← Chapters

ဒီသခင်လေးက ကျွန်မကို လက်ထပ်ချင်နေတာလား

Vol. 30 Ch. 297

ဒီသခင်လေးက ကျွန်မကို လက်ထပ်ချင်နေတာလား

Vol. 30 Ch. 297

“သခင်လေး၊ ကျွန်တော်တို့ မြေပုံဆွဲပြီးပါပြီ။”

မှိုခေါင်းဝိညာဉ်နှင့် မန်ဒလာနတ်ဆိုးမလေးတို့သည် တစ်ယောက်လျှင် မြေပုံတစ်ခုစီကို တင်ပြလိုက်ကြ၏။

ဝမ်ပေါင်လဲ့နှင့် ဟန်ပင်း တို့ တစ်ယောက်တစ်စောင်စီယူ၍ သူတို့ရရှိထားသော မြေပုံများကို အသေအချာစစ်ဆေးပြီးနောက် တိုက်စစ်ဆေးရန်အတွက် အချင်းချင်း လဲလှယ်ကြည့်ကြသည်။

မြေပုံနှစ်ခုစလုံးသည် တထပ်တည်းကျနေပြီး အလယ်ဗဟိုရှိ အထူးအမှတ်အသား ပြုလုပ်ထားသော နေရာမှာလည်း အနည်းငယ်မျှပင် ကွဲလွဲမှုမရှိပေ။

အိမ်တော်အတွင်း၌ အဆောက်အဦးတစ်ခုနှင့် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသော နေရာတစ်ခုလည်း ရှိနေသည်။

ဟန်ပင်းသည် တားမြစ်သင်္ကေတကို လက်ညှိုးထိုးကာ မေးလိုက်၏။

“ဒါ ဘယ်နေရာလဲ”

မှိုခေါင်းနတ်ဆိုးနှင့် မန်ဒလာနတ်ဆိုးတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းခါလျက် တစ်ပြိုင်နက် ဖြေကြား‌၏။

“ကျွန်တော်တို့ မသိပါဘူး။ အဲဒီနေရာက မီးလျှံတွေ ဝါးမြိုထားသလိုမျိုး ခံစားရတယ်။ ကျွန်တော်တို့လို နတ်ဆိုးတွေရော၊ အိမ်တော်ထဲက လွင့်မျောနေတဲ့ ဝိညာဉ်တွေရော အဲဒီနေရာကို ရှောင်ကြပါတယ်”

“အဲဒီကို အရင်ဆုံး ခေါ်သွားပေး”

ဝမ်ပေါင်လဲ့ မဆိုင်းမတွ ပြောလိုက်သည်။

“ဗျာ”

မှိုခေါင်းဝိညာဉ်နှင့် မန်ဒလာနတ်ဆိုးတို့မှာ ထိတ်လန့်သွားကြသည်။

မန်ဒလာသည် ကြောက်ကြောက်လန့်လန့်နှင့် ပြောသည်။ “သခင်လေး၊ အဲဒီကို မသွားလို့ မရဘူးလားဟင် အဲဒီနေရာက ကျွန်မတို့ရဲ့ သက်တမ်းကို တိုစေနိုင်လို့ပါ”

ဝမ်ပေါင်လဲ့ ပြုံးလျက် ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့၊ မင်းတို့ကို အန္တရာယ်ဖြစ်အောင် ငါမလုပ်ပါဘူး။ အပေါက်ဝအထိပဲ လမ်းပြပေးရင် ရပြီ”

ထိုအခါမှသာ နတ်ဆိုးနှစ်ကောင်စလုံး သက်ပြင်းချနိုင်တော့၏။

“ကျွန်တော်တို့ နောက်ကို လိုက်ခဲ့ပါ သခင်လေးတို့”

