← Chapters

အခန်း (၃၈၀-၃၈၁)

Vol. 35 Ch. 380-381

အခန်း (၃၈၀-၃၈၁)

Vol. 35 Ch. 380-381

အခန်း ၃၈၀ - နူးညံ့သိမ်မွေ့သော အရှေ့ဘက်သခင်နှင့် ဒေါသထွက်နေသော ကျိယွမ်

နင်းထောင်သည် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ သွယ်လျသောခန္ဓာကိုယ်လေးမှာ အေးစက်သော ကျော့ရှင်းမှုကို ထုတ်လွှတ်နေ၏။

ထို့အပြင် သူမ၏ ပခုံးသားများမှာ ထုဆစ်ထားသကဲ့သို့ ပြေပြစ်ပြီး ခါးမှာလည်း ပိုးဖဲကြိုးလေးတစ်ခုကဲ့သို့ သွယ်လျကာ ရွှေရောင်ခါးပတ်တွင် ရှုပ်ထွေးသော ပန်းလက်ရာများကို အနုစိတ် ချည်နှောင်ထားသည်။

ဟင်းလင်းပြင်ထဲတွင် ရပ်နေသော သူမမှာ မှောင်မိုက်သော ကောင်းကင်ယံမှ ထွက်ပေါ်လာသည့် နတ်ဘုရားမတစ်ပါးအလားပင်။

နင်းထောင်၏ အေးစက်သော မျက်လုံးများက လူကျူကို ကြည့်လိုက်သည် ။

သူမသည် ကျိယွမ်၏ဘေးတွင် မရှိသောအချိန်၌ မြောက်ပိုင်းစုန်းဆယ့်သုံးပါးထဲမှ စုန်းမတစ်ဦး၏ထုံးစံအတိုင်း အေးစက်၍ သီးသန့်ဆန်သော အမူအရာကို ဖော်ပြနေသည်။

သို့သော် သူမသည် အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းစိတ်မှာ ဆွဲဆောင်မှု မည်မျှရှိသည်ကို ကျိယွမ်သာ အသိဆုံးဖြစ်၏။

"စီနီယာက ဘယ်သူပါလဲ..."

လူကျုက ရိုသေစွာဖြင့် ခေါင်းငုံ့ကာ နှုတ်ဆက်ရင်း သူမ၏ စိတ်ထဲတွင် အတွေးများစွာဖြင့် ပြည့်နှက်နေသည်။

သူမရှေ့တွင် ရပ်နေသော ဤလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးမှာ သူမ လက်လှမ်းမမီနိုင်သူ ဖြစ်ရုံသာမက သူတို့ ယခုလေးတင် ရင်ဆိုင်ခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသော ရန်သူသည်လည်း ထိုနည်းတူပင်။

"နင့်ရဲ့ စိတ်ထဲမှာ ခန့်မှန်းချက်တစ်ခု ရှိနေပြီ မဟုတ်လား"

နင်းထောင်၏အသံမှာ အေးစက်သော ရုပ်ရည်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သာယာကာနှစ်လိုဖွယ်အသံဖြစ်၏။

"ကျိယွမ်က... ငါ့ရဲ့ယောက်ျားပဲ..."

သူမ၏ အသံတွင် ပိုင်ဆိုင်လိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။

သတို့သမီးလေးနှင့် စကားပြောသည့်အခါ နင်းထောင်သည် သူမကို "ညီမလေး" ဟု ခေါ်ဆိုလေ့ရှိပြီး ကျူးယန်အနေနှင့် စကားပြောသည့်အခါ သူမကို "မမရှောင်ကျား" ဟု ခေါ်ဆိုတတ်၏။

သို့သော် လူတိုင်းက ထိုသို့သော ချစ်စနိုးနာမည်များကို မရနိုင်ပါ။

အကယ်၍ သူမ၏ယောက်ျားက တောင်းဆိုလာလျှင်တော့ ရကောင်းရနိုင်သည်။

"ဆရာ့ကတော်ကို ဂါရဝပြုပါတယ်"

လူကျူသည် လက်လျှော့အရှုံးပေးမှုနှင့် အတူ မနာလိုမှုတို့ ရောယှက်နေသော စိတ်နှလုံးဖြင့် အမြန် ဦးညွှတ်လိုက်၏။

ဤကဲ့သို့ နတ်ဘုရားမနှင့်တူသော အမျိုးသမီးသာလျှင် သူမ၏ ဆရာနှင့် ထိုက်တန်နိုင်ပါသည်။

သူမ၏အလှအပဖြစ်စေ၊ ကျင့်ကြံမှုအဆင့်အတန်းဖြစ်စေ သူမသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးများထဲမှ တစ်ဦးဖြစ်သည်မှာ ငြင်းစရာမရှိပေ။

လူကျူ၏ ခေါ်ဝေါပုံကို ကြားသောအခါ နင်းထောင်၏ အကြည့်မှာ လူကျူအပေါ် အနည်းငယ် ပျော့ပြောင်းသွား၏။

"ကမ္ဘာတွေက ပေါင်းစည်းတော့မယ်။ နင်တို့ အဆင်သင့်ဖြစ်အောင် ပြင်ထားပြီး မလိုအပ်တဲ့ သွေးထွက်သံယိုမှုတွေ မဖြစ်အောင် ရှောင်ကြပါ"

"ဟုတ်ကဲ့ပါ အရှင်မ"

လူကျူက အမြန်ပြန်ဖြေလိုက်ရင်းမှ နင်းထောင်ကို မရဲတရဲမော့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဆရာ့ကတော်၊ ရှင့်ရဲ့ အလှက ယှဉ်ဖက်မရှိပါဘူး။ ကမ္ဘာပေါ်က အမျိုးသားအားလုံး ရှင့်ကို စွဲလမ်းကြမှာ အသေအချာပါပဲ။ ဆရာက ရှင့်လိုလူနဲ့ လက်ထပ်ရတာ တကယ်ကို ကံကောင်းတာပဲ"

နင်းထောင်က ချိုသာစွာ ပြုံးသည်။

"နင်မသိလို့ပါ ..ငါ့ရဲ့ ရုပ်ရည်က လူတိုင်းကို ကြောက်လန့်စေခဲ့တယ်၊ ဒါပေမဲ့ သူကတော့... "

"သူက ဒါတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး"

အတိတ်တုန်းက ကျူးယန်အဖြစ်နှင့် သူမသည် မိစ္ဆာတစ်သောင်းတံခါးသို့ သွားရောက်ခဲ့စဉ်က ကောင်းကင်ဘုံ၏ ကျိန်စာသင့်ခြင်းကို ခံရကာ လူသားထု၏ စက်ဆုပ်ခြင်းကို ခံခဲ့ရသည် ။

လူတိုင်းက သူမကို မုန်းတီးကြပြီး စက်ဆုပ်ရွံရှာကြကာ သူမ၏ မျက်နှာကိုပင် မကြည့်ချင်ကြပေ။

သူမ၏ ခင်ပွန်းတစ်ယောက်သာလျှင် သူမကို ကြည်လင်သော မျက်လုံးများဖြင့် စိုက်ကြည့်ဝံ့ပြီး နွေးထွေးစွာဖြင့်

ရိုးသားစွာ စကားပြောခဲ့သည်။

ထိုအချိန်ကတည်းက ရေကန်နံဘေးက မိန်းကလေး၏ နှလုံးသားထဲတွင် မျိုးစေ့တစ်ခုက စိုက်ပျိုးပြီးသား ဖြစ်နေခဲ့လေပြီ။

"ရှင်"

လူကျုမှာ နင်းထောင်ကိုကြည့်ရင်း ဇဝေဇဝါဖြစ်သွားပြီး သူမ၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားသည်။

အတိတ်ကို ပြန်ပြောင်းသတိရသောအခါ နင်းထောင်က နွေးထွေးစွာ ပြုံးလိုက်မိ၏။

"အပြင်မှာ ငါ့ယောက်ျားရဲ့ ကစားပွဲကို နှောင့်ယှက်ပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးမယ့် ပိုးမွှားတွေ အများကြီး ရှိနေသေးတယ်။ အဲဒါတွေကို ငါသွားရှင်းလိုက်ဦးမယ်"

နွေးထွေးနေသော သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ လက်ခနဲ ဖြစ်သွားသည် ။

တစ်ခါတစ်ရံတွင် သူမသည် စာဝါငှက်မလေးကဲ့သို့ ကျိယွမ်နောက်သို့ လိုက်နေသည့် အပူအပင်ကင်းကာ အနည်းငယ် မာနကြီးသော မိန်းကလေး ဖြစ်သော်လည်း ယခုမူ သူမသည် ယောက်ျားဖြစ်သူ၏ ဦးဆောင်မှုနောက်သို့ လိုက်ကာ ပြဿနာများကို ဖြေရှင်းပေးနေသည့် နင်းထောင်ဖြစ်သည်။

၎င်းမှာ ကျူးယန် အမြဲတမ်း ဖြစ်ချင်ခဲ့သည့် ပုံစံပင် ။

စကားဆုံးသည်နှင့် သူမ၏ ပုံရိပ်မှာ ပျောက်ကွယ်သွား၏။

တောင်နှင့်မြစ်ပန်းချီကားကမ္ဘာထဲတွင် လူကျူနှင့် ဝမ်ယွမ်ယွီတို့သာ ရှုပ်ထွေးသော အမူအရာများဖြင့် ကျန်ရစ်ခဲ့သသည်။

ထိုစဉ် ဝမ်ယွမ်ယွီက တိုးတိုးလေး ပြောလိုက်သည် ။

"ခုနက နတ်ဘုရားမက... သူ့ခြေထောက်မှာ ခြေအိတ်ရှည်တွေ ဝတ်ထားတာလား"

နင်းထောင်၏ သွယ်လျသောခြေတံရှည်များတွင် ပါးလွှာသော ခြေအိတ်ရှည်တစ်ထပ်ကို တင်းကျပ်စွာ ပတ်ထား၏။

သူမ၏ ယခုဝတ်စုံမှာ ကျိယွမ်နှင့် ပထမဆုံး စတင်တွေ့ဆုံစဉ်ကအတိုင်းပင်ဖြစ်သည်။

"ဖြစ်နိုင်တယ်"

လူကျူက အဘယ့်ကြောင့်မေးသည်ကို နားမလည်သော်လည်း ခေါင်းငြိမ့်ပြ၏။

"ဒါက ကျိယွမ် ငါ့ကို ပေးချင်တာလား"

ဝမ်ယွမ်ယွီက သူမ၏ ပါးစပ်ကို ပိတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည် ။

"ငါသာ ဒါကို ဝတ်ရင် သူ့ကို ကြောက်လန့်သွားစေမလားလို့ တွေးနေမိတယ်"

လူကျူက သူမအား ထူးဆန်းသလို ကြည့်၏။

သူ့မိန်းမက ဝတ်ခွင့်ပြုအောင်ပဲ ဆုတောင်းပါဦး။

..............

ထိုအချိန်တွင် ပင်လယ်နက်အတွင်း၌ မိန်းကလေးတစ်ဦးမှာ ချွေးဒီးဒီးကျနေသည်။

သူမသည် ကောင်းကင်ယံတွင် ဟိုဟိုဒီဒီ ပြေးလွှားနေပြီး ဂါထာမန္တန်များကို အဆက်မပြတ် ရွတ်ဆိုနေ၏။

ဂါထာတစ်ခုစီတိုင်းနှင့်အတူ အဘိုးကြီးတစ်ဦး သို့မဟုတ် အဘွားအိုတစ်ဦးစီမှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။

"စုန်းမ"

"မင်း ဘယ်လိုများ ငါတို့ကို တားရဲတာလဲ။ မင်းက ကမ္ဘာကြီးရဲ့ ရာဇဝတ်ကောင်ပဲ"

"သူမကလည်း သိုင်းနတ်ဘုရားအဆင့်မှာပဲ ရှိသေးတာ။ ငါတို့ အတူတူ ပေါင်းလိုက်ရင် သူ့ကို သတ်လို့ရတယ်"

သမင်နက်သခင်က အံကြိတ်ကာ တိုးတိုးပြောလိုက်သည်။

"ဟုတ်တယ်..."

