← Chapters

ပင်းပင်း၊ မင်းက စီနီယာအစ်ကိုချိုက်ချန်လို လုပ်မလို့လား

Vol. 30 Ch. 296

ပင်းပင်း၊ မင်းက စီနီယာအစ်ကိုချိုက်ချန်လို လုပ်မလို့လား

Vol. 30 Ch. 296

“စီနီယာအစ်ကို၊ စီနီယာအစ်ကိုကြီး၊ ဒီဝိညာဉ်သစ်ပင်အဆီအနှစ်ကြီးကို ကြည့်ပါဦး”

ဟန်ပင်း ကြိတ်ဆုံကျောက်တစ်လုံးစာလောက်ရှိသော ဝိညာဉ်သစ်ပင်အဆီအနှစ်တုံးကြီးကို ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြေးလာခဲ့၏။

ဝမ်ပေါင်လဲ့၏ မျက်လုံးများက ထိုအရာကို ကြည့်ရင်း တောက်ပသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဂျူနီယာညီလေး၊ ဒီအဆီအနှစ်ကို သန့်စင်ပြီး စုပ်ယူနိုင်ရင် ငါတို့ ကျင့်စဉ်အဆင့်က အများကြီး တက်သွားမှာ သေချာတယ်”

“ဘာမှ ထပ်မပြောနဲ့တော့ စီနီယာအစ်ကိုကြီး။ အခုပဲ ခွဲယူကြမယ်”

ဟန်ပင်းသည် အခြားစီနီယာအစ်ကိုများနှင့် ယှဉ်လျှင် အတွေ့အကြုံ အနည်းငယ် နုနယ်သေး၏။ သူတော်စင်တစ်ပိုင်း သတ္တဝါထံမှ ကျန်ရစ်သော အဆီအနှစ်ကို မြင်သောအခါ သူသည် မဆိုင်းမတွ ကျင့်ကြံချင်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့ လက်ကာပြလိုက်သည်။

“မလောနဲ့ဦး။ အရင်ဆုံး ဒီအဆီအနှစ်ကို မင်းရဲ့ ရတနာပုလင်းထဲမှာ ရက်နည်းနည်းလောက် ထည့်ပြီး ပျိုးထောင်ထားလိုက်။ သူတော်စင်တစ်ပိုင်း အဆင့်ကို ရောက်သွားမှ ငါတို့ခွဲယူမယ်။ ဒါမှ အကျိုးကျေးဇူးအများဆုံးရမှာ”

“ ကျွန်တော်တို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ ကုန်ကြမ်းတွေ ပြုပြင်တဲ့နေရာမှာ ဆရာပြီးရင် ဒုတိယအတော်ဆုံး စီနီယာအစ်ကိုကြီးပီသပါတယ်”

ဟန်ပင်းသည် စောစောက စိတ်လှုပ်ရှားလွန်းသဖြင့် အရေးကြီးသော အဆင့်ကို လုံးဝမေ့သွားခဲ့ခြင်းပင်။ သူ ချက်ချင်းပင် ရတနာပုလင်းကို ထုတ်ယူကာ ဝိညာဉ်သစ်ပင်အဆီအနှစ်ကို အတွင်း၌ ထည့်၍ ပြုစုပျိုးထောင်လိုက်၏။

“စီနီယာအစ်ကိုကြီး၊ နောက်ထပ် ဘာဆက်လုပ်ကြမလဲ”

ဝမ်ပေါင်လဲ့၏ နှုတ်ခမ်းများ အပြုံးရိပ်သန်းသွား၏။ သူ ခါးတွင်ချိတ်ထားသော ဓားကျောက်စိမ်းကို ထုတ်ယူကာ အော်လိုက်သည်။

“စကားပြောချင်တဲ့သူရှိရင် အခုချက်ချင်း ထွက်ခဲ့။ မဟုတ်လို့ကတော့ ငါ့ဓားတစ်ချက်တည်းနဲ့ ဒီအိမ်တော်တစ်ဝက်ကို ပျက်စီးသွားအောင်လုပ်ပစ်မယ်။ နောက်ကျမှ လာပြီး အသနားမခံနဲ့နော်”

ဟန်ပင်း ခဏတာ ကြောင်အသွားပြီးနောက် ဝမ်ပေါင်လဲ့ကို လက်မထောင်ပြလိုက်သည်။ ‘စီနီယာအစ်ကိုကြီးကတော့ အတုယူစရာတွေ မကုန်ခန်းနိုင်အောင်ပါပဲ’

“မ... မတိုက်ခိုက်ပါနဲ့။ ကျွန်မတို့ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်”

