← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄) - ဖမ်းဆီးခြင်း (၂)

~တောတွင်းဓားပြဂိုဏ်းမှ နှီးနှောဖလှယ်သူများသာဆိုလျှင် ငြင်းဆန်သည့်တိုင်အောင် ယဉ်ကျေးစွာ တုံ့ပြန်ကြမည် သေချာလှပေ၏။

သို့သော် သူတို့က 'မလိုအပ်ပါဘူး' ဟုသာ ခပ်ပြတ်ပြတ် တုံ့ပြန်ခဲ့သည်။

ဤတုံ့ပြန်မှုသည် အပေါ်ယံအားဖြင့် အမှားအယွင်းမရှိဟု ထင်ရသော်ငြားလည်း ဆုမို၏ စိတ်အာရုံ၌ သံသယအငွေ့အသက်များကို မသိမသာ နိုးကြွလာစေတော့၏။ ထို့ကြောင့် သူက ဒုတိယမြောက် စကားဝှက်ကို ထပ်မံ ပစ်လွှတ်လိုက်ခြင်း ဖြစ်ချေသည်။

ထိုဒုတိယစကားသည် ပို၍ ရှင်းလင်းပြတ်သားသော အဓိပ္ပာယ်ရှိသော်လည်း တစ်ဖက်လူများက လုံးဝ ဆွံ့အလျက် တိတ်ဆိတ်သွားကြ၏။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် သူတို့သည် တောတွင်းဓားပြဂိုဏ်းသားများ လုံးဝ မဟုတ်ကြောင်း ဆုမို ယုံမှားဖွယ်မရှိ အတည်ပြုလိုက်နိုင်၏။

အကယ်၍သာ ဓားပြဂိုဏ်းသားများဆိုပါက အပြည့်အဝ နားမလည်လျှင်တောင်မှ ယခုကဲ့သို့ အသံတိတ်သွားမည် မဟုတ်ပေ။ သူတို့သည် ဓားပြဂိုဏ်းသားများလည်း မဟုတ်၊ ဇီယန် အာမခံဌာနကိုလည်း မသိ၊ ဆုမိုကိုလည်း မသိကြချေ။ သို့ဖြစ်၍ ဤလူစု၏ မူလဇာစ်မြစ်မှာ အလွန်တရာ သံသယဖြစ်ဖွယ် ကောင်းနေတော့သည်။

ဆုမို အတွေးနက်နေစဉ်မှာပင် အလျင်စလို ပြေးလွှားလာသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရ၏။ ထိုခြေသံများသည် ခြံဝင်းတံခါးအပြင်ဘက်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ်ကာ လူတစ်စုသည် ဒရောသောပါး ပြေးလွှားဝင်ရောက်လာကြတော့သည်။ သူတို့၏ ရှေ့ဆောင်လမ်းပြအဖြစ် ပါလာသူကား အခြားသူမဟုတ်ဘဲ ဖုဟန်ယွမ်ပင် ဖြစ်ပေ၏။

"ခေါင်းဆောင်... ခင်ဗျားရဲ့ ခန့်မှန်းချက်က တကယ်ကို ပြိုင်ဘက်ကင်းသလောက်ပါပဲဗျာ။ တာဝန်ခံဟယ်မှာ ဖွင့်မပြောရဲတဲ့ အခက်အခဲတွေ တကယ်ရှိနေခဲ့တာ။ ဒီကောင်တွေက သူ့မိသားစုဝင်တွေကို ဖမ်းဆီးပြီး မြေအောက်ခန်းထဲမှာ ပိတ်လှောင်ထားကြတာဗျ။ ကျွန်တော်တို့ အရိပ်ထဲမှာ ပုန်းကွယ်ပြီး သူတို့ရောက်လာတာနဲ့ သည်းသည်းမည်းမည်း ခြေရာခံလိုက်လာခဲ့လို့ တာဝန်ခံဟယ်ရဲ့ မိသားစုကို တွေ့ခဲ့ရတာပါ။ အခုတော့ သူတို့ကို ဘေးကင်းတဲ့နေရာကို ရွှေ့ပြောင်းပေးလိုက်ပါပြီဗျ"

"ကောင်းတယ်"

ဆုမိုသည် ခပ်ပြုံးပြုံးဖြင့် ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်၏။ ယခင်က သူသည် သာမန် အာမခံအလုပ်သမားတစ်ဦးအသွင် ရုပ်ဖျက်ကာ သူတို့၏ စနစ်တကျ အကွက်ချ ကြံစည်မှုများကို မသိဟန်ဆောင်၍ အထင်မှားခံခဲ့ရခြင်း ဖြစ်ပေ၏။

အကြောင်းမူကား တာဝန်ခံဟယ်၏ အမူအရာများတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အန္တရာယ်၏ အငွေ့အသက်ကို သူ ခံစားလိုက်ရသောကြောင့်ပါ။ ယနေ့ညတွင် တာဝန်ခံဟယ်အနေဖြင့် သတိကြီးစွာထား၍ သာမန်အတိုင်း နေထိုင်ရမည် ဖြစ်သော်လည်း သူ၏ အကြည့်များက ဂနာမငြိမ်ဖြစ်နေပြီး တစ်ခုခု မှားယွင်းနေကြောင်းကို အခြားသူများ မရိပ်မိသွားမည်ကိုပင် စိုးရိမ်နေသည့်ဟန် ပေါ်လွင်နေခဲ့သည်။

ထိုမျှ သိသာထင်ရှားလှသော လက္ခဏာများက ဆုမို၏ စိတ်အာရုံတွင် ဖြစ်နိုင်ချေတစ်ခုကို ပုံဖော်ပေးခဲ့၏။

တာဝန်ခံဟယ်သည် သူတို့ထံမှ အကူအညီ တောင်းခံနေခြင်းပင် ဖြစ်ချေသည်။

ရာနှုန်းပြည့် သေချာမှု မရှိသော်ငြားလည်း စမ်းသပ်ကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။ သို့ဖြစ်၍ ယနေ့ညတွင် အာမခံဌာနမှ အညတရ အလုပ်သမားတစ်ဦးအဖြစ် ရုပ်ဖျက်ကာ လှည်းများအနီး၌ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ရန်သူများ ဝင်ရောက်လာသည့် အခိုက်အတန့်၌ ချက်ချင်း ခုခံတိုက်ခိုက်ခြင်း မပြုခဲ့သည်မှာ အဖွဲ့မှူးလီနှင့် ဖုဟန်ယွမ်တို့အတွက် အချိန်ဆွဲပေးရန် လိုအပ်သောကြောင့်ပင်။ သူ၏ အမိန့်မှာ ရိုးရှင်းလှ၏။ တစ်စုံတစ်ရာ တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ လူတစ်ယောက်ကမူ ချက်ချင်း ပြန်လည်သတင်းပို့ရမည် ဟူ၍ ဖြစ်၏။

ထိုအခိုက်အတန့်၌ ဖုဟန်ယွမ်က သတင်းပို့ရန် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ နောက်ထပ် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို စတင်ရန် အချိန်ကျရောက်လာချေပြီ။

