အခန်း (၁၅၅၈-၁၅၆၀)
Vol. 104 Ch. 1558-1560
အခန်း (၁၅၅၈) ဖမ်းဆီးရေး စစ်ဆင်ရေး (၂)
အမည်မသိကုန်းမြေ၏ ပတ်ဝန်းကျင်မှာ အစဉ်အမြဲပင် ကြမ်းတမ်းခက်ထန်ပြီး မှောင်အတိကျနေခဲ့သည်။ ချီရှန့်က မတ်မတ်ရပ်လျက် တည်ငြိမ်အေးဆေးသော၊ ယုံကြည်ချက်ရှိသော လေသံဖြင့် ဆိုလိုက်၏။
“အဲဒီနေရာမှာ ညဦးယံဖုံးလွှမ်းနေခဲ့တာ နှစ်ပေါင်း တစ်သိန်းတောင် ရှိခဲ့ပြီ။ အခုတော့ အဲဒီနေရာမှာ မိုးသောက် နေဝန်းကြီး ထွက်ပေါ်လာသင့်ပြီလို့ ကျုပ် ထင်မိတယ်”
လန်ရှီဟယ်သည် ထိုစကားကို ကြားသောအခါ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားရသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက လေသံနှိမ့်၍ ဆိုလိုက်၏။
“အဲဒီနေရာက အမြဲတမ်း မှောင်မိုက်နေခဲ့တာ။ အမှောင်ထုကို ဖယ်ရှားဖို့ဆိုတာ မလွယ်ကူဘူး”
“အခြေအနေက အဲဒီလိုဆိုရင်လည်း... ကိုယ်တိုင်ပဲ အလင်းဆောင်လိုက်ရုံပေါ့”
ချီရှန့်သည် သူဆိုလိုသည်ကို အလွန်ပင် ရှင်းလင်းစွာ ပြောဆိုခဲ့သော်လည်း တစ်ဖက်လူ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကိုမူ သူ မသိနိုင်ပေ။ စကားလုံးဆိုသည်မှာ အနုပညာတစ်ရပ်ပင်။ တူညီသော စကားလုံးကိုပင် လူအမျိုးမျိုးအား ပြောဆိုရာတွင် အဓိပ္ပာယ် အမျိုးမျိုး သက်ရောက်နိုင်ပေသည်။
ဘေးတွင် ရပ်နေသော အပြာရောင်ဝတ်စုံဝတ် လက်ထောက်လေးမှာမူ သူတို့၏ စကားဝိုင်းကို လုံးဝ နားမလည်နိုင်ပေ။ သူမသည် ချီရှန့်ကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ သူ၏ မျက်နှာပေါ်ရှိ နီဖျော့ဖျော့ မျက်နှာဖုံးပေါ်တွင် မီးတောက်ပုံစံ ပန်းလက်ရာများကို ထွင်းထုထား၏။
ချီရှန့်က လန်ရှီဟယ်ကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ကျော့ရှင်းစွာ လှည့်ထွက်သွားတော့သည်။
“ဒါပါပဲ။ ဂရုစိုက်ပါဦး”
ချီရှန့် ထွက်သွားပြီးနောက် လက်ထောက်လေးက တီးတိုးရေရွတ်လိုက်၏။
“သူ ရူးနေတာလား။ ဘာတွေ လာပြောနေတာလဲ မသိဘူး”
“ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့” လန်ရှီဟယ်က တားမြစ်လိုက်သည်။
“ဆရာက သူ့ကို ထွက်သွားဖို့ မပြောရသေးဘူး၊ သူက သူ့ဘာသာ လှည့်ထွက်သွားတာ။ သူက အရမ်းကို မာနကြီးလွန်းတယ်” လက်ထောက်လေးက မကျေမနပ် ဆိုလိုက်၏။
“သူ့ရဲ့ အခုလက်ရှိ အဆင့်အတန်းအရဆိုရင် ငါနဲ့ သိပ်ပြီး မကွာခြားတော့ပါဘူး။ သူက ဒီကိုလာပြီး စေတနာကို ဖော်ပြသွားသလို ရိုရိုသေသေ ဆက်ဆံသွားတာကိုပဲ တော်လှပြီလို့ ဆိုရမယ်” လန်ရှီဟယ်က ဆိုလိုက်သည်။
“ဆရာက ထူဝေ့နန်းဆောင်က လူမှန်သမျှကို မုန်းတယ်လို့ ကျွန်မ ထင်ထားတာ” လက်ထောက်လေးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
လန်ရှီဟယ်က ထိုမေးခွန်းကို ပြန်မဖြေဘဲ ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မေးလိုက်၏။ “သူ နောက်ဆုံးမှာ ဘာပြောသွားတာလဲ”
“ဂရုစိုက်ပါဦးလို့လား
မကြာမီမှာပင် အထွတ်အမြတ်ခန်းမမှ မဟာလေဟာနယ်မျိုးစေ့ တစ်ခု ပြန်လည်ပေါ်ထွက်လာကြောင်း ခန်းမဆယ်ခုလုံးသို့ သတင်းထုတ်ပြန်လိုက်သည်။ ထို့နောက် ပစ်မှတ်ကို ဖမ်းဆီးရန်အတွက် လူများစေလွှတ်ရန် အမိန့်ပေးလိုက်၏။ သူတို့ ပေးထားသော ခန့်မှန်းခြေတည်နေရာမှာ နှစ်မြွှာအစိမ်းရောင်ကြာနယ်မြေ ဖြစ်သည်။
၎င်းမှာ နယ်မြေကိုးခုအနက် တစ်ခုသာ ဖြစ်သော်လည်း သေးငယ်လှသည် မဟုတ်ပေ။ ထို့ကြောင့် မဟာလေဟာနယ်မျိုးစေ့ကို ရှာဖွေရန်အတွက် လူအင်အား အမြောက်အမြား လိုအပ်ပေသည်။ တစ်ချိန်တည်းမှာပင် ခန်းမဆယ်ခုအကြား မျှခြေကို ထိန်းသိမ်းရန်အတွက် ခန်းမဆယ်ခုလုံးမှ လူများ စေလွှတ်ရမည် ဖြစ်သည်။
မဟာလေဟာနယ်က ဤလှုပ်ရှားမှုကို ဖမ်းဆီးရေး စစ်ဆင်ရေး) ဟု အမည်ပေးလိုက်တော့သည်။
သင်းပျံ့တောင်ကြားတွင် ဖြစ်သည်။
နောက်ထပ် လဝက်ခန့် ကြာပြီးနောက်...
