တဏှာရူးသခင်လေး
Vol. 5 Ch. 258
ကျွန်မ အဲဒီကိုယ်လူချောရဲ့နာမည်ကိုကြားပြီးကတည်းက ချက်ချင်း စားချင်သောက်ချင်စိတ်ပျောက်သွားတာ။ ဒီရေဂို အဲဘတ်တိုင်း၊ လုံးဝ တတိယတန်းစား ဗီလိန်အငွေ့အသက်တွေ ဖြာထွက်နေတဲ့သူပဲ။ ကျွန်မ ထိုင်ခုံကနေထရပ်လိုက်တယ်။ လက်ကို တစ်ရှူးနဲ့သုတ်ပြီး ထွက်သွားဖို့ပြင်လိုက်ပေမဲ့ သူက ကျွန်မရှေ့မှာ ပိတ်ရပ်လိုက်တယ်။
“အစောကြီးရှိသေးတယ်လို့မထင်ဘူးလား ဆီညှော်ရီတာဆယ်ဗီ၊ ကျွန်တော်က ခင်ဗျားနဲ့ စကားတွေအများကြီးပြောချင်သေးတာ။”
“ရှင် ကျွန်မရှေ့က ဖယ်နော်။” ကျွန်မ သူ့ကိုလက်သီးဆုပ်ပြီး ရှေ့မှာထောင်ပြလိုက်တယ်။ ဒီအကောင်အပေါ် အကောင်းမြင်စိတ် ကျွန်မမှာ လုံးလုံးကိုမရှိတာ။ သူလုပ်လို့ ဒေါ်ရသီရဲ့အစ်မ စိတ္တဇ လူသတ်သမားဖြစ်သွားပြီး စားလို့ကောင်းတဲ့ချောကလက် ဆိုင်လေးလည်းပိတ်သွားရတာ။
“ကိုယ်အများကြီး မတောင်းဆိုပါဘူး။ ညစာအတူစားရုံလေးပဲ။”
သူက ကျွန်မပခုံးကို လက်ညစ်ပတ်ပြီးတွေနဲ့ထိဖို့လုပ်ပါတယ်။ ကျွန်မလည်း ဒေါသကိုမထိန်းနိုင်တော့တာကြောင့် လက်သီးနဲ့ မျက်နှာကိုပိတ်ထိုးတယ်။ သူက အလိုလိုသိစိတ်အတိုင်း ရှောင်လိုက်ပေမဲ့ ဒီလက်သီးချက်က အစကတည်းက အယောင်ပြတိုက်ကွက်လေ။
တကယ့်တိုက်ကွက်က...
“ကဲဟယ်...” ကျွန်မရဲ့ညာဖက်ခြေထောက်က ချက်ချင်းပဲ လူယုတ်မာအယ်ဘတ်တိုင်းရဲ့ခြေခုံပေါ်ရောက်သွားပြီး အညှာတာမဲ့နင်းချလိုက်တယ်။ ရှေ့လျှောက်ဆက်ဖြစ်တာကတော့ ထင်မှတ်ထားတဲ့အတိုင်းပဲ။ ဒီရေဂိုက သူ့ခြေထောက်သူဆုပ်ကိုင်ပြီး ခုံတစ်ခုံပေါ်လဲကျသွားပြီ။ ကျွန်မလည်း ဒါကိုအခွင့်ကောင်းယူပြီး ထွက်ပြေးဖို့လုပ်တာပေါ့။
“သူ့ကို ထွက်သွားခွင့်မပေးနဲ့။” ဒီရေဂို အဲဘတ်တိုင်းရဲ့အော်သံ ခပ်ကျယ်ကျယ်ကို ကျွန်မနောက်ကနေကြားရတယ်။
