← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁) - ပဉ္စမအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ၊ ကောင်းကင် အင်မော်တယ် ၏ စွမ်းအားကို ပြသခြင်း (အပိုင်း - ၄)

အရှင်သခင်ကြီး ဇီယွီ၊ အရှင်သခင်ကြီး ထျန်းလီ၊ အရှင်သခင်ကြီး ပိုင်ယန် နှင့် အခြားသူများ အားလုံးသည် တဖြည်းဖြည်း အိုမင်းရင့်ရော်သွားပုံရသော ထိုပုံရိပ်လေး အဝေးသို့ ပျောက်ကွယ်သွားသည်ကို တိတ်ဆိတ်စွာ ငေးကြည့်နေကြ၏။ သူ၏ ကျောပြင်နောက်တွင်မူ ထူးဆန်းသော တိတ်ဆိတ် ငြိမ်သက်မှုကြီး တစ်ခုသာ ကျန်ရစ်ခဲ့သည်။

တာအိုဆရာ ထျန်းယွီ သည် စုယွီ နှင့် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး တို့ အနီးသို့ ရောက်ရှိသွားသောအခါ၊ လက်တစ်ချက် ဝှေ့ယမ်းကာ ယာဉ်ပျံ တစ်စင်းကို ခေါ်ထုတ်လိုက်သည်။ ထို့နောက် သူတို့ သုံးဦးစလုံးသည် ယာဉ်ပျံ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားကြ၏။ စတုတ္ထအဆင့် ထိပ်တန်း အခင်းအကျင်း အချို့၏ အသက်ဝင် လှုပ်ရှားလာမှု နှင့်အတူ၊ ယာဉ်ပျံ သည် သာမန် မျက်စိဖြင့်ပင် မလိုက်နိုင်လောက်အောင် မြန်ဆန်သော အရှိန်နှုန်းဖြင့် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ဆီသို့ ဦးတည် ပျံသန်း သွား‌တော့သည်။

ထို ယာဉ်ပျံ ၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့်၊ အရှင်သခင်ကြီး ဇီယွီ ကဲ့သို့သော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ ပင်လျှင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့၏ အမြင်အာရုံ ထဲမှ ပျောက်ကွယ် သွားတော့၏။

'သေစမ်း... အဲဒီ အဘိုးကြီးက ပြေးတာတော့ ဒုံးပျံပဲ'

ခဏအကြာတွင်၊

အရှင်သခင်ကြီး ထျန်းလီ သည် သူ၏ အတွေးများထဲမှ ဖြည်းညင်းစွာ ရုန်းထွက်လာခဲ့ပြီး၊ အရှင်သခင်ကြီး ဇီယွီ ထံသို့ အကြည့် ရွှေ့လိုက်သည်။ သူက လေသံကို နှိမ့်ကာ မေးလိုက်သည်။

"အရှင်သခင်ကြီး ဇီယွီ... ခင်ဗျား ထင်တာကရော... သူ့ရဲ့ ဒဏ်ရာတွေ တကယ်ပဲ ပိုဆိုးသွားတာလား... ဒါမှမဟုတ်ရင်..."

အရှင်သခင်ကြီး ဇီယွီ သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဒါက အရေးကြီးသေးလို့လား... ဒီတိုက်ပွဲ အပြီးမှာ... အရင်ခေတ်တုန်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့တဲ့ သူ့ရဲ့ ကြောက်စရာ စွမ်းအားတွေက ပြန်လည် ထွက်ပေါ်လာခဲ့ပြီလေ... အခု အခြေအနေမှာ ဝိညာဉ်ခွဲဖြာ အဆင့် ကျင့်ကြံသူ တွေကလွဲရင်... ဘယ်သူ ကများ သူ့ကို ထပ်ပြီး သွားစမ်းရဲဦးမှာလဲ"

"ရှင်ကော လုပ် ရဲလို့လား"

အရှင်သခင်ကြီး ထျန်းလီ မှာ ဆွံ့အ မှင်သက် သွားပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းကာ ပြန်ပြောလိုက်သည်။

"ကျွန်တော် က စီနီယာ ထျန်းယွီ ကို အရမ်း ရိုသေ လေးစားတာပါ ဗျာ... ပြီးတော့ ကျွန်တော်တို့ မီးတောက် နန်းတော် နဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ ကြားက ဆက်ဆံရေး ကလည်း သိပ်ဆိုးတာမှ မဟုတ်တာ... ကျွန်တော်က ဘယ်လိုလုပ်ပြီး စီနီယာ ထျန်းယွီ ကို သွားပြီး ရန်စရဲမှာလဲ"

