အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
Chapter 85
~
အခန်း ၈၅ : ဧကရီ၏ စားနိုင်စွမ်း...
~
"အကောင်းဆုံး ဟော့ပေါ့ ဆော့စ်စပ်နည်း.."
ဟု လုံယွဲ့သည် သူမ၏ဖုန်းထဲရှိ ရှာဖွေရေးဘားတွင် တစ်လုံးချင်း ရိုက်နှိပ်လိုက်ပေသည်။
သူမသည် အွန်လိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦး ဖြစ်လာပြီးနောက် အားလပ်ချိန်များတွင် ဇာတ်လမ်းတွဲများနှင့် အန်နီမေးရှင်းများ ကြည့်ရှုခြင်း၊ အကြောင်းအရာအသစ်များကို လေ့လာခြင်းတို့ဖြင့် အချိန်ကုန်ဆုံးလေ့ရှိသည်။ ယခုအခါ သူမ၏ စာရိုက်နှုန်းမှာ ယခင်ကထက် များစွာမြန်ဆန်လာရုံသာမက ရှာဖွေရေးအင်ဂျင်များနှင့် ဗီဒီယိုပလက်ဖောင်းများကို အသုံးပြုကာ အလိုရှိရာကို ရှာဖွေတတ်နေပြီ ဖြစ်သည်။
ရှာဖွေမှုရလဒ်များကို ကြည့်ရင်း သူမ ဝေခွဲမရ ဖြစ်သွားသည်။ ဆော့စ်စပ်နည်း အမျိုးအစားပေါင်း များစွာ ရှိနေသလို လမ်းညွှန်ပေးသူတစ်ဦးစီ၏ အကြံပြုချက်များမှာလည်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
"ဘာစားရမလဲ မသိရင် အကုန်လုံးကို မြည်းကြည့်လိုက်ပေါ့.."
ဝေခွဲမရ ဖြစ်နေသော လုံယွဲ့ကို ကြည့်ကာ လင်းဖန်က အနားသို့ တိုးသွားပြီး သူမလက်ထဲမှ ပန်းကန်အလွတ်ကို ယူကာ ဟင်းခတ်အမွှေးအကြိုင်များကို တစ်ခုချင်း ထည့်ပေးလိုက်သည်။
"ဒါက နှမ်းဆော့စ်စပ်နည်းပဲ.. ငါအကြိုက်ဆုံး ဆော့စ်တစ်ခုပေါ့.. အသားလွှာလေးတွေကို တို့စားရင် အရမ်းအရသာရှိတယ်.."
သူသည် နှမ်းဆော့စ်ပန်းကန်ကို သူမလက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ပန်းကန်အလွတ်အသစ်တစ်ခုကို ထပ်ယူကာ နှမ်းဆီ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို ရောစပ်လိုက်ပြန်သည်။
"ဒါကတော့ ဆီအခြေခံတဲ့ ဆော့စ်ပဲ..အသားနဲ့ စားရင် အရသာရှိသလို အစပ်လည်း သက်သာစေတယ်.."
ပြောနေရင်းနှင့်ပင် ဒုတိယမြောက် ဆော့စ်ပန်းကန်မှာ လုံယွဲ့၏ လက်ထဲသို့ ရောက်ရှိသွားပြန်သည်။ သူမ စကားပြောရန် ပြင်ဆင်နေစဉ်မှာပင် တတိယမြောက် ပန်းကန်ကိုပါ လင်းဖန်က ထပ်မံပေးအပ်လိုက်သည်။
"ဒါကတော့ အခြောက်စပ်နည်းပဲ.. ငရုတ်သီး.. ဇီရာနဲ့ နှမ်းဖြူတွေ ပါဝင်တာဆိုတော့ အကင်တွေနဲ့ စားဖို့ အလွန်သင့်တော်တယ်.."
"အင်း... ကျေးဇူးပဲ.."
