အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
အခန်း (၃၇၃) - ရေကြောင်းလမ်းမှ လှိုင်းဂယက်များ (၂)
~"ဒါ အသင့်တော်ဆုံးပါပဲ"
"ကျွန်မတို့ စာတိုက်ရိုက်ရေးပြီး မနက်ဖြန်မနက်ကျရင် အာမခံခေါင်းဆောင် တချို့ကို ပို့ခိုင်းလိုက်ရင် မကောင်းဘူးလား"
"ကောင်းတာပေါ့"
ထိုစကားအဆုံးတွင် ညဉ့်နက်နေ၍၊ စကားစမြည် ဆက်မပြောဖြစ်တော့ဘဲ အဆုံးသတ်သွား၏။
ဆုမိုနှင့် ဝေဇီယီတို့သည် စာတစ်စောင်စီ ရေးသားပြီးနောက် အနားယူရန် အသီးသီး ဝင်သွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့ အရုဏ်တက်ချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
အားလုံး ပစ္စည်းများကို သိမ်းဆည်းလိုက်ကြပြီး တည်းခိုခန်း နောက်ဘက်ခြံဝင်းထဲမှ ကုန်တင်လှည်း နှစ်စီးကို ဆွဲထုတ်ကာ တာဝန်ခံဟယ် မိသားစု၏ ပစ္စည်းများ အားလုံးကို တင်ဆောင်၍ လုံခြုံအောင် ချည်နှောင်လိုက်ကြသည်။
ဆုမိုက အာမခံလှည်းများပေါ်မှ အလံတော်ကြီး တစ်ခုကို ကျပန်း ဆွဲယူကာ သူတို့၏ လှည်းပေါ်တွင် စိုက်ထူပေးလိုက်၏။
ထို့အပြင် သူတို့ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာမခံဌာနမှ သိုင်းပညာ ထူးချွန်သော အဖွဲ့ဝင် အချို့ကိုလည်း အတူလိုက်ပါရန် တာဝန်ပေးလိုက်၏။
ဆုမိုအား အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုပြီးနောက် တာဝန်ခံဟယ်၏ မိသားစုသည် လော့ရှားမြို့ဆီသို့ ချက်ချင်း စတင် ထွက်ခွာသွားကြတော့သည်။
ဆုမိုသည် သူတို့ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး ငေးကြည့်နေပြီးနောက် ဟယ်မိသားစု တည်းခိုခန်း၏ အဖြူရောင် နံရံဆီသို့ လှည့်ကြည့်လိုက်၏။
ထိုနေရာမှာ လူသုံးယောက် တွဲလောင်း ချိတ်ဆွဲခံထားရသည်။
သူတို့၏ မျက်ဝန်းတွေက အသက်ဝင်မှု ကင်းမဲ့နေပြီး မျက်နှာတွေက ကြမ်းကြုတ်ရက်စက်မှုတွေနှင့် ရှုံ့မဲ့နေ၏။ သို့သော်၊ သူတို့မှာ အသက်ရှူသံဆိုတာ လုံးဝ မရှိတော့ချေ။
တစ်ယောက်က လက်နှစ်ဖက်စလုံး ပြတ်နေပြီး၊ နောက်တစ်ယောက်က လက်တစ်ဖက် ပြတ်နေသည်။ နောက်ဆုံး တစ်ယောက်ကတော့ ခြေထောက်တစ်ချောင်း ပြတ်နေ၏။
ခြေထောက် ပြတ်သွားသော တစ်ယောက်က အရင်ဆုံး သေဆုံးသွားခဲ့သည်ပင်။
ကျန်နှစ်ယောက်ကတော့ သူတို့ဆီက ဘာသတင်းမှ ထပ်ရစရာ မရှိတော့ဟု ဆုမို ဆုံးဖြတ်ပြီးတာနှင့် သူတို့ ဒဏ်ရာတွေပေါ်က သွေးတိတ်ဆေးတွေကို ပြန်ဆေးကြောပစ်ဖို့ အမိန့်ပေးခဲ့သည်လေ။
သခင်လေး စစ်ထူ၏ ဆေးက အရမ်း အစွမ်းထက်၏။ ဆေးကို ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဒဏ်ရာတွေမှ သွေးတွေ အဆက်မပြတ် ပြန်ပန်းထွက်လာတော့သည်။
တစ်ညလုံး အပြင်းအထန် ခံစားရပြီးသည့် နောက်မှာတော့ သူတို့လည်း ဆက်ပြီး တောင့်မခံနိုင်တော့ဘဲ အသက်ထွက်သွားကြလေတော့သည်။
ဆုမိုက သူတို့ကို ကြည့်ရင်း မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်၏။ ထို့နောက် ခြေဖျားကို အသာအယာ ထောက်ကာ သူတို့အနီးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားတော့သည်။
သူက လက်ကို မြှောက်လိုက်ပြီး လက်ချောင်းကို စုတ်တံအဖြစ် အသုံးပြုကာ တို့ဟူးကို ထိုးစိုက်လိုက်သကဲ့သို့ နံရံပေါ်တွင် အားစိုက်စရာမလိုဘဲ စာရေးလိုက်၏။
မာန်ပါပြီး ရဲတင်းလှသော စာကြောင်းနှစ်ကြောင်းသည် လျင်မြန်စွာပင် ပေါ်ထွက်လာတော့၏။
"လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ နယ်မြေမှာ ငြိမ်းချမ်းရေးကို ဖျက်ဆီးပြီး ပြဿနာရှာတဲ့သူတိုင်း သေဒဏ်ထိုက်တယ်..."
"ဒီနေ့၊ နောက်ထပ် လာမယ့် ဒုစရိုက်သမားတွေကို ဟန့်တားဖို့အတွက် ဒီအလောင်းတွေကို ချိတ်ဆွဲထားလိုက်တယ်၊ ဇီယန် အာမခံဌာန၊ ဆုမို..."
နောက်ဆုံး စာလုံးကို ရေးအပြီးတွင် ဆုမိုသည် ထိုစာလုံးဘေး၌ သူ၏ လက်ဝါးရာ တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ရိုက်နှိပ်ခဲ့သည်။
ထို့နောက် နောက်သို့ ခုန်ဆင်းလိုက်၏။
အနီးအနားတွင် ရပ်လျက် အရာအားလုံးကို စောင့်ကြည့်နေခဲ့သော ဝေဇီယီသည် မချီးကျူးဘဲ မနေနိုင်တော့ချေ။
"စုတ်တံအစား လက်ချောင်းကို သုံးပြီး ရေးတာတောင် ဒီလောက် လေးစားလောက်စရာ ကောင်းတဲ့ ခွန်အားကို ပြသနိုင်တာပဲ"
"ဒီလက်ဝါးရာလေး ချန်ခဲ့တာက နောက်ထပ် လာမယ့်သူတွေကို သတိပေးလိုက်တာပဲ... ပြီးတော့ နင့်ရဲ့ ဇီယန် အာမခံဌာနကိုလည်း အခွင့်အရေးရတုန်း ကြော်ငြာလိုက်သေးတယ်"
"ခေါင်းဆောင်ဆု... နင့်ရဲ့ သိုင်းလောက ဗျူဟာတွေက တကယ်ကို အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံလွန်းနေပြီ"
ဆုမိုက သူမကို တစ်ချက်ကြည့်လိုက်ပြီး...
