← Chapters

အခန်း (၂၆၃၉-၂၆၄၀)

Vol. 204 Ch. 2639-2640

အခန်း (၂၆၃၉-၂၆၄၀)

Vol. 204 Ch. 2639-2640

အခန်း(၂၆၃၉)

ကျန်းချန်သည် ရှန့်ထျန်းတောက်ကို အေးစက်စက် ကြည့်လိုက်ပြီး စိတ်မရှည်သည့် လေသံဖြင့် ပြတ်သားစွာ ပြောဆိုလိုက်သည်။

"ငါက ပိယွင်အင်မော်တယ်နန်းတော်က အဖွဲ့ဝင်လည်း မဟုတ်သလို ဒီအင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူလည်း မဟုတ်ဘူး.. မင်းအတွက် အခု ရွေးချယ်စရာ လမ်းနှစ်ခုပဲ ရှိတယ်.. ငါ့မေးခွန်းကို လိမ်လိမ်မာမာ ဖြေမလား ဒါမှမဟုတ် အခုချက်ချင်း သေမလား"

ရှန့်ထျန်းတောက်က ထိုစကားကို ကြားလျှင် အေးစက်စက် ပြုံးလိုက်သည်။

"ငါ စောင့်ရှောက်နေတဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အမွေအနှစ်တွေကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ပုဂ္ဂိုလ်တွေပဲ ပိုင်ဆိုင်ထိုက်တယ်.. ဒီတောင်ထိပ်သခင်က သေပြီးသား လူတစ်ယောက် ဖြစ်နေတာပဲ ကြာလှပြီ.. မင်းက ငါ့ကို သေခြင်းတရားနဲ့တောင် ခြိမ်းခြောက်ချင်နေတယ်ပေါ့.. တကယ့်ကို ရယ်စရာပဲ"

ထိုအခိုက်တွင် လျိုချင်းရီသည် အခြေအနေကို ကြည့်ကာ မနေနိုင်တော့ဘဲ ရှေ့သို့ တိုးထွက်လာပြီး ရှန့်ထျန်းတောက်ကို ရိုသေလေးစားစွာ ဦးညွှတ်၍ လိမ်မာပါးနပ်စွာ ပြောလိုက်သည်။

"စီနီယာ... သခင်လေးကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကလူ မဟုတ်တာ မှန်ပေမဲ့ သူက ပိယွင်အင်မော်တယ်နန်းတော်ကလူ မဟုတ်တာတော့ ကျွန်တော် အာမခံပါတယ်.. အခု ပိယွင် အင်မော်တယ်နန်းတော်က လူတွေလည်း ဒီနယ်မြေထဲကို ရောက်ရှိနေကြပါပြီ.. တကယ်လို့ သခင်လေးကျန်းချန်သာ သူတို့ကို တားဆီးမပေးရင် စီနီယာ အသက်ပေးပြီး အပင်ပန်းခံ စောင့်ရှောက်နေတဲ့ ရတနာတွေက ပိယွင်အင်မော်တယ်နန်းတော်ရဲ့ လက်ထဲကို ရောက်သွားဖို့ အလားအလာ အများဆုံးပဲ.. ဒါမျိုး ဖြစ်လာတာကို စီနီယာလည်း မြင်ချင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်"

လျိုချင်းရီ၏ စကားကြောင့် ရှန့်ထျန်းတောက်၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လျင်မြန်စွာ ယှက်သန်းသွားသည်။

သူက ခေါင်းမော့၍ ပင်မတောင်ထိပ် ရှိရာဘက်သို့ စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများက ချက်ချင်းဆိုသလို လျော့ကျသွားခဲ့သည်။

သူက သရဲခေါင်းဓားကြီးကိုလည်း ပြန်လည် သိမ်းဆည်းလိုက်သည်။

ထို့နောက်တွင် ကျန်းချန်တို့ အဖွဲ့ကို အကဲခတ်သည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

