← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

"ရှင်တို့က မှိုမျိုးစေ့ ပုလင်း ၅,၀၀၀ မှာထားတာဆိုတော့ ဖန်ပုလင်း ၅,၀၀၀ လိုအပ်တယ်။ ကျွန်မတို့ စင်တာက ပြန်လည်အသုံးပြုတဲ့ စခန်းတွေထက် ပိုပေးပြီး တစ်ပုလင်းကို သုံးပြားနဲ့ ဝယ်ယူပါတယ်၊ ဒါဆို ၅,၀၀၀ အတွက်..."

ကျိုးဝမ်ဟွေ့၏ ပေသီးသံ ထွက်ပေါ်လာသည်။ "ယွမ် ၁၅၀ "

လျိုဟူ အတွင်းရေးမှူးမှာ မျက်တောင်တလှုပ်လှုပ် ဖြစ်သွားပြီး ဖြတ်ပြောလိုက်သည်။ "ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော်တို့ကို ပစ္စည်းမှ မပေးရသေးတာ!"

"အဲဒီပုလင်းတွေက ရှင်တို့အတွက် မဟုတ်ဘူး။ စိုက်ပျိုးပြီးရင် ကျွန်မတို့က ပြန်သိမ်းမှာ။ ဒါက အသုံးပြုခနဲ့ လုပ်အားခတွေ ဖြစ်ပါတယ်။"

ယန်ရွှယ်၏ အပြုံးက မပျက်ပေ။ "အကယ်၍ ရှင်တို့က အော်ဒါမတင်ခဲ့ရင်၊ ကျွန်မတို့က ပုလင်းတွေ အပိုဝယ်ဖို့၊ လူအင်အားနဲ့ လိုက်စုဖို့ ဒါမှမဟုတ် သိုလှောင်ဖို့ နေရာတွေ ရှာနေစရာ မလိုဘူးလေ။"

သူမ ကျိုးဝမ်ဟွေ့ကို လှည့်ကြည့်လိုက်သည်။ "ကျိုးကြောင်းဆီလျော်အောင် ၁၅ ရာခိုင်နှုန်းလောက်ပဲ တွက်လိုက်ရအောင်။ ပြီးတော့ စိုက်ပျိုးဖို့အတွက် ဝယ်ထားတဲ့ ကုန်ကြမ်းတွေလည်း ရှိသေးတယ်..."

လျိုဟူရှိ အတွင်းရေးမှူး၏ မျက်နှာ ပျက်သွားသည်။ "ငါတို့က စနစ်တစ်ခုတည်းက ညီအစ်ကို ဌာနတွေပဲလေ။ ဒါက အရမ်းလွန်မနေဘူးလား"

"ညီအစ်ကိုတွေကြားမှာတောင် စာရင်းကတော့ ရှင်းရမယ်လေ။ ရှင့်ရဲ့ ညီအစ်ကိုက ရှင့်ရဲ့ အစားအသောက်တွေကို စားပြီး၊ ရှင့်ပစ္စည်းတွေကို သုံးပြီး၊ ရှင့်ပိုက်ဆံကို ဘာမှမပြောဘဲ သုံးနေရင် ရှင်လက်ခံမှာလား"

ယန်ရွှယ်၏ ယဉ်ကျေးသော်လည်း ထိရောက်သော တုံ့ပြန်မှုကြောင့် သူ စကားမဆိုနိုင်တော့ဘဲ၊ ဒုတိယညွှန်ကြားရေးမှူး အန်းထံမှ အကူအညီရလိုရငြား လှမ်းကြည့်လိုက်သည်။

သို့သော် ဒုတိယညွှန်ကြားရေးမှူး အန်း ဘာမှမပြောနိုင်ခင်မှာပင် ချူမင်လီက တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။

"ပြင်ဆင်မှုတွေအတွက် လျော်ကြေးပေးရမယ်ဆိုတာ စနစ်တစ်ခုတည်း ဖြစ်နေရင်တောင် မှန်ကန်တဲ့ အရာပဲ။"

သူက လျိုဟူအတွင်းရေးမှူးကို စိုက်ကြည့်လိုက်သည်။ "ငါတို့အားလုံးက နိုင်ငံတော်နဲ့ ဆိုရှယ်လစ် တည်ဆောက်ရေးအတွက် အလုပ်လုပ်နေကြတာ။ ခင်ဗျား ထိခိုက်အောင် လုပ်နေတာက စင်တာရဲ့ အကျိုးစီးပွားတင်မကဘဲ အများပိုင် အကျိုးစီးပွားကိုပါ ထိခိုက်စေတာ။"