စက္ကန့်ပိုင်းအတွင်းမှာပဲ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူတွေက စားသောက်ဆိုင်ကိုဝိုင်းထားနှင့်ပြီးပြီ။ ကျွန်မသူ့ကို လျှော့တွက်မိတာပဲ။ ရေကျောင်းတော်ရဲ့တတိယသခင်လေးက ကိုယ်ရံတော်တွေမပါဘဲ ဘယ်လိုလုပ်ကျွန်မရှေ့ကိုလာမှာလဲ။
တုံးဆိုတိုက်ကျားဆိုကိုက်ဆိုပြီး ခွဲစိတ်ခန်းသုံးဓားကို ကျွန်မလက်ထဲယူလိုက်ပြီး တိုက်ခိုက်ဖို့ပြင်ပေမဲ ဘဏ္ဍာစိုးဝတ်စုံဝတ်ထားတဲ့ အသက်သုံးဆယ်ကျော်အရွယ် လူမည်းအမျိုးသမီးက ကျွန်မရှေ့ရောက်လာပြီး ဘီယန်ကာ ကျွန်မကိုဝင်မပူးနိုင်ခင် ဓားကိုဆွဲလုလိုက်တယ်။
“ကျွန်မတို့သခင်လေးအတွက် နာရီဝက်လောက် အချိန်ပေးနိုင်မလား မိန်းကလေးဆယ်ဗီ။”
ကျွန်မ အဲဒီအမျိုးသမီးလက်ထဲကနေ ရုန်းဖို့ကြိုးစားပေမဲ့လို့ ရုန်းလို့မရဘူး။ သူက ကျွန်မထက်ပိုခွန်အားကြီးနေသလိုမျိုးပဲ။ သူ့လက်ဝါးနဲ့ဖမ်းဆွဲထားတဲ့ ကျွန်မလက်ဖျံမှာတောင် နီရဲနေပြီ။ ဒီရေဂို အဲဘတ်တိုင်းကတော့ သူ့ခြေထောက်သူနှိပ်နေရင်းကနေ သူ့အစေခံကိုလှမ်းပြောတယ်။
“ဟာပါ၊ သူ့ကိုလွှတ်လိုက်ပါ။”
“သခင်လေး၊ ဒီမိန်းမက သိပ်အရိုင်းဆန်လွန်းတယ်။ ဒါက အကြံကောင်းမဟုတ်မှာ စိုးရွံမိပါတယ်။”
“ရိုင်းတာလား... ခပ်ရိုင်းရိုင်းကောင်မလေးတွေကို ငါသဘောကျတယ်။” ကျွန်မ သူ့ကိုပြန်လှည့်ကြည့်တော့ သူက နှုတ်ခမ်းကိုလျှာနဲ့သပ်နေပြီး ကျွန်မကို စားတော့ဝါးတော့မလိုမျိုး ကြည့်နေပါတယ်။
“ငါတော့ သွားပြီထင်တယ်။” ကျွန်မ တီးတိုးရေရွတ်မိတယ်။ နက်ဆန်လည်း ဒီနားမှာရှိမနေဘူး။ သူ့ကို စိတ်ဆိုးပြီး ထွက်သွားအောင် ကျွန်မလုပ်ခဲ့မိတာ။ အခုတော့ သူများ လက်ခုပ်ထဲက ရေဖြစ်နေပြီ။
“ထိုင်...” ဟာ့ပါဆိုတဲ့အမျိုးသမီးက ကျွန်မပခုံးပေါ်လက်တင်ပြီး စားပွဲမှာ အတင်းပြန်ထိုင်ခိုင်းတယ်။
ကျွန်မကိုယ်ကျွန်မ သွားပြီထင်မိတဲ့အချိန်မှာပဲ ကျွန်မအရိပ်က ရုတ််တရက်ကျယ်ပြန့်လာပြီး မြူတွေက စားသောက်ဆိုင် တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ မြူတွေ ရှင်းလင်းသွားချိန်မှာတော့...
ကလစ်...