နတ်ဆိုးနှစ်ကောင်သည် လှည့်ကာ လမ်းပြလိုက်သည်။ ယခုတွင် သူတို့ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိနေ၏။ အကယ်၍ ဤနှစ်ယောက်သာ ထိုတားမြစ်နယ်မြေထဲတွင် သေဆုံးသွားပါက သူတို့ဒုက္ခများလည်း ပြီးဆုံးသွားပေလိမ့်မည်။

မကြာမီတွင် ဝမ်ပေါင်လဲ့တို့ ခန်းခြောက်နေသော ရေတွင်းပျက်တစ်ခု ရှေ့သို့ ရောက်ရှိလာသည်။

မန်ဒလာ ရေတွင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“သခင်လေးတို့၊ ဒါက တားမြစ်နယ်မြေရဲ့ အဝင်ဝပါပဲ”

ဝမ်ပေါင်လဲ့သည် ချက်ချင်းပင် သူ့နတ်ဘုရားအာရုံကို ရေတွင်းထဲသို့ ဖြန့်ကြက်လိုက်ရာ ရေတွင်းအောက်ခြေမှ ပြင်းထန်သော အပူရှိန်တစ်ခုကို ခံစားလိုက်ရ၏။

၎င်းသည် ကောင်းကင်မီးလျှံ မဟုတ်ဘဲ သန့်စင်သော ယန်အဆီအနှစ်သာ ဖြစ်သည်။

သူ နတ်ဘုရားအာရုံဖြင့် စမ်းသပ်ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခုပေါ်လာ၏။

“ဆရာပြောတာ မှန်တယ်။ ပြင်းထန်ယင်ရှိတဲ့နေရာမှာ ပြင်းထန်တဲ့ယန် ရှိကိုရှိရမယ်။ ဂျူနီယာညီလေး ဟန်၊ ဒါက ငါတို့ကျင့်ကြံဖို့ အကောင်းဆုံးနေရာပဲ။ မင်းရဲ့ သက်ရှည်ကျမ်းလည်း ယင်နဲ့ ယန် ဟန်ချက်ညီဖို့ လိုတယ်မလား။ အခု ငါတို့ သန့်စင်တဲ့ ယင်နေရာတစ်ခုကို ထပ်ရှာတွေ့ပြီဆိုရင် ဒီစွမ်းအားနှစ်ခုကို သုံးပြီး ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းနိုင်ပြီ”

ဟန်ပင်း၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွား၏။

“စီနီယာအစ်ကို၊ မလောပါနဲ့ဦး။ အိမ်တော်တစ်ခုလုံးကို အရင်ပတ်ကြည့်ပြီး တခြားကောင်းတာလေးတွေ ရှိသေးလားလို့ အရင်ရှာကြည့်ရအောင်”

ဝမ်ပေါင်လဲ့သည် သူ့ကို လက်မထောင်ပြလိုက်သည်။

“မင်းတောင် တော်တော်သိလာပြီပဲ ဂျူနီယာညီလေး”

ဘေးမှ နတ်ဆိုးနှစ်ကောင်သည် ထိုစကားကို ကြားသောအခါ ရင်ထဲမှ အလုံးကြီး ကျသွားတော့၏။

“သွားကြစို့”

ဝမ်ပေါင်လဲ့သည် စိတ်လက်ပေါ့ပါးစွာ ဟန်ပင်း၏ ပုခုံးကို ဖက်ကာ အိမ်တော်၏ တစ်ခုတည်းသော အဆောက်အဦးဆီသို့ ဦးတည်လိုက်သည်။

“ဟတ်ချိုး”

မိုင်ပေါင်း တစ်ထောင်အကွာ မြောင်တောင်ထိပ်တွင် ချူဖုန်းသည် နှာချေလိုက်ပြီး သူ့နှာခေါင်းကို ပွတ်လိုက်မိသည်။

ဘေးနားရှိ ပင်းယန် စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

“ယောက်ျား နေမကောင်းလို့လား”

ချူဖုန်း ပြုံးလျက် ဆိုလိုက်၏။

“နေကောင်းပါတယ်။ ငါ့ရဲ့ ကျေးဇူးမသိတတ်တဲ့ တပည့်တွေ ငါ့အတင်းပြောနေကြလို့ ဖြစ်မှာပါ”

ပင်းယန် “...”

