တစ်နှစ်
Vol. 30 Ch. 299
အပျက်အစီးရှေးဟောင်းမြို့တော် ဓားမျှော်စင် အတွင်း
ရှောင်ချန်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ သူ ဓားမျှော်စင် အတွင်း၌ တစ်နှစ်ပတ်လုံး ကျင့်ကြံနေခဲ့သည်။ ဓားဝိညာဉ်ဆယ့်နှစ်ခုမှ ဆင်းသက်လာသော ဓားဆန္ဒများကို သူ အပြည့်အဝ ကျွမ်းကျင်သွား၏။ ထိုဆန္ဒများကို အသုံးပြု၍ သူ့ကိုယ်ပိုင် ဓားဆန္ဒကို ပြီးပြည့်စုံသည့် အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ဓားဝိညာဉ်ဆယ့်နှစ်ခုသည် ရှောင်ချန်း၏ အရှိန်အဝါ ပြောင်းလဲသွားခြင်းကို အာရုံခံမိပြီး အံ့အားသင့်သွားရသည်။
ဓားဝိညာဉ်ချွန်းယန် ပြောလိုက်သည်။ “ရှောင်ချန်း တာအိုပေါင်းစည်းခြင်းအဆင့် ထဲကို ရောက်သွားလို့ ဂုဏ်ပြုပါတယ်”
ရှောင်ချန်း မတ်တပ်ရပ်ပြီး ဓားဝိညာဉ်ဆယ့်နှစ်ခုကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။ “စီနီယာတို့ရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီဂျူနီယာ အကျိုးကျေးဇူးတွေ အများကြီး ရလိုက်ပါတယ်။ ဓားဆန္ဒကလည်း ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်သွားပါပြီ”
ဓားဝိညာဉ်ဖော့ထျန်း ပြုံးပြီး ပြောလိုက်သည်။ “ငါတို့လို အဘိုးကြီးတွေကို မြှောက်ပင့်နေစရာ မလိုပါဘူးကွာ။ မင်း ခွန်အားနဲ့ နားလည်နိုင်စွမ်းကို ငါတို့ ကိုယ်တိုင် မြင်ထားပြီပြီ။ ဒီဓားမျှော်စင်မှာ မင်းက ငါတို့ မြင်ဖူးသမျှ အထူးချွန်ဆုံး ဓားကျင့်ကြံသူလို့ ပြောနိုင်တယ်။ အခု မင်းက ငါတို့ စမ်းသပ်မှုကို အောင်မြင်သွားပြီ ဆိုတော့ မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်”
ရှောင်ချန်း ပြန်ဖြေသည်။ “ကျေးဇူးပြုပြီး ပြောပါ စီနီယာ”
“ပထမတစ်ခုက နောက်တစ်ဆင့်ကို တက်သွားပြီး ဓား မျှော်စင်ဝိညာဉ်ရဲ့ ဓားတာအိုကို မြင်တွေ့ခွင့် ရဖို့ပဲ။ ဒုတိယတစ်ခုကတော့ ငါတို့ကို အပြင်ဘက် ပို့ပေးဖို့ပဲ “
ဓားဝိညာဉ်ဖော့ထျန်း စကားပြောပြီးနောက် ဓားဝိညာဉ် အားလုံး ရှောင်ချန်း ကို မျှော်လင့်တကြီး ကြည့်လာကြ၏။ သူတို့ လူငယ်လေး လုပ်မည့် ရွေးချယ်မှုကို စောင့်ကြည့်နေကြသည်။
ရှောင်ချန်း မဆိုင်းမတွ ပြောလိုက်သည်။ “စီနီယာတို့ ကျွန်တော် အပေါ်ထပ်ကို တက်သွားပြီး အဲဒီ စီနီယာရဲ့ ဓားတာအို ကို မြင်တွေ့ချင်ပါတယ်”