ဝါရင့် ပါတီလုပ်သားများ ဖြစ်ကြသည့်အတိုင်း ကိစ္စရပ်များကို မည်သို့ အလေးအနက်ဖြစ်အောင် လုပ်ရမည်ကို သူတို့ သိကြသည်။ ချူမင်လီ၏ ပြောဆိုပုံကြောင့် လျိုဟူ အတွင်းရေးမှူးမှာ ဆက်ကန့်ကွက်ရန် ခက်ခဲသွားတော့သည်။

ထို့ပြင် စင်တာ၏ တွက်ချက်မှုများက အလွန်စေ့စပ်လှသည်။ နောက်ဆုံးတွင် သူတို့သည် ၆၃ ယွမ် နှင့် ၅၂ ပြား ဆုံးရှုံးခဲ့ကြောင်း တွက်ချက်ရရှိခဲ့သည်။ ၎င်းမှာ လူတစ်ယောက်၏ တစ်လခွဲစာ လုပ်ခလစာနှင့် ညီမျှသည်။

အတွင်းရေးမှူး၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်သွားသည်။ "ဒီလောက်အထိ အတိအကျ တွက်ဖို့ လိုလို့လား"

ယန်ရွှယ် ခေတ္တရပ်ကာ ‌ပြောလိုက်သည်။"စနစ်တစ်ခုတည်းက ဖြစ်နေတဲ့အတွက်ကြောင့် အကြွင်းတွေကိုတော့ ပယ်ဖျက်ပေးလိုက်ပါ့မယ်"

နောက်ဆုံးတွင် လျိုဟူဘက်က ပေးလိုက်ရသည်။ ငြင်းပယ်လျှင် စရန်ငွေ လုံးဝပြန်မရနိုင်သည်ကို သူ သိနေသောကြောင့် ဖြစ်သည်။ သို့သော် စရန်ငွေသည် စင်တာတွင် ခေတ္တမျှ ရောက်ရှိနေစဉ်အတွင်း ၁၀ ရာခိုင်နှုန်းနီးပါး လျော့နည်းသွားခဲ့သည်။ ငွေကို ပြန်မပေးခင်တွင် သူတို့က စာချုပ်တစ်ခုကို ထုတ်ပေးပြီး လက်မှတ်ထိုးခိုင်းသည်။

၎င်းစာချုပ်တွင် စရန်ငွေကို မိမိသဘောဆန္ဒအလျောက် ပြန်လည်ရုပ်သိမ်းခြင်း ဖြစ်ကြောင်းနှင့် သုံးနှစ်အတွင်း မှိုမျိုးစေ့ ဝယ်ယူခွင့်ကို စွန့်လွှတ်ကြောင်း ဖော်ပြထားပြီး၊ နှစ်ဖက်စလုံးနှင့် သက်သေများက လက်မှတ်ထိုးကြသည်။ လက်မှတ်ထိုးပြီး တံဆိပ်တုံးထုပြီးသည်နှင့် နောက်မှ စိတ်ပြောင်းလျှင် သူတစ်ဦးတည်းတင်မကဘဲ ဒုတိယညွှန်ကြားရေးမှူး အန်းနှင့် ချူမင်လီတို့၏ မျက်နှာကိုပါ ထိခိုက်စေမည် ဖြစ်သည်။

ဤစာရွက်စာတမ်းကို ရရှိသွားသောအခါ ကျွမ်းချီရှန်းသည် ကြားဝင်စေ့စပ်မည့်သူများအတွက် စိုးရိမ်စရာ မလိုတော့ပေ။ သူသည် ချူမင်လီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်သည်။

"ရပါတယ်၊ ဒီစင်တာကို တည်ထောင်ဖို့ ငါပဲ အကြံပေးခဲ့တာလေ။ သေချာပေါက် ငါက ဒါကို အောင်မြင်စေချင်တာပေါ့" ချူမင်လီ လက်ခါပြလိုက်သည်။

သူတို့ ထွက်လာကြစဉ်တွင် သူက လှည့်ကြည့်ကာ အားပေးစကား ဆိုသည်။ "ဆက်ပြီး ကြိုးစားကြပါ။ သဘာဝတရားကို အမှီပြုနေရတာက နည်းပညာကို အမှီပြုရတာလောက် မတည်ငြိမ်ဘူး။"

ယန်ရွှယ်လည်း ထိုစကားကို ထောက်ခံသည်။ တောတွင်း ဟင်းသီးဟင်းရွက်များကို ခူးယူခြင်းမှာ ကုန်ကျစရိတ် မရှိနိုင်သော်လည်း စွန့်စားရမှုများ ရှိသည်။ ရာသီဥတုမကောင်းသော နှစ်တွင် ဘာဝင်ငွေမှ ရရှိမည် မဟုတ်ပေ။ သို့သော် မှိုများကို စနစ်တကျ စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို အနည်းဆုံးဖြစ်စေပြီး တည်ငြိမ်သော ထွက်နှုန်းကို ရရှိစေနိုင်သောကြောင့် ဖြစ်သည်။

