← Chapters

အခန်း (၈၂၃-၈၂၄)

Vol. 82 Ch. 823-824

အခန်း (၈၂၃-၈၂၄)

Vol. 82 Ch. 823-824

အခန်း (၈၂၃) ကြေကွဲဖွယ်ရာ ဇာတ်လမ်း

“ငါတို့ လမ်းခွဲပြီးနောက်မှာ ဘာတွေဖြစ်ခဲ့လဲ ဟုတ်လား။ ငါတို့ လမ်းခွဲခဲ့ကြတာ မနေ့တစ်နေ့ကတင် ဖြစ်ခဲ့သလိုပဲ၊ အခုတော့ ဒီကို ရောက်နေပြီပေါ့” ကျီရှန်က အတိတ်ကို ပြန်လည်အမှတ်ရရင်း ရေရွတ်လိုက်၏။

“မင်း ငါ့ကို ထားခဲ့ပြီး သင်္ဘောပေါ်ကနေ ဆင်းသွားတဲ့နေ့ကစပြီး အားလုံး အဆင်ပြေခဲ့ပါတယ်။ ကျန်တဲ့ ခရီးစဉ်တစ်လျှောက်မှာ ပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်တာလည်း မခံခဲ့ရဘူး။ ငါတို့ ဒီတိုက်ကြီးကို ဘေးကင်းကင်းနဲ့ ရောက်ခဲ့ကြတယ်။ ကုန်းပေါ်ရောက်တော့ စစ်ဆေးမှုတွေလုပ်ပြီး ခွင့်ပြုချက်တွေ ရခဲ့ကြတယ်။ အဲဒီကနေ အနီးဆုံးမြို့ကို အစောင့်အရှောက်တွေနဲ့ သွားခဲ့ကြတာ။ အဲဒီမြို့ရောက်မှပဲ အရာအားလုံးက စတင်ပြီး ပြောင်းလဲသွားတော့တာပဲ” သူက စတင်ရှင်းပြလေသည်။

“တချို့က အိပ်မက်တိုက်ကြီးလို့ ခေါ်ပြီး တချို့က အလင်းတိုက်ကြီးလို့ ခေါ်ကြတဲ့ ဒီနေရာမှာ ငါတို့ မသိသေးတဲ့ အရာတွေ အများကြီး ရှိနေခဲ့တယ်။ အဲဒီမြို့မှာ ငါတို့ရဲ့ အရည်အချင်းနဲ့ အလားအလာတွေကို စမ်းသပ်တဲ့ ပြိုင်ပွဲ တချို့မှာ ပါဝင်ခဲ့ကြတယ်။ အဆုံးမှာတော့ ငါတို့ထဲက လူနည်းနည်းကို ဒီတိုက်ကြီးပေါ်က နိုင်ငံအသီးသီးက ရွေးချယ်သွားကြတယ်” ကျီရှန်က အလွန်တည်ကြည်သော မျက်နှာထားဖြင့် ဖြေကြားနေ၏။

‘အဲဒီမြို့မှာ ရှိနေတုန်းက ဒီအကြောင်းတွေကို ငါ ကြားခဲ့ဖူးသလိုပဲ။ ဒါပေမဲ့ ငါက ဒီတိုက်ကြီးမှာ နေထိုင်ဖို့ တရားဝင် ခွင့်ပြုချက်လည်း မရှိဘူး၊ ဒီလို အဓိပ္ပာယ်မရှိတာတွေကို လုပ်ဖို့လည်း အချိန်မရှိတာနဲ့ ငါ ဂရုမစိုက်ဖြစ်ခဲ့ဘူး။ ဒီနိုင်ငံတွေအတွက် အလုပ်လုပ်ပေးတာက တကယ့်ကို အကျိုးမရှိတဲ့ အလုပ်ပဲ’ လုံချန်းက တွေးရင်း သက်ပြင်းချလိုက်မိသည်။

“ဘာပဲဖြစ်ဖြစ်ပါ၊ နောက် ဘာဆက်ဖြစ်လဲ” သူက မေးလိုက်၏။

“ဟူး... ဒီမှာ နေထိုင်နေတုန်း နိုင်ငံတစ်နိုင်ငံအတွက် အလုပ်လုပ်ပေးတာက ကောင်းမယ်လို့ ငါ ထင်ခဲ့တာ။ ဒီမှာ ဘဝသစ်တစ်ခု ထူထောင်ဖို့က ငါ့ရဲ့ ရည်မှန်းချက် ဖြစ်ခဲ့သလို နိုင်ငံတော်အတွက် အလုပ်လုပ်ပေးရင်လည်း သူတို့က ကျင့်ကြံခြင်းဆိုင်ရာ အထောက်အပံ့တွေ ပေးမယ်လေ။ ဒါက ခြုံကြည့်ရင် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တစ်ခုပါ။ ငါ ရွေးချယ်ခဲ့တဲ့ နိုင်ငံကတော့ အခု ငါတို့ ရောက်နေတဲ့ ဒီနိုင်ငံပါပဲ”

