အခန်း (၄၄၂)
Vol. 41 Ch. 442
📝အပိုင်း - ၄၄၂
ဘာသာပြန် - Na Gar🐉
ဘယ်နေရာမှာမှ အိုမင်းမစွမ်းသူတွေ၊ နာမကျန်းသူတွေနဲ့ မသန်စွမ်းသူတွေ မရှိတော့ပေ။
အားလုံးဟာ သိုင်းပညာကျွမ်းကျင်သူတွေချည်းပါပဲ။
အမှန်စင်စစ် ဤလူများအားလုံးမှာ တပ်စခန်းရှစ်ခုမှ အနားယူထားကြသူများဖြစ်ရာ သာမန်လူများ မဟုတ်ကြသည်မှာ သဘာဝပင်။ သင်္ဘောကြီးပေါ်တွင် ရုတ်ရုတ်သည်းသည်း တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
ကုန်းပတ်ပေါ်တွင် ကျင်ကျောက်ဖုသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားချီ တစ်ခုသည် လေထုကို ခွဲထွက်သွားပြီး ကြမ်းပြင်ပေါ်ရှိ ပျဉ်ချပ်များကို အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေသည်။
နက်နဲပုံရိပ်အဆင့် သိုင်းပညာရှင်ဖြစ်ရာ သူ၏ ဂန်းချိီကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
"ဝုန်း"
ချန်ဆန်းရှီ၏ ဟဲမြောင်ဓားရှည်သည် ဝင်းခနဲ လက်သွားပြီး ထိုဓားချီကို ရိုက်ခွဲလိုက်သည်။ ချန်ဆန်းရှီ၏ ခံစစ်ဗျူဟာကို သတိပြုမိသွားသော ကျင်ကျောက်ဖုက "အင်း... သူက ဂန်းချိီကို အပြင်ကို ထုတ်မလွှတ်နိုင်သေးဘူးပဲ၊ နက်နဲပုံရိပ်အဆင့်ရဲ့ အခြေခံအဆင့်ပဲ ရှိသေးတာပဲ၊ သေပေတော့—" ဟု စိတ်ချလက်ချ ရေရွတ်လိုက်သည်။
"ချွတ် ချွတ် ချွတ်"
ဓားချင်း ထိတွေ့သံများ ထွက်ပေါ်လာသည်။
"နဂါးစစ် ဂန်းချိီ"
သို့သော် ကျင်ကျောက်ဖုအနေဖြင့် တစ်ခုခု မှားယွင်းနေသည်ကို သိရှိရန် အချိန်အကြာကြီး မလိုခဲ့ပေ။ သူ၏ရှေ့မှောက်ရှိ လူမှာ အလွန်အမင်း ကျွမ်းကျင်လှသည်တော့ မဟုတ်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် အစွမ်းထက်ကာ ခိုင်မာလှသည်၊ ထို့ပြင် ၎င်းတို့မှာ သက်ရှိများကဲ့သို့ပင် ရှိနေသည်။ အပြန်အလှန် တိုက်ခိုက်မှုတိုင်းတွင် သူ၏ဓားသွားကို ချွန်ထက်သော သွားပေါင်းများစွာက ကိုက်ခဲနေသကဲ့သို့ ခံစားရသည်။ တိုက်ခိုက်မှု အနည်းငယ်အတွင်းမှာပင် ဓားသွားပေါ်တွင် အက်အရာများ ပေါ်လာတော့သည်။
ထို့နောက်တွင် သူ၏ ဂန်းချိီမှာ စတင်အားနည်းလာပြီး တဖြည်းဖြည်း အရေးနိမ့်လာကာ အားနည်းချက်တစ်ခု ပေါ်ထွက်လာတော့သည်။ သူ၏ပတ်လည်တွင် အေးစိမ့်မှုကို ခံစားလိုက်ရပြီးနောက် ကုန်းပတ်ကြီးမှာ သူ၏မျက်လုံးထဲတွင် ကြီးမားလာကာ မျက်နှာပေါ်သို့ ကျရောက်လာသည်ကို မြင်လိုက်ရသည်။ ခေါင်းထဲတွင် မူးဝေသွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ မူလနေရာတွင်ပင် မတ်တပ်ရပ်လျက် ကျန်နေခဲ့သည်ကို မြင်လိုက်ရပြီး လည်ပင်းသွေးကြောမှ သွေးများ ပန်းထွက်လာကာ မကြာမီမှာပင် အဆုံးမရှိသော မှောင်မိုက်မှုအတွင်းသို့ ကျဆင်းသွားတော့သည်။