အရှင်သခင်ကြီး ဇီယွီ သည် သူ့အား တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

'ဒီလူက မျက်နှာပြောင်တိုက်တာတော့ အတော်ပဲ'

"ဒီတစ်ခါ စိမ်းပြာငရဲ အင်မော်တယ်နန်းတော် ကတော့... သူတို့ရဲ့ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ တစ်ယောက်ကို ထပ်ပြီး ဆုံးရှုံးလိုက်ရပြန်ပြီ... မကြာသေးခင် ကမှ မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ လက်ချက် နဲ့ အထိနာထားတာ ဆိုတော့... အခုလောက်ဆို သူတို့ တော်တော်လေး ခံစားနေရလောက်ပြီ... လောလောဆယ် အချိန်အတိုင်းအတာ တစ်ခု အထိတော့... သူတို့ ထပ်ပြီး ပြဿနာ ရှာနိုင်တော့မှာ မဟုတ်ဘူး"

"ငါတို့ အတွက်ကတော့... ဒါက သတင်းဆိုး တစ်ခု မဟုတ်ပါဘူး"

ထိုသို့ ပြောပြီးနောက်၊ အရှင်သခင်ကြီး ဇီယွီ သည် လှည့်ထွက်သွားပြီး ယာဉ်ပျံ သင်္ဘောကြီး အတွင်းသို့ ပြန်လည် ဝင်ရောက် သွား‌တော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း အရှင်သခင်ကြီး ထျန်းလီ သည် ယာဉ်ပျံ သင်္ဘောကြီး ၏ ကုန်းပတ်ပေါ်မှ ဆင်းလာခဲ့ပြီး သူ၏ ကိုယ်ပိုင် ယာဉ်ပျံ ဆီသို့ ပြန်သွားသည်။

အင်မော်တယ် တစ်သောင်း နန်းတော် ၏ ယာဉ်ပျံ သင်္ဘောကြီး သည် အရှင်သခင်ကြီး ဇီယွီ ၏ ထိန်းချုပ်မှု အောက်တွင် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ဆီသို့ ဆက်လက် ဦးတည် ပျံသန်း နေသည်။

ယာဉ်ပျံ သင်္ဘောကြီး အတွင်း၌မူ အရှင်သခင်ကြီး ဇီယွီ ၏ မျက်မှောင်များမှာ အနည်းငယ် ကြုံ့ဝင်နေသည်။

စိမ်းပြာငရဲ အင်မော်တယ်နန်းတော် ၏ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ က တာအိုဆရာ ထျန်းယွီ ကို ခြုံခို တိုက်ခိုက်ခဲ့ခြင်းမှာ လုံးဝကို သေချာပေါက် အောင်မြင်မည့် အစီအစဉ် တစ်ခု ဖြစ်သင့်သည်။ တာအိုဆရာ ထျန်းယွီ အနေဖြင့် သူ၏ အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်ခဲ့လျှင်ပင်၊ ထို ကြီးမားလှသော အခင်းအကျင်း ကြီးထဲမှ လွတ်မြောက်နိုင်ရန် မသေချာလှချေ။

သို့သော်လည်း တာအိုဆရာ ထျန်းယွီ နှင့် သူ၏ လူများသည် ထို ကြီးမားသော အခင်းအကျင်း ကြီးထဲမှ မျက်စိတစ်မှိတ် အတွင်းမှာပင် မည်သို့များ လွတ်မြောက်လာခဲ့ကြသနည်း။

ပြီးတော့ သူတို့က မိုင်ဆယ်ချီ ဝေးတဲ့ နေရာမှာ ဘယ်လိုလုပ်ပြီး ရုတ်တရက် သွားပေါ်လာရတာလဲ။

ထို့အပြင် တာအိုဆရာ ထျန်းယွီ ခင်းကျင်းသွားခဲ့သော ထူးဆန်းလှသည့် အခင်းအကျင်း မှာလည်း ဘာကြီးလဲ။

သူမ၏ မူလဝိညာဉ် အလယ်အလတ် အဆင့် ရှိသော နတ်ဘုရား အာရုံ ဖြင့် ထို အခင်းအကျင်း ကို အနည်းငယ်မျှ အာရုံခံ ကြည့်လိုက်ရုံဖြင့်ပင် သူမ၏ စိတ်အာရုံများ ကမောက်ကမ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလော။

