အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
Chapter 87
~
အခန်း ၈၇ : ဧကရီ အန်ချလိုက်ပြီ...
~
လင်းဖန်သည် လုံယွဲ့ကို ကျိုးယန့်၏ကား နောက်ခန်းထဲသို့ ဂရုတစိုက် ကူတွဲကာ တင်ပေးလိုက်သည်။ သူ၏ အပြုအမူမှာ ဗိုက်ထဲမှ သန္ဓေသားကို ထိခိုက်မည်စိုးသော ကိုယ်ဝန်ဆောင်မိန်းမကို ပြုစုနေသည့် ယောကျ်ားနှင့်ပင် တူနေပေ၏။
လုံယွဲ့ နေရာတကျ ထိုင်မိသည်နှင့် လင်းဖန်သည်လည်း သူမ၏ဘေးတွင် ကပ်လျက်ဝင်ထိုင်ကာ ကားတံခါးကို ပိတ်လိုက်သည်။
"အားလုံးပဲ မြဲမြဲကိုင်ထားကြပါ..ဝါရင့်ဒရိုင်ဘာကြီး စက်နှိုးပါပြီ.."
ကားတံခါးပိတ်သွားသည်နှင့် ကျိုးယန့်သည် ဂီယာထိုးကာ လီဗာကို နင်းလိုက်ပြီး ကားကို လမ်းမပေါ်သို့ ချောမွေ့စွာ မောင်းထွက်လိုက်ပေသည်။ အထက်တန်းကျောင်း နွေရာသီကျောင်းပိတ်ရက်ကတည်းက လိုင်စင်ရခဲ့ပြီး တက္ကသိုလ်တက်စဉ်ကပင် ကားဝယ်နိုင်ခဲ့သော ကျိုးယန့်မှာ ဘွဲ့ရပြီးနောက်ပိုင်းတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည့် ဝါရင့်ယာဉ်မောင်းတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
"အော်... ဒါနဲ့ လင်းဖန်..ငါ မေ့တော့မလို့.. မင်းကို မေးစရာတစ်ခု ရှိသေးတယ်.."
ကားမောင်းနေရင်း ကျိုးယန့်က အရေးကြီးသော ကိစ္စတစ်ခုကို သတိရဟန်ဖြင့် မေးမြန်းလိုက်သည်။
"မင်း အတန်းထဲက Group Chat ကို ကြည့်သေးလား.."
"မကြည့်ဖြစ်တော့ဘူး..အဲဒီအကောင့်ထဲကို မဝင်ဖြစ်တာ တော်တော်ကြာပြီ.."
လင်းဖန်က ခေါင်းခါလျက် ပြန်ပြောပြီးနောက် စိတ်ဝင်တစား ပြန်မေးလိုက်သည်။
"ဘာလို့လဲ.. တစ်ခုခု ဖြစ်လို့လား.."
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး..နောက်နှစ်ရက်နေရင် ငါတို့အတန်းက သူငယ်ချင်းတွေ ပြန်ဆုံကြမလို့လေ.. ပုံမှန်ဆိုရင်တော့ နှစ်တိုင်း လုပ်နေကျပါပဲ.. မင်းလည်း ပြန်ရောက်နေပြီဆိုတော့ လာခဲ့ပါလား.."
"မလာတော့ဘူး.."
လင်းဖန်က တွန့်ဆုတ်မနေဘဲ ချက်ချင်း ငြင်းလိုက်သည်။ တက္ကသိုလ်ဘွဲ့ရပြီးကတည်းက သူသည် အဆောင်နေ သူငယ်ချင်း အနည်းငယ်မှလွဲ၍ ကျန်သူများနှင့် အဆက်အသွယ် မရှိသလောက်ပင်။ လူစုလူဝေးကို မနှစ်သက်သော လင်းဖန်သည် လွန်ခဲ့သော နှစ်များစွာကတည်းက ထိုပွဲများကို မတက်ရောက်ခဲ့သဖြင့် ယခုတစ်ကြိမ်တွင်လည်း စိတ်ဝင်စားမှု မရှိချေ။
"မင်း ဒီလိုပဲ ပြောမယ်ဆိုတာ ငါ သိပြီးသားပါ.. မေးတိုင်း ဒီအဖြေပဲ ရတာကိုး.."