"ဆဋ္ဌမ သခင်ကြီး"
သူတို့၏ ခေါင်းဆောင် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ သူပုန်များမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဘုရင်ခံအိမ်တော်မှ အမှုထမ်းများက စတင်သတ်ဖြတ်တော့သည်။ လက်တစ်ဖက်ပြတ် အဖိုးအိုမှာ အနီးရှိ လှေငယ်တစ်စီးပေါ်သို့ တိုက်ရိုက်ခုန်ချလိုက်ပြီး ရေကန်ကြီးမှာ သွေးရောင်များဖြင့် လျင်မြန်စွာ နီရဲသွားတော့သည်။
"မြန်မြန်"
"အကူအညီ သွားခေါ်ကြစမ်း"
လျန်ရှန်းမှ သူပုန်များသည် မြားများကို ပစ်ခတ်ရင်း စစ်ကူများကို ခေါ်ယူနေကြသည်။ သင်္ဘောပေါ်ရှိ လူအားလုံးမှာ ဟွာကျင်းအဆင့်အထက်တွင် ရှိကြသူများ ဖြစ်သည်။ ထို့ကြောင့် ခေတ္တခဏအတွင်းမှာတော့ ဤမြားများကို ကြောက်ရွံ့ခြင်း မရှိကြပေ။
"သူရဲကောင်း ကျန်း"
ချင်ချန်ရွှီသည် အပြင်တွင် နာမည်အရင်းကို အော်ခေါ်မည် မဟုတ်ပေ "ကျွန်တော်တို့ ဘာလုပ်ကြမလဲ လှေငယ်တစ်စီးကို ယူပြီး ဖောက်ထွက်ကြမလား မဟုတ်ရင် ပင်မတပ်ဖွဲ့ကြီးက ဝိုင်းလိုက်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်"
"ဒုန်း"
"ဒုန်း"
စကားပြောနေစဉ်မှာပင် သင်္ဘောကိုယ်ထည်မှာ ရုတ်တရက် တုန်ခါလာသည်။
"မကောင်းတော့ဘူး"
"သင်္ဘောထဲ ရေဝင်နေပြီ"
"တစ်ယောက်ယောက်က ရေအောက်ကနေ အပေါက်ဖောက်နေတာပဲ"
"ဝုန်း ဝုန်း"
လျန်ရှန်းသူပုန်များက မီးမြားများကို စတင်ပစ်ခတ်ကြသည်။ မကြာမီမှာပင် သင်္ဘောကြီးတစ်စင်းလုံးမှာ မီးများ အရှိန်အဟုန်ဖြင့် တောက်လောင်လာတော့သည်။
"နဝမ သခင်ကြီးရောက်လာပြီ"
"မင်းတို့အားလုံး သေဖို့သာ ပြင်ထားကြတော့"
လျန်ရှန်းက လူများက အော်ဟစ်နေကြသည်။
"နဝမ သခင်ကြီး"
ချန်ဆန်းရှီသည် ကျောက်ကျောက်ကို မြားများဒဏ်မှ ကာကွယ်ရန် ဆွဲခေါ်လိုက်ပြီး မေးလိုက်သည် "အစောင့်ချင်... မင်း ဒီလူအကြောင်း သိလား"
"အများကြီးတော့ မသိဘူး"
ချင်ချန်ရွှီက တည်ကြည်စွာ ပြောသည် "သူက လူငယ်တစ်ယောက်လို့ပဲ သိထားတယ်၊ မြောက်ပိုင်းကနေ တူးမြောင်းဖောက်လုပ်ဖို့ အကျဉ်းသားအဖြစ် အပို့ခံရတာ၊ နောက်ပိုင်း ပုန်ကန်မှုမှာ ပါဝင်ပြီး တောင်ပေါ်တက်သွားတာပဲ။ ထူးဆန်းတဲ့ ငါးတွေကို ဖမ်းတဲ့နေရာမှာ ပါရမီရှိလို့ မျက်နှာသာပေး ခံခဲ့ရတာ၊ သူကိုယ်တိုင်ကလည်း သိုင်းပါရမီရှင်တစ်ယောက်ပဲ၊ နောက်ပိုင်းမှာတော့ သူ ဘယ်ကနေ မှော်ပညာတွေ သင်လာလဲဆိုတာ ဘယ်သူမှ မသိကြတော့ဘူး"