ထို အခင်းအကျင်း သည် စတုတ္ထအဆင့် ထိပ်တန်း အခင်းအကျင်း ကြီး တစ်ခု၏ စွမ်းအားများကိုပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိပြီး၊ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ တစ်ယောက်ကို သေချင်စိတ် ပေါက်သွားလောက်အောင် ညှဉ်းပန်း နှိပ်စက်နိုင်ခဲ့သည်။

ဤ အခင်းအကျင်း မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ သူမ၏ ရင်ထဲတွင်လည်း အကြောက်တရားများကို ကိန်းအောင်းသွားစေခဲ့သည်။

ထိုအကြောင်းများကို အလုံးစုံ စဉ်းစား တွေးတော နေရင်း၊ အရှင်သခင်ကြီး ဇီယွီ ၏ စိတ်ထဲတွင် နောက်ထပ် အတွေးတစ်ခု ဝင်ရောက်လာပြန်၏။

'တာအိုဆရာ ထျန်းယွီ ရဲ့ လက်ထဲမှာ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေ ဘယ်လောက်တောင် ရှိနေမလဲ... ယွီလုံ နန်းတော် က လူတွေ မြေအောက် လှိုဏ်ဂူ ထဲမှာ တွေ့ခဲ့တဲ့ ဝိညာဉ် အရည် တွေကို ဘယ်သူကများ အရင် လက်ဦးသွားခဲ့တာလဲ'

တကယ်လို့များ အဲဒီ ဝိညာဉ် အရည် တွေ အားလုံးက တာအိုဆရာ ထျန်းယွီ ရဲ့ လက်ထဲကို ရောက်သွားခဲ့မယ် ဆိုရင်တော့... ဒီတစ်ခါ သူ့ရဲ့ ဒဏ်ရာတွေ ပိုဆိုးသွားတယ် ဆိုရင်တောင်မှ... ဝိညာဉ် အရည် တွေရဲ့ အာနိသင် ကြောင့် သူ့ရဲ့ ဒဏ်ရာတွေ အပြည့်အဝ ပျောက်ကင်းသွားဖို့ အချိန် သိပ်ကြာမှာ မဟုတ်ဘူး ဆိုတာ သူမ သေချာပေါက် ယုံကြည်နေမိသည်။

တကယ်လို့ အဲဒီလို မဟုတ်ခဲ့ဘူး ဆိုရင်တော့...

အရှင်သခင်ကြီး ဇီယွီ ၏ မျက်မှောင်များ ပြေလျော့သွားပြီး တွေးလိုက်သည်။

'ဝိညာဉ် အရည် တွေသာ မရှိခဲ့ဘူး ဆိုရင်... သူ့ရဲ့ ဒဏ်ရာတွေက သေချာပေါက် ပိုဆိုးသွားမှာပဲ... အဲဒါဆိုရင် သူ အသက်ရှည်ရှည် နေရတော့မှာ မဟုတ်ဘူး'

'အသေးစိတ် အခြေအနေ ကိုတော့... သူ ဘယ်လောက်ကြာကြာ အသက်ရှင် နေနိုင်ဦးမလဲ ဆိုတာကို စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့'

ထိုအချက်များကို သဘောပေါက်သွားပြီးနောက်၊ အရှင်သခင်ကြီး ဇီယွီ သည် အာရုံလှည့်စားမှု ရွှံ့ညွန်တော အတွင်းရှိ အပျက်အစီး နေရာများ အကြောင်းကို ပြန်လည် တွေးတောမိလိုက်သည်။ တာအိုဆရာ ထျန်းယွီ ရှိနေသရွေ့၊ သူမ တစ်ယောက်တည်း အနေဖြင့် အင်မော်တယ် တစ်သောင်း နန်းတော် ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ရန် မလုံလောက်တော့ချေ။

သူမ အနေဖြင့် ကူညီရန် အတွက် အင်မော်တယ် ဂိုဏ်း မှ လူသစ်များ ထပ်မံ စေလွှတ်ပေးရန် လိုအပ်နေပြီ ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲ အကြောင်းကို စဉ်းစား တွေးတော နေသူမှာ အရှင်သခင်ကြီး ဇီယွီ တစ်ယောက်တည်း မဟုတ်ချေ။ အရှင်သခင်ကြီး ထျန်းလီ၊ အရှင်သခင်ကြီး ပိုင်ယန် နှင့် အခြားသော ဂိုဏ်းများ မှ ကျင့်ကြံသူများ၊ ထို့အပြင် အခြားသော အင်မော်တယ် ဂိုဏ်းများ ၏ လက်အောက်ခံ အင်အားစု များ သည်လည်း လက်ရှိ အခြေအနေကို ကိုယ်စီ ခွဲခြမ်းစိတ်ဖြာ လေ့လာ နေကြ၏။

