← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁) - တည်းခိုခန်း၌ တည်းခိုခြင်း (၂)

~'ဒီစနစ်က သိပ်မပြည့်စုံလို့ပဲ ဒီကိစ္စကို မဖြေရှင်းနိုင်တာများလား'

'ဒါပေမဲ့ ခက်ခဲတဲ့ အာမခံခရီးစဉ်တွေကို ငါကိုယ်တိုင် တာဝန်ယူရတာက ပိုပြီး ယုတ္တိတန်ပါတယ်လေ'

'အာမခံဌာနက သိုင်းပညာရှင်တွေကို သုံးပြီး ဆုလာဘ်တွေ ရယူဖို့ဆိုတဲ့ အခွင့်အရေးကတော့ ဆက်ရှိနေမှာ မဟုတ်တော့ဘူး'

'သူတို့က ဟာကွက်လေး နည်းနည်းတောင် ချန်မထားပေးဘူးပဲ'

ဆုမိုသည် နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်၏။ အမှန်စင်စစ် သူသည် ထိုစနစ်ကို စတင်ရရှိခဲ့စဉ်ကပင် စမ်းသပ်မှုအချို့ကို ပြုလုပ်ခဲ့ဖူး၏။ ဥပမာအားဖြင့် သူသည် အာမခံခရီးစဉ်တစ်ခုကို လက်ခံလိုက်ပြီး ဇီယန် အာမခံဌာန၏ မျက်နှာစာတံခါးမှ နောက်ဖေးပေါက်သို့ ပစ္စည်းပို့ဆောင်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် ရလဒ်ကား ထိုစနစ်က သူ့ကို အဖက်ပင် မလုပ်ခဲ့ခြင်း ဖြစ်ချေ၏။ စနစ်က မည်သို့ ခွဲခြားသိမြင်သည်ကို ဆုမို သေချာမသိသော်လည်း သူ၏ လုပ်ရပ်များ အစစ်အမှန် ဟုတ်မဟုတ်ကိုမူ တိကျစွာ သိရှိနေသည်။

သူသည် သက်ပြင်းတစ်ချက်ချကာ ခေါင်းခါယမ်းလိုက်ပြီး ထိုကိစ္စကို ရင်ထဲတွင် အလေးအနက် မထားတော့ချေ။ ထိုနေ့က အာမခံဌာနသို့ ပြန်ရောက်သောအခါ လူအင်အား ခွဲဝေခြင်းနှင့် လိုအပ်သော ပစ္စည်းများ ပြင်ဆင်ခြင်းစသည့် သာမန်ကိစ္စရပ်များကိုသာ စနစ်တကျ အကွက်ချ လုပ်ဆောင်ခဲ့၏။

မျက်စိတစ်မှိတ်အတွင်း ထိုနေ့ရက် ကုန်ဆုံးသွားပြီး ညဉ့်ယံသည်လည်း အေးချမ်းစွာ ကျော်လွန်သွားခဲ့၏။ နောက်တစ်နေ့ နံနက်စောစောတွင်မူ ဝေဇီယီသည် အာမခံဌာနတံခါးဝသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

သူမသည် ယောကျ်ားလေး ဝတ်စုံကို ပြန်လည်ဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ခပ်ဖြည်းဖြည်း ခတ်နေ၏။ အေးစက်နေဆဲဖြစ်သော ရာသီဥတုကို လုံးဝ ဂရုမစိုက်သည့်ဟန် ပေါ်လွင်နေသည်။ သို့သော် ယေဘုယျအားဖြင့် ကြည့်လျှင် သူမ၏ ဟန်ပန်မှာ အထက်တန်းစား လူငယ်တစ်ဦး၏ ကျက်သရေမျိုး အမှန်တကယ် ရှိနေသည်။

အာမခံဌာန၏ ပင်မတံခါးဝတွင် ဆုမိုသည် ယန်ရှောင်ယွင်နှင့်အတူ အဖွဲ့မှူးလီ၊ ဖုဟန်ယွမ်နှင့် ယန်မိသားစုမှ ဦးလေးဖူ တို့ကို နှုတ်ဆက်လိုက်၏။

"ဒီခရီးစဉ်မှာ သတိထားရမယ်နော်။ အန္တရာယ်နဲ့ ကြုံလာရင် စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ရန်သူတွေ လမ်းပိတ်ရင်တောင် ခုခံကာကွယ်ရုံလောက်ပဲ လုပ်ပါ။ အသေအပျောက် နည်းအောင် ကြိုးစားပြီး နာမည်ကောင်း ကျန်ခဲ့ပါစေ။ ပြီးတော့ မှတ်ထားပါ... တောအုပ်တွေတွေ့ရင် အထဲကို မဝင်နဲ့နော်"

ယန်ရှောင်ယွင်က တည်ငြိမ်စွာဖြင့် လေးနက်သော အကြံဉာဏ်များကို ပြောကြားလိုက်၏။ သူမ၏ ဘေးတွင် ရပ်နေသော ဝေဇီယီက ဝင်ရောက်ပြောဆိုလိုက်သည်။

"ယန်မိသားစုက အစ်မယွင်ဗျာ... ခင်ဗျားရဲ့ စေ့စပ်ထားသူက သိုင်းလောကမှာ အတွေ့အကြုံမရှိတဲ့ လူသစ်မှ မဟုတ်တာ။ ဒါတွေ အကုန်လုံးကို သူ သိပြီးသားပါ"

"အင်း... အဲဒါလည်း ဟုတ်တာပါပဲ"

ယန်ရှောင်ယွင်သည် သတိဝင်သွားပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။ ထို့နောက် ဆုမိုအား နက်ရှိုင်းစွာ စိုက်ကြည့်ကာ တောက်ပသော အပြုံးတစ်ခုဖြင့် ဆိုလိုက်၏။

"ဒါဆိုရင် ငါ.. အိမ်ကနေပဲ နင် ပြန်လာမယ့်ရက်ကို စောင့်နေမယ်နော်"

"ကောင်းပါပြီ"

ဆုမိုက ခပ်ပြုံးပြုံးဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"အိမ်က ကိစ္စတွေကိုတော့ အစ်မယွင်ကိုပဲ အပ်ခဲ့မယ်နော်"

ပြောစရာ စကားများ ကျန်နေသေးသော်လည်း နောက်ဆုံးတွင်မူ ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။ ဆုမိုက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အာမခံဌာနမှ အလုပ်သမားများသည် လှည်းများပေါ်သို့ တက်လိုက်ကြ၏။

