← Chapters

အခန်း (၈၂၁-၈၂၂)

Vol. 82 Ch. 821-822

အခန်း (၈၂၁-၈၂၂)

Vol. 82 Ch. 821-822

အခန်း (၈၂၁) အကျဉ်းသား

“ဟက်...” ကောင်းကင် အဆင့် အကြီးအကဲက လုံချန်းထံသို့ ဦးတည်လာနေသော ဓားမြှောင်ကို ကြည့်ကာ သရော်လိုက်၏။

“ပညာရပ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ငါ့မှာလည်း အဲဒီလိုမျိုး ကိုယ်ပိုင်ပညာရပ် ရှိတာပဲ” လုံချန်းက ရေရွတ်လိုက်ပြီးနောက် သူကိုယ်တိုင်လည်း ချီဓားတစ်လက်ကို ဖန်တီးကာ ထိုအမျိုးသား၏ ဓားထံသို့ ပစ်လွှတ်လိုက်လေသည်။

ဓားနှစ်လက် ထိပ်တိုက်တွေ့ကြရာ ကောင်းကင် အဆင့် အကြီးအကဲ၏ ဓားမှာ ကြေမွသွားသော်လည်း လုံချန်း၏ ဓားမှာမူ မည်သို့မျှ မဖြစ်ဘဲ ထိုသူ့ထံသို့ ဆက်လက် တိုးဝင်သွား၏။

လုံချန်း၏ ချီဓားမှာ ထိုသူ ထင်မှတ်မထားသော အခြေအနေတွင်ပင် သူ့ကို ထိုးစိုက်မိသွားလေသည်။ တစ်ပြိုင်နက်တည်းမှာပင် နောက်ကွယ်မှ ထိုးစိုက်ထားသော ဝိညာဉ်ဓားမှာလည်း အပြင်သို့ ပြန်ထွက်လာပြီး သူ့ကို နောက်တစ်ကြိမ် ထပ်မံ ထိုးစိုက်လိုက်ပြန်၏။

ကောင်းကင် အဆင့် အကြီးအကဲမှာ နောက်ဆုံးထွက်သက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လုံချန်းတွင် မိမိနှင့် ဆင်တူသော ပညာရပ် ရှိနေသည်ကို အံ့သြနေသော်လည်း သူ၏ နောက်ကျောအား အဆက်မပြတ် ထိုးစိုက်နေသော သူကို ပို၍ ဒေါသထွက်နေမိ၏။

သူသည် လုံချန်းကို ဂရုမစိုက်တော့ဘဲ နောက်သို့ လှည့်ကာ သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ သို့သော် သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားရ၏။ သူ၏ ရှေ့တွင် မြင်တွေ့နေရသည်မှာ လေထဲတွင် ဝဲပျံနေသော ဓားတစ်လက်သာ ဖြစ်ပြီး မည်သူ့ကိုမျှ မတွေ့ရချေ။

“ဒါဟာ သိပ်ကောင်းတဲ့ လှည့်ကွက်တစ်ခုပဲ၊ ဟုတ်တယ်မလား”

လုံချန်း၏ စကားသံမှာ ထိုသူ၏ နားထဲသို့ တိုးဝင်သွားပြီးနောက် သူ၏ ဦးခေါင်းမှာ အဖြတ်ခံလိုက်ရလေသည်။ သူသည် အသက်မဲ့လျက် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့၏။

“ဒါ တကယ် ပျော်စရာ ကောင်းတာပဲ” လုံချန်းက သရော်ပြုံးဖြင့် ရေရွတ်လိုက်၏။

“သူ့ရဲ့ ပညာရပ်က ငါ့ပညာရပ်နဲ့ ဆင်တူပေမဲ့ အများကြီး ပိုပြီး အားနည်းတယ်။ ငါ့ရဲ့ ချီလက်နက်တွေက အဆင့်မြင့် ရတနာတွေရဲ့ ခွန်အားမျိုး ရှိတာ။ သူ့ရဲ့ ချီဓားကတော့ ချီနဲ့ လုပ်ထားတဲ့ သာမန်ဓားတစ်လက်ပါပဲ။ ဝိညာဉ်အဆင့် ရှိတဲ့ လက်နက်တစ်ခုနဲ့တင် ဒါကို ဖျက်ဆီးပစ်လို့ ရတယ်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့လောက်ပဲ ကောင်းတာပါ” ထိုသို့ ဆိုကာ သူသည် ရှေ့သို့ လှမ်းဝင်ခဲ့လေသည်။