တပည့်သုံးယောက် “...”

ချူဖုန်း ဆက်ပြောလိုက်၏။

“ဒါတွေ ထားလိုက်ပါတော့။ အာရုံစိုက်ကြစို့။ မင်းတို့ထဲက တစ်ယောက်ယောက် ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မေးစရာရှိလား။ ဘာပဲဖြစ်ဖြစ် မေးလို့ရတယ်”

ဖုန်းမူ၏ မျက်နှာတွင် ဝမ်းသာရိပ်များ သန်းသွားသည်။

“ဆရာ၊ အသေးစားကံကြမ္မာကျမ်းနဲ့ ပတ်သက်ပြီးတော့လေ၊ သူ့နတ်ဘုရားစွမ်းရည်ကို နားလည်ဖို့ သက်တမ်းကို စတေးဖို့ လိုတယ်လို့ ကြားဖူးပါတယ်။ အဲဒါကြောင့် အသက်စွမ်းအင်တိုးတက်စေတဲ့ နတ်ဘုရားပညာရပ်များ ရှိမလားလို့ မေးချင်လို့ပါ”

ချူဖုန်းသည် အတွေးနက်သွားတော့၏။

“တကယ်တော့ မရှိဘူး။ ဒါပေမဲ့ မင်း အင်မော်တယ်နတ်ဘုရားပညာကို နားလည်အောင် ကြိုးစားကြည့်လို့ရတယ်။ မင်းသာ မသေနိုင်၊ မပျက်စီးနိုင်တဲ့ အဆင့်ကို ရောက်သွားမယ်ဆိုရင် သက်တမ်းအတွက် စိတ်ပူနေစရာ မလိုတော့ဘူး”

ဘေးနားရှိ မိန်းကလေးငယ်နှစ်ဦးမှာ အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ပိုင်ကျင်းသည် ဆရာ့ထံမှ ကျင့်စဉ်တစ်ခု တောင်းဆိုရန်ပင် မနည်းထိန်းထားရ၏။ သို့သော် သူမ ကျင့်စဉ်စတင်လိုက်သည်နှင့် ယခုလို လွတ်လွတ်လပ်လပ် ကစားနိုင်တော့မည် မဟုတ်ကြောင်း ပြန်လည်သတိရသွားသည်။

ပင်းယန်ကမူ ထပ်မမေးတော့ပေ။ သူမသည် သူမ၏ ကိုယ်ပိုင်တာအိုအား ရှာတွေ့ထားပြီးဖြစ်ရာ ထိုအတိုင်းသာ ဆက်သွားရန် လိုအပ်သည်။

အပျက်အစီးမြို့တော်ဟောင်း အတွင်း၌...

ဝမ်ပေါင်လဲ့နှင့် ဟန်ပင်းတို့ ယိုင်နဲ့နေသော ခြံဝင်းတစ်ခု အပြင်ဘက်သို့ ရောက်ရှိလာကြလေ၏။

သူတို့နှစ်ဦး ဇွတ်အတင်း ဝင်မသွားဘဲ စိတ်အာရုံကို အသုံးပြု၍ ခြံဝင်းတစ်ခုလုံးကို အရင်စစ်ဆေးလိုက်သည်။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးမှသာ အတူတူ ဝင်လိုက်ကြ၏။

ခြံဝင်းထဲတွင် အခန်းသုံးခန်းသာရှိရာ သူတို့နှစ်ဦးသည် ထိုအခန်းများကို စတင်မွှေနှောက်ရှာဖွေကြလေတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် နှစ်ယောက်သား စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ ဝင်းပလျက် ကျောက်စိမ်းပေလွှာ အပုံလိုက်ကို ကိုင်ကာ ထွက်လာကြ၏။