လုံယွဲ့သည် ဆော့စ်ပန်းကန် သုံးလုံးကို ကိုင်ကာ သူမ၏ နေရာသို့ ပြန်လာခဲ့သည်။ ဆော့စ်များ ပြင်ဆင်ပြီးချိန်တွင် အကင်ပြားမှာလည်း အပူချိန်ရနေပြီ ဖြစ်သလို ဟော့ပေါ့အိုးမှာလည်း အဆင်သင့် ဖြစ်နေပေပြီ။
ကျိုးယန့်သည် အသားအချို့ကို ကင်နေပြီး ဟော့ပေါ့အိုးထဲသို့လည်း အမဲသားလိပ်များကို ထည့်ထားနှင့်ပြီး ဖြစ်သည်။ အသားကင်မှ ထွက်ပေါ်လာသော အသံနှင့် မွှေးပျံ့သော အနံ့များမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှံ့နေတော့သည်။
"အချိန်ကိုက် ရောက်လာတာပဲ.. ခဏနေရင် စားလို့ရပြီ.."
"အို... ဟုတ်ပြီ.."
လုံယွဲ့သည် နေရာတွင် ထိုင်ကာ အကင်များကို ကြည့်ရင်း ဝမ်းသာအားရ ဖြစ်နေမိသည်။ ထိုအနံ့ကို ရရုံနှင့်ပင် သူမ၏ ပါးစပ်အတွင်း၌ စိုစွတ်လာချေပြီ။
ယခင်က သူမတွင် ကျင့်ကြံမှုစွမ်းအားများ ရှိစဉ်က အစာစားရန် မလိုခဲ့သဖြင့် ငတ်မွတ်ခြင်း၏ ဒုက္ခကို မသိခဲ့ပေ။ သို့သော်လည်း လွန်ခဲ့သော အကြိမ်က ငတ်လုနီးပါး အခြေအနေတွင် အသင့်စား ခေါက်ဆွဲတစ်ခွက်ကို စားကြည့်ပြီးနောက် အစားအသောက်ဆိုသည်မှာ ဤမျှအထိ အရသာရှိမှန်း သူမ စတင်သိရှိလာခဲ့ခြင်း ဖြစ်သည်။ ယခင်က ကောင်းမွန်သော အစားအသောက်များကို လျစ်လျူရှုခဲ့မိသည်မှာ ကောင်းကင်ဘုံ၏ လက်ဆောင်ကို ဖြုန်းတီးခဲ့မိခြင်းပင် ။ ဤတစ်လလုံး ချွေတာခဲ့ရသဖြင့် ဤမျှများပြားသော အသားများကို မတွေ့ရသည်မှာ ကြာခဲ့ပြီ မဟုတ်ပါလော။
"ကဲ... စားလို့ရပြီ.."
လုံယွဲ့၏ မျှော်လင့်တကြီး ကြည့်နေသော အမူအရာကို မြင်သဖြင့် လင်းဖန်က ဟော့ပေါ့အိုးထဲမှ အသားများကို ခပ်ထုတ်ကာ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒါဆိုရင်တော့ ငါ အားနာမနေတော့ဘူးနော်.."
လုံယွဲ့သည် ကျက်နေသော အမဲသားကို နှမ်းဆော့စ်နှင့် တို့ကာ စိတ်လှုပ်ရှားစွာဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အသား၏ အနံ့နှင့် နှမ်းဆော့စ်၏ မွှေးပျံ့သော အရသာတို့ ပေါင်းစပ်သွားချိန်တွင် သူမ၏ မျက်နှာထက်၌ အလွန်ပင် အားရကျေနပ်ပျော်ရွှင် နေသော အမူအရာလေး ပေါ်ပေါက်လာတော့သည်။
"အင်း... အရမ်း အရသာရှိတာပဲ.."
ဤအသားတစ်လုပ်ကြောင့် သူမ၏ ဘဝသည် ပြန်လည်အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ နတ်ဆိုးအရှင် ပြောသကဲ့သို့ပင် ဤနှမ်းဆော့စ်နှင့် တို့စားရခြင်းမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင် ဤကဲ့သို့သော ဆော့စ်အကြောင်း သူမ တစ်ခါမျှ မကြားဖူးခဲ့ပါချေ။ ဤလောကရှိ လူသားများသည် ဤမျှ အရသာရှိသော ဆော့စ်စပ်နည်းကို မည်သို့ တီထွင်ခဲ့ကြပါသနည်း။
"ဖြည်းဖြည်းစားပါ.. လောစရာ မလိုဘူး.. ဘူဖေးက နှစ်နာရီအထိ အချိန်ရတာဆိုတော့ မင်း အေးအေးဆေးဆေး စားလို့ရပါတယ်.."