လူသားအသွင် ဖမ်းထားသော ချင်းယွမ်သည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲတော့မည့်အခြေအနေသို့ ရောက်ရှိနေ၏။ သူမသည် မိစ္ဆာဝေဟင်မျှော်နန်း မှ တပည့်များကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ မွေးဖွားခြင်းစမ်းသပ်ချက်တွေကို ခင်ဗျားတို့ဘာသာ ကျော်ဖြတ်ကြစမ်းပါ။ ကျုပ်ကို ထပ်မမေးကြပါနဲ့တော့”
“မရဘူးလေ။ ခင်ဗျားပဲ ဒါက အရမ်းခက်ခဲတယ်လို့ ပြောခဲ့တာ မဟုတ်လား။ ဒီပတ်ဝန်းကျင်က မရလောက်ဘူး ထင်တယ်၊ တစ်ခုခုတော့ မှားနေပြီ” မင်ရှစ်ရင် က ဆိုလိုက်၏။
ချင်းယွမ် သွေးအန်ချင်စိတ် ပေါက်သွားရသည်။ သူမက အောင့်အည်းသည်းခံကာ ပြောလိုက်၏။
“ခင်ဗျားတို့အားလုံးမှာ သူတော်စင်အလင်း ရှိနေပြီပဲ။ ဘာမှ မမှားပါဘူး”
မင်ရှစ်ရင် ခေါင်းညိတ်လိုက်သည်။ “ခင်ဗျား ပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ။ ဟင်း... ငါ ထင်ထားတာထက်တောင် ပိုလွယ်နေသေးတယ်”
“အဲဒါက မင်းတို့အားလုံးက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရထားလို့လေ” အဝေးမှ လျှောက်လှမ်းလာသော ချန်ဖုက ဆိုလိုက်သည်။
ဆံပင်ဖြူဖွေးကာ အားနည်းနေသော ချန်ဖုကို မြင်သောအခါ လူတိုင်းက ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
ချန်ဖုက ပြောလိုက်သည်။ “ဂုဏ်ယူပါတယ်”
“ဒါတွေအားလုံးက ချန်းပေ့ချန်ဖုရဲ့ လမ်းညွှန်မှုတွေကြောင့်ပါ” မင်ရှစ်ရင်က ပြုံးလျက် ဆိုလိုက်သည်။
“မင်းတို့ရဲ့ ကျင့်ကြံမှုတွေ ဒီထက်မက တိုးတက်လာဦးမယ်ဆိုရင်တော့ ငါ့မှာ လမ်းညွှန်ပေးနိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ငါ မင်းတို့ရှစ်စွင်းကို မျက်နှာမပျက်စေခဲ့ဘူးပေါ့” ချန်ဖုက ဆိုလိုက်သည်။ ထို့နောက် သူက သူ၏တပည့်များကို လှည့်ကြည့်လိုက်ရာ သူတို့က အနေခက်သွားကြတော့သည်။
ချန်ဖု၏ အကြီးဆုံးတပည့် ဟွားယင်သည် အမြဲတမ်း တည်ငြိမ်သူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ တီးတိုးမပြောဘဲ မနေနိုင်တော့ပေ။
“ဆရာ... ကျွန်တော်တို့ကို သူတို့နဲ့ နှိုင်းယှဉ်လို့ မရဘူးလေ။ ကျွန်တော်တို့ရဲ့ အခြေအနေနဲ့ ပါရမီတွေက မတူကြဘူးလေ”
ချန်ဖုသည် မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များကို ကြည့်ကာ မေးလိုက်၏။
“နှစ်ပေါင်း ၃၀ တောင် ရှိသွားပြီ။ သူတော်စင်စမ်းသပ်ချက်ကို မကျော်ဖြတ်ရသေးတာ ဘယ်သူရှိသေးလဲ”
“ရှောင်ရှစ်မေ့ တစ်ယောက်ပဲ ကျန်ပါတော့တယ်”
လူတိုင်းက ခရုလေးကို လှမ်းကြည့်လိုက်ကြသည်။ ခရုလေးက အားနာစွာဖြင့် ပြောလိုက်သည်။
“လူတိုင်းကို အချိန်ဆွဲသလို ဖြစ်သွားလို့ တကယ် တောင်းပန်ပါတယ်”
ချန်ဖု၏ တပည့်တစ်ဦးဖြစ်သော ကျိုးကွမ်းက တီးတိုးဆိုလိုက်သည်။ “ဒါက တကယ်ကို မတရားဘူး”
တာ့ဟန်နယ်မြေတွင် ချန်ဖု တစ်ဦးတည်းသာ သူတော်စင်ဖြစ်ခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းမှာ သူတော်စင်များ ဖြစ်ကုန်ကြလေပြီ။ မိစ္ဆာဝေဟင်မျှော်နန်းမှာတော့ သူတော်စင်ဆိုတာ ပေါများနေပြီဖြစ်သည်။
ချန်ဖုက ဆိုလိုက်သည်။ “နှစ်ပေါင်း ၃၀... ဒါက တန်ပါတယ်...။ အခုတော့ သင်းပျံ့တောင်ကြားကနေ ထွက်ခွာရမဲ့အချိန် ရောက်ပြီ”
“သင်းပျံ့တောင်ကြားကနေ ထွက်သွားရမယ် ဟုတ်လား”
လူတိုင်းမှာ ဇဝေဇဝါနှင့် အံ့ဩသွားကြရ၏။ ရှောင်ယွမ်အာပြောလိုက်သည်။
“ကျွန်မတို့ ထွက်သွားရင် ရှစ်စွင်း ပြန်လာတဲ့အခါ ကျွန်မတို့ကို ရှာမတွေ့ဘဲ နေပါဦးမယ်”
“ထွက်သွားရုံတင် မကဘူး၊ မင်းတို့ အတူတူ နေလို့လည်း မရဘူး။ မျှခြေကို ထိန်းသိမ်းဖို့အတွက် နယ်မြေကိုးခုမှာ အညီအမျှ ခွဲနေကြရမယ်။ ဒီလောက် သူတော်စင်တွေ အများကြီး တစ်နေရာတည်း စုနေတာကို ရှာမတွေ့ဘဲ နေမှာ မဟုတ်ဘူး” ချန်ဖုက ရှင်းပြလိုက်သည်။
ချင်းယွမ်ကလည်း ကြားဖြတ် ပြောလိုက်သည်။
“ချန်းပေ့ချန်ဖု ပြောတာ မှန်ပါတယ်။ ခင်ဗျားတို့ ထွက်သွားရမယ်။ မဟာလေဟာနယ်က တရားမျှတမှုချိန်ခွင်ဟာ စွမ်းအင်ကို အာရုံခံနိုင်ပြီး ခင်ဗျားတို့ရဲ့ တည်နေရာကို ရှာဖွေနိုင်တယ်။ ခင်ဗျားတို့ မြန်မြန်ထွက်သွားနိုင်လေ ပိုကောင်းလေပဲ”
ထိုသို့ ပြောကာ သူမက ပျံတက်လျက် ပြောလိုက်သည်။
“အချိန်မရှိတော့ဘူး။ ကျုပ် ခင်ဗျားတို့ကို ပို့ပေးပါ့မယ်”
“ဒီလောက်တောင် အရေးကြီးနေတာလား” ကျူးဟုန်ကုန်းက ခေါင်းကုတ်လျက် ဆိုလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ဒီနေရာလေးက တော်တော် နေလို့ကောင်းတာ”
မင်ရှစ်ရင်က သူ့ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“စကားတွေ များမနေနဲ့။ အခုချက်ချင်း သွားကြစို့”
ချန်ဖုက ပြောလိုက်သည်။
“ဆောင်းဦးနှင်းစက်တောင်က လူတွေကတော့ ဒီမှာပဲ နေခဲ့ကြမယ်”
တပည့်များကလည်း ပြန်ဖြေလိုက်၏။
“နားလည်ပါပြီ”
ဤသို့ဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းမှာ ချင်းယွမ်နောက်သို့ လိုက်ပါကာ ပျံတက်သွားကြတော့သည်။ ထိုစဉ် မင်ရှစ်ရင်က လှမ်းပြောလိုက်သည်။
“ခဏစောင့်ကြဦး။ ကျုပ် လူတစ်ယောက်ကို မေ့ကျန်ခဲ့တော့မလို့”
သူက ရှေးဟောင်းအဆောက်အအုံအတွင်းသို့ ပျံဝင်သွားပြီး မကြာမီမှာပင် ကျန့်ဝမ်ရွှီကို ခေါ်ဆောင်၍ ပြန်ထွက်လာခဲ့သည်။
ကျင့်ကြံမှုများ မရှိတော့သဖြင့် ကျန့်ဝမ်ရွှီသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် အိုမင်းရင့်ရော်နေပြီ ဖြစ်သည်။ သူ၏ အခြေခံကောင်းမွန်မှုသာ မရှိခဲ့လျှင် ဤနေရာတွင် အိုမင်းပြီး သေဆုံးသွားလောက်ပြီဖြစ်သည်။
နောက်ဆုံးတွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းက လေထဲသို့ ရောက်ရှိလာကြသည်။ သူတို့ ချက်ချင်း ထွက်မသွားဘဲ ချန်ဖုကို တညီတညွတ်တည်း ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
“ဂရုစိုက်ပါဦး”
ချန်ဖုက ပြောလိုက်သည်။
“မင်းတို့ရှစ်စွင်းကို ငါ့ရဲ့စကား ပါးပေးကြပါ။ ငါ သူ့ကို စောင့်နိုင်တော့မယ် မထင်ဘူး။ ငါ့သင်္ချိုင်းကိုလာပြီး ငါနဲ့ စကားလာပြောဖို့ သူ့ကို ပြောပေးကြ”
“ဟုတ်ကဲ့ပါ”
ဝှစ် ဝှစ် ဝှစ်
လူတိုင်း အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားကြတော့သည်။ သင်းပျံ့တောင်ကြား၏ အဝင်ဝသို့ ရောက်သောအခါ ပတ်ဝန်းကျင်မှာ ယခင်အတိုင်းပင် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။
ထိုစဉ် အားနည်းနေသော ကျန့်ဝမ်ရွှီက အက်ရှရှအသံဖြင့် ပြောလိုက်သည်။
