← Chapters

အခန်း (၂၆၃၅-၂၆၃၆)

Vol. 204 Ch. 2635-2636

အခန်း (၂၆၃၅-၂၆၃၆)

Vol. 204 Ch. 2635-2636

အခန်း(၂၆၃၅)

အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေထဲကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် တားမြစ်နယ်မြေ တစ်ခုလုံးက ပြင်းထန်သော ဟင်းလင်းပြင်မုန်တိုင်းများဖြင့် ဖုံးလွှမ်းနေသည်ကို လျင်မြန်စွာပင် သတိပြုမိခဲ့သည်။

ကောင်းကင်ယံ တစ်ခုလုံးတွင် နက်မှောင်သော ဟင်းလင်းပြင်အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအက်ကွဲကြောင်းများသည် အလွန်တရာပင် နက်မှောင်နေခဲ့ပြီး မည်သည့် နေရာသို့ ဦးတည်နေသည်ကိုပင် မသိရပေ။

ရံဖန်ရံခါတွင် ကျန်းချန်သည် ဟင်းလင်းပြင်အက်ကွဲကြောင်းများထဲကနေ ဆန်းကြယ်သော ပုံသဏ္ဌာန်ရှိသည့် ထူးဆန်းသော သားရဲများ ထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့ရသည်။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ယံကနေ မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် ဆင်းသက်လိုက်သည်။

အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေ၏ ဟင်းလင်းပြင်သည် အလွန်တရာပင် ဆန်းကြယ်လှ၍ ကျန်းချန်သည်ပင် ကောင်းကင်ယံကနေ အလွယ်တကူ မပျံသန်းဝံ့ခဲ့ပေ။

အကယ်၍ ဟင်းလင်းပြင် အက်ကွဲကြောင်းများ ထဲသို့ မတော်တဆ ပါသွားခဲ့လျှင် မည်သည့်နေရာသို့ ရောက်သွားမည်ကို မည်သူမျှ မသိနိုင်ချေ။

ကျန်းချန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့် အချိန်မှာပင် ကောင်းကင်ယံရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲကနေ ထွက်ပေါ်လာသော ဆန်းကြယ်သည့် သတ္တဝါအချို့သည် ကျန်းချန် တည်ရှိမှုကို သတိပြုမိသွားခဲ့ပြီး ကျန်းချန် ရှိရာသို့ တိုက်ရိုက်ပင် ဟိန်းဟောက်ခဲ့ကြသည်။

ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အုပ်စိုးသူအထွတ်အထိပ်အဆင့် စွမ်းအားကို ထုတ်‌ဖော်ကာ ကောင်းကင်ယံရှိ ဆန်းကြယ်သော သတ္တဝါအားလုံးကို သတ်ဖြတ်ပစ်လိုက်၏။

“ဒီသတ္တဝါတွေရဲ့ အရှိန်အဝါက ထာဝရရှင်သန်ခြင်းနန်းတော်က ကျီလင်နတ်သားရဲမျိုးနွယ်စုနဲ့ အတော်လေး ဆင်တူနေတာပဲ.. ကြည့်ရတာ ဒီသတ္တဝါတွေက အင်မော်တယ်လောကကများလား”

ကောင်းကင်ယံရှိ နက်မှောင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများကို မော့ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤဟင်းလင်းပြင် အက်ကွဲကြောင်းများသည် အင်မော်တယ်လောကဆီသို့ ဦးတည်နေပါသလော။

သို့သော်လည်း ကျန်းချန်သည် သူ၏ စိတ်ထဲမှ အတွေးကို လျင်မြန်စွာပင် ဖယ်ရှားပစ်လိုက်သည်။

အင်မော်တယ်လောကသည် စကြဝဠာ၏ မြစ်ဖျားခံရာ ဖြစ်ပြီး အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ လူသားဘဝကနေ အင်မော်တယ် အဖြစ်သို့ ကူးပြောင်း၍ အင်မော်တယ်လောကကို တက်လှမ်းသွားရန်သာ ဖြစ်သည်။

အင်မော်တယ်လောကကို တက်လှမ်းရန် အတွက် သိုင်းပညာကျင့်ကြံသူသည် အုပ်စိုးသူ အထွတ်အထိပ် အဆင့်ကို ရောက်ရှိရမည် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံသူကမူ မဟာယာန အထွတ်အထိပ်အဆင့်ကို ရောက်ရှိရလိမ့်မည် ဖြစ်သည်။

