ရော့ဝဲလ် ကယ်ခဲ့တဲ့သူ (၁)
Vol. 5 Ch. 259
နောက်တစ်နေ့မနက်ရောက်တော့ ကျွန်မတို့တွေ ရေကျောင်းတော် ဖိတ်ထားတဲ့နေရာကိုသွားဖို့အတွက် ပြင်ဆင်ကြရပါတယ်။ မော်လီက ကျွန်မတို့အားလုံးကို အဝတ်အစားဝတ်တာကအစ သေသေချာချာလုပ်ဖို့သတိပေးတယ်။
နက်ဆန်ကိုယ်တိုင်တောင်မှ အနက်ရောင်အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီးတော့ ရင်ဘတ်မှာ အမှောင်ကျောင်းတော်ရဲ့ အထိမ်းအမှတ်ရင်ထိုးတစ်ခုကိုထိုးထားရတာ။ အိမ်အောက်ထပ်ကို ရောက်တဲ့အခါမှာတော့ လေကျောင်းတော်အယ်ဒါဖြစ်တဲ့ရှားလော့ခ် ရောက်နှင့်နေပါပြီ။ အယ်မာလည်းရောက်နေမယ်ထင်ပေမဲ့ မတွေ့ရဘူး။ ကျောင်းခြောက်ကျောင်းကြားကကိစ္စတွေမှာ အစိုးရအေဂျင်စီတစ်ခုရှိနေရင် ကသိကအောင့်ဖြစ်မှာစိုးလို့ တမင်ရှောင်ထွက်သွားပုံပါပဲ။
“ဒါလင်... ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့နော်။” ကျွန်မတို့ သွားခါနီးတော့ ဝှီးချဲပေါ်မှာရှိနေတဲ့မိုနီကာက နက်ဆန်ကို လာနှုတ်ဆက်တယ်။ သူ့ကျန်းမာရေးအခြေအနေက ဆိုးဝါးနေပြီဖြစ်တဲ့အတွက် အန္တရာယ်များပြီး တိုက်ခိုက်ရနိုင်တဲ့ ကိစ္စမျိုးတွေမှာ သူ့ကိုခေါ်သွားလို့မဖြစ်ဘူးလေ။ ဒါကြောင့် ဒေါ်ရသီနဲ့ကျန်ခဲ့ရမှာ။
“ကိုယ်သိပါတယ်... စိုးရိမ်မနေပါနဲ့...” နက်ဆန်က မိုနီကာရဲ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ချလိုက်ပြီး မိုနီကာရဲ့ပါးပြင်ကိုနမ်းလိုက်တယ်။ အဲဒီမြင်ကွင်းကြောင့် ကျွန်မသူ့ကိုပြေးကန်ချင်လာပေမဲ့ မိုနီကာက သူ့လက်ဖမိုးတွေကိုလက်သည်းနဲ့ ကုပ်ညစ်နေတာ သတိထားမိတဲ့ အတွက်ကြောင့် ကျွန်မဘာပြောရမှန်းမသိတော့ဘူး။
“အရူးမ... သူများကို ကိုယ့်ကိုယ်ကိုယ်ဖိအားမပေးဖို့ပြောပြီး နင်ကိုယ်တိုင်ကျတော့ ဘာလို့အဲဒီလိုလုပ်နေရတာလဲ။”
သူ့ရဲ့လက်ရှိအခြေအနေအရ အခုလိုထွက်လာတွေ့ဖို့ကိုတောင် ရေကန်ရေခန်းကြိုးစားနေရတာ။ နောက်ဆုံးအနေနဲ့ နက်ဆန်က သူ့ပေါင်းကို ဖွဖွလေးပွတ်ပေးခဲ့ပြီး ကျွန်မတို့နဲ့အတူအပြင်ကို ထွက်လိုက်တယ်။ တောက်ပတဲ့နေရောင်ခြည်က ကျွန်မတို့ပေါ်ကို ကျလာပြီးတဲ့နောက် နက်ဆန်ဆီကနေ ထင်မထားတဲ့စကားတစ်ခွန်း ထွက်လာခဲ့တယ်။
“ဆယ်ဗီ၊ ဟိုရောက်ရင် စိတ်လိုက်မာန်ပါမလုပ်နဲ့။ မင်းကလည်း ဆီနိတ်တာတစ်ယောက်ဆိုတာ သတိရပါ။”
ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ သူ့နောက်ကိုမီလိုက်ပြီး ခြေဖနောင့်ကို ကျွန်မဖိနပ်ဒေါက်နဲ့ ကန်လိုက်တော့တာပေါ့။ သူလည်း လဲကျသွားတော့မလိုဖြစ်သွားလေရဲ့။
“ဆယ်ဗီ....”
