← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

Chapter 83

~

အခန်း ၈၃ : ဒီဧကရီက ကျွေးမယ်..

~

​"ဘာစားချင်ကြလဲ.. ကြိုက်တာမှာကြစမ်းပါ.. ဒီနေ့တော့ ဒီဧကရီက အကုန်ရှင်းပေးမယ်.."

​ဈေးဝယ်လမ်းမထက်တွင် လုံယွဲ့သည် လက်ကလေးကိုပိုက် ဖြူဖွေးသော လည်တိုင်ကို မော့လျက် ဝင့်ကြွားသော အမူအရာဖြင့် ပြောနေပေသည်။ လစာငွေ ရရှိပြီးကတည်းက သူမ၏ နှုတ်ခမ်းအစုံမှာ ပြုံးယောင်သန်းနေပြီး စကားပြောဆိုပုံမှာလည်း ယခင်ကထက် ပိုမိုရဲတင်းလာခဲ့၏။

​လွန်ခဲ့သောလက လစာမရမီအချိန်တွင်မူ ၂၀ ယွမ်တန် အစားအသောက်တစ်ခု မှာယူရန်အတွက်ပင် လျှော့ဈေးကူပွန်များ လိုက်လံရှာဖွေခြင်း၊ ဈေးနှုန်းနှိုင်းယှဉ်ခြင်းနှင့် လက်သည်းကို ကိုက်ကာ အချိန်အတော်ကြာ စဉ်းစားခြင်းများ ပြုလုပ်ခဲ့ရသည် မဟုတ်ပါလော။

​"ယန့်ကျီ... မင်း ဘာစားချင်လဲ.."

​လင်းဖန်က ဘေးမှ ကျိုးယန့်ကို လှည့်၍ မေးလိုက်သည်။

​ဒီနေ့ညတွင် သူနှင့် လုံယွဲ့တို့ နှစ်ဦးတည်း အောင်ပွဲခံရန် ရည်ရွယ်ခဲ့သော်လည်း ဤကာလအတွင်း ကျိုးယန့်က သူတို့ကို နည်းမျိုးစုံဖြင့် ကူညီပေးခဲ့သည်ကို သတိရသဖြင့် ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

​"ငါကတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်.. မရီးက ကျွေးတာဆိုတော့ ဘာပဲဖြစ်ဖြစ်ရတယ်.."

​ကျိုးယန့်က ရိုးသားစွာ ပြုံးလျက် ပြန်ပြောပြီးနောက် လင်းဖန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

​"လင်းဖန်... မင်းကတော့ တကယ့်ကောင်ပဲ.. မင်းနဲ့ မရီးနဲ့ နှစ်ယောက်တည်း သွားစားရမယ့်ကိစ္စကို ငါ့ကို ဘာလို့ ခေါ်တာလဲ.."

​ထိုသို့ပြောရင်း ကျိုးယန့်က လင်းဖန်ကို မျက်စောင်းထိုးလိုက်သည်။ ပုံမှန်အားဖြင့် ချစ်သူမောင်နှံနှစ်ဦး ချိန်းတွေ့သည့်အခါ မည်သူကမျှ တခြားသူကို ခေါ်လေ့မရှိသော်လည်း လင်းဖန်မှာမူ သူ့ကို သီးသန့်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် ကျွေးမွေးမည်ဆိုသဖြင့် စိတ်လှုပ်ရှားစွာ လာခဲ့သော်လည်း ရောက်ရှိလာမှသာ နှစ်ယောက်တည်း မဟုတ်သည်ကို သိလိုက်ရသဖြင့် သူသည် ကြားညပ်နေသော တတိယလူ ဖြစ်နေမလားဟု တွေးတောနေမိ၏။

​"သူ ဒီနေ့ လစာရလို့ ပျော်နေတာလေ.. အဲဒါကြောင့် မင်းကို ကျေးဇူးတုံ့ပြန်ချင်လို့ ဖိတ်ခိုင်းတာပါ.."

​"ဒီကာလအတွင်း မင်းကူညီခဲ့တာတွေ အများကြီး ရှိတာပဲ.. အားနာမနေပါနဲ့.."