သို့မှသာ အင်မော်တယ်ကပ်ဘေးကို လှုံ့ဆော်နိုင်ပြီး အင်မော်တယ် ဖြစ်လာနိုင်ပေမည်။

ဆိုရလျှင် အုပ်စိုးသူ အထွတ်အထိပ်အဆင့် ဖြစ်စေ၊ မဟာယာန အထွတ်အထိပ်အဆင့်ဖြစ်စေ၊ ယင်းကဲ့သို့ အဆင့်သည် သာမန်လူများ ရောက်ရှိနိုင်‌သောအဆင့်မျိုး မဟုတ်ပေ။

ထိုအဆင့် ကျင့်ကြံသူများသည် ခေတ်တစ်ခေတ်တွင် တစ်ယောက် ပေါ်ထွက်လာရန်ပင် မလွယ်‌ချေ။

ထို့အပြင် အုပ်စိုးသူ အထွတ်အထိပ်အဆင့် သို့မဟုတ် မဟာယာန အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့လျှင်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသော အင်မော်တယ်ကပ်ဘေးကို ရင်ဆိုင်ရဦးမည် ဖြစ်၏။

ထိုအဆင့်သည် အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် ကြိုးပမ်းသူများကို သုတ်သင်ပစ်နိုင်စွမ်း ရှိ၏။

ထို့ကြောင့် အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းခြင်းသည် အလွန်တရာ ခက်ခဲမည် ဖြစ်၍ သူ့ရှေ့ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းသည် အင်မော်တယ်လောကသို့ လမ်းဖောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ကျန်းချန်က သူ၏ အတွေးများကို ဖယ်ရှားလိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်လာသည်နှင့် အမျှ သူကြုံတွေ့ရသည့် ဆန်းကြယ်သော သတ္တဝါများသည် ပိုမို၍ အားကောင်းလာခဲ့သည်။

အဆုံးသတ်တွင် ကျန်းချန်သည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်သော ဧရာမ မြွေဟောက်ကြီး တစ်ကောင်နှင့် ထိပ်တိုက် ကြုံတွေ့ခဲ့သည်။

ဧရာမ မြွေဟောက်ကြီးက ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်ကာ ဟင်းလင်းပြင် ထဲတွင် တည်တံ့နေခဲ့သည်။

မြွေဟောက်၏ မျက်စိထဲတွင် သွေးရောင် အလင်းများဖြင့် ပြည့်နှက်နေခဲ့ပြီး သွေးဆာသော အမူအရာများ ထင်ဟပ်နေခဲ့သည်။

ထိုဧရာမ မြွေဟောက်ကြီး၏ အောက်ဘက်တွင် အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေထဲကို ဝင်ရောက်လာကြသည့် ငါးဦးပါ အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့သည်။

ထိုလူငါးဦး၏ ခွန်အားမှာ အားမနည်းပေ။

သူတို့ အားလုံးသည် ကပ်ဘေးအဆင့်သို့ ရောက်ရှိနေကြပြီး အသန်မာဆုံး တစ်ယောက်ဆိုလျှင် မဟာယာန တစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ထိုမဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူမှာ ကျန်းချန်နှင့် မစိမ်းပေ။

ထိုလူက သူနှင့်တစ်ခါက ဆုံတွေ့ခဲ့ဖူးသည့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လျှိုချင်းရီပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဧရာမမြွေဟောက်ကြီး၏ ရှေ့တွင် လျှိုချင်းရီတို့ ငါးဦးသည် မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

မြွေဟောက်ကြီးက ၎င်း၏ ဧရာမပါးစပ်ကို ဖွင့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာကောင်းသော ဝါးမျိုခြင်း စွမ်းအားတစ်ခုသည် လျှိုချင်းရီတို့ ငါးဦးကို လွှမ်းခြုံသွားခဲ့သည်။

လျှိုချင်းရီတို့ လူစုသည် မြွေဟောက်ကြီး၏ ဝမ်းဗိုက်ထဲသို့ ဝါးမျိုခံရတော့မည့် အခြေအနေဖြစ်နေခဲ့သည်။

ကျန်းချန်က ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ‌ရွှေရောင်တောက်ပသော စည်းတံဆိပ်တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် စုစည်းလာခဲ့ပြီး နေမင်းအငယ်စားလေး တစ်စင်း ကဲ့သို့ အလွန်တရာ တောက်ပသော ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။