ကျွန်မက သူ့ရှေ့မှာရပ်ပြီး တင်ပါးပေါ်လက်နှစ်ဖက်တင်ကာ ပါးကို ဖောင်းထားပြီး သူ့ကိုကြည့်လိုက်တယ်။ အနည်းဆုံးတော့ သူဘေးမှာ ကျွန်မရှိနေသေးတယ်ဆိုတာ သိသေးတာပဲ။
“ရှင်ကျွန်မကို ဘယ်လိုလူစားမျိုးထင်လို့လဲ။ တွေ့သမျှလူကို လိုက်ရိုက်တဲ့လူစားမျိုးလို့ထင်နေတာလား။”
“အဲဒီလိုပဲ...”
“ရှင်....” သူက ကျွန်မကို တကယ်ကြီး အဲဒီလိုထင်နေတာလား။ ကျွန်မ ဘာမှပြန်မလုပ်ရသေးခင်မှာပဲ သူက ကျွန်မခါးကို လက်နဲ့ ဆွဲငင်ယူလိုက်ပြီး ကျွန်မနှုတ်ခမ်းပေါ်ကို ခပ်ဖွဖွနမ်းလိုက်တယ်။ ရင်တွေခုန်လွန်းလို့ ဘာလုပ်ရမှန်းမသိတော့ဘူး။
“ကိုယ်မိုနီကာ့ကို နမ်းနေတုန်းက မင်းစိုက်ကြည့်နေတာ ကိုယ်မင်းကို မေ့နေတယ်လို့ ထင်လို့လား။”
“ရှင်သိရင် ပြီးတာပဲ...” ကျွန်မသူ့ကို တွန်းဖယ်လိုက်မိတယ်။ ဘာကောင်ကြီးမှန်းမသိဘူး။ မပြတ်မသားနဲ့။ ထားပါတော့၊ ဒီပြဿနာတွေက ကျွန်မကိုယ်တိုင်ခွင့်ပြုပေးခဲ့မိတဲ့ဟာလေ။ ရှားလော့ခ်ကတော့ အချိန်ဖြုန်းနေတဲ့ကျွန်မတို့ကို စိုက်ကြည့်နေပြီ။
“ကောင်လေး... အကြည်ဆိုက်တာလည်း အခြေအနေကို သတိထားဦး။ တောင်းပန်ဖို့သွားမယ့်သူက နောက်ကျလို့ မဖြစ်ဘူး။”
ဒီတော့မှ ကျွန်မတို့လည်း ကားပေါ်တက်ဖြစ်ကြတာ။ ရှားလော့ခ်ရဲ့ ဒရိုက်ဘာက ကျွန်မတို့ကို ဇာရာဂိုဇာမြို့ရဲ့အစွန်အဖျားအထိကို ခေါ်ဆောင်သွားခဲ့ပါတယ်။ လူနေအိမ်ခြေတွေကျဲပါးလာပြီးတော့ လူသွားလူလာသိပ်မရှိတဲ့နေရာကို ရောက်ရှိချိန်မှာတော့ ဧရာမ စံအိမ်ကြီးတစ်ခုကို ကျွန်မတို့တွေ မြင်လိုက်ရတယ်။
“ ကျောင်းခြောက်ကျောင်းမှာ အချမ်းသားဆုံးဖြစ်တဲ့ ရေကျောင်းတော်ရဲ့ဇာရာဂိုဇာဌာနခွဲပဲ။ ဒီနေရာမှာ တော်ဝင်မျိုးနွယ်နှစ်ယောက်လုံးရောက်နေတာမလို့ လုံခြုံရေးထူတယ်။ ပြီးတော့ ရေကျောင်းတော်က မှော်ရတနာအများဆုံးပိုင်ဆိုင်တဲ့ကျောင်းတော်ဆိုတာ မမေ့ပါနဲ့။”
