← Chapters

အခန်း (၈၂၇-၈၂၈)

Vol. 82 Ch. 827-828

အခန်း (၈၂၇-၈၂၈)

Vol. 82 Ch. 827-828

အခန်း (၈၂၇) လောဘကြီးလား

လုံချန်းသည် မြင်းရထားပေါ်မှ ဆင်းလာသော မင်းသားကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေမိသည်။ မင်းသား၏ ပတ်ဝန်းကျင်တွင် စစ်သည်တော်များကို ပိုမိုခန့်ညားထည်ဝါစေသည့် ထူးခြားသော အငွေ့အသက်များ ဝန်းရံနေ၏။

မင်းသားမှာ ငယ်ရွယ်သော်လည်း မြေကမ္ဘာ အဆင့် တွင်သာ ရှိသေးသည်ကို လုံချန်း မြင်နေရသည်။ ထိုမင်းသား၏ ပတ်ဝန်းကျင်တွင် အဘယ်ကြောင့် ထိုကဲ့သို့ ထူးဆန်းသော အငွေ့အသက်များ ရှိနေရသနည်းဟု သူ သိချင်နေမိ၏။

‘သူက သူ့ပတ်ဝန်းကျင်မှာ ဒီလို အရှိန်အဝါမျိုး ဖြစ်ပေါ်လာအောင် တစ်ခုခုကို သုံးထားတာ ဖြစ်ရမယ်။ မဆိုးပါဘူး။ ဒါပေမဲ့ သူက ကျီရှန့်ရဲ့ ချစ်သူနဲ့ လက်ထပ်ရမယ့်သူ မဟုတ်လား။ အဲဒီမိန်းကလေးက အခုတော့ သေသွားပြီဆိုပေမဲ့ သူ့မှာသာ ခံစားချက် နည်းနည်းလောက် ရှိခဲ့မယ်ဆိုရင် သူနဲ့အတူ ထွက်ပြေးခဲ့တဲ့ ကျီရှန်ကို သူ မုန်းနေမှာပဲ။ တကယ်လို့ သူ့အစ်မကသာ အကူအညီ တောင်းမယ်ဆိုရင် သူက ငါတို့ကို တကယ်ပဲ ကူညီပါ့မလား’ လုံချန်းက သူတို့နှစ်ဦးကို ကြည့်ရင်း တွေးနေမိသည်။

သူသည် ကျီရှန်ဘက်သို့ ပြန်လှည့်ကြည့်ကာ ဆိုသည်။ “မင်း ဒီမှာပဲ နေခဲ့ဦး၊ အနားကို မလာနဲ့ဦး။ ငါ မင်းသမီးနဲ့ စကားပြောပြီး ခွင့်ပြုချက် တောင်းလိုက်မယ်”

ကျီရှန်က လုံချန်း ဆိုလိုသည်ကို နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လုံချန်းသည် ကျီရှန်ကို ထားရစ်ခဲ့ကာ မင်းသမီးထံသို့ လျှောက်သွားလိုက်လေသည်။

“မင်းက ဘယ်သူလဲ။ မင်းသမီးဆီကို ဘယ်လိုများ ချဉ်းကပ်ရဲတာလဲ” လုံချန်း မင်းသမီးအနားသို့ ရောက်ခါနီးတွင် စစ်သည်အချို့က သူ့ကို ဝိုင်းလိုက်ကြ၏။

သူတို့၏ ဆူညံမှုကြောင့် တော်ဝင်မိသားစုဝင်များ၏ အာရုံမှာလည်း လုံချန်းထံသို့ ရောက်ရှိသွားတော့သည်။

“သူ ဒီကို ရောက်နေတာလား” လုံချန်းကို မြင်လိုက်ရသောအခါ မင်းသမီးက ရေရွတ်လိုက်မိ၏။

“မင်းသမီး၊ ဒီလူက မင်းသမီးဆီကို လာနေတာပါ။ သူ့ကို ဖမ်းလိုက်ရမလား။ သူက ရှဲ့ မျိုးနွယ်စုက လွှတ်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်သူလည်း ဖြစ်နိုင်ပါတယ်” အစောင့်များက မေးလိုက်ကြသည်။

“မဟုတ်ဘူး၊ သူ့ကို လာခွင့်ပေးလိုက်ပါ။ သူက သူငယ်ချင်းပါ” မင်းသမီးက ခေါင်းခါလျက် ပြန်ဖြေလိုက်၏။