သူတို့၏ ခွဲခြမ်းစိတ်ဖြာမှု များမှာ အရှင်သခင်ကြီး ဇီယွီ ၏ တွေးတောမှု များနှင့် အနည်းငယ် ကွာခြားကောင်း ကွာခြားနိုင်သော်လည်း၊ အဓိက အနှစ်သာရ မှာတော့ သိပ်ပြီး ကွာခြားလှမည် မဟုတ်ပေ။

တာအိုဆရာ ထျန်းယွီ က သူတို့၏ ရှေ့မှောက်တွင် အားနည်းချည့်နဲ့ဟန် ဆောင်ကာ၊ သူ၏ သက်တမ်းမှာ တိုတောင်းနေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သော်ငြားလည်း၊ မည်သူကမျှ သူ့ကို မျက်ကန်းယုံ ယုံကြည်ကြမည် မဟုတ်ချေ။

အဲဒါကို ယုံတဲ့ကောင်ကတော့ တကယ့် သောက်ရူးပဲ ဖြစ်ရမယ်။

"တာအိုဆရာ ထျန်းယွီ ကို... လုံးဝ (လုံးဝ) မသွားစမ်းကြနဲ့"

"စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ တစ်ယောက်တောင် သူ့ကို ခြုံခို တိုက်ခိုက်တာကို မသတ်နိုင်ခဲ့တဲ့ အပြင်... သူ့ရဲ့ လက်ချက် နဲ့တောင် အရှင်ဖမ်းခံလိုက်ရသေးတယ်... ဝိညာဉ်ခွဲဖြာ အဆင့် အစွမ်းထက် ကျင့်ကြံသူ တွေကလွဲရင် ဘယ်သူ ကများ သူ့ကို ကိုင်တွယ်နိုင်မှာလဲ... ဘယ်တော့မှ... သူ့ကို သွားပြီး မစော်ကားမိစေနဲ့"

"မင်းတို့ အကုန်လုံး နားထောင်ထား... နောက်တစ်ခါ မြေကမ္ဘာအင်မော်တယ် နယ်မြေ က လူတွေကို သွားပြီး ရန်စတဲ့ကောင် ရှိရင်... အဲဒီကောင်ရဲ့ ခေါင်းကို ငါ အရင်ဆုံး ဖြတ်မယ်... အဲဒါက မြေကမ္ဘာအင်မော်တယ် နယ်မြေ က လူတွေ ငါတို့ဆီကို လာပြီး ရှင်းတာထက် အများကြီး ပိုကောင်းတယ်"

"တာအိုဆရာ ထျန်းယွီ က မကြာသေးခင်ကမှ တပည့်သစ် တစ်ယောက် လက်ခံထားတယ် လို့ ကောလာဟလ တွေ ထွက်နေတယ်... တကယ်လို့များ မင်းတို့ အထဲက တစ်ယောက်ယောက်က နောင်တစ်ချိန် အဲဒီကောင်လေးကို သွားပြီး စော်ကားမိရင်... ချက်ချင်း ပြဿနာ မရှိအောင် ဖြေရှင်းပြီး မြန်မြန် လစ်ပေတော့... ငါတို့ ဂိုဏ်း ဆီကို ပြဿနာ တွေ သယ်မလာခဲ့နဲ့... ကြားလား... အဲဒီလိုမှ မဟုတ်ဘဲ ငါတို့ ဂိုဏ်း တစ်ခုလုံးကိုပါ အမြစ်ပြတ် သုတ်သင် ခံရအောင် လုပ်မယ် ဆိုရင်တော့... မင်းတို့ သေရကျိုးတောင် နပ်မှာ မဟုတ်ဘူး"

"ကြောက်စရာ ကောင်းလိုက်တာ... တကယ် ကြောက်စရာ ကောင်းတယ်... ခုနက သူ ခင်းကျင်းပြသွားတဲ့ အခင်းအကျင်း ကို ကြည့်ရုံနဲ့တင်... ဒီလူက ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင် တွေရဲ့ အောက်မှာ ဆိုရင် နံပါတ်တစ် နေရာမှာ ရှိနေလောက်တယ်"

အင်အားစု အသီးသီး မှ ကျင့်ကြံသူ များမှာ အကြီးအကျယ် ထိတ်လန့် ချောက်ချားစွာဖြင့် အချင်းချင်း တီးတိုး ပြောဆို နေကြ၏။

