အခန်း (၂၆၃၇-၂၆၃၈)
Vol. 204 Ch. 2637-2638
အခန်း(၂၆၃၇)
"အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ လက်ရှိအခြေအနေက အင်မော်တယ်လောကမှာ ရှိတဲ့ ပိယွင်အင်မော်တယ်နန်းတော်လို့ ခေါ်တဲ့ အဖွဲ့အစည်းကြောင့် ဖြစ်ရတာပဲ"
ကျန်းချန်က စိတ်ထဲကနေ ရေရွတ်ကာ သက်ပြင်းချလိုက်သည်။
အင်မော်တယ်လောကနှင့် နှိုင်းယှဥ်လျှင် အဆင့်နိမ့်စကြဝဠာ၏ ခွန်အားသည် အလွန်အမင်း အားနည်းလွန်းနေခဲ့၏။
အင်မော်တယ်ဘိုးဘေး များစွာ ပေါ်ထွက်ခဲ့ဖူးသော ပိုထျန်းအင်မော်တယ်ဂိုဏ်းပင်လျှင် ပိယွင် အင်မော်တယ်နန်းတော်နှင့် ရင်ဆိုင်ရာ၌ ပြန်လည်ခုခံရန် အင်အားမရှိခဲ့ဘဲ နောက်ဆုံးတွင် ဤကဲ့သို့ ဝမ်းနည်းစရာကောင်းသော အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ် ဖြတ်တောက်ခံရခြင်း၏ နောက်ကွယ်မှ လက်မဲကြီးသည် ပိယွင်အင်မော်တယ်နန်းတော် ဖြစ်နေခဲ့သည် ဆိုလျှင် နတ်ဘုရားနယ်မြေတွင် အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို မတက်လှမ်းနိုင်ခြင်းသည် အဘယ်ကြောင့်နည်း။
နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်ကာလမှာပင် မည်သူကမျှ နတ်ဘုရားနယ်မြေကနေ အင်မော်တယ်လောကသို့ တက်လှမ်းသွားခြင်းမျိုး မရှိခဲ့ပေ။
ရံဖန်ရံခါ တက်လှမ်းသွားသည့် သူများပင်လျှင် တခြားသော စကြဝဠာများကနေ တစ်ဆင့် အင်မော်တယ်လောကကို ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့်ပြောရလျှင် နတ်ဘုရားနယ်မြေသည် အင်မော်တယ်လောကမှ ပုဂ္ဂိုလ်များကို စော်ကားမိခြင်းမျိုး မရှိခဲ့သလို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ကဲ့သို့ အင်မော်တယ်လောကမှ အစွမ်းထက် အဖွဲ့အစည်း၏ ပစ်မှတ်ထားခံရခြင်းမျိုးလည်း မရှိခဲ့ပေ။
အဆုံးစွန် ပြောရလျှင် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်ပင်လျှင် ထိုအကြောင်းရင်းကို မသိခဲ့ပေ။
ဆိုရလျှင် နတ်ဘုရားနယ်မြေ စတင် မွေးဖွားလာစဥ်ကတည်းကပင် အင်မော်တယ်လောကဆီ မတက်လှမ်းနိုင်အောင် ဖန်တီးခံထားရသကဲ့သို့ ဖြစ်နေခဲ့သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ဖယ်ရှားလိုက်သည်။
သူက အစောပိုင်းက အဖြူရောင်စကတ်ဝတ် အမျိုးသမီးကို သတိရသွားပြီး စူးစမ်းစွာ မေးလိုက်၏။
"အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ပိယွင်အင်မော်တယ်နန်းတော်ရဲ့ အလုံးစုံ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီပဲ.. ဘာလို့ ပိယွင်အင်မော်တယ်နန်းတော်ကနေ လူလွှတ်လိုက်ရတာလဲ"
အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းရန် ခက်ခဲသကဲ့သို့ပင် အင်မော်တယ်လောကမှ လူများသည် အဆင့်နိမ့် စကြဝဠာကို ဆင်းသက်လာရန်မှာ မလွယ်ကူပေ။
ပိယွင်အင်မော်တယ် နန်းတော်သည် ၎င်းတို့၏ တပည့်များကို ဤနေရာသို့ စေလွှတ်နိုင်ရန်အတွက် သေချာပေါက် အဖိုးအခများစွာ ကုန်ကျခဲ့ရမည် ဖြစ်သည်။
သို့ဆိုလျှင် ဤပိုထျန်းကောင်းကင်နယ်မြေ ထဲတွင် ပိယွင်အင်မော်တယ်နန်းတော် အလွန်အမင်း အလေးထားရသည့် အရာတစ်ခုခု ရှိနေ၍ ဖြစ်နိုင်ပါသလော။
