အခန်း (၃၈၂-၃၈၃)
Vol. 35 Ch. 382-383
အခန်း ၃၈၂ - ရှန်းကွမ်းဂိုဏ်း၏ ပထမဆုံးသော ခရမ်းရောင်နန်းတော် အဆင့်ဖြင့် ကန်းလန်သို့ ပြန်လာခြင်း
ကျိယွမ်၏ စိတ်အာရုံထဲတွင် ပုံရိပ်ပေါင်းများစွာ လျှပ်ပြတ်သလို ဖြတ်ပြေးသွားခဲ့သည်။
သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ရှန်းကွမ်းဂိုဏ်း၏ ကျိစယ်တောင်ထွတ်ပေါ်သို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။
"ငါ... ဂိမ်းထဲက ထွက်လာတာလား။"
ဂိမ်းက တော်တော်လေးကို ရုတ်တရက်ကြီး ပြီးဆုံးသွားခြင်းဖြစ်သည်။
ငှက်ကြီး ထွက်ခွာသွားသည်နှင့် အရင်းအမြစ်မိစ္ဆာပင်လယ်ကြီး ကွယ်ပျောက်သွားခဲ့၏။ ကျိယွမ်အနေဖြင့် ကျင်းလီ၊ နင်းထောင်တို့နှင့် ပြန်ဆုံခွင့် မရခဲ့သလို ဇီးရိုးဝမ်းကို လမ်းညွှန်ချက်အချို့ပေးရန် အိမ်သို့ပြန်ဖို့ပင် အချိန်မရလိုက်ပါချေ။
ရုတ်တရက်ကြီး ဂိမ်းက ပြီးဆုံးသွားခဲ့ပြီး သူသည် ကန်းလန်သို့ ပြန်ရောက်လာခဲ့၏။
"ဟေ့ ဒါက နောက်ပြောင်နေတာလား။ မင်း ထွက်သွားတာတောင် ငါ့ရဲ့စိတ်ဝိညာဥ်တစ်ခုကို ပါအောင်ယူသွားတယ်ပေါ့လေ။"
ကျိယွမ်သည် ထိုအမျိုးသမီးကို ကောင်းကင်ပေါ်မှ ဆွဲချပြီး ထိုးကြိတ်ချင်စိတ်များ တဖွားဖွား ပေါ်လာ၏။
ဝူရှီ၏စိတ်ဝိညာဉ်ကို သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေခဲ့မိသည်မှာ သူ၏အမှား ဖြစ်နိုင်သော်လည်း အချို့လူများ၏ အတွေးအခေါ်အရဆိုလျှင် သူမ၏ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားခဲ့ခြင်းကတော့ သူမတွင်လည်း အနည်းဆုံးတော့ တာဝန်ရှိသည် မဟုတ်ပါလား။
သို့သော် ဝူရှီ၏ထူးခြားမှုကို တွေးမိသောခါ ကျိယွမ်ကလက်လျှော့လိုက်၏။
ကုံရှင်းဂြိုဟ်နှင့် ရှေးဦးနယ်မြေအနှံ့ ပျံ့နှံ့နေသော သူ၏ စိတ်ဝိညာဥ်လေးထောင်နီးပါးကို နေရာအနှံ့တွင် ရှာတွေ့နိုင်ပြီး ၎င်းတို့သည် မြေးလေးများသဖွယ် "အဘိုး၊ အဘွား" ဟု ခေါ်ကာ ရှေ့သို့ ပြေးထွက်လာရန် အသင့်ရှိနေကြ၏။
သို့သော် ဝူရှီကမူ တစ်ခုတည်းသော ထူးခြားသူ ဖြစ်သည်။
သူမသည် အပျက်အစီးများထဲမှ အလွန်အမင်း အစွမ်းထက်သော၊ မူလသဘောတရားနယ်ပယ်ထက် ကျော်လွန်သော တည်ရှိမှုကြီး၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်ပြီး ဖြည်းဖြည်းချင်း နိုးထလာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုအစွမ်းထက် တည်ရှိမှုကြီး၏ ခန္ဓာကိုယ်ကို သူ ရှာမတွေ့ခဲ့လျှင် ဝူရှီ နိုးထလာရန် အချိန်အများကြီး ပိုပေးရမည်ဖြစ်သလို သူမ၏ နိုးထမှုကလည်း အလွန်အမင်း နှေးကွေးသွားနိုင်သည်။
"ဟူး... ဂိမ်းကစားတာ ကျောက်ကပ်တစ်လုံး ဆုံးရှုံးသွားသလိုပဲ။ ဘယ်မှာ သွားတိုင်ရမလဲ။"
ကျိယွမ်သည် နှမြောလွန်း၍ စကားပင် မပြောနိုင်တော့ပါ။
နည်းပညာအရ ပြောရလျှင် ကျောက်ကပ်မဟုတ်ဘဲ စိတ်ဝိညာဥ်တစ်ခု အခိုးခံလိုက်ရခြင်း ဖြစ်သည်။
သူ့တွင် စိတ်ဝိညာဉ်များစွာ ရှိသော်လည်း တစ်ခု ဆုံးရှုံးရသည်မှာ လည်း နာကျင်ရဆဲပင်။
"အခုဆို ငါက လူတွေကို လန့်သွားစေတဲ့ စိတ်ဝေဒနာရှိရုံတင်မကဘဲ မသန်စွမ်းကတ်ပါ လျှောက်လို့ရနေပြီ။ ငါ့ရဲ့ ဂုဏ်ပုဒ်တွေက တိုးလာနေတာပဲ။"
မကြာခင် မသန်စွမ်းလက်မှတ် သွားလျှောက်ရမည်ဟု ကျိယွမ် ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုသို့တွေးလိုက်ရင်မှ မိမိကိုယ်ကိုယ် ပြန်စစ်ဆေးကြည့်ပြီး သူ လန့်သွား၏။
"ငါ... အခု ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်နေတာလား။"
ဂိမ်းမှ ပြန်လာပြီးနောက် ကျိယွမ်သည် ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။
သူသည် ရှန်ကွမ်းဂိုဏ်း၏ သမိုင်းတစ်လျှောက် ခရမ်းရောင်နန်းတော်အဆင့်သို့ ပထမဆုံး ရောက်ရှိသည့် ကျင့်ကြံသူ ဖြစ်လာခဲ့လေပြီ။
"ဒါပေမဲ့... ငါ့ရဲ့ ခရမ်းရောင်နန်းတော်က ဘယ်မှာလဲ။"
ကျိယွမ် စိတ်ပျက်သွား၏။
သူသည် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိသွားသော်လည်း အပြည့်အဝ ဝင်ရောက်နိုင်ခြင်း မရှိသေးချေ။
အကြောင်းမှာ... သူ့တွင် ခရမ်းရောင်နန်းတော် မရှိသောကြောင့်ပင်။
နန်းတော်ရှိရမည့်နေရာမှာ လုံးဝ ဟာလာဟင်းလင်းကြီး ဖြစ်နေ၏။
"ငါ တကယ်ပဲ မသန်စွမ်းဖြစ်သွားပြီ။"
ယခုတစ်ကြိမ် ဂိမ်းကစားခြင်းက သူ့ကို ပြင်းထန်သော မသန်စွမ်းမှုအချို့ ပေးခဲ့လေ၏။
သူ၏ စိတ်ဝိညာဉ်တစ်ခု ပြန်ပေးဆွဲခံရရုံတင်မကဘဲ ခရမ်းရောင်နန်းတော်ကလည်း အလွတ်ကြီး ဖြစ်နေသည်။
တစ်ခုတည်းသော အားသာချက်မှာ သူ၏ မူလမျိုးစေ့မှာ အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်နေခြင်း ဖြစ်သည်။
ထိုမျိုးစေ့ကြောင့် ဂိမ်းအတွင်း သူရရှိခဲ့သော ကျင့်ကြံမှု ၉၉ ရာခိုင်နှုန်းကို ဆက်ခံနိုင်ခဲ့၏။
လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား အဆင့်အတန်းမှာလည်း နဂိုအတိုင်း ရှိနေသည်။
ထို့အတူ သူ၏ယန်နတ်ဘုရား စွမ်းအားများလည်း ရှိနေဆဲပင်။
အတိုချုပ်ပြောရလျှင် သူ၏ တိုးတက်မှုက အလွန်ကြီးမားပြီး ယခင်ရရှိခဲ့မှုများထက် အဆများစွာသာလွန်၏။
"ငါ့ရဲ့ ခရမ်းရောင်နန်းတော်က မပြည့်စုံသေးဘူးဆိုတော့ စွမ်းရည်အသစ်တွေ မပွင့်သေးဘူးထင်တယ်။"
ကျိယွမ်သည် ကျင့်ကြံမှုအဆင့် တက်တိုင်း စွမ်းရည်သစ်တစ်ခု ပွင့်လာတတ်ပါသည်။
ဥပမာအားဖြင့် အချက်အလက်များကို မြင်နိုင်သည့် မျက်လုံး၊ အတွေးများနှင့် ထူးဆန်းသော တီးတိုးသံများကို ကြားနိုင်သည့် နား၊ ပိုကြီးပြီး ရှည်လာနိုင်သည့် နှာခေါင်းတို့ကဲ့သို့ ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ မည်သည့် ထူးခြားမှုမှ မရှိခဲ့ချေ။
၎င်းမှာ သူ၏ခရမ်းရောင်နန်းတော်အဆင့်က မပြည့်စုံသေးခြင်းကို ဆိုလို၏။
"အင်း... ငါ့မှာ 'မြေအောက်ကမ္ဘာ' လိုအပ်နေတာပေါ့လေ။"
ချီယွမ်က တွေးလိုက်မိသည်။
သူ့တွင် ခရမ်းရောင်ချီရှိသော်လည်း မြေအောက်ကမ္ဘာ မရှိသေးချေ။
" နေဦး ငါ ဆုတစ်ခုရလိုက်သလိုပဲ "
သူ၏အာရုံသည် ဂိမ်းတာဝန်ဆုလာဘ်ဆီသို့ ရောက်သွားသည်။
၎င်းမှာ လက်ရေးလှရေးသည့် စုတ်တံနှင့် တူသော ဖြောင့်စင်းသည့် စုတ်တံတစ်ချောင်း ဖြစ်၏။
လက်ကိုင်မှာ မင်ရောင်ကဲ့သို့ နက်မှောင်နေပြီး တောင်တန်းများနှင့် မြစ်ပြင်များ၏ ပုံစံများ ပါရှိနေသည်။
"တော်တော်သေသပ်လှပတဲ့ စုတ်တံတစ်ချောင်းပဲ။"
တားမြစ်နယ်မြေတစ်ခုတွင် သူသည် သောင်းကျန်းလွန်းသော မြေခွေးမြီးနှင့်တူသည့် စုတ်တံတစ်ခုနှင့် ကြုံခဲ့ဖူးသည်။
"တောင်တန်းနှင့်မြစ်အင်ပါယာစုတ်တံ တဲ့လား.."