လင်းဖန်သည် အသားများကို ဟော့ပေါ့အိုးထဲတွင် စက္ကန့်အနည်းငယ်ကြာအောင် ပြုတ်ကာ ကျိုးယန့်နှင့် လုံယွဲ့တို့၏ ပန်းကန်များထဲသို့ ဝေပေးနေပေသည်။
ကျိုးယန့်က ကျေးဇူးတင်စကား ပြောလျက် အသားကင်များကို ဟိုဘက်ဒီဘက် လှန်ပေးနေသည်။ ဧကရီမှာမူ သူမ၏ ခေါင်းကို ငုံ့လျက် အသားများကို အရသာရှိစွာ စားသုံးနေတော့သည်။
"အင်း... ဒီဆီအခြေခံတဲ့ ဆော့စ်ကလည်း အရသာ မဆိုးဘူးပဲ.. အခြောက်စပ်ထားတဲ့ ဆော့စ်ကလည်း ဝါးလိုက်ရင် အရမ်းမွှေးတာပဲ.."
လုံယွဲ့သည် စကားပြောရင်းနှင့်ပင် ရှေ့တွင်ရှိသမျှ အစားအသောက်များကို အကုန်အစင် စားပစ်လိုက်သည်။ သူမသည် နောက်ထပ် အသားများကို ဟော့ပေါ့အိုးထဲမှ ဆယ်ယူရန် ကြည့်လိုက်ချိန်တွင်မူ အိုးထဲ၌ ဘာမှ မကျန်တော့သည်ကို တွေ့လိုက်ရသည်။
"ဟင်... ဘာလို့ အကုန်ကုန်သွားတာလဲ.."
"ငါတို့ ယူလာတာ နည်းသွားလို့ ထင်တယ်.."
"ဒါဆိုရင်တော့ ငါ ထပ်သွားယူဦးမယ်.."
လုံယွဲ့သည် မျက်မှောင်ကြုတ်လျက် ချက်ချင်းပင် ထရပ်ကာ အသားကဏ္ဍသို့ ပြေးသွားတော့သည်။ သူမသည် အသားပန်းကန်များကို သူမ၏ ရင်ခွင်ထဲ၌ အပြည့်ထည့်ကာ ယူဆောင်လာခဲ့သည်။ ငွေတစ်ထောင်ကျော် ပေးထားရသဖြင့် ယနေ့တွင် တန်အောင် စားမည်ဟု သူမ ဆုံးဖြတ်ထားပေသည်။
မကြာမီတွင် လုံယွဲ့သည် အမဲသား၊ ဆိတ်သား၊ ငါး၊ ပုစွန်နှင့် အသားလိပ် ပန်းကန်ပေါင်း ဒါဇင်နှင့်ချီ၍ သယ်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။ ဟော့ပေါ့အိုးနှင့် အကင်ပြားပေါ်တွင် အသားများ ကျက်ရန် စောင့်ဆိုင်းနေစဉ်အတွင်းမှာပင် သူမသည် အဆင်သင့်ချက်ထားသော အစားအသောက်ကဏ္ဍသို့ ပြေးသွားကာ ကြော်လှော်ထားသော အသားပန်းကန် ဆယ်ကျော်လုံးကို ထပ်မံယူလာခဲ့ပြန်သည်။ သူမက ထိုအရာများကို ဗိုက်ထဲတွင် နေရာယူရုံသာ ဖြစ်ကြောင်း ဆိုကာ စားသောက်နေတော့သည်။
ဟော့ပေါ့ကို တာဝန်ယူရသော လင်းဖန်နှင့် အကင်ကို တာဝန်ယူရသော ကျိုးယန့်တို့မှာ သူမ၏ စားနှုန်းကို မမီတော့ဘဲ ဖြစ်နေရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် စားပွဲပေါ်ရှိ ပန်းကန်အလွတ်များမှာ နံရံတစ်ခုသဖွယ် မြင့်တက်လာခဲ့လေသည်။ ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း အံ့အားသင့်စွာဖြင့် ကြည့်နေကြပြီး အချို့ကမူ ထိုမြင်ကွင်းကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်နေကြသည်။ သွယ်လျသော မိန်းကလေးတစ်ဦးက ဤမျှအထိ စားနိုင်ခြင်းမှာ မယုံနိုင်စရာ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
"လင်းဖန်... အမှန်အတိုင်း ပြောစမ်းပါ.. မင်း မရီးကို ထမင်းမကျွေးတာ ဘယ်နှစ်ရက် ရှိပြီလဲ.."