"ဉာဏ်ပညာကြီးမားတဲ့ သခင်မလေးဝေကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲနော်"
"..."
ဝေဇီယီ၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး...
"နင်.. တကယ်ပဲ... အစ်မယွင်က နင့်ကို ဘာဖြစ်လို့ ဒီလောက်တောင် သံယောဇဉ်တွယ်နေရတာလဲ ဆိုတာကို ငါ.. နားကို မလည်နိုင်တော့ဘူး"
"ဒါက ပြင်ပလူတွေ ဝင်စွက်ဖက်ဖို့ မလိုတဲ့ ကိစ္စပါ"
ဆုမိုက ခပ်ပြုံးပြုံးဖြင့် ပြောကာ မြင်းပေါ်သို့ တက်စီးလိုက်၏။
"ကဲ... ထွက်ကြစို့........."
ဝေဇီယီသည် သူ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူမ၏ လက်သီးလေးများကို လေထဲတွင် နှစ်ကြိမ်ခန့် ခပ်ဖွဖွ ဝှေ့ယမ်းပြလိုက်သည်။
ပါးစပ်ကို ပူဖောင်းလို မှုတ်ထုတ်ပြီးနောက် ပါးပြင်ကို အသာအယာ ပွတ်သပ်ကာ ဆုမိုနောက်သို့ လိုက်ရန် သူမ၏ မြင်းပေါ်သို့ သွက်လက်စွာ တက်စီးလိုက်တော့သည်။
...
...
ဟယ်မိသားစု တည်းခိုခန်းမှ အဖြစ်အပျက်လေးသည် ဆုမိုနှင့် သူ၏ အဖွဲ့အတွက် သေးငယ်သော အနှောင့်အယှက်လေး တစ်ခုမျှသာ ဖြစ်ခဲ့၏။
ထိုနေရာမှ အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ခရီးစဉ်မှာ အလွန် ချောမွေ့ခဲ့၏။
မနေ့က ကျိုးဖန် ပြောခဲ့သော လျို ဆန်ဆိုင်ကို ဖြတ်သန်းသွားချိန်တွင် ဆုမိုနှင့် ဝေဇီယီတို့သည် ထူးခြားသည့် အရိပ်အယောင် တစ်စုံတစ်ရာမျှ မပြခဲ့ကြချေ။
သူတို့သည် ထိုကိစ္စကို လုံးဝ ဂရုမစိုက်သည့်အလား မြင်းစီးကာ ဖြတ်သွားခဲ့ကြသည်။
ထို့နောက် ခရီးစဉ်တွင် ကျုံးဖူမြို့၌သာ အနည်းငယ် ကြန့်ကြာမှု ရှိခဲ့၏။
ဝေရူဟန်၏ မြေးမလေးဖြစ်သောကြောင့် ဝေဇီယီသည် အဘိုးဝေ၏ မိသားစုသို့ အသစ် ဝင်ရောက်လာသော ချီလုနှင့် တွေ့ဆုံခဲ့ရ၏။
ချီလုသည် ကျုံးဖူ မြို့စား၏ ဂုဏ်သိက္ခာကို ပြသရန်အတွက် ကြီးကျယ်ခမ်းနားသော စားသောက်ကြိုဆိုပွဲကြီး တစ်ခုကို ကျင်းပပေးခဲ့၏။
သို့သော် စားသောက်ပြီးသည်နှင့် တစ်ပြိုင်နက် အမြဲတမ်း ပြုံးရွှင်နေတတ်သော ဝေဇီယီ၏ မျက်နှာသည် ရုတ်တရက် တည်ကြည်လေးနက်သွားတော့သည်။
"ဒီလောက် အကျင့်ပျက်ပြီး ဖြုန်းတီးလွန်းတဲ့ လူ... ဒီလောက်တောင် အပျော်အပါး မက်ရသလား၊ ဒီချီလုကတော့..."
"ဒီလူ သူ့နေရာမှာ ကြာကြာ နေရမှာ မဟုတ်ဘူး။ လောလောဆယ်တော့ ဒီအတိုင်း ထားလိုက်ဦးမယ်... အခြေအနေတွေ တည်ငြိမ်သွားတာနဲ့ သူ့ကို ချက်ချင်း ဖမ်းဆီးအရေးယူရမယ်"
ဆုမိုက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
သူတို့သည် ကျုံးဖူမြို့တွင် တစ်ည တည်းခိုပြီးနောက် နောက်တစ်နေ့တွင် ခရီးဆက်ခဲ့ကြသည်။
သူတို့၏ လှည်းတန်းမှာ သေးငယ်ပြီး မြင်းလှည်း နှစ်စီးသာ ပါဝင်သည့်အပြင် ရင်းနှီးကျွမ်းဝင်ပြီးသား လမ်းများဖြစ်သောကြောင့် အတားအဆီးမရှိ ဖြတ်သန်းနိုင်ခဲ့ကြ၏။
ရက်အနည်းငယ် အကြာတွင် သူတို့သည် မြစ်သုံးစင်း ပင်လယ်အော်သို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။
ဒီတစ်ခေါက် မြစ်သုံးစင်း ပင်လယ်အော်ကို ရောက်လာသည့် အကြိမ်ကတော့ အရင်တစ်ခေါက်လို ရှုပ်ထွေးမှုတွေ မရှိတော့။
သူတို့က အဖွဲ့မှူးလီကို အလတ်စား ကုန်တင်သင်္ဘော တစ်စီး သွားရှာခိုင်းလိုက်၏။ ပြီးတော့ ပစ္စည်းတွေကို သင်္ဘောပေါ် တင်ပြီး မြစ်ကြောင်းအတိုင်း ကျိယန် ကူးတို့ဆိပ်ဆီကို ရွက်လွှင့်ထွက်ခွာလာခဲ့ကြသည်။
အာမခံလှည်းတွေကို သင်္ဘောနှင့် သယ်ယူရတာက တခြားနည်းလမ်းတွေနှင့် တကယ်ကို ကွာခြားလှပေ၏။
မြင်းတွေနှင့် လှည်းတွေကို သေချာ နေရာချထားပြီးသည့် နောက်မှာတော့ အရာအားလုံးက သပ်သပ်ရပ်ရပ် ဖြစ်သွားတော့သည်။
ကုန်ပစ္စည်းတွေကို လုံခြုံအောင် ထားသိုပြီးသည့်နောက် ဆုမိုက သူ့လူတွေကို သတိမလွတ်စေဘဲ တင်းတင်းကျပ်ကျပ် စောင့်ကြပ်ဖို့ အမိန့်ပေးလိုက်၏။
သူတို့ အလုပ်တွေ ပြီးစီးသွားချိန်မှာတော့ လူတစ်ယောက် လျှောက်လာတာကို တွေ့လိုက်ရသည်။
ထိုသူသည် သူတို့အနီးသို့ မရောက်မီကပင် လက်နှစ်ဖက် ဆုပ်ကာ အရိုအသေပေးလျက်...
"ဒီက အာမခံခေါင်းဆောင်က ဘယ်သူများလဲ ခင်ဗျာ"
အဖွဲ့မှူးလီက ဆုမိုကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှေ့သို့ ထွက်ကာ...
