← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

Chapter 89

~

အခန်း ၈၉ : ဒါ ငါတို့ရဲ့ အနာဂတ်မရီးလောင်းလေးပဲ

~

​ရက်အနည်းငယ် ကြာပြီးနောက် အတန်းဖော်များ ပြန်လည်ဆုံဆည်းကြမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။ မြင့်မားသော ဟိုတယ်ကြီးတစ်ခု၏ ခန်းမဆောင်အတွင်း၌ အနီရောင်စားပွဲခင်းများ ဖြန့်ခင်းထားသော စားပွဲဝိုင်း ဒါဇင်နှင့်ချီ၍ စနစ်တကျ စီရီထားရှိပေသည်။

​ရှည်လျားသော စားပွဲတန်းများပေါ်တွင် အရသာရှိလှသော ဟင်းလျာမျိုးစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ရန် ခင်းကျင်းထား၏။ နွေးထွေးတောက်ပသော မီးရောင်များက ခမ်းမတစ်ခုလုံးကို လင်းထိန်စေပြီး ရှန်ပိန်ခွက်များထဲတွင် လူတို့၏ ပျော်ရွှင်ရယ်မောသံများ အရိပ်ထင်ဟပ်နေတော့သည်။

​ဤတစ်ကြိမ် ပြန်လည်ဆုံစည်းပွဲအတွက် စာရင်းပေးသွင်းသူ အလွန်များပြားသဖြင့် အတန်းသားအားလုံးနီးပါး တက်ရောက်ကြရုံသာမက အချို့မှာ မိသားစုဝင်များကိုပါ ခေါ်ဆောင်လာကြသောကြောင့် ဟိုတယ်၏ တည်ခင်းဧည့်ခံပွဲ ခန်းမတစ်ခုလုံးကို ကြိုတင်ငှားရမ်းထားခဲ့ခြင်း ဖြစ်သည်။ ခန်းမ၏ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသော မှန်ပြတင်းကြီးများမှတစ်ဆင့် စည်ကားလှသော မြို့ပြ၏ အလှအပများကို ရှုမြင်နိုင်ပေသည်။

​ဤပွဲမှာ အတန်းဖော်ဆုံပွဲထက် ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုစားသောက်ပွဲတစ်ခုနှင့် ပို၍ပင် တူနေတော့သည်။ စောစီးစွာ ရောက်ရှိနေသူများသည် အစုအဖွဲ့ငယ်လေးများအဖြစ် စုဝေးကာ ဘွဲ့ရပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ပျော်ရွှင်စွာ ပြောဆိုနေကြသည်။

​ထိုသို့ စည်ကားနေစဉ်အတွင်း လင်းဖန်နှင့် လုံယွဲ့တို့သည် ဟိုတယ်သို့ အတူတူ ရောက်ရှိလာခဲ့ကြသည်။ သူတို့ နှစ်ဦး ခမ်းမအတွင်းသို့ ဝင်လာသည်နှင့် လူအားလုံး၏ အကြည့်များမှာ သူတို့ထံသို့ ချက်ချင်းဆိုသလို စုပြုံရောက်ရှိသွားတော့သည်။

​"အဲဒါ ဘယ်သူလဲ.."

​"ကြည့်ရတာ လင်းဖန်နဲ့ တူတယ်.."

​"လင်းဖန် ဟုတ်လား.. မဖြစ်နိုင်တာ.. တက္ကသိုလ်တုန်းက သူက မျောက်တစ်ကောင်လို ပိန်ပိန်ပါးပါးလေး မဟုတ်လား.. အခု ဒီလို ခန္ဓာကိုယ်မျိုးက လင်းဖန်ဆိုတာ ယုံစရာတောင် မရှိဘူး.."

​"လင်းဖန်က အရင်တုန်းက ဒီလိုပွဲမျိုးတွေကို တစ်ခါမှ မလာဘူးလေ.. အခု ရောက်လာတာ ထူးဆန်းတယ်.."

​"သူ တစ်ခုခုဖြစ်ပြီး ပျောက်သွားတယ်လို့ ငါကြားမိသားပဲ.."

​"လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက သူ ဆုံးသွားပြီလို့တောင် သတင်းထွက်နေတာ.."

