← Chapters

အခန်း (၃၇၈-၃၇၉)

Vol. 35 Ch. 378-379

အခန်း (၃၇၈-၃၇၉)

Vol. 35 Ch. 378-379

အခန်း ၃၇၈ - အုပ်စုလိုက်ဓာတ်ပုံ၊ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားနယ်ပယ်

ထိုနေရာရှိ လေထုမှာ ရုတ်တရက် လေးလံငြိမ်သက်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်သည်အထိ ဖြစ်နေသည်။

"ဟဲဟဲ... ဆောရီး၊ မေးတာမှားသွားလို့။ ပြန်ကြိုးစားကြည့်မယ်... အဟမ်း အဟမ်း။"

ကျိယွမ်က အိုးတို့အမ်းတန်းဖြင့် ချောင်းဆိုးကာ ရယ်မောလိုက်သည်။

ပြောရလျှင် သူကိုယ်တိုင်လည်း ဆွံ့အသွား၏။

အဖိုးကြီးရှန်းလဲ့၏ ဦးခေါင်းကို ခွဲကြည့်ပြီး အတွင်းထဲတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကိုပင် သူကြည့်လိုက်ချင်မိသည်။

သူလို အားကိုးရာမဲ့သော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူလေးတစ်ဦးက အရာအားလုံးကို သိမြင်ပြီးတတ်စွမ်းသည့် နတ်ဘုရားတစ်ပါးနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

"မိတ်ဆွေတို့...ဒါက မတော်တဆဖြစ်ရပ်တစ်ခုပါ။ အဖိုးကြီး ရှန်းလဲ့က ငါနဲ့တော်တော်လေး ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်လေ၊ ငါက သူ့အသက်ကို တစ်ခါကယ်ဖူးလို့ သူက ငါ့ကို ယုံကြည်နေတာက ပုံမှန်ပါပဲ။"

သိုင်းနတ်ဘုရားများသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကျိယွမ်ကို ကြည့်နေကြ၏။

ထိုသူများထဲတွင် သမင်နက်သခင်၏ အကြည့်ကတော့ အေးစက်နေသည်။

"ခင်ဗျားပြောသလိုဆို သူကလည်း ခင်ဗျားရဲ့ ဦးနှောက်ဆေးတာကို ခံထားရတာလို့ ကျွန်တော်ယုံကြည်တယ်.၊ ကောင်းကင်အရှင်....အရာရာတိုင်းကို သိမြင်ပြီးတတ်စွမ်းတဲ့ နတ်ဘုရားတစ်ပါးတောင် မလုပ်နိုင်တဲ့အရာကို ခင်ဗျားက ဘယ်လိုလုပ်ပြီး ပြီးမြောက်အောင်မြင်နိုင်မှာလဲ။"

သိုင်းနတ်ဘုရားအချို့ကလည်း ရှေ့သို့တက်လာပြီး ထုတ်ပြောလာကြ၏။

"လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးရုံနဲ့ အချက်အလက်တွေကို လျစ်လျူရှုဖို့ ဆင်ခြေပေးလို့ ရနိုင်လို့လား။"

သူတို့၏စကားများကို ကြားလိုက်ရချိန်တွင် ကျိယွမ်မှာ ထိန်းမထားနိုင်တော့ပါ။

"မင်းတို့ နည်းနည်းတော့ ဟန်ဆောင်လွန်းမနေဘူးလား။ အရှေ့ဘက်သခင် က အရာရာကိုသိမြင်ပြီးတတ်စွမ်းတဲ့ နတ်ဘုရားတစ်ပါး မလုပ်နိုင်တာကို လုပ်နိုင်ရင်၊ ငါကရော ဘာလို့ မလုပ်နိုင်ရမှာလဲ။"

သူ အတော်လေး မကျေမနပ် ဖြစ်သွားသည်။

သူက အရာရာကို သိမြင်ပြီးတတ်စွမ်းသည့် နတ်ဘုရားတစ်ပါးကဲ့သို့ မသန်မာပါ။

သို့သော် ဤအရှေ့ဘက်သခင်မှာလည်း ထိုကဲ့သို့သော အရာရာသိ ၊ အရာရာတတ်နေသောနတ်ဘုရားတစ်ပါး မဖြစ်နိုင်ပေ။

ကျိယွမ်က သူ့ကို ဘာကြောင့် မယှဉ်နိုင်ရမည်နည်း။

သူ၏ စကားများကြောင့် သိုင်းသခင်များမှာ ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားကြသည်။

မကြာမီမှာပင် ဘွဲ့တံဆိပ်ရ အမျိုးသမီး သိုင်းနတ်ဘုရားတစ်ဦးက စကားဆိုလာ၏။

"ကောင်းကင်ဘုံအရှင်.......ရှင်ရဲ့ ခွန်အားက ကြီးမားပါတယ်၊ ဒါပေမဲ့ အရှေ့ဘက်သခင်က... သူက ထူးခြားတဲ့ တည်ရှိမှုတစ်ခုပါ။ သူ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှသာ ဒီကမ္ဘာကြီးကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။"

အခြားသော သိုင်းနတ်ဘုရားများကလည်း သူမ၏ယုံကြည်ချက်ကို ထပ်ဆင့်ထောက်ခံကြ၏။

"ကောင်းကင်ဘုံအရှင်.. ခင်ဗျားရဲ့ စွမ်းအားက အံ့မခန်းပါပဲ၊ ခင်ဗျား ကျွန်တော်တို့ကို အတင်းအကျပ် အညံ့ခံခိုင်းလို့ရချင်ရမယ် ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကိုတော့ မပြောင်းလဲနိုင်ပါဘူး။"

သူတို့သည် သေသည်အထိ အရှေ့ဘက်သခင်အပေါ် ဆက်၍ သစ္စာရှိနေကြမည့်ပုံပင်။

မည်မျှပင် အကျိုးသင့်အကြောင်းသင့် ရှင်းပြပါစေ လက်ခံမည်ဟန်မရှိပါ။

အကယ်၍ အခြားသူသာဆိုလျှင် ဒေါသထွက်နေသည်မှာ ကြာလှပြီ ဖြစ်သည်။

သို့သော် ကျိယွမ်ကတော့တည်ငြိမ်နေဆဲပင်။

သူက သစ္စာရှိလူအုပ်ကြီးအား ကြည့်ပြီး ထပ်မေးလိုက်သည်။

"တကယ်လို့ ငါက အရှေ့ဘက်သခင်ရဲ့ လုပ်ရပ်တွေက တကယ်တော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ မဟုတ်ဘူးလို့ ပြောရင် မင်းတို့ ဘာပြောမလဲ။"

သူက စိတ်ဝင်စားစွာ မေးလိုက်၏။

မဟာဉာဏ်ပညာရှိပြောခဲ့သည့် နက်နဲသော အမှန်တရားများကို သူ ပြန်လည်အမှတ်ရမိသည်။

အရှေ့ဘက်သခင်၏ ဆွဲဆောင်နိုင်စွမ်းရှိသောစွမ်းအားမှာ မြင့်မြတ်သောအမှန်တရားတစ်မျိုး ဖြစ်နိုင်လား။

သူအလွန်သိချင်၏။

"မဖြစ်နိုင်ဘူး"

"သူက ကမ္ဘာကြီးကို ကယ်တင်ဖို့ အခုလိုကြိုးစားနေခဲ့တာ ၊ သူဘယ်လောက်တိုက်ခိုက်နေရတယ်ဆိုတာ အားလုံးသိတယ် ၊ ခင်ဗျားလည်း မြင်ပြီးပြီပဲ"

"အရှေ့ဘက်သခင်က ဘယ်တော့မှ မုသားမပြောဘူး။ သူ ဒီလိုလုပ်ဆောင်နေတာက ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်အောင် ကယ်တင်နိုင်ဖို့အတွက်ပဲ ဖြစ်မှာ။"

သိုင်းနတ်ဘုရားများက ပို၍စိတ်လှုပ်ရှားလာကာ စိတ်အားထက်သန်စွာ ဖြင့် တစ်ယောက်ပြီးတစ်ယောက်ငြင်းကြသည်။

ကျိယွမ်အပေါ် ယဉ်ကျေးပျူငှာခဲ့သော သမင်နက်သည်ပင် ယခုအခါ လုံးဝခြားနားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

သူတို့အားလုံး ဦးနှောက်ဆေးခံထားရသည်မှာ သေချာသလောက်ပင်။

လက်ရှိအနေအထားအရ သူတို့သည် အစွန်းရောက် ဘာသာရေးဂိုဏ်းဝင်များထက်ပင် ပိုဆိုးနေသည်။

သူတို့အား ဆင်ခြင်တုံတရားဖြင့် ဆွေးနွေး၍ မရနိုင်ပါ။

တစ်ခုတည်းသော ဖြေရှင်းချက်မှာ...

ကျိယွမ်က ပုခုံးတွန့်လိုက်ပြီး ပျင်းရိစွာဖြင့် ပြောလိုက်သည်။

"အေး...မင်းတို့ရဲ့ဆရာကြီးအရှေ့ဘက်သခင် ဘာပြောပြော ငါ့ကိစ္စ မဟုတ်ဘူး။ ငါကတော့ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားမဖြစ်သေးသရွေ့တော့ ကမ္ဘာလောကတွေကို ပေါင်းစည်းခွင့် မပေးနိုင်ဘူး"

" ပြီးတော့ ဒီကမ္ဘာကြီးကိုလည်း... အခုလောလောဆယ် ငါကာကွယ်နေတယ်။ပေါင်းချင်တယ်ဆိုတဲ့သူတွေ ကြိုးစားကြည့်လို့ရတယ်"

ကျိယွမ်အတွက်မူ ဂိမ်း၏တာဝန်များက သူတစ်ခါမှပင် မတွေ့ဖူးသည့် အရှေ့ဘက်သခင်ဆိုသော လူလိမ်ထက် ပို၍ အရေးကြီးသည်။

ထို့အပြင် မိမိကိုယ်ကိုယ် ပြန်လည် လှည့်ဖြားနိုင်သည်အထိ ယုံကြည်လက်ခံနိုင်သော မုသားစကားကို ပြောနိုင်သူသည် မည်သို့မျှ လူကောင်းတစ်ယောက် မဖြစ်နိုင်ပါ။

ကံကောင်းထောက်မစွာဖြင့် ကျိယွမ်၏ နှာခေါင်းသည် အမှန်တရားကို အမြဲတမ်း အနံ့ခံနိုင်၏။

အရှေ့ဘက်သခင် ဘာတွေပဲ ကြံစည်နေပါစေ၊ ကျိယွမ် ဂရုမစိုက်ပါ။

သို့သော် သူ၏ဂိမ်းတာဝန်များကို နှောင့်ယှက်လာလျှင်တော့ အရှေ့ဘက်သခင်တွေ ၊ အနောက်ဘက်သခင်တွေနားမလည်ပါ ။ သူက ခွင့်လွှတ်မည် မဟုတ်ပေ။

သူရဲကောင်းသည် ရောက်ရှိလာပြီဖြစ်ပြီး ​ရန်သူဘော့စ်ကို တစ်ဦးတည်း ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေလေပြီ။

"ငါပြောချင်တာ ဒါပဲ ၊ တကယ်လို့ မင်းတို့ရဲ့ အရှေ့ဘက်သခင်မှာ တစ်စုံတစ်ရာ ကန့်ကွက်စရာရှိရင် ငါ့ဆီကို လာခိုင်းလိုက်။"

ကျိယွမ်က ထိုသို့ပြောပြီးနောက် သူ၏ လက်စကို ခါလိုက်ရာ သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။

သူက အဆုံးသတ်နယ်မြေသို့ ပြန်သွားခြင်းဖြစ်သည်။

အရှေ့ဘက်မဟာမိတ်အဖွဲ့မှ သောင်းဂဏန်းနီးပါးရှိသော သိုင်းနတ်ဘုရားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် ကျန်ရစ်ခဲ့၏။

"ကောင်းကင်ဘုံးအရှင်က... လမ်းမှားရောက်သွားပြီ။"

