အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
Chapter 81
~
အခန်း ၈၁ : ဧကရီ၏ ပုံပြင်များ
~
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရေပန်းစားလာသည်နှင့်အမျှ ကြည့်ရှုသူအရေအတွက်မှာလည်း ပိုမိုတိုးပွားလာခဲ့ပြီး ဧကရီအပေါ် စိန်ခေါ်မှုများမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ ဆန်းကြယ်လာခဲ့သည်။
ယနေ့တွင် လုံယွဲ့သည် ထုံးစံအတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဂို ကစားခြင်း၊ ပန်းချီဆွဲခြင်း သို့မဟုတ် ဂိမ်းပြိုင်ခြင်းများ မဟုတ်တော့ပေ။ ပရိသတ်များ၏ တိုက်တွန်းတောင်းဆိုမှုကြောင့် သူမသည် ထိတ်လန့်ဖွယ်ရာ ဂိမ်းတစ်ခုကို ကစားရန် ပြင်ဆင်နေသည်။ သူမကို ပထမဆုံး အကြံပြုထားသည့် ဂိမ်းမှာ နာမည်ကျော် Resident Evilပင် ဖြစ်တော့သည်။
ဂိမ်းမျက်နှာပြင်အတွင်း၌ လုံယွဲ့သည် သူမ၏ ဇာတ်ကောင်ကို ကျွမ်းကျင်စွာ ထိန်းချုပ်လျက် ဇွမ်ဘီများကြားတွင် သွက်လပ်စွာ လှုပ်ရှားနေချေသည်။ သူမ လက်ကိုမြှောက်ကာ သေနတ်ဖြင့် အချက်အနည်းငယ် ပစ်လိုက်ရုံမျှဖြင့် ဇွမ်ဘီများ၏ ခေါင်းကို တည့်တည့်ထိကာ သေဆုံးစေခဲ့၏။ သူမ၏ အမူအရာမှာ တစ်ချက်ကလေးမျှ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်လွန်းလှသည်။ ယခင်က ဂိမ်းအမျိုးမျိုးကို ကစားခဲ့သည့် အတွေ့အကြုံများကြောင့် ယခုအခါ အခြားဂိမ်းအမျိုးအစားများသို့ ပြောင်းလဲကစားလျှင်ပင် သူမသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် ကျင့်သားရလာခဲ့လေပြီ ။
ဂိမ်းတစ်ခုလုံးတွင် အုပ်စုလိုက် ရောက်ရှိလာသော ဇွမ်ဘီများ၊ အရေခွံမပါဘဲ ကြောက်စရာကောင်းသော လစ်ကာများ သို့မဟုတ် ဝတ်စုံရှည်နှင့် တိုင်ရန့်တို့ကို ရင်ဆိုင်ရချိန်တွင်လည်း သူမသည် ကြောက်လန့်ခြင်း အလျဉ်းမရှိ။ ထိုသို့ရင်ဆိုင်ရသည်ကိုပင် သူမက သဘောကျနေပြီး ပရိသတ်များနှင့်လည်း အဆက်မပြတ် စကားပြောဆိုနေပေသည်။
"ဒီလို ပြန်လည်ရှင်သန်လာတဲ့ အလောင်းတွေကို အသင်တို့က ဇွမ်ဘီလို့ ခေါ်ကြတာလား..ဒီဧကရီရဲ့ အင်မော်တယ်နတ်ဆိုးတိုက်ကြီးမှာတော့ ဒါတွေကို တစ္ဆေအလောင်းလို့ ခေါ်ကြတယ်.. မိစ္ဆာလမ်းစဉ်က ကျင့်ကြံသူတွေက တားမြစ်ထားတဲ့ နည်းလမ်းတွေကို သုံးပြီး လူသားတွေရဲ့ အလောင်းကို နိုးထစေကာ ရုပ်သေးရုပ်တွေအဖြစ် ထိန်းချုပ်ထားကြတာပဲ.."
"ဒါပေမဲ့ အဲဒီတစ္ဆေအလောင်းတွေက ဒီက ဇွမ်ဘီတွေလို တစ်ဖက်လူကို ကိုက်ရုံနဲ့ ကူးစက်သွားတာမျိုး မရှိဘူး.. သူတို့က လူတွေကို ဆွဲဖြဲသတ်ပစ်တတ်ပေမယ့် စားတော့မစားကြဘူး.. သူတို့က အလောင်းတွေပဲဆိုတော့ ဗိုက်ဝဖို့အတွက် အစာစားစရာ မလိုဘူးလေ.."