“မင်းတို့ သခင်လေးရဲ့ခေါင်းကနေ ဦးနောက်တွေ ပန်းထွက်မလာခင် မဒမ်မူဆဲဆယ်ဗီကို လွှတ်လိုက်။”
ရင်းနှီးတဲ့စကားသံကို ကြားလိုက်ရတဲ့အတွက် အသံလာရာကို ကျွန်မကြည့်မိတော့ ဂရိအရာရှိယူနီဖောင်းဝတ်ထားတဲ့ ပါစီဗယ်က ဒီရေဂိုနောက်မှာရပ်နေပြီး သူ့ခေါင်းကိုပစ္စတိုနဲ့ချိန်ထားပါတယ်။
“ဒီတော့ မင်းက နာမည်ကြီးနေတဲ့ တစ္ဆေဘုရင်ပေါ့။” ဒီရေဂို အဲဘတ်တိုင်းက ခပ်ဟဟရယ်လိုက်တယ်။ ပါစီဗယ်ကတော့ ကျွန်မသိတဲ့အတိုင်းပဲ ဝင့်ကြွားတဲ့ပုံစံနဲ့ရှိနေတုန်းပဲ။ သူ့အစောင့်တွေက ပါစီဗယ်ကို မှော်နှင်တံတွေနဲ့ချိန်လိုက်ပေမဲ့ ပါစီဗယ်ကလည်း အပြန်အလှန်ရယ်မောလိုက်တာ ကျွန်မမြင်ရတယ်။
“တတိယသခင်လေး၊ မင်းရဲ့မှော်ပညာက ဖွတ်ချေးမှန်း ငါသိတယ်။ မင်းဘက်က လူများတယ်ဆိုပြီး နိုင်မယ်မထင်နဲ့။ ငါ့မှာတပ်ရင်းတစ်ရင်းလုံးရှိတယ်။”
နောက်တော့ မျက်နှာမှာပက်တီးပတ်ထားတဲ့တပ်သားတွေက စားသောက်ဆိုင်ထဲပေါ်လာပြီး အစောင့်တွေကိုသေနတ်နဲ့ ပြန်ချိန်ထားလိုက်တယ်။
“စိတ်ဝင်စားစရာပဲ... အမှောင်အယ်ဒါရဲ့အစေခံ တစ်ဦးချင်းစီက ထူးချွန်ကြတာပဲ။” ဒီရေဂိုအယ်ဘတ်တိုင်းက တည်တည်ငြိမ်ငြိမ် ရှိနေရုံတင်မကဘူး။ သူက စားပွဲပေါ်မှာတင်ထားတဲ့ ကိုလာဘူးကို ဖွင့်ပြီးတော့သောက်နေသေးတယ်။
“အပိုတွေပြောမနေဘဲ မဒမ်မူဆဲဆယ်ဗီရဲ့ဓားကိုပြန်ပေးပြီး ငါတို့ကိုသွားခွင့်ပေး။ မင်းအစောင့်တွေ ဘယ်လောက်စွမ်းစွမ်း ငါနဲ့ငါ့သူငယ်ချင်းက ဂရုမစိုက်ဘူး။ နေက ဝင်တော့မှာနော်။”
သူငယ်ချင်းဆိုတဲ့နာမ်စားနဲ့ နေဝင်တော့မယ်ဆိုတာကိုကြားရတော့ ဒီရေဂိုအဲလ်ဘတ်တိုင်းက သက်ပြင်းချလိုက်ပြီး သူ့အစောင့်တွေကို လက်ခါပြလိုက်တယ်။ အစောင့်တွေက မှော်နှင်တံတွေကိုပြန်နှိမ့်ပြီး ကျွန်မပခုံးကိုဖိထားတဲ့ အမျိုးသမီးဘဏ္ဍာစိုးရဲ့လက်တွေလည်းပဲ အားလျော့သွားပြီ။
“ရိုင်းပြမိခဲ့ပါတယ်၊ မိန်းကလေးရဲ့ဓားက ဒီမှာပါ။” ဟာ့ပါက ကျွန်မရဲ့ခွဲစိတ်ဓားကို ကျွန်မလက်ထဲပြန်ထည့်ပေးလိုက်ပါတယ်။ နောက်တစ်ခဏနေတော့ ဓားထဲကဘီယန်ကာလည်း ပုံသဏ္ဍာန် ဖြစ်တည်လာပြီးတော့ ကျွန်မရဲ့ဘယ်ဖက်ပေးမှာလာရပ်တယ်။ သူ့အကြည့်တွေက စူးရှပြီး အဲလ်ဘတ်တိုင်းနဲ့ဟာ့ပါကို သေချာကြည့်တယ်။