"ဒါမှမဟုတ် သူက မဟာကပ်ဘေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာလား။"

"ငါတို့ အရှေ့ဘက်သခင်ရဲ့ လမ်းညွှန်မှုအောက်မှာ ကမ္ဘာကြီးကို အကြိမ်ကြိမ် ပြန်လည်စတင်ခဲ့ပြီးပြီ။ ဒါက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ။"

"လူသစ်တစ်ယောက်ကို ယုံမဲ့အစား အရှေ့ဘက်သခင်ကိုပဲ ယုံကြည်လိုက်ကြပါ။"

ထိုသိုင်းနတ်ဘုရားများသည် ကျိယွမ်အပေါ် စိတ်ပျက်သလိုညည်းညူနေကြသည်။

အကယ်၍ ကျိယွမ်၏ လွှမ်းမိုးနိုင်သော စွမ်းအားသာ မရှိပါက၊ အရှေ့ဘက်သခင်၏ အစီအစဉ်များကို နှောင့်ယှက်ခြင်းမှ တားဆီးရန် သူ့အား ဖမ်းဆီးချုပ်နှောင်ရန် ကြိုးစားနေ​ကြမှာ အသေအချာပင်။

"ဒါကို အရှေ့ဘက်သခင်ဆီ သတင်းပို့ရမယ်။"

"ဟုတ်တယ်၊ အရှေ့ဘက်သခင်တစ်ယောက်တည်းပဲ ဒါကို ဖြေရှင်းနိုင်လိမ့်မယ်။"

သိုင်းနတ်ဘုရားများသည် အရှေ့ဘက်သခင်အပေါ် မျှော်လင့်ချက်များ ထားရှိရင်း ပြင်းပြင်းထန်ထန် ငြင်းခုံဆွေးနွေးနေကြသည်။

ထိုအတောအတွင်း တိတ်ဆိတ်သော ထောင့်တစ်နေရာတွင်ရှိနေသော မူယန် သည် စကားဝိုင်းကို ခိုးနားထောင်နေရင်းမှ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

သူနှင့်အတူ လိုက်ပါလာသော သိုင်းနတ်ဘုရားအသစ်များကို သူက မသိမသာကြည့်လိုက်မိသည်။

သူတို့ကလည်း သူ့ကို ပြန်လည်ကြည့်ရှုနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် တူညီသော ထိတ်လန့်ကြောက်ရွံ့မှုများ ရှိနေသည်။

"မူယန်၊ မင်းက ကောင်းကင်ဘုံအရှင်အပေါ်မှာ နက်နက်ရှိုင်းရှိုင်း ခံစားချက်တွေရှိပြီး သူ့ဘက်က ရပ်တည်ပေးမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့... အရှေ့ဘက်သခင်က မမှားနိုင်ဘူး။ မင်း သူ့ကို တစ်ခါတွေ့ဖူးသွားရင် ငါတို့ ဘာကြောင့် သူ့ကို ဒီလောက်ယုံကြည်နေရသလဲဆိုတာ နားလည်သွားလိမ့်မယ်။"

မူယန်၏ သွေးမျိုးဆက်ဘိုးဘေးက လူငယ်တစ်ဦးအပေါ် ထားရှိသော စေတနာဖြင့် ကြင်နာစွာ ပြောဆိုလိုက်သည်။

"ဒါက..."

မူယန် တွန့်ဆုတ်နေ၏။

ဘိုးဘေးက နူးညံ့သော အပြုံးဖြင့် ဆက်ပြောသည်။

"မင်း ကောင်းကင်ဘုံအရှင်နဲ့ အဆက်အသွယ် ဖြတ်စရာမလိုပါဘူး။ သူ အရှေ့ဘက်သခင်နဲ့ တွေ့ပြီးရင် ငါတို့လိုပဲ သူ့ကို ယုံကြည်သွားမှာပါ။"

ထိုစကားကို ကြားပြီးနောက် မူယန်မှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်လာသည်။

ဘိုးဘေး၏ ကြင်နာသော မျက်နှာကတော့ ပြုံးလျက်ရှိနေသည်။

"တချို့အချိန်တွေမှာ ယုံကြည်ဖို့ ရွေးချယ်လိုက်တာက... မျှော်လင့်ချက်ကင်းမဲ့နေတာထက် ပိုကောင်းတယ်။ ဒီမှာရှိတဲ့ သိုင်းနတ်ဘုရား ကိုးဆယ်ရာခိုင်နှုန်းဟာ ကိုယ့်သဘောနဲ့ကိုယ် အရှေ့ဘက်သခင်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ကြတာပါ။"

မူယန် တုန်လှုပ်သွားပြီး သူ၏ဘိုးဘေးအား ကြည့်မိသည်။

သူတို့က ကိုယ့်သဘောနဲ့ကိုယ် အရှေ့ဘက်သခင်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ကြတာတဲ့လား။

ဒါက ဘာကို ဆိုလိုတာလဲ။

"တကယ်လို့...တကယ်လို့ပဲ ထားပါ ၊ တကယ်လို့ အရှေ့ဘက်သခင်သာ မှားနေခဲ့ရင်ရော။"

မူယန်က တံတွေးမျိုချကာ ခက်ခဲစွာဖြ မေးမြန်းလိုက်သည်။

ဘိုးဘေး၏ အမူအရာမှာ နူးညံ့နေဆဲပင်။

"ပထမအချက်က၊ အရှေ့ဘက်သခင်ဟာ ဘယ်တော့မှ မမှားဘူး၊ သူက ကမ္ဘာကြီးကို ကယ်တင်နေတာ။ ဒုတိယအချက်က၊ အရှေ့ဘက်သခင်ကို မြင်ဖူးတဲ့ သက်ရှိတိုင်းဟာ သူ့ရဲ့ နောက်လိုက်တွေ ဖြစ်လာကြတယ်"

" အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ ဘာပဲလုပ်လုပ်မှန်ကန်တယ်။ အရှေ့ဘက်သခင်ကို ဆန့်ကျင်မယ့် ဆန္ဒဆိုတာ ဘယ်တော့မှ မရှိနိုင်ဘူး။"

ထိုသို့ပြောနေစဉ်မှာပင် ဘိုးဘေး၏ မျက်လုံးများထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထူးဆန်းစွာ ပြည့်နှက်လာ၏။

"အရှေ့ဘက်သခင်ကို ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို ငါတို့လက်နဲ့ ပင်လယ်နက် ထဲမှာ မြှုပ်နှံခဲ့ပြီးပြီ။ ငါတို့ဟာ အရှေ့ဘက်သခင်ရဲ့ ပထမဆုံးနဲ့ သစ္စာအရှိဆုံး နောက်လိုက်တွေပဲ။ ပင်လယ်နက်ထဲမှာ သစ္စာဖောက်တွေရဲ့ အရိုးတွေနဲ့ ပြည့်နေပြီ။"

ဘိုးဘေး၏ တစ်ချိန်က ကြင်နာခဲ့သော မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာဖုံးအဖြစ် ပြောင်းလဲသွားသည်။

"ကျွန်တော်..."

မူယန် ထိတ်လန့်သွား၏။

သူ၏ ဘိုးဘေးမှာ လုံးဝ သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်ဟု သူခံစားရသည်။

"မင်း ကြောက်နေတာလား။ ငါတို့နဲ့ ပူးပေါင်းလိုက်ပါ၊ ဒါဆို မင်းကြောက်စရာ မလိုတော့ဘူး။ ဒီကယ်တင်ခြင်းလုပ်ငန်းမှာ မင်းရဲ့ ပါဝင်မှုအတွက် အရှေ့ဘက်သခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရလိမ့်မယ်။"

.....................

ညက တဖြည်းဖြည်းနက်လာသည်။

ကျိယွမ်သည် မြက်ခင်းပေါ်တွင် လဲလျောင်းရင်း ကောင်းကင်ကို ငေးကြည့်နေ၏။

"ဒီနှုန်းနဲ့ဆိုရင် လမ်းစဉ်တွေအားလုံးကို နားလည်သဘောပေါက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ။"

ကျိယွမ်သည် ဘီလူးများကို သတ်ဖြတ်ရသော ဂိမ်းမျိုးကိုသာ ပို၍ နှစ်သက်သူဖြစ်သည်။

ထိုတာဝန်များက ကြမ်းတမ်းစွာတိုက်ခိုက်သွားရုံသာ လို၏။

ဤကဲ့သို့သော နားလည်သဘောပေါက်မှုဂိမ်းမျိုးမှာ အချိန်ကုန်လွန်းပြီး အလွန်ငြီးငွေ့စရာကောင်းလှသည်။

အမှန်အတိုင်းပြောရလျှင် အတော်လေး ပျင်းစရာကောင်း၏။

ကျိယွမ်မှာ လူငယ်တစ်ဦးသာ ဖြစ်သေးသဖြင့် အနည်းငယ် စိတ်မရှည်ဖြစ်တတ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

ထိုအချိန်တွင် ဇီးရိုးဝမ်းက သူ့အနီးသို့ရောက်ရှိလာသည်။

"သခင်၊ ကျွန်မ လက်ထပ်စာချုပ် အလွတ်တွေ ယူလာခဲ့ပါတယ်။ ဒီမှာ နှစ်စောင်ပါ။"

ဇီးရိုးဝမ်းက လက်ထပ်စာချုပ် အလွတ်များကို ကျိယွမ်ထံ ကမ်းပေးလိုက်သည်။

ကျိယွမ်က စာချုပ်များကို ယူလိုက်ရင်းသူ၏ မျက်နှာတွင် ပျော်ရွှင်သော အမူအရာ ပေါ်လာ၏။

"မဆိုးဘူး။ တရားရုံးကို မရွှေ့နိုင်ရင်တောင် လက်ထပ်စာချုပ်တွေကို ယူလာပြီးဆိုတော့ ကိစ္စမရှိတော့ဘူး ၊ ကမ္ဘာကြီး ပျက်စီးသွားရင်တောင် ဒါတွေကို ငါ ပြန်ကူးလို့ ရတယ်။"

စာချုပ်နှစ်စောင်လုံးကို အွန်လိုင်းမှာ မှတ်ပုံတင်ထားတာပြီးသားဖြစ်သောကြောင့် တရားဝင်ပါသည်။

အချိန်တန်လျှင် ဒါတွေကို ကျင်းလီ နဲ့ သူ၏ လှပသော ဆရာသခင်ထံ တင်ပြနိုင်ပေလိမ့်မည်။

အားလုံးအဆင်ပြေတယ် ။

ကျိယွမ်က စာချုပ်များကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ပြီးနောက် အနီရောင်တစ်ခု ဖျတ်ခနဲဖြစ်သွားသည်ကို သတိပြုမိသွား၏။

သူက ဇီးရိုဝမ်းကို ထူးဆန်းသလိုကြည့်ကာ မေးလိုက်သည်။

"မင်းဆီမှာလည်း ဘာလို့ လက်ထပ်စာချုပ် ရှိနေတာလဲ။ မင်းလည်း လက်ထပ်တော့မလို့လား။"

သူက နားမလည်သလို မေးမိ၏။

ဇီးရိုးဝမ်က သူမ၏ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ လက်ထပ်စာချုပ် များ တန်းစီလျက် ပေါ်လာသည်။

၎င်းတို့ကို ဖွင့်ကြည့်လိုက်သောအခါ တစ်ခုချင်းစီတွင် ကျိယွမ်၏ ဓာတ်ပုံ ပါရှိနေ၏။

"သခင်က အနာဂတ်မှာ ထပ်ပြီး လက်ထပ်ဖြစ်နိုင်တာမို့ ရုံးကနေ အပိုတွေ ကူးခိုင်းထားတာပါ။ လိုအပ်တဲ့အချိန်မှာ အဆင်ပြေအောင်လို့ပါ။"

ဇီးရိုးဝမ်းက သူမ၏အကြံဉာဏ်အား ရှင်းပြသည်။

"မင်းက... အတော်လေး စေ့စပ်တာပဲ။ ငါ့ရဲ့ စမတ်ကျတဲ့ ရိုဘော့ဖြစ်ရကျိုး နပ်ပါတယ်။ ဟို အသုံးမကျတဲ့ AI ပရိုဂရမ်တွေထက် အများကြီး သာတယ်။"