ကျိုးယန့်က မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သဖြင့် သက်ပြင်းချကာ ပြုံးလိုက်သည်။
"ငါ မလာဘူးဆိုတာ သိရဲ့သားနဲ့ ဘာလို့ ထပ်မေးနေတာလဲ.."
လင်းဖန်က ပြန်ပက်လိုက်သည်။
"ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ်ကတော့ မင်းကို တကယ် လာစေချင်လို့ပဲ.."
"ဘာဖြစ်လို့လဲ.."
"ဒီတစ်ခါက ပွဲက ပိုကြီးတယ်လေ.. ဟိုတယ်ကြီးမှာ လုပ်မှာဆိုတော့ အတန်းဖော်တွေ အကုန်နီးပါး လာကြလိမ့်မယ်.."
"နောက်ပြီး အားကျိုက်ကလည်း နောက်နှစ်ရက်ဆို ပြန်လာတော့မှာ.. သူက မင်း ပြန်ရောက်နေပြီဆိုတာ သိတာနဲ့ သူ့ဇာတိကနေ အပြေးအလွှား ပြန်လာတာလေ.. ငါတို့ အဆောင် ၆၁၈ ရဲ့ သံမဏိမဏ္ဍိုင် သုံးယောက် ပြန်ဆုံဖို့ ဒါက အကောင်းဆုံး အခွင့်အရေးပဲ မဟုတ်လား.."
ပြောနေရင်း ကျိုးယန့်က လင်းဖန်ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပေသည်။
ထိုအကြည့်ကြောင့် လင်းဖန်မှာ ဆက်လက်ငြင်းဆန်ရန် ခက်ခဲသွားသည်။ သူကသာ ထပ်မံငြင်းလိုက်လျှင် ကျိုးယန့်တစ်ယောက် အလွန်ပင် စိတ်ပျက်ဝမ်းနည်းသွားမည့် ပုံစံမျိုး ဖြစ်နေပေသည်။
"ကောင်းပြီလေ..အားလုံးမဆုံဖြစ်တာလည်း ကြာပြီဆိုတော့ ဒီတစ်ခါတော့ မင်းတို့နဲ့အတူ လိုက်ခဲ့ပါ့မယ်.."
ခဏတာမျှ စဉ်းစားပြီးနောက် လင်းဖန်က မတတ်သာသည့်အဆုံး သဘောတူလိုက်ရသည်။ အဓိက အကြောင်းရင်းမှာ သူ၏ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးက သူ့အတွက်နှင့် အဝေးမှ ပြန်လာခြင်းကြောင့် ဖြစ်သည်။ သူတို့ သုံးဦး မဆုံဖြစ်သည်မှာ နှစ်ပေါင်း ရာနှင့်ချီနေပြီဖြစ်သဖြင့် ဤအခွင့်အရေးကို လက်လွှတ်မခံသင့်ပေ။
"ဟားဟား..ဒါမှ ငါ့သူငယ်ချင်းကွ.. ငါတို့ သုံးယောက် မတွေ့ဖြစ်တာ ငါးနှစ်နီးပါး ရှိတော့မယ်.."
လင်းဖန်က သဘောတူလိုက်သဖြင့် ကျိုးယန့်မှာ အလွန်ဝမ်းသာသွားကာ လီဗာကို ပိုနင်းလိုက်ရာ ဘေးမှ ကားများကို အရှိန်ဖြင့် ကျော်တက်သွားတော့သည်။
"ဟေး... ဟေး... ဖြည်းဖြည်းမောင်းပါဦး.."