ပန်းခြုံထဲမှ ကြောက်ရွံ့တုန်ရီနေသော အသံလေးတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံလာရာသို့ သူတို့နှစ်ယောက် လှည့်ကြည့်လိုက်သောအခါ အသက် (၂၀) ဝန်းကျင်ခန့်ရှိပြီး မိုးပြာရောင် ပန်းပွင့်ဂါဝန်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ခေါင်းလေးပြူထွက်ကာ ကြောက်ကြောက်လန့်လန့်နှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

“တကယ် တစ်ယောက်ယောက် ရှိနေတာပဲ”

ဟန်ပင်း ထိုမိန်းကလေးကို သနားညှာတာဟန်မရှိဘဲ ကြည့်နေသည်။ အကြောင်းမှာ သူတို့သည် ယခင်က တစ်ကြိမ် ခံစားခဲ့ရဖူးသောကြောင့်ပင်။

“ဒါပဲလား”

ဝမ်ပေါင်လဲ့ တမင်တကာ အသံမြှင့်ပြောလိုက်သည်။

“ကျွန်... ကျွန်တော်လည်း ရှိပါသေးတယ်”

မှိုပွင့်ပုံစံ ဆံပင်ရှိနေသော ကလေးငယ်တစ်ဦး အဝေးတစ်နေရာမှ လက်ကလေးထောင်ပြလာ၏။

ထိုမိန်းကလေးနှင့် ကလေးငယ် နှစ်ဦးစလုံးသည် သူတို့ကို ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေကြသည်။

ဦးလေးသစ်ပင်ကြီးမှာ ဤအိမ်တော်တွင် အင်အားအကြီးဆုံးဖြစ်သော်လည်း ဤနှစ်ယောက်၏ တိုက်ကွက်တစ်ကွက်ကို မခံနိုင်ခဲ့ပေ။

သူတို့မျက်လုံးထဲက ကြောက်ရွံ့မှုကို မြင်သောအခါ ဝမ်ပေါင်လဲ့ ပြုံးပြလိုက်၏။

“စိတ်အေးအေးထားပါ၊ ငါက လူဆိုးမဟုတ်ပါဘူး။ မင်းတို့တွေ ငါတို့ညီအစ်ကိုနှစ်ယောက်ကို ရန်မမူသရွေ့ ငါတို့က မင်းတို့ကို အန္တရာယ်မပြုပါဘူး”

“တကယ်လား”

ထိုမိန်းကလေး မဝံ့မရဲ မေးလိုက်သည်။

ဝမ်ပေါင်လဲ့ ပြုံးကာ ပြောလိုက်သည်။

“မင်းလို နတ်ဆိုးမလေးကို ငါက လိမ်ပါ့မလား။ ဒါပေမဲ့ ငါကတော့ လမ်းပြတစ်ယောက် လိုနေတာ။ မင်းတို့ထဲက တစ်ယောက်ယောက်က ငါတို့ကို လမ်းပြပေးနိုင်ရင် အကောင်းဆုံးပဲ”

“ကျွန်မ လုပ်နိုင်ပါတယ်”

“ကျွန်တော် လုပ်နိုင်တယ်”

မိန်းကလေးနှင့် မှိုခေါင်းကလေးငယ်တို့ တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။

ဝမ်ပေါင်လဲ့ တိုက်ရိုက်မရွေးချယ်ဘဲ ဟန်ပင်းဘက်သို့ လှည့်လိုက်သည်။

“ပင်းပင်း၊ ငါတို့ ဘယ်သူ့ကို ရွေးသင့်တယ်လို့ မင်းထင်လဲ”

ဟန်ပင်းက အလေးအနက် ပြန်ဖြေ၏။

“အဲဒါက သူတို့ ဒီအိမ်တော်အကြောင်း ဘယ်လောက်သိလဲဆိုတာပေါ်မှာ မူတည်တယ်။ တကယ်လို့ တစ်ယောက်ယောက်က နားမလည်ဘူးဆိုရင်တော့ နေရာတင် လက်စဖျောက်ပစ်လိုက်သင့်တယ်”

ဝမ်ပေါင်လဲ့ “...”

“ဂျူနီယာညီလေးကတော့ တကယ့်ကို ပွင့်လင်းလွန်းတာပဲ။ သူတို့အချင်းချင်း အရင်လုကြတာကို ငါက ကြည့်ချင်နေတာ။ အခုလောလောဆယ် ကြောက်နေတယ်ဆိုပြီး အထင်မသေးနဲ့၊ နှစ်ယောက်လုံးက ငါတို့ထက် ပိုသန်မာကြတယ်ဟ’

သို့သော် ထိုနတ်ဆိုးနှစ်ဦးသည် စောစောက ဓားချက်ကို အသေအလဲ ကြောက်သွားကြပုံရ၏။

“ကျွန်တော်တို့ သိပါတယ်။ ဒီအိမ်တော်တစ်ခုလုံးရဲ့ အဝင်အထွက် အကုန်လုံးကို နှံ့နှံ့စပ်စပ် သိပါတယ်”