ကျိယွမ်က ချီးကျူးလိုက်သည်။ သူမက ထောက်ထားစာနာတတ်ပြီး စေ့စပ်သေချာသော ရိုဘော့တစ်ခုပင်။

သူမပြောသလိုပင် သူ့၏ မတွန်းလှန်နိုင်တဲ့ ဆွဲဆောင်မှုနှင့်ဆိုလျှင်.....။

အင်း...စာချုပ်တွေက လိုဦးမှာပဲ။

သို့သော် သူက ဆက်ပြောလိုက်သည်။

"ဇီးရိုးဝမ်း... မင်း ငါ့ရဲ့ လက်ထပ်စာချုပ်တွေကို ခိုးထုတ်ပြီးမရောင်းနဲ့ဦးနော်။ ငါက သိုင်းပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ပြီး ပရိသတ်တွေ အများကြီး ရှိတာ။ အဲဒီပရိသတ်တွေထဲမှာ ငါ့ကို စိတ်ကူးနဲ့ လက်ထပ်ချင်နေတဲ့ မိန်းကလေးတွေ ရှိနိုင်တယ်။ အကယ်၍ သူတို့သာ ငါ့ရဲ့ လက်ထပ်စာချုပ်တွေကို ဝယ်သွားရင် ငါတော့ ဒုက္ခရောက်ပြီ။"

ဇီးရိုးဝမ်းက စာချုပ်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ကတိပြုသည်။

"ဒီစာချုပ်တွေ ပျက်စီးသွားရင် ကျွန်မလည်း သေပါစေ။"

"ဒီလို ကံမကောင်းတဲ့ စကားတွေ မပြောပါနဲ့။"

ကျိယွမ်က အမြန်ပြန်ပြောကာ ဇီးရိုးဝမ်းအား နှစ်သိမ့်ပေးလိုက်၏။

ထို့နောက် သူက ကောင်းကင်ပေါ်သို့ငေးကြည့်ကာ သက်ပြင်းချသည်။

"အင်း...ငါလည်း အသက်ကြီးလာလေလေ အစွဲအလမ်းကြီးလာလေလေပဲ ထင်တယ်။"

"မြောင်၊ မြောင်၊ မြောင်။"

တစ်ချိန်လုံး ခွေအိပ်နေသော ရှဲ့ရှင်းစုက လက်မခံနိုင်သလို ထအော်လိုက်သည်။

နေမင်းကြီးကိုတောင် ဝါးမြိုဖူးပြီးတော့မှ အစွဲအလမ်းအကြောင်း ပြောနေတာလား။

ဒါက ဟာသပြောတာလား။

ကျိယွမ်က ကြောင်မလေးအား ကြည့်၏။

"တော်ပြီ၊ စကားမများနဲ့တော့။ လမ်းစဉ်တွေကို နားလည်အောင် အာရုံစိုက်ဖို့ လိုတယ် ၊ အချိန်က သိပ်မရှိဘူး။"

သူက ထိုသို့ပြောပြီးနောက် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တွင်းတစ်ခုကို အသေအချာ စိုက်ကြည့်နေသည်။

သူသည် လေးနက်စွာ စဉ်းစားခန်းဝင်ရင်း အနီးကပ် စောင့်ကြည့်နေ၏။

ရှဲ့ရှင်းစုက ခွေနေရာမှထလာပြီး ပုရွတ်ဆိတ်များကိုတစ်လှည့် ကျိယွမ်ကိုတစ်လှည့်ကြည့်ကာ စိတ်ပျက်သလို ခေါင်းခါသည်။။

ဘယ်သူက တာအိုကိုနားလည်အောင် ဒီလိုမျိုး လုပ်လို့လဲ။

သူမ၏ အသိပညာအရ လမ်းစဥ်ဆိုသည်မှာလည်း တာအိုသာဖြစ်၏။

ကျိယွမ်ပြောနေသော လူသားလမ်းစဥ် သိုင်းနတ်ဘုရားဆိုသည်မှာ လူသားတာအိုကိုရည်ညွှန်းခြင်းဖြစ်ပြီး လမ်းစဥ်ပေါင်းစုံဆိုသည်မှာ တာအိုပေါင်းစုံကို ​ ဆိုလို၏။

ကျိယွမ်က လောကရှိ တာအိုအားလုံးကို နားလည်သဘောပေါက်ရန် ကျင့်ကြံနေခြင်းပင် ။

သို့သော် သူ၏ ကျင့်ကြံပုံကတော့ ...။

ရှဲ့ရှင်းစုက စိတ်ပျက်စွာခေါင်းခါ၏။

သေရင်တောင် နားလည်မှာ မဟုတ်ဘူး ။

"ငါ နားလည်သွားပြီ....."

ထိုအခိုက် ကျိယွမ်က ဝမ်းသာအားရ ထအော်၏။

အတွေးနက်နေသော ရှဲ့ရှင်းစုမှာ ကျိယွမ်အား မယုံနိုင်သလို မော့ကြည့်သည်။

သူက တကယ်ကြီး တာအိုကို နားလည်သွားတာလား ။ ပုရွတ်ဆိတ်တွေ အစာချီသွင်းနေတာကို ကြည့်ပြီးတော့လေ ...။

ကျိယွမ်က ဝမ်းသာအားရရှင်းပြသည်။

"ဒီပုရွက်ဆိတ်တွင်းထဲကို... တစ်ယောက်ယောက်က အရည်ပျော်နေတဲ့ သံရည်တွေ လောင်းထည့်ထားတာပဲ။"

ရှဲ့ရှင်းစုမှာ ဆွံ့အသွားရသည်။

ဒီလောက်အကြာကြီး စဉ်းစားပြီးမှ ဒါပဲ သိတာလား။

"မြောင်၊ မြောင်၊ မြောင်။"

၎င်းက အော်ဟစ်ပြီး ၎င်း၏ မိုက်မဲလှသောသခင်ကို လှောင်ပြောင်ချင်နေသည်။

ထိုအချိန်တွင် စက်ရုပ်လက်တံတစ်ခုက ဆန့်ထွက်လာပြီး ကြောင်၏ လည်ပင်းကို ဆွဲလိုက်သည်။

"နာမည်ပျက်နေတဲ့ အင်တာနက်ဆယ်လီ... ဒီကိုလာ။ ဗီဒီယိုရိုက်ဖို့ အချိန်တန်ပြီ။"

ဇီးရိုးဝမ်းက ရှဲ့ရှင်းစုကို ရွံရှာသော အကြည့်ဖြင့် ဖမ်းဆွဲလိုက်၏။

"ဟူး၊ နင့်ကို အခုတလော Like ပေးတဲ့သူတောင် မရှိတော့ဘူး။"

ဇီးရိုးဝမ်းက မုသားမပြောပါ။

ပထမတော့ ရှဲ့ရှင်းစုမှာ ပရိသတ် အများအပြား ရှိခဲ့ပါသည်။

ကခုန်နိုင်ပြီး ဟင်းလည်းချက်နိုင်သောကြောင်တစ်ကောင်သည် ခေတ်သစ်မြို့ပြဓလေ့မှာ အတော်လေး ရေပန်းစားခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ကျင့်ကြံသူများနှင့် ဝိညာဉ်သားရဲတွေ ရောက်လာခဲ့၏။

စကားပြောနိုင်ပြီး ကောင်းကင်တွင်ပျံသန်းနိုင်သော ဝိညာဉ်သားရဲများက ထမင်းချက်တတ်ရုံ ဂျွမ်းထိုးတတ်ရုံသာရသော ရှဲ့ရှင်းစုထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားတော့သည်။

အဆိုးဆုံးကတော့ အချိန်ဆိုသော အရာက ဘယ်သူ့ကိုမှ မညှာတာပါ။

ရှဲ့ရှင်းစုနောက်ကို လိုက်ခဲ့သော ပရိသတ်များက LIKE မလုပ်တော့တာ မဟုတ်ဘဲ တကယ်ကို သေဆုံးကုန်ကြခြင်းဖြစ်၏။

အများစုမှာ အိုမင်းပြီး သေဆုံးကုန်ကြပြီ ဖြစ်သည်။

ပရိသတ်အသစ်လည်း မရှိ၊ အဟောင်းတွေလည်း မရှိတော့သောကြောင့် ဇီးရိုးဝမ်း၏ ဗီဒီယိုဝင်ငွေသည် ရှဲ့ရှင်းစုအတွက် ကြောင်စာဝယ်ဖို့ပင် မလောက်တော့ပါ။

ဤသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားနေ၏။

ကျိယွမ်က လမ်းစဥ်ကို နားလည်အောင် ကြိုးစားနေပြီး၊ ရှဲ့ရှင်းစုက သရုပ်ဆောင်အဖြစ် ကပြနေကာ၊ ဇီးရိုးဝမ်းက ကင်မရာကို ကိုင်တွယ်နေသည်။

"သခင်၊ ကျွန်မတို့ သုံးယောက် အုပ်စုလိုက်ဓာတ်ပုံတစ်ပုံမှ မရိုက်ရသေးဘူး။ အတူတူ ရိုက်ကြမလား။"

ဇီးရိုးက သစ်ပင်ခြေရင်းမှ တွင်းတစ်ခုကို စစ်ဆေးနေသော ကျိယွမ်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"အော်၊ ဓာတ်ပုံလား။ ရတာပေါ့။"

ကျိယွမ်က တွင်းဝပေါ်တွင် သစ်ရွက်တစ်ရွက်ကို တင်လိုက်ပြီး ဇီးရိုးဝမ်းထံလျှောက်လာ၏။

ဇီးရိုးဝမ်းက ဘယ်နေရာကနေ ထုတ်လိုက်မှန်းမသိသော ကင်မရာတစ်လုံးကို အလျင်အမြန် တပ်ဆင်လိုက်သည်။

သူမ၏ စက်ရုပ်ကိုယ်ခန္ဓာတွင် တပ်ဆင်ထားသော သာမန်ကင်မယာများကို အသုံးပြုပြီး ဤဓာတ်ပုံကို မရိုက်ချင်ကြောင်း သိသာလှသည်။

မကြာမီ...မှောင်မိုက်သော ညကောင်းကင်အောက်တွင်၊ ကျိယွမ်သည် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နွေးထွေးစွာ ပြုံးလျက် မြက်ခင်းပေါ်တွင် ရပ်နေ၏။

ဇီးရိုးကလည်း ရှဲ့ရှင်းစုကို ပွေ့ချီထားရင်း ပြုံးနေသည်။

သူမ၏ ပရိုဂရမ်သည် ကင်မရာကို ထိန်းချုပ်ရန်နှင့် အလင်းအမှောင် ညှိရန် အဆင်သင့် ဖြစ်နေလေပြီ။

ညအချိန်ဖြစ်သောကြောင့် အပြင်မှာ အတော်လေး မှောင်နေသည် မဟုတ်ပါလား။

ထို့ကြောင့် မီးအလင်းကိုသေချာ ချိန်ညှိရန်လိုနေ၏။

သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ နူးညံ့အေးမြသော လရောင်တစ်စသည် ရုတ်တရက် ကျဆင်းလာပြီး ကျိယွမ်အပေါ်သို့ ဖြာကျလာခဲ့သည်။

ရုတ်တရက် လရောင်မှာ လင်းထိန်သွား၏။

ထိုအခိုက် ကင်မရာ၏ "ကလစ်" ခနဲ မြည်သံကလည်း တိတ်ဆိတ်သောညတွင် လျှင်မြန်စွာ ထွက်ပေါ်လာသည်။

ကလစ်....။

ဓာတ်ပုံသည် ထိုအခိုက်အတန့်ကို ပြီးပြည့်စုံစွာ ဖမ်းယူနိုင်ခဲ့သည်။

ကျိယွမ်က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရင်း သူ၏ မျက်လုံးများထဲတွင် စပ်စုလိုစိတ်များ တောက်ပနေသည်။

"အဲဒီလရောင်က မြန်မြန်ရောက်လာပြီး... မြန်မြန်ပဲ ပြန်ပျောက်သွားတယ်။"