"ဘာမှော်အတတ်လဲ ငါကိုယ်တိုင် သွားတွေ့မယ်" လက်မပါသော အဖိုးအိုက ပြောရင်း ရေကန်ထဲသို့ ခုန်ချလိုက်သည်။
"ဝုန်း"
အသက်ရှူကြိမ် အနည်းငယ်အကြာတွင်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ လက်မပါသော အဖိုးအိုမှာ ရေထဲမှ လွင့်ထွက်လာပြီး အခြားအဖိုးအိုတစ်ဦးက အမြန်ပင် ပြေး၍ ဖမ်းယူလိုက်ရသည်။
"ဝုန်း"
ရေပြင်ပေါ်တွင် ရေတံခွန်ကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ လူရိပ်တစ်ခု ပေါ်လာပြီး ရေတိုင်လုံးကြီးတစ်ခုပေါ်တွင် ရပ်လျက် အပေါ်စီးမှ ကြည့်ကာ ကြိမ်းမောင်းလိုက်သည် "နန်းတွင်းက ခွေးတွေ... ငါတို့ ရေကန်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါတို့ ညီအစ်ကိုတွေကို သတ်ရဲတယ်ပေါ့"
"မှော်ပညာ ပဲ"သင်္ဘောပေါ်က လူဟောင်းကြီးများမှာ ပထမဆုံးအကြိမ်အဖြစ် ပျာယာခတ်သွားကြသည်။ ဤလူသည် ရေကို အမှန်တကယ် ထိန်းချုပ်နိုင်နေသည်။ မှော်ပညာမဟုတ်လျှင် ဘာဖြစ်နိုင်ဦးမည်နည်း။
"ဝုန်း"
နဝမ သခင်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နဂါးတစ်ကောင်ကဲ့သို့သော ရေတိုင်လုံးကြီးမှာ အရှိန်ဖြင့် ကျဆင်းလာတော့သည်။
"ချွတ်"
ချန်ဆန်းရှီသည် ရေတိုင်လုံးကို ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည် "ကျန်းရှန် မင်းရဲ့ အဘိုးက ဘယ်သူလဲဆိုတာ မင်း သိလား"
"မင်း ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး၊ မင်း အခု သေရ..."
လေထဲတွင်ရှိနေသော ကျန်းရှန်သည် စကားပြောနေရင်းမှ ရုတ်တရက် ကြောင်သွားပြီး ကုန်းပတ်ပေါ်က ရုပ်ဆိုးသောလူကို မယုံကြည်နိုင်သလို စိုက်ကြည့်နေသည် "ဦးလေးလိုင်ဇီဦးလေးက ပြိုင်ဘက်ကင်းတဲ့ ဆရာကြီးတစ်ယောက်လား"
သူသည် ငယ်စဉ်ကတည်းက ဆန်းရှီနှင့် ရင်းနှီးခဲ့ပြီး ယန်ဘင်းရွာတွင် ခဏခဏ ကစားခဲ့ဖူးရာ လူတိုင်းအထင်သေးခံရပြီး ကောက်ကျစ်ကာ လောဘကြီးပြီး ချောတိုက်တတ်သော၊ ကလေးတွေကိုတောင် အနိုင်ကျင့်တတ်သော်လည်း စိတ်ရင်းမဆိုးလှသည့် ဤလူကို မည်သို့လျှင် မမှတ်မိဘဲ ရှိမည်နည်း။
ဘယ်လိုဖြစ်ပြီး ဒီလူက... နက်နဲပုံရိပ်အဆင့်ရှိ ဆရာကြီး ဖြစ်နေရတာလဲ ပြီးတော့ သူရဲ့မှော်ပညာကိုတောင် ဖြတ်နိုင်တယ်ဆိုတော့ သူကလည်း ကျင့်ကြံသူတစ်ဦး ဖြစ်နေတာလား။
ဘာပဲဖြစ်ဖြစ် သူတို့ဟာ တစ်ရွာတည်းသား အသိဟောင်းတွေ ဖြစ်ကြသည်။ ထို့ကြောင့် ဤဝေဝါးသောအခြေအနေတွင် ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။
"ရပ်ကြစမ်း"ကျန်းရှန်က အမြန်ပင် အမိန့်ပေးလိုက်သည်။