ကျန်းချန်က ထိုရွှေရောင် စည်းတံဆိပ်ကို ပစ်လွှတ်လိုက်ရာ ရွှေရောင် စည်းတံဆိပ်သည် ဝါးမျိုခြင်းစွမ်းအားကို ချေမှုန်းပစ်လိုက်ပြီး ဧရာမ မြွေဟောက်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ သက်ရောက်သွားခဲ့သည်။

မြွေဟောက်ကြီးက ရုတ်တရက် ကမ္ဘာပျက်မတတ် အော်ဟစ်လိုက်ပြီးနောက်တွင် မြွေဟောက်၏ အကြေးခွံထဲကနေ ထွက်ပေါ်လာသော သွေးများသည် မိုးစက်များကဲ့သို့ အောက်ဘက်ကို တဖွဲဖွဲ ကျဆင်းလာခဲ့သည်။

မြွေဟောက်ကြီး၏ ဝမ်းဗိုက်တွင် ကျန်းချန်၏ စည်းတံဆိပ်ကြောင့် အလွန်တရာ ကြီးမားသည့် အပေါက်ကြီး တစ်ခုပင် ဖြစ်သွားခဲ့သည်။

သူ၏ စည်းတံဆိပ်က မြွေဟောက်ကြီးကို မသတ်နိုင်ခဲ့သည်အား မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့ရှိ မြွေဟောက်ကြီး၏ ခန္ဓာကိုယ်သည် အလွန်တရာပင် သန်မာနေခဲ့သည်။

အစောပိုင်းတွင် သူက ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သူ၏ ခွန်အားကို အပြည့်အဝ အသုံးမပြုထားသော်လည်း ထိုစည်းတံဆိပ်သည် မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ သုတ်သင်ပစ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း မြွေဟောက်ကြီးကမူ အရေပြားတွင်သာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို အမှန်တကယ်ပင် ခုခံနိုင်ခဲ့သည်။

“ကျန်း.. ကျန်းချန်လား”

သူတို့၏ မြင်ကွင်းထဲတွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် လျှိုချင်းယွီ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့နောက်တွင် သူ့ရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။

ကျန်းချန်သည် သူနှင့်အတူ ထျန်းယွိ အမွေအနှစ်နယ်မြေကို စူးစမ်းခဲ့သူ ဖြစ်၍ လျှိုချင်းယွီသည် သဘာဝကျစွာပင် ကျန်းချန်နှင့် မစိမ်းပေ။

နောက်ပိုင်းတွင် ကျန်းချန်သည် ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် ပြဿနာရှာခဲ့ပြီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့သည်။

ထိုအချိန်မှသာ လျှိုချင်းယွီသည် ထိုလူငယ်သည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ ဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် နန်းတော်မှ လူသားဧကရာဇ် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ ပြီးဆုံးပြီးနောက်တွင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း ဆီသို့ ရောက်ရှိလာခဲ့ပြီး လူသားဧကရာဇ်နှင့် သွေးနတ်ဆိုးဂိုဏ်းကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ နှင်ထုတ်ခဲ့ကြသည်။

သို့ဆိုလျှင် ထိုလူငယ်သည် အဘယ်ကြောင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ပြန်ရောက်လာပြီး အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေတွင် ပေါ်လာခဲ့ပါသနည်း။

ကြည့်ရသည်မှာ သူ အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေထဲသို့ ဝင်ရောက်နေသည့် အချိန်အတောအတွင်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ပုံရ၏။

ဟင်းလင်းပြင်ထဲတွင် နာကျင်စွာ ညည်းညူနေသော ဧရာမမြွေဟောက်ကြီးသည် ကြောက်မက်ဖွယ် ဟိန်းဟောက်လိုက်ပြီး သွေးရောင် မျက်ဝန်းများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

“မြွေတိရစ္ဆာန်.. မင်းရဲ့အရေခွံက တော်တော်လေး ထူတာပဲ”

ကျန်းချန်က အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး မြွေဟောက်ကြီးကို ခုတ်ပိုင်းရန် အတွက် လူသားဧကရာဇ်ဓားကို ထုတ်ယူရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်၏။

အဝေးတစ်နေရာကနေ တောက်ပသော အင်မော်တယ်အလင်းတန်း တစ်ခုသည် အလွန်အမင်း မြန်ဆန်သော အရှိန်အဟုန်ဖြင့် သူတို့ ရှိရာဘက်သို့ ပျံသန်းလာသည်ကိုမြင်လိုက်ရသည်။

