← Chapters

အခန်း (၂၆၃၃-၂၆၃၄)

Vol. 204 Ch. 2633-2634

အခန်း (၂၆၃၃-၂၆၃၄)

Vol. 204 Ch. 2633-2634

အခန်း(၂၆၃၃)

သွေးဓားအင်မော်တယ်ဂိုဏ်းမှလူများကို ရှင်းလင်းပြီး သွေးနတ်ဆိုးဂိုဏ်းကို ပြန်လည် သိမ်းပိုက်ပြီးနောက်တွင် ကျန်းချန်သည် နောက်ထပ် ခြေလှမ်းကို ဆက်မလှမ်းသေးပေ။

“သခင်ကြီး.. ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက အစွမ်းထက် ကျင့်ကြံသူတွေ စေမလွှတ်ခင်မှာ သွေးဓားအင်မော်တယ်ဂိုဏ်းကို ကျွန်တော် အမြစ်ပြတ် ချေမှုန်းလိုက်ရမလား”

ရွှယ်ချန်ကျဲက ကျန်းချန်၏ အနောက်တွင် ရပ်ကာ တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားသော အကြီးမားဆုံး အတားအဆီး ဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

ယင်းအတွက်ကြောင့် ယခုတစ်ကြိမ် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ပြန်ရောက်လာချိန်တွင် ရွှယ်ချန်ကျဲသည် သွေးဓားအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးပစ်ချင်နေခဲ့၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မလောပါနဲ့ ချန်ကျဲ.. ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက လူတွေ ရောက်လာမှပဲ အခြေအနေကို ကြည့်ကြတာပေါ့”

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းကို လက်ညှိုး တစ်ချောင်းတည်းဖြင့်ပင် ဖျက်ဆီးပစ်နိုင်သည် ဖြစ်ရာ သဘာဝကျစွာပင် အလွန်အမင်း အလေးအနက် မထားခဲ့ပေ။

ဟွမ်ယွမ်ဓားဂိုဏ်း ဦးဆောင်သော ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် သူပြန်ရောက်လာသည့် သတင်းကို ကြားလျှင် သေချာပေါက် လှုပ်ရှားလာကြလိမ့်မည် ဖြစ်သည်။

သူ့အနေဖြင့် နောက်ထပ် ဘာဆက်လုပ်ရမည်ကို မဆုံးဖြတ်ရသေးမီ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ သဘောထားကိုလည်း ကြည့်ချင်သေး၏။

ယခုတစ်ကြိမ် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ သူပြန်ရောက်လာသည့် အဓိကရည်ရွယ်ချက်မှာ နတ်ဘုရားနယ်မြေ၏ ပြဿနာကို ဖြေရှင်းရန်နှင့် ဒဏ္ဍာရီလာ ပိုထျန်းကောင်းကင်နယ်မြေသို့ သွားရောက်ရန် ဖြစ်သည်။

ဖြစ်နိုင်လျှင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်မရှိပေ။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် အားကောင်းသော စကြဝဠာ တစ်ခု ဖြစ်ပြီး ရှည်လျားသော သမိုင်းကြောင်း အစဥ်အလာ ရှိသည့် ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးများ ရှိကြသည်။

ထို့ကြောင့် အင်မော်တယ်လမ်းစဥ် ဖြတ်တောက်ခံထားရလျှင်ပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အထင်သေး၍ မရပေ။

ရှင်းလင်းစွာဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အချိန်တိုအတွင်း လုံးဝ ဖျက်ဆီးပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သူ့အနေဖြင့်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အချိန်များစွာ ဖြုန်းတီးရန် အကြောင်းမရှိပေ။

သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ဆွေးနွေးရန် စီစဥ်ခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းကို အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အသန်မာဆုံး အင်မော်တယ်ဂိုဏ်းကြီး အဖြစ် ပြောင်းလဲကာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ထိန်းကျောင်းခိုင်းရန် ရည်ရွယ်ထားခဲ့သည်။

နတ်ဘုရားနယ်မြေ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် ဆိုလျှင် နှစ်တစ်ရာမျှ အချိန်ပေးလိုက်ရုံဖြင့် နတ်ဘုရားနယ်မြေ၏ခွန်အားသည် ဆယ်ဆမက တိုးတက်လာနိုင်မည်မှာ သေချာသလောက်ပင်။