" အခု ငါ နားလည်သွားပြီ။
ငါ့ရဲ့ မြေအောက်ကမ္ဘာကို ဆွဲပေးဖို့ ပန်းချီဆရာတစ်ယောက် ရှာဖို့ပဲ လိုတာပေါ့ ၊ ဒါဆိုရင် ငါ့ရဲ့ ခရမ်းရောင်နန်းတော်က... ပြည့်စုံသွားလိမ့်မယ်။"
တောင်တန်းနှင့်မြစ်အင်ပါယာစုတ်တံသည် အမြင့်မြတ်ဆုံး ရတနာတစ်ခု ဖြစ်သည်။
အရှေ့ဘက်အရှင်သည် ၎င်းကို အသုံးပြုကာ တောင်နှင့်မြစ်ပန်းချီကားများကို ရေးဆွဲပြီး ကမ္ဘာပေါင်းများစွာကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
ယခုမူ ထိုစုတ်တံသည် ကျိယွမ်၏ လက်ထဲသို့ ရောက်ရှိနေလေပြီ။
"ဒါဆို ပြဿနာက... ငါ့မှာ မြေနေရာရှိတယ်၊ ပုံစံထုတ်ထားတာရှိတယ်၊ ပန်းချီဆရာပဲ လိုတော့တာလား။"
ကျိယွမ်က လေးနက်စွာ စဥ်းစားနေသည်။
သူ၏ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ စလိုက် ၇ ခု ပေါ်လာ၏။
၎င်းတို့မှာ ကုုရှင်းဂြိုဟ်တွင်ရှိစဥ် ပါရမီရှင်တစ်ဦးထံမှ ရရှိခဲ့သော မြေအောက်ကမ္ဘာဒီဇိုင်းများ ဖြစ်သည်။
ကျိယွမ်ကပုံကြမ်းများကို တစ်ခုစီ ကြည့်နေရင်းမှ သက်ပြင်းချ၏။
"ခရမ်းရောင်နန်းတော်အဆင့်ကို ကျင့်ကြံဖို့က တော်တော် ခက်တာပဲကိုး။ တခြားလူတွေကျတော့ တံခါးပိတ်ကျင့်ကြံတယ်၊ လျှို့ဝှက်နယ်မြေတွေထဲ သွားတယ်၊ အရင်းအမြစ်တွေ စုဆောင်းတယ်၊ ပြီးတော့ ခရမ်းရောင်နန်းတော်ကို ရောက်သွားကြတာပဲ"
" ငါကျမှ မြေနေရာဝယ်ရမယ်၊ ဒီဇိုင်းဆွဲမယ့်သူ ရှာရမယ်၊ ပြီးတော့ ပန်းချီဆွဲဖို့ပါ လူငှားနေရတယ်"
ကျိယွမ် တော်တော်လေးစိတ်ပျက်သွားသည်။
လောကကြီးက မတရားချေ။
"ဟူး... ဘဝဆိုတာ ခက်ခဲပါလား၊ အဆုံးမဲ့ စီးဆင်းနေတဲ့ မြစ်ရေတွေလိုပဲ။"
သူက ထပ်မံ၍ သက်ပြင်းချလိုက်မိသည်။
ထိုအချိန်မှာပင် သူ၏ ကွန်ကရစ်အိမ်ခန်း၏ မြင့်မြတ်သော လေထုကို အသံကြည်ကြည်လေးတစ်ခုက ဖြတ်တောက်လိုက်သည်။
"ဆရာတူအစ်ကိုကြီး...တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလား။"
အသံပိုင်ရှင်မှာ ကျင့်ကြံနေသူကို မနှောင့်ယှက်လိုသဖြင့် အသံကို နှိမ့်ထားသော်လည်း စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။
ထိုအသံကို ကျိယွမ် အလွန် ရင်းနှီးပါသည်။
သူက သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ သူ၏ကွန်ကရစ်အိမ်ထဲမှ ထွက်လာခဲ့၏။
"ညီမလေး... ငါ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာကို မင်း ဘယ်လိုသိတာလဲ"
" ပြီးတော့ ငါ ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်သွားတာကိုရော မင်း ဘယ်လိုသိတာလဲ။"
ကျိယွမ်က ပြုံးကာ ထိုအဆင့်သို့ ရောက်ရှိသွားသူ၏ အရှိန်အဝါကို ထုတ်ဖော်ပြလိုက်သည်။
အပြင်ဘက်တွင် ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးမှာ အံ့ဩလွန်း၍ မျက်လုံးလေးများပင် ပြူးသွား၏။
"ဆရာတူအစ်ကိုကြီး ...တကယ်ပဲ ထွက်လာပြီပေါ့ ၊ အထဲမှာ နှစ်နှစ်ခွဲတောင် ကြာသွားတာ"
ကျန်းလင်းစု၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
သူမ၏အတွေ့အကြုံအရ ကျိယွမ်၏ တံခါးပိတ်ကျင့်ကြံမှုများမှာ မည်သည့်အခါမှ မကြာခဲ့ပါ။
သို့သော် ယခုတစ်ကြိမ်မှာမူ ထူးခြားစွာ နှစ်နှစ်ခွဲအထိ ကြာမြင့်ခဲ့၏။
ဆရာတူညီမလေးအနေဖြင့် စိုးရိမ်ပူပန်ပြီး ဂရုစိုက်မှု ပြသခြင်းမှာ သဘာဝကျသည် မဟုတ်ပါလား။
နေ့တိုင်းလိုလို သူမသည် ကျိယွမ်၏ တံခါးရှေ့သို့ လာကာ သူ နိုးလာမလားဆိုသည်ကို လှမ်းခေါ်ကြည့်တတ်ပြီး ဘာမှမဖြစ်စေရန် ဂရုစိုက်ပေးခဲ့သည်။
သို့သော် ယနေ့မှာတော့ ဆရာတူအစ်ကိုကြီးက ကျင့်ကြံရာမှ ထွက်လာပြီဖြစ်သဖြင့် သူမမှာ ပြုံးပျော်နေသည်။
"နှစ်နှစ်ခွဲတောင်လား။ တော်တော်ကြာတာပဲ... ကံမကောင်းတဲ့ ဂဏန်းပဲ။"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထို့နောက် သူ၏အကြည့်များက ကျန်းလင်းစုပေါ်သို့ ကျရောက်သွားပြီး
သူ ခဏတာ မှင်သက်သွားခဲ့သည်။
သူမ ဝတ်ဆင်ထားသော ခရမ်းရောင် ဝတ်စုံမှာ သူမ၏ နူးညံ့သော ကိုယ်လုံးလေးကို ဖော်ပြနေ၏။ ကျောက်စိမ်းရောင်ကဲ့သို့ ဖြူဝင်းသော ပခုံးလေးများပေါ်တွင် ခရမ်းရောင် ဖဲပြားလေးများ ချည်နှောင်ထားပြီး သူမ၏ ချောမွေ့သော အသားအရေကို ပိုမိုပေါ်လွင်စေသည်။
ထူးခြားသည်မှာ သူမ၏ ဝတ်စုံမှာ ယခင်နှင့် မတူဘဲ အချို့နေရာများတွင် ပိုမိုပေါ်လွင်နေ၏။
ဆံပင်ရှည်များဖြန့်ချထားသော်လည်း သူမ၏ကျောပြင်ဗလာကို မဖုံးနိုင်ဘဲ ရှိနေကာ ခါးလေးမှာလည်း သွယ်လျနေသည်။
ယခင်က နူးညံ့သိမ်မွေ့မှုနှင့် မတူဘဲ ဤအရာမှာ အဆင့်အတန်း တစ်ခုခြားနေ၏။
အထူးသဖြင့် မဖော်ပြအပ်သော လှပသည့်အစိတ်အပိုင်းနှစ်ခုမှာလည်း ပိုမို ပေါ်လွင်နေပြီး ညှို့ယူနေသည့်အလားပင်။
တစ်စုံတစ်ယောက်က ခရမ်းရောင်မှာ ဆွဲဆောင်မှုအရှိဆုံး အရောင်ဟု ပြောခဲ့ဖူးသည်ကို ကျိယွမ် သတိရသွား၏။
သူတို့ပြောတာ အမှန်ပဲ။
" ညီမလေး... ဒီနှစ်နှစ်ခွဲအတွင်းမှာ မင်းရဲ့ ဖက်ရှင်အမြင်က တော်တော်လေး ပြောင်းလဲသွားတာပဲ။ တော်တော်လေး ရဲတင်းလာတယ်။ 'ရဲတင်းတယ်' ဆိုတာ အကောင်းဘက်က ပြောတာနော်။"
ကျိယွမ်က သူ၏နှာခေါင်းကို တစ်ချက်ပွတ်မိရင်းမှ ဖြည့်စွက်ပြောလိုက်သည်။
ကျန်းလင်းစု၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ခါးကို လက်ထောက်လိုက်လေ၏။
"ကျိစယ်တောင်ပေါ်မှာ ကျွန်မတစ်ယောက်တည်း ရှိတာလေ၊ ဘယ်သူ ဂရုစိုက်မှာလဲ။ ပြီးတော့ အစ်ကိုကြီး ကျင့်ကြံနေတုန်းမှာ ဘယ်လောက်တောင် ထူးဆန်းတာတွေ ဖြစ်ခဲ့လဲ မသိဘူးလား။ အခု ကောင်းကင်ပေါ်မှာ နေတွေ ပိုများလာတယ်၊ အားလုံးပေါင်း ၁၁ စင်းတောင် ..ဘယ်လောက်ပူတယ်မှတ်လဲ"
" ပြီးတော့.... ဒီမှာ တစ်ယောက်တည်း နေရတာ၊ အစ်ကိုကြီးရဲ့ အစီအရင်လည်းရှိနေတော့ ကျွန်မခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ လာလို့မရဘူးလေ၊ ဘယ်သူမှ မြင်မှာမှ မဟုတ်တာ။ နည်းနည်း အေးအောင်ဝတ်တာ ဘာမှမဖြစ်ပါဘူး"