ဟန်ပင်းက ပြောလိုက်သည်။

“စီနီယာအစ်ကို၊ ကျွန်တော် စိတ်ဝိညာဉ်စားဖိုမှူးတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို တွေ့ခဲ့တယ်”

ဝမ်ပေါင်လဲ့ ရယ်မောလိုက်၏။

“ငါကတော့ ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးတဲ့ ကျင့်စဉ်အတော်များများကို ရှာတွေ့ခဲ့တယ်”

အချင်းချင်း ရှာတွေ့လာသည်ကို ကြားပြီးနောက် သူတို့နှစ်ဦးစလုံး ပျော်သွားကြသည်။ ရှာတွေ့သမျှကို အပြန်အလှန် လဲလှယ်ပြီးနောက် သူတို့သည် ပြင်းထန်ယင် တည်ရှိရာနေရာကို စတင်ရှာဖွေတော့၏။

မှိုခေါင်းနှင့် မန်ဒလာတို့၏ အေးအေးလူလူ လမ်းပြမှုကြောင့် လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်မှ မတွေ့ရပေ။

ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူတို့နှစ်ဦးသည် မုလွမ်သစ်ပင်ကြီးအောက်သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာကြ၏။

“အံ့ဩစရာမရှိပါဘူး၊ အဲဒီအဘိုးကြီးက သန့်စင်တဲ့ ယင်မြေတစ်ခုလုံးကို တစ်ယောက်တည်း သိမ်းပိုက်ထားလို့ သူတော်စင်တစ်ပိုင်း ဖြစ်လာတာကိုး”

မန်ဒလာ ခေါင်းညိတ်လိုက်၏။

“အဲဒီအဖိုးကြီးက တကယ် စိတ်ပုတ်တာ။ သူက ကျွန်မတို့လို နတ်ဆိုးလေးတွေကိုပဲ အမြဲ နှိပ်စက်နေတာ”

ဝမ်ပေါင်လဲ့ ပြုံးကာ မေးလိုက်သည်။

“မန်ဒလာလေး၊ မင်း တကယ်ပဲ ဒီနေရာမှာပဲ တစ်သက်လုံး နေသွားချင်တာလား”

ရုတ်တရက် မေးလိုက်သော မေးခွန်းကြောင့် မန်ဒလာ ကြောင်အသွားသည်။ သူမသည် ဤအိမ်တော်ထဲတွင် နှစ်ပေါင်း သောင်းချီ၍ နေထိုင်ခဲ့သော်လည်း လွင့်မျောနေသော ဝိညာဉ်များထံမှ ရရှိလာသော မှတ်ဉာဏ်အပိုင်းအစများမှတစ်ဆင့် ပြင်ပကမ္ဘာအကြောင်း သူမ သိခဲ့ဖူးသည်။

ပထမတွင် ထိုကမ္ဘာကို အလွန်တောင့်တခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုမှတ်ဉာဏ်များထဲမှ လှပမှုများကို သူမ မေ့လုနီးပါး ဖြစ်နေခဲ့၏။

ယခု သူ့စကားကို ကြားလိုက်ရချိန်တွင် သူမ ရင်ထဲ၌ ငြိမ်းသတ်ထားသော ဆန္ဒမီးတောက်လေး တစ်ဖန် ပြန်လည်တောက်ပလာခဲ့၏။

“သခင်လေးက ကျွန်မကို အပြင် ခေါ်သွားပေးချင်လို့လားဟင်”

၎င်းကို ကြားလိုက်ရချိန်တွင် မှိုခေါင်း၏ မျက်လုံးများမှာ အားကျစိတ်များဖြင့် ပြည့်သွား၏။ သူ စိတ်ထဲတွင်တွေးနေမိသည်။