ထိုအချိန်သို့ ရောက်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ချင်လျှင်ပင် နတ်ဘုရားနယ်မြေကို ဘာမျှ တတ်နိုင်တော့မည် မဟုတ်ချေ။

သူက အချိန်များစွာ မစောင့်ဆိုင်းလိုက်ရပေ။

သုံးရက်အကြာမှာပင် သူနှင့် ရင်းနှီးနေသော မဟာယာန အထွတ်အထိပ်အဆင့် အရှိန်အဝါ တစ်ခုသည် သွေးနတ်ဆိုးဂိုဏ်း၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့၏။

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”

ရုတ်တရက် ရောက်ရှိလာသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထို့နောက်တွင်မူ သူ၏ပုံရိပ်သည် သွေးနတ်ဆိုးဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။

သူက သွေးနတ်ဆိုးဂိုဏ်း၏ အပြင်ဘက်ရှိ ရင်းနှီးသောပုံရိပ်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“အကြီးအကဲထျန်းဟွာ.. အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက စေလွှတ်လိုက်တဲ့သူက ခင်ဗျားဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မတွေ့ရတာတောင် အတော်ကြာပြီ.. ကျန်းမာတယ် မဟုတ်လား”

ယွမ်ထျန်းဟွာက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“လူသားဧကရာဇ်ကျန်းချန်...အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကို နောက်တစ်ခါ ခြေမချဖို့ ကတိနဲ့ ငါတို့က မင်းကို အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကနေ ထွက်ခွာခွင့်ပေးခဲ့တယ်.. အခု မင်းက သွေးနတ်ဆိုးဂိုဏ်းနဲ့ အတူ ပြန်ရောက်လာတယ် ဆိုတော့ ငါတို့အပေါ် ပေးထားတဲ့ကတိကို မျက်ကွယ်ပြုလိုက်တာလား”

“အကြီးအကဲထျန်းဟွာ.. အပိုစကားတွေ ပြောမနေနဲ့တော့”

ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ခင်ဗျားတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လက်ရှိအချိန်မှာ ငါ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး.. မဟုတ်ရင် ခင်ဗျားတစ်ယောက်တည်း ရောက်လာမှာ မဟုတ်ဘူး.. ဟုတ်တယ်မလား”

ထိုစကားကိုကြားလျှင် ယွမ်ထျန်းဟွာက မျက်နှာ မသာမယာဖြင့် ပြောလိုက်သည်။

“ကျန်းချန် မင်း ငါတို့ဆီက ဘာလိုချင်တာလဲ.. အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက ကြယ်စကြဝဠာနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ် ဆိုပေမဲ့ မင်းသာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ ရန်သူလုပ်မယ် ဆိုရင် ငါတို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက မင်းကို အကြီးအကျယ် ပေးဆပ်ခိုင်းရလိမ့်မယ်”

ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“ငါ အခု ဘာဆက်လုပ်မလဲ ဆိုတာက ခင်ဗျားတို့ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းရဲ့ သဘောထားအပေါ်မှာပဲ မူတည်တယ်”

“လူသားဧကရာဇ်ကျန်းချန်.. အဲဒီအချိန်က နတ်ဘုရားနယ်မြေကို ငါတို့တွေ ကျူးကျော်ခဲ့တာ အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးကို ရှာဖွေဖို့ အတွက်ပဲ”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ယွမ်ထျန်းဟွာက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ စကားဆက်ပြောလိုက်သည်။

“ငါ့ရဲ့ ခန့်မှန်းချက် မမှားဘူးဆိုရင် မင်းလည်း ပိုထျန်းကောင်းကင်နယ်မြေနဲ့ ပတ်သက်ပြီး သတင်းရထားပြီးပြီ မဟုတ်လား”

ကျန်းချန်က စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးနေခဲ့ပြီး ယွမ်ထျန်းဟွာ ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေခဲ့သည်။

“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ အင်မော်တယ်လမ်းစဥ် ပြတ်တောက်ခံရကတည်းက စပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းက ပျောက်ကွယ်သွားခဲ့တယ်.. အခု ပိုထျန်းကောင်းကင်နယ်မြေ ပြန်လည် ပေါ်ထွက်လာပြီ ဆိုတော့ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားတဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပါလိမ့်မယ်”

