← Chapters

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆) - ပြန်လည်ဆုံတွေ့ခြင်း (အပိုင်း ၂)

~ထိုကျွန်းသည် လှပချောမောသော မိန်းမပျိုများ၊ သေရည်များ ပြည့်နှက်နေသော ရေကန်များနှင့် ကုန်းတစ်လှည့် ရေတစ်လှည့်မှ ရရှိသည့် အဖိုးတန် စားသောက်ဖွယ်ရာများ တောင်ပုံရာပုံ ရှိနေတတ်ပါ၏။ မြေပြင်ပေါ်တွင်ပင် ရွှေနှင့် ငွေများကို အခင်းအကျင်းအဖြစ် အသုံးပြုထား၏။

ကျွန်းသို့ ရောက်ရှိလာသော ဧည့်သည်များကို အမြဲတမ်း အမြင့်ဆုံး အဆင့်အတန်းဖြင့် တည်ခင်းဧည့်ခံလေ့ ရှိကြသည်။ ထိုကျွန်းပေါ်တွင် အရာအားလုံးကို စိတ်ကြိုက် ပျော်ပါး ခံစားနိုင်ပြီး အားရကျေနပ်မှု အပြည့်ဖြင့် ပြန်လည် ထွက်ခွာနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်၏။ သို့သော်လည်း စည်းကမ်းချက် တစ်ခုတော့ ရှိပါ၏။

အကယ်၍သာ ထိုကျွန်းပေါ်တွင် ဆက်လက် နေထိုင်လိုပါက အလိုရှိသမျှ အရာအားလုံးကို ဖြည့်ဆည်းပေးမည် ဖြစ်သော်လည်း၊ ကျွန်းမှ ပြန်လည် ထွက်ခွာလိုပါက ကျွန်းပေါ်မှ မည်သည့် ပစ္စည်းကိုမျှ ယူဆောင်သွားခွင့် မရှိပေ။ ထိုစည်းကမ်းကို ကျူးလွန်ခဲ့ပါက ပင်လယ်ပြင်အတွင်း၌ ကြောက်မက်ဖွယ်ရာ ကံကြမ္မာဆိုးနှင့် မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောစမှတ် ပြုကြလေသည်။

“ဒါကတော့ ဒဏ္ဍာရီ တစ်ခုလို ဖြစ်နေတာပါပဲ”

တာဝန်ခံကျန့်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။

“သိပ်ပြီးတော့ ယုံကြည်ရတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ... ဒါပေမဲ့ တကယ်လို့သာ အဲဒီလို နေရာမျိုး ရှိခဲ့မယ်ဆိုရင် ကျွန်တော်လည်း သွားပြီးတော့ စမ်းသပ်ကြည့်ချင်ပါသေးတယ်... ဪ... ဒါနဲ့ ခေါင်းဆောင် ဆုက သိုင်းလောကသား တစ်ယောက် ဖြစ်နေတော့... နန်ဟိုင်မှာ သိုင်းလောကသား တိုင်း သွားချင်ကြတဲ့ နေရာတစ်ခု ရှိသေးတယ်ဗျ... နောက်တစ်ချိန်မှာ ပင်လယ်ပြင်ကို ဖြတ်ပြီး ခရီးသွားဖြစ်ခဲ့ရင် အဲဒီနေရာကို ရှာကြည့်ဖို့ မမေ့နဲ့ဦးနော်”

“အလို...”

ဆုမိုက ခပ်ပြုံးပြုံးဖြင့်ပင် တုံ့ပြန်လိုက်သည်။

“ကျွန်တော်လည်း အဲဒီအကြောင်းကို ပိုပြီး သိချင်နေမိပြီဗျ”

“အဲဒါကတော့ နန်ဟိုင်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ဝှက်ထားတဲ့ ‘နန်ဟိုင် စစ်နတ်ဘုရား ကျောင်းတော်’ ပဲဗျ... အဲဒီနေရာရဲ့ တိကျတဲ့ တည်နေရာကိုတော့ လူနည်းစုပဲ သိကြတာပါ... ဒဏ္ဍာရီတွေ အရတော့ နှစ်စဉ် အထူးသတ်မှတ်ထားတဲ့ အချိန်မှာ ကျွန်းပေါ်ကနေ တမန်တော်တွေ ထွက်လာပြီး နန်ဟိုင်မှာ သိုင်းပညာ အလွန်ထူးချွန်တဲ့ လူတွေကို စစ်နတ်ဘုရား ကျောင်းတော်ကို လာရောက်ဖို့ ဖိတ်ခေါ်တတ်ကြတယ်... အဲဒီကျွန်းမှာ နန်ဟိုင်က ဂိုဏ်းအသီးသီးရဲ့ သိုင်းကျမ်းတွေ အားလုံးကို စုဆောင်းထားတာဗျ... စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်တဲ့ လူကတော့ စစ်နတ်ဘုရား ကျောင်းတော်မှာ နေထိုင်ခွင့်ရပြီး နန်ဟိုင်ရဲ့ သိုင်းလျှို့ဝှက်ချက်တွေ အားလုံးကို ကျင့်ကြံခွင့် ရမှာဖြစ်တယ်... တချို့ကတောင် ပြောကြသေးတယ်... အဲဒီ အမွေအနှစ်ကိုသာ ရရှိခဲ့ရင် နဂါးဘုရင် ခန်းမဆောင်၊ ကွေ့ရွှီကျွန်းနဲ့ နန်ဟိုင် မဟာမိတ် အဖွဲ့တွေ အပါအဝင်.. နန်ဟိုင် တခုလုံးက ဂိုဏ်းအားလုံးက သူ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုကြရမှာ ဖြစ်ပြီး နန်ဟိုင် တစ်ခုလုံးရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်တဲ့ဗျ”

ထိုသို့ ပြောပြီးနောက် တာဝန်ခံကျန့်က တဟားဟား ရယ်မောရင်း မေးလိုက်၏။

“ခေါင်းဆောင် ဆု... ခင်ဗျားရော စိတ်လှုပ်ရှားသွားပြီလား”

“တကယ်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းတာပေါ့ဗျာ”

ဆုမိုက တည်ကြည်လေးနက်စွာပင် ပြန်လည် ပြောလိုက်သည်။

“ဒီလောကကြီးထဲမှာ ဒီလောက် ဆန်းကြယ်တဲ့ နေရာမျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော်.. တကယ် မထင်ထားခဲ့ဘူး”