"ဒါဆိုရင်လည်း ဒီတောင်ထိပ်သခင်က မင်းတို့ကို အခွင့်အရေး တစ်ခု ပေးမယ်.. မင်းတို့တွေ ပိယွင် အင်မော်တယ်နန်းတော်က တပည့်တစ်ယောက်ကို သတ်ပေးနိုင်သရွေ့ ဒီတောင်ထိပ်သခင်က ပိုထျန်းအင်မော်တယ်ဂိုဏ်းက စောင့်ရှောက်ထားတဲ့ ရတနာကို မင်းတို့ ရရှိအောင် ကူညီပေးမယ်"

ထိုသို့ ပြောဆိုပြီးနောက်တွင် ရှန့်ထျန်းတောက်သည် ကျန်းချန်တို့ ရှေ့မှာပင် လေထဲ၌ အရိပ်အယောင်မျှ မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

ရှန့်ထျန်းတောက် ပျောက်ကွယ်သွားသည့် နေရာကို စူးစိုက်ကြည့်နေရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

"ပိယွင် အင်မော်တယ်နန်းတော်ရဲ့ လူတွေက ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ နယ်မြေထဲကို တကယ်ပဲ ရောက်နေကြပြီ.. ပင်မတောင်ထိပ်ကိုတောင် ရောက်နေကြပြီ ထင်တယ်.. ဒါပေမဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ တောင်ထိပ်သခင် ဖြစ်တဲ့ ရှန့်ထျန်းတောက်က ဘာလို့ သွားရောက် မတားဆီးတာလဲ.. သူ ဒီတောင်ထဲမှာပဲ ရှိနေတာက သိသိသာသာကို ထူးဆန်းနေတယ်.. သူက ဒီတောင်ကနေ ထွက်လို့မရတာလည်း ဖြစ်နိုင်တယ် မဟုတ်ရင်တော့ သူ့မှာ တခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေလောက်တယ်"

ကျန်းချန်သည် အချိန်အကြာကြီး စဉ်းစားမနေတော့ဘဲ လျိုချင်းရီတို့ အဖွဲ့ကို ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ် ဆီသို့ တိုက်ရိုက်ပင် ဦးဆောင်ခေါ်သွားခဲ့သည်။

ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ နယ်မြေသည် အလွန်တရာ ကျယ်ပြောပြီး ကြီးမားသော တောင်ထိပ် စုစုပေါင်း (၁၂) ခု ရှိသည်။

ကျန်းချန်တို့သည် ထျန်းတောက် တောင်ထိပ်မှ ပင်မတောင်ထိပ် ဆီသို့ သွားရာလမ်းတွင် အလယ်၌ရှိသည့် တောင်ထိပ် နှစ်ခုကို ဖြတ်သန်းခဲ့ကြရသည်။

သို့သော် ထူးဆန်းသည်မှာ ထိုတောင်ထိပ် နှစ်ခုကြားတွင် ကျန်းချန်တို့သည် ရှန့်ထျန်းတောက် ကဲ့သို့ အစွမ်းထက်သည့် စွမ်းအင်ခန္ဓာကိုယ်မျိုးနှင့် မတွေ့ဆုံခဲ့ရသလို သာမန် စွမ်းအင်ခန္ဓာကိုယ်များကိုပင် သိပ်မတွေ့ခဲ့ရပေ။

"သခင်လေးကျန်းချန်.. ပိုထျန်းအင်မော်တယ်ဂိုဏ်းမှာ တောင်ထိပ် (၁၂) ခု ရှိတာဆိုတော့ တောင်ထိပ် တစ်ခုစီမှာ ရှန့်ထျန်းတောက်လို ပုဂ္ဂိုလ်တစ်ဦးစီ ရှိနေမှာပဲ.. ဒီတောင်ထိပ် နှစ်ခုရဲ့ သခင်တွေကို ပိယွင် အင်မော်တယ်နန်းတော်က လူတွေ ရှင်းပစ်လိုက်တာများလား"

လျိုချင်းရီက လေးနက်စွာ ပြောလိုက်သည်။

ကျန်းချန်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

"သွားကြစို့.. ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ပင်မတောင်ထိပ်ကို ရောက်ရင် အဖြေ သိရမှာပါ"

ဤတောင်ထိပ် နှစ်ခုမှ စွမ်းအင် ခန္ဓာကိုယ်များသည် ရှန့်ထျန်းတောက် ကဲ့မျိုး အစွမ်းထက်၍ ရှင်းထုတ်ရန် မလွယ်ကူမည်မှာ သေချာသည်။