ယွမ်ထျန်းဟွာက ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“အင်မော်တယ်လမ်းစဥ် ပြတ်တောက်မှုရဲ့ လျှို့ဝှက်ချက်ကို မင်း ဖြေရှင်းပေးမယ် ဆိုရင် အဲဒီအင်မော်တယ်ကျောက်တိုင်အတွက်လောက်နဲ့ မင်းတို့ နတ်ဘုရားနယ်‌မြေကို ငါတို့ မကျူးကျော်တော့ဘူး”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။

“ဒါဆို ခင်ဗျားတို့က ကျုပ်နဲ့ ပြန်လည်သင့်မြတ်ဖို့ ရွေးချယ်လိုက်ပြီလား”

“မင်းအနေနဲ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ထိခိုက်အောင် မလုပ်သရွေ့ ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကလည်း မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး.. ဒါက နှစ်ဖက်စလုံးအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ”

ယွမ်ထျန်းဟွာက တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူ မဟုတ်ပေမဲ့ နတ်ဘုရားနယ်မြေရဲ့ အခြေအနေကလည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနဲ့ အတော်လေး ဆင်တူနေတယ်.. ဒါကြောင့် မင်းလည်း ပိုထျန်းကောင်းကင်နယ်မြေကို စိတ်ဝင်စားနေမှာပဲ.. ဟုတ်တယ်မလား”

“ကောင်းပြီလေ.. ခင်ဗျားတို့ ကျုပ်ကို လာမနှောင့်ယှက်သရွေ့ ကျုပ်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲက လူတွေကို ဘာမှ လုပ်မှာမဟုတ်ဘူး”

ကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ရန် မရည်ရွယ်ထားသဖြင့် ယွမ်ထျန်းဟွာ၏ အဆိုပြုချက်ကို ဝမ်းမြောက်စွာပင် လက်ခံလိုက်သည်။

“လူသားဧကရာဇ်ကျန်းချန်.. ဒီတစ်ကြိမ်တော့ မင်းဘာလှည့်ကွက်မှ မသုံးဖို့ ငါမျှော်လင့်ပါတယ်.. မဟုတ်ရင်တော့ ငါ့အနေနဲ့ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ...မင်းကို သူသေကိုယ်သေ တိုက်ခိုက်ရလိမ့်မယ်”

ထိုစကားကို ပြောပြီးနောက်တွင် ယွမ်ထျန်းဟွာသည် ဓားအလင်းတစ်ခု အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကာ ကျန်းချန်၏‌ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

“သခင်ကြီးက တကယ်ပဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနဲ့ ပြေလည်မှုရချင်တာလား”

ရွှယ်ချန်ကျဲက အနည်းငယ် တုံ့ဆိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။

“သူတို့က သခင်ကြီးကို အသုံးချပြီး ပိုထျန်းကောင်းကင်နယ်မြေက တစ်ဆင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားတဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းချင်နေတယ်လို့ ကျွန်တော် ခံစားမိတယ်”

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် ယှဥ်နိုင်သူ မရှိသလောက်ပင်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းပင်လျှင် ကျန်းချန် ထံမှ ငြိမ်းချမ်းရေးကို အလျှော့ပေး တောင်းခံခြင်းမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အင်မော်တယ်လမ်းစဥ်ကိုသာ ပြန်လည် ချိတ်ဆက်နိုင်ခဲ့မည်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးများသည် အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုကာ အင်မော်တယ်လောကမှ ဘိုးဘေးများကို ဆင့်ခေါ်နိုင်လိမ့်မည် ဖြစ်သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းတွင်ပင် အင်မော်တယ်လောကသို့ တက်လှမ်းသွားသော ဘိုးဘေးများ တစ်ချိန်က ရှိခဲ့ဖူး၏။

ထိုအချိန်သို့ရောက်လျှင် သွေးဓားအင်မော်တယ်ဂိုဏ်း တစ်ခုတည်းကပင် သူတို့ကို ဒုက္ခ ကြီးကြီးမားမား ပေးလာမည်ကို သူစိုးရိမ်နေမိသည်။

ကျန်းချန်၏ ခွန်အားက ပြိုင်ဘက်ကင်းပြီး အင်မော်တယ်ကိုယ်ပွား တစ်ဦးကို သတ်ခဲ့ဖူးသော်လည်း ထိုသို့ သတ်နိုင်ရန်အတွက် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရ၏။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လောကသို့ တက်လှမ်းသွားသော ဘိုးဘေးများရှိသည့် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးများသည် တစ်ဂိုဏ်းတည်းမဟုတ်ပေ။

ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြန်လည် ချိတ်ဆက်ခြင်းသည် တကယ်တမ်းတွင် သူတို့အတွက် ကောင်းမွန်သော အရာတစ်ခု မဟုတ်ချေ။

“စိတ်မပူပါနဲ့...ငါ့မှာ ကိုယ်ပိုင်အစီအစဥ် ရှိပါတယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“သူတို့ရဲ့ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်နေပါစေ.. ငါ့အနေနဲ့ ပိုထျန်းကောင်းကင် နယ်မြေကိုတော့ မဖြစ်မနေ သွားကြည့်ရမှာပဲ”

ပိုထျန်းကောင်းကင် နယ်မြေသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ် ပြတ်‌တောက်သွားရသည့် လျှို့ဝှက်ချက်နှင့် ဆက်စပ်နေသော်လည်း အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို အင်မော်တယ်လမ်းစဥ် ပြန်လည်ချိတ်ဆက်အောင် လုပ်ရန်မှာ အလွယ်တကူ လုပ်ဆောင်၍ ရသည့် အရာမျိုး မဟုတ်ပေ။

ဆိုရလျှင် ဤကိစ္စများ၏ နောက်ကွယ်တွင် ရှိသည့် လက်မဲကြီးသည် အင်မော်တယ်လောကမှ ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ခြေ အလွန်များ၏။

ကျန်းချန်က ပိုထျန်းကောင်းကင် နယ်မြေသို့ သွားရန် ရည်ရွယ်ခြင်းသည် အဓိကအားဖြင့် အခြေအနေကို နားလည်ရန် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အင်မော်တယ်လမ်းစဥ် ပြန်လည်ချိတ်ဆက်နိုင်ရန် အတွက် အကူအညီပေးရန် မဟုတ်ပေ။

အကယ်၍ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ်ကို ပြန်လည် ချိတ်ဆက်နိုင်မည် ဆိုလျှင်ပင် အင်မော်တယ်လမ်းစဥ် ပြန်လည် ချိတ်ဆက်နိုင်မည့် လျှို့ဝှက်ချက်ကို သူ၏ လက်ထဲတွင်သာ သိမ်းထားလိမ့်မည် ဖြစ်သည်။

ရွှယ်ချန်ကျဲက စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။

“သခင်ကြီးသာ ပိုထျန်းကောင်းကင် နယ်မြေကို သွားမယ်ဆိုရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ သွေးနတ်ဆိုးဂိုဏ်း ခြေကုပ်ယူနိုင်ဖို့ မလွယ်လောက်ဘူး”

ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ဘုံရန်သူ ဖြစ်သည်။

အကယ်၍ ကျန်းချန်၏ ကာကွယ်မှုကိုသာ ဆုံးရှုံးသွားခဲ့မည်ဆိုလျှင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် သူတို့ သွေးနတ်ဆိုးဂိုဏ်းကို ချေမှုန်းရန် လှုပ်ရှားလာကြလိမ့်မည် ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် ရှင်သန်ရန် ခက်ခဲသွားရလိမ့်မည် ဖြစ်သည်။

“စိတ်မပူပါနဲ့.. မင်းရဲ့ သွေးနတ်ဆိုးဂိုဏ်းကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှာ နံပါတ်တစ် အင်မော်တယ်ဂိုဏ်း ဖြစ်လာအောင် လုပ်ပေးမယ်လို့ ငါကတိပေးခဲ့သားပဲ.. ငါက ငါ့ရဲ့ ကတိစကားကို ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“မင်းတို့ သွေးနတ်ဆိုးဂိုဏ်းမှာ မဟာယာန အထွတ်အထိပ်အဆင့် ရှိတဲ့ သွေးအရိပ်ဘိုးဘေး ရှိနေတာပဲ.. သူသာ သွေးနတ်ဆိုးဂိုဏ်းမှာ ရှိနေရင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းကို အလွယ်တကူ တိုက်ခိုက်ဝံ့တော့မှာ မဟုတ်ဘူး”

အခန်း(၂၆၃၃)ပြီး၏။

အခန်း(၂၆၃၄)

“သွေးအရိပ်ဘိုးဘေးလား”

ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် အနည်းငယ် မှင်တက်သွားခဲ့သည်။