"ခင်ဗျားက ဘယ်သူလဲ"
"ကျွန်တော်က လီကျုံးချန်ပါ။ ဆိုင်ရှင်ရဲ့ အလုပ်သမား တစ်ယောက်ပါ၊ အရေးပါတဲ့လူတော့ မဟုတ်ပါဘူး"
ထိုသူက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေ၏။
"ခင်ဗျားက ဇီယန် အာမခံဌာနရဲ့ခေါင်းဆောင်လားဗျ"
"ဘယ်ဟုတ်ရမလဲဗျာ"
အဖွဲ့မှူးလီက ကပျာကယာ ပြန်ဖြေလိုက်၏။
"ဒီမှာ ရှိတာက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဆုပဲ"
စကားပြောနေစဉ်မှာပင် သူက ရိုသေလေးစားစွာ လက်ဟန်ပြလိုက်ပြီး ဆုမိုကို မြင်သာစေရန် ဘေးသို့ ဖယ်ပေးလိုက်သည်။
လီကျုံးချန်သည် ခေတ္တမျှ မှင်တက်သွားပြီး ဆုမိုကို အကဲခတ်ကြည့်လိုက်ပြီးနောက် ပြုံးကာ...
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ။ ခေါင်းဆောင်ဆုက ဒီလောက် ငယ်ရွယ်လိမ့်မယ်လို့ မထင်ထားမိလို့ပါ။ ကျွန်တော် ရိုင်းပျသွားတာကို ခွင့်လွှတ်ပေးပါဗျာ"
"ခင်ဗျားကလည်း ချီးကျူးလွန်းပါပြီ"
ဆုမိုက ပြုံးလိုက်ပြီး...
"ဒါနဲ့... ခင်ဗျား လာရင်းကိစ္စလေးများ သိခွင့်ရမလားဗျ"
"ဒီလိုပါဗျာ..."
လီကျုံးချန်၏ မျက်နှာပေါ်တွင် အပြုံးများ အပြည့်အဝ ပေါ်လွင်နေ၏။
"ကျွန်တော်တို့ သင်္ဘောက ပင်လယ်ပြင်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တာပါ။ မကြာသေးခင်ကမှ လော့ရှားမြို့က နန်ဟိုင် ပင်လယ်အော်ဘက်ကို လမ်းကြောင်းပြောင်းပြီး မြစ်ကြောင်းအတိုင်း တုန်းချန်ဘက်ကို ဝင်ဖို့ စီစဉ်ထားတာပါ"
"ဒါပေမဲ့ မထင်မှတ်ဘဲ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာရတာက တော်တော်လေး လမ်းလွဲကြီး ဖြစ်နေတယ်ဗျ"
"ဒီကနေ ရှေ့ဆက်သွားမယ့် လမ်းမှာ မြစ်ကြောင်းပေါ် အလုပ်လုပ်နေတဲ့ သူရဲကောင်းတွေ တော်တော်များများ ရှိတယ်လို့ ကြားရတယ်"
"ကျွန်တော်တို့ ဆိုင်ရှင်က လိုအပ်တဲ့ အစီအစဉ် တချို့ကို လုပ်ထားပေမဲ့ ဒီလမ်းကြောင်းကို တကယ်တမ်း တစ်ခါမှ မသွားဖူးသေးဘူးလေ”
အခန်း (၃၇၄) - ရေကြောင်းလမ်းမှ လှိုင်းဂယက်များ (၃)
~"အဲဒါကြောင့်မို့... သင်္ဘောပေါ်ကို အာမခံခေါင်းဆောင် တစ်စု ရောက်နေတယ်လို့ ကြားလိုက်ရလို့ ကျွန်တော် လာပြီး အနှောင့်အယှက် ပေးလိုက်တာပါ"
လီကျုံးချန်က အားနာဟန်ဖြင့် ဆက်ပြော၏။
"အားလုံး သိကြတဲ့အတိုင်းပဲလေ... အာမခံခေါင်းဆောင်တွေဆိုတာ အဆက်အသွယ်တွေ အများကြီးရှိပြီး အရပ်မျက်နှာပေါင်းစုံက လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ကြတာဆိုတော့... ကျွန်တော့်ဘက်က ရိုင်းစိုင်းတဲ့ တောင်းဆိုမှုလေး တစ်ခုလောက် လုပ်ချင်လို့ပါဗျာ..."
"အကယ်၍ ဒီမြစ်ကြောင်းတစ်လျှောက်မှာ အလုပ်လုပ်နေတဲ့ သူရဲကောင်းတွေနဲ့များ ပြဿနာ တစ်စုံတစ်ရာ ကြုံလာရရင်... ခေါင်းဆောင်ဆုတို့က ဝင်ပါပြီး နှုတ်ဆက်စကားလေး ဘာလေးများ ပြောပေးလို့ အဆင်ပြေနိုင်မလားလို့ပါ"
"ဟား ဟား ဟား"
ဆုမိုက အားပါးတရ ရယ်လိုက်၏။
"ခင်ဗျားကလည်းဗျာ... ဘာတွေများ ရိုင်းစိုင်းတဲ့ တောင်းဆိုမှု ဆိုတာတွေ ပြောနေရတာလဲ။ ဒါက လုပ်သင့်လုပ်ထိုက်တာပဲလေ"
"ဒါပေမဲ့ ခင်ဗျား နည်းနည်းများ အထင်မှားပြီး စိုးရိမ်လွန်နေသလားလို့... ကျွန်တော်တော့ ထင်တယ်။ ဒီလမ်းကြောင်းကို ကျွန်တော် အရင်က နှစ်ခေါက် လာဖူးပါတယ်။ အမြဲတမ်း အေးအေးချမ်းချမ်းနဲ့ ဘေးကင်းခဲ့တာချည်းပဲ။ ခရီးစဉ်မစခင် ကြိုတင်ပြီး စနစ်တကျ အကွက်ချ စီစဉ်ထားရင်တော့ သေချာပေါက် ဘေးကင်းကင်းနဲ့ ရောက်မှာပါဗျာ"
"ကောင်းပါပြီ... ကောင်းပါပြီဗျာ"
လီကျုံးချန်က ကပျာကယာ ခေါင်းညိတ်လိုက်၏။
"ခေါင်းဆောင်ဆုရဲ့ ဒီစကားတွေကြောင့် ကျွန်တော် ပြန်သွားရင် ဆိုင်ရှင်ကို သတင်းပို့စရာ ရှိသွားပြီ။ ကျွန်တော် ဆက်ပြီးတော့ အနှောင့်အယှက် မပေးတော့ပါဘူး။ ခွင့်ပြုပါဦးဗျာ..."