ကျွန်မတို့ ကားပေါ်ကနေဆင်းလိုက်တော့ ရှားလော့ခ်က နက်ဆန်ရှေ့မှာရပ်လိုက်ပြီး ပြောလိုက်တယ်။ ကျွန်မတို့လည်း ခေါင်းညိတ်ပြလိုက်တာပေါ့။ မကြာခင်မှာပဲ အနောက်တိုင်း ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့မှော်ဆရာတွေနဲ့အတူ အသက် ခြောက်ဆယ်ကျော်အဖိုးကြီးတစ်ယောက်ရောက်လာပြီး ကျွန်မတို့ရှေ့မှာရပ်လိုက်တယ်။
အဲဒီလူက ရှားလော့ခ်ကိုရော နက်ဆန်ကိုပါဦးမညွှတ်ဘဲ သာမန်အတိုင်းပဲမိတ်ဆက်လိုက်တယ်။ “ကျုပ်က ရေကျောင်းတော် ဆီနိတ်တာတစ်ယောက်ဖြစ်တဲ့ ရီကာဒိုပါ။ ပထမသခင်လေးနဲ့ ဒုတိယသခင်မလေးတို့က ခင်ဗျားတို့ကို အိမ်ထဲမှာစောင့်နေပါတယ်။”
ရီကာဒိုက လမ်းပြတဲ့အနေနဲ့ရှေ့ကနေ ဦးဆောင်လျှေုက်တယ်။ မှော်ဆရာ ဒါဇင်ပေါင်းများစွာက ကျွန်မတို့ကိုဝန်းရံထားပြီးတော့ ခြံစည်းရိုးထဲကိုခြေချလိုက်တာနဲ့ မသိမသာအေးစိမ့်တဲ့ခံစားချက် တစ်ခုရဲ့ဖုံးလွှမ်းခြင်းကိုခံလိုက်ရတယ်။
“သတိထားမိလိုက်တာလား... ရေကျောင်းတော်ရဲ့ အထွတ်အမြတ်ရတနာတစ်ခုဖြစ်တဲ့ သုံးခွမှိန်းရဲ့သက်ရောက်မှုပဲ။ အဲဒါက ပထမသခင်လေးခရစ်စတိုဖာလက်ထဲမှာရှိနေတာ။ အဲဒီလက်နက်ကို အသုံးပြုမယ်ဆိုရင် သူက တော်ရုံအယ်ဒါတွေကို ကြောက်စရာမလိုဘူး။”
ရှားလော့ခ်က ကျွန်မတို့ကို တီးတိုးသတိပေးလိုက်တယ်။ နက်ဆန်က တည်တည်ငြိမ်ငြိမ်ပဲရှိနေသေးတယ်။ ကျွန်မလည်း ပြုံးလိုက်မိတာပေါ့။ နက်ဆန်က ပုံမှန်အယ်ဒါမှမဟုတ်တာ။ နေ့ခင်းဖက်ဖြစ်နေတယ်ဆိုပေမဲ့ ကျွန်မရဲ့ကျွန်မအရိပ်ထဲက ပါစီဗယ်တို့ကျန်နေသေးတယ်။ ရေကျောင်းတော်က အကြွင်းမဲ့ အင်အားရှေ့မှာဒူးထောက်သင့်တာ။
ကျွန်မအတွေးလွန်နေတဲ့အချိန်မှာပဲ ကျွန်မတို့တွေက စံအိမ်ရဲ့ ပန်းမွေရာဝင်္ကပါကြီးကို ဖြတ်သန်းလာခဲ့ရတယ်။ ကျယ်လွန်းလို့ ဆယ့်ငါးမိနစ်လောက်ကို လမ်းလျှောက်ရတာ။ စံအိမ်ရှေ့မှာ ရေပန်းတစ်ခုရှိပြီး ပိုဆိုက်ဒွန်နတ်ဘုရားရဲ့ရုပ်ထုကိုတော့ ရေပန်းမှာအလှဆင်တဲ့အနေနဲ့တပ်ထားတယ်။