​"အဲဒီလူက လင်းဖန်ဆိုရင် ဘေးက မိန်းကလေးက ဘယ်သူလဲ.."

​"မသိဘူး..ငါတို့အတန်းထဲမှာ ဒီလောက်လှတဲ့သူ ရှိလို့လား.. ငါတော့ မမှတ်မိပါဘူး.."

​"လင်းဖန်ရဲ့ မိန်းမတော့ မဖြစ်နိုင်ပါဘူးနော်.."

​ရုတ်တရက် ပေါ်လာပြီး လုံးဝပြောင်းလဲသွားသော လင်းဖန်ကို ကြည့်ကာ လူအများက အံ့အားသင့်စွာဖြင့် တိုးတိုး ပြောဆိုနေကြသည်။ အားလုံး၏ အမှတ်ရနေသော လင်းဖန်နှင့် ယခုမြင်တွေ့နေရသူမှာ လုံးဝခြားနားနေပြီး ယခင်ရုပ်ရည်၏ အရိပ်အနည်းသာ ကျန်ရှိပေတော့သည် ။

​"လင်းဖန်... မင်းတို့ကလည်း ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ.. မလာတော့ဘူးလို့တောင် ထင်နေတာ.."

​ရောက်နှင့်နေပြီဖြစ်သော ကျိုးယန့်က လင်းဖန်ကို မြင်သည်နှင့် မျက်နှာဝင်းပသွားကာ သူတို့အနားသို့ အပြေးအလွှား ရောက်လာသည်။

​"မြေအောက်ရထား စောင့်နေရတာနဲ့ ရထားပြောင်းစီးနေရတာနဲ့ အချိန်နည်းနည်း ကြာသွားလို့ပါ.."

လင်းဖန်က ပြုံးလျက် ရှင်းပြလိုက်သည်။

​ကျိုးယန့်မှာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားသည်။

​"မင်းတို့ကလည်း ဒီလောက်တောင် ချွေတာလွန်းနေကြတာလား.."

​ဤကဲ့သို့ အရေးကြီးသောနေ့မျိုးတွင် အငှားယာဉ်ဖြင့် စောစောစီးစီး လာမည့်အစား မြေအောက်ရထားကိုသာ စီးလာကြသည့်အပေါ် သူက အံ့ဩနေခြင်း ဖြစ်သည်။

​"ထားပါတော့လေ.. ရောက်လာတာပဲ ကျေးဇူးတင်ရမှာပါ ဒီနေ့တော့ ငါတို့ အဆောင် ၆၁၈ ရဲ့ သံမဏိမဏ္ဍိုင် သုံးယောက် ငါးနှစ်အကြာမှာ ပြန်ဆုံကြပြီပေါ့.."

​ထိုသို့ပြောပြီးနောက် ကျိုးယန့်သည် လူအုပ်ကြားထဲမှ မျက်မှန်အမည်းနှင့် လူငယ်တစ်ဦးကို လှမ်းခေါ်လိုက်သည်။ ထိုလူငယ်မှာ ကြည့်ရသည်မှာ သိမ်မွေ့အေးဆေးသော ပုံစံရှိပေသည်။

​"အားကျိုက်... မင်းရဲ့ ဂိမ်းအစုတ်ကြီးကို ရပ်လိုက်စမ်းပါဦး.. မြန်မြန်လာခဲ့.. လင်းဖန် ရောက်နေပြီ.."

​"ဘာ ဂိမ်းအစုတ်လဲ.. ဒါက ငါ့ရဲ့ အချစ်ရေး ဗျူဟာမြောက်ဂိမ်းကွ.."

​လူကျိုက်သည် သူ၏ ဂိမ်းစက်ကို သိမ်းဆည်းကာ လင်းဖန်၏ ရှေ့သို့ လျှောက်လာခဲ့သည်။

​"အားကျိုက်... မတွေ့တာ ကြာပြီနော်..မင်းကတော့ လုံးဝမပြောင်းလဲဘူးပဲ.."

