← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇) - ဝူရှန်း၏ အကြံအစည် (၂)

~တကယ်တော့ သူသည် ဓားကိုင်သူနှင့် အဆိပ်သမားကို မေးမြန်းနေခြင်း မဟုတ်ချေ။ ဓားကိုင်သူသည် သေခြင်းရှင်ခြင်းကို လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ခေါင်းမာနေကြောင်း သိသာလွန်းလှ၏။ အဆိပ်သမားကမူ... ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ စကားတစ်ခွန်းမျှပင် ထွက်နိုင်မည် မဟုတ်တော့ပေ။

ကြိုးတုပ်ခံထားရသူများသည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြသည်။ သူတို့ရှေ့မှ ကြေကွဲဖွယ် မြင်ကွင်းကို မြင်ပြီးနောက် အချို့က ဖွင့်ဟဝန်ခံချင်နေကြသော်လည်း ဓားကိုင်သူထံမှ မဲ့ပြုံးတစ်ချက် ပြုံးကာ လှောင်အော်လိုက်သံကို ကြားလိုက်ရ၏။

"မင်းတို့ ဟပ်ခနဲဟဆိုရင်တော့..."

သူ၏စကား မဆုံးသေးမီမှာပင် ဆုမို၏ ခြေဖဝါးက သူ၏ မျက်နှာဆီသို့ အဟုန်ပြင်းစွာ ပစ်လွှင့်ဝင်ရောက်လာတော့၏။ အားအနည်းငယ် ဖိချလိုက်သည်နှင့် ဂွပ်ခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာရိုးများသည် အပိုင်းပိုင်းအစစ ကျိုးကြေကာ ပုံစံပင် ပျက်သွားပြီ ဖြစ်၏။ ဆက်ပြောမည့် စကားလုံးများသည်လည်း သူ၏ ဝမ်းဗိုက်ထဲသို့ ပြန်လည်မျိုချခံလိုက်ရတော့သည်။

ဆုမိုက ကြည်လင်သော အသံဖြင့် တိုးညှင်းစွာ ဆိုလိုက်သည်။

"ပညာရှိဆိုတာ အခြေအနေကို ကြည့်ပြီး နေတတ်ရတယ်ဗျ။ မိတ်ဆွေတို့... လွတ်လွတ်လပ်လပ်သာ ပြောကြပါ။ တရားဥပဒေဆိုတာ လူအုပ်ကြီး တစ်ခုလုံးကို အပြစ်မပေးဘူးလို့ ဆိုရိုးစကား ရှိတယ်လေ။ ဒီနေ့ ကျွန်တော် ဆုမိုက တရားခံအစစ်တွေကိုပဲ ဒဏ်ခတ်မှာပါ။ ကျွန်တော် သိချင်တာတွေ အားလုံးကိုသာ ခင်ဗျားတို့ ဖွင့်ဟဝန်ခံမယ်ဆိုရင် ခင်ဗျားတို့ရဲ့ အသက်ကို ချမ်းသာပေးလို့ ရပါတယ်ဗျာ"

ဤကဲ့သို့သော လူရမ်းကားများကို ကိုင်တွယ်ရာတွင် ဒုက္ခသည် သိုင်းကျမ်းကို အသုံးပြုရန်ပင် ဆုမို စိတ်ကူးမယဉ်ခဲ့ချေ။ ဤလောဘသားကောင်များသည် ထိုသိုင်းကျမ်းနှင့် လုံးဝ မထိုက်တန်သောကြောင့်ပင်။

ထိုလူစုသည် ရုတ်တရက် ငိုင်သွားကြ၏။ ဆုမိုသည် သူတို့၏ ခေါင်းဆောင်ကို ဦးစွာ ဆွဲထုတ်ကာ လက်တစ်ဖက်ကို ဖြတ်တောက်ပစ်ခဲ့သည်။

ယခုအခိုက်အတန့်တွင် ထိုကတိစကားများ ကြားလိုက်ရသောအခါ သူတို့ အလွန်အမင်း ဝေခွဲမရ ဖြစ်သွားကြတော့သည်။

ထိုအခြေအနေကို မြင်သောအခါ ဆုမိုသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"ခင်ဗျားတို့ ဘာမှမပြောဘူးဆိုရင်တော့ ကျွန်တော် ဆုမိုလည်း သတ်ပွဲကို စတင်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူးဗျ။ အင်း... ဘယ်သူ့ဆီကနေ အရင်စရမလဲ"

သူသည် ထိုသူများ၏ မျက်နှာတစ်ခုချင်းစီကို စိမ်းစိမ်းကြည့်ကာ အကဲခတ်လိုက်၏။ သူ၏ အေးစက်လှသော အကြည့်များ ကျရောက်သွားသူတိုင်းသည် အလိုအလျောက် ခေါင်းငုံ့သွားကြပြီး ငိုယိုကာ တောင်းပန်ချင်သည့် အမူအရာများ ပေါ်လွင်လာကြ၏။

နောက်ဆုံးတွင်မူ လူတစ်ယောက်သည် ဆက်လက်၍ အောင့်အည်းမထားနိုင်တော့ချေ။

"ကျွန်တော်တို့... ကျွန်တော်တို့က ဝူရှန်းခန်းမရဲ့ ပိုင်နက်ထဲကနေ လာခဲ့ကြတာပါ..."

ဆုမိုသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"တော်တော် ကောင်းတယ်ဗျ။ ခင်ဗျား နည်းနည်းလောက် အသက်ပိုရှင်ခွင့် ရသွားပြီ"

ထိုစကားကို ကြားသောအခါ ထိုသူသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး ဆက်ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် အခြားတစ်ယောက်က ကပျာကယာ ဝင်ပြောလိုက်၏။

"ကျွန်တော်တို့က တောတွင်းဓားပြတွေ မဟုတ်ပါဘူး။ ဝူရှန်းခန်းမရဲ့ နယ်မြေထဲမှာ ကျင်လည်ကျက်စားနေတဲ့ သိုင်းလောကက အညတရ ခရီးသည်တွေပါ"

"ဟုတ်ပါတယ်ဗျာ... ကျွန်တော်တို့က ကောင်းကောင်းမွန်မွန် မစားရပေမဲ့ အေးအေးချမ်းချမ်းတော့ နေခဲ့ရတာပါ"

"ဝမ်ချန်ရှင်း ကိစ္စ ဖြစ်ပွားပြီးတဲ့နောက်မှာ ရုတ်တရက် လူတစ်ယောက်က ကျွန်တော်တို့ဆီ ရောက်လာတယ်။ သူက ဝမ်ချန်ရှင်းကို ဖမ်းမိထားပြီ၊ အဲဒီနောက်ပိုင်းကစပြီး... ဘဝက ပိုပြီး သာယာလာလိမ့်မယ်လို့ ပြောခဲ့တယ်ဗျ"