​လင်းဖန်က လက်ကာပြ၍ ပြောလိုက်သည်။ ကျိုးယန့်သည် အစပိုင်းတွင် သူတို့အတွက် ယွမ် လေးသောင်း ချေးပေးခဲ့သလို၊ လုံယွဲ့အတွက် ကွန်ပျူတာဝယ်ယူရာတွင်လည်း ငွေအမြောက်အမြား အကုန်အကျခံခဲ့ပေသည်။ ထို့ပြင် အလုပ်ရှာပေးခြင်းနှင့် မိတ်ဆွေများကို အကူအညီတောင်းပေးခြင်းများကြောင့် သူ့ကို ကျွေးမွေးဧည့်ခံခြင်းမှာ မလွဲမသွေ ပြုလုပ်ရမည့် ကိစ္စပင် ဖြစ်တော့သည်။

​"ကဲပါလေ... ထားလိုက်ပါတော့.."

​ကျိုးယန့်သည် သက်ပြင်းချကာ ဆက်မပြောတော့ပေ။ ရောက်ရှိနေပြီဖြစ်သဖြင့် ယခုမှ ပြန်လှည့်သွားရန်မှာလည်း မသင့်တော်လှပါချေ။

​လင်းဖန်နှင့် ကျိုးယန့်တို့ တိုးတိုးတိတ်တိတ် စကားပြောနေစဉ် လုံယွဲ့မှာမူ ဖုန်းကို အဆက်မပြတ် ပွတ်လျက် ယနေ့ည စားသောက်မည့် နေရာကို ရှာဖွေနေပေသည်။ ဤလောကသို့ ရောက်ရှိလာပြီးနောက် သူမသည် အိမ်တွင်သာ စားသောက်လေ့ရှိသဖြင့် အပြင်စာများကို သိပ်မစားဖူးခဲ့။ ဖုန်းထဲမှ ဓာတ်ပုံများတွင် မြင်တွေ့ရသော အရသာရှိမည့် ဟင်းလျာများမှာ သူမကို ဝေခွဲမရ ဖြစ်စေတော့သည်။

​"နတ်ဆိုး... အဲ... လင်းဖန်..နင် ဘာစားချင်လဲ.. အကင်လား..ဟော့ပေါ့လား..ဒါမှမဟုတ် တခြားဆိုင်မှာပဲ မှာစားမလား.."

​လုံယွဲ့သည် အချိန်အတော်ကြာ စဉ်းစားသော်လည်း မဆုံးဖြတ်နိုင်သဖြင့် လင်းဖန်ကိုသာ မေးလိုက်သည်။

​"ဘူဖေး သွားစားရင်ကော..တစ်ယောက်ကို နှစ်ရာ.. သုံးရာယွမ်လောက်ပဲ ကျမှာဆိုတော့ ကြိုက်သလောက် စားလို့ရတာပေါ့.."

​လင်းဖန်က အကြံပြုလိုက်သည်။

​"နှစ်ရာ သုံးရာလောက်ပဲလား.."

​လုံယွဲ့က မျက်မှောင်ကြုတ်ကာ မကျေမနပ် ဖြစ်သွားသည်။

​"ဒီနေ့ ဒီဧကရီက ကျွေးမှာလို့ ပြောပြီးသားပဲ.. အဲဒီလောက်အထိ ချွေတာနေစရာ မလိုပါဘူး.. ဒီဧကရီမှာ ငွေတွေ အများကြီး ရှိတယ်.."

​လင်းဖန်က သူမကို အားနာသဖြင့် ဈေးသက်သာသော နေရာကို ပြောသည်ဟု သူမ ထင်မှတ်ကာ ဧကရီတစ်ပါးအနေဖြင့် အနှိမ်ခံရသည်ဟု ခံစားလိုက်ရသည်။ ယခုအခါ သူမတွင် ငွေလေးသောင်းကျော် ရှိနေပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ မဟုတ်တော့ကြောင်း ပြသချင်နေမိ၏။

​သူမ၏ ဝင့်ကြွားနေပုံကို ကြည့်ကာ လင်းဖန်နှင့် ကျိုးယန့်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီး အကြံတစ်ခု ရသွားကြသည်။

​"ကောင်းပြီလေ.. ဧကရီက အဲဒီလိုပြောမှတော့ ငါတို့လည်း အားနာမနေတော့ပါဘူး.."

