အထဲကို မဝင်ခင် ကံကြမ္မာကို အသေအချာ ဖုံးထား
Vol. 30 Ch. 291
ဓားဝိညာဉ် ဆယ့်နှစ်ခုသည် သက်ပြင်းချမိသွားကြသည်။ သူတို့သည် ဤဓားမျှော်စင်ကို ကမ္ဘာများစွာတိုင် စောင့်ကြပ်လာခဲ့ကြသော်လည်း ယခုကဲ့သို့ ထူးဆန်းအံ့ဩဖွယ်ကောင်းသော လူငယ်ကို မြင်ဖူးခြင်းမှာ ယခု ပထမဆုံးအကြိမ်ပင်။
ဓားဝိညာဉ်ချွန်းယန်သည် နောက်ပြောင်ကျီစယ်သော လေသံကို ဖျောက်ပစ်ကာ မေးမြန်းလိုက်သည်။ “လူငယ်လေး... မင်းနာမည် ဘယ်လိုခေါ်လဲ။ မင်းက ငါတို့မှတ်သားထားဖို့ ထိုက်တန်တဲ့သူပဲ”
ရှောင်ချန်း လက်သီးဆုပ်ကာ ဂါရဝပြုရင်း ပြောလိုက်သည်။
“လေးစားရတဲ့ စီနီယာတို့... ကျွန်တော့်နာမည်က ရှောင်ချန်းပါ”
ဓားဝိညာဉ်ဖော့ထျန်းမှ ပြောသည်။
“ရှောင်ချန်း... မင်းက ငါတို့ ဓားတာအိုအနှစ်သာရကို သင်ယူဖို့ တကယ်ပဲ အရည်အချင်း ပြည့်မီပါတယ်။ ဒါပေမဲ့ ဒီမျှော်စင်ရဲ့ စည်းမျဉ်းအရ မင်း ဒီမှာ တစ်နှစ်ပဲ ကျင့်ကြံခွင့်ရှိမယ်။ အဲဒီအချိန်အတွင်းမှာ ငါတို့ရဲ့ ဓားတာအိုကို သဘောပေါက် နားလည်နိုင်မယ်လို့ မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရဲ့လား”
ရှောင်ချန် ပြုံးလျက် ပြန်ပြောသည်။
“ဆယ့်နှစ်လဆိုတာ လုံလောက်ပါတယ်။ ဒါ့အပြင် ကျွန်တော်က စီနီယာတို့ တစ်ယောက်ချင်းစီရဲ့ အားသာချက်တွေကို ယူပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်နိုင်ဖို့ပဲ မျှော်လင့်ထားတာ”
“ကောင်းပြီ... ဒါဆိုရင် မင်းကို ဓားတာအို အနှစ်သာရတွေ စပြီး လက်ဆင့်ကမ်းပေးတာပေါ့”
“ကျေးဇူးတင်ပါတယ် စီနီယာတို့”
ထို့နောက် ရှောင်ချန်း ဓားဝိညာဉ် တစ်ခုချင်းစီထံမှ တစ်လှည့်စီ စတင် သင်ယူလေတော့၏။
တစ်ချိန်တည်းမှာပင် နန်းတော် ဂီတနန်းဆောင်၏ အပြင်ဘက်တွင်
ချင်းချင်းနှင့် ချူချိုက်ယီတို့ နန်းဆောင်အပြင်ဘက်၌ ဆုံမိကြလေသည်။
“စီနီယာအစ်မချင်းချင်း”
ချူချိုက်ယီ ချင်းချင်းကို ဦးညွှတ်လိုက်သည်။
ချင်းချင်း ခေါင်းတစ်ချက် ငြိမ့်ပြလိုက်၏။
“ဂျူနီယာညီမလေးချိုက်ယီ... တခြားတပည့်တွေကိုရော တွေ့မိသေးလား”
ချူချိုက်ယီက ခေါင်းခါပြလိုက်၏။
“မတွေ့မိပါဘူး။ ကျွန်မ ခုနတင် ဥယျာဉ်တစ်ခုထဲကို ရောက်သွားတာ၊ သတိမထားမိခင်မှာပဲ ဒီကိုရောက်လာတာပဲ”
“ငါလည်း အတူတူပဲ။ ဒီကို ရောက်နေမှတော့ အထဲမှာ ဘာရှိလဲဆိုတာ ဝင်ကြည့်ကြတာပေါ့”
“ကောင်းပါပြီ”
