← Chapters

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀) - ခန့်မှန်းချက် (၂)

~ဝူတောက်ယိုသည် ဝေရူဟန်၏ လူယုံတစ်ဦး ဖြစ်နေခြင်းက လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။

ဤအချက်ကို အားလုံး သိရှိနေပြီးသား ဖြစ်ရာ မည်သည့်နေရာတွင် အားပြိုင်စရာ အကြောင်း ရှိတော့မည်နည်း။

'ကိုယ်တိုင်ကိုယ်ကျ နှိမ်နင်းလိုက်တဲ့ ကျိုးချင်ချွမ်းကလွဲရင် လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာအတွက် ပြိုင်ဘက် ခြောက်ယောက် ရှိသေးတယ်။ ဟွာချန်ယွီ၊ ဝေဇီယီ၊ ဝူတောက်ယိုနဲ့ မကြာသေးခင်ကမှ ဝင်လာတဲ့ ချီလု... ပြီးတော့ ဝူတောက်ယိုဘက်ကို ပါသွားတဲ့ ခေါင်းဆောင်တွေ။ ဒီငါးယောက်က အခု လှေတစ်စင်းတည်း စီးနေကြပြီပဲ။ နောက်ဆုံးကျန်တဲ့ တစ်ယောက်အနေနဲ့ကလည်း ဒီလောက် ကြီးမားတဲ့ ရေစီးကြောင်းကြီး ရှေ့မှာ အညံ့ခံဖို့ကလွဲရင် တခြား ရွေးချယ်စရာ မရှိတော့ဘူး... မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသလို ဖြစ်သွားမှာပဲ'

ဆုမို၏ ခေါင်းထဲတွင် အတွေးများက လျှပ်တစ်ပြက် ပြေးလွှားနေသည်။

‘ဒီဇာတ်လမ်းက တကယ်တော့ အထွတ်အထိပ်ကို ရောက်နေပြီလေ၊

ဒါပေမဲ့ ဘာလို့ ကန့်လန့်ကာ မချသေးတာလဲ’

ဇီယန် အာမခံဌာနမှာ ဝေဇီယီက ဒီအကြောင်းကို ပထမဆုံး စပြောတုန်းက ဆုမို တော်တော်လေး ထူးဆန်းနေခဲ့သည်။ အခု သူတို့ရှေ့က မြင်ကွင်းကို ကြည့်ပြီးနောက်မှာတော့ သူ မတွေးဘဲ မနေနိုင်တော့ချေ။

ဝေရူဟန်က... တစ်ခုခုကို ကြိုသိနေတာများလား။

ထပ်ပြီး အသေအချာလေး.. စဉ်းစားကြည့်မည်ဆိုလျှင်...

လော့ဖုန်း မဟာမိတ်အဖွဲ့ အတွင်းက အာဏာလုပွဲက ပြင်းထန်သည် ဆိုတာ အားလုံး အသိပင် ဖြစ်၏။

'ဒါပေမဲ့ ဒီအာဏာလုပွဲ လုပ်ငန်းစဉ် တစ်ခုလုံးမှာ ဘယ်အချိန်က အပြင်းထန်ဆုံးနဲ့ အာရုံအလွင့်ဆုံး အချိန် ဖြစ်မလဲ။ သဘာဝကျကျ တွေးကြည့်ရင် အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်ပဲပေါ့။ အဲဒီအချိန်ကျရင် ဘယ်သူမှ အာရုံမလွင့်ရဲကြဘူး။ အဲဒါက လော့ဖုန်း မဟာမိတ်အဖွဲ့ကို စနစ်တကျ အကွက်ချချင်တဲ့ သူတွေအတွက် အကောင်းဆုံး အခွင့်အရေးကြီး မဟုတ်ဘူးလား'

'ဒါပေမဲ့ ဒီအခွင့်အရေးဆိုတာက တကယ့်ကို ဖြားယောင်းသွေးဆောင်နေတဲ့ ထောင်ချောက်ကြီး တစ်ခု ဖြစ်နေမယ်ဆိုရင်ကော...'

ယခုအချိန်မှာ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာ အားပြိုင်ပွဲက တကယ်တမ်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ဒါကို တရားဝင် ကြေညာမလား၊ မကြေညာဘူးလား ဆိုသည့် အပေါ်မှာပဲ မူတည်နေတော့သည်။

ကြေညာလိုက်လျှင် အရာအားလုံး ပြီးပြတ်သွားပေမည်။

မကြေညာသေးဘူးဆိုလျှင်တော့... အနည်းဆုံး ပြင်ပလူတွေ အမြင်မှာတော့ လျှို့ဝှက်အကြံအစည် ရှိသူတွေအတွက် အကောင်းဆုံး အခွင့်အရေးကြီးဟု ထင်ရမှာပင် ဖြစ်ချေသည်။

ဤသို့ တွေးတောမိသောအခါ ဆုမိုသည် သက်ပြင်း တစ်ချက်ကို မသိမသာ ခပ်ဖွဖွ ချလိုက်မိ၏။

အကယ်၍ သူ၏ ခန့်မှန်းချက်များသာ မှန်ကန်နေမည်ဆိုပါက ဝေရူဟန်သည် တကယ့်ကို ကောက်ကျစ်သော မြေခွေးအိုကြီး တစ်ကောင်ဟု ဆိုရပေမည်။

အတွင်းရေး ပဋိပက္ခများကိုပင် အသုံးချကာ လော့ဖုန်း မဟာမိတ်အဖွဲ့ တစ်ခုလုံးကို တည်ငြိမ်သွားစေရန် စနစ်တကျ ဗျူဟာခင်းသွားခဲ့သည် မဟုတ်ပါလော။

ထို့ထက်ပို၍... ထိုမြေခွေးအိုကြီး၏ အကြံအစည်များသည် ဤမျှနှင့် အဆုံးသတ်မည် မဟုတ်ဘဲ ပိုမို နက်ရှိုင်းနေမည်ဟုပင် ဆုမို ခံစားမိနေတော့သည်။

နောက်ထပ် တွေးမိသော ကိစ္စတစ်ခုကတော့...

အတွေးနယ်ချဲ့နေရင်း ဆုမိုသည် ဝေဇီယီကို မော့ကြည့်လိုက်၏။ ဝေဇီယီမှာ ထိုသို့ အကြည့်ခံရသောအခါ အနည်းငယ် ထူးဆန်းသွားပြီး သူမ၏ မျက်နှာကို အလိုအလျောက် စမ်းသပ်ကြည့်လိုက်မိသည်။

"ဘာ... ဘာဖြစ်လို့လဲ"

"ငါ တွေးနေတာက..."

