အခန်း (၈၂၉-၈၃၀)
Vol. 82 Ch. 829-830
အခန်း (၈၂၉) မိသွားပြီလား
လုံချန်းသည် ဤမျှ ငယ်ရွယ်သူဖြစ်ကြောင်း သိလိုက်ရသောအခါ မင်းသမီးမှာ မှင်တက်သွားရရှာသည်။ အကယ်၍ သူ ပြောသည်မှာ အမှန်ဆိုလျှင် သူသည် သူမ တစ်သက်တာတွင် တွေ့ဖူးသမျှ အငယ်ဆုံးသော ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်ပေလိမ့်မည်။ သူမ တွေ့ဖူးသမျှ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ အများစုမှာ အသက် တစ်ရာကျော်အောင် နေထိုင်ကျင့်ကြံပြီးမှသာ ထိုအဆင့်သို့ ရောက်ရှိကြသူများ ဖြစ်သည်။ သို့သော် လုံချန်းကမူ အသက် နှစ်ဆယ်အရွယ်၌ပင် ထိုအရာအားလုံးကို အောင်မြင်ပြီးမြောက်နေပြီ မဟုတ်လော။
“ရှင် တကယ်ပြောနေတာလား” သူမက သေချာစေရန် ထပ်မံမေးမြန်းလိုက်၏။
“ကျွန်တော် ခင်ဗျားကို ဘာလို့ လိမ်ရမှာလဲ။ ခင်ဗျား အထင်ကြီးအောင် လုပ်ဖို့လည်း မလိုသလို ဒါက သိပ်ပြီးတော့လည်း ထူးခြားတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်တော့်ထက် အသက်ငယ်တဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတွေ အများကြီး ရှိနေမှာပါ။ ဒါက လိမ်ပြောရလောက်အောင် အထူးအဆန်း မဟုတ်ပါဘူး” လုံချန်းက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
သူသည် မိမိကိုယ်မိမိ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ မဟုတ်ကြောင်းကို အဆင်ပြေပြေပင် ဖုံးကွယ်ထားခဲ့ပြီး မင်းသားအား ပိုမို ခြိမ်းခြောက်နိုင်ရန်အတွက် ဆက်လက် လိမ်ညာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူများမှာ ပိုမို ရိုသေလေးစားမှုကို ရရှိကြသည် မဟုတ်လော။ ထို့ပြင် ဤမျှ ငယ်ရွယ်သော ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ဦးကို မည်သူကမျှ ရန်သူအဖြစ် မသတ်မှတ်ရဲကြပေ။ အထူးသဖြင့် သူ တောင်းဆိုနေသည်မှာ သူတို့နှင့်အတူ လိုက်ပါခွင့် ရရှိရန်သာ ဖြစ်နေသည် မဟုတ်လော။
“ဒါလည်း ဟုတ်တာပါပဲ” မင်းသမီးက ခေါင်းညိတ်လျက် ဆို၏။
“ပြီးခဲ့တဲ့ အခေါက်က ရှင် ကျွန်မကို ကယ်တုန်းက မမေးဖြစ်လိုက်ဘူး။ ရှင့်နာမည်က ဘယ်သူလဲ၊ ရှင်က ဘယ်က လာတာလဲဟင်” သူမက မေးလိုက်သည်။
“ကျွန်တော့်နာမည်က လုံချန်းပါ။ ဘယ်က လာသလဲဆိုတာကတော့ လျှို့ဝှက်ချက်ပဲ ထားလိုက်ပါရစေ။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ဘဝအကြောင်းတွေနဲ့ ကျွန်တော့်ရဲ့ နောက်ခံ အရှိန်အဝါတွေကို အသုံးမချချင်လို့ပါ။ ကျွန်တော်က ဒီကို ခဏရောက်လာရင်းနဲ့မှ ဒီမှာ ပိတ်လှောင်ခံထားရတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း သိလိုက်ရတဲ့ ကျင့်ကြံသူ တစ်ယောက်ပါပဲ။ ဒီလောက်ပဲ သိထားရင် လုံလောက်ပါပြီ” လုံချန်းက ပြန်ဖြေလိုက်ရာ ထိုမိန်းကလေးအတွက် သူ၏ နောက်ခံမှာ ပိုမို လျှို့ဝှက်ဆန်းကြယ်သွားတော့သည်။