“မင်းတို့ ထွက်ပြေးလို့ မရပါဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ်လက်ခံလိုက်စမ်းပါ။ တရားမျှတမှုချိန်ခွင်က မင်းတို့ကို သေချာပေါက် ရှာတွေ့မှာပဲ”
“မင်းရဲ့ ပါးစပ်ပုပ်ကို ပိတ်ထားစမ်း” မင်ရှစ်ရင်က ဆိုလိုက်၏။
ကျန့်ဝမ်ရွှီက အရူးတစ်ယောက်ပမာ ရယ်မောလိုက်သည်။
“မင်းတို့ မဟာလေဟာနယ်ကို အထင်သေးလွန်းနေတာပဲ။ ငါ အရင်ကတည်းက ပြောခဲ့တယ် မဟုတ်လား။ သူတို့ သူ့ကို တစ်ကြိမ် သတ်နိုင်ခဲ့ရင် နောက်ထပ် တစ်ကြိမ်လည်း ထပ်သတ်နိုင်တာပဲ”
ဘုန်း
မင်ရှစ်ရင်က ကျန့်ဝမ်ရွှီကို လက်သီးဖြင့် ထိုးလိုက်ရာ သူ မေ့လဲသွားတော့သတည်း။
ကျူးဟုန်ကုန်းက မေးလိုက်သည်။ “စစ်ရှစ်ရှိုး... ရှစ်ရှိုးက သူ့ကို ဘာလို့ ခဏခဏ မေ့လဲအောင် လုပ်နေတာလဲ။ ပြီးတော့ ဘာလို့ ဆိုးယုတ်သူတစ်ပါး အကြောင်းကို ပြောရင် လူတွေက ဒီလောက်အထိ ကြောက်နေကြတာလဲ”
“သူက သူရဲဘောကြောင်လို့ပါ”
ကျန့်ဝမ်ရွှီသည် နာကျင်စွာဖြင့် ရုန်းကန်ပြောဆိုလိုက်သည်။ “အကယ်၍... အကယ်၍သာ ဆိုးယုတ်သူတစ်ပါး မရှိခဲ့ရင်... မင်းတို့အားလုံး... သေတာ ကြာလှပြီ”
“နင်က သေခါနီးနေတာတောင် ပေါက်ကရတွေ ပြောနေသေးတယ်။ နင့်ကိုယ်နင် အစွမ်းထက်နေတုန်းပဲလို့ ထင်နေတာလား” ရှောင်ယွမ်အာက ဆိုလိုက်၏။
“မင်း”
“နင်က ဘာလို့ အခုထိ မသေသေးတာလဲ” ရှောင်ယွမ်အာက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“နင်က အရမ်းကို အိုနေပြီ။ သွားတွေလည်း အကုန်ကျိုးနေပြီ။ မျက်နှာတစ်ခုလုံးလည်း အရေးအကြောင်းတွေနဲ့” ရှောင်ယွမ်အာက သူမ၏ ချောမွတ်သော ပါးပြင်ကို ထိတွေ့လျက် ဆိုလိုက်၏။
“ငါကတော့ နှစ်ပေါင်း ၃၀ အတွင်းမှာ ဘာမှမပြောင်းလဲဘူး။ နင့်လိုမျိုးတော့ တကယ် အဖြစ်မခံနိုင်ဘူး။ နင်က အရမ်း အရုပ်ဆိုးလွန်းတယ်”
ကျန့်ဝမ်ရွှီမှာ နာကျင်စွာဖြင့် ညည်းတွားလိုက်မိသည်။ သူသည် ဒေါသကြောင့် ရင်ထဲတွင် နာကျင်လာပြီး သွေးပင် အန်ချင်စိတ် ပေါက်သွားရ၏။
ထိုအခိုက်အတန့်တွင် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်း၌ ဧရာမ အလင်းကွင်းကြီးတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ပေ တစ်သောင်းခန့် ကျယ်ပြောလှပြီး သင်္ကေတများစွာကိုလည်း မြင်တွေ့ရ၏။
၎င်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သော ကျောင်းဟုန်ဖုက ပြောလိုက်ည်။
“အဲဒါ မဟာလေဟာနယ်ရဲ့ သင်္ကေတလမ်းကြောင်းပဲ။ သွားကြစို့”
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး သင်းပျံ့တောင်ကြားမှ အလျင်အမြန် ထွက်ခွာခဲ့ကြသည်။
“လုဝူ၊ ချန်ဟွမ်း... ခန္ဓာကိုယ်ကို ကျုံ့လိုက်ကြစမ်း” မင်ရှစ်ရင်က အမိန့်ပေးလိုက်၏။
လုဝူ နှင့် ချန်ဟွမ်းတို့၏ ကျင့်ကြံမှုမှာလည်း ဤနှစ်များအတွင်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။ လုကျိုး၏ တပည့်များထံမှ မဟာလေဟာနယ်မျိုးစေ့များ၏ အာဟာရကို ရရှိသဖြင့် သူတို့သည် နတ်သားရဲများ ဖြစ်လာရန် အလွန်ပင် နီးကပ်နေခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ဦးမှာ အလျင်အမြန်ပင် သေးငယ်သွားကြတော့သည်။ ဘာပဲဖြစ်ဖြစ် အရွယ်အစား ကြီးမားနေပါက ရှာဖွေတွေ့ရှိရန် လွယ်ကူသည် မဟုတ်ပါလော။
ထို့နောက် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် ဆောင်းဦးနှင်းစက်တောင်သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။ ခေတ္တမျှ အနားယူပြီးနောက် အခြားသော သင်္ကေတလမ်းကြောင်းတစ်ခုဆီသို့ အပြေးအလွှား သွားခဲ့ကြပြန်သည်။
သင်္ကေတလမ်းကြောင်း၏ ရှေ့တွင် ရပ်နေစဉ် သူတို့ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
“အရင်ဆုံး မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ကြတာပေါ့။ အဲဒီရောက်မှပဲ ဘယ်သူက ဘယ်နယ်မြေကို သွားမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့။ ဘယ်လိုလဲ” မင်ရှစ်ရင်က မေးလိုက်သည်။
“ကောင်းတဲ့ အကြံပဲ။ အဲဒီကို မရောက်တာ တော်တော်တောင် ကြာပြီ”ရှောင်ယွမ်အာက ဆိုလိုက်၏။
ရှောင်ယွမ်အာ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အလင်းတန်းတစ်ခု ပွင့်ထွက်လာတော့သည်။
“ဘယ်သူလဲ”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းမှာ သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြ၏။ ထိုအလင်းတန်းမှာ သင်္ကေတလမ်းကြောင်း၏ ဘေးဘက်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။
“သွားကြည့်ကြရအောင်”
သူတို့ ထိုအလင်းအရင်းအမြစ်ဆီသို့ ရောက်သောအခါ ဇဝေဇဝါဖြင့် ကြည့်နေမိကြ၏။
“ဒါ ဘာကြီးလဲ”
ကျောင်းဟုန်ဖုသည် ၎င်းကို ခဏမျှ လေ့လာပြီးနောက် တရားသူကြီးစုတ်တံကို ထုတ်ယူကာ စာသားအချို့ကို ရေးဆွဲလိုက်သည်။ အလင်းတန်းများ ကွယ်ပျောက်သွားသောအခါ စာကြောင်းတစ်ကြောင်း ပေါ်ထွက်လာတော့၏။
“မင်းတို့မလွတ်ပါဘူး”
…
အခန်း (၁၅၅၉) မင်းတို့ မလွတ်ပါဘူး
လူအပေါင်းတို့သည် စုဝေးလာကြပြီးနောက် ထိုစာသားများကို ထူးဆန်းသော အမူအရာများဖြင့် ဝန်းရံကြည့်ရှုနေကြလေသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ အစောင့်အရှောက်ဖြစ်သူ မုန့်ချန်းသုံသည် ထိုစာသားများကို ခဏမျှ စူးစိုက်ကြည့်ရှုပြီးနောက် သံသယဖြင့် မေးမြန်းလိုက်သည်။
“ကျုပ်တို့ ဒီသင်္ကေတလမ်းကြောင်းကို အသုံးပြုမယ်ဆိုတာကို မဟာလေဟာနယ်က ကြိုသိနေတာလား”
“အဲဒါတော့ မဖြစ်နိုင်ဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။ “အကယ်၍ မဟာလေဟာနယ်သာ သိနေမယ်ဆိုရင် ဒီလောက်အထိ ဆန်းကြယ်အောင် လုပ်နေစရာ မလိုပါဘူး။ ကျုပ်တို့ကို ဖမ်းဆီးဖို့အတွက် လူတွေကို တိုက်ရိုက် စေလွှတ်လိုက်မှာပေါ့”
“ဖြစ်နိုင်တာက ကျုပ်တို့ကို ခြောက်လှန့်ဖို့အတွက် နေရာအနှံ့အပြားမှာ ဒီလိုစာသားမျိုးတွေ ချန်ထားခဲ့တာများလား” မုန့်ချန်းသုံက ခန့်မှန်းလိုက်သည်။
ယန်ကျန်းလော့က ပြောလိုက်သည်။
“အစောင့်အရှောက်မုန့် ပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ မိစ္ဆာဝေဟင်မျှော်နန်းကို အရင်ဆုံး ပြန်ကြတာပေါ့”
လူတိုင်း ခေါင်းညိတ်သဘောတူလိုက်ကြပြီး သင်္ကေတလမ်းကြောင်းအတွင်းသို့ အလျင်အမြန်ပင် ဝင်ရောက်သွားကြတော့သည်။
၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက်...