လင်းဖန်က နောက်ခန်းမှ သတိပေးလိုက်သည်။
ကျိုးယန့်မှာမူ ဂရုမစိုက်ဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ငါ့ကားကို မင်း စီးဖူးတာပဲ..ငါ့လက်ကို မယုံဘူးလား.. ငါက ရှစ်နှစ်သက်တမ်းရှိတဲ့ ဝါရင့်ဒရိုင်ဘာပဲ..အရမ်း တည်ငြိမ်တယ်..မင်း မယုံရင် ငါ အခုပဲ ကားကို Drift ဆွဲ ပြရမလား.."
ထိုသို့ပြောရင်း ကျိုးယန့်သည် လက်တစ်ဖက်က စတီယာရင်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က လက်ဘရိတ်ကို ဆွဲရန် ပြင်လိုက်ပေသည်။ သို့သော် သူ ဘာမှမလုပ်ရသေးမီမှာပင် လင်းဖန်က တားဆီးလိုက်သည်။
"မင်း အခုချိန်မှာ ကားကို ပတ်ချာလည် မလှည့်တာ အကောင်းဆုံးပဲ.. အရှိန်လည်း မတင်နဲ့..မဟုတ်ရင် မင်း နောင်တရလိမ့်မယ်.."
"ဟင်... ဘာလို့လဲ.."
ကျိုးယန့် ဇဝေဇဝါ ဖြစ်သွားစဉ် လင်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"တစ်ယောက်ယောက်က မင်းရဲ့ကားပေါ်မှာ အန်တော့မယ့် ပုံစံပေါက်နေလို့.."
ထိုအချိန်တွင် လုံယွဲ့သည် ထိုင်ခုံကို မှီလျက် မျက်နှာတစ်ခုလုံး စိမ်းဖန်ဖန် ဖြစ်နေချေပြီ။ သူမ အန်ချချင်နေသော်လည်း အတင်းအောင့်ထားရသဖြင့် အလွန်ပင် ခံရခက်နေသော အမူအရာ ပေါ်နေလေ၏။ ခုနက သူတို့နှစ်ဦး စကားပြောကောင်းနေသဖြင့် သတိမထားမိခဲ့ကြသော်လည်း ယခုမူ သူမ၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရနေပြီ ဖြစ်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... မရီး... မအန်လိုက်ပါနဲ့ဦး.. ရောက်တော့မှာပါ..ခဏလေး အောင့်ထားပါဦး.."
ကျိုးယန့် လန့်သွားကာ ကားအရှိန်ကို ချက်ချင်းလျှော့လိုက်ပြီး တည်ငြိမ်အောင် မောင်းနှင်ရန် ကြိုးစားတော့သည်။ လုံယွဲ့က သူ၏ကားပေါ်တွင် အန်ချလိုက်မည်ကို သူ အလွန်ပင် ကြောက်လန့်နေမိသည်။
"ဂေ့.."
လုံယွဲ့သည် လေချဥ်တစ်ချက် တက်လိုက်ရာ သူမ၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားပြီး ပါးစပ်ကို လက်ဖြင့် အမြန်အုပ်လိုက်ပေသည်။
"မကောင်းတော့ဘူး.. သူ တကယ် အန်တော့မယ်.."
လင်းဖန်က အော်ပြောလိုက်သည်။
"မရီး... ခဏလေးပဲ ထပ်အောင့်ထားပါဦး..ငါ တောင်းပန်ပါတယ်.."
ကျိုးယန့်သည် အစွမ်းကုန် အော်ဟစ်ကာ ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ကားအရှိန်ကို ထပ်မံမြှင့်လိုက်ပြန်သည်။ ကားအရှိန်မြှင့်လျှင် လှုပ်ခါသဖြင့် အန်မည်ကို စိုးရိမ်သော်လည်း ယခုမူ လမ်းဘေးသို့ အမြန်ဆုံး ထိုးရပ်နိုင်ရန် ကြိုးစားရတော့မည် ဖြစ်သည်။ မဟုတ်ပါက သူ၏ အချစ်တော် ကားလေးမှာ ပျက်စီးသွားပေတော့မည်။
"မင်းကားထဲမှာ ပလပ်စတစ်အိတ်တောင် မရှိဘူးလား.."