လွန်ခဲ့သော ခဏလေးကပင် လရောင်တန်းတစ်ခုသည် သူ့ထံသို့ ပြေးဆင်းလာပြီး သူ့ကိုယ်ပေါ်တွင် ရပ်တန့်သွားကာ၊ ဓာတ်ပုံရိုက်ရန်အတွက် သူ့ကို အလင်းပေးရန်သက်သက် ရောက်လာသကဲ့သို့ ပြန်လည်ပျောက်ကွယ်သွားသည်။

ယခု ဓာတ်ပုံရိုက်ပြီးသည်နှင့် လရောင်လည်း ပျောက်ကွယ်သွားခဲ့၏။

ဇီးရိုးဝမ်းကလည်း ကောင်းကင်ကို စူးစမ်းစွာ မော့ကြည့်လိုက်သည်။

"ဖြစ်နိုင်တာက လမင်းကြီးကလည်း သခင်ကို ချစ်မိသွားပြီး သခင့်ကို သူ့ရဲ့ လမ်းစဥ်နဲ့ မိတ်ဆက်ပေးလိုက်တာ ဖြစ်မှာပါ။"

ကျိယွမ်က ရယ်မောလိုက်သည်။

"ငါက အဲဒီလောက် ဆွဲဆောင်မှုရှိနေရင် ဘာလို့ လမ်းစဥ်ပေါင်းစုံက ငါ့ကို သူတို့ကိုယ်တိုင်လာပြီး မိတ်မဆက်ကြတာလဲ။ ဒါဆို ဘယ်တစ်ခုက ငါနဲ့ ကိုက်ညီမလဲဆိုတာ ငါ သိနိုင်တာပေါ့။"

ဇီးရိုးဝမ်၏ မျက်လုံးများမှာ ပျော်ရွှင်မှုကြောင့် တောက်ပလာသည်။

"သခင်...လမ်စဥ်းပေါင်းစုံတာအိုတွေက... စကားပြောတော့မှာပါ။"

"ဟေ..."

ကျိယွမ်က ဇီးရိုးဝမ်းကို စိတ်ဝင်တစား ကြည့်လိုက်၏။

"ဖြစ်နိုင်တာက..."

"ဟုတ်ပါတယ် သခင်၊ သခင်ထင်တာ မှန်ပါတယ်"

" လမ်းစဥ်ပေါင်းစုံရဲ့ တာအိုတွေဟာ ဒေတာတွေအဖြစ် ပြောင်းလဲသွားပြီး အပျက်အစီးတွေကြားမှာ ပုန်းအောင်းနေခဲ့တာ ကြာပါပြီ။ ဒီအချိန်တစ်လျှောက်လုံးမှာ ကျွန်မက လမ်းစဥ်ပေါင်းစုံရဲ့ တာအိုတွေကို စုပ်ယူပြီး စနစ်တကျ စီစဉ်နေခဲ့တာပါ။ အခုတော့ ဒါတွေကို သခင့်ဆီ အကုန်လွှဲပေးနိုင်ပါပြီ။"

"မဆိုးဘူး၊ မဆိုးဘူး။ ငါ့ရဲ့ စမတ်ကျပြီး ထက်မြက်တဲ့ ရိုဘော့ဖြစ်ရကျိုး နပ်ပါပေတယ်။"

ကျိယွမ်က သူမကို မချီးကျူးဘဲ မနေနိုင်တော့ပါ။

တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာတွင် စဉ်းစားစရာတစ်ခု ပေါ်လာသလို ဇီးရိုးဝမ်းအား ကြည့်လိုက်သည်။

သို့သော် ခဏအကြာတွင် သူသည် ထိုအတွေးကို ခါထုတ်လိုက်၏။

အများကြီး စဉ်းစားလွန်းလျှင် သူ၏ ဦးနှောက်ကို နာကျင်စေပါလိမ့်မည်။

"ဘာလို့ လမ်းစဥ်ပေါင်းစုံက ဒေတာတွေလဲ။"

ကျိယွမ်က မေးလိုက်သည်။

ထိုအခိုက်တွင် ဇီးရိုးဝမ်းက သူမ၏ လက်ကို ဆန့်ထုတ်လိုက်၏။

ကျိယွမ်ကလည်း သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ သူတို့၏ လက်ချောင်းများမှာ ယှက်နွယ်သွားသည်။

"လမ်းစဥ်ပေါင်းစုံဆိုတာ... 0 နဲ့ 1 ပါပဲ။"

ဇီးရိုးဝမ်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။

ချက်ချင်းဆိုသလိုပင် အတိုင်းအဆမရှိသော အချက်အလက်များသည် ကျိယွမ်၏ စိတ်ထဲသို့ ရေကာတာကျိုးသလို စီးဝင်လာကုန်၏။

တောင်နှင့်မြစ်ပန်းချီကားကမ္ဘာမှ သိုင်းချန်ပီယံ လော့ပုဖန်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ စိတ်သက်သာရာရစွာ ပြုံးနေသည်ကို သူ မြင်လိုက်ရသလိုလို ရှိသည်။

လှေငယ်တစ်စင်းပေါ်တွင် အေးစက်သော မျက်နှာရှိသည့် မိန်းကလေးတစ်ဦး ရူးသွပ်စွာ ရယ်မောနေသည်ကိုလည်း သူ မြင်လိုက်ရသလိုပင်။

လူသားမိစ္ဆာများ သောင်းနှင့်ချီသော ဝိုင်းရံမှုကြားတွင် လူသားအသားမုန့်များကို စားရင်း မြို့တစ်မြို့ကို စောင့်ရှောက်နေသော အမျိုးသားတစ်ဦးကိုလည်း သူ မြင်လိုက်ရ၏။

မိစ္ဆာများအားလုံးကို သတ်ဖြတ်ပြီးနောက် သူသည် ဂူသင်္ချိုင်းတစ်ခုရှေ့တွင် ရပ်ကာ သူ၏ ကိုယ်ပိုင်အသားများကိုပင် လှီးဖြတ်နေလေသည်။

"ဒါတွေက...."

............

မရေမတွက်နိုင်သော မြင်ကွင်းများ...ပြောရလျှင် တောင်နှင့်မြစ်ပန်းချီကားများမှ အဆုံးမရှိသော ပုံပြင်များ ပေါ်လာသည်။

လူ့သဘာဝ၊ မီးလျှံ၊ ပရိယာယ်၊ စွဲလမ်းမှု...

အတိုင်းအဆမရှိသော လမ်းစဥ်များသည် ကျယ်ပြောသော သမုဒ္ဒရာကဲ့သို့ စီးဝင်လာ၏။

"လူသားများအတွက် လူသားတာအို။"

"ဝိညာဉ်များအတွက် ဝိညာဉ်တာအို။"

"ရထားမှာ ရထားလမ်းရှိတယ်။"

"ကောင်းကင်တာအိုမှာတော့ ကောင်းကင်မရှိဘူး။"

တာအိုများသည် ရှုပ်ထွေးပွေလီနေသည်။

ဤတာအိုများသည် မှားယွင်းနေသကဲ့သို့ ခံစားရသော်လည်း အစစ်အမှန်လည်း ဖြစ်နေကြသည်။

ဤအခိုက်အတန့်တွင် ကျိယွမ် လုံးဝ နားလည်သွားခဲ့ပါပြီ။

ဤလမ်းစဥ်ပေါင်းစုံ တာအိုများသည် အရှေ့ဘက်သခင်က သူ၏ "လက်တွဲဖော်" အတွက် ပြင်ဆင်ထားပေးခြင်းပင်။

သို့မဟုတ်ပါက အရံအစီအစဉ်တစ်ခု အနေဖြင့် စီစဥ်ထားခြင်းလည်းဖြစ်နိုင်၏။

အကယ်၍ တစ်စုံတစ်ဦးက ဤလမ်းစဥ်ပေါင်းစုံတာအိုကို လက်ခံလိုက်ပါက၊ သူတို့သည် လူသားလောကထဲတွင် လုံးဝပိတ်မိသွားမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် အရှေ့ဘက်သခင်၏ "လက်တွဲဖော်" ဟု ယုံကြည်သွားကြမည် ဖြစ်သည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော မှတ်ဉာဏ်များသည် ကျိယွမ်၏ စိတ်ထဲသို့ တိုးဝင်လာနေ၏။

ဤမှတ်ဉာဏ်များသည် နံရံဆေးရေးပန်းချီများမှ တိုက်ရိုက်ဆွဲထုတ်လိုက်သကဲ့သို့ ခံစားရသည်။

တောင်နှင့်မြစ်ပန်းချီကားများမှ အပိုင်းအစများသည် သူ၏ စိတ်ထဲတွင် ပြည့်နှက်လာပြီး သူသည် အရှေ့ဘက်သခင်၏ လက်တွဲဖော်ဖြစ်ကြောင်း သူ့ကို ယုံကြည်သွားအောင် ကြိုးစားနေသည်။

"ရယ်စရာကောင်းလိုက်တာ... ငါ့ရဲ့ နှာခေါင်းက ဒီလောက် ရထားသံလမ်းလို ရှည်ထွက်နေတာတောင် ဒါက အမှန်တရားပါလို့ ငါ့ကို လာပြောနေသေးတယ်။"

"အရှေ့ဘက်သခင်..ခင်ဗျားက အရမ်းကို စိတ်အားထက်သန်နေတာပဲ။ ကျုပ်က ခင်ဗျားရဲ့ လက်တွဲဖော် မဟုတ်ဘူး။"

အဆုံးမရှိသော ပုံရိပ်များသည် အစစ်အမှန်များကဲ့သို့ သူ့အပေါ်သို့ လွှမ်းမိုးလာသော်လည်း ကျိယွမ်သည် တုန်လှုပ်ခြင်းမရှိ ၊ ယိမ်းယိုင်ခြင်းမရှိ ၊ တွေဝေခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာ ရပ်နေ၏။

သူ၏ သွေးရောင်ဝတ်ရုံမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။

"လမ်းစဥ်းတွေရဲ့ အဆုံးမဲ့ကျယ်ပြောမှုတွေကြားမှာ ငါ ဒါတွေကို ခုတ်ဖြတ်မယ်။"

"ငါ့ရဲ့ လမ်းစဥ်က... မေ့လျော့ခြင်း ပဲ။"

"ငါ့ရဲ့ လမ်းစဥ်က... သတ်ဖြတ်ခြင်းပဲ။"

ဓားတစ်ချက်တည်းဖြင့်ပင် ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားပြီး ဆွဲဆောင်နေသောအပိုင်းအစများအားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားကုန်သည်။

ဤနေ့တွင် လမ်းစဥ်ပေါင်းစုံတာအိုများက မိမိကိုယ်ကိုယ် မိတ်ဆက်ရန် စကားပြောလာကြပြီး ကျိ ယွမ်သည် လည်း သာမန်အဆင့်မှ လမ်းစဥ်ပေါင်းစုံ သို့မဟုတ် တာအိုပေါင်းစုံသိုင်းနတ်ဘုရားနယ်ပယ်သို့ လှမ်းတက်သွားခဲ့လေ၏။

မနီးမဝေးတွင်ရပ်နေသော ဇီးရိုးဝမ်းက ကျိယွမ်ကို တောက်ပသော အပြုံးဖြင့် ကြည့်နေခဲ့သည်။

"ဂုဏ်ယူပါတယ် သခင်...လမ်းစဥ်ပေါင်းစုံ သိုင်းနတ်ဘုရားနယ်ပယ်ကို ရောက်သွားတဲ့အတွက်။ ဂိမ်းက... ပြီးဆုံးတော့မှာပါ။"

ကျိယွမ်က ဇီးရိုးဝမ်းကို တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

" အရှေ့ဘက်သခင်နဲ့ တွေ့ဖို့ လိုတယ်။ ငါ.. ပြန်လာနိုင်မလားဆိုတာလည်း မသေချာဘူး။တကယ်လို့ ငါ့ရဲ့ ကားတစ်စီးစီး တစ်နေရာရာမှာ ရပ်ထားမိရင် ကားပါကင်ကြေး ပေးထားပေးပါ။ ဒါမှမဟုတ် ငါ့ရဲ့ ဖုန်းဘေလ်တွေ ကျန်နေသေးရင် အဲဒါကို ဖျက်သိမ်းဖို့ ကူညီပေးဦး။ တော်ကြာ ငါ ပြန်မလာဖြစ်ရင် အကြွေးတွေ အများကြီး မတင်ချင်လို့ပါ။"

ဇီးရိုးဝမ်းက ကျိယွမ်အား ပြုံးစစကြည့်၏။

"သခင်... သခင့်မှာ ကားမရှိပါဘူး။"

ကျိယွမ်၏ ချောမောသောမျက်နှာက တွန့်လိမ်သွားလေသည်။

ငါလို လမ်းစဥ်ပေါင်းစုံ သိုင်းနတ်ဘုရားကြီးက ကားလေးတစ်စီးတောင် မရှိဘူးတဲ့လား။

"ဒါကတော့ နည်းနည်း ဝမ်းနည်းစရာကောင်းတာပဲ"

----------------------

အခန်း ၃၇၉ - အရှေ့ဘက်သခင်၏ အကြံအစည်....