ကျိုးယန့်က အံ့အားသင့်စွာဖြင့် တိုးတိုးလေး မေးမြန်းလိုက်သည်။ အသားကင်များကို လှန်ပေးနေရသဖြင့် သူ၏ လက်မောင်းများပင် နာကျင်နေပြီ ဖြစ်သော်လည်း လုံယွဲ့မှာမူ တစ်ချက်ကလေးမျှ ရပ်နားခြင်း မရှိပါချေ။ ထို့ကြောင့် လင်းဖန်က သူမကို အိမ်တွင် ငတ်ထားသလားဟု သူက သံသယဝင်နေခြင်း ဖြစ်သည်။
"မဖြစ်နိုင်တာ.. သူ နေ့လယ်တုန်းကလည်း ခေါက်ဆွဲအိုးကြီး တစ်အိုးလုံး ကုန်အောင် စားထားတာပဲ.."
လင်းဖန်လည်း အံ့အားသင့်နေသည်။ အိမ်တွင် ရှိစဉ်က သူမသည် အစားအသောက် အတော်လေး စားနိုင်ကြောင်း သူ သတိထားမိသော်လည်း ယခုကဲ့သို့ အထိန်းအကွပ်မဲ့ စားနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
"ဟမ်... နင်တို့ ဘာလို့ မစားကြတာလဲ.."
"အာ... ငါတို့က ဗိုက်ပြည့်သွားပြီ..စားစား.. မင်းပဲ ဆက်စားတော့.."
လင်းဖန်နှင့် ကျိုးယန့်တို့က ပြုံးစိစိဖြင့် ပြန်ပြောလိုက်ကြသည်။ သူတို့နှစ်ဦးမှာ သူမအတွက် အသားများ ပြင်ဆင်ပေးနေရသဖြင့် မိမိတို့ ပန်းကန်ထဲမှ အသားများကိုပင် ကုန်အောင် မစားနိုင်ကြသေးပေ။
"ဒီလောက်လေးနဲ့ ဗိုက်ပြည့်သွားတယ်လား.. အင်း... ဒါဆိုရင်လည်း နင်တို့ ပန်းကန်ထဲက အသားတွေကို ငါပဲ ကူစားပေးရတော့မှာပေါ့.."
လုံယွဲ့သည် သူမ၏ ပန်းကန်ထဲမှ နောက်ဆုံး အသားတစ်လုပ်ကို စားပြီးနောက် လင်းဖန်နှင့် ကျိုးယန့်တို့၏ ပန်းကန်များကို သူမ၏ ရှေ့သို့ ဆွဲယူကာ အကုန်အစင် စားပစ်လိုက်သည်။ စားကြွင်းစားကျန်များ ရှိနေလျှင် အာမခံငွေ အဖြတ်ခံရမည်ဟု ဝန်ထမ်းက ပြောထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူမအနေဖြင့် မတတ်သာဘဲ သူတို့၏ လက်ကျန်များကိုပါ ကူညီစားပေးလိုက်ခြင်း ဖြစ်ပေသည်။
"လင်းဖန်... ငါ့အထင်တော့ မင်းရဲ့ မရီးက တိုက်ရိုက်ထုတ်လွှင့်တာကို မလုပ်ချင်တော့ရင် အစားအသောက် ပြိုင်ပွဲဝင်တဲ့ လမ်းကြောင်းကို ပြောင်းလိုက်ရင်တောင် အဆင်ပြေမယ် ထင်တယ်.."