ဈေးကွက်ထဲသို့ ဝင်ရောက်ရန် အတားအဆီးများ မရှိသည့်အခါမျိုးတွင် အမြတ်အစွန်းဟူသည် အရောင်းလမ်းကြောင်းများကို မည်သူက ထိန်းချုပ်ထားနိုင်သလဲဆိုသည့်အပေါ်၌သာ လုံးလုံးလျားလျား မူတည်နေတော့သည်။ လျိုဟူ အနေဖြင့် ထိုကဲ့သို့သော လမ်းကြောင်းများကို ရရှိရန်နှင့် ထိန်းသိမ်းထားရန် သေချာမှု မရှိပေ။ ထို့ကြောင့် ယခုအချိန်တွင် သူတို့၏ မှိုမျိုးစေ့များကို ငြင်းပယ်လိုက်ခြင်းမှာ စောလွန်းလှသည်။

ကျွမ်းချီရှန်းသည် သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်ပြီး ရက်အတော်ကြာ ဖြစ်ပေါ်နေသော စိတ်အနှောင့်အယှက်များကို ဖယ်ရှားလိုက်သည်။

"ဒါရိုက်တာချူ၊ ဒီစင်တာကြီး အောင်မြင်ဖြစ်ထွန်းလာအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါ့မယ်။"

ယန်ရွှယ်၏ စွမ်းဆောင်မှုများကို ပြန်လည်သုံးသပ်ရင်း သူ လေးလေးနက်နက် ထပ်ပြောလိုက်သည်။"ရဲဘော်ယန်ရွှယ်ကတော့ တကယ်ကို ထူးချွန်တဲ့သူပဲ။"

သူကဲ့သို့ ရှေးရိုးစွဲဆန်ပြီး စေ့စပ်သေချာသူတစ်ဦးအဖို့ မိမိထက် ငယ်ရွယ်သော လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ချီးမွမ်းစကားဆိုရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။

ချူမင်လီ ပြုံးပြီး လျိုဟူအတွင်းရေးမှူးကို အကွက်ကျကျ တုံ့ပြန်နိုင်ခဲ့သော်လည်း ယခုအခါ သူတို့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ယန်ရွှယ်ကို တစ်ချက်ကြည့်ကာ ကျွမ်းချီရှန်းဘက်သို့ ပြန်လှည့်လိုက်သည်။

"ခေါင်းဆောင်ကောင်းမှ လက်အောက်ငယ်သား ကောင်းတာပေါ့။"

ထိုစကားက ကျွမ်းချီရှန်း၏ စိတ်ကို ကြည်လင်သွားစေသော်လည်း ၎င်းက ချူမင်လီ ကိုယ်တိုင်ကိုလည်း ရည်ညွှန်းနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယန်ရွှယ်သည် သူ၏ ကြီးကြပ်မှုအောက်ရှိ ကျင်းချွမ်မှ ပြောင်းရွှေ့လာသူ ဖြစ်သောကြောင့်ပင်။ ယန်ရွှယ်နှင့်အတူ ချန်ရွှေ့မှ ပါလာသော အဖွဲ့ဝင်များပင်လျှင် အလွန်ပင် အရည်အချင်းရှိကြသည်။ သူတို့သာ မရှိပါက စင်တာ၏ အလုပ်များမှာ ယခုကဲ့သို့ ချောမွေ့နေလိမ့်မည် မဟုတ်ပေ။

စင်တာသို့ ပြန်ရောက်သောအခါ ကျွမ်းချီရှန်းသည် စာချုပ်ကို လုံခြုံစွာ သိမ်းဆည်းလိုက်ပြီး အခြား မြို့နယ်သစ်တောဌာန နှစ်ခုထံ ဖုန်းဆက်ကာ အော်ဒါများကို အတည်ပြုလိုက်သည်။ ကံကောင်းထောက်မစွာပင် လူတိုင်းက လျိုဟူ၏ အတွင်းရေးမှူးကဲ့သို့ ယုံကြည်စိတ်ချ၍မရသူများ မဟုတ်ကြချေ။ မြို့နယ်နှစ်ခုလုံးက သူတို့၏ ကတိကဝတ်များကို ထပ်အတည်ပြုကြသည်။ သူတို့၏ စိုက်ပျိုးရေးအခြေစိုက်စခန်းများမှာလည်း အသင့်ပြင်ဆင်ပြီးသား ဖြစ်နေသည်။

၎င်းက ကျွမ်းချီရှန်းကို စိတ်အေးသွားစေသည်။ လျိုဟူ၏ ပုလင်းပေါင်း ၅,၀၀၀ ဆုံးရှုံးသွားသော်လည်း ၂၀,၀၀၀ ကျန်ရှိနေသေးရာ တစ်နှစ်ပတ်လုံး ကြိုးပမ်းအားထုတ်မှုများမှာ အလဟဿ မဖြစ်တော့ပေ။

