← Chapters

အခန်း (၄၄၉)

Vol. 41 Ch. 449

အခန်း (၄၄၉)

Vol. 41 Ch. 449

📝အပိုင်း - ၄၄၉

ဘာသာပြန် - Na Gar🐉

"ကျွန်တော့်မျိုးရိုးကကျန်း ပါ၊ နာမည်က လိုင်ဇီ လို့ ခေါ်ပါတယ်"

ချန်ဆန်းရှီက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည် "ကျွန်တော့်ကို လိုင်ဇီလို့ပဲ ခေါ်နိုင်ပါတယ်"

"ကောင်းပါပြီ တာအိုမိတ်ဆွေလိုင်၊ လမ်းလျှောက်ရင်း စကားပြောကြတာပေါ့"

မော့ကျူးက မြည်းကိုဆွဲပြီး သူတို့နှစ်ဦး ပင်လယ်ကမ်းခြေအတိုင်း လမ်းလျှောက်လာခဲ့ကြသည်။ မော့ကျူးက စိတ်လှုပ်ရှားစွာဖြင့် ပြောသည် "အခုလို ကောင်းကင်နဲ့ မြေကြီးကြားမှာ အက်ကြောင်းလေးတစ်ခု ပွင့်လာတဲ့အချိန်မှာ လူ့လောကကနေ ကျင့်ကြံခြင်းလောကဆီ သွားချင်တဲ့သူ ဒီလောက်များနေမယ်လို့ မျှော်လင့်မထားဘူး"

"အော်"

ချန်ဆန်းရှီက မေးလိုက်သည် "လူတွေ အများကြီး ရှိနေတာလား"

"အများကြီးပေါ့၊ သူတို့အားလုံး လောကအဆုံးသတ်မှာ ရှိနေကြတာ။ အချို့က ကောင်းကင်တံခါး ပွင့်လာမှာကို စောင့်ရင်း ကျောက်စိမ်းပြားတွေကို ကိုင်ထားကြတယ်၊ အချို့ကလည်း မသေမျိုးတွေက သူတို့ကို တပည့်အဖြစ် လက်ခံဖို့ ဒူးထောက်တောင်းပန်နေကြတာ"

မော့ကျူးက အေးအေးလူလူ ရှင်းပြသည် "နန်ရွှီက လူတွေတင် မဟုတ်ဘူး၊ ကျိုကျိုးတိုက်ကြီး တစ်ခုလုံးက လူတွေ အခု အဲဒီမှာ စုဝေးနေကြတာ"

"အနှစ်ငါးဆယ် တစ်ကြိမ်..."

ချန်ဆန်းရှီက ဆက်မေးသည် "စီနီယာ... ကျင့်ကြံခြင်းလောကရဲ့ တံခါးက ဘာလို့ အနှစ်ငါးဆယ်မှ တစ်ကြိမ်ပဲ ပွင့်ရတာလဲဆိုတာ မေးပါရစေ"

သူသည် ဝိညာဉ်ကျောက်တုံးများ အကုန်အကျခံထားရသဖြင့် သိသမျှ အကုန်မေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

"ဒါက ပြောရရင် အရှည်ကြီးပဲ" မော့ကျူးကလည်း တွန့်တိုခြင်း မရှိပေ။

"ရှေးဟောင်းခေတ်တုန်းက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီးနောက်မှာ ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်ကြော အားလုံးရဲ့ အရှင်သခင်ဟာ အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားခဲ့တယ်လို့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ အဲဒါကြောင့် ဝိညာဉ်စွမ်းအင်တွေဟာ လျင်မြန်စွာ လျော့နည်းသွားရုံတင်မကဘဲ ကမ္ဘာကြီးကို ညစ်ညမ်းစေတဲ့ စွမ်းအင်အမျိုးမျိုး ပေါ်ထွက်လာခဲ့တယ်။ အဲဒါက လူ့လောကက ကပ်ရောဂါလိုပဲပေါ့။ အချိန်မီ မထိန်းချုပ်နိုင်ရင် နေရာအနှံ့ ပျံ့သွားမှာလေ"