"ဒါနဲ့ပတ်သက်ပြီး ဒီဧကရီကတော့ အံ့ဩမိသား.. ဒီဇမ်ဘီတွေက အလောင်းတွေပဲ ဖြစ်နေတာကို ဘာလို့ လူသားတွေရဲ့ အသားကို ဒီလောက်အထိ အငမ်းမရ စားနေကြတာလဲ.."
"အိုး... ဟုတ်သားပဲ.. ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ဖန်တီးလိုက်မယ်ဆိုရင်တော့ အဲဒါက တစ္ဆေအလောင်း မဟုတ်တော့ဘဲ အလောင်းရုပ်သေး ဖြစ်သွားလိမ့်မယ်.."
"အဲဒီအလောင်းရုပ်သေးတွေက ကြေးနီလို အရေပြားနဲ့ သံမဏိလို အရိုးတွေ ရှိကြတယ်.. ဓားလှံတွေနဲ့ ထိုးလို့မရသလို.. ရေနဲ့မီးလည်း မကြောက်ကြဘူး.. နာကျင်မှုကိုလည်း မသိဘဲ အမိန့်ကိုပဲ နာခံတတ်ကြတယ်.. သာမန်ကျင့်ကြံသူတွေအနေနဲ့ မိမိနဲ့ အဆင့်တူတဲ့ အလောင်းရုပ်သေးနဲ့ တွေ့ရင်တော့ တကယ်ကို အန္တရာယ်များလှတယ်.."
"အင်း... ဒီတိုင်ရန့်ဆိုတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဇွမ်ဘီနဲ့ အတော်လေး တူတာပဲ.."
ထိုသို့ပြောရင်း လုံယွဲ့သည် သူမ၏ ကျည်ဆံများကို တိုင်ရန့်အပေါ်သို့ ပစ်ဖောက်လိုက်သည်။ သို့သော် လွတ်အောင်ပြေးရန် ကြိုးစားစဉ် လမ်းပျောက်သွားသဖြင့် တိုင်ရန့်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူမ၏ ဇာတ်ကောင်မှာ သေဆုံးသွားရပြန်သည်။
"ချီး... ဒီဧကရီသာ ကိုယ်တိုင် အပြင်မှာ ရှိနေမယ်ဆိုရင် ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ အလောင်းရုပ်သေးတစ်ထောင်လောက်ကို ဓားတစ်ချက်တည်းနဲ့ ခေါင်းဖြတ်ပစ်လိုက်မှာ.."
လုံယွဲ့သည် ဒေါသတကြီးဖြင့် သူမ၏ လက်သည်းကို ကိုက်လျက် တိုးတိုးလေး ရေရွတ်နေသည်။ ဤဇွမ်ဘီများမှာ ထိုမျှအထိ မစွမ်းဆောင်နိုင်ကြသော်လည်း ဂိမ်းထဲက ဇာတ်လိုက်မှာ သာမန်လူသားတစ်ယောက်သာ ဖြစ်နေခြင်းကြောင့်ပင် ။ သူမသာ ဖြစ်ခဲ့လျှင် လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် တစ်မြို့လုံးရှိ ဇမ်ဘီများကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်မည် ဖြစ်သည်။ ဤဇမ်ဘီများက ဘာကြောင့် ဤမျှအထိ သောင်းကျန်းနိုင်ကြသေးသည်ကို သူမ နားမလည်နိုင်ချေ။
ကြည့်ရှုသူများကမူ ဧကရီသည် လုံးဝမကြောက်ဘဲ ဂိမ်းကစားရာတွင်သာ အနည်းငယ် ညံ့နေသော်လည်း သတ္တိမှာမူ အမှန်ပင်ဖြစ်ကြောင်း၊ ထိတ်လန့်စရာဂိမ်းများ ကစားရင်း အော်ဟစ်ခြင်းမရှိသော အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူကို တွေ့ရခဲသဖြင့် ဧကရီပီသကြောင်း ပြောဆိုနေကြသည်။ အချို့ကမူ ဧကရီ၏ အော်သံကို နားထောင်ချင်သော်လည်း သူမက အေးဆေးဖြစ်နေသဖြင့် ထင်ထားသလို မဟုတ်ကြောင်း မှတ်ချက်ပေးနေကြလေသည်။