"တချို့ဆို ဝူရှန်းခန်းမထဲကိုတောင် ဝင်ခွင့်ရနိုင်တဲ့ အခွင့်အရေး ရှိမယ်တဲ့။ လူတစ်ယောက်တည်းရဲ့ အောက်၊ လူသောင်းချီရဲ့ အထက်မှာ ဩဇာတိက္ကမ ကြီးမားလာမယ်ဆိုပြီး ပြောခဲ့တာပါ"

လူတစ်ယောက် စတင် ဖွင့်ဟဝန်ခံလိုက်သည်နှင့် အခြားသူများလည်း အပြိုင်အဆိုင် ပြောဆိုလာကြတော့သည်။ သူတို့၏ စကားများသည် ဟိုတစ်စဒီတစ်စ ပြတ်တောင်းနေသော်ငြားလည်း သူတို့၏ မူလဇာစ်မြစ်ကို ဆုမို ကောင်းစွာ နားလည်သွားစေရန် လုံလောက်လှ၏။

မူလက သူတို့သည် နေရာအနှံ့ ပျံ့ကျဲနေသော ကြေးစားလူမိုက်များသာ ဖြစ်ကြ၏။ သို့သော် ဓားကိုင်သူ၊ လူသန်ကြီးနှင့် အဆိပ်သမားတို့က သူတို့ကို စုစည်းကာ လော့ဖုန်း မဟာမိတ်အဖွဲ့၏ ပိုင်နက်အတွင်းသို့ ဝင်ရောက်၍ ဝမ်ချန်ရှင်းကို သည်းသည်းမည်းမည်း ခြေရာခံရှာဖွေရန် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်၏။

လော့ဖုန်း မဟာမိတ်အဖွဲ့၏ နယ်မြေအတွင်းသို့ ရောက်ရှိလာချိန်တွင်မူ သူတို့၏ အခြေအနေက ရုတ်ချည်း ပြောင်းလဲသွားခဲ့တော့သည်။ အဆိပ်သမားက သူတို့အားလုံးကို အဆိပ်ခတ်လိုက်ပြီး အမိန့်ကို မနာခံပါက ချက်ချင်း အသက်ပျောက်သွားမည်ဟု ခြိမ်းခြောက်ခဲ့၏။

ထို့နောက် ဓားကိုင်သူ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် အခြေချရန် နေရာတစ်ခုကို ရှာဖွေခဲ့ကြသည်။ သူတို့၏ နောက်ဆုံး ရပ်နားရာ နေရာကား ဤဟယ်မိသားစု တည်းခိုခန်းပင် ဖြစ်ချေတော့သည်။

သူတို့၏ အပြောအရ ဓားကိုင်သူနှင့် သူ၏ အပေါင်းအပါ နှစ်ဦးတို့၏ နောက်ခံမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှ၏။ လော့ဖုန်း မဟာမိတ်အဖွဲ့၏ ပိုင်နက်သို့ စတင်ရောက်ရှိလာကတည်းက သူတို့သည် ဝမ်ချန်ရှင်းအတွက် လာခဲ့ကြခြင်း လုံးဝမဟုတ်ကြောင်းကို ဤလူစုက သံသယရှိနေခဲ့ကြ၏။

သို့သော် အတိအကျကိုမူ သူတို့ မသိရှိကြချေ။ အားလုံး ဖွင့်ဟပြောဆိုပြီးနောက် ဤလူစုတွင် ဆက်ပြောစရာ ဘာမှမကျန်တော့ဘဲ မြေပြင်ပေါ်၌ ဒူးထောက်ကာ ငိုယိုကာ တောင်းပန်နေကြတော့သည်။

ဆုမိုသည် ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်ပြီးနောက် အဖွဲ့မှူးလီကို လှမ်းခေါ်လိုက်၏။ ထို့နောက် အဖွဲ့မှူးလီ၏ နားနားသို့ ကပ်ကာ တိုးညှင်းစွာ တစ်ခုခုကို မှာကြားလိုက်၏။

အဖွဲ့မှူးလီက အနည်းငယ် တွန့်ဆုတ်သွားပြီး မေးလိုက်သည်။

"ဒါက... သင့်တော်ပါ့မလား ဂိုဏ်းချုပ်"

ဆုမိုက အဖွဲ့မှူးလီကို တစ်ချက်စိမ်းစိမ်းကြည့်လိုက်သည်။

"ဘာများ မသင့်တော်စရာ ရှိလို့လဲဗျ"

အဖွဲ့မှူးလီက တွန့်ဆုတ်နေဆဲဖြင့် ဖြေလိုက်၏။

"နည်းနည်းတော့ စည်းကမ်းနဲ့ မညီသလို ခံစားရလို့ပါ"

ဤသို့ပြောရင်း ဆုမိုသည် အသက်ရှူဖို့ပင်မေ့လောက်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေကြသော တာဝန်ခံဟယ်၏ မိသားစုကို မျက်စိထောင့်မှ တစ်ချက်ကြည့်လိုက်သည်။

"သူတို့နဲ့များ... ဘာစည်းကမ်းကို လာပြောနေရမှာလဲဗျာ"

ထိုအခြေအနေကို မြင်လိုက်ရသောအခါ အဖွဲ့မှူးလီက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။

"ဂိုဏ်းချုပ်က တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ်ဗျာ"

ပြောပြီးသည်နှင့် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

"လူနည်းနည်းလောက် ခေါ်ခဲ့။ သူတို့ကို အပြင်ဘက် ဆွဲထုတ်သွားပြီး လွှတ်ပေးလိုက်ကြစို့"

ခဏအကြာတွင် ထိုလူစုကို ဆွဲထုတ်သွားကြပြီ ဖြစ်၏။ မထွက်ခွာမီ သူတို့သည် ဆုမိုအား ကျေးဇူးတင်သော မျက်လုံးဖြင့် တစ်ချက်ကြည့်ကာ အကြိမ်ထောင်သောင်းမက ကျေးဇူးတင်စကား ဆိုသွားကြသေး၏။

သို့သော် လမ်းထောင့်တစ်ခုကို ချိုးကွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အဖွဲ့မှူးလီနှင့် အာမခံအလုပ်သမားများက သူတို့ကို မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားအောင် ရိုက်ချလိုက်ကြတော့သည်။