သူတို့နှင့် တွေ့ခဲ့သည် အဖြူရောင် စကတ်နှင့် အမျိုးသမီးပင် ရှန့်ထျန်းတောက် ကဲ့သို့ စွမ်းအင်ခန္ဓာကိုယ်ကို အလွယ်တကူ ရှင်းပစ်ရန် မဖြစ်နိုင်ပေ။

ပိုထျန်းအင်မော်တယ်ဂိုဏ်းက မဖျက်ဆီးနိုင်သော စိတ်ဆန္ဒများဖြင့် စုစည်းထားသည့် စွမ်းအင် ခန္ဓာကိုယ်များသည် မူလကတည်းကပင် ရတနာကို ကာကွယ်ရန် တည်ရှိနေကြခြင်း ဖြစ်၏။

အခု ပိယွင်အင်မော်တယ်နန်းတော်မှ လူများ ရောက်လာပြီ ဖြစ်ရာ သူတို့သာ တခြားသူများ၏ ဖျက်ဆီးခြင်း မခံရလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ပင်မတောင်ထိပ်တွင် စုဝေးပြီး ရတနာကို အသေအလဲ စောင့်ကြပ်နေကြမှာ အသေအချာပင်။

သို့ဆိုလျှင် ရှန့်ထျန်းတောက်သည် ပင်မတောင်ထိပ်ကို မသွားဘဲ အဘယ်ကြောင့် ထျန်းတောက် တောင်ထိပ်တွင် ပုန်းနေရပါသနည်း။

ရှန့်ထျန်းတောက်တွင် အကြံအစည် တစ်ခုခု ရှိနေလောက်သည်ဟု သူတွေးမိခဲ့သည်။

လမ်းတစ်လျှောက်တွင် စွမ်းအင်ခန္ဓာကိုယ်များ၏ အဟန့်အတားများ မရှိတော့သဖြင့် ကျန်းချန်တို့ အဖွဲ့သည် အဆင်ပြေပြေ ရှေ့ဆက်နိုင်ခဲ့ကြသည်။

မကြာခင်မှာပင် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ်ကြီးသည် ကျန်းချန်တို့ ရှေ့တွင် ခန့်ညားထည်ဝါစွာ ပေါ်လာခဲ့၏။

ကျန်းချန် အကဲခတ်လိုက်သောအခါ ထိုတောင်ထိပ်သည် ကြီးမားသည့် တိုင်လုံးကြီး တစ်ခုပမာ အလွန်မတ်စောက်ပြီး ကောင်းကင်ယံ ထဲသို့ ထိုးဖောက် ဝင်ရောက်နေကာ ကောင်းကင်ကြီးကို အပေါက်ကြီး တစ်ပေါက် ဖောက်ထား သကဲ့သို့ ဖြစ်နေခဲ့သည်။

ဤအခိုက်အတန့်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ် အပြင်ဘက်၌ ပြင်းထန်သော စွမ်းအင်လှိုင်း တုန်ခါမှုများ ထွက်ပေါ်လာခဲ့၏။

ခန့်ညားထည်ဝါသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် အမျိုးသား နှစ်ဦးသည် ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ် အုပ်စု တစ်စုနှင့် တိုက်ပွဲ ဆင်နွှဲနေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသား နှစ်ဦး၏ အရှိန်အဝါသည် သူတို့ အရင်က တွေ့ခဲ့ဖူးသည့် အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးနှင့် အလွန်တရာ ဆင်တူနေခဲ့၏။

၎င်းတို့က မဟာယာနအဆင့် ပါရမီရှင် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။

စွမ်းအင်ခန္ဓာကိုယ် အုပ်စုကြီး၏ အသည်းအသန် ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ထိုအမျိုးသား နှစ်ဦးသည် အနည်းငယ်မျှပင် ထိတ်လန့် တုန်လှုပ်ခြင်း မရှိကြပေ။