သူ အသုံးပြုလိုက်သော စကားလုံးများမှာ သူမအနေနှင့် သူ့ကို အစွမ်းထက်သော မိသားစုကြီးတစ်ခုမှ လာသူဟု ယုံကြည်သွားစေရန် အထူး စီမံထားခြင်း ဖြစ်သည်။
“ကောင်းပါပြီ။ ရှင့်ကို အတင်းအကျပ် မမေးတော့ပါဘူး။ ရှင့်နာမည်ကို ပြောပြတာနဲ့တင် ကျွန်မ ဝမ်းသာလှပါပြီ။ ဒါပေမဲ့ ရှင်က ကျွန်မနာမည်ကိုရော မမေးတော့ဘူးလား” မင်းသမီးက လုံချန်းကို မေးလိုက်၏။
“အဲဒါက ကျွန်တော့်အတွက် ဘာထူးမှာမို့လို့လဲ” လုံချန်းက ထိုမိန်းကလေးကို ပြန်မေးလိုက်သည်။ “ကျွန်တော် သိထားဖို့ လိုတာက ခင်ဗျားဟာ ဒီနိုင်ငံရဲ့ မင်းသမီး ဆိုတာပါပဲ။ ဒီနေ့ ကိစ္စတွေ ပြီးသွားရင် ကျွန်တော် ထွက်သွားတော့မှာပါ၊ ပြီးရင် ကျွန်တော်တို့ နောက်တစ်ခါ ထပ်ဆုံကြမှာ မဟုတ်တော့ဘူး”
‘ဟူး... ရှင်ကတော့ တကယ့်ကို ပျင်းစရာကောင်းတာပဲ။ ဘဝကို နည်းနည်းလောက် ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းတတ်ဘူးလား။ ရှင့်မှာ ဇနီးရှိတယ် ဆိုပေမဲ့ တခြား မိန်းကလေးတွေကို သေသေချာချာ စကားပြောလို့ မရဘူးလား’ မင်းသမီးက အားနာစွာ ပြုံးလျက် တွေးနေမိသည်။
လုံချန်းကမူ သူမကို ပြန်မဖြေတော့ဘဲ ရှဲ့ မျိုးနွယ်စုဘက်သို့သာ စိုက်ကြည့်နေလိုက်၏။
“ဒီကမ္ဘာပေါ်မှာ ရှင့်လို သစ္စာရှိတဲ့လူတွေ ရှိနေသေးတာကို ကျွန်မ အံ့သြမိပါတယ်။ အစွမ်းထက်တဲ့ လူအများစုမှာ ဇနီး တစ်ယောက်ထက်မက ရှိတတ်ကြတာပဲလေ။ တကယ်လို့ မရှိရင်တောင် တွေ့သမျှ မိန်းကလေးတိုင်းကို လိုက်ပြီး စနောက်တတ်ကြတာပဲ။ ရှင်ကတော့ သူတို့နဲ့ တခြားစီပါပဲ။ ဒုတိယ ဇနီးတစ်ယောက် ယူဖို့ နေနေသာသာ ကိုယ့်ဇနီးကလွဲရင် တခြား မိန်းကလေးတွေကိုတောင် သေသေချာချာ စကားမပြောဘူး။ ရှင်က တကယ်ကို သစ္စာရှိတာပဲ” မင်းသမီးက လုံချန်းကို ချီးကျူးလိုက်သည်။
အဟွတ်... အဟွတ်
သူမ၏ စကားကို ကြားလိုက်ရသောအခါ လုံချန်းမှာ အပြင်းအထန် ချောင်းဆိုးမိတော့သည်။ သူမ မည်သို့ ပြောနေသနည်း။ သစ္စာရှိခြင်းသည်လော။ ဇနီး တစ်ယောက်တည်း ရှိသည်လော။ သူ့တွင် ဇနီး တစ်ယောက်ထက်မက အများကြီး ရှိနေသည်ကို သူမအား မည်သူက ပြောပြမည်နည်း။ သူက ဇနီးအသစ်များကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူသလို ခေါ်လာနေသဖြင့် ဇနီးများ၏ လက်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်နေသည် မဟုတ်လော။