ဇန်နဝါရီလ ရောက်သောအခါ မိခင်မျိုးစေ့ပြွန် ရာပေါင်းများစွာကို တံဆိပ်ကပ်ကာ စနစ်တကျ စိုက်ပျိုးလိုက်ကြသည်။ အချို့မှာ ရောင်းချရန် ဖြစ်ပြီး အချို့မှာ စင်တာ၏ နှိုင်းယှဉ်သုတေသနအတွက် ဖြစ်သည်။ ကျွမ်းချီရှန်းသည် အခန်းထဲသို့ မဝင်မီ လက်ဆေးခြင်းနှင့် ပိုးသတ်ခြင်းများကို လုပ်ဆောင်ရပြီး ဓာတ်ခွဲခန်းဝတ်စုံအဖြူကို ဝတ်ဆင်ရသည်။ ဤအလုပ်မှာ တကယ့်ကို နည်းပညာပိုင်းဆိုင်ရာ အလုပ်ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။

ဇန်နဝါရီလကုန်တွင် စမ်းသပ်ပြွန်များအတွင်းရှိ မှိုမျှင်များမှာ အပြည့်အဝ ကြီးထွားလာခဲ့ပြီး၊ အားလုံးက ၎င်းတို့ကို ခွဲထုတ်ကာ စိုက်ပျိုးရန်အတွက် ဖန်ပုလင်းများထဲသို့ ပြောင်းရွှေ့ထည့်သွင်းကြသည်။ ဤအဆင့်တွင် စိုက်ပျိုးခန်း တစ်ခန်းတည်းသာ ဖွင့်ထားရန် လိုအပ်သည်။ ယန်ရွှယ်သည် ကျွမ်းချိရှန်းနှင့် သွားရောက်တိုင်ပင်သည်။ ခရိုင်မြို့မှ လူများက အလုပ်ကို အလှည့်ကျ ကြီးကြပ်ကြပြီး ကျန်သူများမှာ နှစ်သစ်ကူးအတွက် ချန်ရွှေ့သို့ ပြန်ကြရန် ဖြစ်သည်။

ကျွမ်းချီရှန်းက တွန့်ဆုတ်နေခြင်းမရှိဘဲ ချက်ချင်းပင် အခြားသူများကို ခွင့်ပေးလိုက်ပြီး၊ ကျန်သူများ ပြန်ရောက်လာသည့်အခါမှ သူနှင့် ယန်ရွှယ်တို့က အလှည့်ကျ ခွင့်ယူရန် ဆုံးဖြတ်လိုက်ကြသည်။

ကျိုးဝမ်ဟွေ့နှင့် ကောချန်အန်းတို့သည် ပစ္စည်းများစွာ ဝယ်ယူထားကြပြီး ယန်ရွှယ်အတွက် တစ်စု ပေးအပ်ပြီးနောက် ကျန်တာများကို အိမ်သို့ သယ်သွားကြသည်။ ကောင်းသိုင့်တီ တစ်ယောက်သာ ဘာမှမဝယ်ဘဲ ယန်ရွှယ်အတွက် နှစ်သစ်ကူးလက်ဆောင်တစ်ခုသာ ပေးခဲ့သည်။

အမှန်စင်စစ် သူမ တစ်ခုခု ဝယ်သွားပါက သူမ၏ မိသားစုက သူမထံမှ ငွေသာ ထပ်တောင်းနေကြပေလိမ့်မည်။ ဘာမှမဝယ်သွားခြင်းက ပိုကောင်းသည်။ အကယ်၍ သူတို့က မလောက်ငှဟု ညည်းတွားပါကလည်း သူမက ထိုဆူပူကြိမ်းမောင်းသံများကို နားထောင်နေမည်မဟုတ်ပေ။ သူမကို ရိုက်ရန် ကြိုးစားပါကလည်း သူမက ထွက်ပြေးရုံသာ ရှိသည်။ ဘာပဲဖြစ်ဖြစ် ရထားလေးမှာ နှစ်သစ်ကူး ဒုတိယမြောက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည် ဖြစ်သည်။

သူမ၏ မိသားစုက စင်တာရှိ နည်းပညာရှင် ယန်ရွှယ်ကို ပြဿနာ လာရှာမည်ကို မစိုးရိမ်ပါက သူမ တကယ်ပင် ပြန်သွားလိမ့်မည် မဟုတ်ပေ။ ခရိုင်မြို့တွင် နေရသည်မှာ များစွာ ပိုကောင်းလှသည်။ နည်းပညာရှင်ယန်ရွှယ်နှင့် စာရင်းကိုင်ကျိုးတို့က သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံကြသည်။