လုံယွဲ့၏ အံ့မခန်း စားနိုင်စွမ်းကို ကြည့်ကာ ကျိုးယန့်က မှတ်ချက်ပေးလိုက်သည်။ လင်းဖန်ကလည်း ထိုစကားကို ထောက်ခံလိုက်ပေသည်။ သူမ၏ စားနိုင်စွမ်းအရ နာမည်ကျော် အစားအသောက် ပြိုင်ပွဲဝင်များကိုပင် ယှဉ်နိုင်လိမ့်မည်ဟု သူ ယူဆနေမိသည်။ ထိုသို့ စဉ်းစားမိချိန်တွင် သူတို့အိမ်၏ အနာဂတ် အသုံးစရိတ်မှာ ယခင်ကထက် များစွာ မြင့်တက်လာတော့မည် ဖြစ်ကြောင်း သူ သိလိုက်ရချေတော့သည်။
Chapter 86
~
အခန်း ၈၆ : ဧကရီ ကိုယ်ဝန်ရှိနေတာလား..
~
"ဂေ့..."
ဗိုက်ပြည့်အင့်ပြီး ကျေနပ်သွားသော လုံယွဲ့သည် ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး ဖောင်းကားနေသော သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ကာ ကျေနပ်အားရစွာဖြင့် လေချဥ်တက်လိုက်၏။
လင်းဖန်နှင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ဆွံ့အသွားကြပြီး ဘူဖေးစားသောက်ဆိုင်အတွင်းရှိ အကြည့်အားလုံးမှာ သူမထံသို့သာ စုပြုံရောက်ရှိနေလေသည်။ ဆိုင်ထဲသို့ စတင်ဝင်ရောက်လာချိန်မှစ၍ တစ်နာရီနီးပါးကြာအောင် သူမသည် တစ်စက္ကန့်မျှ မနားဘဲ အဆက်မပြတ် စားသောက်နေခဲ့ခြင်း ဖြစ်သည်။
ဟော့ပေါ့နှင့် အကင်များ မကျက်သေးမီအချိန်တွင် အဆင်သင့်ချက်ပြုတ်ထားသော ဟင်းလျာများကို အရင်စားသည်၊ ထို့နောက် အချိုပွဲများနှင့် သစ်သီးများကို ထပ်မံဖြည့်တင်းပြီး ဆိုဒါဗူး ရှစ်ဗူးကိုလည်း တစ်ယောက်တည်း သောက်ပစ်ခဲ့သည်။ ဆိုင်ရှိ အစားအသောက်အားလုံးကို ကုန်အောင် မစားနိုင်ခဲ့သော်လည်း အသားကဏ္ဍရှိ အမဲသားနှင့် ဆိတ်သားများမှာမူ သူမတစ်ယောက်ထဲကြောင့် ပြောင်လုနီးပါးပင်။
သူမ၏ သွယ်လျသော ခါးလေးမှာ ယခုအခါ တောင်ပူစာတစ်ခုကဲ့သို့ ဖောင်းကားနေပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာပင် ပြုတ်ထွက်တော့မည့်အတိုင်း ဖြစ်နေပေသည်။ ဤအခြေအနေမျိုးနှင့်သာ ဘတ်စ်ကား သို့မဟုတ် မြေအောက်ရထား စီးမည်ဆိုပါက ကလေးငယ်များကပင် သူမကို ကိုယ်ဝန်ဆောင်ဟု ထင်မှတ်ကာ နေရာဖယ်ပေးကြပေလိမ့်မည် ။
"ဗိုက်တင်းသွားပြီ.. သွားကြရအောင်.."
ခဏတာ အနားယူပြီးနောက် လုံယွဲ့က စားပွဲကို အားပြုကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူမ၏ ဗိုက်အလွန်အမင်း တင်းနေသဖြင့် လမ်းလျှောက်ရန်ပင် ခက်ခဲနေပြီး ခြေတစ်လှမ်းလှမ်းတိုင်း နံရံကို မှီထားရသည်။ ခြေချော်လဲမည်ကို စိုးရိမ်သဖြင့် လင်းဖန်သည် သူမ၏ဘေးသို့ အမြန်သွားကာ တွဲကူပေးလိုက်ရ၏။
"ဘူဖေးဆိုပေမဲ့လည်း ဒီလောက်အထိ ဗိုက်ပြည့်အောင် အတင်းအဓမ္မ စားစရာမလိုပါဘူး.."