‘ငါသာ မိန်းကလေးအဖြစ် မွေးလာရင် ကောင်းမှာပဲ၊ ဒါဆိုရင် ငါလည်း ပြင်ပကမ္ဘာကို မြင်ခွင့်ရမှာ’

ဝမ်ပေါင်လဲ့ ဟန်ပင်း၏ ပုခုံးကို ပုတ်ကာပြောသည်။

“ငါကတော့ မင်းကို မခေါ်သွားနိုင်ဘူး၊ ဒါပေမဲ့ ငါ့ညီလေးကတော့ ခေါ်သွားနိုင်တယ်”

“တကယ်လား”

မန်ဒလာသည် ဟန်ပင်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။

သူမ မျက်ဝန်းများမှာ အရောင်တောက်နေသဖြင့် ဟန်ပင်းမှာ အတော်လေး နေရခက်သွားသည်။

“ဒါပေါ့။ ဒါပေမဲ့ မင်း ငါနဲ့အတူ လယ်စိုက်ပြီး ဝိညာဉ်ဆေးပင်တွေနဲ့ ကျင့်ကြံရမယ်နော်”

“ရှင်”

မန်ဒလာ၏ ပါးပြင်လေးများ ရဲတက်သွားသည်။ ကွယ်လွန်သူ ဝိညာဉ်များ၏ မှတ်ဉာဏ်များထဲတွင် ပြင်ပကမ္ဘာ၌ ယောက်ျားက လယ်စိုက်ပြီး မိန်းမက ရက်ကန်းခတ်သည့်အဓိပ္ပာယ်မှာ အိမ်ထောင်ပြုခြင်းကို ဆိုလိုသည်။

‘ဒီသခင်လေးက ငါ့ကို လက်ထပ်ခွင့် တောင်းနေတာလား’

“လက်မခံနိုင်စရာလားရှင်”

အချစ်ရေးတွင် အတွေ့အကြုံမရှိသော ဟန်ပင်းသည် မန်ဒလာ၏ အံ့ဩသွားမှုကို မြင်သောအခါ သူမက သဘောမတူဟု ထင်မှတ်သွား၏။

ဝမ်ပေါင်လဲ့ သူ့ကျပ်မပြည့်သည့်ညီလေးကို ထိုးချင်စိတ်ပင် ပေါက်သွားသည်။

‘သူ ရှက်နေတာကို မင်းမမြင်ဘူးလား’

“ဟုတ်ကဲ့၊ လက်ခံနိုင်ပါတယ်ရှင်။ ကျွန်မ သခင်လေးရဲ့ ဘေးနားမှာ နေထိုင်ပြီး အတူတူ လယ်စိုက်ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ ဆန္ဒရှိပါတယ်ရှင့်”

မန်ဒလာသည် ဤကဲ့သို့ ရှားပါးလှသော အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

“ကောင်းပြီ၊ ဒါဆို အတည်ပဲ”

ဟန်ပင်း ပြောရင်း သူ့ဓားကျောက်စိမ်းကို ခါးတွင် ပြန်လည်ချိတ်လိုက်သည်။

ထိုသေးငယ်သော လုပ်ရပ်ကို ဝမ်ပေါင်လဲ့ သတိထားမိလိုက်၏။ သူ စိတ်မရှည်ဟန်ဖြင့် ဆိုသည်။

“မန်ဒလာလေး၊ လာပါ... ငါတို့နဲ့အတူ ဒီသန့်စင်တဲ့ ယင်မြေမှာ ကျင့်ကြံကြရအောင်။”

လူတစ်ယောက်၏ သစ္စာရှိမှုကို ရယူချင်လျှင် သူတို့ကို လုံလောက်သော အကျိုးခံစားခွင့် ပေးရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့ ကောင်းစွာ နားလည်ထားလေ၏။

“ကျေးဇူးတင်ပါတယ် သခင်လေးတို့”

မန်ဒလာသည် ဤကဲ့သို့သော ဆုလာဘ်မျိုး ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

All Chapters