အစောင့်များသည် သူမ၏ အမိန့်အတိုင်း လမ်းဖယ်ပေးလိုက်ကြလေသည်။

“နင့်ရဲ့ သူငယ်ချင်း ဟုတ်လား။ နန်းတော်ပြင်ပမှာ နင့်မှာ ဘယ်တုန်းက သူငယ်ချင်းတွေ ရှိနေလို့လဲ” မင်းသားက သရော်ပြုံး ပြုံးလျက် မင်းသမီးကို မေးလိုက်၏။

“သူက အစ်မကို ရှဲ့ မျိုးနွယ်စုထဲကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တာပါ။ အစ်မ လွတ်လာတာက သူ့ကြောင့်ပဲ” မင်းသမီးက ပြုံးလျက် ပြန်ဖြေသည်။

“ဟင်... ဒါဆို သူက ရှဲ့ မျိုးနွယ်စုဝင် တစ်ယောက်ပေါ့။ ငါတို့ဆီက မျက်နှာသာရဖို့အတွက် သူတို့ကို သစ္စာဖောက်လိုက်တာ ထင်တယ်။ ကောင်းပြီလေ၊ သူက ကူညီခဲ့တဲ့အတွက် ဆုလာဘ် တောင်းဖို့ လာတာဆိုရင် နန်းတော်ထဲမှာ သူ့အတွက် အလုပ်တစ်ခု ပေးလို့ရပါတယ်” မင်းသားက ခေါင်းညိတ်လျက် ဆို၏။

“မဟုတ်ဘူး၊ သူက ရှဲ့ မျိုးနွယ်စုက မဟုတ်ပါဘူး။ သူက သူ့သူငယ်ချင်းကို ကူညီဖို့အတွက် ရှဲ့ မျိုးနွယ်စုထဲကို ခိုးဝင်ရင်းနဲ့ အစ်မကို တွေ့သွားတာ” မင်းသမီးက ရှင်းပြသည်။

“ဟင်... ဒီကလေးက ရှဲ့ မျိုးနွယ်စုထဲကို ခိုးဝင်နိုင်တယ် ဟုတ်လား။ ပြီးတော့ နင့်ကိုပါ လွတ်အောင် ကူညီပေးခဲ့တယ်ပေါ့။ နင့်ကို ကောင်းကင်အဆင့် အကြီးအကဲ တစ်ယောက်က စောင့်ကြည့်နေတာလို့ ပြောခဲ့တယ် မဟုတ်လား။ ဒီလောက် အားနည်းတဲ့သူက နင့်ကို ဘယ်လို ကူညီနိုင်မှာလဲ” မင်းသားက မေးခွန်းထုတ်လိုက်၏။

သူသည် လုံချန်း၏ ခန္ဓာကိုယ်အတွင်းမှ မည်သည့် ကျင့်ကြံခြင်း စွမ်းအားကိုမျှ မမြင်ရချေ။ သူ၏ မျက်စိထဲတွင် လုံချန်းမှာ သာမန်လူတစ်ယောက် သို့မဟုတ် သူ နားမလည်နိုင်လောက်အောင် ကျင့်ကြံခြင်း အဆင့်အတန်း အလွန်နိမ့်ကျနေသူတစ်ဦးဟုသာ ထင်မြင်နေမိခြင်း ဖြစ်သည်။

မင်းသမီးက ပြုံးလိုက်သော်လည်း မည်သို့မျှ ဝင်ရောက် ရှင်းမပြခဲ့ချေ။ လုံချန်းကဲ့သို့ လူငယ်တစ်ဦးက ရှဲ့ မျိုးနွယ်စုမှ ကောင်းကင်အဆင့် အကြီးအကဲကို သတ်ပစ်နိုင်ခဲ့သည်ဆိုသည့် အချက်အား သူမ၏ မောင်အား ပြောမပြတော့ရန် ဆုံးဖြတ်လိုက်သည်။

လုံချန်းက သူမကို ကူညီခဲ့ပြီးနောက် မည်သည့် ဆုလာဘ်ကိုမျှ မတောင်းဘဲ ထွက်ခွာခွင့် ပေးခဲ့စဉ်က သူသည် ဤကိစ္စများထဲတွင် ပါဝင်ပတ်သက်လိုစိတ် မရှိဟု သူမ ထင်မှတ်ခဲ့မိ၏။ ထို့ကြောင့်လည်း သူ့အတွက် အနှောင့်အယှက် မဖြစ်စေရန် သူမ၏ မိသားစုကို သူ့အကြောင်း လုံးဝ မပြောပြခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤမျှ ထူးချွန်သော လူငယ်တစ်ဦး မြို့ထဲတွင် ရှိနေသည်ကို သိသွားပါက သူမ၏ မိသားစုက သူ့ကို သူတို့ထံ ဝင်ရောက်ရန် သို့မဟုတ် စစ်တပ်ထဲ ဝင်ရန် တောင်းဆိုကြလိမ့်မည်။ သူမကြောင့် သူ အတင်းအကျပ် မလုပ်လိုသဖြင့် လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