"သူတို့က ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အထွတ်အမြတ် ရတနာ အတွက် ရောက်လာတာ ဖြစ်လောက်တယ်.. အင်မော်တယ်လောကမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေးအရှိန်အဝါ ကြီးမားလာတာက ကောင်းကင်ကို ဆန့်ကျင်နေတဲ့အထွတ်အမြတ် ရတနာ တစ်ပါးကို ရရှိခဲ့တဲ့ အတွက်လို့ ဆိုကြတယ်.. ပိုထျန်း အင်မော်တယ်ဂိုဏ်းက နောက်ဆုံးအကြိမ်မှာ အစွမ်းကုန်ကြိုးစားပြီး အဲဒီရတနာကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာဆီ ပြန်ပို့ခဲ့ပုံပဲ.. ပိယွင် အင်မော်တယ်နန်းတော်က ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးခဲ့ပေမဲ့လည်း အဲဒီ ရတနာကို ရှာမတွေ့ခဲ့ဘူး"
လျှိုချင်းယွီက လေးနက်စွာ ပြောလိုက်သည်။
"ငါ ခန့်မှန်းတာမမှားဘူးဆိုရင် ပိယွင် အင်မော်တယ်နန်းတော်ရဲ့ ရည်ရွယ်ချက်က အဲဒီရတနာ အတွက်ပဲ ဖြစ်ရမယ်"
ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးသည် အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းကာ အင်အားစုတစ်စု တည်ထောင်နိုင်ခဲ့ပုံ ထောက်လျှင် အမှန်တကယ်ပင် ထူးချွန်သည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် ပိယွင်အင်မော်တယ်နန်းတော်ကို ရှုံးနိမ့်သွားခဲ့ရ၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်လောကတွင် ပိယွင်အင်မော်တယ်နန်းတော်၏ ခွန်အားသည် သေချာပေါက် အားမနည်းပေ။
ဤမျှအထိ အစွမ်းထက်သော အင်မော်တယ် အင်အားစုကပင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေး၏ ရတနာကို အလေးထားနေသည် ဆိုလျှင် ထိုရတနာသည် သာမန် ရတနာ မဟုတ်သည်မှာ သေချာသလောက်ပင်။
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်လာခဲ့ပြီး လျှိုချင်းယွီကို ကြည့်ကာ မေးလိုက်သည်။
"ခေါင်းဆောင်လျှို.. ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ နေရာက ဘယ်နေရာမှာလဲ ဆိုတာ သိလား"
လျှိုချင်းယွီက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်သည်။
"ငါတို့ နေရာတစ်ခုကို ရှာတွေ့ထားတယ်.. အဲဒီနေရာက ပိုထျန်းအင်မော်တယ်ဂိုဏ်း တည်နေရာ ဖြစ်ဖို့ အလားအလာ အများဆုံးပဲ.. ဒါပေမဲ့ အဲဒီနားကို ကပ်ဖို့က ငါတို့အတွက် အရမ်း အန္တရာယ်များလွန်းတယ်"
"ငါ့ကို အဲဒီနေရာဆီ ခေါ်သွားပေးပါ"
ကျန်းချန်က ဤအထိပင် ရောက်ရှိလာပြီ ဖြစ်ရာ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ"
လျှိုချင်းယွီက ခေါင်းညိတ်လိုက်သည်။
သူ့ရှေ့ရှိ နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်သည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သည့် အစွမ်းထက်ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အဆင့်နိမ့် စကြဝဠာတွင် လူသားဧကရာဇ်ကို ခြိမ်းခြောက်နိုင်သည့်သူမှာ မရှိသလောက်ပင်။
ကျန်းချန်သာ သူတို့နှင့် အတူရှိလျှင် သူတို့အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်း တည်နေရာတွင် သွားရောက် စူးစမ်းနိုင်လိမ့်မည် မဟုတ်ပါလော။
ဖြစ်နိုင်မည်ဆိုလျှင် လျှိုချင်းယွီသည် ထိုရတနာကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲမှာပင် ထားချင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ထိုရတနာသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ဘိုးဘေးများက အဖိုးအခ ကြီးကြီးမားမား ရင်းနှီးပြီး အဆင့်နိမ့်စကြဝဠာသို့ ပေးပို့ခဲခြင်း ဖြစ်သလို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အတွက်လည်း ပိယွင် အင်မော်တယ် နန်းတော်ကို တော်လှန်ပြီး ကျေးကျွန်ဘဝကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်၏။