လင်းဖန်က စနောက်လိုက်သည်။

​လုကျိုက်သည် တက္ကသိုလ်တုန်းက ကျိုးယန့်ပြီးလျှင် လင်းဖန်၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပြီး သူတို့ သုံးဦး၏ သံယောဇဉ်မှာ အလွန်ခိုင်မြဲလှပေသည်။ သူ၏ အမည်အတိုင်းပင် သူသည် အိမ်တွင်းအောင်း ဂိမ်းကစားသူ တစ်ဦး ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ ဝမနေဘဲ ဟန်ချက်ညီကာ မျက်မှန်နှင့် ကြည့်လိုက်လျှင် သိပ္ပံကျောင်းသားတစ်ဦးကဲ့သို့ သန့်ရှင်းသိမ်မွေ့သော ပုံစံရှိသည်။ သို့သော် အတွင်းစိတ်တွင်မူ အမာခံ ဂိမ်းကစားသူတစ်ဦးသာ ဖြစ်ပေသည်။

​ပုံမှန်အားဖြင့် သူသည် အန်နီမေးရှင်းများ ကြည့်ခြင်း၊ မန်ဂါဖတ်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကို အလွန်ဝါသနာပါပြီး အထူးသဖြင့် အချစ်ရေးဂိမ်းများကို အလွန်နှစ်သက်သူ ဖြစ်သည်။ သူကိုယ်တိုင် စာရင်းပြုစုချက်အရဆိုလျှင် ယခုအချိန်အထိ အချစ်ရေးဂိမ်းပေါင်း ခြောက်ရာကျော်ကို အောင်မြင်အောင် ကစားနိုင်ခဲ့ပြီ ဖြစ်သည်။

​သူ အနှစ်သက်ဆုံးနှင့် စိတ်ဝင်စားမှု အရှိဆုံးအရာမှာ သားရဲမိန်းကလေးများ ပင် ဖြစ်သည်။ သူ၏ စိတ်ကူးယဉ်မှုမှာ မည်မျှအထိ ပြင်းထန်သနည်းဆိုလျှင် တက္ကသိုလ်စတင်ဝင်ရောက်ချိန် မိတ်ဆက်ပွဲ၌ပင် သူ၏ ဘဝရည်မှန်းချက်မှာ တိရစ္ဆာန်နားရွက်ပါသော မိန်းကလေးတစ်ဦးနှင့် လက်ထပ်ရန် ဖြစ်ကြောင်း တစ်တန်းလုံး၏ ရှေ့မှောက်တွင် ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးသည်။ ထိုအချိန်မှစ၍ သူသည် လက်တွေ့လောကရှိ မိန်းကလေးများနှင့် လက်တွဲရန် အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ခြင်းပင် ဖြစ်သည်။

​သို့သော် သူသည် လူဆိုးတစ်ဦး မဟုတ်ဘဲ တခြားသူများ၏ အမြင်ကို ဂရုမစိုက်တတ်သည့်အပြင် အလွန်ရိုးသား ပွင့်လင်းသူလည်း ဖြစ်သည်။ ထိုကဲ့သို့သော သူ၏ စိတ်ရင်းမှန်မှုကြောင့်ပင် သူတို့ သုံးဦး၏ သံယောဇဉ်မှာ ယခုတိုင် ခိုင်မြဲနေခြင်း ဖြစ်ပေသည်။ ဘွဲ့ရပြီးနောက် ကျိုးယန့်နှင့် လင်းဖန်တို့မှာ မြို့တော်တွင် ကျန်ရစ်ခဲ့သော်လည်း လူကျိုက်မှာ ဇာတိသို့ ပြန်သွားခဲ့ရာ ယခုမှသာ ပြန်လည်ဆုံစည်းကြခြင်း ဖြစ်သည်။

​လုကျိုက်က သူ၏ မျက်မှန်ကို ပင့်တင်ကာ လင်းဖန်ကို သေချာစိုက်ကြည့်လိုက်ပြီးနောက် ကျေနပ်အားရစွာ ပြုံးလိုက်သည်။

​"အစ်ကိုဖန်... မင်းကတော့ တစ်နှစ်လုံး ပျောက်သွားတာပဲ.. ငါ့ထက်အရင် တခြားကမ္ဘာတစ်ခုကို ရောက်သွားပြီလို့တောင် ငါ ထင်နေတာ.."