​"ငါ သိတဲ့ ဆိုင်ကောင်းကောင်း တစ်ဆိုင် ရှိတယ်.. မသွားဖြစ်တာလည်း ကြာပြီဆိုတော့ မရီးကို အဲဒီကို ခေါ်သွားပေးပါ့မယ်.."

​ကျိုးယန့်သည် ကားကို မောင်းထုတ်ကာ လင်းဖန်နှင့် လုံယွဲ့တို့ကို ခေါ်ဆောင်လျက် ထိုဆိုင်သို့ တိုက်ရိုက် ဦးတည်လိုက်တော့သည်။ မကြာမီတွင် သူတို့သည် အလွန်ခမ်းနားထည်ဝါသော အဆင့်မြင့် စားသောက်ဆိုင်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

​ဆိုင်အတွင်းရှိ မီးဆိုင်းများမှာ တောက်ပလင်းလက်နေပြီး စားသောက်နေသူများမှာလည်း တင့်တယ်စွာ ဝတ်ဆင်ထားကြပေသည်။ အမိုးထက်တွင် ဆွဲချိတ်ထားသော ဖန်စီမီးဆိုင်းကြီးများနှင့် ပြောင်လက်နေသော ကြွေပြားများမှာ ဆိုင်၏ ဂုဏ်ဒြပ်ကို ဖော်ပြနေသကဲ့သို့ ရှိနေချေသည်။

​ဝန်ထမ်းတစ်ဦးသည် ပြုံးရွှင်စွာဖြင့် သူတို့ထံ ချဉ်းကပ်လာကာ နေရာထိုင်ခင်းများ ပြင်ဆင်ပေးပြီး သားရေဖြင့် ပြုလုပ်ထားသော ဟင်းလျာစာရင်း (Menu) ကို ကမ်းပေးလိုက်သည်။

​အင်မော်တယ်နယ်မြေ၏ ဧကရီဖြစ်ခဲ့သူ လုံယွဲ့အတွက်မူ ခမ်းနားသော နန်းတွင်းစားသောက်ပွဲများစွာကို မြင်တွေ့ခဲ့ဖူးသဖြင့် ဆိုင်၏ ပြင်ဆင်မှုများကြောင့် တုန်လှုပ်ခြင်း မရှိချေ။ သို့သော် သူမသည် စိတ်လှုပ်ရှားစွာဖြင့် ဟင်းလျာစာရင်းကို ဖွင့်ကြည့်လိုက်ချိန်တွင်မူ မျက်လုံးများ ဝိုင်းစက်သွားကာ မျက်နှာကို စာအုပ်နှင့် အနီးကပ် ကပ်လျက် မယုံနိုင်သလို ကြည့်နေမိတော့သည်။

​"အမဲသားကင်... ၁၉၈၈ ယွမ်.."

"ဟင်းရွက်ပြုတ်... ၁၈၈ ယွမ်.."

"အင်မော်တယ် အိုက်စကရင်... ၆၀၀ ယွမ်.."

"ဆန်ပြုတ်အလွတ် တစ်ပန်းကန်တောင် ၁၀၀ ယွမ်လား.."

​ဟင်းလျာတစ်ခုချင်းစီ၏ ဈေးနှုန်းကို ဖတ်ရင်း လုံယွဲ့မှာ အသက်ရှူပင် မှားမတတ် ဖြစ်သွား၏။ သူမက လင်းဖန်ကို ကူညီကာ ဈေးဝယ်ခြင်းနှင့် ဟင်းချက်ခြင်းများ ပြုလုပ်ဖူးသဖြင့် ကုန်ဈေးနှုန်းများကို အသင့်အတင့် နားလည်ထားပေသည်။ ပြင်ပတွင် ငါးယွမ်အောက်သာ ရှိသော ဟင်းရွက်များမှာ ဤနေရာတွင် ၁၈၈ ယွမ်အထိ ဖြစ်နေလေသည်။

