အခန်း (၃၇၆-၃၇၇)
Vol. 35 Ch. 376-377
အခန်း ၃၇၆ - ကျင်းလီ၏ ကြယ်
ပြိုင်ပွဲကွင်းပြင်တွင် လေညင်းများ တိုက်ခတ်လာပြီး ကျိယွမ်၏ဆံပင်ရှည်များကို လေထဲသို့ခန့်ညားစွာ လွင့်ပျံစေ၏။
သူက အတွေးများကိုရုတ်သိမ်းကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
လက်သီးချက်၏အရှိန်မှာ မယုံနိုင်လောက်အောင် မြန်သော်လည်း တိုက်ခိုက်ပုံက နှေးကွေးနေသယောင် ထင်ရသည်။
ဆံပင်ဖြူနှင့်အဘိုးအိုသည် ဘာဖြစ်မှန်းပင်မသိလိုက်ဘဲ "အား" ဟု အသံကုန်အော်ဟစ်ကာ မြေပြင်ပေါ်သို့ စန့်စန့်ကြီး လဲကျသွား၏။
သူက ကျိယွမ်နှင့်နှစ်ပေါင်းများစွာ တိုက်ခိုက်လာသောကြောင့် တိုက်ပွဲအစအဆုံးကိုပင် မှတ်မိနေလေပြီ။
ကျိယွမ်သည် သူ၏လက်သီးကို ပြန်ရုပ်သိမ်းကာ သူ၏လက်စကို ခါယမ်းလိုက်ပြီး သိုင်းချန်ပီယံတစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်သည်။
"မဆိုးပါဘူး... ခင်ဗျားက ကျူပ် ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားဖြစ်လာတုန်းက ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေလောက် သန်မာတာပဲ "
ကျိယွမ်က အဘိုးအိုအား ကောင်းမွန်သောသုံးသပ်ချက် ပေးလိုက်သည်။
သူ ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား ဖြစ်လာစဉ်အခါက သိုင်းနတ်ဘုရားပေါင်းတစ်သောင်းနီးပါးနှင့် တိုက်ခိုက်ခဲ့ရ၏။
သူသည် သူတို့အားလုံးကို တစ်ကွက်တည်းနှင့် အနိုင်ယူခဲ့သည် ။
ယခု သိုင်းပြိုင်ပွဲ၏ ဒုတိယဆုရှင်အဘိုးအိုကိုလည်း တစ်ကွက်တည်းနှင့် အနိုင်ယူခဲ့၏။
ထို့ကြောင့် ကျိယွမ်၏မျက်လုံးထဲတွင် သူတို့အားလုံး၏ သန်မာမှုမှာ အတူတူပင်ဖြစ်သည်။
ဆံပင်ဖြူအဘိုးအိုသည် စန့်စန့်ကြီးလဲနေရာမှ ငေါက်ခနဲပြန်ထလာ၏။
"မင်း..ကောင်လေး...အဘိုးကြီးတစ်ယောက်ကိုတောင် အလျှော့မပေးဘူး။ ငါ ဒီအတိုင်း လဲနေပြီး မင်းကို လျော်ကြေးတောင်းမှာ မကြောက်ဘူးလား"
သူတို့၏တိုက်ပွဲက နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ထိုအဘိုးအိုသည် ကျိယွမ်နှင့် အတော်ပင် ရင်းနှီးလာခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က နတ်ဘုရားကျိယွမ်သည် ကြယ်တစ်လုံးကို မျိုချလိုက်တုန်းကဆိုလျှင်တော့ အဘိုးအိုမှာ နှစ်အတော်ကြာအောင် ကြောက်လန့်တုန်ရင်ခဲ့ရသော်လည်း...
ယခုမူ သူ ကျင့်သားရသွားခဲ့ပြီ ဖြစ်သည်။
အဆိုးဆုံးဖြစ်လျှင် သူသည် မတ်တပ်ရပ်လျက် ဂုဏ်သိက္ခာရှိရှိ သေဆုံးရုံပင်။
ကြယ်တစ်လုံးကိုပင် ဝါးမျိုနိုင်သော နတ်ဘုရားတစ်ပါးကို နှစ်ပေါင်း ၆၀ ၊၇၀ တိုင်အောင် တိုက်ခိုက်ဝံ့သော သာမန်လူသား မည်သူရှိသနည်း ။
ဒီကမ္ဘာမှာ ငါပဲရှိတာ....။
"မကြောက်ပါဘူး။ ပြိုင်ပွဲမတိုင်ခင်မှာ ကျုပ်တို့ စာချုပ်ချုပ်ထားတာပဲ။ လျော်ကြေးပေးရမယ်ဆိုရင်တောင် သိုင်းပြိုင်ပွဲကျင်းပတဲ့ အဖွဲ့အစည်းက ပေးမှာလေ"
ကျိယွမ်က ပခုံးတွန့်ပြလိုက်၏။
"အဘိုးကြီး၊ သွားပြီနော်"
သူသည် ပြောပြောဆိုဆိုနှင့် ပရိသတ်ရှိရာသို့ လျှောက်သွားလေသည်။
ပရိသတ်ထဲတွင် ယခင်က ကျိယွမ်ကို အမြဲအားပေးလေ့ရှိသော ကျူးယန်ကို မတွေ့ရပါ ။ သူမ ပျောက်ကွယ်နေခဲ့သည်မှာ ပြိုင်ပွဲတော်တော်များခဲ့လေပြီ။
ယခုအခါ သူ့ကို အားပေးနေသူမှာ မြောင်ကလေးရှဲ့ရှင်းစု ဖြစ်သည်။
သူမသည် အပြာရောင် လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အလံငယ်လေးကို သူမ၏ကြောင်ခြေဖဝါးများဖြင့် ညှပ်ကာကိုင်ဆောင်ထားသည်။
"မြောင်... မြောင်.. မြောင်.."
သူမသည် ရှိသမျှအားနှင့် အော်ဟစ်နေ၏။
သို့သော် သူမ၏အသံထဲတွင် ဝန်လေးမှုနှင့် မကျေနပ်မှုများကို မည်သူမဆို ကြားနိုင်သည်။
ကျိယွမ်သည် ရှဲ့ရှင်းစုကို ပွေ့ချီလိုက်၏။ ထို့နောက် အကျင့်ပါနေသဖြင့် သူမ၏ လက်ပြတ်အင်္ကျီအောက်သို့ လက်လျှိုသွင်းကာ ပွတ်သပ်ပေးလိုက်သည်။
ရှဲ့ရှင်းစုသည် တမြောင်မြောင်အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏မျက်နှာမှာ လုံးဝလက်လျှော့လိုက်သည့် ပုံစံဖြစ်သွား၏။
ကျိယွမ်သည် ရုတ်တရက် တန့်သွားကာ
ကြောင်မလေးအား ကြည့်လိုက်သည်။
"ဒါက နည်းနည်းတော့ မဖွယ်မရာ ဖြစ်နေသလားလို့" ဟုလည်း တွေးမိ၏။
ကြောင်ကလေး အဝတ်အစားမဝတ်ထားချိန်တွင် ပွတ်သပ်ပေးခြင်းမှာ ပုံမှန်ဖြစ်သော်လည်း၊ လက်ပြတ်အင်္ကျီအောက်သို့ လက်လျှိုဝင်ခြင်းမှာ အနည်းငယ် မသင့်တော်သလို ခံစားရသည်။
"ဒါဆို ငါ အင်္ကျီကို ချွတ်ပြီးမှ ပွတ်သပ်ပေးသင့်တာပေါ့"
ထို့ကြောင့် ကျိယွမ်သည် ရှဲ့ရှင်းစု၏ လက်ပြတ်အင်္ကျီကို ချွတ်ပစ်လိုက်တော့သည်။
"မြောင်...."
...............
ထျန်းယွမ်ဂိုဏ်းတွင်ဖြစ်သည်။
ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် ခေါင်းငုံ့လျက်ရပ်နေသည်။
မိုးစက်များသည် ခေါင်မိုးစွန်းမှ ပုလဲကုံးများကဲ့သို့ တသွင်သွင်ကျဆင်းနေ၏။
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးအထိရှည်သော ဆံပင်များရှိသည့် ဂိုဏ်းချုပ်သည် မိုးရေစက်များကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် အဆုံးမဲ့သော မရေရာမှုများ ပြည့်နှက်နေသည်။
"ထျန်းယွမ်ကျောက်တုံးက ညွှန်ပြနေတဲ့ အန္တရာယ်ကြီးဟာ ပိုပိုပြီး နီးကပ်လာပြီ"
ဂိုဏ်းချုပ်က စိုးရိမ်တကြီး ပြောလိုက်သည်။
"သူ ရှိနေတာတောင် အန္တရာယ်က ခြိမ်းခြောက်မှု ဖြစ်နေတုန်းပဲလား"
ကိုယ်ကျပ်ဝတ်စုံနှင့်အမျိုးသမီးက ကျိယွမ်ကို ရည်ညွှန်းသလို မေးလိုက်၏။
ထိုစဉ်က ကျိယွမ်သည် နေမင်းကြီးကို တစ်လုပ်တည်းနှင့် မျိုချခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေခဲ့သည်။
ထျန်းယွမ်ဂိုဏ်း၏ တည်ထောင်သူဘိုးဘေးကိုယ်တိုင် ဆင်းသက်လာလျှင်ပင် ထိုအရာနှင့် ယှဉ်နိုင်မည်မဟုတ်ပါ။
"ထျန်းယွမ်ကျောက်တုံးဟာ အနှိုင်းမဲ့ ရတနာတစ်ခုပဲ။ ဒါ မှားစရာ အကြောင်းမရှိဘူး"
ဂိုဏ်းချုပ်က စိတ်မသက်မသာဖြစ်စွာ ပြန်လည်ဖြေကြားလိုက်သဖြင့် ရှောင်မေမှာ ရင်မောစွာ သက်ပြင်းချမိ၏။
ကျိယွမ်လိုတည်ရှိမှုကြီးကပင် မကိုင်တွယ်နိုင်သော ဘေးဒုက္ခကြီးက မည်သို့သော အရာဖြစ်သနည်း။
ထိုအချိန်တွင် နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသည်။
"ထျန်းယွမ်ကျောက်တုံးဟာ ရှားပါးပြီး ထူးခြားတဲ့ ရတနာတစ်ခုပါ။ လုံးဝ မမှားနိုင်ပါဘူး။"
"ဒီကမ္ဘာကြီးဟာ ပျက်စီးခြင်း အနားသတ်ကို တကယ်ပဲ ရောက်နေပြီထင်တယ်"
နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရုတ်တရက်ပေါ်လာ၏။
သူမ၏ မျက်လုံးများသည် အသက်ဝင်လျက် တောက်ပနေသော်လည်း သူမ၏မျက်နှာကို မျက်နှာဖုံးစဖြင့် ဖုံးအုပ်ထားလေသည်။
ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်နှင့် ရှောင်မေတို့က အလျင်အမြန် ဦးညွှတ်လိုက်ကြ၏။
"ဂါရဝပြုပါတယ်၊ တည်ထောင်သူဘိုးဘေး"
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ အထက်ဘုံမှ ဆင်းသက်လာသော ထျန်းယွမ်ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးယွီမုန်ရှန်း ဖြစ်၏။
ယွီမုန်ရှန်းသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူမ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။