“ငါက တော်ဝင် တက္ကသိုလ်မှာ သင်တန်းသား တစ်ယောက်အနေနဲ့ စတင် အလုပ်လုပ်ခဲ့တယ်။ အဲဒါက နိုင်ငံတော်ကနေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် စီစဉ်ပေးတဲ့ အစီအစဉ်တစ်ခုပေါ့။ ကုန်ကျစရိတ် အားလုံးကို သူတို့ကပဲ ကျခံတယ်။ တော်ဝင် တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့အခါမှာတော့ ကိုယ်စားလှယ်လောင်းတွေကို သင့်တော်တဲ့ ရာထူးတွေ အသီးသီး ခန့်အပ်ကြတာ”

“မင်းကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရတဲ့ မိန်းကလေးနဲ့ အဲဒီမှာ ဆုံခဲ့တာလား” လုံချန်းက စပ်စုလိုက်၏။

“ဟုတ်တယ်။ တော်ဝင် တက္ကသိုလ်ဆိုတာက သင်တန်းသားတွေ အတွက်တင် မဟုတ်ဘူး။ သြဇာရှိတဲ့ မိသားစုတွေက လူတွေလည်း ပိုပြီး အစွမ်းထက်လာအောင် ဒီတက္ကသိုလ်ကို လာကြတာ။ သူက အဲဒီထဲက တစ်ယောက်ပေါ့။ ငါ ချစ်မိသွားခဲ့တဲ့ မိန်းကလေးလေ” ကျီရှန်က ပြန်ဖြေသည်။

“ငါတို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာခဲ့ပြီး မကြာခင်မှာပဲ ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။ သူ့ရဲ့ မိသားစုက ဒါကို သိသွားတဲ့အခါမှာတော့ သူ့ကို ဒီနိုင်ငံရဲ့ ဒုတိယမင်းသားနဲ့ စေ့စပ်ပေးလိုက်ကြတယ်” သူက ဆက်ပြော၏။

“ဒုတိယမင်းသား ဟုတ်လား၊ ဒါဆို အခုလေးတင် ထွက်သွားတဲ့ မိန်းကလေးရဲ့ မောင်ပေါ့” လုံချန်းက မေးလိုက်သည်။

“ဟုတ်တယ်။ သူတို့ရဲ့ စေ့စပ်ပွဲကို အတည်ပြုလိုက်ကြတာ။ သူက ဘယ်လိုပဲ မိသားစုကို နားချဖို့ ကြိုးစားပေမဲ့ သူတို့က နားမထောင်ခဲ့ကြဘူး။ ငါတို့မှာ ထွက်ပြေးဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး။ ကံမကောင်းစွာနဲ့ပဲ ငါတို့ အဖမ်းခံခဲ့ရတယ်။ ငါ အဖမ်းခံလိုက်ရတယ်၊ ပြီးတော့ ကျန်တဲ့အကြောင်းတွေကိုတော့ မင်း သိပြီးသား ဖြစ်မှာပါ” ကျီရှန်က ဆို၏။

“ဪ... မင်းလည်း မင်းအတွက် မိန်းကလေးတစ်ယောက် ရှာတွေ့ခဲ့တာပဲ။ ငါ မင်းအတွက် ဝမ်းသာပေးသင့်ပါတယ်။ သူက ရှဲ့ မျိုးနွယ်စုထဲမှာ ရှိနေတာလား။ မင်း ငါ့ကို အရင်ကတည်းက ပြောသင့်တာပါ။ ဒါဆို သူ့ကိုပါ ငါ တစ်ခါတည်း ခေါ်လာခဲ့မှာပေါ့။ စိတ်မပူပါနဲ့၊ ငါ အခုလည်း သွားခေါ်ပေးလို့ ရပါသေးတယ်” လုံချန်းက ပြုံးလျက် ဆို၏။ “ငါ သူ့ကို ဒီကို ခေါ်လာပေးပြီးရင် မင်း သူနဲ့အတူ ထွက်ပြေးလို့ ရတာပေါ့”