ထိုသူတို့ အငိုက်မိသွားချိန်၌ အဖွဲ့မှူးလီနှင့် အခြားသူများ၏ လက်ထဲမှ ဓားရောင်တစ်ချက်ဝင်းလက်သွားသည်ကို မြင်လိုက်ရပြီး... မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးများ ပန်းထွက်ကာ ခေါင်းများ ပြုတ်ကျသွားလေတော့သည်။

သို့သော် သူတို့၏ သတ်ဖြတ်မှုက လျင်မြန်မှု အနည်းငယ် လိုအပ်နေသေး၏။ ထိုလူများထံမှ ပြိုင်တူ အော်ဟစ်လိုက်သော သေခါနီး အသံနက်ကြီးများကို ဆုမိုနှင့် အခြားသူများ ကြားနေရဆဲ ဖြစ်၏။

ဆုမိုက လည်ပင်းကို အနည်းငယ် ဆန့်ထုတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ရှာဖွေဖို့ မမေ့ကြနဲ့ဦးနော်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် လျှို့ဝှက်စာချွန်လွှာတွေ ပါမပါ သေချာစစ်ဆေးကြ"

အဖွဲ့မှူးလီ၏ အသံက ဆုမိုထက်ပင် မကျယ်လောင်လှပေ။

"နားလည်ပါပြီဗျ"

ဆုမို၏ နှုတ်ခမ်းများ လှုပ်ရွသွားပြီး ဓားကိုင်သူကို တစ်ချက်ကြည့်ကာ ဖိနင်းထားသော ခြေထောက်ကို အသာအယာ ကြွလိုက်၏။

"မင်း စကားပြောနိုင်သေးလား"

ဓားကိုင်သူသည် အပြင်းအထန် ရုန်းကန်နေရသည့်ကြားမှ ပင်ပန်းကြီးစွာ အံကြိတ်ပြောဆိုလိုက်သည်။

"...ကြီးကျယ်ခမ်းနားလှတဲ့ ဇီယန် အာမခံဌာနရဲ့ ခေါင်းဆောင်ဆုဆိုတာ ယုံကြည်ရလောက်တဲ့ သူ မဟုတ်ဘူး။ ကတိဖျက်ပြီး လှည့်စားတဲ့ နေရာမှာတော့ တော်တော် ဝဖြိုးနေတာပဲ။ ဒီသတင်းသာ ပြန့်သွားရင်... မင်း သိုင်းလောကမှာ ဘယ်လိုများ ရပ်တည်နိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

ဆုမိုက ခေါင်းညိတ်ပြလိုက်၏။

"စကားပြောနိုင်သေးတာ ကောင်းတာပေါ့။ ဟေ့လူတွေ... သူ့ရဲ့ နောက်ကျန်နေတဲ့ လက်တစ်ဖက်ကိုပါ ဖြတ်ပစ်လိုက်ကြစမ်း"

အခြားသူတစ်ယောက်၏ ပိုင်ဆိုင်မှုကို အဓမ္မ သိမ်းပိုက်ခြင်း၊ ဇနီးနှင့် သမီးများကို အတင်းအဓမ္မ ကျူးလွန်စော်ကားခြင်း၊ မြေးငယ်များကို ပစ်မှတ်ထား ရက်စက်ခြင်း။ ဤကဲ့သို့သော လူမျိုးများကို မည်မျှပင် ပြင်းထန်စွာ အပြစ်ပေးပါစေ လွန်ကျူးသည်ဟု ဆုမို လုံးဝ မခံစားရပေ။

ကိစ္စပြီးပြတ်သွားပြီးနောက် ဆုမိုသည် ထိုလူကို လှည့်ပင်မကြည့်တော့ချေ။

သွေးတိတ်ဆေး ထည့်ပေးထားသော အဆိပ်သမားဘက်သို့ နောက်သို့ ချာခနဲ လှည့်ထွက်သွားလိုက်၏။ ထို့နောက် ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"မိတ်ဆွေရဲ့ နာမည်လေးများ သိခွင့်ရမလားဗျ"

ပြောပြောဆိုဆိုပင် ဆုမိုက ထိုသူ၏ ပါးစပ်ထဲမှ ပိတ်စကို ဆွဲထုတ်လိုက်၏။

သခင်လေး စစ်ထူ၏ သွေးတိတ်ဆေးသည် နာကျင်မှုကို သက်သာစေသော အာနိသင်လည်း ရှိပုံ ရသည်။ ဤအခိုက်အတန့်တွင် ထိုသူသည် ငိုယိုအော်ဟစ်နေခြင်း မရှိတော့ချေ။

အခန်း (၃၆၈) - ဝူရှန်း၏ အကြံအစည် (၃)

~သို့သော် သူ၏ ငိုယိုအော်ဟစ်သံများက အလွန်တရာ သနားဖွယ်ကောင်းလှပေ၏။ မျက်ရည်များ၊ နှပ်ရည်များ ပေပွနေပြီး လတ်တလောတွင် စကားတစ်ခွန်းမျှပင် မဟနိုင်အောင် ဖြစ်နေတော့သည်။

နောက်တစ်စက္ကန့်မှာပင် သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။

ဓားကိုင်သူ၏ နောက်ကျန်နေသေးသော လက်တစ်ဖက်ကို ဓားရောင်တစ်ချက်ဝင်းလက်သွားသည်နှင့်အတူ ထပ်မံဖြတ်တောက်လိုက်သည့် မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့် ဖြစ်၏။ သူ့ ကျောရိုးထဲ စိမ့်ခနဲ တုန်တက်သွားပြီး ကပျာကယာ ဖွင့်ဟဝန်ခံလိုက်၏။

"ကျွန်တော်... ကျွန်တော့်နာမည် ကျိုး... ကျိုးဖန်ပါ။ သိုင်းလောကသားတွေကတော့ ကျွန်တော့်ကို သရဲတစ္ဆေ ဟောကိန်းထုတ်သူလို့ ခေါ်ကြတယ်ဗျ"

ဆုမို ရုတ်တရက် ငိုင်သွား၏။

'သရဲတစ္ဆေ ဟောကိန်းထုတ်သူ' ဆိုသော စကားလုံး သုံးလုံး၏ တန်ဖိုးမှာ ရုတ်ချည်း ထိုးကျသွားသလို သူ ခံစားလိုက်ရ၏။

"မင်းတို့... မင်းတို့က ဝူရှန်းခန်းမက လူတွေလား"

ဆုမိုက မေးလိုက်သည်။

"မဟုတ်... မဟုတ်ပါဘူးဗျာ"