မြင်းစီးသူများက ရှေ့မှ စတင်ထွက်ခွာကြပြီး လှည်းပေါ်ရှိ သူများကမူ လေထဲတွင် လွင့်လွင့်နေသော ဇီယန် ဟူသည့် စာတမ်းပါ အလံတော်ကို ဝှေ့ယမ်းလိုက်ကြသည်။ အမိန့်ပေးသံတစ်ချက်နှင့်အတူ အာမခံလှည်းတန်းကြီးသည် ဖြည်းညင်းစွာ ရွေ့လျားသွားလေတော့သည်။

ဆုမိုသည် နောက်သို့ တစ်ချက်တစ်ချက် လှည့်ကြည့်လိုက်သောအခါ လှည်းတန်း၏ ဘေးဘက်တွင် မိန်းမပျိုလေးဦး လိုက်ပါလာသည်ကို တွေ့လိုက်ရ၏။ ထိုမိန်းမပျို လေးဦးသည် သက်တောင့်သက်သာရှိသော ထမ်းစင်တစ်ခုကို ထမ်းလာကြပြီး ထိုထမ်းစင်ပေါ်တွင် အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ဦး ထိုင်နေသည်။ ထိုအဖြူရောင် ဝတ်စုံနှင့် လူငယ်၏ လက်ထဲတွင်မူ ဖြူဖွေးပြီး ကြီးမားသော ပေါက်စီများ အပြည့်ထည့်ထားသည့် ဇလုံတစ်လုံးကို ကိုင်ဆောင်ထား၏။

ရွှမ်ဟူမျှော်စင်မှ သခင်လေး စစ်ထူသည်လည်း ဤလှည်းတန်းနှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်ချေသည်။ ဤကိစ္စကို သခင်လေး စစ်ထူက ဆုမိုနှင့် မနေ့ကတည်းက တိုင်ပင်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် ဆုမို၏ အာမခံခရီးစဉ်တွင် အတူတကွ လိုက်ပါလိုကြောင်း ဆိုလာခဲ့၏။

အတိတ်က ဆုထျန်းယန်နှင့် ယန်ရီဇီတို့သည် ရွှမ်ဟူမျှော်စင်သို့ သွားရောက်ခဲ့ဖူးသောကြောင့် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို မည်သူ့ကိုမျှ လျှို့ဝှက်ထားခဲ့ခြင်း မရှိပေ။ ရွှမ်ဟူမျှော်စင်ရှိ လူများသည် ပြင်ပလောကနှင့် အဆက်အသွယ် နည်းပါးလှသောကြောင့် အာမခံလုပ်ငန်းဆိုသည်မှာ သူတို့အတွက် အလွန် ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ် ကောင်းနေသည်။

သိုင်းလောကသို့ အသစ်ရောက်ရှိလာသော သခင်လေး စစ်ထူမှာ အရာအားလုံးအပေါ် သိချင်စိတ်များ ပြင်းပြနေ၏။ သူသည် မြောက်ဘက် သို့မဟုတ် အနောက်ဘက်သို့ မထွက်ခွာမီ ဇီယန် အာမခံဌာနတွင် နှစ်ရက်ခန့် အချိန်ဖြုန်းရန် စီစဉ်ထားခဲ့သည်။

ဆုမိုတွင် တုန်းချန်နယ်မြေသို့ သွားရမည့် အာမခံခရီးစဉ် ရှိနေကြောင်းနှင့် တုန်းချန်တွင် ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ခု ရှိနေကြောင်းကို မနေ့က သိရှိသွားသောအခါ သူသည် ထိုပွဲသို့ ဝင်ရောက်ဆင်နွှဲလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် သိုင်းလောက၏ အာမခံခရီးစဉ်ဆိုသည်မှာ မည်သို့သော အရသာမျိုးဖြစ်ကြောင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လို၏။

အခြားတစ်ဖက်တွင်လည်း ထျန်းချူမြို့သို့ သွားရောက်ကာ ထျန်းချူ ဓားပြိုင်ပွဲကို မျက်ဝါးထင်ထင် ကြည့်ရှုလိုသော ရည်ရွယ်ချက်လည်း ပါဝင်နေ၏။

ဆုမိုအနေဖြင့်မူ ရွှမ်ဟူမျှော်စင်မှ ထိုသခင်လေးအပေါ် မုန်းတီးရွံရှာခြင်း အလျဉ်းမရှိခဲ့ပေ။ သူတို့ စတင်တွေ့ဆုံခဲ့စဉ်က ထိုလူငယ်သည် သိုင်းလောကမှ သူစိမ်းတစ်ယောက်အား မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ဆေးကုသကာ အဆိပ်ဖြေပေးခဲ့၏။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် သူသည် သိုင်းလောကသို့ ယခုမှ ခြေချသူဖြစ်လင့်ကစား သူရဲကောင်းပီသသော စိတ်ဓာတ်များ ကိန်းအောင်းနေကြောင်း ပေါ်လွင်နေသည်။

ထို့အပြင် ယန်ရီဇီ ကိုယ်တိုင်ကပင် ယုံကြည်ထားသူ ဖြစ်သောကြောင့် ဆုမိုအနေဖြင့် သူ၏ ရိုးသားမှုကို လုံးဝ သံသယ မဝင်ခဲ့ချေ။

သူကိုယ်တိုင်က ဤခရီးစဉ်၏ စိတ်လှုပ်ရှားဖွယ်ရာများကို မြင်တွေ့လိုနေမှတော့ ခွင့်ပြုပေးလိုက်ရုံသာ ရှိတော့သည်။ တစ်ခုတည်းသော ကန့်သတ်ချက်မှာ သူသည် လှည်းတန်းမှ ခွဲထွက်သွားပါက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ဆုမိုက လိုက်လံစွက်ဖက်မည် မဟုတ်ဟူသော အချက်ပင် ဖြစ်သည်။

သို့သော် လှည်းတန်းနှင့်အတူ ဆက်လက် လိုက်ပါမည်ဆိုပါက ဆုမို၏ အမိန့်များကို တသွေမတိမ်း လိုက်နာရပေမည်။ သူတစ်ဦးတည်းသာမက သူ၏ ထမ်းစင်ကို ထမ်းသော မိန်းမပျို လေးဦးစလုံးကပါ လိုက်နာကြရမည် ဖြစ်၏။ ထိုကန့်သတ်ချက်ကို သခင်လေး စစ်ထူက ဝမ်းသာအားရ လက်ခံခဲ့သလို ထိုမိန်းမပျို လေးဦးကလည်း မည်သည့် ကန့်ကွက်မှုမျှ မပြုခဲ့ကြချေ။