​ဟင်းရွက်ပြုတ်ဆိုသည်မှာ ရေနွေးထဲတွင် ထည့်ပြတ်ကာ ပြန်ဆယ်ပြီး ကြက်သွန်ဖြူဆီသတ်လေး ဆမ်းရုံသာ ဖြစ်၏။ ထိုဟင်းကို ယခုအခါ သူမကိုယ်တိုင်ပင် ချက်တတ်နေလေပြီ ။ ဆန်ပြုတ်အလွတ်ဆိုသည်မှာလည်း ဆန်နှင့် ရေကိုသာ အသုံးပြုရခြင်း ဖြစ်ပြီး သူမကိုယ်တိုင်ပင် အကြိမ်ကြိမ် သောက်ဖူးခဲ့ပေသည်။ ဆန်တစ်အိတ်ဝယ်လျှင်ပင် လပေါင်းများစွာ စားနိုင်သည် မဟုတ်ပါလော။ ယခု ဤနေရာတွင်မူ တစ်ပန်းကန်ကို ၁၀၀ ယွမ်ဟု ဆိုနေပေသည်။

​'ဒီဆန်ပြုတ်ကို အင်မော်တယ်စမ်းရေများနှင့်များ ချက်ထားသလား..ဒီဆိုင်က ဓားပြတိုက်တဲ့ ဆိုင်ပဲ ..'

​"ဧကရီက ကျွေးတာဆိုတော့ ငါလည်း အားနာမနေတော့ဘူးနော်.."

​"ဒီအမဲသားကင်ကို စားချင်နေတာ ကြာပြီ..သုံးပွဲမှာလိုက်မယ်.. ဩစတြေးလျ ပုစွန်ထုပ်လည်း သုံးပွဲမှာမယ်..ဆော်လမွန်ငါးလည်း ထည့်လိုက်ဦး..."

​"ကျိုးယန့်... မင်းကော ဘာစားမလဲ.."

​"ငါကတော့ ကဏန်းဘုရင် နှစ်ကောင်လောက်ပဲ စားပါ့မယ်.. ထမင်းကြော်လည်း တစ်ပွဲမှာလိုက်ဦး.."

​လင်းဖန်နှင့် ကျိုးယန့်တို့သည် ဟင်းလျာများကို တစ်ခုပြီးတစ်ခု မှာယူနေကြပေသည်။ သူတို့ တစ်ခုမှာတိုင်း လုံယွဲ့သည် ဟင်းလျာစာရင်းကို ငုံ့ကြည့်ကာ ဈေးနှုန်းကို ကြည့်ရင်း ရင်ဘတ်ထဲတွင် တလှပ်လှပ် တုန်ရီလာရသည်။ သူမ၏ မျက်နှာလေးမှာလည်း ဖြူဖျော့သွားတော့၏။

​သူတို့ မှာယူနေပုံအရ ငွေသောင်းနှင့်ချီ၍ ကုန်ကျတော့မည် ဖြစ်သည်။ သူမ၏ အိတ်ထဲမှ ငွေလေးသောင်းမှာ အနွေးဓာတ်ပင် မရသေးမီ အားလုံး ထွက်သွားတော့မည်ပင်။ ယခုမှာယူနေပုံအရ ငွေလောက်ငှပါမည်လော၊ သူမအနေဖြင့် ဆိုင်တွင် ပန်းကန်ဆေး၍ ပြန်ဆပ်ရမလောဟုပင် စိုးရိမ်နေမိသည်။

​လုံယွဲ့သည် ဟင်းလျာစာရင်းကို ချက်ချင်းပင် ပိတ်လိုက်ကာ တောင်းပန်တိုးလျှိုးသော အမူအရာဖြင့် ခပ်တိုးတိုး ပြောလိုက်တော့သည်။

​"ငါတို့... ဘူဖေး ပဲ သွားစားကြရင်ကော.."

Chapter 84

~

အခန်း ၈၄ : ဧကရီ၏ ပထမဆုံးအကြိမ် ဘူဖေးစားခြင်း...