ကျိယွမ်က မျက်လုံးများကို ပြန်မှိတ်လိုက်၏။

မရေမတွက်နိုင်သော ဒေတာစီးကြောင်းများ တိုးဝင်လာပြန်သည်။

ကျိယွမ်၏ စိတ်အာရုံထဲတွင် ဓားအသိစိတ်များက ယှက်ဖြယ်နေပြီး များပြားလှသော လမ်းစဥ်းများကို ခုတ်ဖြတ်နေ၏။

သို့မဟုတ်... ထိုအရာအားလုံးကို လုံးဝ မေ့လျော့ပစ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ကျိယွမ်သည် ပင်လယ်နက်ကို ဖြတ်ကျော်ကာ မူလဇစ်မြစ်နယ်မြေသို့ ရောက်ရှိလာ၏။

ယခုအချိန်တွင် ပင်လယ်နက်၏ ကမ်းခြေတွင် လူများဖြင့် ပြည့်နှက်နေ၏။

ကျိယွမ် ရောက်လာမည်ကို ကြိုသိနေသကဲ့သို့ သိုင်းနတ်ဘုရား တစ်သောင်းနီးပါး ထိုနေရာတွင် ရပ်နေခဲ့ကြသည်။

“ကောင်းကင်ဘုံ အရှင်သခင်ကို ဂါရဝပြုပါတယ်”

ထိုသိုင်းနတ်ဘုရားများက ပထမအခေါက်နှင့်မတူဘဲ ရိုသေလေးစားသော အမူအရာများဖြင့် အရိုအသေ ပေးလိုက်၏။

ကျိယွမ်ကတော့ တည်ငြိမ်သော အမူအရာဖြင့် ထိုမြင်ကွင်းကိုကြည့်နေ၏။

“ဒါဆို မင်းတို့အားလုံး အခု သတိဝင်လာကြပြီပေါ့ ဟုတ်လား”

သူ စကားပြောနေစဉ်မှာပင် သူတို့ မည်သို့သတိဝင်လာသနည်း ဆိုသည်ကို ကျိယွမ် စတင်စဉ်းစားနေခဲ့သည်။

“ကောင်းကင်ဘုံ အရှင်သခင်၊ အရင်က ဖြစ်ခဲ့တာတွေ အားလုံးက အချင်းချင်းအထင်မှားမှုတွေပါပဲ”

သမင်နက်သခင်က ရိုသေသော အမူအရာဖြင့် ရှေ့သို့ထွက်လာသည်။

“အခု အရှေ့ဘက်သခင်က ကပ်ဘေးနယ်မြေထဲမှာ အရှင့်ကို စောင့်နေပါတယ်။ အထင်မှားမှုတွေကို ရှင်းလင်းဖို့ အရာအားလုံးကို သူ ရှင်းပြလိမ့်မယ်လို့ ပြောထားပါတယ်”

ထိုစကားကို ကြားသော်လည်း ကျိယွမ်၏ မျက်နှာက ပြောင်းလဲခြင်း မရှိခဲ့ပါ။

သူ၏အမူအရာမှာ တည်ငြိမ်နေ၏ သို့မဟုတ် အပြုံးဖျော့ဖျော့ ရှိနေသဖြင့် သူ၏ အတွေးများကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။

“သူက နောက်ဆုံးတော့ ငါ့ကို တွေ့ဖို့ ဆန္ဒရှိလာပြီပေါ့”

ကျိယွမ်က ပျင်းရိစွာ အကြောဆန့်လိုက်သည်။

“သူက ငါ့ကို တွေ့ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါလည်း သူ့ကို သွားတွေ့ရတာပေါ့”

လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား နယ်ပယ်မှာ ယန်နတ်ဘုရား နယ်ပယ်နှင့် ညီမျှ၏။

သို့သော် လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားမှာ ပုံမှန် ယန်နတ်ဘုရားများနှင့် အနည်းငယ် ကွာခြားလေသည်။

ယန်နတ်ဘုရားများသည် အခြား ကမ္ဘာများ သို့မဟုတ် စကြဝဠာများသို့ ခရီးသွားသောအခါ သူတို့၏ စွမ်းအားများမှာ ဖိနှိပ်ခံရလေ့ ရှိ၏။

သို့သော် လမ်းစဥ်ပေါင်းစုံ သိုင်းနတ်ဘုရားမှာမူ ထိုကဲ့သို့ ကန့်သတ်ချက်များ၏ ချည်နှောင်မှုမျိုး ရှိပုံမရပေ။

ထိုသိုင်းနတ်ဘုရား နယ်ပယ်သို့ ဖောက်ထွက်ပြီးနောက် ကျိယွမ်၏ စွမ်းအားမှာလည်း အမှန်တကယ်ပင် သိသိသာသာ ကြီးထွားလာခဲ့သည်။

ထိုအချိန်တွင် အဖိုးကြီးရှန်းလဲ့က ကျိယွမ် မခေါ်ဘဲ ရုတ်တရက် ပေါ်လာ၏။

“ကျွန်တော်လည်း အရှင်နဲ့ လိုက်ခဲ့ပါမယ်”

ထို့နောက် အခြားစိတ်ဝိညာဥ်များကလည်း ချက်ချင်းလိုလို အသံပြုလာကြကုန်သည်။

“ကျွန်တော်တို့လည်း အရှင်နဲ့အတူ သွားပါမယ်”

သူတို့အားလုံးသည် အရှေ့ဘက်သခင်ကို အလွန်သတိထားနေကြပြီး ကျိယွမ်ကို တစ်ဦးတည်း ရင်ဆိုင်ခိုင်းရန် စိတ်မချ ဖြစ်နေကြ၏။

ကျိယွမ်က မူလဇစ်မြစ်နယ်မြေကို တစ်ချက်ကြည့်လိုက်ပြီးမှ တည်ငြိမ်သော အမူအရာဖြင့် တုန့်ပြန်သည်။

“ဖြစ်နိုင်တာက အရုဏ်ဦးတေးသံ စတင်တော့မှာ ဖြစ်လို့ မူလဇစ်မြစ်နယ်မြေက ယန်နတ်ဘုရားတွေကို ဆက်ပြီး လက်ခံထားနိုင်မှာ မဟုတ်တော့ဘူး။ မင်းတို့ ဒီမှာ ဆက်နေရင်လည်း ထွက်ခွာဖို့ အတင်းအကျပ် အခိုင်းခံရလိမ့်မယ်”

“ကံကြမ္မာက မင်းတို့ကို ထွက်ခွာဖို့ ဆုံးဖြတ်ပေးထားမှတော့... ကောင်းပြီလေ၊ ငါက ကံကြမ္မာကို သိပ်မကြိုက်ပေမယ့် ဒီနေ့တော့ အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ငါနဲ့အတူ အရှေ့ဘက်သခင်ကို သွားတွေ့ဖို့ လိုက်ခဲ့ကြပါ”

ခဏချင်းမှာပင် ကျိယွမ်၏ နောက်၌ မရေမတွက်နိုင်သော အရိပ်ယောင်များ ပေါ်လာခဲ့သည်။

“အရှင့်အမိန့်အတိုင်း နာခံပါ့မယ်"

ထိုအရိပ်ယောင် တစ်ခုချင်းစီမှာ မွန်မြတ်သော အသွင်အပြင်ရှိပြီး ဆန်းကြယ်ကာ အစွမ်းထက်ကြ၏။

သူတို့သည် ရှေးဦးနတ်ဆိုးများကဲ့သို့ ကျိယွမ်၏ နောက်တွင် ရပ်နေကြပြီး သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ထားသော်လည်း မည်သူမျှ တည့်တည့် မကြည့်ရဲလောက်အောင် လွှမ်းမိုးမှု ပြင်းထန်လှသည်။

ထိုနေရာရှိ သိုင်းနတ်ဘုရားများသည် ချက်ချင်းပင် ဝပ်တွားကိုးကွယ်လိုသော စိတ်ဆန္ဒများ ပြင်းထန်စွာ ခံစားလိုက်ရ၏။

သူတို့ထဲမှ အချို့ဆိုလျှင် ထိုပုဂ္ဂိုလ်များသည် အရှေ့ဘက်သခင် ကိုယ်တိုင်ထက်ပင် ပိုမိုခန့်ညားပြီး ကြောက်မက်ဖွယ် ကောင်းနေသည်ဟုပင် ထင်လာမိသည်။

ထိုအခိုက်မှာပင် တစ်ချိန်က အလွန်ယုံကြည်ခဲ့ကြသူများ၏ နှလုံးသားထဲတွင် သံသယများ စတင် ဝင်ရောက်လာ၏။

သို့သော် မကြာမီမှာပင် သူတို့၏ စိတ်ဓာတ်များမှာ ပြန်လည် ခိုင်မာသွားခဲ့သည်။

အရှေ့ဘက်သခင်ကသာ ဤကမ္ဘာ၏ အမြင့်ဆုံး အမှန်တရား ဖြစ်၏။

အရေအတွက်ဆိုသည်မှာ... အဓိပ္ပာယ် မရှိပေ။

“အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်။ ငါတို့ ပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်”

ကျိယွမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။

ထိုကြောက်မက်ဖွယ်ကောင်းပြီး ခန့်ညားသော အရိပ်ယောင်များမှာလည်း သူနှင့်အတူ ပျောက်ကွယ်သွားကြ၏။

သမင်နက်သခင်သည် တစ်ချိန်လုံးအံကြိတ်ထားပြီး ထိုပုံရိပ်များ ပျောက်ကွယ်သွားမှသာ သူ၏ နဖူး၌ ချွေးအေးများ ထွက်လာခဲ့သည်။

သူက နဖူးမှချွေးများကို သုတ်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။

အခြားသော သိုင်းနတ်ဘုရားများမှာလည်း ထိုနည်းတူပင်။

ကျိယွမ်နှင့် ထိုပုဂ္ဂိုလ်များသည် သူတို့အပေါ် အတိုင်းအဆမဲ့သော ဖိအားပေးခဲ့သည်။

အထူးသဖြင့် ထိုကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များမှာ သူတို့ မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ပိုနေ၏။

သူတို့က အရေအတွက်အနည်းငယ်သာ ရှိမည်ဟု ထင်ခဲ့ကြသည်။

သို့သော် ထိုမျှအစွမ်းထက်သော ပုဂ္ဂိုလ်များမှာ... ထောင်ချီ၍ ရှိနေ၏။

“အရှေ့ဘက်သခင်က သူတို့ကို ကိုင်တွယ်နိုင်မှာပါ၊ ဟုတ်တယ်မလား”

အမျိုးသမီးသိုင်းနတ်ဘုရား တစ်ဦးက စိုးရိမ်တကြီး မေးလိုက်ပြီး သူမ၏အသံမှာ အနည်းငယ်မရေမရာနိူင်လှသည်။