"ကောင်းပါပြီဗျာ"
ဆုမိုက ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။ လီကျုံးချန်သည် အကြိမ်ကြိမ် အရိုအသေပေးပြီးနောက် နောက်သို့ ချာခနဲ လှည့်ထွက်သွား၏။
ထိုလူ အတော်အတန် ဝေးသွားပြီးနောက် ဆုမိုသည် ဖုဟန်ယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဖုဟန်ယွမ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ခန္ဓာကိုယ်ကို နှိမ့်ချကာ ထိုလူ၏ နောက်သို့ သည်းသည်းမည်းမည်း ခြေရာခံလိုက်သွားတော့၏။
"သူ တစ်ခုခု ကြံစည်နေတယ်လို့.. နင်.. သံသယရှိလို့လား"
ဝေဇီယီက တိုးညှင်းစွာ မေးလိုက်သည်။
"အပြင်ရောက်နေရင် အမြဲတမ်း သတိထားရမယ်လေ။ ဒီလူက ရုတ်တရက် ပေါ်လာပြီး ဆိုင်ရှင်ရဲ့ အလုပ်သမားလို့ ပြောပေမဲ့ ငါတို့က သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးတော့ ဒါ အမှန် ဟုတ်မဟုတ် ဘယ်လိုလုပ် သိနိုင်မှာလဲ"
ထိုသို့ပြောပြီးနောက် ဆုမိုက အဖွဲ့မှူးလီဘက်သို့ လှည့်ကြည့်လိုက်၏။
"ဒီသင်္ဘောရဲ့ နောက်ခံကို သေချာ မစုံစမ်းရသေးဘူးလား"
"ဒါ... ကျွန်တော့် အမှားပါ"
အဖွဲ့မှူးလီက မျက်နှာငယ်လေးဖြင့် ခေါင်းငုံ့သွား၏။
ဆုမိုက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး...
"ထားလိုက်ပါတော့... ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က သင်္ဘောနဲ့ ရက်အနည်းငယ်ပဲ ခရီးသွားရမှာဆိုတော့... ပြီးတော့ ဒီကိစ္စအတွက် ခင်ဗျားကို အပြစ်တင်လို့လည်း မရပါဘူးလေ"
အဖွဲ့မှူးလီသည် သတိမမူတတ်သူ တစ်ဦးဖြစ်ပြီး အသေးစိတ် အချက်အလက်များကို မကြာခဏ လစ်ဟင်းတတ်၏။
သူ့ကို အပြစ်မတင်ဘူးဟု ဆုမို ပြောလိုက်ခြင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်၏... ဤအချက်ကို သိသိရက်နှင့် ဤတာဝန်ကို ပေးအပ်ခဲ့မိသောကြောင့် ဤကဲ့သို့ လစ်ဟင်းမှုမျိုး ဖြစ်လာမည်မှာ ယုံမှားဖွယ်မရှိပေ။
ကံကောင်းထောက်မစွာဖြင့် မကြာမီမှာပင် ဖုဟန်ယွမ် ပြန်ရောက်လာခဲ့ပါသည်။
"ခေါင်းဆောင်... အဲဒီလူ လိမ်ပြောတာတော့ မဟုတ်လောက်ဘူး"
ဖုဟန်ယွမ်က တိုးညှင်းစွာ သတင်းပို့လိုက်၏။
"သူက ပင်မအခန်းထဲကို ဝင်သွားတယ်။ အပြင်မှာ စောင့်နေတဲ့ လူတွေလည်း ရှိတယ်။ အားလုံးက ဒီသင်္ဘောက အစောင့်တွေချည်းပါပဲ"
"အင်း"
ဆုမိုက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ငါတို့ ညီအစ်ကိုတွေကို မျက်လုံးကျယ်ကျယ် ဖွင့်ထားဖို့ သတိပေးလိုက်ဦး။ တခြားဟာတွေကို ဘေးဖယ်ထား... အာမခံပစ္စည်းတွေ လုံးဝ (လုံးဝ) အပျောက်အပျက် မရှိစေရဘူး"
"တကယ်တော့လေ... နည်းနည်းပါးပါး ပျောက်သွားလည်း ဘာမှ မဖြစ်ပါဘူး"
ဝေဇီယီက ရုတ်တရက် ဝင်ပြောလိုက်၏။
"ဘာလို့လဲဆိုတော့ ဒါတွေ အကုန်လုံးက ကိုယ့်ပစ္စည်းတွေချည်းပဲဟာ"
"..."
ဆုမိုသည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ခေတ္တမျှ စကားလုံးရှာမရ ဖြစ်သွားတော့သည်။
ဤပစ္စည်းများသည် အဘိုးဝေ၏ မိသားစုက အပ်နှံထားခြင်း ဖြစ်၏။ ဤစကားကို အခြားသူတစ်ယောက်ယောက်ကသာ ပြောခဲ့မည်ဆိုလျှင် ပါးရိုက်ခံရလောက်သည်။ သို့သော် ဝေဇီယီက ပြောလာသောအခါတွင်မူ အမှန်တကယ်ပင် ဆွံ့အသွားစေတော့၏။
ဘေးနားရှိ အလုပ်သမားများက ဤစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
ဆုမိုက သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး...
"နေရာနဲ့ အခြေအနေကို ကြည့်ပြီး စကားပြောတတ်အောင် သင်ထားစမ်းပါ"
ဝေဇီယီ ချက်ချင်းပင် ဒေါသထွက်သွားပြီး အလိုအလျောက် ခါးထောက်ကာ လက်ညိုးထိုးရန် ပြင်လိုက်၏။
သို့သော် ဆုမိုသည် အခန်းတွင်းမှ ထွက်ခွာသွားပြီ ဖြစ်၏။ သင်္ဘောအစွန်းသို့ ရောက်ရှိသွားကာ လှိုင်းတံပိုးများ ထန်နေသော မြစ်ရေပြင်ကို ငေးကြည့်နေတော့သည်။
"...ဟွန့်..."
ဝေဇီယီက ဆုမို၏ ကျောပြင်ကို လှမ်းကြည့်ရင်း စိတ်တိုတိုဖြင့် မသိမသာ လက်သီးဆုပ်ပြလိုက်၏။
အဖွဲ့မှူးလီ၊ ဖုဟန်ယွမ်နှင့် အာမခံခေါင်းဆောင် တစ်စုမှာမူ မည်သည့်အရာကိုမျှ မမြင်လိုက်ရသည့်အလား ဟန်ဆောင်နေလိုက်ကြတော့၏။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး အချိန်ကို တွက်ချက်ကြည့်ပြီးနောက် မကြာမီ ကျောက်လုံ ရေတပ်စခန်းသို့ ရောက်ရှိတော့မည်ဟု ဆုမို ခန့်မှန်းလိုက်၏။
သို့သော် အပြင်ဘက်တွင်ကား အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။
ယခင်က ကြိုတင်အကြောင်းကြားထားသော နေ့များတွင်ပင် ကျောက်လုံအသင်းမှ လူများက နေရာယူထားပြီး ဖြတ်သန်းသွားလာသော ကုန်တင်သင်္ဘောများကို စစ်ဆေးလေ့ရှိကြ၏။
မည်သူမျှ မထွက်ပြေးနိုင်စေရန်အတွက်...