(၁၀) ရက် ကြာမြင့်ပြီးနောက်၊

အင်အားစု အသီးသီး မှ ကျင့်ကြံသူ များ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် သို့ ပြန်လည် ရောက်ရှိလာကြသောအခါ၊ စိမ်းပြာငရဲ အင်မော်တယ်နန်းတော် ၏ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ က မြေကမ္ဘာအင်မော်တယ် နယ်မြေ မှ အဖွဲ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း၊ တာအိုဆရာ ထျန်းယွီ ၏ လက်ချက်ဖြင့် အရှင်ဖမ်း ခံလိုက်ရသည် ဆိုသော သတင်းမှာ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် တစ်ခုလုံးသို့ အချိန်တိုလေး အတွင်းမှာပင် ပျံ့နှံ့သွားခဲ့ပြီး... ကျင့်ကြံသူ များ အကြားတွင် အကြီးအကျယ် ပွက်လောရိုက် သွားစေခဲ့သည်။

တိုက်ပွဲ ၏ အသေးစိတ် အချက်အလက် များ ပိုမို ထွက်ပေါ်လာသည်နှင့်အမျှ၊ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ရှိ ကျင့်ကြံသူ အားလုံးမှာ တာအိုဆရာ ထျန်းယွီ ၏ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအား များကို ပိုမို ကြောက်ရွံ့ ရိုသေ လာကြ၏။

တိုက်ပွဲ ၏ အသေးစိတ် အချက်အလက် များစွာကို ကျင့်ကြံခြင်း လောက အတွင်း၌ အကြိမ်ကြိမ် အဖန်ဖန် ဆွေးနွေး ပြောဆို နေခဲ့ကြ၏။

အချိန်ကာလ များ ကုန်လွန်သွားသည်နှင့်အမျှ... 'ပဉ္စမအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ' ဟူသော ဂုဏ်ပုဒ်မှာ တာအိုဆရာ ထျန်းယွီ ၏ ခေါင်းပေါ်သို့ အမှန်တကယ်ပင် ကျရောက်လာတော့၏။

၎င်းမှာ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ တစ်ဦးကို နင်းဖြတ်၍ သူ ရရှိခဲ့သော ဂုဏ်သိက္ခာ တစ်ခုပင် ဖြစ်သည်။

အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ရှိ မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ အခြေစိုက် စခန်း အတွင်း၌မူ၊

အပြင်ဘက်ရှိ ပွက်လောရိုက် နေမှုများမှာ ဤနေရာကို လုံးဝ လာရောက် မနှောင့်ယှက် နိုင်ခဲ့ချေ။ သူတို့ ပြန်လည် ရောက်ရှိလာသောအခါ၊ တာအိုဆရာ ထျန်းယွီ သည် ယာဉ်ပျံ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားပြီးနောက်၊ အမှန်တကယ်ပင် ဒဏ်ရာ အပြင်းအထန် ပြန်လည် ရရှိသွားသော အခြေအနေ သို့ ရောက်ရှိ နေခဲ့သည်။ သူသည် သွေးများကို ဆက်တိုက် အန်ထုတ်နေခဲ့ပြီး... သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ရွှေအမြုတေ အဆင့် သို့ပင် ပြန်လည် ကျဆင်းသွားတော့မည့် လက္ခဏာများ ပြသနေ‌တော့သည်။

အခန်း (၅၁၂) - ပဉ္စမအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ၊ ကောင်းကင် အင်မော်တယ် ၏ စွမ်းအားကို ပြသခြင်း (အပိုင်း - ၅)

ထို့ကြောင့် ယာဉ်ပျံ ပေါ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် တာအိုဆရာ ထျန်းယွီ သည် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တစ်စက်ကို မျိုချလိုက်ပြီး၊ သူ၏ ဒဏ်ရာများကို ကုသရန် အတွက် ချက်ချင်း တရားထိုင် ကျင့်ကြံနေ‌တော့သည်။

အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် သို့ ပြန်လည် ရောက်ရှိလာသည့် အချိန်အထိ၊ တာအိုဆရာ ထျန်းယွီ သည် စုယွီ ၏ မှော်လက်နက် နန်းတော် အတွင်း၌ တရားထိုင် ကျင့်ကြံနေဆဲ ပင် ဖြစ်သည်။