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် မြောက်ဘက်မျှော်နန်း၏ အပြင်ဘက်ရှိ သင်္ကေတလမ်းကြောင်းတွင် ပေါ်ထွက်လာကြသည်။ မျှခြေ ပျက်ယွင်းမှုဒဏ်ကြောင့် ရွှေနန်းဥယျာဉ်တောင်သည် ယခင်ကကဲ့သို့ စိမ်းလန်းစိုပြည်ခြင်း မရှိတော့ဘဲ အတန်ငယ် ခြောက်ကပ်၍ အထီးကျန်နေလေသည်။ လူသူကင်းမဲ့နေသည်မှာ ကြာမြင့်ပြီဖြစ်ရာ မျှော်နန်းဆောင်များတွင်လည်း ပေါင်းပင်များမှာ ထူထပ်စွာ ပေါက်ရောက်နေတော့သည်။
သူတို့သည် သင်္ကေတလမ်းကြောင်းမှ အပြင်သို့ ခြေတစ်လှမ်း ထွက်လိုက်သည်နှင့် နောက်ထပ် အလင်းတန်းတစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။ ကျောင်းဟုန်ဖုသည် တရားစီရင်ရေးစုတ်တံကို ထုတ်ယူကာ တောက်ပနေသော သင်္ကေတများပေါ်တွင် ရေးဆွဲလိုက်၏။ ယခင်အတိုင်းပင် နောက်ထပ် စာကြောင်းတစ်ကြောင်း ပေါ်လာပြန်သည်။
“မင်းတို့ မလွတ်ပါဘူး”
“ဟက် ညစ်ပတ်တဲ့ လှည့်ကွက်ပဲ။ ဘယ်ကောင်ကများ ကျုပ်တို့ကို လာပြီး ခြောက်လှန့်နေတာလဲ။ သတ္တိရှိရင် ထွက်ခဲ့စမ်း” မင်ရှစ်ရင်က အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
“ဒါက တစ်စုံတစ်ယောက် ဒီနေရာကို ရောက်ရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျုပ်တို့ အထူးသတိထားရမယ်”
လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ လက်ဝဲနှင့် လက်ယာတမန်တော်များ၊ အစောင့်အရှောက်များနှင့် အခြားသူများသည် အရှေ့မြောက်၊ အနောက်တောင်နှင့် မြောက်ဘက်မျှော်နန်းများဆီသို့ ပျံသန်းသွားကာ တစ်ပတ်ပတ်၍ စစ်ဆေးပြီးနောက် ပြန်လည်ရောက်ရှိလာကြသည်။
“ဘယ်သူမှ မရှိဘူး”
“ကျွန်တော်လည်း ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပါဘူး”
မိစ္ဆာဝေဟင်မျှော်နန်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။
“ဒါက မဟာလေဟာနယ်ရဲ့ လှည့်ကွက် ဟုတ်မဟုတ် ဆိုတာထက် အခု အရေးကြီးဆုံးက တတ်နိုင်သမျှ မြန်မြန် လူစုခွဲဖို့ပဲ” ယန်ကျန်းလော့က ပြောလိုက်သည်။
ကျူးဟုန်ကုန်းက မေးလိုက်သည်။
“ကျုပ်တို့ တကယ်ပဲ လူစုခွဲကြရမှာလား”
ကျူးဟုန်ကုန်း၏ မျက်နှာမှာ တောင့်တင်းသွားပြီးနောက် အသံကုန် အော်ဟစ်ငိုကြွေးလေတော့သည်။
သူက အော်ဟစ်ငိုကြွေးနေတော့၏။ “ကျုပ် ခင်ဗျားတို့ အားလုံးနဲ့ မခွဲနိုင်ဘူးဗျာ”
“ဖယ်စမ်းပါ”
“ထွက်သွားစမ်း။ ငါ့နားကို အရမ်းကပ်မလာနဲ့။ မင်းမျက်နှာမှာ နှပ်ချေးတွေနဲ့။ ရွံစရာကြီး”
“???”
ကျူးဟုန်ကုန်း ငိုတာကို ရပ်လိုက်ပြီး မေးလိုက်သည်။
“ခင်ဗျားတို့က နည်းနည်းလေးတောင် ဝမ်းမနည်းကြဘူးလား”
'ဘယ်သူမှ ငါ့ကို ဂရုမစိုက်ကြဘူး။ ဘယ်သူမှ ငါ့ကို မချစ်ကြဘူး' သူ စိတ်ထဲမှ ညည်းတွားလိုက်မိသည်။ နောက်ဆုံးတွင် ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“ကျုပ် အဝါရောင်ကြာနယ်မြေကိုပဲ သွားလိုက်ရင် ဘယ်လိုလဲ”
အဝါရောင်ကြာနယ်မြေ၏ အလုံးစုံသော အင်အားမှာ အတော်လေး နိမ့်ပါးလှပေသည်။ အကယ်၍ သူတို့သာ ရွှေကြာနယ်မြေ၏ ကြာပွင့်ဖြတ်တောက်ခြင်း နည်းလမ်းကို အသုံးပြုမည်ဆိုပါက ကျင့်ကြံရန် အချိန်အတော်ကြာမြင့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ တစ်ယောက်ယောက်သာ ထိုနေရာသို့ သွားမည်ဆိုလျှင် စိတ်တိုင်းကျ နေထိုင်နိုင်မည်သာ ဖြစ်သည်။
“မင်းက အဲဒီမှာ ဘုရင်တစ်ဆူလို နေချင်တာ မဟုတ်လား။ ငါပဲ အဝါရောင်ကြာနယ်မြေကို သွားလိုက်မယ်” မင်ရှစ်ရင်က ဆိုလိုက်၏။
'ကောင်းတဲ့နေရာကို မသွားချင်တဲ့သူ ရှိမှာတဲ့လား’
“တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကတော့ နှစ်မြွှာကြာနယ်မြေမှာပဲ နေဖို့ သဘောတူကြမှာ သေချာတယ်”
နှစ်မြွှာကြာနယ်မြေတွင် နယ်မြေကိုးခုအတွင်း ပညာရှင် အများဆုံး ရှိသဖြင့် ထိုနှစ်ဦးအတွက် ထိုနေရာ၌ နေထိုင်ရသည်မှာ ပျင်းစရာကောင်းမည် မဟုတ်ပေ။
ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
“ကျွန်မကတော့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ ပြန်သွားမယ်”
အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှာ အအဖြူရောင်ကြာနယ်မြေတွင် တည်ရှိပြီး ယဲ့ထျန်းရှင်း၏ နယ်မြေဟုပင် သတ်မှတ်နိုင်သည်။
“အဲဒါတော့ မဖြစ်ဘူး ထင်တယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မဟာလေဟာနယ်ရဲ့ လန်ရှီဟယ် ပိုင်တာလေ။ အဲဒီကို သွားတာက ကျားဂူထဲ ဝင်သလို ဖြစ်လိမ့်မယ်”
ခေတ္တမျှ လူတိုင်းမှာ အခက်တွေ့သွားကြရသည်။ ဘယ်သူက ဘယ်နေရာကို သွားရမည်ဆိုသည်ကို မည်သို့ ရွေးချယ်ရမည်မှန်း မသိကြပေ။ ကောင်းသောနေရာရှိသလို ဆိုးသောနေရာလည်း ရှိနေသည် မဟုတ်ပါလော။ လူတိုင်းက ကောင်းသောနေရာကိုသာ သွားချင်ကြပြီး ဆိုးသောနေရာကို မည်သူမျှ မသွားလိုကြပေ။ အကြီးဆုံးတပည့် နှစ်ဦးဖြစ်သော ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ မရှိသဖြင့် အခြေအနေကို မည်သူမျှ မထိန်းချုပ်နိုင်ဘဲ ဖြစ်နေ၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဉ်းအရဆိုရင် မျှော်နန်းသခင် မရှိရင် လက်ဝဲနဲ့ လက်ယာတမန်တော်တွေကလည်း ဆုံးဖြတ်ချက် ချနိုင်တာပဲ...”
