အခန်း (၂၆၃၁-၂၆၃၂)
Vol. 204 Ch. 2631-2632
အဆတစ်ရာစနစ် စာစဥ်(၂၀၄)
အခန်း(၂၆၃၁)
ထိုစကားကိုကြားလျှင် ငယ်ရွယ်သောအစောင့်၏ မျက်နှာအမူအရာက ချက်ချင်းပင် မသာမယာ ဖြစ်သွားခဲ့သည်။
ပြီးခဲ့သည့်တစ်ကြိမ်က တစ်ခဏမျှ သတိလက်လွတ် ဖြစ်သွားခဲ့၍ သွေးနတ်ဆိုးဂိုဏ်းမှ တပည့်ရင်းတစ်ဦး၏ ကြယ်တာရာစစ်သင်္ဘောကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ပေးဝင်မိခဲ့ရာ ရလဒ်အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းမှ တပည့်ရင်းသည် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက် ဖြစ်နေခဲ့သည်။
ထိုထက်ပို၍ ဆိုးရွားသည့်အရာမှာ ထိုသွေးနတ်ဆိုးဂိုဏ်းမှ သစ္စာဖောက်သည် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်နှင့်အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ရောနှောဝင်ရောက်လာခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးကို ဗြောင်းဆန်အောင် မွှေနောက်ခဲ့ခြင်းပင်။
အဆုံးသတ်တွင် ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော သွေးနတ်ဆိုးဂိုဏ်း ပင်လျှင် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်နှင့် အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ခွာသွားခဲ့ရသည်။
ဤဖြစ်ရပ်ကြောင့် သူတို့နှစ်ဦးသည် ပြင်းထန်သော အပြစ်ပေးခြင်းကို ခံခဲ့ရရုံသာမက ကြယ်တာရာမြို့တော်ကို နှစ်တစ်ရာ တိုင်တိုင် စောင့်ကြပ်ပေးရမည့် ပြစ်ဒဏ်ကိုပါ ခံယူခဲ့ရသည်။
ဤအကြောင်းကို တွေးမိတိုင်းတွင် ငယ်ရွယ်သောအစောင့်သည် အလွန်အမင်း စိတ်ဓာတ်ကျလာသဖြင့် သွေးအန်ချင်စိတ်ပင် ပေါက်နေခဲ့၏။
"စီနီယာအစ်ကို စိတ်မပူပါနဲ့.. အဲဒီတစ်ခေါက်က မတော်တဆဖြစ်သွားတာပါ.. ကျွန်တော်တို့ စောင့်ကြပ်နေတဲ့ ကြယ်တာရာကောင်းကင်ယံက ပုံမှန်ဆိုရင် လူသူ အရောက်အပေါက် နည်းပါတယ်"
ငယ်ရွယ်သောအစောင့်က သူ၏ စီနီယာကို ပြောလိုက်သည်။
"ဝုန်း.."
သို့ရာတွင် ငယ်ရွယ်သောအစောင့်၏ စကားသံ အဆုံး၌ သူ့ရှေ့ရှိ ကြယ်တာရာ ကောင်းကင်ယံတွင် ပြင်းထန်သော တုန်ခါမှုနှင့်အတူ လှိုင်းဂယက်များ ထလာခဲ့သည်။
သူတို့နှစ်ဦးက ထိတ်လန့်သွားပြီး လှမ်းကြည့်လိုက်ရာ သူတို့ရှိရာ ဆီသို့ ဦးတည်လာသည့် သွေးရောင် ခပ်ဖျော့ဖျော့ အရာတစ်ခုကို မြင်လိုက်ရသည်။
ယင်းအခိုက်အတန့်တွင် အပြာရောင်ဝတ်စုံဝတ် အစောင့်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒါက သွေးနတ်ဆိုးဂိုဏ်းရဲ့ ကြယ်တာရာစစ်သင်္ဘော မဟုတ်လား"
"သွေး...သွေးနတ်ဆိုးဂိုဏ်း ဟုတ်လား"
ငယ်ရွယ်သော အစောင့်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
"သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ပုန်ကန်ပြီး နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်နဲ့အတူ ထွက်ခွာသွားခဲ့ပြီ မဟုတ်လား.. ဘာလို့ သူတို့က ပြန်ရောက်လာတာလဲ.. မြန်မြန်.. ကြယ်မြို့တော်ရဲ့ ကာကွယ်ရေးအစီအရင်ကို အမြန် ဖွင့်လိုက်တော့"
အပြာရောင်ဝတ်စုံဝတ် လူငယ်က ထိတ်လန့်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။
သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို သစ္စာဖောက်ခဲ့ရာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် သွေးနတ်ဆိုးဂိုဏ်း အတွက် နေရာမရှိတော့ပေ။
သို့ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ရုတ်တရက် ပြန်ရောက်လာခြင်းသည် ကောင်းမွန်သော ရည်ရွယ်ချက်ရှိပုံ မရပေ။
