← Chapters

ဒီမိန်းကလေးမှာ ဧကရီဖြစ်မဲ့ ကံပါလာတယ်

Vol. 30 Ch. 292

ဒီမိန်းကလေးမှာ ဧကရီဖြစ်မဲ့ ကံပါလာတယ်

Vol. 30 Ch. 292

‘ကောင်းကင်ဘုံက ငါ့ကို အမှန်တကယ် ကူညီနေပြီပဲ’

ပြတ်ရှသော အသံတစ်ခုနှင့်အတူ ဖီးနစ်ကုတင်အောက်ရှိယန္တရားမှာ ပွင့်လာလေ၏။

ချင်းချင်းနှင့် ချူချိုက်ယီတို့ သူတို့ဆရာ ပေးထားသော ဓားကျောက်စိမ်းများကို ထုတ်ယူလိုက်ကြပြီး၊ ရုတ်တရက် ပေါ်ထွက်လာသော ထိုလျှို့ဝှက်လမ်းကြောင်းကို ကြည့်ရင်း လက်ဖဝါးထဲ၌ တင်းတင်းဆုပ်ကိုင်ထားကြသည်။

နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြောလိုက်၏။

“ဂျူနီယာ ညီမလေး ချိုက်ယီ... သွားကြရအောင်”

“ကောင်းပါပြီ”

ချူချိုက်ယီ ပြန်ထူးလိုက်ပြီးနောက် သူတို့နှစ်ဦးသား လျှို့ဝှက်လမ်းကြောင်းအတိုင်း စတင်ထွက်ခွာလာခဲ့ကြ၏။

မည်မျှကြာအောင် လမ်းလျှောက်ခဲ့ရသည်ကို မသေချာသော်လည်း သူတို့ရှေ့တွင် အစီအရင်တစ်ခု ပေါ်လာခဲ့သည်။၎င်းမှာ စိတ်အာရုံလှည့်စားသော မြူခိုးအစီအရင် တစ်ခုပင်။

အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ချင်းချင်းသည် ချူချိုက်ယီကို ဦးဆောင်ကာ အစီအရင်အတွင်းသို့ ဝင်ခဲ့၏။

သူတို့က မြူခိုးအထပ်ထပ်ကို ဖြတ်ကျော်လာခဲ့ရာမှ စူးရှသော အဖြူရောင် အလင်းတန်းတစ်ခု ရိုက်ခတ်လာသဖြင့် မျက်စိထဲ၌ အလွန်အမင်း မသက်မသာ ဖြစ်သွားရသည်။

ခဏအကြာ မျက်စိ အသားကျသွားသောအခါ အမျိုးသမီးနှစ်ဦးစလုံး မှင်သက်သွားကြတော့‌၏။

သူတို့ရှေ့မှ မြင်ကွင်းမှာ ခုနက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းနှင့် အတူတူပင်။ အစီအရင်တစ်ခုအတွင်းသို့ ဝင်လာခဲ့သည်ကိုသာ မသိခဲ့ပါက သူတို့မျက်စိက သူတို့ကို လှည့်စားနေသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။

ချူချိုက်ယီ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“စီနီယာအစ်မ... ဘာတွေဖြစ်နေတာလဲဟင်”

ချင်းချင်းက ကောင်းကင်ယံရှိ တောက်ပနေသော အရာဝတ္ထုကို မော့ကြည့်လိုက်ပြီး ခပ်ပါးပါး ပြုံးလိုက်သည်။

“ဒါကြောင့်ကိုး။ ငါတို့ နေရာမှားရောက်လာတာ မဟုတ်ဘူး။ ဒါက အပေါ်က မြေအောက်နန်းတော်ကို အတုခိုးပြီး ဆောက်ထားတာပဲ။ ကောင်းကင်မှာ ချိတ်ထားတဲ့အရာက နေမဟုတ်ဘူး၊ လကျောက်တုံးပဲ”

ချူချိုက်ယီ သံသယရှိနေဆဲပင်။

“ဒါပေမဲ့ ဒီနေရာက ဂူဗိမာန်တစ်ခုနဲ့ လုံးဝမတူဘူးနော်”

“အထဲဝင်ကြည့်ရင် သိရမှာပေါ့။”

ချင်းချင်းသည် ရှေ့ရှိ ရင်းနှီးနေသော နန်းဆောင်အတွင်းသို့ လှမ်းဝင်လိုက်၏။

ဝူး...