~

​ဟော့ပေါ့နှင့် အကင်ဘူဖေး စားသောက်ဆိုင်အတွင်း၌...

​ညစာစားချိန် ဖြစ်သဖြင့် စားသောက်ဆိုင်မှာ လူများဖြင့် ပြည့်ကျပ်နေပြီး အလွန်ပင် စည်ကားဆူညံနေပေသည်။ အစားအသောက်များ ရွေးချယ်ရန်အတွက် လူများမှာ လမ်းကြားများထဲတွင် ဟိုဟိုဒီဒီ သွားလာနေကြသည်။ ဟော့ပေါ့အိုးများ ဆူပွက်နေသည့် အသံ၊ လူတို့၏ ရယ်မောသံများနှင့်အတူ အကင်နံ့များမှာ ဆိုင်တစ်ဆိုင်လုံးတွင် ပျံ့နှံ့နေတော့သည်။

​"ဒါက ဟော့ပေါ့နဲ့ အကင်ဘူဖေး ဆိုတာလား..."

​လုံယွဲ့သည် ဆိုင်အဝင်ဝတွင် ရပ်လျက် လူအုပ်ကြီးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

​နောက်ဆုံးတွင်မူ သူမသည် လက်ရှိအခြေအနေကို မှန်ကန်စွာ သုံးသပ်ပြီးနောက် အဆင့်မြင့်စားသောက်ဆိုင်ကို လက်လွှတ်ကာ ဤဘူဖေးဆိုင်သို့ လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ဘဝတွင် ပထမဆုံးသော ငွေကြေးကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သော်လည်း အိမ်လခနှင့် ကွန်ပျူတာဖိုးများ ပေးဆပ်ရန် ရှိနေသေးသည်။ ဆန်ပြုတ်တစ်ပန်းကန်ကို ၁၀၀ ယွမ်ပေးရမည့် ဆိုင်မျိုးမှာ သူမအတွက် အမှန်တကယ်ပင် မကိုက်ညီပေ။

​ထို့ပြင် နောက်ထပ် လစာထုတ်ရက်အထိ တစ်လလုံး စောင့်ရဦးမည် ဖြစ်ရာ ယနေ့ည တစ်နပ်တည်းနှင့် ငွေအားလုံးကို အကုန်အခံနိုင်ပါချေ။ အဆင့်မြင့်စားသောက်ဆိုင်ကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိသော်လည်း ဤဘူဖေးဆိုင်မှာ ပိုမိုသက်သောင့်သက်သာ ရှိလှပေသည်။ ဤကဲ့သို့ စည်ကားဆူညံနေသော ပတ်ဝန်းကျင်မှာလည်း ဆိုးလှသည်တော့ မဟုတ်။

​"မင်္ဂလာပါရှင်.. ဘယ်နှစ်ယောက်ပါလဲ.."

​ဆိုင်အဝင်ဝရှိ ဝန်ထမ်းမလေးက ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။

​"သုံးယောက်ပါ.."

လုံယွဲ့က ပြန်ဖြေလိုက်သည်။

​"ဟုတ်ကဲ့ပါရှင်.. ဒီမှာက တစ်ယောက်ကို ၂၈၈ ယွမ် ကျသင့်မှာ ဖြစ်ပါတယ်..ဟော့ပေါ့ဟင်းရည်အတွက် ၅၀ ယွမ် ထပ်ပေါင်းရမှာ ဖြစ်သလို တစ်ယောက်ကို အာမခံငွေ ၅၀ ယွမ်စီ ပေးဆောင်ရမှာပါ..အစားအသောက်တွေ လေလွင့်မှုမရှိဘဲ စားသောက်ပြီးရင်တော့ အဲဒီအာမခံငွေကို ပြန်အမ်းပေးပါ့မယ်.."

​ဝန်ထမ်းမလေးက လုံယွဲ့နှင့် တခြားသူများကို ငွေရှင်းကောင်တာသို့ ခေါ်ဆောင်သွားပေသည်။

​"အင်း... ကောင်းပြီလေ..ဒါနဲ့ ဘယ်နေရာမှာ ပေးရမှာလဲ.."