စံအိမ်က နှစ်ထပ်ဖြစ်တယ်။ ထူးခြားချက်အနေနဲ့လှေကားတွေက အတွင်းမှာရှိနေတာမျိုးမဟုတ်ဘဲ အပြင်မှာရှိနေတာပါ။ အပေါ်ထပ် တက်တဲ့လှေကားနှစ်ခုက အောက်ထပ်ဝင်ပေါက်ဝကြီးပေါ်မှာ အမိုးလိုဖြစ်နေပြီး သံမဏိလက်ရန်းတွေကိုတပ်ဆင်ထားပါတယ်။ အဲဒီအပေါ်မှာတော့ မှော်ဆရာတွေက သတိအနေအထားနဲ့ ရပ်နေတယ်။ သူတို့တစ်ယောက်ချင်းစီကလည်း အားမနည်းကြဘူး။
“ဒီစံအိမ်မှာတင် အစောင့်အရေအတွက်ကသုံးလေးရာလောက် ရှိနေတာပဲ။” ကျွန်မ အံ့ဩမိတယ်။ ဒီလူအင်အားက အမှောင် ကျောင်းတော်ရဲ့ဆဲလ်ဆာဘုတ်အဖွဲ့တစ်ခုလုံးနဲ့ညီမျှတယ်။ ရှားလော့လ်ကတော့
“ကောင်မလေး၊ ဒါက သိပ်မထူးဆန်းပါဘူး။ ချမ်းသာတဲ့ ရေကျောင်းတော်ထဲကို ဘယ်မှော်ဆရာမဆိုဝင်ချင်ကြမှာပဲလေ။”
သူပြောတော့လည်း အဓိပ္ပါယ်ရှိသားပဲ။
ကျွီ...
အိမ်တံခါးမကြီးရှေ့မှာကျွန်မတို့ရပ်လိုက်တော့ တံခါးနှစ်ချပ်က ညီညီညာညာပဲပွင့်သွားပါတယ်။ စံအိမ်ကြီးရဲ့ဝင်ဝင်ချင်းမှာတော့ ခန်းမကျယ်ကြီးတစ်ခုရှိပြီး ဖန်သားအမိုးခုံးကနေတစ်ဆင့် နေရောင်က ဖြတ်သန်းကျရောက်နေပါတယ်။ ခန်းမထဲမှာ ပန်းခြံငယ်လေးတစ်ခုရှိပြီး ကြွေလိုတောက်ပဖြူဖွေးတဲ့ အသားအရောင်နဲ့မိန်းကလေးက လက်ထဲမှာလီလီပန်းလေး တစ်ပွင့်ကိုကိုင်ထားတာမြင်ရတယ်။ ကျေးငှက်တချို့ကလည်း အခန်းထဲမှာပျံဝဲနေပြီး လူစိမ်းတွေဝင်လာချိန်မှာတော့ မိန်းကလေးရဲ့ပခုံးပေါ်လာနားတယ်။
အဲဒီမိန်းကလေးက အဖြူရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး မျက်လုံးတွေကိုတော့ ပုဝါနက်နဲ့အုပ်ထားတယ်။ သူ့ဆံပင်တွေက အနီရောင်ဖြစ်ပြီးတော့ ကြမ်းပြင်ပေါ်ကိုပုံကျနေတဲ့အထိပါပဲ။
“ဆီနိတ်တာရီကာဒို၊ ကျွန်မတို့ဆီကို ဧည့်သည်တွေ ရောက်လာတာလား။”