"ရွှေ့... ခုတ်... နေမင်း... ပိတ်ဆို့... အခင်းအကျင်း လေးရပ်။ ကောင်းကင်ပြာ အခင်းအကျင်းနဲ့ ကာကွယ်ထားလိုက်ကြ"

ဆုမို၏ အမိန့်သံအဆုံးတွင် အာမခံခေါင်းဆောင်များသည် အရပ်လေးမျက်နှာသို့ လျင်မြန်စွာ နေရာယူလိုက်ကြ၏။ ဓားရောင်တစ်ချက်ဝင်းလက်သွားသည်နှင့်အတူ ငွေရောင်အလင်းတန်းများ တလက်လက် တောက်ပလျက် လက်နက်များကို အသင့်ဆွဲထုတ်လိုက်ကြတော့သည်။ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ရန်သူများအထဲမှ ဓားတစ်လက်ကို ကိုင်ဆောင်ထားသူက လက်မြှောက်ကာ ဟန့်တားလိုက်သည်ကို တွေ့လိုက်ရ၏။

"ဆုတ်ကြမယ်"

သူတို့က တကယ်ပဲ ထွက်ပြေးဖို့ ကြိုးစားနေကြသည်လော။ ပုံမှန်အခြေအနေမျိုးတွင်မူ သူတို့ကို ထွက်ပြေးခွင့်ပြုလိုက်ရုံဖြင့် ပြီးဆုံးနိုင်သည်။ သို့သော် ယခုအချိန်တွင်တော့ ထိုသူတို့ကို အလွတ်ပေးရန် ဆုမို လုံးဝ အစီအစဉ် မရှိချေ။

ပထမအချက်မှာ သူတို့၏ လုပ်ရပ်များသည် ခက်ထန်ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေးသည့်အပြင် တာဝန်ခံဟယ်ကိုလည်း ဆိုးရွားစွာ လှည့်စားခဲ့ကြသောကြောင့် ဖြစ်၏။ ဒုတိယအချက်မှာ သူတို့၏ ဇာစ်မြစ်က အလွန် သံသယဖြစ်ဖွယ် ကောင်းနေသောကြောင့်ပင်။

သူတို့သည် လော့ဖုန်း မဟာမိတ်အဖွဲ့၏ နယ်မြေအတွင်းရှိ တောတွင်းဓားပြဂိုဏ်းသားများ မဟုတ်သလို၊ မည်သည့် ဓားပြဂိုဏ်းနှင့်မျှ သက်ဆိုင်ခြင်း မရှိသူများလည်း ဖြစ်နိုင်သည်။ ဝမ်ချန်ရှင်းကြောင့် ကျောက်တီတို့၏ ရွာတစ်ရွာလုံး သတ်ဖြတ်ခံခဲ့ရပုံကို ပြန်လည်တွေးတောမိသောအခါ ဤလောဘသားကောင်များကို ဆုမိုက မည်သို့ အလွတ်ပေးနိုင်မည်နည်း။

တဆက်တည်း၌ပင် ခြေဖျားကို အသာအယာ ထောက်ကာ ခုန်တက်လိုက်ရင်း...

"မိတ်ဆွေတို့... ဘာဖြစ်လို့ ဒီလောက် အလျင်စလို ဖြစ်နေကြတာလဲ။ အောက်ဆင်းပြီး တောင်တန်းတွေလောက်တော့ ရွှေ့ကြည့်သွားကြပါဦးလား"

သူတို့ နောက်သို့ ချာခနဲ လှည့်ထွက်ရန် ကြိုးပမ်းနေသည့် အချိန်လေးအတွင်းမှာပင် ဆုမိုသည် သူတို့၏ နောက်ကျောဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ထိုအခြေအနေကို မြင်သောအခါ ဓားကိုင်ဆောင်ထားသူသည် ရုတ်တရက် လှည့်ကာ ဓားကို မြှောက်လိုက်ရာ ဆုမို၏ မျက်နှာရှေ့သို့ လျှပ်တစ်ပြက် ရောက်ရှိလာတော့သည်။

ထိုဓားကွက်သည် အလွန်တရာ ပြင်းထန်ပြီး အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လှ၏။

သို့သော် ဆုမိုက လက်ဖဝါးတစ်ဖက်ကို ဖြန့်တန်းလိုက်ရာ မျက်တောင်တစ်ခတ်မျှ အချိန်အတွင်းမှာပင် ထိုဓားသည် သူ၏ လက်ခုပ်အတွင်းသို့ ကျရောက်သွား၏။ ရိုးရှင်းသော ဆွဲယူမှုတစ်ချက်ဖြင့် ဓားကို လုယူလိုက်ပြီးနောက် ဓားကို ပြောင်းပြန်လှည့်ကာ ဓားသွားထိပ်ကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်၍ အားအနည်းငယ် သုံးလိုက်လေရာ တဖြောက်ဖြောက် ကျိုးကြေသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ထိုဓားတစ်လက်သည် ဆုမို၏ လက်ချက်ဖြင့် ချက်ချင်းပင် အပိုင်းပိုင်းအစစ ကျိုးပဲ့သွား၏။ ထိုအခိုက် 'ရွှီး... ရွှီး... ရွှီး...' ဟူသော လေဟာနယ်ကို ခွင်း၍ ထွက်ပေါ်လာသည့် အသံများ အဆက်မပြတ် မြည်ဟည်းသွားတော့သည်။

ကြီးမားလှသော အတွင်းအားများ ပါဝင်နေသည့် ကျိုးပဲ့နေသော ဓားစများသည် ထိုလူစု၏ ကျောကုန်းများဆီသို့ အဟုန်ပြင်းစွာ ပစ်လွှင့်သွား၏။ ချက်ချင်းပင် အချို့က နောက်သို့လှည့်ကာ ခုခံကြသော်လည်း အချို့ကမူ လုံးဝ ဂရုမစိုက်ဘဲ ဆက်လက် ထွက်ပြေးကြ၏။

နောက်သို့ လှည့်မကြည့်နိုင်ခဲ့သူများမှာမူ ဓားစများဖြင့် ထိုးဖောက်ဝင်ရောက်ခံလိုက်ရပြီး ခြေလှမ်းအနည်းငယ်မျှ ယိုင်လဲသွားကာ အဆောက်အအုံပေါ်မှ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားကြတော့သည်။

နောက်သို့လှည့်၍ ခုခံနိုင်ခဲ့သူများပင်လျှင် ဓားစများပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အတွင်းအား၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စဉ်သွားကြပြီး ခန္ဓာကိုယ်အတွင်း၌ အတွင်းအားများ ကမောက်ကမဖြစ်ကာ ဝေဒနာကို မအောင့်နိုင်တော့ဘဲ သွေးများ ဝေါ့ခနဲ အန်ချလိုက်ကြ၏။