ထိုတောက်ပသော အင်မော်တယ်အလင်းတန်း ထဲတွင် အဖြူရောင် စကတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးကို သူခပ်ရေးရေး မြင်တွေ့လိုက်သည်။

ထိုအမျိုးသမီးက ကျော့ရှင်းလှပပြီး ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး ကဲ့သို့ ဖြစ်နေခဲ့သည်။

အဖြူရောင်စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးက သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ကလေးကို အသာအယာလှုပ်ရှားလိုက်ရာ တောက်ပသော အလင်းတန်းတစ်ခုသည်ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး ဧရာမ မြွေဟောက်ကြီး၏ လည်ပင်းကို ဖြတ်တောက်သွားခဲ့သည်။

ပေတစ်ရာခန့် မြင့်သော တောင်ထွတ်တစ်ခု ကဲ့သို့ ကြီးမားသည့် မြွေဟောက်ကြီး၏ ဦးခေါင်းသည် အဖြူရောင်စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီး၏ ခုတ်ပိုင်းခြင်းကို တိုက်ရိုက်ပင် ခံလိုက်ရပြီး သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့သည်။

ကျန်းချန်က သူ့ရှေ့ရှိ အဖြူရောင်စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးအား အနည်းငယ် စူးစမ်းစွာ ကြည့်လိုက်သည်။

အဖြူရောင်စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးသည် အလွန်တရာ ငယ်ရွယ်ပုံ ရသော်လည်းကျင့်ကြံခြင်း အဆင့်ကမူ မဟာယာနအဆင့်သို့ ရောက်ရှိနေခဲ့ပြီး သူမ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာနအဆင့် ပါရမီရှင်များထက်ပင် ပိုမို အားကောင်းနိုင်ခြေ ရှိသည်။

ပို၍ အရေးကြီးသည်မှာ သူ့ရှေ့ရှိ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီး၏ အရှိန်အဝါသည် အင်မော်တယ် လောကကနေ နတ်ဘုရားနယ်မြေသို့ ဆင်းသက်လာခဲ့သော ချီယန် အင်မော်တယ်ဘုရင်(ဝါ) မီးလျှံအင်မော်တယ်ဘူရင်၏ တပည့်နှစ်ဦးနှင့် အလွန်တရာ ဆင်တူနေခဲ့ခြင်းပင်။

“ဒီအမျိုးသမီးက အင်မော်တယ်လောကထဲကများ ဖြစ်နေမလား”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး ရင်ထဲတွင်လည်း ထိတ်ခနဲ ဖြစ်သွားခဲ့သည်။

အင်မော်တယ်လောကမှ ပါရမီရှင်တပည့်တစ်ဦးသည် ဤနေရာတွင် မမျှော်လင့်ဘဲ ပေါ်လာခဲ့၏။

သို့ဆိုလျှင် ပိုထျန်းကောင်းကင်နယ်မြေတွင် အင်မော်တယ်လောကနှင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တို့ကို ချိတ်ဆက်ထားသည့် လမ်းကြောင်းတစ်ခု အမှန်တကယ်ပင် ရှိနေပါသလော။

“ဒီနေရာက ရှင်တို့လာချင်တိုင်း လာလို့ရတဲ့နေရာ မဟုတ်ဘူး.. ရှင်တို့တွေ အသက်မသေချင်ဘူး ဆိုရင် မြန်မြန်ထွက်သွားစမ်း”

ကျန်းချန်၏ စိတ်ထဲတွင် အံ့ဩထိတ်လန့်နေသည့် အချိန်မှာပင် အဖြူရောင်စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးသည် အေးစက်စက်ပြောလိုက်သည်။

သူမ၏ အသံက အလွန်တရာပင် အေးစက်နေခဲ့ပြီး မည်သည့်ခံစားချက်မှ ပါဝင်ခြင်း မရှိခဲ့ပေ။

အခန်း(၂၆၃၅)ပြီး၏။

အခန်း(၂၆၃၆)

“နတ်မိမယ်ကို အနှောင့်အယှက်ပေးမိသလို ဖြစ်သွားခဲ့ပြီ”

ကျန်းချန်က အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဒီလိုနေရာမျိုးကို နတ်မိမယ် ဘာအတွက် ရောက်လာတာလဲဆိုတာ သိပါရစေ”

ကျန်းချန်၏ ခေါ်ဝေါ်မှုကို ကြားလျှင် အဖြူရောင်စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီး၏ အေးစက်စက် အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