ဤသို့ဖြင့် ကျန်းချန်တို့ ခြောက်ယောက် အဖွဲ့သည် တုံ့ဆိုင်းမနေတော့ဘဲ ပိုထျန်းအင်မော်တယ်ဂိုဏ်း တည်ရှိသော နေရာကို လျင်မြန်စွာ ဦးတည်ခဲ့ကြသည်။
လျှိုချင်းယွီတို့အဖွဲ့တွင် ကျန်းချန် ပါဝင်လာသောကြောင့် ပိုထျန်းကောင်းကင်နယ်မြေ အတွင်း အဆင်ပြေစွာ ရှေ့ဆက်နိုင်ခဲ့ပြီး မည်သည့် အတားအဆီးကိုမှ စိတ်ပူစရာ မလိုအပ်တော့ချေ။
တစ်ခါတစ်ရံ ရက်စက်သည့် မဟာယာနအဆင့် သားရဲများနှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် အသာအယာပင် ခုတ်ပိုင်းပစ်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် သူတို့လူစုသည် မြူနှင်းများ ဖုံးလွှမ်းနေသည့် တောင်တန်းတစ်ခု ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုတောင်တန်းထဲတွင် ရှေးခေတ်ကာလ၏ အငွေ့အသက်များ ထွက်ပေါ်နေသည့် ပျက်စီးနေသော နံရံများကို ခပ်ရေးရေး မြင်တွေ့နေရသည်။
နှစ်ပေါင်းမည်မျှပင် ကုန်လွန်သွားမှန်း မသိရသော်လည်း ထိုတောင်တန်းထဲကနေ အားကောင်းသော အရှိန်အဝါဖိအားနှင့် အစီအရင်များ ရှိနေသည်ကို ကျန်းချန် ခံစားမိနေခဲ့သည်။
ယင်းအချက်ကပင် ဤနေရာ၏ ထူးခြားမှုကို ပြသနေခဲ့၏။
ကျန်းချန်က မြူနှင်းတွေကြားကနေ အဝေးကို လှမ်းကြည့်လိုက်ရာ သူ့ရှေ့ရှိ ကြီးမားသော တောင်တန်းကြီးသည် ကောင်းကင်ကနေ လက်ဝါးရိုက်ချက်ဖြင့် ရိုက်ချ ခံလိုက်ရသကဲ့သို့ ပျက်စီးနေသည်ကို တွေ့လိုက်ရပြီး အံ့ဩထိတ်လန့်သွားခဲ့သည်။
ထိုလက်ဝါးရာပေါ်တွင် ကျန်းချန်ကိုပင် ဖိအားပေးနိုင်သည့် အရှိန်အဝါ တစ်ခု ရှိနေခဲ့၏။
ယင်းမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူများ ပိုင်ဆိုင်သော စွမ်းအားမျိုး မဟုတ်သည်မှာ သေချာနေခဲ့သည်။
"သခင်လေးကျန်းချန်.. ဒီနေရာက ရှေးဟောင်းဂိုဏ်း တစ်ခုရဲ့နေရာ ဆိုတော့ ပိုထျန်းအင်မော်တယ်ဂိုဏ်း ဖြစ်ဖို့ အလားအလာ အများဆုံးပဲ"
ယင်းအချိန်တွင် လျှိုချင်းယွီ၏ စကားသံက ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူတစ်ယောက်ဖြစ်သောကြောင့် ကျန်းချန်ကို လူသားဧကရာဇ်ဟု မခေါ်ချင်သလို နာမည်ကို တိုက်ရိုက်ခေါ်ဖို့ကလည်း မသင့်တော်သောကြောင့် သခင်လေးကျန်းချန် ဟုသာ တလေးတစားခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။
ကျန်းချန်က လျှိုချင်းယွီ၏ စကားကို သိပ်ဂရုစိုက်မနေခဲ့ပေ။
ဆိုရလျှင် လျှိုချင်းယွီ သတိမပေးလျှင်ပင် ကျန်းချန်သည် ဤနေရာက ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ နေရာမှန်း ကောင်းစွာ သိနေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်က ပိုထျန်းအင်မော်တယ်ဂိုဏ်း တစ်ညတည်းဖြင့် ပျက်စီးသွားခဲ့ရသည့် အကြောင်းအရင်းမှာ ဤလက်ဝါးရိုက်ချက်နှင့် ရိုက်ချခံလိုက်ရ၍ ဖြစ်၏။
ထို့အပြင် လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ခဲ့သူမှာ အင်မော်လောကရှိ ပိယွင်အင်မော်တယ် နန်းတော်မှ အင်မော်တယ်တစ်ပါး ဖြစ်ရန် အလားအလာ အလွန်များသည်။
"သွားကြစို့.. ငါတို့ အထဲဝင်ပြီး ကြည့်ရအောင်"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏အတွေးများကို ဖယ်ရှားလိုက်ကာ တောင်တန်းထဲကို လှမ်းဝင်သွားခဲ့သည်။
မြူနှင်းများ ဖုံးလွှမ်းနေသည့် တောင်တန်းထဲကို ဝင်ရောက်လာသည်နှင့် ကျန်းချန်သည် တောင်တန်း၏ အရှိန်အဝါကို ခံစားမိလိုက်သည်။
သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
