မင်း ငါ့ကို ချက်ချင်းသတ်နိုင်မယ်လို့ ထင်နေလား
Vol. 30 Ch. 295
ခရက်
ဝမ်ပေါင်လဲ့ ပုဆိန်တစ်လက်ကိုင်ရင်း တံခါးကို ဖွင့်လိုက်သည်။ ထိုစဉ် သူ့ရှေ့တွင် သေမင်းအငွေ့အသက်များ ဖုံးလွှမ်းနေသည့် စံအိမ်ကြီးကို တွေ့လိုက်ရ၏။
သူ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ အရာအားလုံးကို ခြောက်ခြားဖွယ် အငွေ့အသက်များ ဖုံးလွှမ်းထား၏။ သို့သော် ခြောက်ခြားဖွယ် စံအိမ်ကြီးထဲတွင်တော့ သစ်ပင်ပန်းမန်များဖြင့် ရှင်သန် အသက်ဝင်နေတော့သည်။
ထို့အပြင် စံအိမ်ထဲက အပင်များသည် ဆိုးယုတ်သည့် မိစ္ဆာ အရှိန်အဝါများ ထွက်ပေါ်နေ၏။
ဟန်ပင်း ပြောလိုက်သည်။ “စီနီယာအစ်ကိုဝမ် ခင်ဗျားက ဗဟုသုတနဲ့ ပြည့်စုံတာပဲ။ ဒါတွေက ဘာအပင်တွေလဲဆိုတာ သိလား”
ဝမ်ပေါင်လဲ့ ခေါင်းခါလိုက်သည်။ “ ဘယ်အပင်မဆို နေနဲ့ လ မရှိရင် မကြီးထွားနိုင်ဘူး။ ဒါပေမဲ့ ဒီအပင်တွေကတော့ ရှင်သန်နိုင်တယ်။ အဲတော့ ဒီကောင်တွေက သေဆုံးခြင်းမြေကနေ လာကြတာပဲ”
ဟန်ပင်း ထိုစကားလုံးများကို စဉ်းစားကြည့်ပြီ ဆွဲဆောင်မှု ရှိသော ခရမ်းရောင်ပန်းကလေးထံသို့ သွားလိုက်၏။ ထို့နောက် အရွက်တစ်ရွက်ကို ကြုံရာကျပန်း ခူးလိုက်၏။ သို့သော် နောက်တစ်စက္ကန့်တွင် သူ့လက်က ကျောက်မီးသွေးကဲ့သို့ မည်းမှောင်သွားသည်။
“ဒီပန်းက အတော်လေး အဆိပ်ပြင်းတာပဲ”
ထိုသို့ ပြောပြီး သူ သက်ရှည်ကျမ်းကို အလျင်အမြန် အသက်သွင်းလိုက်၏။ အချိန်အတန်ကြာမှသာ သူ အဆိပ်ကို ဖယ်ရှားနိုင်လိုက်သည်။
ဝမ်ပေါင်လဲ့ သေချာ စောင့်ကြည့်ရင်း ရေရွတ်လိုက်သည်။ “ဒါ ဒဏ္ဍာရီလာ မန်ဒလာပန်းပဲ”
ဟန်ပင်း အစောပိုင်းက အဆိပ်မိသွားသည်ကို လုံးဝမေ့သွားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“အဲဒါ တစ္ဆေပန်းဆိုတာလား”
ဝမ်ပေါင်လဲ့ ခေါင်းအသာ ညိတ်ပြသည်။ “ဟုတ်တယ်။ သေဆုံးခြင်းနယ်မြေမှာ ပန်းလေးမျိုး ရှိတယ်။ ကမ်းစပ်ပန်း၊ မန်ဒလာပန်း၊ သလင်းပန်းနဲ့ ဘိန်းပန်းပဲ”
ဟန်ပင်း မျက်လုံးများ တောက်ပသွားတော့သည်။ “ဒါဆို ဒီနေရာက ကျွန်တော်တို့ အတွက် ရတနာသိုက်တစ်ခုပဲ စီနီယာအစ်ကို”
ဝမ်ပေါင်လဲ့ ရယ်မောသည်။ “မရဏလောကမှာ ပွင့်တဲ့ ပန်းတွေက ထွေထွေထူးထူး မဟုတ်ဘူး။ ငါတို့ တကယ်ရှာရမှာ ကောလဟာလတွေထဲက မြေအောက်လောက နတ်ဘုရားသစ်ပင်ပဲ။ တကယ်လို့ ငါတို့ သာ ရှာတွေ့ရင် ပွပြီပဲ”
ဟန်ပင်း တိမ်တိုက်များဆီသို့ ထိုးတက်နေသော သစ်ပင်ကြီးကို ကြည့်ကာ ပြောသည်။