လင်းဖန်က ကားထဲတွင် လိုက်လံရှာဖွေရင်း မေးလိုက်သည်။
"မရှိဘူး.. ဒါက ယွမ်ငါးသိန်းကျော်တန်တဲ့ အဆင့်မြင့်ကားပဲ.. ဘာလို့ ပလတ်စတစ်အိတ် ရှိမှာလဲ.."
ကျိုးယန့်က စိတ်တိုတိုဖြင့် ပြန်ဖြေသည်။
သူသည် ဤကားကို ကိုယ်တိုင်ရွေးချယ်ထားခြင်း ဖြစ်ပြီး သူ၏ မိန်းမကဲ့သို့ တန်ဖိုးထားခဲ့၏။ ကားအတွင်းပိုင်းကိုလည်း သူကိုယ်တိုင် ပုံမှန် သန့်ရှင်းရေး လုပ်လေ့ရှိပေသည်။ ကားထဲတွင် ပလတ်စတစ်အိတ်များ ထည့်ထားခြင်းမှာ သူ၏ကား ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု သူ ယူဆထားသည်။
"အိတ်မရှိရင်တော့ မင်းရဲ့ ငါးသိန်းတန် ကားကြီး ဒုက္ခရောက်ရတော့မှာပဲ.. စိတ်မကောင်းပါဘူးကွာ.."
လင်းဖန်က အားနာဟန်ဖြင့် ပြောလိုက်သည်။
လုံယွဲ့သည် သူမ၏ အစွမ်းကုန် အောင့်ထားနိုင်စွမ်းကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။ ယခုအချိန်တွင်မူ သူလည်း ဘာမှ မတတ်နိုင်တော့ပေ။ အန်ထွက်လာမည့် အရာများကို ပြန်မြိုချရန် သူမကို ပြော၍လည်း မရနိုင်တော့။
"မရီး... တစ်မိနစ်ပဲ.. တစ်မိနစ်ပဲ ထပ်အောင့်ထားပါ.. ရောက်တော့မယ်.."
ကျိုးယန့်သည် နောက်ကြည့်မှန်မှတစ်ဆင့် လုံယွဲ့၏ အခြေအနေကို ကြည့်ကာ အသည်းအသန် အော်ဟစ်နေမိသည်။
"မလုပ်ပါနဲ့.. မလုပ်ပါနဲ့..ငါ့ကားကို ပြီးခဲ့တဲ့ အပတ်ကမှ ဆေးထားတာ..မရီး... ထိန်းထားပါဦး.."
"အော့..."
ကျိုးယန့်၏ အသည်းအသန် အော်ဟစ်သံနှင့်အတူ လုံယွဲ့သည် စားသမျှ အစားအသောက်များကို ကားကြမ်းပြင်ပေါ်သို့ အန်ချလိုက်တော့သည်။ အကင်နံ့များမှာ ကားတစ်စီးလုံးရှိ နေရာလပ်မကျန် ပျံ့နှံ့သွား၏။ ကျိုးယန့်သည် စတီယာရင်ကို ကိုင်လျက် မျက်နှာတစ်ခုလုံး ပြာနှမ်းကာ မှင်သက်သွားတော့သည်။ နောက်ဆုံးတွင်မူ သူ၏ အချစ်တော် ကားလေးကို သူ မကယ်တင်နိုင်ခဲ့တော့ပေ။
"ယန့်ကျီ... စိတ်မကောင်းပါဘူးကွာ.."