သူသည် သော့များကို ရှာဖွေရန် ထိုသူ၏ အလောင်းကို ရှာဖွေလိုက်၏။

“ဒီမှာ ရှိတာပဲ”

သော့များကို ယူကာ လုံချန်းသည် ကျီရှန်ရှိရာ အကျဉ်းခန်းထံသို့ လျှောက်သွားလိုက်သည်။ သူသည် ကိုက်ညီမည့် သော့ကို အသီးသီး စမ်းကြည့်နေမိ၏။ နောက်ဆုံးတွင် မှန်ကန်သော သော့ကို သူ တွေ့ရှိသွားပြီး အကျဉ်းခန်း တံခါးမှာ ပွင့်သွားလေတော့သည်။

လုံချန်းသည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ လှမ်းဝင်လိုက်၏။

အထဲသို့ ရောက်သောအခါ မြေပြင်ပေါ်တွင် ခွေခွေလေး အိပ်ပျော်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူတွင် လက်နှစ်ဖက်စလုံး မရှိတော့ချေ။

“ကျီရှန်” လုံချန်းသည် ထိုသူကို မှတ်မိသွားသဖြင့် သူ၏ သိုလှောင်လက်စွပ်ထဲမှ အသက်ကယ် ဆေးလုံးကို ထုတ်ယူလျက် သူ၏ ဘေးသို့ ပြေးသွားလိုက်၏။

“ထစမ်းဦး။ မင်းကို ခေါ်ဖို့ ငါ ရောက်လာပြီ။ မင်းက ဘယ်လောက်အထိ အိပ်နေဦးမှာလဲ” ထိုသို့ ဆိုကာ လုံချန်းက ထိုသူကို လှုပ်နှိုးလိုက်လေသည်။

ကျီရှန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ အချိန်အတော်ကြာအောင် မတွေ့ခဲ့ရသော မျက်နှာတစ်ခုကို မြင်လိုက်ရ၏။

“လုံချန်းလား...” သူသည် မျက်ရည်များ ဝဲလျက် အားနည်းစွာ မေးလိုက်သည်။

“ဒါပေါ့။ ငါ မဟုတ်ရင် ဘယ်သူ ရှိဦးမှာလဲ မင်းလို လူအရဲ့။ ကဲ... ဒီဆေးလုံးကို အရင် သောက်လိုက်ဦး။ စကားကိုတော့ နောက်မှ ပြောတာပေါ့” လုံချန်းက ဆိုကာ ကျီရှန်၏ မျက်နှာထံသို့ လက်ကို လှမ်းလိုက်သည်။ “ပါးစပ်ဟစမ်း”

ကျီရှန်က ပါးစပ်ဟပေးလိုက်သဖြင့် လုံချန်းက ဆေးလုံးကို သူ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။ သူသည် ဆေးလုံးကို မျိုချလိုက်လေသည်။

“မင်း ဘာလို့ ထွက်မသွားတာလဲ လူအရဲ့။ ဘာလို့ ဒီလောက် အန္တရာယ်များတာကို လုပ်ရတာလဲ” ကျီရှန်က လုံချန်းကို စိုက်ကြည့်ကာ မေးလိုက်၏။ သူ၏ မျက်ဝန်းမှ မျက်ရည်များမှာ တသွင်သွင် စီးကျနေသော်လည်း သူ၏ လက်များ မရှိတော့သဖြင့် သုတ်ရန်ပင် မတတ်နိုင်ရှာချေ။

“ဘာအန္တရာယ်လဲ။ ဒီနေရာလား။ ဒါက အန္တရာယ် မဟုတ်ပါဘူး။ ငါ့ကို အထင်မသေးစမ်းနဲ့ သူငယ်ချင်းဟောင်းကြီးရာ။ ဒီထောင်ကို ငါ အသာလေး ကိုင်တွယ်နိုင်ပါတယ်” လုံချန်းက အသာအယာ ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။