ကိစ္စရပ်များ ဤမျှအထိ ပြေလည်နေပြီဖြစ်ရာ ဆုမို ငြင်းဆန်စရာ အကြောင်း တစ်စုံတစ်ရာမျှ မရှိတော့ပေ။ ဖုဟန်ယွမ်၏ လော့ရှား ဇီယန် ဟူသော ကြွေးကြော်သံနှင့်အတူ အဖွဲ့သည် အာမခံဌာနမှ စတင် ထွက်ခွာလာခဲ့ကြတော့သည်။

ယန်ရှောင်ယွင်သည် တံခါးဝတွင် ရပ်ကာ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့၏။ ဆုမို၏ အဖွဲ့ မျက်စိအောက်မှ ပျောက်ကွယ်သွားသည်အထိ သူမ လုံးဝ မလှုပ်ရှားခဲ့ပေ။ ဟာလာဟင်းလင်း ဖြစ်သွားသော လမ်းမကြီးကို စိုက်ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် ဟာတာတာ ခံစားချက်တစ်ခုက အမြစ်တွယ်လာခဲ့၏။ ဤအခိုက်အတန့်တွင် ပြီးခဲ့သောညက ဆုမို ပြောခဲ့သော စကားတစ်ခွန်းက သူမ၏ ရင်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

'ဒီလောကကြီးမှာ အခက်ခဲဆုံး အရာက သံယောဇဉ်တွယ်ပြီးမှ နှုတ်ဆက်ခွဲခွာရခြင်းပဲ'

"သခင်မလေး ယွင်... သခင်လေးလည်း အဝေးကို ရောက်သွားလောက်ပြီ။ အထဲကို ပြန်ဝင်ကြမလား"

ဘေးနားတွင် ရပ်နေသော ဦးလေးဖူက တိုးညှင်းစွာ မေးလိုက်၏။

"ဟုတ်ကဲ့ပါ"

ယန်ရှောင်ယွင်သည် သူမ၏ ခံစားချက်များကို ထိန်းချုပ်ကာ အာမခံဌာနထဲသို့ ပြန်လည်ဝင်ရောက်သွား၏။ သူမ စီစဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များစွာက စောင့်ကြိုနေသေးသည် မဟုတ်ပါလော။

လော့ရှားမြို့မှ ထွက်ခွာလာပြီးနောက် လူတိုင်းသည် မိမိတို့၏ မြင်းများပေါ်သို့ အသီးသီး တက်စီးလိုက်ကြ၏။ ထိုအခိုက်အတန့်ရောက်မှသာ ဖုဟန်ယွမ်တစ်ယောက် အလွန် စိတ်ပျက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို သတိပြုမိသွားတော့သည်။

သူတို့အဖွဲ့အတွက် စီးစရာ မြင်းတစ်ကောင်မျှ မပါလာခဲ့ခြင်းပင်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ အတွင်းအား ကျင့်ကြံမှုမှာ နက်နဲမြင့်မားလှသောကြောင့် လှည်းတန်းနောက်မှ ပြေးလိုက်ရခြင်းက သူ၏အဖို့ ကြီးမားသော ပြဿနာတစ်ခုတော့ မဟုတ်ခဲ့ပေ။ ဆုမိုကလည်း သူ့ကို အမိန့်ပေး ခိုင်းစေရသည်ကို သဘောကျနေပုံရ၏။ ရှေ့မှ ကြိုတင်သွားရောက်ကာ လမ်းကြောင်း အကဲခတ်ခိုင်းခြင်း၊ တစ်ခါတစ်ရံ တစ်ဖွဲ့လုံးအတွက် လိုအပ်သည်များကို ပြေးလွှားလုပ်ဆောင်ခိုင်းခြင်းများကို ပေါ့ပေါ့ပါးပါးပင် စေခိုင်းလေ့ရှိသည်။ သို့သော် ဖုဟန်ယွမ်ကမူ မည်သည့် ညည်းညူသံမျှ မထွက်ခဲ့ချေ။

အခန်း (၃၆၂) - တည်းခိုခန်း၌ တည်းခိုခြင်း (၃)

~ဤခရီးစဉ်တွင် သူတို့သည် ရင်းနှီးကျွမ်းဝင်ပြီးသား လမ်းကြောင်းဟောင်းအတိုင်းသာ ခရီးဆက်ခဲ့ကြ၏။

ယခင်က ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ဤလမ်းမှ ဖြတ်သန်းခဲ့စဉ်က အာမခံအလံတော်ကို လွှင့်ထူမထားခဲ့သဖြင့် မည်သည့် တောင်စောင့်ဓားပြဂိုဏ်းများနှင့်မျှ ထိပ်တိုက်မတွေ့ခဲ့ရပေ။

ယခုတစ်ခေါက်တွင်မူ အခြေအနေက လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အဖွဲ့မှူးလီ ပါလာသည့်အတွက် ပြဿနာကြီးကြီးမားမားတော့ မရှိလှပေ။

တစ်ခါတစ်ရံတွင် 'မိတ်ဆွေဟောင်းများ' နှင့် စကားစမြည် အနည်းငယ် ပြောဆိုပြီးသည်နှင့် သူတို့ကို ချောမွေ့စွာ ဖြတ်သန်းခွင့် ပြုလိုက်ကြ၏။

သို့သော်လည်း ယန်ရီဇီ၏ သတင်းကို ကြားသိထားပြီး အဖွဲ့မှူးလီကို မျက်နှာသာပေးရန် အစီအစဉ်မရှိသည့် ဂိုဏ်းအချို့လည်း ရှိနေပေသေးသည်။ ထိုသို့သော အခြေအနေမျိုးတွင်တော့ သိုင်းပညာဖြင့် မိမိတို့၏ အရည်အချင်းကို သက်သေပြရန်သာ ရှိတော့သည်။

ဤကိစ္စအတွက်မူ စိုးရိမ်စရာ အကြောင်း တစ်စုံတစ်ရာမျှ မရှိပေ။

ဆုမို ကိုယ်တိုင် ဝင်ပါစရာမလိုဘဲ ဝေဇီယီကပင် ရှေ့ထွက်ကာ ရှင်းလင်းပေးခဲ့သဖြင့် လမ်းကြောင်းတစ်ခုလုံး ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။

ဝေဇီယီသည် မိမိကိုယ်ကိုယ် အလွန် ကျေနပ်အားရနေဟန်ဖြင့်...

"ခေါင်းဆောင်ဆု... နင် ဘယ်လိုထင်လဲ။ ငါသာ လော့ဖုန်း မဟာမိတ်အဖွဲ့မှာ ဆက်မနေတော့ဘဲ နင့်ရဲ့ အာမခံဌာနမှာ ခေါင်းဆောင်လာလုပ်မယ်ဆိုရင် အရည်အချင်းမီတယ် မဟုတ်လား"

ဆုမိုက ခေါင်းကို ခပ်ဖြည်းဖြည်း ခါယမ်းလိုက်ရင်း...