ဝိညာဉ် ဒဏ်ရာများကို ကုသရာတွင် ပြိုင်ဘက်ကင်းသော ထိပ်တန်း ရတနာ တစ်ခု ဖြစ်သည့် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ၏ အစွမ်းသတ္တိ အောက်တွင်၊ တာအိုဆရာ ထျန်းယွီ ၏ အခြေအနေမှာ လျင်မြန်စွာ တည်ငြိမ်လာခဲ့လေပြီ။

တာအိုဆရာ ထျန်းယွီ တရားထိုင်ရာမှ ပြန်လည် ထွက်ပေါ်လာချိန်တွင် သူ၏ ယခင်က ဒဏ်ရာများမှာ အများကြီး သက်သာ ပျောက်ကင်း သွားမည် ဖြစ်ပြီး၊ အပြည့်အဝ ပျောက်ကင်း သွားရန်ပင် အခွင့်အရေး များစွာ ရှိနေမည်ဟု ခန့်မှန်းရသည်။

ဆရာ ထျန်းယွီ ၏ အခြေအနေကို အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ထံသို့ သွားရောက် အသိပေးပြီး သူမ၏ စိုးရိမ် ပူပန်မှုများကို ဖြေလျှော့ပေးပြီးနောက် မှသာ၊ စုယွီ သည် သက်ပြင်း တစ်ချက်ကို ဖွဖွလေး ရှူထုတ်လိုက်ပြီး သူ၏ အခန်း အတွင်းသို့ ပြန်ဝင်လာခဲ့သည်။

ထိုအချိန်တွင် လော့ချန်ယွီ သည် သူမ၏ အခန်း အတွင်း၌ ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ကို ကျင့်ကြံနေသည်။

စုယွီ ပြန်လည် ရောက်ရှိလာသည်ကို အာရုံခံ မိလိုက်သောအခါ၊ လော့ချန်ယွီ သည် သူမ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ သူ့အား ကြည့်လိုက်သည်။

စုယွီ က မေးလိုက်သည်။

"အစ်မ... အခြေအနေ ဘယ်လိုလဲ... ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် က ဘယ်အဆင့်ထိ ရောက်သွားပြီလဲ"

လော့ချန်ယွီ သည် တစ်ချက်.. ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဒုတိယ အဆင့် ကို ရောက်သွားပြီ... တာအို အမှတ်အသား ရှစ်ရာ နီးပါးလောက် ကိုလည်း ခတ်နှိပ်ပြီးသွားပြီ"

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ သည် လက်တစ်ချက် ဝှေ့ယမ်းကာ ချီ သန့်စင်ရေး အိုး ကို ခေါ်ထုတ်လိုက်ပြီး၊ ဒုတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် အချို့ကို ထုတ်ယူလိုက်၏။ ထို့နောက် ရှေးဟောင်း ကျောက်စိမ်း သေတ္တာလေး တစ်ခုကို ထုတ်ယူလိုက်ပြန်၏။ ချီ သန့်စင်ရေး အိုး အတွင်းမှ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် (၅) စက်ကို ထုတ်ယူလိုက်ပြီး၊ ထိုအရာများကို ကျောက်စိမ်း ပုလင်းလေး တစ်ခု အတွင်းသို့ ထည့်လိုက်ပါ၏။ ထို့နောက်၊ ၎င်းအား ကျောက်စိမ်း သေတ္တာလေး ထဲတွင် သိမ်းဆည်းလိုက်ပြီးနောက်... လော့ချန်ယွီ ထံသို့ ကမ်းပေးလိုက်ပါသည်။

"ဒါလေး ယူထားလိုက် အစ်မ... တကယ်လို့ အစ်မ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ကို သန့်စင်နိုင်မယ် ဆိုရင်... အရင်ဆုံး သန့်စင်လိုက်တာ အကောင်းဆုံးပဲ"

"တကယ်လို့ အစ်မ က ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း အဆင့်ကို အောင်မြင်သွားမယ် ဆိုရင်... အစ်မ ရဲ့ ရုပ်ခန္ဓာ က သေချာပေါက် အစွမ်းထက်လာမှာပဲ။ အဲဒီအခါကျရင် အစ်မ ရဲ့ ဝိညာဉ် က အစ်မ ရဲ့ အားနည်းချက် ဖြစ်သွားနိုင်တယ်လေ"

"ကံကောင်းလို့... ဒီတစ်ခေါက် အပျက်အစီး နေရာ ခရီးစဉ်မှာ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နည်းနည်း ရလာခဲ့တယ်"

လော့ချန်ယွီ မှာ အံ့အားသင့်သွားပြီး ပြန်ပြောလိုက်၏။

"နင် က အပြင်ထွက်ပြီး မရှာဘူး လို့ ငါ ထင်နေတာ... ဘယ်လိုလုပ်ပြီး ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေကို ရလာတာလဲ"