သူသည် ထိုသူ၏ ပုခုံးပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်။

“စိတ်မပူနဲ့။ ဆေးလုံးရဲ့ အစွမ်းက မကြာခင် ပြလာလိမ့်မယ်။ မင်း ခဏအတွင်းမှာပဲ ပုံမှန်အတိုင်း ပြန်ဖြစ်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီနေရာကနေ ထွက်ကြမယ်။ ဖြစ်ပျက်သမျှကိုတော့ နောက်မှ အေးအေးဆေးဆေး ပြောပြတော့” လုံချန်းက ကျီရှန်ကို ပြောကာ မတ်တပ်ရပ်လိုက်၏။

ကျီရှန်က ခေါင်းညိတ်ပြပြီး သူသည်လည်း မတ်တပ်ထရပ်လိုက်လေသည်။

“ဪ... ဟုတ်သားပဲ။ ဘေးခန်းထဲမှာ ဘယ်သူရှိလဲဆိုတာ မင်း သိလား” လုံချန်းက မေးလိုက်၏။

“ငါကလည်း ဘာတွေ မေးနေတာလဲ။ မင်းက ဘယ်လိုလုပ် သိမှာလဲ။ ဒီမှာ ခဏလေး စောင့်နေဦးနော်။ ငါ သွားစစ်ဆေးပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်” သူက ခေါင်းခါလျက် ဆိုကာ အကျဉ်းခန်းထဲမှ ထွက်ခဲ့ပြီး ထူးခြားသော အကျဉ်းသားကို ထားရှိရာ အခန်းသို့ သွားလိုက်လေသည်။

ကောင်းကင် အဆင့် အကြီးအကဲ ထွက်လာစဉ်က သော့ပြန်မခတ်ခဲ့သဖြင့် တံခါးမှာ ပွင့်လျက်သား ရှိနေ၏။

လုံချန်းသည် တံခါးကို ဖွင့်ကာ အထဲသို့ လှမ်းဝင်လိုက်သည်။

“ဒါ ဘာကြီးလဲ...”

အထဲရှိ လူကို မြင်လိုက်ရသောအခါ သူ၏ ပါးစပ်မှ ပထမဆုံး ထွက်လာသော စကားပင် ဖြစ်သည်။

သူသည် သြဇာအာဏာရှိသော အဖိုးကြီးတစ်ဦး သို့မဟုတ် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးကို တွေ့ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပါချေ။

ထိုအမျိုးသမီးသည် လက်နှစ်ဖက်စလုံးကို သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး နံရံအား ကျောမှီကာ ထိုင်နေ၏။

သူမ၏ နက်ပြာရောင် မျက်ဝန်းများမှာ လုံချန်းကို မော့ကြည့်နေသည်။ သူမ၏ မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မျှ ရှိမနေဘဲ လုံချန်းကို ဟာလာဟင်းလင်း စိုက်ကြည့်နေခြင်း ဖြစ်သည်။

သူမတွင် ရွှေရောင် ဆံပင်များ ရှိပြီး အသက် နှစ်ဆယ်နှောင်းပိုင်းအရွယ်ခန့် ရှိပုံရ၏။ သူမ ဝတ်ဆင်ထားသော လှပသည့် ဝတ်စုံမှာ နှစ်ရှည်လများ စုပုံနေသော ဖုန်မှုန့်များကြောင့် နွမ်းဖတ်နေလေပြီ။

“နင်က အစောင့်သစ်လား။ အရင်လူတွေနဲ့ သူတို့ရှေ့က လူတွေကို ပြောခဲ့သလိုပဲ နင့်ကိုလည်း ပြောပြမယ်။ နင်တို့ ငါ့ဆီကနေ ဘာလိုချင်တာလဲဆိုတာ ငါ မသိဘူး။ ငါ တကယ် မသိဘူး။ ငါ့ကို အခုပဲ သတ်လိုက်ပါတော့။ နင်တို့ လိုချင်တဲ့ အဖြေကို ငါ မပေးနိုင်မှတော့ ငါ့ကို အသက်ရှင်ပေးထားတာ ဘာထူးမှာလဲ” ထိုအမျိုးသမီးက ပြတ်သားသော လေသံဖြင့် ပြောလိုက်၏။

“စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မင်းက ဘာမှမသိဘူးလို့ ပြောနေတာတောင်၊ ပထမဆုံး အကြံပေးတာက မင်းကို သတ်ဖို့ ဖြစ်နေတယ်ပေါ့။ ဘာလို့ မင်းကို လွှတ်ပေးမယ်လို့ မတွေးတာလဲ” လုံချန်းက စိတ်ဝင်တစား မေးလိုက်သည်။

“ဟက်... နင်က ငါ့ရဲ့ အဆင့်အတန်းကြောင့် ငါ့ကို ဒီအတိုင်း လွှတ်ပေးလောက်အောင် မိုက်မဲတဲ့သူ မဟုတ်ပါဘူး။ ငါ လွတ်သွားရင် နင်တို့ ငါ့ကို ပြန်ပေးဆွဲထားတဲ့အကြောင်း ငါ့မိသားစုကို ပြောပြမှာကို နင်တို့ အားလုံး စိုးရိမ်နေကြမှာပေါ့။ သူတို့က နင်တို့ကို အမှုန့်ခြေပစ်လိမ့်မယ်။ ဒါကြောင့် နင်တို့ ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ နင်တို့ သိချင်တာကိုလည်း ငါ့မှာ အဖြေ မရှိတဲ့အတွက် ငါ ဘယ်လိုမှ မပြောပြနိုင်ဘူး။ ဒါကြောင့် ငါ့ကို သတ်သာ သတ်လိုက်ပါတော့” ထိုအမျိုးသမီးက လုံချန်းကို ဆို၏။

“မင်းက ကောင်းကင် အဆင့် ၂ ကျင့်ကြံသူပဲ။ မင်းရဲ့ အသက်အရွယ်နဲ့ဆိုရင် တော်တော်လေး ကောင်းပါတယ်။ ဒါကြောင့်လည်း ကောင်းကင် အဆင့် အကြီးအကဲတစ်ယောက်ကို ဒီမှာ စောင့်ခိုင်းထားတာပေါ့” လုံချန်းက ခေါင်းညိတ်လျက် ရေရွတ်လိုက်၏။ သူသည် သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ သူ့ထက် နိမ့်နေသည်ကို မြင်နိုင်လေသည်။

“ဒါပေမဲ့ မင်း ပြောတာလည်း မှန်ပါတယ်။ မင်းကို သတ်လိုက်တာက ရှဲ့ မျိုးနွယ်စု အတွက်တော့ အကောင်းဆုံး နည်းလမ်း ဖြစ်မှာပေါ့”

လုံချန်းသည် သူ၏ ဘုရင်ဓားကို ထုတ်ယူကာ ထိုအမျိုးသမီးထံသို့ လျှောက်သွားလိုက်၏။

“နောက်ဆုံးတော့... ဒီနေရာကနေ ငါ လွတ်မြောက်ရတော့မယ်။ ဒါဟာ ထာဝရ အိပ်စက်ခြင်း ပုံစံနဲ့ ဆိုရင်တောင်မှပေါ့” ထိုအမျိုးသမီးက လက်သီးကို တင်းတင်းဆုပ်လျက် ရေရွတ်လိုက်သည်။

လုံချန်းသည် သူမ၏ ရှေ့တွင် ရပ်တန့်ကာ သူ၏ ဓားကို မြှောက်လိုက်၏။

“လုံချန်း” ကျီရှန်သည် ထိုအကျဉ်းခန်းထဲသို့ လိုက်ဝင်လာပြီး လုံချန်းက ဓားဖြင့် ခုတ်ချတော့မည်ကို မြင်လိုက်ရသော်လည်း သူ တားဆီးရန် အချိန်မမီတော့ချေ။

ဓားမှာ လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် အောက်သို့ အားဖြင့် သက်ဆင်း သွားလေတော့သည်။

အခန်း (၈၂၂) အကူအညီ

“နေ... နေဦး” ကျီရှန်သည် ထိုမိန်းကလေး၏ မျက်နှာကို မြင်လိုက်ရသဖြင့် မှတ်မိသွားကာ လုံချန်းအား လှမ်းတားလိုက်၏။ သို့သော် သူ အချိန်နှောင်းသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သောအခါ စကားစကို ရပ်တန့်လိုက်လေသည်။

ချောက်...