ကျိုးဖန်က ကပျာကယာ ခေါင်းယမ်းလိုက်၏။

"ကျွန်တော်တို့က ဝူရှန်းခန်းမနဲ့ ပတ်သက်ချင်ပေမဲ့ အဲဒီနေရာက လောကကို အုပ်စိုးထားတဲ့ တကယ့် ဩဇာကြီးမားတဲ့ နေရာကြီးလေဗျာ။ ကျွန်တော်တို့ ဝင်ချင်ရင်တောင် ဝင်ပေါက် မရှိပါဘူး... အဲ... မဟုတ်ဘူး... တကယ်တော့ ဝင်ပေါက် ရှိတယ်ဗျ"

ထိုသို့ပြောရင်း သူသည် ဓားကိုင်သူကို လှမ်းကြည့်လိုက်၏။

ထိုအခါ၊ ဓားကိုင်သူ၏ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။

"ခွေးသား... မင်း ပါးစပ်ကို ပိတ်ထားစမ်း"

"ဆရာ... ကျွန်တော်လည်း ပိတ်ထားချင်တာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်ပါးစပ်ကိုယ် ထိန်းလို့မရတော့ဘူး။ သူတို့... သူတို့က တကယ် ရက်စက်လွန်းတယ်။ ကျွန်တော့် လက်... ကျွန်တော့် လက်ကြီး..."

ပြောပြောဆိုဆိုနှင့်ပင် အရွယ်ရောက်ပြီးသော ယောက်ျားကြီးတန်မဲ့ ရှိုက်ကြီးတငင် ငိုယိုကာ တောင်းပန်နေတော့သည်။

ထိုအခိုက်အတန့်တွင် ဓားကိုင်သူ၏ မျက်ဝန်းများထဲ၌ လုံးဝ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွား၏။ လက်နှစ်ဖက်စလုံး အဖြတ်ခံလိုက်ရချိန်၌ပင် ဤမျှလောက် စိတ်ပျက်အားငယ်ဟန် မပေါ်ခဲ့ချေ။

ထိုစကားများကို ကြားသောအခါ ယေက်ျားလေး ဝတ်စုံနှင့် ဝေဇီယီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"ဝမ်ချန်ရှင်းက ဝူရှန်းခန်းမရဲ့ သခင်မလေးကို သံယောဇဉ်တွယ်သွားပြီး 'မဟာသံသရာပြောင်းလဲခြင်း နှလုံးသားကြာပန်းကျမ်း' ကို ခိုးယူသွားခဲ့တယ်။ အဲဒီအတွက် ဝူရှန်းခန်းမရဲ့ ခန်းမဆောင်သခင်ကြီး ဝမ်ယွီထန်က ဒေါသမီးတွေ တဟုန်းဟုန်းတောက်လောင်ပြီး သေမိန့်ထုတ်ခဲ့တယ်လေ။ မင်းတို့လို လူစုက လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ နယ်မြေထဲကို အခွင့်ကောင်းယူပြီး ဝင်လာတယ်ဆိုတော့... တခြား လျှို့ဝှက်တဲ့ အကြံအစည်တွေ စနစ်တကျ အကွက်ချထားတာများ ရှိနေမလားပဲ"

"ဟက်... ငါက အညတရ တစ်ယောက်ပါကွာ"

ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ ဓားကိုင်သူသည် ဆက်လက်၍ ခေါင်းမာမနေတော့ဘဲ မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

"ဝူရှန်းခန်းမရဲ့ သခင်ကြီးက ဘာရည်ရွယ်ချက် ရှိသလဲဆိုတာကို ငါတို့လို လူတွေက ဘယ်လိုလုပ် သိနိုင်မှာလဲ"

"အို... ဒါဆို ပြောစမ်းပါဦး။ မင်းတို့က ဒီဟယ်မိသားစု တည်းခိုခန်းကို ဘာဖြစ်လို့ အတင်းအဓမ္မ သိမ်းပိုက်ထားရတာလဲ။ ဘာတွေ လုပ်ဖို့ စီစဉ်နေတာလဲ"

ဟု ဆုမိုက စိမ်းစိမ်းကြည့်ကာ မေးလိုက်သည်။

"ဒါကတော့ ရှင်းနေတာပဲလေ... ကိုယ့်နယ်မြေကိုယ် ထူထောင်ပြီး သာသာယာယာ နေချင်လို့ပေါ့"

ဓားကိုင်သူက ဆုမိုကို အေးစက်စက် ပြန်ကြည့်လိုက်၏။ လက်နှစ်ဖက်စလုံး ဆုံးရှုံးထားရသော်ငြားလည်း သူသည် မျက်မှောင်တစ်ချက်မျှ မကုတ်ခဲ့ချေ။ သွေးထွက်လွန်နေသဖြင့် သူ၏ မျက်နှာမှာမူ အလွန် ဖြူရော်နေပြီ ဖြစ်၏။

သို့သော် သူ၏ မျက်ဝန်းထဲမှ စူးရှထက်မြက်မှုများက အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိဘဲ ပို၍ပင် ပြင်းထန်လာသယောင် ရှိနေတော့သည်။ ဤသူသည် လက်ဖြင့် ဓားမကိုင်နိုင်တော့လျှင်တောင်မှ အခြားနည်းလမ်းများကို အသုံးပြု၍ ပြိုင်ဘက်များကို ခုတ်ထစ်ချေမှုန်းပစ်နိုင်စွမ်း ရှိမည့်ဟန် ပေါ်လွင်နေသည်။

"မင်းက သာသာယာယာ နေချင်တယ် ဟုတ်လား"

ဆုမိုသည် တာဝန်ခံဟယ်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။

"ဒါက မင်း နေချင်တဲ့ ပုံစံလား"

"ငါ့ သက်တောင့်သက်သာ ရှိဖို့ပဲ ငါဂရုစိုက်တယ်။ တခြားသူတွေရဲ့ ခံစားချက်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ"

ဓားကိုင်သူက အက်ကွဲသော ရယ်သံကြီး တစ်ခုဖြင့် အားပါးတရ ရယ်လိုက်၏။

ထိုအခါ၊ ဆုမိုက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"မှန်တာပေါ့... မင်းက လောဘသားကောင်ပဲ။ တခြားသူတွေကို ထည့်မတွက်တာ သဘာဝကျပါတယ်။ ဒါဆိုရင် ထပ်မေးမယ်။ မင်းတို့နဲ့ ဝူရှန်းခန်းမကြားက ပတ်သက်မှုက တကယ်တော့ ဘာလဲ"

"ဘာပတ်သက်မှုမှ မရှိဘူး"

ဓားကိုင်သူက စဉ်းစားပင် မစဉ်းစားဘဲ ခပ်ပြတ်ပြတ် ဖြေလိုက်သည်။

ဆုမိုက ခေါင်းညိတ်လိုက်ပြီး ကျိုးဖန်ဘက်သို့ လက်ညိုးထိုးပြလိုက်၏။

"ကောင်းပြီလေ... သူ့လက်တွေကို ဖြတ်လိုက်ကြစမ်း"