လင်းဖန်က လုံယွဲ့ကိုယ်စား တောင်းပန်လိုက်သည်။
ကျိုးယန့်သည် ဘာမှပြန်မပြောဘဲ စတီယာရင်ကို တင်းတင်းဆုပ်လျက် လီဗာကိုသာ အဆက်မပြတ် နင်းနေမိတော့သည်။
"ယန့်ကျီ... မင်းကားက ပိုပိုပြီး မြန်လာသလားလို့.. စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး.. ယန့်ကျီ.."
လင်းဖန်၏ ဟန့်တားသံများကြားတွင် ကျိုးယန့်၏ ကားမှာ လမ်းမပေါ်၌ အရှိန်ပြင်းစွာဖြင့် ပျံသန်းသွားပေတော့သည်။
Chapter 88
~
အခန်း ၈၈ : အိမ်မှာ တစ်ယောက်ထဲ မကျန်ခဲ့ချင်ဘူး..
~
"အော့.."
အိမ်သာခန်းအတွင်း၌ လုံယွဲ့သည် အိမ်သာအိုးကို ဖက်လျက် မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ အဆက်မပြတ် အန်ထုတ်နေတော့သည်။
"အတင်းမစားပါနဲ့လို့ ငါပြောသားပဲ..မင်းက အဲ့လက်ဖက်ရည်ကို ကုန်အောင် သောက်မှ ဖြစ်မယ်ဆိုပြီး ဇွတ်သောက်တာကိုး.."
"စားချင်ရင် နောက်မှ ထပ်လာစားလို့ ရတာပဲ.. ဒါက နောက်ဆုံးအကြိမ်မှ မဟုတ်တာ.."
လင်းဖန်သည် အိမ်သာခန်းထဲသို့ ဝင်လာကာ သူမ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် လက်တစ်ဖက်က သူမ၏ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးပြီး ကျန်လက်တစ်ဖက်က ရေခွက်ကို ကိုင်ထားပေးသည်။
သူမသည် ကျိုးယန့်၏ ကားပေါ်တွင် အန်ချခဲ့ရုံသာမက အိမ်အပြန်လမ်းတွင်လည်း လင်းဖန်၏ အဝတ်အစားများပေါ်သို့ပါ အန်ချခဲ့သေးသည်။ အိမ်သို့ ပြန်ရောက်သည်မှာ နာရီဝက်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ထိုအချိန်တစ်လျှောက်လုံး သူမသည် အိမ်သာအိုးနှင့် မခွာနိုင်ဘဲ စားသမျှ အားလုံးကို ပြန်လည် အန်ထုတ်နေရရှာသည်။
"တစ်ယောက်ကို သုံးရာနီးပါး ပေးထားရတာလေ.. ဒီဧကရီက များများစားလေ တန်လေလို့ ထင်မိတာပေါ့လို့.."
လုံယွဲ့က အားနည်းသောအသံဖြင့် နာကျင်စွာ ပြောလိုက်သည်။ တစ်ယောက်လျှင် ၂၈၈ ယွမ်၊ သုံးယောက်ဆိုလျှင် ၈၆၄ ယွမ်ပင် ရှိပေသည်။ ထိုငွေမှာ ဖုန်းတစ်လုံး ဝယ်ယူ၍ ရနိုင်သဖြင့် များများမစားနိုင်လျှင် သူမ ကျေနပ်နိုင်မည် မဟုတ်ချေ။
"ဘူဖေးဆိုတာ စိတ်ပျော်ရွှင်ဖို့ စားတာပါ ဧကရီ..တန်အောင်စားဖို့ မဟုတ်ဘူးလေ.."
"တချို့ ငွေတွေကိုတော့ ချွေတာလို့ မရဘူး.. အခုလို စားတာက ကိုယ့်ခန္ဓာကိုယ်ကို ဒုက္ခပေးသလို ဖြစ်လို့ လုံးဝ မတန်ဘူး.."
လင်းဖန်က စိတ်မကောင်းစွာဖြင့် ရေခွက်ကို ကမ်းပေးလိုက်သည်။
"ရော့... အရင်ဆုံး အာလုပ်ကျင်းလိုက်ဦး.."