ဆုမို ခေတ္တမျှ ငိုင်သွား၏။ ဝေရူဟန်တို့ လူစုက ဝေဇီယီကို အမှန်တရား ပြောပြရန် အမြဲ ရှောင်ကြဉ်ထားခဲ့ကြရာ ယခုအချိန်တွင် သူက ဝင်၍ ဗြုန်းစားကြီး ဖွင့်ဟပြောပြလိုက်ရန်မှာ မသင့်တော်လှချေ။

ထို့ကြောင့် သူ ချက်ချင်းပင် ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"ဒီမှာ ပုန်းအောင်းနေတဲ့ လူတွေက လော့ဖုန်း မဟာမိတ်အဖွဲ့ကို တကယ်ပဲ အကွက်ချချင်တယ် ဆိုဦးတော့၊ တကယ်တမ်း သူတို့ ဘာကိုများ ကြံစည်နိုင်မှာလဲလို့ တွေးနေတာပါ"

"ဟင်"

ဝေဇီယီ့မျက်နှာ၌ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားပြီးနောက် ခေတ္တမျှ စဉ်းစားကာ ခေါင်းညိတ်လိုက်၏။

"တကယ်လည်း ဟုတ်တာပဲ... ဒီနေရာက လော့ရှားမြို့နဲ့လည်း ဝေးသလို ကျုံးဖူမြို့နဲ့လည်း အလှမ်းကွာတယ်။ မြို့နှစ်မြို့ကြားက ကြားခံနေရာလေး တစ်ခုပဲလေ..."

"ဒါပေမဲ့ အထင်သေးလို့တော့ မရဘူးနော်။ အချိန်ကို သေချာ ကြိုတင်သတ်မှတ်ထားပြီး လူတွေကို လျှို့ဝှက် ပုန်းအောင်းခိုင်းထားမယ်ဆိုရင် လော့ရှားမြို့ ပတ်လည်မှာ တစ်ပြိုင်နက်တည်း အင်အားအကြီးကြီး စုစည်းသွားနိုင်တယ်"

"ဒါပေမဲ့... ဒီမှာ လူဘယ်လောက်တောင် စခန်းချထားနိုင်မယ် ထင်လို့လဲ"

"ပြီးတော့ တခြားသူတွေ မသိအောင် ဘယ်နှစ်ယောက်လောက်များ လုပ်နိုင်မှာလဲ"

ဆုမိုက ဆက်ပြော၏။

"စဉ်းစားကြည့်လေ... ငါတို့ လော့ရှားမြို့ကနေ ထွက်လာပြီး တုန်းချန်ကို သွားတဲ့ လမ်းမှာ။ တည်းခိုခန်း တစ်ခုကို ကျပန်း ရွေးပြီး ဝင်တည်းလိုက်တာနဲ့ သူတို့နဲ့ တည့်တည့် သွားတိုးတာပဲ"

"သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရတာ ပုန်းကွယ်ဖို့ဆိုတာကို လုံးဝ ဂရုစိုက်ပုံမပေါ်ဘူး"

"အဲဒါ ထူးဆန်းမနေဘူးလား"

"လျှို့ဝှက်စွာ လှုပ်ရှားရမယ် ဆိုရင် တခြားသူတွေကို လှည့်စားနိုင်ရမယ်။ လှုပ်ရှားမှု သေးသေးလေး ရှိတာနဲ့ မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာကို ဗြုန်းစားကြီး.. ပျောက်ကွယ်သွားရမှာလေ"

"ဒါပေမဲ့ သူတို့ကို ကြည့်စမ်း..."

"တည်းခိုခန်းကို အတင်းအဓမ္မ သိမ်းပိုက်တယ်၊ လူတွေ သတ်တယ်၊ သူတို့ရဲ့ နည်းလမ်းတွေက အင်မတန် ရက်စက်ကြမ်းကြုတ်တယ်။ လိုချင်တာ ရဖို့ ဘာမဆို လုပ်မယ့်ကောင်တွေ"

"ဒီလိုလူမျိုးတွေက တကယ့်ကို အလုပ်ကြီး တစ်ခု လုပ်ဖို့အတွက် ငြိမ်ငြိမ်လေး ပုန်းနေချင်တဲ့ သူမျိုးတွေ ဟုတ်ပါ့မလား"

"နင် ပြောချင်တာက ဓားကိုင်ထားတဲ့လူ လိမ်သွားတယ်ဆိုတဲ့ သဘောလား"

ဝေဇီယီက မျက်ခုံးကို အသာအယာ ပင့်လိုက်သည်။

ဆုမိုက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။

"ဓားကိုင်သူ လိမ်တာတော့ မဟုတ်နိုင်ဘူး..."

"..."

ဝေဇီယီသည် ဆုမိုကို ထပ်မံ ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ဝေခွဲမရဖြစ်နေမှုများ စွန်းထင်းနေသည်။

"ဓားကိုင်သူ လိမ်တာ မဟုတ်ဘူးဆိုရင် သူက တကယ်ပဲ ရန်ရှုန်းဖေးရဲ့ ညွှန်ကြားချက်အရ ဒီမှာ အခွင့်အရေး စောင့်နေခဲ့တာပေါ့"

"ဒါပေမဲ့ ရှင်ပဲ ပြောတယ်လေ... သူတို့ရဲ့ လုပ်ရပ်တွေက လျှို့ဝှက်တဲ့ အကြံအစည်နဲ့ မကိုက်ညီဘူးလို့။ တကယ်လို့ အကွက်ချစရာ ရှိတယ်ဆိုရင် သူတို့က အလွန်တရာ သတိထားရမှာလေ..."

"ဓားကိုင်သူက မလိမ်ဘူး၊ ရန်ရှုန်းဖေးက တကယ် ညွှန်ကြားခဲ့တယ်ဆိုရင်... ဒါဆိုရင်..."

ဤနေရာသို့အရောက်တွင် ဝေဇီယီ၏ အတွေးများ ရပ်တန့်သွားပြီး မျက်မှောင်ကို တင်းကျပ်စွာ ကုတ်လိုက်၏။

သူမ၏ စိတ်ထဲတွင် ဖြေရှင်း၍မရသော အထုံးအဖွဲ့ကြီးတစ်ခု ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ဆုမိုဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမကို ခပ်ပြုံးပြုံးဖြင့် ကြည့်နေသော ဆုမိုကို မြင်လိုက်ရတော့သည်။

"...ရှင် ကျွန်မကို လှောင်နေတာလား"

ဝေဇီယီမှာ စကားလုံးများ ဆွံ့အသွားရပြီး...