“ဘာ... ဘာလို့လဲ”

ထိုအမျိုးသမီးသည် အံ့သြတကြီး မေးလိုက်ရှာ၏။

“ကံမကောင်းတာကတော့ ငါဟာ ရှဲ့ မျိုးနွယ်စုက မဟုတ်ဘူး။ သူတို့ ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ ငါ့သူငယ်ချင်းကို ပြန်ပေးဆွဲပြီး နှိပ်စက်ခဲ့တဲ့အတွက် သူတို့ ဒုက္ခရောက်တာကိုပဲ ငါ မြင်ချင်တယ်။ မင်းရဲ့ မိသားစု အကူအညီနဲ့ သူတို့ကို ဒုက္ခပေးနိုင်မယ့် အခွင့်အရေးရှိတာမို့ ငါကိုယ်တိုင် လူတိုင်းကို လိုက်သတ်နေစရာ မလိုတော့ဘူးပေါ့။ မင်း အခု လွတ်ပြီ။ ဒီကနေ ထွက်သွားတော့” လုံချန်းက ထိုအမျိုးသမီးကို ပြောပြီးနောက် နောက်သို့ လှည့်လိုက်လေသည်။

“ငါ ထောင်မျှော်စင်က အစောင့်တွေအားလုံးကို သတ်ပစ်ခဲ့ပြီ။ မိုးမလင်းမချင်း ဘယ်သူမှ သိမှာမဟုတ်ဘူး။ မင်း ထွက်သွားနိုင်တုန်း မြန်မြန်ထွက်သွားတာ ကောင်းမယ်။ မင်းက အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ထွက်သွားဖို့ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး” သူက နောက်သို့ လှည့်မကြည့်ဘဲ ဆက်ပြောလိုက်၏။

သူသည် ကျီရှန်ထံသို့ လျှောက်သွားလိုက်ရာ ကျီရှန်၏ လက်များ ပြန်လည်ကုသပြီးသည်ကို သတိပြုမိလိုက်သည်။

“ကျီရှန်၊ မင်းရဲ့ လက်တွေ ပြန်ရလာပြီပဲ။ အသက်ကယ်ဆေးလုံးက တော်တော်လေး မြန်မြန်ဆန်ဆန် အစွမ်းပြတာပဲ။ ကဲ... ငါတို့လည်း ဒီကနေ ထွက်ကြစို့”

လုံချန်းသည် ကျီရှန်၏ လက်ကို ဆွဲကာ အနီးရှိ အကျဉ်းခန်း တစ်ခန်းထဲသို့ ခေါ်သွားပြီး တံခါးအား ပြန်ပိတ်လိုက်၏။

“မင်း အခုလေးတင် ဘယ်သူ့ကို ကယ်လိုက်မိတယ်ဆိုတာ သိရဲ့လား” ကျီရှန်က လုံချန်းကို မေးလိုက်သည်။

“သြဇာရှိတဲ့ မိသားစုတစ်ခုက မိန်းကလေးတစ်ယောက်ပေါ့။ အဲဒါ ဘာဖြစ်လဲ။ ငါက ချမ်းသာကြွယ်ဝမှု ဒါမှမဟုတ် ဘာကိုမှ မလိုချင်ဘူး။ ငါ့ရဲ့ ရည်မှန်းချက်တွေဟာ ဘယ်မိသားစုရဲ့ အကူအညီနဲ့မှ ပြည့်စုံလာမှာ မဟုတ်ဘူး။ ဒါဟာ ငါတစ်ယောက်တည်း လျှောက်ရမယ့် အထီးကျန် လမ်းစဉ်ပဲ။ လမ်းမှာ ဘယ်သူနဲ့တွေ့လို့ ကူညီခဲ့တယ်ဆိုတာ ငါ ဘာလို့ ဂရုစိုက်နေရမှာလဲ။ သူ ဘယ်သူလဲဆိုတာ ငါ စပ်စုကြည့်ရုံသက်သက်ပါ။ အဲဒီလူက ရှဲ့ မျိုးနွယ်စုကို ပြဿနာ ရှာပေးနိုင်မယ်ဆိုရင် ငါ့အတွက် လုံလောက်ပါပြီ” လုံချန်းက သူ၏ ဟင်းလင်းပြင် နိယာမကို အသုံးပြုကာ ဟင်းလင်းပြင် တံခါးတစ်ပေါက် ဖန်တီးရင်း ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေကြားလိုက်၏။