မဟာယာနအဆင့် ခွန်အားရှိသော စွမ်းအင်ခန္ဓာကိုယ် နှစ်ခုကို သုတ်သင် နှိမ်နင်းပြီးနောက်တွင် သူတို့ နှစ်ဦးသည် ကျန်ရှိနေသည့် စွမ်းအင်ခန္ဓာကိုယ် အုပ်စုအပေါ်တွင် တစ်ဖက်သတ် အသာစီးရသွားခဲ့ပြီး အလျင်အမြန်ပင် အဆုံးသတ်လိုက်ကြသည်။

"စီနီယာ အစ်ကိုယွင်... စီနီယာ အစ်မရှီးယောင်က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ.. ကျွန်တော်တို့ စီနီယာအမကို ဒီမှာပဲ စောင့်နေမလား ဒါမှမဟုတ် အရင် ဝင်သွားကြမလား"

သန်မာထွားကျိုင်းသည့် လူငယ်တစ်ဦးက သူ၏ နံဘေးရှိ ချောမောသော လူငယ်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

ချောမောသော လူငယ်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ လင်းလက်သွားခဲ့သည်။

"သူ့ကို ဂရုစိုက်မနေနဲ့တော့.. ဒီတစ်ကြိမ် ပိယွင်အင်မော်တယ်နန်းတော်က ငါတို့ကို စေလွှတ်ဖို့ အတွက် အများကြီး ရင်းနှီးခဲ့ရတယ်.. ငါတို့မှာ အချိန် အကန့်အသတ် ရှိတဲ့အတွက် အရင်ဆုံး ဝင်ပြီး ရတနာကို ရအောင် ယူကြတာပေါ့"

ဤရတနာကို ရအောင် ယူဖို့ လာခဲ့ခြင်းသည် ပိယွင် အင်မော်တယ်နန်းတော်တွင် ရှိသည့် သူ၏ အနာဂတ် ရာထူးနေရာနှင့် တိုက်ရိုက် သက်ဆိုင်နေခဲ့သည်။

သူ၏ ဂိုဏ်းတူညီမလေးသည် ပိယွင် အင်မော်တယ်နန်းတော်သို့ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း သူမ၏ ပါရမီရှင် နှင့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်က ပြိုင်ဘက်ကင်းနေခဲ့ပြီး သူ့ထက်ပင် သာလွန်နေခဲ့သည်။

အကယ်၍ ဂိုဏ်းတူညီမလေးသာ ပိယွင်အင်မော်တယ် နန်းတော် အတွက် ထိုရတနာကို ရရှိသွားခဲ့လျှင် ပိယွင် အင်မော်တယ်နန်းတော်တွင် သူ၏ ရာထူးနေရာမှာ ခြိမ်းခြောက်ခံရနိုင်ခြေ များစွာ ရှိနေခဲ့၏။

ချောမောသော လူငယ်က ထိုစကားကို ပြောပြီးသည်နှင့် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ် ဆီသို့ သွားရန် ခြေလှမ်းပြင်လိုက်သည်။

သို့သော် သူက ခြေလှမ်း စတင် လှမ်းလိုက်စဥ်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားပြီး ချက်ချင်းပင် ခြေလှမ်းကို ရပ်တန့်လိုက်သည်။

ထို့နောက် သူက အနောက်ဘက်ရှိ ဦးတည်ချက် တစ်ခု ဆီသို့ လှည့်ကြည့်လိုက်၏။

သူ၏ အေးစက်စက် စကားသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ဟိန်းထွက်သွားခဲ့သည်။

"အမှောင်ထဲမှာ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာ ဘယ်သူလဲ... အခုချက်ချင်း ထွက်လာခဲ့စမ်း"

ချောမောသော လူငယ်က သူတို့ တည်ရှိနေမှုကို သိရှိသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရလျှင် ကျန်းချန်သည် ဆက်လက် ပုန်းအောင်းမနေတော့ဘဲ လျိုချင်းရီတို့ အဖွဲ့ကို ဦးဆောင်ကာ တောအုပ်ထဲကနေ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာခဲ့သည်။

"အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူတွေလား"

ကျန်းချန်တို့ အဖွဲ့ကို စိုက်ကြည့်ရင်း ချောမောသောလူငယ်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုလူငယ်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