ရီကာဒိုက အဲဒီမိန်းကလေးကို ဦးညွှတ်လိုက်တယ်။ “သခင်မလေး ဖီအိုနာ၊ လေပြေသခင်မ ရှားလော့ခ်နဲ့ ညအရှင်နက်ဆန်ပါ။”
မိန်းကလေးက ညအရှင်ဆိုတဲ့ဘွဲ့ကိုကြားတော့ ပြုံးလိုက်တယ်။ နောက်တော့ လမ်းလျှောက်တုတ်ကိုသုံးပြီး ခန်းမထဲမှာရှိတဲ့ ခုံကိုရှာကာ ထိုင်လိုက်တယ်။
“ညအရှင်... ဒါဆိုရင် အမှောင်ကျောင်းတော်မှာ အယ်ဒါတစ်ယောက် ရှိလာပြီပေါ့။”
“.....” ကျွန်မ အတော်လေးအံ့ဩသွားတယ်။ ဒီမိန်းကလေးက အပြင်မှာဖြစ်နေတာတွေကိုမသိဘူးလား။ သူက အနားမှာရှိနေတဲ့ အိမ်စေတစ်ယောက်ကို ကျွန်မတို့အတွက် လက်ဖက်ရည်ဝိုင်း ပြင်ဆင်ပေးဖို့ပြောပြီး ထိုင်စေပါတယ်။
“အဝေးကလာကြတဲ့ဧည့်သည်တွေ၊ ထိုင်ကြပါဦး။”
ရှားလော့ခ်နဲ့ကျွန်မလည်းခုံမှာဝင်ထိုင်တာပေါ့။ နက်ဆန်က ခုံမှာထိုင်ဖို့ကြိုးစားတော့ ရုတ်တရက်ဆိုသလိုပဲ လှံဖျားသုံးခုပါတဲ့ သုံးခွမှိန်းကြီးက လေထုကိုဖြတ်သန်းလာပြီး နက်ဆန့်ရင်ဘတ် တည့်တည့်ကို ပစ်မှတ်ထားလို့။
ဘုတ်...
နက်ဆန်ရဲ့အရိပ်က ကြီးထွားလာပြီးမှိန်းကြီးကို အရိပ်လက်နဲ့ ဖမ်းချုပ်လိုက်တယ်။ ဒါပေမဲ့ တိုက်ခိုက်မှုကဒီလောက်နဲ့တင် ပြီးမသွားဘဲ မှိန်းကြီးကနေအေးစိမ့်တဲ့အငွေ့အသက်တွေ ထွက်ပေါ်လာတဲ့အတွက်ကြောင့် နက်ဆန့်ရဲ့နတ်ဘုရားခန္ဓာ နည်းနည်းထိခိုက်သွားပြီး လွှတ်ပေးလိုက်ရတော့တာပေါ့။
ဒေါင်...
သုံးခွမှိန်းက ခန်းမအကျယ်ကြမ်းပြင်ပေါ်မှာစိုက်သွားတယ်။ နက်ဆန်ကတော့ ခုံမှာမထိုင်နိုင်တော့ဘဲ လဲကျမလိုဖြစ်နေတာနဲ့ ကျွန်မပဲတွဲထားလိုက်ရတာပေါ့။
“နက်ဆန်၊ ရှင်အဆင်ပြေရဲ့လား။”
“ငါဘာမှမဖြစ်ဘူး...” သူပြန်ပြောပေမဲ့ သူ့နှုတ်ခမ်းတွေ တုန်နေတယ်။
“အစ်ကို... သူတို့တွေက ကျွန်မရဲ့ဧည့်သည်တွေလေ။” ဖီအိုနာက အိမ်ကြီးထဲကိုကြည့်ပြီးပြောလိုက်တယ်။ မကြာခင်မှာပဲ လူကောင်ကြီးကြီးနဲ့အသက်နှစ်ဆယ်နှောင်းပိုင်းအရွယ် အမျိုးသားတစ်ယောက် ခန်းမထဲကိုဝင်လာပြီး သုံးခွမှိန်းကို ပြန်ကောက်ကိုင်လိုက်တယ်။