“အထဲကို ဝင်လိုက်။ ဒါက ငါတို့တည်းတဲ့ အခန်းကို ပြန်ရောက်သွားလိမ့်မယ်” သူက ကျီရှန်ကို ပြောလိုက်သည်။

“အာ... ဒါက... မင်း ဘယ်တုန်းကတည်းက ဒီလိုမျိုးတွေ လုပ်တတ်နေတာလဲ။ ဒါက တကယ်ပဲ စိတ်ချရရဲ့လား” ကျီရှန်က အားနာစွာ ပြုံးလျက် မေးရှာ၏။

“လုံးဝ စိတ်ချရပါတယ်။ ငါ ဒါကို အကြိမ်ကြိမ် သုံးဖူးတယ်။ အထဲကိုသာ ဝင်လိုက်၊ ငါတို့ ဒီနေရာကနေ လွတ်သွားလိမ့်မယ်။ ငါ အရင်ဝင်ရင် တံခါးက ပိတ်သွားမှာမို့ မင်း အရင်သွားမှ ဖြစ်မယ်” လုံချန်းက ကျီရှန်ကို စိတ်အေးစေရန် ပြောလိုက်၏။

ကျီရှန်က ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်း အထဲမဝင်သေးဘဲ လုံချန်းကို ကြည့်ကာ တောင်းဆိုလိုက်သည်။ “ဟိုမိန်းကလေးကိုပါ ငါတို့နဲ့အတူ ခေါ်သွားလို့ မရဘူးလား။ သူ တစ်ယောက်တည်း ထွက်သွားရင် ပြန်အဖမ်းခံရနိုင်တယ်။ မင်း ကယ်ခဲ့ပြီးမှတော့ အဆုံးအထိ ကူညီပေးလိုက်ပါလား”

“မဖြစ်နိုင်ဘူး။ သူက ငါနဲ့ ရင်းနှီးတဲ့သူ မဟုတ်ဘူး၊ ဒါကြောင့် ငါ့ရဲ့ ဒီစွမ်းရည်ကို သူ့ကို မပြချင်ဘူး။ ပြီးတော့ သူ့ကို အထင်မသေးနဲ့။ သူက ကောင်းကင် အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ဒီနေရာမှာ စောင့်နေတဲ့သူ အများစုက သူ့ထက် အားနည်းတယ်။ အစွမ်းထက်ဆုံးဆိုတဲ့ သူတောင် မြေကမ္ဘာ အဆင့်ပဲ ရှိတာ။ သူသာ သတိထားပြီး ထွက်သွားရင် ဘယ်သူမှ သူ့ကို ရှာတွေ့မှာ မဟုတ်ဘူး။ သူ့အတွက် စိတ်မပူပါနဲ့။ ဟောဒီ တံခါးထဲကိုသာ ဝင်လိုက်တော့။ ငါ ဒါကို အကြာကြီး ဖွင့်မထားနိုင်ဘူး” လုံချန်းက ဆိုကာ ကျီရှန်၏ ပုခုံးကို အသာပုတ်လျက် အလျင်စလို လုပ်ရန် အချက်ပြလိုက်၏။

“ဟူး...”