“ငါ ပြောစရာရှိတာ အကုန်ပြောပြီးပြီ.. ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပြီး နေကြတော့”

ထိုစကားကို ပြောပြီးနောက်တွင် အဖြူရောင်စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးသည် ကျန်းချန်ကို စကားပြောခွင့်ပင် မပေးတော့ဘဲ ထွက်ခွာသွားခဲ့သည်။

ထွက်ခွာသွားသော အဖြူရောင်စကတ်ဝတ် အမျိုးသမီး၏ ကျောပြင်ကို ကြည့်ကာ ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

“ဒီပိုထျန်းကောင်းကင်နယ်မြေက တကယ်ကို ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတာပဲ”

ထို့နောက်တွင် ကျန်းချန်က သူ၏ အကြည့်ကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး သူ၏ နောက်ဘက်ရှိ လျှိုချင်းရီတို့ လူစုကို လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ခေါင်းဆောင်လျှို.. ငါတို့ ပြန်ဆုံကြပြန်ပြီ”

လျှိုချင်းရီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လက်သီးဆုပ်၍ ကျန်းချန်ကို ဂါဝရပြုလိုက်သည်။

“လျှိုချင်းရီက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ဂါဝရပြုပါတယ်”

အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာနှင့် နတ်ဘုရားနယ်မြေသည် ရန်ဘက်များ ဖြစ်သော်လည်း ယခုအခါတွင် ဤပိုထျန်းကောင်းကင်နယ်မြေတွင် ကျန်းချန်သည် သူ၏ အသက်ကို ကယ်တင်ခဲ့သူ ဖြစ်ရာ လောကဝတ်အရ လျှိုချင်းရီသည် ရှေ့ထွက်၍ နှုတ်ဆက်ရပေလိမ့်မည် မဟုတ်ပါလော။

“ခေါင်းဆောင်လျှို အဲဒီလောက်အထိ မလိုပါဘူး.. ငါ့ကို ကျန်းချန်လို့ ခေါ်လို့ရပါတယ်”

ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြုံး၍ပြောလိုက်သည်။

“ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ဒီအထဲကို ရောက်နေရတာလဲ”

လျှိုချင်းယွီက ခါးသီးစွာ ပြုံးလိုက်သည်။

“ငါတို့ စိမ်းလန်းသောမြစ်ဂိုဏ်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းတချို့ကို ရရှိထားတဲ့ အတွက် ဒီပိုထျန်းကောင်းကင် နယ်မြေကို စူးစမ်းဖို့ ငါ့ကို စေလွှတ်လိုက်တာပဲ”

ကျန်းချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ခေါင်းဆောင်လျှို.. ဒီပိုထျန်းကောင်းကင်နယ်မြေ အကြောင်းကို ဘယ်လောက်အထိ သိထားလဲ.. ခုနက အဖြူရောင်စကတ်ဝတ် အမျိုးသမီးရဲ့ နောက်ခံကိုရော သိလား”

ထိုစကားကိုကြားလျှင် လျှိုချင်းရီသည် ကျန်းချန်အား အဖြေပေးသင့် မပေးသင့် တွေဝေကာ ရုတ်တရက် တုံ့ဆိုင်းသွားခဲ့သည်။

ကျန်းချန်က လျှိုချင်းရီ၏ စိုးရိမ်ပူပန်မှုကို ရိပ်မိခဲ့ပြီး ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ငါ ဒီပိုထျန်းကောင်းကင်နယ်မြေကို မလာခင်မှာပဲ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက လူတွေနဲ့ တွေ့ခဲ့ပြီးပါပြီ.. သူတို့ကပဲ ငါ့ကို ဒီလာဖို့အတွက် သဘောတူခဲ့တာပါ”

လျှိုချင်းရီက အနည်းငယ် မှင်တက်သွားခဲ့သည်။

ကျန်းချန်နှင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတို့ ကြားတွင် မည်ကဲ့သို့သော သဘောတူညီချက် ရထားသည်ကို သူမသိသော်လည်း ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းလုံးသည် ကျန်းချန်ကို ပိုထျန်းကောင်းကင်နယ်မြေသို့ လာရောက်ရန် သဘောတူခဲ့သည် ဆိုလျှင် သူ့အနေဖြင့် ဖုံးကွယ်စရာ မလိုတော့ပေ။

“ဒီပိုထျန်းကောင်းကင်နယ်မြေရဲ့ အခြေအနေက ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးတယ်”