၎င်းကိုမြင်တော့ ဝမ်ပေါင်လဲ့ ခက်ခဲနေဟန် အမူအရာလုပ်ပြလိုက်သည်။

“မင်းတို့က ငါ့ကို ရွေးရခက်အောင် လုပ်နေတာပဲ”

သူ့စကားကြောင့် နတ်ဆိုးနှစ်ကောင်မှာ ပို၍ပင် ထိတ်လန့်သွားကြ၏။

“ကောင်းပြီလေ”

ဝမ်ပေါင်လဲ့ ခဏနားလိုက်သည်။

“မင်းတို့ကိုယ်မင်းတို့ အရင် မိတ်ဆက်ကြဦး။ အဲဒါမှ ငါ ဆုံးဖြတ်လို့ရမယ်”

“ကျွန်မ အရင်ပြောမယ်”

“ကျွန်တော် အရင်ပြောမယ်”

သူတို့နှစ်ဦးလုံး ထပ်တူပြောလိုက်ကြပြန်ပြီး တစ်ဦးကိုတစ်ဦး ရန်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ဝမ်ပေါင်လဲ့၏ ထက်မြက်သော မျက်လုံးများက ၎င်းကို မလွတ်တမ်း မြင်လိုက်ရ၏။ လူကဲခတ်သည့်နေရာ၌ သူက ထိပ်တန်းပင်။

သူ ပန်းပွင့်ဂါဝန်နှင့် မိန်းကလေးကို ညွှန်ပြလိုက်သည်။

“မင်း အရင်ပြော”

ထိုအခါ မိန်းကလေးက ဝမ်းသာအားရ အမူအရာဖြင့် ဆိုလေသည်။

“သခင်လေးကို ဖြေကြားပါရစေ။ ကျွန်မနာမည်က မန်ဒလာပါ။ ကျွန်မက မန်ဒလာပန်းဝိညာဉ်ပါ။ ပန်းနဲ့ ဆေးပင်တွေ စိုက်ပျိုးတဲ့နေရာမှာ ကျွမ်းကျင်ပါတယ်။ ဝိညာဉ်အပင်တွေ မြန်မြန်ကြီးထွားအောင် ကျွန်မ လုပ်ပေးနိုင်သလို၊ ကျွန်မရဲ့ ပုံရိပ်ယောင်အတတ်နဲ့ အဆိပ်ပညာတွေကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်”

ဟန်ပင်း သူမက အပင်စိုက်ကျွမ်းကျင်သည်ဟု ကြားလိုက်ရချိန်တွင် မျက်လုံးများ တောက်ပသွားခဲ့၏။

သူ့စီနီယာအစ်ကိုကြီးသာ စကားမပြောသေးလျှင် သူသည် ထိုမိန်းကလေးကို လမ်းပြပေးရန် အခုပင် တောင်းဆိုမိတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့သည် သူ့ညီလေး၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို သဘာဝကျကျ သတိထားမိသော်လည်း ဖွင့်မပြောခဲ့ပေ။

သူ မှိုခေါင်းနှင့် ကလေးငယ်ဘက်သို့ အကြည့်လွှဲလိုက်သည်။

မှိုခေါင်းလေးက ပြော၏။

“ကျွန်တော့်နာမည်က ဂူယွဲ့ကျွင်းပါ။ ကျွန်တော်က ဝိညာဉ်သတ္တဝါတွေကို ဝါးမြိုတဲ့နေရာမှာ အထူးပြုပြီး ကိုယ့်ပွား အမြောက်အမြား ထုတ်နိုင်ပါတယ်”

“မင်းမှာ အဆိပ်ရှိလား”

ဝမ်ပေါင်လဲ့ ရုတ်တရက် မေးလိုက်သည်။

“…”

ဂူယွဲ့ကျွင်းက ခေါင်းခါပြသည်။

“မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ အရမ်းပြင်းထန်တဲ့ ယင်စွမ်းအားတွေ ရှိပါတယ်”

ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်သည်။ “ကောင်းပြီ။ မင်းတို့နှစ်ယောက်လုံး နေခဲ့လို့ရတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ငါ့ကို ပြောပြဦး။ ဒီအိမ်တော်ထဲမှာ တခြား အစွမ်းထက်တဲ့သူတွေ ရှိသေးလား”