"ပိယွင်အင်မော်တယ်နန်းတော်က မဟာယာန အဆင့် ပါရမီရှင်တွေကို အဆင့်နိမ့်စကြဝဠာထဲ စေလွှတ်လိုက်မယ်လို့ မထင်ထားခဲ့ဘူး.. ကြည့်ရတာ ပိယွင် အင်မော်တယ်နန်းတော်က အဲဒီရတနာ အတွက် အတော်လေး အရင်းအနှီး စိုက်ထုတ်ထားတာပဲ"

ထိုအခိုက်တွင် ကျွင်းမေချင်းက ကျန်းချန်တို့ အဖွဲ့ကို မထင်မမြင် အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ဟက်.. အဆင့်နိမ့် စကြဝဠာက ပုရွက်ဆိတ် တစ်သိုက်ပါလား.. မင်းတို့လို အဆင့်က ငါတို့ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"မင်းတို့ကို တားဆီးနိုင်မလား ဆိုတာကတော့ စမ်းကြည့်ရင် သိရမှာပေါ့.. မင်းတို့ ပိယွင် အင်မော်တယ်နန်းတော်က အင်မော်တယ်တွေ ကိုယ်တိုင် ဆင်းမလာသရွေ့တော့ ငါ့မျက်စိရှေ့ကနေ အဲဒီရတနာကို ဘယ်သူမှ ယူသွားလို့ ရမှာမဟုတ်ဘူး"

"ကောင်လေး.. မင်း တော်တော် မောက်မာလှချည်လား.. ငါနဲ့ ထိပ်တိုက်တွေ့ရင် မင်း ဘယ်လိုနေမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ကျန်းချန်၏ မောက်မာသည့် စကားကို ကြားလိုက်ရလျှင် သန်မာထွားကျိုင်းသည့် လူငယ်သည် ဒေါသအိုး ပေါက်ကွဲလာခဲ့ပြီး ချက်ချင်းပင် စတင် တိုက်ခိုက်လိုက်သည်။

အခန်း(၂၆၃၉) ပြီး၏

အခန်း(၂၆၄၀)

"ကောင်လေး... အင်မော်တယ်အဆင့် သိုင်းကွက်က ဘယ်လိုမျိုးလဲဆိုတာကို မင်းအမြင်ကျယ်အောင် ပြသပေးရတာပေါ့"

သန်မာထွားကျိုင်းသော လူငယ်သည် လက်သီးချက် တစ်ချက်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။

သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့၏။

ဤ 'တုံးထျန်းလက်သီး' ဆိုသည်မှာ သာမန်အဆင့်နိမ့် လက်သီးသိုင်းကွက် မဟုတ်ပေ။

ယင်းသည် ပိယွင်အင်မော်တယ်နန်းတော်၏ အင်မော်တယ်အဆင့် လက်သီးသိုင်း ဖြစ်သည်။

ထိုလက်သီးသိုင်းသည် အဆင့်နိမ့်စကြဝဠာထဲတွင် ဆိုလျှင် အထွတ်အမြတ် သိုင်းကျမ်း အဖြစ် အငြင်းပွားစရာမလိုဘဲ သတ်မှတ်နိုင်မည် ဖြစ်သည်။

အဆင့်နိမ့် စကြဝဠာမှ သာမန် မဟာယာန အဆင့် ကျင့်ကြံသူ တစ်ဦးကိုပင်လျှင် ဤလက်သီးချက်သည် အသက်ဆုံးရှုံးအောင် ပြုလုပ်နိုင်သည်ဟု သန်မာထွားကျိုင်းသော လူငယ်က အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့သည်။

သို့သော်လည်း ထိုလက်သီးချက်ကို ရင်ဆိုင်ရချိန်တွင် ကျန်းချန်၏ မျက်နှာထက်၌ မည်သည့် ခံစားချက်မျှ ပေါ်မလာခဲ့ဘဲ ခြေတစ်လှမ်းပင် ရွေ့လျားသွားခြင်း မရှိပေ။

သူက လက်သီးချက်ကိုသာ ပြန်လည် ထုတ်ဖော်၍ လူငယ်၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ကျန်းချန်၏ လက်သီးချက်သည် အပေါ်ယံ ကြည့်လိုက်လျှင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ထိုးနှက်လိုက်သည့် တခဏမှာပင် ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။

"ဝုန်း.."