"နည်းနည်းတော့ လိုသေးတယ်"

ဝေဇီယီက မျက်လုံးလေး ပြူးသွားကာ...

"ဘာလိုသေးလို့လဲ"

"ဟား... ဟား... ဟား..."

ထိုစကားကို ကြားသောအခါ အဖွဲ့မှူးလီက မအောင့်နိုင်တော့ဘဲ ရယ်လိုက်ပြီး...

"သခင်မလေးဝေ သိချင်မှ သိပါလိမ့်မယ်။ အာမခံခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတာ သိုင်းပညာ တတ်ရုံနဲ့ မလုံလောက်ဘူးဗျ။ သိုင်းလောကရဲ့ လျှို့ဝှက်စကားဝှက်တွေ၊ တောတွင်း ဓားပြဂိုဏ်းတွေရဲ့ စည်းကမ်းတွေကိုလည်း နားလည်ထားဖို့ လိုသေးတယ်"

"သခင်မလေးက လင်ယွဲ့နန်းတော်ကဆိုတော့ တောတွင်းဓားပြတွေရဲ့ အကြောင်းကို ကျွန်တော်တို့လောက်တော့ ရင်းနှီးမှာ မဟုတ်ဘူးထင်တယ်"

"လော့ဖုန်း မဟာမိတ်အဖွဲ့က ဒီလူတွေအပေါ်မှာ အမြဲတမ်း ဩဇာလွှမ်းမိုးထားတော့ သူတို့အကြောင်း သိပ်ဂရုစိုက်စရာ မလိုခဲ့ဘူးလေ"

"ဒီအလုပ်မှာ လိုက်နာရမယ့် စည်းကမ်းတွေ၊ စကားဝှက်တွေက အများကြီးရှိတယ်ဗျ"

ဝေဇီယီက ပြုံးလိုက်ပြီး...

"ကျွန်မ တကယ်တော့ ဒါတွေတချို့ကို နားလည်ပါတယ်ရှင်။ ဥပမာ 'လှည်းဘီးတွေကို ဝိုင်းထား' တို့ 'လေတားမီးအိမ်' တို့ဆိုတာ ကျွန်မ သိတယ်"

"အို..."

အဖွဲ့မှူးလီက အနည်းငယ် အံ့ဩသွားပြီး ဝေဇီယီကို တစ်ချက်ကြည့်လိုက်ကာ ဆုမိုဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်၏။

ဆုမိုက ထိုစကားဝိုင်းကို လုံးဝ စိတ်ဝင်စားဟန် မပြသည်ကို တွေ့ရသဖြင့် ဝေဇီယီကို ဆက်မေးလိုက်သည်။

"ဒါဆို 'ပြိုကျနေတဲ့ လှောင်ချိုင့်' ဆိုတာက ဘာကို ဆိုလိုတာလဲ"

"အိမ်လေ" ဝေဇီယီက မဆိုင်းမတွပင် ဖြေလိုက်သည်။

အဖွဲ့မှူးလီက ချက်ချင်း ရယ်လိုက်ပြီး...

"အောက်၊ ခုတ်၊ ယန်၊ လျှို့ဝှက် ဆိုတာကော သိလား"

"အဲဒါကို ကျွန်မ သိတယ်... ဒါပေမဲ့ နည်းနည်းတော့ မေ့နေပြီ။ အရပ်မျက်နှာတွေကို ပြောတာမလား"

ဝေဇီယီက ဆက်လက် ရှင်းပြ၏။

"ဒီစကားဝှက်တွေကို သိုင်းလောကသားတွေ သိပ်မသုံးကြတော့ပေမဲ့ လင်ယွဲ့နန်းတော်မှာတော့ မှတ်တမ်းတင်ထားတာတွေ ရှိသေးတယ်။ ကျွန်မ အရင်က စူးစမ်းချင်စိတ်နဲ့ ဖတ်ဖူးပေမဲ့ တချို့ဟာတွေက သိပ်ပြီးတော့ မမှတ်မိတော့ဘူး"

"သခင်မလေးဝေက ဗဟုသုတ တကယ်ကြွယ်ဝတာပဲ။ ဒီစာလုံးလေးလုံးက အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကို ကိုယ်စားပြုတာဗျ"

သူတို့ စကားပြောနေစဉ်မှာပင် လူရိပ်တစ်ခုက လျင်မြန်စွာ ပြေးလွှားလာပြီး လမ်းဘေးမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ဖုဟန်ယွမ်ပင် ဖြစ်သည်။

"ဂိုဏ်းချုပ်... ရှေ့မှာ လမ်းရှင်းပါတယ်။ ဟယ်မိသားစု တည်းခိုခန်းကနေ မီးခိုးတွေ ထွက်နေပြီး အရှေ့မှာ လူတစ်ယောက် ကြက်သွန်ဖြူ ခွာနေတာ တွေ့ခဲ့ရတယ်။ ကြည့်ရတာတော့ တာဝန်ခံဟယ် ဖြစ်မယ်ထင်တယ်"

ဖုဟန်ယွမ်က ဤမျှ တိတိကျကျ သိနေရခြင်းမှာ ယနေ့ည သူတို့ ဟယ်မိသားစု တည်းခိုခန်းတွင် တည်းခိုရန် အစီအစဉ်ရှိသောကြောင့် ဖြစ်၏။

ကုန်းလမ်း အာမခံလုပ်ငန်းတွင် 'မလုပ်ရ' ဟူသော စည်းကမ်း (၃) ချက်ရှိပြီး ယင်းတို့အနက် တစ်ချက်မှာ ပိုင်ရှင်ပြောင်းသွားသော တည်းခိုခန်းဟောင်းများတွင် မတည်းခိုရ ဟူသောအချက်ပင်။

ဟယ်မိသားစု တည်းခိုခန်းသည် အရပ်လေးမျက်နှာလုံးနှင့် အလှမ်းဝေးသော နေရာတွင် တည်ရှိသော်လည်း ထိုတည်းခိုခန်းသည် 'သန့်ရှင်း' သော နေရာတစ်ခု ဖြစ်သည်။ သံမဏိသွေး အာမခံဌာနသည် ဤနေရာတွင် မကြာခဏ ရပ်နားလေ့ရှိသဖြင့် ဆက်ဆံရေး အသင့်အတင့် ရှိထားပြီး ဖြစ်၏။

သို့သော် တာဝန်ခံ ရုတ်တရက် ပြောင်းလဲသွားပါက အတွင်းပိုင်းတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေနိုင်၏။ ထိုသို့ဆိုလျှင် သူတို့သည် မည်သည့်အကြောင်းကြောင့်မျှ ထိုနေရာတွင် တည်းခို၍ မရနိုင်တော့ပေ။ ယခု ဖုဟန်ယွမ်က အရာအားလုံးကို သေချာစွာ စုံစမ်းပြီးဖြစ်ကာ ပုံမှန်အတိုင်းပင် ဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

ဆုမိုက ခေါင်းညိတ်လိုက်ပြီး...