"နယ်မြေပေါင်းစုံကို ထင်ဟပ်နေတဲ့ ကြယ်တွေ မရှိဘူး... ဒါဟာ ထူးဆန်းတဲ့ နေရာတစ်ခု ဖြစ်ရမယ်"
အထက်ဘုံကို ကောင်းကင်ဘုံကိုးထပ်အဖြစ် ပိုင်းခြားထားသည်။
ကောင်းကင်ဘုံကိုးထပ်တွင် ယန်နတ်ဘုရားများနှင့် သူတို့၏ ချစ်ရသူများ၊ လက်အောက်ငယ်သားများကို ထင်ဟပ်စေသော မရေမတွက်နိုင်သော ကြယ်များ ရှိ၏။
ကောင်းကင်ဘုံ၏ မည်သည့်နေရာတွင်မဆို၊ ထို့ပြင် လက်အောက်ခံ အနိမ့်ပိုင်းဘုံများနှင့် လျှို့ဝှက်နယ်မြေများတွင်ပါ ထိုကြယ်များကို မြင်တွေ့နိုင်သည်။
သို့သော် နယ်မြေပေါင်းစုံကို ထင်ဟပ်နေသော ကြယ်များကို မမြင်နိုင်သည့် အချို့သော ထူးဆန်းသည့် နေရာများ လည်း ရှိတတ်၏။
ယွီမုန်ရှန်းသည် ထိုကဲ့သို့သော နေရာများအကြောင်းကို ကြားဖူးရုံသာ ရှိသော်လည်း ယခုမှာ ပထမဆုံးအကြိမ် တွေ့ကြုံရခြင်း ဖြစ်သည်။
"ထျန်းယွမ်ကျောက်တုံးရဲ့ အဆိုအရ ကုံရှင်းဂြိုဟ်ပျက်စီးခြင်းဟာ မီးဝိညာဉ်နယ်မြေကိုတောင် သက်ရောက်မှု ရှိနိုင်တယ်"
ယွီမုန်ရှန်းက စိုးရိမ်တကြီး ပြောသည်။
"ဒီကပ်ဘေးကို တားဆီးလို့ မရဘူး။ အထက်ဘုံကို ပြန်သွားခြင်းအားဖြင့်ပဲ ငါတို့ ဒါကို ရှောင်ကွင်းနိုင်လိမ့်မယ်"
ထူးဆန်းသော နေရာများတွင် အမျိုးမျိုးသော ပြောင်းလဲမှုများ ကြုံတွေ့ရခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
"တည်ထောင်သူအရှင်တောင် ဒါကို မဖြေရှင်းနိုင်ဘူးလား"
ဂိုဏ်းချုပ်က ရိုသေစွာမေးမြန်းလိုက်သည်။
သူမ၏ မျက်လုံးထဲတွင်တော့ တည်ထောင်သူမှာ ကမ္ဘာပေါ်တွင် အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
"ငါတောင် မရဘူး။ ငါနေထိုင်တဲ့ အထက်ဘုံက မြင့်မြတ်နယ်မြေကို အုပ်ချုပ်တဲ့ ယန်နတ်ဘုရား ကောင်းကင်အရှင်တောင် ဒါကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး"
ယွီမုန်ရှန်းက ယန်နတ်ဘုရားအကြောင်းပြောရာ၌ အလွန် ရိုသေလေးစားနေပုံရ၏။
ထူးဆန်းသော ကျောက်တုံးကြောင့် သူမ၏တိုးတက်မှုမှာ အလွန်မြန်ဆန်ခဲ့ပြီး ယခုအခါ ယင်နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြင့်မြတ်နယ်မြေတွင် သူမသည် အောင်မြင်မှုများစွာ ရရှိခဲ့သောကြောင့် ယန်နတ်ဘုရားအဆင့် ကောင်းကင်အရှင်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး၊ နယ်မြေပေါင်းစုံကို ထင်ဟပ်စေနိုင်သော စွမ်းအားကို ရရှိခဲ့သည်။
နယ်မြေပေါင်းစုံကို ထင်ဟပ်နိုင်သော ယင်နတ်ဘုရားတစ်ဦးသည် သာမန်ယင်နတ်ဘုရားများထက် များစွာ ပိုမိုအစွမ်းထက်၏။
မြင့်မြတ်နယ်မြေတွင်ပင် သူမကို ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ထားကြသည်။
"အထက်ဘုံက ကောင်းကင်အရှင်တောင် ဒါကို မဖြေရှင်းနိုင်ဘူးလား"
ဂိုဏ်းချုပ်မှာ စိတ်ပျက်သွားလေသည်။
"ဒီကမ္ဘာမှာ ကောင်းကင်အရှင်တစ်ပါး လောက် မရှိဘူးလား ၊ နင်တို့ အရင်က မှတ်တမ်းတင်ထားတာတွေသာ အမှန်ဆိုရင်၊ အဲဒီကောင်းကင်အရှင်ဟာ ငါတို့ရဲ့မြင့်မြတ်နယ်မြေက အရှင်ထက်တောင် ပိုသန်မာနိုင်တယ်"
ယွီမုန်ရှန်းက ထိုမှတ်တမ်းကို ပြန်တွေးမိသောအခါ ရင်ခုန်သံများပင် မြန်လာသည်။
ယန်နတ်ဘုရားတစ်ပါး၏ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်မှာ ကြီးမားလှပြီး တစ်ခါတစ်ရံ ကမ္ဘာတစ်ခုလုံးထက်ပင် ပိုကြီးတတ်သည်။
သို့သော် ပျမ်းမျှအားဖြင့် ယန်နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်မှာ သာမန်ကြယ်တစ်လုံး ခန့်သာ ရှိတတ်၏။
ထို့ကြောင့် ကြယ်တစ်လုံးကို အလုံးလိုက် မျိုချနိုင်ခြင်းမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
"ဒါပေမဲ့ ဒီလိုပုဂ္ဂိုလ်မျိုးဟာ ကပ်ဘေးကို စိုးရိမ်မှာမဟုတ်ဘူး။ ဒီကမ္ဘာကြီး ပျက်စီးသွားရင်တောင် သူကတော့ လွတ်မြောက်သွားပြီး ရှင်သန်နေလိမ့်မယ်"
ယွီမုန်ရှန်းက အနည်းငယ်မျှော်လင့်ချက်မဲ့သလို ပြောလိုက်သည်။
ရှောင်မေသည် ထိုစကားကို ကြားသောအခါ အနည်းငယ် သက်ပြင်းချနိုင်သွား၏။
သို့သော် သူမ ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားပြီး ရိုသေစွာမေးလိုက်သည်။
"တည်ထောင်သူအရှင်၊ သူက ကျိယွမ်ပဲလို့ ပြောနေတာလား"
သူမ၏ မောင်၊ တစ်ချိန်က စိတ်မနှံ့ခဲ့သော မောင်လေးသည် မည်သို့များ ရုတ်တရက် ဤမျှ အစွမ်းထက်သွားရသနည်း ။
"ထျန်းယွမ်ကျောက်တုံးက ပြောပြတာကတော့ သူဟာ ဒီကမ္ဘာရဲ့ ကျိယွမ် အစစ်အမှန်ပဲ"
ယွီမုန်ရှန်းက မိုးစက်များကို ငေးကြည့်ကာ တိုးတိုးလေးဖြေလိုက်သည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
ရှောင်မေက စိတ်အေးသွားပုံရ၏။
"မင်း ငါ့ကို ဒီကောင်းကင်အရှင်နဲ့ မိတ်ဆက်ပေးနိုင်မလား"
ထိုကိစ္စကို ပြောသောအခါ ယွီမုန်ရှန်း၏ လေသံမှာ နှိမ့်ချသွားသည်။
ကောင်းကင်အရှင်တိုင်းသည် သူမ၏ အမြင့်ဆုံးသော ရိုသေမှုကို ခံယူထိုက်၏ ။
အထူးသဖြင့် ကျိယွမ်မှာ သူမ၏မြင့်မြတ်နယ်မြေမှ အရှင်ထက်ပင် ပိုသန်မာသောသူ ဖြစ်သည်။
"ကောင်းပါပြီ အရှင်"
ရှောင်မေက ချက်ချင်း သဘောတူလိုက်သည်။
.............
ပန်းခြံတစ်ခုတွင် ကျိယွမ်သည် ရှဲ့ရှင်းစုကို ပွေ့ချီထားပြီး ပြေးခုန်ပစ်ကစားကွင်း၏ လမ်းကြောင်းများကို ငုံ့ကြည့်ကာ အလေးအနက် တွေးတောနေသည်။
"လမ်းစဉ်ပေါင်းစုံ သိုင်းနတ်ဘုရား ဖြစ်လာဖို့ဆိုရင် လမ်းစဉ်အားလုံးကို ငါ နားလည်သဘောပေါက်ရမယ်။
ဒီလမ်းကြောင်းတွေကရော ဘယ်လိုမျိုး လမ်းစဉ်လဲ"
သူသည် မျက်တောင်မခတ်ဘဲ ထိုမျဥ်းကြောင်းများကို စိုက်ကြည့်နေ၏။
ထိုစဉ်တွင် ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦးသည် ပေါ့ပါးသော အားကစားအဝတ်အစားများကို ဝတ်ဆင်ကာ ချဉ်းကပ်လာသည်။
သူမထံမှ ချွေးနံ့ အနည်းငယ်ပင် ရနေ၏။
"ဟေး အချောလေး၊ မင်းရဲ့ကြောင်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ငါလည်း ကြောင်တွေကို ချစ်တယ်။ မင်းရဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်လေး ပေးနိုင်မလား"
ကျိယွမ်သည် သူမအား မော့မကြည့်ဘဲ ပြေးလမ်းပေါ်မှ မျဥ်းကြောင်းများကိုဆက်ကြည့်နေရင်းမှ တိုးတိုးလေး ပြန်ပြောလိုက်သည်။
"မင်းဆီမှာလည်း လမ်းစဉ်တစ်ခု ရှိနေတာလား ၊ အိုး... ဒါပေမဲ့ ငါ မင်းရဲ့လမ်းစဉ်ကို စိတ်မဝင်စားဘူး"
သူသည် ပြောပြီးသည်နှင့် ကြောင်ကလေးကို ပွေ့ကာထွက်ခွာသွားလေသည်။
ဆံပင်တိုနှင့် အမျိုးသမီးမှာ အံ့အားသင့်ကာ မျက်လုံးအပြူးသားနှင့် ကျန်ရစ်ခဲ့၏။
"တကယ့် လူညံ့ပဲ ၊ အလှလေးက အထာပေးနေတာတောင် နားမလည်ဘူး"
သို့သော် ကျိယွမ်သည် သူမကို ဂရုမစိုက်ပါ။
နှစ်ပေါင်းများစွာအတွင်း သူသည် ကမ္ဘာအနှံ့ လျှောက်သွားကာ သူ၏ခြေလှမ်းတိုင်း၌ မဟာလမ်းစဉ် ကို တိုင်းတာနားလည်ရန် ကြိုးပမ်းခဲ့သည်။
ဤသို့ နားလည်သဘောပေါက်ခြင်းမှာ မသေမျိုးကျင့်စဉ် ကျင့်ကြံခြင်းနှင့် အနည်းငယ် ဆင်တူ၏။
ဝှက်ဖုံးနေသော အချက်အလက်များကို သိမြင်နိုင်သော ကျိယွမ်၏မျက်လုံး စွမ်းဆောင်ရည်ကြောင့် သူ၏ လမ်းစဉ်အပေါ် နားလည်မှုမှာ များစွာ ပိုမိုထိရောက်ခဲ့သည်။
အခြားသူများအတွက် မည်မျှခက်ခဲသော လမ်းစဉ်ဖြစ်ပါစေ၊ သူ့အတွက်မူ သာမန်မျှသာပင်။
"နိမ့်ကျတဲ့ ယွီမုန်ချန်းမှ ကောင်းကင်အရှင်ကို ဂါရဝပြုပါတယ်"
ထိုအချိန်တွင် အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။
...........