​ထိုစကားကြောင့် လင်းဖန်မှာ ခဏတာ ဆွံ့အသွားသည်။ လုကျိုက် ပြောသကဲ့သို့ပင် သူသည် တခြားကမ္ဘာတစ်ခုသို့ အမှန်တကယ် ရောက်ရှိခဲ့ပြီး ယခုမှ ပြန်လာခြင်း ဖြစ်ချေသည်။ သို့သော် ဤအကြောင်းကို သူ မည်သူ့ကိုမျှ ပြောပြ၍ မရ။

​"ငါက ခရီးဝေးတစ်ခု သွားနေလို့ပါ..မင်းတို့ကို ကြိုမပြောမိတဲ့အတွက် စိတ်မကောင်းပါဘူး.."

​"ဟုတ်တယ်..တခြားကမ္ဘာဆိုတာ ဒီလောကမှာ မရှိဘူး..အဲဒီလို ထူးထူးဆန်းဆန်းတွေ ပြောမနေနဲ့တော့.."

​"လင်းဖန်က အခုမှ ပြန်လာတာကို မင်းက နိမိတ်မရှိတာတွေ လျှောက်ပြောမနေနဲ့.."

ကျိုးယန့်က လုကျိုက်ကို စိတ်မရှည်စွာဖြင့် တားမြစ်လိုက်သည်။

​တက္ကသိုလ်တုန်းကတည်းက လုကျိုက်သည် တခြားကမ္ဘာသို့ ရောက်ရှိခြင်း သို့မဟုတ် လူဝင်စားခြင်း စသည့် အကြောင်းအရာများကို အမြဲပြောလေ့ရှိသူ ဖြစ်သည်။ သူသည် အန်နီမေးရှင်းနှင့် ဝတ္ထုများကို အဖတ်များသဖြင့် စိတ်ကူးယဉ်လွန်းနေခြင်း ဖြစ်သည်ဟု ကျိုးယန့်က ယူဆထားခြင်း ဖြစ်သည်။

​"မဟုတ်ဘူး.. ငါတို့နဲ့ လုံးဝမတူတဲ့ တခြားကမ္ဘာတစ်ခု အမှန်တကယ် ရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်.."

​"ဒါဟာ ဓားနဲ့ မှော်ပညာတွေ ရှိတဲ့ ကမ္ဘာမျိုး ဖြစ်နိုင်သလို ချစ်စရာကောင်းတဲ့ သားရဲကောင်မလေးတွေ နေထိုင်တဲ့ နေရာမျိုးလည်း ဖြစ်နိုင်တယ်..ငါတို့ရဲ့ လက်ရှိ နည်းပညာနဲ့ အဲဒီကမ္ဘာကို မမြင်နိုင်သေးတာပဲ ဖြစ်မှာပါ.."

​လုကျိုက်သည် သူ၏ မျက်မှန်ကို ပင့်တင်ကာ အလွန်တည်ကြည်လေးနက်သော အမူအရာဖြင့် ပညာရှိတစ်ဦးကဲ့သို့ ပြောလိုက်သည်။ ကျိုးယန့်ကမူ သူ့ကို ငကြောင်တစ်ယောက်ကဲ့သို့ ကြည့်နေသော်လည်း ဘေးတွင်ရှိနေသော လင်းဖန်နှင့် လုံယွဲ့တို့မှာမူ ချွေးပြန်သွားကြသည်။

​ယခင်ကဆိုလျှင် လင်းဖန်သည် ဤစကားများကို ဟာသတစ်ခုအဖြစ်သာ မှတ်ယူမည် ဖြစ်သော်လည်း ယခုမူ သူကိုယ်တိုင် ထိုကဲ့သို့သော ကမ္ဘာမှ ပြန်လာခဲ့သူ မဟုတ်ပါလော။

​"အားကျိုက်... မင်းပြောတာတွေ အကုန်လုံးက အမှန်တကယ် ဖြစ်နိုင်ပါတယ်.."

​လင်းဖန်သည် ရှေ့သို့တိုးကာ လူကျိုက်၏ ပုခုံးကို ပုတ်လျက် သူ၏ စကားကို ထောက်ခံလိုက်သည်။

​"ဒါပေါ့..ငါ့ကို နားလည်ပေးနိုင်တာ အစ်ကိုဖန် တစ်ယောက်ပဲ ရှိတယ်.."