ထိုစကားကြောင့် လူတိုင်းမှာ ယန်ကျန်းလော့နှင့် လုလီတို့ကို လှည့်ကြည့်လိုက်ကြသည်။ ထိုနှစ်ဦးမှာ အကြီးအကဲ လေးဦးလောက် အသက်မကြီးသော်လည်း သူတို့၏ အတွေ့အကြုံမှာမူ အကြီးအကဲ လေးဦးထက် ပိုမိုသာလွန်လှပေသည်။
ယန်ကျန်းလော့က ပြုံးလျက် ပြောလိုက်သည်။
“မဲနှိုက်ကြတာပေါ့”
“မဲနှိုက်မယ် ဟုတ်လား”
ဒါက အမျှတဆုံး နည်းလမ်းဖြစ်ပြီး မည်သူမျှ မတရားဘူးဟု မငြင်းနိုင်တော့ပေ။
“ကျုပ် သဘောတူတယ်” တွမ့်မူရှန်းက ဆိုလိုက်၏။
“ကျန်တဲ့သူတွေကော ဘယ်လိုလဲ” ယန်ကျန်းလော့က မေးမြန်းလိုက်သည်။
လုကျိုး၏ တပည့်များ ပြန်မဖြေရသေးမီမှာပင် ချင်နိုင်ဟယ်က ရုတ်တရက် ခေါင်းမော့ကာ အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်ရင်း ပြောလိုက်သည်။
“အခု အဲဒီအကြောင်း မပြောကြနဲ့ဦး။ လူတစ်ယောက် လာနေပြီ”
“မဖြစ်နိုင်တာ။ ခင်ဗျား အာရုံခံနိုင်လို့လား”
နှစ်ပေါင်းများစွာအတွင်း ချင်နိုင်ဟယ်၏ ကျင့်ကြံမှုမှာလည်း အဆမတန် တိုးတက်လာခဲ့သည်။ လုကျိုး၏ တပည့်များလောက် မမြန်သော်လည်း သူ၏ တိုးတက်မှုမှာ သိသိသာသာပင် ရှိနေ၏။ သူသည် ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး ခဏအကြာတွင် ပြောလိုက်သည်။
“ဒါ ချင်မျိုးနွယ်စုက လူတစ်ယောက်ပဲ”
မျှော်လင့်ထားသည့်အတိုင်း ပုံရိပ်တစ်ခုသည် ပျံသန်းလာပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ အထက်တွင် ပေါ်လာတော့သည်။
“ဆရာသခင်ချင်လား” ချင်နိုင်ဟယ်က အနည်းငယ် အံ့အားသင့်စွာ မေးလိုက်သည်။ သူ သတိပြန်ဝင်လာသောအခါ အနည်းငယ် ဦးညွှတ်လိုက်၏။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ မော့ကြည့်လိုက်ကြရာ ၎င်းမှာ တကယ်ပင် ချင်ရန်ယွဲ့ ဖြစ်နေတော့သည်။
ချင်ရန်ယွဲ့က လူတိုင်းကို စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ယွီရှန်းရုန်က ကျုပ်ကို လူတိုင်းကို လာကြိုပေးဖို့ အကူအညီတောင်းခဲ့လို့ပါ”
“အာ့ရှစ်ရှိုးလား”
“သူက အခု အမည်မသိကုန်းမြေမှာ ကျင့်ကြံနေတာဆိုတော့ ခဏလောက်တော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အခြေအနေကို ကျုပ် ကြားပြီးပါပြီ။ အစ်ကိုလုက ကျုပ်ရဲ့ မိတ်ဆွေဖြစ်တာကြောင့် ကျုပ်အနေနဲ့ ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး” ချင်ရန်ယွဲ့က ဆိုကာ စာရွက်တစ်ရွက်ကို လွှင့်ပစ်လိုက်သည်။
ထိုစာရွက်မှာ လူတိုင်း၏ရှေ့သို့ ကျရောက်လာရာ ၎င်းပေါ်တွင် ရေးထားသော စာကြောင်းကို မြင်တွေ့လိုက်ရ၏။
“မင်းတို့ မလွတ်ပါဘူး”
“ဒါဆို ဒါက ခင်ဗျားရဲ့ လက်ချက်ပေါ့” ကျူးဟုန်ကုန်းက ချင်ရန်ယွဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“မင်း နားလည်မှု လွဲနေပြီ။ ဒီစာကို ကျုပ် ရခဲ့တာ တစ်လလောက် ရှိပြီ။ အဲဒါက မိစ္ဆာဝေဟင်မျှော်နန်းဆီ လာတဲ့ သင်္ကေတလမ်းကြောင်းမှာ ကပ်ထားတာ” ချင်ရန်ယွဲ့က ပြန်ပြောလိုက်၏။
ကျူးဟုန်ကုန်းက ဆဲရေးလိုက်သည်။ “ဘယ်ကောင်ကများ ဒါကို လုပ်တာလဲ။ သတ္တိရှိရင် ထွက်ခဲ့စမ်းပါ”
“မဆဲပါနဲ့တော့။ မြန်မြန် ထွက်သွားကြရအောင်” ချင်ရန်ယွဲ့က ပြောလိုက်သည်။
“ကျုပ်တို့ အားလုံး အစိမ်းရောင်ကြာနယ်မြေကို သွားမယ်ဆိုရင်လည်း ပြဿနာ ရှိနိုင်သေးတယ်။ မဟာလေဟာနယ်က ကျုပ်တို့ကို ရှာတွေ့သွားလိမ့်မယ်။ ကျုပ်တို့ လူစုခွဲရမယ်” ချင်နိုင်ဟယ်က ဆိုလိုက်၏။
“လူစုခွဲမယ် ဟုတ်လား” ချင်ရန်ယွဲ့ ဇဝေဇဝါ ဖြစ်သွားရသည်။
ချင်နိုင်ဟဲက အမှန်အတိုင်းပင် ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက အရင်လို မဟုတ်တော့ပါဘူး။ မျှော်နန်းသခင်ရဲ့ တပည့်တွေ အားလုံးနီးပါးက အခု သူတော်စင်တွေ ဖြစ်နေကြပြီလေ”
ချင်ရန်ယွဲ့ “…”
ချင်ရန်ယွဲ့၏ မျက်လုံးများမှာ အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားရတော့သည်။ သို့သော် သူ စိတ်ကို ပြန်ထိန်းလိုက်သောအခါ ၎င်းမှာ သဘာဝကျသည်ဟု ယူဆလိုက်မိ၏။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးတွင် မဟာလေဟာနယ်မျိုးစေ့များ ရှိနေသည် မဟုတ်ပါလော။ သူတော်စင်အဆင့် မပြောနှင့်၊ နောင်တစ်ချိန်တွင် သူတို့အားလုံးမှာ အထွတ်အထိပ်သက်ရှိများ ဖြစ်လာကြဦးမည်သာ။
အချိန်ဖြုန်းနေကြသည်ကို မြင်သောအခါ မင်ရှစ်ရင်က ပြောလိုက်သည်။
“ကျုပ်ပဲ ဆုံးဖြတ်ပေးလိုက်မယ်။ စန်းရှစ်ရှိုး... ရှစ်ရှိုးက ခရမ်းရောင်ကြာနယ်မြေကို သွားပါ။ မဟာသူတော်စင် တွမ့်မူဟာ ခရမ်းရောင်ကြာနယ်မြေက တာ့ရှန်းမှာ တကယ့်ကို လေးစားခံရတဲ့သူ မဟုတ်လား။ ကျုပ်ကတော့ ဆရာသခင်ချင်နဲ့အတူ အစိမ်းရောင်ကြာနယ်မြေမှာပဲ နေခဲ့မယ်။ ၀ူရှစ်မေ့က တာ့ယန်မှာပဲ နေခဲ့ပြီး လျိုရှစ်မေ့က အဖြူရောင်ကြာနယ်မြေကို သွားပါ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို မဟာလေဟာနယ်က မျှခြေထိန်းဖို့ သုံးခဲ့တာ မှန်ပေမဲ့ အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ချီရှစ်တိကျတော့...”