“ငါနင်တို့ကို မှတ်ထားမယ်။ နင်တို့မှာ သေချာပေါက် လှပတဲ့အူတွေရှိနေမှာပဲမဟုတ်လား။”
အဲဒီနောက်တော့ ပါစီဗယ်လည်းကျွန်မရှေ့ကိုရောက်လာပြီး သူ့လက်ကိုကမ်းပေးပါတယ်။
“မဒမ်မူဆဲဆယ်ဗီ၊ အိမ်ပြန်ကြရအောင်။ အားလုံး စိတ်ပူနေလောက်ပြီ။”
ကျွန်မကတော့ သူ့လက်ကို တွန်းဖယ်လိုက်ပြီး ကိုယ့်ဘာသာပဲ ဆိုင်ရှေ့ကိုလျှောက်သွားလိုက်တယ်။ သူတို့နှစ်ယောက်ကတော့ ထူးဆန်းစွာနဲ့ ကျွန်မကို ဘယ်ညာဝန်းရံပြီးခေါ်ထုတ်လာတာပေါ့။ စားသောက်ဆိုင်ထဲကထွက်လာပြီး နှစ်လမ်းကျော်လောက်ရောက်မှ ပါစီဗယ်က သူ့တပ်သားတွေကိုပြန်သိမ်းပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။ ဘီယန်ကာလည်း ဓားထဲပြန်ရောက်သွားပြီ။
“ပါစီဗယ်... နင်ရောက်နေတယ်ဆိုလဲ အစောကြီးတည်းက အသိပေးပါ့လား။”
ကျွန်မသိသလောက်တော့ အိမ်ကထွက်လာတုန်းက ပါစီဗယ်ဟာ ကျွန်မအရိပ်ထဲမှာရှိမနေဘူး။ နက်ဆန်ထွက်သွားပြီးမှ ရောက်တာ ဖြစ်လိမ့်မယ်။
“အဲဒီနတ်တစ်ပိုင်းကောင်က မင်းကိုစိတ်ပူလို့ ငါ့ကိုထားခဲ့တာလေ။”
ပါစီဗယ်က ကျွန်မအတွေးကို သတိထားမိဟန်နဲ့ပြောပြပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ စိတ်ကောက်နေတုန်းပဲ။ မိုနီကာကို ဂရုစိုက်တယ်။ ဒါပေမဲ့ ကျွန်မကိုလည်း ဂရုစိုက်တာမဟုတ်ဘူး။ နက်ဆန်က နော်မန်ဒီနယ်စားရာထူးကိုရော အင်္ဂလန်ဘုရင့် သရဖူကိုပါလိုချင်တဲ့ လူမျိုးလား။
“ဒါနဲ့ ပုံမှန်ဆိုရင် အဲဒီကောင်ကို မှတ်လောက်သားလောက်အောင် ရှင်ဆုံးမမှာပဲမဟုတ်လား။ ဘာလို့ ဒီအတိုင်းပြန်ဆုတ်လာတာလဲ။”
ကျွန်မက ကျွန်မနဲ့ပခုံးချင်းယှဥ်လမ်းလျှောက်နေတဲ့ပါစီဗယ်ကို မေးလိုက်တော့ သူက လမ်းခင်းကျောက်ပြားတွေကို ငုံကြည့်ပြီး လေသံဖျော့ဖျော့နဲ့ပြောတယ်။
“အကြောင်းအရင်းက ငါမလုပ်နိုင်လို့ပဲ။ စားသောက်ဆိုင်ထဲမှာ သူတို့အပြင် ကိုယ့်ကိုယ်ကိုယ်ထုတ်မပြသေးဘဲ ပုန်းကွယ်နေတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ အဲဒီလူက ငါ့ထက်တောင်ပိုပြီး စွမ်းအားကြီးနိုင်တယ်။”