ငယ်ရွယ်သော အစောင့်က တုံ့ဆိုင်းမနေတော့ဘဲ ကြယ်တာရာမြို့တော်၏ ကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်ရန် ချက်ချင်းပင် ငယ်သားများကို အမိန့်ပေးလိုက်သည်။
ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ကြယ်စကြဝဠာ တို့၏ တိုက်ပွဲက အလွန်တရာ ပြင်းထန်နေခဲ့ပြီး ဒဏ္ဍာရီလာ ပိုထျန်းကောင်းကင်နယ်မြေ တည်နေရာလည်း ရုတ်တရက် ပေါ်ထွက်လာခဲ့ရာ သူတို့ ကြယ်တာရာမြို့၏ အင်အား ဆယ်ပုံ ကိုးပုံခန့်ပင် ဆင့်ခေါ်ခံထားရသည်။
ကြယ်မြို့တော်ကို စောင့်ကြပ်ရန် တာဝန်ယူထားရသည့် အစောင့်များထဲတွင် အသန်မာဆုံးဖြစ်သည့် သူတို့ နှစ်ယောက်သည်ပင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်၏။
ထို့ကြောင့် ယခုအခါတွင် သူတို့သည် သွေးနတ်ဆိုးဂိုဏ်းကို တားဆီးရန် အတွက် ကြယ်တာရာမြို့တော်၏ ကာကွယ်ရေး အစီအရင်ကိုသာ အားကိုးနိုင်တော့သည်။
ကြယ်တာရာမြို့တော်၏ ကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်လိုက်သည်နှင့် တစ်ပြိုင်နက် မှိန်ဖျော့ဖျော့ ကြယ်အလင်း အကာအကွယ် တစ်ခုသည် ကြယ်မြို့တော်ကို ချက်ချင်းပင် ဖုံးအုပ်သွားခဲ့သည်။
ကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်လိုက်သည့် အချိန်မှာပင် ကြယ်တာရာ ကောင်းကင်ယံထဲကနေ ကြီးမားသော သွေးနီရောင် ကြယ်တာရာစစ်သင်္ဘောသည် မိုင်ပေါင်း သောင်းချီဧရိယာကို ဖြတ်ကျော်ကာ ကြယ်တာရာမြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။
"ရွှယ်ချန်ကျဲ.. တကယ်ပဲ မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက ဖြစ်နေတာကိုး"
ကြယ်တာရာစစ်သင်္ဘော၏ရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသော ရွှယ်ချန်ကျဲနှင့် ကျန်းချန် တို့ကို မြင်လျှင် အစောင့်နှစ်ဦး၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုစဥ်က သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက် ရွှယ်ချန်ကျဲသည် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ ထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ယခုအခါတွင် ထိုသစ္စာဖောက်သည် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်နှင့် အတူ ပြန်ရောက်လာခဲ့ချေပြီ။
ရွှယ်ချန်ကျဲက အစောင့်နှစ်ဦးကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်က ငါနဲ့ တကယ်ကို ရေစက်ရှိပုံပဲ.. ဒီကြယ်တာရာမြို့တော်မှာ မင်းတို့နဲ့ ထပ်ဆုံရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ငါတို့က အသိအကျွမ်းဟောင်းတွေ ဆိုတော့ ငါတို့ကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲ အေးအေးဆေးဆေး ပေးဝင်လိုက်ပါ.. ငါ မင်းတို့ကို အခက်တွေ့အောင် မလုပ်ချင်ဘူး"
"ရွှယ်ချန်ကျဲ.. အခုအချိန်မှာ မင်းနဲ့ သွေးနတ်ဆိုးဂိုဏ်းက ငါတို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ သစ္စာဖောက်တွေ ဖြစ်နေခဲ့ပြီ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူတိုင်းက မင်းတို့ကို သတ်ဖို့ ဝန်မလေးကြဘူး.. ဒါတောင် ငါတို့ကို အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲ ဝင်ခွင့်ပြုခိုင်းရဲတယ်.. မင်းက အတော်လေး စိတ်ကူးယဥ်နေတာပဲ"
အပြာရောင်ဝတ်စုံဝတ် အစောင့်က အေးစက်စက် ရေရွတ်လိုက်သည်။