လုံယွဲ့၏ အေးအေးဆေးဆေး စကားပြောနေပုံကို ကြည့်ကာ ပရိသတ်များမှာ ဆွံ့အသွားကြသည်။ သူမကို ထိတ်လန့်စရာဂိမ်းများ ကစားရန် အကြံပြုစဉ်က သူမသည် ထိုဂိမ်းများ၏ သဘောသဘာဝကိုပင် မသိသလို၊ နာမည်ကျော် Resident Evil ကိုလည်း တစ်ခါမျှ မကြားဖူးခဲ့ပေ။ ထို့ကြောင့် သူမကို ကြောက်လန့်သွားစေရန် ရည်ရွယ်ချက်ဖြင့် ဤဂိမ်းကို တိုက်တွန်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူမမှာမူ တစ်စက်ကလေးမျှ မကြောက်ဘဲ ပရိသတ်များနှင့်ပင် အေးအေးဆေးဆေး စကားပြောနေနိုင်သေးသည်။ ဤသည်မှာ သူမအနေဖြင့် အစကတည်းက ကျွမ်းကျင်နေပြီး မတတ်သလို ဟန်ဆောင်နေခြင်းလားဟုပင် လူတို့က သံသယဝင်လာကြတော့သည်။
သို့သော် လမ်းပျောက်နေသည့် သူမ၏ ပုံစံ၊ ဆေးစပ်ရန် မသိခြင်းနှင့် ပစ္စည်းများကို ရှာမတွေ့ဘဲ ပရိသတ်များက ပြောပြမှ သိရခြင်းတို့ကို ကြည့်ကာ ထိုသံသယများမှာ ပျောက်ကွယ်သွားရပြန်သည်။ ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် မည်မျှပင် ဟန်ဆောင်စေကာမူ တစ်နေရာမဟုတ် တစ်နေရာတွင် သိသာနိုင်သော်လည်း သူမ၏ လှုပ်ရှားမှုများမှာ လူသစ်စစ်စစ် ဖြစ်ကြောင်း သက်သေပြနေသောကြောင့်ပင် ဖြစ်သည်။
ပရိသတ်ထဲမှ တစ်စုံတစ်ဦးက ဧကရီအနေဖြင့် ဤဂိမ်းကို ပထမဆုံးအကြိမ် ကစားခြင်းဖြစ်သော်လည်း အဘယ်ကြောင့် နည်းနည်းမျှ မကြောက်ရသနည်းဟု မေးမြန်းလိုက်သည်။ ပုံမှန်အားဖြင့် အမျိုးသမီးများသည် ထိုဂိမ်းကို ပထမဆုံး ကစားလျှင် အော်ဟစ်နေကြရမည် ဖြစ်သော်လည်း သူမမှာမူ အေးဆေးပင် ဖြစ်နေပေသည်။ ဂိမ်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းများကြောင့် ကြည့်ရှုသူများပင် လန့်သွားသော်လည်း သူမကမူ တချက်မတွန့်ချေ။
"အမ်... ဒီဂိမ်းထဲမှာ ကြောက်စရာ ဘာရှိလို့လဲ.."
လုံယွဲ့သည် ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့် ဂိမ်းကို ခဏရပ်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ဒီဧကရီဟာ တစ်ခါတုန်းက တစ္ဆေအလောင်းဂိုဏ်းရဲ့ နယ်မြေထဲကို တစ်ယောက်တည်း ဝင်ခဲ့ဖူးတယ်.. အဲဒီမှာ မြေပြင်တစ်ခုလုံးဟာ လူသားအလောင်းတွေ.. သားရဲအလောင်းတွေနဲ့ ပြည့်နေတာပဲ.. အဲဒီဂိုဏ်းချုပ်က တားမြစ်နည်းလမ်းတွေကို သုံးပြီး ဒီအလောင်းတွေကို ပေါင်းစပ်ကာ ပိုပြီး ရွံစရာကောင်းတဲ့ မိစ္ဆာအလောင်းတွေကို ဖန်တီးခဲ့ကြတယ်.. အဲဒီသတ္တဝါတွေဟာ ရုပ်ပျက်ဆင်းပျက်နဲ့ ခန္ဓာကိုယ်မှာလည်း လောက်ကောင်တွေ ပြည့်နေတတ်ကြတာ.. အဲဒီလို မိစ္ဆာတွေကို ဒီဧကရီက အမြဲတမ်း မြင်တွေ့နေရတာဆိုတော့ ဒါတွေကို ကျင့်သားရနေပါပြီ.."
"နောက်တစ်ခါမှာလည်း ဒီဧကရီက ငရဲပြည်ကို တစ်ယောက်တည်း ဝင်သွားပြီး ဓားတစ်ချက်တည်းနဲ့ နာကျည်းနေတဲ့ ဝိညာဉ်ပေါင်း သောင်းနဲ့ချီပြီး သတ်ဖြတ်ခဲ့ဖူးတယ်.. မိစ္ဆာပေါင်း သိန်းနဲ့ချီပြီး နှိမ်နင်းခဲ့တာပဲ.. ဒီလို ဇွမ်ဘီလေးတွေကိုတော့ ဒီဧကရီရဲ့ အမြင်မှာတော့ ကြောက်စရာလို့ မထင်ပါဘူး.."