ဓားဝိညာဉ်များသည် ထိုအဖြေကို မျှော်လင့်ထားပုံရပြီး နားလည်မှုရှိစွာ ပြုံးလိုက်ကြသည်။
ဓားဝိညာဉ်ချွန်းယန် ပြောလိုက်သည်။ “ကောင်းပြီလေ။ မင်း အပေါ်ကို တက်ချင်နေမှတော့ ငါတို့ လမ်းဖွင့်ပေးပါ့မယ်။ ဒါပေမဲ့ ပြင်ဆင်ထားပါ။ သူ့ စိတ်နေသဘောထား က ငါတို့နဲ့ လုံးဝ ကွာခြားတယ်”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
ရှောင်ချန်း ပြောနေရင်း မျက်လုံးများထဲတွင် မျှော်လင့်တကြီး ဖြစ်နေသော အရိပ်အယောင် တစ်ခု ပေါ်လာသည်။
ဓားဝိညာဉ်များထံမှ အလင်းတန်း ဆယ့်နှစ်ခု ဖြာထွက်လာသည်။ ထို့နောက် ချက်ချင်းပင် ဓားမျှော်စင်၏ သတ္တမအဆင့်သို့ ဦးတည်နေသော ကျောက်လှေကားတစ်ခု သူ့ ရှေ့တွင် ပေါ်လာသည်။
ရှောင်ချန်း တုံ့ဆိုင်းမနေဘဲ လှေကားဆီသို့ တက်လှမ်းသွားလိုက်သည်။
မြောင်တောင်ပေါ်တွင်
ချူဖုန်းသည် ပင်းယန်နှင့်အတူ ဓားပညာကို လေ့ကျင့်နေစဉ် စနစ်၏ အသိပေးချက်တစ်ခု ပေါ်လာသည်။
“သင့်တပည့် ရှောင်ချန်းသည် တာအိုပေါင်းစည်းခြင်းအဆင့် သို့ တက်သသွားပြီး ဓားဆန္ဒကို ပြီးပြည့်စုံသွားပါပြီ။ ပိုင်ရှင်ကို ကျင့်ကြံခြင်း နှစ်ရှစ်ဆယ်နှင့် တာအိုအနှစ်သာရ ရှစ်ခု ချီးမြှင့်ပါတယ်”
ထိုအသံကို ကြားသောအခါ ချူဖုန်း သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူ့မျက်နှာချင်းဆိုင်တွင် ရှိသော ပင်းယန် သတိပြုမိသွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ယောကျာ်း တစ်ခုခု ဖြစ်လို့လား”
ချူဖုန်း ပြုံးလိုက်သည်။ “ဘာမှမဖြစ်ပါဘူး။ ကိုယ်က ရှောင်ချန်း အကြောင်းကို တွေးနေတာပါ။ အပျက်အစီးရှေးဟောင်းမြို့ထဲမှာ သူတို့ ဘာတွေ လုပ်နေကြမလဲ ဆိုတာ သိချင်လာလို့”
လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း အခြား တပည့်များ အဆင့်တက်သွားသည့် အသိပေးချက်များကို သူ တဖြည်းဖြည်းချင်း ရရှိခဲ့သည်။
လက်ရှိတွင် ချောင်ရို့ချန်သည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းသတ္တမအဆင့်၊ ချင်းချင်းသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းပဉ္စမအဆင့်၊ ဝမ်ပေါင်လဲ့သည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းဒုတိယအဆင့်၊ ယဲ့ပေရွှမ်သည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းပထမအဆင့်၊ ရွှီချိုက်ချန်သည် စစ်မှန်ကံကြမ္မာနဝမအဆင့်၊ ဟန်ပင်းသည် စစ်မှန်ကံကြမ္မာ သတ္တအဆင့် တို့ ဖြစ်ကြသည်။