“ဟုတ်တာပေါ့ဗျာ”

တာဝန်ခံကျန့်က သက်ပြင်း တစ်ချက်ကို ခပ်လေးလေး ချလိုက်၏။

“ပင်လယ်ပြင်ကြီးက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတာဗျ... လူတွေကို အမြဲတမ်း ဆွဲဆောင်နေတတ်တာမျိုးပေါ့... ဒါပေမဲ့ အဲဒီ ဆွဲဆောင်မှု နောက်ကို လိုက်နိုင်တဲ့ လူကတော့ တစ်သောင်းမှာ တစ်ယောက်တောင် ရှိဖို့ ခဲယဉ်းလှပါတယ်”

ဆုမိုက ခေါင်းညိတ်ပြလိုက်သည်။

ဤစကားသည် ယုံမှားဖွယ် မရှိအောင် မှန်ကန်လှပါသည်။ တာဝန်ခံကျန့်နှင့် စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက် ဆုမိုသည် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။

သူ့လက်ထဲတွင် ‘မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်း’ ထည့်ထားသော သေတ္တာလေးကို ကိုင်ဆောင်လျက် အာမခံဌာနမှ လူများ စုဝေးရာသို့ ပြန်ရောက်လာခဲ့သည်။ ထိုပစ္စည်းက အဖွဲ့သားများ၏ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

ဆုမိုက သေတ္တာကို ဖွင့်ပြလိုက်ရာ ဝေဇီယီသည် တစ်ချက်ကြည့်ရုံဖြင့် မျက်လုံးများ ဝိုင်းစက်သွားပြီး လှပသော မျက်နှာလေးဝယ် အံ့အားသင့်သွားဟန် ရိပ်ခနဲ ထင်သွားလေသည်။

“ဒါ... မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်း မဟုတ်လား”

“သခင်မလေး ဝေက တကယ်ပဲ အကြားအမြင် များတာပဲ။”

ဆုမိုက ဝေဇီယီကို သိပ်ပြီး အံ့သြမနေဘဲ ကြည့်လိုက်၏။ အကြောင်းမှာ တာဝန်ခံကျန့် ပြောပြချက်အရ ဤပစ္စည်းများသည် နန်ဟိုင်တွင် အသုံးများကြောင်း သိထား၍ ဖြစ်သည်။ ဂိုဏ်းကြီးများက လက်ဝါးကြီး အုပ်ထားသော်လည်း အပြင်သို့ ပေါက်ကြားသွားသည်များ ရှိနေနိုင်ပါသည်။

လော့ဖုန်း မဟာမိတ် အဖွဲ့သည်လည်း ပင်လယ်ပြင်နှင့် ကုန်သွယ်မှုများ ရှိနေသကဲ့သို့ လော့ရှားမြို့သည်လည်း နန်ဟိုင်နှင့် ကပ်လျက် တည်ရှိနေသဖြင့် ဝေဇီယီ အနေဖြင့် ဤပစ္စည်းကို သိနေခြင်းမှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။

“လာပြီးတော့ မြှောက်မပြောနဲ့”

ဝေဇီယီက ဆုမိုကို မျက်စောင်း ဖွဖွထိုးကာ ပြောလိုက်၏။

“ဒါကို ဘယ်ကနေ ရလာတာလဲ”

ဆုမိုက တာဝန်ခံကျန့်နှင့် စကားပြောခဲ့သည့် အကြောင်းများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

ဝေဇီယီ၏ မျက်ခုံးတန်းလေးများက တွန့်ချိုးသွား၏။

“ဒီတာဝန်ခံကျန့်က သာမန်လူတော့ မဟုတ်ဘူး ထင်တယ်... သူ.. ပြောတာ မှန်တယ်... ဒီလို ပစ္စည်းမျိုးတွေက ပင်လယ်ပြင်မှာ တကယ် ရှိသလို ဂိုဏ်းတော်တော်များများကလည်း လက်ဝါးကြီး အုပ်ထားကြတယ်... ဒါပေမဲ့ အခြေအနေက နင် ထင်ထားတာထက် ပိုပြီးတော့ ဆိုးတယ်ဟယ်.. ဒီပစ္စည်းက ပင်လယ်ပြင်မှာ အမိန့်တော်နဲ့ တားမြစ်ထားတဲ့ ပစ္စည်းပဲ... ဒါကို ကိုယ်ပိုင်အဖြစ် လက်ဝယ် ထားတာ မိသွားရင် သေမိန့်အထိ ကျနိုင်တဲ့ ကိစ္စမျိုးပဲ... သူ ..နင့်ကို ဒါတွေ မပြောပြဘူးလား”

ဆုမို တစ်ချက် ထိတ်လန့်သွားသည်။

“အဲဒီလိုလား”

“ဒါပေါ့... မဟုတ်ရင် ငါတို့ လော့ဖုန်း မဟာမိတ် အဖွဲ့က ဒါကို သိလျက်သားနဲ့ ဘာလို့ မရနိုင်ဘဲ ရှိမလဲ... တကယ်တော့ ငါတို့ဆီမှာ ဒါကို မှတ်တမ်းတင်ထားတာ ရှိသလို ကျွမ်းကျင်တဲ့ လက်မှုပညာသည်တွေနဲ့ ပြန်ပြီး ပုံတူ ထုတ်နိုင်ဖို့လည်း ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရလို့ အဲဒီ အကြံကို လက်လျှော့လိုက်ရတာ... သိပ်ပြီး စိုးရိမ်မနေပါနဲ့... သူ တွေးထားတာကတော့ နင့်လို အာမခံဌာန သေးသေးလေးက ခေါင်းဆောင် တစ်ယောက်က နန်ဟိုင်ကို ခြေချနိုင်ဖို့ အခွင့်အရေး မရှိဘူးလို့ ထင်နေတာ ဖြစ်မှာပါ... ဒါကြောင့်မို့လို့ ဂုဏ်သရေရှိလှတဲ့ ခေါင်းဆောင် ဆုကို မခြောက်လှန့်မိအောင် ဒီအချက်ကို ဖွင့်ဟမပြောဘဲ လက်ဆောင်ပေးခဲ့တာ နေမှာပေါ့”