ဓားကို ကိုင်ဆောင်ထားသော ထိုလူသည် သူ၏ အဖိုးတန်ဓားကြီးက တစ်နေ့တွင် ပြိုင်ဘက်၏ လက်ထဲ၌ သူ့ကို ပြန်လည်သတ်ဖြတ်မည့် လက်နက်တစ်ခု ဖြစ်လာလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးချေ။ ထို့အပြင် ဇီယန် အာမခံဌာနမှ ဆုမိုတွင် ဤမျှလောက် နက်နဲသော အတွင်းအားနဲ့ သိုင်းပညာများ ရှိနေလိမ့်မည်ဟုလည်း သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုသူ၏ ဓားသည် အလွန်တရာ ကောင်းမွန်သော လက်ရာဖြစ်ပြီး သူ၏ ဓားသိုင်းကလည်း အဆင့်မြင့်မားလှ၏။ ယခုမူ အမှားတစ်ချက် ကျူးလွန်မိရုံဖြင့် ဓားကို အလုခံရရုံသာမက သူ၏ လက်မှလည်း သွေးများ အဆက်မပြတ် ယိုစီးကျနေပြီ ဖြစ်၏။

သို့သော် သူ ခေါင်းမော့ကြည့်လိုက်သည့် အခိုက်တွင် ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခုက သူ့အပေါ်သို့ ကျရောက်နေပြီ ဖြစ်၏။

ပါးရည်နပ်ရည် ရှိပြီး စွန့်စားတတ်သော ဤလူသည် ဤမျှ အန္တရာယ်ကြီးမားသော အခိုက်အတန့်တွင်ပင် အံ့အားသင့်သွားသော်လည်း အသိစိတ် မလွတ်ခဲ့ပေ။ သူ၏ ဒန်တျန်မှ အတွင်းအားများကို ဆွဲတင်လိုက်ပြီး သူ၏ လက်ဝါးကို ဓားတစ်လက်ပမာ အသွင်ပြောင်းကာ ဆုမို၏ လက်ဝါးဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာတော့သည်။

အတွင်းအားများ ရစ်ပတ်ထားသော သူ၏ လက်ဖျားမှ ဓားအသွင်ပြောင်း လက်ဝါးကွက်သည် အထင်သေး၍ရမည့် အရာမျိုး လုံးဝ မဟုတ်ပေ။ သို့သော် သံချေးတက်နေသော သတ္တုများ အချင်းချင်း ထိခိုက်မိသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာပြီး သူ၏ လက်ဝါးသည် ဆုမို၏ လက်ဖဝါးအတွင်းသို့ သက်ဆင်းသွားလေရာ သူတို့ နှစ်ဦးကြားမှ သံမဏိများ ရိုက်ခတ်သံကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာတော့သည်။

ထိုသို့ အင်အားပြိုင်ဆိုင်မှုက ခေတ္တခဏမျှသာ ဖြစ်ပြီး နောက်တစ်စက္ကန့်တွင်မူ လွှမ်းမိုးနိုင်စွမ်းရှိသော ကြီးမားလှသည့် အင်အားလှိုင်းလုံးကြီးတစ်ခုက လိမ့်တက်လာ၏။ ထိုအင်အားနှင့်အတူ မီးတောက်များနှင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုအလား ပူပြင်းသော အပူလှိုင်းကြီးတစ်ခုက သူ၏ သွေးကြောများအတွင်းသို့ တဟုန်းဟုန်း စီးဝင်လာတော့သည်။ သူ၏ ကိုယ်ပိုင် အတွင်းအားသည် ဤမျှ ပြင်းထန်ပြီး အဆုံးအစမရှိသော အတွင်းအားကြီး၏ ရှေ့မှောက်တွင် မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ လက်မောင်းတစ်ခုလုံးသည် ဆုမို၏ လက်ခုပ်အတွင်း၌ ဖမ်းဆုပ်ခံလိုက်ရပြီ ဖြစ်၏။

"မိတ်ဆွေ... အခု အောက်ဆင်းခဲ့တော့လေ"

ဆုမိုက လက်တစ်ချက် ခါယမ်းလိုက်ရာ ထိုသူသည် ခေါင်မိုးပေါ်မှ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားတော့သည်။ သူ၏ ခန္ဓာကိုယ်ရှိ သွေးကြောကွက်များ အားလုံးလည်း လုံးဝ ပိတ်ဆို့ခံလိုက်ရ၏။

ဤအခြေအနေသို့ ရောက်ရှိသွားသောအခါ သူသည် ထိုင်နိုင်ရန် ရုန်းကန် ကြိုးစားနေသော်ငြားလည်း အေးစက်လှသော ဓားသွားပေါင်းများစွာက သူ၏ လည်ပင်းဆီသို့ တေ့ရွယ်ထားပြီး ဖြစ်လေတော့၏။

အခန်း (၃၆၅) - ဖမ်းဆီးခြင်း (၃)

~ထိုပြောင်းလဲမှုများသည် ရှင်းပြရန် ရှုပ်ထွေးလှသော်ငြားလည်း အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ်ပေ၏။

ထိုသူ့ကို မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်ပြီးနောက် ဆုမို မော့ကြည့်လိုက်သည်။ ကောင်းကင်ယံမှ လရောင်က ဖြာကျနေသည်။ ထိုလရောင်အောက်တွင် ဓားချက်များစွာဖြင့် ထိုးဖောက်ဝင်ရောက်ခြင်း ခံထားရသော သူခိုးဓားပြအချို့ကို ထင်းလင်းစွာ မြင်လိုက်ရ၏။

အိမ်ထဲမှ ပြေးလွှားထွက်လာသူမှာ ဝေဇီယီပင် ဖြစ်ချေသည်။ သူမ၏ ဓားရှည်က လေဟာနယ်ကို ခွင်း၍ ဓားရောင်တစ်ချက်ဝင်းလက်သွားကာ အံ့မခန်းစွမ်းအားများကို ပြသနေ၏။

အခြားတစ်ဖက်တွင်မူ လူအုပ်ကြား၌ ပုန်းကွယ်နေသူ တစ်ယောက်ရှိပြီး ထိုသူကို အခြားသူများက ဝိုင်း၍ ဖေးမကာ ခေါ်ဆောင်သွားရန် ကြိုးပမ်းနေကြသည်။

သို့သော် သူတို့ ခေါင်မိုးစွန်းသို့ ရောက်ရှိသွားချိန်၌ မျက်နှာချင်းဆိုင် ခေါင်မိုးပေါ်တွင် နောက်ထပ် လူတစ်စုကို မြင်လိုက်ရတော့သည်။ မိန်းမပျိုလေးဦးက ထမ်းစင်တစ်ခုကို ထမ်းထားပြီး ထိုထမ်းစင်ပေါ်တွင် အဖြူရောင်ဝတ်စုံနှင့် ခန့်ညားသော လူငယ်တစ်ဦး ထိုင်နေသည်။

လေညင်းသဲ့သဲ့တစ်ချက် တိုက်ခတ်သွားရာ ထိုအဖြူရောင်ဝတ်စုံနှင့် လူငယ်၏ ဆံပင်ရှည်များက လေထဲတွင် လွင့်ဝဲသွား၏။ သူ၏ ဝတ်ရုံ လက်စများကလည်း လေနှင့်အတူ ယိမ်းနွဲ့နေသည်။ သို့သော် သူ၏လက်ထဲရှိ ကြီးမားသော ပေါက်စီကြီးထံမှ ထွက်ပေါ်နေသော မွှေးပျံ့သည့် ရနံ့ကသာလျှင် ဤသွေးထွက်သံယို မြင်ကွင်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကာ အလွန် ထူးဆန်းနေတော့သည်။