​လုကျိုက်၏ မျက်လုံးများမှာ ဝင်းပသွားကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ဝဲလာတော့သည်။ သူ ဤအကြောင်းကို ပြောတိုင်း တခြားသူများက ငကြောင်တစ်ယောက်ကဲ့သို့ ဆက်ဆံကြသော်လည်း လင်းဖန်တစ်ဦးတည်းကသာ သူ့ကို ခြွင်းချက်မရှိ ယုံကြည်ပေးခဲ့ခြင်း ဖြစ်သည်။

​"မင်းကလည်း သူ့ကို မြှောက်ပေး မနေစမ်းပါနဲ့.."

ကျိုးယန့်က ပြောလိုက်သည်။

​"သူပြောတာ မှန်တယ်လို့ ငါလည်း ထင်တယ်.. ဒီကမ္ဘာက အကန့်အသတ်တစ်ခုအတွင်းမှာပဲ ရှိနေတာဆိုတော့ တခြားကမ္ဘာတွေ ရှိနေတာကို ငါတို့ မသိနိုင်တာပဲ ဖြစ်မှာပါ.."

လုံယွဲ့ကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။

​"အော်... မင်းလည်း နားလည်ပေးနိုင်တာပဲလား.."

​လုကျိုက်သည် လုံယွဲ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ လင်းဖန်တစ်ဦးတည်းသာ သူ့ကို နားလည်သည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုမူ နောက်ထပ် နားလည်ပေးမည့်သူတစ်ဦးကို ထပ်မံတွေ့ရှိလိုက်ရလေပြီ။

​"မရီးကရောလား..အင်း... ထားပါတော့လေ.. မင်းတို့အားလုံး ပျော်ရင်လည်း ပြီးတာပါပဲ.."

ကျိုးယန့်က သက်ပြင်းချကာ အရှုံးပေးလိုက်တော့သည်။

​"မရီး ဟုတ်လား.."

​ကျိုးယန့်က လုံယွဲ့ကို ထိုသို့ခေါ်လိုက်သဖြင့် လုကျိုက်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။

​"ဟုတ်တာပေါ့.."

​ကျိုးယန့်က ပြုံးလျက် လုံယွဲ့ကို လူကျိုက်နှင့် မိတ်ဆက်ပေးလိုက်သည်။

​"ဒါက ငါတို့ရဲ့ အနာဂတ်မရီးလောင်းလေးပဲ.."

​လုကျိုက်မှာ အလွန်အံ့အားသင့်သွားပြီး ချက်ချင်းပင် နှုတ်ဆက်လိုက်တော့သည်။

​"မင်္ဂလာပါ မရီး.."

​လုံယွဲ့မှာ ဘာမှပြန်မပြောဘဲ မျက်နှာလေး ရှုံ့မဲ့သွားသော်လည်း ယခင်ကလောက်မူ ဒေါသမထွက်တော့ပေ။ ကျိုးယန့်က သူမကို မရီးဟု အမြဲခေါ်နေသည်ကို သူမ ကျင့်သားရနေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ တခြားသူများ၏ အထင်လွဲခြင်းကို သူမ ခဏခဏ ခံနေရသဖြင့် ယခုလည်း ရှင်းပြမနေတော့ဘဲ ထိုအတိုင်းသာ လွှတ်ထားလိုက်တော့သည်။

Chapter 90

~

အခန်း ၉၀ : စိတ်မကောင်းပါဘူး...

~

​မကြာမီမှာပင် လူစုံတက်စုံ ရောက်ရှိလာကြပြီး အတန်းဖော်တွေ့ဆုံပွဲကို တရားဝင် စတင်လိုက်သည်။

​လူများသည် မိမိတို့နှင့် ရင်းနှီးရာ စားပွဲဝိုင်းများတွင် အသီးသီး ခွဲထိုင်နေကြပြီး အချို့မှာလည်း မိသားစုဝင်များနှင့်အတူ စုဖွဲ့ထိုင်နေကြသည်။

​"အချိန်တွေ ကုန်လွန်သွားတာ မြန်လိုက်တာ..ဆယ်စုနှစ်တဝက်ကျော်အတွင်း ဘဝတွေက အတက်အကျ အမျိုးမျိုး ကြုံခဲ့ရပေမဲ့ အတန်းဖော် သူငယ်ချင်းတွေရဲ့ သံယောဇဉ်ကတော့ အစစ်မှန်ဆုံးပါပဲ..ဘွဲ့ရပြီး ငါးနှစ်အကြာမှာ ငါတို့တွေ ပြန်ဆုံကြပြီး ခိုင်မြဲတဲ့ ချစ်ကြည်ရေးကို ပြန်လည် ထူထောင်ကြသလို တောက်ပတဲ့ အနာဂတ်တွေအကြောင်းကိုလည်း ဆွေးနွေးကြတာပေါ့.."