ထိုသို့ပြောပြီးနောက် လုံယွဲ့က ခဏရပ်ကာ မျက်လုံးလေးများကို မှိတ်လျက် လှောင်ပြောင်သော အပြုံးလေးဖြင့် ဆိုလိုက်ပြန်သည်။
"အသင်တို့ကများ ကြောက်နေကြတာလား.. သြော်... မထူးဆန်းပါဘူးလေ..အသင်တို့ သေမျိုးတွေက သတ္တိနည်းကြတာပဲ မလား.."
ဤစကားကို ကြားလိုက်ရချိန်တွင် ပရိသတ်များမှာ မည်သို့ ငြိမ်နေနိုင်ပါတော့မည်နည်း။ ဧကရီက သူတို့ကို ထပ်မံလှောင်ပြောင်လိုက်ပြန်ပြီဟု ဆိုကာ အချို့က နောက်တစ်ခါတွင် ပို၍ကြောက်စရာကောင်းသော Outlast သို့မဟုတ် ခက်ခဲသော Dark Soulsတို့ကို ကစားခိုင်းရန် ကြံစည်နေကြသည်။ အချို့ကမူ သူမ၏ ပုံပြင်ပြောနိုင်သော စွမ်းရည်ကို ချီးကျူးကြပြီး သူမသည် ရှန်းရှဝတ္ထုများကို အတော်လေး ဖတ်ထားပုံရကြောင်း ပြောဆိုကြပေသည်။ မည်သို့ပင်ဖြစ်စေ ဧကရီ၏ ကြွားလုံးများကို နားထောင်ရသည်မှာ အရသာရှိသည်ဟု အားလုံးက လက်ခံထားကြသည်။
"အသင်တို့က ဘာမှမသိဘူး..ဒီဧကရီ ပြောသမျှဟာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေပဲ.. ဘယ်မှာ ကြွားနေလို့လဲ.."
လုံယွဲ့သည် မျက်မှောင်ကြုတ်လျက် ပရိသတ်များကို မကျေမနပ် ပြန်လည်ပြောဆိုလိုက်သည်။ သူမအနေဖြင့် ဂိမ်းကစားတာ ညံ့သည်ဟု ပြောခြင်းကို သည်းခံနိုင်သော်လည်း ဧကရီဖြစ်ကြောင်းကို သံသယဝင်ခြင်းကိုမူ လုံးဝ သည်းမခံနိုင်ပါချေ။
ဤရက်အနည်းငယ်အတွင်း ပရိသတ်များမှာ လုံယွဲ့နှင့် စကားပြောဆိုရာတွင် မည်သို့ ပြုမူရမည်ကို ကျင့်သားရနေကြပြီ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ တိုက်ရိုက်ထုတ်လွှင့်သူကို စနောက်နိုင်သည်။ လှောင်ပြောင်နိုင်သည်။ သို့သော် ဧကရီဖြစ်ကြောင်းနှင့် သူမ၏ ပုံပြင်များကိုမူ သံသယမဝင်ရန် အားလုံးက နားလည်ထားကြပေသည်။ ကြည့်ရှုသူများက သူမပြောသမျှကို ယုံကြည်ပါသည်ဟု လိုက်လျောညီထွေ ပြောဆိုလိုက်မှသာ လုံယွဲ့မှာ ကျေနပ်သွားပုံရပြီး...
"အင်း... အဲဒီလိုမှပေါ့.."
လင်းဖန်သည် ဘေးမှ ကြည့်နေရင်း စကားပြောလိုသော်လည်း ပြန်လည်ထိန်းလိုက်သည်။ ပရိသတ်များမှာ သူမကို တကယ်ယုံကြည်နေကြခြင်း မဟုတ်ဘဲ ကလေးတစ်ယောက်ကို ချော့သလိုသာ ပြောဆိုနေကြခြင်း ဖြစ်သည်ကို သူ သိနေသောကြောင့်ပင်။ သို့သော် သူမ ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် သူသည်လည်း အမှန်တရားကို ဖွင့်မပြောတော့ရန် ဆုံးဖြတ်လိုက်တော့၏။ သူမ စိတ်ကြိုက် ပျော်ရွှင်နေသည်က ပိုကောင်းပေသည် ။
Chapter 82
~
အခန်း ၈၂ : ဧကရီ လစာရပြီ...