ပြောခါမှ ပါစီဗယ်လို အတ္တကြီးတဲ့သူမျိုးတောင် ဆိုင်ထဲမှာ ရှိနေတုန်း နက်ဆန်ရဲ့တည်ရှိမှုကို သွယ်ဝိုက်ပြီး ဖော်ပြခဲ့သေးတာပဲ။ အဲဒီလျှို့ဝှက်နေတဲ့သူဝင်မပါအောင်လို့ ဟန့်လိုက်တဲ့သဘောများလား။
“အရှင်မ... ရှင်က အစွမ်းထက်တယ်ဆိုပေမဲ့ ဘယ်တုန်းကမှ တိုက်ခိုက်ရေးကို သေချာလေ့ကျင့်ဖူးတာမဟုတ်ဘူး။ အခုက အဲဒီလိုလုပ်ဖို့အချိန်တန်ပြီလို့မထင်ဘူးလား။”
ကျွန်မကို ဗီယန်ကာကလည်းစိတ်နဲ့ဆက်သွယ်ပြီးပြောလာတယ်။ ကျွန်မလည်း ပခုံးတွန့်ပြမိတာပေါ့။ အဲဒီလိုလေ့ကျင့်ချင်တယ် ဆိုပေမဲ့ လေ့ကျင့်မရတဲ့ တခြားအကြောင်းရှိနေသေးတယ်။
“အဲဒီသောက်ရူးကောင်နက်ဆန်က ငါ့ကိုလူသတ်တဲ့သူနာပြု ဖြစ်လာတာမမြင်ချင်ဘူးလေ။”
အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ခံပြင်းမိတာတော့အမှန်ပါပဲ။ ကျွန်မကို သူ့ကအမြဲကာကွယ်ပေးမှာမလို့ အဲဒီလိုလုပ်စရာမလိုဘူး ဆိုတဲ့ပုံစံမျိုးနဲ့ လှောင်ချိုင့်ထဲပိတ်ထားတာ။
“ဒါဆိုရင်လည်း ဒုတိယနည်းရှိပါသေးတယ်။ ကျွန်မကို အရှင်မရဲ့နတ်သွေးတွေသောက်ခွင့်ပေးပါ။ ဒါဆိုရင် ကျွန်မ အစွမ်းထက်လာပြီး ကာကွယ်ပေးနိုင်လိမ့်မယ်။”
ဘီယန်ကာပြောတာလည်း ယုတ္တိရှိသားပဲ။ ဘီယန်ကာက အလွန်အမင်းရန်လိုတယ်ဆိုပေမဲ့ ကျွန်မလေးကြိမ်မြောက် သေပြီးတဲ့နောက်မှာ သူ့ကိုသေချာထိန်းချုပ်နိုင်နေပါပြီ။ ဒါကြောင့် စမ်းကြည့်ရမယ့်အချိန်ရောက်ပြီထင်တာပဲ။
“ရောက်ပြီ...” ပါစီဗယ်နဲ့ကျွန်မတို့ နာရီဝက်လောက် လမ်းလျှောက်ပြီးတော့ ငှားထားတဲ့ စံအိမ်ကြီးဆီကိုပြန်ပြီး ရောက်လာပါပြီ။ သိပ်မဝေးတာကြောင့် ပါစီဗယ်ပြောသလိုပဲ တိုက်ပွဲအကြီးကြီးဖြစ်လာရင် နက်ဆန်သတိထားမိမှာပဲ။ ပြီးတော့ တံခါးရှေ့မှာထင်မထားတဲ့သူတွေလည်းရှိနေသေးတယ်။
“အယ်ဒါရှားလော့ခ်ပါလား....” ကျွန်မတို့ အိမ်ရှေ့ကိုရောက်တော့ လေကျောင်းတော်ရဲ့အယ်ဒါအမျိုးသမီးက အိမ်တံခါးခေါက်ဖို့ ပြင်နေတာမြင်ရတယ်။ သူက ကျွန်မတို့ကိုမြင်တော့ ပြုံးပြပေမဲ့ အသက်တော့မပါလှဘူး။
“ကောင်လေးကို ပြောစရာတစ်ခုရှိလို့လာခဲ့တာ။” သူက တိုတိုတုတ်တုတ်ပဲပြောပြီး တံခါးဆက်ခေါက်ပါတယ်။ မကြာခင် တံခါးပွင့်သွားပြီး ဒေါ်ရသီက ကျွန်မတို့ကိုကြိုဆိုတယ်။