​"အချိန်တွေက ငါတို့ရဲ့ မျက်နှာပေါ်မှာ အမှတ်အသားတွေ ချန်ထားခဲ့ရင်တောင် ငါတို့ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်တွေကိုတော့ ဖျက်ဆီးပစ်လို့ မရပါဘူး..အဲဒီအစား ငါတို့ရဲ့ ရင်ထဲမှာ သူငယ်ချင်းတွေအပေါ် ထားရှိတဲ့ လွမ်းဆွတ်မှုကို ပိုပြီးတော့ ခိုင်မာစေခဲ့တာပါ.."

​အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နေသော လျောင်ပင်းသည် စင်ပေါ်တွင် မိုက်ခရိုဖုန်းကို ကိုင်လျက် အဖွင့်အမှာစကားကို ရင်ထဲရှိ ခံစားချက်များ အပြည့်ဖြင့် ပြောကြားနေပေသည်။

​သူ၏ စကားအဆုံးတွင် ခန်းမတစ်ခုလုံး၌ သောင်းသောင်းဖျဖျ လက်ခုပ်တီးသံများနှင့် အားပေးသံများ ဆူညံသွားတော့သည်။

​"ဒီကောင် အားပင်းကတော့ တကယ်ကို စကားပြောကောင်းတာပဲ.."

ကျိုးယန့်က လက်ခုပ်တီးရင်း ဘေးမှ သူငယ်ချင်းများကို ပြောလိုက်သည်။

​"ဟုတ်တယ်လေ.. သူက ကျောင်းတုန်းကလည်း အခမ်းအနားမှူး လုပ်ခဲ့တာပဲ.. စကားမပြောတတ်ရင် အဲဒီတုန်းကတည်းက လုပ်နိုင်မှာ မဟုတ်ဘူး.."

လုကျိုက်ကလည်း ထောက်ခံလိုက်သည်။

​အဖွင့်အမှာစကား ပြီးဆုံးသွားသောအခါ လွတ်လပ်စွာ စကားပြောခြင်းနှင့် ဖျော်ဖြေရေး ကဏ္ဍသို့ ရောက်ရှိလာသည်။ အချို့က စင်ပေါ်တက်ကာ ဟာသများ ပြောသဖြင့် ခန်းမတစ်ခုလုံး ရယ်မောသံများဖြင့် ပြည့်နှက်သွားရသလို အချို့ကလည်း ကျောင်းတုန်းက ဗီဒီယိုမှတ်တမ်းဟောင်းများကို ပြသသဖြင့် အားလုံးမှာ လွန်ခဲ့သော လူငယ်ဘဝကို လွမ်းဆွတ်သွားကြရသည်။

​ထို့ပြင် ကိုယ်ပိုင်ဆိုင်ဖွင့်ထားသူများ သို့မဟုတ် ကုမ္ပဏီထောင်ကာ သူဌေးဖြစ်နေသူများကလည်း စင်ပေါ်တက်၍ သူတို့၏ ရည်မှန်းချက်များကို ပြောကြားကြပြီး ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အားပေးကူညီမှုများကို ဖိတ်ခေါ်နေကြပေသည်။

​အတန်းသားအများစုမှာ ဒေသခံ ချမ်းသာသော လူငယ်များ ဖြစ်ကြသဖြင့် ဤအတန်းမှာ နှစ်တိုင်းလိုလို ဆုံပွဲလုပ်နိုင်ခြင်း ဖြစ်သည်။ အခမဲ့ ကျွေးမွေးသော ထမင်းဝိုင်းဖြစ်သည့်အပြင် သူငယ်ချင်းဟောင်းများကို တွေ့ဆုံနိုင်ပြီး အခြေအနေကောင်းနေသော သူငယ်ချင်းများနှင့် အဆက်အသွယ် ရနိုင်သောကြောင့် မည်သူမျှ ငြင်းဆန်ခြင်း မရှိကြချေ။