‘ပြီးခဲ့တဲ့ အခေါက်က သူက ငါနဲ့ ပတ်သက်တာ ဘာကိုမှ စိတ်မဝင်စားသလိုမျိုးနဲ့ တော်တော် ထူးဆန်းခဲ့တာ။ အခု သူ ဘာလို့ ဒီကို ရောက်နေတာလဲ။ တကယ်ပဲ စိတ်ပြောင်းသွားပြီး ဆုလာဘ် လိုချင်လာတာလား။ ဟူး... ဒါကလည်း နားလည်ပေးလို့ ရပါတယ်။ သူက တော်ဝင်မိသားစုဝင် တစ်ယောက်ရဲ့ အသက်ကို ကယ်ခဲ့တာပဲ။ ဆုလာဘ်အနေနဲ့ စည်းစိမ်ဥစ္စာတွေ အများကြီး ရနိုင်တာပဲလေ။ ဘယ်သူက မလိုချင်ဘဲ နေမှာလဲ’ မင်းသမီးက လုံချန်း၏ ရည်ရွယ်ချက်ကို အထင်မှားလျက် တွေးနေမိသည်။ သို့သော် သူမက သူ့ကို ကျေးဇူးတင်နေဆဲပင် ဖြစ်၏။

“မင်းသမီးနဲ့ မင်းသားကို နှုတ်ဆက်ပါတယ်” လုံချန်းက သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်သည်။

“ဟင်... မင်းက ငါတို့ကို အဲဒီလိုပဲ ခေါ်တာလား။ ဒါကို စော်ကားတယ်လို့ ငါတို့ ယူဆရမလား။ ထားလိုက်ပါတော့လေ၊ မင်းက ငါ့အစ်မကို ကူညီခဲ့တာဆိုတော့ ငါတို့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်။ ကဲ... မင်း ငါ့အစ်မကို ကူညီခဲ့တဲ့အတွက် ဆုလာဘ် တောင်းဖို့ လာတာလား။ မင်း ဘာလိုချင်သလဲဆိုတာ ပြောစမ်းပါ။ မင်းရဲ့ ဆန္ဒကို ငါတို့ ဖြည့်ဆည်းပေးပါ့မယ်” မင်းသားက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်၏။

“ကျွန်တော်က ခင်ဗျားတို့ကို မရိုမသေ လုပ်ချင်လို့ မဟုတ်ပါဘူး။ ကျွန်တော်က ဒီနိုင်ငံရဲ့ နိုင်ငံသား မဟုတ်ဘဲ ဖြတ်သန်းသွားလာနေသူ တစ်ယောက်ဖြစ်လို့ပါ။ အဲဒီအတွက်ကြောင့်ပဲ အဲဒီလို ခေါ်ဆိုခဲ့တာပါ” လုံချန်းက ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။

“ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် တစ်ခုခု တောင်းဆိုဖို့ လာခဲ့တာကတော့ အမှန်ပါပဲ။ မင်းသမီးကို ကူညီခဲ့တဲ့အတွက် ဆုလာဘ်လို့ပဲ ခေါ်ချင်ခေါ်နိုင်ပါတယ်” သူက ဆက်ပြောလေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ မင်းသမီး၏ ရင်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိ၏။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်ရိပ်များ ထင်ဟပ်လာသည်။

‘သူနဲ့ စတွေ့ကတည်းက ငါ ထွက်လာတဲ့အထိ သူဟာ တခြားယောကျ်ားတွေနဲ့ မတူဘူးလို့ ငါ ယုံကြည်ခဲ့တာ။ သူက ငါ့ရဲ့ ရာထူးအာဏာနဲ့ ငါ့ကို ဘယ်လို အသုံးချရမလဲဆိုတာကို စိတ်မဝင်စားဘူးလို့ ထင်ခဲ့တာ။ သူဟာ ဘာဆုလာဘ်မှ မမျှော်လင့်ဘဲ တကယ် စိတ်ရင်းနဲ့ ကူညီခဲ့တာလို့ ထင်ခဲ့မိပေမဲ့ ငါ မှားသွားတာပဲ။ သူကလည်း တခြားသူတွေလိုပါပဲ။ ရုပ်ဝတ္ထု ဆုလာဘ်တွေကိုပဲ လိုချင်နေတာပဲ’ သူမက တွေးနေမိသည်။

သူမသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက် ခေါင်းမော့လိုက်၏။

“မှန်ပါတယ်။ ရှင် ကျွန်မတို့ အသက်ကို ကယ်ခဲ့တာပဲ။ ဒီနိုင်ငံရဲ့ မင်းသမီးတစ်ပါးအနေနဲ့ တော်ဝင်မိသားစုအပေါ် ရှင့်ရဲ့ ကျေးဇူးကို ကျွန်မတို့ မမေ့ပါဘူး။ ရှင့်ရဲ့ အကူအညီအတွက် ဘာပြန်လိုချင်လဲဆိုတာ ပြောပါ။ စည်းစိမ်ဥစ္စာလား၊ ရွှေလား။ လှပတဲ့ အိမ်ကြီးနဲ့ အစေအပါးတွေလား။ မိန်းမလှလေးတွေလား။ ဒါမှမဟုတ် အုပ်ချုပ်ရေးမှာ ရာထူးတစ်ခု လိုချင်တာလား။ ကျွန်မတို့ အသက်အတွက် ရှင်တောင်းသမျှကို ပေးပါ့မယ်” သူမက မည်သည့် ခံစားချက်မျှ မပါသော လေသံဖြင့် ဆိုလိုက်၏။

“ဟူး... ကျွန်တော့်မှာ အဲဒီလို ကြီးကျယ်တဲ့ အိပ်မက်တွေ မရှိပါဘူး။ ရွှေလည်း မလိုချင်သလို အာဏာလည်း မလိုချင်ပါဘူး။ အစေအပါးတွေရော အုပ်ချုပ်ရေး ရာထူးတွေပါ စိတ်မဝင်စားပါဘူး။ ကျွန်တော် လိုချင်တာက မင်းသားနဲ့ မင်းသမီးဆီက ခွင့်ပြုချက် တစ်ခုပါပဲ” လုံချန်းက ပြန်ဖြေသည်။

‘ကျွန်မတို့ဆီက ခွင့်ပြုချက် ဟုတ်လား။ သူက... မဟုတ်မှလွဲရော၊ ငါတို့ အသက်ကို ကယ်ခဲ့တဲ့အတွက် ငါတို့ကို လက်ထပ်ဖို့ တောင်းဆိုချင်တာလား။ တကယ့်ကို စက်ဆုပ်စရာကောင်းတဲ့ လူပဲ။ သူ့ကို ငါ တကယ် အထင်ကြီးမိသွားတာပဲ’ လုံချန်း၏ စကားကို ကြားသောအခါ မင်းသမီး၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်သွားတော့သည်။

“ကောင်လေး၊ စကားကို ဆင်ခြင်ပြီး ပြောစမ်း။ လူဆိုတာ စောင်နဲ့ အညီ ခြေပစ်ရတယ်ဆိုတာ အမြဲ သတိထားရမယ်။ အမှားကြီးမှားပြီး အအေးမိ သေမသွားစေနဲ့ဦး” မင်းသားက သူ၏ အစ်မကဲ့သို့ပင် အထင်မှားလျက် လုံချန်းကို သတိပေးလိုက်၏။

“ဟူး... ဒါက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြံပေးချက်ပဲ။ ဒါပေမဲ့ ကျွန်တော် ဘာလိုအပ်တယ်၊ ဘာမလိုအပ်ဘူးဆိုတာကို ကျွန်တော် အသေအချာ သိပါတယ်။ ကျွန်တော် လိုချင်တာက ခင်ဗျားတို့ ရှဲ့ မျိုးနွယ်စုကို ဝင်တိုက်တဲ့အခါ အတူတူ လိုက်ပါခွင့် ရဖို့ပါပဲ။ ရှဲ့ မျိုးနွယ်စုထဲမှာ ကျွန်တော့်အတွက် အရေးကြီးတဲ့ လူတစ်ယောက်ကို သတ်ခဲ့တဲ့ ရန်သူတစ်ယောက် ရှိနေတယ်။ သူ့ကို ကျွန်တော့်လက်နဲ့ပဲ သတ်ပစ်ချင်လို့ပါ။ အဲဒါကြောင့် ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့ချင်တာပါ၊ အဲဒီလူက ခင်ဗျားတို့ စစ်တပ်လက်ချက်နဲ့ မသေသွားစေဖို့အတွက်ပါပဲ” လုံချန်းက ပြန်လည် ဖြေကြားလိုက်လေသည်။