“ရှင် အဆင်ပြေရဲ့လား” လုံချန်း ချောင်းဆိုးနေသည်ကို မြင်သောအခါ မင်းသမီးက သူ၏ ကျောအား အသာအယာ ပွတ်ပေးလိုက်၏။
“အဟမ်း... ကျွန်တော် အဆင်ပြေပါတယ်။ ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့ ကျွန်တော် မေးစရာ တစ်ခု ရှိတယ်” လုံချန်းက မေးလိုက်သည်။
“မေးပါရှင်။ ရှင် ကျွန်မကို အများကြီး ကူညီခဲ့တာပဲ။ ကြိုက်တာမေးပါ၊ ကျွန်မ အကောင်းဆုံး ဖြေပေးပါ့မယ်” မင်းသမီးက ပြန်ဖြေ၏။
“အထဲမှာ ပိတ်လှောင်ခံထားရတဲ့ ကျွန်တော့် သူငယ်ချင်းက ဘယ်သူလဲဆိုတာ ခင်ဗျား သိလား” လုံချန်းက မေးလိုက်သည်။
သူသည် မင်းသား၏ အနာဂတ် စေ့စပ်ထားသူနှင့်အတူ ထွက်ပြေးခဲ့သော ကျီရှန်အကြောင်းအား သူမ သိသည်လားဆိုသည်ကို သိချင်နေခြင်း ဖြစ်သည်။
သူသည် ထိုဘက်သို့ စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်ခြင်း ဖြစ်သော်လည်း သူ၏ မေးခွန်းတစ်ခုက မိမိကိုယ်မိမိ ကျင်းတူးမိသကဲ့သို့ ဖြစ်သွားမည်ကိုမူ သူ မသိခဲ့ပါချေ။
“ဪ... သိတာပေါ့။ သူ့ကို တော်ဝင် တက္ကသိုလ် သင်တန်းသား ရွေးချယ်ပွဲမှာ ကျွန်မ တွေ့ခဲ့ဖူးတယ်။ သူက တခြား တိုက်ကြီးတစ်တိုက်က လာတဲ့ နိုင်ငံခြားသား ကျီရှန် မဟုတ်...” မင်းသမီးက ပြန်ဖြေနေရင်းမှ ရုတ်တရက် ရပ်သွား၏။
လုံချန်း ဤနေရာတွင် ရှိနေသည်ကို သူမ အံ့သြသွားဟန် တူလေသည်။
“ခဏလေးဦး... သူက အဆင့်နိမ့် တိုက်ကြီးတစ်တိုက်က လာတာဖြစ်ပြီး ဒီကို ရောက်ရောက်ချင်းမှာပဲ ကျွန်မတို့က သူ့ကို ရွေးချယ်ခဲ့တာလေ။ အဲဒါကို သူက ရှင့်ရဲ့ အခင်ဆုံး သူငယ်ချင်း ဘယ်လိုလုပ် ဖြစ်နေတာလဲ။ သူက တခြား အဆင့်မြင့်တဲ့ နိုင်ငံတွေကိုလည်း မသွားခဲ့ဖူးသလို ရွေးချယ်ခံရပြီးကတည်းက ကျွန်မတို့ လူတွေရဲ့ အကြည့်အောက်ကနေ တစ်ဖက်မှ မခွာခဲ့ဘူးလေ။ ရှင့်တို့ သူငယ်ချင်းဖြစ်တာက ခဏတဖြုတ် ခင်တဲ့ပုံမျိုး မဟုတ်ဘဲ အကြာကြီး သိလာတဲ့ပုံမျိုး ဖြစ်နေတယ်။ ဒါဆိုရင် ရှင်ကလည်း... အဆင့်နိမ့် တိုက်ကြီးကပဲ လာတာလား” သူမက သိရှိသွားသော အမူအရာဖြင့် မေးလိုက်၏။
လုံချန်းမှာ မှင်တက်သွားရသည်။ သူမက ဤမျှအထိ တိကျပြီး ထက်မြက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
“အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ဒီတိုက်ကြီးမှာပဲ ဆုံခဲ့တာပါ။ ဘယ်လို ဆုံလဲ ဘယ်တုန်းက ဆုံလဲဆိုတာကတော့ ခင်ဗျားကို ရှင်းပြဖို့ မလိုအပ်ဘူး ထင်ပါတယ်။ အခု ကျွန်တော့် မေးခွန်းကိုပဲ ဖြေပေးပါဦး။ သူဟာ ခင်ဗျားရဲ့ မောင်နဲ့ စေ့စပ်ရမယ့် မိန်းကလေးကို ခေါ်ပြီး ထွက်ပြေးခဲ့တဲ့သူဆိုတာ ခင်ဗျား သိလား” သူက စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်သည်။