သွေးအရိပ်ဘိုးဘေးသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းကပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကျော်ကြားခဲ့သည့် မဟာယာန အထွတ်အထိပ်အဆင့် မွန်းစတားအိုကြီး တစ်ဦး ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ လက်ရှိ အခြေအနေဖြင့် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းတွင်သာ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦး ရှိနေခဲ့လျှင် အမှန်တကယ်ပင် စိတ်အေးလက်အေး နေနိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုနေ့က သွေးနတ်ဆိုးဂိုဏ်းကို ပြန်လာသော ဘိုးဘေးသည် ကျန်းချန်၏ နှိမ်နင်းခြင်းကို ခံခဲ့ရသည်မဟုတ်ပါလော။

“ဒါဆို သွေးအရိပ်ဘိုးဘေးက အသက်ရှင်နေသေးတာလား”

ရှင်းလင်းစွာဆိုရလျှင် သွေးအရိပ်ဘိုးဘေးသည် အမှန်တကယ် အသက်ရှင်နေသေးလျှင်ပင် သွေးနတ်ဆိုးဂိုဏ်းကို စောင့်ရှောက်ပေးလိမ့်မည် မဟုတ်ပေ။

ကျန်းချန်က ရွှယ်ချန်ကျဲ၏ စကားကို ပြန်မဖြေဘဲ အင်မော်တယ်ကျောက်တိုင် အတွင်းရှိ ဆန်းကြယ်သော ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုဟင်းလင်းပြင်၏ ဗဟိုနယ်မြေတွင် ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသော သံကြိုးများဖြင့် တုပ်နှောင်ခံထားရသည့် အကျဥ်းသား သုံးဦး ရှိနေခဲ့သည်။

ထိုသုံးဦးမှာ ကျန်းချန်က အင်မော်တယ်ကျောက်တိုင်အတွင်း၌ အကျဥ်းသားစွမ်းအားဖြင့် ချုပ်နှောင်ထားသည့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ ကျွမ်းရွမ်စန်း၊ သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း သွေးနတ်ဘုရားနှင့် သွေးအရိပ်ဘိုးဘေးတို့ ဖြစ်ကြသည်။

ကျန်းချန် ရောက်လာသည်ကို ခံစားမိသည်နှင့် သွေးအရိပ်ဘိုးဘေးသည် သူ၏ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်၏။

“ကောင်လေး မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့.. ငါ့ကို မြန်မြန်လွှတ်ပေးစမ်း”

“သွေးအရိပ်ဘိုးဘေး.. ခင်ဗျား အပြင်ကို ထွက်ချင်နေပြီလား”

ကျန်းချန်က ပြုံးလိုက်ပြီး လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။

“အပြင်ထွက်ချင်ရင် ကျုပ်ဆီမှာ အညံ့ခံလိုက်.. ကျုပ်ဆီမှာ အညံ့ခံတာနဲ့ ကျုပ်ခင်ဗျားကို လွှတ်ပေးမယ်”

ထိုစကားကိုကြားလျှင် သွေးအရိပ်ဘိုးဘေး မျက်နှာပျက်သွားခဲ့သည်။

“မင်းဆီမှာ အညံ့ခံဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“နေပါဦး သွေးအရိပ်ဘိုးဘေး.. ဆုံးဖြတ်ချက်ကို အလောတကြီး မချပါနဲ့ဦး.. အခု သွေးနတ်ဆိုးဂိုဏ်းက ကျုပ်ရဲ့လက်အောက်မှာ ရှိတယ်လို့ ပြောလို့ရတယ်.. ခင်ဗျားသာ ကျုပ်ဆီမှာ အညံ့ခံမယ်ဆိုရင် ခင်ဗျားအနေနဲ့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးအဖြစ် ဆက်လက်ရှိနေနိုင်မှာပဲ.. ကျုပ်က ခင်ဗျားကို နှစ်တစ်ရာပဲ အစေခံလုပ်ခိုင်းမယ်.. နှစ်တစ်ရာပြည့်တာနဲ့ ခင်ဗျားကို လွတ်လပ်ခွင့်ပေးမယ်.. ခင်ဗျား ဘယ်လိုသဘောရလဲ”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း သွေးအရိပ်ဘိုးဘေးကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“အပြင်ကို ထွက်ပြီး သွေးနတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေး ဆက်လုပ်မလား ဒါမှမဟုတ် ဒီမှောင်မိုက်နေတဲ့ အင်မော်တယ်ကျောက်တိုင်ထဲမှာပဲ ထာဝရချုပ်နှောင်ခံမလား ဆိုတာ ခင်ဗျားဘာသာပဲ စိတ်ကြိုက် ရွေးချယ်ပါ”