အခန်း (၈၂၈) အသက်

“ဟင်... ဒါဆို မင်းက ရန်သူတစ်ယောက်ကို သတ်ဖို့အတွက် ငါတို့နဲ့ လိုက်ချင်တာပဲ ရှိတာလား။ တကယ်ပြောတာလား။ မင်း စည်းစိမ်ဥစ္စာဖြစ်ဖြစ် အာဏာဖြစ်ဖြစ် ကြိုက်တာတောင်းလို့ ရပါလျက်နဲ့ ဒီအခွင့်အရေးကို အလဟဿ အဆုံးရှုံးခံတော့မလို့လား” လုံချန်း၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ မင်းသားက အံ့အားသင့်တကြီး အော်ဟစ်လိုက်မိ၏။

“ကျွန်တော်က ဒီနိုင်ငံမှာ အခြေချမှာမဟုတ်တဲ့အတွက် ငွေကြေးဆိုတာ ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး။ ရတနာတွေနဲ့ ပတ်သက်ရင်လည်း ကျွန်တော့်မှာ လောဘမရှိပါဘူး၊ အခု ကျွန်တော့်မှာ ရှိနေတာလေးတွေနဲ့တင် ကျေနပ်ပါတယ်။ အာဏာနဲ့ ပတ်သက်ရင်လည်း ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်စွမ်းအားကိုပဲ ရှာဖွေနေတာပါ။ ကျွန်တော် အလိုရှိတဲ့ စွမ်းအားဆိုတာ ခင်ဗျားတို့ ပေးနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ရာထူးတစ်ခု ဒါမှမဟုတ် ကျင့်ကြံခြင်းဆိုင်ရာ အထောက်အပံ့ နည်းနည်းကနေ ရလာမယ့် အာဏာဆိုတာ ကျွန်တော့်အတွက် အလကားပါပဲ။ ကျွန်တော့်ရဲ့ ခရီးလမ်းက ဒီထက်အများကြီး ပိုဝေးပါသေးတယ်” လုံချန်းက ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။

“ကျွန်တော့်သူငယ်ချင်းသာ ဒီမှာ အကျဉ်းကျမနေဘူးဆိုရင် ကျွန်တော် ဒီနိုင်ငံမှာ ခဏတောင် ရပ်နားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ဒီဆန္ဒတစ်ခုတည်းကိုပဲ ဖြည့်ဆည်းပေးဖို့ ကျွန်တော် လိုလားပါတယ်။ ရှဲ့ မျိုးနွယ်စုထဲကို ဘာအတားအဆီးမှ မရှိဘဲ ဝင်ခွင့်ပေးပါ” သူက ဆက်ပြောလေသည်။

“စိတ်ဝင်စားဖို့ ကောင်းတာပဲ။ အဲဒီလူကို သတ်ဖို့က မင်းအတွက် တကယ့်ကို အရေးကြီးပုံရတယ်။ တကယ်လို့ ငါက သဘောမတူဘူးဆိုရင်ကော။ ရှဲ့ မျိုးနွယ်စုက ငါ့အစ်မကို ဖမ်းဆီးပြီး ထောင်ချခဲ့တာ။ ငါတို့မှာလည်း ငါတို့ရဲ့ ကလဲ့စားချေမှုအတွက် သူတို့အားလုံးကို သတ်ပစ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်။ ငါတို့က ဘာလို့ မင်းအတွက် တစ်ယောက် ချန်ထားပေးရမှာလဲ။ ငါတို့သာ သဘောမတူဘူးဆိုရင် မင်း ဘာလုပ်မှာလဲ” မင်းသားက မေးခွန်းထုတ်ရင်း သူ၏ အရှိန်အဝါ အချို့ကို ထုတ်လွှတ်ကာ လုံချန်းအား ဖိအားပေးရန် ကြိုးစားလိုက်၏။