လက်သီးချက် နှစ်ခု ထိပ်တိုက် ဆုံတွေ့သွားချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

ထိုနေရာမှ ပျံ့နှံ့လာသော အဖျက်စွမ်းအင် မုန်တိုင်းသည် ကမ္ဘာမြေကိုပင် ချက်ချင်း လွှမ်းမိုးသွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အပျက်အစီးအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲပစ်လိုက်သည်။

မကြာမီမှာပင် သန်မာထွားကျိုင်းသော လူငယ်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး ခြေလှမ်းဆယ်လှမ်းကျော်မျှ နောက်ဆုတ်သွားခဲ့ရသည်။

သူ ခြေတစ်လှမ်း နောက်သို့ ဆုတ်လိုက်တိုင်းတွင် ခြေဖဝါးအောက်ရှိ မြေပြင်၌ သုံးပေခန့် နက်သည့် ကျင်းများ ဖြစ်ပေါ်လာခဲ့၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သန်မာထွားကျိုင်းသော လူငယ်က သူ၏ ခန္ဓာကိုယ် အတွင်းမှ မတည်မငြိမ် ဖြစ်နေသော အရှိန်အဝါကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြ ထိတ်လန့်သော အမူအရာဖြင့် ပြည့်နှက်နေခဲ့သည်။

အင်မော်တယ်လောကနှင့် အဆင့်နိမ့်စကြဝဠာ တို့သည် လုံးဝကွဲပြားခြားနားကြသည်။

ကျင့်ကြံခြင်း အဆင့်ချင်း တူညီနေလျှင်ပင် အင်မော်တယ်လောကမှ ကျင့်ကြံသူများသည် အဆင့်နိမ့်စကြဝဠာမှ ကျင့်ကြံသူများကို အလွယ်တကူပင် အနိုင်ယူနိုင်စွမ်း ရှိကြသည်။

သူက အင်မော်တယ်လောက၏ ပိယွင် အင်မော်တယ်နန်းတော်မှ ပါရမီရှင်တစ်ဦး ဖြစ်၍ မဟာယာန အစောပိုင်းအဆင့်သာ ရှိသော်လည်း အဆင့်နိမ့် စကြဝဠာမှ မဟာယာန အလယ်အလတ် အဆင့် ကျင့်ကြံသူများကို ချေမှုန်းရန် လုံလောက်နေပြီ ဖြစ်သည်။

ဆိုရလျှင် သူက မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ကောင်းစွာ ယှဉ်ပြိုင်နိုင်သူ ဖြစ်သည်။

သို့သော် သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားများ ရှိနေလိမ့်မည်ဟုမူ သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်က လူငယ်ကို မထီမဲ့မြင် တစ်ချက်ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"အင်မော်တယ်လောကရဲ့ ပါရမီရှင်က ဒီလောက်ပဲလား.. မင်းတို့ နှစ်ယောက်လုံး အတူတူ တက်လာခဲ့စမ်း"

"ကောင်လေး... ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်မနေနဲ့.. ခုနက ငါ ပေါ့ဆသွားလို့ ခံလိုက်ရတာပဲ"

သန်မာထွားကျိုင်းသော လူငယ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်ကနေ စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး အဆုံးမဲ့ မိုးကြိုးများ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

"ဝုန်း"

မိုးကြိုးများ ပေါက်ကွဲ ထွက်ပေါ်လာပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားများသည် လူငယ်ကို ဗဟိုပြု၍ အရပ်မျက်နှာ အနှံ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။

မိုးကြိုးစွမ်းအားများက ကျန်းချန်၏ ဦးခေါင်းအထက်တွင် ရစ်ပတ်နေကြပြီး မျက်စိတစ်မှိတ်အတွင်း ကြီးမားသော မိုးကြိုးအလင်းလုံးကြီး အဖြစ် ပြောင်းလဲသွားကာ ဥက္ကာခဲတစ်ခုပမာ ကျန်းချန်ထံ ပြိုကျလာခဲ့သည်။