"ခေါင်းဆောင်ဆု... ရှင် ပြောစရာရှိရင်လည်း ကျွန်မကို တိုက်ရိုက်သာ ရှင်းပြလိုက်စမ်းပါ"

"လုံးဝ မဟုတ်ပါဘူးဗျာ"

ဆုမိုက လက်မြှောက်ကာ ဟန့်တားလိုက်၏။

"လူတိုင်းမှာ ကိုယ်ပိုင် အမြင်တွေ ရှိကြတာပဲ။ ငါက နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကို ထုတ်ပြရုံလေးပါ။ ရည်ညွှန်းချက်အနေနဲ့ မှတ်ထားလိုက်ပါ"

"အသေးစိတ် သိချင်ပါသေးတယ်ရှင်"

ဝေဇီယီက ပါးစပ်ကို ပူဖောင်းလို မှုတ်ထုတ်လိုက်သည်။

ဤလူသည် အပေါ်ယံတွင် တည်ကြည်သယောင်ရှိသော်လည်း တကယ်တမ်း၌မူ အလွန် ပါးရည်နပ်ရည် ရှိလွန်းသည်ဟု သူမ ခံစားလိုက်ရ၏။

ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ဖလှယ်ကြမည်ဟု ပြောခဲ့သော်လည်း မိမိ သတိမထားမိသော ပြဿနာတစ်ခုကို သူက ရှင်းရှင်းလင်းလင်း မြင်နေခဲ့ပြီ ဖြစ်သည်။

မိမိကို အရင်ပြောခိုင်းခြင်းမှာ မိမိ.. အရှက်ကွဲသည်ကို ကြည့်ချင်ရုံ သက်သက်သာ ဖြစ်ပေလိမ့်မည်။

ဆုမိုသည် ဝေဇီယီ၏ အကြည့်ကို လုံးဝ ဂရုမစိုက်တော့ဘဲ ခေတ္တမျှ စဉ်းစားကာ ဆိုလိုက်၏။

"ဒီကိစ္စကို... ငါတို့ ဝူရှန်းခန်းမဘက်ကနေ ပိုပြီး စဉ်းစားကြည့်သင့်တယ် ထင်တယ်"

"ဝူရှန်းခန်းမက တုန်းဟွမ် အနောက်ပိုင်း တစ်ခွင်လုံးကို လောကကို အုပ်စိုးထားတဲ့ အလွန် ကြီးမားတဲ့ အင်အားစုကြီးပဲ။ သူတို့ရဲ့ အခြေခံ အုတ်မြစ်က ခန်းမဆောင် (၁၂) ခုအထိ ဖြန့်ကျက်ထားပြီး သိုင်းပညာရှင်တွေနဲ့ ပြည့်နှက်နေတာ။ ချဲ့ကားပြောရမယ်ဆိုရင်တောင်... ခန်းမဆောင်တွေထဲက တပည့်တွေက ရေတွက်လို့တောင် မရနိုင်ဘူးလေ"

"အဲဒီလောက် ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခုအနေနဲ့ တကယ်ပဲ အကြံအစည် ရှိလို့ လျှို့ဝှက်စွာ လှုပ်ရှားရမယ်ဆိုရင်... ဟို ဓားကိုင်သူလို လူမျိုးတွေကို အသုံးချပါ့မလား။ သူတို့ ဝူရှန်းခန်းမက ကိုယ့်လူတွေထက် ဘယ်သူက ပိုပြီး ယုံကြည်ရလို့လဲ"

"အဲဒါလည်း ယုတ္တိရှိတာပဲ"

ဝေဇီယီက ပြန်လည်ချေပလိုက်သည်။

"ဒါပေမဲ့ ဝူရှန်းခန်းမက လူတွေ လော့ဖုန်း မဟာမိတ်အဖွဲ့ထဲ ဝင်လာရင် သေချာပေါက် သံသယ ဝင်ခံရမှာပေါ့”

အခန်း (၃၇၁) - ခန့်မှန်းချက် (၃)

~"အရင်က မင်း သံသယရှိခဲ့တာကို မှတ်မိသေးလား... လော့ဖုန်း မဟာမိတ်အဖွဲ့ထဲက တစ်ယောက်ယောက် ပြင်ပလူတွေနဲ့ လျှို့ဝှက် ပူးပေါင်းနေတယ် ဆိုတာလေ"

ဝေဇီယီသည် ခေတ္တမျှ ငိုင်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။

"အင်း... ဟုတ်တယ်လေ"

"အဲဒီလိုသာဆိုရင်၊ အတွင်းလူ အထောက်အပံ့ ရှိနေမှတော့ ပုန်းကွယ်လို့ မရမှာကို ဘာဖြစ်လို့ စိုးရိမ်နေဦးမှာလဲ။ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ မြို့ကြီးလေးမြို့ အနီးတစ်ဝိုက်မှာ ဖြန့်ကျက်ထားပြီး အမိန့်တစ်ချက်ရတာနဲ့ တစ်ပြိုင်နက်တည်း ထကြွလို့ ရနေတာပဲဟာ"

ဆုမိုက ချိုလွင်သောအသံဖြင့် တိုးညှင်းစွာ ဆက်ပြော၏။

"ဒီကောင်တွေဆိုရင် နည်းနည်းလေး ခြောက်လှန့်လိုက်တာနဲ့တင် သူတို့အမေရဲ့ အတွင်းခံ ဘာအရောင်လဲ ဆိုတာကိုတောင် ဖွင့်ဟဝန်ခံမယ့် ကောင်တွေပဲလေ။ အဲဒီလို လူမျိုးတွေကို အသုံးချမယ့်အစား ကိုယ့်လူတွေကို သုံးတာက ပိုမသေချာဘူးလား"

"ဒါက..."

ဝေဇီယီသည် ခပ်တွေတွေ.. စဉ်းစားလိုက်ပြီးနောက် မေးလိုက်၏။

"ဒါဆို နင် ပြောကြည့်လေ... ရန်ရှုန်းဖေးက ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ရတာလဲ"

"ဒီအချက်ကတော့..."

ဆုမိုသည် စဉ်းစားခန်းဝင်သွားပြီး ဝေဇီယီကို တစ်ချက် ကြည့်လိုက်၏။

"မင်းရဲ့ စီနီယာအစ်မ ချူချိုယွီနဲ့ ငါ ဘယ်လို သိကျွမ်းခဲ့တယ်ဆိုတာကို မှတ်မိသေးလား"

ဝေဇီယီက ခေါင်းညိတ်လိုက်သည်။ ဤကိစ္စမှာ မကြာသေးမီကမှ ပြောဖြစ်ခဲ့ကြခြင်းဖြစ်ရာ သူမအနေဖြင့် လုံးဝ မေ့သွားစရာ အကြောင်းမရှိပေ။

"လမ်းမှာ ရှင်က အငတ်‌ဘေး ဂိုဏ်းက အကြွင်းအကျန်တွေနဲ့ ဆုံခဲ့တာလေ။ ပြီးတော့ အဲဒီလူက ကျွန်မ ဂိုဏ်းက အစ်မတွေကို ဒုက္ခပေးခဲ့တာမလား"

"အဲဒီတုန်းက အငတ်‌ဘေး ဂိုဏ်းသားတွေ အနောက်တောင်ဘက်ကို ဘာဖြစ်လို့ လာခဲ့ကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ငါ ဘာပြောခဲ့လဲ မှတ်မိသေးလား"

"ရည်ရွယ်ချက်လား..."

ဝေဇီယီ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားပြီး ခေတ္တမျှ ပြန်လည်စဉ်းစားကာ ဖြေလိုက်၏။

"သူတို့မှာ စနစ်တကျ အကြံအစည်တွေ ရှိနေပုံရတယ်... အဲဒါသာ အောင်မြင်သွားရင် တုန်းချန် နယ်မြေကို ပြန်လည် တန်ပြန်တိုက်ခိုက်နိုင်မယ်ဆိုလား..."