လုံယွဲ့သည် ရေတစ်ငုံသောက်ကာ အာလုပ်ကျင်းပြီးနောက် ကျန်ရှိသော ရေများကို သောက်ချလိုက်သည်။ အတန်ကြာ အနားယူပြီးမှ သူမ၏ မျက်နှာတွင် သွေးရောင် အနည်းငယ် ပြန်တက်လာပေသည်။ လင်းဖန်၏ အဝတ်အစားများပေါ်ရှိ အန်ဖတ်များကို မြင်သောအခါ သူမ အမှန်တကယ်ပင် အားနာသွားရပြီး ခပ်တိုးတိုး တောင်းပန်လိုက်သည်။
"စိတ်မကောင်းပါဘူး နတ်ဆိုးအရှင်..ဒီဧကရီကြောင့် နင် ဒုက္ခရောက်ကုန်ပြီ.."
"ဒါ ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး..အဝတ်အစားဆိုတာ လျှော်လိုက်ရင် ရတာပဲ.."
လင်းဖန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသော်လည်း ကျိုးယန့်၏ စိတ်ပျက်အားငယ်နေသော မျက်နှာကိုမူ ပြန်လည် မြင်ယောင်နေမိသည်။
"ဒါပေမဲ့ ယန့်ကျီကတော့ တကယ်ကို စိတ်မကောင်း ဖြစ်သွားပုံရတယ်.."
"နတ်ဆိုးအရှင်... ဒီဧကရီကိုယ်စား သူ့ကို တောင်းပန်ပေးပါ.. ဒီဧကရီက သူ့ကားပေါ်မှာ ရည်ရွယ်ချက်ရှိရှိ အန်ခဲ့တာ မဟုတ်ပါဘူး.."
လုံယွဲ့က ရှက်ရွံအားနာစွာဖြင့် ပြောရှာသည်။
အစပိုင်းတွင် အစားအသောက်နှင့် လက်ဖက်ရည်များ သောက်ပြီးစ၌ ဗိုက်အနည်းငယ် ကားနေသဖြင့် လမ်းလျှောက်ရ ခက်ရုံမှလွဲ၍ ဘာမှ မဖြစ်ခဲ့ပေ။ သို့ရာတွင် ကားပေါ်ရောက်သောအခါတွင်မူ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အေးစက်လာပြီး လေတက်တိုင်း ဗိုက်ထဲမှ အရာအားလုံးက ပြန်ထွက်လာချင်နေတော့သည်။ ကားဆိုသည်မှာ ဤလောကတွင် အလွန်တန်ဖိုးရှိသော အရာဖြစ်ကြောင်း သူမ ကြားဖူးထားသဖြင့် ပို၍ပင် စိတ်မကောင်း ဖြစ်နေခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့.. ငါ ခုနကပဲ မင်းကိုယ်စား သူ့ကို တောင်းပန်ခဲ့ပြီးပြီ.."
"ယန့်ကျီက စိတ်ထဲထားမှာ မဟုတ်ပါဘူး..တစ်ညအိပ်လိုက်ရင် သူ အားလုံး မေ့သွားမှာပါ.."
လင်းဖန်က နှစ်သိမ့်စကား ဆိုရင်း ရေခွက်ကို ယူကာ အိမ်သာခန်းထဲမှ ထွက်ရန် ပြင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရဟန်ဖြင့် လှည့်မေးလိုက်သည်။
"ဒါနဲ့... နောက်နှစ်ရက်နေရင် ငါနဲ့ ယန့်ကျီက အတန်းဖော်တွေ ပြန်ဆုံပွဲ သွားကြမလို့.. မင်းကော လိုက်ချင်လား.."
"အမ်... နတ်ဆိုးအရှင်ရဲ့ အတန်းဖော်တွေဆုံပွဲကို ဒီဧကရီက လိုက်လို့ရလို့လား.."