“မင်း သူ့ကို ဒီကို ခေါ်လာလို့ မရပါဘူး” ကျီရှန်က ခေါင်းခါလျက် သက်ပြင်းချလိုက်၏။

“မင်း ငါ့ရဲ့ အရည်အချင်းကို နောက်တစ်ခါ သံသယ ဝင်ပြန်ပြီ။ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မနေပါနဲ့။ ငါ သူ့ကို သေချာပေါက် ဒီကို ခေါ်လာပေးနိုင်ပါတယ်။ ငါ့ရဲ့ စွမ်းရည်ကို ယုံလိုက်စမ်းပါ” လုံချန်းက အားနာစွာ ပြုံးရင်း ပြောလိုက်သည်။

“ငါ ဆိုလိုတာက အဲဒီလို မဟုတ်ဘူး” ကျီရှန်က ဆိုကာ မတ်တပ်ရပ်လိုက်၏။

သူသည် ပြတင်းပေါက်ထံသို့ လျှောက်သွားပြီး အပြင်ဘက်ကို ငေးကြည့်နေမိသည်။

“မင်း သူ့ကို ဒီကို ခေါ်လာလို့ မရတာက ငါ့ရဲ့ လင်ယန်... ဒီလောကမှာ မရှိတော့လို့ပါ။ ငါတို့ အဖမ်းခံရပြီးနောက်မှာ ငါ့ကို ထွက်ပြေးနိုင်အောင် ကူညီရင်းနဲ့ သူ သေဆုံးသွားခဲ့ပြီ။ ငါလို လူတစ်ယောက်ကို ကူညီဖို့အတွက် သူဟာ သူ့ရဲ့ ကိုယ်ပိုင်မျိုးနွယ်စုရဲ့ လက်ထဲမှာတင် သေဆုံးသွားခဲ့တာ။ သူ့ရဲ့ အလောင်းကို ဖက်ထားရင်းနဲ့တောင် ငါ မငိုနိုင်ခဲ့ပါဘူး၊ ရှဲ့ မျိုးနွယ်စုက ငါ့ကို အတင်းဆွဲခေါ်သွားကြလို့လေ” သူက ဆက်ပြောလေသည်။

“သူ သေသွားပြီ ဟုတ်လား” လုံချန်းက အံ့အားသင့်သော မျက်နှာထားဖြင့် ရေရွတ်လိုက်မိ၏။ ကျီရှန်သည် သူ၏ ဇာတ်လမ်းကို အလွန်တည်ငြိမ်သော လေသံဖြင့် ပြောပြနေခဲ့သဖြင့် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါချေ။

“ဟုတ်တယ်။ သူ သေသွားပြီ။ ဒါပေမဲ့ ငါ မငိုပါဘူး။ သူဟာ ဒီလောကမှာ သေဆုံးသွားပေမဲ့ ငါ့ရဲ့ အမှတ်တရတွေထဲမှာတော့ ထာဝရ ရှင်သန်နေဦးမှာပါ” ကျီရှန်က ပြန်လည်ဖြေကြားလိုက်၏။

သူသည် ကောင်းကင်ယံကို ငေးကြည့်ရင်း ဆက်ပြောလေသည်။ “သူ့အတွက် ငါ ဘယ်တော့မှ မငိုပါဘူး။ ငါ ငိုနေတာကို သူ ကောင်းကင်ကနေ ကြည့်နေရင် ပိုပြီး ဝမ်းနည်းနေမှာပေါ့”

လုံချန်းသည် ကျီရှန်အနားသို့ လျှောက်သွားပြီး သူ၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။ “ရှဲ့ မျိုးနွယ်စုမှာလည်း အသက်ကယ် ဆေးလုံးတွေ ရှိမှာပါ။ မင်းကို ဆွဲခေါ်သွားပြီးတဲ့နောက် သူ့ကို သူတို့ ပြန်အသက်သွင်းပေးခဲ့ရင်ကော။ မျှော်လင့်ချက် မပျက်ပါနဲ့ဦး”

“အဲဒါက မဖြစ်နိုင်ပါဘူး။ အသက်ကယ်ဆေးလုံး သုံးတဲ့နေရာမှာ ကန့်သတ်ချက်တွေ ရှိတယ်။ ခန္ဓာကိုယ်ရဲ့ အဓိက အင်္ဂါအစိတ်အပိုင်းတွေ အကောင်းအတိုင်း ရှိနေရမယ်၊ ပြီးတော့ သေဆုံးပြီး တစ်မိနစ်ထက် မကျော်သေးတဲ့ အချိန်မှာပဲ သုံးလို့ရတာ။ အဲဒီအချိန်မှပဲ အလုပ်လုပ်တာလေ။ ငါ သူ့ရဲ့ အလောင်းကို အဲဒီထက် အများကြီး ပိုကြာတဲ့အထိ ကြည့်နေခဲ့တာ။ ဘယ်သူကမှ သူ့ကို ဆေးလုံးပေးဖို့တောင် မကြိုးစားခဲ့ကြဘူး။ ဒါမှမဟုတ် သူတို့ဆီမှာ ဆေးလုံး မရှိလို့လည်း ဖြစ်နိုင်သလို သူတို့က ဂရုမစိုက်လို့လည်း ဖြစ်နိုင်တာပဲ။ အဲဒီနေ့မှာပဲ ငါ့အတွက် အဖိုးတန်ဆုံးလူကို ငါ ဆုံးရှုံးခဲ့ရတာပါ” ကျီရှန်က ရှင်းပြလေသည်။