“ အမှောင်ကျောင်းတော်ကသူတွေကို အစ်ကိုကတော့ ဧည့်သည်အဖြစ် မသတ်မှတ်နိုင်ဘူး။ ခွေးမသား၊ မင်းဒီကို ဘာလာလုပ်တာလဲ။”
အခြေအနေတွေ တင်းမားလာတဲ့အတွက် ရှားလော့ခ်က မတ်တပ် ရပ်လိုက်ပြီး သူတို့နှစ်ယောက်ကြားထဲမှာဝင်ရပ်တယ်။
“ပထမသခင်လေး၊ ကျွန်မတို့မနေ့ကပြောထားတာကို သတိရသေးရဲ့လား။”
ဒီတစ်ခါတော့ ရှားလော့ခ်စကားကြောင့် ခရစ်စတိုဖာတစ်ယောက် ခွေးအကြီးလှည်းနည်းသလိုဖြစ်သွားပြီ။ ကျွန်မကတော့ ဖြစ်ပျက်နေတာတွေကို နားကိုမလည်နိုင်တော့ဘူး။ ဒါကြောင့် ဖီအိုနာကို မေးလိုက်တာပေါ့။
“အစ်မကြီး၊ ဒီမှာဘာတွေဖြစ်နေတာလဲဟင်။”
ဖီအိုနာက ရယ်မောလိုက်ပြီးတော့ “လေပြင်းအရှင်မက နင်တို့ကို ငါနဲ့ပေးတွေ့ဖို့သဘောတူမယ်ဆိုရင် သူ့ပိုင်နက်ထဲက ငါ့မောင်ရဲ့ လုပ်ငန်းတွေကို ဖယ်ရှားပစ်မယ်လို့ကတိပေးထားတယ်လေ။ ဆဲလ်ဆာအဖွဲ့ဝင်အများစုနဲ့ဆီနိတ်တာအများစုက အစ်ကိုကြီးကို ထောက်ခံတယ်ဆိုပေမဲ့ လုပ်ငန်းအများစုကိုလည်ပတ်နေတာက မောင်လေး ဒီရေဂိုလေ။”
ပြောရရင်တော့ နိုင်ငံရေးအပေးအယူပေါ့။ ခရစ်စတိုဖာ ငြိမ်ကျသွားပြီးနောက်မှာတော့ ရှားလော့ခ်က သူ့နေရာမှာသူ ဝင်ထိုင်တယ်။ အဲဒီနောက် ကျွန်မတို့ကို အခြေအနေတွေကို နားလည်အောင်ရှင်းပြပေးတယ်။
“ပြဿနာအစကိုပြောရရင်တော့ ဒီရေဂိုအဲဘတ်တိုင်းနဲ့ ခရစ်စတိုဖာတို့က ညီအစ်ကိုအရင်းတွေ ဆိုပေမဲ့လို့ ဖီအိုနာကတော့ အမေမတူဘူး။ ခရစ်စတိုဖာက မှော်ပညာဘက်မှာပါရမီပါပေမဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်ပတ်တဲ့နေရာမှာတော့ ဒီရေဂိုလို မထူးချွန်ဘူး။ ဖီအိုနာကတော့ အဲဒီနှစ်ခုလုံးမှာထူးချွန်လို့ ဆက်ခံသူအဖြစ် ရွေးချယ်ခံခဲ့ရတာလေ။”
“အဲဒီနောက်တော့ ရော့ဝဲလ်ပေါ်လာပြီး အကုန်ရှုပ်ကုန်တာလား။” ကျွန်မမေးလိုက်တော့...