မင်ရှစ်ရင်သည် ဤနေရာတွင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက်ပြောလိုက်၏။
“ပါးရှစ်တိ... မင်းက အဝါရောင်ကြာနယ်မြေကို သွား။ ကျိုရှစ်မေ့က အနက်ရောင်ကြာနယ်မြေကို သွားပြီး ရှောင်ရှစ်မေ့က အနီရောင်ကြာနယ်မြေကို သွားပါ။ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကိုတော့ နှစ်မြွှာကြာနယ်မြေကို သွားဖို့ ကျုပ် အကြောင်းကြားလိုက်မယ်”
လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ ချင်ရန်ယွဲ့က ပြောလိုက်သည်။
“ကျန်တဲ့သူတွေကတော့ မိစ္ဆာဝေဟင်မျှော်နန်းမှာပဲ နေခဲ့ကြမယ်”
အမှန်စင်စစ် မဟာလေဟာနယ်သည် အခြားသူများကို ဂရုမစိုက်ပေ။ သူတို့ စိတ်ဝင်စားသည်မှာ မဟာလေဟာနယ်မျိုးစေ့များကိုသာ ဖြစ်သည်။ မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုစလုံးမှာ မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိနေသည်ကိုလည်း သူတို့ မသိကြပေ။
“အစီအစဉ်အတိုင်းပဲ... သီးခြားစီ ထွက်ခွာကြစို့” မင်ရှစ်ရင်က ပြောလိုက်သည်။
တွမ့်မူရှန်းက ရှောင်ယွမ်အာကို ကြည့်ကာ မေးလိုက်၏။
“ကျိုရှစ်မေ့... ညီမလေး ကြောက်နေလား”
ရှောင်ယွမ်အာက ပြုံးလျက် ပြန်ဖြေလိုက်သည်။ “မကြောက်ပါဘူး”
“မင်းက အရွယ်ရောက်နေပြီပဲ။ ရှစ်စွင်းရယ်၊ ရှစ်ရှိုးတွေ၊ ရှစ်ကျဲတွေ မင်းဘေးမှာ မရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော်” တွမ့်မူရှန်းက ပြောလိုက်သည်။
အကြီးအကဲ လေးဦးစလုံးကလည်း ရှောင်ယွမ်အာကို ကြည့်နေကြ၏။ သူတို့သည် သူမ ကလေးဘဝမှသည် အရွယ်ရောက်လာသည်အထိ တဖြည်းဖြည်းနှင့် ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသူများ ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း အရာအားလုံး ပြောင်းလဲသွားသော်လည်း သူတို့အားလုံးက သူမကို သူတို့၏ သမီးတစ်ယောက်ပမာ သဘောထားကြဆဲပင်။
“မိန်းကလေး... ကျုပ်တို့လည်း လိုက်ခဲ့ရင် ဘယ်လိုလဲ” ဖန်လီထန်းက မေးလိုက်သည်။
တွမ့်မူရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါက အကြံကောင်းပဲ”
ရှောင်ယွမ်အာသည် တစ်ဦးတည်း ရှင်သန်နိုင်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်သော်လည်း သူမ၏ အပြုအမူများအရ အကြီးအကဲများ၏ အကူအညီ လိုအပ်နေသေးသည်မှာ ထင်ရှားလှပေသည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
အခုတော့ လူတိုင်း ခွဲခွာရတော့မည် ဖြစ်သဖြင့် အထီးကျန်မှုနှင့် စိုးရိမ်မှုများက သူတို့ကို လွှမ်းမိုးထားတော့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ အတူတူ နေလာခဲ့ကြသည်မှာ အတော်ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။
ထိုအခိုက်အတန့်တွင် လုလီက ပြောလိုက်၏။
“ကျုပ်တို့ မိစ္ဆာဝေဟင်မျှော်နန်းမှာ လုပ်စရာ မရှိတော့ဘူးဆိုမှတော့ ကျုပ်တို့လည်း လူစုခွဲပြီး မျှော်နန်းသခင်ရဲ့ တပည့်တွေနောက်ကို လိုက်သွားကြတာပေါ့”
“အကြံကောင်းပဲ”
အခြားသူများကလည်း ဝမ်းသာအားရ သဘောတူလိုက်ကြပြီး မည်သည့်တပည့်နောက်သို့ လိုက်မည်ဆိုသည်ကို အလျင်အမြန် ဆုံးဖြတ်လိုက်ကြတော့သည်။
မိနစ် ၁၅ မိနစ်ခန့် ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့ဝင်များမှာ တစ်ဦးကိုတစ်ဦး ဂါရဝပြု နှုတ်ဆက်လိုက်ကြ၏။
“ဂရုစိုက်ကြပါဦး”
“ဂရုစိုက်ပါဦး”
ထိုသို့ဖြင့် သူတို့သည် သက်ဆိုင်ရာ နယ်မြေများသို့ ပို့ဆောင်ပေးမည့် မတူညီသော သင်္ကေတလမ်းကြောင်းများအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြတော့သတည်း။
…
အခန်း (၁၅၆၀) ကောင်းကင်သို့ တက်လှမ်းခြင်း၏ အစ (၁)
မင်ရှစ်ရင်သည် မိမိတို့ လူစုခွဲမည့်အကြောင်းအား တာ့ရှစ်ရှိုး ယွီကျန့်ဟိုင်နှင့် အာ့ရှစ်ရှိုး ယွီရှန်းရုန်တို့ထံ အသိပေးရန် မမေ့လျော့ခဲ့ပေ။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ အပြာရောင်ဧကရာဇ် လင်းဝေ့ယန်း၏ အမှတ်အသားများကို သယ်ဆောင်ထားရသူများ ဖြစ်ကြသဖြင့် ထိုအမှတ်အသားများကို ဖယ်ရှားပေးနိုင်ရန် ရှစ်စွင်းအား တွေ့လိုဇောဖြင့် အမည်မသိကုန်းမြေအတွင်း၌ ရှိနေခဲ့ကြသည်။ မင်ရှစ်ရင်၏ သတင်းစကားကို ရရှိပြီးနောက်တွင်မူ ထိုနှစ်ဦးမှာ အချိန်မဆွဲတော့ဘဲ နှစ်မြွှာကြာနယ်မြေဆီသို့ အပြေးအလွှား သွားလိုက်ကြသည်။
ထူးဆန်းသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း အပြာရောင်ဧကရာဇ်သည် ထိုနှစ်ဦးအား လာရောက်ရှာဖွေခြင်း အလျဉ်းမရှိခဲ့ပေ။
…
မဟာလေဟာနယ်ရှိ အထွတ်အမြတ်ခန်းမတွင် ဖြစ်သည်။
မင်ရှင်းသည် နန်းဆောင်အတွင်း ရပ်တန့်နေလျက် အပြင်ဘက်သို့ ငေးမောကြည့်ရှုနေ၏။
ဝမ်ရူချင်းသည် ဖျတ်ခနဲ ပေါ်ပေါက်လာပြီး ဦးညွှတ်ဂါရဝပြုကာ ပြောလိုက်သည်။
“အရှင်မင်းကြီး... မဟာလေဟာနယ်ရဲ့ ခန်းမဆယ်ခုဟာ နှစ်မြွှာကြာနယ်မြေထဲက သတ်မှတ်ထားတဲ့ နေရာတွေကို လူလွှတ်ခဲ့ပါတယ်။ မိုင်ပေါင်းတစ်သောင်း ပတ်လည်အတွင်း ရှာဖွေခဲ့ပေမဲ့ မဟာလေဟာနယ်မျိုးစေ့ ပိုင်ဆိုင်ထားတဲ့သူတွေကိုတော့ ရှာမတွေ့ခဲ့ပါဘူး”
မင်ရှင်းမှာမူ ဤအခြေအနေကို ကြိုတင်သိရှိထားဟန် တူ၏။