"ဒီတောင်တန်းထဲက အရှိန်အဝါက အတော်လေး ရင်းနှီးနေသလိုပဲ"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
သိပ်မကြာခင်မှာပင် သူက တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ညာဘက်ရှိ ဦးတည်ချက် တစ်ခု ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာရှိ ဟင်းလင်းပြင်တွင် အရိပ်မဲတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
ထိုအရိပ်မဲသည် ကျန်းချန်တို့ အဖွဲ့ကို လူသတ်ငွေ့လွှမ်းသောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
သူ၏ အေးစက်စက် ကြုံးဝါးသံသည် ကျန်းချန်တို့၏ နားထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
"ခွင့်ပြုချက်မရှိဘဲ ပိုထျန်းအင်မော်တယ်ဂိုဏ်းထဲကို ကျူးကျော်လာရဲတယ်.. သေဖို့သာပြင်ထားလိုက်တော့"
အေးစက်စက် ကြုံးဝါးသံအဆုံးမှာပင် အရိပ်မဲသည် ကြောက်မက်ဖွယ်ရာ ကောင်းသော လေပြင်းမုန်တိုင်း တစ်ခုကို ဖန်တီးပြီး ကျန်းချန်တို့ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်တစ်ဖက်ကို ဝှေ့ယမ်း၍ လေပြင်းမုန်တိုင်းကို အသာအယာပင် ချေမှုန်းပစ်လိုက်သည်။
သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ အရိပ်မဲကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်သည်။
"မင်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းကလား"
သူ့ရှေ့မှ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ရှေးဟောင်းဧကရာဇ် ဂူသင်္ချိုင်းတွင် ရှိသည့် ခွင်းရှဂိုဏ်းနှင့် အတော်လေးဆင်တူနေခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမပျက်စီးခင်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် သူတို့၏ လူများကို စွမ်းအင်ခန္ဓာကိုယ်များဖြင့် ဆက်လက် ရှင်သန်စေရန် အတွက် ဤနေရာတွင် အစီအရင်ကြီး တစ်ခု ပြုလုပ်ခဲ့ပုံရသည်။
ဆိုရလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ဤနည်းလမ်းဖြင့် ထိုရတနာကို ကာကွယ်ချင်သည်မှာ ထင်ရှားနေခဲ့၏။
"ခွင့်ပြုချက်မရှိဘဲ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ကျူးကျော်ဝင်ရောက်လာတဲ့သူတွေ.. သေဖို့သာ ပြင်ထားပေတော့"
အရိပ်မဲက ကျန်းချန်၏ မေးခွန်းကို ပြန်မဖြေဘဲ မည်သည့်ခံစားချက်မှ မပါသည့် အေးစက်စက် စကားသံကို ထပ်မံ ရေရွတ်ကာ ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။
အခန်း(၂၆၃၇)ပြီး၏။
အခန်း(၂၆၃၈)
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
ဤအရိပ်မည်းကြီးသည် သူအသက်ရှင်စဉ်က အမှတ်သညာများနှင့် မှတ်ဉာဏ်ဗီဇများ ကျန်ရှိနေပုံ မရတော့ပေ။
ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အသက်ပေး စောင့်ရှောက်ရမည် ဟူသော ပြင်းထန်သည့် အမိန့်တော် တစ်ခုတည်းသာ သူ၏ စိတ်ဝိညာဉ်ထဲ အထိ စွဲမြဲနေပုံရ၏။
ထို့ကြောင့် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ နယ်မြေ အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာသူ မည်သူမဆို အရိပ်မည်းအတွက် ရန်သူများသာ ဖြစ်နေပေလိမ့်မည်။
ကျန်းချန်သည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ကာ လေထုကို ထိုးခွဲ၍ တိုးဝင်လာသော အရိပ်မည်းအား မှုန့်မှုန့်ညက်ညက် ကြေမွသွားသည်အထိ ရိုက်ချလိုက်သည်။