ကျိုးဖန် ရုတ်တရက် ငိုင်သွားတော့သည်။

သူ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ဓားတစ်လက် မြောက်တက်လာသည်ကို မြင်လိုက်ရသဖြင့် လွှတ်ခနဲ အော်ဟစ်လိုက်၏။

"နေ... နေပါဦးဗျာ။ သူ... သူ စကားမပြောတာကို ဘာဖြစ်လို့ ကျွန်တော့်လက်တွေကို လာဖြတ်ရတာလဲ"

"ဘာလို့လဲဆိုတော့ ငါ မယုံလို့ပဲလေ"

ဆုမိုက အေးစက်စက် ဖြေလိုက်သည်။

"လူတွေက ဒီလောကမှာ အသက်ရှင်နေကြတဲ့အခါ နောက်ဆုံးကျရင် သံယောဇဉ် ကိစ္စတွေနဲ့ ရှုပ်ထွေးနေကြတာချည်းပဲ။ သံယောဇဉ် ကင်းမဲ့တဲ့သူဆိုတာ တကယ်ကော ရှိလို့လား။ သူက ကိုယ့်အတွက်ပဲ ကြည့်ပြီး သူတစ်ပါးကို ဂရုမစိုက်ဘူးလို့ ပြောပေမဲ့ ဒါကို ငါ လုံးဝ မယုံဘူး။ မင်းတို့က အတူတူ လာခဲ့ကြတာပဲ။ မင်း ဒီလောက် ဒုက္ခရောက်နေတာကို သူက ရေငုံနှုတ်ပိတ် နေနိုင်လိမ့်မယ်လို့ ငါ မယုံဘူး"

"..."

ကျိုးဖန်မှာ ပြောစရာစကားမဲ့သွားပြီး ကျောက်ရုပ်ကြီးပမာ ဖြစ်သွား၏။ ဤကဲ့သို့သော အကြောင်းပြချက်မျိုးဖြင့် သူ၏ လက်ကို အဖြတ်ခံရလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးချေ。

ဓားသွားက အောက်သို့ သက်ဆင်းတော့မည့် အခိုက်အတန့်လေးတွင် သူက ကပျာကယာ လှမ်း၍ တားလိုက်သည်။

"နေပါဦးဗျာ... ကျွန်တော် တစ်ခုခု သိတယ်။ ခင်ဗျားအတွက် အသုံးဝင်လောက်တယ်"

"ပြောစမ်းပါဦး"

ဆုမိုက သူ့ကို တစ်ချက်ကြည့်ကာ ဆိုလိုက်၏။

"ကျွန်တော်တို့ ဆရာ... ဆရာက (၇) ရက် တစ်ခါ အနီးနားက မြို့လေးတစ်မြို့ကို သွားလေ့ရှိတယ်။ အဲဒီမြို့လေးမှာ ဆန်ဆိုင်တစ်ဆိုင် ရှိတယ်... လျို ဆန်ဆိုင်တဲ့..."

"ခွေးသားလေး"

ထိုစကားကို ကြားသည်နှင့် ဓားကိုင်သူ၏ မျက်နှာမှာ သွေးဆုတ်သွားသလို ဖြူရော်သွားပြီး ရုတ်တရက် ရုန်းထကာ ရှေ့သို့ ခုန်ပျံတိုက်ခိုက်ရန် ကြိုးပမ်းတော့သည်။

သို့သော် ဆုမိုက ခြေတစ်ဖက်ကို ပင့်မြှောက်ကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားအောင် ဖိနင်းလိုက်၏။

ဖိနင်းခံထားရသည့် အခြေအနေအောက်တွင် သူသည် အသည်းအသန် အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။

"မင်း ဘယ်လိုလုပ် သိတာလဲ။ သူတို့ကို မင်း ပြောပြလိုက်ရင်ကော... သူတို့က မင်းကို အလွတ်ပေးမယ် ထင်နေလား"

"သူတို့ ကျွန်တော့်ကို အလွတ်မပေးရင်တောင်... အနည်းဆုံးတော့ မြန်မြန်ဆန်ဆန် သေရမှာပေါ့ဗျာ"

ကျိုးဖန်က ပြန်လည်ချေပလိုက်သည်။

"ခြေလက်တွေ တစ်စစီ အဖြတ်ခံရပြီး လူလည်းမဟုတ်၊ သရဲလည်းမဟုတ် ဖြစ်နေရတာထက်စာရင်တော့ အများကြီး ကောင်းပါတယ်"

ဤသို့ပြောပြီးနောက် ဓားကိုင်သူကို လုံးဝ ဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာ ဆက်ပြောလေတော့၏။

"သူ အဲဒီဆန်ဆိုင်ကို သွားတိုင်း ဆန် တစ်ခါမှ မဝယ်ဘူး။ တခြားသူတွေ နားမလည်နိုင်တဲ့ စကားတွေပဲ သွားသွားပြောပြီး ပြန်ထွက်လာတာ..."

"ကျွန်တော် သိတယ်... အဲဒီနေရာကို သိတယ်။ တကယ်တော့ အဲဒါက လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ နယ်မြေထဲမှာ ဖွင့်ထားတဲ့ ဝူရှန်းခန်းမရဲ့ လျှို့ဝှက်စခန်းတစ်ခုပဲဗျ။ ဒီကိုမလာခင်တုန်းကလည်း ဆရာက ဝူရှန်းခန်းမထဲက ဩဇာကြီးမားတဲ့ လူတစ်ယောက်ကို သူ သိတယ်လို့ ပြောခဲ့ဖူးတယ်။ အခု အကြံအစည်တွေ အားလုံးက အဲဒီလူရဲ့ အကြံဉာဏ် ဖြစ်ဖို့ များတယ်။ ဒီနေရာမှာ အကွက်ချပြီး အလုပ်ကြီးတစ်ခု လုပ်ဖို့ပဲ။ ဒါသာ အောင်မြင်သွားရင် နောင်တချိန်ကျရင်... အဆုံးအစမရှိတဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားရတော့မှာတဲ့ဗျာ"

ဆုမိုက သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်ပြီး ဝေဇီယီဘက်သို့ လှမ်းကြည့်လိုက်၏။

ဝေဇီယီက ခဏ.. စဉ်းစားလိုက်ပြီးနောက်...