အကယ်၍ သာမန်လူတစ်ယောက်သာဆိုလျှင် ဤအချိန်တွင် ဒူးထောက်နေလောက်ပြီ ဖြစ်သည်။ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများပင်လျှင် ထိုပြင်းထန်သော အရှိန်အဝါအောက်၌ ချွေးပျံနေကြလိမ့်မည်။ သို့သော် လုံချန်းမှာမူ ထူးခြားနေ၏။ သူသည် ထိုအရှိန်အဝါကို လုံးဝ မခံစားရသကဲ့သို့ပင် အလွန်အေးအေးဆေးဆေး ရှိနေလေသည်။

မင်းသားမှာ အံ့သြသွား၏။ လုံချန်းတွင် ကျင့်ကြံခြင်း စွမ်းအား သိပ်မရှိဟု သူ ထင်မှတ်ထားခဲ့သော်လည်း လုံချန်း၏ ဂရုမစိုက်သော အမူအရာကြောင့် သူ၏ အထင်ကို ပြန်လည်သုံးသပ်ရတော့သည်။

“မင်းသား... ကျွန်တော် ခင်ဗျားဆီက ခွင့်ပြုချက် တောင်းတာဟာ ခွင့်ပြုချက်မရဘဲ မဝင်နိုင်လို့ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင် ကျွန်တော်သာ အလိုရှိရင် အထဲကိုရော အပြင်ကိုပါ အလွယ်တကူ ဝင်ထွက်နိုင်ပြီး ခင်ဗျားတို့ လူတွေ ဘယ်သူမှ ကျွန်တော့်ကို တားနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ခွင့်ပြုချက် တောင်းတာဟာ ခင်ဗျားက ဒီနိုင်ငံကို အုပ်ချုပ်တဲ့ တော်ဝင်မိသားစုက ဖြစ်နေလို့ပါ၊ ဒီလို ကိစ္စမျိုးမှာ မလုပ်ခင် ခွင့်တောင်းတာဟာ ယဉ်ကျေးပျူငှာမှု တစ်ခုပဲလေ။ ခင်ဗျားတို့ရဲ့ နယ်မြေမှာ ခင်ဗျားတို့ရဲ့ အချုပ်အခြာအာဏာကို ကျော်လွန်ပြီး မလုပ်ချင်ရုံသက်သက်ပါ” လုံချန်းက အလျှော့မပေးဘဲ ပြန်ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ခင်ဗျား သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ရလဒ်ကတော့ အတူတူပါပဲ။ ကွာခြားသွားမယ့် တစ်ခုတည်းသော အရာကတော့ ခင်ဗျားက ကျွန်တော့်ကို စတင်မုန်းတီးလာမယ်။ တော်ဝင်မိသားစုက ကျွန်တော့်နောက်ကို လူတွေ လွှတ်လိမ့်မယ်။ ဒီနိုင်ငံရဲ့ အဆင့်အတန်းအရ ကြည့်ရင်တော့ အဲဒါက ကျွန်တော့်အတွက် ဘာမှ ခြိမ်းခြောက်မှု မရှိပါဘူး။ ဒုတိယအချက်ကတော့... မင်းသားတစ်ပါးအနေနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်လို့ ကတိပေးထားပြီးမှ ဒီလောက် လွယ်ကူတဲ့ ဆန္ဒလေးကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် ခင်ဗျားရဲ့ ဂုဏ်သိက္ခာတွေ အားလုံး ဆုံးရှုံးသွားလိမ့်မယ်။ ဆုံးဖြတ်ချက်ကိုတော့ ခင်ဗျားဆီမှာပဲ ထားလိုက်ပါ့မယ်” သူက ဆက်ပြောလေသည်။

စကားပြောနေစဉ်မှာပင် လုံချန်းသည် သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံသာမက အသုံးမပြုသည်မှာ ကြာပြီဖြစ်သော ကောင်းကင် ခြုံလွှာကိုပါ အသုံးပြုလိုက်၏။

၎င်းမှာ သူ၏ အစစ်အမှန် ကျင့်ကြံခြင်း အဆင့်ထက် အဆင့်ကြီး တစ်ဆင့် ပိုမို မြင့်မားနေသကဲ့သို့ အခြားသူများ မြင်တွေ့စေရန် ဖန်တီးနိုင်သော ပညာရပ်တစ်ခု ဖြစ်သည်။