~
နောက်လ၏ ၁၅ ရက်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။
"မဖြစ်သေးပါဘူး.. ဘာလို့ ငါ့လစာက အခုထိ ရောက်မလာသေးတာလဲ.."
နံနက်စောစောအချိန်တွင် လုံယွဲ့သည် ထုံးစံအတိုင်း အိပ်ရာထဲ၌ လှိမ့်မနေတော့ဘဲ စောစီးစွာ နိုးထလာခဲ့၏။ သူမ မျက်နှာသစ် သန့်စင်ပြီးနောက် ဆိုဖာပေါ်တွင် ခြေထောက်ကလေးများ စုကာ ထိုင်လျက် သူမ၏ ဘဏ်စာရင်းကို စူးစိုက်ကြည့်နေမိသည်။ ရှေ့တွင်ရှိသော နွားနို့ပူပူလေးမှာပင် အေးစက်စပြုနေပေပြီ။
မှတ်ပုံတင်ရရှိပြီးနောက် ဘဏ်ကတ်ကို သူမ၏အမည်ဖြင့် ဖွင့်ခဲ့ခြင်း ဖြစ်သည်။ ဤသည်က သူမ၏ ကိုယ်ပိုင်ဘဏ်ကတ်ဖြစ်ပြီး လစာငွေများ ထည့်သွင်းရန်အတွက် သီးသန့်အသုံးပြုခြင်း ဖြစ်ပေသည်။
လစာငွေများကို နောက်လ၏ ၁၅ ရက်နေ့တွင် ထုတ်ပေးလေ့ရှိကြောင်း နတ်ဆိုးအရှင်က သူမကို ပြောပြခဲ့သည်။ လွန်ခဲ့သော လကတည်းက သူမသည် လစာထုတ်ရက်ကို မျှော်လင့်နေခဲ့ခြင်း ဖြစ်၏။ မနေ့ကဆိုလျှင် သူမ ပို၍ပင် စိတ်မရှည်ဖြစ်နေခဲ့ပြီး လောကကြီး၏ အချိန်စီးဆင်းမှုကို အရှိန်မြှင့်တင်ကာ ယနေ့သို့ ချက်ချင်းရောက်ရှိသွားစေရန် မန္တန်များပင် ရွတ်ဖတ်ချင်နေမိသည်။
သို့သော် သူမတွင် ကျင့်ကြံမှုစွမ်းအားများ မရှိတော့သဖြင့် ထိုစိတ်ကူးမှာ ပျက်ပြားသွားခဲ့ရပြီး ဆက်လက်စောင့်ဆိုင်းရန်သာ တတ်နိုင်တော့သည်။ မနေ့ညက အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သဖြင့် အိပ်၍ပင် မပျော်ခဲ့ချေ။ စောစီးစွာ နိုးထလာသည်နှင့်တစ်ပြိုင်နက် ဘဏ်လုပ်ငန်းသုံးဆော့ဖ်ဝဲ (Mobile Banking) ကို ဖွင့်ကာ သူမဘဝ၏ ပထမဆုံးသော လစာငွေကို ကြိုဆိုရန် ပြင်ဆင်နေခဲ့သည်။ ထိုအတွက်ကြောင့်ပင် ယနေ့တွင် အလုပ်ကို တစ်ရက် ခွင့်ယူထားခဲ့၏ ။
သို့သော် မျှော်လင့်ချက်အပြည့်ဖြင့် ဖွင့်ကြည့်လိုက်သောအခါ သူမ မြင်တွေ့ရသည်မှာ သုညဂဏန်း သက်သက်သာ ဖြစ်နေလေသည်။ သူမ၏ ငွေများမှာ အဘယ်အရပ်သို့ ရောက်ရှိနေပါသနည်း။ မည်သည့်အတွက်ကြောင့် အခုထိ ရောက်မလာရသေးသနည်း။
"မောနင်း.. ဧကရီ..ထူးဆန်းလှချည်လား.. ဒီနေ့ အစောကြီး နိုးနေပါလား.."
လင်းဖန်သည် အိပ်ခန်းထဲမှ ထွက်လာစဉ် ဆိုဖာပေါ်တွင် ထိုင်လျက် ဖုန်းကို စိုက်ကြည့်ကာ လက်သည်းကို ကိုက်နေသော လုံယွဲ့ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူမကို ဤမျှစောစော မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် အိမ်သာတက်ခဲ့သည့်နေ့ပြီးလျှင် ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်ပင် ဖြစ်တော့သည်။
"နတ်ဆိုးအရှင်... ဘာလို့ ငါ့ငွေတွေ ရောက်မလာသေးတာလဲ.."