"ဒီကနေ သုံးဆယ် လီ လောက်ဝေးတဲ့ နေရာမှာ တကယ်ပဲ မြို့ငယ်လေး တစ်မြို့တော့ ရှိတယ်"

"ငါတို့သွားမယ့် လမ်းကြောင်းပေါ်မှာပဲလား"

"ဟုတ်တယ်"

"ကောင်းပြီ"

ဆုမိုက ခေါင်းညိတ်လိုက်ပြီး ဓားကိုင်သူကို တစ်ချက် ပြန်ကြည့်လိုက်၏။

"တွေ့လား... ဒီအခြေအနေထိ ရောက်နေမှတော့ ဘာလို့ ခေါင်းမာနေဦးမှာလဲ။ အကုန်လုံးကိုသာ ဖွင့်ဟဝန်ခံလိုက်စမ်းပါ။ မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်"

"..."

သူ၏ ရင်တွင်း၌ လျှို့ဝှက်သိမ်းဆည်းထားသော အရာများအားလုံးကို ဘေးနားရှိလူက ဖော်ထုတ်လိုက်ပြီဖြစ်ရာ ဓားကိုင်သူသည် ဆက်လက်၍ ခေါင်းမာမနေနိုင်တော့ချေ။ သူ သက်ပြင်းကို အသာအယာ ချလိုက်သည်။

"ဝမ်ချန်ရှင်း ကိစ္စကတော့ အမှန်ပဲ။ ဒါပေမဲ့... ဝူရှန်းခန်းမက ဒီအခွင့်အရေးကို အသုံးချပြီး တခြား တစ်ခုခုကို ကြံစည်နေပုံရတယ်။ တကယ်တမ်း သူတို့ ဘာကို အကွက်ချနေလဲ ဆိုတာကိုတော့ ငါမသိဘူး။ ငါ ဒီကို ရောက်နေတာက... သတင်းတစ်ခုကို စောင့်နေရုံ သက်သက်ပဲ။ အဲဒီ အဖြစ်အပျက်ကြီး မပေါ်ပေါက်လာခင်၊ အကုန်လုံး ပွင့်အန်မကျလာခင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး။ ငါ ပြောစရာရှိတာ ဒါအကုန်ပဲ... မင်း သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ်တော့"

ဆုမိုက မျက်မှောင်ကြုတ်လျက် တွေးနက်နေသော ဝေဇီယီကို လှမ်းကြည့်လိုက်၏။

"ဒီလူကို လောလောဆယ် သတ်လို့ မဖြစ်သေးဘူး"

"အို... သခင်မလေးဝေမှာ တခြား အကြံအစည်များ ရှိနေလို့လား"

"တည်းခိုခန်းထဲမှာ အခြေချနေတဲ့ တောတွင်းဓားပြ တစ်အုပ်စုက ဝူရှန်းခန်းမနဲ့ ပတ်သက်နေတယ်ဆိုတော့..."

ဝေဇီယီက မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။

"ငါတို့ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ နယ်မြေထဲမှာ ဝူရှန်းခန်းမက အကွက်ချနေတယ်ဆိုမှတော့ သူတို့ ပစ်မှတ်က ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ပြီးတော့..."

သူမ အနည်းငယ် တုံ့ခနဲရပ်လိုက်သည်။

"တစ်ခုခုတော့ လွဲနေတယ်။ သူတို့က ဝူရှန်းခန်းမကနေ လာပြီး လော့ရှားမြို့ရဲ့ စောင့်ကြည့်မှုတွေကိုတောင် ကျော်ဖြတ်ပြီး ဒီမှာ လာအခြေချနိုင်တယ်ဆိုတာ..."

ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။

"အဲဒါကြောင့် မင်းတို့ လော့ဖုန်း မဟာမိတ်အဖွဲ့မှာ ခေါင်းဆောင်တွေ ဒီလောက် အများကြီး ရှိနေတာ ဘာလုပ်ဖို့လဲလို့ ငါ တွေးနေမိတာပေါ့"

"..."

ဝေဇီယီမှာ ပြန်လည်ချေပရန် စကားလုံးရှာမရဘဲ ဆွံ့အသွားတော့သည်။

ထို့နောက် ဆုမိုက ဓားကိုင်သူကို စူးစူးရဲရဲ ကြည့်လိုက်ပြန်၏။

"ဒါနဲ့ နေပါဦး။ ဝူရှန်းခန်းမက အဲဒီ ဩဇာကြီးမားတဲ့ လူရဲ့နာမည်က ဘယ်သူများလဲ"

"...ရန်ရှုန်းဖေး”

အခန်း (၃၆၉) - ခန့်မှန်းချက်

~ဝူရှန်းခန်းမ...

မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ဝမ်ယွီထန်၏ လက်အောက်တွင် ခန်းမဆောင်ပေါင်း (၁၂) ခု ရှိ၏။

ထိုခန်းမဆောင် (၁၂) ခုသည် လုပ်ငန်းတာဝန်များ ကွဲပြားခြားနားကြသော်ငြားလည်း သူတို့တွင် သီးခြား အမည်နာမများ မရှိကြချေ။

တစ် မှသည် ဆယ့်နှစ် အထိ ဂဏန်းများဖြင့်သာ ရိုးရှင်းစွာ အမည်ပေးထားကြခြင်း ဖြစ်သည်။

ရန်ရှုန်းဖေး ဟူသော နာမည်သည် ဆုမို၏ နားထဲသို့ ဝင်ရောက်လာချိန်၌ အလွန်တရာ စိမ်းသက်နေဆဲပင် ဖြစ်၏။

သို့သော် ထိုနာမည်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် လော့ဖုန်း မဟာမိတ်အဖွဲ့၏ သခင်မလေးဖြစ်သော ဝေဇီယီကမူ ချက်ချင်း သဘောပေါက်သွားတော့သည်။

"ဒသမမြောက် ခန်းမဆောင်ရဲ့ ဒုတိယ ခန်းမဆောင်သခင်လား"

"တကယ့်ကို ဩဇာကြီးမားတဲ့ လူတစ်ယောက်ပဲ"

ထိုစကားကို ကြားသောအခါ ဓားကိုင်သူသည် အလိုအလျောက် ခေါင်းမော့ကာ ဝေဇီယီကို စိမ်းစိမ်းကြည့်လိုက်၏။

"မင်း... မင်းက ဘယ်သူလဲ"

ဝူရှန်းခန်းမ၏ ခန်းမဆောင် (၁၂) ခုတွင် ခန်းမဆောင်သခင်များနှင့် ဒုတိယ ခန်းမဆောင်သခင်များ အားလုံးပေါင်း (၂၄) ဦး ရှိ၏။

ဝူရှန်းခန်းမ၏ နယ်မြေအတွင်းရှိ လူများပင်လျှင် သူတို့အားလုံးကို မိမိအိမ်ရှိ ပစ္စည်းများကဲ့သို့ အလွတ်ရနေသည်ဟု မဆိုနိုင်ပေ။ အဓိကအကြောင်းရင်းမှာ အချို့သော ခန်းမဆောင်သခင်များ၏ နောက်ခံသည် အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး လူလုံးထွက်ပြလေ့ မရှိသောကြောင့် ဖြစ်ချေသည်။

သို့သော် ယခုအခိုက်အတန့်တွင် လော့ဖုန်း မဟာမိတ်အဖွဲ့၏ နယ်မြေအတွင်းရှိ အညတရ အာမခံခေါင်းဆောင် တစ်ယောက်က ရန်ရှုန်းဖေး၏ နာမည်ကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်၏။

ဓားကိုင်သူသည် သူ၏ရှေ့မှ လူ၏ ဇာစ်မြစ်ကို ခေါင်းခဲမတတ် စဉ်းစားနေမိတော့သည်။

"ဟက်..."