သူတို့ သယ်ဆောင်လာသော အထုပ်အပိုးများကို ကြည့်ကာ မြင်သမျှလူတိုင်းက စာရင်းကိုင်ကျိုးနှင့် စောင့်ကြည့်ရေးမှူးကောတို့မှာ ခရိုင်မြို့သို့ ပြောင်းရွှေ့သွားပြီးနောက် သိသိသာသာ ပြောင်းလဲသွားကြောင်း ပြောကြသည်။ သူတို့၏ မိသားစုများမှာလည်း သူတို့ကို မြင်ရသဖြင့် ပို၍ပင် ပျော်ရွှင်နေကြသည်။

သို့သော် ပျော်ရွှင်စရာများကြားတွင် အဒေါ်ကောက အကြောင်းအရာဟောင်းတစ်ခုကို ပြန်စလိုက်သည်။"မင်း ပြန်ရောက်လာပြီဆိုတော့၊ အဒေါ်ဖန့်က မင်းအတွက် နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးထားတယ်"

ကောချန်အန်း ခေတ္တမျှ ငြိမ်သွားရာ အဒေါ်ကောက သူ သဘောမတူဟု ထင်မှတ်လိုက်သည်။ "တွေ့ရုံလေး တွေ့ကြည့်ပါဦး။ နှစ်သစ်ကူးပြီးရင် မင်းက ၂၆ နှစ် ရှိပြီ။ အခြေတကျ ဖြစ်ဖို့ အချိန်တန်ပြီလေ။"

သို့သော် ကောချန်အန်းက သူမကို အံ့သြသွားအောင် ပြောလိုက်သည်။ "မဟုတ်ဘူး အမေ၊ ကျွန်တော် ပြောမလို့ပဲ၊ ဘယ်သူနဲ့မှ မိတ်ဆက်ပေးနေစရာ မလိုတော့ဘူး။ ကျွန်တော့်ဘာသာ ကျွန်တော် တစ်ယောက်ကို ရှာတွေ့ထားပြီးပြီ။"

"ဘာ။ မင်းဘာသာ ရှာတွေ့ထားပြီးပြီ ဟုတ်လား?"

အဒေါ်ကောမှာ မှင်သက်သွားခဒ့သည်။ ကျင်းပေါင်ကျစ်နှင့် ကောချန်ပင်းတို့ပင် လှည့်ကြည့်လာကြသည်။

"ချန်အန်းမှာ ရည်းစားရှိနေပြီလား"

သူက မငြင်းသည်ကို မြင်သောအခါ အဒေါ်ကော၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူမ ထပ်မမေးဘဲ မနေနိုင်တော့ချေ။

"ဘယ်မှာ တွေ့တာလဲ။ ခရိုင်ကလား။ သူမက ဘယ်လိုပုံစံလဲ"

ကောချန်ပင်း ဝင်ပြောလိုက်သည်။ "အမေကလည်း၊ မေးခွန်းတွေ တရစပ် မေးနေတာပဲ။ သူ ဘယ်ဟာကို အရင်ဖြေရမှာလဲ"

"ငါက ဝမ်းသာလွန်းလို့ပါ!"

အဒေါ်ကောက သူမ၏ သားကြီးကို တစ်ချက်ကြည့်ကာ သားငယ်ဘက်သို့ ပြန်လှည့်လိုက်သည်။ "ရပါတယ် ချန်အန်း၊ ဖြည်းဖြည်းချင်းပဲ ပြောပါ"

ကောချန်အန်းက အစီအစဉ်တကျ ဖြေခဲ့သည်။"သူမက ခရိုင်က မဟုတ်ဘူး။ ကျွန်တော်တို့ သစ်တောစင်တာကပဲ။ အမေလည်း သူ့ကို သိပါတယ်။ လျန်ယွဲ့အာလေ။"

"အတွင်းရေးမှူးလျန်ရဲ့ ယွဲ့အာလား"

အဒေါ်ကောမှာ အံ့သြလွန်းသဖြင့် သူမ ပုံမှန်ခေါ်လေ့ရှိသော အခေါ်အဝေါ်ကိုပင် ပြင်ဆင်ရန် မေ့လျော့နေခဲ့သည်။

ကျင်းပေါင်ကျစ်သည် အဒေါ်ကော၏ မျက်နှာကိုကြည့်ကာ သူမ သဘောမတူမည်ကို စိုးရိမ်သဖြင့် ချက်ချင်း ဝင်ထောက်ခံခဲ့သည်။"ယွဲ့အာက တကယ်ကို ကောင်းတဲ့သူပါ။ အလုပ်လည်း ကြိုးစားသလို စိတ်သဘောထားလည်း ကောင်းတယ်"

"သူ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး"

အဒေါ်ကောက သူမ၏ စိတ်ကို ပြန်ထိန်းကာ ပြောလိုက်သည်။ "သူ့မိသားစုရဲ့ ဂုဏ်ဒြပ်က ငါတို့နဲ့ ယှဉ်ရင် မြင့်လွန်းနေမှာကို စိုးရိမ်လို့ပါ"