ကျန်းချန်၏ စကားကိုကြားလျှင် သွေးအရိပ်ဘိုးဘေး တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ကျန်းချန်၏ ကမ်းလှမ်းချက်သည် သွေးအရိပ်ဘိုးဘေးကို စိတ်လှုပ်ရှားစေခဲ့သည်မှာ သိသာနေခဲ့၏။

မဟာယာန အထွတ်အထိပ်အဆင့် ထိပ်တန်း ကျင့်ကြံသူတစ်ဦးအနေဖြင့် သွေးအရိပ်ဘိုးဘေးသည် ဤကဲ့သို့ မှောင်မိုက်နေသော နေရာမျိုးတွင် ထာဝရနေထိုင်ရန် ဆန္ဒမရှိပေ။

မဟာယာနအဆင့် ကျင့်ကြံသူများအတွက် နှစ်တစ်ရာ ဆိုသည်မှာ စက္ကန့်အနည်းငယ်မျှသာ ဖြစ်၏။

ထို့ကြောင့် ကျန်းချန်၏ အစေခံအဖြစ် နှစ်တစ်ရာ နေထိုင်ရမည်ကို သူ့အနေဖြင့် လက်မခံနိုင်စရာ အကြောင်းမရှိပေ။

သွေးအရိပ်ဘိုးဘေး၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

“နှစ်တစ်ရာပြည့်လို့ ငါ့ကို လွတ်လပ်ခွင့်ပြန်ပေးမယ် ဆိုတာကို ငါဘယ်လို ယုံကြည်ရမှာလဲ”

“ကျုပ်ကျန်းချန်က ပြောပြီးတဲ့ စကားကို အမြဲတည်အောင်လုပ်တယ်.. ခင်ဗျားမှာ ကျုပ်ကို ယုံကြည်ဖို့က လွဲပြီး တခြားရွေးချယ်စရာ မရှိဘူး”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“နှစ်တစ်ရာ ဆိုတာက စကားအဖြစ် ပြောတာပါ.. ဘာလို့လဲဆိုတော့ နှစ်တစ်ရာ အတွင်းမှာ ငါအင်မော်တယ်လောကကို သေချာပေါက် တက်လှမ်းနိုင်မှာပဲ.. အင်မော်တယ်လောကကို တက်လှမ်းတဲ့အချိန်ကျရင် ခင်ဗျားကို အစေခံအဖြစ် လိုအပ်တော့မှာ မဟုတ်ဘူး”

သွေးအရိပ်ဘိုးဘေး၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။

“ကောင်းပြီလေ.. ငါ မင်းရဲ့ကမ်းလှမ်းချက်ကို လက်ခံတယ်”

မည်သို့ပင်ဖြစ်စေ သွေးအရိပ်ဘိုးဘေးသည် ဤကဲ့သို့ မှောင်မိုက်နေသည့် နေရာကနေ အရင်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါဆို ယွမ်ယင်သွေးတစ်စက်ပေးပါ”

ယွမ်ယင်သွေးသည် ကျင့်ကြံသူတစ်ဦး၏ အသက်သွေးကြော ဖြစ်သည်။

သွေးအရိပ်ဘိုးဘေး၏ ယွမ်ယင်သွေးတစ်စက်ကိုသာ ပိုင်ဆိုင်ထားလျှင် ထိုသွေးတစ်စက်ကို အသုံးပြု၍ သွေးအရိပ်ဘိုးဘေး၏ ဝိညာဥ်ကို အလွယ်တကူပင် ဒဏ်ရာရစေနိုင်ပြီး သတ်ဖြတ်ခြင်းကိုပင် ပြုလုပ်နိုင်၏။

သွေးအရိပ်ဘိုးဘေးက တုံ့ဆိုင်းမနေဘဲ သူ၏ ယွမ်ယင်သွေးတစ်စက်ကို ထုတ်ယူကာ ကျန်းချန်ကို ပေးလိုက်သည်။

“မင်းတို့နှစ်ယောက်ရော ငါ့ရဲ့ အစေခံလုပ်ဖို့ ဆန္ဒရှိလား”

ကျန်းချန်က သွေးအရိပ်ဘိုးဘေး၏ ယွမ်ယင်သွေးတစ်စက်ကို လက်ခံလိုက်ပြီးနောက်တွင် သွေးနတ်ဘုရားနှင့် ကျွမ်းရွမ်စန်းတို့ကို ပြုံးကာ ကြည့်နေလိုက်သည်။