ရှဲ့ရှင်းစုကို ပွေ့ချီထားသော ကျိယွမ်သည် နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးနှင့် ကိုယ်ကျပ်ဝတ်စုံနှင့်အမျိုးသမီးတို့ကို ကြည့်လိုက်သည်။
"အဟမ်း....ငါ ဒီနေ့ ဘဏ်ကတ် မေ့ကျန်ခဲ့တယ်"
သူက ရှောင်မေမှန်းသိသည်နှင့် အလျင်အမြန် ပြောလိုက်၏။
ရှောင်မေက သဘောပေါက်စွာဖြင့် သက်ပြင်းချသည်။
"ငါတို့က အကြွေးလာတောင်းတာ မဟုတ်ပါဘူး"
သူမ အားကိုးရာမဲ့စွာ ပြန်ပြောလိုက်သည်။
သူမသည် မောင်ဖြစ်သူ၏ ထူးဆန်းသော အတွေးအခေါ်များကို ကျင့်သားရနေပြီ ဖြစ်သည်။
ဘာပဲပြောပြော သူမ၏မောင်သည် ယခင်ကအတိုင်းပင် ဖြစ်နေသေးကြောင်း သိလိုက်ရသဖြင့် သူမ၏ စိတ်မှာ သိသိသာသာတော့ ပေါ့ပါးသွားသည်။
ထိုအခါမှ ကျိယွမ်၏ခြေလှမ်းများက နှေးသွား၏။
"ဒါဆို မင်းတို့ ဘာလိုချင်လို့လဲ"
ယွီမုန်ရှန်းသည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်၏။
"ကျွန်မက ထျန်းယွမ်ဂိုဏ်းရဲ့ တည်ထောင်သူပါ၊ အထက်ဘုံကနေ ဆင်းသက်လာတာပါ။
ဒီကမ္ဘာကြီးဟာ... ပျက်စီးတော့မယ့် အခြေအနေမှာ ရှိနေတယ်"
"အိုး... အဲဒါကို ငါ အနည်းအကျဉ်း သိပါတယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး"
ကျိယွမ်က အရေးမကြီးသလို ပြောလိုက်သည်။
ယွီမုန်ရှန်းသည် အံ့သြမသွားပါ။
ထျန်းယွမ်ကျောက်တုံးကပင် ကမ္ဘာပျက်စီးခြင်းကို ကြိုမြင်နိုင်လျှင် ဤမျှအစွမ်းထက်သော ကောင်းကင်အရှင်သည်လည်း ဧကန်မုချ သိရှိမည်သာ ဖြစ်သည်။
"ကောင်းကင်အရှင်မှာ ဒါကို တားဆီးဖို့ နည်းလမ်းရှိပါသလား"
ယွီမုန်ရှန်းက ရိုသေစွာ မေးလိုက်၏။
ကျိယွမ်က ခေါင်းခါပြသည်။
"ငါ လုံးဝတော့ မသေချာဘူး၊ ဒါပေမဲ့ ငါက လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာဖို့ လိုအပ်နေတော့ ဒီကမ္ဘာကြီးကို လုံးဝပျက်စီးသွားအောင်တော့ ခွင့်ပြုမှာ မဟုတ်ပါဘူး"
ယွီမုန်ရှန်းသည် ထိုစကားက အနည်းငယ်ပေါ့ပေါ့ဆဆနိုင်သလို ခံစားလိုက်ရသည်။
ဤကောင်းကင်အရှင်သည် သူမတို့၏မြင့်မြတ်နယ်မြေမှ အရှင်ကဲ့သို့ ခန့်ညားထည်ဝါမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှု မရှိသဖြင့် အားကိုးရပါ့မလားဟုပင် သူမ တွေးမိသွားသည်။
"ဒီကမ္ဘာကြီး ပျက်စီးသွားရင် သာမန်လူတွေ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ကျွန်မကတော့ လူအချို့ကို ခေါ်ပြီး ဒီကမ္ဘာကနေ ထွက်သွားဖို့ စီစဉ်ထားတယ်..."
ယွီမုန်ရှန်းသည် ကျိယွမ်ကို ကြည့်ရင်း သွေးတိုးစမ်းသလို ဆို၏။
ရှောင်မေမှာ ကျိယွမ်နှင့် အလွန်နီးစပ်သူဖြစ်သဖြင့် သူမကို အထက်ဘုံသို့ ခေါ်သွားရန် ကျိယွမ်၏ ခွင့်ပြုချက် လိုအပ်သည်။
သို့သော် လူများကို အထက်ဘုံသို့ ခေါ်ဆောင်သွားရန်မှာ အလွန်ခက်ခဲလှပြီး သူမအတွက်ပင် ခေါ်ဆောင်နိုင်သည့် အရေအတွက် ကန့်သတ်ချက် ရှိနေသည်။
"မင်း စိတ်ကြိုက်သာ လုပ်ပါ၊ ငါ့ကို လာမနှောင့်ယှက်သရွေ့ပေါ့"
ကျိယွမ်က အေးအေးဆေးဆေး ပြောလိုက်သည်။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမအားထပ်ပြောသည်။
"မင်းက အထက်ဘုံကဆိုတော့ လနတ်ဘုရား နန်းတော်ကို သိသလား"
ယွီမုန်ရှန်း၏နှလုံသားမှာ ဒုတ်ခနဲ တစ်ချက် တုန်သွားသည်။
သူမ ထင်ထားသည့်အတိုင်းပင်၊ ဤပုဂ္ဂိုလ်မှာ အထက်ဘုံမှ ပုဂ္ဂ်ုလ်တစ်ဦး ဖြစ်နေခဲ့သည်။
"ဟုတ်ကဲ့၊ လနတ်ဘုရား နန်းတော်ဆိုတာ အလယ်ပိုင်း ကောင်းကင်သုံးထပ်မှာရှိတဲ့ မြင့်မြတ်နယ်မြေတစ်ခုပါ"
ယွီမုန်ရှန်းက ပြန်ဖြေလိုက်သည်။
အထက်ဘုံကို ကောင်းကင်ကိုးထပ်ဖြင့် ခွဲခြားထား၏။
အောက်ပိုင်း သုံးထပ်၊ အလယ်ပိုင်း သုံးထပ်နှင့် အထက်ပိုင်း သုံးထပ် ဖြစ်သည်။
အထက်သို့ မြင့်တက်လေလေ ဝိညာဉ်စွမ်းအင် ပိုမိုကြွယ်ဝလေလေ ဖြစ်သည်။
ထို့ကြောင့် မြင့်မြတ်နယ်မြေတည်ရှိရာ ကောင်းကင်၏အဆင့်က မြင့်လေလေ ထိုနယ်မြေက ပိုမိုအစွမ်းထက်လေလေပင်။
လနတ်ဘုရား နန်းတော်သည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် တည်ရှိ၏။
"ငါ့မှာ လနတ်ဘုရား နန်းတော်က လကညာ ဇနီးတစ်ယောက်ရှိတယ်။ သူ့နာမည်က ကျင်းလီ တဲ့။ မင်း သူ့ကို သိသလား"
ကျိယွမ်သည် ပါးစပ်မှမေးရုံမျှမက လက်ကိုပါ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် အမျိုးသမီးတစ်ဦး၏ ပုံရိပ်သည် ယွီမုန်ရှန်း၏ ရှေ့တွင် ပေါ်လာ၏။
သူမသည် နွေဦးပန်းများကဲ့သို့ တောက်ပပြီး ဆောင်းဦးလမင်းကဲ့သို့ လှပနေသည်။
သူမ ပေါ်လာသောအခါ ကမ္ဘာပေါ်ရှိ အရောင်အသွေးအားလုံးပင် မှေးမှိန်သွားသယောင်ပင်။
ယွီမုန်ရှန်းနှင့် ရှောင်မေတို့ နှစ်ဦးလုံးသည် သူမ၏ အလှအပအောက်တွင် လောင်းရိပ်မိသလိုခံစားလိုက်ရ၏။
ကျိယွမ်သည် ကျင်းလီကို အပြင်လောက၌ တစ်ခါမှ မမြင်ဖူးသော်လည်း ကျိကျန့်ကျွင်း ပြောင်းလဲပြခဲ့သော သူမ၏ ပုံရိပ်ကို မြင်ဖူးလေသည်။
"ဒါက..."
ယွီမုန်ရှန်း၏ ရင်ခုန်သံများ ပို၍မြန်လာသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာက နတ်ဆိုးချောက်ကမ်းပါးမှာ ဒီလနတ်ကညာကို ကျွန်မ တစ်ခါ တွေ့ဖူးပါတယ်"
ကျိယွမ် စိတ်လှုပ်ရှားသွားသည်။
အချိန်နှင့် ဟင်းလင်းပြင်တို့ ထပ်တူကျသွားသကဲ့သို့ ခံစားရပြီး အိပ်မက်တစ်ခုမှာ လက်တွေ့ ဖြစ်လာခဲ့လေပြီ။
ယခင်က လနတ်ကညာ၊ ယခု ကျင်းလီသည် ရုတ်တရက် သူ့ထံသို့ နီးကပ်လာသလို၊ လက်လှမ်းမီနိုင်သလို ခံစားလိုက်ရ၏။
ဤအခိုက်အတန့်တွင် ကျိယွမ်သည် အလွန် ရိုမန်တစ်ဆန်သွားတော့သည်။
သူက တမ်းတနေသော လေသံဖြင့် မေးလိုက်၏။
"သူ့ဆီက သတင်းမကြားရတာ နှစ်အတော်ကြာပြီ။ လွမ်းဆွတ်မှု တစ်လက်မဟာ ဝမ်းနည်းမှု အထုံးတစ်ထောင်ကို ဖြစ်စေတယ်တဲ့"
"မင်း သူ့ကို တွေ့တုန်းက သူမ ဘယ်လိုနေလဲ"
"သူမ... နေကောင်းပုံရပါတယ်။ လနတ်ဘုရား နန်းတော်ကို ပြန်ရောက်ပြီးတဲ့နောက် သူမဟာ နတ်ဆိုးချောက်ကမ်းပါး မှာ မနားမနေ တိုက်ခိုက်နေခဲ့တယ်လို့ ကြားရတယ်၊ လနတ်ဘုရား အရှင်သခင်ထံမှာ ဆုတောင်းတစ်ခု ပြည့်ဖို့အတွက် အောင်မြင်မှုတွေ ပိုရအောင် ကြိုးစားနေတာလို့လည်း ပြောကြတယ်"
ယွီမုန်ရှန်းက ဖြေရင်းမှ ကျိယွမ်ကို ထပ်မံကြည့်လိုက်မိသည်။
လနတ်ဘုရား နန်းတော်တွင် လနတ်ကညာများသည် ထူးခြားသော အဆင့်အတန်း ရှိကြ၏။
သူတို့သည် ဆက်ခံသူများအဖြစ် လေ့ကျင့်ပေးခြင်း ခံရသူများ ဖြစ်သည်။
ထို့အပြင် အရေးကြီးဆုံးမှာ လနတ်ကညာများကို အိမ်ထောင်ပြုခွင့် တားမြစ်ထားလေ၏။
တစ်ခါက ယန်နတ်ဘုရားတစ်ပါးသည် လနတ်ကညာတစ်ဦးကို လက်ထပ်ရန် ကြိုးပမ်းခဲ့သော်လည်း လနတ်ဘုရား အရှင်သခင်က တိုက်ရိုက် နှင်ထုတ်ခဲ့ဖူးသည်။
လနတ်ဘုရား အရှင်သခင်က ထိုယန်နတ်ဘုရားကို လရောင်အောက်သို့ မည်သည့်အခါမျှ ခြေချခွင့်ပြုမည်မဟုတ်ဟုပင် ကြေညာခဲ့သည်။
ယခုလည်း ကျိယွမ်အားကြည့်ရင်းမှ ယွီမုန်ရှန်း၏ အတွေးများမှာ အမျိုးမျိုး ပျံ့လွင့်နေသည်။
"ဒါဆိုရင်တော့..."