အမျိုးသမီးနှစ်ဦးမှာ စကားပြောရင်း ဂီတနန်းဆောင်အတွင်းသို့ အတူတကွ လှမ်းဝင်ခဲ့ကြသည်။
သူတို့ ဝင်လိုက်သည်နှင့် ကျောက်စိမ်းပလွေတစ်ခုထံမှ လွင့်ပျံ့လာသော သာယာနာပျော်ဖွယ် တေးသံကို ကြားလိုက်ရ၏။ ထိုစွဲမက်ဖွယ်ကောင်းသော တေးသွားထဲ၌ သူတို့ စီးမျောသွားကြတော့သည်။
တစ်ခဏအကြာတွင် ချင်းချင်းသည် ထိုတေးသွားထဲမှ သတိပြန်ဝင်လာ၏။ သူမက ချက်ခြင်းပင် ဇီသာကို ထုတ်ယူကာ စတင်တီးခတ်တော့သည်။
သူမ ဘေးတွင် ချူချိုက်ယီသည် ဇီသာသံနှင့် ပလွေသံတို့၏ လှပသော ပေါင်းစပ်မှုကို နားထောင်ရင်း ဖြည်းဖြည်းခြင်း ကခုန်မိလေ၏။
သူမ ကျော့ရှင်းတင့်တယ်စွာ ကပြနေစဉ်အတွင်း ယခင်က ဟာလာဟင်းလင်းဖြစ်နေသော ဂီတနန်းဆောင်အတွင်း၌ သူမနှင့်အပြိုင် ကပြရန် ကချေသည် အမျိုးသမီး ဒါဇင်ပေါင်းများစွာ ရုတ်တရက် ပေါ်လာကြသည်။
အချိန်အတော်ကြာပြီးနောက် တေးဂီတမှာ ရပ်တန့်သွားပြီး ကချေသည် အမျိုးသမီးများလည်း ကျော့ရှင်းစွာပင် ပြန်လည် ဆုတ်ခွာသွားကြ၏။
“တကယ့်ကို ကောင်းမွန်တဲ့ ဖျော်ဖြေမှုတစ်ခုပဲ။ ငါ ဒီနန်းဆောင်မှာ နေထိုင်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒါပေမဲ့ ဂီတကို မြတ်နိုးတဲ့တာအိုမိတ်ဆွေတွေကို အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာ”
ခန့်ညားထည်ဝါပြီး မြင့်မြတ်သော အသံတစ်ခုမှာ နန်းဆောင်အတွင်းမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။
ထိုအသံကို ကြားလျှင်ပင် အမျိုးသမီးနှစ်ဦးမှာ ထိုအသံလာရာဘက်သို့ ဦးညွှတ်လိုက်ကြသည်။
“စီနီယာကို ဂါရဝပြုပါတယ်။ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပေးဖို့လည်း မျှော်လင့်ပါတယ်”
နန်းဆောင်အတွင်းမှ အမျိုးသမီးက ဆိုလေ၏။
“ဘာမှ အားနာမနေပါနဲ့။ ငါက ဒီကျောက်စိမ်းပလွေမှာ ကပ်တွယ်နေတဲ့ စိတ်အာရုံအကြွင်းအကျန် တစ်ခုသာသာပါ။ အခုလို စိတ်တူကိုယ်တူမိတ်ဆွေတွေကို တွေ့ရခဲပါတယ်လေ။ ဒါကို ဘယ်လိုလုပ် နှောင့်ယှက်တယ်လို့ ခေါ်လို့ရမှာလဲ။ ဝင်လာခဲ့ကြပါ”
သူမ စကားအဆုံးတွင် နန်းဆောင်တံခါးကြီးများမှာ တကျိကျိ မည်သံပေးကာ ပွင့်သွား၏။
သူတို့နှစ်ဦးမှာ သတိထားနေဆဲဖြစ်သော်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ နန်းဆောင်အတွင်းသို့ ဝင်လိုက်ကြသည်။