သူမက ကျိယွမ်အား သူခိုးဖမ်းသလိုကြည့်၏။
"ဟွန်း...အစ်ကိုကြီးက ဒီထက် နည်းတာတောင် မြင်ဖူးတာပဲ၊ အခုမှ ဘာဖြစ်လို့ ရှက်နေတာလဲ။"
ကျိယွမ်က သူမနှင့်မျက်နှာချင်းမဆိုင်ပါ ၊ သူက ခပ်တည်တည်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
တကယ်ပင် နေ ၁၁ စင်း ရှိနေ၏။
အပူဒဏ်ကို သူလည်း ခံစားရသော်လည်း ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုသာ ဖြစ်သည်။
"ကျွမ်းကျင်တဲ့ လေးသမားတစ်ယောက်ကို ရှာပြီး တစ်စင်းလောက် ပစ်ချခိုင်းရမယ်"
ကျိယွမ်က ပထမဆုံးသောမူလနေကို ကြည့်ကာ စဉ်းစားလိုက်မိ၏။
ဤကမ္ဘာပေါ်တွင် မယဉ်ကျေးသော တည်ရှိမှုများ များလွန်းနေသည်။
နေတွေက ပြည့်နှက်နေတာကို မြင်ရဲ့သားနှင့် ဘာကြောင့် ထပ်ပြီး စုဝေးနေကြသနည်း။
ထိုက်ဟွမ်နန်းတော်က ထိုလူမှာ အားနာမှု မရှိပေ။
"ဆရာတူအစ်ကိုကြီး ပြောတဲ့အတိုင်းဆိုရင် ဒီနေတွေက ကောင်းကင်တစ်ခွင်က ယန်နတ်ဘုရားတွေရဲ့ ရောင်ပြန်ဟပ်မှုတွေလေ"
"ကန်းလန်မှာ ဒီလိုလေးသမားမျိုး ဘယ်မှာ သွားရှာမလဲ။ ပြီးတော့ တစ်ယောက်ယောက်ကို ပစ်ချမယ်ဆိုရင်လည်း နောက်မှရောက်လာတဲ့ အသစ်တွေကိုပဲ ပစ်သင့်တာပေါ့ ၊ နဂိုရှိပြီးသား အိမ်ရှင်ကို ရန်မပြုသင့်ဘူး "
ကျန်းလင်းစုက နောက်ပြောင်လိုက်ရင်းမှ ရယ်မောလိုက်သဖြင့် သူမ၏တစ်ချို့နေရာများမှာ အနည်းငယ် လှုပ်ခါသွားသည်။
ကျိယွမ် တံတွေးတစ်ချက် မြိုချလိုက်၏။
"နောက်မှ ရောက်လာတဲ့ နေတွေက အဆင်ပြေပါတယ်။ သူတို့က ကြင်နာတတ်ပြီး စိတ်ထားကောင်းကြတယ်၊ သူတို့ကို ထားလိုက်ပါ။ ပထမဆုံး တစ်စင်းကိုပဲ ပစ်ချဖို့ လိုတာ"
အကြောင်းမှာ ထိုအရာများမှာ သူ၏ အမြုတေဖြစ်ပြီး ၎င်းသာ အပစ်ခံရလျှင် အခက်တွေ့မှာ သေချာ၏။
ကျန်းလင်းစု၏ မျက်လုံးများမှာ ရွှင်မြူးမှုကြောင့် တောက်ပနေသည်။
သူမသည် ဆရာတူအစ်ကိုကြီးနှင့် စကားမပြောရသည်မှာ ကြာပြီဖြစ်သဖြင့် သူ၏ အဓိပ္ပာယ်မရှိသော စကားများကိုပင် ပျော်ရွှင်စွာ နားထောင်နေမိလေ၏။
"နေတွေထဲမှာ တကယ်ပဲ လူဆိုးတွေ ရှိလို့လား။"
ကျန်းလင်းစုက အလိုက်သင့်ပြောပေးလိုက်သည်။
"ရှိတာပေါ့! ကျန်တဲ့ ၁၀ စင်းကို ကြည့်လိုက်၊ ဘယ်လောက်တောင် သေသပ်သလဲ။ ဟိုတစ်စင်းနဲ့ မတူဘူး။ သူက လူဆိုးမို့လို့ တခြားသူတွေက ဖယ်ထုတ်ထားတာလေ"
ကျိယွမ်က ယုံကြည်ချက်ရှိရှိ လက်ညှိုးထိုးပြ၏။
"ဆရာတူအစ်ကိုကြီး ပြောတာ အမြဲတမ်း မှန်ပါတယ်ရှင်။"
ကျန်းလင်းစုက အနားသို့ တိုးလာကာ သူ၏ လက်မောင်းကို ချိတ်လိုက်သည်။
"အကြာကြီး ကျင့်ကြံနေတာဆိုတော့ ဗိုက်ဆာနေမှာပေါ့။ ကံကောင်းချင်တော့ ကျွန်မ အစားအသောက်တွေ လုပ်ထားတယ်။ အစ်ကိုကြီးကို မြည်းစမ်းခွင့် ပေးမယ်"
သို့သော် ကျန်းလင်းစုသည် ကျိယွမ်၏ သွေးရောင်ဝတ်စုံကို ကြည့်ကာ ဇဝေဇဝါဖြစ်သွားသည်။
"အစ်ကိုကြီး... အရင်က အစိမ်းရောင် ဝတ်တာ မဟုတ်လား။ ဘာလို့ ရုတ်တရက် အနီရောင် ပြောင်းသွားတာလဲ။ ပြီးတော့ ဒီပုံစံကလည်း ထူးဆန်းတယ်။ အစ်ကိုကြီးက တံခါးပိတ်တယ်ဆိုပြီး ခိုးထွက်နေတာလား ၊ ဘာတွေ သွားလုပ်ထားတာလဲ။"
သူမက စိတ်ဆိုးသလို မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ဂိမ်းထဲမှာ ဝတ်စုံ လဲလိုက်တာပါ။"
ကျိယွမ်သည် ယခုဂိမ်းထဲသို့ သူ၏ ခန္ဓာကိုယ်အစစ်ဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။
"ဝတ်စုံ လဲတာလား။"
ကျန်းလင်းစု မျက်တောင်ခတ်လိုက်သည်။
ကျိယွမ်၏ ရှင်းပြချက်ကို သူမ သံသယမဖြစ်ပါ ။ သူမ၏အစ်ကိုကြီးမှာ တစ်ခါတရံ အားကိုးမရသော်လည်း တစ်ခါတရံတွင်မူ အံ့ဩစရာကောင်းလောက်အောင် အားကိုးရသူ ဖြစ်သည်။
"ဟုတ်တယ်"
ကျိယွမ် ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို ကျော်လိုက်သည်။
"မင်းလုပ်ထားတဲ့ အစားအသောက် သွားစားရင်းနဲ့ ငါ တစ်ခုလောက် မေးမလို့။"
"ဘာများလဲ။"
ကျန်းလင်းစု စိတ်ဝင်စားသွား၏။
ချမ်းသာပြီး လှပသော ဂျူနီယာညီမလေးအနေဖြင့် သူမသည် ကျိယွမ်အပေါ် အမြဲတမ်း ရက်ရောခဲ့သူလေးဖြစ်သည်။
သူမသည် ရွှေဒင်္ဂါးများပေးရုံတင်မက ကျင့်စဉ်များကိုပါ ပေးတတ်သူ ဖြစ်သည်။
အောင်မြင်သော အမျိုးသားတိုင်း၏ နောက်ကွယ်တွင် ပံ့ပိုးပေးသော အမျိုးသမီးရှိသည်ဟူသော စကားအတိုင်းပင် ။
"စားရင်းနဲ့ ပြောပြမယ်။"
ကျိယွမ် အောက်ကို ငုံ့ကြည့်လိုက်ရာ မမြင်သင့်သည်ကို အစွန်အဖျားမျှ မြင်လိုက်ရ၏။
"ညီမလေး၊ နည်းနည်းလောက် ထပ်ဖုံးထားရင် ကောင်းမယ်ထင်တယ်။"
ကျန်းလင်းစု၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နားရွက်များအထိ နီမြန်းသွားသည်။
သို့သော် သူမက ဂရုမစိုက်သလို ကျိယွမ်အားစိုက်ကြည့်၏။
"အစ်ကိုကြီး မြင်ဖူးနေတာပဲ၊ ဘာလို့ ကြောက်နေတာလဲ။"
"ဒါပေမဲ့..."
ကျိယွမ်က သူမ၏ နားနားတွင် တိုးတိုးလေး ပြောလိုက်သည်။
ကျန်းလင်းစု၏မျက်နှာမှာ ချက်ချင်းပင် ရဲတောက်သွားသည်။ သူမသည် လက်နှစ်ဖက်ဖြင့် သူမကိုယ်သူမ အမြန်ဖုံးလိုက်ကာ တုန်ရင်သွားသည်။
"အစ်ကိုကြီး... ရှင် ဘာမှမမြင်ဘူးနော်"
"အင်း...ငါ မေ့သွားပြီ။"
ကျိယွမ်က ထိုသို့ပြောလိုက်သော်လည်း မျက်နှာကတော့ စပ်ဖြီးဖြီးဖြစ်နေ၏။
ကျန်းလင်းစုမှာ စိတ်တိုတိုနှင့် ခြေဆောင့်ကာ လှည့်ထွက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားတော့သည်။
ကျိယွမ်သည် သူမ ထွက်သွားသည်ကို ကြည့်ရင်း ယခင်က သူမကို ပေးခဲ့ဖူးသော ကတိတစ်ခုကို သတိရသွားသည်။
သူမက သူ့ကို ကျင့်စဉ်များပေးတုန်းက သူက သူမကို နောင်တွင် "ကာကွယ်" ပေးမည်ဟု ပြောခဲ့ဖူးသည်။
သို့သော် ညီမလေးက ကာကွယ်နေစရာ မလိုကြောင်း ပြန်ပြောခဲ့၏။
"တကယ်ပဲ၊ ငါ့ရဲ့ ညီမလေးက ဖုံးကွယ် ထားဖို့ မလိုဘူးပဲ။ မကာလေ လှလေ ...အဲ..."
မပြောသင့်သော စကားများမှာ ကျိယွမ်၏ ပါးစပ်မှ ထွက်လာသဖြင့် သူဘရိတ်အုပ်လိုက်ပြီး သူမ၏ အိမ်ထဲသို့ ဝင်ရောက်လိုက်၏။
..............
"ပန်းချီဆရာလား..."