​လုံယွဲ့သည် ကောင်တာရှေ့တွင် ရပ်လျက် ဖုန်းကိုကိုင်ကာ ဇဝေဇဝါ မေးလိုက်သည်။ ဤသည်မှာ သူမအနေဖြင့် အပြင်တွင် ပထမဆုံးအကြိမ် ငွေပေးချေခြင်း ဖြစ်သည်။ ယခင်က သူမသည် အွန်လိုင်းမှသာ ဝယ်ယူလေ့ရှိပြီး ငွေများကိုလည်း လင်းဖန်၏ ဘဏ်ကတ်ထဲမှသာ အလိုအလျောက် ဖြတ်တောက်စေခဲ့သည်။ ယခုမူ သူမ၏ ကိုယ်ပိုင်ငွေမှာ ဖုန်းထဲတွင်သာ ရှိနေပြီး လက်ဝယ်၌ ငွေသားမရှိသဖြင့် မည်သို့ပေးချေရမည်ကို မသိဘဲ ဖြစ်နေရသည်။

​ကောင်တာရှိ ဝန်ထမ်းမှာ သူမ၏ မေးခွန်းကြောင့် အံ့အားသင့်သွားကာ သူမ၏ ဖုန်းကို ညွှန်ပြလိုက်သည်။

​"မဟုတ်ပါဘူး မမ.. ဖုန်းထဲက ငွေပေးချေမှု ကုဒ် (QR Code) ကို ဖွင့်ပြီး ဒီမှာ စကင်န်ဖတ်လိုက်ရုံပါပဲ.."

​"ငွေပေးချေမှု ကုဒ်..."

​လုံယွဲ့သည် မျက်မှောင်ကြုတ်လျက် လင်းဖန်ကို အကူအညီတောင်းသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ ဤကိစ္စမှာ သူမအတွက် နားလည်ရ ခက်ခဲလွန်းလှပေသည်။

​လင်းဖန်သည် သူမ၏အနားသို့ တိုးသွားကာ ငွေပေးချေမှု ကုဒ် ဖွင့်နည်းကို တစ်ဆင့်ချင်း သင်ကြားပေးလိုက်သည်။

​"အရင်ဆုံး ဒီအက်ပလီကေးရှင်းကို ဖွင့်လိုက်ပါ.. ပြီးရင် ညာဘက်အပေါ်ထောင့်က အပေါင်းလက္ခဏာကို နှိပ်ပြီး ငွေပေးချေရန်ဆိုတာကို ရွေးလိုက်ရုံပဲ.."

​"အဲဒီမှာ ပေါ်လာတဲ့ ဝင်္ကပါလို ပုံစံမျိုးက ငွေပေးချေမှု ကုဒ်ပဲ.. နောက်ဆိုရင် ပစ္စည်းဝယ်တဲ့အခါ ဒါကိုပဲ ပြလိုက်ရုံပဲ.."

​"အို... ဒီလောက်ပဲလား.. တကယ်ကို အဆင်ပြေလိုက်တာ.."

​"ဒီဧကရီကတော့ ဒီက လူသားတွေကို ပိုပိုပြီး ချီးကျူးမိတော့တာပဲ.."

​လုံယွဲ့သည် စစ်မှန်သော အံ့ဩမှုဖြင့် ရေရွတ်လိုက်သည်။ အင်မော်တယ်နယ်မြေတွင် ပစ္စည်းဝယ်ယူရာ၌ ကျောက်စိမ်းတုံးများ သို့မဟုတ် ပစ္စည်းချင်း ဖလှယ်ခြင်းများ ပြုလုပ်ရသော်လည်း ဤနေရာတွင်မူ ပုံစံတစ်ခုကို ပြရုံမျှဖြင့် ငွေပေးချေနိုင်ခြင်းမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှပေသည်။ အပြင်သွားလျှင် ငွေများစွာ သယ်ဆောင်ရန် မလိုဘဲ ဖုန်းတစ်လုံးရှိရုံနှင့်ပင် လုံလောက်နေလေပြီ။