ခန်းမဆောင်ကြီး၏ အလယ်ဗဟိုတွင် ကျောက်စိမ်းပလွေကို ကိုင်ဆောင်ထားကာ ရင်သပ်ရှုမောဖွယ် လှပ၍ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို သူတို့ မြင်တွေ့လိုက်ရသည်။
တိုင်းပြည်တစ်ခုလုံးကို မှောက်ခုံလှန်နိုင်လောက်သည့် အလှပိုင်ရှင် ချူချိုက်ယီပင် ထိုအမျိုးသမီး၏ အရှိန်အဝါရှေ့တွင် သူမကိုယ်သူမ မှေးမှိန်သွားသလို ခံစားလိုက်ရ၏။
“ထိုင်ကြပါ”
ထိုအမျိုးသမီး ခပ်တိုးတိုးပြောလိုက်ရာ သူတို့ နောက်ကွယ်တွင် ကုလားထိုင်နှစ်လုံး ပေါ်လာသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
“ငါ့ကို စီနီယာလို့ ခေါ်စရာမလိုပါဘူး။ မင်းတို့နှစ်ယောက်က ဂီတနန်းဆောင်ရဲ့ အောက်မှာ ဝှက်ထားတဲ့ ရတနာအတွက် ရောက်လာကြတာ မဟုတ်လား”
ချင်းချင်း ရိုသေစွာ ပြန်ဖြေသည်။
“အမှန်အတိုင်း ပြောရရင် ကျွန်မတို့ ဒီနန်းဆောင်ဆီ ပို့ခံလိုက်ရတာပါ။ တစ်ခုခုက ဒီနေရာကို လမ်းပြလာသလို ခံစားရပါတယ်”
ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ မျက်နှာတွင် စဉ်းစားတွေးတောနေဟန် ပေါ်လာ၏။ တစ်ခဏ ကြာပြီးနောက် သူမ ပြောလိုက်သည်။
“နားလည်ပြီ။ ကံကြမ္မာက မင်းတို့ကို ဒီကို ခေါ်ဆောင်လာတာဆိုတော့ တို့တွေ ဆုံစည်းဖို့ ကံပါလာတာပေါ့။ ဒီလိုလုပ်ကြရအောင်... ငါ့ကို စိတ်ကျေနပ်စေမဲ့ တေးသွားတစ်ခုကို တီးခတ်ပြနိုင်ရင် ငါ လမ်းညွှန်ချက်တစ်ခု ပေးမယ်။ မပြနိုင်ရင်တော့ လာရာလမ်းအတိုင်း ပြန်ကြရုံပဲ”
“စီနီယာ... ကျွန်မတို့ကို ခေါင်းစဉ် တစ်ခု ပေးပါဦး”
ထိုအမျိုးသမီး ချက်ချင်း ပြန်မဖြေဘဲ နန်းဆောင်အတွင်း၌ ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။
အချိန်အတော်ကြာမှ သူမ စကားစလိုက်သည်။
“နာကြည်းချက် ကို အကြောင်းအရာအဖြစ် သုံးပါ။ မင်းတို့ အခုချက်ချင်း အဲဒီအပေါ်မှာ အခြေခံပြီး တေးတစ်ပုဒ် တီးခတ်နိုင်မလား”
စကားအဆုံးတွင် အမျိုးသမီး၏ အကြည့်မှာ ချင်းချင်းပေါ်သို့ ကျရောက်သွား၏။ “စဉ်းစားဖို့ သုံးရက် အချိန်ပေးမယ်”
“နာကြည်းချက်” ဟူသော စကားလုံးကို ကြားသောအခါ ချင်းချင်းမှာ ချက်ချင်း ပြန်မဖြေဘဲ အတွေးနက်သွားသည်။
သူမ ဆရာနှင့် မဆုံတွေ့ခင်က သူမသည် လောကီလူသားတို့၏ ခါးသီးမှုဒဏ်ကို ခံစားခဲ့ရဖူးသည်။ သူမ နှလုံးသားထဲတွင် နာကြည်းချက်မရှိဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော် ရှေ့မှ ဝိညာဉ်ပုံရိပ်ကို ထိုခံစားချက်များနှင့် ထပ်တူကျစေရန်မှာ သာမန်တေးသွားတစ်ခုဖြင့် မဖြစ်နိုင်ပေ။