ထို့နောက် သိုင်းနတ်ဘုရား တစ်သောင်းနီးပါးခန့်က မိန်းကလေးကို အဘက်ဘက်မှ ဝန်းရံလိုက်ကြ၏။

အစောပိုင်းက သူတို့သည် တောင်နှင့်မြစ်ကမ္ဘာများ၏ ဝင်ပေါက်ကို ရှာဖွေရင်း ပင်လယ်နက်ထဲတွင် လှည့်လည်သွားလာနေစဉ် ဤမိန်းကလေးက ရုတိတရက် ပေါ်လာပြီး သူတို့ကို မပြောမဆို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။

သူမ၏ ခွန်အားမှာ မယုံနိုင်စရာကောင်းပြီး ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားများပင် သူမကို မယှဉ်နိုင်ကြပါ။

သို့သော် သူတို့ကံကောင်းသွားသည်မှာ ယခုနေရာ၌ သိုင်းနတ်ဘုရားများစွာ ရှိနေခြင်းပင်။

ယခုအခါမှာတော့ သိုင်းနတ်ဘုရား တစ်သောင်းနီးပါးလုံး စုပေါင်းကာ မိန်းကလေးကို သတ်ရန် ဆုံးဖြတ်လိုက်ကြ၏။

ဤမျှများပြားသော သိုင်းနတ်ဘုရားအရေအတွက်ကို ရင်ဆိုင်ရသောအခါ မိန်းကလေးမှာ စိုးရိမ်ထိတ်လန့်လာသည် ။

"နင်းထောင်၊ ဒီကိုလာပြီး ငါ့ကို ကယ်ဦး"

မိန်းကလေးက ကောင်းကင်ယံသို့ စိုးရိမ်တကြီး လှမ်းအော်လိုက်၏။

ဤမိန်းကလေးမှာ အခြားသူမဟုတ်ပါ။

ယန်နတ်ဘုရား ဖြစ်လာသော နင်းထောင်၏ အတိတ်ဘဝခန္ဓာ ကျူးယန်ပင် ဖြစ်သည်။

ယခုအခါ သူမသည် ခွန်အားအရ ဒဏ္ဍာရီလာနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည် ။

အခြားတစ်ဖက်တွင် နင်းထောင်မှာမူ ယန်နတ်ဘုရား ဖြစ်နေလေပြီ။

နှစ်ပေါင်းများစွာအတွင်း သူမသည် ပင်လယ်နက်တွင် တရားထိုင်ကာ အချိန်နှင့် အာကာသ၏ စွမ်းအားကို စုပ်ယူခဲ့ပြီး နောက်ဆုံးတွင် ပြည့်စုံမှုသို့ ရောက်ရှိကာ ယန်နတ်ဘုရားနယ်ပယ်သို့ လှမ်းတက်နိုင်ခဲ့၏။

"ဟားဟားဟား အကူအညီတောင်းနေတာလား "

"ဒီမှာ နင့်ကို ဘယ်သူမှ မကယ်နိုင်ဘူး"

"ဟမ့်... ကောင်းကင်ဘုံအရှင်ကျိယွမ်က အရှေ့ဘက်သခင်နဲ့ တွေ့ဖို့ သွားပြီ။ သူက ငါတို့ရဲ့ မဟာမိတ် ဖြစ်လာလိမ့်မယ်။ နင့်ရဲ့ သေခြင်းကို သူ ဂရုစိုက်မှာ မဟုတ်ဘူး"

"ပေါက်ကရတွေ"

ကျူးယန်က ဒေါသတကြီးဖြင့် ခါးထောက်လိုက်သည် ။

"နင်းထောင်....ဒီကိုလာပြီး သူ့ကို အမှုန့်ဖြစ်အောင် ရိုက်စမ်း ၊ သူ့ပါးစပ်ကို ဖြဲပြီး အညစ်အကြေးတွင်းထဲမှာ နှစ်ပေါင်း တစ်သောင်းလောက် မြှုပ်ထားလိုက်"

ကျူးယန်သည် တကယ်ပင် ဒေါသထွက်နေ၏။

ကျိယွမ်က သူမကို ဂရုမစိုက်ဟု သူတို့က မည်သို့ ပြောဝံ့ကြသနည်း။

သူမသည် ကျိယွမ်ကိုယ်တိုင် အသိအမှတ်ပြုထားသော အိုးကိုးလုံတောင်၏ နံပါတ်တစ် အလှမယ် ဖြစ်သည် ။

သံသယဖြစ်စရာမလိုဘဲ သူမသည် ကျိယွမ် အမြတ်နိုးဆုံး လူသားလည်း ဖြစ်သည်။

ကျိယွမ်က သူမကို ဂရုမစိုက်ဟု ပြောဆိုခြင်းမှာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးမားဆုံး လိမ်လည်မှုပင်။

"ဟမ့်....အကူအညီကနောက် ၊ အခု သေရမှာက နင်ပဲ"

ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားတစ်ပါးက ကျူးယန်ကို ဟိန်းဟောက်လိုက်ရင်းမှ ပတ်ဝန်းကျင်အား သတိထားလိုက်၏။

ထိုစဉ် လူတိုင်း၏ နှလုံးသားထဲတွင် ဆွဲဆောင်မှုရှိသော အသံတစ်ခု ပဲ့တင်ထပ်သွားသည် ။

"ငါ့ယောက်ျားက အကြီးပိုင်းတွေကို ကိုင်တွယ်နေတုန်းမှာ ဒီငါးစာလေးတွေကိုတော့ ငါပဲ ရှင်းလိုက်ပါ့မယ်"

စကားသံနှင့်အတူ အဆုံးမရှိသော သတ်ဖြတ်ခြင်းအရှိန်အဝါများက ပင်လယ်နက်တစ်ခွင် လှိုင်းထသွားသည် ။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နင်းထောင်သည် ဟင်းလင်းပြင်ထဲတွင် ရုတ်တရက်ပေါ်လာပြီး သူမ၏ ဆံနွယ်အနက်ရောင်များမှာ ရေတံခွန်ကဲ့သို့ စီးကျနေသည်။

ကျူးယန်၏ မျက်လုံးများမှာ ဝမ်းသာမှုဖြင့် တောက်ပသွား၏။

"နင် နောက်ဆုံးတော့ ရောက်လာပြီပေါ့"

ကျူးယန်အား ဝိုင်းထား​သော သိုင်းနတ်ဘုရားများသည် နင်းထောင်ကို မြင်သောအခါ သူတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏။

"ကောင်းကင်ဘုံ အရှင်သခင်..."

"ဒါကလည်း ကောင်းကင်ဘုံ အရှင်သခင်လား..."

ပင်လယ်နက်ထဲတွင် ကောင်းကင်ဘုံ အရှင်သခင်တစ်ပါး မည်သို့ ရှိနေနိုင်သည်ကို သူတို့ နားမလည်နိုင်ကြပါ။

"ကောင်းကင်ဘုံအရှင်သခင်.... ကျိယွမ်က အရှေ့ဘက်သခင်နဲ့ တွေ့ဆုံနေပါတယ်။ အရေးကြီးတာ ရှိရင် ကျိယွမ် ပြန်ထွက်လာတဲ့အထိ စောင့်လို့ရမလား"

သမင်နက်သခင်က စိုးရိမ်တကြီး ပြောလိုက်သည် ။

"အိုး...ဒါဆို နင်တို့ကျတော့ ငါ့ယောက်ျား ပြန်ထွက်လာတဲ့အထိ မစောင့်ဘဲ ဘာလို့ လှုပ်ရှားနေကြတာလဲ"

နင်းထောင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွား၏။

သမင်နက်က ထိတ်လန့်တကြားဖြင့် အလျင်အမြန် ပြန်ပြောလိုက်သည် ။

"ဒါက ကမ္ဘာကြီးရဲ့ ရှင်သန်ခြင်းနဲ့ သက်ဆိုင်နေလို့ပါ။ ငါတို့မှာ တခြားရွေးချယ်စရာ မရှိလို့ပါ"

အခြားသော သိုင်းနတ်ဘုရားများကလည်း သူတို့၏ မွန်မြတ်သောလုပ်ရပ်ကို တွေးကာ ထောကိခံလိုက်ကြ၏။

"ငါတို့ရဲ့ လုပ်ရပ်တွေက ကောင်းကင်ဘုံကို ဆန့်ကျင်နေပေမဲ့ ကမ္ဘာကြီး ရှင်သန်ဖို့အတွက်ဆိုရင် ငါတို့က လူဆိုးအဖြစ် ခံယူဖို့ အဆင်သင့်ပါပဲ"

"ဟုတ်တယ်၊ ကျိယွမ် ပြန်ထွက်လာလို့ ငါတို့ ကမ္ဘာကြီးကို ကယ်တင်ခဲ့တာကို မြင်ရင် သူ ငါတို့ကို ခွင့်လွှတ်မှာ အသေအချာပဲ"

သိုင်းနတ်ဘုရားများသည် ကမ္ဘာကြီးအတွက် သူရဲကောင်းဆန်စွာ သေရန် အဆင်သင့်ဖြစ်နေသကဲ့သို့ စိတ်အားထက်သန်စွာ ပြောဆိုနေကြသည် ။

နင်းထောင်သည် ပင်လယ်နက်၏ အထက်တွင် ရပ်နေပြီး သူတို့အားကြည့်နေ၏။ သူမ၏ ခြေဖဝါးအောက်တွင် ပင်လယ်ရေများ စီးဆင်းနေကာ အချိန်စီးကြောင်းများကလည်း သူမကို ဝန်းရံနေသည်။

သူမသည် ယခုအခိုက်အတန့်တွင် မြင်နေရသော်လည် ပစ္စုပ္ပန်တွင်တည်ရှိမနေသကဲ့သို့ သူမ၏ ခန္ဓာကိုယ်မှာ ထူးဆန်းလှ၏။

သူမက တောက်ပသော အမူအရာဖြင့် ပြုံးလိုက်သည် ။

"ကမ္ဘာကြီးက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါ့ယောက်ျားကသာ အရေးကြီးဆုံးပဲ"

မြောက်ပိုင်းစုန်းဆယ့်သုံးပါးထဲမှ တစ်ဦးအနေဖြင့် သူမသည် လူသားတို့၏ ရက်စက်ကြမ်းကြုတ်သော အမှန်တရားများကို ငယ်စဥ်ကတည်းက ခံစားခဲ့ရဖူးသည် ။

ကမ္ဘာကြီးသည် သူမအတွက် လမ်းဘေးက ကျောက်ခဲ သို့မဟုတ် မြက်ပင်များနှင့် မခြားနားပါ။

ကမ္ဘာကြီးက သူမကို စက်ဆုပ်ခဲ့သည်၊ ထို့ကြောင့် သူမက ဘာကြောင့် ကမ္ဘာကြီးကို ကြင်နာမှုဖြင့် တုံ့ပြန်ရမည်နည်း။

နင်းထောင်အတွက် သူမ၏ယောက်ျားကသာလျှင် အရေးအကြီးဆုံးဖြစ်၏။

သူမသည် ထို "ဖြောင့်မတ်သော" သိုင်းနတ်ဘုရားအုပ်စုကို အေးစက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"ငါက ငါ့ယောက်ျား မဟုတ်ဘူး။ ငါက သူလိုမျိုး အကျိုးအကြောင်း ပြဖို့လည်း စိတ်မဝင်စားဘူး"

"ကမ္ဘာကြီးကို ကယ်တင်ဖို့က နင်တို့အတွက် အရမ်းအရေးကြီးနေတယ်ဆိုရင်လည်း... အဲဒီအတွက် သေလိုက်ကြပေါ့"

နင်းထောင်သည် စကားများများ မပြောတော့ပါ။

သို့မဟုတ် သူမသည် ဤလူများနှင့် အငြင်းပွားရန် စိတ်မပါပေ။

သူမအတွက် သူမ၏ယောက်ျားသာလျှင် အရာရာ ဖြစ်သည်။

အချစ်အတွက် အရာရာကို စတေးမည့်သူ ဖြစ်နေခြင်းမျိုးပင်...။

သို့​သော် ဘာဖြစ်သနည်း..။သူမ ဂရုမစိုက်ပါ။

"သေစမ်း"

သူမသည် မည်သည့် အလှဆင်မှုမှမပါသော ရိုးရှင်းစွာပင် လက်ဝါးဖြင့် ရိုက်ချလိုက်သည် ။

သူမသည် ယန်နတ်ဘုရားနယ်ပယ်သို့ အသစ်ဝင်ရောက်ထားသူ ဖြစ်သောကြောင့် သူမ၏ စွမ်းအားကို အပြည့်အဝ အသုံးမချတတ်သေးသော်လည်း သူမ၏ လက်ဝါးချက်မှာ မည်သည့်သိုင်းနတ်ဘုရားမှ တောင့်ခံနိုင်မည့် အရာမျိုးမဟုတ်ပေ။

ပင်လယ်နက်မှာ တိမ်းမှောက်သွားပြီး အချိန်၏စွမ်းအားများက သူတို့အပေါ်သို့ လွှမ်းမိုးသွားသည်။

"မဖြစ်နိုင်တာ"

"ဒါ မဖြစ်နိုင်ဘူး"

"ကမ္ဘာကြီး...ကို....ကယ်.."