“အဲဒီသစ်ပင်ကြီးကို အရင်သွားပြီး စစ်ကြည့်ရအောင်”
“သွားကြစို့”
ဝမ်ပေါင်လဲ့ ဟန်ပင်း၏ ပခုံးကို ပုတ်လိုက်သည်။ သူတို့နှစ်ဦး စံအိမ်သို့ လျင်မြန်စွာ သွားတော့၏။
သူတို့ လမ်းတစ်လျှောက်တွင် ပန်းခင်းများကို ဖြတ်လျှောက်ခဲ့ကြသည်။ သူတို့ခန္ဓာကိုယ်ပေါ်မှ ဖြာထွက်နေသော စိတ်ဝိညာဉ်စွမ်းအားများသည် ပတ်ဝန်းကျင်မှ အဆိပ်နှင့် သေဆုံးခြင်းအငွေ့အသက်များကို ပျက်ပြယ်သွားစေသည်။
နာရီဝက်ခန့် ကြာပြီးနောက် သူတို့ သစ်ပင်ကြီးအောက်သို့ ရောက်လာတော့သည်။
ဟန်ပင်း ထိုသစ်ပင်ကို သေချာစွာ စစ်ဆေးလိုက်သည်။ ငှက်တောင်အရွက်များနှင့် အနက်ရောင်သစ်သီးများကို မှတ်သားပြီး သူ့မှတ်ဉာဏ်ထဲတွင် ထိုအပင်နှင့် သက်ဆိုသော မှတ်တမ်းများကို ရှာတော့၏။
အချိန်အတန်ကြာပြီးနောက် သူပြောလိုက်သည်။ “ဒါက ဒဏ္ဍာရီလာ မုလွမ်ပင်ပဲ။ မြေအောက်ချောက်နက်ကြီးထဲမှာ ရှင်သန်ပေါက်ရောက်တယ်။ မုလွမ်မျိုးစေ့လို့ခေါ်တဲ့ သူ့အသီးက သရဲတစ္ဆေတွေကို ချိတ်ပိတ်နိုင်တယ်။ မျိုးစေ့က သေဆုံးခြင်းနဲ့ ယင် အငွေ့အသက်တွေကို စုပ်ယူနိုင်လေ ပိုပြီး အရည်အသွေး ကောင်းလာလေပဲ”
ဝမ်ပေါင်လဲ့ ရေရွတ်လိုက်သည်။ “ ငါသောင်းပြောင်းပညာရပ်ဌာနမှတ်တမ်းတွေထဲမှာ မုလွမ်ပင်အကြောင်း ဖတ်ဖူးတယ်။ ကိုယ်ပိုင်မျက်စိနဲ့ တပ်အပ်မြင်ရမယ်လို့တော့ တစ်ခါမှ မထင်ထားဘူး။ ဒီခရီးစဉ်က တကယ့်ကို တန်ပါတယ်”
“စီနီယာအစ်ကို မုလွမ်မျိုးစေ့တွေကို အရင်ခူးရအောင်”
ဟန်ပင်း စိတ်အားထက်သန်စွာ ပြော၏။
ဝမ်ပေါင်လဲ့ သူ့ကို ပုဆိန်ဖြင့် တားဆီးလိုက်သည်။ “မလောနဲ့။ မိုးမြေရတနာတွေမှာ စောင့်ရှောက်နေတဲ့ သူ အမြဲရှိတယ်။ ငါတို့သာ ခူးလိုက်ရင် တိုက်ခိုက်ခံရနိုင်တယ်”
ဟန်ပင်း ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ “ကျွန်တော် သောင်းပြောင်းပညာရပ်ဌာနမှာ စိုက်ပျိုးရေးလုပ်တာများပြီး မေ့သွားလို့”
ဝမ်ပေါင်လဲ့ ဘာမှ မပြောပေ။ သူ ပုဆိန်ကို မြှောက်ပြီး မုလွမ်သစ်ပင်ကို ခုတ်ချလိုက်သည်။
ကလန်။
ဓားအလင်းတန်းတစ်ခု ကျဆင်းလာသည်။ သို့သော် ပင်စည်နှင့် အရွက်တို့ကို မထိခင် သစ်ပင်မှ ခရမ်းရောင်တစ်ချက်လက်သွားပြီး ခုခံလိုက်သည်။
ထိုသည်ကို မြင်သော် ဝမ်ပေါင်လဲ့တို့ မအံ့ဩမိပေ။ ထိုအချိန်တွင် သစ်ပင်ထဲမှ အိုမင်းနေသော အသံတစ်သံ ထွက်လာတော့၏။ “ဒီအဘိုးကြီး အိပ်နေတာကို ဘယ်သူနှောင့်ယှက်တာလဲ”