ဤနေရာသို့ အရောက်တွင် သူမ၏ မျက်ဝန်းများ ရုတ်တရက် အရောင်လက်သွားတော့သည်။

"နင် ဆိုလိုချင်တာက... ဒီအထဲမှာ တုန်းချန် မိစ္ဆာဂိုဏ်းက လူတွေ နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတဲ့ သဘောလား"

"ဖြစ်နိုင်ချေ တစ်ခုပါပဲ"

ဆုမိုက လက်ညိုးတစ်ချောင်းကို ထောင်ပြကာ ဆိုလိုက်၏။

"ဒီကြားထဲမှာ တကယ်တော့ ငါ သိပ်နားမလည်နိုင်တဲ့ အချက်တစ်ခု ရှိနေသေးတယ်"

"...စကားကို လှည့်မနေဘဲ တိုက်ရိုက်သာ ပြောစမ်းပါဟယ်"

ဝေဇီယီက အလိုအလျောက် ပါးစပ်ကို ပူဖောင်းလို မှုတ်ထုတ်လိုက်မိသည်။

သို့သော် ထိုဟန်ပန်မှာ သူမ၏ ပုံမှန် တည်ကြည်သော အမူအရာနှင့် သိပ်မကိုက်ညီဟု ခံစားလိုက်ရသဖြင့် နှာခေါင်းရှုံ့ကာ ပါးပြင်ကို ပြန်လည်ပွတ်သပ်လိုက်၏။

ထို့နောက် အနည်းငယ် စိတ်ရှုပ်သွားဟန်ဖြင့် ဆုမိုကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

ဆုမိုက သူမ၏ အမူအရာကို လုံးဝ ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။

"ဒါက မင်းရဲ့ မြှားကျည်ကို လက်စားချေတာပဲလေ... ဇီယန် အာမခံဌာနမှာ တုန်းက သခင်မလေးဝေက ငါတို့ကို ပဟေဠိတွေချည်း တစ်ခုပြီးတစ်ခု ရောင်းစားနေခဲ့တာမလား... ထားလိုက်ပါတော့၊ အလုပ်ကိစ္စပဲ ဆက်ပြောကြတာပေါ့"

"ဒီမတိုင်ခင်က အငတ်‌ဘေး ဂိုဏ်းသားတွေ ပြောသွားတဲ့ စကားတွေကို ငါ အမြဲတမ်း စိတ်ထဲ ထစ်နေခဲ့တယ်။ အထူးသဖြင့် အနောက်တောင်ပိုင်းမှာ သူတို့ ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ ဆိုတာက ငါ့စိတ်ထဲမှာ တော်တော်လေး လေးလံနေခဲ့တာ"

"ပြောရမလား မပြောရဘူးလား ဆိုရင်... ဘာပဲဖြစ်ဖြစ် ဇီယန်ဂိုဏ်းနဲ့ ငါ့ရဲ့ ပတ်သက်မှုက နည်းနည်းတော့ ထူးခြားနေတယ်လေ။ ဒီအကြောင်းတွေကို ငါသာ မကြားခဲ့ရဘူးဆိုရင် လျစ်လျူရှုထားလို့ ရပေမဲ့... ကြားပြီးမှတော့ ဒီတိုင်း အလွယ်တကူ ကျော်သွားလို့ မရတော့ဘူး"

"ဒါပေမဲ့ အငတ်‌ဘေး ဂိုဏ်းကလူက အရမ်းမြန်မြန် သေသွားတော့ သတင်းအချက်အလက် ပိုမရလိုက်ဘူး။ နောက်ပိုင်းကျတော့ ကိုယ့်ဘက်က လုပ်စရာ အသေးအဖွဲ ကိစ္စတွေ များလာတာရယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှ ထပ်မတွေ့ရတာရယ်ကြောင့် ငါလည်း သိပ်ပြီး ခေါင်းထဲ မထည့်ထားမိတော့ဘူး"

"ဒါပေမဲ့ အခုတော့ ဝူရှန်းခန်းမရဲ့ လှုပ်ရှားမှုတွေက ထင်မှတ်မထားတာတွေ ဖြစ်နေတယ်။ သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲဆိုတာကို တွေးစရာတွေ ဖြစ်လာစေတယ်။ ဒါက ငါ မေ့လုမတတ် ဖြစ်နေတဲ့ အခြေအနေတစ်ခုကိုတောင် ပြန်သတိရသွားစေတယ်"

"ဒါကြောင့် ငါ တွေးနေတာက၊ လော့ဖုန်း မဟာမိတ်အဖွဲ့ကို ဝူရှန်းခန်းမက အကွက်ချနေတယ် ဆိုတာက အမှန် မဟုတ်လောက်ဘူး။ အနောက်တောင်ပိုင်းကို တုန်းချန် မိစ္ဆာဂိုဏ်းက ဝင်ရောက်စိမ့်ဝင်ပြီး ပြဿနာရှာဖို့ လုပ်နေတယ်ဆိုတာကတော့ အမှား မဟုတ်လောက်ဘူး"

"ရည်ရွယ်ချက်နဲ့ ပတ်သက်လို့တော့... ယူချွမ်ဂိုဏ်းက အနောက်တောင်ပိုင်းကို ရောက်လာတုန်းက ဘာတွေလုပ်ခဲ့လဲဆိုတာ မင်း မှတ်မိသေးလား"

ထိုစကားကို ကြားသောအခါ ဝေဇီယီသည် မျက်မှောင် အနည်းငယ် ကုတ်သွား၏။

"ယူချွမ်ဂိုဏ်းက အနောက်တောင်ပိုင်း သိုင်းလောကတစ်ခုလုံးကို ကြံစည်ပြီး ရွှမ်ကျီတောင်ကြားမှာတင် အနောက်တောင်ပိုင်းရဲ့ အများစုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာလေ"

"အဲဒီတုန်းက သူတို့သာ အောင်မြင်သွားခဲ့ရင် လော့ဖုန်း မဟာမိတ်အဖွဲ့၊ ကောင်းကင်ဓားဂိုဏ်းနဲ့ ဝူရှန်းခန်းမတောင်မှ အန္တရာယ် ရှိသွားနိုင်တယ်။ ကံကောင်းလို့... အဲဒီအချိန်မှာ နင်က အခြေအနေကို ပြောင်းပြန်လှန်ပစ်ပြီး လောကကို ကိုင်လှုပ်မယ့် ကပ်ဘေးကြီးကနေ ကယ်တင်နိုင်ခဲ့တာပဲ"

"အခု... နင် ဆိုလိုချင်တာက ဒီလူတွေ ထပ်ပြီး လှုပ်ရှားလာပြန်ပြီပေါ့။ အနောက်တောင်ပိုင်းကို စိမ့်ဝင်လာပြီး လော့ဖုန်း မဟာမိတ်အဖွဲ့နဲ့ ဝူရှန်းခန်းမကြားမှာ လျှို့ဝှက်စွာ ပဋိပက္ခတွေ ဖန်တီးဖို့ လုပ်နေတယ်။ အဲဒီလို ရှုပ်ထွေးနေတဲ့ အချိန်မှာ သူတို့အတွက် အခွင့်ကောင်းယူဖို့ ကြံစည်နေတယ်ဆိုတဲ့ သဘောလား"