ဝေဇီယီသည် စကားအသွားအပြန် ပြောဆိုရင်းမှ ဆုမိုကို ပြန်လည် ကဲ့ရဲ့ရန် အခွင့်အရေး ရသွားသဖြင့် ထိုညက သူမ အရှက်ရခဲ့သည့် ကိစ္စအတွက် မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

ဆုမိုက ထိုစကားများကို ဂရုမစိုက်ဘဲ မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်းကို သိမ်းဆည်းလိုက်ရင်း ပြောလိုက်သည်။

“ဒါတွေ ထားလိုက်ပါတော့... ငါ စိတ်ပူနေတာက ကျောက်လုံအသင်းရဲ့ ကိစ္စပဲ... ခေါင်းဆောင်လီ... ညီအစ်ကိုတွေကို သေချာ သတိပေးထားလိုက်ပါ... ရှေ့က ရေလမ်းကြောင်းက သိပ်ပြီး ငြိမ်သက်နေမှာ မဟုတ်ဘူး၊ စိုးရိမ်မိတယ်”

“နားလည်ပါပြီ ခင်ဗျာ”

ခေါင်းဆောင်လီက ချက်ချင်းပင် ခေါင်းညိတ်ကာ ဝန်ခံလိုက်၏။ ဝေဇီယီကလည်း အခြေအနေကို စုံစမ်းမေးမြန်းသဖြင့် ဆုမိုက အဖြစ်အပျက်များကို အရှိအတိုင်း ရှင်းပြလိုက်သည်။

“တစ်ခုခုကို လွန်ပြီး စိုးရိမ်နေတာများလား”

“ရှေ့ဆက်သွားကြည့်ရင်းနဲ့ပဲ သိရမှာပေါ့”

ဆုမိုက တည်ကြည်စွာ ပြောလိုက်၏။

“တကယ်လို့သာ ပြဿနာ တစ်ခုခု ရှိနေပြီး ကျောက်လုံအသင်းက အင်အားတွေ အကုန်လုံးကို အသုံးချနေပြီ ဆိုရင်တော့... ဒီကိစ္စက သေချာပေါက် ကြီးကျယ်တဲ့ ကိစ္စဖြစ်လိမ့်မယ်... ပြီးတော့ ကျောက်လုံအသင်း တစ်ခုတည်းနဲ့တင် ပတ်သက်နေတာမျိုး မဟုတ်လောက်ဘူး”

“အင်း...”

ဝေဇီယီက ခေါင်းညိတ်လိုက်သည်။

ဆုမို ခန့်မှန်းထားသည့်အတိုင်းပင် နောက်ထပ် (၃) ရက်တာ ကာလအတွင်း သူတို့သည် ရေတပ်စခန်း အများအပြားကို ဖြတ်ကျော်ခဲ့ကြသော်လည်း ထိုနေရာများအားလုံးမှာ လူသူကင်းမဲ့နေပြီး စောင့်ကြပ်သူ အနည်းငယ်သာ ရှိတော့သည်ကို တွေ့ရ၏။ မြစ်ကြောင်းတစ်လျှောက် ခရီးသွားနေသည့် လှေများကိုလည်း မတွေ့ရတော့ဘဲ လောကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည့်အလား ခံစားရသည်။

ထိုသို့ဖြင့် (၃) ရက်ကြာ ခရီးနှင်ပြီးနောက် ရှေ့တွင် ဟုန်ရွက်နီဂိုဏ်း၏ နယ်မြေသို့ ရောက်ရှိတော့မည် ဖြစ်သည်။

ထိုညတွင် ဆုမိုသည် သင်္ဘောခန်းအတွင်း၌ တည်ငြိမ်စွာ ကျင့်ကြံနေစဉ် သင်္ဘောသည် ရုတ်တရက် အနည်းငယ် နိမ့်ဆင်းသွားသည်ကို ခံစားလိုက်ရ၏။

အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူသည် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်လေတော့သည်။

‘ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ်…’

အခန်း (၃၇၇) - ပြန်လည်ဆုံတွေ့ခြင်း (အပိုင်း ၃)

~ခဏချင်းမှာပင် အော်ဟစ်ဆူညံသံများက သူတို့၏ နားစည်သို့ ရိုက်ခတ်လာတော့သည်။

တစ်စုံတစ်ယောက်က လည်ချောင်းသံကြီးဖြင့် အော်ဟစ်ကြိမ်းမောင်းနေခြင်း ဖြစ်၏။

“ဒီရေလမ်းကြောင်းကို ယာယီ ပိတ်ထားတယ်... မနက်ဖြန်ကျရင် ရှေ့မှာ အဖြစ်အပျက်ကြီး တစ်ခု ရှိတယ်... တကယ်လို့ အကျိုးအကြောင်း မသိဘဲ ဝင်ပါမိလို့ အသက်မသေချင်ဘူး ဆိုရင်တော့ အခုချက်ချင်း ပြန်လှည့်သွားကြတာ အကောင်းဆုံးပဲ... ဒီကိစ္စတွေ ပြီးသွားမှပဲ ငါတို့ ပြန်ပြီးတော့ ဆွေးနွေးကြတာပေါ့...”

ထိုအသံမှာ အလွန်ပင် ကျယ်လောင်ပြီး ရင့်သီးလှပါ၏။

ဆုမိုသည် ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ ခံစားလိုက်ရ၏။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လူတစ်ယောက်၏ ပုံရိပ်သည် သူ့ဦးနှောက်ထဲတွင် ရိပ်ခနဲ ဖြတ်ပြေးသွားလေသည်။

သင်္ဘောခန်းအတွင်းမှာပင် ခေါင်းဆောင်လီနှင့် အခြားလူများသည်လည်း ထိုအသံကြောင့် နိုးကြားလာကြပြီး ဆုမိုကို မသိမသာ လှမ်းကြည့်လိုက်ကြ၏။

ဆုမိုက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ခေါင်းဆောင်လီနှင့် ဖုဟန်ယွမ်ကို ပြောလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက် လူတွေကို ခေါ်ပြီး အာမခံပစ္စည်းတွေကို သေချာစောင့်ထားလိုက်... ကျွန်တော် အပြင်ထွက်ပြီး အခြေအနေ သွားကြည့်လိုက်ဦးမယ်...”