"ဟားဟား မင်းတို့နှစ်ယောက်ရဲ့ သတ္တိကတော့ ချီးကျူးစရာပဲ.. ဝမ်းနည်းဖို့ကောင်းတာက ဒီကြယ်တာရာမြို့တော်မှာ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်မှ ရှိမနေတာပဲ.. ဒီကာကွယ်ရေး အစီအရင် တစ်ခုလေးနဲ့ ငါ့ရဲ့ ခြေလှမ်းတွေကို တားဆီးလို့ရမှာ မဟုတ်ဘူး"
ရွှယ်ယွင်ထျန်းက လှောင်ရယ်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို ကြယ်တာရာမြို့တော်၏ အကာအကွယ် ဆီသို့ ဆန့်ထုတ်လိုက်သည်။
ထို့နောက်တွင်မူ ဧရာမ သွေးရောင် လက်ဖဝါး တစ်ဖက်သည် ကြယ်မြို့တော်၏ အကာအကွယ်ကို ဖမ်းဆုပ်ကာ ခြေမွပစ်လိုက်၏။
ဤကာကွယ်ရေး အစီအရင်သည် မဟာယာနအစောပိုင်းအဆင့် ကျင့်ကြံသူများ၏ စွမ်းအားကိုသာ ခုခံနိုင်စွမ်းရှိ၏။
ရွှယ်ယွင်ထျန်း၏ ကျင့်ကြံခြင်းအဆင့်က မဟာယာန နှောင်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး လွန်ခဲ့သော နှစ်များအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်က အနည်းငယ် ပိုမို တိုးတက်လာခဲ့ရာ မဟာယာန အထွတ်အထိပ် အဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်မျှသာ လိုအပ်တော့၏။
သို့ဖြစ်ရာ သူ၏ စွမ်းအားကို ကြယ်မြို့တော်၏ အကာအကွယ် အစီအရင်သည် မည်ကဲ့သို့ တားဆီးနိုင်ပါမည်နည်း။
ရွှယ်ချန်ကျဲက မျက်နှာဖြူဖျော့နေသော အစောင့်နှစ်ဦးကိုတစ်ချက်ကြည့်ကာ ကျန်းချန် ဘက်သို့ လှည့်၍ မေးလိုက်သည်။
"သခင်ကြီး.. ကြယ်တာရာမြို့တော်ထဲက လူတွေအားလုံးကို သတ်ပစ်လိုက်ရမလား"
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"မလိုဘူး.. ငါတို့ ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကိုပဲ တိုက်ရိုက် သွားကြရအောင်"
ဤတစ်ကြိမ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ပြန်လာရာတွင် ကျန်းချန်သည် ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ထိုအစား အစောင့်များကို လွှတ်ပေးလိုက်ခြင်းသည် သူပြန်ရောက်နေပြီ ဖြစ်ကြောင်း ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို တစ်ခါတည်း အသိပေးပြီးသား ဖြစ်သွားပေလိမ့်မည်။
ထိုစကားကို ကြားလျှင် ရွှယ်ချန်ကျဲသည် ခေါင်းညိတ်လိုက်ပြီး ကြယ်တာရာ စစ်သင်္ဘောကို ကြယ်တာရာမြို့တော်အား ဖြတ်ကျော်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲသို့ ဝင်ရန် အမိန့်ပေးလိုက်သည်။
သိပ်မကြာခင်မှာပင် ကြယ်တာရာ စစ်သင်္ဘောသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် သွေးနတ်ဆိုးဂိုဏ်း၏ အထက် ကောင်းကင်ယံ၌ ရပ်တန့်သွားခဲ့သည်။
ကြယ်တာရာစစ်သင်္ဘော ရောက်ရှိလာမှုသည် လူများစွာ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွားခဲ့ပြီး အောက်ဘက်ရှိ သွေးနတ်ဆိုးဂိုဏ်း ထဲကနေ လူရိပ်များစွာ အလျင်အမြန် ထွက်ပေါ်လာခဲ့သည်။
"ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ နယ်မြေမှာ ဘယ်သူလာပြီး ရမ်းကားနေတာလဲ"
မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲ တစ်ဦးသည် အပြာရောင် လျှပ်စီးဓားတစ်လက်နှင့် အတူ ကောင်းကင်ယံသို့ တက်လှမ်းလာခဲ့သည်။
သူ၏ အေးစက်စက် ကြုံးဝါးသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
ရွှယ်ချန်ကျဲက ထိုအကြီးအကဲကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
"ငါ့ရဲ့ သွေးနတ်ဆိုးဂိုဏ်း နေရာက မင်းတို့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အပိုင် ဖြစ်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ကြည့်ရတာ ဒီနှစ်တွေအတွင်း မင်းတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ဇိမ်ကျနေခဲ့ပုံပဲ"