"ပင်ပန်းသွားပြီဗျာ... ခဏလောက် နားလိုက်ဦး"

ဖုဟန်ယွမ်က ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် လှည်းတန်းဆီသို့ ပြန်သွားကာ လှည်းတစ်စီးပေါ်သို့ ခုန်တက်၍ အနားယူလိုက်၏။

ဆုမိုက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး...

"မှောင်တော့မယ်... ဒီညတော့ ဟယ်မိသားစု တည်းခိုခန်းမှာပဲ နားကြတာပေါ့။ အရှိန်နည်းနည်း တင်လိုက်ကြစို့... ဒီညတော့ ကောင်းကောင်း အနားယူရအောင်"

အာမခံဌာနမှ လူများအားလုံးကလည်း တစ်ခဲနက် သဘောတူကြောင်း အော်ဟစ်လိုက်ကြသည်။

ခရီးဆက်လာပြီး မကြာမီမှာပင် ခြံဝင်းတစ်ခုအတွင်း၌ တိတ်ဆိတ်စွာ တည်ရှိနေသော အဖြူရောင် အဆောက်အအုံငယ်လေး တစ်ခုကို သူတို့ မြင်တွေ့လိုက်ရ၏။

တံခါးရှေ့ရှိ ဆိုင်းဘုတ်တွင် 'ဟယ်မိသားစု တည်းခိုခန်း' ဟု ရေးသားထားသည်။

ဆုမိုနှင့် အဖွဲ့သည် မြင်းလှည်းများဖြင့် ချဉ်းကပ်သွားသောအခါ လူတစ်ယောက် ဆောင့်ကြောင့်ထိုင်လျက် ကြက်သွန်ဖြူ ခွာနေသည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရ၏။

မြင်းခွာသံများကို ကြားသောအခါ ထိုသူက ခေါင်းမော့ကြည့်လိုက်ပြီး လေထဲတွင် လွင့်နေသော ဇီယန် အလံတော်ကို မြင်တွေ့သွားသည်။

သူသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် သူ၏ အကြည့်များက ဆုမိုနှင့် ဝေဇီယီကို ကျော်လွန်ကာ အဖွဲ့မှူးလီထံသို့ ရောက်ရှိသွားသောအခါ မျက်လုံးများ အရောင်လဲ့သွားတော့၏။

"အဖွဲ့မှူးလီပါလား..."

"တာဝန်ခံဟယ်... မတွေ့ရတာ ကြာပြီနော်" အဖွဲ့မှူးလီက အားပါးတရ ရယ်လိုက်ပြီး... "နောက်ဘက်ခြံဝင်းက အားသေးရဲ့လား"

"အားပါတယ်ဗျာ" တာဝန်ခံဟယ်က ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

"လာ... လာ... ကျွန်တော် လိုက်ပို့ပေးမယ်"

"မလောပါနဲ့ဦး"

အဖွဲ့မှူးလီက ကပျာကယာ တားလိုက်ပြီး...

"အရင်ဆုံး ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဆုနဲ့ မိတ်ဆက်ပေးရစေဦး"

"ခေါင်းဆောင်ဆု..."

တာဝန်ခံဟယ်က ဆုမိုကို အံ့ဩတကြီး ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လက်နှစ်ဖက် ဆုပ်ကာ အရိုအသေပေးလိုက်၏။

"ခေါင်းဆောင်ကို ဂါရဝပြုပါတယ်ခင်ဗျာ"

သို့သော် သူ၏ စိတ်ထဲတွင်တော့ အဖွဲ့မှူးလီတစ်ယောက် ဂိုဏ်းပြောင်းသွားလေသလားဟု တွေးတောကာ ဇဝေဇဝါ ဖြစ်နေမိသည်။ ယခင်က သံမဏိသွေး အာမခံဌာန ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဇီယန် အာမခံဌာန ဖြစ်နေပြီး အလွန် ငယ်ရွယ်သော ဂိုဏ်းချုပ်တစ်ဦး၏ နောက်သို့ လိုက်ပါလာခြင်း ဖြစ်နေသည် မဟုတ်ပါလော။

ဆုမိုက တာဝန်ခံဟယ်ကို လက်နှစ်ဖက် ဆုပ်၍ ပြန်လည် နှုတ်ဆက်လိုက်ပြီး...

"ဒီညတော့ ခင်ဗျားဆီမှာ ဒုက္ခပေးရတော့မယ်ဗျာ"

"အို... ဝမ်းသာစရာပါပဲဗျာ။ အားလုံးပဲ ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ"

တာဝန်ခံဟယ်က ပြောပြောဆိုဆိုနှင့်ပင် ကြက်သွန်ဖြူများကို ချထားခဲ့ကာ သူတို့ကို နောက်ဘက်ခြံဝင်းဆီသို့ လမ်းပြခေါ်ဆောင်သွား၏။

နောက်ဘက်သို့ ရောက်သောအခါ ထိုနေရာသည် အတော်အတန် ကျယ်ဝန်းကြောင်း တွေ့လိုက်ရ၏။ သူတို့သည် ကြီးမားသော တံခါးကြီးတစ်ခုကို ဖြတ်ကျော်ကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားကြသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုပြီးနောက် ဆုမိုက တာဝန်ခံဟယ်ကို ဘေးသို့ခေါ်ကာ ညစာ စီစဉ်ပေးရန် အကူအညီတောင်းလိုက်၏။

ထို့နောက် ဆက်လက်၍.. ပြောလိုက်သည်။

"လူအများကြီးအတွက် အစားအသောက် စီစဉ်ရတာ အဆင်မပြေဖြစ်နေမှာစိုးလို့ ကျွန်တော့်လူ နည်းနည်းလောက် မီးဖိုချောင်မှာ လာကူခိုင်းလိုက်မယ်လေ"

သို့သော် တာဝန်ခံဟယ်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့်ဟန် ပေါ်လာပြီး သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားကာ တိုးညှင်းသော အသံဖြင့်...