“ငါလည်း လိုက်မယ်...”

ဝေဇီယီက ကပျာကယာပင် လက်မြှောက်ကာ ပြောလိုက်၏။

ဆုမိုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်ပြီး ဖုဟန်ယွမ်ကို ထပ်မံ အမိန့်ပေးလိုက်သည်။

“သခင်လေး စစ်ထူကိုလည်း အခြေအနေ ကြည့်ပေးဖို့ သွားပြီးတော့ ဖိတ်လိုက်ဦး...”

“နားလည်ပါပြီ ခင်ဗျာ...”

ဖုဟန်ယွမ်က ချက်ချင်းပင် နာခံလိုက်ပြီး လူတစ်ယောက်ကို စေလွှတ်ကာ သခင်လေး စစ်ထူကို သွားရောက် ဖိတ်ကြားခိုင်းလိုက်၏။

ဖုဟန်ယွမ်သည် လွန်ခဲ့သော ရက်အနည်းငယ်က အလွန်ပင် လိမ္မာယဉ်ကျေးနေသဖြင့် ဆုမိုက သူ့ကို အာမခံအဖွဲ့သား အဆင့်မှနေ၍ အဖွဲ့ငယ်မှူးအဖြစ် ယာယီ ရာထူးတိုးပေးထားခြင်း ဖြစ်၏။ သူသည် အရေးမကြီးသော အမိန့်အချို့ကို ထုတ်ပြန်ပိုင်ခွင့် ရရှိထားပါသည်။

ထိုအချက်က ဖုဟန်ယွမ်ကို အလွန်ပင် ပျော်ရွှင်စေပြီး သူ၏ စိတ်ထဲတွင်လည်း ဂုဏ်ယူဝင့်ကြွားနေမိ၏။

'ဒီအာမခံခရီးစဉ် မပြီးခင်မှာတင် ငါ့အဆင့်အတန်းက တက်လာပြီပဲ... ဒီခရီးစဉ်သာ ပြီးသွားရင်တော့ ငါဟာ တိုက်ရိုက် အာမခံမှူး တစ်ယောက် ဖြစ်လာတော့မှာ သေချာတယ်...'

သူသည် အားတက်သရော ဖြစ်နေပြီး အဖွဲ့ငယ်မှူး တစ်ယောက်၏ ဘဝသည်ပင်လျှင် အလွန်တောက်ပနေသည်ဟု ခံစားနေရ၏။ သူ၏ တစ်ခုတည်းသော နောင်တမှာ... ဤမျှ အဆင့်အတန်း မြင့်မားလာသော်လည်း စီးနင်းရန် မြင်းတစ်ကောင် မရှိသေးခြင်းပင်။

ဆုမိုနှင့် ဝေဇီယီတို့သည် သင်္ဘောခန်းအတွင်းမှ ထွက်ခွာလာပြီး ကုန်းပတ်ပေါ်သို့ တိုက်ရိုက် တက်လာခဲ့ကြသည်။

ထိုအချိန်တွင် ကုန်ပတ်ပေါ်၌ လူများစွာ စုဝေးရောက်ရှိနေကြပြီ ဖြစ်၏။

ဆုမိုက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရာ ရောက်ရှိလာသူကို မမြင်ရသေးမီမှာပင် မလှမ်းမကမ်းရှိ မြစ်ကြောင်းတစ်လျှောက် မီးရောင်များ လင်းထိန်နေသည်ကို တွေ့လိုက်ရသည်။

အဝေးမှ ကြည့်လျှင် သင်္ဘောကြီး အစင်းပေါင်း ဒါဇင်နှင့်ချီ၍ ရပ်တန့်နေကြ၏။

သင်္ဘောတစ်စင်းချင်းစီ၏ အလံများမှာ မတူညီကြဘဲ ထိုဒေသရှိ မြစ်တွင်းဓားပြများ အားလုံးသည် ဟုန်ရွက်နီဂိုဏ်း၏ နယ်မြေအတွင်းသို့ စုဝေးရောက်ရှိနေကြခြင်း ဖြစ်ကြောင်း သိသာလှပါ၏။

သူတို့ အနီးသို့ ချဉ်းကပ်သွားချိန်တွင် တာဝန်ခံကျန့်၏ ရယ်မောသံနှင့်အတူ ပြောဆိုနေသည့် အသံကို ကြားလိုက်ရသည်။

“ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းတို့ဗျာ... ကျွန်တော်တို့က ဒီအတိုင်း ဖြတ်သွားရုံတင်ပါ... လမ်းစရိတ် အနည်းအကျဉ်းကိုလည်း ကျွန်တော် မနှမြောပါဘူး... ကျွန်တော်တို့ လှေလေးကို ဖြတ်ခွင့်ပေးပါဦး...”

“မင်း လူစကား နားမလည်ဘူးလား...”

ခက်ထန်ကြမ်းတမ်းသော အသံပိုင်ရှင်က ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။

“မင်းကို ဖြတ်ခွင့်မပေးတာ မဟုတ်ဘူး... အခု ဘယ်သူ့ကိုမှ ဖြတ်ခွင့်မပေးတာ... ငါတို့က အခု ခုခံစစ် တပ်ဖွဲ့ကို ဖွဲ့စည်းနေတာ... မင်းတို့က ဝင်ရှုပ်နေတော့ ပြဿနာ မတက်ဘူးလား...”

သူ၏ စကားအဆုံးတွင် အခြားသော အသံများကလည်း ဒေါသတကြီးဖြင့် ဝိုင်း၍ အော်ဟစ်ကြလေသည်။

“တောက်... ဘယ်သူ့ကို အမှိုက်လို့ ပြောနေတာလဲ...”

စကားပြောနေသော လူသည် တစ်ချက် ထိတ်လန့်သွားပြီး သူ၏ နောက်ကွယ်ရှိ မြစ်ကြောင်းဆီသို့ လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။

“မင်းတို့ကို ပြောတာ မဟုတ်ဘူး...”