သိုင်းနတ်ဘုရားတစ်သောင်းနီးပါးမှာ ပြင်းထန်သောဝေဒနာဖြင့် အော်ဟစ်ကြသည်။

ပင်လယ်ရေများက သူတို့၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်နှင့်အမျှ အချိန်များက သူတို့ကို ဖြတ်ကျော်သွား၏။

အချို့မှာ အိုမင်းရင့်ရော်ကာ ခြောက်ကပ်သွားပြီး အချို့မှာမူ သေးငယ်သွားကာ စွမ်းအားမဲ့သွားကြသည် ။

သူတို့၏ အသံများမှာ နောက်ဆုံးတွင် တိတ်ဆိတ်သွားလေသည်။

"နင်တို့က အချစ်အတွက် စတေးတဲ့သူတွေကို သဘောကျတာ မဟုတ်လား။ ငါကလည်း အဲဒီလိုလူပဲ"

သူတို့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ နင်းထောင်က နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်၏။

ခဏချင်းအတွင်းမှာပင် သိုင်းနတ်ဘုရားတစ်သောင်းနီးပါးမှာ အစပျောက် ချေမှုန်းခံလိုက်ရတော့သည်။

ယန်နတ်ဘုရားတစ်ပါးနှင့် သာမန်သိုင်းနတ်ဘုရားတို့ကြားရှိ ခြားနားချက်မှာ အလွန်ကြီးမားလှ၏။

ထို့အပြင် နင်စထောင်သည် အချိန်နှင့် အာကာသ၏ စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည် ။

"ဟီးဟီး.....ငါ ဒီလောက် သန်မာလာမယ်လို့ မထင်ထားဘူ"

ကျူးယန်သည် နင်းထောင်၏ နံဘေးသို့ ပျံသန်းလာပြီး သူမ၏ လှပသော မျက်နှာကို ဂုဏ်ယူစွာ ကြည့်လိုက်သည် ။

"ငါ တကယ် လှတာပဲ။ ကျိယွမ် ငါ့ကို ဒီလောက် ချစ်တာ မဆန်းပါဘူး"

နင်းထောင်သည် သူမ၏ အတိတ်ဘဝပုံစံကို ကြည့်ကာ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။

"ကိုယ့်ကိုယ်ကိုယ် သာယာမနေနဲ့ဦး။ နောက်ပြီး... ငါ လုံလောက်အောင် မသန်မာသေးဘူး"

"နင် မသန်မာသေးဘူး ဟုတ်လား"

"ဟုတ်တယ် ...ငါ့ယောက်ျားကို ငါ့နံဘေးမှာ ထာဝရ ချုပ်နှောင်ထားဖို့ ငါ့မှာ အစွမ်းမရှိသေးဘူး"

"ဟဲ့... အဲဒီလောက်ကြီး ပိုင်စိုးပိုင်နင်း မလုပ်နဲ့လေ"

နင်းထောင်က ကျူးယန်ကို သွေးတိုးစမ်းလိုက်သည်။

"ငါတို့ယောက်ျားကို ငါ ချုပ်နှောင်ထားပြီး ငါတို့ သုံးယောက်အတူတူ နေရမှာကို နင် မလိုချင်ဘူးလား"

သူမ၏ အသံမှာ ချိုသာပြီး ဆွဲဆောင်မှု ရှိနေသည်။

"ဒါက..."

ကျူးယန်သည် သူမ၏ လက်ချောင်းလေးကို နှုတ်ခမ်းပေါ် တင်လိုက်ပြီး သူမ၏ မျက်လုံးများမှာ ကြယ်လေးများပမာ တောက်ပလာကာ စဥ်းစား၏။

"အဲဒါက စိတ်လှုပ်ရှားစရာ ကောင်းပုံပဲ"

..............

"တိမ်တိုက်တွေကြားက နတ်ဘုရားလေညင်းက ဂူဗိမာန်ကို လန်းဆန်းစေတယ်၊ နတ်ဘုရားအလင်းတန်းက လကို ရောင်ပြန်ဟပ်ပြီး ကျောက်စိမ်းမျှော်စင်ကို တောက်ပစေတယ်"

မဟာကပ်ဘေးနယ်မြေတွင် ကျိယွမ်သည် သူ၏ရှေ့ရှိ ကျောက်နံရံပေါ်တွင် ထွင်းထုထားသော စာသားများကို ဖတ် ကြည့်နေရင်း သူ၏ မျက်လုံးများမှာ အပြုံးများဖြင့် တောက်ပနေသည်။

"စာသားလေးတွေက မဆိုးဘူးပဲ ၊ ဒီနေရာနဲ့ ငါနဲ့က ရေစက်ရှိတယ်"

"အဖေကြီး..အဲဒါက ဘာဆိုင်လို့လဲ"

ချီချီက ဘေးမှနေ၍ နားမလည်စွာ မေးလိုက်သည် ။

အဘိုးကြီးရှန်းလဲ့က သူ၏မုတ်ဆိတ်မွေးများကို သပ်လိုက်၏။

"သူ သဘောကျတဲ့ ဘယ်အရာမဆို ဆိုင်ဆိုင် မဆိုင်ဆိုင် သူနဲ့ ရေစက်ရှိတယ်။ သူ သဘောမကျတာဆို သူနဲ့ရေစက်မရှိဘူး ၊ အဲဒီလိုမှတ် "

"ဟေ့... ခင်ဗျား ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို အဲဒီလို စွပ်စွဲနိုင်ရတာလဲ။ ကျွန်တော်က 'ဟုဲ' ဆိုတဲ့ စာလုံးကို ရေးနည်း သုံးရာ့နှစ်ဆယ့်ခုနစ်နည်း သိတယ်လို့ ကြွားဝါနေတဲ့ ခုံးရိကျီ မဟုတ်ဘူးနော်"

ကျိယွမ်က စိတ်တိုသွားပြီး ကျောက်နံရံကို လက်ညှိုးထိုးပြလိုက်သည်။

"အဲဒီမှာ 'နတ်ဘုရားအလင်းတန်း' (ရှန်ကွမ်း) ဆိုတဲ့ စာလုံးနှစ်လုံးကို မြင်လား။ ကျွန်တော်က ရှန်ကွမ်းဂိုဏ်းကပဲ၊ မကြာခင်မှာ အဲဒီဂိုဏ်းရဲ့ သမိုင်းမှာ ပထမဆုံးသော ခရမ်းရောင်နန်းတော် ကျင့်ကြံသူ ဖြစ်လာတော့မှာ"

" ဒီနေရာက ကျွန်တော်နဲ့ ရေစက်ရှိတယ်ဆိုတာ သဘာဝမကျဘူးလား"

အဘိုးကြီးရှန်းလဲ့မှာ ဆွံ့အသွားပြီး ထို "နတ်ဘုရားအလင်းတန်း( ရှန်ကွမ်း) " ဆိုသော စာသားအား ကြည့်၏။

ချီချီက သူမ၏ ခေါင်းကို စောင်းကာ ပြောလိုက်သည်။

"အဖေရဲ့ အကျိုးအကြောင်းပြချက်က ယုတ္တိရှိသားပဲ"

ထိုစဉ် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသော အသံတစ်ခု ထွက်ပေါ်လာသည် ။

"မင်း... နောက်ဆုံးတော့ ရောက်လာပြီပေါ့"

ထိုအသံမှာ ကျောက်စိမ်းပြားကို ညင်သာစွာ ရိုက်ခတ်လိုက်သည့် အသံကဲ့သို့ရှိကာ နတ်ဘုရားတေးသံကဲ့သို့ သူတို့၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။

လူတိုင်းသည် နွေဦး၏ နွေးထွေးမှုထဲတွင် ရေချိုးနေရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ နှလုံးသားများမှာ လှုပ်ခတ်သွားကုန်၏။

သူတို့အားလုံး အပေါ်သို့ မော့ကြည့်လိုက်သောအခါ ရှေ့ရှိ အရောင်အသွေး စုံလင်မှုများကြားတွင် စုတ်ပြတ်နေသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး သူတို့ထံသို့ လျှောက်လာသည်ကို မြင်လိုက်ရသည် ။

သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေသော်လည်း သူ၏ မျက်လုံးများမှာ နေမင်းကြီးကဲ့သို့ တောက်ပလျှက်ရှိ၏။

သူသည် ကျိယွမ်ကို လေးနက်သော ချစ်ခြင်းမေတ္တာများဖြင့် စိုက်ကြည့်လိုက်သည်။

"အားချောင်၊ မင်း နောက်ဆုံးတော့ ငါ့ဆီ လာကြည့်ပြီပေါ့။ ငါ့ကို မှတ်မိသေးရဲ့လား။ ငါက မင်းရဲ့ ခင်ပွန်း၊ ရှန့်ခုန်းမင် ပါ"

သူ၏အသံကို ကြာလိုက်သွားသည်နှင့်အမျှ မှတ်ဉာဏ်များစွာမှာ ကျိယွမ်၏ စိတ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာ၏။

လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား၏ အမြင်များမှာ သူ၏ အတွင်းတွင် ထွက်ပေါ်လာသည်။

ကျိယွမ်သည် မိမိကိုယ်ကိုယ် နံရံဆေးရေးပန်းချီထဲက အမျိုးသမီးအဖြစ်မြင်လိုက်ရပြီး ကြယ်ရောင်စုံသော ကောင်းကင်အောက်တွင် ရှန့်ခုန်းမင်နှင့် လက်ချင်းချိတ်ကာ လမ်းလျှောက်နေသည်ကိုပင် မြင်ယောင်သွားသည် ။

သူ၏နောက်တွင်ရပ်နေသော စိတ်ဝိညာဥ်များနှင့် ယန်နတ်ဘုရားများမှာလည်း သူတို့၏ ခေါင်းဆောင်ကြီး ကျိယွမ်ကို တုန်လှုပ်ချောက်ချားသော အမူအရာများဖြင့် စိုက်ကြည့်နေကြ၏။

"ငါတို့အရှင်က တကယ်ပဲ အရှေ့ဘက်သခင်ရဲ့ လက်တွဲဖော်လား"

"သူတို့က... စုံတွဲတွေလား"

"ရှန့်ခုန်းမင် ဒီလောက်ကြာအောင် စောင့်နေတဲ့သူက ငါတို့အရှင် ဖြစ်နေတာလား"

"တကယ် စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"

"သူ့ချစ်သူကို ကယ်ဖို့အတွက် သူက တစ်ယောက်တည်း တခြားနယ်မြေထဲကို သွားခဲ့တယ်၊ ရန်သူတွေကို နှစ်ပေါင်း သန်းချီအောင် နှိမ်နင်းပေးခဲ့တယ်၊ သူ ပြန်လာမှာကို စောင့်ရင်း လူ့လောကမှာ စောင့်နေခဲ့တာပဲ"

"သူက ချစ်သူအတွက် နယ်မြေတစ်ခုလုံးကို စောင့်ရှောက်ပေးခဲ့တာပဲ။ တကယ် စိတ်မကောင်းစရာပဲ"

ချီချီ၏ မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပနေပြီး သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ မျက်ရည်ကျလုနီးပါး ခံစားနေရ၏။

များပြားလှသော ယန်နတ်ဘုရားများကို မြင်သော်လည်း ရှန့်ခုန်းမင်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။

မြင့်မြတ်အလင်းမျိုးနွယ်စုမှာ အလွန်ရှားပါးပြီး တွေ့ရခဲသည် ။

သို့သော် သူတို့အလင်းမျိုးနွယ်စုအတွက် ရန်သူ၏ အရေအတွက်မှာ အရေးမကြီးပါ။

သူ့ရှေ့တွင် ယန်နတ်ဘုရား ထောင်ပေါင်းများစွာ ရှိနေ၏။

ထိုမြင်ကွင်းကို အဆင့်မြင့်ယန်နတ်ဘုရားများမြင်လျှင်ပင် ကြောက်လန့်တုန်လှုပ်သွားကြမှာ အသေအချာပင်။

သို့သော် ... သူက အခြားသူမဟုတ်ပါ ၊ မြင့်မြတ်အလင်းမျိုးနွယ်စုဝင် ဖြစ်သည် ။

သူ့ထက် နယ်ပယ်တစ်ခု မမြင့်မချင်း သူတို့သည် သူ့လက်ထဲက ကစားစရာများသာ ဖြစ်သည်။

ထို့ကြောင့် ယန်နတ်ဘုရား ထောင်ပေါင်းများစွာနှင့် ရင်ဆိုင်ရသော်လည်း သူသည် တည်ငြိမ်နေခြင်းပင်။

ထို့အပြင် ယခုတွေ့နေရသော ယန်နတ်ဘုရား အများစုမှာ ယန်နတ်ဘုရားနယ်ပယ်၏ ကောင်းကင်ဘုံ၌နေရာယူခြင်း သာမညအဆင့်တွင်သာ ရှိကြ၏။

အနည်းငယ်ကသာ ကောင်းကင်ဘုံ၌နေရာယူခြင်း အဓိကအဆင့်တွင် ရှိကြသည် ။

သူကမူ... ကောင်းကင်ဘုံ၌နေရာယူခြင်းနယ်ပယ်၏ အဓိကအဆင့်နောက်ဆုံးတွင်ရှိနေပြီး ထိုအထက်နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည် ။

ထို့ကြောင့် သူသည် လက်ရှိတွင် အနှိုင်းမဲ့ဖြစ်ပြီး သူတို့ကို စိတ်ကြိုက် ကစားနိုင်၏။

ဆိုရလျှင် သူ့ထက်မြင့်သောနယ်ပယ်ရှိသူနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ် အားထုတ်ပြီး စီစဉ်လိုက်ပါက သူ အနိုင်ရနိုင်သေးသည်။

သူက ကျိယွမ်ကို ကြင်နာမှုအပြည့်ဖြင့် ကြည့်လိုက်၏။

"မင်းက အမျိုးသားတစ်ယောက် ဖြစ်သွားပေမဲ့ မင်းအပေါ်ထားတဲ့ ငါ့အချစ်က ဘယ်တော့မှ လျော့ပါးမသွားဘူး"

သူ၏ နက်ရှိုင်းသောချစ်ခြင်းမေတ္တာကို ကြားသောအခါ ချီချီက မျက်ရည်ဝဲနေသည့်ကြားမှ မနေနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်််သည် ။

"တွေ့လား၊ အချစ်က လိင်ကွဲပြားမှုကို ကျော်လွန်နိုင်တယ်လို့ ကျွန်မ ပြောသားပဲ"

နတ်ဘုရားတာဝန်ခံ ရှန်တုကလည်း ရင်ဘက်ကိုဖိကာ အံ့သြဘနန်း မှတ်ချက်ချ၏။

"ဒါကမှ တကယ့်အချစ်စစ်ပဲ"

ကျူးရှီကျုံးကလည်း ခေါင်းတဆတ်ဆတ်ညိတ်၏။

"ငါကျူးကြီးဘဝမှာ ဒီလောက်စစ်မှန်တဲ့ အချစ်မျိုး မမြင်ဖူးဘူး "

ရှန့်ခုန်းမင် ပေါ်လာခြင်းက သူတို့အဖွဲ့၏အခြေအနေကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

ကျိယွမ်ကတော့ ရှည်ထွက်လာသောနှာခေါင်းကို ဖိလိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။

"ဒီလောက် ရွံစရာကောင်းတာတွေကို တော်လိုက်တော့"

ဤဂိမ်း၏ပုံစံမှာ တောတော်လေးအဓိပ္ပာယ်မရှိပေ။

မူလတွင် အရှေ့ဘက်သခင်က အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော နောက်ဆုံးရန်သူကြီးအဖြစ် စတင်ခဲ့သည် ။

တောင်နှင့်မြစ်အင်ပါယာစုတ်တံကို အသုံးပြုပြီး သူသည် တောင်နှင့်မြစ်ပန်းချီးကားများကို ရေးဆွဲခဲ့ကာ ကမ္ဘာကြီးကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လည်စတင်ခဲ့ပြီး မိစ္ဆာအရင်းအမြစ်များကို လည်း နှစ်ပေါင်း သန်းချီအောင် တစ်ယောက်တည်း တိုက်ခိုက်ခဲ့သူဖြစ်၏။

သူ​၏ ဇာတ်ကောင်က အလွန် ခန့်ညားထည်ဝါလှလေသည်။

သို့သော် ....