ထိုစကားကိုကြားလျှင် မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲသည် ကြယ်တာရာစစ်သင်္ဘောကို မော့ကြည့်လိုက်သည်။
စစ်သင်္ဘော၏ ဦးပိုင်းမှ လူရိပ်သုံးခုကို မြင်လိုက်ရလျှင် သူ၏ မျက်နှာထက်၌ ချက်ချင်းဆိုသလိုပင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ရွှယ်.. ရွှယ်ချန်ကျဲ.. မင်းဘယ်လိုဖြစ်ပြီး ဒီမှာရှိနေရတာလဲ"
ထိုစဥ်က သွေးနတ်ဆိုးဂိုဏ်းနှင့် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ် တို့သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို ပုန်ကန်သွားခဲ့ကြ၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် သွေးနတ်ဆိုးဂိုဏ်း အတွက် နေရာမရှိတော့ပေ။
ထို့ကြောင့်လည်း ရွှယ်ချန်ကျဲက သွေးနတ်ဆိုးဂိုဏ်းကို ခေါ်ဆောင်လာပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ရုတ်တရက် ပြန်ရောက်လာမည်ဟု မထင်ထားခဲ့ခြင်းပင်။
"ထွက်ပြေးမှဖြစ်မယ်"
သွေးဓားအင်မော်တယ်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ဓားအလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ အထိတ်တလန့် ထွက်ပြေးသွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သည်။
ထို့အပြင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းကို နှစ်ပေါင်းများစွာ လုံးဝနီးပါး ဖိနှိပ်နိုင်ခဲ့သော ဂိုဏ်းလည်း ဖြစ်သည်။
ဤနေရာတွင် အထိုင်ချထားသော သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားသည် သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူက ဤနေရာမှ အမြန်ဆုံးထွက်ခွာပြီး သွေးနတ်ဆိုးဂိုဏ်း ပြန်ရောက်လာသည့် သတင်းကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာနှင့် သွေးဓားအင်မော်တယ်ဂိုဏ်း ဆီသို့ သတင်းပို့ရလိမ့်မည် မဟုတ်ပါလား။
"ထွက်ပြေးချင်တယ်လား"
ရွှယ်ချန်ကျဲက အေးစက်စက် ရေရွတ်လိုက်ပြီး မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲ၏ နောက်သို့ လိုက်လံ တိုက်ခိုက်လိုက်သည်။
သခင်ကြီးကျန်းချန် မည်သူမည်ဝါ ဖြစ်မှန်း ပေါ်ပေါက်သွားပြီးနောက်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သူတို့၏ အကူအညီပေးခဲ့မှုများကို ထည့်မတွက်ဘဲ အခွင့်အရေးရသည်နှင့် သူတို့ကို နှိပ်ကွပ်ခဲ့ကြသည်။
ယင်းအတွက်ကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်းမှ လူများအပေါ်တွင် ရွှယ်ချန်ကျဲသည် အနည်းငယ်မျှပင် ကရုဏာမရှိခဲ့ပေ။
သို့ဖြစ်ရာ သူက မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲကို မည်ကဲ့သို့ လွှတ်ပေးနိုင်ပါမည်နည်း။
သူက သွေးအဆီအနှစ် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ပေတစ်ထောင် အရွယ်အစားရှိ သွေးဓားအဖြစ်သို့ ပြောင်းလဲလိုက်ကာ ထိတ်လန့်တကြား ထွက်ပြေးနေသော မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
အခန်း(၂၆၃၁)ပြီး၏။
အခန်း(၂၆၃၂)
သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် ရွှယ်ချန်ကျဲသည် လွန်ခဲ့သော နှစ်များအတွင်း သွေးနတ်ဆိုးဂိုဏ်း၏ အရင်းအမြစ်များကို အသုံးပြုခဲ့ရာ သူ၏ ခွန်အားသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။
လက်ရှိအချိန်တွင် ရွှယ်ချန်ကျဲ၏ ကျင့်ကြံခြင်းအဆင့်သည် မဟာယာန တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။