ထို့နောက် သူက တာဝန်ခံကျန့်ဘက်သို့ ပြန်လှည့်ကာ ပြောပြန်သည်။

“မင်းတို့ ပင်လယ်အော် သုံးစင်းကို မပြန်ချင်ဘူး ဆိုရင်လည်း လှေကို ကမ်းနားမှာ ရပ်ပြီး တစ်ရက်လောက် စောင့်နေလိုက်... မင်းတို့ရဲ့ ကံကြမ္မာကိုပဲ ကြည့်ရတော့မှာပေါ့... ကံကောင်းရင်တော့ အသက်ရှင်ပြီး ရေစုန်အတိုင်း ဆက်သွားနိုင်လိမ့်မယ်... ကံမကောင်းရင်တော့ ဒီမြစ်ထဲမှာပဲ အလောင်းဖျောက်ရမှာပဲ... ဟဲဟဲ... စကားပုံတစ်ခု ရှိတယ် မဟုတ်လား... ကောင်းတဲ့ အကြံပေးချက် ဆိုတာ တချို့လူတွေအတွက် လက်လှမ်းမမီဘူးတဲ့... ငါကတော့ အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီ... မိဘ တိုင်တန်းပြီး.. ငိုယိုရမယ့် အချိန်ကျမှ ငါ့ကို အပြစ်မတင်နဲ့နော်...”

တာဝန်ခံကျန့်သည် ထိုစကားများကြောင့် အလွန်ပင် အံ့အားသင့်သွားပြီး ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေ၏။

ထိုအချိန်တွင် အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“တကယ်ကို ရဲတင်းလှချေလား... တုန်းဟွမ်ရဲ့ အာဏာရှိသူတွေက ဒီလောက်တောင် အကျိုးအကြောင်း မရှိကြတာလား...”

ဝတ်စုံနက် ဝတ်ဆင်ထားပြီး တည်ကြည်ခက်ထန်သော မျက်နှာရှိသည့် လူတစ်ယောက် ရှေ့သို့ တက်လာခဲ့၏။

“ငါတို့က ကောင်းကောင်းမွန်မွန် ပြောဆိုပြီးပြီ... တကယ်လို့ ခင်ဗျားတို့က ဖြတ်ခွင့်မပေးဘူး ဆိုရင်တော့ လက်တွေ့ပဲ ရှင်းကြတာပေါ့...”

“ဟမ်...”

စကားပြောနေသော လူ၏ မျက်နှာသည် မည်းမှောင်သွားသည်။

“ကောင်းပြီ... ကောင်းပြီ... ငါ ဒီမြစ်ပေါ်မှာ ကျင်လည်လာတာ နှစ်တော်တော်ကြာပြီ... ဒီနေ့တော့ ‘ပင်လယ်ရပ်ခြားက နဂါး’ တစ်ကောင်ကို တွေ့ရပြီပဲ... ကဲ... မင်းရဲ့ ‘လက်တွေ့’ က ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာ ငါ့ကို ပြစမ်း...”

သူ၏ စကားအဆုံးတွင် လေတိုးသံများနှင့်အတူ လူအများအပြားသည် သင်္ဘောဦးဆီသို့ ခုန်တက်လာကြ၏။ သူတို့၏ အကြည့်များမှာ အေးစက်လှပြီး တာဝန်ခံကျန့်နှင့် အဖွဲ့ကို စိုက်ကြည့်နေကြသည်။

ဤအခြေအနေကို မြင်လိုက်ရသော တာဝန်ခံကျန့်သည် အခြေအနေ မဟန်တော့ကြောင်း သိလိုက်၏။

စကားပုံတစ်ခု ရှိသည် မဟုတ်လား... ‘စွမ်းအားကြီးတဲ့ နဂါးတောင် ဒေသခံ မြွေကို မနှိမ်နိုင်ဘူး’ တဲ့... သူတို့ဘေးက ဝတ်စုံနက်နှင့် လူသည် သိုင်းပညာ အလွန်ထူးချွန်သော်လည်း သူတစ်ပါး နယ်မြေတွင်တော့ စည်းကမ်းကို လိုက်နာရမည်သာ ဖြစ်၏။

သူတို့သည် စကားအသုံးအနှုန်းကြောင့် တစ်ဖက်လူကို စော်ကားမိသကဲ့သို့ ဖြစ်သွားပြီး စည်းကျော်သွားခဲ့ကြပြီ။

တာဝန်ခံကျန့်သည် အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ကပျာကယာ ရှေ့သို့ တက်လာခဲ့၏။

“သူရဲကောင်းတို့ဗျာ... ကျွန်တော့် ညီအစ်ကိုက စကားပြောတာ နည်းနည်း ရမ်းကားသွားပါတယ်... ဒါကို စိတ်ထဲ မထားပါနဲ့ဗျာ... သူ့ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်... သူရဲကောင်းတို့ အနေနဲ့ ဒီကိစ္စကို ခွင့်လွှတ်ပေးနိုင်မယ် ဆိုရင်...”

“ဘယ်လိုလုပ် ခွင့်လွှတ်လို့ ရမှာလဲ...”

ယခင်က စကားပြောခဲ့သော လူက အေးစက်စွာ ရယ်မောလိုက်၏။

“ငါတို့လို မြစ်ပေါ်မှာ အလုပ်လုပ်တဲ့ လူတွေက အမြဲတမ်း အကျိုးအကြောင်း ပြောပြီးမှ လက်သီးကို သုံးတာ... အသက်ကို သတ်တာထက်စာရင် ချမ်းသာပေးတာက ပိုကောင်းပါတယ်... ဒါပေမဲ့ မထင်မှတ်ဘဲ ဒီနေ့တော့ ငါတို့ နယ်မြေထဲကို လာပြီး ဆရာကြီး လုပ်ချင်နေတဲ့ ‘ပင်လယ်ရပ်ခြား နဂါး’ နဲ့ တွေ့နေရပြီပဲ... ဒါကိုသာ သူများတွေ ကြားသွားရင် ငါတို့အတွက် အရှက်ရစရာ မဖြစ်ဘူးလား... ငါ.. သူ့ကို အမှုမဲ့အမှတ်မဲ့ ထားလိုက်ရင်တောင် ငါ့ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာ ရှိတော့မှာလဲ... နောင်ကျရင် လူတိုင်းက ငါ့နယ်မြေထဲ ဝင်လာပြီး ငါ့ကို အဖက်မလုပ်ဘဲ နေကြရင် သူတို့ကို လွှတ်ပေးနေရမှာလား...”