“ငါလည်း မင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ဆန္ဒ ရှိပါတယ်”

သွေးနတ်ဘုရားက စကားများစွာ ပြောမနေတော့ဘဲ သူ၏ ယွမ်ယင်သွေးတစ်စက်ကို ကျန်းချန်ထံ ပေးလိုက်သည်။

သွေးအရိပ်ဘိုးဘေး ကိုယ်တိုင်ကပင် အညံ့ခံရန် ‌ရွေးချယ်ခဲ့ပြီဖြစ်ရာ သွေးနတ်ဘုရားကလည်း ခေါင်းမာမနေတော့ဘဲ ဤနေရာမှာ အရင်ထွက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

ဤနေရာတွင် ပထမဆုံး ချုပ်နှောင်ခံထားရသော ကျွမ်းရွမ်စန်းကမူ အညံ့ခံမည့် အရိပ်အယောင် မရှိပေ။

သူက ကျန်းချန်ကို တစ်ချက် မော့ကြည့်လိုက်ပြီးနောက်တွင် မျက်လုံးကို ပြန်မှိတ်ကာ တင်ပျဥ်ခွေထိုင်၍ ဆက်လက် ကျင့်ကြံနေခဲ့သည်။

ကျန်းချန်ကလည်း ကျွမ်းရွမ်စန်းကို အာရုံစိုက်မနေခဲ့ပေ။

သူ ယခုတစ်ခေါက် အင်မော်တယ်ကျောက်တိုင် ထဲသို့ ဝင်လာခြင်းမှာ သွေးအရိပ်ဘိုးဘေးတို့ နှစ်ဦးကို သိမ်းသွင်းပြီး သွေးနတ်ဆိုးဂိုဏ်း၏ ခွန်အားကို မြှင့်တင်ရန် အတွက်သာ ဖြစ်သည်။

ယခု သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်ရာ ကျွမ်းရွမ်စန်း အညံ့ခံသည် ဖြစ်စေ၊ မခံသည်ဖြစ်စေ သူ့အတွက် ဘာမှမထိခိုက်ပေ။

ကျန်းချန်က သွေးအရိပ်ဘိုးဘေးတို့ နှစ်ဦးကို ချူပ်နှောင်ထားသည့် အကျဥ်းသားစွမ်းအားကို ဖယ်ရှားပေးလိုက်ပြီး အင်မော်တယ်ကျောက်တိုင်ကနေ လွှတ်ပေးလိုက်သည်။

သူက သွေးအရိပ်ဘိုးဘေးတို့ နှစ်ဦးကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက်လုံး‌ နောက်နောင် သွေးနတ်ဆိုးဂိုဏ်းမှာပဲ နေပြီး ရွှယ်ချန်ကျဲကို အကူအညီပေးရမယ်”

“ကောင်းပါပြီ”

သွေးအရိပ်ဘိုးဘေးက ခေါင်းညိတ်လိုက်သည်။

သူက မူလကပင် သွေးနတ်ဆိုးဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်၏။

သွေးနတ်ဆိုးဂိုဏ်းသည် ခေါင်း‌ဆောင် ပြောင်းလဲသွားပြီ ဖြစ်သော်လည်း သွေးအရိပ်ဘိုးဘေးသည် လက်ရှိအချိန်တွင် ဂရုစိုက်မနေတော့ပေ။

ထို့အပြင် သူက ယခုအခါ ကျန်းချန်၏ အစေခံအဖြစ် လက်ခံထားခဲ့ပြီ ဖြစ်ရာ ကျန်းချန်၏ အမိန့်ကို မလွန်ဆန်ဘဲ လိုက်နာရမည်သာ ဖြစ်၏။

ယခု ကျန်းချန်က သူ့ကို သွေးနတ်ဆိုးဂိုဏ်းအား စောင့်ရှောက်ရန် စေခိုင်းခြင်း ဖြစ်ရာ သွေးအရိပ်ဘိုးဘေးသည် သဘာဝကျစွာပင် ဝမ်းပန်းတသာ လက်ခံခဲ့သည်။

ရွှယ်ချန်ကျဲ၏ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးပြီးနောက်တွင် ကျန်းချန်သည် သွေးနတ်ဆိုးဂိုဏ်းတွင် အချိန်အကြာကြီးမနေတော့ဘဲ သွေးနတ်ဆိုးဂိုဏ်းမှ ထွက်ခွာလာခဲ့ကာ ပိုထျန်းကောင်းကင်နယ်မြေ ဆီသို့ ထွက်လာခဲ့သည်။