"နင်က ဘာသိလို့လဲ.. ဒါက ဒီဧကရီ ကိုယ်တိုင် ငွေတစ်ထောင်ကျော် အကုန်ခံထားတဲ့ ထမင်းဝိုင်းပဲ.. တန်အောင် စားရမှာပေါ့.."
လုံယွဲ့သည် ခြေလှမ်းများကို ဂရုတစိုက် လှမ်းရင်း ပြန်လည်ရန်တွေ့လိုက်သည်။
"နင်တို့နှစ်ယောက်ကသာ နည်းနည်းလေး စားကြတာလေ..အဲဒါကြောင့် ဒီဧကရီက နင်တို့ဝေစုတွေကိုပါ ကုန်အောင် ကူစားပေးလိုက်ရတာ.."
လင်းဖန်နှင့် ကျိုးယန့်တို့မှာ ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သက်သွားကြသည်။ သူမကိုယ်တိုင် စားချင်လွန်းသဖြင့် စားခြင်းဖြစ်ပါလျက် သူတို့ကို အပြစ်တင်နေလေသည် ။ ထို့ပြင် သူတို့မှာ သူမအတွက် ဟင်းချက်ပေးနေရသဖြင့် ကိုယ်တိုင်စားရန် အချိန်ပင် မရှိခဲ့ကြပေ။
"အားပေးမှုကို ကျေးဇူးတင်ပါတယ်ရှင်.. အာမခံငွေကိုတော့ မကြာခင်မှာ အကောင့်ထဲကို အလိုအလျောက် ပြန်အမ်းပေးပါ့မယ်.."
ကောင်တာရှိ ဝန်ထမ်းမလေးသည် လင်းဖန်တို့ သုံးဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း ဗိုက်ဖောင်းဖောင်းနှင့် လုံယွဲ့ကို မြင်တွေ့ကာ ဇဝေဇဝါ ဖြစ်နေမိသည်။ ဤနေရာမှာ စားသောက်ဆိုင်ဖြစ်ပြီး သားဖွားမီးယပ်ဆေးခန်း မဟုတ်သည်မှာ သေချာပါပေသည်။ ဆိုင်ထဲသို့ ဝင်လာစဉ်က သွယ်လျလှပသော မိန်းကလေးမှာ အပြင်သို့ ထွက်လာချိန်တွင် အဘယ်ကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးကဲ့သို့ ဖြစ်သွားရသနည်း။
"အနားယူဖို့ နေရာတစ်ခု အရင်ရှာကြရအောင်.."
ဆိုင်ထဲမှ ထွက်လာပြီးနောက် လင်းဖန်သည် လုံယွဲ့ကို ကုန်တိုက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ထိုင်ခိုင်းလိုက်သည်။ သူမသည် ခဏနားရန်သာ ရည်ရွယ်ခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း နို့လက်ဖက်ရည် သောက်နေကြသည်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားပြန်သည်။
"ငါ နွားနို့လက်ဖက်ရည် သွားဝယ်ဦးမယ်.. နင်တို့ကော ဘာသောက်မလဲ.."
"မင်း ထပ်သောက်နိုင်သေးတယ်လား.."
လင်းဖန်နှင့် ကျိုးယန့်တို့မှာ သူမ အစားအသောက် အလွန်အကျွံ စားမိသဖြင့် တစ်ခုခု ဖြစ်သွားမည်ကို အမှန်ပင် စိုးရိမ်သွားကြသည်။
"ဟမ့်.. ဒါလောက်က ဘာမှမဟုတ်ပါဘူး.. ငါ့ကို အထင်မသေးစမ်းနဲ့.."