​အစီအစဉ်များစွာ ပြီးဆုံးသွားချိန်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး မောက်မာသော အမူအရာရှိသည့် အမျိုးသားတစ်ဦး ထရပ်လိုက်သည်။ သူသည် ဝတ်စုံကော်လာကို အသာအယာ ပြင်လိုက်ပြီး ပြောင်လက်နေသော သားရေဖိနပ်ဖြင့် စင်အလယ်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပေသည်။

​လင်းဖန်သည် ထိုသူကို ကြည့်လိုက်သည်နှင့် ချက်ချင်းပင် မှတ်မိသွားသည်။

​ကျန်းရှောက်ဟောင်သည် ကျိုးယန့်ကဲ့သို့ပင် ဒေသခံတစ်ဦး ဖြစ်ပြီး သူ၏ မိဘများမှာ နာမည်ကြီး ကုမ္ပဏီတစ်ခု၏ အဆင့်မြင့် အရာရှိများ ဖြစ်ကြသဖြင့် မိသားစုနောက်ခံ အလွန်ကောင်းမွန်သူ ဖြစ်သည်။ ကျိုးယန့်နှင့် ကွာခြားချက်မှာ သူသည် သူ၏ ချမ်းသာမှုကို အမြဲတမ်း ကြွားဝါလေ့ရှိပြီး အပေါ်ယံတွင် နှိမ့်ချဟန် ပြနေသော်လည်း အတွင်းစိတ်တွင်မူ သူ့ကို သူဌေးသားတစ်ဦးအဖြစ် လူတိုင်း သိစေချင်နေလေသည်။

​ကျောင်းတုန်းက ဘတ်စကက်ဘော ကစားစဉ်က လင်းဖန်သည် သူ၏ ဂိုးသွင်းမှုကို တားဆီးခဲ့မိသည့်အပေါ် သူသည် လေးနှစ်လုံးလုံး ရန်ငြိုးထားခဲ့သူ ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် လင်းဖန်ကို အမြဲတမ်း စောင်းမြောင်း ပြောဆိုလေ့ရှိပြီး ကျောင်းသားအသင်း၏ အာဏာကို အသုံးပြုကာ လင်းဖန်ကို အမြဲတမ်း အကောက်ကြံလေ့ ရှိပေသည်။

​"အဟမ်း.."

​ကျန်းရှောက်ဟောင်သည် မိုက်ခရိုဖုန်းကို ကိုင်ကာ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။

​"အားလုံးပဲ မင်္ဂလာပါ..တစ်နှစ်တောင် ရှိသွားပြီဆိုတော့ ကျွန်တော့်ကို မေ့ကုန်ကြပြီလား.."

​ထိုစကားကြောင့် လူအများက ပြုံးလျက် ပြန်လည် တုံ့ပြန်ကြသည်။

​"ဘယ်မေ့ပါ့မလဲ မန်နေဂျာကျန်းရယ်.."

​"အတန်းထဲက တခြားသူကို မေ့ရင်မေ့မယ်..မန်နေဂျာကျန်းကိုတော့ မမေ့ပါဘူး.."

​"ဟုတ်တာပေါ့..နှစ်တိုင်း ဆုံပွဲဖြစ်အောင် ကူညီပေးတဲ့ မန်နေဂျာကျန်းကို ကျေးဇူးတင်ရမှာပါ.."

​လူအများ၏ မြှောက်ပင့်စကားများကို ကြားသောအခါ ကျန်းရှောက်ဟောင်သည် ကျေနပ်သွားသော်လည်း ဟန်ဆောင်ကာ နှိမ့်ချပြနေပြန်သည်။

​"မဟုတ်တာပဲ.. အတန်းဖော်အချင်းချင်း ကူညီကြတာ သဘာဝပါပဲ..ဒီနှစ်မှာ ကျွန်တော် ကုမ္ပဏီတစ်ခု ဖွင့်လိုက်တယ်.. သိပ်တော့ မကြီးပါဘူး..မိဘတွေက စမ်းသပ်ကြည့်ဖို့ ယွမ်သန်းနည်းနည်း ပေးထားတာပါ.."