ကျိယွမ် သက်ပြင်းချလိုက်သည်။
ရုတ်တရက် သူ တစ်စုံတစ်ခုကို တွေးမိသွား၏။
"အောက်ဘုံကနေ သူမကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှိမလား"
သူသည် ရှန်းဝူရှန်းကို လနတ်ကညာထံ စာပို့ခိုင်းထားသော်လည်း...။
ရှန်းဝူရှန်မှာ အောက်ပိုင်း ကောင်းကင်သုံးထပ်တွင်သာ ရှိသေးသဖြင့် စာရောက်ရန် နှစ်ပေါင်းများစွာ ကြာနိုင်၏။
"အောက်ဘုံကနေ ဆက်သွယ်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။
ဒါပေမဲ့ ဒီလနတ်ကညာဟာ လနတ်ဘုရား အရှင်သခင်ရဲ့ မျက်နှာသာပေးမှုကို ခံရသူဖြစ်ပြီး နယ်ပယ်ပေါင်းစုံကို ထင်ဟပ်တဲ့ ကြယ်ပွင့်တစ်လုံး ရှိပါတယ်။"
"သူမက အရှင်ရဲ့ ကြယ်ကို သိခဲ့ရင်၊ အရှင်ရဲ့ ကြယ်ကို သူမကြယ်နားကို တိုးကပ်သွားစေနိုင်ပါတယ်၊ ဒါဆိုရင် သူမ အရှင်ရဲ့ သတင်းစကားကို နားလည်ပါလိမ့်မယ်"
ယွီမုန်ရှန်းက သူမသိထားသလောက် ရှင်းပြလ်ုက်သည်။
"အိုး... အဲလိုလုပ်လို့ ရတာလား"
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။
ဆိုလိုသည်မှာ သူ၏အမြုတေတစ်လုံးကို ကျင်းလီ၏ ကြယ်နားသို့ ရွှေ့ပေးလိုက်ရမည်လား...။
ထို့နောက် သူ၏ အမြုတေကို နှလုံးသားပုံစံ သို့မဟုတ် "အချစ်ရူး" သင်္ကေတပုံစံ ပြောင်းလဲလိုက်လျှင် ကျင်းလီသည် သူရှိနေကြောင်း သိသွားမည်လား...။
သူမက သိချင်မှလည်း သိပါလိမ့်မည်။
အကြောင်းမှာ ကောင်းကင်ပေါ်ရှိ နေမင်းကြီးမှာ သူ၏အမြုတေ ဖြစ်ကြောင်း ကျင်းလီ မသိသောကြောင့် ဖြစ်သည်။
သို့သော် ထိုအရာက အရေးမကြီးပါ။
"ဘယ်ကြယ်က သူမရဲ့ ကြယ်လဲဆိုတာ မင်းသိလား"
ကျိယွမ်က အရေးတကြီး မေးလိုက်သည်။
ကျင်းလီ၏ကြယ်ကို သူ့ဘာသာရှာလျှင် ကြာနေပေလိမ့်မည်။
"ကောင်းကင်အရှင်၊ ကျေးဇူးပြုပြီး ကြည့်ရှုပါ"
ယွီမုန်ရှန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျိယွမ်၏ ရှေ့တွင် ကြယ်မြေပုံတစ်ခု ပေါ်လာခဲ့သည်။
"ဒီကြယ်က လနတ်ကညာရဲ့ ကြယ်ပါ"
ကျိယွမ်၏ အကြည့်သည် သေးငယ်သော ကြယ်လေးပေါ်သို့ ကျရောက်သွားပြီး သူ၏မျက်လုံးများမှာ ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်သွားသည်။
"အရမ်းချစ်ဖို့ကောင်းတာပဲ"
ချီယွမ်၏ လက်မောင်းထဲရှိ ရှဲ့ရှင်းစုသည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး "မြောင်" ဟု အော်လိုက်သည်။
အဓိပ္ပါယ်မှာ...။
"အဲဒါက ဘာချစ်ဖို့ကောင်းလို့လဲ"ဟူ၏။
သို့သော် ကျိယွမ်က သူမအားဂရုမစိုက်ပါ။
"ကောင်းကင်အရှင်၊ ကျေးဇူးပြုပြီး သတိထားပါ။ လနတ်ဘုရား အရှင်သခင်ဟာ အလွန်အစွမ်းထက်တဲ့ ယန်နတ်ဘုရား တစ်ပါးပါ။ အရှင်ရဲ့ ကြယ်ပုံရိပ်ဟာ လနတ်ဘုရား အရှင်သခင်ရဲ့ ကြယ်နဲ့ အရမ်းနီးကပ်သွားရင် စိန်ခေါ်မှုတစ်ခုလို့ အယူခံရနိုင်ပါတယ်"
ယွီမုန်ရှန်းက သတိပေးလိုက်သည်။
"သိပြီ။ မစိုးရိမ်ပါနဲ့၊ ငါက လူကောင်းတစ်ယောက်ပါ။ စည်းကမ်းတွေကို အမြဲလိုက်နာပြီး ဘယ်တော့မှ မချိုးဖောက်ဘူး"
ကျိယွမ်က ပြုံးလျက် အာမခံလိုက်သော်လည်း၊ သူ၏ စိတ်ထဲတွင်မူ သူရောက်ရှိနေပြီ ဖြစ်ကြောင်း ကျင်းလီကို အသိပေးရန် သူ၏ အမြုတေမည်သို့ အသုံးပြုရမည်ကို တွေးတောနေသည်။
သူ့အတွက် ကျင်းလီသိသွားဖို့က အဓိကပင် ။
လနတ်ဘုရားကြီးလား ...။ သူ့ဘာသာ ဘာကောင်ကြီးဖြစ်ဖြစ် ကျိယွမ်က ဂရုမစိုက်ပါ။
"ဒါနဲ့၊ ကြယ်ရဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုခု မင်းသိလား ၊ ကြယ်တွေက အမြဲတမ်း ဝိုင်းနေတာလေ၊ အဲဒါက နည်းနည်း ထူးဆန်းသလိုပဲ"
ကျိယွမ်က အရေးကြီးသောအချက်ကို ထပ်မေးလိုက်သည်။
သူ၏ နေမင်းကြီးကို နှလုံးသားပုံစံ ပြောင်းလဲနိုင်လျှင် ကျင်းလီသည် သူရောက်လာကြောင်း ဧကန်မုချ သိရှိပါလိမ့်မည်။
ယွီမုန်ရှန်းမှာ ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။
"အဟမ်း.... ဒီလိုကျင့်စဉ်မျိုးကို ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး"
သူမက အနေခက်စွာ ဝန်ခံလိုက်သည်။
ကျိယွမ်က စိတ်ပျက်စွာ သက်ပြင်းချလိုက်၏။
"ဟူး... ငါ့မှာ အမြုတေတွေ မလောက်သေးဘူးပဲ"
"ငါ့မှာ သန်းနဲ့ချီပြီး ရှိမယ်ဆိုရင် ၊ နှစ်သစ်ကူးမှာ ဒရုန်းတွေနဲ့ ပြသသလိုမျိုး စာလုံးတွေ၊ သင်္ကေတတွေ ဖော်ပြီး နယ်ပယ်တွေကြား ဆက်သွယ်လို့ ရမှာပဲ"
ကျိယွမ်သည် သူ့ဘာသာ ရေရွတ်လိုက်သည်။
သူ့မှာသာ ကြယ်အမြုတေသန်းပေါင်းများစွာ ရှိခဲ့လျှင်....။
သူသည် ကမ္ဘာအားလုံး၏ ကောင်းကင်ယံတွင် ကြီးမားသော စာလုံးများကို တိုက်ရိုက် ရေးသားနိုင်ပါလိမ့်မည်။
"ယဉ်ကျေးမှုကို မြှင့်တင်ပါ၊ ကိုယ်ကျင့်တရားအသစ်များကို မွေးမြူပါ"
မှန်ပါသည်။
ထိုအခါ ကျင့်ကြံခြင်းလောကတစ်ခုလုံးသည် ဧကန်မုချ ပိုမိုယဉ်ကျေးသိမ်မွေ့လာပါလိမ့်မည်။
သူ၏ဘေးရှိ ယွီမုန်ရှန်းမှာမူ ကျိယွမ်၏ စကားများကို နားမလည်နိုင်သဖြင့် တိတ်ဆိတ်နေ၏။
ထိုအချိန်တွင် ကျိယွမ်က နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်ပြန်သည်။
"မင်း ရွမ်ယူချမ်းကိုရော သိလား ၊ သူမက ငါ့ရဲ့ဆရာလည်း ဟုတ်တယ်၊ ငါ့ရဲ့ ဇနီးလည်း ဟုတ်တယ်၊ သူမကလည်း လနတ်ဘုရား နန်းတော်ကပဲ"
"ရှင်..."
ယွီမုန်ရှန်းသည် ကျိယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူက လနတ်ဘုရားနန်းတော်မှာ မိန်းမတွေ ဘယ်နှစ်ယောက်ယူထားတာလဲ ။
"ကျွန်မ သူမအကြောင်းတော့ မကြားဖူးပါဘူး"
ဤပုံဆိုလျှင် ကျိယွမ်သာ လနတ်ဘုရား နန်းတော်သို့ ရောက်သွားလျှင် လနတ်ဘုရားအရှင်သခင်နှင့် ပြဿနာတက်မည်မှာ သေချာသည်ဟု သူမ ခံစားလိုက်ရသည်။
"ငါ သူတို့ဆီ စာတစ်စောင် ရေးမယ်ဆိုရင်၊ မင်း ပေးပို့ဖို့ ဘယ်လောက် ကြာမလဲ"
ကျိယွမ်က ဇွဲမလျှော့ပါ။
"ဖြစ်နိုင်တာကတော့... နှစ်အနည်းငယ် ကြာပါလိမ့်မယ်"
ယွီမုန်ရှန်းက အနည်းငယ်စဥ်းစားသလို ဖြေ၏။
ကျိယွမ် စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
စာရေးခြင်းမှာ အလုပ်မဖြစ်နိုင်ပုံ ရသည်။
ရှန်းဝူရှန်သည် သူ၏စာကို ယူဆောင်သွားပြီးသား ဖြစ်၏။
ထို့အပြင် ဂိမ်းထဲ အပြင်သို့ ပြန်လည်ရောက်ရှိပါက ကပ်ဘေးကြီးကို ဖြေရှင်းပြီးလျှင် သူကိုယ်တိုင် အထက်ဘုံသို့သွားကာ ကျင်းလီနှင့် တွေ့ဆုံနိုင်ပါသည်။
သူနှင့် ကျင်းလီတို့သည် အွန်လိုင်းသူငယ်ချင်းများကဲ့သို့သာ ဖြစ်ခဲ့ပြီး တစ်ခါမှ မဆုံဖူးသော်လည်း၊ အမှန်အတိုင်းပြောရလျှင် ကျိယွမ်သည် အနည်းငယ် ရင်ခုန်နေ၏။
သို့သော် သူတို့တွင် ကလေးများပင် ရှိနေပြီဖြစ်သဖြင့် သူတို့မှာ လက်ထပ်ပြီးသား ဇနီးမောင်နှံဟောင်းများကဲ့သို့ပင် ဖြစ်နေသည်ကို သတိရသွားသောအခါ ကျိယွမ်၏ မျက်နှာက ပြုံးသွားသည်။
ဘာရှက်နေစရာ ရှိလဲ ၊ ငါတို့က သမီးလေးတောင်ရနေပြီ။
"ကဲပါ၊ စကားတွေ အများကြီး မပြောတော့ဘူး။ ငါ လမ်းစဉ်ပေါင်းစုံကို ဆက်ပြီး နားလည်အောင် ကြိုးစားရဦးမယ်။ သွားပြီနော်"
လိုအပ်သော အချက်အလက်များ ရရှိပြီးနောက် ကျိယွမ်သည် ယွီမုန်ရှန်းနှင့် ဆက်လက်စကားပြောရန် စိတ်မဝင်စားတော့ပါ။
သူသည် ရှဲ့ရှင်းစုကို ပွေ့ချီကာ ထွက်ခွာသွားလေသည်။
ရိုဘော့ဇီးရိုးဝမ်းကလည်း သစ္စာရှိသော အစေခံ သို့မဟုတ် နောက်လိုက်လေးတစ်ဦးကဲ့သို့ သူ၏ နောက်မှ ကပ်လိုက်သွား၏။
ရှဲ့ရှင်းစုကတော့ နောက်ထပ် မျဥ်းဖြောင့်များ ၊ မျဥ်းကွေးများကို မကြည့်ချင်တော့သဖြင့် စိတ်ပျက်စွာ အော်လိုက်လေသည်။
"မြောင်...မြောင်..မြောင်.."
---------------------
အခန်း ၃၇၇ - ငါ့ ကမ္ဘာ၊ ငါ့ ကယ်တင်ခြင်း
ကြည်လင်သော မြစ်တစ်စင်းကဲ့သို့ လရောင်များ ဖြာကျနေပြီး ကောင်းကင်ယံတွင် နဂါးငွေ့တန်းဂလက်ဆီက နိမ့်ဆင်းတွဲလောင်းကျနေသည် ။
ကျိယွမ်သည် ကောင်းကင်ကို ကြည့်ကာ သူ၏မျက်နှာအမူအရာမှာ ရှုပ်ထွေးနေ၏ ။
"သုံးနှစ်ပဲ... ကျန်တော့တာလား ။"
သူ၏ လမ်းစဥ်ပေါင်းစုံကို နားလည်သဘောပေါက်မှုမှာ ၃ ရာခိုင်နှုန်းသာ ရှိသေးသည် ။ သုံးနှစ်အတွင်း ပြည့်စုံရန်မှာ မဖြစ်နိုင်တော့ပေ ။
ထိုအချိန်တွင် ဇီးရိုးဝမ်းက တုံ့ဆိုင်းစွာဖြင့် သူ့အနီးသို့ ကပ်လာ၏။
"သခင်..."