လုံယွဲ့သည် နှာခေါင်းရှုံ့ကာ ဆိုင်ကောင်တာသို့ သွားပြီး စာရင်း( Menu)ကို ကြည့်လျက် မှာယူလိုက်သည်။
" ငါ့ကို Tipsy Milk Tea တစ်ခွက် ပေးပါ.."
"အဲ... စိတ်မရှိပါနဲ့ မမ.. ဒီလက်ဖက်ရည်မှာ အရက်ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သောက်လို့မရပါဘူး.. ကိုယ်ဝန်ဆောင်တွေကို မရောင်းဖို့ ကျွန်မတို့ကို တားမြစ်ထားပါတယ်.."
ဆိုင်ဝန်ထမ်း၏ စကားကြောင့် လုံယွဲ့မှာ ကြောင်အသွားပြီးနောက် သူမ၏ မျက်နှာလေးမှာ ရှက်စိတ်ကြောင့် နီမြန်းသွားကာ ဒေါသတကြီး ပြန်လည်ရန်တွေ့လိုက်သည်။
"ငါက ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူး.. သေချာကြည့်စမ်းပါ.. ငါ့ပုံစံက ဘယ်နေရာမှာ ကိုယ်ဝန်ဆောင်နဲ့ တူနေလို့လဲ.."
ဝန်ထမ်းမလေးမှာ လုံယွဲ့၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို အားနာစွာဖြင့် ညွှန်ပြလိုက်သည်။
"ဒါပေမဲ့ မမရဲ့ ဗိုက်က..."
"ဒါက ခုနက အစားတွေ အများကြီး စားထားမိလို့လေ.. ကိုယ်ဝန်ရှိလို့ မဟုတ်ဘူး. "
လုံယွဲ့သည် သူမ၏ ဝမ်းဗိုက်ကို ပုတ်ပြကာ ရှင်းပြနေလေသည်။ သူမမှာ ဒေါသထွက်လွန်းသဖြင့် သေချင်စိတ်ပင် ပေါက်သွား၏။ ယခင်က နတ်ဆိုးအရှင်၏ မိန်းမဟု အမြဲအထင်ခံရသည်မှာ တော်သေးသည်ဟု ဆိုရမည်။ ယခုမူ ကိုယ်ဝန်ဆောင်တစ်ဦးအဖြစ်ပင် သတ်မှတ်ခံလိုက်ရပြီ မဟုတ်ပါလော။ သူမက အပျိုစင်လေး တစ်ဦးသာ ဖြစ်ချေ၏။
ဝန်ထမ်းမလေးမှာမူ လုံယွဲ့၏ စကားကို တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်နေရသည်။ သာမန်လူတစ်ယောက်သည် ဤမျှအထိ ဗိုက်ဖောင်းလာအောင် စားနိုင်ပါမည်လော။
"ကဲပါ... တော်ပါတော့.. ငါပဲ မှာလိုက်မယ်.."
လင်းဖန်သည် ရှေ့သို့တိုးကာ လုံယွဲ့ကို ကောင်တာမှ ဖယ်ထုတ်လိုက်ပြီး သူကိုယ်တိုင်မှာယူလိုက်သည်။
"Lemon Tea နှစ်ခွက်နဲ့ Tipsy Milk Tea တစ်ခွက် ပေးပါ.."
"ဟုတ်ကဲ့ပါရှင်.."
မှာယူသူမှာ အမျိုးသားတစ်ဦး ဖြစ်သွားသဖြင့် ဝန်ထမ်းမလေးကလည်း ငြင်းဆန်ရန် အကြောင်းမရှိတော့ချေ။ မကြာမီတွင် လက်ဖက်ရည် သုံးခွက်လုံး အဆင်သင့် ဖြစ်သွားခဲ့သည်။
လင်းဖန်သည် လက်ဖက်ရည်များကို ယူဆောင်လာပြီး ကျိုးယန့်ကို တစ်ခွက်ပေးကာ Tipsy Milk Tea ကိုမူ လုံယွဲ့အား ပေးလိုက်သည်။
"ရော့... မင်းအတွက်.."
"အင်း... ကျေးဇူးပဲ.."