လူတိုင်း၏ အာရုံက အလယ်ဗဟိုရှိ ထိုသူထံသို့ အလိုအလျောက် ရောက်ရှိသွားကြချိန်တွင် သူက ချိုလွင်သောအသံဖြင့် တိုးညှင်းစွာ ဆိုလိုက်သည်။

"သွားကြစို့"

ထိုသူခိုးဓားပြများသည် သူ့ကို အလွန်အမင်း ယုံကြည်အားထားပုံရ၏။ သူတို့ရှေ့ရှိ လူစုက သူတို့လမ်းကို ပိတ်ဆို့လာနိုင်သည်ဟူသော အချက်ကိုပင် လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိကြချေ။

သို့သော် သူတို့ အနီးသို့ ချဉ်းကပ်သွားချိန်တွင် အလယ်မှလူက ရုတ်တရက် အကြံယုတ်တစ်ခု ရသွား၏။

"ဒီကောင်မလေးတွေက ချောတာပဲဗျ။ နှစ်ယောက်လောက် ခေါ်သွားကြစို့"

"နားလည်ပြီ"

ဟူသော တုံ့ပြန်သံနှင့်အတူ လူတစ်ယောက်က ရှေ့သို့ ခုန်ပျံတိုက်ခိုက်လိုက်ပြီး ကောင်မလေးနှစ်ယောက်ကို ဖမ်းဆုပ်ရန် ကြိုးစားတော့သည်။

သို့သော် ထိုအခိုက်အတန့်၌ ဓားသွားများက အပေါ်သို့ မြောက်တက်လာပြီး သွေးစက်နှစ်ပေါက်က ညကောင်းကင်ယံကို ဆေးခြယ်လိုက်သကဲ့သို့ ပန်းထွက်သွား၏။ ထိုတိုက်ခိုက်သူ နှစ်ဦးစလုံး ပွဲချင်းပြီး အသက်ပျောက်သွားကြတော့သည်။

အုပ်စုခေါင်းဆောင်၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး တအံ့တဩ အော်ဟစ်လိုက်၏။

"ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး"

"ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးဗျ... အား"

သခင်လေး စစ်ထူ၏ စကားသံက စူးရှသော အော်သံကြီးတစ်ချက်နှင့်အတူ လမ်းခုလတ်တွင် ပြတ်တောက်သွားရသည်။ အကြောင်းမူကား ထိုမိန်းမပျိုလေးဦးသည် ထမ်းစင်ကို အသာအယာ ချထားခဲ့ပြီး သူ ခေါင်မိုးပေါ်မှ ပြုတ်ကျမည်ကို လုံးဝ ဂရုမစိုက်တော့ဘဲ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားကြသောကြောင့် ဖြစ်၏။

ထမ်းစင်ကြီးသည် ခေါင်မိုးပေါ်မှ အောက်သို့ လျောကျသွားပြီး အစွန်းတစ်နေရာတွင် အသည်းယားဖွယ် တွဲလောင်းချိတ်နေတော့သည်။ ကံကောင်းထောက်မစွာဖြင့် အောက်သို့ မပြုတ်ကျမီ တုံ့ခနဲရပ်လိုက်သည်။

အလွန်တရာ ကြောက်လန့်သွားသော သခင်လေး စစ်ထူသည် သူ၏ ကိုယ်ခန္ဓာအား ဘေးသို့ ရှောင်တိမ်းကာ ဟန်ချက်ကို နောက်သို့ ပြန်ထိန်းလိုက်ရ၏။ ထို့နောက် မတ်စောက်လှသော ခေါင်မိုးနှင့် မျက်နှာချင်းဆိုင် နံရံကို ကြည့်ရင်း အသက်ရှူဖို့ပင်မေ့သွားတော့သည်။

ထို့နောက် ဓားများကို အသက်အန္တရာယ် ပေးနိုင်လောက်အောင် ဝေ့ယမ်းနေသော ထိုမိန်းမပျိုလေးဦးကို စိမ်းစိမ်းကြည့်ကာ ဒေါသထွက်နေသော်လည်း တစ်ခွန်းမျှ မပြောရဲချေ။ သူသည် မိမိ၏ ဒေါသများကို ပေါက်စီကြီးအပေါ်တွင်သာ ပုံချလိုက်ပြီး အမုန်းတရားများကို ဖြေဖျောက်ရန် အားပါးတရ ကိုက်ဖြတ်ပစ်လိုက်တော့သည်။

ထိုအချိန်တွင် မိန်းမပျိုလေးဦးသည် လူအုပ်ထဲသို့ အဟုန်ပြင်းစွာ ပစ်လွှင့်ဝင်ရောက်သွားကြပြီ ဖြစ်၏။ သူမတို့ အသုံးပြုသော သိုင်းပညာသည် အုပ်စုဖွဲ့ တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဖြစ်ပေ၏။

ဆုမိုသည် ကနဦးက ရှေ့ထွက်၍ ကူညီရန် တွေးတောမိသော်လည်း ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ထိုအတွေးကို ဖျောက်ဖျက်လိုက်ကာ လက်ပိုက်၍သာ ငေးရင်း ကြည့်နေလိုက်တော့သည်။

ဤမိန်းမပျိုတိုင်းသည် အရည်အချင်းရှိသော သိုင်းပညာရှင်များ ဖြစ်ကြသည်။ ယခင် လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံခဲ့စဉ်က သူမတို့ အလွယ်တကူ ရှုံးနိမ့်သွားပုံ ရသော်လည်း အကြောင်းမူကား ဟွိုင်တောင် ကျားငါးကောင်၏ ခေါင်းဆောင်က အလွန် ရက်စက်ကြမ်းကြုတ်သော အဆိပ်ကို အသုံးပြုခဲ့၍ ဖြစ်၏။။ ထိုအဆိပ်သည် သူမတို့ကို အနည်းငယ်မျှပင် ထိတွေ့ခွင့် မပြုနိုင်လောက်အောင် အန္တရာယ်များလှသည်။

သို့ဖြစ်သော်ငြားလည်း လက်ရှိအခြေအနေတွင် တစ်ဦးချင်း တိုက်ခိုက်မည်ဆိုလျှင်ပင် ဤလူရမ်းကားများသည် မိန်းမပျိုလေးများကို ယှဉ်နိုင်မည် မဟုတ်ချေ။ အတူတကွ ပေါင်းစည်းတိုက်ခိုက်ချိန်တွင်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။

ဆုမို၏ အတွင်းအားနှင့် သိုင်းပညာ အမြင်သည် အစပိုင်းကထက် တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီ ဖြစ်၏။ ထိုမိန်းမပျိုလေးဦးက အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကို အသီးသီး ကာကွယ်လျက် နေရာယူထားပုံကို သူ သေချာစွာ သတိပြုမိလိုက်သည်။