ကျင်းပေါင်ကျစ်က ထိုစကားကို ရယ်ချင်သွားသည်။ "သူတို့က ကျွန်မတို့မိသားစု နောက်ခံကို ကြည့်နေတာ မဟုတ်ပါဘူး။ ချန်အန်းရဲ့ ကိုယ်ပိုင်အရည်အချင်းကို သူတို့က သဘောကျနေတာ။"

လျန်မိသားစုဘက်တွင်လည်း ထိုအတိုင်းပင် စဉ်းစားနေကြသည်။ အထူးသဖြင့် ကောချန်အန်းကို အထင်ကြီးလေးစားသော လျန်ကျုံးထင် ဖြစ်သည်။

"လူအများစုကတော့ သူကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာတွေနောက်မှာ လက်လျှော့သွားကြမှာပဲ။ သူလုပ်နိုင်ခဲ့သလို ဘယ်နှစ်ယောက်ကများ ပြန်မတ်တပ်ရပ်နိုင်မှာလဲ"

လျန်ယွဲ့အာကလည်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။"ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သင့်တော်တယ်လို့ ထင်တယ်။ တစ်ယောက်ကိုတစ်ယောက် အထင်မသေးကြဘူး။ သူက အရည်အချင်းရှိသလို ကျွန်မတို့မိသားစုဆီက ဘာမှလည်း လိုချင်နေတာ မဟုတ်ဘူး။"

ကောချန်အန်း ခရိုင်သို့ ပြောင်းရွှေ့သွားရခြင်းမှာ လျန်မိသားစု၏ သြဇာကြောင့် မဟုတ်ပေ။ လျန်ကျုံးထင်မှာ ချန်ရွှေ့တွင် ရှိနေသဖြင့် သူ ကူညီချင်လျှင်ပင် ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။ ကောချန်အန်းအတွက်မူ လျန်ယွဲ့အာသည် လျန်ယွဲ့အာသာ ဖြစ်သည်။ တစ်စုံတစ်ဦး၏ သမီးမဟုတ်ပေ။ ထိုအချက်ကြောင့်ပင် သူမက သူ့အနားတွင် နေရသည်မှာ စိတ်သက်သာရာရစေပြီး အမြဲတမ်း စကားပြောဖော် ရှိနေခဲ့ခြင်းဖြစ်သည်။

နှစ်သစ်ကူးပြီးနောက် ယန်ရွှယ်သည် အဒေါ်ကောထံမှ "ကောင်းမွန်သော ဖူးစာကို စီစဉ်ပေးသည့်အတွက်" ကျေးဇူးတင်သောအားဖြင့် ကောချန်အန်းမှတစ်ဆင့် ပေးပို့လိုက်သော အထုပ်ကြီးတစ်ထုပ်ကို လက်ခံရရှိသည်။

ယန်ရွှယ်မှာ ရယ်လည်းရယ်ချင်သလို စိတ်လည်းညစ်သွားသည်။"ရှင်တို့နှစ်ယောက်က ရှင်တို့ဘာသာ တွဲခဲ့ကြတာလေ။ ကျွန်မတောင် မသိဘူး။ ဘာလို့ ကျွန်မကို ကျေးဇူးတင်နေတာလဲ"

သို့သော် ကောချန်အန်းက သူ၏မိခင် စဉ်းစားပုံကို နားလည်သည်။

"နည်းပညာရှင်ယန်သာ မရှိရင် ကျွန်တော် ဒီနေ့လို နေရာမျိုး ရောက်လာမှာ မဟုတ်ဘူး။ ယွဲ့အာနဲ့ ဆုံဖို့ အခွင့်အရေးလည်း ရှိလာမှာ မဟုတ်ဘူး။"

အကယ်၍ သူသာ သူ၏နာကျင်မှုများထဲတွင် ပိတ်မိနေသည့် သစ်တောစင်တာရှိ စက်ကိရိယာရုံကိုသာ စောင့်ကြည့်နေရသည့် ကောချန်အန်းအဖြစ် ဆက်ရှိနေမည်ဆိုပါက သူ၏ဘဝမှာ မည်သို့ ဖြစ်နေမည်ကို သူ မတွေးရဲပေ။