ကြယ်တာရာကောင်းကင်ယံ၏ ကန့်သတ်ချက်ကြောင့်သာ မဟုတ်လျှင် ရွှယ်ချန်ကျဲသည် မဟာယာန အဆင့်သို့ပင် ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်မှာ ကြာပြီ ဖြစ်၏။
ထိုအတွက်ကြောင့် ရွှယ်ချန်ကျဲ၏ ခွန်အားဖြင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို ချေမှုန်းရန်မှာ လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။
သွေးရောင်ဓားရှည်က ကျဆင်းလာခဲ့ရာ မဟာယာနတစ်ပိုင်းအဆင့် အကြီးအကဲသည် ဓားအလင်း အကာအကွယ်ဖြင့် အစွမ်းကုန် ခုခံခဲ့သော်လည်း အဝေးသို့ လွင့်စင်ထွက်သွားခဲ့သည်။
သူက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်နိုင်မီမှာပင် ရွှယ်ချန်ကျဲ၏ ဒုတိယမြောက် ဓားချက်သည် ထပ်မံ ကျဆင်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်သွားခဲ့သည်။
မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲကို အလွယ်တကူ ရှင်းပစ်လိုက်ပြီးနောက်တွင် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းမှ တပည့်များကို ခေါ်ဆောင်ကာ သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်များကို ရှင်းလင်းလိုက်ပြီး မူလက သွေးနတ်ဆိုးဂိုဏ်း ပိုင်ဆိုင်သောနေရာကို ပြန်လည် သိမ်းပိုက်လိုက်သည်။
--------------------
ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေရှိ သွေးဓားအင်မော်တယ်ဂိုဏ်းတွင် ကျန့်ချုံရှန်းသည် ခန်းမတစ်ခု၏ အလယ်တွင် မျက်လုံးများကို မှိတ်ကာ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
သူ၏ နံဘေးတွင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန့်ဝူရွှယ်သည် မျက်နှာတစ်ခုလုံး သွေးမရှိသကဲ့သို့ ဖြူဖျော့သောအမူအရာဖြင့် ငြိမ်သက်စွာ ရပ်နေခဲ့၏။
အချိန်မည်မျှ ကြာသွားမှန်းပင် မသိရပေ။
ကျန့်ချုံရှန်းသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကျန့်ဝူရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။
"ဝူရွှယ်.. ဒီတစ်ခေါက် ငါ့ဆီလာတာ ဘာကိစ္စရှိလို့လဲ"
"စီနီယာ.. ဟွမ်ယွမ်ဓားဂိုဏ်းက စစ်မြေပြင်ကိုလာဖို့ စီနီယာကို ဆင့်ခေါ်ထားပါတယ်"
ကျန့်ဝူရွှယ်က အလျင်အမြန်ပင် ပြောလိုက်သည်။
"ဆင့်ခေါ်ထားတာ အချိန်ကြန့်ကြာနေပြီ ဆိုတော့ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း မကျေမနပ်ဖြစ်မှာ စိုးရိမ်ရတယ်"
"ဒါဆို ငါ ဟွမ်ယွမ်ဓားဂိုဏ်းကို အခုပဲ သွားလိုက်တော့မယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန့်ချုံရှန်းသည် ကျန့်ဝူရွှယ်ကို လေးနက်စွာ ကြည့်လိုက်သည်။
"အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ လက်ရှိ အခြေအနေက သိပ်မကောင်းဘူး. အချိန်တိုအတွင်းမှာ ငါပြန်လာဖို့ ခက်ခဲလိမ့်မယ် ထင်တယ်.. သွေးဓားအင်မော်တယ်ဂိုဏ်းကို မင်းပဲ တာဝန်ယူထားလိုက်ပါ"
ကျန့်ဝူရွှယ်က ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိလိုက်ကာ မျက်နှာအမူအရာ ချက်ချင်းဆိုသလိုပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ကျန့်ချုံရှန်းက မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပင် မေးလိုက်သည်။
"ဝူရွှယ် ဘာဖြစ်လို့လဲ"
ကျန့်ဝူရွှယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"စီနီယာ...ကြယ်တာရာမြို့တော်ဆီက အခုပဲ သတင်းရတယ်.. သိပ်မကြာခင်ကပဲ သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာဆီကို ပြန်ရောက်လာခဲ့တယ်တဲ့"
"ဘာ.."
