အခန်း (၄၅၁)
Vol. 41 Ch. 451
📝အပိုင်း - ၄၅၁
ဘာသာပြန် - Na Gar🐉
"စီနီယာရဲ့ စကားက အကျိုးအကြောင်း စီလျော်ပါတယ်"
သူ့မှာရှိတဲ့ ရွေးချယ်စရာတွေကို ခဏတာ ချိန်ဆပြီးနောက် ချန်ဆန်းရှီက ပြတ်သားစွာ သဘောတူလိုက်သည်။ ရှေ့တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေအရဆိုလျှင် ဤလူ့လက်မှ သူ ထွက်ပြေးရန် ကြိုးစားပါက အသက်ရှင်နိုင်ခြေ မရှိသလောက်ပင်ဖြစ်ပြီး သင်္ဘောပေါ်ရှိ အခြားကျင့်ကြံသူများကလည်း သူ့ကို လာရောက်ကယ်တင်ကြမည် မဟုတ်ပေ။
အရေးကြီးဆုံးအချက်မှာ... သူသည် ဤလူနှင့် အမှန်တကယ် ရန်ငြိုးမရှိခြင်းပင်။ "မိစ္ဆာ" ဆိုသည့် အမည်မှာ ဝိညာဉ်ကြောကို လုယူကြရာမှ ပေါ်ထွက်လာသည့် ရလဒ်တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ အရေးအကြီးဆုံး အချက်ပင်။ ချန်ဆန်းရှီသည် ထိုလုပွဲထဲ ပါဝင်ရန် အရည်အချင်းမရှိသလို ပါဝင်ပတ်သက်ရန်လည်း ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် ဝိညာဉ်ကြော အငြင်းပွားမှုအပေါ် သူ ဂရုမစိုက်ပေ။
"အဲဒါမှ ဟုတ်တာပေါ့"
သင်္ဘောခန်းအတွင်းမှ အသံမှာ များစွာ တည်ငြိမ်သွားသည် "ငါက တိုက်ခိုက်သတ်ဖြတ်ရတာကို မကြိုက်ဆုံးဘဲ။ အဲဒါတွေက သူတို့ဘာသာ လုပ်ခဲ့ကြတာပါ၊ 'မိစ္ဆာ' ဆိုတဲ့ ဘွဲ့ကြောင့်နဲ့တော့ ငါ့ကို ကြောက်မနေပါနဲ့"
"နားလည်ပါပြီ၊ နားလည်ပါပြီ" ချန်ဆန်းရှီက အလိုက်သင့် ပြန်ဖြေရင်း ထိုနေရာမှ ထွက်သွားရန်သာ စိတ်စောနေသည်။
"ဘယ်ကို အလောတကြီး သွားမလို့လဲ ဒီခရီးက ငါ့အတွက်တော့ တော်တော်လေး ပျင်းစရာကောင်းနေတာ။ အခုတော့ ငါတို့က အသိတွေ ဖြစ်သွားပြီဆိုတော့ ငါနဲ့အတူ ခဏလောက် စကားစမြည်လာပြောပါဦးလား"
"..."
ချန်ဆန်းရှီက ဇွတ်အတင်း မလှုပ်ရှားပေ။ သူ၏နောက်တွင် နင်ရှန်၏ မျက်ဝန်းများမှ ပန်းရောင်ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာသည်။
"မင်းရဲ့ သူငယ်ချင်းကို ရပ်ခိုင်းလိုက်ပါ၊ ငါ့ကို အတင်းအကျပ် လက်တုံ့ပြန်ခိုင်းချင်လို့လား"
"..."