ရက်အနည်းငယ်အကြာတွင် လျန်ယွဲ့အာသည် အလုပ်ဝင်ရန် ခရိုင်မြို့သို့ ရောက်ရှိလာပြီး ယန်ရွှယ်အတွက် "အောင်သွယ်ခ" အဖြစ် နောက်ထပ် အထုပ်ကြီးတစ်ထုပ် ယူလာပြန်သည်။ နောက်တစ်ကြိမ် သူတို့နှစ်ဦး အိမ်ပြန်သည့်အခါတွင်မူ မိသားစုနှစ်ခု တွေ့ဆုံကာ စေ့စပ်ကြောင်းလမ်းမှုကို တရားဝင် ပြုလုပ်ကြမည်ဖြစ်ပြီး၊ ထို့နောက်မှ လက်ထပ်ပွဲအတွက် သင့်တော်သော နေ့ရက်ကို ရွေးချယ်ကြမည်ဖြစ်သည်။

ကောချန်ပင်းနှင့် ကျင်းပေါင်ကျစ်တို့မှာ တောင်ပေါ်တွင် သစ်ထုတ်လုပ်ရေး အလုပ်များဖြင့် အလုပ်ရှုပ်နေကြမည်ဖြစ်ရာ အလွန်စောစောတော့ စီစဉ်၍မရနိုင်ပေ။ မဟုတ်ပါက ပြင်ဆင်မှုများ လုပ်ဆောင်ပေးမည့်သူ သို့မဟုတ် တက်ရောက်မည့်သူ ရှိလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

သူတို့ကို လိုက်ပို့ပြီးနောက် ချီဖန့်က စားပွဲတွင် ရေသောက်ရင်း ယန်ရွှယ်ကို လှမ်းကြည့်လိုက်သည်။ "ကောချန်အန်းနဲ့ လျန်ယွဲ့အာ မင်းက နှစ်သစ်ကူးပြီးရင် ကိုယ့်ကို ပြောပြမယ်လို့ ပြောထားတယ်နော်"

သူ၏ မှတ်ဉာဏ်မှာ စိတ်ပျက်စရာကောင်းလောက်အောင် ထက်မြက်လှသည်။ ယန်ရွှယ် မငြင်းတော့ပေ။

"ဟုတ်တယ်၊ ပြီးခဲ့တဲ့ ဆောင်းဦးပေါက်တုန်းကမှ ကျွန်မ သိခဲ့တာ။"

ချီဖန့်က ဘာမှထပ်မပြောဘဲ လက်ဆောင်များကိုသာ တစ်ချက်ကြည့်လိုက်သည်။ "ကိုယ်လည်း ချီဖန့်နဲ့ ဟိုမိန်းကလေးဆီကို လက်ဆောင်တစ်ခုလောက် ပို့ပေးရမလား"

"ဟိုမိန်းကလေး" ဟူသည်မှာ အမည်မဖော်လိုသော "မိန်းကလေးယန်" ကို ဆိုလိုခြင်းဖြစ်ကြောင်း ယန်ရွှယ် ခဏအကြာမှ နားလည်သွားသည်။ အရှက်မရှိလိုက်ပုံများ။ သူတို့နှစ်ယောက်လုံးကို အောင်သွယ်တော်တွေလို သဘောထားနေကြခြင်း ဖြစ်သည်။ သူမ သူ့ကို စူးစိုက်ကြည့်လိုက်သည်။

ထိုလူမှာမူ ဘာမှမဖြစ်သည့်အလား သူမ၏အနောက်သို့ လာကာ သူမကို သိုင်းဖက်လိုက်ပြီး၊ လက်ဆောင်များကို စီစဉ်နေသော သူမ၏ ခေါင်းပေါ်တွင် သူ၏မေးစေ့ကို တင်ထားလိုက်သည်။ သူသည် ကိုယ်ထည်ကြီးမားပြီး နွေးထွေးနေသော "အပိုအသုံးအဆောင်" တစ်ခုနှင့် တူနေသည်။ ယန်ရွှယ် သူ့ကို ပုတ်ထုတ်လိုက်သည်။

"အခု သားမရှိတော့ဘူးဆိုတော့ သူ့နေရာမှာ ရှင်က အစားဝင်နေတာလား"

သူတို့၏ အိမ်သစ်၏ အကြီးမားဆုံးသော အားသာချက်မှာ ရေခပ်နေစရာ မလိုခြင်းဖြစ်ပြီး နေ့ဘက်တွင်ပင် လျှပ်စစ်မီး ရရှိခြင်းဖြစ်သည်။ ရေဒီယိုကိုလည်း မကြာခဏ အသုံးပြုဖြစ်ပြီး ဝဖိုင့်ဖိုင့် သားငယ်လေးပင်လျှင် သူ၏ဦးဦးနှင့်အတူ နားထောင်တတ်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့နှစ်ဦးမှာ တစ်ဖက်ခန်းတွင် ရေဒီယို နားထောင်နေကြပြီး သီချင်းတစ်ပုဒ် ပြီးသွားတိုင်း ဦးဦးကို အတင်းအော်ခိုင်းနေသော ကလေးငယ်၏ အော်သံများကို ရံဖန်ရံခါ ကြားနေရသည်။

ထို့ကြောင့် ကိုယ်ထည်ကြီးမားသော "အပိုအသုံးအဆောင်" သည် ကလေးငယ်နေရာတွင် တရားဝင် အစားဝင်လာကာ သူမကို ပွင့်ပွင့်လင်းလင်းပင် ဖက်ထားရင်း သူမ၏မေးခွန်းကို "အင်း" ဟု အရှက်မရှိ ပြန်ဖြေလိုက်တော့သည်။

ယန်ရွှယ်က သူ၏လက်မောင်းကို ထပ်ပုတ်လိုက်သည်။"ရှင့်လက်တွေ အားနေရင် ဒါတွေကူစီပေးဦး။"

.....