လမ်းတစ်လျှောက်တွင် ကျန်းချန်သည် ဤကဲ့သို့ အရိပ်မည်းပေါင်း များစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အားလုံးကို အသာအယာပင် ရှင်းလင်း သုတ်သင်နိုင်ခဲ့သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ရှေးခေတ်ကာလက အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် အစွမ်းအထက်ဆုံးနှင့် အသန်မာဆုံး ဂိုဏ်းကြီး ဖြစ်ခဲ့သည်မှာ မှန်သော်လည်း မဟာယာန အထွတ်အထိပ် အဆင့်ထက် ကျော်လွန်သည့် အစွမ်းထက်တည်ရှိမှုမျိုး ရှိနေရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
ဆိုရလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များ တစ်ဖန် ပြန်လည် ရှင်သန်လာခဲ့လျှင်ပင် ကျန်းချန်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်မည့်သူမှာ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။
ထို့ကြောင့် ဂိုဏ်းဝင်များ၏ မဖျက်ဆီးနိုင်သော စိတ်ဆန္ဒများဖြင့် စုစည်းထားသည့် ဤစွမ်းအင်ခန္ဓာကိုယ်များသည် ကျန်းချန်၏ ရှေ့မှောက်၌ ပြောပလောက်စရာ ပြိုင်ဘက်များ မဟုတ်ကြချေ။
ကျန်းချန်တို့ လူစုသည် ပိုထျန်း အင်မော်တယ်ဂိုဏ်းကို အသေးစိတ် စူးစမ်းလေ့လာရင်း အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဝင်လာခဲ့ကြသည်။
ဤနယ်မြေ တစ်ခုလုံးသည် ကောင်းကင်ယံမှ ကျဆင်းလာသည့် ဧရာမ လက်ဝါးရိုက်ချက်ဖြင့် ရိုက်ချခြင်းကို ခံခဲ့ရ၍ အားလုံးနီးပါး ပျက်စီး ယိုယွင်းနေခဲ့ပြီ ဖြစ်သော်လည်း အချို့သော အဆောက်အဦးဟောင်းများသည် ထူးဆန်းစွာပင် ကျန်ရှိနေသေးသည်ကို တွေ့ရသည်။
သို့သော်လည်း နှစ်ကာလများစွာ ကြာမြင့်လာမှုကြောင့် အဆောက်အဦး အများစုမှာ ဆွေးမြည့်ပျက်စီးကာ ဟောင်းနွမ်းနေခဲ့ချေပြီ။
ကျန်းချန်တို့အဖွဲ့သည် အချို့သော အဆောက်အဦးများကို ဝင်ရောက် စစ်ဆေးခဲ့ပြီး လမ်းတစ်လျှောက်တွင် နှောင့်ယှက်လာသော စွမ်းအင်ခန္ဓာကိုယ် များစွာကို သတ်ဖြတ်ခဲ့သော်လည်း အဖိုးတန်သည့်အရာ တစ်စုံတစ်ရာကိုမျှ ရှာမတွေ့သေးပေ။
"သခင်လေးကျန်းချန်.. ဒီပိုထျန်းအင်မော်တယ်ဂိုဏ်းက ထင်ထားတာထက် အများကြီး ပိုကျယ်ပြောတာပဲ"
"အခု ငါတို့ ရောက်နေတဲ့နေရာက ဂိုဏ်းရဲ့ အပြင်ဘက်ပိုင်းက အရံတောင်ထိပ် တစ်ခုပဲ ဖြစ်ရမယ်"
"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင်တော့ အလယ်ဗဟိုက မိုးထိအောင် မြင့်မားနေတဲ့ တောင်ထိပ်ကမှ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အဓိက ပင်မတောင်ထိပ် ဖြစ်ရမယ်"
လျိုချင်းရီသည် ကျန်းချန်၏ ဘေးနားမှ အလိုက်သင့် ကပ်ပါလာရင်း သတိထားမိသည့် အချက်များကို ပြောပြလိုက်သည်။
ကျန်းချန်သည် တိမ်တိုက်များကို ဖောက်ထွက်ကာ မြင့်မားစွာ တည်ရှိနေသည့် တောင်ထိပ်ကြီးကို အဝေးကနေ လှမ်းကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
"ဒါဆိုရင်လည်း အချိန်မဖြုန်းတော့ဘဲ ပင်မတောင်ထိပ် ဆီကိုပဲ တိုက်ရိုက် သွားကြတာပေါ့"
ကျန်းချန်က ထိုစကားပြောပြီးသည်နှင့် လျိုချင်းရီတို့ အဖွဲ့ကို ဦးဆောင်ကာ ပင်မတောင်ထိပ် ဆီသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။
သို့သော် သူ ခြေတစ်လှမ်း စလှမ်းလိုက်သည့် တခဏမှာပင် မလှမ်းမကမ်းရှိ နေရာကနေ တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည်။
သူက ထိုနေရာကို စိုက်ကြည့်ကာ အေးစက်စက် ကြုံးဝါးလိုက်သည်။
"ငါ မင်းကို အတင်း ဆွဲထုတ်ရမလား ဒါမှမဟုတ် မင်းကိုယ်တိုင် အသာတကြည် ထွက်လာမလား"
"ဝုန်း.."
ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် စိတ်ကူးယဉ်ဆန်သည့် အရိပ်မည်း တစ်ခုသည် လေထုထဲတွင် ပေါ်လာခဲ့သည်။
ထိုအရိပ်မည်းသည် အရပ်အမောင်း မြင့်မားပြီး လက်ထဲတွင်လည်း အနက်ရောင် သရဲခေါင်း ဓားကြီးတစ်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။
ဓားဦးထိပ်မှ ထွက်ပေါ်လာသော သွေးဆာနေသည့် အငွေ့အသက်များသည် ပြင်းထန်လွန်းသဖြင့် လျိုချင်းရီတို့အဖွဲ့က တုန်လှုပ် ချောက်ချားသွားကြသည်။
သူတို့ရှေ့မှ စွမ်းအင်ခန္ဓာကိုယ်၏ အရှိန်အဝါအရ အနည်းဆုံး မဟာယာနအဆင့် ကျင့်ကြံသူများထက် မနိမ့်ကျသော အစွမ်းသတ္တိမျိုး ရှိနေလောက်သည်။
ကျန်းချန်က အရိပ်မည်းကို စူးစိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"မင်းက တော်တော်လေး အစွမ်းထက်တာပဲ.. မင်းရဲ့ အရှိန်အဝါနဲ့ တည်ရှိမှုကို ဖုံးကွယ်ထားတဲ့ နည်းလမ်းကလည်း တကယ့်ကို အံ့မခန်းပဲ.. ငါတောင်မှ မင်းကို သတိမထားမိဘဲ ကျော်သွားလုနီးပါး ဖြစ်သွားရတယ်"
"ခွင့်ပြုချက်မရှိဘဲ ပိုထျန်းအင်မော်တယ်ဂိုဏ်းထဲ ကျူးကျော်ဝင်ရောက်လာသူ... သေပေတော့"
"ကျူးကျော်သူတွေ... မင်းတို့ ဒီမြေပေါ်ကို ခြေချလိုက်တဲ့ အချိန်ကစပြီး ဒီနေရာမှာပဲ ခေါင်းချဖို့ ကံကြမ္မာက သတ်မှတ်ပြီးသားပဲ"
လူသားဆန်သော ခံစားချက် ကင်းမဲ့နေသည့် အရိပ်မည်း၏ စကားသံသည် ကျန်းချန်၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းထွက်လာခဲ့သည်။
ကျန်းချန်က စိတ်ထဲတွင် တွေးမိလိုက်သည်။
"နောက်ဆုံးတော့ အသိစိတ်ရှိတဲ့ စွမ်းအင်ခန္ဓာကိုယ်တစ်ခုနဲ့ တွေ့ရပြီ"
ကျန်းချန်က အရိပ်မည်းကို အကဲခတ်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"မင်း အသက်ရှင်စဉ်က ခွန်အားနဲ့ ဆိုရင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှာ မင်းရဲ့ ရာထူး အဆင့်အတန်းက မနိမ့်လောက်ဘူး ထင်တယ်"
စင်စစ် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ်များသည် အသက်ရှင်စဥ်က ခွန်အားထက် အဆပေါင်းများစွာ အားနည်းသွားကြပြီ ဖြစ်သည်။
ယေဘုယျအားဖြင့် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်မှ ဖြစ်ပေါ်လာသော စွမ်းအင်ခန္ဓာကိုယ်သည် အထွတ်အထိပ် အခြေအနေတွင်ပင် မဟာယာန တစ်ပိုင်းအဆင့် တိုက်ခိုက်ရေးစွမ်းရည်လောက်သာ ထုတ်ဖော်နိုင်သည်။
သို့သော်လည်း ကျန်းချန်၏ မြင်နိုင်စွမ်းအရ သူ့ရှေ့မှ အရိပ်မည်းသည် အလွန်အမင်း အစွမ်းထက်ပြီး လက်ရှိခွန်အားသည်ပင် မဟာယာန အလယ်အလတ် အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့်ထိ ရှိနေခဲ့၏။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အသက်ရှင်စဉ် ကာလကဆိုလျှငိ မဟာယာန အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသည့် ထိပ်သီး ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်နိုင်သည်။
"ငါက ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ တောင်ထိပ်သခင် (၁၂) ပါး ထဲက တစ်ပါးဖြစ်တဲ့ ထျန်းတောက် တောင်ထိပ်သခင် ရှန့်ထျန်းတောက်ပဲ"