ကျန်းလင်းစုသည် ဝါးကုလားထိုင်တွင် ထိုင်နေသည်။ ယခုတစ်ကြိမ်တွင်မူ သူမသည် လုံလုံခြုံခြုံ ဝတ်ဆင်ထားလေ၏။
"ဟုတ်တယ်၊ ငါ့ရဲ့ မြေအောက်ကမ္ဘာကို ဆွဲပေးဖို့ ပန်းချီဆရာ လိုတယ်။"
ကျိယွမ်က တည်ငြိမ်စွာ ခေါင်းညိတ်ပြ၏။
ကျိယွမ်ကိုယ်တိုင်က ဆွဲနိုင်သော်လည်း သူ၏ ပန်းချီပညာမှာ ပျမ်းမျှလောက်သာ ရှိသည်။
ထို့ကြောင့် ကျွမ်းကျင်သူထံ အပ်ခြင်းက ပိုကောင်းပါလိမ့်မည်။
ပါဝါပွိုင့်ဒီဇိုင်းကိုပင် တခြားသူက လုပ်ပေးခဲ့မှတော့ သူက ဘာလို့ ကိုယ်တိုင်ဆွဲနေရဦးမည်နည်း။
သူ၏စိတ်ကူးကို ရှင်းပြပြီး ဒီဇိုင်းနှင့် ပေါင်းစပ်ကာ ဆွဲခိုင်းရုံသာလို၏။
"ပန်းချီဆရာဆိုရင်တော့ ကျွန်မ သိတဲ့သူ တစ်ယောက်ရှိတယ်။ သူမက နာမည်မကြီးပေမဲ့ အထူးဆန်းဆုံးပဲ။
သူမက အရှေ့ဘက်နယ်မြေက ဟယ်လန်တိုက်ကြီးရဲ့ ဝါးပင်လယ်မှာ နေတာ။ ကျွန်မတို့ ကျန်းမိသားစုက ဟယ်လန်မှာ စီးပွားရေးရှိတော့ ငယ်ငယ်တုန်းက တစ်ခါ ဆုံဖူးတယ်။"
ကျန်းလင်းစုက ပြောရင်း ပြန်စဉ်းစားနေသည်။
"သူရဲ့ အရည်အချင်းက ဘယ်လိုလဲ။ ငါ့ထက် တော်လား။"
ထိုသို့ပြောရင်းနှင့်ပင် ကျိယွမ်သည် ဆန်စပါးကို ကိုက်ချီနေသည့် ဖီးနစ်ငှက်ပုံကို အမြန်ဆွဲလိုက်သည်။
"ကြည့်စမ်း၊ ငါ့လက်ရာနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ။"
ကျန်းလင်းစုမှာ သူ၏လက်ရာကိုကြည့်ပြီး မရယ်ဘဲမနေနိုင်တော့ပေ။
"ဆရာတူအစ်ကိုကြီး .. အစ်ကိုကြီးဆွဲတဲ့ ပိုးကောင်လေးတွေကိုဆိတ်နေတဲ့ ကြက်ကလေးပုံက ရယ်ရတယ်နော်။"
"ကြက်ကလေးဟုတ်လား။ ဒါက ဖီးနစ်ကွ...ပြီးတော့ နင့်ရဲ့ဆန်တွေကို စားနေတာ "
ကျိယွမ်က ပုံထဲမှ ဆန်များကို ညွှန်ပြလိုက်သည်။
"တွေ့လား၊ နင်တို့ အိမ်က ဆန်တွေနဲ့ အတူတူပဲ။"
"မတူပါဘူး"
"တူတူပဲ"
ကျိယွမ် ထိုသို့ပြောလိုက်သည်နှင့် ပုံထဲမှ ကြက်မကြီးတစ်ကောင် ထွက်လာကာ ကျန်းလင်းစု၏ မီးဖိုချောင်ထဲသို့ ပြေးဝင်ပြီး ဆန်များကို အငန်းမရ စားတော့သည်။
ထိုကြက်မကြီးမှာ ကြည့်ရဆိုးကာ ပုံပျက်ပန်းပျက် ဖြစ်နေ၏။
ကျန်းလင်းစုက အံ့ဩသွားပြီး ကျိယွမ်ကိုကြည့်ကာ နှာခေါင်းရှုံ့သည်။
"အစ်ကိုကြီးက တကယ် ကလေးဆန်တာပဲ"
သူမက ဆန်စားနေသော ကြက်မကို လျစ်လျူရှုကာ စကားဆက်၏။
"သူမရဲ့ ပန်းချီပညာက အစ်ကိုကြီးထက် ၈၀ ရာခိုင်နှုန်းလောက် ပိုကောင်းပါတယ်။ သက်ရှိတွေလို ဖြစ်နေမှာ သေချာတယ်။"
သူမအစ်ကိုကြီး၏ လက်ရာမှာ အပျော်တမ်းအဆင့်ပင် မဟုတ်ဘဲ စိတ္တဇပန်းချီနှင့် တူနေသည်။
ဖီးနစ်ကပင် ကြက်မကြီးနှင့် တူနေသည် မဟုတ်ပါလား။
"ဒါဆိုရင် သူ့ဆီ သွားဖို့ အချိန်သတ်မှတ်ရမယ်။ လမ်းမှာလည်း ငါက ပြည့်စုံပြီး ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်တစ်ခုကို ချမှတ်ရဦးမယ်။
တခြား သေးဖွဲတဲ့ ကိစ္စတွေရှိရင် နင်ပဲ ကိုင်တွယ်လိုက်တော့"
ကျိယွမ်၏ အကြည့်များမှာ ပြတ်သားနေသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် ကပ်ဘေးဆိုးကြီးကို ရင်ဆိုင်ရန် အပြစ်ပြောစရာမရှိသော အစီအစဉ်ကို ချမှတ်ရန် အသင့်ဖြစ်နေလေပြီ။
ကပ်ဘေးဆိုးကြီးကို ဖယ်ရှားနိုင်သည်နှင့် ကန်းလန်၏အခြေအနေမှာ ပြောင်းလဲသွားမည်ဖြစ်ပြီး သူသည်လည်း တခြားသူ၏ အစားအစာ ဖြစ်သွားမည်ကို ကြောက်လန့်နေစရာ မလိုတော့ပါ။
ထို့ပြင် သူသည် ကမ္ဘာ၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ အထက်ဘုံသို့ တက်လှမ်းပြီး ကျင်းလီနှင့် ပြန်ဆုံနိုင်သလို သူ၏ ဆရာသခင်ကိုလည်း ရှာတွေ့နိုင်ပေတော့မည်။
ထိုကဲ့သို့သော အစီအစဉ်ကြီးမှာ အသေးစိတ်ကျပြီး အမှားအယွင်း မရှိရန်လို၏။။
"ဘယ်လို အစီအစဉ်ကြီးလဲ။"
ကျန်းလင်းစုက ကျိယွမ်ကို ကြည့်ကာ လေးစားအားကျစိတ်များ ဖြစ်ပေါ်လာသည်။
ကိစ္စတစ်ခုကို အလေးအနက်ထားနေသော အမျိုးသားတစ်ယောက်မှာ ဆွဲဆောင်မှု အရှိဆုံး မဟုတ်ပါလား။
သူမ၏အစ်ကိုကြီးမှာ ယခုလို စကားမပြောဘဲ လေးနက်စွာစဥ်းစားနေချိန်တွင် ပို၍ပင် ဆွဲဆောင်မှု ရှိလေ၏။
"သူက စကားမပြောလေ ချောလေပဲ "
-----------------
အခန်း ၃၈၃- နည်းစနစ်များ၏ အဆိပ်နှင့် အရင်းအမြစ်ဖြစ်စေမည့် အမှတ်အသား
“ဒါပေါ့...ဒါဟာ အလွန်အစွမ်းထက်ပြီး ပေါက်ကွဲအားပြင်းတဲ့ အနိုင်မခံအရှုံးမပေး အစီအစဥ်ကြီးပဲ”
ရုတ်တရက် ကျိယွမ်သည် စိတ်ကူးတစ်ခု ရရှိသွားသည်။
“အရင်တုန်းက ငါ့အစီအစဥ်တွေရဲ့ နာမည်တွေက အကြမ်းထည်ဆန်ပြီး အဓိပ္ပါယ်နက်နဲမှု မရှိဘူး၊ဒါက ပညာမဲ့သလို ထင်ရစေတယ် ၊ ဒီတစ်ခါတော့ အစီအစဥ်ရဲ့ နာမည်က ဒီလောက် ရိုးရှင်းလို့ မဖြစ်တော့ဘူး”
“အဲဒါဆို နာမည်က ဘာတဲ့လဲ”
ကျန်းလင်းစု၏ မျက်လုံးများက စပ်စုလိုစိတ်ဖြင့် တောက်ပနေသည်။
“မဟာကပ်ဘေးဆိုးကြီးကို ဖယ်ရှားရန် ကျိယွမ်၏အစီအစဥ်”
ကျိယွမ်က ခန့်ညားသောနာမည်ကို ဂုဏ်ယူစွာ ပြောလိုက်၏။
“...”