​"အခုတော့ ဝန်ထမ်း တစ်ရာကျော် ရှိနေပါပြီ.. သူငယ်ချင်းတို့ အလုပ်ရှာဖို့ အခက်အခဲ ရှိရင်လည်း ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်.. အတန်းဖော်တွေဆိုတော့ ကူညီရတာ ဝမ်းသာပါတယ်.."

​သူ၏ စကားအဆုံးတွင် လက်ခုပ်သံများ ဆူညံသွားတော့သည်။ လူအများက သူ့ကို ချီးကျူးနေကြသော်လည်း လင်းဖန်ကမူ စားပွဲပေါ်ရှိ ဟင်းလျာများကိုသာ အေးအေးလူလူ စားသောက်နေပြီး သူ့ကို လုံးဝ ဂရုမစိုက်ချေ။

​ကျန်းရှောက်ဟောင်သည် လူအုပ်ကို ကြည့်ရင်း လင်းဖန်၏ စားပွဲဝိုင်းမှာ ဘာလှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ မကျေမနပ် ဖြစ်သွားသည်။

​"အော်... ဘယ်သူ့ကို တွေ့တာလဲလို့.. လင်းဖန်ပါလား.."

​"မတွေ့တာ တကယ်ကြာပြီနော်.. မင်း အရင်တုန်းက ဆုံပွဲတွေကို လုံးဝမလာခဲ့ဘူး မလား.."

​"ငါးနှစ်တောင် ရှိသွားပြီဆိုတော့ သူငယ်ချင်းဟောင်းတစ်ယောက်အနေနဲ့ ငါ မင်းကို တကယ် လွမ်းနေတာပါ.."

​လင်းဖန်သည် ဟင်းတစ်လုပ်ကို စားပြီးနောက် တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်သည်။

​"စိတ်မကောင်းပါဘူး.. ငါက ယောကျ်ားချင်း စိတ်မဝင်စားတဲ့အတွက် မင်းကို ဘယ်တုန်းကမှ မလွမ်းခဲ့ဘူး.. ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိစမ်းပါ.."

​ထိုစကားကြောင့် ခန်းမတစ်ခုလုံး ရယ်မောသံများ ထွက်ပေါ်လာတော့သည်။ ကျောင်းတုန်းက အေးဆေးလွန်းလှသော လင်းဖန်တစ်ယောက် ယခုကဲ့သို့ စကားနာထိုးတတ်သွားသည့်အပေါ် လူတိုင်းက အံ့ဩနေကြသည်။

​"ဟားဟား... ဒါ လင်းဖန် ဟုတ်ရဲ့လား.."

​"သူ့စကားတွေက တကယ်ကို မိုက်တာပဲ.."

​ဘေးပတ်ဝန်းကျင်မှ ရယ်မောသံများကို ကြားသောအခါ ကျန်းရှောက်ဟောင်၏ မျက်နှာမှာ ရှက်စိတ်ကြောင့် နီမြန်းသွားပြီး မိုက်ခရိုဖုန်းကို တင်းတင်းဆုပ်ကာ အော်ဟစ်လိုက်သည်။

​"ဘယ်သူက မင်းကို စိတ်ဝင်စားတယ် ပြောလို့လဲ.. ငါ လုံးဝ စိတ်မဝင်စားဘူး.."

​လင်းဖန်ကမူ ဘာမှမသိသယောင် အမူအရာဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်သည်။

​"အင်း... မင်း ငါ့ကို စိတ်ဝင်စားတယ်လို့ ငါ မပြောမိပါဘူး.. မင်းက ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ..တစ်ခုခု လိပ်ပြာမလုံလို့လား.."

​"ဟားဟား.."

​ထိုစကားကြောင့် အခမ်းအနားမှာ ပို၍ပင် စည်ကားသွားတော့သည်။ ဘေးတွင် ထိုင်နေသော လုံယွဲ့ပင်လျှင် လင်းဖန်၏ ဟာသဉာဏ်ကို သဘောကျကာ မရယ်မိအောင် အတင်းအောင့်ထားရပေသည်။

All Chapters