သူသည် လုံချန်းဘက်သို့ လှည့်ကြည့်ကာ ပြုံးပြလိုက်သော်လည်း သူ၏ မျက်လုံးများထဲရှိ ဝမ်းနည်းရိပ်မှာမူ အလွန်ပင် ထင်ရှားနေလေသည်။

“မင်း ဘယ်လောက်အထိ ခံစားနေရမလဲဆိုတာ ငါ တွေးတောင် မတွေးရဲပါဘူး။ ငါ့ရဲ့ ချစ်ရသူတွေ ငါ့အနားမှာ မရှိတော့မယ့် ကမ္ဘာကြီးကို ငါ ဘယ်တော့မှ စိတ်ကူးမယဉ်ချင်ဘူး။ ရှဲ့ မျိုးနွယ်စုကို ငါတို့ကိုယ်တိုင် ဖျက်ဆီးပစ်ကြမလား။ မင်းကို ဒီလိုတွေဖြစ်အောင် လုပ်ခဲ့တဲ့သူတွေကို ငါတို့ ရှာကြတာပေါ့” လုံချန်းက မေးလိုက်၏။

ဤအခြေအနေတွင် သူ မည်သို့ လုပ်ပေးသင့်သည်ကို သူ မသိတော့။ ထိုမိန်းကလေး မရှိတော့သည့်အတွက် သူ့သူငယ်ချင်းအား သူမကို မေ့လိုက်ပါဟုလည်း သူ မပြောလို။ အရာအားလုံး ပြန်ကောင်းလာလိမ့်မည်ဟုလည်း သူ မဆိုချင်ပေ။

“ရပါတယ်။ တော်ဝင်မိသားစုက အဲဒီမျိုးနွယ်စုကို သူတို့ဘာသာ ကိုင်တွယ်ကြပါလိမ့်မယ်။ မနက်ဖြန်မှာ ရှဲ့ မျိုးနွယ်စု ဘယ်လို ပျက်စီးသွားမလဲဆိုတာကို ငါတို့ ထိုင်ကြည့်နေရုံပါပဲ။ အဲဒါက ငါ့ရင်ထဲက ငြှိမ်းသက်မရတဲ့ မီးတောက်တွေကို နည်းနည်းတော့ ငြိမ်းအေးစေမှာပါ” ကျီရှန်က ခေါင်းခါလျက် ပြန်ဖြေ၏။

“ကောင်းပြီလေ။ မနက်ဖြန်ကျရင် အဲဒါကို ငါတို့ အတူတူ ကြည့်ကြတာပေါ့” လုံချန်းက ခေါင်းညိတ်ပြလိုက်သည်။ “ဘာပဲဖြစ်ဖြစ်၊ မင်း အခု ပင်ပန်းနေလောက်ပြီ။ သွားပြီး အနားယူလိုက်ပါဦး”

သူသည် မင်လန်နှင့်အတူ အခန်းထဲမှ ထွက်ခဲ့ပြီး ကျီရှန်းကို တစ်ယောက်တည်း အေးအေးဆေးဆေး အနားယူနိုင်ရန် အချိန်ပေးလိုက်လေသည်။

“နင့်သူငယ်ချင်းက တကယ့်ကို ဒုက္ခတွေ အများကြီး ခံခဲ့ရတာပဲ။ သူ ဘယ်လောက်တောင် ခံစားနေရမလဲဆိုတာ ငါ စိတ်ကူးတောင် မယဉ်ရဲဘူး” မင်လန်က ဘေးခန်းတံခါးကို ဖွင့်ရင်း ရေရွတ်လိုက်သည်။ သူမသည် လုံချန်းနှင့်အတူ အခန်းထဲသို့ ဝင်လိုက်၏။

ဤအခန်းသည် ရှုလျန် ကျင့်ကြံနေသော အခန်းဖြစ်လေသည်။

“ငါလည်း စိတ်ကူးမယဉ်ရဲပါဘူး။ သူက ကြံ့ခိုင်တဲ့သူတစ်ယောက်ပဲ။ သူကိုယ်သူ ထိန်းနိုင်မှာပါ။ ငါကတော့ သူ့ကို အခါအခွင့်သင့်တိုင်း နှစ်သိမ့်ပေးရုံပဲ ရှိတာပေါ့” လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်၏။