လျှိုချင်းရီက လေးနက်စွာ ပြောလိုက်သည်။

“ငါ့ရဲ့ ခန့်မှန်းချက်အရ ဆိုရင် အဲဒီ အဖြူရောင်စကတ်ဝတ် အမျိုးသမီးက အင်မော်တယ်လောကမှာ ရှိတဲ့ ပိယွင်အင်မော်တယ်နန်းတော်လို့ ခေါ်တဲ့ အဖွဲ့အစည်းကပဲ ဖြစ်ရမယ်”

“အင်မော်တယ်လောကက ပိယွင်အင်မော်တယ်နန်းတော်လား”

ကျန်းချန်က စိတ်ထဲတွင် ကြိုတင်မှန်းဆထားခဲ့သော်လည်း အဖြူရောင်စကတ်ဝတ် အမျိုးသမီး၏ အထောက်အထားကို အမှန်တကယ် သိလိုက်ရလျှင် အံ့အားသင့်သွားခဲ့သည်။

သူက လျှိုချင်းရီကို လေးနက်စွာ ကြည့်၍ ပြောလိုက်၏။

“ဒီပိုထျန်းကောင်းကင်နယ်မြေမှာ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာနဲ့ အင်မော်တယ်လောကကို ချိတ်ဆက်ထားတဲ့ လမ်းကြောင်း တကယ်ပဲ ရှိနေတာလား”

“အဲဒါတော့ ငါ မသိဘူး.. အဖြူရောင်စကတ်ဝတ် အမျိုးသမီး ဒီကို ဘာအတွက် ရောက်လာမှန်းလည်း ငါ မသိဘူး”

လျှိုချင်းရီက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန် အံ့အားသင့်လောက်မည့် စကားတစ်ခွန်းကို ပြောလိုက်သည်။

“ဒါပေမဲ့ အသေအချာ ပြောနိုင်တဲ့ တစ်ချက်ကတော့ ဒီပိုထျန်းကောင်းကင်နယ်မြေမှာ အင်မော်တယ်ကပ်ဘေးကို ကျော်လွှားပြီး အင်မော်တယ် ဖြစ်လာနိုင်တယ် ဆိုတာပဲ”

“မင်းပြောတာ တကယ်လား”

ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး လျှိုချင်းယွီကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

သူက အင်မော်တယ်ကပ်ဘေးကို လှုံ့ဆော်ရန်အတွက် အုပ်စိုးသူအထွတ်အထိပ် စွမ်းအားကို အစွမ်းကုန် အသုံးပြုရန် စဥ်းစားခဲ့သော်လည်း သေချာစဥ်းစားပြီးနောက်တွင် ထိုအစီအစဥ်ကို စွန့်လွှတ်ခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ သူက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ လူတစ်ယောက် မဟုတ်၍ ဤပိုထျန်းကောင်းကင်နယ်မြေတွင် အင်မော်တယ်ကပ်ဘေးကို ဖြစ်ပေါ်စေနိုင်ရန် မသေချာပေ။

ထိုထက်ပို၍ အရေးကြီးသောအချက်မှာ သူ့အနေဖြင့် ဖြေရှင်းစရာ ကိစ္စတချို့ ကျန်ရှိနေသေးပြီး အင်မော်တယ်လောကသို့ တက်လှမ်းရန် အဆင်သင့် မဖြစ်သေးခြင်းပင်။

ထို့ကြောင့် ကျန်းချန်သည် ဤအချိန်တွင် အင်မော်တယ်ကပ်ဘေးကို မလှုံ့ဆော်ချင်သေးပေ။

လျှိုချင်းရီက ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ငါတစ်ခါက ရရှိခဲ့ဖူးတဲ့ ကျောက်စာမှတ်တမ်းနဲ့ ဒီနယ်မြေထဲကို ဝင်ရောက်လာပြီးနောက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့အချက်အလက်တွေအရ ဒါက အမှန်တကယ် ဆိုတာတော့ အသေအချာ ပြောနိုင်တယ်”

ဤအခိုက်အတန့်တွင် လျှိုချင်းရီသည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားတော့ဘဲ သူသိထားသမျှ သတင်းအချက်အလက် အားလုံးကို ပြောပြလိုက်သည်။