ချန်ဆန်းရှီက နင်ရှန်ကို နောက်ဆုတ်ရန် အချက်ပြလိုက်သည်။ တစ်ဖက်လူမှာ တိုက်ခိုက်ရန် ရည်ရွယ်ချက် အမှန်တကယ် မရှိကြောင်း သူ သိလိုက်ရသည်၊ မဟုတ်လျှင် ဤမျှလောက် အချိန်ဖြုန်းပြီး စကားပြောနေမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သတိကြီးစွာဖြင့် သင်္ဘောခန်းတံခါးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
သင်္ဘောခန်းအတွင်း၌ ဆံပင်ဖြူအဖိုးအိုတစ်ဦးသည် အေးအေးလူလူ ထိုင်နေသည်။ သူ၏ဘေးတွင် ကျင့်ကြံသူတစ်ဦးမှာ အလွန်ပင် ငြိမ်သက်စွာ အိပ်ပျော်နေသည်။ အဖိုးအိုက သူ၏မျက်နှာဖုံးကို ချွတ်လိုက်ရာ သာမန်
မျက်နှာတစ်ခု ပေါ်လာသည်။
"လာ... ထိုင်ပါဦး"
"ကျွန်တော်က ကျန်းလိုင်ဇီ ပါ၊ စီနီယာနဲ့ တွေ့ရတာ ဝမ်းသာပါတယ်" ချန်ဆန်းရှီက သူ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
"အင်း... ငါက ဂွီချီ ပါ"
ဂွီချီက သူ့ကို စူးစမ်းကြည့်သည် "မင်းက မျက်နှာစိမ်းပဲ။ လေလွင့်ကျင့်ကြံသူလား ဒါမှမဟုတ် မသေမျိုးလမ်းစဉ်ကို လာရှာတဲ့ သာမန်လူလား"
"မသေမျိုးလမ်းစဉ်ကို လာရှာတဲ့သူပါ၊ နန်ရွှီ က လာတာပါ" ချန်ဆန်းရှီက နန်ရွှီ လေယူလေသိမ်းအတိုင်း ပြောလိုက်သည်။
"နန်ရွှီက လူတစ်ယောက်ပေါ့... အင်း... ငါကတော့ ဒါကျဲဈေးမြို့ကပါ"
ဂွီချီက လေးနက်စွာ ပြောသည် "ဒီသင်္ဘောက သူ့ရဲ့ပန်းတိုင်ကို ရောက်ဖို့ ဆယ်ရက်လောက် ကြာလိမ့်မယ်၊ ဒါကြောင့် စောင့်ရုံပဲ ရှိတော့တာပေါ့"
ထို့သို့ပြောပြီးနောက် သူတို့နှစ်ဦးကြား တိတ်ဆိတ်သွားသည်။ ဂွီချီသည် သေဆုံးသွားသော ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို စတင်ရှာဖွေတော့သည်၊ သို့သော် အတော်ကြာအောင် ရှာသော်လည်း ဘာမှ မတွေ့သဖြင့် "ဒီလောဘကြီးတဲ့ သတ္တဝါတွေ... လူ့လောကထဲ မဆင်းခင် သူတို့ရဲ့ ပစ္စည်းတွေကို ကျင့်ကြံခြင်းလောကမှာ ထားခဲ့ကြတာ ဖြစ်မယ်၊ သူတို့နဲ့ တိုက်ရတာက တကယ်ကို အားကုန်တာပဲ" ဟု လေသံတိုးတက်ဖြင့် ကျိန်ဆဲလိုက်သည်။
"..."
ချန်ဆန်းရှီမှာ စကားကို မည်သို့ ဆက်ရမည်မှန်း မသိတော့ပေ။ ဂွီချီသည် ပျင်းရိနေပုံရသဖြင့် ကျင့်ကြံသူ၏ အလောင်းကို ပင်လယ်ထဲ ပစ်ချလိုက်ပြီးနောက် မနေ့ညက ရခဲ့သည့် ဧရာမတူတွင် ချိတ်ထားသော ငါးမျှားကြိုးတစ်ချောင်းကို ထုတ်ယူကာ ပြတင်းပေါက်မှတစ်ဆင့် ငါးစတင် မျှားတော့သည်။
သင်္ဘောက စတင်ခုတ်မောင်းနေပြီဖြစ်သော်လည်း ဆိပ်ကမ်းကို မမြင်ရတော့သည့်တိုင်အောင် သင်္ဘောရွေ့လျားနေသည်ကို ချန်ဆန်းရှီ မခံစားရသည်မှာ ထူးဆန်းလှသည်၊ ထိုအချိန်တွင် သူတို့သည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သစ်ကြားသီးသင်္ဘောကြီးပေါ်တွင် ဘယ်သူမှ စကားမပြောကြပေ။ ကျင့်ကြံသူအားလုံးမှာ တိတ်ဆိတ်စွာ ကျင့်ကြံနေကြသဖြင့် အလွန်ပင် ငြိမ်သက်အေးချမ်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်နေသည်။ အာရုံစိုက်ခံရမည်ကို စိုးရိမ်သဖြင့် ချန်ဆန်းရှီသည် သူ၏ အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးကို ထုတ်မပြရဲဘဲ လေးငါးရက်တိုင်တိုင် ဂွီချီနှင့်အတူ ထိုင်ရင်း အဖိုးအို ငါးတစ်ကောင်မှ မရသဖြင့် ဒေါသထွက်လာသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။ အဖိုးအိုမှာ ရေထဲမှ ခုန်ထွက်လာသော ငါးများကို ဖမ်းရန် ရေထဲသို့ပင် ခုန်ချတော့မည့်အလား ဖြစ်နေသည်။