လုံယွဲ့သည် လင်းဖန်ကို သနားစဖွယ် မော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းအစုံမှာ ဝိုင်းစက်နေပြီး ငိုတော့မည့်ဟန်ဖြင့် မျည်ရည်ဝဲနေချေပြီ။
လွန်ခဲ့သော တစ်လလုံးတွင် သူမ အလွန်ပင် ချွေတာခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း တစ်နေ့လျှင် ၁၀ နာရီကျော်ကြာအောင် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သည်။ ပြင်ပမှ အစားအသောက်များကိုလည်း အလွန်နည်းပါးစွာသာ မှာယူစားသောက်ခဲ့ပေသည်။ အားလုံးမှာ ယနေ့ လစာထုတ်ရက်တွင် မိမိနှစ်သက်ရာကို ဝယ်ယူနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လစာငွေက ရောက်မလာသေးသဖြင့် သူမ၏ ကြိုးစားမှုများမှာ အချည်းနှီး ဖြစ်သွားပြီလားဟု စိုးရိမ်နေမိသည်။
သူမ၏ သနားစဖွယ် အမူအရာကြောင့် လင်းဖန် လန့်သွား၏။ လစာငွေ မရောက်သေးရုံမျှဖြင့် ဧကရီ ဤမျှအထိ ဝမ်းနည်းသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ကြည့်ရသည်မှာ သူမသည် မိမိကိုယ်ပိုင် လစာငွေကို အမှန်တကယ်ပင် ရရှိလိုနေပုံရသည်။
"ဧကရီ... အခုမှ ခုနစ်နာရီပဲ ရှိသေးတာ.. လူတွေက အလုပ်တောင် ရောက်ချင်မှ ရောက်အုံးမှာ.. လစာရချင်ရင်တော့ သူတို့ အလုပ်စလုပ်တဲ့အထိ စောင့်ရဦးမှာပေါ့.."
"မစိုးရိမ်ပါနဲ့.. ထူးခြားတဲ့ အခြေအနေမျိုး မရှိရင်တော့ ဒီနေ့ လစာ သေချာပေါက် ရပါလိမ့်မယ်.. မွန်းလွဲပိုင်း ဒါမှမဟုတ် ညနေပိုင်းလောက်မှာ ရောက်လာမှာပါ.."
"တကယ်လား.."
လင်းဖန်၏ စကားကြောင့် လုံယွဲ့မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း စိုးရိမ်တကြီးဖြင့်...
"ငါ့ကို မလိမ်ဘူးမလား.."
"မလိမ်ပါဘူး..ငါ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ.."
လုံယွဲ့၏ သတိကြီးစွာ ထားနေသော အမူအရာကို ကြည့်ကာ လင်းဖန်မှာ ရယ်လည်းရယ်ချင်၊ စိတ်လည်းမကောင်း ဖြစ်မိသည်။ သူမကိုလည်း အပြစ်ဆို၍ မရချေ။ လွန်ခဲ့သော ရက်များတွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ပရိသတ်များက သူမကို နည်းမျိုးစုံဖြင့် နောက်ပြောင်ခဲ့ကြလေသည်။ ကွန်ပျူတာရှိ ပါဝါခလုတ်ကို နှိပ်လျှင် လျှို့ဝှက်ချက်များ ပေါ်လာလိမ့်မည်ဟု လိမ်ညာခြင်း သို့မဟုတ် ဂိမ်းမှာ လိုင်းမကောင်းတော့ဘဲ ထစ်နေပြီဟု ဝိုင်းဝန်းပြောဆိုခြင်းများကြောင့် သူမသည် လူတိုင်းကို သံသယဝင်နေပေတော့၏။
"နွားနို့တွေ အေးကုန်တော့မယ်နော်.."
လင်းဖန်က သူမရှေ့ရှိ နွားနို့ခွက်ကို ညွှန်ပြကာ သတိပေးလိုက်သည်။
"အား... ငါ မေ့သွားတော့မလို့.."