ကျန့်ချုံရှန်း၏ တည်ငြိမ်သော မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ထိုစဥ်က သွေးဓားအင်မော်တယ်ဂိုဏ်းကို ဦးဆောင်ပြီး သွေးနတ်ဆိုးဂိုဏ်းဆီ ချီတက်လာခြင်းမှာ တကယ်တမ်းတွင် အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် ပူးပေါင်းပြီး သွေးနတ်ဆိုးဂိုဏ်းကို လုံးဝ ဖျက်ဆီးပစ်ချင်သောကြောင့် ဖြစ်သည်။
မမျှော်လင့်ဘဲ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ် ကျန်းချန်ကို ကြောက်ရွံ့သဖြင့် ကျန်းချန်ကို သွေးနတ်ဆိုးဂိုဏ်းနှင့် အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ခွာခွင့် ပြုလိုက်ကြသည်။
ကျန့်ချုံရှန်းသည် သွေးနတ်ဆိုးဂိုဏ်း ပြန်ရောက်လာနိုင်ခြေ ရှိသည်ကို ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း ထိုနေ့ရက်သည် ဤမျှအထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သွေးနတ်ဆိုးဂိုဏ်း၏ ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ အလွယ်တကူ ပြန်လာဝံ့မည် မဟုတ်ချေ။
ယခု ပြန်ရောက်လာပြီဖြစ်ရာ အားကိုးရမည့် တစ်စုံတစ်ရာ ရှိနေမည်မှာ သေချာသလောက်ပင်။
ကျန့်ချုံရှန်း၏ ခန့်မှန်းချက်သာ မမှားလျှင် သွေးနတ်ဆိုးဂိုဏ်း၏ အားကိုးရာမှာ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကိုပင် ကြောက်ရွံ့ တုန်လှုပ်စေခဲ့သော နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ကျန်းချန် ဖြစ်နိုင်ခြေ အရှိဆုံးပင်။
ထိုစဥ်က အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးဦးကို ဦးဆောင်ကာ စေလွှတ်ခဲ့သော်လည်း နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်ကို နောက်ဆုတ်သွားအောင်သာ လုပ်နိုင်ခဲ့သည်။
ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ကြယ်စကြဝဠာတို့ တိုက်ပွဲဖြစ်နေခဲ့ရာ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ကို ရင်ဆိုင်ရန်မှာ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို စုစည်းနိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍သာ ဤအချိန်တွင် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်သည် သွေးနတ်ဆိုးဂိုဏ်းကို ဦးဆောင်ပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၌ သတ်ဖြတ်မှုများ ပြုလုပ်ကာ ကြယ်စကြဝဠာနှင့် အတွင်းအပြင် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မည် ဆိုလျှင် အကျိုးဆက်သည် အလွန်တရာ ဆိုးရွားသွားပေလိမ့်မည်။
ထို့အပြင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ အဓိကပြိုင်ဘက် ဖြစ်၍ ပထမဦးဆုံး ရှင်းလင်းခံရမည့် ပစ်မှတ် ဖြစ်လာမည်မှာ သေချာသလောက်ပင်။
"အပြင်လောကမှာ ရှိနေတဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အစွမ်းထက် ကျင့်ကြံသူတွေ အားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်.. တစ်ဂိုဏ်းလုံးကို အရေးပေါ်အခြေအနေ အဖြစ် ချက်ချင်း တပ်လှန့်ထားလိုက်တော့"
ကျန့်ချုံရှန်း၏ မျက်နှာအမူအရာက အလွန်တရာပင် လေးနက်နေခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း သွေးဓားအင်မော်တယ်ဂိုဏ်း၏ ခွန်အားသည် အတော်လေး တိုးတက်လာခဲ့သော်လည်း နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ကို ယှဥ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ယခုအချိန်တွင် သူ့အနေဖြင့် အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို အမြန်ဆုံး စေလွှတ်ပေးရန် ဆုတောင်းရုံသာ တတ်နိုင်တော့၏။