ငါးမျှားသမားတွေ အားလုံးက ဒီလောက်အထိ စိတ်တိုတတ်ကြတာလား။
ဆဋ္ဌမမြောက်နေ့သို့ ရောက်မှသာ ဂွီချီသည် လက်ဖျံတစ်ဝက်ခန့်ရှိသည့် အနီရောင်ငါးတစ်ကောင်ကို မိခဲ့သည် "လာ... အတူတူ စားကြစို့"
ဤငါးအတွင်းရှိ ဝိညာဉ်စွမ်းအင်မှာ ထိုနေ့က တည်းခိုခန်းတွင် သူတွေ့ခဲ့ရသည့် ငါးနှင့် ဆင်တူသည်၊ အလွန်ပင် တန်ဖိုးကြီးလှသည်။ ချန်ဆန်းရှီက တွန့်ဆုတ်မနေဘဲ ငါး၏ ထက်ဝက်ကို စားသုံးလိုက်ပြီးနောက် ရရှိလာသည့် ဝိညာဉ်စွမ်းအင် အနည်းငယ်ဖြင့် ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ထိုအချိန်တွင် သင်္ဘောကြီးမှာ အလွန်ပင် ထူထပ်လှသော မြူထူကြီးများအတွင်းသို့ ဝင်ရောက်နေပြီဖြစ်ရာ ကုန်းပတ်ပေါ်တွင် မြင်ကွင်းမှာ ပေအနည်းငယ်အကွာအထိပင် မမြင်ရတော့ပေ။ သင်္ဘောကြီး ခုတ်မောင်းနေစဉ်တွင် သင်္ဘောကိုယ်ထည်မှ ရွှေရောင်အတားအဆီးတစ်ခုမှာ အခါအားလျော်စွာ တောက်ပလာပြီး ထိုအပေါ်ရှိ ဆန်းကြယ်သော ရွန်းစာလုံးများမှာ မြူထူထူကြီးများနှင့် ပွတ်တိုက်မိကာ စူးရှသော အသံများကို ထွက်ပေါ်စေသည်။
သာမန်လူတွေ ဘာလို့ ပင်လယ်ထဲကို အဝေးကြီး မထွက်နိုင်ကြတာလဲဆိုတာ မဆန်းတော့ပါဘူး၊ အထူးနည်းလမ်းတွေ မရှိဘဲနဲ့တော့ ဒီမြူထူကြီးတွေနဲ့ လူသားစားတဲ့ သားရဲတွေကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တာပဲ။
"မိတ်ဆွေလိုင်ဇီ"
ဂွီချီက ထိုင်ခုံမှာ မှီရင်း ပြောသည် "မင်းရဲ့ သိုင်းပညာအပေါ် နားလည်မှုကို ကြည့်ရတာ သာမန်လူတွေကြားမှာဆိုရင် ရာထူးကြီးကြီးနဲ့ စည်းစိမ်ဥစ္စာတွေကို အလွယ်တကူ ရနိုင်မှာပဲ။ ဒါဆို ဘာလို့ အသက်နဲ့ရင်းပြီး လောကအဆုံးသတ်ကို လာခဲ့ရတာလဲ"
ချန်ဆန်းရှီက တိုက်ရိုက် မဖြေပေ။ သူက ပြန်ပြောလိုက်သည် "ကျွန်တော့်အကြောင်း ထားပါဦး စီနီယာ။ စီနီယာရဲ့ ကျင့်ကြံမှုကိုသာ သာမန်လူတွေကြားထဲ မှာဆိုရင် ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ စီနီယာက ဝိညာဉ်ကြောတစ်ခုအတွက်နဲ့ ဒီသင်္ဘောပေါ်က ကျင့်ကြံသူအားလုံးကို ဆန့်ကျင်ပြီး တစ်ယောက်တည်း သိမ်းပိုက်ဖို့ ကြိုးစားနေတာပဲ မဟုတ်လား"
"ဝိညာဉ်ကြောကို တစ်ယောက်တည်း သိမ်းပိုက်ဖို့ ဟုတ်လား"
ဂွီချီက အသာအယာ ရယ်မောလိုက်သည် "အဲဒါကို ငါက ဘယ်တုန်းက ပြောလို့လဲ။ အဲဒါက သူတို့က ငါ့အပေါ် အတင်းအကျပ် ပုံဖော်ထားတဲ့ ခန့်မှန်းချက်တွေပဲ။ ဒါ့အပြင် ဝိညာဉ်ကြော ပြန်လည်နိုးထလာပြီးရင် အဲ့တာရဲ့ လွှမ်းမိုးမှု အတိုင်းအဆက တောင်တန်းတစ်ခုလုံးစာလောက် ရှိတာ။ ငါတစ်ယောက်တည်းက ဘယ်လိုလုပ် ကာကွယ်ထားနိုင်မှာလဲ"
"..."