"ဘယ်သူ သိမလဲ"

ဆုမိုက ရုတ်တရက် ပြုံးလိုက်ပြီး

"ငါတို့က ကိုယ့်အမြင်တွေကို ဖလှယ်ကြည့်ရုံ သက်သက်ပဲလေ"

"...စမနေနဲ့နော်"

ဝေဇီယီသည် ထိုစကားကို ကြားသည်နှင့် အလိုအလျောက် ခြေဆောင့်လိုက်မိပြီးနောက် ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့သည်။

"နင် ပြောတာ မှန်တယ် ဆုမို...နင့်ရဲ့ အတွေးတွေက မှန်ကန်တယ်။ စောစောက ငါက ဝူရှန်းခန်းမကို အရမ်း ရိုးရှင်းလွန်းသလို မြင်ခဲ့မိတာပဲ။ အခု နင့်ရဲ့ ရှင်းပြချက်ကတော့ အရမ်းကို ဖြစ်နိုင်ချေများနေပြီ"

"တုန်းချန် မိစ္ဆာဂိုဏ်းဟာ ထျန်းချူမြို့ရဲ့ အရှေ့ဘက်က ဂိုဏ်းကြီး ခုနစ်ဂိုဏ်းရဲ့ ဖိနှိပ်မှုအောက်မှာ အမြဲတမ်း ထောင့်ကျဉ်းလေးထဲ ပိတ်မိနေခဲ့တာ။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့က ဒီအခြေအနေကို ချိုးဖျက်ပစ်ချင်နေခဲ့တာလေ"

"ဒါ့အပြင် နင် ပြောတဲ့ လမ်းကြောင်းအတိုင်း လိုက်တွေးကြည့်မယ်ဆိုရင်..ငါ့ကို နောက်ထပ် ကိစ္စတစ်ခု သွားတွေးမိစေတယ်"

ဆုမိုက သူမကို တစ်ချက်ကြည့်ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။

"မြစ်ကြောင်းပေါ်က ထာဝရ ညဉ့်နက် တောင်ကြားရဲ့ လှုပ်ရှားမှုတွေမလား"

"အတိအကျပဲ"

ဝေဇီယီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

"ဒါက ထာဝရ ညဉ့်နက် တောင်ကြားရဲ့ အာရုံလွှဲတဲ့ ဗျူဟာတစ်ခုလို့ ကောလာဟလတွေ ထွက်နေပေမဲ့၊ ငါ့အထင် သူတို့ရဲ့ လုပ်ရပ်တွေကို ဒါလေးနဲ့ အပြည့်အဝ ရှင်းပြလို့မရဘူး"

"ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း သူတို့ရဲ့ ရည်ရွယ်ချက်ကို ရှာမတွေ့နိုင်ခဲ့ဘူး။ အခု နင့်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတော့... အကယ်၍ ဒီခန့်မှန်းချက်သာ မှန်ခဲ့မယ်ဆိုရင်..."

"သူတို့သာ ဝူရှန်းခန်းမနဲ့ လော့ဖုန်း မဟာမိတ်အဖွဲ့ကြားမှာ ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နိုင်မယ်ဆိုရင်... မြစ်ကြောင်းကို အသုံးပြုပြီး မိစ္ဆာလမ်းစဉ်က သိုင်းပညာရှင် အမြောက်အမြားကို အနောက်တောင်ပိုင်းထဲ လျှို့ဝှက် ပို့ဆောင်နိုင်လိမ့်မယ်"

"အချိန်တန်တဲ့အခါ... လော့ဖုန်း မဟာမိတ်အဖွဲ့နဲ့ ဝူရှန်းခန်းမ နှစ်ခုလုံးကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းပစ်နိုင်လောက်တယ်။ အဲဒီအချိန်ကစပြီး တုန်းချန် မိစ္ဆာဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တုန်းချန်က ဂိုဏ်းတွေကို ညှပ်ပိတ်တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုး ဖန်တီးနိုင်သွားမှာပေါ့"

"သခင်မလေးဝေ... မင်းက တကယ်ကို အတပ်သိပြီး အမြော်အမြင် ကြီးမားလှပါပေတယ်"

ဆုမိုသည် ချက်ချင်းပင် လက်ခုပ်များကို တဖြောင်းဖြောင်း တီးလိုက်တော့သည်။

"..."

ဝေဇီယီက သူ့ကို စိမ်းစိမ်းကြည့်လိုက်၏။

"လာပြန်ပြီ... စမနေနဲ့နော်။ ငါက နင့်ရဲ့ တွေးခေါ်မှု လမ်းကြောင်းအတိုင်း လိုက်တွေးကြည့်ရုံလေးပါ။ နင့်ရဲ့ ထက်မြက်တဲ့ အမြင်တွေသာ မရှိရင် ငါ.. ဘယ်လိုလုပ်ပြီး ဒီအချက်တွေကို တွေးမိနိုင်မှာလဲ"

"...ဒါပေမဲ့ ဒါတွေအားလုံးက ငါတို့ရဲ့ ခန့်မှန်းချက် သက်သက်ပါပဲ"

ဆုမိုက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

"မှန်တာ၊ မှားတာတွေကို လောလောဆယ် ဘေးဖယ်ထားလိုက်ကြစို့။ အကယ်၍ မှန်နေခဲ့ရင်တောင် အခြေအနေတွေက အဲဒီအဆင့်ထိ ရောက်မလာသေးပါဘူး။ လောလောဆယ်တော့ ဟိုဓားကိုင်သူရဲ့ အသက်က သိပ်ပြီး အရေးမကြီးလှပါဘူး... မနက်ဖြန် အဲဒီမြို့လေးကို ဖြတ်သွားတဲ့အခါ လော့ဖုန်း မဟာမိတ်အဖွဲ့ဆီ စာတစ်စောင်လောက် လူကြုံနဲ့ ပို့ပြီး မဟာမိတ်ခေါင်းဆောင်ကြီးဆီ ပေးလိုက်ရမယ်"

ထိုစကားကို ကြားသောအခါ ဝေဇီယီက ခေါင်းညိတ်လိုက်၏။

"စာထဲမှာ ဘယ်လို ရှင်းပြရမလဲ။ ဒီခန့်မှန်းချက်တွေ အားလုံးကို အသေးစိတ် ထည့်ရေးဖို့ လိုမလား"

"လောလောဆယ်တော့ အဲဒီလောက် မလိုပါဘူး။ ဒီည အဖြစ်အပျက်တွေနဲ့ အငတ်‌ဘေး ဂိုဏ်းကိစ္စကိုပဲ အကျဉ်းချုပ် ရေးလိုက်ပါ။ မဟာမိတ်ခေါင်းဆောင်ကြီးမှာ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရှိလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

'ဘာပဲဖြစ်ဖြစ် သူက ပါးရည်နပ်ရည် ရှိတဲ့ မြေခွေးအိုကြီး တစ်ကောင်ပဲလေ' ဆုမိုက စိတ်ထဲမှ တွေးလိုက်သည်။

"ကောင်းပြီလေ... ဒီကိစ္စကို ငါတို့ စောစောစီးစီး သိလိုက်ရတာ ကောင်းတယ်။ ဒီအရေးအခင်းမှာ ငါတို့ဘက်က အလှည့်အပြောင်း လုပ်ဖို့ အခွင့်အရေး ရှိနေသေးတယ်"

ဆုမိုသည် ယတိပြတ် မဆုံးဖြတ်ဘဲ တိတ်ဆိတ်နေလိုက်၏။

သူ၏ စိတ်ထဲတွင်မူ ဝေရူဟန်နှင့် ပတ်သက်သည့် သူ၏ အတွေးများသာ မှန်ကန်နေမည်ဆိုလျှင်...