'ဟယ်... ဒီကောင်လေးက တကယ် တော်တာပဲ... အပြင်မထွက်ဘဲနဲ့တောင် ဒီလို ရတနာ မျိုးကို ဘယ်လိုများ ရလာတာလဲ'

ထိုအခါ၊ စုယွီ က ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ကျွန်တော် က အပြင်ထွက်ပြီး မရှာပေမဲ့... ကျွန်တော့် ဆီမှာ ကောင်းကင် မိုးကြိုး ကြွက် မိစ္ဆာဘုရင် ရှိတယ်လေ။ သူက ရတနာ တွေ ဆိုရင် အမြဲတမ်း အနံ့ခံ တော်တယ်ဗျ"

'ဟဲဟဲ... ငါ့ရဲ့ လျှို့ဝှက် လက်နက် ကို အထင်မသေးနဲ့လေ'

အကြောင်းအရာ အထွေထွေကို ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက်၊ စုယွီ သည် ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် နှင့် ပတ်သက်၍ နားမလည်သည်များ ရှိသလား ဟု လော့ချန်ယွီ အား မေးမြန်းလိုက်သည်။ သူတို့ နှစ်ဦးသည် အချိန် အတန်ကြာအောင် ဆွေးနွေး တိုင်ပင်ပြီးနောက်မှ လော့ချန်ယွီ သည် သူမ၏ အခန်းသို့ ပြန်သွား‌တော့၏။

စုယွီ သည် သူ၏ အခန်း အောက်ဘက်ရှိ လျှို့ဝှက် အခန်း အတွင်းသို့ ဝင်ရောက်သွားပြီး အခင်းအကျင်း အချို့ကို အသက်သွင်း လိုက်သည်။

ထို့နောက် သူသည် မှော်လက်နက် နန်းတော် အတွင်းရှိ ဆရာ ထျန်းယွီ ၏ အခြေအနေ ကို အာရုံခံ ကြည့်လိုက်ပြီးနောက်၊ သက်ပြင်း တစ်ချက်ကို ဖွဖွလေး ရှူထုတ်လိုက်ကာ စိတ်အေးလက်အေး ဖြစ်သွားသည်။

သူသည် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သူ၏ အသိစိတ် သည် ရွှေပုစဉ်း နည်းစနစ် ကို စတင် လည်ပတ်စေလိုက်ရာ၊ သူ၏ အာရုံခံစားမှု များသည် ငြိမ်သက် သွားပြီး သူ၏ စိတ်အာရုံ အတွင်း၌ ဝိညာဉ် အလင်းတန်းများ ထွက်ပေါ်လာ၏။ အပျက်အစီး နေရာ အတွင်း၌ ရှိနေစဉ်၊ သူသည် အခင်းအကျင်း ပေါင်း သုံးဆယ် နီးပါးခန့်ကို ချိုးဖျက် လေ့လာနိုင်ခဲ့သည်။

၎င်းတို့ အနက် အများစုမှာ အာရုံလှည့်စားမှု အခင်းအကျင်း များ နှင့် သေစေနိုင်သော ချိပ်ပိတ် အတားအဆီး အခင်းအကျင်း များ ဖြစ်ကြ၏။

ဤတစ်ကြိမ် အပျက်အစီး နေရာ ခရီးစဉ်မှာ သူ့အတွက် အတော်လေး အကျိုးရှိခဲ့သည်ဟု ဆိုရမည်။

သို့သော်ငြားလည်း၊ အကယ်၍ သူ့ကို အပျက်အစီး နေရာ သို့ တစ်ယောက်တည်း သွားခိုင်းမည် ဆိုပါက... သူ သိပ်ပြီး စိတ်ဝင်စားမည် မဟုတ်ချေ။

'တကယ်လို့များ ရှေးဟောင်း အခင်းအကျင်း တွေကို သေချာ နားလည်အောင် လေ့လာချင်တယ် ဆိုရင်... မြေကမ္ဘာအင်မော်တယ် နယ်မြေ မှာ လုံးဝ အပြည့်အဝ ထိန်းချုပ်ထားတဲ့ အပျက်အစီး နေရာ တွေ ရှိလောက်ပါတယ်။ အဲဒီလို နေရာမျိုးမှာ ဆိုရင် သူက အဝေးကနေပြီးတော့တောင် အေးအေးဆေးဆေး လေ့လာလို့ ရနိုင်တယ် မဟုတ်လား’