“မျိုးနွယ်စု ပျက်စီးသွားတာကို မြင်ရရင် သူ နည်းနည်းတော့ စိတ်သက်သာရာ ရနိုင်မှာပါ။ သူက မတားခဲ့ရင် အဲဒီမျိုးနွယ်စုကို ငါကိုယ်တိုင် ဖျက်ဆီးပစ်လိုက်မှာ။ ဒါပေမဲ့ တော်ဝင်မိသားစုသာ ဒီကိစ္စမှာ ပါဝင်လာရင် ငါတို့အတွက် ပိုကောင်းတဲ့အရာတစ်ခုခု ရလာနိုင်တာလည်း ဖြစ်နိုင်တာပဲ” လုံချန်းက ဆိုလေသည်။

အခန်း (၈၂၄) ပြန်ပေးဆွဲခြင်း

ညတာအတွင်း၌ လုံချန်းနှင့် မင်လန်တို့သည် ရှုလျန်နှင့်အတူ တစ်ခန်းတည်း ရှိနေကြသဖြင့် ညစဉ်ပြုလုပ်လေ့ရှိသော ကိစ္စရပ်များကို မလုပ်ဆောင်နိုင်ကြချေ။ ထို့ကြောင့် သူတို့သည် တစ်ညလုံး မအိပ်ဘဲ ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့ကြသည်။

ကျီရှန်မှာမူ အတော်ကြာအောင် အိပ်မပျော်နိုင်ဘဲ ကောင်းကင်ယံရှိ လမင်းကိုသာ ငေးကြည့်နေမိ၏။ တစ်နာရီခန့် ကြာပြီးမှသာ သူသည် ကုတင်ပေါ်သို့ ပြန်တက်ရန် ဆုံးဖြတ်လိုက်လေသည်။

သူသည် မကြာခင်မှာပင် အိပ်ပျော်သွားခဲ့ပြီး သူ၏ ဘဝတွင် ချစ်ရသူကို ဆုံးရှုံးမသွားခဲ့ပါက မည်ကဲ့သို့ ဖြစ်လာနိုင်မည်နည်းဟူသော အိပ်မက်များထဲတွင် နစ်မျောသွားတော့၏။

ညတာမှာ အေးအေးချမ်းချမ်း ကုန်ဆုံးသွားသော်လည်း ပထမဆုံး ထွက်ပေါ်လာသော နေရောင်ခြည်နှင့်အတူ ဆူညံပွက်လောရိုက်မှုများပါ ပါဝင်လာခဲ့လေသည်။

ရှဲ့ မျိုးနွယ်စုဝင်များသည် နေရာအနှံ့တွင် အလောင်းများကို တွေ့ရှိသွားကြရာမှ ထောင်မျှော်စင်၌ မည်သည်များ ဖြစ်ပျက်ခဲ့ကြောင်း သိရှိသွားကြတော့၏။

ကင်းသမားများသည် မနက်ခင်းတွင် အဆိုင်းလဲရန် ရောက်လာကြသောအခါမှသာ အဆိုင်းလဲပေးမည့်သူ တစ်ဦးတစ်ယောက်မျှ အသက်ရှင်မကျန်တော့သည်ကို သိလိုက်ရခြင်း ဖြစ်သည်။ ကျန်ရှိသော အစောင့်များအားလုံးမှာ ထောင်မျှော်စင်အတွင်း၌ အသက်မဲ့စွာ လဲကျနေကြပြီ ဖြစ်သည်။

အစောင့်များသည် အထဲရှိ အခြေအနေကို စစ်ဆေးရန် ထောင်မျှော်စင်အတွင်းသို့ ပြေးဝင်သွားကြ၏။ အကျဉ်းခန်းအများစုမှာ သော့ခတ်ထားဆဲ ဖြစ်သဖြင့် အကျဉ်းသားများ အထဲတွင် ရှိနေသေးသည်ကို သိလိုက်ရသောအခါ သူတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

“အခန်း ၂၀၃ နဲ့ ၂၀၄ က အလွတ်ကြီးပဲ။ အကျဉ်းသားတွေ အထဲမှာ မရှိတော့ဘူး။ ပြီးတော့ အဲဒီမှာ အကြီးအကဲရဲ့ အလောင်းကိုလည်း ငါ တွေ့ခဲ့တယ်။ တစ်ယောက်ယောက်က သူ့ကို သတ်သွားတာပဲ။ ဒါဟာ အဲဒီ အကျဉ်းသားတွေကို ကူညီဖို့ လုပ်ခဲ့တာ သေချာတယ်”