“ကောင်း... ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူလား။ မင်းက မင်းရဲ့ စွမ်းအားတွေကို တကယ် ဖုံးကွယ်ထားတာပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုလုပ် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ ဖြစ်နေနိုင်တာလဲ။ ဪ... ငါ သိပြီ။ မင်းက ငယ်ရုပ်ဆင်အောင် တစ်ခုခု သုံးထားတဲ့ မိစ္ဆာအိုကြီး တစ်ယောက် ဖြစ်ရမယ်။ ဟက်... မင်း ဒီလောက်အထိ ထောင်လွှားနေတာ မဆန်းပါဘူး။ မင်းမှာ အဲဒီလို လုပ်ပိုင်ခွင့် ရှိတာကိုး” မင်းသားက အံ့သြသွားပြီးနောက် ရေရွတ်လိုက်၏။ “ငါတို့နိုင်ငံမှာလည်း ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတွေ ရှိတာပဲ၊ ဒါကြောင့် ဒီလောက်လေးနဲ့တော့ ငါ့ကို ခြိမ်းခြောက်လို့ ရမယ်မထင်နဲ့”

“ကျွန်တော် ခင်ဗျားကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း ပြောပြနေတာပါ။ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ခင်ဗျားဆီမှာပဲ ထားလိုက်ပါ့မယ်” လုံချန်းက ပြန်ဖြေသည်။

‘ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ ဟုတ်လား။ ဟူး... ဒါဆိုရင်တော့ သူ ဘာဆုလာဘ်မှ မလိုချင်တာ မဆန်းပါဘူး။ ဒီလောက် မြင့်မားတဲ့ အဆင့်ရှိနေတာပဲ၊ ဘယ်နိုင်ငံမှာမဆို မြင့်မားတဲ့ ရာထူးတစ်ခုကို သူ အလွယ်တကူ ရနိုင်တာပဲလေ။ သူက ငါ့ကို ကူညီဖို့ ဒါမှမဟုတ် လှည့်စားဖို့ လိုမှာ မဟုတ်ဘူး။ ဒါဆို သူက တကယ့်ကိုပဲ ဘာဆုလာဘ်မှ မမျှော်လင့်ဘဲ ငါ့ကို စေတနာနဲ့ ကူညီခဲ့တာပေါ့။ သူ့ကို အထင်မှားခဲ့မိတာ တကယ့်ကို ရှက်ဖို့ကောင်းလိုက်တာ’ မင်းသမီးက လုံချန်းကို အံ့သြတုန်လှုပ်သော မျက်ဝန်းများဖြင့် ကြည့်ရင်း တွေးနေမိသည်။

‘သူက တကယ်ပဲ မိစ္ဆာအိုကြီး တစ်ယောက်လား။ ခဏလေးဦး... ကျီရှန်က သူ့ကို ရွယ်တူတွေလိုမျိုး အေးအေးဆေးဆေး စကားပြောနေတာပဲ၊ တကယ်တော့ ကျီရှန်က ပိုတောင် ငယ်သေးတယ်။ ကျီရှန်ကို တော်ဝင်သင်တန်းသား အစီအစဉ်ထဲ ဝင်ခွင့်မပေးခင်မှာ သူ့ရဲ့ အရိုးတွေကို ငါတို့ စစ်ဆေးခဲ့ဖူးတယ်။ တကယ်လို့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေဆိုရင် သူတို့ အသက်က သိပ်ကွာမှာ မဟုတ်ဘူး။ ဒါဆို သူက တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလှည့်ကွက်မှ မသုံးဘဲ ကောင်းကင်ဘုံ အဆင့် ရောက်နေတာလား။ ဒီလောက် ငယ်တဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူဆိုတာ... သူက ပါရမီရှင်ပဲ။ သူက အဆင့်မြင့်တဲ့ နိုင်ငံတွေက ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ သူ ဘာမှ မလိုချင်တာ မဆန်းပါဘူး။ ငါတို့ ပေးနိုင်တဲ့ အရာတွေက သူ့အတွက် ဘာမှ မဟုတ်လောက်ဘူး’

မင်းသမီး၏ အတွေးများမှာ လုံချန်းထံတွင်သာ ရှိနေပြီး သူ၏ လျှို့ဝှက်ချက်များကို နားလည်ရန် ကြိုးစားနေမိသည်။

“ကဲ... ခင်ဗျား ဘာဆုံးဖြတ်လိုက်လဲ။ ကျွန်တော်တို့ လိုက်လို့ ရမလား၊ မရဘူးလား” လုံချန်းက မေးလိုက်၏။

“ကျွန်တော်တို့ ဟုတ်လား။ မင်းနဲ့အတူ တခြား ဘယ်သူ ပါသေးလို့လဲ” မင်းသားက စပ်စုလိုက်သည်။