အချိန်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွား၏။
ခန်းမဆောင်ကြီး တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
ချူချိုက်ယီမှာ ချင်းချင်း၏ အတွေးများကို မနှောင့်ယှက်မိစေရန် ငြိမ်နေသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချင်းချင်း ဖြည်းဖြည်းချင်း မျက်လုံးများကို မှိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ တရားမှတ်သည့် အခြေအနေသို့ ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ သူမသည် ရှေ့မှ အမျိုးသမီး ခံစားနေရသော နာကြည်းချက်ကို အာရုံခံနိုင်ရန် ကြိုးစားနေခြင်းပင်။
ကံဆိုးသည်မှာ ထိုအမျိုးသမီးသည် ကျန်ရစ်နေသည့် စိတ်အာရုံမျှသာ။ ချင်းချင်းသည် သူမ တည်ရှိမှုကို လုံးဝ အာရုံခံ၍ မရပေ။ ထို့ကြောင့် အခြားတစ်နည်းဖြင့် ကြိုးစားရပေလိမ့်မည်။
တစ်ရက်နှင့် တစ်ည ကုန်ဆုံးပြီးနောက် ချင်းချင်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူမ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်နေ၏။
“စီနီယာ... ကျွန်မ တီးခတ်ဖို့ အဆင်သင့် ဖြစ်ပါပြီ”
“အို...”
ကျော့ရှင်းသောအမျိုးသမီး၏ မျက်လုံးများထဲတွင် စပ်စုလိုစိတ်များ ပေါ်လာသည်။
“စလိုက်ပါဦး”
ချင်းချင်းသည် သူမ ဇီသာကို ပြင်ဆင်လိုက်ပြီး ကြိုးများကို စတင်ခတ်လိုက်သည်။
ဒေါင်... ဒေါင်... ဒေါင်...
တေးသံများ ထွက်ပေါ်လာသည်နှင့်အမျှ ခြောက်ခြားဖွယ်ကောင်းပြီး ဝမ်းနည်းကြေကွဲစရာ ကောင်းသော တေးသွားတစ်ခုသည် ခန်းမဆောင်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။
ချူချိုက်ယီသည် သူမရှေ့မှ မြင်ကွင်းများ စတင်ပြောင်းလဲလာသည်ကို လျင်မြန်စွာ သတိပြုမိလိုက်ရ၏။
မှောင်မည်းတိတ်ဆိတ်နေသော နန်းဆောင်ထဲတွင် အလှဘုရင်မတစ်ဦးမှာ ကောင်းကင်ယံကို ဝမ်းနည်းပူဆွေးစွာ စိုက်ကြည့်ရင်း နေမင်းကြီးအား သူမ ရင်ဖွင့်စကားများကို ပြောကြားနေသည်ကို မြင်လိုက်ရသည်။
ဤမြင်ကွင်းသည် ချူချိုက်ယီအတွက် သူမကိုယ်တိုင် နန်းတွင်းထဲ၌ အထီးကျန်စွာ နေထိုင်ခဲ့ရစဉ်က သူမကိုယ်သူမ အကများဖြင့်သာ ဖျော်ဖြေခဲ့ရသည့် နေ့ရက်များကို ပြန်လည် သတိရစေ၏။