ဤသို့ ပြောလိုက်သဖြင့် ဆွေးနွေးရန် လမ်းစ မရှိတော့ပေ။

ဝတ်စုံနက်နှင့် လူ၏ မျက်နှာမှာ ပြာနှမ်းသွားသော်လည်း သူသည် ချက်ချင်း မလှုပ်ရှားသေးပေ။ သင်္ဘောပေါ်ရှိ လူများကို နှိမ်နင်းရန်မှာ ခက်ခဲမည် မဟုတ်သော်လည်း မြစ်ကြောင်းပေါ်တွင် ရှိနေသည့် လူအင်အားမှာ အလွန်ပင် များပြားလှပါ၏။

တစ်ခုတည်းသော ဗျူဟာမှာ ‘ရန်သူ့ခေါင်းဆောင်ကို အရင်ဖမ်း’ ရန်သာ ရှိသည်။

တကယ်လို့သာ သူတို့ထဲက ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့ရင် အသက်ရှင်ဖို့ လမ်းစ ပွင့်လာနိုင်ပါ၏။ သို့သော် ဤကိစ္စပြီးနောက် ဤနေရာကို ပြန်လည် ဖြတ်သန်းရန်မှာ အလွန် ခက်ခဲသွားလိမ့်မည်။

နှစ်ဖက်စလုံးမှာ တင်းမာနေပြီး တိုက်ခိုက်တော့မည့် အခြေအနေတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

“ဟားဟားဟား... သန်းခေါင်ယံ အချိန်ကြီးမှာ ဘယ်သူတွေက ပေါက်ကရတွေ ပြောပြီး ဆူညံနေတာလဲလို့ ကျွန်တော် တွေးနေတာ...”

“ ‘ရွှမ်လုံ ရေတပ်စခန်း’ ရဲ့ ခေါင်းဆောင်ကြီး ဖြစ်နေတာကိုး... မတွေ့ရတာ လပေါင်းများစွာ ကြာပြီ... နေကောင်းရဲ့လား...”

သူ စကားပြောနေစဉ်မှာပင် လူရိပ်တစ်ခုသည် လေကို စီးနှင်းလာသကဲ့သို့ ရောက်ရှိလာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ထိပ်တိုက် ရင်ဆိုင်နေသော နှစ်ဖက်ကြားတွင် ရပ်လိုက်သည်။ သူသည် ခေါင်းကို မော့ကာ ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်၏ နောက်ကွယ်မှ လူများကို ဝေ့ဝဲကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာများစွာကို တွေ့လိုက်ရ၏။

ကျောက်လုံအသင်းမှ ကျူးကော့ချန်ထျန်နှင့် ဟုန်ရွက်နီဂိုဏ်းချုပ် တို့သည်လည်း ထိုအထဲတွင် ပါဝင်နေကြသည်။

မီးရောင်အောက်တွင် ထိုလူ၏ ရုပ်ပုံ ပေါ်ထွက်လာရာ မြင်တွေ့လိုက်ရသူ သုံးဦးစလုံးမှာ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြတော့၏။

“ဆုမို... ခေါင်းဆောင် ဆု......”

အခန်း (၃၇၈) - ရေနတ်မင်း (အပိုင်း ၁)

~ထိုကဲ့သို့ တင်းမာနေသော အခြေအနေမျိုးတွင် ကြားဝင်ဖြန်ဖြေနိုင်သူမှာ ဆုမိုတစ်ဦးတည်းသာ ရှိပေတော့သည်။ သူသည် အနီးအနား၌ ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း အခြေအနေကို စိစစ်စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။ နှစ်ဖက်စလုံး၏ စကားပြောဆိုမှုများမှာ ပိုမိုခက်ထန်လာပြီး တိုက်ပွဲတစ်ခု ‘ရုတ်ချည်း’ ဖြစ်ပွားတော့မည့်ဟန် အရှိန်ယူနေစဉ်မှာပင် သူသည် ‘ရိပ်ခနဲ’ ကိုယ်ကိုယိမ်းနွဲ့ကာ နှစ်ဖက်ကြားသို့ ခုန်ဆင်းလိုက်လေသည်။

ကျူးကော့ချန်ထျန်၊ ဟုန်ရွက်နီဂိုဏ်းချုပ်နှင့် ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးတို့မှာ ဆုမိုကို မြင်လိုက်ရသည်နှင့် အံ့အားသင့်ကာ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြ၏။ သူတို့၏ အသံများထဲတွင် ဝမ်းသာအားရမှုနှင့် စိတ်လှုပ်ရှားမှုတို့မှာ အထင်းသား ပေါ်လွင်နေပါသည်။

အထူးသဖြင့် ကျူးကော့ချန်ထျန်သည် ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ အပြေးတက်လာကာ လက်နှစ်ဖက်ကို ပူး၍ ဂါရဝပြုလိုက်၏။

“ခေါင်းဆောင် ဆု... မတွေ့ရတာ တော်တော်ကြာပြီနော်... နေကောင်းကျန်းမာရဲ့လားဗျာ...”

“ကျူးကော့... ခင်ဗျားကတော့ စကားပြောတာ ဘယ်တော့မှ မတတ်ဘူးပဲ...”

ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးက ကျူးကော့ချန်ထျန်ကို စိမ်းစိမ်းကြည့်ကာ ကြိမ်းမောင်းလိုက်၏။ ထို့နောက် ဆုမိုဘက်သို့ လှည့်ကာ တည်ကြည်လေးနက်စွာပင် ဆက်ပြောလိုက်သည်။

“ခေါင်းဆောင် ဆုက ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ... နေကောင်းတာထက်တောင် ပိုရမှာပေါ့ဗျ...”

“...တကယ်တော့ တစ်ပါးသူကို စကားမတတ်ဘူးလို့ ပြောနေတာမျိုးကို ကျွန်တော် မပြောချင်ပေမဲ့... ဒီတစ်ခါတော့ ခင်ဗျားရဲ့ စကားကို ကျွန်တော်လည်း ထောက်ခံရလိမ့်မယ်...”

ဟုန်ရွက်နီဂိုဏ်းချုပ်က ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးကို ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။

“ခေါင်းဆောင် ဆု နေကောင်းနေမှာကတော့ ယုံမှားဖွယ် မရှိပါဘူး... တကယ်လို့သာ တစ်ယောက်ယောက်က ခေါင်းဆောင် ဆု စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရဲတယ် ဆိုရင်တော့ ကျွန်တော်က ပထမဆုံး လက်မခံတဲ့ လူပဲဗျ...”