​ကောင်တာရှိ ဝန်ထမ်းမှာမူ လုံယွဲ့၏ အပြုအမူကြောင့် ကြောင်ကြည့်နေမိသည်။ ဤမျှ လှပတင့်တယ်ကာ အဝတ်အစား ကောင်းကောင်းဝတ်ထားသော မိန်းကလေးတစ်ဦးက ငွေပေးချေမှု ကုဒ်အကြောင်း မသိခြင်းမှာ မဖြစ်နိုင်သလောက်ပင်။ ယခုခေတ်တွင် အသက် ၇၀၊ ၈၀ အရွယ် အဘိုးအဘွားများပင်လျှင် ထိုကုဒ်ကို အသုံးပြုတတ်နေကြပြီ မဟုတ်ပါလော။

​ဘေးမှ ကျိုးယန့်မှာလည်း ထပ်တူပင် အံ့အားသင့်နေရသည်။ သူ၏ မရီးမှာ ငွေပေးချေမှု ကုဒ်အကြောင်းပင် မသိပါချေ။ ကြည့်ရသည်မှာ သူမသည် ဖုန်းဖြင့် ကိုယ်တိုင်ငွေပေးချေခြင်းမျိုး တစ်ခါမျှ မလုပ်ဖူးပုံရသည်။ သူမသည် တကယ့်သူဌေးကြီးတစ်ဦး၏ သမီး ဖြစ်လိမ့်မည်ဟု သူက ပို၍ပင် အခိုင်အမာ ယုံကြည်သွားတော့သည်။ ထိုကဲ့သို့သော သူဌေးသမီးများမှာ အပြင်ထွက်၍ ပစ္စည်းကိုယ်တိုင် ဝယ်စရာမလိုသဖြင့် ဤကဲ့သို့သော ကိစ္စများကို မသိရှိခြင်းမှာ သဘာဝကျလှပေသည်။

​လုံယွဲ့သည် ဖုန်းကို စကင်န်ဖတ်စက်သို့ ပြလိုက်ရာ သူမ၏ ဘဏ်အကောင့်ထဲမှ ၁၀၆၄ ယွမ်မှာ အလိုအလျောက် ထွက်သွားတော့သည်။ ပထမဆုံးအကြိမ် အပြင်တွင် ကိုယ်တိုင် ငွေပေးချေနိုင်ခဲ့သဖြင့် သူမသည် မိမိကိုယ်ကို ဂုဏ်ယူနေမိသည်။ ဤလောကအကြောင်းကို ပိုမိုနားလည်လာသကဲ့သို့ ခံစားလိုက်ရပေသည်။ ယခင်က ငွေတစ်ထောင်ကျော် ကုန်ကျလျှင် သူမ နှမြောမိမည် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ လုံးဝပင် မနှမြောပါချေ။ အဆင့်မြင့်စားသောက်ဆိုင်ရှိ ဟင်းလျာအနည်းငယ်၏ တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် ဤငွေမှာ အလွန်ပင် သက်သာလှသောကြောင့် ဖြစ်ပေသည်။

​ငွေရှင်းပြီးနောက် သုံးဦးသား ဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။ အဝင်ဝတွင်ပင် ရေခဲများပေါ်တွင် တင်ထားသော လတ်ဆတ်သည့် ငါး၊ ပုစွန်နှင့် ခရု အမျိုးမျိုးကို တွေ့ရှိလိုက်ရသည်။ ထို့နောက် အသားကဏ္ဍသို့ ရောက်ရှိလာရာ အစီအရီ တင်ထားသော အမဲသား၊ ဆိတ်သားနှင့် အသားလိပ်များကို တွေ့ရပြန်သည်။

​ထို့ပြင် သစ်သီးများ၊ အချိုပွဲများ၊ ဟင်းလျာမျိုးစုံနှင့် အအေးကဏ္ဍများမှာလည်း စုံလင်လှသဖြင့် လူကို မျက်စိလည်စေပေသည်။ လုံယွဲ့သည် ဘေးပတ်ဝန်းကျင်မှ အစားအသောက်များကို ကြည့်ကာ မယုံနိုင်သလို မေးမြန်းလိုက်သည်။

​"လင်းဖန်... ဒီမှာရှိတဲ့ အရာအားလုံးကို တကယ်ပဲ စိတ်ကြိုက် စားလို့ရတာလား.."