"အဲဒါကြောင့် ရှေးဟောင်းခေတ်က အစွမ်းထက် ပုဂ္ဂိုလ်တွေက ဒီနေရာတွေကို တားမြစ်ချက်တွေနဲ့ ပိတ်ပစ်ခဲ့ကြတာပဲ"

"အဲဒီအချိန်ကစပြီး လူ့လောကက လူတွေဟာ ကျင့်ကြံခြင်းလောကထဲ ဝင်ချင်ရင် တယ်လီပို့ဂိတ် ကနေပဲ သွားရတော့တယ်၊ အဲဒါကိုပဲ မင်းတို့က 'ကောင်းကင်နဲ့ မြေကြီးကြားက အက်ကြောင်း' လို့ ခေါ်နေကြတာပေါ့"

"ဒီတားမြစ်ချက်က တစ်ဖက်သတ်ပဲ။ ကျင့်ကြံခြင်းလောကက လူတွေအတွက်တော့ ဒီတားမြစ်ချက်က မရှိပါဘူး။ သေချာတာပေါ့... ငါတို့လို အားနေတဲ့သူတွေကလည်း လူ့လောကကို ပြန်လာစရာ အကြောင်းမရှိပါဘူး။ အခု မင်းမြင်နေရတဲ့ အခြေအနေကတော့ ဘာကြောင့်လဲဆိုရင်..."

"မင်းတို့ရဲ့ နယ်မြေမှာ ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီး နိုးထလာတော့မှာမို့လို့ပဲ"

"ဝိညာဉ်စွမ်းအင်တွေ နိုးထလာတာ"

ချန်ဆန်းရှီ တွေးတောနေမိသည်။ အကယ်၍ ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာမည်ဆိုလျှင် သူသည် လောကအဆုံးသတ်အထိ အပင်ပန်းခံ သွားနေစရာ မလိုတော့ပေ။

"မှန်တယ်"

"ရှေးဟောင်းခေတ် တိုက်ပွဲကြီးတုန်းက ပျက်စီးသွားတာတွေဟာ ပြန်ပြီး ပြုပြင်ခံနေရပြီ"

"ဒီပိတ်ထားတဲ့ နေရာတွေဟာ အချိန်တစ်ခု ကြာတိုင်းမှာ သူတို့ဘာသာ ပြန်လည်ပြုပြင်ဖို့ အခွင့်အရေး ရတတ်တယ်၊ အဲဒီအခါ ဝိညာဉ်ကြောအသစ်တွေ ပေါ်လာတာပေါ့"

မော့ကျူးက သူ၏ အတွေးကို သိသွားသဖြင့် ပြောလိုက်သည် "မင်း အဲဒီလို မတွေးပါနဲ့၊ ဝိညာဉ်ကြောတွေ ပြန်နိုးထဖို့ဆိုတာ လောကရဲ့ စွမ်းအင်တွေထဲမှာ အနှေးကွေးဆုံးပဲ၊ အနည်းဆုံး အနှစ်တစ်ရာလောက် ကြာလိမ့်မယ်။ မင်းသာ ဒီမှာ အဲဒီအချိန်အထိ စောင့်နေမယ်ဆိုရင်တော့ မြေစာပုံတစ်ခုပဲ ဖြစ်သွားလိမ့်မယ်။ မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုကတော့ အနီးဆုံးမှာရှိတဲ့ ဒါကျဲဈေးမြို့ကို သွားပြီး ကျင့်ကြံဖို့ ဝိညာဉ်ကြောတစ်ခု ရှာတာပါပဲ"

အနှစ်တစ်ရာ...

ချန်ဆန်းရှီ အမှန်တကယ် မစောင့်နိုင်ပေ။ သူက ဆက်မေးသည် "ဒါဆိုရင် ကျင့်ကြံသူတွေက ဘာလို့ ဒီကို ရောက်နေကြတာလဲ"

"ကျင့်ကြံခြင်းလောကမှာတော့ ဘယ်အင်အားစုက ဝိညာဉ်ကြောကို အရင်ရှာတွေ့သလဲ၊ အဲဒီလူကပဲ ပိုင်ဆိုင်တာပဲ"