ထျန်းယွိ အမွေအနှစ်နယ်မြေမှ ထွက်လာပြီးနောက်တွင် လျှိုချင်းယွီသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းအကြောင်း မှတ်တမ်းတင်ထားသည့် ကျောက်စာကို လေ့လာရန်အတွက် အချိန်များစွာကို အသုံးပြုခဲ့ပြီး အချက်အလက်များစွာကို ရရှိခဲ့သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်း ပျက်စီးသွားရခြင်းမှာ စင်စစ်အားဖြင့် အင်မော်တယ်လောကသို့ တက်လှမ်းသွားကြသော ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးတစ်ပါး နှင့် သက်ဆိုင်နေခဲ့၏။

ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးတစ်ပါးသည် အလွန်ပင် ပါရမီ ထူးချွန်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ အင်မော်တယ်လောကသို့ တက်လှမ်းလာသော အင်မော်တယ်များကို စုစည်းကာ အင်အားစု တစ်စုကို တည်ထောင်ခဲ့သည်။

ထိုအင်အားစုသည် ပိယွင်အင်မော်တယ်နန်းတော်ကိုပင် ခြိမ်းခြောက်နိုင်ခဲ့သည်။

ထို့ကြောင့် ပိယွင်နန်းတော်သည် ထိုအင်အားစု မကြီးထွားလာမည်တွင် အလျင်အမြန် လှုပ်ရှားခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးအားလုံးကို သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့်ပင် အဆင့်နိမ့်စကြဝဠာရှိ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည်လည်း ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။

ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လူများကို ပြန်လည် ရုန်းထနိုင်မည့် အခွင့်အရေး အနည်းငယ်မျှပင် မပေးချင်၍ ပိယွင်အင်မော်တယ်နန်းတော်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အင်မော်တယ်လမ်းစဥ်ကိုပါ ဖြတ်တောက်ပစ်ခဲ့သည်။

ယင်းမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားခဲ့ရသည့် တကယ့် အကြောင်းအရင်းပင်။

လျှိုချင်းရီ ပြောပြသော လျှို့ဝှက်ချက်များကို ကြားလျှင် ကျန်းချန် အံ့ဩ ထိတ်လန့်သွားခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားရခြင်းသည် အင်မော်တယ်လောကသို့ တက်လှမ်းသွားသော ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေး လက်ချက်ကြောင့် ဖြစ်လိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ရင်ထဲမှ အံ့ဩထိတ်လန့်မှုကို ထိန်းချုပ်လိုက်ကာ စူးစမ်းစွာ မေးလိုက်သည်။

“ဒီပိုထျန်းကောင်းကင်နယ်မြေကနေ အင်မော်တယ်လောကကို တက်လှမ်းလို့ရတယ်ဆိုတာ ခင်ဗျားဘယ်လိုလုပ်ပြီး အသေအချာပြောနိုင်ရတာလဲ”

လျှိုချင်းရီက လေးနက်စွာ ပြန်ဖြေလိုက်သည်။

“ဒါက ငါ မကြာသေးခင်ကမှ အတည်ပြုနိုင်ခဲ့တဲ့ အချက်ပဲ”

အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပိုထျန်းအင်မော်တယ်ဂိုဏ်း အကြောင်း သိရှိသူ အလွန်တရာ နည်းပါးသော်လည်း ရှည်လျားသော သမိုင်းကြောင်းရှိသည့် ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး တချို့ကမူ အနည်းငယ် သိထားကြသည်။

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးများသည် အင်မော်တယ်ဝါးမျိုခြင်း တားမြစ်နယ်မြေသို့ နှစ်စဥ်နှစ်တိုင်း ဝင်ရောက်ခဲ့ကြသည်။

အထူးသဖြင့် နောက်ဆုံးအချိန်ကို ရောက်ရှိတော့မည့် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများစွာသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ်ပြတ်တောက်မှု၏ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် ဤနေရာသို့ လာရောက်ကာ စူးစမ်းခဲ့ကြသည်။

သို့သော်လည်း ထိုလူများသည် အင်မော်တယ်ဝါးမျိုခြင်းနယ်မြေသို့ ဝင်ရောက်သွားပြီးနောက်တွင် ဘယ်တော့မျှ ပြန်ထွက်မလာနိုင်တော့ပေ။

ယင်းကြောင့်ပင် ထိုလူများက အင်မော်တယ်ဝါးမျိုခြင်းတားမြစ်နယ်မြေထဲတွင် ကျဆုံးခဲ့ပြီဟု ထင်မြင်ခဲ့ကြသည်။

သို့သော်လည်း သိပ်မကြာခင်ကမှ လျှိုချင်းရီတို့ လူစုသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူများ၏ ခြေရာလက်ရာကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။