သူမ သတိမထားမိဘဲ စတင်၍ ကခုန်မိတော့သည်။
ဇီသာသံမှာ ခန်းမအတွင်း ဆက်လက် လွင့်ပျံ့နေသည်။နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးမှာ တိတ်တဆိတ် စတင်ငိုကြွေးနေသည်ကို မည်သူမျှ သတိမထားမိကြပေ။
သူမသည် အလိုလိုပင် ကျောက်စိမ်းပလွေကို မြှောက်ကာ စတင်တီးမှုတ်လေတော့သည်။
ဇီသာနှင့် ပလွေသံတို့၏ ပေါင်းစပ်မှုမှာ ခုနစ်ရက်နှင့် ခုနစ်ညတိုင်တိုင် ဆက်လက်တည်ရှိနေခဲ့သည်။
တေးဂီတ ရပ်တန့်သွားသည်နှင့် ထိုအမျိုးသမီး၏ ပုံရိပ်မှာ စတင်မှုန်ဝါးလာလေ၏။
သူမ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသော်လည်း ချင်းချင်းကို နူးညံ့စွာ ပြုံးပြလိုက်သည်။
“နောက်ဆုံးတော့... ငါ့နှလုံးသားထဲက နာကြည်းချက်ကို နားလည်ပေးမဲ့သူ ပေါ်လာပြီပဲ။ ရတနာကတော့ ငါ့ရဲ့ ဖီးနစ်ကုတင် အောက်က လျှို့ဝှက်ခန်းထဲမှာ ရှိတယ်။ မှတ်ထားပါ။ အဲဒီအခန်းထဲကို ဝင်တဲ့အခါ မင်းတို့ရဲ့ ကံကြမ္မာကို ဖုံးကွယ်ထားရမယ်။ မဟုတ်ရင် ဘေးအန္တရာယ်က မင်းတို့ဆီ ရောက်လာလိမ့်မယ်။”
ထိုသို့ ပြောပြီးသည်နှင့် အမျိုးသမီး၏ ကျန်ရစ်သော စိတ်အာရုံမှာ ခန်းမဆောင်အတွင်း၌ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ချူချိုက်ယီသည် သူမ မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ကာ ဆိုလိုက်သည်။
“စီနီယာအစ်မ... ခုနက တီးခဲ့တဲ့ တေးသွားနာမည်က ဘာလဲဟင်”
ချင်းချင်း ပြောလိုက်၏။
“ ‘ကြင်ယာတော်ရှန်း ရဲ့ နာကြည်းချက်’လို့ ခေါ်တယ်။ ဆရာဆီကနေ သင်ယူခဲ့ဖူးတာ”
“အော်... ဒါကြောင့်ကိုး”
ချူချိုက်ယီ ခေါင်းတစ်ချက် ငြိမ့်ပြ၏။ “ဒါနဲ့ စီနီယာအစ်မ... ကျွန်မတို့ရဲ့ ကံကြမ္မာကို ဘယ်လိုမျိုး ဖုံးကွယ်ရမှာလဲ”
ချင်းချင်း ခေါင်းခါပြကာဆိုလေသည်။
“ငါလည်း ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး”
“ဒါဆိုရင်... ကျွန်မတို့ လက်လျှော့လိုက်ကြတော့မှာလား”
ချူချိုက်ယီ အနည်းငယ် နှမြောတသဟန်ဖြင့် ရေရွတ်လိုက်၏။
“ငါတို့ ဒီအထိ ရောက်လာမှတော့ ပြန်လှည့်သွားစရာ အကြောင်းမရှိဘူး။ ငါတို့ဆရာ ချန်ထားပေးခဲ့တဲ့ ရတနာတွေကို မမေ့နဲ့လေ။ ငါတို့ အဆင်ပြေမှာပါ”
ချူချိုက်ယီ မျက်လုံးများ ဝင်းလက်သွားခဲ့၏။
“ဟုတ်သားပဲ ဒါကို ကျွန်မ ဘယ်လိုများ မေ့သွားရတာလဲ။ ဒါဆို သွားကြစို့ စီနီယာ အစ်မ”