ထို့အပြင် ကောင်စုတ်လေးဖုန်းမူသည် ကျင့်ကြံခြင်းတွင် တိုးတက်မှု အချို့ ရှိခဲ့သည်။ တပည့်များ သူ့ကို စုပေါင်း၍ ကျင့်ကြံခြင်း နှစ်ရာချီ ပေးအပ်ခဲ့ကြသဖြင့် သူ့ ကျင့်ကြံခြင်း နှစ်လေးထောင်ကျော်အထိ ရောက်သွားတော့၏။
အပျက်အစီးရှေးဟောင်းမြို့ ထဲသို့ ဝင်ရောက်သွားသူများထဲတွင် ကောင်မလေး ချူချိုက်ယီ တစ်ယောက်သာ မည်သည့် လှုပ်ရှားမှုမျှ မပြသသေးပေ။
သူမ ရင်ဆိုင်နေရသည့် ပြဿနာများကို သူ လုံးဝ မသိခဲ့ချေ။
ချူဖုန်း မျက်လုံးများထဲတွင် စိုးရိမ်မှု အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်ကို မြင်သောအခါ ပင်းယန် သူ့ကို နှစ်သိမ့်ရန် ပြောလိုက်သည်။ “ယောကျာ်း... စိတ်ပူစရာ မလိုပါဘူး။ အပျက်အစီးရှေးဟောင်းမြို့က အန္တရာယ်တွေ အများကြီး ရှိတယ်ဆိုပေမဲ့ သူတို့မှာ ဦးလေးရီရှန်း ရှိတယ်။ ရှင် ပေးထားတဲ့ ဓားကျောက်စိမ်းတွေလည်း ရှိတယ်လေ။ သူတို့ကို ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး”
ချူဖုန်း ခေါင်းအသာညိတ်လိုက်သည်။ “မင်းပြောတာ မှန်ပါတယ်။ မတွေ့ရတာ ကြာပြီဆိုတော့ ကိုယ် သူတို့ကို လွမ်းနေရုံ သက်သက်ပါ။ ကောင်းပြီ၊ ဆက်ပြီး ကျင့်ကြံကြတာပေါ့”
“ကောင်းပါပြီ”
ပင်းယန် သူမ၏ အဖိုးတန် ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ ချူဖုန်းထံ ပြေးဝင်သွားသည်။
အပျက်အစီးရှေးဟောင်းမြို့၏ နန်းတော်
တော်ဝင်ကိုယ်လုပ်တော် ၏ မြေအောက် နန်းတော် အတွင်း၌
ချူချိုက်ယီ ကျင့်ကြံနေခဲ့သည်မှာ သုံးလနီးပါးပင် ရှိနေပြီဖြစ်၏။ သူမ ဘေးတွင် ချင်းချင်းသည် သူမ မျက်လုံး မဖွင့်သေးသည်ကို စောင့်ကြည့်နေသည်။ အနည်းငယ် စိုးရိမ်နေသော်လည်း ဂျူနီယာညီမလေး ၏ ကျင့်ကြံခြင်းကို သူမ ဝင်ရောက် မနှောင့်ယှက်ရဲချေ။
ချိုက်ယီကို စောင့်ရှောက်ပေးနေစဉ် သူမလည်း ကျင့်ကြံခဲ့သည်။ ဤမြေအောက်နန်းတော်အတွင်းတွင် ရှားပါးသော ရတနာများနှင့် သူတော်စင်အဆင့်၊ နတ်ဘုရား အဆင့် နည်းစနစ်များကို တွေ့ခဲ့သည်။