ကျန်းလင်းစုမှာ စကားမဲ့သွားလေသည်။
ငါ အများကြီး မမျှော်လင့်ထားသင့်ဘူး၊
“ကပ်ဘေးဆိုးကြီးက ဘာကိုပြောတာလဲ”
ကျန်းလင်းစုက စကားပြောရင်း ညောင်းလာဟန်ဖြင့် ခေါင်းစောင်းကာ သူမ၏ ဖြူလျသောလက်လေးဖြင့် လှပသောမျက်နှာကို ထောက်ထားလိုက်သည်။
“ဒါလား... ငါတို့အားလုံးကို အာဟာရဖြစ်အောင် ပြောင်းလဲပစ်မယ့် ကပ်ဘေးဆိုးကြီးလေ"
ကျိယွမ်၏ အမူအရာက တည်ကြည်လေးနက်လာပြီး တရားမျှတမှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ကျန်းလင်းစု၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွား၏။
ဒါက နည်းစနစ်တွေထဲက အဆိပ်အတောက်ဆိုတာနဲ့ နည်းနည်းတူနေတယ်။
တကယ်လို့ နည်းစနစ်တွေက တကယ်ပဲ အဆိပ်တွေဖြစ်နေရင် ငါတို့လျှောက်ခဲ့တဲ့ လမ်းကြောင်းက အားလုံးမှားနေတာ မဟုတ်ဘူးလား။
ရုတ်တရက် သူမ တစ်ချိန်က တွေ့ခဲ့ဖူးသော ပန်းချီဆရာကို သတိရသွားသည်။
ထိုအချိန်က ပန်းချီဆရာသည် ထူးဆန်းသော ပုံများစွာကို ဆွဲခဲ့၏။
ကျန်းလင်းစုက ထူးဆန်းနေသော ပန်းချီကားတစ်ချပ်၏ အဓိပ္ပာယ်ကို မေးခဲ့ဖူးသည်။
ပန်းချီကားထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာနတ်ဘုရားများက ကမ္ဘာကြီးကို ဖျက်ဆီးနေကြပြီး အစွမ်းထက်သော နတ်ဘုရားတစ်ပါးက သူတို့ကို နှိမ်နင်းနေသည်။သူ၏ နောက်ကွယ်တွင်တော့ အဆုံးမဲ့ သွေးပင်လယ်ကြီး ရှိနေသည်။
ကောင်းကင်နှင့် မြေကြီးသည် ဤမိစ္ဆာနတ်ဘုရားများနှင့် ရောယှက်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ အကယ်၍ မိစ္ဆာနတ်ဘုရားများ ကျဆုံးသွားပါက ကမ္ဘာကြီးလည်း ပျက်စီးသွားလိမ့်မည်ဟု ပန်းချီဆရာက ရှင်းပြခဲ့၏။
ကျန်းလင်းစု၏မျက်နှာလေးမှာ ဖြူဖျော့သွားသည်။
"ဆရာတူအစ်ကိုကြီး ..ဒီကပ်ဘေးဆိုးကြီးကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိရဲ့လား”
ကျိယွမ် ပြောနေသည့် ကပ်ဘေးဆိုးကြီးသည် မည်သည့် အမျိုးအစားဖြစ်သည်ကို သူမ မသိသော်လည်း အစွမ်းထက်သော ရန်သူဟုသာ ယူဆထားသည်။
“ယုံကြည်ချက်လား ...ရှိတာပေါ့ "
ကျိယွမ်က ရင်ကော့လိုက်၏။
" ငါက အခုဆို ရှန်းကွမ်ဂိုဏ်းရဲ့ ပထမဆုံး ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ ဖြစ်နေပြီလေ”
ထိုသို့ပြောရင်းမှ သူသည် ခရမ်းရောင်နန်းတော်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပြီး ၎င်းကို ကမ္ဘာကြီးအား ကြေညာရန် လိုအပ်သည်ဟု တွေးမိလိုက်သည်။
ခဏလောက် စဥ်းစားပြီးနောက် သူသည် ရှင်းဟွာအဖွဲ့ ကျောက်စိမ်းပြားကို ထုတ်ယူကာ ကမ္ဘာလုံးဆိုင်ရာ အထူးကြေညာချက်တစ်ခု တင်လိုက်၏။
“ရှန်းကွမ်ဂိုဏ်းရဲ့ ပထမဆုံး ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ ဖြစ်လာတဲ့အတွက် တာအိုပညာရှိကျိယွမ်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါသည်”
ကြေညာချက်ကို ပို့စ်တင်ပြီးနောက် ကျိယွမ် အလွန်ကျေနပ်သွားသည်။
အခွင့်ထူးတွေကို အသုံးချရတဲ့ ခံစားချက်က ကောင်းသားပဲ။
လူတိုင်းက ဘာလို့ အခွင့်ထူးခံ ရာထူးနေရာမှာ နေချင်ကြလဲဆိုတာ မဆန်းတော့ပါဘူး။
သို့သော် ကျန်းလင်းစုကတော့ သူမ၏ ကျောက်စိမ်းပြားကို မစစ်ဆေးရသေးသဖြင့် ကြေညာချက်အကြောင်းကို မသိသေးပေ။
သူမက သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြောသည်။
“အစ်ကိုကြီး ယုံကြည်ချက် ရှိနေတယ်ဆို ရပြီ ၊ အဲဒီလူကို အမှုန့်ဖြစ်အောင်သာ ရိုက်လိုက်ပါ”
“စိတ်မပူပါနဲ့၊ ရန်သူတွေနဲ့ ပတ်သက်လာရင် ငါက အမြဲတမ်း အကြမ်းဖက်တတ်တယ်”
ကျိယွမ်က ခေါင်းညိတ်ပြ၏။
ထိုအချိန်တွင် ကျန်းလင်းစုသည် သူမ၏ မိသားစု ရတနာတိုက်ထဲတွင် တွေ့ခဲ့ရသည့် အရာတစ်ခုကို ပြန်လည်အမှတ်ရသွားပြီး ပန်းချီဆရာ၏ စကားများက သူမ၏ စိတ်ထဲတွင် ပြန်လည်ရောက်ရှိလာပြန်သည်။
“ဆရာတူအစ်ကိုကြီး... တကယ်လို့... အစ်ကိုကြီးက ဒီကပ်ဘေးဆိုးကြီးကို တိုက်ခိုက်တဲ့အခါ ကျွန်မသေသွားမယ်၊ ပြီးတော့ ရှန်းကွမ်ဂိုဏ်းက လူတွေလည်း သေကုန်မယ်ဆိုရင် အစ်ကိုကြီး ဆက်တိုက်ဦးမှာလား”
ကျိယွမ်က တိတ်ဆိတ်သွားပြီး အတွေးနက်သွားလေသည်။
ကျန်းလင်းစုသည် ပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်ကို သတိရသွားပြီး ထပ်ပြော၏။
“ကျွန်မမှာသာ အဲဒီလို အစွမ်းထက်တဲ့ ရန်သူရှိရင် အစ်ကိုကြီးနဲ့အတူ ဝေးရာကို ပုန်းရှောင်နေမှာပဲ၊ ကမ်းခြေမှာ နေပူစာလှုံနေတဲ့ လိပ်တစ်ကောင် ဖြစ်ရတာက ကြေကွဲစရာအချစ်ဇာတ်လမ်းထဲက လိပ်ပြာလေးတစ်ကောင်လို သေရတာထက် ပိုကောင်းတယ်”
သူမ၏ ယုတ္တိက ရိုးရှင်းပါသည်။
အကယ်၍ ရန်သူကို အနိုင်ယူနိုင်သော်လည်း သူမ ဂရုစိုက်ရသူများ သေဆုံးမည်ဆိုပါက သူမ ဝေးဝေးသို့ ထွက်ပြေးချင်၏။
“လိပ်တစ်ကောင် ဖြစ်ရတာ မကောင်းပါဘူး၊ လိပ်စွပ်ပြုတ် အလုပ်ခံရနိုင်တယ်”
ကျိယွမ်က လိပ်မဖြစ်ချင်ပါ ။
“ဒါပေမဲ့ နင့်ရဲ့ မေးခွန်းက စိတ်ဝင်စားဖို့ကောင်းပြီး ငါ့ကို ကိစ္စတစ်ခု သတိရစေတယ်”
ကျိယွမ်သည် ဤကမ္ဘာ၏ အဆိပ်သင့် နေသော ကျင့်စဥ်နည်းစနစ်များကို မကျင့်ကြံခဲ့ပါ။
သို့သော် အခြားသူများ အားလုံး ကျင့်ကြံနေခဲ့ကြ၏။
သူတို့သည် ဤကျင့်စဥ်များကို ကျင့်ကြံကာ အဆင့်မြင့်လာကြပြီး ဒဏ္ဍာရီမှတ်တမ်းတွင်ပင် သူတို့၏ နာမည်များကို ချန်ထားခဲ့ကြသည်။
သို့သော် အချိန်ကျရောက်လာလျှင်မဟာကပ်ဆိုးဘေးကြီး ရောက်လာပြီး ထိုလူများကို အရင်းအမြစ်များအဖြစ် လာရောက်ရိတ်သိမ်းပေလိမ့်မည်။
ထိုအခါ ဤကျင့်စဥ်များကို ကျင့်ကြံသူများ ဘာဖြစ်သွားမည်နည်း။
သူတို့၏အသက်များက ကြိုးတစ်မျှင်ပေါ်တွင် ချိတ်ဆွဲထားသလို အမှတ်အသား အလုပ်ခံရမည်လား...။
“ညီမလေး.. နင့်လက်ကို ခဏပေး၊ နင့်ခန္ဓာကိုယ်ကို ငါစစ်ဆေးကြည့်မလို့”
ကျိယွမ်က ထိုသို့တွေးမိသောအခါ အရေးတကြီး ပြောလိုက်သည်။
သူသည် ကန်းလန်ကမ္ဘာရှိ အခြားသူများအပေါ် အဆိပ်သင့်ကျင့်စဥ်များက မည်သို့ သက်ရောက်မှုရှိသည်ကို သိချင်လာ၏။
“ဟမ်..ကျွန်မ နေကောင်းတယ်လေ၊”
ကျန်းလင်းစုက နှုတ်မှကန့်ကွက်သော်လည်း သူမ၏ နုနယ်သော လက်ကလေးကို ကျိယွမ်ထံ ကမ်းပေးလိုက်သည်။
သူမသည် သူမ၏အစ်ကိုကြီးကို မည်သည့် သံသယမှမရှိဘဲ လုံးဝ ယုံကြည်၏။
သူမရဲ့ ရောဂါကို ကုပေးခဲ့သူကလည်း အစ်ကိုကြီးပင် မဟုတ်ပါလား...သဘာဝကျစွာပင် သူမက သံသယမရှိပါ။
ကျိယွမ်သည် ကျန်းလင်းစု၏ လက်ကောက်ဝတ်ပေါ်တွင် သူ၏လက်ကိုတင်လိုက်ပြီး သူ၏ နတ်ဘုရားစွမ်းအင်များကို သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်စေသည်။
သူက သူမကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
ကျန်းလင်းစုသည် လုံးဝ မခုခံဘဲ ငြိမ်သက်နေလေ၏။
အမှန်စင်စစ် ဤသည်မှာ အန္တရာယ်ရှိသော အခြေအနေဖြစ်သည်။
အကယ်၍ ကျိယွမ်တွင် မကောင်းသော ရည်ရွယ်ချက်ရှိပါက သူမ ပြင်းထန်စွာ ဒဏ်ရာရနိုင်သည် သို့မဟုတ် သေဆုံးနိုင်၏။
သကျိယွမ်၏ နတ်ဘုရားစွမ်းအင်များကလည်း အလွန်များပြားလှပြီး ယန်နတ်ဘုရားများထက်ပင် သာလွန်သည်။
မူလမျိုးစေ့ ရှိနေကြောင့် သူသည် ဂိမ်းထဲမှ သူ၏အစွမ်းများကို လုံးဝနီးပါးရရှိထား၏။၊
သို့သော် သူ၏စွမ်းအားများကို အလွန်တိကျစွာ ထိန်းချုပ်ထားသဖြင့် ကျန်းလင်းစုကို ထိခိုက်စေမည့် အန္တရာယ် မရှိပါ။
ရုတ်တရက် ကျိယွမ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
ကျန်းလင်းစု၏ စစ်မှန်ဝိညာဥ်ပေါ်တွင် မှိန်ဖျော့သော အမှတ်အသားတစ်ခုကို သူ ရှာဖွေတွေ့ရှိလိုက်သောကြောင့်ပင်။
၎င်းသည် ကောင်းကင်ယံမှ နေမင်းနှင့် အလွန်တူသော နေမင်းအသေးစားလေးတစ်ခု၏ ပုံသဏ္ဍာန်ရှိ၏။