"ခေါင်းဆောင်ဆု... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ တည်းခိုခန်းက မကြာသေးခင်ကမှ လက်ရာအရမ်းကောင်းတဲ့ စားဖိုမှူးအသစ် တစ်ယောက်ကို ငှားထားတာဗျ။ သူက သူ့နေရာလေးကို အရမ်း သီးသန့်ဆန်ချင်တာ။ မီးဖိုချောင်မှာ သူ ချက်ပြုတ်ပြင်ဆင်နေတဲ့ အချိန်ဆိုရင် ပြင်ပလူတွေ မဆိုထားနဲ့... ကျွန်တော်တောင်... သူ့ဘေးနား သွားရပ်နေလို့ မရဘူးဗျ" ဟု ရှင်းပြ၏။

ထိုစကားကို ကြားသောအခါ အဖွဲ့မှူးလီက ဆုမိုကို ချက်ချင်း လှမ်းကြည့်လိုက်ပြီး တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သော်လည်း ဆုမိုက လက်ကာပြလိုက်သည်။

ဆုမိုသည် တာဝန်ခံဟယ်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် ပြုံးကာ...

"ကောင်းပြီလေ... အဲဒီလိုဆိုမှတော့ တာဝန်ခံဟယ်ကို ထပ်ပြီး ဒုက္ခမပေးတော့ပါဘူး။ ကျွန်တော်တို့ ဒီမှာပဲ စောင့်နေလိုက်ပါ့မယ်"

"ကောင်း... ကောင်းပါပြီဗျာ"

တာဝန်ခံဟယ်က သဘောတူလိုက်ပြီးနောက် လှည့်ထွက်သွားလေတော့သည်။ တာဝန်ခံဟယ် အတွင်းတံခါးပေါက်ဆီသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပြီးနောက် အဖွဲ့မှူးလီက နောက်ဆုံးတွင် နှုတ်ဖွင့်လိုက်၏။

"ဂိုဏ်းချုပ်... တစ်ခုခုတော့ မှားနေပြီဗျ"

ဆုမိုက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး...

"ဒီညစာက သိပ်တော့ အဆင်ပြေမှာ မဟုတ်ဘူးဗျ"

"ဒီတာဝန်ခံဟယ်ကတော့ တော်တော် ရဲတင်းနေပါလား"

အမြဲတမ်း စိတ်မြန်လက်မြန်ရှိသော အဖွဲ့မှူးလီက ဆုမို၏ စကားကို ကြားသည်နှင့် သူ၏ ဓားကို ဆွဲထုတ်ရန် အသင့်ဖြစ်သွားတော့သည်။

သို့သော် ဆုမိုက သူ့ကို ညင်သာစွာ ပြန်ဆွဲထားလိုက်ပြီး...

"မလောပါနဲ့ဗျာ..."

မြင်းပေါ်မှ ဆင်းကာ လှည်းများပေါ်တွင် မီးအိမ်များ ချိတ်ဆွဲနေသော အာမခံဌာနမှ လူများကို သူ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်၏။

"သခင်မလေးဝေနဲ့ သခင်လေး စစ်ထူကို ဒီကို ခေါ်လိုက်ပါဦးဗျာ။ ကျွန်တော် သူတို့ကို မှာစရာလေး ရှိလို့"

အခန်း (၃၆၃) - ဖမ်းဆီးခြင်း

~ကောင်းကင်ယံထက်တွင် ကြယ်တာရာများနှင့် လမင်းကြီးက မြင့်မားစွာ သာယာတောက်ပနေသည်။ ယနေ့ညသည် ကြယ်ပွင့်ပေါင်းများစွာ တလက်လက် တောက်ပနေပြီး ကောင်းကင်ပြင်က အလွန် ကြည်လင်နေသည်။

ကြယ်ရောင်လွှမ်းသော ညအောက်ရှိ ခြံဝင်းအတွင်း၌ အာမခံလှည်းများပတ်လည်တွင် မီးအိမ်များကို ချိတ်ဆွဲထား၏။ မီးရောင်အောက်တွင် အာမခံလှည်းများကို စောင့်ကြပ်နေသော အလုပ်သမားအချို့သည် လှည်းများကို မှီလျက် အိပ်ပျော်နေကြပြီ ဖြစ်၏။

ခြံဝင်းတစ်ခုလုံးသည် ပုရစ်အော်သံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

ထိုစဉ် ခြေသံများ ထွက်ပေါ်လာ၏။ လူတစ်ဒါဇင်ကျော်ခန့်သည် ခြံဝင်း၏ ခေါင်မိုးများပေါ်မှနေ၍ လျင်မြန်စွာ ပြေးလွှားလာကြသည်။

တစ်ချိန်တည်းမှာပင် အတွင်းတံခါး ပွင့်သွားပြီး တာဝန်ခံဟယ်သည် လည်ပင်းကို ပုကာ တုန်တုန်ယင်ယင်ဖြင့် ဝင်ရောက်လာ၏။

သူ၏နောက်တွင် ခန္ဓာကိုယ် ထွားကျိုင်းသော လူသန်ကြီးတစ်ဦး လိုက်ပါလာသည်။ ထိုလူသန်ကြီးသည် လက်ထဲရှိ ဓားမြှောင်တိုကို ညအမှောင်ထဲတွင် စစ်ဆေးကြည့်ရှုရင်း တာဝန်ခံဟယ်အား တစ်ချက် စိမ်းစိမ်းကြည့်ကာ နောက်ကျောမှနေ၍ ခြေစုံကန်ချလိုက်၏။

တာဝန်ခံဟယ်သည် လေထဲသို့ မြောက်တက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ နာကျင်လွန်းသဖြင့် မျက်နှာရှုံ့မဲ့သွား၏။ သူသည် အသံတစ်ချက်မျှ မထွက်ရဲဘဲ မြေပြင်ပေါ်မှ တိတ်ဆိတ်စွာ ထရပ်လိုက်ရသည်။

လူသန်ကြီးသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ အာမခံလှည်းများဘေးရှိ ဇီယန် အာမခံဌာနမှ အလုပ်သမားနှစ်ဦးကို လှမ်းကြည့်ပြီးနောက် ခေါင်းကို ခပ်ဖြည်းဖြည်း ခါယမ်းလိုက်သည်။

"နတ်ဘုရား ကြွေကျဆေး... နတ်ဘုရား ကြွေကျဆေး... ဒီဆေးကို စားမိရင် နတ်ဘုရားတောင် ယိုင်လဲသွားရမှာပဲ"

"နတ်ဘုရား ကြွေကျဆေးကို စားပြီးရင် သူတို့ မလဲကျသွားမှာကို ငါ မကြောက်ဘူး... သူတို့ မစားမိမှာကိုပဲ ကြောက်တာကွ"

ထိုသို့ပြောရင်း တာဝန်ခံဟယ်ကို လှမ်းကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"တာဝန်ခံဟယ်... ခင်ဗျားရော အဲဒီလို မထင်ဘူးလား"