လေညင်းတစ်ချက် ဖြတ်တိုက်သွားသည်။ အေးစက်မနေသော်လည်း ထိုလေညင်းက သူတို့နှစ်ဦးကို သတိရှိနေစေရန် ပြုလုပ်လိုက်သည့် ခပ်ဖျော့ဖျော့ အေးစိမ့်မှုကို သယ်ဆောင်ပေးနေခဲ့သည်။

ထိုအချိန်တွင် သူတို့နားထဲသို့ တီးတိုးပြောနေသော စကားသံများ ရောက်ရှိလာ၏။

“ကြည့်စမ်း... တစ်ယောက်ယောက် ရောက်နေပြီ”

“သူတို့ဆီမှာ ကံကြမ္မာအရှိန်အဝါတွေ အားကောင်းလိုက်တာ။ အဲဒါကိုသာ ခိုးယူနိုင်ရင် နောက်ထပ် ဘဝတစ်ခုလောက် အသက်ရှင်နိုင်မှာပဲ”

“အိပ်မက်မက်မနေနဲ့။ ငါတို့လို အဆင့်မရှိတဲ့သူတွေဆီ အဲဒီလို ကံကောင်းခြင်းမျိုးက ဘယ်လိုလုပ် ရောက်လာမှာလဲ”

ချင်းချင်း ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော တစ္ဆေပုံရိပ်တို့သည် ပြတင်းပေါက်များမှတစ်ဆင့် သူတို့အား ချောင်းကြည့်နေကြသည်ကို မြင်လိုက်ရ၏။

“စီနီယာအစ်မ.. ဒါက ထောင်ချောက်တစ်ခု ထင်တယ်”

ချူချိုက်ယီသည် နိုင်ငံအများအပြား၏ နန်းတွင်းလုပ်ကြံမှုများတွင် ပါဝင်ခဲ့ဖူးသူဖြစ်ရာ နန်းတွင်းသူနန်းတွင်းသားများ၏ စိတ်နေစိတ်ထားကို မည်သူထက်မဆို ပိုသိနေ၏။

ခုနက ဝိညာဉ်အကြွင်းအကျန်မှာ သူမ၏ စီနီယာအစ်မကို နှလုံးသားချင်း နီးစပ်သူအဖြစ် ဆက်ဆံခဲ့သော်လည်း ချူချိုက်ယီမှာ ထိုအရာကို အပြည့်အဝ မယုံကြည်သေးပေ။

ချင်းချင်း၏ မျက်နှာမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိဘဲ အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ညီမလေး... ငါ မှတ်မိသ‌လောက် ညီမလေး တစ်ခါမှ လက်တွေ့တိုက်ပွဲ မကြုံဖူးဘူးမလား။ ဒီလေလွင့်တစ္ဆေတွေကို သုံးပြီး လေ့ကျင့်ခန်း လုပ်ကြည့်ပါလား”

“….”

ချူချိုက်ယီ နားမလည်နိုင်ဖြစ်သွား၏။

‘အခုက အဲဒါမေးရမယ့် အချိန်လား’

ချင်းချင်း ချိုက်ယီ တွေးနေသည်ကို နားလည်လိုက်သည်။ သူမက ပြုံးလျက် ရှင်းပြလိုက်သည်။

“ငါတို့ ကျင့်ကြံသူတွေအတွက် ထိပ်ဆုံးကိုရောက်ဖို့ ချောမွေ့တဲ့ လမ်းကြောင်းဆိုတာ မရှိဘူး။ ပိုပြီး သန်မာလာဖို့ဆိုတာ တခြားသူတွေနဲ့ရော၊ ကောင်းကင်ဘုံနဲ့ပါ ယှဉ်ပြိုင်တိုက်ခိုက်ရတာပဲ။ အခက်အခဲလေးတစ်ခုက ငါတို့ကို တွန့်ဆုတ်သွားစေမယ်ဆိုရင် ဘယ်တော့မှ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှာ မဟုတ်ဘူး”