သူတို့သည် သီးခြားစီ တိုက်ခိုက်နေပုံရသော်လည်း ၎င်းတို့၏ ဓားကွက်များက အလွန်တရာ ရှုပ်ထွေးစွာ ချိတ်ဆက်နေပြီး ပြတ်တောက်မသွားဘဲ ဆက်တိုက် စီးဆင်းနေ၏။

သူတို့၏ ဓားရိပ်များ ဖုံးလွှမ်းသွားပြီး ထွက်ပြေးရန် ကြိုးစားသူများကို ဓားနံရံကြီး ကာဆီးထားသကဲ့သို့ နောက်သို့ ပြန်ဆုတ်သွားစေသည်။ လူလေးယောက်တည်းဖြင့် ရန်သူ ခုနစ်ယောက် ရှစ်ယောက်ခန့်ကို ဝိုင်းရံထားနိုင်စွမ်း ရှိပေ၏။

သူတို့၏ ဓားသွားများအောက်တွင် တစ်ခါတစ်ရံ လူတစ်ယောက်စီ ခေါင်မိုးပေါ်မှ ပြုတ်ကျလာတတ်ပြီး အာမခံဌာနမှ အလုပ်သမားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ကြရသည်။

ဆုမိုသည် ခပ်ပြုံးပြုံးဖြင့် ခေါင်းကို အသာအယာ ညိတ်လိုက်၏။

ထိုစဉ် အလယ်တွင် ဝိုင်းရံခံထားရသူက လှည့်ကွက်တစ်ခုခု သုံးရန် သူ၏လက်ကို ခါယမ်းလိုက်ပုံရသည်။

"သင်္ကေတလေးပါး အခင်းအကျင်း... တော်တော် စိတ်ဝင်စားစရာ ကောင်းသားပဲ"

သို့သော် နောက်တစ်စက္ကန့်မှာပင် သခင်လေး စစ်ထူ၏ ချောင်းဆိုးသံကို ကြားလိုက်ရ၏။

"မွန်းလိုက်တာဗျာ... တကယ်ကို မွန်းကြပ်လွန်းတယ်။ ခင်ဗျားတို့က အဆိပ်သုံးပြီး ညစ်ပတ်တာပဲ"

"အနံ့ကလည်း တော်တော် ပြင်းတာပဲ။ ဒီညစာတုန်းကလည်း အဲဒီလိုပဲဗျ၊ ခင်ဗျားတို့ အဆိပ်ထဲမှာ ငရုတ်သီးတောင် ထည့်စရာ မလိုပါဘူး"

"ဆေးပညာရဲ့ သဟဇာတဖြစ်မှုနဲ့ ယင်ယန် ဓာတ် ငါးပါး မျှတမှုကိုတောင် ခင်ဗျားတို့ သေချာ မကျွမ်းကျင်ဘဲနဲ့ ဘယ်လိုလုပ် အဆိပ်ကို သုံးရဲရတာလဲ"

အလယ်ရှိ ထိုလူ့မျက်နှာသည် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားပြီး နောက်သို့ ချာခနဲ လှည့်ထွက်သွား၏။ သို့သော် ထိုအချိန်တွင် သူ၏ အပေါင်းအပါများ အားလုံးကို မိန်းမပျိုများက နှိမ်နင်းလိုက်ကြပြီပင်။

"မင်း..."

သူ နောက်သို့လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် အရပ်လေးမျက်နှာမှ ဓားလေးလက်က သူ၏လည်ပင်းဆီသို့ တေ့ရွယ်လာပြီး ဓားများဖြင့် ဖန်တီးထားသော သော့ခလောက်ကြီးတစ်ခုအသွင် ပိတ်လှောင်လိုက်တော့သည်။

ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်ပြီဖြစ်သော ဝေဇီယီထံမှ လက်ခုပ်တီးသံနှင့်အတူ ချီးကျူးသံ ထွက်ပေါ်လာ၏။

"ပြောင်မြောက်လှပါပေတယ်ရှင်"

"ညီမလေးတို့ရဲ့ စွမ်းရည်က တကယ်ကို အထင်ကြီးစရာပဲ။ ကျွန်မလည်း ဓားသိုင်းကို နည်းနည်းပါးပါး လေ့လာထားဖူးတယ်ရှင့်။ နောက် အားတဲ့အခါကျရင် ကျွန်မနဲ့ အမြင်လေး ဘာလေး ဖလှယ်ပြီး သင်ယူခွင့်ရမလား မသိဘူး"

မိန်းမပျိုလေးများက သူမကို အကဲခတ်သလို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမျှ ပြန်မပြောကြချေ။

သို့သော် ထိုသူ၏ သွေးကြောကွက် အနည်းငယ်ကို ပိတ်ဆို့လိုက်ပြီးနောက် သခင်လေး စစ်ထူထံသို့ ပြန်သွားကာ သူ၏ ထမ်းစင်ကို မ,ချီလိုက်ကြ၏။

သခင်လေး စစ်ထူက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး...

"တော်သေးတာပေါ့ဗျာ... မင်းတို့မှာ အသိတရားလေး နည်းနည်း ကျန်နေသေးလို့"

ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မိန်းမပျိုလေးဦးစလုံးက သူ့ကို စိမ်းစိမ်းကြည့်လိုက်ကြလေရာ သူမတို့၏ အကြည့်များက အလွန်တရာ အေးစက်နေတော့သည်။

သူ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ကိုယ့်ကိုယ်ကို အားယူကာ အတင်းပြုံးပြရင်း ကပျာကယာ ပြောလိုက်ရ၏။

"ညီမလေးတို့က အစ်ကို့ကို အမြဲတမ်း ဂရုတစိုက် ရှိကြပါတယ်ဗျာ"

မိန်းမပျိုလေးဦးစလုံးက တစ်ပြိုင်နက် မထီမဲ့မြင်ကဲ့ရဲ့လိုက်ကြပြီး ခြံဝင်းအတွင်းသို့ ခုန်ဆင်းသွားကြ၏။

"ဟွန့်"

ဆုမိုသည် သခင်လေး စစ်ထူနှင့် အခြားသူများ၏ ကျောပြင်ကို မမှိတ်မသုန်ကြည့်နေရင်း မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။

"တော်တော်လေး ခက်ထန်တာပဲ"

ဝေဇီယီက ဆုမိုအနီးသို့ လျှောက်လာပြီး ဓားကို အသာအယာ သွင်းလိုက်ကာ ပြုံးစစဖြင့် ဆိုလိုက်၏။

"တကယ်တော့လေ... ငါ ငယ်ငယ်တုန်းက အဲဒီလို တည်ငြိမ်ပြီး ခက်ထန်တဲ့ အမျိုးသမီး သူရဲကောင်းမျိုး အမြဲဖြစ်ချင်ခဲ့တာ၊ အဲဒီလိုနေရတာ အရမ်း... အင်း... အရမ်းကို စွမ်းအားကြီးတဲ့ပုံ ပေါက်တယ်လေ"

ဆုမိုက သူမကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"...ဒါဆို အခုကျတော့ ဘာဖြစ်လို့ အမြဲတမ်း အတည်မပေါက်နိုင်ဘဲ ပေါ့ပေါ့ပျက်ပျက် ဖြစ်နေရတာလဲ"