'အလှည့်အပြောင်း လုပ်ဖို့ အခွင့်အရေး ဆိုတာထက်တောင် အများကြီး ပိုနေဦးမလားပဲ'

ဤကိစ္စသည် တုန်းချန် မိစ္ဆာဂိုဏ်း၏ လက်ချက်ပဲ ဖြစ်ဖြစ်၊ ဝူရှန်းခန်းမက လော့ဖုန်း မဟာမိတ်အဖွဲ့ကို အမှန်တကယ်ပဲ သိမ်းပိုက်ချင်နေတာပဲ ဖြစ်ဖြစ်...

လော့ဖုန်း မဟာမိတ်အဖွဲ့၏ နယ်မြေအတွင်း လာရောက်၍ ပြဿနာ ရှာလိုသူ မည်သူ့ကိုမဆို ထိုမြေခွေးအိုကြီးက... သူ အသက်အရွယ် ကြီးရင့်နေသော်လည်း မည်သည့် လျှို့ဝှက်အကြံအစည်သမားကိုမျှ သူတို့ လိုချင်သည့်အတိုင်း အလွယ်တကူ ခွင့်ပြုပေးလိမ့်မည် မဟုတ်သည်မှာ ယုံမှားဖွယ်မရှိပေ။

အခန်း (၃၇၂) - ရေကြောင်းလမ်းမှ လှိုင်းဂယက်များ

~ဇာတ်လမ်းကတော့ ဒီနေရာမှာတင် အခြေခံအားဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။

လောလောဆယ်တွင် ဤဓားကိုင်သူ၏ အသက်က သိပ်ပြီး အရေးမပါလှတော့ပေ။ အမှန်တကယ် အသုံးဝင်သည်မှာ လျို ဆန်ဆိုင်သာ ဖြစ်၏။ ထိုနေရာသည် ဝူရှန်းခန်းမက လော့ဖုန်း မဟာမိတ်အဖွဲ့၏ နယ်မြေထဲတွင် လျှို့ဝှက် ချန်ထားရစ်ခဲ့သော စခန်းတစ်ခု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ... စပျစ်နွယ်ကို လိုက်၍ ဖရဲသီးကို ရှာဖွေနိုင်သကဲ့သို့ ထိုနေရာမှတစ်ဆင့် သဲလွန်စအချို့ကို သေချာပေါက် ခြေရာခံနိုင်မည်မှာ ယုံမှားဖွယ်မရှိပေ။

ထိုမှတစ်ဆင့် ဤဓားကိုင်သူကဲ့သို့သော လူများကို ထပ်မံ ဖော်ထုတ်နိုင်မည် ဖြစ်ချေသည်။

ထို့ကြောင့် ဆုမိုက ဓားကိုင်သူနှင့် အဆိပ်သမား နှစ်ဦးစလုံးကို ကြိုးဖြင့် ဆွဲချိတ်ထားရန်သာ အမိန့်ပေးလိုက်၏။ ထို့နောက် သူတို့၏ လျှာများကို ဖြတ်ထုတ်ပစ်ပြီး အသံမထွက်နိုင်စေရန် ပါးစပ်ထဲသို့ ပိတ်စများ သွတ်သွင်းကာ ပိတ်ဆို့ထားလိုက်ကြသည်။ တဆက်တည်းမှာပင် သူတို့၏ ယွီထန် သွေးကြောကွက်များကိုလည်း လျင်မြန်စွာ ဖိနှိပ် ပိတ်ဆို့လိုက်ကြတော့သည်။

သူ၏ ဒုက္ခသည် သိုင်းကျမ်းအရဆိုလျှင် ယွီထန် သွေးကြောကွက်သည် သုံးရက်တိတိ အဆက်မပြတ် နာကျင်မှုကို ဖြစ်ပေါ်စေနိုင်၏။ သူတို့၏ လက်ရှိ ဒဏ်ရာများနှင့်ဆိုလျှင် သုံးရက်ကြာပြီးနောက် သေချာပေါက် အသက်ပျောက်သွားကြမည်သာ။ ပါးစပ်များကို ပိတ်ဆို့ထားရခြင်းမှာလည်း အခြားသူများကို အနှောင့်အယှက် ဖြစ်စေမည့် သူတို့၏ ဆူညံသော အော်ဟစ်သံများကို မကြားလိုသောကြောင့်သာ ဖြစ်၏။

ဤကိစ္စရပ်များ အားလုံးကို ပြီးပြတ်အောင် ရှင်းလင်းပြီးနောက် ဆုမိုသည် တာဝန်ခံဟယ်ထံသို့ လျှောက်သွားလိုက်သည်။

"တာဝန်ခံဟယ်"

ဆုမိုက ကြည်လင်သော အသံဖြင့် ခေါ်လိုက်၏။

တာဝန်ခံဟယ်၏ မိသားစုမှာ ယခုအချိန်အထိ ရှိုက်ကြီးတငင် ငိုကြွေးနေကြဆဲဖြစ်ပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေကြရှာသည်။

ဆုမို လျှောက်လာသည်ကို မြင်သောအခါ သူတို့၏ မျက်ဝန်းများထဲတွင် အလိုအလျောက် အကြောက်တရားများ စွန်းထင်းလာကြတော့၏။

တာဝန်ခံဟယ်က ကပျာကယာ ပြောလိုက်သည်။

"ခေါင်းဆောင်ဆုရဲ့ ကျေးဇူးကြောင့်သာ ကျွန်တော်တို့ အသက်ဘေးက လွတ်ခဲ့ရတာပါ။ မြန်မြန်... ခေါင်းဆောင်ဆုရဲ့ ကျေးဇူးကို ဦးချပြီး ကန်တော့ကြစမ်းပါ"

ထိုသို့ပြောရင်း သူက ဘေးနားရှိ မိသားစုဝင်များကို ဆွဲကာ ဒူးထောက်ရန် ဟန်ပြင်လိုက်၏။

ဆုမိုက ကပျာကယာ လက်မြှောက်ကာ ဟန့်တားလိုက်ပြီး...