​"ဒါပေါ့..အလေအလွင့် မရှိရင်တော့ ကြိုက်သလောက် စားလို့ရပါတယ်.."

​ထိုစကားကို ကြားသောအခါ လုံယွဲ့သည် လင်းဖန်အနားသို့ တိုးကပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ထပ်မံမေးမြန်းလိုက်ပြန်သည်။

​"ဒါဆို..ငါ အကုန်လုံးကို စားပစ်လိုက်ရင်တောင် ရတာလား.."

​သူမ၏ စကားကြောင့် ဘေးပတ်ဝန်းကျင်မှ လူအချို့မှာ ရယ်မောကုန်ကြသည်။ ဘူဖေးဆိုင်တွင် ရှိသမျှ အကုန်စားပစ်မည်ဟု ပြောသောသူကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ကလေးတစ်ယောက် ပြောလျှင်မူ မထူးဆန်းသော်လည်း အရွယ်ရောက်ပြီးသူ မိန်းကလေးတစ်ဦးက ထိုသို့ပြောခြင်းမှာ အလွန်ပင် ရယ်စရာကောင်းနေပေသည်။

​"ညီမလေး... ဒီမှာရှိတာတွေ အကုန်စားနိုင်ရင်တော့ ညီမလေးရဲ့ အရည်အချင်းပဲပေါ့.."

"ဘူဖေးဆိုတာ ကြိုက်သလောက် စားလို့ရတယ်..လေလွင့်မှု မရှိရင် ဘယ်သူမှ ဘာမှမပြောဘူး.."

"အစ်ကိုက အထင်သေးတာ မဟုတ်ပါဘူး..ညီမလေး ပုံစံကြည့်ရတာ ပေါင်မုန့်နှစ်ချပ် စားပြီးရင်တောင် ဗိုက်ပြည့်သွားမယ့် ပုံစံမျိုးပဲ.."

​ပရိသတ်များ၏ စနောက်သံများကြောင့် လုံယွဲ့မှာ မျက်မှောင်ကြုတ်လျက် ဇဝေဇဝါ ဖြစ်သွားရသည်။ သူမ ပြောသောစကားမှာ ဤမျှအထိ ရယ်စရာကောင်းနေသည်လော။

​"မင်း စားနိုင်ရင်တော့ ကြိုက်တာစားလို့ ရပါတယ်.."

​လင်းဖန်သည် ပြုံးလျက် လုံယွဲ့၏ ခေါင်းလေးကို အသာအယာ ပုတ်ကာ ဆော့စ်စပ်သည့် နေရာသို့ ခေါ်ဆောင်သွားလိုက်သည်။

​"အဲဒါတွေ မစားခင်မှာ အရင်ဆုံး ဆော့စ်စပ်ကြရအောင်.."

​ဟော့ပေါ့စားမည်ဆိုလျှင် မိမိနှစ်သက်ရာ ဆော့စ်ကို စပ်ယူရန်မှာ အရေးကြီးဆုံး ကိစ္စတစ်ခု ဖြစ်သည်။ အရသာရှိသော ဆော့စ်သည် ဟော့ပေါ့၏ အရသာကို ဆုံးဖြတ်ပေးနိုင်သောကြောင့် ဖြစ်သည်။ ရှေ့တွင်ရှိသော ဆော့စ်အမျိုးပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်ကို ကြည့်ကာ လုံယွဲ့မှာ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေသည်။ သူမသည် ဟော့ပေါ့ကို ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်သဖြင့် ဆော့စ်စပ်နည်းကိုလည်း မသိရှိပါချေ။ လတ်တလောတွင် သူမ သိရှိထားသည်မှာ ဆား၊ ဆီ နှင့် အခြေခံ ဟင်းခတ်အမွှေးအကြိုင်အချို့သာ ဖြစ်ပြီး တခြားအရာများကိုမူ တစ်ခါမျှပင် မကြားဘူးပေ။

All Chapters