"ဟုတ်... ဟုတ်ပါတယ်ခင်ဗျာ။ လုံးဝ မှန်ကန်လှပါတယ်"

တာဝန်ခံဟယ်သည် မျက်နှာချိုသွေးလျက် ရှိသော်လည်း ဘေးနားရှိ အာမခံခေါင်းဆောင်များကို တစ်ချက်တစ်ချက် ခိုးကြည့်နေမိ၏။ သူ၏ မျက်ဝန်းများထဲတွင်မူ သနားကြင်နာမှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ အပြည့်အဝ ဖုံးလွှမ်းနေသည်။

"ဒါပေမဲ့ တာဝန်ခံဟယ်... ဒီနေ့ ခင်ဗျားရဲ့ လုပ်ရပ်တွေက နည်းနည်းတော့ ယုတ္တိမတန်သလိုပဲနော်"

လူသန်ကြီးက အေးစက်စက် လေသံဖြင့် ဆက်ပြော၏။

"ကျုပ် ပြောခဲ့တယ်လေ... မီးဖိုချောင်ကို သွားချင်တဲ့သူ ဘယ်သူမဆို သွားခွင့်ပြုလိုက်ပါလို့။ အငယ်ကောင်ရဲ့ အဆိပ်ခတ်တဲ့ ပညာက ဒီသာမန် အာမခံခေါင်းဆောင်တွေ ရိပ်မိနိုင်တဲ့ အဆင့်ထက် အများကြီး သာလွန်တယ်ကွ။ ဒါဆိုရင် ဒီနေ့ ဘာဖြစ်လို့ မီးဖိုချောင်ဘက်ကို တစ်ယောက်မှ အရိပ်အယောင်တောင် မလာကြတာလဲ။ ခင်ဗျား.. သူတို့ကို ဘာတွေ သွားပြောထားတာလဲ"

ထိုစကားကို ကြားသည်နှင့် တာဝန်ခံဟယ်သည် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ကျသွားပြီး ခေါင်းကို အကြိမ်ကြိမ် ညွှတ်ချကာ တောင်းပန်တော့သည်။

"ကျွန်တော်... ကျွန်တော် ဘာစကားမှ အလွတ်မပြောရဲပါဘူးခင်ဗျာ။ ကျွန်တော့်ကို ယုံကြည်ပေးပါ။ ကျွန်တော့်မှာ ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ရည်တွေ ရှိနေပါစေ... ခင်ဗျားတို့ကိုတော့ လှည့်စားဖို့ မရဲပါဘူး"

လူသန်ကြီးသည် သူ့ကို ရှုတည်တည် ကြည့်လိုက်ပြီးနောက် အပေါ်သို့ ခုန်တက်ကာ အာမခံလှည်းပေါ်သို့ ရောက်ရှိသွား၏။ ထို့နောက် လက်ထဲရှိ ဓားမြှောင်တိုဖြင့် လှည်းပေါ်ရှိ အလံတော်ကို ပင့်တင်လိုက်၏။

"ဇီယန် အာမခံဌာန... ဆု... ဟုတ်လား"

လူသန်ကြီးသည် မျက်မှောင် အနည်းငယ် ကုတ်သွားပြီးနောက် မေးလိုက်သည်။

"တာဝန်ခံဟယ်... ဒီ 'ဆု' ဆိုတဲ့ အာမခံခေါင်းဆောင်အကြောင်း ခင်ဗျား ကြားဖူးလား"

"ကျွန်တော်... မကြားဖူးပါဘူးခင်ဗျာ"

"ထားလိုက်ပါတော့... ထားလိုက်ပါတော့"

လူသန်ကြီးက လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။

"ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြစို့။ တာဝန်ခံဟယ်... ဒါဟာ နောက်ဆုံးအကြိမ်ဆိုတာ မှတ်ထားပါ။ ခင်ဗျားကို နောက်တစ်ကြိမ် အမှားလုပ်ခွင့် ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဒီတစ်ကြိမ်အတွက်တော့... ခင်ဗျားသားရဲ့ ဘယ်ဘက်ခြေထောက် တစ်ချောင်းကို ဖြတ်ပစ်လိုက်တော့မယ်"

စကားအဆုံးတွင် တာဝန်ခံဟယ်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားမှုနှင့် ဆက်တိုက် တောင်းပန်နေမှုများကို လူသန်ကြီးသည် လုံးဝ ဂရုမစိုက်တော့ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြန်သည်။

"အောက်ဆင်းခဲ့ပြီး အိမ်ထဲကကောင်တွေကို သတ်လိုက်ကြ။ ပြီးရင် နောက်ထပ် လူနည်းနည်းလောက်က လှည်းတွေကို ဖျက်ဆီးပစ်လိုက်"

ထိုသို့ပြောရင်း သူသည် အာမခံဌာနမှ အလုပ်သမားတစ်ဦးကို လှမ်းကန်လိုက်၏။ သို့သော် သူ၏ ခြေထောက် အောက်သို့ ကျဆင်းလာသည့် အခိုက်အတန့်တွင် ရုတ်တရက် ရပ်တန့်သွားတော့၏။

သူ အံ့ဩတကြီး ငုံ့ကြည့်လိုက်သည်။ သူ၏ ခြေထောက်ကို အာမခံဌာနမှ အလုပ်သမားတစ်ဦး၏ လက်ဖဝါးဖြင့် အခိုင်အမာ ဖမ်းဆုပ်ထားသည်ကို မြင်တွေ့လိုက်ရ၏။

လူသန်ကြီး မှင်တက်သွားသည့် အခိုက်အတန့်တွင် ထိုလူငယ် အလုပ်သမားလေးက ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။

"ဒါက မင်းရဲ့ ဘယ်ဘက်ခြေထောက်လား... ညာဘက်ခြေထောက်လား ဟေ"

တစ်စက္ကန့်အတွင်းမှာပင် ပြင်းထန်သော ကြောက်ရွံ့မှုလှိုင်းလုံးကြီးက သူ့ကို လွှမ်းခြုံသွားတော့သည်။

လူသန်ကြီးသည် စကားပင် မပြောနိုင်လောက်အောင် တုန်လှုပ်ချောက်ချားသွားသော်လည်း တုံ့ပြန်ရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။ တစ်ဖက်လူ၏ အေးစက်စက် စကားသံကိုသာ သူ ကြားလိုက်ရတော့သည်။

"ဘာပဲဖြစ်ဖြစ်... အခုတော့ အရေးမကြီးတော့ပါဘူးလေ"