“အဲဒီ အခန်းထဲက အကျဉ်းသားတွေ ဟုတ်လား။ သွားပြီ၊ ဒါဆို မင်းသမီး လွတ်သွားပြီပေါ့။ ငါတို့ မျိုးနွယ်စု ခေါင်းဆောင်ကို ချက်ချင်း သွားပြောမှ ဖြစ်မယ်။ မင်းတို့ အားလုံး ဒီမှာနေပြီး ဒီနေရာကို စောင့်ကြ။ ငါ အမြန်ဆုံး သွားပြောလိုက်မယ်”

မြေကမ္ဘာ အဆင့် အကြီးအကဲ တစ်ဦးသည် ကျန်သူများကို ထားရစ်ခဲ့ကာ ထောင်မျှော်စင် အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

သူသည် ရှဲ့ မျိုးနွယ်စု ခေါင်းဆောင်ထံသို့ တိုက်ရိုက်သွားကာ အရာအားလုံးကို တင်ပြရန် ပြေးခဲ့၏။ ဤကိစ္စမှာ သူတို့ မျိုးနွယ်စု၏ ရှင်သန်ခြင်းနှင့် သေခြင်းတရားဆိုင်ရာ ကိစ္စဖြစ်နေသည် မဟုတ်လော။

“အရှင်... မင်းသမီး ထောင်ထဲကနေ လွတ်သွားပါပြီ” ထိုအစောင့်က ခေါင်းဆောင်ကို တင်ပြလိုက်၏။

“မင်း ဘာပြောလိုက်တာလဲ။ ဒီလောက် လုံခြုံရေး တင်းကျပ်ထားတာကို သူက ဘယ်လိုလုပ် လွတ်သွားနိုင်မှာလဲ။ ငါတို့ကို တစ်ယောက်ယောက်က သစ္စာဖောက်လိုက်တာလား” မျိုးနွယ်စု ခေါင်းဆောင်က ထိတ်လန့်တကြား မေးလိုက်သည်။

“ကျွန်... ကျွန်တော်လည်း အသေအချာ မသိပါဘူး။ ထောင်မျှော်စင်ထဲက အစောင့်တွေအားလုံး သေနေတာကိုပဲ တွေ့ခဲ့ရတာပါ။ မင်းသမီးနဲ့အတူ သခင်မလေးနဲ့ ထွက်ပြေးခဲ့တဲ့ ဟိုကောင်လေးပါ လွတ်သွားပါပြီ။ တစ်ယောက်ယောက်က ညဘက်မှာ ကျွန်တော်တို့ မျိုးနွယ်စုထဲကို ခိုးဝင်ပြီး သူတို့ကို ကယ်ထုတ်သွားတာလို့ ကျွန်တော် ယူဆပါတယ်” အစောင့်က ပြန်ဖြေ၏။

“မင်းတို့ လူမိုက်တွေ၊ ဒါတွေ အားလုံးက ညကတည်းက ဖြစ်နေတာကို အခုမှ မင်းတို့ သိရတာလား။ ငါ့ရဲ့ ရှဲ့ မျိုးနွယ်စုမှာ ဒီလောက် အသုံးမကျတဲ့ လူတွေပဲ ရှိနေတာလား” မျိုးနွယ်စု ခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

သူသည် မျိုးနွယ်စု အကြီးအကဲများကို ခေါ်ယူကာ အရာအားလုံးကို အသိပေးလိုက်၏။

“အဲဒီ မိန်းကလေးသာ ညကတည်းက ထွက်သွားတာဆိုရင် သူမ နန်းတော်ကို ရောက်နေတာ ကြာလှပြီ။ ဘုရင်ကြီးလည်း ဒီသတင်းကို ကြားပြီးလောက်ပြီ။ ငါတို့ မျိုးနွယ်စု အန္တရာယ် ရှိနေပြီ။ လူတိုင်းကို သူတို့ ပစ္စည်းတွေ ပြင်ခိုင်းလိုက်စမ်း။ ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ တော်ဝင်မိသားစုက တိုက်ခိုက်ဖို့ မပြင်ဆင်နိုင်ခင်မှာ ငါတို့ အမြန် ထွက်ပြေးရမယ်။ ငါတို့ကို သုတ်သင်ပစ်ဖို့ သူတို့ကို အခွင့်အရေး ပေးလို့ မဖြစ်ဘူး။ ငါတို့ ဒီကနေ ထွက်သွားရမယ်” ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

“ကျွန်တော်တို့ ပြင်ဆင်ပါ့မယ်။ လိုအပ်တဲ့ အရာတွေကိုပဲ ယူသွားကြမှာပါ။ မိနစ်သုံးဆယ်အတွင်း ထွက်ခွာနိုင်အောင် အဆင်သင့် ဖြစ်နေပါလိမ့်မယ်” အကြီးအကဲများက ပြန်ဖြေကြ၏။