"ဘာဖြစ်လို့လဲ ။"
ကျိယွမ်က ကောင်းကင်သို့ငေးကာ အတွေးနက်နေရာမှ ဇီးရိုးဝမ်းကိုလှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည် ။
"ဘာမှမဟုတ်ဘူး...ဘာမှမဟုတ်ပါဘူး ။"
သူမ၏ အသံမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ ခံစားချက်ကင်းမဲ့နေ၏။
"ဇီးရိုးဝမ်း..မင်းက ဆင့်ကဲပြောင်းလဲပြီးကတည်းက ပြောင်းလဲသွားပြီ ။"
ကျိယွမ်က ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်ရင်းမှ မှတ်ချက်ချသည် ။
"ဇီးရိုးဝမ်းက မပြောင်းလဲပါဘူး အမြဲတမ်း သခင့်ရဲ့ သစ္စာအရှိဆုံး အစေခံပါ ။"
ဇီးရိုးဝမ်းက စက်ရုပ်ဆန်ဆန် ခပ်တောင့်တောင့်ဦးညွှတ်လိုက်သည် ။
"သခင်၏ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးဖို့က ဇီရိုးဝမ်းရဲ့၏ အဓိက တာဝန် ဖြစ်ပါတယ် ။"
"အင်း.."
ကျိယွမ်က ထိုမျှသာမှတ်ချကိပြုကာ မျက်လုံးများကို ဆက်မှိတ်ထားပြီး လမ်းစဥ်ပေါင်းစုံကို ဆင်ခြင်နေ၏ ။
သူသည် တောင်နှင့်မြစ်ပန်းချီကားများ ထဲသို့လည်း အကြိမ်ကြိမ် ဝင်ရောက်ကာ ကမ္ဘာများစွာကို ဖြတ်သန်းခဲ့ပြီး လမ်းစဥ်များကို လျင်မြန်စွာ နားလည်လာခဲ့သည် ။
သို့သော် မည်မျှပင် မြန်ဆန်ပါစေ ကန့်သတ်ချက်များ ရှိနေဆဲပင် ။
လရောင်သည် ဇီးရိုးဝမ်း၏ စက်ရုပ်လက်မောင်းပေါ်သို့ ကျရောက်နေသည် ။
ဇီးရိုးဝမ်းသည် မြစ်နံဘေးတွင် ရပ်နေရင်း ကြည်လင်သော ရေပြင်ပေါ်ရှိ သူမ၏ပုံရိပ်ကို ကြည့်နေ၏။
"အားလုံးက အဆုံးသတ်တော့မှာလား ။"
သူမက ရေပြင်ပေါ်မှ စက်ရုပ်ပုံရိပ်အားကြည့်ကာ လူသားတစ်ဦးညည်းညူသလို တိုးတိုးလေး ရေရွတ်လိုက်သည် ။
သူမနှင့် အနည်းငယ်ဝေးသောနေရာတွင်ရှိနေသော ကျိယွမ်ကတော့ မျက်လုံးများကို မှိတ်လျှက် လမ်းစဥ်များကို ဆင်ခြင်နေဆဲပင်။
.............
မူလဇစ်မြစ်နယ်မြေတွင် ဖြစ်သည်။
အရှေ့ပိုင်းမဟာမိတ်အဖွဲ့အတွင်း ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရား ဒါဇင်ပေါင်းများစွာ စုဝေးနေကြ၏ ။
သူတို့၏ မျက်နှာအမူအရာများမှာ လေးနက်နေသည် ။
ခေါင်းဆောင်အမျိုးသမီးက စတင်လိုက်သည်။
"ကမ္ဘာတွေက ပေါင်းစည်းတော့မယ် ။ ငါတို့ တွေ အရေးတယူလုပ်ရတော့မဲ့ အချိန်ပဲ။ အရှေ့ဘက်သခင်ရဲ့ အမိန့်အတိုင်း ကမ္ဘာတွေကို တစ်လုံးတစ်စည်းတည်းဖြစ်အောင် လုပ်မယ် ၊ ဘိုးဘေးမိစ္ဆာအရှင်ကို ပြန်လည်နိုးထစေပြီး အရှေ့ဘက်သခင်ကို ကူညီကြမယ် ။"
အခြား သိုင်းနတ်ဘုရားများကလည်း သဘောတူစွာ ခေါင်းညိတ်ကြသည် ။
"ဟုတ်တယ် ငါတို့ လှုပ်ရှားရမယ့်အချိန် ရောက်ပြီ ။"
"မှတ်ဉာဏ်အပိုင်းအစတွေကို သွန်းလုပ်ပြီးပြီ ။ အခု အဲဒါတွေကို ပေါင်းစပ်ပြီး ဘိုးဘေးမိစ္ဆာအရှင်ကို ဖန်တီးဖို့ပဲ လိုတော့တယ် ။"
"ကံကြမ္မာသတ်မှတ်ခံထားရသူတွေကို... ရိတ်သိမ်းရတော့မယ် ။"
အဆင့်မြင့်သိုင်းနတ်ဘုရားများ စုဝေးကာ အသေးစိတ်အချက်အလက်များကို ဆွေးနွေးနေကြသည် ။
ထိုအချိန်တွင် သမင်နက်အရှင် က ရုတ်တရက် တစ်ခုခုကို တွေးမိသလို သတိပေး၏။
"ကောင်းကင်ဘုံအရှင်က အဲဒီမှတ်ဉာဏ်အပိုင်းအစတွေနဲ့ ဆက်စပ်နေပုံရတယ် ။ သူ ငါတို့ကို... တားဆီးမလား ။"
အရှေ့ပိုင်းမဟာမိတ်အဖွဲ့အတွက် တောင်နှင့်မြစ်ပန်းချီကား ကမ္ဘာများထဲရှိဇာတ်လမ်းများသည် ဘိုးဘေးမိစ္ဆာအရှင်၏ မှတ်ဉာဏ်အပိုင်းအစများကို ပြန်လည်တည်ဆောက်ရန်အတွက် ဖန်တီးထားခြင်း ဖြစ်သည် ။
ထို့နောက် ၎င်းတို့ကို ပေါင်းစပ်မည် ဖြစ်သည် ။
ကမ္ဘာများ၏ ၆၀ ရာခိုင်နှုန်းသည် မူလလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသရွေ့ အစီအစဉ်က အောင်မြင်မည် ဖြစ်သည် ။ ကျန်ရှိသောအပိုင်းများတွင် တော့ သတ်ဖြတ်ခြင်းနှင့် ဝါးမြိုခြင်းများ ပါဝင်မည် ဖြစ်သည် ။
အဆုံးတွင် မှားယွင်းသော သက်ရှိများအားလုံး ပျက်စီးသွားမည်ဖြစ်ပြီး ရှင်သန်သူတစ်ဦးတည်းသာ ကျန်ရစ်ပေလိမ့်မည် ။
ထိုတစ်ဦးတည်းသော ရှင်သန်သူမှာ ဘိုးဘေးမိစ္ဆာအရှင် ဖြစ်လာမည် ။
ကံကြမ္မာများကို စုစည်းရန်အတွက်မူ... ။
အဆုံးသတ်နယ်မြေမှအစပြု၍ ပြန်လည်စတင်သူများအားလုံးကို သတ်ဖြတ်ရမည်ဖြစ်ပြီး သူတို့၏ ကံကြမ္မာကို ဘိုးဘေးမိစ္ဆာအရှင်ထံ စုစည်းပေးရမည် ဖြစ်သည် ။
ထိုအခါမှ ဘိုးဘေးမိစ္ဆာအရှင်သည် သူ၏ အစွမ်းအားလုံးကို ပြန်လည်ရရှိနိုင်လိမ့်မည် ။
"ကောင်းကင်ဘုံအရှင်က အများအကျိုးကို ဦးစားပေးလိမ့်မယ်လို့ ယုံကြည်လိုက်ပါ ။"
ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားတစ်ဦးက မှတ်ချက်ချ၏။
"နောက်ဆုံးတော့ သူတို့အားလုံးက အရှေ့ဘက်သခင် ဖန်တီးခဲ့တာပဲလေ ။ သူတို့က မှားယွင်းတဲ့သက်ရှိတွေဖြစ်ပြီး စစ်မှန်တဲ့ သက်ရှိတစ်ဦးတည်းဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ် စတေးပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရမှာပဲ ။"
အခြား သိုင်းနတ်ဘုရားတစ်ဦးကလည်း သဘာဝတရားတစ်ခုကဲ့သို့ ဖြည့်စွက်ပြောသည် ။
"ကိုယ့်ကိုယ်ကိုယ် စတေးတာက သူတို့ ဖြစ်တည်မှုရဲ့ အနှစ်သာရပဲ ။"
"အရှေ့ဘက်သခင်က အသက်ပေးခဲ့လို့သာ သူတို့ မွေးဖွားခွင့်ရခဲ့တာလေ ။"
"သူတို့က ပျက်စီးဖို့ ကံပါလာပြီးသား ။ အခုက... သူတို့ကို ပျက်စီးခြင်းဆီ တွန်းပို့တဲ့လက်က မဟာကပ်ဘေးကနေ ငါတို့ဆီ ပြောင်းသွားတာပဲ ရှိတာ ။"
"ကမ္ဘာကြီးပျက်စီးဖို့က ရှောင်လွှဲလို့မရဘူး ။ အရုဏ်ဦးတေးသံက နီးနေပြီ ။ အခုက... ရွေးချယ်မှုတစ်ခု လုပ်ရမယ့်အချိန်ပဲ ။"
"အားလုံးက ကမ္ဘာကြီးအတွက်ပဲ ။"
"ငါတို့ သေသွားရင်တောင် ကမ္ဘာကြီးကို ကာကွယ်ရမယ် ။"
"ဘယ်သူက ငါတို့ကို တားရဲသလဲ ၊ ကရုဏာမဲ့စွာ သတ်ပစ်လိုက်မယ် ။"
"ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် လူတစ်သန်းကို သတ်ရတာက ထိုက်တန်ပါတယ် ။"
ဘွဲ့တံတံဆိပ်ရသိုင်းနတ်ဘုရားများ၏ ကြွေးကြော်သံများက ဟိန်းထွက်သွားခဲ့သည်။
...................