"မကြာသေးခင်က ဒါကျဲဈေးမြို့မှာ ဆုလာဘ်တစ်ခု ထုတ်ပြန်ခဲ့တယ်။ ဝိညာဉ်ကြော ပြန်လည်နိုးထမယ့် နေရာကို ရှာပေးနိုင်တဲ့သူ ဘယ်သူမဆို အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေနဲ့ ရတနာတွေ ရမယ်ပေါ့။ ဝိညာဉ်ကြောတစ်ခု မမွေးဖွားခင်မှာ ဝိညာဉ်ကြောဝိညာဉ်ဆိုတာ ပေါ်လာတတ်တယ်။ အဲဒီ ဝိညာဉ်ကြောဝိညာဉ်နောက်ကို လိုက်မှသာ ဝိညာဉ်ကြောရှိမယ့် နေရာကို ရှာတွေ့နိုင်မှာ ဖြစ်တယ်"

"ဒါဆိုရင်..."

ချန်ဆန်းရှီ ခေါင်းညိတ်လိုက်သည် "တယအိုမိတ်ဆွေကလည်း ဆုလာဘ်ရဖို့အတွက် ဝိညာဉ်ကြောဝိညာဉ်ကို လာဖမ်းတာပေါ့ မနေ့ညက သရဲမျက်နှာဖုံး မိစ္ဆာ တိုက်ခိုက်ခံရတာဟာ ဝိညာဉ်ကြောဝိညာဉ်က သူ့လက်ထဲမှာ ရှိနေလို့ ဖြစ်ရမယ်"

"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က အဲဒီလူတွေကို ယှဉ်ဖို့ အားနည်းလွန်းပါတယ်၊ ငါကတော့ ကျန်တာလေးတွေ လာကောက်တာပါ။ ဝိညာဉ်ကြော နိုးထလာတဲ့ အချိန်တိုင်းမှာ ဝိညာဉ်သားရဲအချို့ ပေါ်လာတတ်တယ်၊ အဲဒါတွေကို ပြန်ယူသွားရင်လည်း ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလို့ရတာပဲ။ မင်းပြောတဲ့ အဲဒီမိစ္ဆာအကြောင်း ပြောရရင်တော့..."

ဤနေရာတွင် မော့ကျူး၏ လေသံမှာ သတိထားဟန် ပါလာသည် "သူက အရူးပဲ"

"အရူး"

ချန်ဆန်းရှီ မေးလိုက်သည် "ဘာလို့ အဲလိုပြောတာလဲ"

"ခဏနေဦး"

မော့ကျူးက ပတ်ဝန်းကျင်မှာ လူမရှိကြောင်း သေချာအောင် ကြည့်ပြီးမှ ဆက်ပြောသည် "အဲဒီ သရဲမျက်နှာဖုံး မိစ္ဆာက ဝိညာဉ်ကြောဝိညာဉ်ကို လွန်ခဲ့တဲ့ ရက်ပေါင်းများစွာကတည်းက ရှာတွေ့ခဲ့တာ။ ဒါပေမဲ့ သူက ဆုလာဘ်သွားတောင်းမယ့်အစား တစ်ယောက်တည်း ဝှက်ထားခဲ့တယ်၊ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရဘူး။ ဈေးမြို့က အင်အားစုတွေက သူ့ဆီသွားပြီး ညှိနှိုင်းခဲ့ကြပေမဲ့ သဘောတူညီမှု မရခဲ့ဘူး၊ အဲဒါကြောင့် သူတို့က အတင်းအကျပ် လုပ်ခဲ့ကြတာပေါ့။ အဲဒီနောက်မှာတော့... သူက အကုန်လုံးကို လိုက်သတ်တော့တာပဲ"

"ငါ တကယ်ကို နားမလည်နိုင်ဘူး။ ဝိညာဉ်ကြောဝိညာဉ်ကို ကိုင်ထားပြီး ဆုလာဘ်မယူဘဲ ဘာလုပ်ချင်နေတာလဲ။ သူက တစ်ယောက်တည်း၊ နောက်ခံအင်အားလည်း မရှိဘူး။ သူက တကယ်ပဲ ဝိညာဉ်ကြောတစ်ခုလုံးကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာလား"

"အမူအရာက တကယ် ထူးဆန်းတာပဲ"

ချန်ဆန်းရှီက ထပ်မေးသည် "သူ့ရဲ့ နောက်ခံက ဘာလဲ"

"မသိရဘူး"