ယခုမူ သူသည် နိုက်ကလပ်ထဲက ဆေးရောင်စုံ ဂေးတစ်ယောက်ကဲ့သို့ ပြုမူနေ၏။

"ငါ့နားကို မလာနဲ့"

ကျိယွမ်က အရှေ့ဘက်သခင်အား ဟောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အင်္ကျီလက်၀ကို ဝေ့ယမ်းလိုက်ကာ ထိုနေရာရှိ စိတ်ဝိညာဥ်အားလုံးကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်၏။

သူသည် အရှေ့ဘက်သခင်၏ လှည့်ကွက်ထဲ မကျရောက်နိုင်သော်လည်း သူ၏စိတ်ဝိညာဥ်များမှာမူ သူ မဟုတ်သဖြင့် လှည့်စားခံရနိုင်သည်။

ယခုလောလောဆယ်ပင် သူ၏လူရင်းများ၏ အမူအရာများကို သူကတော်တော်လေး ဆုံးမ ချင်နေလေပြီ။

ကျိယွမ်၏ မောက်မာသော တုံ့ပြန်မှုကြောင့် ရှန့်ခုန်းမင်မှာ အံ့သြမသွားခဲ့ပါ။

သူက မျက်နှာကိုပို၍ပင် နွေးထွေးချိုသာလိုက်၏။

"မင်း အခုလောလောဆယ် ဒါကို လက်မခံနိုင်သေးဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်း လောကရဲ့ အစွဲအလမ်းတွေကနေ ရုန်းထွက်နိုင်မယ့်အချိန်အထိ မင်းဘေးမှာ ငါစောင့်နေပါ့မယ်"

ရှန့်ခုန်းမင်က ပြောရင်း သူ၏ လက်ကို ချီယွမ်ထံသို့ ဆန့်ထုတ်လိုက်သည်။

သူသည် ကျိယွမ်ကို ရှေ့သို့ ခြေလှမ်းလှမ်းလာရန် တိုက်တွန်းနေသကဲ့သို့ ကြိုဆိုနေသကဲ့ ရှိ၏။

"ငါတို့ကြားမှာ ခြေလှမ်းတစ်ရာ ရှိတယ်။ ငါ ကိုးဆယ့်ကိုးလှမ်း လှမ်းမယ်။ မင်း နောက်ဆုံး ခြေလှမ်းလေးတစ်လှမ်းကို လှမ်းပေးနိုင်မလား"

ရှန့်ခုန်းမင်၏ အသံမှာ နွေးထွေးသော လေညင်းကဲ့သို့၊ ချစ်ရသော အဖော်ကဲ့သို့ နူးညံ့နေ၏။

ကျိယွမ်မှာ အလွန်အမင်း စိတ်ပျက်သွားသည် ။

"ဒီနွားဂိမ်း....ငါ ထွက်တော့မယ်"

ယခုအခါ ရှန့်ခုန်းမင်သည် ခြေလှမ်းကိုးဆယ့်ကိုးလှမ်း လှမ်းပြီးသွားပြီဖြစ်ကာ သူ၏ ဘယ်ဘက်လက်ကို ကျိယွမ်ထံသို့ ဆန့်တန်းထားပြီး သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

"အားချောင်၊ ဒီနောက်ဆုံး ခြေလှမ်းလေးကို ငါ့အတွက် လှမ်းပေးနိုင်မလား"

ရှန့်ခုန်းမင်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေသည်။

သူ၏ရှေ့တွင် ရပ်နေသော ကောင်းကင်ဘုံအရှင်မှာ မူလသဘောတရားနယ်ပယ်သို့ မရောက်သေးကြောင်း သူ ကောင်းစွာသိ၏။

ထို့အပြင် ကျိယွမ်သည် လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား၏ လက်ဆောင်ကိုလည်း ရရှိထားသည်။

ထိုလက်ဆောင်မှာ သူ၏ "အဖော်" အတွက် ဒုတိယမြောက် အကာအကွယ်အလွှာအဖြစ် ထားရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား၏ မှတ်ဉာဏ်များကို ရရှိသူတိုင်းသည် သူစိတ်ကူးထားသည့် အဖော် ဖြစ်လာပေလိမ့်မည် ။

သဘာဝကျကျပင် ကျိယွမ်မှာလည်း ချွင်းချက်မဟုတ်ပေ။

ယခု ကျိယွမ်၏ ကနဦး စက်ဆုပ်ရွံရှာမှုနှင့် ငြင်းပယ်မှုများမှာ ခေတ္တခဏ တုံ့ပြန်မှုများသာ။

ကျိယွမ်ကသာ လက်ကမ်းလိုက်သည်နှင့် ရှန့်ခုန်းမင်၏ နွေးထွေးသော အသံက ကျိယွမ်ကို နှစ်သိမ့်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

"ငါတို့ နှစ်ယောက်လုံး အမျိုးသားတွေ ဖြစ်နေလို့ မင်း စိတ်မသက်မသာ ဖြစ်နေတယ်ဆိုရင် မင်း အလိုရှိမယ်ဆိုရင် ငါ အမျိုးသမီးတစ်ယောက်တောင် ဖြစ်ပေးနိုင်ပါတယ် အားချောင်"

ရှန့်ခုန်းမင်၏ အသံမှာ တိုးညှင်းပြီး ရိုးသားလှသည်။

ထိုအသံမှာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ မင်းသမီးကို အလွယ်တကူ ဆွဲဆောင်နိုင်သည့် အသံမျိုးပင်။

"ငါက မင်းလက်ကို ကိုင်ရမယ် ဟုတ်လား။ ငါ သေသွားတာကမှ ခံသာဦးမယ် "

"မင်းရဲ့ အဲဒီ ညစ်ပတ်တဲ့ လက်ကို ငါ ဖြတ်ပစ်မယ်"

"မင်းက ငါ့ကို ပျို့အန်ချင်အောင် လုပ်နေတာပဲ"

ရှန့်ခုန်းမင်၏ အံ့သြနေသော အကြည့်များကြားတွင် သွေးနီရောင် ဓားအလင်းတန်းတစ်ခုက လက်ခနဲ ဖြစ်သွားသည် ။

ကြီးမားပြီး အတိုင်းအဆမရှိသော စွမ်းအားများက လေထုထဲတွင် လှိုင်းထသွားပြီး ခဏချင်းအတွင်းမှာပင် ရှန့်ခုန်းမင်၏ ဘယ်ဘက်လက်မောင်းမှာ တံတောင်ဆစ်မှပြတ်တောက်သွားတော့သည်။

ကျိယွမ်မှာ တော်တော်လေး ဒေါသထွက်နေလေပြီ။

"ထပ်ပြီး အရှက်မရှိ ပြုမူကြည့်စမ်း ၊ ငါ မင်းကို ထပ်ခုတ်မှာ "

ကျိယွမ် ပိုတွေးကြည့်လေလေ လျှို့ဝှက်ဆန်းကြယ်မှုကသာ အဆွဲဆောင်နိုင်ဆုံး အရည်အချင်းဖြစ်ကြောင်း ပိုပြီးသိမြင်လာလေလေ ဖြစ်သည်။

မသိခင်က ထိုသူကို သူအလွန်စိတ်ဝင်စားခဲ့၏။

ယခု အရှေ့ဘက်သခင်ကို လူကိုယ်တိုင် တွေ့လိုက်ရခြင်းမှာ သူ၏ ဆွဲဆောင်မှုအားလုံးကို လုံးဝ ပျက်စီးစေခဲ့သည်။

သူသည် ကောက်ကျစ်ပြီး ယုတ်ညံ့သော အမျိုးသားတစ်ဦးထက် မပိုပေ။

"မင်း တော်လိုက်တော့"

ကျိယွမ်က တွေးရင်းတွေးရင်းမှ စက်ဆုပ်ရွံရှာစွာ အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ခြေလှမ်းကိုးဆယ့်ကိုးလှမ်း လှမ်းပြီး ဘယ်ဘက်လက်ကို ဆန့်တန်းထားသော ရှန့်ခုန်းမင်မှာ ကျိယွမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေဆဲပင်။

သူ၏မျက်ဝန်းများထဲ၌ မျက်ရည်များ​ပင်ဝဲနေပြီး ခွင့်လွှတ်ခြင်းနှင့်နားလည်ပေးခြင်းများ ပြည့်နှက်နေ၏။

"အားချောင်.... ဒီနောက်ဆုံး ခြေလှမ်းလေးကို ငါ့အတွက် လှမ်းပေးနိုင်မလား"

"မင်း......."

မျက်တောင်တစ်ခတ်အတွင်း သွေးနီရောင် ဓားအလင်းတန်း လက်ခနဲ ဖြစ်သွားပြီး ရှန့်ခုန်းမင်၏ ဆန့်တန်းထားသော လက်မောင်းတိုမှာ အရင်းမှ ဖြတ်တောက်ခံလိုက်ရသည် ။

ကျိယွမ်ကသာ ဆဲဆိုတတ်သူဖြစ်ပါက ယခုအချိန်တွင် ရှိရှိသမျှ အဆဲပေါင်းစုံ ထွက်နေလောက်လေပြီ။

ရှန့်ခုန်းမင်ကတော့ မယုံကြည်နိုင်စွာဖြ ကျိယွမ်ကို စိုက်ကြည့်နေသည်။

ကျိယွမ်က လှောင်ပြုံးပြုံးကာ သူ၏ သွေးရောင်ဓားကို ဝေ့ယမ်းလိုက်၏။

"နောက်တစ်လှမ်း ထပ်လှမ်းကြည့်လိုက်၊ မင်း လက်မောင်းတင်မကဘဲ တခြားအရာတွေပါ ဆုံးရှုံးသွားလိမ့်မယ်"

ထိုအချိန်သို့ရောက်မှ ရှန့်ခုန်းမင်သည် ကျိယွမ်မှာ သူ၏ လှည့်ကွက်ထဲ မကျရောက်သေးကြောင်း နားလည်သွားတော့သည်။

အချစ်ဇာတ်လမ်း အယောင်ဆောင်မှုများမှာ ပြိုလဲသွားပြီး ကျိယွမ်က ဆက်လက် ကစားရန် ဆန္ဒမရှိတော့ပါ။

ရှန့်ခုန်းမင်၏ မြေ​ပြင်ပေါ်သို့ကျနေသော သူ၏ လက်မောင်းပြတ်နှစ်ပိုင်းကို ကြည့်ပြီးနောက် ကျိယွမ်ကို သိမ်းသွင်းရန်မှာ သူ ထင်သလောက် မလွယ်ကူကြောင်း နောက်ဆုံးတွင် နားလည်သွားလေ၏။

-----------

အခန်း ၃၈၁ - ကျိယွမ်...မူလသဘောတရားနယ်ပယ်ရဲ့ အလွန်မှာ ငါနင့်ကို စောင့်နေမယ်...