လုံယွဲ့သည် ကားပေါ်၌ သူတို့နှစ်ဦး၏ စကားဝိုင်းကို ကြားခဲ့သော်လည်း နတ်ဆိုးအရှင်က သူမကို ဖိတ်ခေါ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"ရမှာပေါ့.. တခြားသူတွေလည်း သူတို့ မိသားစုဝင်တွေကို ခေါ်လာတတ်ကြတာပဲ.. မင်းကို ခေါ်သွားတာ ဘာမှ ပြဿနာ မရှိပါဘူး.."
ထိုစကားကို ကြားသောအခါ လုံယွဲ့သည် မျက်စောင်းလေး ထိုးလျက် ပြန်လည် တုံ့ပြန်လိုက်သည်။
"ဒါပေမဲ့ ဒီဧကရီက နင့်ရဲ့ မိသားစုဝင် မဟုတ်ဘူးလေ နတ်ဆိုးအရှင်.."
"ဒါဆိုရင်လည်း မိသားစုဝင်လိုမျိုး ဟန်ဆောင်လိုက်ပေါ့.."
လင်းဖန်က အေးအေးလူလူပင် ပြောလိုက်သည်။
လုံယွဲ့သည် ခဏကြာအောင် စဉ်းစားနေမိသည်။ သူမ လင်းဖန်၏ အတန်းဖော်များကို မသိသဖြင့် လိုက်သွားပါက ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
"အလကား ထမင်းသွားစားတယ်လို့ပဲ သဘောထားလိုက်ပေါ့.. အဲဒီမှာက အဆင့်မြင့် ဟင်းလျာတွေ အများကြီး ရှိလိမ့်မယ်.. ဒီနေ့စားတဲ့ ဘူဖေးထက် အများကြီး ပိုကောင်းတယ်.."
အဆင့်မြင့်ဟင်းလျာများ ဟူသော စကားကို ကြားသောအခါ လုံယွဲ့၏ စားချင်စိတ်မှာ ပြန်လည် နိုးထလာပြီး မျက်လုံးလေးများ တောက်ပလာပြန်သည်။ စားသမျှ အကုန်အန်ထုတ်ထားသဖြင့် ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေပြီ ဖြစ်ရာ ထိုပွဲသို့ လိုက်သွားရန် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။
"မင်း မလိုက်ချင်လည်း ရပါတယ်..ဒါပေမဲ့ အိမ်မှာတော့ တစ်ယောက်တည်း အိမ်စောင့် ကျန်ရစ်ခဲ့ရမှာပေါ့.."
လုံယွဲ့က တွန့်ဆုတ်နေသဖြင့် သူမ မလိုက်ချင်ဘူးဟု လင်းဖန်က ယူဆလိုက်သည်။ သူက သူမကို ဖိတ်ခေါ်ရခြင်းမှာ ယခင်တစ်ခေါက်က သူမ တစ်ယောက်တည်း အမှောင်ထဲတွင် ခေါက်ဆွဲပြုတ် စားနေရသည်မှာ သနားစရာ ကောင်းလှသောကြောင့်ပင်။
လုံယွဲ့သည် အိမ်သာအိုးဘေးတွင် မှီလျက် ခဏ ငြိမ်သက်သွားပြီးမှ နှုတ်ခမ်းလေး စူကာ ပြောလိုက်သည်။
"တစ်ယောက်တည်း အိမ်စောင့် ကျန်ရစ်ခဲ့ရမှာလား.. ဒီဧကရီ မကျန်ခဲ့ချင်ပါဘူး.."
"ကောင်းပြီလေ.. နင်က ဒီဧကရီကို အလေးအနက် ဖိတ်ခေါ်နေမှတော့ ဒီဧကရီက မတတ်သာဘဲ လိုက်ခဲ့ပေးပါ့မယ်.."