"တာဝန်ခံဟယ်... ဒီလောက် အားနာစရာ မလိုပါဘူးဗျာ။ ကျေးဇူးပြုပြီး မြန်မြန် ထကြပါ..."

သူသည် တာဝန်ခံဟယ်နှင့် သူ၏ မိသားစုကို ဝိုင်း၍ ဖေးမ ဆွဲထူလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်ကာ မေးလိုက်၏။

"တာဝန်ခံဟယ်... အရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ စီစဉ်ထားလဲဗျ"

"အဲဒါက..."

တာဝန်ခံဟယ် ကိုယ်တိုင်လည်း လတ်တလောတွင် ဝေခွဲမရ ဖြစ်နေသည်။

"ကျွန်တော်က ဒီနယ်တစ်ဝိုက်မှာ ဟယ်မိသားစု တည်းခိုခန်းကို ဖွင့်လာတာ ဘဝတစ်ဝက်တောင် ကျိုးခဲ့ပြီလေဗျာ... ဒါက ကျွန်တော့် အဖေဆီကနေ အမွေရခဲ့တာပါ။ ဒါပေမဲ့ အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံပြီးတဲ့နောက်မှာတော့ ဘယ်ကို ဆက်သွားရမလဲဆိုတာ တကယ်ကို မသိတော့ပါဘူး။ ပြီးတော့ ဒီတည်းခိုခန်းကိုလည်း... ဆက်မဖွင့်ရဲတော့ပါဘူးဗျာ..."

"ခင်ဗျားမှာ အားကိုးစရာ ဆွေမျိုးတွေများ ရှိသေးလားဗျ"

ဆုမိုက မေးလိုက်သည်။

"...ဟူး၊ ကျွန်တော့်မှာ ဆွေမျိုးဆိုလို့ တစ်ယောက်မှ မရှိတော့တာ ကြာပါပြီဗျာ"

တာဝန်ခံဟယ်က သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်၏။

ဆုမိုသည် .. စဉ်းစားခန်း ဝင်သွားပြီးနောက် ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

"အဲဒီလိုဆိုရင်တော့ ခင်ဗျားအတွက် သွားစရာ နေရာတစ်ခု ကျွန်တော့်မှာ ရှိပါတယ်။ ဒါပေမဲ့ တာဝန်ခံဟယ် သဘောတူပါ့မလားတော့ မသိဘူး"

"အို..."

ထိုစကားကို ကြားလိုက်ရသည်နှင့် တာဝန်ခံဟယ်သည် ရေနစ်သူ ကောက်ရိုးမျှင်ကို လှမ်းဆွဲလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကပျာကယာ ပြန်မေးလိုက်၏။

"ခေါင်းဆောင်ဆုသာ ကျွန်တော့် မိသားစုအတွက် အသက်ရှင်ရပ်တည်နိုင်မယ့် လမ်းစလေးတစ်ခု ပြပေးနိုင်မယ်ဆိုရင်... ဒီကျေးဇူးကို ဒီတစ်ဘဝတည်းနဲ့ ဆပ်လို့ ကုန်နိုင်မယ် မထင်ပါဘူး။ နောင်ဘဝမှာ မြက်ပင်လေး တစ်ပင်အဖြစ် လူပြန်ဖြစ်ရမယ် ဆိုရင်တောင် ဒီကျေးဇူးကြီးကို ဆပ်ပါ့မယ်ဗျာ"

"ခင်ဗျားကလည်းဗျာ... အရမ်း အားနာလွန်းနေပါပြီ"

ဆုမိုက ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်ပြီး...

"တာဝန်ခံဟယ်လည်း သိမှာပါ... ကျွန်တော်က လော့ရှားမြို့မှာ ဇီယန် အာမခံဌာနကို ဦးစီးနေတာလေ"

"သိပါတယ်... သိပါတယ်ဗျာ"

တာဝန်ခံဟယ်က အလျင်စလို ပြန်ဖြေ၏။

"အရင်တုန်းက ဇီယန် အာမခံဌာနက သူရဲကောင်း တချို့ကိုတောင် ကျွန်တော် ဧည့်ခံဖူးပါသေးတယ်။ ဒါပေမဲ့... အဲဒါက လွန်ခဲ့တဲ့ နှစ်တွေ အများကြီးကတည်းကပါ"

"အဲဒါက ကျွန်တော့် အဖေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"

ဆုမိုက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။

"ကျွန်တော်က ငယ်ငယ်တုန်းကတော့ ပေါ့ပေါ့ပျက်ပျက် နေခဲ့ပေမဲ့၊ မကြာသေးခင် နှစ်တွေကမှ မိသားစု စီးပွားရေးကို တကယ်တမ်း ပြန်လည်လွှဲပြောင်း ယူခဲ့ရတာပါ။ အခုဆိုရင် အာမခံဌာနက ပြန်လည်မွမ်းမံဖို့ လိုအပ်နေပြီး လူအင်အားလည်း လိုအပ်နေတဲ့ အချိန်ပေါ့။ တာဝန်ခံဟယ်က ဒီမှာ တည်းခိုခန်း ဖွင့်လာတာ နှစ်တွေ အကြာကြီးဆိုတော့ စာရင်းအင်းပိုင်းကိုလည်း နည်းနည်းပါးပါးတော့ ကျွမ်းကျင်မှာပေါ့နော်"

"ကျွမ်းကျင်တယ်လို့တော့ မပြောရဲပါဘူးဗျာ။ အနည်းအကျဉ်းလောက်တော့ နားလည်ပါတယ်"

"ကောင်းပြီ"

ဆုမိုက ဆက်ပြော၏။

"အခု လောလောဆယ် ကျွန်တော်တို့ အာမခံဌာနမှာ စာရင်းကိုင် တစ်ယောက် လိုနေတယ်။ တာဝန်ခံဟယ်မှာလည်း အားကိုးစရာ ဆွေမျိုး မရှိတော့ဘူးဆိုတော့၊ ပြီးတော့ ဒီနေရာမှာလည်း တည်းခိုခန်း ဆက်မဖွင့်ရဲတော့ဘူး ဆိုတော့ကာ... ကျွန်တော် စာတစ်စောင် ရေးပေးခဲ့မယ်လေ။ ပြီးရင် ခင်ဗျားတို့ကို လမ်းခရီးမှာ စောင့်ရှောက်ဖို့ လူနည်းနည်းလောက် ထည့်ပေးလိုက်မယ်၊ ဘယ်လိုလဲ"

"ခင်ဗျားတို့ လော့ရှားမြို့ကို သွားလိုက်ပါ။ အဲဒီကိုရောက်ရင် ကျွန်တော့်စာကို ဇီယန် အာမခံဌာနက ဒုတိယ ခေါင်းဆောင်ဆီ ပေးလိုက်ပါ။ သူမ စာကို ဖတ်ပြီးသွားရင် ခင်ဗျားနဲ့ ခင်ဗျားရဲ့ မိသားစုအတွက် စားဝတ်နေရေး အကုန်လုံးကို သေချာပေါက် စီစဉ်ပေးပါလိမ့်မယ်"

တာဝန်ခံဟယ်၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ချလိုက်လေတော့သည်။