ထိုနေမင်းကို ပစ်ချလိုသော ကျိယွမ်၏ ဆန္ဒက ပိုမို ပြင်းထန်လာသည်။
【ထိုက်ဟွမ်နန်းတော်သခင်၏ အမှတ်အသား။ ဤကမ္ဘာ၏ ကျင့်စဥ်နည်းစနစ်များကို ကျင့်ကြံသူ အားလုံးသည် ဤအမှတ်အသားကို စုဆောင်းမိကြမည်ဖြစ်ပြီး၊ ထိုက်ဟွမ်နန်းတော်သခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့၏ အသက်နှင့် သေခြင်းကို ပေးအပ်ထားရသော အရင်းအမြစ်များ ဖြစ်လာကြမည် ။】
“ဘာဖြစ်လို့လဲ”
ကျန်းလင်းစု၏ မျက်နှာလေးမှာ ဖြူဖျော့သွား၏။
အကြောင်းမှာ သူမ၏အစ်ကိုကြီးတွင် ထိုကဲ့သို့သော လေးနက်သောအမူအရာမျိုး ရှိနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းကြောင့်ပင်။
ငါ့ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေလို့လား၊
“ဘာမှမဟုတ်ပါဘူး”
ကျိယွမ်က တည်ငြိမ်စွာ ပြုံးပြ၏။
သို့သော်..သူကိုယ်တိုင်ပင် ထိုအမှတ်အသားကို မဖယ်ရှားနိုင်ပါ။
ထိုအမှတ်အသားသည် ပြင်းထန်သော်လည်း အရေးမပါသလိုလည်း ဖြစ်နေပြီး ၎င်းသည် ကျိန်စာတစ်ခုနှင့် တူနေသည်။
စိတ်မကောင်းစရာမှာ ကျိန်စာပိုင်ရှင်က အလိုရှိသရွေ့ ထိုအမှတ်အသားရှိသူ မည်သူမဆို အချိန်မရွေး ပျက်စီးသွားအောင် ပြုလုပ်နိုင်၏။
သို့သော် ပုံမှန်အခြေအနေတွင်ဆိုလျှင်တော့ ၎င်းသည် အန္တရာယ် မရှိသေးပါ။
“နင် အဆင်ပြေပါတယ်၊ ပြဿနာရှိတာ ငါပဲ....ဒီကပ်ဘေးဆိုးကြီးကို နှိမ်နင်းဖို့ အစီအစဥ်က ပိုပြီး အသေးစိတ်ဖို့ လိုအပ်နေပုံရတယ်”
ကပ်ဘေးဆိုးကြီးကို ဖျက်ဆီးမည့် သူ၏အစီအစဥ်တွင် ယခုအခါ နောက်ထပ် အဆင့်တစ်ခု ထပ်တိုးရန် လိုအပ်လာသည်။
ကျိန်စာအမှတ်အသားကို ဖယ်ရှားရန် သို့မဟုတ် သီးခြားခွဲထုတ်ရန် ဖြစ်သည်။
“ဒါပေါ့ သေချာပေါက် ပိုပြီး အသေးစိတ်ဖို့ လိုတာပေါ့၊ ရန်သူကို ချန်ထားလို့မရပေမဲ့ အသက်တွေကိုတော့ ကယ်ရမှာပဲလေ၊”
ကျန်းလင်းစုကလည်း ပုံမှန်မဟုတ်သော နူးညံ့သည့်လေသံဖြင့် တိုးတိုးလေး ပြောလိုက်၏။
“ညီမလေး....ငါတို့ ဟယ်လန်တိုက်ကြီးကို သွားပြီး အဲဒီပန်းချီဆရာနဲ့ တွေ့ဖို့ ပြင်ကြမလား၊”
လာမည့်ရက်များတွင် သူသည် သူ၏မျက်လုံးများကို အသုံးပြု၍ လူများစွာကို စစ်ဆေးကာ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများကို ရှာဖွေပြီး အဓိက အချက်အလက်များကို ဖော်ထုတ်ရန် ကျိယွမ် ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။
အဖြေတစ်ခု ရှာတွေ့နိုင်လျှင် ပိုကောင်း၏။
“ ရတာပေါ့...ခဏလောက် ပစ္စည်းပြင်ပါရစေဦး”
ကျန်းလင်းစုကလည်း တက်ကြွစွာ ပြန်ဖြေသည်။
“ကောင်းပြီ၊ ငါလည်း အချိန်ရတုန်းလေး ငါ ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်သွားတဲ့ သတင်းကောင်းကို ဂိုဏ်းချုပ်ကို သွားပြောလိုက်ဦးမယ် "
ထို့နောက် နေရာမှထကာ သူကအဝတ်အစားများကို ဟန်ပါပါပြင်လိုက်၏။
ပြီးမှ သက်ပြင်းချကာ ညည်းညူပြလေသည်။
"ဟူး..... ငါ့လို အတုမဲ့တဲ့ပါရမီရှင် တပည့်မျိုးရှိတာ ရှန်းကွမ်ဂိုဏ်းရဲ့ ဘိုးဘေးတွေ သင်္ချိုင်းထဲမှာတောင် ပြုံးနေကြမှာ အသေအချာပဲ "
..............
တစ်ချိန်တည်းမှာပင် ရှင်းဟွာအဖွဲ့အစည်း၏ ဖိုရမ်တွင် ကြေညာချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ကျိယွမ်သည် ရှန်းကွမ်ဂိုဏ်း၏ ပထမဆုံး ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ ဖြစ်လာသည်ဆိုသော သတင်းကြောင့် အဖွဲ့အစည်း တစ်ခုလုံး ဆူညံသွား၏။
အဖွဲ့ဝင်များသည် ဤလူက မည်သူနည်းဟု အံ့သြကာ စပ်စုနေကြသည်။
“ဒီလူက ဘယ်သူလဲ၊ ရှန်းကွမ်ဂိုဏ်းရဲ့ ပထမဆုံး ခရမ်းရောင်နန်းတော်အဆင့်လား၊ အရင်က ခရမ်းရောင်နန်းတော်အဆင့် တစ်ယောက်တောင် မရှိဘူးဆိုတော့ အဲဒီဂိုဏ်းက ဘယ်လောက်တောင် အားနည်းနေတာလဲ”
“နာမည်မရှိတဲ့ ဂိုဏ်းတစ်ခု ဖြစ်ရမယ်၊”
“နာမည်မရှိတဲ့ဂိုဏ်းဆိုရင် ရှင်းဟွာအဖွဲ့အစည်းမှာ လူတိုင်းမြင်နိုင်တဲ့ အထူးသတင်းစကားကို သူ ဘယ်လို ပို့နိုင်မှာလဲ”
“တစ်ခုခုတော့ ရှိမှာပေါ့၊ အရှိန်အဝါရှိတဲ့ လူတစ်ယောက်ယောက်ရဲ့ တရားမဝင်သားဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုတွေကို ကြွားလုံးထုတ်နေတာ ဖြစ်မယ်၊”
“ဖြစ်နိုင်တာက တစ်ယောက်ယောက်ရဲ့ အမျိုးတော်စပ်သူ ဖြစ်ပြီးတော့ မျက်စိနောက်လို့ ဝေးရာအရပ်ကို ပို့ခံထားရတာ ဖြစ်မယ်”
လူများသည် ကျိယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အမျိုးမျိုး ခန့်မှန်းကာ အတင်းအဖျင်း ပြောနေကြ၏။၊
ရုတ်တရက် ပို့စ်အောက်တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။
“သတိပေးချက်- အထောက်အထားမရှိဘဲ ကောလာဟလများ ဖြန့်ဝေခြင်း။ အဝါကတ် ပြသလိုက်သည်။ ရှင်းဟွာအဖွဲ့အစည်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ အကြောင်းကြားပြီး ဖြစ်သည်။”
“ကျေးဇူးပြု၍ သင်၏ ပို့စ်တွင် ‘ကောလာဟလ’ ဟူသော စကားလုံး ပါဝင်စေရန် ပြင်ဆင်ပါ၊”
သတိပေးချက်ကို မြင်သောအခါ ဖိုရမ်ပေါ်တွင် အတင်းပြောနေသောကျင့်ကြံသူများ အံ့အားသင့်သွားကြ၏။
ရှင်းဟွာအဖွဲ့အစည်း၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို မြေခွေးနတ်ဆိုးမလေးတစ်ကောင်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် ၎င်းသည် သွေးဝတ်စုံဓားနတ်ဘုရားကို စော်ကားခြင်း ရှိမရှိကိုသာ စောင့်ကြည့်ခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကော်မတီသည် ကြီးထွားလာပြီး ကျင့်ကြံခြင်းလောကကို သန့်စင်လိုသော ဓားနတ်ဘုရား၏ ဆန္ဒကို အကောင်အထည်ဖော်သည့်အလား ဖိုရမ်ကို အမှန်တကယ် စောင့်ကြည့်သည့် စနစ်တကျ အဖွဲ့အစည်းတစ်ခု ဖြစ်လာ၏။
အဝါကတ်ရခြင်းသည် သတိပေးချက် ဖြစ်သည်။
အဝါကတ် သုံးကြိမ်ရလျှင် လူသိရှင်ကြား တောင်းပန်စာ ရေးရမည် ဖြစ်၏။
ကျင့်ကြံသူများသည် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ချစ်လည်းချစ်၊ မုန်းလည်း မုန်းကြသည်။
တစ်စုံတစ်ယောက်က သူတို့ကို စော်ကားလျှင် တိုင်ကြားနိုင်သောကြောင့် သူတို့ ချစ်ကြ၏။
သို့သော် သူတို့ စိတ်ကြိုက် သူတစ်ပါးကို မစော်ကားနိုင်တော့သောကြောင့် သူတို့ မုန်းကြကုန်၏။
တစ်ချိန်တည်းမှာပင် ရှင်းဟွာအဖွဲ့၏ ဧကရာဇ်လေးပါး စကားပြောဂရုထဲတွင်ဖြစ်သည်။
ဆိုးသွမ်းအင်မော်တယ်သည် မူလနတ်ဘုရားကို အသည်းအသန် တက်ဂ် (tag) တွဲကာ မေးနေ၏။
“မင်း ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်သွားတာလား”
မီးလျှံဧကရာဇ်ကလည်း ဝင်ရောက်လာသည်။
“ဟေး... မင်း နှစ်နှစ်ခွဲလောက် အမှောင်ထဲမှာ ကျင့်ကြံနေပြီး မူလနတ်ဘုရား မျှဝေခြင်းအသင်းကို ပစ်ထားတာလား ၊ နည်းနည်းပါးပါးလည်း လာကြည့်ပါဦး ”
ရေခဲတောင်သခင်မကတော့ ဂရုထဲမှာ ပေါ်မလာသေးပါ။
လွန်ခဲ့သော နှစ်အနည်းငယ်က ကျိယွမ်သည် ရေခဲတောင်သခင်မကို ယင်နတ်ဘုရားအဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် မဟာအုပ်စိုးရှင် သုံးပါးကို စေလွှတ်ခဲ့ပြီး သူမသည် ယခုအခါ သူမ၏ နယ်ပယ်ကို တည်ငြိမ်အောင် ပြုလုပ်နေပုံရသည်။
နောက်ဆုံးတွင် ကျိယွမ်သည် ဧကရာဇ်လေးပါး ဂရုထဲသို့ အာရုံစိုက်လိုက်၏။
သူက ရောက်ရောက်ချင်းပင် ညည်းညူပြသည်။
“ဟူး... ငါ့ရဲ့ ပါရမီက အားနည်းတော့ အသည်းအသန်ကြိုးစားပြီး ကျင့်ကြံမှပဲ ချိုးဖျက်နိုင်ခဲ့တာ "
" အဲဒီလောက် ကြိုးစားပြီး ခရမ်းရောင်နန်းတော်အဆင့်ကို မနည်းရောက်ခဲ့ရတာ ၊ ဒါပေမဲ့ ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်ပေမဲ့ ငါ့မှာ ‘ခရမ်းရောင်’ ပဲ ရှိပြီး ‘နန်းတော်’က မရှိသေးဘူး”
"ဟမ်..."