အရိပ်မည်း၏ မျက်ဝန်းတွင် သွေးဆာနေသော အရိပ်အယောင်များ ယှက်သန်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်က ရှန့်ထျန်းတောက်၏ ပြင်းထန်သော အရှိန်အဝါများကြားမှာပင် လေညင်းခံနေသကဲ့သို့ တည်ငြိမ် အေးဆေးစွာ ရပ်နေခဲ့၏။
သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရှန့်ထျန်းတောက်ကို တည်ငြိမ်စွာ ကြည့်၍ ပြောဆိုလိုက်သည်။
"ပိုထျန်းအင်မော်တယ်ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျက်စီးသွားခဲ့ပြီ.. မင်း ဒီစွမ်းအင်ခန္ဓာကိုယ်နဲ့ ဒီမှာ ကျန်ရစ်နေခဲ့တာက ဂိုဏ်းရဲ့ ရတနာတွေကို စောင့်ရှောက်ဖို့နဲ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အတွက် မျှော်လင့်ချက်တစ်ခု ချန်ထားဖို့ပဲ မဟုတ်လား.. အခု ငါတို့က အဲဒီရတနာကို လာယူတာပဲ.. ပိယွင် အင်မော်တယ်နန်းတော်က လူတွေ လက်ထဲကို ရောက်သွားတာထက် စာရင် ငါတို့ လက်ထဲကို ရောက်သွားတာက အများကြီး ပိုကောင်းသွားမယ်လို့ မထင်ဘူးလား"
"ကောင်လေး.. ငါ့လို တောင်ထိပ်သခင် တစ်ယောက်က မင်းရဲ့ အချိုသတ်တဲ့ လှည့်ကွက်တွေကို မမြင်နိုင်ဘူး ထင်နေလား"
"မင်းက အင်မော်တယ် ကျင့်ကြံခြင်း လောကကလူ မဟုတ်ဘူး.. ဒါ့အပြင် မင်းခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါကလည်း သာမန် ကျင့်ကြံသူတွေရဲ့ အရှိန်အဝါမျိုး မဟုတ်တာ သေချာသလောက်ပဲ.. မင်းက ပိယွင်အင်မော်တယ်နန်းတော်က လွှတ်လိုက်တဲ့သူ မဟုတ်လား"
"ဟမ့်.. မင်းက ပိယွင်အင်မော်တယ်နန်းတော်ကလူ ဖြစ်မှတော့ သတ်ပစ်ရလိမ့်မယ်"
စကားသံ အဆုံးမှာပင် ရှန့်ထျန်းတောက်က ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်ရာ သရဲခေါင်းဓား၏ အထက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ပြီး ဆန်းကြယ်သော ဓားအလင်း တစ်ခု လွင့်ပျံလာခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့၏။
သူက လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းကာ ရှန့်ထျန်းတောက်၏ ပြင်းထန်သော ဓားချက်ကို အတိအကျပင် ချေဖျက်ပစ်လိုက်သည်။
သူ၏ တိုက်ခိုက်မှုကို ကျန်းချန်က အလွယ်တကူ ခုခံနိုင်မှန်း မြင်သော်လည်း ရှန့်ထျန်းတောက်၏ မျက်နှာအမူအရာက အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိပေ။
ထိုခဏဝယ် သူက လူနှင့်ဓား တစ်သားတည်း ဖြစ်သွားခဲ့ပြီး ကျန်းချန် ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။
"ဆင်လေးကောင် ကောင်းကင်ဓားသိုင်း.. ပထမတိုက်ကွက်.. နွေဦးမိုးရေစက်"
ရှန့်ထျန်းတောက် ဓားကွက် ထုတ်ဖော်လိုက်သည်နှင့် အဆုံးမဲ့ ဓားအရှိန်အဝါများသည် အဆက်မပြတ် ရွာသွန်းနေသည့် နွေဦးမိုးရေစက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဤရေစက်လေးများ တစ်စက်ချင်းစီ၏ နောက်ကွယ်တွင် မဟာယာနအဆင့် ကျင့်ကြံသူများကိုပင် ထိတ်လန့်သွားစေနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအင်များ ကိန်းအောင်းနေခဲ့၏။
မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဆိုလျှင် ဤဓားကွက်အောက်၌ လုံးဝ ပျက်စီး ပျောက်ကွယ်သွားပေလိမ့်မည်။
"ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ တောင်ထိပ်သခင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဒီဓားသိုင်းက တကယ့် အင်မော်တယ်အဆင့် ဓားသိုင်းပဲ ဖြစ်ရမယ်"