အထက်ဘုံတွင် ဖြစ်သည်။
တတိယမြောက်ကောင်းကင်ဘုံတွင်ရှိသော မြင့်မြတ်နယ်မြေတစ်ခုတွင် အဘိုးအိုတစ်ဦးသည် ငါးမျှားစင်တွင် ထိုင်ကာ သူ၏ငါးမျှားကြိုးကို ကောင်းကင်ဘုံများစွာထဲသို့ ပစ်ချထား၏ ။
အသံတစ်ခု ပဲ့တင်ထပ်လာသည် ။
"အဲဒီ ထူးဆန်းတဲ့နယ်မြေထဲကို ယန်နတ်ဘုရားတစ်ပါး ဆင်းသက်သွားပြီ ။"
"ဟေ... ဘယ်သူလဲ ။"
အဘိုးအိုက အံ့သြစွာ မေးလိုက်သည် ။
"ကျိယွမ် လို့ အမည်ရတဲ့သူပဲ ။"
"တစ်ခါမှ မကြားဖူးဘူး ။"
အဘိုးအိုက ငါးမြှားကြိုးများကို ကြည့်နေရင်းမှ ခေါင်းခါပြသည် ။
"ဒါပေမဲ့ အဲဒီထူးဆန်းတဲ့နယ်မြေကို ကြံစည်ရအောင် သူက တော်တော်သတ္တိရှိတာပဲ ။"
"သူက လနတ်သမီးနန်းတော်နဲ့ ဆက်စပ်မှုရှိပုံရတယ် ။"
အသံက တိုးတိုးလေး ပြောသည် ။
"လနတ်သမီးနန်းတော်လား ။"
ငါးမျှားသမားအဘိုးအိုက တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်၏။
"လနတ်သမီးနန်းတော်ဆိုရင်တော့ အဓိပ္ပာယ်ရှိပါတယ် ။ လနတ်သမီးနန်းတော်က အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေတာ ။ သူတို့သာ လမ်းစအသစ်တစ်ခုကို မြန်မြန်မရှာနိုင်ရင် ဆဋ္ဌမမြောက်ကောင်းကင်ဘုံကနေ ကျဆင်းသွားနိုင်တယ် ။"
"ကံမကောင်းတာက သူတို့ရဲ့ ကံကြမ္မာက ဆိုးနေတယ် ၊ အဲဒီထူးဆန်းတဲ့နယ်မြေကိုမှ သွားမျက်စိကျနေကြတယ် ။"
"အဲဒီနေရာက ဘာထူးခြားလို့လဲ ။ ယန်နတ်ဘုရား အတော်များများက အဲဒီနေရာကို ကြောက်ကြတယ်လို့ ကြားတယ် ။"
"အဲဒီနယ်မြေထဲမှာ မြင့်မြတ်အလင်းမျိုးနွယ်စုက အဖွဲ့ဝင်တစ်ယောက် နေထိုင်တယ်လေ ။"
"ဘာ... ဒဏ္ဍာရီလာ မြင့်မြတ်အလင်းမျိုးနွယ်စုလား ။"
ကောင်းကင်ဘုံကိုးထပ်တွင် နေထိုင်သော ယန်နတ်ဘုရားတစ်ပါးအနေဖြင့် သူ့ကို အံ့သြစေမည့်အရာမျိုးက လောကတွင် အနည်းငယ်သာ ရှိ၏။
သို့သော် ယခုမူ အဘိုးအိုးမှာ အမှန်တကယ် ထိတ်လန့်သွားသည် ။
မြင့်မြတ်သောအလင်းမျိုးနွယ်စုသည် ယန်နတ်ဘုရားများကြားတွင်ပင် တားမြစ်ထားသော ဖြစ်တည်မှု တစ်ခု ဖြစ်၏ ။
"မြင့်မြတ်အလင်းမျိုးနွယ်စု ဟုတ်လား ။ အဲဒီ ယန်နတ်ဘုရားရဲ့ အကြံအစည်ကတော့ အချည်းနှီးဖြစ်တော့မှာပဲ ။"
မြင့်မြတ် အလင်းမျိုးနွယ်စုသည် ထူးခြားပြီး ထူးဆန်းသော နယ်မြေများတွင် တွေ့ရလေ့ရှိသည် ။
သူတို့တွင် "မြင့်မြတ်အလင်းစကားတော်" ဟုခေါ်သော အလွန်အစွမ်းထက်သည့် စွမ်းရည်ရှိ၏ ။
ထိုအလင်းမျိုးနွယ်စုက မည်သည့်အရာကိုမဆို ပြောလိုက်ပါစေ ၊ ကြားရသူတိုင်းက အဲဒါကို လုံးဝယုံကြည်သွားကြသည် ။
တစ်ခါက နိမ့်ပါးသော ယန်နတ်ဘုရားတစ်ပါးသည် ထူးဆန်းသော နယ်မြေတစ်ခုသို့ ဝင်ရောက်သွားပြီး မြင့်မြတ်အလင်းမျိုးနွယ်ဝင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည် ။
ထိုသန့်ရှင်းသောအလင်းသက်ရှိက "ငါက မင်းရဲ့ အဖေပဲ " ဟု ပြောလိုက်သည် ။
ထို့နောက်... ထိုယန်နတ်ဘုရားသည် ၎င်းကို ယုံကြည်သွားခဲ့ပြီး တွေ့လေရာ၌ ၄င်းအား " အဖေ " ဟုခေါ်နေတော့သည် ။
မြင့်မြတ်အလင်းစကားတော်သည် ထိုမျှလောက်အထိ လွှမ်းမိုးချုပ်ကိုင်နိုင်၏။ ယန်နတ်ဘုရားများပင် မလွတ်နိုင်ပေ။
ထို့ကြောင့် မြင့်မြတ်သောအလင်းမျိုးနွယ်စု ပေါ်လာသည့် မည်သည့်နေရာကိုမဆို ယန်နတ်ဘုရားများက ရှောင်ကြဉ်ကြ၏ ။
သို့မဟုတ်ပါက အသက်ဆုံးရှုံးပြီး ထိုမျိုးနွယ်စုအတွက် အာဟာရဖြစ်သွားနိုင်သည် ။
"မြင့်မြတ်အလင်းမျိုးနွယ်စုကို တန်ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ။ အနည်းဆုံး တစ်ဆင့်မြင့်တဲ့ အဆင့်မှာ ရှိမနေရင် မင်း လှည့်စားခံရမှာပဲ ။ မင်း က ပိုသန်မာနေရင်တောင် လှည့်စားခံရဖို့ အခွင့်အရေး ရှိနေသေးတယ် ။"
ငါးမျှားသမားအဘိုးအိုက သက်ပြင်းချရင်းကာ ပြောရင်း ငါးမြှားကြိုးများကို ဆက်ချနေ၏ ။
"မြင့်မြတ်အလင်းစကားတော်က ကောင်းကင်ဘုံကိုးခုရဲ့ အမြင့်ဆုံးနိယာမတွေနဲ့ တန်းတူပဲ ၊ အဲဒါကို ခုခံဖို့က မဖြစ်နိုင်သလောက်ပဲ ။"
အခြား ယန်နတ်ဘုရားတစ်ဦးက ဖြည့်စွက်ကာ ဝင်ပြောလာသည် ။
"ငါက လနတ်သမီးနန်းတော်နဲ့ ဆက်နွှယ်မှုတချို့ ရှိတယ် ။ မြင့်မြတ်သော အလင်းမျိုးနွယ်စုအကြောင်း ဒီသတင်းကို သူတို့ဆီ ပေးပို့သင့်တယ် ။"
ငါးမျှားသမားအဘိုးအိုက တွေးတောရင်းမှ ပြောလိုက်သည် ။
လနတ်သမီးနန်းတော်က ဒါကို မသိသေးတာ ဖြစ်နိုင်တယ် ။ သိရင် အဲဒီထူးဆန်းတဲ့နယ်မြေကို ကြံစည်ဖို့ ယန်နတ်ဘုရားတစ်ပါးကို စေလွှတ်မှာ မဟုတ်ဘူး ။
"ကံမကောင်းတာက သူတို့ကို ပြောပြရင်တောင် နောက်ကျသွားပြီ ။"
"အဲဒီ ထူးဆန်းတဲ့နယ်မြေက အောက်ဘုံမှာ ရှိတာ ။ အောက်ဘုံကို ဆင်းသက်သွားတဲ့ ယန်နတ်ဘုရားတစ်ပါးဟာ အဲဒီနယ်မြေကို သိမ်းပိုက်ပြီး သူရဲ့ နတ်ဘုရားခန္ဓာကိုယ်အဖြစ် မပြောင်းလဲနိုင်မချင်း ပြန်လာလို့ မရဘူးလေ ။"
"နှမြောစရာပဲ ၊ လနတ်သမီးနန်းတော်က ယန်နတ်ဘုရား နောက်တစ်ပါးကို ဆုံးရှုံးရတော့မယ် ထင်တယ် ။ ခက်ခဲပါလား... ငါတို့တွေ မြင့်မြတ်နယ်မြေတစ်ခု ပြိုလဲတာကို ကြည့်နေရတော့မှာလား ။"
တိုးတိုးရေရွတ်သံများက အဆုံးမရှိသော သက်ပြင်းချသံများကို သယ်ဆောင်လာ၏ ။
ငါးဖမ်းသမားအဘိုးအိုမှာလည်း တိတ်ဆိတ်သွားပြီး အတွေးနက်နေတော့သည်။
.............
နှင်းများသည် အေးစက်ငြိမ်သက်စွာ ကျဆင်းနေပြီး အရာအားလုံး တိတ်ဆိတ်နေ၏ ။
ဇီးရိုးဝမ်းသည် မြစ်ကမ်းနားတွင် ရှဲ့ရှင်းစုကို ပွေ့ချီကာ ထိုင်နေသည် ။
ကျယ်ပြောသော မြစ်ပြင်ကြီးသည် ထူထဲသော ရေခဲလွှာများဖြင့် ဖုံးလွှမ်းထား၏ ။
ဝတ်စုံဖြူ ဝတ်ဆင်ထားသော ကျိယွမ်သည် နှင်းများကြားတွင် ရောနှောနေသဖြင့် ပတ်ဝန်းကျင်နှင့် ခွဲခြားရန် ခက်ခဲနေသည် ။
သူတို့၏ ပခုံးများပေါ်သို့ နှင်းများက တဖွဲဖွဲ ကျဆင်းနေခဲ့သည်။
ဇီးရိုးဝမ်း ၊ ရှဲ့ရှင်းစု နှင့် ကျိယွမ် ... အရာအားလုံး ဖြူဖွေးသွားသည်အထိ နှင်းများက ကျဆင်းနေ၏ ။
သို့သော် သူတို့သည် ရုပ်တုများအလား မည်သူမှ မလှုပ်ရှားခဲ့ကြပါ။
"လောကရဲ့ လမ်းစဥ်ပေါင်းစုံက... များလွန်းတယ်..."
ထိုအချိန်တွင် ကျိယွမ်က သက်ပြင်းချကာ မနေနိုင်စွာ ညည်းညူလိုက်သည် ။
နှင်းများတွင်လည်း ကိုယ်ပိုင်လမ်းစဥ် ရှိနေ၏ ။
စစ်မှန်မဟာဉာဏ်ပညာရှိက ပြောဖူးသည်။
နှင်းပွင့်များတွင် ပါးစပ်မရှိသောကြောင့် စကားမပြောနိုင်ခြင်း ဖြစ်သည်တဲ့ ။
ထို့ကြောင့် နှင်း၏လမ်းစဥ်ကို နားလည်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ ပါးစပ်ပါသော နှင်းပွင့်တစ်ပွင့်နှင့် ဆက်သွယ်ခြင်းပင် ။
သို့သော် အချိန်ကြာမြင့်စွာ ထိုင်စောင့်နေသော်လည်း ပါးစပ်ပါသော နှင်းပွင့်ကို ကျိယွမ်မတွေ့ ရသေးပါ။
"ဟေး နှင်းပွင့်လေး ၊ မင်းမှာ ဘာလို့ ပါးစပ်မရှိတာလဲ ။ ပါးစပ်မပါရင် မင်းရဲ့လမ်းစဥ်ကို ဘယ်လို ရှင်းပြမှာလဲ ။ မင်းရဲ့လမ်းစဥ်ကို ငါက ဘယ်လို နားလည်ရမှာလဲ ။ လောကကြီးက ငါ့ကို အမြဲတမ်း ခန့်မှန်းခိုင်းနေတာပဲ ။"
ကျိယွမ်က ပင်းပန်စွာ ရေရွတ်လိုက်သည် ။
နှင်းပွင့်များ၏ အတွေးများကို သူ မသိနိုင်ပါ။
ထို့ကြောင့် သူ့အတွက် လောက၏ လမ်းစဥ်ပေါင်းစုံမှာ ခန့်မှန်းချက်များသာ ဖြစ်နေ၏ ။
တစ်ချိန်လုံးငြိမ်သက်နေခဲ့သော ဇီးရိုးဝမ်းက ရယ်လိုက်သည် ။
"သခင် ၊ ဒီလောကမှာ ဘာမဆို ဖြစ်နိုင်ပါတယ် ။"
"ဘယ်သူသိမှာလဲ ၊ နောက်တစ်စက္ကန့်မှာ သခင်က လမ်းစဥ်ပေါင်းစုံကို နားလည်သွားပြီး အားလုံးကို သိသွားနိုင်တာပဲ ။"
အခြားသူတစ်ဦးဦးသာ ထိုစကားကို ကြားလျှင် ယုံကြည်မည် မဟုတ်ပေ ။
သို့သော် ကျိယွမ်ကမူ မတူပါ ။
သူက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည် ။
"မင်းပြောတာ မှန်တယ် ။ ဘာမဆို ဖြစ်နိုင်တယ် ။"
"နောက်တစ်စက္ကန့်မှာ လမ်းစဥ်ပေါင်းစုံက ငါ့ကို ချစ်မိသွားပြီး ပါးစပ်တွေပေါက်လာပြီး သူတို့ကိုယ်သူတို့ စတင်မိတ်ဆက်ကြလိမ့်မယ် ထင်တယ် ။"
ကျိယွမ်က ရူးကြောင်ကြောင် စိတ်ကူးယဉ်နေသည် ။
သူ၏ အံ့သြဖွယ် ဆွဲဆောင်မှုကြောင့် လမ်းစဥ်ပေါင်းစုံက သူ့ကို ချစ်မိသွားခြင်းက ပုံမှန်ပင် ။
ငါက တော်တော်ချောတာကို ။
နောက်ဆုံးတော့ ဒါက ဂိမ်းတစ်ခုပဲ မဟုတ်လား ။
ဂိမ်းထဲမှာ ဘာမဆို ဖြစ်နိုင်၏ ။
ဒီဂိမ်းက အမှန်တကယ်တော့ အချစ်ဇာတ်လမ်း ဖြစ်နေရင် ပိုတောင်ဖြစ်နိုင်သေးတယ် ။
ထိုအချိန်တွင် တုန်ယင်နေသော အသံတစ်ခု ထွက်ပေါ်လာသည် ။
"မစ္စတာ ကျိ။"
ချီယွမ် လှည့်ကြည့်လိုက်ရာ အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရသည် ။
သူမသည် ငယ်ရွယ်နုပျိုစွာ ဝတ်ဆင်ထားပြီး သူမ၏ သွယ်လျသော ခြေထောက်များတွင် အနွေးခြေအိတ် ဝတ်ဆင်ထား၏ ။
"ဒေါက်တာ ကျုံးမြောင် ၊ မတွေ့တာ ကြာပြီနော် ။"
ကျိယွမ်က သူမအားတည်ငြိမ်စွာ နှုတိဆက်လိုက်၏။
သူ့ကို ခေါ်လိုက်သူမှာ တစ်ချိန်က သူ၏ စိတ်ရောဂါအတွက် ကုသပေးခဲ့သော ဆရာဝန်မလေး ဒေါက်တာ ကျုံးမြောင်ဖြစ်သည် ။
နောက်ပိုင်းတွင် သူမသည်လည်း ကျင့်ကြံခြင်းလမ်းစဥ်ပေါ်သို့ ရောက်ရှိလာခဲ့၏ ။
နှစ်အနည်းငယ်အတွင်း သူမသည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အမြုတေဖွဲ့စည်းရန်တစ်လှမ်းသာ လိုတော့သည် ။
"မစ္စတာ ကျိ၊ ကျွန်မ... အကူအညီတစ်ခု တောင်းချင်လို့ပါ ။"
ကျုံးမြောင်က တုန်တုန်ရင်ရင်ဖြင့် ပြောသည် ၊ သူမသည် သူ့ကို လာရှာရန် သတ္တိများစွာ မွေးခဲ့ရပုံပင် ။
"ပြောပါ ။"
ကျိယွမ်၏ အကြည့်မှာ ကြည်လင်ကာ တည်ငြိမ်နေသည် ။
"မကြာသေးမီက ကျွန်မရဲ့ အိပ်မက်ဆိုးတွေ ပိုဆိုးလာတယ်..."