ဆိုးသွမ်းအင်မော်တယ် ဇဝေဇဝါဖြစ်သွားလေသည်။
“အဲဒါ ဘာကို ပြောတာလဲ”
ပြောရလျှင် သွေးဝတ်စုံဓားနတ်ဘုရားကြောင့် ဆိုးသွမ်းအင်မော်တယ်၏ ဂုဏ်သတင်းသည် သိသိသာသာ တိုးတက်လာခဲ့၏။
ယခုဆိုလျှင် သူသည် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများနှင့် စကားပြောနိုင်ပြီး ယင်နတ်ဘုရားများနှင့်ပင် ဆက်ဆံရေး ရှိနေလေပြီ။
သို့သော် ကျိယွမ်၏စကားကိုတော့ သူ နားမလည်နိုင် ဖြစ်နေသည်။
“ခရမ်းရောင်နန်းတော်အဆင့်ကို ချိုးဖျက်ဖို့ ‘ခရမ်းရောင်’ ရော ‘နန်းတော်’ ရော လိုအပ်တယ်လေ၊
ငါ ခရမ်းရောင်ချီတွေကို အလုံအလောက် စုဆောင်းထားပြီးပြီ၊ ဒါပေမဲ့ နန်းတော်တစ်ခုတော့ လိုနေသေးတယ်၊ ငါ့မှာ စိတ်ကူးရှိပေမဲ့ အဲဒါကို အသက်ဝင်အောင် လုပ်ပေးဖို့ ပန်းချီဆရာတစ်ယောက် လိုအပ်နေတာ"
ရှင်းပြလိုက်မှ ပိုရှုပ်သွားလေ၏။
သို့သော် စကားလုံးတစ်လုံးကို သတိထားမိသောအခါ ဆိုးသွမ်းအင်မော်တယ်၏ မျက်ခုံးများက စုသွားသည်။
“နေဦး... ခရမ်းရောင်ချီဟုတ်လား”
ဆိုးသွမ်းအင်မော်တယ် လုံးဝ ထိတ်လန့်သွား၏။
“မင်း ပြောနေတာက မသေမျိုးလမ်းစဥ်ရဲ့ ပထမဆုံးစွမ်းအင်၊ အရာအားလုံးရဲ့ မိခင်၊ ဖရိုဖရဲစွမ်းအင် ဖြစ်တဲ့ မူလခရမ်းရောင်ချီကို ပြောတာလား”
“ဟုတ်တယ်လေ”
ကျိယွမ်က ပေါ့ပေါ့ပါးပါးအတည်ပြုသည်။
ဆိုးသွမ်းအင်မော်တယ်မှာ လုံးဝ ဆွံ့အသွားလေ၏။
“ယန်နတ်ဘုရားတွေတောင် ခရမ်းရောင်ချီတစ်စလောက်ရဖို့ ရုန်းကန်နေရတယ်လို့ ငါကြားဖူးတယ်၊ မင်းကတော့... အဲဒါကို မင်းရဲ့ ခရမ်းရောင်နန်းတော်အတွက် သုံးလိုက်တာလား”
ခရမ်းရောင်ချီ၏ ရှားပါးမှုသည် ဒဏ္ဍာရီဆန်လှသည်။
၎င်းသည် ကောင်းကင်ဘုံတာအိုအုတ်မြစ်ထက်ပင် တန်ဖိုးရှိပြီး သာမန် နားလည်နိုင်စွမ်းများထက် ကျော်လွန်နေသည်။
ဆိုးသွမ်းအင်မော်တယ်၏ အဖြစ်မှာ လစာအနည်းငယ်ရသော မိတ်ဆွေတစ်ယောက်၏ ဘဏ်အကောင့်ထဲတွင် ရုတ်တရက် ငွေဘီလီယံပေါင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရသကဲ့သို့ပင်။
တွေးကြည့်ဖို့တောင် မဖြစ်နိုင်ပါ။
“ရှောက်ယီ...မင်း အလွန်အကျွံတွေ တုံ့ပြန်နေပြီ၊ မူလနတ်ဘုရားက တာအိုဘိုးဘေးရဲ့ အရိုးတွေကို သွားကြားထိုးတံအဖြစ် သုံးတယ်လို့ ပြောရင်တောင် ငါကတော့ ယုံမှာပဲ”
မီးလျှံဧကရာဇ်က မထူးဆန်းသလို မှတ်ချက်ချ၏။
“ကောင်းကင်မှာ နေဆယ်စင်းရှိတယ်၊ အဲဒါတွေ အားလုံးက မူလနတ်ဘုရားရဲ့ အမြုတေတွေချည်းပဲ၊ နေတစ်လုံးကို အမြုတေအဖြစ် သုံးတာတောင် မင်း မြင်ဖူးလို့လား ၊ သူက ဆယ်လုံးတောင် သုံးထားတာနော်"
ရှောက်ယီသည် ဆိုးသွမ်းအင်မော်တယ်၏ နာမည်ရင်းဖြစ်၏။
သူ၏ နာမည်ရင်းဖြင့် ခေါ်ခြင်းခံရသဖြင့် သူ အနည်းငယ် ရှက်သွားသည်။
“ဟူး... ငါ့ရဲ့ အမြင်တွေက အရမ်းကျဥ်းမြောင်းနေပုံရတယ်၊”
ဆိုးသွမ်းအင်မော်တယ်က အကူအညီမဲ့စွာ ညည်းတွားလိုက်သည်၊
သူ၏ နားလည်မှုအရ ခရမ်းရောင်နန်းတော်အဆင့်ကို ချိုးဖျက်ဖို့ဆိုလျှင် မသေမျိုးလမ်းစဥ်၏ အနှစ်သာရကို နားလည်ရမည်။
ကိုယ့်လမ်းစဥ်ကို ကိုယ်ဘာသာလျှောက်ရမည်၊ ပြီးတော့ ထူးခြားတဲ့ နတ်ဘုရားစွမ်းရည်ကို နိုးထစေရမည်ဟူ၏။
ဒါပေမဲ့ ခရမ်းရောင်ချီတို့.... ။
နန်းတော်တို့လား.. ။
အဲဒါတွေက ခရမ်းရောင်နန်းတော်နဲ့ ဘာဆိုင်လို့လဲ။
ကောင်းပြီ...နာမည်ချင်း တူနေတာကြောင့်လည်း ဖြစ်နိုင်တယ်။
“မူလနတ်ဘုရား မျှဝေခြင်းအသင်း အခြေအနေ ဘယ်လိုလဲ၊ နည်းစနစ်တွေစုဆောင်းတာကော ဘယ်လိုရှိလဲ”
ကျိယွမ်က အခြားကိစ္စကို မေးသည်။
ပြောရလျှင် ၄င်းမှာ သူအလွန်ဂရုစိုက်တဲ့ အရာဖြစ်ပြီး သူ၏ အနာဂတ်လမ်းကြောင်းအတွက် အလွန်အရေးကြီး၏။
ယခု သူသည် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် နည်းစနစ်များ၏ လိုအပ်ချက်က သိသိသာသာကြီးကို မြင့်တက်လာပြန်သည်။
တစ်နည်းအားဖြင့် တာအိုလမ်းစဥ်ပေါင်းများစွာသည် နည်းစနစ်များ အားလုံးတွင် ပြန့်ကျဲနေ၏။
ကျိယွမ် ယခု လုပ်ဆောင်နေသည်မှာ ထိုလမ်းစဥ်များ၏ အပိုင်းအစများကို စုဆောင်းနေခြင်း ဖြစ်သည်။
“မင်း သင်ပေးခဲ့တဲ့ နည်းလမ်းနဲ့၊ ပြီးတော့ ရှင်းဟွာအဖွဲ့ဝင်တွေက တခြားနည်းစနစ်တွေနဲ့ လဲလှယ်ဖို့ သူတို့ရဲ့ နည်းစနစ်တွေကို တင်ပေးရတဲ့ စနစ်က အံ့သြစရာကောင်းလောက်အောင် ထိရောက်တယ် "
" စုဆောင်းထားတဲ့ နည်းစနစ်တွေကို ငါ အခုပဲ ပို့ပေးလိုက်မယ်..
ဒါပေမဲ့...”