စကားသံ အဆုံးမှာပင် ထိုလူငယ်က အားကုန်ဆွဲချလိုက်သည်။ လူသန်ကြီး၏ ခန္ဓာကိုယ်သည် အောက်သို့ ပြုတ်ကျသွား၏။ ပေါင်တစ်ရာကျော် အလေးချိန်ရှိသော ထိုလူသန်ကြီးသည် လူငယ်၏ လက်ချောင်းများအောက်တွင် ရုပ်သေးရုပ်တစ်ရုပ်ပမာ ပျော့ခွေကျသွားတော့သည်။ လက်ကောက်ဝတ်ကို ရိုးရှင်းစွာ လှည့်ပတ်လိုက်ရုံမျှဖြင့် သူ၏ အရိုးများ အားလုံး ကျိုးကြေမတတ် ဖြစ်သွားရချေပြီ။

လူငယ်သည် ထိုသူ၏ ကျောကုန်းကို ခြေဖြင့် ဖိနင်းထားလိုက်ပြီး ဖမ်းဆုပ်ထားသော လက်ကို အကြင်နာကင်းမဲ့စွာဖြင့် လိမ်ချိုးလိုက်၏။

ဝက်ကို လည်ပင်းလှီးသတ်လိုက်သည့်အလား စူးရှကျယ်လောင်သော အော်ဟစ်သံကြီးက တစ်ညလုံးကို ချက်ချင်း တုန်လှုပ်သွားစေတော့သည်။

ခြေထောက်တစ်ချောင်းသည် ခရုပတ်အသွင် ကြောက်မက်ဖွယ် လိမ်ကောက်သွားသည်။ ထို့နောက် အားပါးတရ ဆွဲဖြဲခံလိုက်ရ၏။ သွေးများ တစ်စက်စက် ကျနေသော ထိုခြေထောက်ပြတ်ကြီးကို လူငယ်က လက်မြှောက်ကာ ခေါင်မိုးပေါ်သို့ လွှင့်ပစ်လိုက်တော့သည်။

ထိုစဉ် ခေါင်မိုးပေါ်မှ ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး ဓားကျွတ်သံ ထွက်ပေါ်လာ၏။ လွှင့်ပစ်လိုက်သော ခြေထောက်ပြတ်ကြီး နှစ်ပိုင်းကွဲကျသွားပြီး ဓားသွား၏ အောက်တွင်တော့ အလွန်တရာ အေးစက်လှသော အကြည့်တစ်စုံက စောင့်ကြိုနေသည်။

တံခါးများကို အကြမ်းပတမ်း ဖွင့်ချလိုက်သော အသံကြီးများနှင့်အတူ ခြံဝင်းတစ်ခုလုံး ဆူညံသွား၏။ အာမခံခေါင်းဆောင်များသည် သူတို့၏ အခန်းများထဲမှ အလုံးအရင်းဖြင့် ထွက်ပေါ်လာကြသည်။ မီးတုတ်များကို ထွန်းညှိလိုက်ရာ ခြံဝင်းတစ်ခုလုံး လင်းထိန်သွားတော့သည်။

နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေဆဲ အခိုက်အတန့်တွင် ထိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့သော လူငယ်သည် လူသန်ကြီး၏ ကျောရိုးကို ဆွဲကိုင်ကာ မလိုက်၏။

"မင်း... မင်း..."

ထိုလူသန်ကြီးသည် အမှန်တကယ်ပင် ခံနိုင်ရည်ရှိသူ ဖြစ်ပေ၏။ ခြေထောက်တစ်ချောင်း ပြတ်ထွက်သွားသည့် အလွန်တရာ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း သူ့ရှေ့ရှိ လူငယ်ကို စိမ်းစိမ်းကြည့်ကာ အံကြိတ်မေးလိုက်သည်။

"မင်း... မင်းက တကယ်တော့ ဘယ်သူလဲ"

"ဇီယန် အာမခံဌာနက... ဆုမို"

ဆုမိုသည် ခပ်ပြုံးပြုံးဖြင့် ဖြေလိုက်ပြီးနောက် ခေါင်မိုးပေါ်ရှိ လူများကို မော့ကြည့်လိုက်၏။

အောက်တွင် မိမိတို့၏ လူသန်ကြီး ဖမ်းဆီးခံလိုက်ရသော်လည်း ခေါင်မိုးပေါ်ရှိ အဖွဲ့သည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ နောက်ကွယ်တွင် ပိုမို အဆင့်မြင့်သော ခေါင်းဆောင်တစ်ဦး ရှိနေသေးကြောင်း ထင်ရှားလှ၏။

ဆုမိုက သက်ပြင်းတစ်ချက်ချလိုက်ပြီး...

"အမိုးပေါ်က မိတ်ဆွေတွေ... အောက်ဆင်းပြီး ကျောက်တုံးလေး ဘာလေး ရွှေ့၊ အရိုးတွင်းခြင်ဆီလေး ဘာလေး မြည်းစမ်းကြည့်ကြပါလားဗျာ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်မိုးပေါ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"မလိုအပ်ပါဘူး"

ဆုမိုသည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သူတို့ကို ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ ထပ်မံ ရယ်လိုက်၏။

"လောကရဲ့ လမ်းကြောင်းပေါင်းစုံကို ဖြတ်သန်းပြီး မိတ်ဆွေတွေ နေရာအနှံ့ ဖွဲ့ထားတာပဲဗျာ။ ဆရာသခင်ကြီးတွေက ဒီအသက်မွေးဝမ်းကျောင်းကို ချန်ထားခဲ့ပြီးပြီဆိုတော့... ခင်ဗျားတို့လည်း လောကတစ်ခွင်ကနေ စားသောက်ပြီးပြီပဲဟာ။ ကျွန်တော်တို့ရဲ့ သေးနုပ်တဲ့ လမ်းကြောင်းလေးကို ဘာဖြစ်လို့ လာရှုပ်နေရတာလဲဗျာ"

"..."

ခေါင်မိုးပေါ်ရှိ လူများသည် ထပ်မံ၍ တိတ်ဆိတ်သွားပြန်၏။

ဆုမို၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။

"မိတ်ဆွေတို့... ဘယ်လမ်းကြောင်းက ဆင်းသက်လာတာလဲဗျ"

[ဘာသာပြန်သူ မှတ်ချက် - ဤနေရာတွင် ဆုမိုက သိုင်းလောက စကားဝှက်များကို အသုံးပြုကာ ခေါင်မိုးပေါ်ရှိ လူများအား အောက်ဆင်း၍ အရက်သောက်ရင်း စကားစမြည် ပြောဆိုကြရန် ဖိတ်ခေါ်လိုက်ခြင်းပါ။]

All Chapters