အရှေ့ဘက်သခင်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

သူ၏ရှေ့ကလူသည် အဘယ်ကြောင့် သူ့လက်မောင်းကို ဖြတ်တောက်ရသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။

“မင်းက ဘာလို့ အခုလောက် ရက်စက်နိုင်ရတာလဲ အားချောင်”

အရှေ့ဘက်သခင်၏ မျက်နှာအမူအရာသည် အလွန်ညှိုးငယ်သွားပြီး ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက် ကျဆင်းလာ၏။

ယခုလိုဖြစ်နေခြင်းမှာ သူ၏ မြင့်မြတ်အလင်းစကားတော်များ အပြည့်အဝ အသက်မဝင်သေး၍ဟု သူယူဆမိ၏။

“ငါ့ဘက်က လုံလောက်အောင် မကြိုးစားမိလို့ပါ၊ အဲဒါကြောင့် မင်းက ငါ့ကို အခုလို ဆက်ဆံနေတာပဲ ဖြစ်ရမယ်။”

သူသည် 'အိမ်မက်နီနန်းတော်' ထဲမှ လင်းထိုင်ယွီ ကဲ့သို့ပင် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

ဓားကြီးကိုင်ထားသော ကျိယွမ်မှာ လုံးဝ ဆွံ့အသွား၏။

“အစ်ကိုကြီး... ကျွန်တော့်ကို ချမ်းသာပေးပါဗျာ။ ကျွန်တော် အမှန်အတိုင်း ပြောပြမယ်၊ ခင်ဗျားပြောတဲ့ စကားတစ်ခွန်းမှကို ကျွန်တော် မယုံတာပါ။ ကျွန်တော့်နှာခေါင်း ဘယ်လောက်တောင် ရှည်နေပြီလဲ ခင်ဗျား မြင်လား။ ကျွန်တော် တောင်းပန်ပါတယ်၊ စကားကို ရပ်လိုက်ပါတော့။ ကျွန်တော့်နှာခေါင်းက အရမ်း ရှည်နေပါပြီ။”

ထိုအခိုက်အတန့်တွင် ကျိယွမ်သည် ဓာတ်လှေကားထဲတွင် ပိတ်မိနေပြီး ဘေးနားရှိ လူကောင်ကြီးကြီး လူတစ်ယောက်က စိတ်ဓာတ်ကျကာ ငိုယိုနေသည်ကို ကြည့်ပြီး “ဦးလေး... တောင်းပန်ပါတယ်၊ ရပ်လိုက်ပါတော့၊ သား ကြောက်လို့ပါ” ဟု ပြောနေရသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ အကူအညီမဲ့နေမှုကို ခံစားလိုက်ရသည်။

ယခုလည်း ကျိယွမ်မှာ တော်တော်လေးအားကိုးရာမဲ့နေ၏။

ဤဂိမ်း၏ ဘောစ့်သည် သူ၏ ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

တခြားဂိမ်းက ဘောစ့်များကို ကြည့်လျှင် သူတို့မှာ ကိုယ်ပိုင် ထူးခြားချက်များ ရှိကြ၏။

ဝမ်ယုကုန်းမြေတိုက်ကြီးမှာ ရေမချိုးသည့် အဖိုးကြီးများ ရှိသည်။

လျူဖုန်းနယ်မြေတွင် ရှန်နတ်ဆိုးမ ရှိ၏။

ဖန်ထုန်နယ်မြေမှာဆိုလျှင် ယန်နတ်ဘု ရားသားအဖ ရှိသည်။

ဒါပေမဲ့ .ဒီမှာကျတော့ ဘောစ့်က... ယောက်ျားစစ်စစ်ကြီးတစ်ယောက် ဖြစ်နေပြီး.....။

သူက အော့နှလုံးနာစရာ အကောင်းဆုံးပုံစံဖြင့် စကားပြောနေခြင်း ဖြစ်သည်။

ကျိယွမ်၏ အလွန်စိတ်ဆင်းရဲနေသော စကားများကြောင့် အရှေ့ဘက်သခင်၏ မျက်နှာအမူအရာသည် ထပ်မံ ပြောင်းလဲသွား၏။

သူသည် ကျိယွမ်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

“ငါ့စကားတွေက မင်းကို စိတ်မလှုပ်ရှားစေဘူးလား။ ငါ့ရဲ့ ဇာတ်လမ်းက မင်းကို မထိခိုက်စေဘူးလား။”

တောင်နှင့်မြစ်ပန်းချီကားတိုင်းရှိ ဇာတ်လမ်းတိုင်းတွင် အရှေ့ဘက်သခင်သည် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်စေရန် သူ၏ နှလုံးသားနှင့် ဝိညာဉ်ကို ထည့်သွင်းထားခဲ့၏။

မိဘအပေါ် သိတတ်မှု၊ ချစ်ခင်ရသူများကို စတေးပြီး လောကအတွက် အနစ်နာခံမှု၊ သစ္စာရှိမှုနှင့် ဖြောင့်မတ်မှုကြား ရုန်းကန်ရမှုစသည့် အကြောင်းအရာများ စုံလင်စွာပါဝင်သည်။

ဤအရာများအားလုံးသည် လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား၏ ကြီးကျယ်သော အစီအစဉ်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။

“ဘာတွေ လျှောက်ပြောနေတာလဲ ၊ ဂိမ်းထဲမှာဆိုရင် ငါက ဇာတ်လမ်းတွေကို အမြဲတမ်း ကျော်ပစ်တယ်ဆိုတာ မင်းမသိဘူးလား။ ငါက သတ်မယ်၊ သတ်မယ်၊ ပြီးရင် ပစ္စည်းလုမယ်၊ ပြီးရင် Level တက်မယ်၊ ဒါပဲ "

ကျိယွမ်က ခေါင်းမာစွာ ပြောလိုက်သည်။

တောင်နှင့်မြစ်ကမ္ဘာများထဲတွင်လည်း သူ ဤသို့ပင် ကစားခဲ့ခြင်း ဖြစ်သည်။

ကြေကွဲစရာ ၊ တမ်းတစရာ ၊ နောင်တရစရာ နောက်ခံသမိုင်းကြောင်းများနှင့် နက်ရှိုင်းသော ဇာတ်လမ်းများလား...။

၎င်းတို့သည် အမှိုက်များသာ ဖြစ်သည်။

သူသည် တာဝန်ပစ်မှတ်ကို ယူမည်၊ မိစ္ဆာများကို သတ်မည်၊ ပြီးလျှင် အစွမ်းထက်အောင် လုပ်မည်။

သတ်ဖြတ်ပြီးနောက် ညဘက်တွင် ဒရာမာများ သို့မဟုတ် ဗီဒီယိုတိုများ ကြည့်ကာ အပန်းဖြေမည်၊ ထိုအခါမှသာ အနည်းငယ် စိတ်ခံစားမှု ဖြစ်ပေါ်မည် ဖြစ်သည်။

အရှေ့ဘက်သခင်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ထပ်မံ ပြည့်နှက်လာသည်။

“မင်းက ကောင်းကင်ဘုံနေရာယူခြင်း သာမညအဆင့်မှာပဲ ရှိနေတာ သိသာတာကို၊ ဘာဖြစ်လို့ ငါ့စကားတွေကို မယုံတာလဲ။”

မြင့်မြတ်အလင်းမျိုးနွယ်စု၏ မူလနတ်ဘုရားစွမ်းရည်သည် မှားယွင်းခြင်း မရှိသင့်ပေ။

ဤစွမ်းရည်ကြောင့်ပင် သူတို့အလင်းမျိုးနွယ်စုသည် နယ်ပယ်အသီးသီးကို လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်၏။

သို့သော် ၎င်းကပင် သူတို့ကို အဆိပ်ရှိသော ကင်းမြီးကောက်များကဲ့သို့ လူတိုင်း၏ ရွံရှာမုန်းတီးမှုကို ခံရစေသည်။

ယခုမူ သူသည် မကြုံစဖူးထူးခြားစွာ သူ၏စွမ်းရည်ကို ခံနိုင်ရည်ရှိနေသော နိမ့်ပါးသည့်အဆင့်မှ လူတစ်ယောက်နှင့် တွေ့ဆုံနေရ၏။

သူသည် ချီယွမ်ကို ဇဝေဇဝါဖြင့် ကြည့်ကာ ထပ်မေးလိုက်သည်။

“၁ အပေါင်း ၁ က ၃ နဲ့ ညီတယ်၊ ဟုတ်တယ်မလား။”

ကျိယွမ်၏ မျက်နှာက ရှုံ့မဲ့သွားလေသည်။

“မင်း...မူလတန်းတောင် အောင်ရဲ့လား။”

ကျိယွမ်သည် ငြင်းခုံရန် အချိန်မဖြုန်းတော့ဘဲ အရှေ့ဘက်သခင်၏ ကျန်နေသော ညာဘက်လက်ကို သူ၏ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ အရှေ့ဘက်သခင်သည် ရှောင်တိမ်းသွားပြီး သူ၏မျက်လုံးများမှာ ဇဝေဇဝါ ဖြစ်နေဆဲရှိ၏။

“မင်းက တကယ်တော့ ဘယ်သူလဲ။ ဘာလို့ ငါ့ရဲ့ နတ်ဘုရားအစွမ်းကို မင်းက ခုခံနိုင်နေတာလဲ။”

“ငါက... မင်းရဲ့ အဖေပဲ”

ကျိယွမ်သည် သူ၏ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသက်သွင်းရင်း ပြုံးလိုက်သည်။

“ဒါပေမဲ့ ငါ့မှာ မင်းလို အော့နှလုံးနာစရာကောင်းတဲ့ သားမျိုး မရှိဘူး။”

ကျိယွမ်သည် လိင်စိတ်တိမ်းညွတ်မှုအပေါ် ခွဲခြားဆက်ဆံတတ်သူ မဟုတ်ပေ။

သို့သော် ဤမျှအထိ ရွံစရာကောင်းနေသည်ကိုမူ သူ မခံစားနိုင်ပေ။

အရှေ့ဘက်သခင်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။

“အဖေလား”

တကယ်လို့ ထိုသူကသာ မိမိ၏အဖေဆိုလျှင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားလေပြီ။

မြင့်မြတ်အလင်းမျိုးနွယ်စုဝင် နှစ်ယောက်သည် တစ်ဦး၏စွမ်းရည်ကို တစ်ဦးက သက်ရောက်မှုရှိမည် မဟုတ်ပေ။

ငါက ကိုယ့်အဖေကိုယ်ပြန်ပြီး စွမ်းရည်သုံးမိနေတာကိုး ...။

သို့သော် သူသည် သတိပြန်ဝင်လာပြီး ကျိယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“မင်းရဲ့ မူလစွမ်းရည်ကလည်း အထင်ကြီးစရာပဲ၊ မင်းမှာ အထွတ်အထိပ်သစ္စာတရားနယ်ပယ်အထိ တက်လှမ်းနိုင်တဲ့ အလားအလာ ရှိတယ်။ ငါ့နောက်ကိုလိုက်မလား ၊ မင်းကို ငါ အခွင့်အရေးပေးမယ်။ ငါ.. ရှန့်ခုံးမင်ဟာ မြင့်မြတ်အလင်းမျိုးနွယ်စုရဲ့ နှစ်ပေါင်းတစ်သန်းမှာ တစ်ယောက်သာ ပေါ်ထွန်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ"

"ငါဟာ ယန်နတ်ဘုရားနယ်ပယ်ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ မူလသဘောတရားနယ်ပယ်ထဲကို ခြေလှမ်းတော့မှာ။ ငါသာ အောင်မြင်သွားရင် လောကအနှံ့ လွတ်လပ်စွာ သွားလာနိုင်မှာ ဖြစ်ပြီး ဘယ်သူကမှ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်း ငါ့နောက်ကို လိုက်မယ်ဆိုရင် ဉာဏ်အလင်းရခြင်း လမ်းစဉ်ကို မင်း ခံစားရလိမ့်မယ်။”

ရှန်းခုန့်မင်သည် သူ၏ မဟာဗျူဟာကို ပြောင်းလဲလိုက်သည်။

ပြိုင်ဘက်သည် သူ၏ နတ်ဘုရားစွမ်းရည်ကို ခံနိုင်ရည်ရှိနေသဖြင့် ကျိယွမ်သည် ရှားပါးပြီး ရှေးကျသော သွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သည်ဟု သူ ယူဆ၏။

၎င်းသည် မိမိတို့အလင်းမျိုးနွယ်စုထက် ပို၍ မစွမ်းအားနိုင်သော်လည်း ရှားပါးသော တွေ့ရှိမှုတစ်ခုပင်။

သူ၏စကားကို ကြားသောအခါ ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။

“နောက်ဆုံးတော့ မင်းက လူယုတ်မာတစ်ယောက် ပြောသင့်တဲ့ စကားတွေကို ပြောပြီး လူယုတ်မာတစ်ယောက်လို ပြုမူလာပြီပဲ။ မင်း ငါ့ကို စောစောက တော်တော် ကြောက်သွားအောင် လုပ်ခဲ့တာ။”

ကျိယွမ်သည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်၏။

ယခုတော့ သူသိသွားလေပြီ ၊

ပြဿနာက လူယုတ်မာရဲ့ အစွမ်းအစ မဟုတ်ဘဲ လူယုတ်မာက ×××××× ဖြစ်နေသည့် အချိန်ပင်။

အရှေ့ဘက်သခင်သည် ကျိယွမ်၏ တုံ့ပြန်မှုအပေါ် အံ့သြခြင်း မရှိပေ။

“မင်းရှိနေတဲ့ ဒီကမ္ဘာမှာ အနာဂတ် မရှိဘူး။ မင်းရဲ့ ပါရမီတွေက ဒီလောကမှာ ပြိုင်ဘက်ကင်းပေမဲ့ ဒီလိုနေရာမျိုးမှာ မွေးဖွားလာတာက မင်းရဲ့ ကံဆိုးမှုပဲ။ ဒီလောကက မင်းကို ချည်နှောင်ထားပြီး ဒီမှာ မင်းအတွက် အနာဂတ် မရှိဘူး။ မင်း ငါ့နောက်ကို လိုက်မယ်ဆိုရင် ငါ့ရဲ့ သွေးမျိုးဆက်တစ်စက်အထိ မင်းကို ငါ ပေးသနားမယ်"