ကျီရှန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဟင်းလင်းပြင်တံခါးထဲသို့ ဝင်သွားလေသည်။

‘ဟူး... သူလည်း ဒုက္ခတွေ အများကြီး ခံခဲ့ရပြီးပြီဆိုတော့ သူ့ရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်တာပေါ့လေ’ ကျီရှန် ဝင်သွားပြီးနောက် လုံချန်းက တိုးညှင်းစွာ ရေရွတ်လိုက်၏။

သူသည် တံခါးရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ “မင်း အပြင်မှာ ရပ်နေတာ ငါ သိပါတယ်။ အထဲကို ဝင်လာခဲ့လို့ ရတယ်”

တံခါး ပွင့်သွားပြီး ထိုအမျိုးသမီး အထဲသို့ လှမ်းဝင်လာ၏။

“မင်း ဘာကို စောင့်နေတာလဲ။ ဘာလို့ ထွက်မသွားသေးတာလဲ” လုံချန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ကျွန်မ ရှင်တို့ကို စောင့်နေတာပါ။ ရှင်တို့နဲ့အတူ လိုက်သွားချင်လို့။ ရှင်က ဒီအခန်းထဲမှာ ကျန်ခဲ့တဲ့ ပစ္စည်းတစ်ခုခုကို ပြန်ယူဖို့ ဝင်သွားတာလို့ ကျွန်မ ထင်နေခဲ့တာ။ ဒါပေမဲ့ ဒါက...” ထိုအမျိုးသမီးက ဟင်းလင်းပြင်တံခါးကို ကြည့်ကာ ရေရွတ်လိုက်မိ၏။

“ဒါက တစ်ကြိမ်ပဲ သုံးလို့ရတဲ့ တန်ဖိုးကြီး အဆောင် တစ်ရွက်ကို သုံးထားတာပါ။ ငါ့သူငယ်ချင်းကို ကယ်ဖို့အတွက် သုံးလိုက်ရတာဆိုတော့ တန်ပါတယ်။ အခု အချိန်မဖြုန်းဘဲ အမြန်ဝင်တော့” လုံချန်းက ထိုဟင်းလင်းပြင်တံခါးကို မည်သို့ ဖန်တီးခဲ့သည်နှင့် ပတ်သက်၍ လိမ်ညာကာ ပြန်လည်ဖြေကြားလိုက်၏။

ထိုမိန်းကလေးက ခေါင်းညိတ်ပြကာ ဟင်းလင်းပြင်တံခါးထဲသို့ လှမ်းဝင်သွားလေသည်။ လုံချန်းကလည်း သူမ၏ နောက်မှ လိုက်ဝင်သွားပြီးနောက် တံခါးမှာ ပျောက်ကွယ်သွားတော့၏။

မကြာသေးမီကအထိ လှုပ်လှုပ်ရှားရှား ရှိနေခဲ့သော ထောင်မျှော်စင်အတွင်းတွင် တိတ်ဆိတ်မှုများ ပြန်လည် စိုးမိုးသွားလေသည်။

ထောင်မျှော်စင်အတွင်း၌ လူတစ်ယောက်တည်း၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသော အလောင်းများသာ ကျန်ရစ်ခဲ့၏။ ရှဲ့ မျိုးနွယ်စု တစ်ခုလုံးတွင် ယနေ့ည ထောင်မျှော်စင်၌ ဖြစ်ပျက်ခဲ့သည်များကို မည်သူမျှ မသိကြချေ။ သိရှိသောသူများမှာလည်း သေဆုံးကုန်ကြပြီ ဖြစ်လေသည်။

လုံချန်းသည် ဟင်းလင်းပြင်တံခါးမှ ထွက်လာသောအခါ မိမိ၏ အခန်းထဲသို့ ပြန်လည်ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ကျီရှန်မှာ ကုတင်ပေါ်တွင် ထိုင်လျက် မင်လန်နှင့် မိတ်ဆက်နေပြီး ထိုအမျိုးသမီးက မည်သူမှန်း မေးမြန်းနေလေသည်။

“ဒါ ငါ့ဇနီး မင်လန်ပါ။ လန်အာ... ဒါက ငါပြောပြဖူးတဲ့ သူငယ်ချင်းပဲ” လုံချန်းက သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်၏။