"ခေါင်းဆောင်ဆု... ခင်ဗျားက တကယ်ကို မွန်မြတ်ပြီး သနားကြင်နာတတ်တဲ့ သူတစ်ယောက်ပါပဲ။ ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ရုံတင် မကဘူး... အခုလို... အခုလိုမျိုး... ဒီကျေးဇူးကြွေးကို... ဘဝဆက်တိုင်း ပြန်ဆပ်ရင်တောင်... ဆပ်လို့... ဆပ်လို့ ကုန်နိုင်မှာ မဟုတ်တော့ပါဘူးဗျာ"

"ခေါင်းဆောင်ဆု... ကျွန်တော့်ကို ဦးချခွင့် ပြုပါဗျာ"

ထိုသို့ ပြောပြီးသည်နှင့် ဆုမို၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ တာဝန်ခံဟယ်သည် မြေပြင်ပေါ်သို့ လှဲချကာ အကြိမ်ကြိမ် ဦးချတော့သည်။

သူတစ်ယောက်တည်း သာမက သူ၏ မိသားစုဝင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ လိုက်လံ ဦးချကြ၏။

ဆုမိုက သူတို့ကို ကပျာကယာ တားဆီးရန် ပြင်လိုက်သော်လည်း ဝေဇီယီက သူ့ကို နောက်သို့ ဆွဲထားလိုက်သည်။

ထို့နောက် ဒုတ်... ဒုတ်... ဒုတ် ဟူသော အသံများနှင့်အတူ တာဝန်ခံဟယ်သည် ကြီးကျယ်ခမ်းနားလှသော ဂါရဝပြုခြင်းကို ပြုလုပ်ပြီးသွားပြီ ဖြစ်၏။

ဆုမိုသည် သူတို့ကို ကပျာကယာ ပြန်လည် ဆွဲထူလိုက်ပြီး...

"တာဝန်ခံဟယ်... ဘာတွေ ပြောနေတာလဲဗျာ။ ခင်ဗျားက အရမ်း အားနာလွန်းနေပါပြီ"

တာဝန်ခံဟယ်က ခေါင်းကိုသာ ယမ်းနေ၏။ ဆုမိုမှာ လောလောဆယ်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီးမှ...

"တာဝန်ခံဟယ်... ကျွန်တော့်အတွက် စုတ်တံ၊ မှင်၊ စက္ကူနဲ့ မှင်အိုး သွားပြင်ပေးပါဦးဗျာ။ ပြီးတော့ ဒီရက်ပိုင်း သူတို့လည်း အလွန်တရာ ကြောက်လန့်ပြီး ဒုက္ခရောက်ခဲ့ရတာဆိုတော့... သူတို့ကို စောစောလေး အနားယူခိုင်းလိုက်ပါဦး" ဟု ပြောလိုက်ရသည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါဗျာ။ ကျွန်တော် အကုန်စီစဉ်ပေးပါ့မယ်"

ဦးချပြီးနောက်တွင် တာဝန်ခံဟယ်၏ စိတ်ဝိညာဉ်မှာ တော်တော်လေး ပြန်လည် အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရ၏။

သူသည် မိသားစုဝင်များကို ပြန်လည် အိပ်စက်အနားယူရန် ချက်ချင်း စီစဉ်လိုက်သည်။ မနက်ဖြန် နံနက်စောစော လော့ရှားမြို့သို့ ထွက်ခွာရန် အသင့်ဖြစ်နေစေရေးအတွက် ဖြစ်ပါသည်။

ထို့နောက် သူကိုယ်တိုင် စာရေးရန် လိုအပ်သည့် ပစ္စည်းများကို သွားရောက် ရှာဖွေလေတော့၏။

ထိုအချိန်တွင် ဆုမိုက ဝေဇီယီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး.. မေးလိုက်သည်။

"သူ့အသက်အရွယ်နဲ့၊ ပြီးတော့ သူ့မိသားစုကလည်း ဒဏ်ရာတွေနဲ့ နာကျင်နေရတဲ့ အချိန်မှာ... ဘာဖြစ်လို့ ဒီလောက် ကြီးကျယ်တဲ့ ဦးချတာမျိုးကို လုပ်ခွင့်ပြုလိုက်ရတာလဲ"

ဝေဇီယီက သက်ပြင်းတစ်ချက်ချကာ ရှင်းပြလိုက်၏။

"ခေါင်းဆောင်ဆုက သဘောထားကြီးတယ် ဆိုတာကိုတော့ ယုံမှားဖွယ် မရှိပါဘူး။ ဒါပေမဲ့ နင် သတိမထားမိတာက... ဒီလောက် ဆိုးရွားတဲ့ ဒုက္ခကြီးကို ကြုံပြီးတဲ့နောက်မှာ သူ့ကို ကျေးဇူးတင်ခွင့် မပြုလိုက်ဘူးဆိုရင် သူ့စိတ်ထဲမှာ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းမှု ရနိုင်တော့မှာလဲ"

ဆုမို ခေတ္တမျှ ဆွံ့အသွားတော့သည်။

'စိတ်ခံစားမှု အဆင့်အတန်းဆိုတာ အမြဲတမ်း ရှင်းပြဖို့ ခက်ခဲတဲ့ အရာပဲ။ ကပ်ဘေးကြီး တစ်ခုကို ခုလေးတင် ဖြတ်သန်းလာခဲ့ရတဲ့ တာဝန်ခံဟယ် မိသားစုရဲ့ လက်ရှိ စိတ်အခြေအနေက ဘယ်လိုရှိနေမလဲဆိုတာကို... ပြင်ပလူတစ်ယောက် အနေနဲ့ တကယ်ကို ခန့်မှန်းလို့ မရနိုင်ပါလား'

သူ အတွေးနက်နေမိ၏။

အခြားတစ်ဖက်တွင်မူ ဝေဇီယီက သူတို့၏ ခံစားချက်များကို နက်ရှိုင်းစွာ နားလည်စာနာပေးနိုင်ပြီး မည်သို့ တုံ့ပြန်ရမည်ကို သိရှိနေသည်။ ထို့ကြောင့်ပင် ထိုမိသားစုက စိတ်သက်သာရာ ရသွားခဲ့ခြင်း ဖြစ်၏။

ဆုမိုက ခေါင်းညိတ်လိုက်ပြီး...

"သခင်မလေးဝေက ဒီအချက်ကို သင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အင်း... ဒါပေမဲ့ သူ့ကို စာရင်းကိုင် အဖြစ် ခန့်အပ်လိုက်တယ် ဆိုတော့ကာ နင် သူ့အပေါ် တော်တော်လေး ယုံကြည်မှု ထားတာပဲနော်"

"စာထဲမှာ အကုန်လုံး ရှင်းပြရေးထားမှာပါ။ အကယ်၍ အစ်မယွင်က သူ့ကို မယုံကြည်ဘူး ဆိုရင်တော့ တခြားတစ်နေရာရာမှာ စီစဉ်ပေးလိုက်မှာပေါ့”

All Chapters