"မြင့်မြတ် အလင်းမျိုးနွယ်စုရဲ့ သွေးနဲ့ ငါပေးတဲ့ လက်ဆောင်တွေ ပေါင်းစပ်လိုက်ရင် မင်း ဒီလောကရဲ့ အကျဉ်းအကျပ်ကနေ ရုန်းထွက်နိုင်လိမ့်မယ်။”

ရှန်းခုန့်မင်သည် ကျိယွမ်၏ ပါရမီကို အသိအမှတ်ပြုသောကြောင့် ဤသို့ ကမ်းလှမ်း​ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ကျိယွမ်ကို စည်းရုံးနိုင်လျှင် အကျိုးကျေးဇူးများမှာ ကြီးမားလှပေမည်။

အစွမ်းထက်သော လက်အောက်ခံတစ်ယောက် ရရှိရုံသာမက ကျိယွမ်၏ သွေးမျိုးဆက်ကို လေ့လာပြီး သူသည် အဘယ်ကြောင့် မြင့်မြတ်အလင်း စကားတော်များကို ခံနိုင်ရည်ရှိနေရသလဲဆိုသည်ကို နားလည်သွားလျှင် သူ၏ ကိုယ်ပိုင်မျိုးနွယ်စုကို သူ လွှမ်းမိုးနိုင်မည် ဖြစ်သည်။

ထိုအခါ သူသည် အလင်းမျိုးနွယ်စုကို စုစည်းပြီး ဘိုးဘေးပြီးလျှင် ဒုတိယအဆင့်ရှိသူ ဖြစ်လာနိုင်၏။

“မင်းရဲ့ သွေးက အဲဒီလောက်တောင် စွမ်းအားကြီးနေရင် ငါက ဘာလို့မင်းပေးတာ စောင့်နေမှာလဲ ၊ ကိုယ့်ဘာသာကိုယ် ယူလည်းရတာကို”

ကျိယွမ်၏ ရန်စကားကိုကြားသောအခါ ရှန့်ခုန်းမင်က မထီမဲ့မြင်ပြုံး၏။

“မင်းက မြင့်မြတ်အလင်းမျိုးနွယ်စုရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို တကယ် နားမလည်သေးဘူးပဲ၊ ငါတို့ကြားက ကြီးမားတဲ့ ကွာခြားချက်ကိုလည်း မင်း သဘောမပေါက်သေးဘူး။”

စကားနှင့်အတူ ရှန့်ခုံးမင်၏ စုတ်ပြတ်နေသော ဝတ်ရုံဖြူပေါ်တွင် နတ်ဘုရားအလင်းတန်းများ စတင် ဝဲလည်လာသည်။

သူသည် မူလသဘောတရားနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

ကျိယွမ်မှာမူ ကောင်းကင်ဘုံ၌နေရာယူခြင်းအဆင့်တွင်သာ ရှိနေသေးသည်။

ထိုသူက သူ့ကို မည်သို့ ယှဉ်နိုင်မည်နည်း။

“မင်း ပြောစရာ ရှိတာတွေ အားလုံး ပြောပြီးပြီလား။”

ကျိယွမ်သည် ရှန့်ခုံးမင်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

“ဒါဆိုရင် အရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးရမယ့် အချိန် ရောက်ပြီ။ မင်းတို့ရဲ့ မြင့်မြတ်အလင်းမျိုးနွယ်စုက ငါ့ရဲ့ ရှန်းကွမ်းဂိုဏ်း နာမည်ကို ခိုးယူထားတာပဲ ၊ ဒါကြောင့် အခု ရှန့်ကွမ်းဂိုဏ်း ကိုယ်စား ငါက မင်းတို့လို အတုအပတွေကို သတ်ပစ်တော့မယ်”

သူ စောစောက တိုက်ခိုက်ခြင်း မပြုခဲ့သည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။

ဂိမ်းထဲတွက် သေးငယ်သောတာဝန်များအတွက် ဇာတ်လမ်းကို ကျော်ပစ်ခြင်းက ကိစ္စမရှိပေ။

သို့သော် နောက်ဆုံးဘော့စ်တစ်ယောက်ကိုတော့ တွေ့တွေ့ချင်း ခုတ်သတ်မပစ်သင့်ပါ။

များသောအားဖြင့် သူတို့တွင် အရေးကြီးသော သတင်းအချက်အလက်များ ရှိတတ်သည်။

ဥပမာအားဖြင့် အရှေ့ဘက်သခင်က ဤလောက၏ လမ်းစဉ်မှာ ပြတ်တောက်သွားပြီဖြစ်ကြောင်းနှင့် လောက၏ ကန့်သတ်ချက်များအကြောင်း ပြောခဲ့၏။

၎င်းမှာ သူတော်တော်လေး အကျွမ်းတဝင်ရှိသော အယူအဆတစ်ခုဖြစ်ပြီး ယခင်ဇာတ်လမ်းအများအပြားတွင်လည်း တွေ့ရလေ့ရှိသည်။

ဥပမာပေးရလျှင် အပ်ချုပ်ဆိုင်တစ်ခုက လေယာဉ်တင်သင်္ဘောကို မတည်ဆောက်နိုင်သကဲ့သို့ပင် ။

ယခုမူ သူသည် အရေးကြီးသော အချက်အလက်များကို ကြားသိရပြီးဖြစ်သဖြင့် အပြည့်အဝ တိုက်ခိုက်ရမည့် အချိန်ရောက်လေပြီ။

ရှန့်ခုံးမင်က ကျိယွမ်အားကြည့်ကာ မဲ့၏။

“မင်း တကယ် နားမလည်သေးဘူးကိုး...”

“စကားတွေ အများကြီး မပြောနဲ့တော့ အတုအပကောင်... သေပေတော့”

အစွမ်းထက်သော သွေးစွမ်းအင် အရှိန်အဝါများ တိုးထွက်လာသည်။

ကပ်ဘေးနယ်မြေတစ်ခုလုံး တုန်ခါသွား၏။

လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားနယ်ပယ်၏ စွမ်းအားသည် ဤလောက၏ လမ်းစဉ်ပေါင်းများစွာနှင့် ပေါင်းစပ်သွားခဲ့သည်။

ယခုအကြိမ်၌ ကျိယွမ်သည် ဓားမသုံးပါ ။သူက အရှေ့ဘက်သခင်ကို လက်သီးဖြင့် ပြင်းထန်စွာထိုး၏။

သို့သော် သူ၏ လက်သီးချက်သက်သက် မဟုတ်ပေ ၊ ၎င်းသည် မူလဇစ်မြစ်နယ်မြေ၊ အဆုံးသတ်နယ်မြေနှင့် တောင်နှင့်မြစ်ကမ္ဘာတိုင်းမှ လမ်းစဉ်အားလုံး၏ ပေါင်းစပ်အား ဖြစ်သည်။

ထိုးနှက်ချက်တွင် လမ်းစဉ်၏ စည်းမျဉ်းများ ပါဝင်နေပြီး ၎င်းမှာ ​ေကမ္ဘာများကို ရိုက်ခွဲပစ်ရန်ပင် လုံလောက်ပေသည်။

“ယန်နတ်ဘုရားနယ်ပယ်မှာ အဆင့်တစ်ခုစီရဲ့ ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးလိုပဲ။ ငါက မူလသဘောတရားကို မြင်နေရပြီ။ မင်းရဲ့အဆင့်က ငါ့ကို နာကျင်အောင် မလုပ်နိုင်ဘူး”

အရှေ့ဘက်သခင်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ပုံရိပ်မှာ လောကကြီးထဲသို့ ပျော်ဝင်သွားပုံရသည်။

ကျိယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်ကို သူက အလွယ်တကူ ရှောင်တိမ်းသွား၏။

ကျိယွမ်က ဘာမှ မပြောပါ။

သူသည် အရှေ့ဘက်သခင်ကို ကြည့်ကာ ထပ်မံ တိုက်ခိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင်မူ သူသည် လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား၏ စွမ်းအားကို မသုံးဘဲ မသေမျိုးလမ်းစဉ်၏ စွမ်းအားကို အသုံးပြုလိုက်သည်။

မသေမျိုးလမ်းစဉ်တွင်ဆိုလျှင် သူသည် လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရားထက်ပင် ပို၍ အစွမ်းထက်၏။

“မင်း ကြယ်တစ်လုံးကို ဝါးမြိုပြီး ကောင်းကင်ဘုံမှာနေရာယူခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားတာကို ငါ မြင်ပါတယ်။ ဒါပေမဲ့ မူလသဘောတရားကို ထိုးထွင်းမသိမြင်ဘဲနဲ့တော့ မင်းက ဘာမှ မဟုတ်ပါဘူး။”

အရှေ့ဘက်သခင်က ထိုသို့ပြောလိုက်သော်လည်း အချို့သော သတင်းအချက်အလက်များကိုမူ သူ ဖုံးကွယ်ထား၏။

အကယ်၍ ကျိယွမ်ကသာ စိတ်ဝိညာဥ် လေးထောင်ကို ထုတ်လွှတ်ပြီး တိုက်ခိုက်လျှင် အရှေ့ဘက်သခင်သည် အမှန်တကယ်ပင် အရေအတွက်အားဖြင့် ဖိနှိပ်ခံရမှာ သေချာသည်။

သို့သော် အရှေ့ဘက်သခင်သည် အရေအတွက်များခြင်းကို မကြောက်ပေ။

အကယ်၍ ထိုသို့ ဖြစ်လာလျှင် သူလုပ်ရမည့်အရာမှာ နှုတ်ခမ်းကို လှုပ်ရုံသာဖြစ်ပြီး ထိုယန်နတ်ဘုရားများသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်သာ။

“မင်း တစ်ယောက်တည်းနဲ့တော့ ငါ့ကို မနိုင်နိုင်ဘူး။ မင်း သူတို့ကို ခေါ်ပြီး ငါ့ကို ဝိုင်းတိုက်ခိုင်းရင်တော့ မသိဘူး”

ရှန့်ခုန်းမင်က ယုံကြည်မှုအပြည့်ဖြင့် အေးအေးလူလူ ပြောလိုက်သည်။

သူသည် အရှုံးမရှိသော အနေအထားတွင် ရှိနေ၏။

အကယ်၍ ကျိယွမ်က သူ၏ အပေါင်းအပါများကို ခေါ်ယူလျှင် ရှန့်ခုံးမင်မှာ သူတို့ကို ကျိယွမ်အား ပြန်လည်တိုက်ခိုက်စေရန် ပြုလုပ်နိုင်သော မြင့်မြတ်အလင်းစကားတော် ရှိသည်။

မခေါ်ဘဲ တစ်ယောက်ချင်းတိုက်လျှင်လည်း သူက တိုက်ရိုက် အနိုင်ရမည် ဖြစ်သည်။

ထို့နောက် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာ၏။

ပြင်းထန်သောတိုက်ကွက်ကြောင့် အရှေ့ဘက်သခင်သည် အနည်းငယ် ယိမ်းယိုင်သွားသည်။

မြင့်မြတ်အလင်းမျိုးနွယ်စုဝင်တစ်ယောက်အနေဖြင့် မူလသဘောတရားများကို မြင်ထားပြီးသားဖြစ်သဖြင့် သူသည် ဤလောကတွင် ပြိုင်ဘက်ကင်းသလောက်ရှိ၏။

မူလသဘောတရားနယ်ပယ်မှ လူများနှင့် ရင်ဆိုင်ရလျှင်ပင် သူက သူတို့ကို အချိန်ဆွဲ အနိုင်ယူနိုင်လေသည်။

ထို့ကြောင့် ကောင်းကင်၌ရောယူခြင်းအဆင့်တွင်သာ ရှိနေသည့် ကျိယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် မတုန်လှုပ်ဘဲ ရှိနေခြင်းပင်။

“ငါ့ရဲ့ နောက်ဆုံးလက်နက်ကို သုံးရတော့မယ် ထင်တယ်”

ထိုခဏတွင် ကျိယွမ်သည် အရှေ့ဘက်သခင်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ဘော့စ်တွေကို နောက်ဆုံးလက်နက်နဲ့ သတ်ရတာပဲ”

“မင်းမှာ တစ်ခုခု ကျန်သေးတာလား။ မင်းရဲ့ အဲဒီ ကူညီမယ့်သူတွေလား။ သူတို့ကို ထုတ်ပြရဲတယ်ပေါ့။”

ရှန့်ခုံးမင်သည် ကျိယွမ်က သူ၏ အပေါင်းအပါများကို ခေါ်ထုတ်ရန် စောင့်မျှော်နေသည်။

“သူတို့ ထွက်လာဖို့ မလိုပါဘူး။ သူတို့က ငါ့ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေပြီးသားပဲ။”