နတ်ဆိုးဘုရား၏ ဈာပနတေးသွား အမည်ရသော နတ်ဘုရားအဆင့် နည်းစနစ်တစ်ခုက ချင်းချင်းကို လုံးဝ ဖမ်းစားသွားခဲ့သည်။ ဤရက်များတစ်လျှောက် ထိုတေးသွားကို နားလည်သဘောပေါက်ရန် သူမ ကြိုးစားနေခဲ့သည်။ အကယ်၍ တေးသွား၏ အနှစ်သာရကို နားလည်သွားပါက သူမ ကျင့်ကြံမှုသည် သေချာပေါက် နောက်တစ်ဆင့်သို့ တက်လှမ်းသွားမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချူချိုက်ယီသည် သူမ၏ စိတ်ထဲရှိ မှတ်ဉာဏ် အပိုင်းအစများကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။ သူမ စိတ်ထဲသို့ မှတ်ဉာဏ်များ ဝင်ရောက်လာသည့်အတွက် နတ်ဆိုးဘုရား တစ်ပါးနှင့် သူမ အဆက်အသွယ် ရတော့မည်ဟု ခံစားလိုက်ရသည်။
ယခင်က နတ်ဆိုးဘုရား တစ်ပါးနှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ဖူးသဖြင့် ယခုအခါ ချူချိုက်ယီသည် တည်ငြိမ်စွာ ထိုင်ပြီး သင့်တော်သော အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။
သောင်းပြောင်းစာလိပ်ခန်းမအတွင်း၌
ရွှီချိုက်ချန် နောက်ဆုံးတွင် ဒုတိယထပ်ရှိ စာအုပ်များ အားလုံးကို ဖတ်ရှုလို့ ပြီးသွားသည်။ သူ့စာပေ ဆန္ဒက နောက်တစ်ကြိမ် မြင့်တက်လာပြီး အချိန်မရွေး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ကြောင်း ခံစားလိုက်ရသည်။
သူ့ အကြည့်က အနီးနားရှိ စောင့်ရှောက်သူဝိညာဉ် အပေါ်သို့ ကျရောက်သွားပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။ “စီနီယာ ဒီဂျူနီယာ ဒုတိယထပ်က စာအုပ်တွေ အားလုံးကို ဖတ်လို့ ပြီးသွားပြီမို့လို့ နောက်တစ်ထပ်ကို တက်သွားဖို့ ရည်ရွယ်ထားပါတယ်”
“ဒီလောက် မြန်မြန်ကြီးလား”
စောင့်ရှောက်သူဝိညာဉ်သည် ခဏတာ မှင်တက်သွားသည်။ ဤရက်များတစ်လျှောက် ရွှီချိုက်ချန် ရေးသားခဲ့သော စာစီကုံး နှစ်ပုဒ်ကို လေ့လာရန်သာ သူ အာရုံစိုက်နေခဲ့သည်။ ထိုလက်ရာနှစ်ခုမှ စာပေ အရှိန်အဝါကို စုပ်ယူပြီးနောက် သူ့ဝိညာဉ်ခန္ဓာကိုယ်သည် သိသိသာသာ အစွမ်းထက်လာပါ၏။
ရွှီချိုက်ချန် ပြောလိုက်သည်။ “ဟုတ်တယ်။ သောင်းပြောင်းစာလိပ်ခန်းမ ထဲမှာ စာအုပ်တွေအများကြီး ရှိတယ်။ ဒီဂျူနီယာ အများကြီး သင်ယူခဲ့ရတော့ စာပေဆန္ဒကို ပြီးပြည့်စုံအောင် လုပ်ဖို့ ဒီအခွင့်အရေးကို အသုံးပြုချင်ပါတယ် “
စောင့်ရှောက်သူဝိညာဉ် မနာလို ဖြစ်သွားတော့သည်။ သူ ဖန်တီးထားသော ပုံရိပ်ယောင်မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ “ကောင်းပြီလေ။ ဒါပေမဲ့ အဲဒီ စာစီကုံး နှစ်ပုဒ်ကိုတော့ ငါ့ကို ဆက်ပြီး လေ့လာခွင့် ပြုရမယ်”
ရွှီချိုက်ချန် ပြုံးလိုက်သည်။ “သေချာတာပေါ့။ စီနီယာ စိတ်မရှိဘူး ဆိုရင် အဲ့နှစ်ပုဒ်ကို စီနီယာ့ စောင့်ရှောက်မှုအောက်မှာပဲ အပ်နှံထားခဲ့ပါ့မယ်”