ယခုမူ အနည်းငယ်မျှသော ဆူညံသံပင် မရှိတော့ချေ။
ထို့အပြင် ဆုမိုသည် မြစ်ကြောင်းတစ်လျှောက် လှမ်းကြည့်လိုက်သော်လည်း ကျောက်လုံအသင်းမှ လူတစ်ယောက်ကိုမျှ မတွေ့ရပေ။
သူ အနည်းငယ် အံ့အားသင့်သွား၏။
"ကျောက်လုံအသင်းက လူတွေ ဘယ်ရောက်သွားကြတာလဲ"
ယခု ရှေ့သို့ ဆက်သွားလျှင် ကျောက်လုံ ရေတပ်စခန်းကို ဖြတ်သန်းရတော့မည် ဖြစ်သည်။
ဆုမိုသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လူသူကင်းရှင်းသော သင်္ဘောဦးပိုင်းသို့ တက်သွားလိုက်၏။
ကုန်တင်သင်္ဘော စီးရသည့်အခါ ခရီးသည်များကို ကုန်းပတ်ပေါ်၊ သင်္ဘောဦးပိုင်း စသည့် နေရာများတွင် လျှောက်သွားနေခြင်းကို ခွင့်ပြုလေ့ မရှိကြချေ။
သင်္ဘောသားများက အလုပ်ရှုပ်နေကြသဖြင့် အနှောင့်အယှက် ဖြစ်လွယ်သောကြောင့်ပင်။ ပဲ့ကိုင်ရှင်ကလည်း စိတ်တိုတတ်ပြီး မည်သည့် အလုပ်မရှိ အကိုင်မရှိသူကိုမျှ မမြင်ချင်ပေ။
ယခုအခိုက်အတန့်တွင် သင်္ဘောဦးပိုင်း၌ လူအနည်းငယ်မျှသာ ရှိနေ၏။
လီကျုံးချန်လည်း ထိုအထဲတွင် ပါဝင်နေသည်။
သူသည် ခန္ဓာကိုယ် ထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ နောက်တွင် ရပ်နေသည်။ ထိုလူစုသည်လည်း သင်္ဘောပေါ်မှနေ၍ ပတ်ဝန်းကျင်ကို အကဲခတ်နေကြပြီး ကျောက်လုံအသင်းမှ လူများနှင့် တွေ့ဆုံပါက ကိုင်တွယ်ဖြေရှင်းရန် အသင့်ပြင်ထားသည့်ဟန် ပေါ်လွင်နေသည်။
ဆုမိုသည် ရှေ့သို့ ဆက်မသွားတော့ဘဲ အခန်းအစွန်းတွင်သာ ရပ်လျက် ကျောက်လုံ ရေတပ်စခန်းဘက်သို့ လှမ်းကြည့်လိုက်၏။ သို့သော် ရေတပ်စခန်းမှာ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေပြီး စွန့်ပစ်ခံထားရသည့်အလား ဖြစ်နေသည်ကိုသာ တွေ့လိုက်ရတော့သည်။
သူ အံ့အားသင့်နေစဉ်မှာပင် လီကျုံးချန်က ရုတ်တရက် ခေါင်းလှည့်လာပြီး ဆုမိုကို မြင်သွား၏။
ချက်ချင်းပင် သူက အော်ဟစ်နှုတ်ဆက်လိုက်သည်။
"ခေါင်းဆောင်ဆု..."
ထိုသို့ အော်ဟစ်ပြီးနောက် လီကျုံးချန်သည် ချက်ချင်း နောင်တရသွားဟန်ဖြင့် အလိုအလျောက် ဇက်ပုလိုက်ပြီး ဘေးနားရှိ လူလတ်ပိုင်း အမျိုးသားကို တစ်ချက် ခိုးကြည့်လိုက်၏။
ထိုလူလတ်ပိုင်း အမျိုးသားက စိတ်ဝင်စားသွားသည့်ဟန်ဖြင့် သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ အဝေးမှ ဆုမိုကို မြင်တွေ့သွားတော့သည်။
ထို့နောက် သူက အဝေးမှနေ၍ လက်နှစ်ဖက် ဆုပ်ကာ ကျယ်လောင်စွာ လှမ်းပြောလိုက်၏။
"ခေါင်းဆောင်ဆု... အားနေရင် ဒီဘက်လာပြီး စကားလေး ဘာလေး လာပြောပါလားဗျာ"
"အိမ်ရှင်က ဖိတ်ခေါ်မှတော့ ကျွန်တော် ဆုမိုလည်း အားနာမနေတော့ပါဘူးဗျာ"
ဆုမိုက မငြင်းဆန်တော့ဘဲ ရှေ့သို့ တစ်လှမ်းတိုးကာ ကုန်းပတ်ပေါ်သို့ တက်လိုက်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် ထိုလူစုအနီးသို့ ရောက်ရှိသွားသည်။
လူလတ်ပိုင်း အမျိုးသားနှင့် သူ့ဘေးမှ လီကျုံးချန်တို့အပြင်...
သူတို့ရှေ့တွင် အနည်းငယ် ပိန်လှီသော လူလတ်ပိုင်း ပညာရှင် တစ်ဦးလည်း ရပ်နေ၏။ သူ၏ မုတ်ဆိတ်မွေးရှည်များက လေထဲတွင် လွင့်ဝဲနေ၏။ ဝတ်ရုံလက်စများက လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ် မြည်နေသည်။
နောက်ထပ် တစ်ယောက်မှာမူ ရုပ်ရည် ခက်ထန်ကြမ်းတမ်းသော လူတစ်ဦး ဖြစ်သည်။
သူ၏ အကြည့်များက ဆုမိုကို.. သေချာ အကဲခတ်နေပြီး အလွန်အမင်း သတိထားနေကြောင်း သိသာလှ၏။
ဆုမိုသည် ထိုလူအချို့ကို တစ်ချက်စီ အကဲခတ်ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ...
"ခင်ဗျားက ဆိုင်ရှင် ဖြစ်မယ်ထင်တယ်"
"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူးဗျာ။ ကျွန်တော်က သာမန် ကုန်သည် တစ်ယောက်ပါ။ မျိုးရိုးနာမည်က ကျန့် လို့ ခေါ်ပါတယ်"
"တာဝန်ခံကျန့်"
ဆုမိုက ခေါင်းညိတ်ပြလိုက်၏။
"ခေါင်းဆောင်ဆုကို မေးပါရစေ... ဟိုနေရာက ကျောက်လုံအသင်းရဲ့ အခြေစိုက်စခန်းများလားဗျ"
တာဝန်ခံကျန့်က လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်ပြီး လက်ဖြင့် လှမ်းညွှန်ပြလိုက်၏။
ဆုမိုက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်"
"အို..."
တာဝန်ခံကျန့်က အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်...