တစ်ယောက်တည်း ပျင်းရိစွာ ကျန်နေရမည့်အစား အလကား ထမင်းသွားစားခြင်းက ပို၍ ကောင်းမွန်သည်ဟု သူမ ယူဆလိုက်ပုံရသည်။ သူမ၏ စကားမှာ အိမ်မှာ မကျန်ရစ်ချင်ခြင်း ဖြစ်သော်လည်း လင်းဖန်ကို အဖော်ပြုပေးသယောင် ဆိုနေခြင်းကို လင်းဖန်က ပြုံးလျက် ကြည့်နေမိသည်။
"အခု သက်သာရဲ့လား.. မင်းအတွက် မနက်ဖြန် အလုပ်နားဖို့ ခွင့်တိုင်ပေးရမလား.."
"မလိုပါဘူး.. နည်းနည်း အန်လိုက်ရုံတင်ပဲ.. ဒီဧကရီ အခု သက်သာသွားပါပြီ.."
လုံယွဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သော်လည်း စကားပင် မဆုံးသေးမီမှာပင် သူမ၏ ဗိုက်ထဲမှ ပြန်လည် မအီမသာ ဖြစ်လာကာ အိမ်သာအိုးထဲသို့ ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။
"အော့..."
"သက်သာပြီ ဆိုတာ ဒါမျိုးလား.. ငါ မင်းအတွက် အစာကြေဆေး သွားရှာပေးမယ်.."
"အင်း... ကျေးဇူးပဲ.."
လုံယွဲ့သည် အားနည်းစွာဖြင့် ပြန်ဖြေရှာသည်။ လင်းဖန်သည် သူမ၏ ကျောကို အသာအယာ ပွတ်သပ်ပေးပြီးနောက် ဧည့်ခန်းရှိ ဆေးသေတ္တာကို သွားရောက် ရှာဖွေတော့သည်။ မကြာမီတွင် ဆေးလုံးများနှင့် ရေခွက်ကို ယူဆောင်လာခဲ့သည်။
"ရော့... ခုနကလိုပဲ အာလုပ်ကျင်းပြီးမှ ဆေးသောက်လိုက်.."
လုံယွဲ့ ဆေးသောက်ပြီးသောအခါ လင်းဖန်သည် တစ်ရှူးဖြင့် သူမ၏ နှုတ်ခမ်းဘေးကို အသာအယာ သုတ်ပေးလိုက်သည်။
"ကဲ... ဆေးသောက်ပြီး အနားယူလိုက်ရင် သက်သာသွားမှာပါ.. ထနိုင်ရဲ့လား.."
လုံယွဲ့သည် ထရန် ကြိုးစားသော်လည်း အန်လွန်းသဖြင့် အားအင်ကုန်ခမ်းနေလေပြီ။ ထို့ကြောင့် လင်းဖန်က မတတ်သာသည့်အဆုံး သူမကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ပို့ပေးလိုက်ရသည်။ လုံယွဲ့သည် လင်းဖန်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လိုက်ပါသွားရင်း သူ၏ ပွေ့ချီမှုကို တဖြည်းဖြည်း ရိုးအီသလိုပင် ခံစားလာမိသည်။
"မနက်ဖြန် ကောင်းကောင်း အနားယူလိုက်ပါ.. တိုက်ရိုက်ထုတ်လွှင့်ဖို့လည်း စဉ်းစားမနေနဲ့တော့.. ငါ ခွင့်တိုင်ပေးထားပြီးပြီ.."
လင်းဖန်သည် လုံယွဲ့ကို ခုတင်ပေါ်တွင် အသာချကာ စောင်ခြုံပေးလိုက်သည်။ လုံယွဲ့မှာလည်း ဘာမှ ပြန်မငြင်းတော့ဘဲ ငြိမ်သက်စွာ အိပ်စက်ရန် ပြင်လိုက်တော့သည်။ သူမ၏ စိတ်ထဲတွင်မူ ဤမျှအထိ နုနယ်လွန်းသော လူသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရသည်မှာ အလွန်ပင် ခက်ခဲလှကြောင်း တွေးတောရင်း သက်ပြင်းချနေမိတော့၏။