ဝိညာဉ်ကြောကို သိမ်းပိုက်ဖို့ မဟုတ်ဘူးဆိုရင် ထိုလူက အမှန်တကယ် ဘာလုပ်ချင်နေတာလဲဆိုတာ ချန်ဆန်းရှီ စိတ်ဝင်စားသွားမိသည်။ သို့သော် သူတို့က ရင်းနှီးကြသည်မဟုတ်သဖြင့် ဆက်တိုက် မေးမြန်းနေရန် မသင့်တော်ဟု ခံစားလိုက်ရသည်။
မမျှော်လင့်ဘဲ ဂွီချီက အံ့ဩစရာ စကားတစ်ခွန်းကို ပြောလိုက်သည် "ငါ ဝိညာဉ်ကြောကို ရှာနေတာက အမြစ်ကနေ နုတ်ပြီး ဖျက်ဆီးပစ်ဖို့ပဲ၊ နောက်ထပ် ဒုက္ခတွေ မဖြစ်လာအောင်ပေါ့"
"စီနီယာ... ဘာပြောလိုက်တာလဲ"
ချန်ဆန်းရှီ ဇဝေဇဝါ ဖြစ်သွားသည် "ဘာလို့ ကောင်းမွန်တဲ့ ဝိညာဉ်ကြောကို ဖျက်ဆီးချင်ရတာလဲ"
အဖိုးမော့ ပြောခဲ့တာအရဆိုရင် ဝိညာဉ်ကြော နိုးထလာတာဟာ အလွန်ကံကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဝိညာဉ်ကြောရှိမှသာ ကျင့်ကြံသူတွေအတွက် ကျင့်ကြံဖို့ နေရာတစ်ခု ပိုရလာမှာ ဖြစ်သည်။ ၎င်းကို ဖျက်ဆီးပစ်တာက ဒီကမ္ဘာကို ပိုပြီးတော့တောင် သီးခြားဖြစ်သွားစေမှာပဲ။
သို့သော် ဂွီချီက ထပ်မံ မဖြေတော့ပေ။ ယင်းအစား သူက မေးလိုက်သည် "မိတ်ဆွေလိုင်ဇီ... မင်း ငါ့ကို ကူညီဖို့ ဒီမှာ နေခဲ့မလား။ အောင်မြင်သွားမယ်ဆိုရင် မင်းအတွက် သေချာပေါက် အကျိုးရှိလိမ့်မယ်"
"စီနီယာက နောက်နေတာပဲ"
ချန်ဆန်းရှီက အလျင်အမြန် ငြင်းပယ်လိုက်သည် "ကျွန်တော့်ရဲ့ ကျင့်ကြံမှုက အလွန်နိမ့်ပါးလွန်းပါတယ်၊ ဒီလိုကိစ္စမျိုးမှာ ပါဝင်ဖို့ အရည်အချင်းမရှိမှာကို စိုးရိမ်မိပါတယ်၊ ကူညီချင်ရင်တောင်မှ ကျွန်တော့်မှာ အင်အားမရှိပါဘူး။"