ကျုံးမြောင်သည် ကျိယွမ်ကို သူမ၏ အိပ်မက်ဆိုးများအကြောင်း ပြောပြဖူးသည် ။
သူမ၏ အိပ်မက်ထဲတွင် သူမနှင့် ရုပ်ချင်းတူသော အမျိုးသမီးများစွာက သူမကို ဓားများဖြင့် ထိုးကြ၏ ။
ထိုစဉ်က ကျိယွမ်က သူမကို ကျောက်ကပ်အားနည်းနေခြင်း ဖြစ်သည်ဟု ရောဂါရှာဖွေပေးခဲ့သည် ။
ယခု ထိုအိပ်မက်ဆိုးက ပြန်ရောက်လာပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုရှင်းလင်းလာသည် ။
"မင်းရဲ့ ကျောက်ကပ်အားနည်းတာ ပိုဆိုးလာပြီပဲ ။"
ကျိယွမ်က မှတ်ချက်ချကာ ရယ်လိုက်သည် ။
ကျုံးမြောင်မှာ ငိုမဲ့မဲ့ဖြစ်သွားရှာသည် ။
သူမက "အစ်ကိုကြီး ၊ ရှင်က ကြယ်တစ်လုံးကိုတောင် ဝါးမြိုခဲ့တာလေ ၊ အခုထိ ကျွန်မကို ကျောက်ကပ်အားနည်းနေတုန်းပဲလို့ ထင်နေတာလား ။" ဟု ပြောချင်နေသည် ။
သို့သော် ယခုမူ သူမ စတင်စဉ်းစားလာမိသည်။
ငါ တကယ်ပဲ ကျောက်ကပ်အားနည်းနေတာလား ။
"မစ္စတာ ကျိ ၊ ကျောက်ကပ်အားနည်းတာကို ကုလို့ရလား ။"
သူမက အိပ်မက်ဆိုးများကြောင့် နှိပ်စက်ခံနေရသဖြင့် ကျိယွမ်၏ အကူအညီကို အသည်းအသန် လိုချင်နေ၏ ။
"ရိုးရှင်းပါတယ် ၊ မင်းကို သတ်ဖို့ ကြိုးစားနေတဲ့သူတွေကိုသာ သတ်ပစ်လိုက်ပါ ။"
"ဟင် ။"
ကျုံးမြောင် ဇဝေဇဝါ ဖြစ်သွားပြီး ကျိယွမ်အားငေးကြည့်နေသည် ။
ကျိယွမ်က ကောင်းကင်ကို မော့ကြည့်ကာ တိုးတိုးရေရွတ်၏။
"မကြာခင်မှာ တောင်နဲ့မြစ်ပန်းချီကားထဲကတခြားကမ္ဘာတွေ ဒီကမ္ဘာမှာ ပေါ်လာတော့မယ် ။
"အဲဒါတွေကို မင်းရဲ့ အခြားကမ္ဘာက ကိုယ်ပွားတွေလို့ပဲ သဘောထားလိုက်ပါ ။"
"သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် သတ်ကြလိမ့်မယ် ၊ တစ်ယောက်ပဲ ကျန်တော့တဲ့အထိပေါ့ ။"
"ရှင်"
ကျုံးမြောင် အံ့အားသင့်သွားပြီး အလွန်အမင်းလည်း ထိတ်လန့်သွားသည် ။
သူမ၏ အခြားကိုယ်ပွားများက သူမကို သတ်ရန် ကြိုးစားကြမည်လား ။
"ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ။"
ကျိယွမ်က ပြုံးလိုက်သည် "ငါ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားမဖြစ်မချင်း ၊ ကမ္ဘာတွေ ပေါင်းစည်းမှာ မဟုတ်ဘူး ။"
"ပြီးတော့ ပေါင်းစည်းပြီးရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ ။"
ဒီဂိမ်းရဲ့ ဘော့စ် ဖြစ်သော အရှေ့ဘက်သခင်နှင့်ပတ်သက်၍ ကျိယွမ်သည် သတိထားနေဆဲ ဖြစ်သည် ။
ဂိမ်းတိုင်းမှာ အမြဲတမ်း နောက်ဆုံးဘော့စ် ရှိသည် ။
ဒီဂိမ်းမှာ ဘယ်သူက ဘော့စ်နဲ့ အတူဆုံးလဲ ။
သူ၏ ဂိမ်းကစားလာသော အတွေ့အကြုံများအရ အရှေ့ဘက်သခင် ဖြစ်သည်မှာ ထင်ရှား၏ ။
သံသယဖြစ်စရာအကောင်းဆုံးအချက်မှာ အရှေ့ဘက်သခင် စကားပြောသည့်အခါတိုင်း သူ၏စကားများသည် ခုခံ၍မရသော ဆွဲဆောင်မှုများပါဝင်နေပြီး ကြားရသူတိုင်းကို ယုံကြည်သွားစေခြင်း ဖြစ်သည် ။
ထိုသို့သာ မဟုတ်လျှင် ကျိယွမ်သည် အရှေ့ဘက်သခင်က မကောင်းမှုအရင်းအမြစ်များကို တိုက်ခိုက်ပြီး ကမ္ဘာကြီးကို ကယ်တင်နေသည်ဟု တကယ် ယုံကြည်သွားနိုင်၏ ။
သို့သော် ယခုမူ ကျိယွမ်၏ ပင်ကိုယ်သိစိတ်က အရှေ့ဘက်သခင်သည် လူလိမ်ကြီးတစ်ဦးဖြစ်ကြောင်း ပြောနေသည် ။
သူ၏ စကားများသည် မှားယွင်းနေ၏ ။
ထိုအခါ အဖြေထွက်လာသည်။
ကျိယွမ်ကို လှည့်စားရန် ကြိုးစားသူတိုင်းက လူဆိုးဖြစ်သည် ။
သူက လှပတဲ့ အမျိုးသမီးတစ်ယောက် တကယ်ဖြစ်နိုင်မလား ။
ကမ္ဘာကြီးကို ကယ်တင်ဖို့လား ။
ဒီကမ္ဘာကြီးက ကျိယွမ်ပိုင်တာ ဖြစ်သည် ။
နောက်ဆုံးအချိန်၌ သူ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာလျှင် ဒီကမ္ဘာက သူ့ဟာဖြစ်လာမည် ။
ထို့အပြင် ကမ္ဘာကြီး ပျက်စီးသွားလျှင် သူက နေရင်းထိုင်ရင်း လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား အဆင့်ကနေ ကျဆင်းသွားပေလိမ့်မည် ။
ထိုနတ်ဘုရားဖြစ်ရန် သူမည်မျှ အပင်ပန်းခံနေရသနည်း။
ငါဒီလောက်ကြိုးစားထားတာကို လျာတစ်ချောင်းတည်းနဲ့ လုပ်စားနေတဲ့သူက ဖျက်ဆီးတာ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
ထိုကြောင့် သူကိုယ်တိုင် ကယ်တင်မည် ဖြစ်သည် ။
ကျိယွမ်က သူ့ကိုယ်သူ သူ့ဘာသာကယ်တင်ရပေလိမ့်မည် ။
မကောင်းမှုအရင်းအမြစ်မိစ္ဆာက သန်မာပုံရသော်လည်း ၎င်းသည် သူ၏ နှလုံးသားနတ်ဆိုးနိုးထခြင်းစွမ်းရည်နှင့် ဆင်တူသော မူလအစ ရှိ၏ ။
အချိန်တန်လျှင် ကျိယွမ်က သူ၏ "မဟာမေ့လျော့ခြင်းစိတ်ကျမ်း"ကို ထုတ်ဖော်ပြီး အရင်းအမြစ်မိစ္ဆာကို "ငါက မင်းရဲ့ အဖေပဲ ။" ဟု ပြောလိုက်မည် ဖြစ်သည် ။
ထိုအခါ အရင်းအမြစ်မိစ္ဆာက ဒီကမ္ဘာကို ကျူးကျော်မှာ မဟုတ်တော့ပေ ။
သားဖြစ်သူက အဖေ၏ကမ္ဘာကို မကျူးကျော်လောက်ဟု သူမှန်းဆ၏။
အရင်းအမြစ်မိစ္ဆာက မကျူးကျော်လျှင် ကမ္ဘာကြီးကလည်း ပျက်စီးမှာ မဟုတ်တော့ပေ။
ဒါဆို ဘာလို့ သတ်ဖြတ်ပြီး အရှေ့ဘက်သခင်ကို ထောက်ခံနေရဦးမှာလဲ ။
ကျိယွမ်တွင် ကိုယ်ပိုင်အစီအစဉ်များ ရှိပါသည် ။
ကျုံးမြောင်နှင့်စကားပြောရင်း ကျိယွမ်က လောကကြီးကို အေးဆေးစွာ အမိန့်ပေးလိုက်၏။
"ငြိမ်သက်စေ ။"
တစ်ချိန်တည်းမှာပင် မူလဇစ်မြစ်နယ်မြေတွင်ဖြစ်သည်။
အရှေ့ပိုင်းမဟာမိတ်အဖွဲ့အတွင်းရှိ မရေမတွက်နိုင်သော သိုင်းနတ်ဘုရားများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည် ။
"ဘာဖြစ်တာလဲ ။ ကမ္ဘာတွေ ပေါင်းစည်းတဲ့ ဖြစ်စဉ်က ဘာလို့... ရပ်တန့်သွားတာလဲ ။"
"ဘာတွေ ဖြစ်နေတာလဲ ။"
"အဆုံးသတ်နယ်မြေမှာ တောင်နဲ့မြစ်ပန်းချီကား ကမ္ဘာတွေ လာပြီးပေါင်းစည်းတာကို ခုခံနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု ရှိနေတယ် ။"
"ဘယ်သူ ဖြစ်နိုင်မလဲ ။"
"ကောင်းကင်ဘုံအရှင် ကျိယွမ်လား ။"
သိုင်းနတ်ဘုရားများသည် ကျိယွမ်ကို ချက်ချင်း သတိရလိုက်ကြသည် ။
ကျိယွမ်တစ်ယောက်သာ ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိ၏ ။
"ကောင်းကင်ဘုံအရှင်က ဘာလုပ်နေတာလဲ ။ သူက ဘာလို့ အရှေ့ဘက်သခင်ရဲ့ အစီအစဉ်ကို ဖျက်ဆီးနေတာလဲ ။"
"သိသာနေတာပဲ မဟုတ်လား ။ တောင်နဲ့မြစ်ပန်းချီထဲမှာတုန်းကလည်း သူက ကောင်းကင်ပြုပြင်နန်းဆောင် ရဲ့ တိုးတက်မှုကို နှောင့်ယှက်ခဲ့တာပဲ ။"
"သူက အရှေ့ဘက်သခင်ကို ပစ်မှတ်ထားနေတာ ရှင်းနေပြီ ။ သူက ဒီကမ္ဘာကြီးကို ဖျက်ဆီးချင်နေတာ ။"
"မဖြစ်နိုင်တာ ။ ကောင်းကင်ဘုံအရှင်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး ။"
သိုင်းနတ်ဘုရားများသည် အချင်းချင်း ငြင်းခုံနေကြပြီး သံသယများနှင့်အတူ ခန့်မှန်းချက်များဖြင့် ပြည့်နှက်လာ၏