ကျိယွမ်က လေထဲတွင် မတ်တပ်ရပ်ရင်း လေးနက်စွာ ပြောလိုက်သည်။

ရှန့်ခုံးမင်၏ နှလုံးသားထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု ပေါ်ပေါက်လာသော်လည်း သူသည် မူလသဘောတရားကို သိမြင်ထားပြီးဖြစ်သဖြင့် မရှုံးနိမ့်နိုင်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် အားပေးလိုက်၏။

သို့သော် နောက်တစ်မိနစ်တွင်မူ သူ၏ မျက်လုံးများမှာ တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားသည်။

ကျိယွမ်၏ နောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု စတင် ဝဲလည်လာ၏။

၎င်းမှာ ဟင်းလင်းပြင်နှင့် တူသကဲ့သို့၊ မူလအစွမ်းအင် သို့မဟုတ် မသေမျိုးလမ်းစဉ်၏ ခရမ်းရောင်ချီနှင့်ပင် ဆင်တူနေသည်။

ဤစွမ်းအင်မှာ အမည်မသိ၊ အကဲမဖြတ်နိုင်ဘဲ ဖော်ပြ၍မရသော အရာ ဖြစ်သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားစုသည် ချက်ချင်းပင် သုံးခု ကွဲထွက်သွားပြီး ဖော်ပြ၍မရသော၊ မမြင်နိုင်သော၊ စိတ်ကူး၍မရသော အရာသုံးခုအဖြစ် ပြောင်းလဲသွားသည်။

“ဒါ... ဒါက ဘိုးဘေးထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပါလား"

ရှန့်ခုံးမင်သည် အမှန်တကယ် ထိတ်လန့်ကာ သွားများကို ကြိတ်ထားလိုက်၏။

အလင်းမျိုးနွယ်စုတွင် သူတို့၏ ဘိုးဘေးမှာ လောကအနှံ့တွင် အစွမ်းအထက်ဆုံး ဖြစ်သည်။

သို့သော် ယခု ကျိယွမ်၏ နောက်ကွယ်တွင် ပေါ်ထွက်လာသော အရာများမှာ တစ်ခုချင်းစီတိုင်းသည် သူတို့၏ ဘိုးဘေးထက် ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်နေသည်။

“တစ်ခုက သုံးခု ဖြစ်လာတယ်။ သုံးခုကနေ ငါ ဖြစ်လာတယ်။”

ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏နောက်မှ မူလအစအရာသုံးခုကလည်း သူ၏စကားကို ထပ်ဆင့် ပြောလိုက်ကြ၏။

နယ်ပယ်ချင်း ကွာခြားချက်မှာ ကြီးမားသော်လည်း စွမ်းအားဆိုသည်မှာ နယ်ပယ်တစ်ခုတည်းအပေါ်တွင်သာ မူတည်သည် မဟုတ်ပေ။

ကြီးမားသော စွမ်းအားသည် အခြားအရာအားလုံးကို ဖိနှိပ်နိုင်၏။

အကယ်၍ လက်သီးတစ်ချက်က ကြယ်များကို ရိုက်ခွဲနိုင်လျှင်၊ စကြဝဠာများကို ဖျက်ဆီးနိုင်လျှင်၊ သိရှိပြီးသားအရာများကို ထိုးဖောက်နိုင်လျှင်၊ မသိသေးသည့်အရာများကိုလည်း ဖျက်ဆီးနိုင်ပြီး နားမလည်နိုင်သောအရာများကို ပါ ဖြတ်တောက်နိုင်လျှင် မြင့်မားသော နယ်ပယ်ရှိနေခြင်းက ဘာအဓိပ္ပာယ် ရှိဦးမည်နည်း။

လူတစ်ယောက်၏ ယန်နတ်ဘုရား စွမ်းအားက မလုံလောက်ပေ။

သို့သော်... လူတစ်ထောင်ဆိုလျှင်ရော ..လူတစ်ထောင်နှင့်မရလျှင် လူ သုံးထောင်ဆိုလျှင်ရော ...မလုံလောက်သေးလျှင် လေးထောင်ပေါ့....။

ကျိယွမ်သည် သူ၏စိတ်ဝိညာဥ်များကို သီးခြားပုဂ္ဂိုလ်များအဖြစ် ခေါ်ယူရန် မလိုပေ၊ အကြောင်းမှာ သူတို့သည် သူ၏ အစိတ်အပိုင်းများ ဖြစ်နေသောကြောင့်ပင်။

ယခုအချိန်၌ သူသည် သူ၏ ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။

“ကောင်းကင်တောက်ပမှုက ထွန်းလင်းနေတယ်။ စိတ်ဝိညာဥ်တွေက မူလဒန်တျန်ကို စောင့်ကြပ်နေတယ်။ ငါ့အမိန့်ကို နာခံကြ ၊ အရှေ့ဘက်သခင်ကို ဖျက်ဆီးပစ်စမ်း”

ထိုအခိုက်အတန့်တွင် စိတ်ဝိညာဥ်လေးထောင်သည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ကြရာ သူတို့၏ အသံများမှာ စစ်မှန်သော လမ်းစဉ်၏ အသံကဲ့သို့ လေးနက်နေ၏။

“အရှေ့ဘက်ကောင်းကင်ဧကရာဇ်.. အရှင့်အမိန့်ကို နာခံပါတယ်”

“တောင်ဝင်ရိုးစွန်း သက်တော်ရှည်ဧကရာဇ် .အရှင့်အမိန့်ကို နာခံပါတယ်”

“ကြယ်စင် ဧကရာဇ်မင်းသား...အရှင့် အမိန့်ကို နာခံပါတယ်”

“ဂတ်တလင်း ဗောဓိသတ်...အရှင့်အမိန့်ကို နာခံပါတယ်”

ကျယ်လောင်သော ကြွေးကြော်သံများသည် ကျိယွမ်၏ မူလဒန်တျန်အတွင်း ဟိန်းထွက်နေသည်။

ထိုအခိုက်အတန့်တွင် သူတို့သည် ဘာကိုမှ ချန်မထားဘဲ သူတို့၏ စွမ်းအားအားလုံးကို ကျိယွမ်ထံသို့ လောင်းထည့်လိုက်ကြ၏။

ကျိယွမ်သည် လွှမ်းမိုးသော အင်အားကို ခံစားလိုက်ရသည်။

ကိုယ်ကျင့်တရား၊ စည်းမျဉ်းများ၊ လောကဥပဒေသများ.....အရာအားလုံးကို လက်သီးတစ်ချက်ဖြင့် ချိုးဖျက်ပစ်နိုင်ပုံရ၏။

ဒါက စစ်မှန်တဲ့ စွမ်းအားပဲ.....။

“ဒါကြောင့် ငါ့ရဲ့လမ်းစဥ်ပေါင်းစုံဆိုတာ လမ်းစဉ်ကိုယ်တိုင်ကို ဆိုလိုတာ မဟုတ်ဘဲ ဖျက်ဆီးခြင်းကို ဆိုလိုတာပဲ”

စိတ်ဝိညာဥ်လေးထောင်၏ ဟိန်းဟောက်သံနှင့်အတူ ကျိယွမ်၏ နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်များစွာ ပေါ်ထွက်လာ၏။

ထိုအရိပ်တစ်ခုချင်းစီက လက်သီးတစ်ချက်စီဖြင့် ထိုးနှက်လိုက်ကြသည်။

လက်သီးချက်အားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ကျိယွမ်၏ ထိုးနှက်ချက်ထဲသို့ စီးဝင်သွားလေသည်။

မီး၊ ကံကြမ္မာ၊ ကံကောင်းခြင်း၊ ကြယ်များ... မရေမတွက်နိုင်သော နိယာမများသည် ကျိယွမ်၏ လက်သီးတစ်ချက်ထဲတွင် စုစည်းသွားကုန်၏။

“ဒီလက်သီးချက်ကို...မင်း ခံနိုင်ရည်ရှိဦးမှာလား။”

“သတ်စမ်း”

၎င်းမှာ တားဆီး၍မရသော အင်အားဖြစ်ပြီး ခုခံ၍မရသော ထိုးနှက်ချက် ဖြစ်သည်။ ၎င်းသည် လမ်းစဉ်ပေါင်းများစွာကို ကိုယ်စားပြုသော်လည်း ၎င်းတို့အားလုံးကို ကျော်လွန်နေ၏။

ရှန်းခုံးမင်၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် တွန့်လိမ်သွားပြီး နောင်တများက သူ၏နှလုံးသားထဲတွင် ပြည့်နှက်လာသည်။

“ဘယ်လိုဖြစ်ပြီး ဒီလို ဘီလူးတစ်ကောင် ရှိနေနိုင်ရတာလဲ။ နှစ်ပေါင်း သုံးသန်းကြာ စီမံခဲ့တဲ့ အစီအစဉ်တွေ..."

" မဟုတ်ဘူး....မဟုတ်ဘူး...”

နှစ်ပေါင်း သုံးသန်းကြာအောင် ကြံစည်ခဲ့ပြီးမှ အရာအားလုံးက ဘာမှ မဟုတ်သလို ဖြစ်သွားခဲ့သည်။

သူ နားမလည်နိုင်ပေ။

သူ လက်မခံနိုင်ပေ။

သို့သော် ဤလွှမ်းမိုးသော လက်သီးချက်၏ ရှေ့တွင် ရှန်းခုံးမင်မှာ လုံးဝ အကူအညီမဲ့နေ၏။

ဤလက်သီးချက်သည် တောင်နှင့်မြစ်လောကများ၏ စည်းမျဥ်းများကို ရိုက်ခွဲလိုက်ပြီး နှလုံးသား၏ ပရိယာယ်များကို ဖျက်ဆီးကာ ကြံစည်မှုနှင့် အစီအစဉ်တိုင်းကို ချေမှုန်းပစ်လိုက်သည်။

ဤလက်သီးချက်သည် လမ်းစဉ်ပေါင်းစုံကို ချေမှုန်းပြီး စည်းမျဉ်းအားလုံးကို လည်း တွန်းလှန်ပစ်၏။

၎င်းသည် မူလသဘောတရားနယ်ပယ်မဟုတ်သော်လည်း ၎င်းကိုပင် ကျော်လွန်နေသည်။

“မင်း... မင်း ဘယ်တော့မှ မူလသဘောတရားကို ရောက်မှာ မဟုတ်ဘူး”

ရှန်းခုံးမင်သည် နောက်ဆုံးအကြိမ်အဖြစ် အသည်းအသန် အော်ဟစ်လိုက်သည်။

သူ၏ မူလသဘောတရားနှင့် နီးစပ်သောစွမ်းအားမှာ ဤလက်သီးချက်ရှေ့တွင် အားကိုးရာမဲ့နေလေပြီ။

နှစ်ပေါင်းသန်းချီသော ကြိုးကိုင်မှုများအပြီးတွင်၊ တိုင်းပြည်ရတနာစုတ်တံဖြင့် ရေးဆွဲကာ အရိပ်ထဲတွင် ဝှက်ထားခဲ့သော တောင်နှင့်မြစ်လောကများနှင့်အတူ ရှန့်ခုံးမင်သည် နောက်ဆုံးတွင် နိဂုံးချုပ်သွားခဲ့သည်။

ကျိယွမ်သည် တိတ်ဆိတ်စွာ မတ်တပ်ရပ်ရင်း သူ၏ရှေ့မှ ဟာလာဟင်းလင်းဖြစ်သွားသော နေရာကို ကြည့်နေ၏။

“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ယောက်ျားစစ်စစ်ဆိုတာ အရာအားလုံးကို လက်သီးနဲ့ပဲ ဖြေရှင်းရတာပဲ။”

ထိုစကားနှင့်အတူ သူ၏ပတ်ဝန်းကျင်မှ အဆုံးမရှိသော အရိပ်များ ကွယ်ပျောက်သွားသည်။

သူသည် သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်အဖြစ် ပြန်လည် ဖြစ်တည်လာသည်။

သို့သော် သူ၏ အတွင်းစိတ်ထဲတွင် တစ်ခုခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

အရှေ့ဘက်သခင်ကို အနိုင်ယူခြင်းမှာ ပြဿနာ မဟုတ်ပေ။

အရေးကြီးသည်မှာ ၎င်းက သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေခြင်း ဖြစ်သည်။

သူသည် ရှေ့သို့ ကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ ပြင်းထန်စွာ တောက်ပလာ၏။

“နောက်ထပ်တိုက်ရမှာက မကောင်းမှုအရင်းအမြစ်မိစ္ဆာတွေလား။”

သူ၏ရှေ့တွင် အရှေ့ဘက်သခင်နှင့် နှစ်ပေါင်းသန်းချီ ပတ်သတ်နေခဲ့သော အရင်းအမြစ်မိစ္ဆာများ ရှိနေသည်။

ရှန့်ခုံးမင်ပင်လျှင် ၎င်းတို့၏အနားတွင် သတိထား၍ သွားလာခဲ့ရ၏။

" ငါလာပြီ"