နတ်ဆိုးနှစ်ကောင်စလုံး ပြိုင်တူ ခေါင်းခါလိုက်ကြ၏။

မန်ဒလာက ပြောပြသည်။

“ဒီအိမ်တော်မှာ အင်အားအကြီးဆုံးက သစ်ပင်အိုကြီးပဲ။ ပုံမှန်အားဖြင့်တော့ အိမ်တော်ထဲက ယင်စွမ်းအားတွေနဲ့ လွင့်မျောလာတဲ့ ဝိညာဉ်တွေကို သူက အရင်စားတာ။ သူစားလို့ကျန်တာကိုပဲ ကျွန်မတို့က ရတာ။ ပြီးတော့ သူက တခြား အသိဉာဏ်ရှိတဲ့ အပင်တွေကိုလည်း ဝါးမြိုရတာ ကြိုက်တယ်”

“ကျွန်မနဲ့ ဂူယွဲ့ကျွင်းကတော့ ကံကောင်းလို့ပါ။ ကျွန်မတို့ရဲ့ စွမ်းအားတွေကို အမြဲဖျောက်ထားလို့ အခုထိ အသက်ရှင်နေတာ”

“ဒါဆို အဲဒီသစ်ပင်အိုကြီးက လူဆိုးကြီးပေါ့ ဟုတ်လား”

ဝမ်ပေါင်လဲ့ ရယ်မောရင်း မေးလိုက်သည်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ သူက လူဆိုးကြီးပါ”

ဂူယွဲ့ကျွင်းသည် အလျင်အမြန် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲမှ တွေးနေမိ၏။

‘ဒါပေမဲ့ သူက ခင်ဗျားတို့နှစ်ယောက်လောက်တော့ ကြောက်ဖို့မကောင်းပါဘူး’

“အရင်ဆုံး မင်းတို့ရဲ့ စိတ်ရင်းကိုပြဖို့ ဒီအိမ်တော်ရဲ့ မြေပုံကို ဆွဲပေးစမ်း။ မြေအောက်ပိုင်းတွေကိုပါ ထည့်ဖို့ မမေ့နဲ့ဦး”

ဝမ်ပေါင်လဲ့ ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး”

နတ်ဆိုးနှစ်ကောင်လုံးသည် ပြန်ထူးပြီး မြေပုံဆွဲရန်အတွက် နတ်ဆိုးအတတ်ကို စတင်အသုံးပြုကြသည်။

ဝမ်ပေါင်လဲ့ ဟန်ပင်းဆီ လျှောက်သွားပြီး ပုခုံးကို ဖက်လိုက်သည်။ “ပင်းပင်း၊ မင်းက စီနီယာအစ်ကိုချိုက်ချန် လုပ်သလိုမျိုး လုပ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်”

“…”

ဟန်ပင်းမှာ သိချင်စိတ်များဖြင့် ပြည့်နှက်သွား၏။

“စီနီယာအစ်ကိုဝမ်၊ ခင်ဗျား ဘာတွေပြောနေတာလဲ ကျွန်တော် တစ်လုံးမှ နားမလည်ဘူး”

ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ “ဟန်မဆောင်စမ်းပါနဲ့။ စောစောက အဲဒီပန်းဝိညာဉ်မလေးကို မင်းကြည့်နေတဲ့ အကြည့်တွေကို ငါ မြင်သားပဲ”

“…”

ဟန်ပင်း၏ မျက်နှာ ချက်ချင်း ပျက်သွားပြီး ဆွံ့အသွားသည်။ “စီနီယာအစ်ကိုကြီး၊ ကျွန်တော် သူ့ကို သောင်းပြောင်းပညာရပ်ဌာနကို ခေါ်သွားပြီး ကျွန်တော်နဲ့အတူ လယ်စိုက်ခိုင်းချင်လို့ပါ”

“…”

ဝမ်ပေါင်လဲ့ ခဏတာ ကြောင်အသွားပြီး လေးလေးနက်နက် ပြောလိုက်၏။

“ဂျူနီယာညီလေးဟန်၊ မင်း တစ်ခုခုတော့ မှားနေပြီ”

ဟန်ပင်းသည် ပြန်မေး၏။

“စီနီယာအစ်ကိုကြီး၊ လယ်စိုက်တာက အခုတော့ အပြစ်ဖြစ်သွားပြီလား”

ဝမ်ပေါင်လဲ့ ခေါင်းခါလိုက်သည်။

“မင်း ပျော်နေသရွေ့တော့ ရပါတယ်။ ဒါပေမဲ့ သူ့ကို ဒီနေရာကနေ ထွက်သွားဖို့ ဘယ်လိုနားချမလဲဆိုတာ မင်း စဉ်းစားပြီးပြီလား”

ဟန်ပင်းသည် သူ့ဓားကျောက်စိမ်းကို ထုတ်ယူလိုက်သည်။

“ဒါကို မြင်လိုက်ရရင်တော့ သူ ငြင်းမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တာပဲ”

ဝမ်ပေါင်လဲ့ “...”

All Chapters