ချူချိုက်ယီသည် ငတုံးတစ်ယောက် မဟုတ်ပေ။ ငတုံးသာဖြစ်ခဲ့ပါက သူမ ယခုအချိန်အထိ အသက်ရှင်နေနိုင်မည် မဟုတ်ပေ။ သူမ အကြည့်များမှာ တဖြည်းဖြည်း ပြတ်သားလာခဲ့၏။

“စီနီယာအစ်မ ပြောတာ မှန်တယ်။ ခုနက ကျွန်မ သိပ်ပြီး သတိထားလွန်းနေခဲ့တာပဲ”

“မဟုတ်ဘူး”

“သတိထားတာက ကောင်းတဲ့ အရည်အချင်းပဲ။ ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာ ငါက ပြချင်ရုံတင်ပါ”

ချူချိုက်ယီ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။

“ဒါဆိုရင် ဒီလေလွင့်ဝိညာဉ်တွေကို ကျွန်မဘာသာ ရှင်းလိုက်ပါမယ်”

သူမ ပြောနေရင်း သိုလှောင်လက်စွပ်ထဲမှ သုံးပေရှည်သော စိမ်းဖန့်ဖန့်ဓားတစ်လက်ကို ထုတ်ယူကာ ရှေ့ရှိ နန်းဆောင်ဆီသို့ ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းခုတ်ပိုင်းလိုက်၏။

ချလွမ်

ဓားစိတ်ဆန္ဒမှာ တောက်ပသော လပြည့်ဝန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည်။

နန်းဆောင်အတွင်းရှိ တစ္ဆေများမှာ ဓားစွမ်းအင်ကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။

“အားးးး”

ဓားချီများ နန်းဆောင်အတွင်းသို့ ဝင်ခါနီးအချိန်တွင် ဝိညာဉ်ပုံရိပ်၏ လက်ကြီးတစ်ဖက်မှာ အတွင်းမှ ထွက်ပေါ်လာပြီး ထိုတိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်သည်။

“မင်းတို့နှစ်ယောက်ဆီက သတ်ဖြတ်ခြင်းအရှိန်အဝါတွေက တော်တော်ပြင်းထန်တာပဲ။ ငါ့ အစေခံတွေက မင်းတို့ကို ဘာတွေများ ပြစ်မှားမိလို့ အခုလိုမျိုး ရက်ရက်စက်စက် တိုက်ခိုက်ရတာလဲ”

ချင်းချင်း အသံလာရာဘက်သို့ ကြည့်လိုက်ရာ ခုနက ပေါ်လာခဲ့သော ဝိညာဉ်အကြွင်းအကျန်မှာ ယခုအခါ နန်းဆောင်အတွင်း၌ ရပ်နေသည်ကို တွေ့လိုက်ရ၏။

ပို၍ တိတိကျကျဆိုရလျှင် ၎င်းမှာ ထိုဝိညာဉ်အကြွင်းအကျန်၏ ပင်မဝိညာဉ်ပင်။ သူမသည် နိုင်ငံတစ်ခုလုံးကို မှောက်လှန်နိုင်လောက်သည့် အလှပိုင်ရှင်အသွင် ရှိနေဆဲဖြစ်ပြီး သူမ ဆင်ယင်ထူးခြားသော နန်းတွင်းဝတ်စုံမှာလည်း အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိသေးပေ။

တစ်ခုတည်းသော ခြားနားချက်မှာ ယခုအခါ သူမထံမှ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ်ရာ အရှိန်အဝါနှင့် အေးစက်လှသော ဖိအားပင်။