‘ဖြစ်နိုင်တာကတော့ ငါ မှားနေတာလည်း ဖြစ်မှာပါ။ တစ်ခါတလေ လူတွေက မြန်မြန်ဆန်ဆန် ခင်သွားတတ်ကြတာပဲလေ။ ငါတို့ လူတွေကလည်း သူ စမ်းသပ်ပွဲ အောင်ပြီးမှပဲ သူ့ကို ရွေးချယ်ခဲ့တာ။ လုံချန်းက အဲဒီမှာ ရှိနေပြီး သူငယ်ချင်း ဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ။ ဟုတ်တာပေါ့... ဒီလောက် အစွမ်းထက်ပြီး ပါရမီရှိတဲ့လူက ဘယ်လိုလုပ် အဆင့်နိမ့် တိုက်ကြီးက လာမှာလဲ။ ငါကတော့ တကယ့် အရူးပါပဲ’ မင်းသမီးက လုံချန်း၏ စကားကို ကြားသောအခါ တွေးလိုက်မိသည်။
“ကျွန်မကတော့ သူ့အကြောင်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ မောင်ကတော့ မသိဘူး။ သူက ကျီရှန်ကို တစ်ခါမှ မမြင်ဖူးဘူးလေ။ တကယ်လို့ ရှင်က ရှင့်သူငယ်ချင်းကို မြင်ရင် သူ ဒေါသထွက်မှာကို စိုးရိမ်နေတာဆိုရင်တော့ မစိုးရိမ်ပါနဲ့။ ရှင့်သူငယ်ချင်းရဲ့ နာမည်ကို ထုတ်မပြောသရွေ့တော့ သူ သိမှာ မဟုတ်ပါဘူး” မင်းသမီးက ပြုံးလျက် ပြန်ဖြေသည်။
“ဪ... ဒါနဲ့ ကျွန်မနာမည်က ကျူးကိုင်နီပါ။ ရှင်က မမေးတော့လည်း ကျွန်မဘာသာပဲ မိတ်ဆက်လိုက်ရတာပေါ့။ ကျွန်မ မောင် နာမည်ကတော့ ကျူးကောင်ပါ” သူမက ပြုံးလျက် ဆက်ပြောလေသည်။
“သိရတာ ဝမ်းသာပါတယ်။ တိုက်ခိုက်မှု စတော့မယ့်ပုံပဲ။ ကျွန်တော့် သူငယ်ချင်းကို သွားခေါ်လိုက်ဦးမယ်” လုံချန်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
သူသည် ကျီရှန်ထံသို့ ပြန်သွားပြီး သူ့ကို မင်းသမီးထံသို့ ခေါ်ဆောင်လာခဲ့၏။ ကျူးကိုင်နီသည် ကျီရှန်နှင့် တွေ့သည်နှင့် ချက်ချင်းပင် နှုတ်ဆက်လိုက်လေသည်။
နောက်ဆုံးတွင် မင်းသားက စစ်တပ်ကို ဦးဆောင်ကာ တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။
မင်းသမီး၊ လုံချန်းနှင့် ကျီရှန်တို့သည်လည်း စစ်တပ်၏ နောက်ကနေ လိုက်ပါသွားကြ၏။
“ဒီလောက် ကြီးမားတဲ့ မျိုးနွယ်စုထဲမှာ အဲဒီလူကို ရှာရတာ တကယ့်ကို ခက်ခဲလိမ့်မယ်” ကျီရှန်က လုံချန်း၏ ဘေးတွင် လျှောက်ရင်း ညည်းတွားလိုက်သည်။ ဤကိစ္စမှာ တကယ့်ကို ပြဿနာတစ်ခု ဖြစ်လာနိုင်သည်ကို သူ မြင်နေရလေသည်။
အခန်း (၈၃၀) လူသတ်သမား