“ဇနီး ဟုတ်လား။ ဒါဆို မင်ယုနဲ့ ကျီချင်း ကော။ သူတို့ မင်းနဲ့အတူ မပါလာဘူးလား။ သူတို့ကို ဘယ်မှာ ထားခဲ့တာလဲ” သူ သိထားသော မိန်းကလေး နှစ်ဦးကို မတွေ့ရသဖြင့် ကျီရှန်က မေးလိုက်သည်။

“သူတို့ ဒီမှာ ရှိပါတယ်။ သူတို့နဲ့ မင်းကို နောက်မှ မိတ်ဆက်ပေးမယ်” လုံချန်းက သူတို့အနားတွင် ရပ်နေသော အမျိုးသမီးကို ကြည့်ကာ ပြန်ဖြေလိုက်၏။ ထိုအမျိုးသမီး၏ ရှေ့တွင် ကမ္ဘာတု လက်စွပ်ကို အသုံးမပြုလိုခြင်းကြောင့် ဖြစ်လေသည်။

ကျီရှန်က ထိုမိန်းကလေးကို ကြည့်ကာ လုံချန်း အဘယ်ကြောင့် သတိထားနေရသည်အား နားလည်သွား၏။ “ဪ... ဟုတ်သားပဲ။ မင်း သူ့ကိုလည်း ကယ်ခဲ့တာပဲ။ မင်း သူ့ကို ပစ်မထားခဲ့ဘူးဆိုတာ ငါ သိသားပဲ။ သူက ဘယ်သူလဲဆိုတာတောင် မသိဘဲ ဒီအထိ ခေါ်လာပေးတယ်ဆိုတော့ မင်းဟာ ငါသိထားတဲ့ လုံချန်းအတိုင်းပါပဲ”

“မင်းက သူ့ကို ကူညီစေချင်လို့ မင်းအတွက် လုပ်ပေးခဲ့တာပါ။ သူက တစ်ယောက်တည်း ထွက်သွားနိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ငါကတော့ ကိုယ်တိုင် ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေး... အခုက ညအချိန် ရှိသေးတယ်။ ရှဲ့ မျိုးနွယ်စုဝင်တွေ ထောင်ဖောက်ခံရတာကို မသိခင်မှာ မင်းရဲ့ မျိုးနွယ်စုဆီကို အမြန်ပြန်တာ ကောင်းလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် မင်းအတွက် ကိစ္စတွေ ရှုပ်ထွေးသွားလိမ့်မယ်” လုံချန်းက ထိုအမျိုးသမီးကို ဤနေရာမှ ထွက်ခွာသွားစေရန် ပြောလိုက်၏။

“ဒီနိုင်ငံရဲ့ မင်းသမီးတစ်ပါးအနေနဲ့ ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်မရဲ့ ပစ္စည်းမှန်သမျှကို ဟိုလူယုတ်မာတွေ သိမ်းသွားကြတာမို့ အခုလောလောဆယ် ပေးစရာ ဘာမှ မရှိပေမဲ့ ရှင်တို့ တစ်ခုခု အကူအညီလိုရင် နန်းတော်ကို အချိန်မရွေး လာခဲ့ပါ။ ရှင်တို့ ဘာအကူအညီပဲလိုလို ကျွန်မ တတ်နိုင်သလောက် ကူညီပေးပါ့မယ်” ထိုအမျိုးသမီးက ကျော့ရှင်းစွာ ကျေးဇူးတင်စကား ဆိုပြီးနောက် တံခါးမှတစ်ဆင့် ထွက်ခွာသွားလေတော့သည်။

“မင်းသမီး ဟုတ်လား။ အဲဒါက ဘာမှ ထူးမခြားနားပါဘူး။ ငါက ဒီနိုင်ငံမှာ အကြာကြီး နေမှာမှ မဟုတ်တာ” လုံချန်းက ခေါင်းခါလျက် ရေရွတ်လိုက်၏။

သူသည် ကျီရှန်ကို ကြည့်ကာ ဆိုလိုက်လေသည်။ “ကဲ... ငါတို့ လမ်းခွဲပြီးနောက်ပိုင်း ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ပြောပြပါဦး”

All Chapters