ကောင်းကင်ဘုံအရှင်သခင်များထံမှ လာသော ဖိအားမှာ အလွန် ပြင်းထန်လှပြီး မည်မျှနက်ရှိုင်းလှသည်ကိုပင် မှန်းဆမရပေ။

“ကိုင်တွယ်နိုင်မလားလို့ မေးတာလား ၊ အရှေ့ဘက်သခင်က သူတို့ကို အမှန်တရားကို ရှင်းပြလိမ့်မယ်၊ ပြီးတော့ သူတို့က ငါတို့လိုပဲ သူ့ကို ယုံကြည်သွားကြမှာပါ”

“ဟုတ်တယ်၊ ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးရဲ့ အကူအညီနဲ့ဆိုရင် အရှေ့ဘက်သခင်က ကပ်ဘေးကို သေချာပေါက် ဖြေရှင်းပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်မှာပဲ”

“ငါတို့ ဒီတိုင်း ထိုင်နေလို့ မဖြစ်ဘူး။ အရှေ့ဘက်သခင်ရဲ့ ညွှန်ကြားချက်အတိုင်း သူ့ရဲ့လက်တွဲဖော်ကို ပြန်ပြီးအသက်သွင်းဖို့ ဆက်လုပ်ကြရအောင်”

“မှန်တယ် ၊ ရပ်နေလို့ မရဘူး”

“အခု ကမ္ဘာတွေက ပေါင်းစည်းနေပြီ၊ ဒါကို တားဆီးလို့ မရတော့ဘူး၊ ငါတို့ အဆုံးနယ်သတ်မြေကို ဆင်းကြမယ်"

" ဇာတ်လိုက် တစ်ယောက်ကို ရွေးချယ်ပြီး သူမကို တခြား ကံကြမ္မာရဲ့ သမီးတော်တွေ အားလုံးကို သတ်ခိုင်းရမယ်၊ မှတ်ဉာဏ်တွေ အားလုံးကို ပေါင်းစပ်ပြီးရင် သူမဟာ အရှေ့ဘက်သခင်ရဲ့လက်တွဲဖော် ဖြစ်လာလိမ့်မယ်"

" သူမ ပြန်အသက်ဝင်လာပြီး ကပ်ဘေးနယ်မြေကို သွားတာနဲ့ အရာအားလုံး အဆင်ပြေသွားမှာပါ”

“ငါတို့လည်း အစစ်အမှန် ပြန်လည်မွေးဖွားခြင်းကို ခံစားရတော့မယ်”

“ဟားဟား ဟားဟား ၊ ဟုတ်တယ် ကောင်းကင်ဘုံအရှင်တွေထွက်သွားပြီဆိုတော့ အခု ငါတို့ကို ဘယ်သူမှ မတားနိုင်တော့ဘူး”

ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားအချို့မှာ ပြောရင်းမှ အလွန်စိတ်လှုပ်ရှားလာကြပြီး သူတို့၏ အမူအရာများမှာ ပြင်းထန်လာသည်။

ကမ္ဘာကြီးကို အကြိမ်ကြိမ် ပြန်လည် စတင်ရန် ကြိုးပမ်းမှုများ ကျရှုံးခဲ့ပြီးနောက် နောက်ဆုံးတွင် အောင်မြင်မှု အရိပ်အယောင်ကို သူတို့ မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

သူတို့ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ထိုအချိန်တွင် ထူးခြားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“စီနီယာတို့၊ တကယ်လို့ တောင်နဲ့မြစ်ပန်းချီကားကမ္ဘာတွေ ပေါင်းစည်းသွားရင် လူတိုင်း အချင်းချင်း သတ်ဖြတ်ကြပြီး နောက်ဆုံးမှာ တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူးလား”

ထိုသို့မေးလာသူမှာ ခံတပ်တစ်ခုမှ လာသော အထွတ်အထိပ်သိုင်းဘုရင် အမျိုးသားတစ်ဦး ဖြစ်သည်။

တောင်နှင့်မြစ်ပန်းချီကား ကမ္ဘာတစ်ခုထဲတွင် သူသည် ဝန်ကြီးချုပ်၏ သမီးဖြစ်သူအား ထာဝရ ချစ်ခြင်းမေတ္တာကို ကတိပြုခဲ့ပြီး သူမအား ကျင့်ကြံခြင်း နည်းစနစ်များကို သင်ကြားပေးခဲ့သည်။

သူသည် တစ်ချိန်က သူ၏ ချစ်သူနှင့် ပြန်လည် ဆုံတွေ့ရန် စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့၏။

သို့သော် ယခုမူ... ကမ္ဘာများ ပေါင်းစည်းသွားပြီး လူသတ်ပွဲကြီး ဖြစ်လာပေတော့မည် ။

“ဟုတ်တယ်၊ တောင်နဲ့မြစ်ပန်းချီကား ကမ္ဘာတစ်ခုချင်းစီမှာ အရှေ့ဘက်သခင်ရဲ့ လက်တွဲဖော် ပုံစံတစ်ခုစီ ရှိနေတယ်"

" အဖော်ရဲ့ ပုံစံတစ်ခုချင်းစီက အတိတ်က ဖြစ်ရပ်တွေကို ပြန်လည် ဖြတ်သန်းနေကြတာ"

"ပန်းချီကားကမ္ဘာတွေက အတုအယောင်တွေပဲ၊ အရှေ့ဘက်သခင်က ရတနာစုတ်တံကို သုံးပြီး ဒီအတုအယောင်တွေကို ရေးဆွဲပြီး အစစ်အမှန် ဖြစ်တည်မှု တစ်ခုကို ဖန်တီးခဲ့တာ"

" ငါတို့က အသန်မာဆုံး လက်တွဲဖော်ရဲ့ ပုံစံတစ်ခုကို ထောက်ပံ့ပေးမယ်၊ ပြီးတော့ သူမက အခြားသူတွေကို သတ်ဖြတ်ပြီး ဝါးမြိုသွားလိမ့်မယ်"

" နောက်ဆုံးမှာ သူမက ကံကြမ္မာကို ဝါးမြိုပြီး အရှေ့ဘက်သခင်ရဲ့ လက်တွဲဖော် ဖြစ်လာလိမ့်မယ်"

" သူမ လာခဲ့တဲ့ ကမ္ဘာကသာ ငါတို့ မူလဇစ်မြစ်နယ်မြေရဲ့ အနာဂတ်၊ အစစ်အမှန်ကို ကိုယ်စားပြုလိမ့်မယ်"

" ကျန်တဲ့ ကမ္ဘာတွေအားလုံးကတော့ ပျောက်ကွယ်သွားမယ်၊ ပြီးတော့ အဆုံးသတ်မြေကလည်း အတိတ်ဖြစ်သွားမှာပဲ"

" အဆုံးသတ်နယ်မြေ မရှိတော့တာနဲ့ အရှေ့ဘက်သခင် ဖန်တီးထားတဲ့ ပန်းချီကားကမ္ဘာကသာ အစစ်အမှန် အနာဂတ် ၊ အကန့်အသတ်မရှိတဲ့ အနာဂတ် ဖြစ်လာမှာ"

သမင်နက်သခင်၏ မျက်နှာမှာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။

နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ မရေမတွက်နိုင်သော ကမ္ဘာကြီး ပြန်လည် စတင်မှုများကို ပြုလုပ်ပြီးနောက်၊ သူတို့ နောက်ဆုံးတွင် အောင်မြင်တော့မည် မဟုတ်ပါလား။

“ဒါပေမဲ့ အဲဒါက... တခြား တောင်နဲ့မြစ်ပန်းချီကား ကမ္ဘာတွေထဲက လူတိုင်း သေရမယ်လို့ အဓိပ္ပာယ်ရတာ မဟုတ်ဘူးလား”

ထိုသူ၏မျက်နှာမှာ သိသိသာသာ ပျက်သွားခဲ့သည်။

သူ၏ ချစ်သူမှာ ပန်းချီကားကမ္ဘာများထဲမှ တစ်ခုတွင် ရှိနေဆဲ ဖြစ်၏။

တကယ်လို့ သူ၏ ချစ်သူမှာ စတေးခံရမည့် ကမ္ဘာများထဲမှ တစ်ခုတွင် ရှိနေပါက သူ ၎င်းကို လက်မခံနိုင်ပေ။

“ကမ္ဘာကြီးအတွက်ဆိုရင် တချို့သော စတေးမှုတွေ လိုအပ်တယ်”

သမင်နက်သခင်က အေးစက်စွာ ပြန်ပြောလိုက်သည်။

အခြားဘွဲ့တံဆိပ်ရ သိုင်းနတ်ဘုရားသတစ်ဦးကလည်း ဝင်ပြော၏။

“သူတို့ဟာ အရှေ့ဘက်သခင်က ဖန်တီးထားတာ ဖြစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်က အမြဲတမ်း စတေးခံဖို့ပဲ "

" အခု ငါတို့က သူတို့ရဲ့ ကံကြမ္မာကို ဖြည့်ဆည်းရမယ့် အချိန်ရောက်ပြီ”

“အမှန်ပဲ၊ အရှေ့ဘက်သခင်က သူတို့ကို အသက်ပေးခဲ့တာ၊ အဲဒီအကြွေးကို သူတို့ ဘဝပေါင်း ထောင်ချီတောင် ပြန်မဆပ်နိုင်ဘူး”

သိုင်းနတ်ဘုရားများ၏ အမူအရာမှာ ပြတ်သားနေ၏။

နှစ်ပေါင်းများစွာကြာအောင် ဆုပ်ကိုင်ထားပြီးနောက် သူတို့က မှားနေမှန်း သိလျှင်ပင် ဝန်ခံကြမည် မဟုတ်ပေ။

“တောင်နဲ့မြစ်ပန်းချီကား ကမ္ဘာတွေကို အရှေ့ဘက်သခင်က ဖန်တီးခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ အဆုံးသတ်နယ်မြေကရော ၊ သူတို့က အရှေ့ဘက်သခင်ဖန်တီးထားတာ မဟုတ်ဘူးလေ ၊ သူတို့မှာ ဘာအပြစ်မှ မရှိဘူး မဟုတ်လား”

နောက်ဆုံးတွင် မူယန်လည်း အောင့်မထားနိုင်တော့ဘဲ ဝင်ပြောလိုက်မိသည်။

“သူတို့က အမြဲတမ်း ပျက်စီးဖို့ ကံပါလာပြီးသားပါ၊ ငါတို့က သူတို့ကို ကူညီပေးရုံတင်ပဲ”

မူယန်၏ဘိုးဘေးက သူ့ကို နူးညံ့သော အပြုံးဖြင့် ကြည့်ကာ ရှင်းပြ၏။

“မင်းတို့ အသစ်တက်လာတဲ့ သိုင်းနတ်ဘုရားတွေက လောကကြီးကို သိပ်မမြင်ဖူးသေးဘူး၊ အရှေ့ဘက်သခင်နဲ့တောင် မဆုံဖူးသေးဘူး။ မင်းတို့ ဇဝေဇဝါ ဖြစ်နေတာက သဘာဝကျပါတယ်"

" အရှေ့ဘက်သခင် ပေးထားတဲ့ ဒီတာဝန်အတွက် မင်းတို့ မူလဇစ်မြစ်နယ်မြေမှာပဲနေကြ”

စကားပြောနေရင်းမှ ဘိုးဘေးက လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

အခြားသိုင်းနတ်ဘုရား အချို့ကလည်း အလားတူ လှုပ်ရှားခဲ့ကြပြီး သိုင်းနတ်ဘုရားအသစ်များကို ဖမ်းဆီး ပိတ်လှောင်လိုက်ကြ၏။

“မဟုတ်ဘူး ဘိုးဘေး၊ ခင်ဗျားတို့ ရူးနေပြီ"

" ဒီကမ္ဘာတွေကို ဖျက်ဆီးဖို့ မလိုပါဘူး ၊ ကောင်းကင်ဘုံအရှင်ကျိယွမ်က ကပ်ဘေးကို တားဆီးနိုင်တယ်"

မူယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်သည်ဟု ယူဆသော်လည်း သူအသိမိတ်ဆွေများနှင့် သူဂရုစိုက်ရသောသူများ ၊ သူ့အပေါ်ဂရုစိုက်သောသူများက အပြစ်မဲ့စွာသေဆုံးသွားသည်ကိုတော့ မမြင်ချင်ပါ။