“သူတို့တွေ အရင်ဦးအောင် လှုပ်ရှားမယ်ဆိုတာ ငါ ကြိုတွေးထားပြီးသားပါ။ ဒါကြောင့်လည်း မင်းတို့ကို တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ ငါ ပြောခဲ့တာပေါ့။ ဒါပေမဲ့ သူတို့က ငါ ထင်ထားတာထက်တောင် ပိုပြီး လက်ဦးမှု ယူသွားလိမ့်မယ်လို့ မထင်ထားမိဘူး”
ဝမ်ရူချင်းက လျှောက်တင်လိုက်သည်။
“ဒါဆိုရင်တော့ အရှင်မင်းကြီးရဲ့ တရားမျှတမှုချိန်ခွင်ကို သုံးပြီး သူတို့ကို ထပ်ရှာပေးပါဦး”
မင်ရှင်းသည် သူ၏ဝတ်ရုံလက်ကို ခါယမ်းလိုက်ရာ တရားမျှတမှုချိန်ခွင် ပေါ်ထွက်လာတော့သည်။ တရားမျှတမှုချိန်ခွင်သည် မင်ရှင်း၏ရှေ့မှောက်တွင် ဖျော့တော့သော အလင်းရောင်များ ဖြာထွက်လျက် ဝဲပျံနေ၏။ ၎င်းမှာ အနည်းငယ်မျှသာ စောင်းနေပြီး တိကျသော အရပ်မျက်နှာကိုမူ ညွှန်ပြခြင်း မရှိပေ။
ဝမ်ရူချင်းက မျက်မှောင်ကြုံ့လျက် ပြောလိုက်သည်။
“သူတို့ တကယ်ကို လိမ္မာပါးနပ်တာပဲ”
ထိုစဉ် နန်းဆောင်အတွင်းသို့ နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာပြန်သည်။ ၎င်းမှာ ကြက်သွေးရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ညှို့ငင်နိုင်စွမ်းရှိသော အမျိုးသမီးတစ်ဦး ဖြစ်၏။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
“ဟွားကျန့်ဟုန်... ဘာကိစ္စရှိလို့လဲ” မင်ရှင်းက သူမအား စကားပြောရန် အခွင့်ပေးလိုက်၏။
ဟွားကျန့်ဟုန်က ဆက်လက်တင်ပြသည်။
“မဟာလေဟာနယ်မျိုးစေ့ ကိုးခုကတော့ ပျောက်ဆုံးနေဆဲပါပဲ။ ဒီလောက်နှစ်တွေ အကြာကြီးရှိပြီဆိုတော့ မျိုးစေ့ပိုင်ရှင်တွေဟာ အနည်းဆုံးတော့ ဆရာသခင်အဆင့်ကို ရောက်နေလောက်ပါပြီ။ အကယ်၍ လောကကြီးက မျှခြေရှိနေသေးရင်တော့ အရှင်မင်းကြီးရဲ့ တရားမျှတမှုချိန်ခွင်က သူတို့ကို သေချာပေါက် ရှာတွေ့နိုင်မှာပါ။ ဒါပေမဲ့ အခုတော့ မျှခြေ ပျက်ယွင်းမှုက တရားမျှတမှုချိန်ခွင်အပေါ် သက်ရောက်နေတာကြောင့် မိုးမြေအကြားက ပြောင်းလဲမှုတွေကို အာရုံခံဖို့ အတန်ငယ် ခက်ခဲနေပါတယ်”
ဝမ်ရူချင်းက လှောင်ပြောင်သလို ပြောလိုက်သည်။
“မင်းကတော့ စကားတွေ အများကြီး ပြောနေပေမဲ့ အနှစ်သာရမရှိတဲ့ အရာတွေချည်းပါပဲ။ ဒါတွေက ကျုပ်တို့ သိပြီးသားတွေလေ”
ဟွားကျန့်ဟုန်က ဒေါသမထွက်ပေ။ သူမက ဆက်ပြောလိုက်သည်။
“မဟာလေဟာနယ်ရဲ့ ခန်းမဆယ်ခုကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျုပ်တို့ထက်တောင် ပိုပြီး စိုးရိမ်နေကြတာပါ”
မင်ရှင်းက သူ၏လက်ဝါးကို လှန်လိုက်ရာ လုံးဝန်းသော သံလိုက်အိမ်မြှောင်တစ်ခု ပေါ်ထွက်လာသည်။ အိမ်မြှောင်ပေါ်မှ လက်တံသည် အရှိန်အဟုန်ဖြင့် လည်ပတ်နေ၏။
“ဒါကိုတော့ ထိန်းသိမ်းခြင်းသံလိုက်အိမ်မြှောင်လို့ ခေါ်တယ်။ ငါဟာ တရားမျှတမှုချိန်ခွင်ရဲ့ အစိတ်အပိုင်းတစ်ခုကို သုံးပြီးတော့ ဒါကို သွန်းလုပ်ခဲ့တာ။ ဒါကို ခန်းမဆယ်ခုဆီ ပေးလိုက်”
ဟွားကျန့်ဟုန်သည် ဤအရာကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ရာ ပြုံးလိုက်မိသည်။ မင်ရှင်းသည် အစီအစဉ်နှစ်ခုကို ကြိုတင်ပြင်ဆင်ထားကြောင်း သူမ သိလိုက်၏။ တစ်ဖက်တွင်မူ ဝမ်ရူချင်းသည် ထိန်းသိမ်းခြင်းသံလိုက်အိမ်မြှောင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေတော့သည်။ ဟွားကျန့်ဟုန်သည် ထိုသံလိုက်အိမ်မြှောင်ကို ယူဆောင်၍ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
ထိန်းသိမ်းခြင်းသံလိုက်အိမ်မြှောင်မှာ ဖျက်ဆီးခြင်းစွမ်းအား မရှိသဖြင့် တရားမျှတမှုချိန်ခွင်ကို မယှဉ်နိုင်သော်လည်း နယ်မြေကိုးခုအတွင်းရှိ မျှခြေအပြောင်းအလဲများကိုမူ အာရုံခံနိုင်ပေသည်။ မဟာလေဟာနယ်မျိုးစေ့များကို ရှာဖွေနိုင်ရန်အတွက် မင်ရှင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်ကပင် ဤသံလိုက်အိမ်မြှောင်ကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။
ငါးရက်ခန့် ကြာပြီးနောက်
အနက်ရောင်ကြာနယ်မြေရှိ ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းတစ်ခုအတွင်းတွင် ဖြစ်သည်။
“အကြီးအကဲတို့... ကျွန်မတို့ ဘာလို့ မြို့ထဲမှာ မနေကြတာလဲ။ ဘာလို့ ဒီလို တောထဲမှာ လာပုန်းနေရတာလဲ”
ရှောင်ယွမ်အာက အကြီးအကဲ လေးဦး၏ စီစဉ်မှုအပေါ် မကျေမနပ် မေးမြန်းလိုက်သည်။
ဖန်လီထန်းက ပြန်ဖြေလိုက်သည်။
“မိန်းကလေး... မြို့ထဲမှာ နေရင် ကျုပ်တို့အတွက် ထွက်ပြေးဖို့ ပိုခက်လိမ့်မယ်”
“ထွက်ပြေးရမယ် ဟုတ်လား” ရှောင်ယွမ်အာမှာ ဆွံ့အသွားရတော့သည်။
“ခေတ်ကာလတွေ ပြောင်းလဲသွားပြီလေ။ ကျုပ်တို့က နည်းနည်းတော့ သူရဲဘောကြောင်ပြရမယ်”
ဖန်လီထန်းက ရှင်းပြလိုက်သည်။ “မဟာလေဟာနယ်ရဲ့ ရှာဖွေမှုကို ရှောင်ရှားနိုင်ဖို့အတွက် ကျုပ်တို့ဟာ နှစ်ရက်တစ်ခါ နေရာပြောင်းကြရမယ်”
ရှောင်ယွမ်အာက စိတ်ဓာတ်ကျစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
“အကြီးအကဲ ပြောချင်တာက ရှစ်စွင်း ပြန်မလာခင်အထိ ကျွန်မက ဒီလိုပဲ ပြည်နှင်ဒဏ်ခံနေရသလို နေရမယ်လို့ ပြောတာလား”
“အဲဒါက...” ဖန်လီထန်းက အနေခက်စွာ ပြုံးလိုက်ပြီးမှ ပြောလိုက်သည်။
“ကျုပ်တို့ နေရာပြောင်းရွှေ့နေရတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ပြည်နှင်ဒဏ်ခံနေရတယ်လို့တော့ မပြောချင်ပါဘူး။ ဒါက နည်းဗျူဟာအရ ရွှေ့ပြောင်းတာလို့ပဲ သတ်မှတ်ရမှာပေါ့...”