ဝေဇီယီက လှောင်ပြုံး တစ်ချက် ပြုံးလိုက်ပြီး ဆုမိုကို အကြံပြုလိုက်၏။

"ဒီလူ့ကို ငါ.. ကိုင်တွယ်လိုက်ရမလား"

“သခင်မလေးဝေမှာ အကြံအစည် ရှိပြီးသားလား”

"အင်း... နည်းနည်းတော့ ရှိတယ်"

ဝေဇီယီက မျက်မှောင်ကြုတ်လိုက်သည်။ ဓားကိုင်သူသည် 'သခင်မလေးဝေ' ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် စောစောက ဆုမို ပြောခဲ့သော 'သခင်မလေးဝေ' ဆိုသည့် စကားလုံးကို ရုတ်တရက် ပြန်အမှတ်ရသွားကာ သူ၏ မျက်နှာမှာ သွေးဆုတ်သွားသလို ဖြူရော်သွားတော့၏။

"မင်းက လော့ဖုန်း မဟာမိတ်အဖွဲ့က ဝေရူဟန်ရဲ့ မြေးမလေးလား"

"စကားများလိုက်တဲ့ ခွေးသား... မင်း ပြောရမယ့် အလှည့်လား။ မင်းရဲ့ လျှာက အသုံးဝင်နေသေးလို့သာပေါ့၊ မဟုတ်ရင် အခုချက်ချင်း ဖြတ်ပစ်လိုက်ပြီ"

ဝေဇီယီက ဓားကိုင်သူကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် ဆုမိုကို ဘေးသို့ဆွဲခေါ်ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားသည်။

သူတို့ နှစ်ဦးတည်း ရှိနေချိန်ရောက်မှသာ ဆုမိုက ဝေဇီယီ၏ လက်ကို ကပျာကယာ ဖယ်ရှားလိုက်ပြီး...

"ဒီလို ဆွဲလားရမ်းလား လုပ်နေတာ ဘာစည်းကမ်းလဲဗျာ"

"သိုင်းလောကသားတွေပဲဟာ... ဒီလို အသေးအဖွဲ စည်းကမ်းလေးတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ"

ဝေဇီယီက ဆုမိုကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး...

"ခေါင်းဆောင်ဆု... ဒီည အဖြစ်အပျက်တွေအပေါ် နင် ဘယ်လိုမြင်လဲ"

"သခင်မလေးဝေရဲ့ အမြင်ကို အရင် နားထောင်ပါရစေဦး"

"...နင်က တော်တော် ပါးရည်နပ်ရည် ရှိတာပဲ။ ကိုယ့်မှာ အတွေးတွေ ရှိနေလျက်သားနဲ့ ငါ့ကို အရင် ပြောခိုင်းနေတယ်ပေါ့လေ"

ဝေဇီယီက ခေါင်းယမ်းလိုက်သည်။

"ငါ့အမြင်ကို ပြောရရင်တော့ ဒီလူ ပြောသွားတာတွေက အများအားဖြင့် အမှန်တွေချည်းပဲ။ သူက သေဖို့ မကြောက်ပေမဲ့ သူ့အပေါင်းအပါကတော့ သေရမှာကို တော်တော်လေး ကြောက်နေပုံရတယ်"

"အဲဒီတော့ ဝူရှန်းခန်းမက တကယ်ပဲ ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ လော့ဖုန်း မဟာမိတ်အဖွဲ့ကို အကွက်ချဖို့ ကြံစည်နေပုံရတယ်"

"ဒါပေမဲ့ သူတို့ ထင်မထားတာက ဒီနေရာမှာ ကိုယ့်နယ်မြေကိုယ် ထူထောင်ပြီး ရှင်ဘုရင်လုပ်နေတုန်း ငါတို့ နှစ်ယောက်နဲ့ တည့်တည့် လာတိုးတာပဲ"

"ဒါက ဝူရှန်းခန်းမအတွက် မဟုတ်ဘဲ ငါတို့ လော့ဖုန်း မဟာမိတ်အဖွဲ့အတွက် နတ်ဘုရားတွေက ကူညီလိုက်တာပဲ"

ဆုမိုက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး...

"ပြီးတော့ရော"

"ဒီလူကို အသုံးချပြီး ဝူရှန်းခန်းမက ရန်ရှုန်းဖေးကို ဖမ်းလို့ရမလားဆိုတာ စမ်းကြည့်ဖို့ ငါ အကွက်ချထားတယ်"

"ဒါပေမဲ့ ဝူရှန်းခန်းမရဲ့ လက်ရှိ အကြံအစည်တွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး"

"ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒီလို ခြိမ်းခြောက်မှုမျိုးက နေရာတစ်နေရာတည်းမှာတင် ရှိနေတာ မဟုတ်ဘူးဆိုတာပဲ"

"အရေးအကြီးဆုံး ကိစ္စကတော့ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ နယ်မြေထဲမှာ သူတို့ ချထားတဲ့ သူလျှိုတွေကို အမြစ်ပြတ် နှိမ်နင်းပစ်ဖို့ နည်းလမ်းရှာရမယ်..."

"ဒါ့အပြင် အစောက ငါ ပြောခဲ့သလိုပဲ... ဒီလူတွေက အနောက်ဘက်ကနေ လာတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လော့ရှားမြို့ကို ရှောင်ကွင်းသွားလို့ မရဘူး"

"ဒါပေမဲ့ လော့ရှားမြို့ထဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သတင်းအစအနလေးတောင် မကြားရတာက တော်တော် ထူးဆန်းနေတယ်"

"မင်း ဆိုလိုချင်တာက..."