ဝမ်ပေါင်လဲ့ လက်သီးဆုပ်ပြီး လေးစားစွာ ပြောသည်။ “စီနီယာ အသိဉာဏ်ရှိနေတာ မသိလို့ ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့က မုလွမ်မျိုးစေ့ကို လိုချင်ရုံပါ”
မုလွမ်သစ်ပင်သည် အသံလာရာဘက်သို့ ကြည့်လိုက်ရာ သူ့နယ်မြေ၌ သက်ရှိလူသားနှစ်ဦးကို မြင်လိုက်ရ၏။ သူတို၏ ကံကြမ္မာအရှိန်ဝါကို ကြည့်ရင်း သူ့မျက်လုံးများ တောက်ပသွားသည်။
သူ တစ်ချိန်က လေလွင့်ဝိညာဉ်များစွာကို စုပ်ယူခဲ့ဖူးပြီး ၎င်းတို့ထံမှ ကျင့်ကြံခြင်းကို သင်ယူခဲ့သည်။ သေဆုံးခြင်းနယ်မြေကြီးတွင် ကံအတော်လေး ကောင်းမှ သူတော်စင်အဆင့်သို့ရောက်နိုင်ပေသည်။ စိတ်မကေ
ာင်းစရာမှာ သူ အတိတ်က ဝါးမျိုခဲ့သော ဝိညာဉ်အားလုံးသည် သူတို့ ကံကြမ္မာကို ဆုံးရှူံးဖူးပြီးသားပင်။
ထို့ကြောင့်လည်း သူ နှစ်ပေါင်းများစွာ အဆင့်မတက်ခဲ့ရပေ။
“ဟားဟားဟား”
သစ်ပင်အိုကြီး ကျယ်လောင်စွာ ရယ်မောသည်။ “ငါ ဒီမှာ စောင့်နေတာ နှစ်ပေါင်းများစွာကြာပြီ။ နောက်ဆုံးတော့ သက်ရှိလူသားနှစ်ယောက်နဲ့ ဆုံရပြီ။ ကောင်းကင်ဘုံက ငါ့ကို မစွန့်ပစ်သေးဘူးပဲ”
စကားသံဆုံးသည်နှင့် မရေမတွက်နိုင်သော နွယ်ပင်တို့သည် သူတို့နှစ်ဦးထံ ဦးတည်လာကြသည်။ ဝမ်ပေါင်လဲ့နှင့် ဟန်ပင်းတို့ မတုံ့ပြန်နိုင်ခင် တင်းကျပ်စွာ ချည်နှောင်ခံရပြီး မလှုပ်နိုင်တော့ပေ။ သို့သော် သူတို့နှစ်ဦးလုံး မထိတ်လန့်ပေ။ အချင်းချင်း အကြည့်ဖလှယ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်၏။
ဟန်ပင်း ဓားကျောက်စိမ်းကို ထုတ်ပြီး လှုပ်ရှားရန် အသင့်ပြင်လိုက်သည်။
ဝမ်ပေါင်လဲ့ တည်ငြိမ်စွာ မေးလိုက်သည်။ “စီနီယာ ဒါ ဘာသဘောလဲ”
သစ်ပင်အိုကြီး လေသံက မပြောင်းလဲပေ။ သူ အေးစက်စွာ ပြောသည်။ “ငါ့ပတ်ပတ်လည်မှာ အစောင့်အရှောက်ဝိညာဉ်တွေ ဘာလို့မရှိလဲ သိချင်တယ်မလား။ ရှင်းပါတယ်။ ငါ ဝါးမျိုလိုက်လို့ပေါ့။ အခု ငါသာ မင်းဝိညာဉ်ကို ဝါးမျိုးလိုက်ရင် သူတော်စင်အဆင်ထဲ ရောက်နိုင်တော့မယ်”
၎င်းကို ကြားသောအခါ ဝမ်ပေါင်လဲ့ တစ်ခဏ ရပ်တန့်သွားသည်။ “ဒါဆို စီနီယာ ကျွန်တော်တို့က ဒီနေ့မှာ သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ရုန်းကန်ရမဲ့ ကံကြမ္မာဖန်လာပြီပေါ့”
“ဟမ့်”
သစ်ပင်အိုကြီး နှာမှုတ်လိုက်သည်။ “ကောင်စုတ်လေးတွေ မင်းတို့နှစ်ယောက် ငါ့ကိုပါ ဆွဲချနေတာပဲ။ သေရမဲ့သူက မင်းတို့ပဲ။ ငါ မပါဘူး”
“ဟူး”
ဝမ်ပေါင်လဲ့ သက်ပြင်းရှည်ကြီး ချလိုက်၏။ သူခေါင်းအသာ ခါလိုက်သည်။ “အထင်မလွှဲပါနဲ့ဗျ”