“ဒီမှာ ပိတ်လှောင်ခံထားရတဲ့ ကျွန်တော့် သူငယ်ချင်းပါပဲ။ သူ ဘာလို့ လိုက်ချင်ရလဲဆိုတာကို ခင်ဗျား နားလည်နိုင်မှာပါ” လုံချန်းက ကျီရှန်ဖြစ်ကြောင်း မပြောဘဲ ပြန်ဖြေလိုက်၏။

“ကောင်းပြီလေ။ မင်းနဲ့ မင်းရဲ့ သူငယ်ချင်း ငါတို့နဲ့အတူ အထဲကို လိုက်နိုင်တယ်လို့ ငါ ကတိပေးပါတယ်။ ဒါပေမဲ့ ငါတို့ ကိစ္စတွေထဲမှာတော့ ဝင်မရှုပ်နဲ့” မင်းသားက သဘောတူလိုက်လေသည်။

သူသည် လုံချန်းနှင့် စကားပြောခြင်းကို ရပ်လိုက်ပြီး သူ၏ စစ်တပ်ဘက်သို့ အာရုံပြောင်းလိုက်၏။

“စစ်သည်တော်တို့၊ ဒီနေ့ ငါတို့ ဒီကို ရောက်နေတာဟာ တော်ဝင်မိသားစုကို ဆန့်ကျင်ရဲတဲ့ သစ္စာဖောက် ရှဲ့ မျိုးနွယ်စုကို သုတ်သင်ဖို့ ဖြစ်တယ်။ ဘယ်သူ့ကိုမှ မဖမ်းဆီးရဘူး။ မင်းတို့ မြင်သမျှ လူတိုင်းကို သတ်ပစ်။ မိန်းမဖြစ်ဖြစ် ယောကျ်ားဖြစ်ဖြစ် ဂရုမစိုက်နဲ့။ ရှဲ့ မျိုးနွယ်စုက ဘယ်သူမှ ဒီနေရာကနေ အသက်ရှင်ပြီး ထွက်မသွားစေရဘူး” မင်းသားက အမိန့်ပေးလိုက်လေသည်။

မင်းသားက စစ်တပ်ကို အမိန့်ပေးနေစဉ်မှာပင် မင်းသမီးသည် လုံချန်းအနားသို့ တိုးကပ်လာပြီး မေးလိုက်သည်။ “ရှင် တကယ်တော့ အသက် ဘယ်လောက်ရှိပြီလဲ”

“ကျွန်တော့် အသက်လား။ ကျွန်တော် ရေတွက်တာ ရပ်လိုက်တာ ကြာပါပြီ” လုံချန်းက သက်ပြင်းချရင်း ပြန်ဖြေသည်။

‘သွေးမျိုးဆက် ကျောင်းတော်တွေရဲ့ စမ်းသပ်မှုတွေထဲကို ဝင်ရောက်ခဲ့ရတာဆိုတော့ ငါ့ရဲ့ အချိန်အပေါ် ခံစားချက်တွေက ရှုပ်ထွေးကုန်ပြီ’ သူက တွေးနေမိသည်။

‘ရေတွက်တာ ရပ်လိုက်တာ အကြာကြီး ရှိပြီ ဟုတ်လား။ ဒါဆို သူက တကယ်ပဲ မိစ္ဆာအိုကြီး တစ်ယောက်ပေါ့’ မင်းသမီးက သူ၏ စကားကို ကြည့်ကာ မှတ်ချက်ချလိုက်၏။

“ခန့်မှန်းခြေ ပြောရမယ်ဆိုရင်တော့ အခုအချိန်မှာ ကျွန်တော် အသက် နှစ်ဆယ်ပါ” လုံချန်း၏ အဖြေစကားက မင်းသမီးကို မှင်တက်သွားစေတော့သည်။

‘ဘာတွေလဲ၊ သူက ဒီလောက်တောင် ငယ်တာလား။ အသက် နှစ်ဆယ်ပဲ ရှိသေးတယ် ပြောပြီးတော့မှ ရေတွက်တာ ရပ်လိုက်တာ ကြာပြီတဲ့လား။ လူကြီးမင်းရာ... ရှင် အသက် နှစ်နှစ်သားမှာတင် သူတော်စင် ဖြစ်ခဲ့ပါတယ်လို့ပဲ ပြောလိုက်ပါတော့လား’ မင်းသမီးက အားနာစွာ ပြုံးလျက် တွေးလိုက်မိသော်လည်း သူ၏ စကားကိုတော့ သူမ ယုံကြည်နေမိလေသည်။

All Chapters