ထိုမိုးကြိုးအလင်းလုံး၏ မျက်နှာပြင်ပေါ်တွင် ထူထဲသော မိုးကြိုးများသည် နဂါးနှင့် မြွေများကဲ့သို့ လှုပ်ရှားနေပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များကိုပင် အက်ကွဲစေကာ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေခဲ့၏။

ထိုခဏဝယ် ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဉ်ကို လှုံ့ဆော်လိုက်ရာ ခမ်းနားသော အုပ်စိုးသူအထွတ်အထိပ် စွမ်းအားများသည် သူ၏ 'လူသားဧကရာဇ်ဓား' အတွင်းသို့ တစ်ဟုန်ထိုး စီးဝင်သွားခဲ့သည်။

ထို့နောက် သူက ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်၏။

တောက်ပသော ရွှေရောင်ဓားအလင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး မိုးကြိုးအလင်းလုံးကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် စူးရှသော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။

ရွှေရောင်ဓားအလင်းက မိုးကြိုးအလင်းလုံးကြီးကို အလယ်ကနေ နှစ်ခြမ်း ခွဲပစ်လိုက်ပြီးနောက်တွင် သန်မာထွားကျိုင်းသော လူငယ်ထံ တိုးဝင်လာခဲ့၏။

လူငယ်က ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ ရွှေရောင်ဓားအလင်း လက်ချက်ဖြင့် တိုက်ရိုက်ပင် လွင့်စင်သွားခဲ့သည်။

"ဖူး"

သူက ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်သော်လည်း အဆုံးသတ်တွင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

ထိုအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်၌ ထိတ်လန့်သော အမူအရာများ ပေါ်လာခဲ့သည်။

အစောပိုင်းတွင် ကျန်းချန်က သူ့ကို လက်သီးချက်ဖြင့် နောက်ဆုတ်စေခဲ့ခြင်းမှာ သူ ပေါ့ဆသွား၍ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ ပိယွင်အင်မော်တယ်နန်းတော်၏ အင်မော်တယ်အဆင့် သိုင်းကွက်ကို ထုတ်ဖော်ခဲ့သည့်တိုင် ရှုံးနိမ့်နေဆဲ ပင်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဒီလို အဆင့်နိမ့် စကြဝဠာ အသေးအမွှားလေးမှာ ဒီလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ပါရမီရှင်မျိုး ဘယ်လိုလုပ် မွေးဖွားလာနိုင်မှာလဲ"

ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲတွင် သန်မာထွားကျိုင်းသော လူငယ်က ပြန်လည် တိုက်ခိုက်ရန်ပင် ခွန်အား မရှိသည်ကို မြင်လျှင် ချောမောသော လူငယ်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

သူ၏ ပုံရိပ်က လျှပ်တစ်ပြက် လင်းလက်သွားပြီး ထိုလူငယ်၏ နံဘေးတွင် တိုက်ရိုက် ပေါ်လာခဲ့ကာ ကျန်းချန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

"အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ မင်းလို ပါရမီရှင်မျိုး မွေးဖွားလာနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

သူက သန်မာထွားကျိုင်းသော လူငယ် ထုတ်ဖော်လိုက်သည့် မိုးကြိုးစွမ်းအား၏ ခွန်အားကို အလွန် ရှင်းလင်းစွာ သိရှိထားသည်။

သူ၏ ခွန်အားဖြင့်ပင် ထိုသူကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထိုအခါမှသာ ပိယွင် အင်မော်တယ်နန်းတော်သည် အဘယ်ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ဤမျှအထိ အလေးထားနေမှန်း သူ နားလည်သွားခဲ့သည်။

ထိုစဉ်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လောကသို့ တက်လှမ်းသွားသော ပါရမီရှင် များစွာရှိခဲ့ပြီး ပိယွင်အင်မော်တယ်နန်းတော် အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ခဲ့သည်။