“မမလေးဆယ်ဗီနဲ့ လေပြင်းအရှင်မရှားလော့ခ်။ သခင်က ညစာစားဖို့စောင့်နေပါတယ်။”
ညစာစားပွဲမှာလို့ပြောလိုက်တာလား။ ကျွန်မကို မြို့လယ်ခေါင်မှာ ထားသွားတဲ့အကောင်က ကျွန်မနဲ့အတူညစာစားဖို့အတွက် စောင့်နေတာလား။ ရယ်စရာကြီး။ ဒါပေမဲ့ တခြား ဘာမှဆက်မတွေးဘဲ ခန်းမထဲဝင်လိုက်တော့ စားပွဲပေါ်မှာ ဟင်းပွဲနှစ်ဆယ်လောက်တည်ခင်းထားတာကို ကျွန်မမြင်ရပြီး နက်ဆန်ကတော့ ဟင်းပွဲတွေနောက်မှာမြုပ်နေတယ်။
“ဒါ.. ဒါက ဘယ်လိုဖြစ်တာတုန်း။” နက်ဆန်က ချမ်းသာတယ်ဆိုပေမဲ့ မော်လီက စည်းကမ်းကြီးတယ်။ ကျွန်မတို့အတွက် တစ်နေ့ကို အဓိကဟင်းပွဲနှစ်မျိုးနဲ့ အရံဟင်းတစ်မျိုး၊ အချိုတည်းဖို့မုန့်တစ်မျိုး စုစုပေါင်း လေးမျိုးပဲပြင်ဆင်ပေးတာမျိုး။ အခုကျတော့ ဘာဘွန်ဘုရင့်စားတော်ဆက်ကျနေတာပဲ။
“သခင်က ကျိန်စာသံလိုက်မပြန်လာရင် ကြိုက်တဲ့ဟင်းမရှိမှာစိုးလို့ အထူးပြင်ဆင်ခိုင်းထားတာလေ။”
ကျွန်မအံ့ဩနေတုန်းမှာပဲ မော်လီက မီးဖိုချောင်ထဲကနေ ထွက်လာတယ်။ လက်ထဲမှာလည်း နောက်ထပ်ဟင်းပွဲတွေ။ ကျွန်မကတော့ ခါးထောက်ပြီး နက်ဆန်ကိုပြောလိုက်တာပေါ့။
“နက်ဆန်... ရှင်စားစရာတွေနဲ့ ကျွန်မကိုချော့လို့ရမယ်ထင်နေရင် အထင်သေးရာကျလွန်းသွားပြီ။” နက်ဆန်တစ်ခုခုပြန်ဖြေမလား ကျွန်မမျှော်လင့်မိပေမဲ့ ရှားလော့ခ်က ကျွန်မတို့ရဲ့အသုံးမဝင်တဲ့ စကားဝိုင်းကိုလစ်လျူရှုပြီး နက်ဆန့်ဘေးနားကခုံမှာ ဝင်ထိုင်တယ်။
“ကောင်လေး၊ ငါ့မှာ မင်းကိုအရေးတကြီးပြောစရာရှိတယ်။ ငါအဲဒီမောင်နှမနှစ်ယောက်နဲ့တွေ့ပြီးပြီ။ မနက်ဖြန်နေ့ခင်းပိုင်း သူတို့ရဲ့ဇာရာဂိုဇာဌာနခွဲမှာ မင်းနဲ့တွေ့ဖို့သဘောတူထားတယ်။”
ဒီတော့ သူဒီကိုလာတာအလုပ်ကိစ္စပေါ့။
ဒါပေမဲ့ နက်ဆန်ရဲ့အကြည့်တွေက ကျွန်မဆီမှာရောက်နေတုန်းပဲ။ သူက ပါစီဗယ်ကိုကြည့်လိုက်ပြီး
“ဆယ်ဗီ့ဆီကနေ အဲဒီစိတ္တဇမကောင်းဆိုးဝါးမရဲ့အနံရနေတယ်။ လမ်းမှာတစ်ခုခုဖြစ်လာတာလား။”
စိတ္တဇမကောင်းဆိုးဝါးမဆိုတာက ဘီယန်ကာကိုညွန်းဆိုတာမှန်း ကျွန်မသတိထားမိလိုက်တယ်။ နက်ဆန့်ဆီကနေ ဒီရေဂို အယ်ဘတ်တိုင်းနဲ့ တွေ့ခဲ့တဲ့ကိစ္စကို ဖုံးကွယ်လို့ရမယ်မထင်ဘူး။
....