“အေး... အဲဒီအတိုင်း လုပ်ကြ။ နောက်ကျတာကို လုံးဝ ခွင့်မလွှတ်ဘူး။ မိနစ်သုံးဆယ် ပြည့်တာနဲ့ လူတိုင်း ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေရမယ်။ အခု သွားကြတော့” ခေါင်းဆောင်က အကြီးအကဲများကို နှင်လိုက်လေသည်။

အားလုံး ထွက်သွားကြသဖြင့် အခန်းအတွင်း၌ မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

“အဲဒီ မိန်းကလေး လွတ်ဖို့ ဘယ်သူက လာကူညီတာလဲ။ ဘယ်သူက ဒါကို လုပ်နိုင်မှာလဲ။ တကယ်လို့ တော်ဝင်မိသားစုသာ ဆိုရင် သူတို့က ဒီလောက် ခိုးကြောင်ခိုးဝှက် လုပ်မှာ မဟုတ်ဘူး။ တခြား ဘယ်သူ ရှိနိုင်ဦးမှာလဲ။ ပြီးတော့ ဘာလို့ ဟိုလူယုတ်မာ ကျီရှန်ကိုပါ ခေါ်သွားရတာလဲ။ ဒါမှမဟုတ် အဲဒီလူက ကျီရှန်အတွက် လာရင်းနဲ့မှ မင်းသမီးကို အထဲမှာ တွေ့သွားတာလား” မျိုးနွယ်စု ခေါင်းဆောင်က အခြေအနေကို တွေးတောရင်း မကျေမနပ် ရေရွတ်နေမိသည်။

“အဲဒီလူက ကျီရှန်အတွက် လာတာဆိုရင်တော့ တော်ဝင် တက္ကသိုလ်မှာ သူ ဖွဲ့ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ယောက် ဖြစ်ရမယ်။ အဲဒီ စိတ်အနှောင့်အယှက် ပေးတဲ့ ကလေးတွေက ငါ့ရဲ့ အရာအားလုံးကို ဖျက်ဆီးပစ်တာပဲ။ သူ့ကြောင့် ငါ့သမီး သေခဲ့ရသလို အခုလည်း ငါ့မျိုးနွယ်စု ပျက်စီးရတာကလည်း သူ့ကြောင့်ပဲလား။ ငါ အဲဒီကောင်ကို တကယ် မုန်းတယ်။ ငါသာ သူ့ကို နောက်တစ်ခါ မြင်လိုက်ရလို့ကတော့...” သူသည် ကျိန်ဆဲနေစဉ်မှာပင် သူ၏ ရင်ဘတ်ထဲသို့ ဓားတစ်လက် စိုက်ဝင်သွားပြီး လူငယ်တစ်ဦးက သူ၏ ရှေ့တွင် ပေါ်လာလေသည်။

“မင်းက ဘာဖြစ်မှာလဲ” ထိုလူငယ်က မေးလိုက်၏။ သူသည် ဒုတိယမြောက် ဓားတစ်လက်ကိုပါ ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံ ထိုးစိုက်လိုက်ရင်း သရော်ပြုံး ပြုံးနေလေသည်။

“မင်း... မင်းက ဘယ်သူလဲ” မျိုးနွယ်စု ခေါင်းဆောင်က သွေးပုပ်များ အန်လျက် မေးလိုက်ရှာ၏။

“ငါကတော့ မင်း ကျိန်ဆဲနေတဲ့ လူရဲ့ သူငယ်ချင်းဖြစ်သလို ဒီကိစ္စအားလုံးကို ဖြစ်အောင် လုပ်ခဲ့တဲ့ သူပေါ့” လုံချန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ငါ ကျီရှန်ကို ဒီကိစ္စမှာ လိုတာထက် ပိုမပါတော့ဘူးလို့ ကတိပေးထားခဲ့ပေမဲ့ သူ့ရဲ့ ပျော်ရွှင်မှုတွေကို လုယူခဲ့တဲ့ စီမံကိန်းရဲ့ ဗိသုကာကြီးကိုတော့ ငါ ခွင့်မလွှတ်နိုင်ဘူး။ မင်းက သေခြင်းတရားနဲ့ပဲ ထိုက်တန်တယ်။ ဒါပေမဲ့ မင်းက သူ့လက်နဲ့ပဲ သေသင့်တာ” ထိုသို့ ဆိုကာ သူသည် လက်ကို ဝှေ့ယမ်းလိုက်၏။