တောင်နှင့်မြစ်ပန်းချီကားကမ္ဘာထဲတွင် သူသည် နှစ်ပေါင်း တစ်သောင်းကျော် နေထိုင်ခဲ့၏။

သူမှာ သူငယ်ချင်းများစွာရှိသည်။

သူတို့က အပြစ်မဲ့စွာ သေဆုံးသွားရသည်ကို သူ မကြည့်ရက်ပေ။

အရေးအကြီးဆုံးမှာ သူသည် အရှေ့ဘက်သခင်နှင့် တစ်ခါမှ မဆုံဖူးသလို သူ၏အစီအစဉ်ကိုလည်း မယုံကြည်ပါ။

လူများအားလုံးကိုသတ်ပြီး ကမ္ဘာကြီးကိုကယ်တင်မည့်အစား မကယ်ဘဲနေတာကမှ ပိုကောင်းပေလိမ့်ဦးမည်။

အရှေ့ဘက်သခင်နှင့် နှိုင်းယှဉ်လျှင် သူက ကျိယွမ်ကို ပို၍ ယုံကြည်၏။

ကပ်ဘေးကြီးမှ ရန်သူများမှာ အစွမ်းထက်သော်လည်း ကျိယွမ်ကလည်း ထိုနည်းတူ အစွမ်းထက်သူဖြစ်သည်။

သူကိုယ်တိုင်ကလည်း ကြယ်များကိုပင် ဝါးမြိုနိုင်သလို ၊ မရေမတွက်နိုင်သော အစွမ်းထက်ကောင်းကင်ဘုံအရှင် နောက်လိုက်များလည်း ရှိ၏။

ဒီလောက် အစွမ်းအစရှိနေတာကို ကပ်ဘေး သေးသေးလေးကို မဖြေရှင်းနိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ..။

တကယ်လို့ သူတို့အဖွဲ့ကတောင် မဖြေရှင်းနိုင်ဘူးဆိုရင် အရှေ့ဘက်သခင်တစ်ယောက်တည်းရဲ့ အကြံအစည်ကရော ဘာလို့ ပိုပြီး အောင်မြင်နိုင်ခြေ ရှိမှာလဲ ။

ဘယ်လိုတွေးတွေး ယုတ္တိမရှိပေ။

“စကားတွေ ထပ်မပြောနဲ့တော့၊ အရှေ့ဘက်သခင် ပြောတာက အမှန်တရားပဲ”

ဘွဲ့တံဆိပ်ရ သိုင်းနတ်ဘုရားတစ်ဦးက တင်းမာစွာ ဖြတ်ပြောလိုက်သည်။

“ခင်ဗျားတို့က... အရမ်းကြောက်ဖို့ကောင်းတယ်"

မူယန် စိတ်ပျက်အားငယ်သွားခဲ့သည်။

ဤလူများကို သူ ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ဖြစ်နေ၏။

သိုင်းနတ်ဘုရားများသည် ဘာမှထပ်မပြောတော့ဘဲ မူယန်နှင့် အခြားသူများကို ချည်နှောင်ကာ မူလဇစ်မြစ်နယ်မြေထဲသို့ ပစ်ချလိုက်ကြသည်။

ကျန်သော သိုင်းနတ်ဘုရားများ အားလုံးကတော့ ပင်လယ်နက်ဘက်သို့ သူတို့၏ အကြည့်များကို လှည့်လိုက်ကြ၏။

“အပြောင်းအလဲကြီး စတင်နေပြီ၊ ပင်လယ်နက်ရဲ့ စွမ်းအားတွေ လျော့နည်းလာနေပြီ။ အခု ငါတို့ ပင်လယ်နက်ထဲကို ဝင်လို့ရပြီ”

“တောင်နဲ့မြစ်ပန်းချီကား ကမ္ဘာတွေဟာ ပင်လယ်နက်ထဲမှာ ရှိနေတာ”

“အချိန်ကုန်သက်သာအောင် ငါတို့ ပန်းချီကားကမ္ဘာထဲကို ဝင်ပြီး သာမန်လူတွေကို ကြိုပြီးသတ်ဖြတ်ကြရအောင်။ ပြီးတော့ ကိုယ်ပွားတွေကို ဖမ်းပြီး ပင်မခန္ဓာဆီ ပို့ပေးကြမယ် "

ဘွဲ့တံဆိပ်ရ သိုင်းနတ်ဘုရားတစ်ဦးက အကြံပြုသည်။

အခြားသော ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားများကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြ၏။

“ဒီလို သူရဲကောင်းဆန်တဲ့ လုပ်ရပ်မျိုးနဲ့ဆိုရင် ငါတို့လည်း နတ်ဘုရားတွေ ဖြစ်လာတော့မှာပါ”

သိုင်းနတ်ဘုရားများသည် စိတ်အားထက်သန်စွာဖြင့် ပင်လယ်နက်ထဲသို့ တိုးဝင်သွားကြသည်။

သူတို့သည် အစစ်အမှန်ကမ္ဘာအဖြစ် သတ်မှတ်ရန်အတွက် တောင်နှင့်မြစ်ပန်းချီကား ကမ္ဘာများထဲက သင့်တော်သောတစ်ခုကို ရွေးချယ်ပြီးသား ဖြစ်၏။

ထိုကမ္ဘာထဲရှိ အရှေ့ဘက်သခင်၏ လက်တွဲဖော်ကိုယ်ပွားမှာ အပြည့်စုံဆုံးနှင့် ချစ်စရာအကောင်းဆုံး ဖြစ်သည်။

အခြားသော ကိုယ်ပွားများကို ဖမ်းဆီးပြီး သူမထံသို့ ပို့ပေးသရွေ့ သူမက ၎င်းတို့ကို ဝါးမြိုပြီး သတ်ဖြတ်ပေလိမ့်မည်။

ထို့နောက် အရှေ့ဘက်သခင်၏ လက်တွဲဖော်သည် သူမမှတစ်ဆင့် ပြန်လည် အသက်ဝင်လာပေတော့မည်။

“ဟားဟားဟား၊ နှစ်ပေါင်း တစ်သန်းလောက် ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်ထားပြီးနောက်မှာ နောက်ဆုံးတော့ ငါတို့ အောင်မြင်တော့မယ်"

ပင်လယ်နက်ပေါ်တွင် သိုင်းနတ်ဘုရားများသည် ရူးသွပ်စွာ ရယ်မောနေကြ၏။

သူတို့သည် အကြိမ်ကြိမ် ပြန်လည် စတင်ခဲ့ကြသဖြင့် သူတို့၏ စိတ်အခြေအနေများမှာ ပုံမှတ်မဟုတ်တော့ဘဲ ကြာမြင့်စွာကပင် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သိုင်းနတ်ဘုရားများ၏ သက်တမ်းမှာ နှစ်ပေါင်း တစ်သန်း မရှိပါ။မည်သည့် သိုင်းနတ်ဘုရားမှ နှစ်တစ်သန်း အသက်မရှင်နိုင်ပေ။

သူတို့မှာ သဘာဝကျသော သိုင်းနတ်ဘုရားများ မဟုတ်တော့ပေ။

နောက်ဆုံးတွင် သူတို့သည် ဘာကိုမျှ ဟန်ဆောင်ထားခြင်း မရှိတော့ပေ။

“ရှေ့မှာ ပင်လယ်မျက်စိ တစ်ခု ရှိတယ်။ အဲဒါ တောင်နဲ့မြစ်ပန်းချီကားဆီကို သွားတဲ့ အပေါက် ဖြစ်ရမယ် ၊ အဲဒီ ကမ္ဘာက ငါ့ဟာ ဖြစ်လာမှာပဲ"

လေတိုးသံကဲ့သို့ တရှဲရှဲအသံမျိုးရှိသော အဖိုးအိုတစ်ဦးက တက်ကြွစွာ ကြွေးကြော်၏။

သူသည် အရှေ့ဘက်သခင်၏ လက်တွဲဖော်ကိုယ်ပွားများထဲမှ တစ်ခုကို ဖမ်းဆီးရန် ပန်းချီကားကမ္ဘာများထဲသို့ ဝင်ရောက်နေခြင်း ဖြစ်သည်။

အတွင်းရှိ အခြားသော သတ္တဝါများကိုတော့ သူကိုယ်တိုင် သတ်ဖြတ်ရန် ရည်ရွယ်ထား၏။

မဟုတ်လျှင် သူတို့ အချင်းချင်း သတ်နေလျှင် မည်မျှ ကြာမည်နည်း။

ထို့အပြင် ရွေးချယ်ထားသော အစစ်အမှန်ကမ္ဘာရှိ နေထိုင်သူများက သူတို့၏ အပြိုင်ကိုယ်ပွားများနှင့် ချစ်ကျွမ်းဝင်သွားပြီး မသတ်ချင်တော့လျှင် မည်သို့ လုပ်မည်နည်း။

အချိန်ကုန်သက်သာရန် သူကိုယ်တိုင် သတ်ဖြတ်ခြင်းက ပိုလွယ်ကူပေလိမ့်မည်။

“ကောင်းကင်ဘုံအရှင်တွေ ထွက်သွားပြီ။ အခု ငါတို့ကို ဘယ်သူမှ မတားနိုင်တော့ဘူး"

ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားအဘိုးကြီးက တဟားဟားရယ်မောနေသည်။

အပြောင်းအလဲကြီးဖြစ်ပေါ်လာပြီဖြစ်သောကြောင့် မူလဇစ်မြစ်နယ်မြေသည် ယန်နတ်ဘုရားများကို ထပ်မံ လက်ခံမထားနိုင်တော့ပေ။

ကျိယွမ်က ပုန်းခိုပြီးသတ်ဖြတ်ရန် တစ်ခုခု ကြံစည်ထားလျှင်ပင် သူနှင့် သူ၏ နောက်လိုက်များသည် မူလဇစ်မြစ်နယ်မြေတွင် ဆက်နေ၍ မရတော့ပါ။

အပြောင်းအလဲကြီးသာ မရှိခဲ့လျှင် သူတို့သည်လည်း ပင်လယ်နက်ထဲသို့ ဝင်နိုင်ကြမည် မဟုတ်သလို အတွင်းတွင် ပုန်းအောင်းနေသူလည်း ရှိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ယခုအခါတွင် သူတို့သည် ပင်လယ်ထဲသို့ လွှတ်လိုက်သော နဂါးများကဲ့သို့ မည်သူမျှ တားဆီး၍ မရတော့ပါ။

ထိုသို့ပြောပြီးနောက် အဘိုးအိုကသူ၏ ကြီးမားသော လက်ဝါးကြီးကို တောင်နှင့်မြစ်ပန်းချီကားဆီသို့ ဆန့်ထုတ်လိုက်သည်။

အခြားသိုင်းနတ်ဘုရားများကလည်း ထို့နည်းတူပြုလုပ်ကာ အခြားကမ္ဘာများ၏ ဝင်ပေါက်များကို ရှာဖွေလိုက်ကြ၏။

ဤအချိန်တွင် မြစ်ကမ်းပါးပေါ်၌ရပ်နေသော လူကျူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ဒါက...”