စားသောက်ဆိုင်ထဲမှာတော့ ဒီရေဂို အဲဘတ်တိုင်းက စားပွဲဝိုင်း တစ်ခုမှာဝင်ထိုင်လိုက်ပြီး သူနဲ့ဆန့်ကျင်ဘက်မှာရှိနေတဲ့သူကို ကြည့်လိုက်ပါပြီ။ အဲဒီသူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး လက်ထဲမှာ ဖဲချပ်တွေကို ဘယ်ညာလွှဲပြောင်းကစားနေတယ်။ ကျွမ်းကျင်လွန်းလို့ ဖဲချပ်တွေဟာ ပျံသန်းနေသလိုပါပဲ။
အဲလ်ဘတ်တိုင်းက မျက်လှည့်ဆရာဝတ်စုံဝတ်ထားတဲ့ မိန်းကလေးရဲ့ခန္ဓာကိုယ်ကိုခေါင်းအစခြေအဆုံးကြည့်ပြီးနောက် နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တယ်။ ဒါပေမဲ့ သူ့အကြည့်က ရမ္မက်အဖြစ်ကနေ အလိုမကျမှုအဖြစ်ကိုပြောင်းလဲသွားပြီး ပြောလိုက်တာပေါ့။
“ဒီမယ်၊ ဘန်နီ။ ကျုပ်ခင်ဗျားကို ယူရိုတစ်ဘီလျံပေးထားတာနော်။ ဘာလို့ အစောပိုင်းက ကိစ္စမှာဝင်မပါတာလဲ။”
ဘန်နီက ဖဲချပ်တွေကို ဆော့ကစားနေရာကနေရပ်လိုက်တယ်။ အဲဒီနောက် ဒီရေဂိုအဲဘတ်တိုင်းကို ခပ်စေ့စေ့ကြည့်လိုက်ပြီး ယ “ရှင်ကျွန်မကို ငှားထားတာက နန်းမွေဆက်ခံပွဲသီးသန့်အတွက်ပဲ။ လမ်းပေါ်က ကြုံရာအမျိုးသမီးတစ်ယောက်ကို ဖျက်ဆီးဖို့ ပိုက်ဆံပေးထားတာမဟုတ်ဘူး။”
ဒီရေဂို အဲဘတ်တိုင်းက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ အမှန်ပဲ၊ ဒီအမျိုးသမီးက ပိုက်ဆံမပေးမချင်း တခြားကိစ္စတစ်ခုကိုလုပ်မှာမဟုတ်ဘူး။ ဘန်နီကတော့ သက်ပြင်းချလိုက်ပြီး ဦးထုပ်ဝိုင်းကိုပြန်ဆောင်းကာ စားသောက်ဆိုင်ထဲကနေ ထွက်သွားဖို့ပြင်တယ်။ ဒါပေမဲ့ ဆိုင်အပြင်ရောက်ခါနီးမှာရပ်လိုက်ပြီး ဒီရေဂိုကို ပြန်လှည့်ကြည့်ပါတယ်။
“တခြားကိစ္စမရှိဘူးဆိုရင် သွားလိုက်ပါဦးမယ်၊ တတိယသခင်လေး။ ဒါနဲ့၊ ကျွန်မရဲ့ခန္ဓာကိုယ်ကို လိုချင်တယ်ဆိုရင်တော့ ရှင်ပေးရမယ့်တန်ကြေးက မနည်းဘူးနော်။”
ဒီရေဂို အဲဘတ်တိုင်းကတော့ ဘန်နီရဲ့တင်ပါးကိုကြည့်နေတဲ့ အကြည့်ကို အမြန်ပြောင်းလိုက်ပြီး ပြန်ပြုံးလိုက်တယ်။
“ဒီသခင်လေးက မင်းပြောတဲ့စျေးတိုင်းကိုပေးနိုင်တယ်။ ပြောသာပြောလိုက်ပါ။”
ဘန်နီကလည်း ကောက်ကျစ်စွာ ပြုံးလိုက်တယ်။ “ရှင်ပေးနိုင်တာ သေချာရဲ့လား...” သူ့လက်က မှော်နှင်တံပေါ် ရောက်နှင့်နေပြီ။