းခါပြလိုက်သည်။ ချီရှန့်က ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။

“တာအိုသူတော်စင်ကျန့်ကော အခုထိ ပြန်မလာသေးဘူးလား”

အစောင့်က ပြန်ဖြေလိုက်သည်။

“အရင်တုန်းက သူဟာ မဟာဧကရာဇ်ထူဝေ့ ဘေးဒုက္ခနဲ့ ကြုံရချိန်မှာ အတူတူ ထွက်သွားခဲ့တာပါ။ ဒါကြောင့် တာအိုသူတော်စင်ကျန့် အသက်ရှင်နေသေးလား၊ သေပြီလားဆိုတာ ဘယ်သူမှ မသိကြသေးပါဘူး”

ချီရှန့်က မတတ်သာဘဲ သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

“တာအိုသူတော်စင်ကျန့်ကတော့ တကယ်ကို သနားစရာကောင်းလိုက်တာ”

အစောင့်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဗျာ”

ချီရှန့်က ဆိုလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ သွားကြစို့”

အစောင့်မှာလည်း ဘာမှ ထပ်မပြောတော့ပေ။ ထူဝေ့နန်းဆောင်၏ ခန်းမသခင်အသစ်တစ်ယောက်အနေဖြင့် ချီရှန့်က နန်းဆောင်၏ အခြေခံအခြေအနေများကို သိရှိရန် ဤကဲ့သို့ မေးမြန်းခြင်းမှာ ပုံမှန်သာဖြစ်သည်ဟု သူ ယူဆထား၏။

ရှီဟယ်ခန်းမ

အပြာရောင်ဝတ်စုံဝတ် အမျိုးသမီး လက်ထောက်လေးသည် ချီရှန့်နှင့် ငွေရောင်ချပ်ဝတ်အစောင့်တို့ အဝေးမှ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။

ချီရှန့်က ပြောလိုက်သည်။

“ထူဝေ့နန်းဆောင်က ချီရှန့်က သူတော်စင်မိန်းမပျို ရှီဟယ်ကို တွေ့ဆုံခွင့် တောင်းခံပါတယ်”

လက်ထောက်လေးက ချီရှန့်ကို ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်မ သူတော်စင်မိန်းမပျိုကို အကြောင်းကြားလိုက်ပါ့မယ်။ ခေတ္တစောင့်ဆိုင်းပေးပါ”

မကြာမီမှာပင် လက်ထောက်လေး ပြန်ထွက်လာပြီး ပြောလိုက်သည်။

“အထဲကို ကြွပါ”

ချီရှန့်နှင့် အစောင့်တို့သည် ရှီဟယ်ခန်းမအတွင်းသို့ ဝင်သွားကြသည်။ ရှီဟယ်ခန်းမမှာ တကယ့်ကို ခံ့ညားထည်ဝါပြီး အလွန်ပင် မြင့်မားလှပေသည်။ ၎င်းမှာ အလွန်မြင့်မားလွန်းသဖြင့် အပေါ်ဘက်အဆုံးကိုပင် မမြင်ရချေ။ နန်းဆောင်ကို တောင်တန်းများက ဝန်းရံထားပြီး အထက်ဘက်ရှိ ကောင်းကင်ယံမှာလည်း ကြည်လင်တောက်ပနေ၏။ ဤနေရာရှိ မူလစွမ်းအင်များမှာလည်း ပေါကြွယ်ဝလှရာ နတ်ဘုံနတ်နန်းတစ်ခုနှင့်ပင် တူလှပေသည်။

နန်းဆောင်အတွင်းပိုင်းမှာမူ ရိုးရှင်းသော်လည်း ကျော့ရှင်းလှပေသည်။ အဖြူရောင်ကို အဓိကထား၍ ပြင်ဆင်ထားသော်လည်း အေးစက်သော ခံစားချက်မျိုး မပေးဘဲ နွေးထွေးသော အငွေ့အသက်ကိုသာ ပေးစွမ်းနေ၏။

ချီရှန့်သည် ကျော့ရှင်းပြီး ခံ့ညားလှသော လန်ရှီဟယ်က သူ့ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

ချီရှန့်က ပြောလိုက်သည်။

“ထူဝေ့နန်းဆောင်က ချီရှန့် သူတော်စင်မိန်းမပျိုကို ဂါရဝပြုပါတယ်”

လန်ရှီဟယ်က မည်သည့်အမူအရာမျှ မပြဘဲ ပြောလိုက်သည်။

“ထူဝေ့နန်းဆောင်မှာ ငွေရောင်ချပ်ဝတ်အစောင့်တွေရဲ့ ခေါင်းဆောင်အသစ် တစ်ယောက် ရောက်နေတယ်လို့ ငါ ကြားထားတယ်။ အဲဒါ မင်းလား”

ချီရှန့်က ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်”

လန်ရှီဟယ်က အထက်စီးဆန်သော လေသံဖြင့် မေးမြန်းလိုက်သည်။

“မင်း ဘာလို့ ဒီကို လာတာလဲ”