"ပေါ့ပျက်ပျက် နေတယ်ဆိုတာကလည်း လူရွေးသေးတယ်နော်။ ငါတို့ ပထမဆုံး စတွေ့တုန်းက ငါ.. နည်းနည်းတော့ ခက်ထန်တည်ကြည်သေးတယ် မဟုတ်လား"

ဆုမိုက ခေါင်းယမ်းလိုက်ပြီး လေချွန်လိုက်ကာ ခေါင်မိုးပေါ်မှ ခုန်ဆင်းသွား၏။

"...အဲဒီလို လုံးဝ သတိမထားမိပါဘူးဟာ"

တာဝန်ခံဟယ်က ဘေးတစ်ဖက်တွင် ရပ်နေပြီး ဆုမိုကို စိုးရိမ်တကြီးဖြင့် ကြည့်နေ၏။

ဆုမိုက ချော့မော့ပြောဆိုလိုက်သည်။

"တာဝန်ခံဟယ်... ဘာဖြစ်လို့လဲဗျ။ လာပါ... ထိုင်ပြီး နားပါဦး"

တာဝန်ခံဟယ်က ကပျာကယာ တောင်းပန်၏။

"ဆု... ခေါင်းဆောင်ဆု... ကျေးဇူးပြုပြီး သနားညှာတာပါခင်ဗျာ။ ကျွန်တော့်လို အသက်ကြီးတဲ့သူတစ်ယောက်ကို သိပ်မတင်းကျပ်ပါနဲ့"

"ကျွန်တော် တကယ်ကို ဘာမှ တတ်နိုင်တဲ့ အနေအထားမရှိလို့ပါ... ကျွန်တော်... သူတို့ သူတစ်ပါးကို ဒုက္ခပေးတာကို ကူညီဖို့ပဲ... ကူညီဖို့ပဲ တတ်နိုင်ခဲ့လို့ပါ"

"ဒီနေ့ ခင်ဗျားတို့ ရောက်လာတာကို မြင်တော့ ကျားပါးစပ်ထဲကနေ လွတ်မြောက်နိုင်မယ့် အခွင့်အရေးရှိပြီလို့ ထင်ခဲ့တာပါ။ ခေါင်းဆောင်ဆု... ကျေးဇူးပြုပြီး... ကျွန်တော့်ကို အပြစ်မတင်... အပြစ်မတင်ပါနဲ့ခင်ဗျာ"

ပြောပြောဆိုဆိုနှင့်ပင် သူသည် ဒူးထောက်ကာ ဦးချတောင်းပန်တော့မည့်ဟန် ပြင်လိုက်၏။

ဆုမိုက လက်မြှောက်ကာ ဟန့်တားလိုက်ပြီး အတွင်းအားလေလှိုင်း တစ်ခုဖြင့် သူ့ကို ဆွဲထူလိုက်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"ဘာလို့ အပြစ်တင်ရမှာလဲ တာဝန်ခံဟယ်ရာ။ ဒီည ခင်ဗျားသာ သတင်းမပေါက်ကြားအောင် တမင်တကာ မလုပ်ပြခဲ့ရင် ကျွန်တော်လည်း ဘာမှ ထူးခြားနေတာကို သတိထားမိမှာ မဟုတ်ဘူးလေ။ ခင်ဗျားကို ဘယ်လိုလုပ်ပြီး အပြစ်တင်ရက်မှာလဲဗျ"

"ဒါ့အပြင် ဒီည ကျွန်တော် ကြားခဲ့ရတာတွေ အားလုံးအရဆိုရင် တာဝန်ခံဟယ်မှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နားမလည်တဲ့ အချက်တစ်ချက် ရှိနေလို့ ခင်ဗျားကို မေးချင်ပါသေးတယ်"

တာဝန်ခံဟယ်က အလျင်စလို ပြန်ဖြေလာ၏။

"မေး... မေးပါခင်ဗျာ။ ကျွန်တော် သိသမျှ တစ်ခွန်းမကျန် အကုန်ဖြေပါ့မယ်"

"ဒီလူစုက ဒီကို ဘယ်တုန်းက ရောက်လာတာလဲ ခင်ဗျား သိလား။ ဘယ်ကနေ ရောက်လာတာလဲဗျ”

အခန်း (၃၆၆) - ဝူရှန်း၏ အကြံအစည်

~ဆုမို၏ အမေးကို ကြားသောအခါ တာဝန်ခံဟယ်သည် ဖွင့်ဟဝန်ခံလိုက်၏။

"ဒီလူတွေက ကျွန်တော့်ရဲ့ ဆင်းရဲတဲ့ တည်းခိုခန်းလေးကို ရောက်လာပြီး တည်းခိုနေတာ တစ်လကျော်လောက် ရှိနေပြီဗျ။ ပထမဆုံး စတွေ့တုန်းကတော့ ကျွန်တော် အံ့အားသင့်သွားခဲ့သေးတယ်။ ကြည့်ရတာ သူတို့က အနောက်မြောက်ဘက်ကနေ လာပုံရတယ်။ အဲဒီဘက်မှာ လမ်းတွေရှိပေမဲ့ အရမ်းကို ခေါင်လွန်းတယ်လေ။ ကျွန်တော်ကတော့ သူတို့ လမ်းမှာ အမှားတစ်ခုကျူးလွန် မိပြီး လျှို့ဝှက်ပုန်းအောင်း သွားလာနေတာလို့ပဲ ရိုးရိုးလေး တွေးမိခဲ့တာပါ။ ဒီဆိုင်ငယ်လေးကို ဖွင့်ထားတော့ ခြံဝင်းထဲမှာ အရည်အချင်းရှိတဲ့ လူယုံတချို့တော့ မွေးထားရတာပေါ့ဗျာ။ ဒါကြောင့် ဒီလိုလူမျိုးတွေကို သိပ်ပြီးတော့ ကြိုဆိုချင်စရာ မကောင်းပေမဲ့ ကျွန်တော်လည်း နှင်တော့ မထုတ်ရက်ခဲ့ပါဘူး"

တာဝန်ခံဟယ်သည် ဖြစ်ပျက်သည့် အကြောင်းများကို ရှင်းလင်းပြောပြနေ၏။ သူ၏ စကားများတွင် ဖုံးကွယ်ထားခြင်း အလျဉ်းမရှိပေ။

မူလက သူသည် စီးပွားရေးသက်သက်သာ လုပ်လိုပြီး ဤလူများကို အထူးတလည် ဂရုမစိုက်ခဲ့ချေ။ သို့သော် ထင်မှတ်မထားဘဲ ဤလူစု ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြဿနာရှာရန် ကြံစည်ကြတော့သည်။

သူ၏ ဆိုင်တွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို တာဝန်ခံဟယ် အကြိမ်ကြိမ် ကြုံဖူး၏။ ဤလောဘသားကောင်များသည် အခွင့်အရေး အနည်းငယ်မျှ အမြတ်ထုတ်လိုရုံသာ ဖြစ်မည်ဟု သူ အထင်မှားခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိဘက်မှ ပြတ်သားမှုကို ပြသရန်သာ လိုအပ်သည်။ ဆိုင်တွင် အလွယ်တကူ အနိုင်ကျင့်၍မရသော သိုင်းပညာရှင်များ ရှိကြောင်း အသိပေးလိုက်ရုံဖြင့် အရာအားလုံး ပြေလည်သွားလေ့ ရှိ၏။