"ကျောက်လုံအသင်းက ဒီရေပြင်ကို လောကကို အုပ်စိုးထားတာလေ... အခုကြည့်ရတာ လုံးဝ လှုပ်ရှားမှု မရှိတော့သလိုပဲ... ဘာဖြစ်လို့လဲဆိုတာ ခေါင်းဆောင်ဆုများ သိပါသလား"
"ကျွန်တော်လည်း မသိပါဘူးဗျာ"
ဆုမိုက ခေါင်းယမ်းလိုက်သည်။
"ကျောက်လုံအသင်းရဲ့ ခေါင်းဆောင် ကျူးကော့ချန်ထျန်ကို ကျွန်တော် နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့ လအတော်ကြာကတည်းကပါ။ အဲဒီနောက်ပိုင်း ကျောက်လုံ ရေတပ်စခန်းကို ကျွန်တော် သီးသန့် မလာဖြစ်တော့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုအချိန်မှာ တာဝန်ခံကျန့်လိုပဲ ကျွန်တော်လည်း ဘာမှန်းမသိအောင် ဖြစ်နေတာပါ"
ထိုစကားကို ကြားသောအခါ တာဝန်ခံကျန့်က ဆုမိုကို စူးစူးရဲရဲ ကြည့်လိုက်လေရာ သူ၏ မျက်ဝန်းများထဲတွင် ဆုမို၏ စကားများ အမှန်ဟုတ်၊ မဟုတ် ဝေခွဲမရဖြစ်နေသည့် သံသယအငွေ့အသက်များ မသိမသာ စွန်းထင်းနေတော့၏။
သို့သော် သူ ဆက်မမေးတော့ဘဲ ခေါင်းညိတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ... လောလောဆယ် ပြဿနာ မရှိတာကပဲ... တော်တော်လေး ကောင်းနေပါပြီ"
သို့သော် ဆုမိုကမူ ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်၏။
"တာဝန်ခံကျန့်... အရမ်းကြီး စောပြီး ဝမ်းသာမနေပါနဲ့ဦး။ ရေကြောင်းလမ်းမှာ ရုတ်တရက် ပြောင်းလဲမှု တစ်ခုခု ဖြစ်လာပြီဆိုရင် အမြဲတမ်း ဒီမြစ်ကြောင်းနဲ့ ပတ်သက်နေတတ်တယ်။ ကျောက်လုံအသင်းက အခု ငြိမ်နေပေမဲ့... ဒါကပဲ ရှေ့ဆက်မယ့် လမ်းမှာ ပြဿနာတွေ ရှိလာနိုင်တယ်ဆိုပြီး စိုးရိမ်စရာ ဖြစ်လာစေတာပါဗျာ”
အခန်း (၃၇၅) - ပြန်လည်ဆုံတွေ့ခြင်း
~"အို..."
တာဝန်ခံကျန့်သည် ဆုမိုကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။
"ခေါင်းဆောင်ဆုရဲ့ အမြင်အရဆိုရင်တော့... ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲဗျ"
ဆုမိုက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"ကျွန်တော်က သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ သာမန် ခရီးသည် တစ်ယောက်ပါ။ သင်္ဘောပိုင်ရှင်ကို ဘယ်လိုလုပ်ပြီး အကြံဉာဏ်တွေ ပေးရဲမှာလဲ။ ကျွန်တော် ပြောတာက တာဝန်ခံကျန့်အနေနဲ့ နောက်ဆုံးကျမှ အရမ်း အကျပ်အတည်း မဖြစ်ရအောင် သတိပေးရုံ သက်သက်ပါပဲ"
"ခေါင်းဆောင်ဆုက အရမ်း နှိမ့်ချလွန်းနေပါပြီ"
ထိုစကားကို ကြားသောအခါ တာဝန်ခံကျန့်က ခေါင်းညိတ်လိုက်သော်လည်း ဆက်လက်၍ အကြံဉာဏ် တောင်းခံခြင်း မပြုတော့ချေ။
ထိုအစား သူက လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ဘေးနားရှိ လီကျုံးချန်ကို လှမ်းပြောလိုက်၏။
"သွား... မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်း သွားယူခဲ့ချေ"
"ဟုတ်ကဲ့ပါ"
လီကျုံးချန်က အမိန့်ကို နာခံလျက် နောက်သို့ ချာခနဲ လှည့်ထွက်သွားပြီး မကြာမီမှာပင် ပြန်လည်ရောက်ရှိလာတော့၏။
သူ၏ လက်ထဲတွင် လှပသော ပိုးချည်သေတ္တာငယ် တစ်လုံးကို ကိုင်ဆောင်ထားပြီး တာဝန်ခံကျန့်၏ ဘေးတွင် ပြန်လည်ရပ်တန့်လိုက်သည်။
တာဝန်ခံကျန့်က သိမ်မွေ့သော အပြုံးတစ်ချက် ဖြတ်ပြေးသွားပြီးနောက် ဆုမိုကို ကြည့်ကာ ပြောလိုက်၏။
"ဒီနေရာမှာ လာဆုံတွေ့ကြတာ တကယ့်ကို ရေစက်ပါပဲ။ မြစ်သုံးစင်း ပင်လယ်အော်မှာ သင်္ဘောတွေ အများကြီး ရှိတဲ့အထဲကမှ ခေါင်းဆောင်ဆုက ကျွန်တော်တို့ သင်္ဘောကို ရွေးချယ်လိုက်တာဆိုတော့... တော်တော်လေးကို သံယောဇဉ် နက်ရှိုင်းတယ်လို့ ဆိုရမှာပေါ့"
"အခု ကျွန်တော့်မှာလည်း တန်ဖိုးကြီးတဲ့ ပစ္စည်းဆိုလို့ သိပ်မပါလာတော့... ဒီ 'မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်း' လေးကိုပဲ အမှတ်တရ လက်ဆောင်အနေနဲ့ ပေးပါရစေဗျာ"
"မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်း ဟုတ်လား..."
ဆုမိုသည် မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။
တာဝန်ခံကျန့်က ပြုံးပြလိုက်ပြီး လီကျုံးချန်ကို ခေါင်းညိတ်ပြလိုက်၏။
ချက်ချင်းပင် လီကျုံးချန်က သေတ္တာလေးကို ဖွင့်ပြလိုက်လေရာ အတွင်း၌ သတ္တုဖြင့် ပြုလုပ်ထားသော ဆလင်ဒါပုံစံ ပစ္စည်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုဆလင်ဒါ၏ တစ်ဖက်စွန်းရှိ မှန်ဘီလူးပေါ်တွင် အလင်းရောင်များ လာရောက်ရိုက်ခတ်ကာ တလက်လက် တောက်ပနေသည်ကို ဆုမို မြင်တွေ့လိုက်ရ၏။
ထိုမြင်ကွင်းက ဆုမို၏ မျက်နှာပေါ်တွင် အနည်းငယ် ထူးဆန်းသော အမူအရာတစ်ခုကို ဖြစ်ပေါ်သွားစေတော့သည်။
"ဒီပစ္စည်းကို 'မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်း' လို့ ခေါ်ပါတယ်။ မိုင်ပေါင်းထောင်ချီ ဝေးတဲ့ နေရာက အရာတွေကို အနီးကပ် မြင်နိုင်စွမ်း ရှိတယ်ဗျ"
တာဝန်ခံကျန့်က သေတ္တာထဲမှ ထိုပစ္စည်းကို ထုတ်ယူလိုက်ပြီး ပြုံးလျက် ရှင်းပြ၏။
"ခေါင်းဆောင်ဆု... အနောက်ဘက် ပြည်နယ် 'ရှီးကျိုး' အကြောင်းများ ကြားဖူးပါသလား"
"အရပ်လေးမျက်နှာက အကြောင်းတွေကို နည်းနည်းပါးပါးတော့ ကြားဖူးပါတယ်ဗျ"
ဆုမိုက မျက်ခုံးကို အသာအယာ ပင့်လိုက်ပြီး...