ချင်းချင်း အေးစက်စွာ မေးလိုက်သည်။

“နင့်အစေခံတွေက ငါနဲ့ ငါ့ရဲ့ဂျူနီယာညီမလေးဆီက ကံကြမ္မာကို ခိုးယူဖို့ ကြံစည်နေကြတာ။ ငါတို့ဘက်က ကိုယ့်ကိုယ်ကိုယ် ပြန်မကာကွယ်သင့်ဘူးလား”

“ဟွန့်”

ထိုအမျိုးသမီးက နှာခေါင်းရှုံလိုက်၏။

“သူတို့က အမှန်တရားကို ပြောနေကြရုံပါ။ အဲဒါက ဘာအပြစ်ရှိလို့လဲ။ ပြီးတော့ နင်တို့ ကံကြမ္မာကို ငါ့ဆီမှာရှိတဲ့ ရတနာနဲ့ လဲလှယ်တာက လုံးဝ တရားမျှတတဲ့ ကိစ္စပဲ မဟုတ်လား”

ချင်းချင်း ပြုံးလျက် ပြန်ပြောလိုက်သည်။

“ငါတို့ဘက်က ငြင်းလိုက်ရင်ရော ဘာဖြစ်မလဲ”

ထိုအမျိုးသမီး၏ လေသံမှာ အေးစက်သွား၏။ “အဲဒါက မင်းတို့ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဟိုအဆင့်နိမ့် အစေခံမက မင်းတို့ကို မပြောပြဘူးလား။ ဒီမြေအောက်နန်းတော်ထဲကို ဝင်ဖို့ဆိုရင် ကိုယ့်ရဲ့ ကံကြမ္မာကို အရင်ဆုံး ဖုံးကွယ်ထားရမယ်ဆိုတာ”

“ဒါဆို သူက ငါတို့ကို လိမ်ပြောခဲ့တာ မဟုတ်ဘူးပေါ့”

ချင်းချင်းက ထိုအမျိုးသမီးကို ပြန်ပြောနေသလိုရှိသော်လည်း သူမကိုယ်သူမ ပြန်လည် အတည်ပြုနေခြင်းလည်း ဖြစ်၏။

“အခုမှ သိတာကတော့ အရမ်းနောက်ကျသွားပြီ”

အမျိုးသမီးက ပြောပြောဆိုဆိုနှင့် သူမ လက်ကို ဆန့်ထုတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းချင်းနှင့် ချူချိုက်ယီတို့သည် ကျောက်ရုပ်များကဲ့သို့ မလှုပ်နိုင်တော့ဘဲ ရန်သူ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ဘုန်း

အမျိုးသမီးက သူတို့နှစ်ဦးကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။

ချင်းချင်းမှာ သူမ၏ ကျောက်စိမ်းပြားအတွင်းမှ ဓားချီကို အသက်သွင်းရန် အခွင့်အရေးရှာသော်လည်း သူမ၏ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်နိုင်ပေ။

ဤလှုပ်ရှားမှုလေးမှာ ထိုအမျိုးသမီး၏ အကြည့်မှ လွတ်မြောက်သွားခြင်း မရှိခဲ့ပေ။

သူမ ရယ်မောလိုက်၏။

“မင်းတို့ ငါ့လက်ထဲကို ရောက်နေပြီဆိုမှတော့ ရုန်းကန်ဖို့တောင် မစဉ်းစားနဲ့။ ဒီနေရာက ငါ အသက်ရှင်နေစဉ်တုန်းက တာအိုစွမ်းအားတွေနဲ့ တည်ဆောက်ထားတာ။ သူတော်စင် တစ်ယောက် ကိုယ်တိုင် တိုက်ခိုက်တာမျိုး မဟုတ်ရင် ငါ့ရဲ့ စိတ်ကူးတစ်ခုတည်းနဲ့ ဒီမှာရှိတဲ့ ဘယ်အရာကိုမဆို နှိမ်နင်းနိုင်တယ်”