အချို့က ဒါဟာ နားလည်မှုလွဲတာလို့ ထင်ကြပြီး အချို့ကတော့ ကျိယွမ်က တိတ်တဆိတ် ဝင်ရောက်နှောင့်ယှက်နေတာလို့ ယုံကြည်ကြသည် ။
ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာ၏ ။
"မင်းတို့ပြောတာ မှန်တယ် ၊ တောင်နဲ့မြစ်ပန်းချီကားထဲကကမ္ဘာတွေ ပေါင်းစည်းတာကို ငါ တားနေတာပဲ ။"
စကားသံနှင့်အတူ ဝတ်ရုံရှည်ဝတ်ဆင်ထားသော ကျိယွမ် ပေါ်လာခဲ့သည် ။
ဇီးရိုးဝမ်းသည် ကြောင်တစ်ကောင်ကို ပွေ့ချီကာ သူ့နောက်တွင် ရပ်နေပြီး ကြောင်ကလေး၏ မျက်လုံးများကတော့ လောကကြီးကို စူးစမ်းလိုစိတ်များဖြင့် ပြည့်နေ၏ ။
"ကောင်းကင်ဘုံအရှင် ၊ ခင်ဗျား ဘာလုပ်နေတာလဲ ။"
သမင်နက်သခင်က မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည် ။
"ငါ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာရင် ကမ္ဘာတွေကို ပေါင်းစည်းခွင့်ပေးမယ် ။"
ကျိယွမ်က ပြန်ဖြေ၏။
"အခုချိန် ပေါင်းစည်းသွားရင် လမ်းစဥ်တွေက များလွန်းပြီး ငါ့အချိန်တွေ အများကြီး ကုန်သွားလိမ့်မယ် ။"
ကျိယွမ်က ပြောရင်းမှ ပျင်းရိလာသဖြင့် သမ်းဝေလိုက်သည် ။
ကမ္ဘာတစ်ခုစီမှ လမ်းစဥ်များကို လေ့လာရန်ကပင် တော်တော်များပြားလွန်းနေလေပြီ ။
ကမ္ဘာများသာ ပေါင်းစည်းကုန်ပါက လမ်းစဥ်များရောထွေးကုန်ပြီး ပို၍ရှုပ်ထွေးသွားပေလိမ့်မည်။
"ကောင်းကင်ဘုံအရှင် ၊ ဒါက လုံးဝ မဖြစ်သင့်ပါဘူး ။ ပေါင်းစည်းခြင်းမရှိဘဲ အရှေ့ဘက်သခင်ရဲ့ လက်တွဲဖော်ကို ပြန်လည်နိုးထစေလို့ မရဘူးလေ ။ အဲဒါမရှိဘဲ ကျုပ်တို့ ဘယ်လိုလုပ်... အရှေ့ဘက်သခင်ကို ကူညီပြီး မဟာကပ်ဘေးကို ရင်ဆိုင်မလဲ ။"
"အဲဒီလိုဆို အရုဏ်ဦးတေးသံ စတဲ့အခါ ကျွန်တော်တို့အားလုံး သေကြရလိမ့်မယ် ။"
ကျိယွမ်က အရေးမကြီးသလို ပြုံးလိုက်သည် ။
"အရှေ့ဘက်သခင်ရဲ့ အဖော်ကို ပြန်နိုးထခိုင်းဖို့ မလိုပါဘူး ။ မဟာကပ်ဘေးကို ငါကိုယ်တိုင် ဖြေရှင်းမယ် ။"
"မဖြစ်ဘူး....၊ ကောင်းကင်ဘုံအရှင် ... အရှေ့ဘက်သခင်က သူ့လက်တွဲဖော်ကို ပြန်နိုးထစေမှသာ ကပ်ဘေးကို ဖြေရှင်းနိုင်မယ်လို့ ပြောထားတယ်လေ"
" ခင်ဗျားရဲ့ ခွန်အားက ကြီးမားပေမဲ့ ကပ်ဘေးကို ရင်ဆိုင်ဖို့ မလုံလောက်နိုင်ဘူး ။"
သမင်နက်သခင်က စိုးရိမ်တကြီး ပြောလိုက်သည် ။
ကျိယွမ်က လမ်းမှားကို ရောက်နေမှာကို သူ တကယ် စိုးရိမ်နေ၏ ။
"ငါက မဟာကပ်ဘေးကို တိုက်တောင်မတိုက်ရသေးဘူး ။ ငါ မသန်မာဘူးဆိုတာ မင်းတို့က ဘယ်လိုကြိုသိတာလဲ ။"
ကျိယွမ်က စိတ်ပျက်သလို မေးလိုက်၏ ။
"အရှေ့ဘက်သခင်က ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက သူ့လက်တွဲဖော်ကို ပြန်နိုးထစေဖို့ပဲလို့ ပြောထားတယ် ။"
ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားကြီးတစ်ပါးက ပြတ်ပြတ်သားသား ပြောသည် ။
"ခင်ဗျား သွားရင်လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး ။"
"ဒါဆို...အရာအားလုံးကို သိပြီး အရာအားလုံးကို လုပ်နိုင်တဲ့ နတ်ဘုရားတစ်ပါးရှိရင်ရော.. သူက ကမ္ဘာကြီးကို ကယ်တင်နိုင်မလား ။"
ကျိယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည် ။
"လုံးဝ မဖြစ်နိုင်ဘူး ။"
ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားကြီးက ယုံကြည်ချက်အပြည့်ဖြင့် ချက်ချင်းဖြေ၏ ။
"ဟုတ်တယ် ..လုံးဝ မဖြစ်နိုင်ဘူး ။"
အခြားသိုင်းနတ်ဘုရားများကလည်းမဆိုင်းမတွ ထောက်ခံကြသည် ။
"စိတ်ဝင်စားစရာပဲ ၊ တကယ် စိတ်ဝင်စားစရာပဲ ။"
ကျိယွမ်သည် သူ၏ သံသယများအတွက် ယခုအခါ သေချာသွားပြီ ဖြစ်သည် ။
"ငါ စပြီး နားလည်လာပြီ ။"
သူက ခေါင်းတညိတ်ညိတ်လုပ်နေ၏။
"ကောင်းကင်ဘုံအရှင် ၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပါ ။"
"ခင်ဗျားရဲ့ တစ်ကိုယ်ရေဆန္ဒတွေကြောင့် အရှေ့ဘက်သခင်ရဲ့ အစီအစဉ်ကို မဖျက်ဆီးပါနဲ့ ။"
ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားက အလေးအနက် မေတ္တာရပ်ခံသည် ။
ကျိယွမ်က လူအုပ်ကြီးအား ပျင်းရိစွာကြည့်ပြီး ပြန်ပြောလိုက်သည်။
"မင်းတို့ရဲ့ အရှေ့ဘက်သခင်အပေါ် ယုံကြည်မှုက အလွန်အကျွံ ဖြစ်မနေဘူးလား ။"
"အဲဒီလို မျက်ကန်းယုံကြည်မှုက ကျန်းမာရေးနဲ့ မညီညွတ်ဘူးနော် ။"
"တစ်ခုခု ထူးဆန်းနေတယ်လို့ မထင်ဘူးလား ။"
"အရှေ့ဘက်သခင်က မင်းတို့ကို ဦးနှောက်ဆေးထားတာ ရှင်းနေတာပဲ ။"
"အရာအားလုံးသိပြီး အရာအားလုံးကို လုပ်နိုင်တဲ့ နတ်ဘုရားတစ်ပါးတောင် မဖြေရှင်းနိုင်တဲ့အရာကို အရှေ့ဘက်သခင်က ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ ၊ မင်းတို့ ပြန်လည်းစဥ်းစားကြဦး "
"ဒါက ရယ်စရာကောင်းပြီး ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ် ။"
သူကထိုသို့ပြောပြီးနောက် လူအုပ်ကြီးကို ပြတ်သားစွာကြည့်လိုက်၏။
"အခု ဦးနှောက်ဆေးမခံရဘဲ လွတ်လပ်တဲ့စိတ်နဲ့ တွေးခေါ်တာက ဘယ်လိုလဲဆိုတာ ငါ မင်းတို့ကို ပြမယ် ။"
"အဘိုးကြီးရှန်းလဲ့ ဒီကို လာခဲ့ဦး ။ ခင်ဗျားကို မေးစရာ ရှိတယ် ။"
ကျိယွမ်က အမှန်တရားကို ဖော်ထုတ်ပြရန်အတွက် လက်တွေ့ပြသရန်ဆုံးဖြတ်လိုက်သည် ။
သူ၏ခေါ်သံနှင့်မရှေးမနှောင်းမှာပင် အဘိုးကြီးရှန်းလဲ့ ပေါ်လာ၏ ။
သိုင်းနတ်ဘုရားများက နားမလည်သော်လည်း ကျိယွမ် ဘာဆက်လုပ်မလဲဆိုတာကို သိချင်စိတ်ဖြင့် အသက်အောင့်ကာ စောင့်ကြည့်နေကြ၏ ။
"အရာအားလုံးသိပြီး အရာအားလုံးကိုတတ်နိုင်တဲ့ နတ်ဘုရားတစ်ပါးတောင် ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ သူတို့က ပြောကြတယ် "
သူက ရှန်းလဲ့အား မေးလိုက်၏။
"ဒါပေမဲ့ ကျုပ်က အဲဒါကိုဖြေရှင်းနိုင်ပါတယ်လို့ ပြောရင်...ခင်ဗျား ကျုပ်ပြောတာကို ယုံမလား "
ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် မေးလိုက်သည် ။
အဘိုးကြီးရှန်လဲ့သည် ဤသိုင်းနတ်ဘုရားများအတွက် စံနမူနာကောင်းတစ်ခု ဖြစ်လာပြီး သူတို့ ဦးနှောက်ဆေးခံထားရတာကို သဘောပေါက်သွားစေလိမ့်မည်ဟု သူက သေချာပေါက် ယုံကြည်၏ ။
အဘိုးကြီးရှန်းလဲ့က ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေသည်။
"ကျွန်တော်... ခင်ဗျားကို ယုံကြည်ပါတယ် ။"
"ငမ်..."
ကျိယွမ်မှာ ဘာဆက်ပြောရမှန်း မသိအောင်ဖြစ်သွားတော့သည်။
အရာအားလုံးကိုတတ်နိုင်တဲ့ နတ်ဘုရားတောင်မလုပ်နိုင်တဲ့ဟာပါလို့ ကြိုပြောထားတာကို ၊ ငါကလုပ်နိုင်တယ်လို့ပြောတာ ယုံစရာလား ။
.....................