ကျန်းချန်က ဓားကွက်၏ စွမ်းအားကို ခံစားရင်း စိတ်ထဲမှ ချီးကျူးလိုက်သည်။
သို့ရာတွင် ရှန့်ထျန်းတောက်၏ ဆင်လေးကောင် ကောင်းကင်ဓားသိုင်းသည် အလွန်တရာ ထူးခြားသည်မှာ မှန်သော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် သူ့ကို သင်ကြားပေးခဲ့သည့် အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်း နှင့် ယှဉ်လိုက်လျှင်မူ သိသိသာသာပင် အားနည်းနေခဲ့သည်။
"အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း.. အင်မော်တယ်များကို သုတ်သင်ခြင်း"
ကျန်းချန်က ထပ်မံ၍ အချိန်ဆွဲမနေတော့ဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို တိုက်ရိုက်ပင် အသုံးပြုလိုက်ရာ တုန်လှုပ်ဖွယ် ဓားအရှိန်အဝါသည် ဟင်းလင်းပြင်ကို ထိုးခွဲကာ ရှန့်ထျန်းတောက်၏ ဓားချက်နှင့် ထိပ်တိုက် ဆုံသွားခဲ့သည်။
"ဝုန်း.."
ကောင်းကင်ယံထက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရှန့်ထျန်းတောက်၏ စွမ်းအင်ခန္ဓာကိုယ်သည် ပေပေါင်း ရာချီ နောက်ပြန် လွင့်စင်သွားခဲ့သည်။
သူက ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
သူ၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ပို၍ပင် ပြင်းထန်လာခဲ့သည်။
"အင်မော်တယ်ဓားသိုင်းပါလား.. မင်းက ပိယွင်အင်မော်တယ်နန်းတော်ကလူဆိုတာ သေချာနေတာပဲ"
ကျန်းချန်သည် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါက ပိယွင်အင်မော်တယ်နန်းတော်က လူမဟုတ်ဘူး.. ဒါ့အပြင် မင်းကို သတ်ပစ်ဖို့လည်း ရည်ရွယ်ချက် မရှိဘူး..ငါသိချင်တာက ပိုထျန်း အင်မော်တယ်ဂိုဏ်းက ဘယ်လိုရတနာကို စောင့်ရှောက်နေတာလဲ ဆိုတာပဲ"
ဤရှန့်ထျန်းတောက်သည် စွမ်းအင်ခန္ဓာကိုယ် တစ်ခုသာ ဖြစ်သော်လည်း ခွန်အားကမူ သာမန် မဟာယာန အလယ်အလတ် ကျင့်ကြံသူများထက် အဆမတန် ပိုမို အားကောင်းသည်။
ဆင်လေးကောင် ကောင်းကင်ဓားသိုင်းဖြင့်သာ ဆိုလျှင် သာမန် မဟာယာန အထွတ်အထိပ် ကျင့်ကြံသူများပင် သူ့ကို ယှဉ်နိုင်ဖို့ မလွယ်ချေ။
သို့သော်လည်း ယင်းကဲ့သို့သော ခွန်အားမျိုးသည် ကျန်းချန်၏ ရှေ့မှောက်တွင်မူ ပြောပလောက်စရာ မရှိပေ။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အုပ်စိုးသူအထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းသည်လည်း ဆင်လေးကောင် ကောင်းကင်ဓားသိုင်းထက် အပြတ်အသတ် သာလွန်နေခဲ့သည်။
အကယ်၍ ကျန်းချန်သာ အစောပိုင်းက ဓားချက်တွင် သူ၏ ခွန်အားကို အနည်းငယ် လျှော့မထားခဲ့လျှင် ရှန့်ထျန်းတောက်သည် နေရာမှာပင် ချေမှုန်းခံရလိမ့်မည် ဖြစ်သည်။
"မဖြစ်နိုင်ဘူး"
ရှန့်ထျန်းတောက်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
"အဲဒီအချိန်တုန်းက ပိယွင်အင်မော်တယ်နန်းတော်ရဲ့ လက်ချက်ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာအင်မော်တယ် အမွေအနှစ်တွေ အားလုံး ပြတ်တောက်သွားခဲ့ပြီ.. မင်းက ပိယွင် အင်မော်တယ်နန်းတော်က မဟုတ်ရင် အင်မော်တယ် ဓားသိုင်းကို ဘယ်လိုလုပ် တတ်မြောက်နိုင်မှာလဲ"
အခန်း(၂၆၃၈) ပြီး၏