သူ၏ အနီးတွင် ဟင်းလင်းပြင် တံခါးတစ်ပေါက် ပေါ်လာလေသည်။

လုံချန်းသည် ထိုသူ၏ လည်ပင်းကို ဆွဲကိုင်ကာ တံခါးအတွင်းသို့ လှမ်းဝင်လိုက်၏။

သူသည် ရှဲ့ မျိုးနွယ်စု ခေါင်းဆောင်နှင့်အတူ ကျီရှန်၏ အခန်းထဲသို့ ရောက်ရှိလာသည်။

ကျီရှန်မှာမူ လုံချန်း၏ အစီအစဉ်ကို လုံးဝ မသိချေ။ သူသည် ပြတင်းပေါက်တွင် ရပ်ကာ လမ်းမပေါ်ရှိ လူများကို ငေးကြည့်နေခဲ့ခြင်း ဖြစ်သည်။

“ကျီရှန်၊ မင်းကို တွေ့ဖို့ ဘယ်သူ ရောက်နေသလဲဆိုတာ ကြည့်လိုက်ဦး” လုံချန်းက လှမ်းခေါ်လိုက်၏။

ကျီရှန်သည် အသာအယာ လှည့်ကြည့်လိုက်ရာ သူ၏ ရှေ့တွင် ရှဲ့ မျိုးနွယ်စု ခေါင်းဆောင်မှာ အားနည်းစွာဖြင့် ဒူးထောက်လျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဘယ်... ဘယ်လိုဖြစ်ပြီး...” ကျီရှန်သည် သူ မြင်နေရသည်ကို မယုံကြည်နိုင်ဘဲ ရေရွတ်လိုက်မိ၏။

ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ဦးမှာ သူ၏ ရှေ့တွင် ဒူးထောက်နေရသည်လော။ လုံချန်းသည် မည်သည့် အချိန်ကတည်းက ဤမျှ အစွမ်းထက်သွားခဲ့သနည်း။

“ငါ့ကို ကြောင်ကြည့်မနေနဲ့တော့။ သူက နောက်ဆုံးထွက်သက် ရောက်နေပြီ။ မင်း ဘာမှမလုပ်ရင်တောင် သူက မိနစ်ပိုင်းအတွင်း သေတော့မှာ။ သူ သူ့ဘာသာ မသေခင်မှာ မင်းရဲ့ ဓားကို ထုတ်ပြီး သူ့ကို ကိုယ်တိုင် သတ်လိုက်စမ်း” လုံချန်းက တိုက်တွန်းလိုက်၏။

“မမေ့နဲ့ဦး၊ သူဟာ မင်းရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးခဲ့တဲ့ ရန်သူပဲ။ မင်း ဆုံးရှုံးခဲ့ရသမျှ အရာအားလုံးရဲ့ ဗိသုကာကြီးပဲ။ သူဟာ သူ့ရဲ့ သမီးရင်း ဖြစ်တာကိုတောင် ဂရုမစိုက်ဘဲ မင်းရဲ့ ချစ်သူကို သေအောင် လုပ်ခဲ့တဲ့သူပဲ” သူက ဆက်ပြောလေသည်။

“သူလို လူမျိုးက အသက်ရှင်ဖို့ မထိုက်တန်ဘူး။ ပြီးတော့ သူ ငါ့ကို ပြန်မတိုက်နိုင်အောင် ငါ သူ့ကို အပြင်းအထန် တိုက်ခိုက်ထားရတယ်။ သူ ဒဏ်ရာတွေ ပြင်းထန်နေပြီမို့ သေမှာ သေချာပေမဲ့ သူ့ကို သတ်ရမှာက မင်းပဲ ဖြစ်သင့်တယ်။ မင်းရဲ့ ကိုယ်ပိုင်လက်နဲ့ပဲ အဆုံးသတ်လိုက်စမ်းပါ”

လုံချန်း ပြောသည်မှာ မှန်သည်။ ရှဲ့ မျိုးနွယ်စု ခေါင်းဆောင်၏ မျက်နှာမှာ ဖြူလျော့နေပြီ ဖြစ်သည်။ သူ၏ အသက်ရှူသံမှာလည်း အားနည်းနေ၏။ လုံချန်းသည် သူ့ကို ဤနေရာသို့ မခေါ်လာမီမှာပင် ပိုမိုပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ခဲ့သဖြင့် သူ၏ ခြေလက်များမှာလည်း မလှုပ်ရှားနိုင်တော့ချေ။

ကျီရှန်သည် သူ၏ အရာအားလုံးကို လုယူသွားခဲ့သော ထိုသူ၏ မျက်နှာကို စိုက်ကြည့်ကာ လက်သီးအား တင်းတင်းဆုပ်လိုက်၏။

သူသည် ထိုသူ့ထံသို့ လှမ်းသွားလိုက်လေသည်။

All Chapters