ထိုကျင့်ကြံသူအချို့သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

အချိန်များစွာ ကုန်လွန်သွားခဲ့သည့်တိုင် လျှိုချင်းရီသည် သူတို့၏ နာမည်များကို ကြားဖူးခဲ့၏။

ကျင့်ကြံသူအချို့က ဤနေရာတွင် ကျဆုံးသွားခဲ့ကြပြီး တချို့ကမူ အင်မော်တယ် ကပ်ဘေးကို လှုံ့ဆော်နိုင်ခဲ့သော်လည်း သူတို့၏ ခန္ဓာကိုယ်က ကပ်ဘေးအတွင်း ပျက်စီးသွားခဲ့သည်။

အင်မော်တယ်ကပ်‌ဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သူများ ပင်လျှင် ပိယွင်အင်မော်တယ် နန်းတော်၏ လက်အောက်သို့ ဝင်မှသာ အင်မော်တယ်လောကကို တက်လှမ်းနိုင်ကြသည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့၏။

လျှိုချင်းယွီ၏ စကားထဲကနေ အဓိကကျသော အချက်တစ်ခုကို သူ လျင်မြန်စွာ သတိပြုမိလိုက်သည်။

ကျင့်ကြံသူများသည် အင်မော်တယ်လောကကို တက်လှမ်းသွားနိုင်သော်လည်း ထိုသို့ တက်လှမ်းရန် အတွက် ပိယွင်အင်မော်တယ်နန်းတော်၏ လက်အောက်သို့ မဖြစ်မနေ ဝင်ရလိမ့်မည် ဖြစ်သည်။

တစ်နည်းအားဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းရန် အတွက် ပိယွင်အင်မော်တယ် နန်းတော်နှင့် ပူးပေါင်းပြီး ပိယွင်အင်မော်တယ်နန်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် မဖြစ်မနေ လိုအပ်၏။

ထိုအတိုင်းဆိုလျှင် လက်ရှိ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ နောက်ကွယ်မှ အရာအားလုံးကို ထိန်းချုပ်နေသူမှာ ပိယွင်အင်မော်တယ်နန်းတော် ဖြစ်ပုံရသည်။

ပိယွင်အင်မော်တယ်နန်းတော်က မည်ကဲ့သို့ နည်းလမ်းကိုအသုံးပြု၍ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ်ကို ဖြတ်တောက်ခဲ့မှန်း မသိသော်လည်း ပိုထျန်းကောင်းကင်နယ်မြေ တစ်ခုတည်းကိုသာ အင်မော်တယ်အဆင့်ကို အဆင့်တက်နိုင်သော နေရာအဖြစ် ချန်ထားရစ်ခဲ့သည်။

အကယ်၍ ဤနေရာကနေ ကပ်ဘေးကို ကျော်လွှားပြီး အင်မော်တယ်လောကဆီ တက်လှမ်းချင်သည် ဆိုလျှင် ပိယွင်အင်မော်တယ်နန်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် လိုအပ်ပေလိမ့်မည်။

ပိုထျန်းကောင်းကင်နယ်မြေမှ လွဲ၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အခြားသော နေရာများတွင် အင်မော်တယ်ကပ်ဘေးကို ဖြစ်ပေါ်စေရန် ခဲယဥ်းလှ၏။

ထျန်းယွိကဲ့သို့ အလွန်အမင်းထူးချွန်သော ပါရမီရှင်ကမူ ကပ်ဘေးကို လှုံ့ဆော်ရန်နှင့် အောင်မြင်စွာ ကျော်လွှားရန် မည်ကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့မှန်း မသိရသော်လည်း အင်မော်တယ် ဖြစ်လာချိန်တွင် အသတ်ခံခဲ့ရဆဲပင်။

ထျန်းယွိကို သတ်ဖြတ်ခဲ့သော နောက်ကွယ်မှ လက်မဲကြီးသည် ပိယွင်အင်မော်တယ်နန်းတော် ဖြစ်နိုင်ခြေ အလွန်များ၏။

ဆိုရလျှင် ပိယွင်အင်မော်တယ် နန်းတော်သည် ဤနည်းလမ်းဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ကျွန်ပြုထားသည်မှာ ထင်ရှားနေခဲ့၏။

သို့မှသာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် ပိယွင်အင်မော်တယ်နန်းတော်၏ ထိန်းချုပ်မှုအောက်တွင် အမြဲတစေ ရှိနေမည် မဟုတ်ပါလော။

အခန်း(၂၆၃၆)ပြီး၏။

All Chapters