ထို့ကြောင့်ပင် ပိယွင် အင်မော်တယ်နန်းတော်သည် အင်မော်တယ်လောက၌ အားကောင်းလာသော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အင်မော်တယ်များကို နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သာ ထိုရတနာကို ရရှိသွားလျှင် အင်မော်တယ်လောကသို့ ဝင်ရောက်သည်နှင့် ကြီးထွားနှုန်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် ဤလူသည် ပိယွင်အင်မော်တယ်နန်းတော် အတွက် တကယ့်ကို ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာနိုင်ပေသည်။

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်လိုက်ပြီး ချောမောသော လူငယ်ကို အေးစက်စက် ကြည့်၍ ပြောလိုက်သည်။

"ဒီနေရာက မင်းတို့ ရှိနေသင့်တဲ့ နေရာ မဟုတ်ဘူး.. မင်းတို့ ဒီမှာ အသက် မဆုံးရှုံးချင်ဘူး ဆိုရင် ပိယွင် အင်မော်တယ်နန်းတော် ဆီကို မြန်မြန် ပြန်သွားလိုက်တာ အကောင်းဆုံးပဲ"

ပိယွင် အင်မော်တယ်နန်းတော်မှ မဟာယာန အဆင့် တပည့်နှစ်ဦးမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာနအဆင့် ပါရမီရှင်များထက် များစွာ သာလွန်သော်လည်း ကျန်းချန်၏ ရှေ့တွင်မူ သာမန်မျှသာ ဖြစ်သည်။

သို့သော်လည်း ဤနှစ်ဦးသည် အင်မော်တယ်လောကမှ လာသူများ ဖြစ်ကြ၍ သူတို့၏ ခန္ဓာကိုယ်တွင် ဝှက်ဖဲများ ရှိနေနိုင်ပြီး အင်မော်တယ်များကိုပင် ဆင်းသက်လာရန် ပင့်ဖိတ်နိုင်လောက်၏။

ယခုအခါတွင် သူ၏ သက်တမ်းက အလွန် နည်းပါးနေပြီ ဖြစ်၍ အခြေအနေက ပို၍ပင် သတိထားစရာ ဖြစ်လာခဲ့သည်။

ထိုအခိုက်တွင် ချောမောသော လူငယ်၏ မျက်ဝန်းမျာ၌ တိုက်ပွဲဝင်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"ဒီလူက အစွမ်းထက်တယ်... ငါတို့ အတူတူ တိုက်ခိုက်ကြစို့"

သူက သန်မာထွားကျိုင်းသော လူငယ်ကို ပြောပြီးသည်နှင့် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်၍ တိုက်ခိုက်လိုက်သည်။

"ဝါးမြိုခြင်း နတ်လက်သီး"

ချောမောသော လူငယ်သည် အနည်းငယ်မျှပင် ထိန်ချန်မထားဘဲ ပိယွင် အင်မော်တယ်နန်းတော်၏ ထိပ်တန်း အင်မော်တယ် လက်သီးသိုင်းကို အသုံးပြုလိုက်သည်။

ဤလက်သီးချက်နှင့် အတူ ဟင်းလင်းပြင်က အက်ကွဲသွားခဲ့ပြီး ပြင်းထန်သော လေပြင်းများက ကြောက်မက်ဖွယ်ရာ တိုက်ခတ်လာခဲ့သည်။

"ကမ္ဘာဖျက် မိုးကြိုးလက်ဝါး"

သန်မာထွားကျိုင်းသော လူငယ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး မိုးကြိုးစွမ်းအားများ ပြည့်နှက်နေသည့် လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်က ကျန်းချန်ထံ သက်ရောက်လာခဲ့၏။

ပိယွင်အင်မော်တယ်နန်းတော်မှ တပည့်နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။

သူက လက်ထဲမှ လူသားဧကရာဇ်ဓားဖြင့် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို တစ်ကွက်ပြီး တစ်ကွက် ထုတ်ဖော်လိုက်သည်။

အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်သော တုန်လှုပ်ဖွယ် စွမ်းအားများ ပါဝင်သည့် ကြောက်မက်ဖွယ် ဓားအလင်းများသည် ပိယွင်အင်မော်တယ်နန်းတော်မှ တပည့်နှစ်ဦးထံသို့ ဦးတည်သွားခဲ့သည်။

အခန်း(၂၆၄၀) ပြီး၏

All Chapters