ပိုထျန်းကောင်းကင်နယ်မြေသည် ရှေးခေတ်ကာလက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ပြိုင်ဘက်ကင်း အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သော ပိုထျန်းအင်မော်တယ်ဂိုဏ်း တည်ရှိသော နေရာဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အရှေ့ဘက်အရပ်တွင် တည်ရှိသည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်း ပျက်စီးသွားပြီးနောက်တွင် ပိုထျန်းကောင်းကင် နယ်မြေသည် သမိုင်းထဲကနေပင် ပျောက်ကွယ်သွားခဲ့သည်။

ပိုထျန်းကောင်းကင် နယ်မြေ မူလက တည်ရှိခဲ့သော နေရာသည် အင်မော်တယ်များကိုပင် ဝါးမျိုနိုင်သည်ဟု ဆိုကြသည့် အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤနှစ်ပေါင်း မရေမတွက်နိုင်သော အချိန်အတွင်း အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေထဲသို့ ဝင်ရောက်သွားသူ မည်သူမဆို အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ကြပေ။

ထို့ကြောင့်ပင် အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေက ပိုထျန်းကောင်းကင်နယ်မြေ ဖြစ်သည်ကို သိရှိထားသော အင်မော်တယ်ဂိုဏ်းကြီး တချို့ပင် စူးစမ်းရန်အတွက် လူမလွှတ်ဝံ့ကြပေ။

သို့ရာတွင် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကစ၍ အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ယခင်ကကဲ့သို့ အန္တရာယ်မရှိတော့ချေ။

ဆိုရလျှင် အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် လူအများအပြားသည် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ကြသည်။

ထို့အပြင် သူတို့သည် တားမြစ်နယ်မြေ အတွင်းကနေ သတင်းတစ်ခုကိုပါ ယူဆောင်လာခဲ့ကြသည်။

ယင်းမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နှစ်ပေါင်းမည်မျှကြာအောင် ပျောက်ကွယ်နေမှန်း မသိရသည့် ပိုထျန်းကောင်းကင် နယ်မြေသည် ပြန်လည် ပေါ်ထွက်လာပြီ ဟူသော သတင်းပင်။

ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အနောက်ဘက်အရပ်တွင် တည်ရှိပြီး အရှေ့ဘက်ရှိ အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေနှင့် ဆိုလျှင် အလွန်တရာပင် ဝေးကွာလှ၏။

သို့သော်လည်း ကျန်းချန်၏ အုပ်စိုးသူအဆင့် အထွတ်အထိပ်ခွန်အားဖြင့် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နယ်မြေတစ်ခုကို ဖြတ်ကျော်ရန်မှာ အသက်တစ်ရှိုက်စာလောက်သာ ဖြစ်သည်။

နာရီဝက်မပြည့်မီမှာပင် ကျန်းချန်၏ ပုံရိပ်သည် အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေ၏ အပြင်ဘက်တွင် ပေါ်လာခဲ့၏။

သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေရင်း သူ့ရှေ့ရှိ အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေကို အကဲခတ်ကြည့်လိုက်သည်။

ဤအင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေသည် မူလက ပိုထျန်းကောင်းကင်နယ်မြေ ဖြစ်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ဆန်းကြယ်သော စွမ်းအားအချို့က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ခွဲထုတ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်လည်း အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေထဲသို့ ဝင်ရောက်သွားသူများသည် မည်သို့မျှ ပြန်မလာနိုင်ခဲ့ကြခြင်းပင်။

ယခုအခါတွင်မူ အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေရှိ ဆန်းကြယ်သော စွမ်းအားသည် သိသိသာသာပင် အားနည်းလာခဲ့ပြီ ဖြစ်ရာ ခွဲထုတ်ခံထားရသော အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေ(ဝါ) ပိုထျန်းကောင်းကင်နယ်မြေသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။

အင်မော်တယ်ဝါးမျိုခြင်းတားမြစ်နယ်မြေကို တစ်ခဏမျှ အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ တားမြစ်နယ်မြေ ထဲသို့ တိုက်ရိုက်ပင် လှမ်းဝင်သွားခဲ့သည်။

အခန်း(၂၆၃၄)ပြီး၏။

All Chapters