"ရှီးကျိုးမှာ လက်ရာမြောက်တဲ့ ပန်းထိမ်ဆရာတွေ အများကြီး ရှိတယ်လို့ ကြားဖူးတယ်။ ဒီပစ္စည်းကလည်း ရှီးကျိုးက ပန်းထိမ်ဆရာ တစ်ယောက်ရဲ့ လက်ရာများလား"
"ခေါင်းဆောင်ဆုက ငယ်ရွယ်ပေမဲ့ တကယ်ကို ဗဟုသုတ ကြွယ်ဝလှပါပေတယ်"
ထိုစကားကို ကြားသောအခါ တာဝန်ခံကျန့်၏ မျက်ဝန်းထဲတွင် လေးစားမှုများ မသိမသာ စွန်းထင်းသွား၏။
"မှန်ပါတယ်။ ဒီပစ္စည်းကို ရှီးကျိုးမှာ ဖန်တီးထားတာပါ။ အဲဒီက လူတွေက ဖန်ချက်တဲ့ လျှို့ဝှက်နည်းပညာတွေကို သုံးပြီး ဒီလို ထူးခြားဆန်းကြယ်တဲ့ ပစ္စည်းလေးတွေကို ဖန်တီးကြတာလေ"
"အဲဒီအထဲမှာ ဒီ 'မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်း' လည်း ပါတာပေါ့။ ဒါပေမဲ့... ဒီပစ္စည်းရဲ့ အဓိက အသုံးဝင်မှုကတော့ တောင်ပိုင်း ပင်လယ်ပြင်မှာပါ"
သူ အနည်းငယ် ရပ်လိုက်ပြီးနောက် ဆက်ပြော၏။
"ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ အချိန်မျိုး၊ မျက်စိတစ်ဆုံး ကျယ်ပြောလှတဲ့ ရေပြင်ကြီးပေါ်မှာ ပင်လယ်ဓားပြတွေနဲ့ ဆုံခဲ့ရင် သာမန် မျက်စိနဲ့ကတော့ ဘယ်လိုမှ ခွဲခြားသိမြင်နိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီပစ္စည်းလေးသာ ပါမယ်ဆိုရင်တော့ အဝေးကရော အနီးကရော အကုန်မြင်ရပြီး အဝေးက အခြေအနေတွေကိုပါ အချိန်မီ ထိန်းချုပ်ထားနိုင်တယ်။ တကယ့်ကို ရေကြောင်းခရီးစဉ်အတွက် အဖိုးတန် ရတနာတစ်ပါးပါပဲ"
"ဒါကြောင့်မို့လို့ ဒီပစ္စည်းကို ပင်လယ်ပြင်က ဂိုဏ်းကြီးတွေက အမြဲတမ်း လက်ဝါးကြီးအုပ်ထားလေ့ရှိပြီး အပြင်ကို သိပ်ထွက်လေ့မရှိဘူး"
"ဒီတစ်ခေါက်တော့ ကျွန်တော်က လမ်းကြောင်း အမျိုးမျိုးကနေ တစ်ဆင့် ဒီမှန်ပြောင်း အမြောက်အမြားကို ရလာခဲ့တယ်။ အရှေ့ပိုင်း နယ်မြေ 'တုန်းဟွမ်' မှာ ကုန်သွယ်ဖို့အတွက် ကုန်ပစ္စည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ သယ်လာတာပါ"
"ရော့... ခေါင်းဆောင်ဆု၊ တစ်ချက်လောက် စမ်းကြည့်ပါဦး"
ဆုမိုက ခေါင်းညိတ်လိုက်ပြီး တကယ်တမ်း၌ အဝေးကြည့်မှန်ပြောင်းတစ်ခုသာ ဖြစ်သော ထိုပစ္စည်းကို လှမ်းယူလိုက်၏။
ပစ္စည်းလေးက အနည်းငယ် လေးလံပြီး တစ်ဖက်က ကြီးကာ တစ်ဖက်က သေးငယ်နေသည်။ ဆုမိုသည် သေးငယ်သောဘက်ကို မျက်လုံးတွင်တေ့ကာ ကြည့်လိုက်ရာ အမှန်တကယ်ပင် မြင်ကွင်းက ရှင်းလင်းပြတ်သားလှ၏။
သူ ချက်ချင်းပင် ပြုံးလိုက်ပြီး...
"တကယ်ကို ကောင်းမွန်တဲ့ ပစ္စည်းလေးပါပဲဗျာ"
"ဟား ဟား ဟား"
တာဝန်ခံကျန့်က အားပါးတရ ရယ်လိုက်၏။
"ဒီနေ့ ခေါင်းဆောင်ဆုနဲ့ လာဆုံရတဲ့ အထိမ်းအမှတ်အနေနဲ့... ဒီပစ္စည်းလေးကို လက်ဆောင်အဖြစ် ပေးပါရစေ။ မငြင်းဆန်ပါနဲ့ဗျာ"
"ဘယ်လိုလုပ် ငြင်းရက်မှာလဲဗျာ"
ဆုမိုက ကပျာကယာ တုံ့ပြန်လိုက်သည်။
"ပထမဆုံး အကြိမ် တွေ့ဆုံမှုမှာတင် ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကို လက်ခံရတာ... ကျွန်တော် တကယ်ကို အားနာမိပါတယ်။ လောလောဆယ် ကျွန်တော့်မှာလည်း တန်ဖိုးရှိတဲ့ ပစ္စည်း ဘာမှ မပါလာတော့... ဘယ်လိုများ ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး"
"ခေါင်းဆောင်ဆုကလည်းဗျာ... ဒီလို မပြောပါနဲ့။ ကျွန်တော့်မှာက သင်္ဘောပေါ်မှာ ကုန်ပစ္စည်းတွေ ပါလာတော့... လက်ဆောင်ပေးချင်ရင် ကြိုက်တဲ့ပစ္စည်းကို အလွယ်တကူ ရွေးပေးလို့ ရတာပေါ့။ ခေါင်းဆောင်ဆုတို့လို အရေးကြီးတဲ့ အာမခံခရီးစဉ် ထွက်လာတဲ့ သူတွေက ဘယ်လိုလုပ်ပြီး ဒီလို အပိုပစ္စည်းတွေကို သယ်လာနိုင်မှာလဲ"
တာဝန်ခံကျန့်က လက်တစ်ချက် ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
"ကျေးဇူးဆပ်ဖို့တွေ ဘာတွေ ပြောမနေပါနဲ့တော့... သက်တောင့်သက်သာသာ လက်ခံလိုက်ပါဗျာ"
"ဒါဆိုရင်လည်း... ကျွန်တော် ဆုမို အားမနာတမ်း လက်ခံလိုက်ပါတော့မယ်ဗျာ"
ဆုမိုသည် ထိုမှန်ပြောင်းလေးကို ခေတ္တမျှ စမ်းသပ်ကြည့်ပြီးနောက် လီကျုံးချန် ကိုင်ထားသော ပိုးချည်သေတ္တာငယ်ထဲသို့ ပြန်လည် ထည့်သွင်းပေးလိုက်သည်။
ထို့နောက် သူက မေးလိုက်၏။
"တာဝန်ခံကျန့်က တုန်းဟွမ် နယ်မြေထဲကို ဝင်လာတာ ဒါ ပထမဆုံး အကြိမ်များလားဗျ"
"ဟုတ်ပါတယ်"