လုံယွဲ့သည် နွားနို့ခွက်ကို မြန်မြန်ယူကာ ပေါင်မုန့်နှစ်ချပ်နှင့်အတူ စားသောက်လိုက်သည်။ ထို့နောက် အိပ်ခန်းထဲသို့ ပြေးဝင်ကာ အဲကွန်းကို ဖွင့်ပြီး စောင်ထဲသို့ တိုးဝင်ကာ ပြန်အိပ်လိုက်တော့သည်။
ယနေ့တွင် အနားယူမည်ဟု ဆုံးဖြတ်ထားသဖြင့် လစာငွေ မရောက်မချင်း စောင့်နေမည့်အစား အိပ်ရေးဝအောင် ပြန်အိပ်လိုက်ခြင်းက ပို၍ ကောင်းပေမည်။ ဤတစ်လလုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှုများကြောင့် နံနက် ၉ နာရီတွင် အမြဲထခဲ့ရသဖြင့် ကောင်းကောင်းမွန်မွန် အိပ်စက်ရခြင်း မရှိခဲ့ပေ။ ယနေ့တွင်မူ သူမ အားရပါးရ ပြန်အိပ်တော့မည် ဖြစ်သည်။
လင်းဖန်သည် စောင်လေးခြုံကာ အိပ်ပျော်သွားသော လုံယွဲ့ကို ကြည့်ပြီး ခေါင်းကိုသာ ခါယမ်းမိတော့သည်။ သူက စားပွဲပေါ်ရှိ အဝတ်များကို ယူကာ လျှော်ဖွပ်ပေးလိုက်သည်။
ယခင်က ဧကရီသည် အိမ်တွင် ဇာတ်ကားများကြည့်ခြင်း သို့မဟုတ် ဖုန်းသုံးခြင်းများ ပြုလုပ်သော်လည်း အားလပ်ချိန်များတွင် အိမ်ကို သန့်ရှင်းရေးလုပ်ခြင်းနှင့် မီးဖိုချောင်တွင် ကူညီခြင်းများကို ပြုလုပ်လေ့ရှိသည်။ သူမသည် တခြားသူများကို ဒုက္ခမပေးဘဲ အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူ ဖြစ်၏။ တစ်ခါတစ်ရံတွင် သူမကပင် သူ့ကို သန့်ရှင်းရေးလုပ်ရန် ကြီးကြပ်လေ့ရှိသေးသည်။
ယခုမူ သူမသည် အိပ်ချင်ဇောဖြင့် နွားနို့သောက်ပြီးသော ခွက်ကိုပင် စားပွဲပေါ်တွင် ဒီအတိုင်း ထားခဲ့တော့သည်။ သူမသည် ဤလောကနှင့် တဖြည်းဖြည်း ကျင့်သားရလာခြင်းမှာ ကောင်းသောလက္ခဏာလား၊ ဆိုးသောလက္ခဏာလားဆိုသည်ကို သူ ဝေခွဲမရတော့ချေ။
...
"ဝါးးးး..."
မွန်းတည့်ချိန်တွင် လုံယွဲ့သည် အိပ်ရာမှ နိုးထလာကာ အကြောဆန့်လျက် သမ်းဝေလိုက်သည်။ ယခင်က သူမ နေ့ခင်းဘက် အိပ်စက်လေ့မရှိသော်လည်း ယခုအခါတွင်မူ အိပ်စက်ရခြင်း၏ အရသာကို သဘောကျလာခဲ့လေပြီ ။ စောင်လေးခြုံကာ ဘာကိုမျှ မစဉ်းစားဘဲ မျက်လုံးမှိတ်ထားရသည့် ထိုခံစားချက်မှာ သူမကို အလွန်ပင် စွဲလမ်းစေခဲ့သည်။ အိမ်မက်ကမ္ဘာထဲတွင်သာ ပိတ်မိနေချင်လောက်အောင် သက်သောင့်သက်သာ ရှိလှသည်။ အိပ်ရာ၊ စောင်နှင့် ခေါင်းအုံးတို့ကို တီထွင်ခဲ့သော လူသားမှာ တကယ်ပင် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သူမ အသိအမှတ်ပြုလိုက်တော့သည်။
"နိုးပြီလား.. နေ့လယ်စာအတွက် ခေါက်ဆွဲပြုတ်ထားတယ်..လာစားတော့လေ.."
လင်းဖန်က မီးဖိုချောင်ထဲမှ လှမ်းခေါ်လိုက်သည်။
"အင်း... လာပြီ.."
လုံယွဲ့သည် ခပ်တိုးတိုး ပြန်ထူးကာ အဲကွန်းကို ပိတ်ပြီး ထမင်းစားပွဲတွင် ထိုင်လိုက်သည်။ လင်းဖန်သည် ခေါက်ဆွဲအိုးကြီးကို ယူဆောင်လာခဲ့ပေသည်။ ခေါက်ဆွဲများမှာ ဆီဝေ့နေသဖြင့် တလက်လက်တောက်ပနေပြီး ကြက်ဥကြော်များ၊ ဟင်းသီးဟင်းရွက်များနှင့် အသားများလည်း အပြည့်အစုံ ပါဝင်ပေသည်။
လုံယွဲ့က ခေါက်ဆွဲများကို ပန်းကန်ထဲသို့ ထည့်ကာ ငရုတ်သီးဆော့စ်များနှင့် ရောနှောလျက် အရသာရှိစွာ စားတော့သည်။ စားသောက်နေစဉ်မှာပင် သူမသည် ဖုန်းထဲမှ ဘဏ်အကောင့်ကို ထပ်မံစစ်ဆေးလိုက်ရာ ချက်ချင်းပင် အံ့ဩတကြီး ရေရွတ်မိလိုက်၏။
"အိုး..."