ဆုမိုသည် ဝေဇီယီကို အတွေးနက်စွာဖြင့် စိုက်ကြည့်လိုက်သည်။

"လော့ဖုန်း မဟာမိတ်အဖွဲ့ထဲက တစ်ယောက်ယောက်က ဝူရှန်းခန်းမနဲ့ လျှို့ဝှက် ပူးပေါင်းနေတယ်ပေါ့"

"အဲဒါ အတိအကျပဲ"

"သံသယရှိတဲ့သူများ ရှိလား"

"အခုချိန်မှာ ပြောဖို့တော့ စောလွန်းသေးတယ်..."

ဝေဇီယီက သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်ပြီး...

"ယုတ္တိအရဆိုရင် ငါ အများဆုံး သံသယဖြစ်သင့်တာက ဝူတောက်ယိုပဲ။ ဒါပေမဲ့ သံသယဖြစ်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပဲ သူ့ကို ငါ သံသယမဖြစ်ဘူး"

"အခုက လော့ဖုန်း မဟာမိတ်အဖွဲ့အတွင်းမှာ အရေးကြီးတဲ့ အချိန်ပဲ"

"ဝူတောက်ယိုက ငါ့ရဲ့ အဘိုး၊ ငါ့ရဲ့ အမေတို့နဲ့ အားပြိုင်နေရတာ။ သူက လူ သုံးယောက် အားပြိုင်နေတယ်လို့ ထင်နေပေမဲ့ တကယ်တမ်းကတော့ နှစ်ယောက် ပေါင်းပြီး တစ်ယောက်ကို တိုက်နေတာလေ"

"ဒါပေမဲ့ အပေါ်ယံ အနေအထားအရတော့ သူက တော်တော်လေး အားသာနေတယ်"

"ဒီလို အခြေအနေမျိုးမှာ ပြင်ပအကူအညီကို ခေါ်ဖို့ လုံးဝ မလိုအပ်ဘူး... ဒါက ကျားကိုခေါ်ပြီး ဝံပုလွေကို ကိုက်ခိုင်းသလိုပဲ၊ သူခိုးကို အိမ်ထဲ ဖိတ်ခေါ်နေသလို ဖြစ်သွားမှာပေါ့"

"ဝူတောက်ယိုက ဉာဏ်ရည် ထက်မြက်တဲ့သူ တစ်ယောက်ပါ။ ဒီလောက် ဉာဏ်နည်းတဲ့ အလုပ်မျိုးကို သူ လုပ်မှာ မဟုတ်ဘူး"

"ဒါဆိုရင် သံသယဖြစ်စရာ လူစာရင်းက တော်တော်လေး ကျဉ်းသွားပြီပေါ့"

ဆုမိုက ခေါင်းညိတ်ပြလိုက်သည်။

"အတိအကျပဲ..."

ဝေဇီယီက တည်ကြည်လေးနက်စွာ ဆက်ပြော၏။

"ဘာလို့လဲဆိုတော့ အနောက်ဘက်ကို စဉ်းစားကြည့်မယ်ဆိုရင်... ငါတို့ လုံးဝ ရှောင်ကွင်းလို့ မရတဲ့ နောက်ထပ် နယ်မြေ တစ်ခု ရှိနေသေးတယ်"

"ကျင်းယန်မြို့"

သက်ပြင်းတစ်ချက်ချရင်း ဆုမိုက ထိုနေရာ၏ အမည်ကို ထုတ်ဖော်လိုက်လေရာ သူ၏ ရင်တွင်း၌ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာတော့သည်။

သူ၏ ပထမဆုံးသော အာမခံခရီးစဉ်မှာ ကျင်းယန်မြို့သို့ သွားရောက်ခဲ့ရခြင်း ဖြစ်ပေ၏။

ဆုမ်ု မေးလိုက်သည်။

"ကျင်းယန်မြို့ထဲက ခေါင်းဆောင် နှစ်ယောက်ထဲက တစ်ယောက်ယောက်၊ ဒါမှမဟုတ် တစ်ယောက်တည်းက ဝူရှန်းခန်းမနဲ့ လျှို့ဝှက် ပူးပေါင်းပြီး လော့ဖုန်း မဟာမိတ်အဖွဲ့ အတွင်းရေး အရှုပ်ထွေးဆုံး အချိန်ရောက်မှ အသေအလဲ ထိုးနှက်ဖို့ စောင့်နေတယ်လို့ မင်း သံသယရှိနေတာလား"

"..ငါ မှားနေပါစေလို့ပဲ ဆုတောင်းပါတယ်"

ဝေဇီယီ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ကင်းမဲ့နေပြီး ဝမ်းနည်းရိပ်များသာ စွန်းထင်းနေ၏။

"လော့ဖုန်း မဟာမိတ်အဖွဲ့ကြီးက ဝံပုလွေတွေ နေတဲ့ တွင်းကြီးလို ဖြစ်နေပြီ။ ခြေတစ်လှမ်း မှားလိုက်တာနဲ့ မြို့လေးမြို့၊ မြစ်သုံးစင်းနဲ့ ပင်လယ်အော် နှစ်ခုလုံး သွေးချောင်းစီးသွားနိုင်တယ်"

ဆုမိုက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"သခင်မလေးဝေ... မင်းက ငါ့ရဲ့ အစ်မယွင်လောက်ကို ဉာဏ်ရည်ထက်မြက်တာပဲ"

"တကယ်လား"

ဝေဇီယီ၏ မျက်လုံးများ တောက်ပသွားပြီး တခစ်ခစ် ရယ်လိုက်၏။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု... အင်း... နင်ရော ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ထင်လဲ။ ငါတို့ နှစ်ယောက်လုံးရဲ့ အမြင်တွေကို ဖလှယ်ကြည့်ကြရအောင်"

"...ငါလား"

ဆုမိုသည် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီး တိုက်ရိုက် ဖြေကြားခြင်း မပြုခဲ့ချေ။

အဓိကအကြောင်းရင်းမှာ ယနေ့ည အဖြစ်အပျက်များက ဆုမိုကို အကြောင်းအရာ နှစ်ခု တွေးတောမိစေသောကြောင့်ပါ။

ပထမအချက်မှာ... ယနေ့တိုင်အောင် ဟွာချန်ယွီ၊ ဝေရူဟန်နှင့် ဝူတောက်ယိုတို့သည် လော့ဖုန်း မဟာမိတ်အဖွဲ့၏ အခြား အဖွဲ့ဝင်များရှေ့တွင် သူတို့၏ သရုပ်မှန်ကို မဖော်ထုတ်ကြသေးခြင်းပင်။

ယခုအချိန်တွင် ဟွာချန်ယွီအနေဖြင့် ဝေရူဟန်နှင့် သူမ၏ ပတ်သက်မှုကို တိုက်ရိုက် ထုတ်ဖော်ပြောကြားရန်မှာ ယုတ္တိတန်လှ၏။

All Chapters