မီးလျှံဧကရာဇ်က ဝေခွဲမရ ဖြစ်နေဟန် စကားရပ်သွား၏။
“ဘာဖြစ်လို့လဲ၊”
“မင်းရဲ့ နတ်ဘုရားအဆင့်ကျင့်စဥ်က မူလနတ်ဘုရား မျှဝေခြင်းအသင်းဆီကို လျှို့ဝှက်ဆန်းကြယ်တဲ့ လူတချို့ ရောက်လာအောင် ဆွဲဆောင်နေတယ် ၊သူတို့က မင်းနဲ့ တွေ့ချင်နေကြတယ်၊”
မီးလျှံဧကရာဇ်က သတိထားသလို ပြောသည်။
ထိုအချိန်က ကျိယွမ်သည် ခေတ်မီ ပလက်ဖောင်းများနှင့် ဆင်တူသော နည်းလမ်းတစ်ခုကို တည်ထောင်ခဲ့ပြီး၊ ကျင့်ကြံသူများသည် အချင်းချင်း ကူညီရန်အတွက် သူတို့၏ ကျင့်စဥ်များကို တင်ပြီး မျှဝေနိုင်၏။၊
ကျိယွမ်သည် အလွန် ရက်ရောခဲ့ပြီး နောက်ဆုံးတွင် သူ၏ နတ်ဘုရားအဆင့်ကျင့်စဥ်ကိုပင် လူသိရှင်ကြား ထုတ်ပြခဲ့သည်၊
“အင်း...၊”
ကျိယွမ် တည်ငြိမ်စွာမေးလိုက်သည်။
“သူတို့ ဘာလိုချင်လို့လဲ၊ ငါ့ကိုသတ်ပြီး ငါ့ရတနာတွေကို လုဖို့ ကြံနေတာလား၊
သူတို့ ဘယ်မှာ နေလဲ၊ ငါ သူတို့ဆီ သွားလည်ပြီး ထမင်းဟင်းချက်တတ်တဲ့ ကြောင်ရှိလားလို့ သွားကြည့်ရမယ်”
ကျိယွမ်သည် ဟင်းချက်တတ်သော ကြောင်တစ်ကောင်ရှိသည့် ရှဲ့ရှင်းစု၏ မိသားစုကို သတိရသွားသည်။
“သူတို့က တစ်ခုခုတော့ လျှို့ဝှက်တဲ့ မျိုးနွယ်စုတွေဆီက ဖြစ်ပုံရတယ် ၊ သူတို့က မင်းနဲ့ မဟာကပ်ဘေးဆိုးကြီးအကြောင်းကို ဆွေးနွေးချင်နေကြတာ၊
"
"မင်းရဲ့ နတ်ဘုရားအဆင့်ကျင့်စဥ်ကို အလွန်အကျွံ မဖြန့်ဝေသင့်ဘူးလို့လည်း သူတို့က ပြောသေးတယ် ၊ မဟုတ်ရင်... အဲဒါက အရေအတွက် တစ်ခုအထိ ရောက်သွားရင် ဒီကမ္ဘာပေါ်က ကျင့်ကြံသူတွေ အားလုံး သေသွားလိမ့်မယ်တဲ့”
မီးလျှံဧကရာဇ်၏ အသံတွင် လေးနက်ခြင်းနှင့် လက်လျှော့လိုသော အရိပ်အယောင်အချို့ ပါဝင်နေသည်။
မူလနတ်ဘုရားကျိယွမ်သည် အံ့ဖွယ်များကို ဖန်တီးနိုင်သည်ဟု လူသိများသော်လည်း မဟာကပ်ဘေးဆိုးကြီးနှင့် ၎င်း၏ နောက်ကွယ်ရှိ အင်အားစုများက အလွန်ပင် နက်ရှိုင်းလှ၏။
ထို့အပြင် တကယ်တမ်းတိုက်ကြပြီးဟေ့ ဆိုလျှင် ကန်းလန်ကမ္ဘာတွင် ကျိယွမ်ကို အမှန်တကယ် ထောက်ပံ့ပေးနိုင်သော ၊ ကူညီပေးနိုင်သော ကျင့်ကြံသူက မည်မျှရှိမည်နည်း။
မရှိပါ။
တစ်ယောက်ကလေးပင် မရှိပါ။
အခြားတစ်ဖက်တွင်မူ မဟာကပ်ဘေးဆိုးကြီးသည် အခြားကမ္ဘာများမှ အင်အားစုများ၏ ထောက်ခံမှုကို ရရှိထားသည်။
အကယ်၍ သူတို့ ရှုံးနိမ့်ပါက အထက်ဘုံများမှ စစ်ကူများကို ခေါ်ယူနိုင်သည်။
ထိုစစ်ကူများသည် သာမန်အဆင့်များမဟုတ်ပါ နတ်ဘုရားများ ဖြစ်နိုင်၏။
ဒဏ္ဍာရီလာ ယန်နတ်ဘုရားများပင် ဖြစ်နိုင်သည်။
သို့သော် ကန်းလန်ကမ္ဘာမှာတော့ ဘယ်သူက ကျိယွမ်အား ကူညီနိုင်မည်နည်း။
အမှန်အတိုင်းဆိုရလျှင် မဟာကပ်ဘေးဆိုးကြီးကို ရင်ဆိုင်ရာတွင် ကျိယွမ်သည် တစ်ယောက်တည်း တိုက်ခိုက်နေရခြင်း ဖြစ်၏။
အခြားသူများ လုပ်ဆောင်နိုင်သည်မှာ အသေးအဖွဲ ကူညီမှုများသာ...။
တစ်ခါတစ်ရံတွင် မီးလျှံဧကရာဇ်သည် ကျိယွမ်က အဆိပ်သင့်ကျင့်စဥ်များကို မကျင့်ကြံထားသဖြင့် သူသာဆန္ဒရှိလျှင် ဤကမ္ဘာမှ ထွက်ခွာသွားပြီး ဝဲဂယက်အတွင်းမှ လွတ်မြောက်နိုင်သည်ဟုပင် တွေးမိ၏။
အကယ်၍ တစ်စုံတစ်ယောက်က ပို၍ မကောင်းမြင်တတ်လျှင် ကျိယွမ်သည် ကပ်ဘေး၏ နောက်ကွယ်ရှိ အင်အားစုများနှင့် ဆက်သွယ်ကာ သူတို့၏ တပည့်ပင် ဖြစ်လာနိုင်သည်။
“အဲဒီလိုလား”
ကျိယွမ်သည် ခဏမျှ စဥ်းစားပြီးနောက် စာပို့လိုက်၏။
“စိတ်မပူပါနဲ့....ကပ်ဘေးဆိုးကြီးကို နှိမ်နင်းဖို့ ငါ့ရဲ့ အစီအစဥ်က ပြီးခါနီးပြီ၊ အများဆုံး ခြောက်လအတွင်းမှာ ငါ့ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဥ်က အရှိန်အဟုန်နဲ့ လည်ပတ်တော့မှာ ၊ ကပ်ဘေးက ပုန်းစရာ နေရာရှိမှာတောင် မဟုတ်ဘူး၊ နတ်ဘုရားကျင့်စဥ်ကို မျှဝေသင့် မမျှဝေသင့် ဆိုတာကတော့ ဟာသတစ်ခုပဲ”
ကျိယွမ်၏ စကားကြောင့် မီးလျှံဧကရာဇ်သည် စိတ်လှုပ်ရှားမှုများစွာ ခံစားလိုက်ရသည်။
“မူလနတ်ဘုရား... ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အတင်းအကျပ် မလုပ်ပါနဲ့”
“တော်လိုက်တော့ ...မင်း အဲဒီလို ဆက်ပြောနေရင် ငါ မင်းအိမ်ကို လာပြီး ငါ့ရဲ့ အမြုတေအကုန်လုံးနဲ့ ကြက်ဥလာကြော်ပေးလိုက်မယ်”
“ဟီး... အဲဒီလိုတော့ မလုပ်ရဘူးလေ”
မီးလျှံဧကရာဇ်က ရယ်မောလိုက်ပြီးမှ အရေးကြီးကိစ္စအား ထပ်ပြော၏။
“အဲဒီ လျှို့ဝှက်မျိုးနွယ်စုကလူတွေက သူတို့ကို ဆက်သွယ်ရမယ့် နည်းလမ်း ထားခဲ့တယ်၊ မင်း အဆင်သင့်ဖြစ်တဲ့အခါ နတ်ဘုရားအဆင့်ကျင့်စဥ် ကိစ္စကို ဆွေးနွေးဖို့ သူတို့ရဲ့ လျှို့ဝှက်နယ်မြေဆီကို လာခဲ့ပါတဲ့”
“မေ့လိုက်တော့၊ သူတို့က ငါ့ကို တွေ့ချင်ရင် ငါ့ဆီကို လာရမယ် ၊
နောက်ငါးရက်နေရင် ငါ အရှေ့ဘက်နယ်မြေက ဟယ်လန်တိုက်ကြီးကို သွားမှာ ၊ အဲဒီမှာ ခဏကြာကြာ နေမယ် ၊ သူတို့ တွေ့ချင်ရင် ဟယ်လန်ကို လာပြီး တွေ့ခွင့်တောင်းနိုင်တယ်လို့ သူတို့ကို ပြောလိုက်"
" မဟုတ်ရင်တော့ အခွင့်အရေး မရှိဘူး၊
ငါက များသောအားဖြင့်လူတွေဆီ သွားလည်ရတာ မကြိုက်ဘူး၊ တကယ်လို့ သွားတယ်ဆိုရင်လည်း အဲဒါက သူတို့ကို အပြတ်ရှင်းဖို့ပဲ”
သူ မဟူရာတောင်တန်းဂိုဏ်းသို့ သွားရောက်လည်ပတ်ခြင်းသည် မျိုးဖြုတ်သုတ်သင်ရန် ဖြစ်သည်၊ထို့အတူ သူ အလင်းနန်းတော်သို့ သွားခြင်းသည်လည်း မျိုးဖြုတ်သုတ်သင်ရန်ပင်။
သို့သော် သူ ဟယ်လန်တိုက်ကြီးမှပန်းချီဆရာဆီ သွားတာကတော့ မျိုးဖြုတ်သုတ်သင်ရန် မဟုတ်ပါ။
“ကောင်းပြီ၊ မင်းရဲ့ သတင်းစကားကို ငါ သူတို့ဆီ လက်ဆင့်ကမ်းပေးလိုက်မယ်"
"ပြောရရင် ဒီလျှို့ဝှက်မျိုးနွယ်စုတွေဆိုတာကလည်း... တကယ်လို့ သူတို့က အရမ်းအစွမ်းထက်နေရင် မူလနတ်ဘုရား မျှဝေခြင်းအသင်းကို အပိုင်စီးပြီး မင်းကိုတစ်ခုခုလုပ်ပြီးလောက်ပြီ "
"အမှန်တရားကတော့ သူတို့က မသန်မာဘူး၊ ဒါကြောင့် သူတို့က ကမ္ဘာ့ရေးရာတွေနဲ့ ကင်းကွာသလို ဟန်ဆောင်ပြီး ပုန်းနေကြတာ၊ ဘယ်သူ့ကို လာလိမ်ဖို့ကြိုးမိနေတာလဲဆိုတာ သူတို့မသိသေးဘူး"
ကျိယွမ်၏ တုန့်ပြန်ပုံကြောင့် မီးလျှံဧကရာဇ်ကလည်း အနည်းငယ်စိတ်ပေါ့သွားပြီး ထိုအင်အားစုကို လှောင်ပြောင်လိုက်သည်။
သူတို့သည် လျှို့ဝှက်မျိုးနွယ်စုများကို ကြောက်စရာမလိုပါ။
မူလနတ်ဘုရားမျှဝေခြင်းအသင်းသည် ယခုအခါ အတော်လေး အင်အားတောင့်တင်းနေလေပြီ။
အကယ်၍ ဤလျှို့ဝှက်မျိုးနွယ်စုများသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပါက၊ သူတို့သည် မူလနတ်ဘုရား မျှဝေခြင်းအသင်းကို ဖျက်ဆီးပြီး ကျိယွမ်ကို ဆွဲထုတ်ပြီးနေလောက်လေပြီ။
သို့သော် ထိုသို့မလုပ်ခဲ့ပေ။ သူတို့၏ အင်အားက မလုံလောက်သဖြင့် သူတို့သည် ပုန်းအောင်းနေရန် ရွေးချယ်ပြီး အရာအားလုံးထက် သာလွန်နေသလို ဟန်ဆောင်နေကြခြင်းသာ ဖြစ်နိုင်၏။
သူတို့က ငါတို့ကို လိမ်နိုင်မယ် ထင်နေတာလား ။
-------------------