ရှောင်ယွမ်အာမှာ ဤလက်တွေ့ဘဝကို လက်ခံရန်မှတစ်ပါး အခြားမရှိတော့ပေ။ သူမသည် လှေကားထစ်များပေါ်တွင် ထိုင်ကာ မေးထောက်လျက် တောင်အောက်ဘက်သို့ ငေးကြည့်ရင်း ရေရွတ်လိုက်မိသည်။
“ရှစ်စွင်း ဘယ်တော့များမှ ပြန်လာမှာလဲ”
မလှမ်းမကမ်းတွင် ရပ်နေသော ကျော့ယွီရှုသည် နဂါးရစ်တောင်ဝှေးကို ကိုင်ဆောင်လျက် ပြုံးကာ ပြောလိုက်သည်။
“မိန်းကလေး... စိတ်ညစ်စရာတွေကို တွေးနေမဲ့အစား ငါနဲ့အတူ လိုက်ကျင့်ကြံပါလား”
“ဟင့်အင်း... ပျင်းဖို့ ကောင်းတယ်”
“မင်း မကျင့်ကြံရင် ဘယ်လိုလုပ် တိုးတက်မှာလဲ”
“ကျွန်မက အမြဲတမ်း ဒီလိုပဲ တိုးတက်နေတာပဲလေ” ရှောင်ယွမ်အာက ပြန်ပြောလိုက်သည်။
‘ငါတော့ အကြီးအကျယ် အရှိုက်ထိသွားပြီ၊ ဒါပေမဲ့ ငါကိုယ်တိုင် မေးမိတာကိုး’ ကျော့ယွီရှု စိတ်ထဲမှ တွေးလိုက်ပြီးနောက် မလှမ်းမကမ်းတွင် နေရာယူကာ ကျင့်ကြံနေတော့သည်။
မွန်းလွဲပိုင်းတွင် ဘုရားကျောင်း၏ မြောက်ဘက်ကောင်းကင်ယံ၌ ရထားလုံးပျံတစ်ခု ပေါ်ထွက်လာသည်။ ထိုရထားလုံးပျံမှာ ပေပေါင်းထောင်ချီ ကျယ်ပြောလှပြီး ဘုရားကျောင်းဆီသို့ သားရဲကြီးတစ်ကောင်ပမာ တဟုန်ထိုး ပျံသန်းလာခဲ့သည်။
အကြီးအကဲ လေးဦးစလုံး ဘုရားကျောင်းအတွင်းမှ အပြေးအလွှား ထွက်လာကြသည်။ သူတို့ ရှောင်ယွမ်အာကို တွေ့သောအခါ အရေးတကြီး ပြောလိုက်ကြ၏။
“သွားကြစို့”
အကြီးအကဲ လေးဦးသည် အရပ်လေးမျက်နှာတွင် နေရာယူလျက် တောင်ဘက်အရပ်ဆီသို့ ပျံသန်းထွက်ခွာခဲ့ကြသည်။ ရှောင်ယွမ်အာသည် ကောင်းကင်ယံရှိ ရထားလုံးပျံကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
“သူတို့ ကျွန်မဆီ လာတာ မဟုတ်လောက်ပါဘူး”
“သတိထားတာ အကောင်းဆုံးပဲ”
“ဟုတ်ကဲ့ပါ”
သူတို့ ငါးဦးမှာ တောင်တန်းများကို ဖြတ်ကျော်ပျံသန်းခဲ့ကြပြီး ရထားလုံးပျံကို ရှောင်ကွင်းကာ တောအုပ်တစ်ခုအတွင်းသို့ ဆင်းသက်လိုက်ကြသည်။ ရှောင်ယွမ်အာ ဆင်းသက်လိုက်သည်နှင့် မတတ်သာဘဲ ပြောလိုက်မိသည်။
“ရှစ်စွင်း မရှိတော့ ကျွန်မတို့ ထွက်ပြေးနေရတာပဲ ရှိတာပဲ”
အနက်ရောင်ကြာနယ်မြေတွင် ညဦးယံသို့ ရောက်ရှိလာသောအခါ အေးမြသော လေညင်းတစ်ချက် တိုက်ခတ်လာခဲ့သည်။ ဖြစ်နိုင်သည်မှာ မျှခြေ ပျက်ယွင်းမှုကြောင့် ကောင်းကင်ယံတွင် ကြယ်တာရာများမှာ များစွာ မရှိတော့ပေ။ သို့သော်လည်း မြင်ကွင်းမှာမူ လှပနေဆဲပင်။
ကောင်းကင်ယံကို ငေးကြည့်နေသော ရှောင်ယွမ်အာက ရုတ်တရက် မေးလိုက်သည်။
“အကြီးအကဲဖန်... အကယ်၍ ရှစ်စွင်းသာ...”
“မိန်းကလေး... ပေါက်ကရတွေ မပြောစမ်းနဲ့” ဖန်လီထန်းက ရှောင်ယွမ်အာ၏ စကားကို ဆုံးအောင် နားမထောင်ဘဲ ကြားဖြတ် တားမြစ်လိုက်သည်။ ရှောင်ယွမ်အာက လျှာလေးထုတ်ပြလိုက်မိ၏။
ဖန်လီထန်းက ဆက်ပြောလိုက်သည်။
“အရာအားလုံးက ကံစီမံရာအတိုင်းပါပဲ။ အခု ကောင်းကောင်း အနားယူလိုက်ဦး။ မနက်ဖြန် မနက်ကျရင် တခြားနေရာတစ်ခုကို ထပ်ရှာကြတာပေါ့”
နောက်တစ်နေ့ နံနက်တွင်ဖြစ်သည်။
ထိုငါးဦးမှာ တဝီဝီမြည်သံများကို ကြားလိုက်ရသည်။ စွမ်းအင်တုန်ခါသံကို ကြားလိုက်သည်နှင့် ကျော့ယွီရှုက ပြောလိုက်သည်။
“ငါ သွားကြည့်လိုက်ဦးမယ်” ထို့နောက် သစ်ပင်ထိပ်ဖျားသို့ ပျံတက်၍ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် ချက်ချင်းပင် မျက်မှောင်ကျုံ့သွားပြီး ရေရွတ်လိုက်မိ၏။
“ရထားလုံးပျံလား”
၎င်းမှာ ယခင်က တွေ့ခဲ့သော ဧရာမ ရထားလုံးပျံပင် ဖြစ်သည်။ ကျော့ယွီရှု မြေပြင်သို့ ပြန်လည်ဆင်းသက်လာပြီး ပြတ်သားစွာ ဆိုလိုက်၏။
“အခုချက်ချင်း ထွက်သွားရမယ်”
ထိုသို့ဖြင့် ထိုငါးဦးမှာ ထပ်မံ၍ ပျံသန်းထွက်ခွာခဲ့ကြပြန်သည်။ သူတို့သည် တောင်တန်းများနှင့် သစ်တောများကို ဖြတ်ကျော်ကာ တောင်ဘက်သို့ မိုင် ၁၀၀၀ ခန့် ပျံသန်းခဲ့ပြီးနောက် တောင်ခြေတစ်ခုတွင် ပြန်လည် ဆင်းသက်လိုက်ကြတော့သည်။
…