ထိုစကားများကြောင့် အမျိုးသမီးနှစ်ဦး၏ နှလုံးသားမှာ အေးစက်သွားတော့သည်။

ချင်းချင်းကလက်မလျှော့သေးပေ။ သူမ၏ စိတ်ထဲတွင် တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းများကို စဉ်းစားနေ၏။

သူမ၏ ဘေးတွင် ချူချိုက်ယီသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ထားပြီး တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့၏။

မိန်းကလေးနှစ်ဦးမှာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထိုအမျိုးသမီးမှာ ဒေါသထွက်မနေဘဲ မှန်တစ်ချပ်ကို ပေါ့ပေါ့ပါးပါး လှမ်းယူလိုက်သည်။

သူမ နားလည်ရခက်သော ရှေးဟောင်းဂါထာတစ်ခုကို ရွတ်ဆိုလိုက်ရာ ထိုမှန်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်းချင်းအပေါ်သို့ ကျရောက်သွား‌၏။

ချက်ချင်းပင် ချင်းချင်း၏ ခန္ဓာကိုယ်မှ ခရမ်းရွှေရောင် ကံကြမ္မာအရှိန်အဝါများ ထွက်ပေါ်လာသည်။

“ဒီနေရာမှာ နှစ်ပေါင်းများစွာ စောင့်နေခဲ့ပြီးမှ ကောင်းကင်ဘုံက ချီးမြှောက်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဟားဟားဟား နောက်ဆုံးတော့ ငါ နေရောင်ပြန်မြင်ရမဲ့ အခွင့်အရေး ရပြီပဲ။ ငါ့ရဲ့ ကောင်းကင်ပိတ်ဆို့ခြင်းဝင်စားမှုအစီအရင်ကို ပင်ပင်ပန်းပန်း တည်ဆောက်ခဲ့ရတာတွေက အလကားမဖြစ်တော့ဘူး”

သူမ ရယ်မောရင်း မှန်ကို ချူချိုက်ယီဘက်သို့ လှည့်လိုက်၏။

နောက်တစ်စက္ကန့်တွင် ထိုအမျိုးသမီး၏ မျက်လုံးများမှာ ပြူးထွက်မတတ် ကျယ်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ချူချိုက်ယီ၏ ဘေးပတ်လည်ရှိ ကံကြမ္မာအရှိန်အဝါမှာ စစ်မှန်ခရမ်းရွှေရောင် အလင်းတန်းဖြစ်နေသောကြောင့်ပင်။

“ဧကရီကံကြမ္မာ ဒီမိန်းကလေးမှာ ဧကရီတစ်ပါးဖြစ်မဲ့ ကံကြမ္မာ ပါလာတာပဲ။ ကောင်းကင်ဘုံက ငါ့ကို ကူညီနေပြီ။ တကယ်ပဲ ငါ့ကို ကူညီနေပြီ။ ဒီဘဝမှာ ငါဟာ ဧကရီတစ်ပါး ဖြစ်လာတော့မယ်”

ထိုစကားကို ကြားသောအခါ ချူချိုက်ယီ သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ထိုအမျိုးသမီးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

သူမ၏ နန်းတွင်းအတွေ့အကြုံများအရ ရန်သူသည် အပျော်ဆုံးအချိန်၌ အမှားလုပ်ရန် အနီးစပ်ဆုံးဖြစ်သည်ကို သူမ ကောင်းကောင်းသိနေခဲ့၏။

အချိန်အတော်ကြာပြီးနောက် ထိုမြင့်မြတ်ပုံရ‌သောအမျိုးသမီးမှာ နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားပြီး သူမ အကြည့်ကို ချင်းချင်းထံသို့ လှည့်လိုက်သည်။

“မင်းက ငါ့အတွက် တကယ့်ကို ပြည့်စုံတဲ့ ကိုယ်ထည်တစ်ခုကို ယူလာပေးတာပဲ။ ပြောစမ်း... ငါ မင်းကို ဘယ်လိုမျိုး ကျေးဇူးဆပ်ရမလဲ”

All Chapters