သို့သော် ထင်မှတ်မထားဘဲ တကယ့် ပဋိပက္ခ စတင်လာချိန်တွင်မူ သူတို့၏ ရက်စက်ကြမ်းကြုတ်သော သရုပ်အမှန်က ပေါ်လွင်လာတော့၏။ တာဝန်ခံဟယ်သည် မိမိလူများကို ဦးစွာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်ရာ မိမိတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ပြလိုက်သကဲ့သို့ ဖြစ်သွားသည်။ ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေးသော ထိုအမည်မသိ လူရမ်းကားများက ထိုအခြေအနေကို မြင်သောအခါ ဤဆိုင်ငယ်လေးသည် အလွယ်တကူ အနိုင်ကျင့်၍ မရကြောင်းကို မည်သို့မျှ မသိဘဲ နေမည်နည်း။

အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ်ပေ၏။

သူတို့အားလုံး တစ်ပြိုင်နက်တည်း ညာသံပေးကာ တိုက်ခိုက်လိုက်ကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခြံဝင်းအတွင်းရှိ သိုင်းပညာရှင်အချို့ ပွဲချင်းပြီး အသက်ပျောက်သွားကြတော့သည်။ တာဝန်ခံဟယ်လည်း ဖမ်းဆီးခံလိုက်ရပြီး သူ၏ မိသားစုတစ်ခုလုံး ရန်သူ့လက်တွင်းသို့ ကျရောက်သွားလေတော့၏။

မိမိတို့၏ အသက်အန္တရာယ် ဆုံးရှုံးပြီဟု အစပိုင်းက ထင်မှတ်ထားခဲ့သော်ငြားလည်း ဤလူစုက ဤနေရာတွင် အခြေချရန် စီစဉ်နေခဲ့ကြခြင်း ဖြစ်၏။ အပေါ်ယံ ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားနိုင်ရန်အတွက် တာဝန်ခံဟယ်ကို ဆိုင်ရှင်အဖြစ် ဆက်လက် နေထိုင်ခွင့် ပြုထားခဲ့သည်။ ဧည့်သည်ကုန်သည်များ ရောက်လာသောအခါ အစားအသောက်များထဲတွင် မေ့ဆေးများ ခိုးထည့်ကြသည်။ လူသန်ကြီး ပြောခဲ့သော ထို နတ်ဘုရား ကြွေကျဆေးပင် ဖြစ်ချေ၏။

ဤဆေးသည် အလွန်တရာ ပြင်းထန်လှသည်။ ထို့အပြင် တာဝန်ခံဟယ်၏ ဟယ်မိသားစု တည်းခိုခန်းသည် ဤနေရာတွင် ဖွင့်လှစ်လာခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်ရာ သူ့ကို သိကျွမ်းသူများကလည်း များပြားလှ၏။ အစောပိုင်း အကြိမ်များတွင် သူသည် ဧည့်သည်များကို အမြန်ဆုံး ထွက်ပြေးကြရန် သတိပေးဖို့ ကြိုးစားခဲ့သေး၏။ သို့သော် ထိုသူများက သူ နောက်ပြောင်နေသည်ဟုသာ ထင်မှတ်ခဲ့ကြရာ နောက်ဆုံးတွင် တည်းခိုခန်းအတွင်း၌ပင် အသတ်ခံလိုက်ကြရသည်။ ထို့အပြင် ဧည့်သည်များကို ကူညီထွက်ပြေးစေရန် တာဝန်ခံဟယ်၏ ကြိုးပမ်းမှုကိုပါ ထိုရာဇဝတ်ကောင်များက သိရှိသွားခဲ့ကြ၏။

သူတို့က တာဝန်ခံဟယ်ကို တိုက်ရိုက် လက်စားချေခြင်း မပြုခဲ့ပေ။

၎င်းအစား သူတို့၏ ဒေါသများကို တာဝန်ခံဟယ်၏ သားသမီးများ၊ မြေးများနှင့် ဇနီးမယားများအပေါ်သို့ ဦးတည်ခဲ့ကြသည်။ သူ၏ သမီး သို့မဟုတ် ချွေးမများကို အတင်းအဓမ္မ ကျူးလွန်စော်ကားခြင်း သို့မဟုတ် ကလေးများကို ဓားဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ကြ၏။ တစ်ကြိမ် နှစ်ကြိမ်မျှ ကြုံပြီးနောက်တွင် တာဝန်ခံဟယ်သည် ဝင်ရောက်စွက်ဖက်ရန် လုံးဝ မရဲတော့ချေ။ ဤတစ်လတာ ကာလအတွင်း တာဝန်ခံဟယ်သည် သေရသည်ထက်ပင် ပိုမို ဆိုးရွားသော လောကငရဲတစ်ခုပမာ ဖြစ်နေသော ဝေဒနာကို ခံစားခဲ့ရ၏။

သို့သော် ဤလူစုက သူ ကောင်းစွာ မအိပ်စက်ရပါက အခြားသူများ၏ သံသယကို ဆွဲဆောင်မိမည် စိုးသောကြောင့် သူ မဖြစ်မနေ အိပ်ရမည့်အချိန်များတွင် နတ်ဘုရား ကြွေကျဆေး အနည်းငယ်ကို အဆင်ပြေသလို အသုံးပြုကြသည်။ ထမင်းစားရန် မလိုအပ်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို အရက်နှင့် အသားများကို အတင်းအဓမ္မ ခွံ့ကျွေးကြ၏။ သို့ဖြစ်ရာ သူ၏ မျက်နှာသွင်ပြင်နှင့် အခြေအနေကို ကြည့်ရုံမျှဖြင့် သူ မည်မျှ ဆိုးရွားသော အဖြစ်အပျက်များကို ဖြတ်သန်းခဲ့ရကြောင်း မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။

ဤအကြောင်းများကို ပြောဆိုပြီးဆုံးချိန်တွင်တော့ တာဝန်ခံဟယ်၏ မျက်လုံးများမှ မျက်ရည်များ ပေါက်ပေါက်ကျလာတော့သည်။

ထိုစဉ် ခြံဝင်းတံခါး ရုတ်တရက် ပွင့်လာပြီး အဖွဲ့မှူးလီသည် အာမခံဌာနမှ အလုပ်သမားအချို့နှင့်အတူ တာဝန်ခံဟယ်၏ မိသားစုကို ခေါ်ဆောင်ကာ ဝင်ရောက်လာ၏။

သို့သော် တာဝန်ခံဟယ် မိသားစု၏ အခြေအနေကား အလွန်တရာ ဆိုးရွားလှ၏။ သမီးဖြစ်စေ၊ ချွေးမဖြစ်စေ အမျိုးသမီးများ၏ မျက်ဝန်းအစုံတိုင်းတွင် အသက်ဝင်မှု ကင်းမဲ့နေပြီး စိတ်ပျက်အားငယ်မှုများသာ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။