“ကောင်းတယ်”
ပြောပြီးမှသာ သူ စကားလွန်သွားကြောင်း သတိပြုမိပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
“ငါ ပြောချင်တာ သိပ်ပြီး မသင့်တော်ဘူးလားလို့”
ရွှီချိုက်ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။ “မသင့်တော်စရာ ဘာမှ မရှိပါဘူး။ စီနီယာ က ကျွန်တော့်အတွက် စာစီကုံးတွေကို စောင့်ရှောက်ပေးရုံ သက်သက်ပါ”
စောင့်ရှောက်သူဝိညာဉ် လက်မထောင်ပြလိုက်သည်။ “ချိုက်ချန်... ကောင်စုတ်လေး မင်းက တကယ့်ကို ပညာရှင် အစစ်အမှန်ပဲ။ မင်းရဲ့ အဲဒီ ပါးစပ်က ကောင်မလေး တော်တော်များများကို လှည့်စားခဲ့ဖူးမှာ သေချာတယ်”
ရွှီချိုက်ချန် လေးနက်စွာ ပြန်ဖြေသည်။ “ဒီဂျူနီယာ က တကယ်ကို သစ္စာရှိတဲ့ ယောကျာ်း တစ်ယောက်ပါ။ ဒီဘဝမှာ ကျွန်တော် ဇနီး နှစ်ယောက်ပဲ ရှိသေးတာပါ”
ဝိညာဉ်သည် သူ့ကို နားမလည်နိုင်စွာ ကြည့်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ဇနီးနှစ်ယောက်ရှိတာ သစ္စာ ရှိတာလား’
သို့သော် သေချာ ပြန်စဉ်းစားကြည့်သောအခါ ပါရမီရှင်များတွင် ဇနီးများနှင့် ကိုယ်လုပ်တော်များစွာ ရှိတတ်သည်။ ထို့ကြောင့် ဤကောင်လေးတွင် နှစ်ယောက်တည်းသာ ရှိခြင်းက သစ္စာရှိသည်ဟု သတ်မှတ်၍ ရနိုင်ပေသည်။
“အပေါ်ထပ်ကို ဆက်သွားပါ။ အဲဒီမှာ မင်း ရှာနေတဲ့ အရာကို တွေ့နိုင်တယ်”
“ နှုတ်ဆက်ပါတယ် စီနီယာ “
ရွှီချိုက်ချန် ပြောလိုက်ပြီး တတိယထပ်ဆီသို့ ဆက်တက်သွားသည်။
တစ်ချိန်တည်းမှာပင် စံအိမ်ကြီး၏ အခြား တစ်နေရာတွင်
ဝမ်ပေါင်လဲ့သည် မီးဖိုချောင်ထဲတွင် ဒယ်အိုးကို လှန်ကာ ချက်ပြုတ်နေပြီး မှိုခေါင်း က သူ့ ဘေးတွင် မီးမွှေးပေးနေသည်။
အိမ် အပြင်ဘက်တွင် ဟန်ပင်းနှင့် မန်ဒလာတို့ ဝိညာဉ် လယ်ကွင်း တစ်ခုကို အတူတကွ ထွန်ယက်နေကြသည်။
မန်ဒလာသည် ချွေးများဖြင့် ရွှဲနှစ်နေသော ဟန်ပင်းကို ကြည့်လိုက်ပြီး သူမ၏ ပန်းထိုး လက်ကိုင်ပုဝါကို ထုတ်ကာ သူ့ နဖူးမှ ချွေးများကို သုတ်ပေးလိုက်သည်။
ဟန်ပင်း မငြင်းဆန်ဘဲ ကြိုးစားပမ်းစား ဆက်လက် အလုပ်လုပ်နေခဲ့သည်။ သူမ ပြုစုပေးသည်ကို သူ မငြင်းဆန်၍ မန်ဒလာ စိတ်ထဲမှ တွေးလိုက်သည်။
‘ဒါဆို သခင်လေးဟန်က ငါ့အပေါ်မှာ ခံစားချက်တွေ ရှိနေတာပဲ... ဒါပေမဲ့ သူက အရင် စတင်ပြီး ငါ့ကို ဖွင့်ပြောလာအောင် ဘယ်လို အရိပ်အမြွက် ပြရမလဲ’