လုံယွဲ့သည် စိတ်ကောက်နေဆဲ အမူအရာဖြင့် လက်ဖက်ရည်ကို ယူကာ စုပ်သောက်လိုက်သည်။ အင်မော်တယ်နယ်မြေတွင် သူမသည် စားသောက်ပွဲများ၌ အရက်သောက်ဖူးသဖြင့် အသင့်အတင့် ခံနိုင်ရည် ရှိသော်လည်း နွားနို့လက်ဖက်ရည်နှင့် အရက် ရောစပ်ထားသည်ကိုမူ ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်း ဖြစ်သည်။ နွားနို့၏ အရသာနှင့် အရက်၏ အနံ့သင်းသင်းလေးမှာ သူမ၏ ပါးစပ်ထဲတွင် ထူးခြားသော အရသာကို ပေးစွမ်းနေပေသည်။ ထိုအရသာကို သဘောကျသွားသဖြင့် ဆိုင်ဝန်ထမ်း၏ စော်ကားမှုကို သူမ လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်တော့သည်။
"လင်းဖန်... မရီး ဒီလိုမျိုး သောက်တာ တကယ်ပဲ အဆင်ပြေပါ့မလား.."
လုံယွဲ့သည် လက်ဖက်ရည် တစ်ဝက်ခန့်ကို ခဏချင်း ကုန်အောင် သောက်လိုက်သည်ကို မြင်သဖြင့် ကျိုးယန့်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ ခုနက ဘူဖေးဆိုင်တွင် အများအပြား စားခဲ့ပြီးနောက် ယခု အရက်ပါသော လက်ဖက်ရည်ကို ထပ်မံသောက်နေခြင်းမှာ သာမန်လူဆိုလျှင် အန်ထုတ်မိမှာ သေချာလှသည်။
"ရပါတယ်..သူ သောက်ချင်ရင် သောက်ပါစေ.."
လင်းဖန်သည် လုံယွဲ့ကို ကြည့်ကာ ခွင့်ပြုပေးလိုက်သည်။ ယနေ့ လစာရသဖြင့် ပျော်ရွှင်နေသော ကလေးငယ်တစ်ဦးအား အလိုလိုက်လိုက်ခြင်းပင် ဖြစ်သည်။
"ကောင်းပြီလေ.. ဒါဆိုရင် ငါ ကားသွားယူလိုက်ဦးမယ်.."
"မင်းတို့ ဒီမှာ ခဏထိုင်နေဦး.. ငါ ကားရောက်ရင် ဖုန်းဆက်လိုက်မယ်.. အဲဒီကျမှ လမ်းဘေးကို လာကြပေါ့.."
ကျိုးယန့်သည် ကားပါကင်သို့ သွားရန် ထွက်ခွာသွားခဲ့သည်။ လင်းဖန်သည် လုံယွဲ့ လက်ဖက်ရည် သောက်နေသည်ကို ဘေးမှ စောင့်ဆိုင်းပေးနေပေသည်။
"ဂေ့.."
လုံယွဲ့သည် လေတစ်ချက် ထပ်တက်လိုက်ပြီး လက်ထဲမှ နောက်ဆုံးလက်ကျန် လက်ဖက်ရည်ကို ကြည့်လိုက်သည်။ တကယ်ပင် သူမ ထပ်မသောက်နိုင်တော့ပါချေ။
"မသောက်နိုင်ရင်လည်း အတင်းမသောက်ပါနဲ့တော့.. ဒီအတိုင်း ထားလိုက်ပါ.."
လင်းဖန်က အကြံပြုလိုက်သည်။
"ဘယ်သူက မသောက်နိုင်ဘူး ပြောလဲ.. ငါ ခဏနားနေတာပါ.."
လုံယွဲ့သည် မျက်မှောင်ကြုတ်လျက် ပိုက်ဖြင့် ဆက်လက်စုပ်သောက်နေမိသည်။ ဤလက်ဖက်ရည် တစ်ခွက်မှာ ငွေအမြောက်အမြား ပေးထားရခြင်း ဖြစ်သဖြင့် နှမြောစိတ်ကြောင့် လုံးဝလေလွင့်မှု မရှိစေရန် ကြိုးစားရမည်ဖြစ်သည် ။