“ငါသာ မှားမနေဘူးဆိုရင် ငါတို့ရှာနေတဲ့လူက မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ညီဖြစ်ရမယ်။ အဲဒီလိုဆိုရင်တော့ သူက အတော်လေး အစွမ်းထက်မှာပဲ။ သူဟာ မျိုးနွယ်စု ခေါင်းဆောင်ပြီးရင် ဒုတိယအစွမ်းထက်ဆုံးသူဆိုတော့ ဆူညံသံတွေ အကျယ်ဆုံးဖြစ်နေတဲ့နေရာမှာ သူရှိနေဖို့ များတယ်။ ငါတို့က မျိုးနွယ်စုဝင်းထဲမှာပဲနေပြီး သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေရုံပဲ” လုံချန်းက ကျီရှန်၏ ခေါင်းထဲတွင် ချာချာလည်နေသော မေးခွန်းကို အလွယ်တကူပင် ပြန်ဖြေလိုက်၏။
တော်ဝင်စစ်တပ်မှ စစ်သည်များသည် မျိုးနွယ်စုဝင်း၏ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး အချို့မှာမူ အကြီးအကဲအများစု နေထိုင်ရာ မျိုးနွယ်စု၏ ဗဟိုချက်မသို့ ဦးတည်သွားသော ကျူးကောင်နောက်သို့ လိုက်ပါသွားကြသည်။
လုံချန်းသည်လည်း သူတို့နှင့်အတူ ဗဟိုချက်မသို့ လိုက်သွားခဲ့၏။
တော်ဝင်စစ်တပ်နှင့် ရှဲ့ မျိုးနွယ်စုဝင်များအကြား နောက်ထပ် တိုက်ပွဲတစ်ပွဲ စတင်လေတော့သည်။ တော်ဝင်စစ်တပ်တွင် ကောင်းကင် အဆင့် ကျင့်ကြံသူ အများအပြား ပါဝင်သလို ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ အနည်းငယ်ပင် ပါဝင်လေသည်။
ရှဲ့ မျိုးနွယ်စုတွင်မူ မျိုးနွယ်စု ခေါင်းဆောင်နှင့် သူ၏ညီ ဤကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ နှစ်ဦးသာ ရှိခြင်းဖြစ်သည်။ မျိုးနွယ်စု ခေါင်းဆောင်မှာ အသတ်ခံလိုက်ရပြီဖြစ်၍ လုံချန်း ရှာဖွေနေသော သူ၏ညီသာ ကျန်တော့၏။
ထိုသူသည် ဂုဏ်သိက္ခာရှိသော စစ်သည်တော်တစ်ဦးကဲ့သို့ စစ်တပ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိမ့်မည်ဟု လုံချန်း ယုံကြည်ထားသော်လည်း တကယ်တမ်းတွင်မူ ထိုသို့ ဖြစ်မလာခဲ့ပေ။
မျိုးနွယ်စု၏ ကောင်းကင် အဆင့် အကြီးအကဲများမှာ ဟိုတစ်ယောက် သည်တစ်ယောက် အသတ်ခံနေရသော်လည်း မျိုးနွယ်စု ခေါင်းဆောင်၏ညီကိုမူ မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ချေ။
လေထုထဲတွင် တော်ဝင်စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံနေရသော ကျင့်ကြံသူတို့၏ အော်ဟစ်သံများဖြင့် ပြည့်နှက်နေ၏။
သူတို့ထဲမှ အချို့မှာ အပြင်းအထန် ပြန်လည်ခုခံနိုင်ကြသော်လည်း အများစုမှာမူ ရန်သူ၏ရှေ့တွင် တစ်စက္ကန့်ပင် မခံဘဲ အသက်ပျောက်သွားကြရသည်။
လူများ တရစပ် သေဆုံးနေကြသဖြင့် အလောင်းများမှာ မြေပြင်ပေါ်သို့ ဆက်တိုက် ကျဆင်းနေ၏။ သေဆုံးသူ အများစုမှာ ရှဲ့ မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ တော်ဝင်စစ်တပ်ဘက်တွင် ဒဏ်ရာရသူ အချို့ရှိသော်လည်း ပြင်းထန်သော ဒဏ်ရာရရှိသူ တစ်ဦးမျှ မရှိချေ။