"ဘာဖြစ်လို့လဲ.."
လင်းဖန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"လစာ.. ငါ့လစာ ရောက်လာပြီ.."
" ငါ တကယ်ပဲ ဒီလောက်အများကြီး ရှာနိုင်ခဲ့တာလား.."
လုံယွဲ့သည် ခေါက်ဆွဲစားနေသည်ကို ရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ဖုန်းမျက်နှာပြင်ကို လင်းဖန်အား ပြသလိုက်သည်။ ဘဏ်စာရင်းတွင် ၄၀၀၀၀ ယွမ် နီးပါးကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။ လွန်ခဲ့သောလက သူမသည် ရက်သတ္တပတ် နှစ်ပတ်ခန့်သာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သော်လည်း ဤမျှအထိ ရရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ရက်ပေါင်း ၁၅ ရက်အတွင်း ကွန်ပျူတာတစ်လုံး၏ တန်ဖိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဟင်းဟင်း... နတ်ဆိုးအရှင်..မြင်သလား.. ဒါက ငါ့ရဲ့ စွမ်းအားပဲ.."
"ငါသာ လက်လှုပ်လိုက်ရင် ငွေရှာဖို့ဆိုတာ တကယ်ကို လွယ်ကူတဲ့ ကိစ္စပါပဲ.."
လုံယွဲ့သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မျက်နှာကိုချီ၍ ကြွားဝါလိုက်သည်။ အလုပ်ရှာစဉ်က သူမ မည်မျှအထိ အခက်တွေ့ခဲ့ရသည်ကို ယခုအခါ လုံးဝမေ့လျော့နေလေပြီ။
"ဧကရီအရှင်မ ပီသပါပေတယ်.."
လင်းဖန်သည် သူမ၏ တက်ကြွနေသော ကြက်ဖစိတ်ဓာတ်ကို မဖျက်ဆီးဘဲ စိတ်ရင်းနှင့်ပင် ချီးကျူးဂုဏ်ပြုပေးလိုက်သည်။ ဤကာလအတွင်း သူမ မည်မျှအထိ ကြိုးစားခဲ့သည်ကို သူ မြင်တွေ့ခဲ့ရ၏။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုလူသိများလာခဲ့သဖြင့် ဤမျှအထိ ရရှိလိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းခဲ့ပြီးသား ဖြစ်သည်။ ယခုမှစ၍ အိမ်အသုံးစရိတ်များကို သူမ၏ငွေဖြင့် ကာမိနိုင်တော့မည် ဖြစ်ပေသည်။
"ဒါနဲ့ ငါ့မှာလည်း သတင်းကောင်း တစ်ခုရှိသေးတယ်..ငါ့ရဲ့ စာမူက စာချုပ်ချုပ်ဖို့ အတည်ပြုချက် ရသွားပြီ..အခုဆိုရင် တရားဝင် အခန်းဆက်တွေ စတင်နေပြီ.."
လင်းဖန်ကလည်း သူ၏ စာရေးဆရာဘဝ တိုးတက်မှုကို အခွင့်သာခိုက် ပြောပြလိုက်ပေသည်။ နှစ်လနီးပါး ကြိုးစားခဲ့ရပြီးနောက် အယ်ဒီတာ၏ အတည်ပြုချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
"အိုး... ဒါဆိုရင် ဒီဧကရီက နတ်ဆိုးအရှင်ကိုလည်း ဂုဏ်ပြုပါတယ်.."
"ဒီနေ့ကတော့ တကယ်ကို အောင်ပွဲခံရမယ့် နေ့ပဲ.. ဒီညကျရင် ငါတို့..."
လုံယွဲ့က စကားကို ခဏရပ်ကာ ပြုံးလျက် သူ့ကို ကြည့်လိုက်သည်။ လင်းဖန်ကလည်း သူမ၏ ဆိုလိုရင်းကို နားလည်သဖြင့်...
"ဒီညတော့ အားရပါးရ စားကြသောက်ကြတာပေါ့.."
နှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီး ထိုအခိုက်အတန့်တွင် အချင်းချင်း နားလည်မှု ရရှိသွားကြပါလေသတည်း။