လူငယ်များနှင့် ကလေးသူငယ်များ၏ မျက်နှာနှင့် ခန္ဓာကိုယ်များတွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။ သူတို့အထဲမှ တစ်ဦးကိုမူ အာမခံခေါင်းဆောင်တစ်ဦးက ကျောပိုးလာခဲ့ရသည်။ ထိုသူသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး မျက်နှာမှာ ဖြူရော်နေကာ လက်တစ်ဖက်လည်း ပြတ်လပ်နေချေပြီ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တာဝန်ခံဟယ်သည် အောင့်အည်းမထားနိုင်တော့ဘဲ ငိုယိုကာ အော်ဟစ်လိုက်တော့သည်။

"ငါ့... ငါ့သားလေး"

သူသည် ယိုင်တိုင်တိုင်ဖြင့် သူတို့ဆီသို့ ပြေးသွား၏။

ဤလူစုသည် တာဝန်ခံဟယ်ကို မြင်လိုက်ရမှသာလျှင် သူတို့ အမှန်တကယ် ဘေးကင်းရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နားလည်သွားကြတော့သည်။ ချက်ချင်းပင် ငိုယိုသံများနှင့် ညည်းညူသံများက လေထုထဲတွင် ပဲ့တင်ထပ်သွားလေတော့၏။

ဘေးတစ်ဖက်တွင် ရပ်နေသော ဝေဇီယီ၏ မျက်မှောင်များ တင်းကျပ်စွာ ကုတ်လျက်ရှိပြီး သူမ၏ လက်ဖမိုးပေါ်မှ သွေးကြောများပင် ထောင်ထနေပြီ ဖြစ်၏။ ဆုမိုသည် သူမအား တစ်ချက်ကြည့်ကာ အချက်ပြလိုက်၏။ သူတို့ နှစ်ဦးသည် ကြိုးတုပ်ခံထားရသော ဓားပြအုပ်စုထံသို့ လျှောက်သွားလိုက်ကြသည်။

ဆုမို၏ လက်ချက်ဖြင့် ခြေထောက် ကျိုးကြေသွားခဲ့သော လူသန်ကြီးမှာ သွေးများ အလွန်အကျွံ ထွက်ထားသဖြင့် အသက်ရှူပင် မမှန်တော့ချေ။ အခြားသူများကိုမူ အာမခံဌာနမှ အလုပ်သမားများက ကြိုးတုပ်ထားကြပြီး သူတို့ထဲမှ အချို့မှာလည်း ပြင်းထန်သော ဒဏ်ရာများဖြင့် မောဟိုက်စွာ အသက်ရှူနေကြရ၏။

ဆုမိုသည် ဤလူများကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။ သူ၏ အကြည့်များက ဓားကိုင်သူနှင့် အဆိပ်သမားတို့အပေါ်သို့ ရောက်ရှိသွားပြီးနောက် လက်ဖြင့် ညွှန်ပြကာ ပြောလိုက်၏။

"ဒီကောင် နှစ်ကောင်ကို ဆွဲထုတ်လာခဲ့စမ်း"

ချက်ချင်းပင် အာမခံဌာနမှ အလုပ်သမားတစ်ဦးက အမိန့်ကို နာခံလျက် ထိုသူနှစ်ဦးကို ရှေ့သို့ ဆွဲထုတ်လာခဲ့သည်။

"သူတို့ရဲ့ အကြွေးတချို့ကို ပြန်ဆပ်တဲ့ အနေနဲ့... ပထမဆုံး သူတို့ရဲ့ လက်တစ်ဖက်စီကို ဖြတ်ပစ်လိုက်"

ဆုမိုက အမူအရာ ကင်းမဲ့စွာဖြင့် အေးစက်စက် အမိန့်ပေးလိုက်၏။

အာမခံဌာနမှ အလုပ်သမားများသည်လည်း အနည်းငယ်မျှ တွန့်ဆုတ်မနေကြချေ။ တာဝန်ခံဟယ် မိသားစု၏ ကြေကွဲဖွယ် အခြေအနေကို မျက်ဝါးထင်ထင် မြင်တွေ့ထားရသဖြင့် သူတို့၏ စိတ်ထဲတွင် သနားညှာတာစိတ် လုံးဝ မရှိတော့ပေ။ ဓားများကို ချက်ချင်း ဆွဲထုတ်လိုက်ကြပြီးနောက် ထိုသူနှစ်ဦးကို မြေပြင်ပေါ်သို့ ဖိချလိုက်ကြတော့သည်။

ဓားကိုင်သူမှာမူ အသံတစ်ချက်မျှ မထွက်ဘဲ ဆုမိုကိုသာ မမှိတ်မသုန်ကြည့်နေ၏။ ဆုမို၏ မျက်နှာကို သူ၏ မှတ်ဉာဏ်ထဲတွင် ထွင်းထုမှတ်သားနေသည့်အလားပင်။ အဆိပ်သမားကမူ အလွန်တရာ ထိတ်လန့်တုန်လှုပ်နေပြီး ငိုယိုကာ တောင်းပန်တော့သည်။

"တောင်းပန်... တောင်းပန်ပါတယ်ဗျာ။ မလုပ်ပါနဲ့... ကျွန်တော် နောက်ကို မရဲတော့ပါဘူး။ ဒီတစ်ကြိမ်လေးတော့ ချမ်းသာပေးပါဗျာ... ကျေးဇူးပြုပြီး"

သူ၏ စကားသံ အဆုံးတွင် ဆုမိုက လုံးဝ ဂရုမစိုက်ခဲ့ချေ။ ဓားရောင်နှစ်ချက်က လျှပ်တစ်ပြက် ဝင်းလက်သွားပြီး ထိုသူနှစ်ဦး၏ လက်မောင်းများသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလေတော့သည်။

ဓားကိုင်သူသည် အသံတိတ်နေဆဲ ဖြစ်သော်လည်း အဆိပ်သမား၏ စူးရှသောအော်သံကြီးက သေသူကိုပင် လန့်နိုးသွားစေနိုင်လောက်အောင် ကျယ်လောင်လှ၏။ ဆုမိုသည် သူ့ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။

"ဒီလူ့ ပါးစပ်ကို ပိတ်ထားလိုက်။ ပြီးရင် သခင်လေး စစ်ထူဆီ သွားပြီး သွေးတိတ်ဆေးလေး ဘာလေး သွားတောင်းချေ။ သူတို့ ဒဏ်ရာတွေကို သွေးတိတ်သွားအောင် လုပ်ပေးလိုက်"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

အလုပ်သမားတစ်ဦးက ချက်ချင်း တုံ့ပြန်လိုက်ပြီး နောက်သို့ ချာခနဲ လှည့်ထွက်သွား၏။ ထို့နောက် ဆုမိုက ဓားကိုင်သူကို ပြန်လှည့်ကြည့်ကာ မေးလိုက်သည်။

"ကဲ... မိတ်ဆွေတို့၊ ခင်ဗျားတို့ ဘယ်လမ်းကြောင်းက ဆင်းသက်လာတာလဲဗျ”

All Chapters