လုံချန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဇဝေဇဝါ ဖြစ်လာသည်။ “ဒါတွေ အားလုံး ဖြစ်ပျက်နေတာတောင် သူ အခုထိ ထွက်မလာသေးဘူးလား။ သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင်ကတည်းက သူ ထွက်ပြေးသွားတာလား”
“ရှင် ဘယ်သူ့ကို ရှာနေတာလဲ။ ရှင် သတ်ချင်တဲ့လူကို အခုထိ မတွေ့သေးဘူးလား” လုံချန်း မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ မင်းသမီးက မေးလိုက်၏။
လုံချန်းက ပြန်မဖြေဘဲ နောက်သို့သာ လှည့်ကြည့်လိုက်သည်။ သူသည် မိမိကိုယ်တိုင်ပင် တစ်စုံတစ်ယောက် ပုန်းအောင်းနေခြင်း ရှိမရှိ သိနိုင်ရန် သူ၏ ဝိညာဉ်အာရုံ'ကို ဖြန့်ကျက်လိုက်၏။
သူသည် ကျီရှန်ထံမှ ထိုသူ၏ ခန့်မှန်းခြေ ရုပ်ပုံလွှာကို ရရှိထားပြီး ဖြစ်သည်။ ထိုသူကို သူကိုယ်တိုင် သတ်မည်မဟုတ်သော်လည်း မိမိဘာသာ ရှာဖွေနိုင်စွမ်းရှိသည်ဟု သူ ယုံကြည်ထား၏။
ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သော်လည်း ပုန်းအောင်းနေသူများထဲတွင်ပင် ထိုရုပ်ပုံလွှာနှင့် ကိုက်ညီသူ တစ်ဦးမျှ မရှိပါချေ။
‘သူ ဒီမှာ မရှိဘူး’ ထိုသို့ တွေးကာ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
လုံချန်းသည် သူ၏ ဝိညာဉ်ဓားကို ထုတ်ယူကာ ၎င်းပေါ်သို့ တက်နင်းလိုက်၏။
“မင်းသမီးနဲ့အတူ ဒီမှာပဲ နေခဲ့ပါ။ ငါ ခဏနေရင် ပြန်လာခဲ့မယ်။ ပတ်ဝန်းကျင်ကို သွားကြည့်လိုက်ဦးမယ်” ထိုသို့ ဆိုကာ သူသည် ဓားကိုစီး၍ ပျံသန်းထွက်ခွာသွားလေသည်။
သူသည် အထက်မှ ပျံသန်းရင်း ရှဲ့ မျိုးနွယ်စုဝင်းတစ်ခုလုံးကို သူ၏ ဝိညာဉ်အာရုံဖြင့် ပိုက်စိပ်တိုက် ရှာဖွေလေတော့သည်။
မျိုးနွယ်စုဝင်း၏ အခြားတစ်ဖက် အစွန်းသို့ ရောက်သောအခါ နောက်ဆုံးတွင် သူ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရ၏။ အရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထွက်ပြေးနေပြီး မကြာမီမှာပင် မျိုးနွယ်စု၏ စည်းရိုးအပြင်ဘက်သို့ ခုန်ကျော်သွားလေသည်။
“မိပြီ၊ သူက ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူထက် မနိမ့်နိုင်ဘူး” လုံချန်းက ရေရွတ်ရင်း အရှိန်မြှင့်ကာ ထိုအရိပ်နောက်သို့ မျိုးနွယ်စုဝင်း အပြင်ဘက်အထိ လိုက်ပါသွားတော့သည်။
“သူ ဘယ်ကို ရောက်သွားတာလဲ”
လုံချန်း မျိုးနွယ်စုဝင်းအပြင်သို့ ရောက်သည်နှင့် ထိုသူမှာ ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်၏။ လောလောဆယ်တွင် သူ့ကို မည်သည့်နေရာ၌မျှ ရှာမတွေ့နိုင်တော့ပေ။
“ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပျောက်သွားနိုင်တာလဲ” လုံချန်းက ပတ်ဝန်းကျင်ကို ကြည့်ရင်း အံ့သြနေမိသည်။
“ဒီလောက် အချိန်တိုအတွင်းမှာ သူ အဝေးကြီးတော့ မရောက်နိုင်သေးဘူး။ ဒီနား တစ်ဝိုက်မှာပဲ ရှိနေမှာ သေချာတယ်”
သူသည် ထိုအရိပ် ပြေးသွားသည်ကို တွေ့ခဲ့ရသော အရပ်ဘက်သို့ ပျံသန်းရင်း သူ၏ ဝိညာဉ်အာရုံအား နောက်တစ်ကြိမ် ထပ်မံ ဖြန့်ကျက်လိုက်ပြန်၏။
“ဪ... ဟိုမှာ ရှိနေတာကိုး” တစ်စုံတစ်ခုကို သတိပြုမိလိုက်သောအခါ လုံချန်း၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူသည် အနီးအနားရှိ အိမ်ငယ်လေးတစ်လုံးပေါ်မှ ပျံသန်းနေစဉ် သူ့ကို ပြုံးသွားစေသည့် အရာတစ်ခုအား တွေ့လိုက်ရခြင်း ဖြစ်၏။
သူ ရှာနေသော လူကို ရှာတွေ့သွားသဖြင့် သူ ဝမ်းသာသွားသည်။ အစောပိုင်းက ထိုသူကို မျက်ခြေပြတ်သွားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူ ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
သူ၏ ဝိညာဉ်အာရုံမှ တစ်ဆင့် အိမ်တစ်လုံးအတွင်း ပုန်းနေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို သူ မြင်နေရ၏။
ထိုသူသည် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး သူမ အော်ဟစ်ခြင်း မပြုနိုင်ရန် ပါးစပ်ကို ပိတ်ထားကာ သူမ၏ နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောနေသည်။ ငြိမ်ငြိမ်နေရန် ခြိမ်းခြောက်နေခြင်း ဖြစ်ဟန်တူ၏။
ခဏအကြာတွင် သူသည် ထိုအမျိုးသမီးကို လွှတ်ပေးလိုက်သည်။ အမျိုးသမီးမှာ တုန်ယင်နေသော်လည်း ထွက်ပြေးရန် သို့မဟုတ် အော်ဟစ်ရန် မကြိုးစားဝံ့ပေ။ သူမက ထောင့်တစ်နေရာတွင် ကပ်ထိုင်နေပြီး ထိုသူကမူ ကုတင်ပေါ်တွင် ထိုင်နေ၏။
“ဒီကောင်စုတ်တွေ၊ တော်ဝင်မိသားစုက ငါတို့မျိုးနွယ်စုကို တိုက်ခိုက်ရဲတယ်ပေါ့။ ဒါတွေ အားလုံးက အဲဒီကောင်မလေးကို ထွက်ပြေးခွင့်ပေးလိုက်တဲ့ ကောင်စုတ်တွေကြောင့်ပဲ။ သူတို့သာ မသေသေးရင် ငါကိုယ်တိုင် သတ်ပစ်မိမှာ။ သူတို့တင် မကဘူး၊ ငါ့အစ်ကိုလည်း ပါတာပဲ။ သူက ငါတို့ကို ဘာမှ မပြောဘဲ ထွက်ပြေးရဲတယ်ပေါ့။ ငါ့အစ်ကို ပျောက်သွားတာကိုသာ ငါ မသိလိုက်ရင် ငါလည်း မျိုးနွယ်စုထဲမှာပဲ တယောက်တည်း ကျန်ခဲ့ပြီး အဖမ်းခံရမှာ။ သူ့ကိုသာ ပြန်တွေ့ကြည့်စမ်း၊ အကျိုးအကြောင်း မရှင်းပြမချင်း ငါ သူ့ကို အလွတ်မပေးဘူး” ထိုသူသည် မည်သို့ဆက်လုပ်ရမည်ကို စဉ်းစားရင်း မိမိဘာသာ တတွတ်တွတ် ရေရွတ်နေမိသည်။