"နဝမ သခင်ကြီး"သူ၏လူများက တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်နေကြသည် "သူ... သူက ဆဋ္ဌမမြောက် သခင်ကြီးကို သတ်လိုက်တာလေ"
"ငါ ရပ်ခိုင်းနေတာ မင်းတို့ နားမလည်ဘူးလား ငါ အပေါ်တက်ပြီး သူတို့နဲ့ စကားပြောမယ်၊ ပြီးမှ ဆုံးဖြတ်မယ်"
"အမိန့်အတိုင်းပါ"
"ဗြုန်း"
ရေလှိုင်းကြီးများနှင့်အတူ ကျန်းရှန်သည် ကုန်းပတ်ပေါ်သို့ ဆင်းသက်
လိုက်ပြီး လက်သီးဆုပ်ပြကာ ပြောလိုက်သည် "ဦးလေးလိုင်ဇီ... ကျွန်တော်တို့ တခြားတစ်နေရာမှာ စကားပြောကြမလား"
သင်္ဘောကြီးမှာ ထက်ဝက်ခန့် နစ်မြုပ်နေပြီဖြစ်ရာ မကြာမီမှာပင် ဆက်လက်တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ ဤမြင်ကွင်းကို ကြည့်ပြီး နင်ရှန်နှင့် အခြားသူများမှာလည်း အလားတူ ဇဝေဇဝါ ဖြစ်နေကြသည်။ ချန်ဆန်းရှီသည် ရုပ်ဖျက်ထားလျက်နှင့် အသိဟောင်းတစ်ဦးနှင့် မည်သို့ တွေ့ဆုံသွားရသနည်း။ သူက သာမန်နေ့ရက်တွေမှာ ဘယ်သူ့အဖြစ် ဟန်ဆောင်နေခဲ့တာလဲ။
ကျန်းရှန်၏ အမိန့်အရ အနီးရှိ လှေငယ်တစ်စီးမှာ သူတို့ရှေ့သို့ ရောက်လာသည်။ ချန်ဆန်းရှီနှင့် သူသည် သင်္ဘောခန်းထဲသို့ နှစ်ဦးတည်း ဝင်သွားကြသည်။
"ဦးလေးလိုင်ဇီ... ဦးလေးကတော့ ကိုယ့်ကိုယ်ကိုယ် သေချာဖုံးကွယ်ထားတာပဲ"ကျန်းရှန်က ကျန်းလိုင်ဇီအစစ် ဟုတ်မဟုတ် သေချာအောင် နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ စကားပြောနေစဉ်မှာလည်း သူက သတိထားနေဆဲဖြစ်သည် "ဦးလေး ဒီမှာ ဘာလုပ်နေတာလဲ၊ ကျင်ကျောက်ဖုတို့နဲ့ ဘယ်လိုဖြစ်ပြီး တိုက်ပွဲဖြစ်ရတာလဲ"
"လမ်းကြုံလို့ ဖြတ်လာတာပါ" ဟု ချန်ဆန်းရှီက ပြောပြလိုက်သည်။
"အဲဒီလူယုတ်မာက သင်္ဘောပေါ်က အမျိုးသမီးကို မကောင်ကြံချင်လို့ ငါ မတတ်သာလို့ လက်တုံ့ပြန်လိုက်ရတာ"
"အဲဒီကောင်ကတော့... ခေါင်းဆောင်ကြီးက ဒီလိုမျိုးတွေ မလုပ်ဖို့ အမိန့်ထုတ်ထားတာ ကြာပြီ။ သူ့ရဲ့ ဗီဇကိုက ပြင်မရတာပဲ၊ သူ သေတာ ထိုက်တန်ပါတယ်။"
ကျန်းရှန်၏ လေသံမှာ များစွာ ပျော့ပြောင်းသွားသည် "ဦးလေးလိုင်ဇီ... ဦးလေး နောင်ကျရင် မြောက်ပိုင်းကို ပြန်ဦးမှာလား"
"ပြန်မှာပေါ့" ဟု ချန်ဆန်းရှီက ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့" ကျန်းရှန်က အပြင်ဘက်သို့ လှမ်းအော်
လိုက်သည် "ငါ့ကို စက္ကူနဲ့ မင် ယူလာပေးကြစမ်း"
" ဦးလေးလိုင်ဇီ... ကျွန်တော် စာတစ်စောင် ရေးပေးမယ်။ ဦးလေး မြောက်ပိုင်းပြန်ရောက်ရင် ကျွန်တော့်အတွက် လျန်ကျိုးကို တစ်ခေါက်သွားပြီး ကျွန်တော့်အစ်ကိုဆီ ဒီစာကို ပေးပေးပါဦး"