ချီရှန့်က ပြန်ပြောလိုက်သည်။

“ကျွန်တော်က ထူဝေ့နန်းဆောင်ရဲ့ ခန်းမသခင်အသစ် ဖြစ်လာပြီဆိုတော့ ခန်းမဆယ်ခုအကြောင်းကို နားလည်ထားဖို့နဲ့ လူတိုင်းနဲ့ မိတ်ဆက်ထားဖို့က ကျွန်တော့်ရဲ့ တာဝန်ပဲ မဟုတ်လား”

လန်ရှီဟယ်သည် သူမ၏ရှေ့မှ အမျိုးသားကို ခဏမျှ အကဲခတ်ပြီးနောက် ပြောလိုက်သည်။

“မင်း မဟာလေဟာနယ်ကို ရောက်လာတာ နှစ်ပေါင်း ၃၀ လောက် ရှိပြီ မဟုတ်လား။ ဒီလောက်အကြာကြီး နေပြီးမှ ခန်းမဆယ်ခုအကြောင်း နားလည်ဖို့နဲ့ မိတ်ဆက်ဖို့ကို အခုမှ သတိရတာလား”

ချီရှန့်က ပြောလိုက်သည်။

“အတိတ်တုန်းကတော့ ကျွန်တော့်မှာ အဲဒီလို လုပ်ဖို့အတွက် အရည်အချင်းကော၊ စွမ်းဆောင်ရည်ကော မရှိခဲ့ပါဘူး”

လန်ရှီဟယ်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ဒါဆို အခုတော့ မင်းမှာ အဲဒီအရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေ ရှိနေပြီလို့ ထင်နေတာလား။ မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ ထင်တယ်”

လန်ရှီဟယ်သည် သူ့အပေါ်တွင် ရန်လိုစိတ် ရှိနေသည်ကို ချီရှန့် ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သို့သော် သူသည် ဒေါသမထွက်ဘဲ ပြုံးလျက် မေးလိုက်၏။

“ဘာလို့ အဲဒီလို ပြောရတာလဲ”

လန်ရှီဟယ်က ပြန်ပြောလိုက်သည်။

“မင်း ထူဝေ့နန်းဆောင်မှာ နေလာတာ နှစ်ပေါင်း ၃၀ ရှိပြီဆိုတော့ မဟာဧကရာဇ် ထူဝေ့နဲ့ တာအိုသူတော်စင်ကျန့်တို့ ဘာဖြစ်ခဲ့လဲဆိုတာ မင်း သိမှာပေါ့”

လန်ရှီဟယ်သည် ထူဝေ့နန်းဆောင်အပေါ်တွင် ကောင်းမွန်သော အမြင်မရှိချေ။ ထို့ကြောင့် ချီရှန့်မှာ ထူဝေ့နန်းဆောင်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း သူမက သူ့ကိုပါ တွဲဖက်၍ မုန်းတီးနေခြင်း ဖြစ်သည်။

ချီရှန့်က ပြုံးလျက် ပြောလိုက်သည်။

“သေချာပေါက် သိတာပေါ့”

လန်ရှီဟယ်က မေးလိုက်သည်။

“မင်းကော သူတို့လို အမှားမျိုး ထပ်လုပ်မိမှာကို မကြောက်ဘူးလား”

ချီရှန့်က ဆိုလိုက်သည်။

“ကျွန်တော် အမှားလုပ်မိမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ အမှားလုပ်မိမှာကို ကြောက်တဲ့စိတ်ကြောင့် ရှေ့ဆက်မတက်နိုင်မှာကိုတော့ ကျွန်တော် တကယ် ကြောက်မိတယ်”

လန်ရှီဟယ် ရယ်မောလိုက်ပြီးနောက် မေးလိုက်သည်။

“မင်းရဲ့ တာဝန်ကိုကော မင်း သိရဲ့လား”

ချီရှန့်က မေးလိုက်သည်။

“တာဝန် ဟုတ်လား”

လန်ရှီဟယ်က ရှင်းပြလိုက်သည်။

“ခန်းမသခင်တိုင်းဟာ အနာဂတ်ရဲ့ နန်းဆောင်အရှင်သခင်တွေပဲ။ သူတို့ဟာ နောင်တစ်ချိန်မှာ အထွတ်အထိပ်သက်ရှိ ဖြစ်လာဖို့ အခွင့်အလမ်း အရှိဆုံးသူတွေလည်း ဖြစ်ကြတယ်။ မင်း အထွတ်အထိပ်သက်ရှိတစ်ဦး ဖြစ်လာပြီဆိုတာနဲ့ မင်းမှာ တာဝန်တွေ အများကြီး ရှိလာလိမ့်မယ်”

ချီရှန့်က မေးလိုက်သည်။

“လောကကြီးရဲ့ မျှခြေကို ထိန်းသိမ်းဖို့နဲ့ ဖျက်ဆီးခြင်းတိုင်လုံးတွေကို စောင့်ကြပ်ဖို့လား”

လန်ရှီဟယ်က ပြန်ဖြေလိုက်သည်။

“အဲဒီလိုပါပဲ”