လုံချန်းသည် ထိုအိမ်၏ အမိုးပေါ်သို့ ဆင်းသက်လိုက်ပြီး အားဖြင့် အမိုးကို ဖျက်ဆီးကာ အတွင်းသို့ ခုန်ချလိုက်၏။
သူသည် ထိုလူလတ်ပိုင်း အမျိုးသား၏ ခေါင်းပေါ်သို့ တည့်တည့် ဆင်းသက်နိုင်ရန် ချိန်ရွယ်လိုက်ခြင်း ဖြစ်သည်။
ထိုသူသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သော ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ အမိုးပျက်ကျသံကို ကြားသည်နှင့် ချက်ချင်းပင် သူသည် ရွှေ့လျားလိုက်ပြီး အထက်သို့ လက်သီးဖြင့် ထိုးလိုက်လေသည်။
ရွှေရောင် လက်သီးကြီး တစ်လုံးသည် အထက်သို့ ပျံတက်သွားသော်လည်း မည်သူ့ကိုမျှ မထိမှန်ခဲ့ချေ။ အမိုးပျက်သွားသည်နှင့် တပြိုင်နက် လုံချန်းသည် ထိုသူ၏ တိုက်ခိုက်မှုကို တွက်ဆထားပြီး ဖြစ်သဖြင့် သူ၏ နောက်ကျောဘက်သို့ ချက်ချင်းပင် နေရာရွှေ့ပြောင်း လိုက်သောကြောင့် ဖြစ်၏။
ထိုသူက အထက်မှ လာလိမ့်မည်ဟု ထင်မှတ်ထားသော တိုက်ခိုက်မှုအပေါ် အာရုံစိုက်နေစဉ် တိုက်ခိုက်မှုမှာ နောက်ကျောဘက်မှ ရောက်လာလေတော့သည်။
“ဟင်...”
ထိုသူသည် နောက်ကျောဘက်မှ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသော်လည်း လှောင်ပြုံး ပြုံးလိုက်၏။ သူ ရှောင်တိမ်းရန် မကြိုးစားသော်လည်း စိုးရိမ်ပုံမရပေ။
‘ငါက ရွှေသရဖူ သားရဲ ချပ်ဝတ်ကို ဝတ်ထားတာ။ ဒါက မြေကမ္ဘာ အဆင့် အမြင့်ဆုံး ချပ်ဝတ်ပဲ။ ဘုရင်ကိုယ်တိုင် သူ့ရဲ့ ရတနာနဲ့ လာမတိုက်မချင်း ဒါကို ဘယ်သူမှ မဖျက်နိုင်ဘူး’ ထိုသူက တွေးကာ မကြောက်မရွံ့ ရှိနေခြင်း ဖြစ်သည်။
သူသည် မည်သည့်အချိန်ကထက်မဆို ပို၍ ယုံကြည်မှု ရှိနေသော်လည်း သူ၏ ရင်ဘတ်အလယ်မှ ဓားတစ်လက် ထိုးထွက်လာသောအခါတွင်မူ သူ၏ မျက်နှာမှာ ဖြူလျော်သွားတော့၏။ ဓားမှာ သူ၏ နှလုံးသားကို သီသီလေး လွဲသွားခြင်း ဖြစ်သည်။
“ဘ... ဘယ်လို” ထိုသူမှာ အလွန်အမင်း အံ့သြသွားသဖြင့် စက္ကန့်အနည်းငယ်မျှ တုံ့ပြန်ရန်ပင် မေ့လျော့နေမိသည်။ သို့သော် ထိုအချိန်မှာပင် လုံချန်းအတွက် သူ၏ လက်မောင်းများကို ဖြတ်ပစ်ရန် လုံလောက်သော အချိန် ဖြစ်သွားခဲ့၏။
‘ဒီလို လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းကို ငါ သဘောကျသားပဲ။ လုပ်ကြံသတ်ဖြတ်သူတွေကို လူတွေ ဘာလို့ ဒီလောက် ကြောက်ကြသလဲဆိုတာ မဆန်းပါဘူး။ ပိုပြီး အစွမ်းထက်တဲ့ ရန်သူကို ရင်ဆိုင်ရမှာလည်း စိုးရိမ်စရာ မလိုသလို ပိုပြီးလည်း ထိရောက်တယ်’ လုံချန်းက တွေးလိုက်ပြီးနောက် သူ၏ ဝိညာဉ်ဓားကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူ၏ အချိန်ဓားကို ထုတ်ယူလိုက်လေတော့သည်။