တာဝန်ခံကျန့်က ခေါင်းညိတ်လိုက်ပြီး သူ၏ ဇာစ်မြစ်ကို အနည်းငယ် ရှင်းပြလာသည်။
သူသည် မူလက တောင်ပိုင်း ပင်လယ်ပြင်နှင့် နီးသော အနောက်ဘက် ပြည်နယ် 'ရှီးကျိုး' မှ ဖြစ်ပြီး အရွယ်ရောက်ကတည်းက ပင်လယ်ရေကြောင်းနှင့် ကုန်းကြောင်း ကုန်သွယ်ရေး နှစ်ခုစလုံးကို လုပ်ကိုင်လာခဲ့သူ ဖြစ်၏။
သို့သော် မကြာသေးမီက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှာ တဖြည်းဖြည်း ခက်ခဲကျပ်တည်းလာသောကြောင့် တုန်းဟွမ် နယ်မြေတွင် စီးပွားရေး အခွင့်အလမ်းသစ်များ လာရောက်ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်သဖြင့် အရှုံးပေါ်မည်ကို စိုးရိမ်သောကြောင့် ကုန်ပစ္စည်း အများအပြား မသယ်လာခဲ့ပေ။
ဤခရီးစဉ်သည် အလွန်ဆုံးမှ ဤနယ်မြေ၏ အခြေအနေကို စမ်းသပ်ကြည့်ရုံမျှသာ ဖြစ်၏။
ဆုမိုသည် တောင်ပိုင်း ပင်လယ်ပြင် (နန်ဟိုင်) ၏ အခြေအနေများကို အလွန်တရာ သိချင်စိတ် ပြင်းပြနေသဖြင့် ချက်ချင်းပင် စပ်စုလိုက်တော့သည်။
တာဝန်ခံကျန့်ကလည်း ဖုံးကွယ်ထားခြင်း မရှိဘဲ ပြုံးလျက် ရှင်းပြ၏။
"နန်ဟိုင် ပင်လယ်ပြင်မှာ ကျွန်းပေါင်းများစွာ ရှိတယ်။ ကျွန်းတွေက တစ်ခုနဲ့တစ်ခု အကွာအဝေး အမျိုးမျိုး ရှိကြတာပေါ့။ နီးတဲ့ ကျွန်းတွေက မဟာမိတ် ဖွဲ့ထားကြပြီး၊ ဝေးတဲ့ ကျွန်းတွေကတော့ ကိုယ့်နိုင်ငံနဲ့ကိုယ် အခြေချ နေထိုင်ကြတာ များတယ်"
"ဒါပေမဲ့... အထွတ်အထိပ် သိုင်းပညာတွေ ပိုင်ဆိုင်ထားပြီး လောကကို ကိုင်လှုပ်နိုင်လောက်တဲ့ စွမ်းအားရှိတဲ့ သူတွေကတော့ ကျွန်းပေါင်းများစွာကို အတင်းအဓမ္မ သိမ်းပိုက်ထားကြတာပေါ့။ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုက မိုင်ပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီတဲ့ ပင်လယ်ပြင် တစ်ခွင်လုံးကို ဖုံးလွှမ်းထားပြီး ပြိုင်ဘက်ကင်းတဲ့ ပင်လယ်ပြင်ရဲ့ အရှင်သခင်တွေ ဖြစ်နေကြတာလေ"
"ပင်လယ်ပြင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း အများကြီးပဲ... အားလုံးကို အတိအကျ ပြောပြဖို့ဆိုတာ တော်တော်လေး ခက်တယ်ဗျ"
ဆုမိုသည် ကနဦးက ကျောက်လုံအသင်း အကြောင်းကိုသာ စုံစမ်းရန် ရည်ရွယ်ခဲ့သော်လည်း ယခုမူ တာဝန်ခံကျန့်နှင့် စကားပြောရသည်ကို တော်တော်လေး သဘောကျနေမိပြီ ဖြစ်၏။
ပေါ့ပေါ့ပါးပါး စကားပြောရင်းဖြင့်ပင် နန်ဟိုင် ပင်လယ်ပြင်၏ အခြေအနေကို သူ၏ စိတ်ကူးထဲတွင် ရှင်းလင်းစွာ ပုံဖော်နိုင်ခဲ့၏။
နန်ဟိုင် ပင်လယ်ပြင်တွင် ကျွန်းများ အလွန်ပေါများပြီး အင်အားစုများကလည်း အလွန်တရာ ရှုပ်ထွေးစွာ ယှက်နွယ်နေကြသည်။
တာဝန်ခံကျန့်၏ အပြောအရဆိုလျှင် နန်ဟိုင် ပင်လယ်ပြင်တွင် လုံးဝ သွားမပတ်သက်သင့်သော အင်အားစုကြီး သုံးခု ရှိ၏။
၎င်းတို့မှာ နဂါးဘုရင် ခန်းမဆောင်၊ ကွေ့ရွှီ ကျွန်း နှင့် နောက်ဆုံးတစ်ခုမှာ နန်ဟိုင် မဟာမိတ်အဖွဲ့ တို့ပင် ဖြစ်ချေသည်။
ဤအင်အားစု သုံးခုသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ကြပြီး ကိုယ်ပိုင် အထွတ်အထိပ် သိုင်းပညာများကို အသီးသီး ပိုင်ဆိုင်ထားကြ၏။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သူတို့၏ ဩဇာတိက္ကမက ပြိုင်ဘက်ကင်းသလောက် ကြီးမားလှပြီး ပင်လယ်ပြင်၏ ဧကရာဇ်များသဖွယ် ဖြစ်နေကြတော့သည်။
သို့သော် ဤသည်မှာ အပေါ်ယံ မြင်ရသလောက်သာ ရှိသေး၏။
ပင်လယ်ပြင်၏ လျှို့ဝှက်ချက်များသည် ပို၍ပင် ထူးဆန်း ဆန်းကြယ်လှပြီး ရေပြင်အောက်ရှိ နက်နဲသော လျှို့ဝှက်ချက်များ၊ မည်သူမျှ မသိနိုင်သော ပုန်းကွယ်နေသည့် ကျွန်းများနှင့် လျှို့ဝှက်ဂိုဏ်းများစွာ ရှိနေသေးသည်။
အချို့သော ကျွန်းများသည် မုန်တိုင်းများကြားတွင် ပုန်းကွယ်နေကြပြီး သာမန်လူများ အလွယ်တကူ ရှာမတွေ့နိုင်ချေ။ သို့သော် ကံတရား၏ ဖေးမမှုကြောင့် အချို့သူများသည် ထိုလမ်းကြောင်းများကို လျှပ်တစ်ပြက် မြင်တွေ့ခွင့် ရသွားတတ်ကြ၏။
မုန်တိုင်းများကြားမှ အသက်လု ထွက်ပြေးလာရသူများသည် ထိုလျှို့ဝှက် ဆန်းကြယ်သော ကျွန်းများပေါ်သို့ ရောက်ရှိသွားတတ်ကြသည် ဟူသော ဒဏ္ဍာရီများက ပင်လယ်ပြင်တွင် အမြဲတမ်း ပျံ့နှံ့နေလေ့ ရှိသည်။