“အဲဒီသဘောပဲ။” ရှားလော့ခ်က ဟန်မဆောင်ဘဲ ပြန်ဖြေတယ်။ ခရစ်စတိုဖာကလည်း ခုံတစ်ခုံမှာဝင်ထိုင်လိုက်ပြီးနောက်မှာတော့
“ညီမလေး ဒဏ်ရာရသွားပြီးနောက် အဖေကငါ့ကိုရွေးခဲ့ပေမဲ့ ဒီရေဂိုက မကျေနပ်ခဲ့ဘူး။ သူက သူထိန်းချုပ်ထားတဲ့လုပ်ငန်းတွေ အားကိုးနဲ့ငါ့အာဏာကိုစိန်ခေါ်လာတယ်။ သူ့ကိုယ်ပိုင်ကြေးစား တပ်ဖွဲ့တစ်ခုကိုဖွဲ့လိုက်ပြီး ရေကျောင်းတော်ရဲ့အာဏာအောက်မှာ ရှိမနေတော့ဘူး။ ဒီအတိုင်းလွှတ်ထားရင် အဖေမသေခင်မှာတင် သူငါတို့ကို ဖြုတ်ချလိမ့်မယ်။” ဒီတော့ သူတို့က ဒီရေဂိုကို အားနည်းအောင်လုပ်ချင်တာပေါ့။
အဲဒီနောက်တော့ သူက ဖီအိုနာကိုကြည့်လိုက်ပြန်ရော။ “အဲဒီလိုဆိုရင် ဖီအိုနာအတွက်လည်း အန္တရာယ်ရှိလာလိမ့်မယ်။”
ဘာလို့အန္တရာယ်ရှိလည်းဆိုတာကို ခရစ်စတိုဖာရှင်းမပြပေမဲ့ ကျွန်မနားလည်တယ်။ အဲဒီကောင်က နှာဘူးကောင်ဖြစ်နေလို့ မဟုတ်လား။ ဖီအိုနာက အစ်မတစ်ဝက်ဖြစ်နေတယ်ဆိုရင်တောင် ပိုကောင်းသေးတယ်ကွဆိုပြီး တော်ကောက်မယ့်ရုပ်မျိုး။
“ငါက မင်းတို့ကို တောင်းပန်ဖို့အတွက်လာခဲ့တာပါ။” နက်ဆန်က ဖီအိုနာရဲ့မျက်လုံးတွေရှိလောက်မယ့်နေရာကိုကြည့်ပြီးပြောတယ်။ ဖီအိုနာက သူ့မျက်လုံးကိုဖုံးအုပ်ထားတဲ့ပုဝါကိုဖယ်ဖို့လုပ်တယ်။ ခရစ်စတိုဖာက တားဖို့လုပ်ပေမဲ့နောက်ကျသွားပြီ။
“ညီမလေး....”
“ရပါတယ်... ကျွန်မက ညအရှင်ကို မြင်စေချင်ရုံပါ။” နောက်တော့ ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကို ကျွန်မမြင်လိုက်ရတယ်။ ဖီအိုနာရဲ့မျက်လုံးအိမ်တွေထဲမှာ မျက်လုံးအတုတွေပဲရှိနေတာ။ တကယ့်မျက်လုံးတွေရှိမနေတော့ဘူး။
“ဦးလေးရော့ဝဲလ်က အဲဒီတုန်းက သိပ်ကိုလက်စားချေချင် နေခဲ့တာလေ။ ကျွန်မရဲ့နတ်ဘုရားခန္ဓာကိုယ်ရှိနေတဲ့ ဒီမျက်လုံးတွေကိုတောင်းတော့ ကျွန်မကိုယ်တိုင်ပဲထုတ်ပေးခဲ့တာ။ သူက ကျွန်မကိုပြန်ပေးမယ်လို့ကတိပေးခဲ့တယ်။ အဲဒီကတိကို ကျွန်မယုံခဲ့တာ။”
“ဘာလို့လဲ....” ကျွန်မ နားမလည်နိုင်ဘူး။ ဒီမိန်းကလေးရဲ့ ဦးနောက်က တစ်ခုခုမှားနေတာများလား။ ဒီအတိုင်း မခုခံဘဲ ပေးလိုက်တာပေါ့။
ကျွန်မရဲ့အမေးကိုကြားတော့ ဖီအိုနာက ကျွန်မကိုပြုံးပြလိုက်ပြီး သူ့လက်က လက်စွပ်ကိုထောင်ပြတယ်။ အပြာရောင်ကျောက်မျက် မြုပ်နှံထားတဲ့ ရှေးဟောင်းရွှေလက်စွပ်က သာမန်လိုထင်ရပေမဲ့လို့ အဲဒီလိုဟုတ်မနေပါဘူး။
“အရာအားလုံးက ဒီလက်စွပ်လေးကနေစတယ်လို့ပဲပြောရမလား။ တကယ်တော့ ဦးလေးရော့ဝဲလ်က ကျွန်မအပေါ်ကျေးဇူးကြွေး တင်နေတယ်ဆိုတာထက် ကျွန်မကသာ သူ့အပေါ်မှာ အကြွေးတွေ အများကြီးတင်နေခဲ့တာပါ။”