ဆုမိုသည် သူတို့အားလုံး၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးသူ ဖြစ်သဖြင့် သူတို့အားလုံးမှာ ဆုမိုအပေါ် အလွန်ပင် ရိုသေကိုင်းရှိုင်းကာ သံယောဇဉ်တွယ်နေကြခြင်း ဖြစ်၏။

တာဝန်ခံကျန့်နှင့် သူ၏ လက်အောက်မှ လီကျုံးချန် အပါအဝင် အခြားလူများမှာ ထိုမြင်ကွင်းကြောင့် မှင်သက်၍ ကြည့်နေမိကြတော့သည်။ သူတို့သည် ဆုမိုအား အရွယ်နှင့်မမျှအောင် ‘အထက်တန်းကျ၍ လှပချောမော’ သော လူငယ် တစ်ဦး ဖြစ်သဖြင့် အစောကတည်းက အထင်ကြီးခဲ့သော်လည်း ဤမျှလောက်အထိ သိုင်းလောက ခေါင်းဆောင်ကြီးများအပေါ် ဩဇာညောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ကြောင့်လည်း ပထမဆုံး ဆုံတွေ့ချိန်မှာပင် ‘မိုင်ထောင်ချီ မြင်ကွင်း ကြည့်မှန်ပြောင်း’ ကဲ့သို့သော ရတနာကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူတို့သည် ဆုမိုကို လေးစားသည်ထက် ဇီယန် အာမခံဌာန၏ အရှိန်အဝါကြောင့်ဟုသာ ထင်မြင်ခဲ့ကြသည်။ ဆုမိုသည် မိသားစု အမွေအနှစ်ကြောင့် ဂိုဏ်းချုပ် ဖြစ်နေသည့် လူငယ်လေးတစ်ဦးဟုသာ မှတ်ယူထားခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ယခုမူ ခေါင်းဆောင် ဆု၏ ဂုဏ်သတင်းမှာ မိသားစု အကာအကွယ်ကြောင့် မဟုတ်ဘဲ သူကိုယ်တိုင်၏ ‘အတွင်းအားနှင့် သိုင်းပညာ’ စွမ်းရည်များကြောင့် ဖြစ်ကြောင်း သိလိုက်ရပြီ ဖြစ်သည်။

ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးသည် သင်္ဘောပေါ်သို့ တက်လာစဉ်ကပင် ‘ရိပ်ခနဲ’ လှုပ်ရှားသွားပုံမှာ အလွန်ပင် ပါးရည်နပ်ရည် ရှိပြီး စွန့်စားတတ်သော သိုင်းသမား တစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှပါ၏။ ထိုကဲ့သို့သော သူကပင် ဆုမိုကို ‘ပြိုင်ဘက်ကင်း’ ဟု ညွှန်းဆိုနေသည် မဟုတ်ပါလား။

လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်နေမိကြသော်လည်း တာဝန်ခံကျန့်မှာမူ စီးပွားရေးသမားပီပီ ချက်ချင်းပင် အခြေအနေကို ထိန်းလိုက်၏။

“ခေါင်းဆောင် ဆု... ဒါက... ဒါက ဘယ်လို အခြေအနေမျိုးလဲဗျာ... ခင်ဗျားက ဒီသူရဲကောင်းတွေနဲ့ ရင်းနှီးပြီးသားကိုး... ဒါဆိုရင်တော့ ‘ကိုယ့်လူအချင်းချင်းတွေပဲ’ ဆိုတော့ ပြဿနာ မရှိတော့ဘူးပေါ့ ဟုတ်လား...”

ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးက တာဝန်ခံကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး ဆုမိုကို ခါးညွတ်ကာ ဖွင့်ဟဝန်ခံလိုက်၏။

“ခေါင်းဆောင် ဆု... ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ... ခေါင်းဆောင် ဆု သင်္ဘောပေါ်မှာ ရှိနေမှန်း ကျွန်တော် မသိခဲ့ပါဘူး... မဟုတ်ရင်တော့ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲမှာ မဟုတ်ပါဘူး... ဒါနဲ့ ဒီလူတွေက ခေါင်းဆောင် ဆုနဲ့ ဘယ်လိုမျိုး ပတ်သက်နေတာလဲဗျ...”

“ဟားဟား...”

ဆုမိုက ရယ်မောလိုက်ရင်း ပြောလိုက်၏။

“တာဝန်ခံကျန့်က နန်ဟိုင်က လာတဲ့ ပညာရှင် တစ်ယောက်ပါ... ကျွန်တော်က ကံကောင်းလို့ သူနဲ့ ခင်မင်ခွင့် ရခဲ့တာ... အခုလည်း သူ့ရဲ့ ကုန်သည်သင်္ဘောနဲ့ အာမခံပစ္စည်းတွေကို ပို့ဆောင်ပေးနေတာပါ...”

ဆုမို၏ စကားမှာ တိုသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းလှပါ၏။ သူတို့နှစ်ဦးမှာ ခင်မင်စပြုနေပြီ ဖြစ်သော်လည်း တစ်ဦးက နန်ဟိုင်မှ လာသူ ဖြစ်သဖြင့် သိပ်ပြီးတော့ ရင်းနှီးလှသည်တော့ မဟုတ်သေးပေ။

ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးသည် ပါးရည်နပ်ရည် ရှိသူ ဖြစ်သဖြင့် ထိုအချက်ကို ချက်ချင်းပင် နားလည်လိုက်၏။

“ဒါဆိုရင်တော့ ခေါင်းဆောင် ဆုပဲ ဆုံးဖြတ်ပေးပါဗျာ... ခုနတုန်းက ဒီလူက ကျွန်တော့်ရဲ့ အစစ်အမှန် စွမ်းရည်ကို ပြစမ်းလို့ ပြောခဲ့တယ်... အခု ပြရမလား၊ မပြရဘူးလား ဆိုတာ ခေါင်းဆောင် ဆုရဲ့ စကားတစ်ခွန်းပေါ်မှာပဲ မူတည်ပါတယ်... ကျွန်တော်ကတော့ ဘာမှ ငြင်းဆန်မှာ မဟုတ်ပါဘူး...”