သူမ၏ စကားသံထဲတွင် မရေရာမှုအချို့ ပါဝင်နေ၏။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူမကိုယ်တိုင်လည်း သူမ၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို တကယ် မသိရှိပေ။

ချီရှန့်က ဘာမှပြန်မပြောသဖြင့် လန်ရှီဟယ်က ထပ်မံ မေးလိုက်သည်။

“မင်း ဒါကို သဘောမတူဘူးလား”

ချီရှန့်က အံ့ဩဖွယ်ကောင်းသော စကားတစ်ခွန်းကို ဆိုလိုက်သည်။

“သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးက ပြိုလဲသွားခဲ့ပြီ။ ကျန်တဲ့ တိုင်လုံးကိုးခုကလည်း အနှေးနဲ့ အမြန် ပြိုလဲသွားကြမှာပဲ။ အဲဒီအချိန်ကျရင် ကျုပ်တို့ရဲ့ တာဝန်က ဘာဖြစ်မလဲ”

လန်ရှီဟယ် မျက်မှောင်ကျုံ့လိုက်မိသည်။ ဤအကြောင်းအရာမှာ မဟာလေဟာနယ်အတွင်း၌ တားမြစ်ထားသော ကိစ္စတစ်ခု ဖြစ်သည်။ သူမ၏ရှေ့မှ လူသစ်လေးက ဤမျှအထိ သတ္တိရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အကယ်၍ အတိတ်တုန်းကသာဆိုလျှင် သူမ သူ့ကို ထွက်သွားရန် အမိန့်ပေးမိလိမ့်မည်။ သို့သော် သွင့်ကျန်းတိုင်လုံး ပြိုလဲသွားပြီးနောက်တွင်မူ သူမသည်လည်း ဤကိစ္စအပေါ် စိတ်ဝင်စားမှု ရှိလာခဲ့ပြီ ဖြစ်သည်။

လန်ရှီဟယ်က မေးလိုက်သည်။

“ကျန်တဲ့ တိုင်လုံးတွေကလည်း ပြိုလဲသွားဖို့က အချိန်တစ်ခုပဲ လိုတယ်လို့ မင်း ပြောချင်တာလား”

ချီရှန့်က ပြောလိုက်သည်။

“တကယ်တော့ သူတော်စင်မိန်းမပျိုရဲ့ ရင်ထဲမှာလည်း အဖြေရှိနေပြီးသား မဟုတ်လား။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေဦးမှာလဲ။ ဖျက်ဆီးခြင်းတိုင်လုံးတွေဟာ သက်တမ်းရင့်လာတာနဲ့အမျှ ဆွေးမြည့်နေကြပြီ။ အခု သူတို့ ရပ်တည်နေနိုင်တာက ကမ္ဘာမြေရဲ့ ပြန်လည်ပြုပြင်ခြင်း စွမ်းအားတွေကြောင့်ပဲလေ”

လန်ရှီဟယ်က ဆိုလိုက်သည်။

“သူတို့က အနှေးနဲ့အမြန် ပြိုလဲသွားမယ်ဆိုဦးတော့၊ အဲဒီအချိန် မရောက်ခင်အထိ ငါတို့ရဲ့ တာဝန်ကိုတော့ ငါတို့ ကျေပွန်အောင် ထမ်းဆောင်ရမှာပဲ”

ချီရှန့်က ပြောလိုက်သည်။

“သူတော်စင်မိန်းမပျို ပြောတာ မှန်ပါတယ်။”

သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးမြန်းလိုက်သည်။

“သူတော်စင်မိန်းမပျို အမည်မသိကုန်းမြေကို ရောက်ဖူးလား”

လန်ရှီဟယ်က ပြန်ဖြေလိုက်သည်။

“ရောက်ဖူးတာပေါ့”

ချီရှန့်က ပြောလိုက်သည်။

“ကျွန်တော်လည်း ရောက်ဖူးပါတယ်။ အဖြူရောင်ဧကရာဇ်မင်းကြီးက ကျွန်တော့်ကို ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုလုံးဆီကို တစ်ခါ ခေါ်သွားဖူးတယ်လေ”

လန်ရှီဟယ်က မျက်မှောင်ကျုံ့လိုက်ရင်း ပြောလိုက်သည်။

“အဲဒါက ကြွားလုံးထုတ်စရာ မဟုတ်ပါဘူး”

သူမ၏ရှေ့မှ လူငယ်မှာ အတော်လေး အပေါ်ယံဆန်သည်ဟု သူမ ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူမသည် အမည်မသိကုန်းမြေသို့ ရောက်ဖူးရုံတင်မကဘဲ မကြာခဏပင် သွားရောက်လေ့ ရှိသည်မဟုတ်ပါလော။

ချီရှန့်က ခပ်အေးအေးပင် ပြုံးလိုက်ပြီး မေးလိုက်သည်။

“အမည်မသိကုန်းမြေကြီးက အရမ်း မှောင်လွန်းတယ်လို့ သူတော်စင်မိန်းမပျို မထင်ဘူးလား”

လန်ရှီဟယ်က မေးလိုက်သည်။

“အရမ်း မှောင်လွန်းတယ် ဟုတ်လား”

…

All Chapters