အချိန်များမှာ တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားခဲ့သည်။ ဧပြီလ ရောက်သောအခါ စိုက်ပျိုးခန်း ဆယ်ခန်းကျော်ရှိ မှိုမျိုးစေ့များမှာ အသင့်ဖြစ်နေပြီဖြစ်ရာ စင်တာမှ ပစ္စည်းများ ပို့ဆောင်ရန် ပြင်ဆင်ကြသည်။ ယန်ရွှယ်နှင့် ကောချန်အန်းတို့က မျိုးစေ့များကို ကိုယ်တိုင်ရွေးချယ်ကြပြီး၊ ဖန်ပုလင်းများကို စက္ကူညိုများဖြင့် ပိတ်ကာ ပို့ဆောင်မည့် ကားများပေါ်တွင် တုန်ခါမှုဒဏ် ခံနိုင်ရန် ကောက်ရိုးများ ခံပေးကြသည်။

မြင်းလှည်းများသည် စင်တာမှ ရက်အတော်ကြာ တရစပ် ထွက်ခွာသွားကြပြီး ပုလင်းပေါင်း ၂၀,၀၀၀ စလုံးကို ပို့ဆောင်ပြီးစီးသွားခဲ့သည်။ ကျွမ်းချီရှန်းသည် ရုံးခန်းထဲတွင်နေကာ မြို့နယ်အသီးသီးရှိ သစ်တောဌာနများမှ ပစ္စည်းများ လက်ခံရရှိပြီး အရေအတွက် မှန်ကန်ကြောင်း အတည်ပြုဖုန်းများကို စောင့်ဆိုင်းနေသည်။

ထို့ပြင် မြို့နယ်သစ်နှစ်ခုသို့ မျိုးစေ့ထည့်သွင်းနည်းသွားရောက် သင်ကြားပေးရန် လူလွှတ်ရန်လည်း လိုအပ်သည်။ ညှိနှိုင်းပြီးနောက် ယန်ရွှယ်နှင့် ကျိုးဝမ်ဟွေဘတို့က မြို့နယ်တစ်ခုသို့ သွားကြမည်ဖြစ်ပြီး၊ ကောချန်အန်းနှင့် လန်ယွဲ့အာတို့က နောက်ထပ် မြို့နယ်တစ်ခုသို့ သွားကြမည် ဖြစ်သည်။

ကောချန်အန်း၏ လမ်းလျှောက်ရန် အခက်အခဲရှိမှုကို ထည့်သွင်းစဉ်းစားကာ သူ့ကို ခရိုင်တစ်ခုတည်းအတွင်းရှိ တုန်းကု မြို့နယ်သို့ တာဝန်ပေးလိုက်ပြီး၊ ယန်ရွှယ်နှင့် ကျိုးဝမ်ဟွေ့တို့မှာမူ အိမ်နီးချင်း ပိုင်စုန့် ခရိုင်ရှိ ဝူကန်း မြို့နယ်သို့ သွားကြရမည် ဖြစ်သည်။

ဤခရီးစဉ်မှာ မျိုးစေ့ထည့်နည်း သင်ကြားပေးရုံသာမကဘဲ နောက်ဆက်တွဲ စီမံခန့်ခွဲမှုများကိုပါ ရှင်းပြရမည်ဖြစ်ရာ ရက်အတော်ကြာ ကြာမြင့်ပေလိမ့်မည်။ အားလုံးက ပစ္စည်းများကို အသင့်ပြင်ကြသည်။

သူတို့ စင်တာတွင် စုဝေးကာ ထွက်ခွာခါနီးမှာပင် တစ်စုံတစ်ယောက်က ဂိတ်ဝရှိ အစောင့်ကို မေးမြန်းလိုက်သည်။

"ခွင့်ပြုပါဦး၊ ဒါက စားသုံးမှို စိုက်ပျိုးရေးစင်တာလား။ ကျွန်တော် လူတစ်ယောက်ကို လာရှာတာပါ။"

ကျိုးဝမ်ဟွေ့၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ယန်ရွှယ်၏ မျက်လုံးများမှာလည်း ထိုသူကို မြင်သောအခါ မှောင်ကျသွားတော့သည်။

All Chapters