“ဒါတွေက ဟာသတွေပါဗျာ... ဟာသတွေပါ...”

တာဝန်ခံကျန့်က ကပျာကယာပင် ကြားဝင်ပြောလိုက်၏။

“ဒီသူရဲကောင်းကြီးဗျာ... ကျွန်တော့် ညီအစ်ကိုရဲ့ ရိုင်းစိုင်းမှုအတွက် စိတ်ထဲ မထားပါနဲ့ဦး...”

တကယ်တော့ ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးသည် ဆုမိုကို အကြောင်းပြု၍ တာဝန်ခံကျန့်တို့ အဖွဲ့အတွက် ထွက်ပေါက်ပေးလိုက်ခြင်း ဖြစ်၏။ ဆုမိုကို ဆုံးဖြတ်ခိုင်းခြင်းမှာ တစ်ဖက်လူအနေဖြင့် ကိုယ့်အမှားကိုယ် သိပြီး တောင်းပန်လာစေရန် အကွက်ချလိုက်ခြင်း ဖြစ်ပါ၏။

တာဝန်ခံကျန့်သည်လည်း ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ ဝတ်စုံနက်နှင့် လူကို မျက်ရိပ်ပြလိုက်၏။ ဝတ်စုံနက်နှင့် လူသည် ခေတ္တမျှ တွေဝေသွားသော်လည်း နောက်ဆုံးတွင်တော့ ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို ပူး၍ ဂါရဝပြုလိုက်လေသည်။

“သူရဲကောင်းကြီးဗျာ... ကျွန်တော် စိတ်လိုက်မာန်ပါ ပြောမိတဲ့ စကားတွေအတွက် စိတ်ထဲ မထားပါနဲ့... အခု ဒီနေရာမှာပဲ တောင်းပန်ပါတယ်ဗျာ...”

ထိုသို့ ပြောပြီးနောက် သူသည် ခါးကို ညွတ်၍ အလေးအနက် တောင်းပန်လိုက်၏။

“ဟားဟားဟားဟား..”

ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးက အကျယ်ကြီး ရယ်မောလိုက်တော့သည်။

“တော်ပြီ... တော်ပြီ... ခေါင်းဆောင် ဆုနဲ့ အတူ ခရီးသွားနေတဲ့ လူတွေမှန်း သိရပြီဆိုမှတော့ ကျွန်တော်က ဒီကိစ္စကို ဆက်ပြီး ဆုပ်ကိုင်ထားမယ်ဆိုရင် ခေါင်းဆောင် ဆုရဲ့ မျက်နှာကို မထောက်ထားရာ ရောက်လိမ့်မယ်... တကယ်လို့သာ ခေါင်းဆောင် ဆုကို အရှက်ရအောင် လုပ်မိခဲ့ရင်တော့ ကျွန်တော် ဒီနေရာမှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေရင်တောင် အမှားတစ်ခုကျူးလွန်မိတာကို ပြန်ပေးဆပ်နိုင်မှာ မဟုတ်ပါဘူး...”

“ခေါင်းဆောင်ကြီးကလည်း စကားကို သိပ်ပြီးတော့ လေးလေးနက်နက် ပြောနေပြန်ပြီ...”

ဆုမိုက ကပျာကယာပင် ပြန်လည် ချေပလိုက်၏။

“အခုတော့ ရန်ငြိုးတွေကို မေ့လိုက်ပြီး မိတ်ဆွေတွေ ဖြစ်သွားတာက အကောင်းဆုံးပဲ... ခေါင်းဆောင်ကြီးတို့က ကျွန်တော့်ကို ဆုံးဖြတ်ခိုင်းတယ် ဆိုရင်တော့... ကျွန်တော်ကပဲ တာဝန်ခံကျန့် ကိုယ်စား ခင်ဗျားတို့ အားလုံးကို သင်္ဘောထဲမှာ စကားပြောဖို့ ဖိတ်ခေါ်ပါရစေဗျာ...”

“ကောင်းတာပေါ့ဗျာ..”

တာဝန်ခံကျန့်သည် စီးပွားရေးသမား ဖြစ်သဖြင့် ‘ချော့မော့ပြောဆို’ ရန် ဝန်မလေးပေ။ ဆုမို၏ စကားမှာ သူ၏ စိတ်တိုင်းကျ ဖြစ်နေသဖြင့် အားရပါးရ ရယ်မောလိုက်၏။

“ဂုဏ်သရေရှိ ဧည့်သည်တော်တွေ လာရောက်မယ် ဆိုရင်တော့ ကျွန်တော့်အတွက် အလွန် တန်ဖိုးရှိပါတယ်... ကဲ... အားလုံး အထဲကို ကြွကြပါ... ကျွန်တော် အစားအသောက်နဲ့ သေရည်ကောင်းတွေကို အခုချက်ချင်း ပြင်ဆင်ခိုင်းလိုက်ပါ့မယ်...”

ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးနှင့် ဟုန်ရွက်နီဂိုဏ်းချုပ် တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ ကျူးကော့ချန်ထျန်က ပြောလိုက်သည်။

“တခြားလူသာ ဆိုရင်တော့ ကျွန်တော်တို့ ငြင်းမိမှာပဲ... ဒါပေမဲ့ ခေါင်းဆောင် ဆုက ကိုယ်တိုင် ဖိတ်ခေါ်နေမှတော့ ကျွန်တော်တို့ မထီမဲ့မြင် မလုပ်ရဲပါဘူးဗျာ...”

“ဟုတ်ပါတယ်... ဒါဆိုရင်တော့ ခင်ဗျားတို့ရဲ့ စေတနာကို လက်ခံရမှာပေါ့...”

ခေါင်းဆောင်ကြီးကလည်း ခေါင်းညိတ်လိုက်၏။

လူတိုင်းသည် တာဝန်ခံကျန့်ကိုပင် အဖက်မလုပ်ဘဲ ဆုမို၏ နောက်မှနေ၍ သင်္ဘောခန်းထဲသို့ ဝင်သွားကြတော့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း တာဝန်ခံကျန့်သည် စိတ်မခုဘဲ ခပ်ပြုံးပြုံးဖြင့်ပင် လူများကို အမြန်ဆုံး ပြင်ဆင်ရန် အမိန့်ပေးလိုက်လေတော့သည်။

All Chapters