ကောင်းကင်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်ကို သူမ မြင်လိုက်ရ၏။

ကမ္ဘာကြီးကို ဖျက်ဆီးရန် ရည်ရွယ်ထားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းသော ခြေသည်းကြီးတစ်ခု က ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

မရေမတွက်နိုင်သော လူများမှာ ကပ်ဘေးမြင်ကွင်းကို ကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်နေကြပြီး သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။

“အဲဒါက... သိုင်းနတ်ဘုရားပဲ၊ ဒဏ္ဍာရီလာ သိုင်းနတ်ဘုရားတွေထဲက တစ်ယောက်”

လူကျူက အံကြိတ်ကာ ရေရွတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ် စိတ်များ ပြည့်နှက်လာသည်။

သူမ၏ ဘေးတွင်ရပ်နေသော ဝမ်ယွမ်ယွီမှာ အနည်းငယ်တည်ငြိမ်နေပုံရသော်လည်း သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

“နှမြောစရာပဲ။ ကမ္ဘာတွေတောင် မပေါင်းစည်းရသေးဘူး၊ အားလုံးက... ပြီးဆုံးသွားပြီလား”

သူမသည် ကိစ္စတော်တော်များများကို နားလည်ပုံရပြီး သူမ၏ ကိုယ်ပိုင်ကံကြမ္မာကိုပင် သိနေပုံရသည်။

သူမ၏ တစ်ခုတည်းသော နောင်တမှာ တောင်နှင့်မြစ်ပန်းချီကားများ မပေါင်းစည်းသေးခြင်း၊ ကျိယွမ်နှင့် မဆုံရသေးခြင်းနှင့် ကျိယွမ်ပေးသော ခြေအိတ်အနက်ရောင်များကို မဝတ်ရသေးခြင်း ဖြစ်သည်။

သူမသည် ကျိယွမ်အတွက် ၎င်းတို့ကို ဝတ်ပေးမည်ဟု ကတိပေးခဲ့၏။

“မရဘူး၊ ဒီကံကြမ္မာကို ငါ လက်မခံနိုင်ဘူး"

မင်းသမီးတစ်ပါးဖြစ်သော လူကျူက အံကြိတ်ကာ အော်ဟစ်လိုက်သည်။

“မိစ္ဆာသတ်သွေးတုတ်... ငါ့ကို ကူညီပါ”

သူက နာကျည်းစွာ အော်ဟစ်လိုက်သည်နှင့် သူမရှေ့ရှိ မြစ်မှာ သွေးကဲ့သို့ နီရဲသွား၏။

သွေးနီရောင် သစ်သားတုတ်တစ်ခုက ရုတ်တရက် မြစ်ထဲပေါ်ထွက်လာခဲ့သည်။

ထိုတုတ်မှာ တောက်ပသော အနီရောင်ဖြစ်ပြီး ထူးထူးခြားခြား ယုတ်မာသော အငွေ့အသက်များ ရှိ၏။

၎င်းမှာ တုတ်နီကိုင် မိစ္ဆာသတ်သမား ၏ ဒဏ္ဍာရီလာလက်နက် ပင်။

ဟိုယခင်က သူသည် ကောင်းကင်နှင့် မြေကြီးကြားရှိ မိစ္ဆာအားလုံးကို အမြစ်ဖြတ် သုတ်သင်ပြီးနောက် မထွက်ခွာမီ သွေးရောင်တုတ်ချောင်းကို ချန်ထားခဲ့၏။

ထိုတုတ်မှာ ဤကမ္ဘာ၏ ပထမဆုံးသော ကမ္ဘာအဆင့်လက်နက် ဖြစ်လာခဲ့သည်။

ယခုအခါ သူမ၏ဆရာတစ်ချိန်က ကိုင်တွယ်ခဲ့သော သွေးရောင်တုတ်ကို ကိုင်ထားရင်း လူကျု၏ အမူအရာမှာ ပြတ်သားနေ၏။

“ဆရာ လုပ်နိုင်ခဲ့ရင် ငါလည်း လုပ်နိုင်ရမယ်”

"ယား........"

သူမ၏ မာန်သွင်းသံနှင့်အတူ ကြီးမားသော သွေးနီရောင် တုတ်ချောင်းကြီးမှာ ကောင်းကင်ရှိ ကြီးမားသော ခြေသည်းကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

သွေးများက လေထုထဲတွင် ပြည့်နှက်သွားပြီး ကောင်းကင်ကြီးမှာလည်း ရဲရဲနီသွား၏။

ဘုန်း.....။

ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားသကဲ့သို့ နားကွဲမတတ် တိုက်မိသံ ထွက်ပေါ်လာခဲ့သည်။

လူကျူ၏ မျက်လုံးများမှ သွေးများ စီးကျလာပြီး ပြင်းထန်သောဝေဒနာကို ခံစားလိုက်ရသကဲ့သို့ သူမ၏လှပသောမျက်နှာလေးက မဲ့သွားလေ၏။

ကောင်းကင်ရှိ ကြီးမားသော ခြေသည်းကြီးကို စိုက်ကြည့်ရင်း သူမ၏ မျက်နှာမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဆရာ... တောင်းပန်ပါတယ်။ တပည့်က အခုထိ အရမ်း အားနည်းနေသေးတယ်။ ဆရာ့ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေရဲ့ အပိုင်းအစလေးကိုတောင် ကျွန်မ မသိသေးဘူး”

ထိုအချိန်တွင် ကောင်းကင်ရှိ ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားအဘိုးကြီးမှာလည်း အံ့အားသင့်သော အမူအရာ ပေါ်လာခဲ့သည်။

“စိတ်ဝင်စားစရာပဲ၊ တောင်နဲ့မြစ်ပန်းချီကားထဲမှာ သိုင်းနတ်ဘုရားတစ်ပါးနဲ့ ညီမျှတဲ့ စွမ်းအားကို ရှာတွေ့ဖို့ဆိုတာ...မလွယ်ဘူး ၊ အဲဒီတုတ်နီက အစွမ်းအစ တချို့ ရှိတာပဲ”

သို့သော် သူသည် လူကျုကို လျစ်လျူရှုကာ ဝမ်ယွမ်ယွီကိုသာ အာရုံစိုက်လိုက်သည်။

“ငါ့ကံက တော်တော်ကောင်းပုံပဲ။ မင်းကို ချက်ချင်း ရှာတွေ့သွားတယ်။ နေရာအနှံ့ ရှာနေဖို့ မလိုတော့ဘူး”

လူကျူအံကြိတ်ကာ ကောင်းကင်ကို အာခံလျက် စိုက်ကြည့်နေသည်။

“ငါ့ဆရာသာ ဒီမှာ ရှိနေရင် နင့်ကို ဒီလောက် မာန်တက်ခွင့် ပေးမှာ မဟုတ်ဘူး”

“ဟားဟား ဟားဟား .. တောင်နဲ့မြစ်ပန်းချီကားထဲက အတုအယောင်စတေးခံသတ္တဝါလေးက ဘဝမေ့ပြီး မာန်တက်နေတာလား "

"ငါတို့ကြားက ကွာခြားချက်က ဘယ်လောက်တောင် ကြီးမားလဲဆိုတာ နင် မသိသေးဘူးပဲ "

"နင့်ဆရာ ဒီမှာ ရှိနေရင်တောင် ငါ့ကို ဘယ်လို တားနိုင်မှာလဲ ၊ ဒီကမ္ဘာမှာ ငါ့ကို ဘယ်သူ တားနိုင်လဲ ”

ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားအဘိုးအိုက မာန်ထောင်ကာ တဟားဟား ရယ်လ်ုက်၏။

သူသည် ယခုလို ပုရွက်ဆိတ်တစ်ကောင်နှင့် စကားမပြောဖြစ်သည်မှာ ကြာခဲ့လေပြီ။

ထိုအချိန်မှာပင် ဝမ်ယွမ်ယွီက ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားအဘိုးကြီးကို ကြည့်ကာ တည်ငြိမ်စွာစွာ ပြောလိုက်သည်။

“ကျွန်မက ရှင့်ရဲ့ ပစ်မှတ်ပဲ။ ကျွန်မ ရှင်နဲ့ လိုက်ခဲ့ပါ့မယ်။ ဒါပေမဲ့ တခြားလူတွေကို ချမ်းသာပေးလို့ ရမလား"

အဘိုးအိုက ​အေးစက်ခေါင်းခါလိုက်၏။

“အရှေ့ဘက်သခင်က မင်းတို့ အားလုံးကို အသက်ပေးခဲ့ပြီး ဒီလောက်ကြာအောင် တည်ရှိခွင့် ပေးခဲ့တယ်။ အခု မင်းတို့ အရှေ့ဘက်သခင်ကို ကျေးဇူးဆပ်ရမယ့် အချိန်ပဲ..."

" မျိုးတုံးသွားခြင်းနဲ့ပေါ့..."

အဘိုးအို၏ အမူအရာမှာ ယုတ်မာသော အပြုံးအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ကြီးမားသော အရိုးစု ခြေသည်းကြီးမှာ ဝမ်ယွမ်ယွီဆီသို့ ဦးတည်ကျဆင်းလာသည်။

သို့သော် ထိုအချိန်တွင် အေးစက်သော အသံတစ်ခုသည် အဘိုးအို၏ နားထဲတွင် ရုတ်တရက် ဟိန်းထွက်သွား၏။

“အဲဒီ သစ်သားတုတ်ချောင်းလား....ငါ့ယောက်ျားက အဲဒါကို တော်တော် သဘောကျတာ။ သူ ငါ့ကို အဲဒါအကြောင်း အကြိမ်ကြိမ် ပြောဖူးတယ်"

" နင်က သူ့ရဲ့တုတ်ကို ညစ်ပတ်အောင် လုပ်လိုက်တယ်။ နင်... နင့်အသက်နဲ့ ပြန်ပေးဆပ်သင့်တယ် ”

အဘိုးအို၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

သူ၏ရှေ့တွင် အနက်ရောင်ဂါဝန် ဝတ်ထားသော ပိန်ပိန်ပါးပါး အမျိုးသမီး တစ်ဦး လေထဲတွင် ရုတ်တရက် ပေါ်လာ၏။

သူမ၏ သေးငယ်သော ကိုယ်လုံးမှာ နုနယ်ပြီး အသားအရေမှာ ဖြူဖျော့နေသော်လည်း သူမ၏ အသံမှာ ဆီးနှင်းကဲ့သို့ အေးစက်လှသည်။

သို့သော် မြူနှင်းများက သူမကို ဝန်းရံထားပုံရပြီး သူမ၏မျက်နှာကို ကွယ်ထားသဖြင့် သူမ မည်သည့်နေရာတွင် ရပ်နေသည်ကိုတော့ အတိအကျ သိရန် မဖြစ်နိုင်ပေ။

“နင်... နင်က ဘယ်သူလဲ”

အဘိုးအိုသည် နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့်အတူ ဇဝေဇဝါဖြစ်နေ၏။

“ငါက... ကျိယွမ်ရဲ့ ဇနီးအငယ်ပါ”

နင်းထောင်က ချိုသာစွာ ပြုံးလိုက်သည်။

သူမက မြေပြင်မှ လူကျူနှင့် ဝမ်ယွမ်ယွီကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှေ့သို့ လက်ညှိုးတစ်ချက်ထိုးလိုက်၏။

ချက်ချင်းဆိုသလိုပင် တစ်ချိန်က အလွန်ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီလာ ဘွဲ့တံဆိပ်ရသိုင်းနတိဘုရားကြီး၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် တွန့်လိမ်သွားခဲ့သည်။

“အချိန်စွမ်းအားလား......"

" မဟုတ်ဘူး၊ နင် တကယ်ပဲ ဘယ်သူလဲ”

သူသည် အိုမင်းရင့်ရော်ကာ ဆံပင်ဖြူနေခဲ့ပြီသားဖြစ်၏။

သို့သော် သူမ လက်ညှိုးညွှန်လိုက်သည့် အခိုက်အတန့်တွင် သူသည် မရေမတွက်နိုင်သော ကမ္ဘာပေါင်းများစွာကို ခဏချင်းအတွင်း ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်မှာ ညှိုးနွမ်းသွားပြီး သူ့စိတ်များမှာလည်း ဆောက်တည်ရာမရအောင် ရှုပ်ထွေးသွားခဲ့သည်။

“ငါ့ယောက်ျားပြောတာ မှန်တယ်။ ရေချိုးရတာကို မကြိုက်တဲ့လူတွေက မြေအောက်ကို ဆင်းပြီး သစ်ပင်သွားစိုက်သင့်တယ်”

နင်းထောင် လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် အဘိုးအိုမှာ ချက်ချင်းပင် သေဆုံးသွားခဲ့သည်။

သာမန်သေဆုံးခြင်းမဟုတ်ဘဲ အလွန်အိုမင်းရင့်ရော်ကာ သေဆုံးသွားခြင်းပင်။

--------------

All Chapters