ကျိယွမ်သည် အရင်းအမြစ်မိစ္ဆာ ပင်လယ်ထဲသို့ ခြေလှမ်းလိုက်သည်။

ထိုနေရာတွင် တစ်ခုခုက သူ့ကို စောင့်ကြည့်နေသည်ဟု ချက်ချင်း ခံစားလိုက်ရ၏။

သို့သော် သူက အရင်းအမြစ်မိစ္ဆာ ပင်လယ်၏ အလယ်ဗဟိုသို့ ဆက်လက် ဝင်ရောက်သွားသည်။

သူ မျှော်လင့်ထားသကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော အရင်းအမြစ်မိစ္ဆာများက သူ့ကို မတိုက်ခိုက်ကြပါ။

၎င်းမှာ သူ၏ မူလစွမ်းရည်ဖြစ်သော နှလုံးသားနတ်ဆိုးနိုးထခြင်းနှင့်

ဆက်စပ်နေသည်ကို သူ နားလည်လိုက်၏။

သူသည် အရင်းအမြစ်မိစ္ဆာ ပင်လယ်ထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလေသည်။

မရေမတွက်နိုင်သော အရင်းအမြစ်မိစ္ဆာများသည် သူ့ကို အမျိုးအနွယ်ကဲ့သို့ မှတ်ယူပုံရပြီး သူ့ကို အန္တရာယ် မပြုကြပေ။

ကျိယွမ်သည် ထိုပင်လယ်ထဲတွင် လုံခြုံစွာ လှည့်လည်နေ၏။

အရင်းအမြစ်မိစ္ဆာများသည် သူ၏ စိတ်ခံစားမှုများကို နှိုးဆွနေပြီး ပျော်ရွှင်မှု၊ သတ်ဖြတ်မှုနှင့် နာကျင်မှုများကို ပေါ်ပေါက်စေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိရှိလိုက်ချိန်တွင် ရုတ်တရက် အမည်မသိ အသံတစ်ခု သူ၏နားထဲတွင် ပေါ်လာသည်။

“ဟေ့... ကျိယွမ်။”

အသံလာရာသို့ ကျိယွမ် လှည့်ကြည့်လိုက်သောအခါ အမှောင်ထုများဖြင့် ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ပို၍ တိကျစွာ ပြောရလျှင် ပိုးသားအနက်ရောင်များဖြင့် ပတ်ထားသော ပုံရိပ်တစ်ခု ဖြစ်သည်။

ပို၍တိကျစွာဆိုရသော် ပိုးသားအနက်ရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်၏။

“ဝမ်ယွမ်ယွီ”

ကျိယွမ်က အံ့သြခြင်းနှင့် မအံ့သြခြင်းတို့ ရောပြွမ်းလျက် ​နှုတ်ဆက်လိုက်သည်။

“ငါ နင့်ကို ခြောက်လှန့်မိသွားလား။”

ထိုအမျိုးသမီး၏ မျက်လုံးများသည် နောက်ပြောင်လိုစိတ်ဖြင့် တောက်ပနေပြီး သူမ၏ မျက်နှာပေါ်မှ ပိုးသားအနက်ရောင်ကို ဖယ်ရှားလိုက်ရာ ဖော်ပြရန် ခက်ခဲသော မျက်နှာတစ်ခု ပေါ်ထွက်လာ၏။

သူမ၏မျက်နှာတွင် ကျိယွမ်သည် ဒေါက်တာကျုံးမြောင်ကို မြင်ရသည်၊ ဝမ်ယွမ်ယွီကို မြင်ရသည်၊ လူကျူကိုလည်း မြင်ရပြီး အခြားသော မရေမတွက်နိုင်သည့် အမျိုးသမီးများကိုလည်း မြင်တွေ့ရသည်။

“သေချာတာပေါ့။”

ကျိယွမ်က ပျင်းရိစွာ အကြောဆန့်လိုက်သည်။

“ဒါဆိုရင် ဂိမ်းအစမှာ တွေ့ခဲ့ရတဲ့ အမွေးမပါတဲ့ငှက်က မင်းပေါ့”

ဤလောက၏ ဂိမ်းအိုင်ကွန်မှာ သွေးစွန်းနေသော အမွေးမပါသည့် ငှက်တစ်ကောင်ဖြစ်နေခဲ့သည်။

မူလမျိုးစေ့ သေဆုံးခြင်းမှာလည်း ဤငှက်နှင့် ဆက်စပ်နေ၏။

“အမွှေးလား...အဲဒါတွေက ငါ့ရဲ့ အမွေးတွေပဲ။”

ထိုအမျိုးသမီးက ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။

သူမ၏ လက်ထဲတွင် ဘယ်ကမှန်းမသိဘဲ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာတစ်ခု ပေါ်လာ၏။

သူမက ကျိယွမ်ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

“နင့်ရဲ့ စိတ်ရောဂါက အတုမဟုတ်ဘူးပဲ။”

ကျိယွမ်မှာ ဆွံ့အသွားပြီးမှ သူမအား တုန့်ပြန်၏။

“မင်းရဲ့ ကျောက်ကပ်အားနည်းတာကလည်း အစစ်ပဲ။”

“ငါက ကျောက်ကပ်အားနည်းတာ မဟုတ်ဘူး။ ဒါက မူလသဘောတရားနယ်ပယ်ရဲ့ အလွန်ကို မတက်လှမ်းခင် ငါ ကျော်ဖြတ်ရမယ့် ဘေးဒုက္ခတစ်ခုပဲ။”

ထိုအမျိုးသမီးက ပြောလိုက်ရင်းမှ သူမ၏မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

“အရှေ့ဘက်သခင်ဆိုတာ ဒီဘေးဒုက္ခရဲ့ အစိတ်အပိုင်းတစ်ခုပဲ။နင့်ရဲ့ စကားနဲ့ ပြောရရင် သူက ဂိမ်းထဲက ဇာတ်ကောင်တစ်ယောက်ပေါ့၊ ငါကတော့ ဒီဂိမ်းကို ဖန်တီးသူရော၊ ကစားသူရောပဲ။ ဒီလောကကြီးက ဂိမ်းတစ်ခုပဲ။”

“သြော်။”

ကျိယွမ်က ထိုအမျိုးသမီးကို ကြည့်လိုက်သည်။

“ဒီတစ်ကြိမ်မှာ ငါ့ရဲ့ အကြီးမားဆုံး တွေ့ရှိချက်က မင်း ဖြစ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ မူလကတော့ အရှေ့ဘက်သခင်ရဲ့ အလင်းစကားတော်ကိုသုံးပြီး စစ်မှန်တဲ့ လမ်းစဉ်ကို နားလည်ဖို့နဲ့ ငါ တစ်ခါမှ မခံစားဖူးတဲ့ အရာတွေကို ခံစားဖို့ ငါ စီစဉ်ထားတာ။ ငါ ဒီဘေးဒုက္ခကို ကျော်ဖြတ်ပြီးတာနဲ့ ဒီလောကကြီးကို အိမ်ပြန်ခေါ်သွားဖို့ပဲ။”

သူမ၏ နေရပ်အကြောင်း ပြောသောအခါ သူမ၏ မျက်လုံးများထဲတွင် လွမ်းဆွတ်မှုများ ပြည့်နှက်သွားသည်။

ဤမျှ အစွမ်းထက်သော လူတစ်ယောက်ထံမှ ဤကဲ့သို့ စိတ်ခံစားမှုကို မြင်ရသည်မှာ ရှားပါးလှ၏။

“ဒါပေမဲ့ နင်က ငါ့ကို သိမြင်မှုတစ်ခု ပေးခဲ့တယ်။”

ထိုအမျိုးသမီးက ကျိယွမ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“လမ်းစဉ်ပေါင်းစုံဆိုတာ... အားလုံးက ထင်ယောင်ထင်မှားတွေပဲ။”

“ငါ အဲဒီလို မပြောပါဘူး။ မင်းဘာသာ မင်း စိတ်ကူးယဉ်မနေနဲ့။”

ကျိယွမ်က သူမသည် စိတ်ရောဂါရှိသူနှင့် တူနေသလိုလိုပင် ထင်မိ၏။

“စိတ်မပူပါနဲ့၊ ငါ နင့်ရဲ့... ဇာတ်လမ်းကို မယူပါဘူး။”

ထိုအမျိုးသမီးက ပြုံးကာပြောလိုက်သည်။

ထို့နောက် သူမ၏ မျက်နှာမှာ လွမ်းဆွတ်မှုများဖြင့် နူးညံ့သွားသည်။

“ဒီလောကကြီးက မူလက ငါ့အိမ်ကနေ ပြုတ်ကျလာတာ။ အရင်ကတော့ ဒါကို နဂိုအတိုင်း ပြန်ယူသွားချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ မြင်ပါပြီ၊ ဒီလောကက... ငါ့အိမ် မဟုတ်တော့ဘူး။ ငါ တစ်ယောက်တည်းပဲ လမ်းကို ပြန်ရှာရတော့မယ်။”

ကျိယွမ်က သူမကို ကြည့်ပြီး ယဉ်ကျေးစွာဖြင့် နှုတ်ဆက်၏။

“ကောင်းကောင်း သွားပါဗျာ။”

ထိုခဏတွင် ထိုအမျိုးသမီးက သူ့ကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်သည်။

“ဂိမ်းရဲ့ ဇာတ်လမ်းက အချစ်ဇာတ်လမ်းကနေ အကောက်ကြံမှုဆီကို ပြောင်းသွားတာ စိတ်ဝင်စားစရာ မကောင်းဘူးလား။”

အချစ်ဇာတ်လမ်းမှာ အရှေ့ဘက်သခင်နှင့် သူ၏ လက်တွဲဖော်တို့ကြားမှ အချစ်အကြောင်း ဖြစ်သည်။

အကောက်ကြံမှုမှာမူ အရှေ့ဘက်သခင်က ဘေးဒုက္ခ ကျော်ဖြတ်နေသော အမျိုးသမီးကို အမြစ်မိစ္ဆာများဖြင့် လုပ်ကြံရန် ကြံစည်မှု ဖြစ်သည်။

“ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲဒါက အချစ်ဇာတ်လမ်း မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ အရှေ့ဘက်သခင် ပြောတဲ့ စကားတွေက အလိမ်အညာတွေ မဟုတ်နိုင်ဘူး။ အဲဒါတွေက အတိတ်မှာ ဖြစ်ခဲ့တာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ပစ္စုပ္ပန်၊ ဒါမှမဟုတ် အနာဂတ်မှာလည်း ဖြစ်လာနိုင်တာပဲ။”

“စကားထာတွေ ပြောမနေပါနဲ့တော့။”

ကျိယွမ်က လက်ကာပြကာ ညည်းညူလိုက်သည်။

အဘယ်ကြောင့် အစွမ်းထက်သော လူများမှာ စကားထာများဖြင့်သာ ပြောဆိုတတ်ကြသနည်း။

သူကတော့ ရှင်းရှင်းလင်းလင်း ဖြေရှင်းရသည်ကိုသာ နှစ်သက်၏။

ပေါက်စီစားချင်လျှင် " ပေါက်စီစားချင်တယ်" ဟုသာ ပြောမည် ဖြစ်သည်။

“ကျိယွမ်....မူလသဘောတရားနယ်ပယ်ရဲ့ အလွန်မှာ ငါ နင့်ကို စောင့်နေမယ်။”

ထိုအမျိုးသမီးက ပြုံးစစနှင့်ပြောပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားလေသည်။

အရင်းအမြစ်မိစ္ဆာပင်လယ်နှင့် အဆုံးမရှိသော မိစ္ဆာအုပ်စုကြီးသည်လည်း သူမနှင့်အတူ ကွယ်ပျောက်သွား၏။

ထိုခဏတွင် ဂိမ်း၏ အသိပေးချက်တစ်ခု ပေါ်လာသည်။

[မစ်ရှင် အောင်မြင်ပါသည်- တောင်တန်းနှင့်မြစ်အင်ပါယာစုတ်တံ တစ်ခုကို ရရှိသည်]

..................

အချိန်များ ကုန်ဆုံးသွားသည်။

ကောင်းကင်အထိ မြင့်မားသော မိုးမျှော်တိုက်ကြီးတစ်ခု ရှိ၏။

သွယ်လျသော စက်ရုပ်တစ်ရုပ်သည် ဓာတ်လှေကားစီးကာ ပျက်စီးနေသော အပျက်အစီးများထဲသို့ ဝင်ရောက်လာသည်။

အပျက်အစီးများကြားတွင် ပျက်စီးနေသော အာကာသယာဉ်များနှင့် သံတိုသံစများ ပြန့်ကျဲနေပြီး ဒေတာများနှင့် စည်းမျဉ်းများ၏ အကြွင်းအကျန်များဖြင့် ဝန်းရံထားသည်။

ထိုစက်ရုပ်သည် လက်ထပ်စာချုပ်တစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်နှာမှာ အမူအရာ ကင်းမဲ့နေ၏။

သို့သော် ၄င်းသည် တစ်ခုခုကို ပြန်လည်အမှတ်ရလာပြီး လူသားတို့၏ စိတ်ခံစားမှု အရိပ်အယောင်တစ်ခု က ၄င်း၏စက်ရုပ်မျက်လုံးများထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။

“သခင်... လမ်းစဉ်ပေါင်းစုံဆိုတာ... အမြဲတမ်း ကျွန်မပဲ ဖြစ်နေခဲ့တာပါ၊ သုည နဲ့ တစ် လေ ...”

ထိုအသံတွင် အဆုံးမရှိသော အတွေးများ ပြည့်နှက်နေ၏။

-----------------

All Chapters