ထို့လုပ်ရပ်ကြောင်း သစ်ပင်အိုကြီး တစ်ခဏ ကြောင်အသွားသည်။ “ကောင်လေး.. အခုမှ သက်ပြင်းချတာ နောက်ကျလွန်းပြီ မထင်ဘူးလား”
“နားလည်မှု မလွဲပါနဲ့”
ဝမ်ပေါင်လဲ့ ပြုံးလိုက်သည်။ “ကျွန်တော့် ဂျူနီယာညီလေးနဲ့ ကျွန်တော်က မလိုအပ်တဲ့ သတ်ဖြတ်မှုတွေကို လုပ်လေ့ မရှိဘူး။ တကယ်လို့ စီနီယာကသာ ကျွန်တော်တို့ကို သင်ခန်စာပေးရုံ သက်သက်သာဆိုရင် ကျွန်တော်တို့လည်း ရန်ငြိုးထားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျား သတ်ဖြတ်လိုတဲ့ ဆန္ဒကို မထုတ်ဖော်သင့်ဘူး”
သစ်ပင်အိုကြီး စိတ်ရှုပ်ထွေးသွားသည်။ သူ အော်ဟစ်လိုက်သည်။ “ကောင်စုတ်လေးတွေ မင်းတို့က သေမင်းတံခါးဝပဲရောက်နေပြီ။ ငါ့ရှေ့မှာ ဆန်းကြယ်သလို လာလုပ်ပြနေတယ်။ မင်းကို အရင်သတ်ပေးမယ်”
“ဂျူနီယာညီလေး လုပ်လိုက်တော့”
ဝမ်ပေါင်လဲ သစ်ပင်အိုကြီး၏ ခြိမ်းခြောက်စကားကို ပြန်မဖြေပေ။ သူ ဘေးနားက ဟန်ပင်းကို ပြောလိုက်၏။ သစ်ပင်အိုကြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟားဟားဟား..မင်း ဂျူနီယာညီလေးက ငါ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်မယ် ထင်နေလား”
သူစကားမဆုံးခင် ဓားအလင်းတန်းတစ်ချက် လက်သွားသည်။
ကလန်။
ဓားတစ်ချက် ထွက်ပေါ်လာပြီး သစ်ပင်အိုကြီးကို ပြင်းထန်စွာ ဖြတ်တောက်သွားသည်။ တစ်ခဏအတွင်းမှာပင် အပင်အိုကြီးသည် အသက်စွမ်းအင်များ ကုန်ခမ်းသွားတော့၏။
ဝမ်ပေါင်လဲ့နှင့် ဟန်ပင် နွယ်ပင်များ၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာပြီး မြေပြင်ပေါ်သို့ ပြန်ဆင်းလိုက်သည်။
“ပြဿနာ တက်တော့မလို့”
ဟန်ပင်း ညည်းတွားလိုက်သည်။ “ဒီအပင်ကြီးက နတ်ဆိုးဆန်လိမ့်မယ်လို့ မထင်ထားဘူး။ ကံကောင်းချင်တော့ ဆရာက ငါတို့ကို ဓားကျောက်စိမ်းတွေ ပြင်ပေးထားလို့။ မဟုတ်ရင် ဒီနေ့ သူ့လက်ထဲမှာ သေသွားနိုင်တယ်”
အစောက သူ မုလွမ်မျိုးစေ့များကို ခူးယူရန် အလျင်စလို ပြေးဝင်မိခဲ့သည်ကို သတိရပြီး ချွေးစေးများ ပြန်လာတော့သည်။
ဝမ်ပေါင်လဲ့ ပြောလိုက်သည်။ “အခုတော့ လုံခြုံသွားပြီ။ ငါတို့ထဲက တစ်ယောက်က စောင့်ပေးထားရမယ်။ နောက်တစ်ယောက်က မုလွမ်သစ်ပင်ရဲ့ အနှစ်သာရတွေကို ထုတ်မယ်။ တခြားသူတွေ လက်ထဲ အပါ မခံနိုင်ဘူး”
“ကျွန်တော် လုပ်မယ်”
ဟန်ပင် ပြောရင်း မုလွမ်သစ်ပင်နား ကပ်သွားလိုက်သည်။ ဝမ်ပေါင်လဲသည် ကင်းစောင့်ပေးထားလိုက်၏။