မဟုတ်လျှင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် အကြီးအကျယ် အန္တရာယ် ရှိနိုင်ပေသည်။
-------------------------
တစ်ချိန်တည်းမှာပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ကြယ်စကြဝဠာတို့ တိုက်ပွဲ ဖြစ်ပွားနေသော ကြယ်တာရာစစ်မြေပြင်တွင် ယွမ်ဟွမ်ကျန့် ဦးဆောင်သော အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ဂိုဏ်းချုပ်ဆယ်ဦးသည် ကြယ်တာရာစစ်သင်္ဘောတစ်စီး ပေါ်တွင် စုဝေးနေခဲ့ကြသည်။
ပတ်ဝန်းကျင်ရှိ လေထုသည် အလွန်တရာပင် လေးနက်နေပုံရသည်။
ယခုလေးတင် သူတို့သည် သွေးနတ်ဆိုးဂိုဏ်းနှင့် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်တို့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသို့ ပြန်ရောက်လာသည့် သတင်းကို ရရှိခဲ့ကြသည်။
လက်ရှိအချိန်တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ခွန်အား ၇၀ ရာခိုင်နှုန်းကျော်သည် ကြယ်တာရာစစ်မြေပြင်တွင် ရောက်ရှိနေခဲ့ပြီး ကျန်ရှိသော ခွန်အား တချို့ကိုလည်း ပိုထျန်းကောင်းကင်နယ်မြေကို စူးစမ်းရန်အတွက် စေလွှတ်ထားရသည်။
သို့ဖြစ်၍ နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်နှင့် သွေးနတ်ဆိုးဂိုဏ်းတို့ ရုတ်တရက် ပြန်ရောက်လာခြင်းသည် သူတို့၏ အခြေအနေကို ပို၍ပင် ဆိုးရွားသွားစေခဲ့သည်။
"အားလုံးပဲ.. နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်နဲ့ သွေးနတ်ဆိုးဂိုဏ်းတို့ ပြန်လာတဲ့အတွက် ငါတို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ အခြေအနေက ပိုဆိုးရွားလာခဲ့ပြီ.. ဒီကိစ္စကို ငါတို့ ဘယ်လို ဖြေရှင်းကြမလဲ"
ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ဟွမ်ကျန့်က တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ပြောလိုက်သည်။
ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
"နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို အလွယ်တကူ ထွက်ခွာခွင့် မပေးသင့်ဘူးလို့ ငါ အစောကတည်းက ပြောခဲ့သားပဲ.. သူ့ကို ဘယ်လို ပေးဆပ်မှုမျိုးနဲ့မဆို အစကတည်းက ဖျက်ဆီးပစ်သင့်တယ်"
"အခုအချိန်မှာ ဒါတွေ ပြန်ပြောနေလို့လည်း အပိုပဲ. ဒါ့အပြင် နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို သတ်ဖို့က ထင်သလောက် လွယ်မနေဘူး"
ဝူကျိအင်မော်တယ်ဂိုဏ်းမှ ကျိယွင်ရှောင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
"အဓိက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်နဲ့ သွေးနတ်ဆိုးဂိုဏ်းကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ စဥ်းစားဖို့ပဲ"
သွေးနတ်ဆိုးဂိုဏ်းသည် မူလက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ရာ ခွန်အား မနည်းလှပေ။
အထူးသဖြင့် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို တတ်မြောက်ထားသည့် မဟာယာန အထွတ်အထိပ်အဆင့်ထက် မနိမ့်ကျသည့် လူသားဧကရာဇ်သည် အလွန်ပင် ရင်ဆိုင်ရခက်ခဲသော ကျင့်ကြံသူ ဖြစ်သည်။
သူတို့အနေဖြင့် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးကို စစ်မြေပြင်ကနေ စေလွှတ်လျှင်ပင် လူသားဧကရာဇ်ကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို တစ်ဦးထက်မက စေလွှတ်မည် ဆိုလျှင်လည်း ကြယ်စကြဝဠာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ခက်ခဲသွားနိုင်ပေသည်။