အဖိုးမော့က ပြန်ဖြေသည် "ငါ သိတာကတော့ သူကလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဈေးမြို့မှာ ပေါ်ခဲ့ဖူးတယ်၊ အခုလည်း မကြာခင်ကမှ ပြန်ပေါ်လာတာပဲ။ ထူးခြားတာက ဒီလူက မင်းနဲ့ ငါနဲ့ မတူဘူး၊ သူက သိုင်းပညာပဲ လေ့ကျင့်ပြီး ကျင့်ကြံခြင်းအဆင့် မရှိဘူး။ ငါတော့ သူ့ကို သွားမရှုပ်ချင်ဘူး။ နောက်ထပ် နှစ်ရက်လောက် လိုက်ကြည့်မယ်၊ ဘာမှ မရဘူးဆိုရင်တော့ ပြန်ဖို့ ပြင်ထားတယ်"

"ဒီနေ့ ညသန်းခေါင်မှာ ဒီကို လာခဲ့ပါ"

"ငါတို့လို ကျင့်ကြံသူတွေကို ပြန်ခေါ်သွားမယ့် အထူးသင်္ဘောတစ်စင်း လာလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရမယ်၊ အဆင်သင့် ပြင်ထားပါ"

နောက်တစ်တုံး...

ကျန်းရှန် ပြောတဲ့အတိုင်းပဲ၊ ဝိညာဉ်ကျောက်တုံးတွေက နေရာတိုင်းမှာ လိုအပ်နေတာပဲ။ တကယ်လို့ မလောက်တော့ဘူးဆိုရင် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးကိုပဲ ခွဲရတော့မယ်၊ အခုကော အဲဒါက ဘယ်လောက်တန်ဖိုးရှိနေလဲ မသိဘူး...။

"ဒါဆိုရင် ကျေးဇူးအများကြီး တင်ပါတယ် တာအိုမိတ်ဆွေ"ချန်ဆန်းရှီက လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

"မင်းဆီက ငွေယူထားမှတော့ အလုပ်လုပ်ပေးရမှာပေါ့၊ တာအိုမိတ်ဆွေက ဘာလို့ ဒီလောက် အားနာနေရတာလဲ။ ဒါနဲ့..."

အဖိုးအိုက ပြောသည် "တကယ်တော့ ငါက မန္တန်ဆရာတစ်ယောက်ပါ၊ မင်း ဆောင်ထားဖို့ မန္တန်စာရွက် အချို့ ဝယ်ချင်သေးလား ငါ့ဈေးနှုန်းတွေက သင့်တင့်ပါတယ်၊ လူကြီးလူငယ်မရွေး တရားမျှတတဲ့ ဈေးပါပဲ..."

"တာအိုမိတ်ဆွေ... ခွင့်လွှတ်ပါ။ ကျွန်တော်က လူ့လောကက လာတာဆိုတာ ခင်ဗျား သိပါတယ်၊ ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ဘယ်ကရမှာလဲ။ ကျွန်တော့်မှာ စုစုပေါင်း လေးတုံးပဲ ရှိတာပါ၊ ထပ်သုံးလိုက်ရင် ဘာမှ ကျန်မှာ မဟုတ်တော့ဘူး"

ချန်ဆန်းရှီက နှုတ်ဆက်လိုက်သည် "နောင်ကျရင် တစ်ခုခု လိုအပ်ခဲ့ရင်တော့ တာအိုမိတ်ဆွေဆီကနေ သေချာပေါက် ဝယ်ပါ့မယ်"

"ဒီနေ့ အချိန်မီ လာဖို့တော့ မမေ့နဲ့ဦး" အဖိုးမော့က သတိပေးသည် "နောက်ကျရင် သူတို့က စောင့်နေမှာ မဟုတ်ဘူးနော်"

"သေချာပေါက် လာပါ့မယ်"

ချန်ဆန်းရှီက စကားဆက်မပြောတော့ပေ။ သူ လိုအပ်တဲ့ အချက်အလက်တွေ ရပြီဖြစ်သော်လည်း ၎င်းတို့ဟာ အမှန်တရား ဟုတ်မဟုတ်ကိုတော့ ထပ်မံ အတည်ပြုရန် လိုအပ်နေသေးသည်။

All Chapters