ဆိုရလျှင် လက်ရှိအချိန်တွင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် ဘေးကျပ်နံကျပ် အခြေအနေထဲသို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။
"လူသားဧကရာဇ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ"
မဟာယာန နှောင်းပိုင်းအဆင့် ဆံဖြူအဘိုးအိုတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
"ငါတို့တွေအတွက် အကောင်းဆုံးရွေးချယ်မှုက နတ်ဘုရားနယ်မြေက လူသားဧကရာဇ်နဲ့ သွေးနတ်ဆိုးဂိုဏ်းကို အရင်တည်ငြိမ်အောင် လုပ်ထားဖို့ပဲ...ကြယ်စကြဝဠာကို အရင် တိုက်ထုတ်ပြီးမှပဲ အစီအစဥ်အသစ်ကို ရေးဆွဲကြတာပေါ့"
ထိုစကားကိုကြားလျှင် ယွမ်ဟွမ်ကျန့်က မျက်မှောင်ကြုတ်သွားခဲ့သည်။
"သူတို့ကို တည်ငြိမ်အောင် ထိန်းထားဖို့က မလွယ်လောက်ဘူးထင်တယ်"
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် နတ်ဘုရားနယ်မြေသည် အစတကည်းကပင် ရန်ဘက်များ ဖြစ်ကြသည်။
ထိုစဥ်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို အမြစ်ပြတ် သုတ်သင်ရန်ပင် ကြိုးစားခဲ့ဖူး၏။
ယခု အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ကြယ်စကြဝဠာ၏ ထိန်းချုပ်မှုကို ခံထားရချိန်တွင် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်သည် ဤအခွင့်အရေးကို အသုံးချရန် အဘယ်ကြောင့် လက်လွှတ်ခံနိုင်ပါမည်နည်း။
"နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ပိုထျန်းကောင်းကင်နယ်မြေ အကြောင်း ပြောပြလိုက်ပါ.. အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာနဲ့ နတ်ဘုရားနယ်မြေတို့ ကြားက ရန်ငြိုးက အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးနဲ့ စတင်ခဲ့တာပဲ.. လူသားဧကရာဇ်ရဲ့ စွမ်းရည်နဲ့ဆိုရင် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာပဲ.. အဲဒီအချိန်ကျရင် အင်မော်တယ်ကျောက်တိုင် အတွက်နဲ့ နတ်ဘုရားနယ်မြေကို ရန်သူအဖြစ် သဘောထားဖို့လည်း မလိုအပ်တော့ဘူး.. ဒါပေမဲ့ လူသားဧကရာဇ်က စိတ်ဝင်စားပါ့မလား"
"ငါ့အမြင်တော့ နတ်ဘုရားနယ်မြေကလည်း အင်မော်တယ်အဆင့်ကို ထိုးဖောက်လို့ မရတဲ့ပုံပဲ.. နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က အင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ ခြေလှမ်းတစ်ဝက်လောက်ပဲ လိုအပ်တော့တယ်.. ဒါကြောင့် ပိုထျန်းကောင်းကင်နယ်မြေနဲ့ ပတ်သက်ပြီး သေချာပေါက် စိတ်ဝင်စားပါလိမ့်မယ်"
ဆံဖြူအဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။
ယွမ်ဟွမ်ကျန့်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့၏။
အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ လက်ရှိ အခြေအနေကို ထိန်းချုပ်ရန်အတွက် ယာယီအားဖြင့် သူတို့ဘက်က အလျှော့ပေးရုံသာ ရှိတော့သည်။
ပိုထျန်းကောင်းကင်နယ်မြေကို အသုံးပြုပြီး နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် အာရုံကို ဆွဲဆောင်ရန်မှာ အမှန်တကယ်ပင် နည်းလမ်းကောင်း တစ်ခု ဖြစ်၏။
ထို့အပြင် ပိုထျန်းကောင်းကင်နယ်မြေ၏ လျှို့ဝှက်ချက်များကို ဖြေရှင်းနိုင်ရန် အတွက် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်၏ ခွန်အားကိုပင် အသုံးပြုနိုင်သည် မဟုတ်ပါလော။
ထိုသို့ တွေးမိလျှင် ယွမ်ဟွမ်ကျန့်၏ အကြည့်သည် ယွမ်ထျန်းဟွာ၏ ခန္ဓာကိုယ် ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
"အကြီးအကဲ ထျန်းဟွာ.. မင်းကိုယ်တိုင် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ ဆီကို သွားလိုက်ပါ"
အခန်း(၂၆၃၂)ပြီး၏။