‘ဒါပေမဲ့လည်း…’

ဆရာ ထျန်းယွီ ၏ ရည်ရွယ်ချက် များကို သူ အတိုင်းအတာ တစ်ခု အထိ နားလည် သဘောပေါက် နေခဲ့သည်။

‘ငါက အရမ်းကို အပေါင်းအသင်း ကင်းမဲ့ပြီး အထီးကျန် ဆန်လွန်းတယ် လို့ ဆရာ က ခံစားနေရလို့... လေကောင်းလေသန့် လေး ရအောင် ဆိုပြီး.. အပြင် ခေါ်ထုတ်လာတာ ဖြစ်နိုင်ပါတယ်’

'ဟင်း... ငါ့ဆရာ ကလည်း ငါ့ကို လူရာဝင်အောင် သိပ်လုပ်ချင်နေတာပဲ'

လောကကြီး အကြောင်းကို အတွေ့အကြုံ ရယူရင်း၊ အခြားသော အင်မော်တယ် ဂိတ်တံခါး များ နှင့် အခြား အင်အားစု များမှ လူများနှင့် တွေ့ဆုံ ဆက်ဆံခွင့် ရမည် ဆိုပါက၊ သူသည် လုံးဝကြီး အထီးကျန် ဆန်နေတော့မည် မဟုတ်ချေ။

ယခုတစ်ကြိမ် အပျက်အစီး နေရာ မှ ရရှိခဲ့သော အကျိုးအမြတ် များ အပြင်၊ သူ၏ ဆရာ ၏ ဒဏ်ရာများ နှင့် ကျင့်ကြံခြင်း အဆင့်ကို ပြန်လည် ကုစားပေးနိုင်ခဲ့ခြင်း၊ ထို့အပြင် အင်မော်တယ် တစ်သောင်း နန်းတော်၊ လီဟော့ ကျောင်းတော်၊ ယွီလုံ နန်းတော် နှင့် အခြားသော အင်အားစု များနှင့် တွေ့ဆုံခဲ့ရခြင်း တို့က ဤအင်အားစု များ နှင့် မြေကမ္ဘာအင်မော်တယ် နယ်မြေ ကြားရှိ ဆက်ဆံရေး ကို သူ့အား ရှင်းလင်းစွာ နားလည် သဘောပေါက် စေခဲ့၏။

ဒါကလည်း အကျိုးအမြတ် တစ်ခု ဟု သတ်မှတ်၍ ရတာပါပင်။

ထို့အပြင် စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ ခင်းကျင်းခဲ့သော ကြီးမားလှသည့် ကမ္ဘာမြေ သွေးကြော အခင်းအကျင်း ကြီး နှင့် နောက်ပိုင်းတွင် သူ၏ ဆရာ ခင်းကျင်းခဲ့သော အခင်းအကျင်း တို့က သူ၏ မျက်စိများကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေပြီး အခွင့်အလမ်း အသစ်များကို မြင်တွေ့သွားစေခဲ့သည်။

ထို အခင်းအကျင်း နှစ်ခုစလုံးမှာ အလွန်တရာ အစွမ်းထက် လွန်းသည်မှာ ငြင်းစရာ မရှိချေ။

အကယ်၍ ရန်သူတွေကို တိုက်ခိုက်သော နေရာမှာ အသုံးပြုမည် ဆိုလျှင်... အာနိသင် ကတော့ သေချာပေါက် အံ့မခန်း ဖြစ်မည်ပင်။

သို့သော်လည်း အကယ်၍ သူကိုယ်တိုင် ဤကဲ့သို့သော အခင်းအကျင်း များနှင့် ကြုံတွေ့ရမည် ဆိုပါက... ထို အခင်းအကျင်း များသည် စတုတ္ထအဆင့် အဆင့်နိမ့် ထက် မပိုသရွေ့... အနိုင်မတိုက်နိုင်လျှင်တောင်မှ သူ သေချာပေါက် ထွက်ပြေး လွတ်မြောက်နိုင်မည်ဟု သူ ယုံကြည်ထား၏။

အဆောင်လက်ဖွဲ့ ရေးဆွဲသူများ၊ အခင်းအကျင်း ပညာရှင်များ၊ ရုပ်သေး ဆရာများ၊ သားရဲ ထိန်းချုပ်သူများ စသည့် ကျွမ်းကျင်မှု ရှိသော ကျင့်ကြံသူ များ အားလုံးသည်... အဆင့်မြင့် လာသော အခါတွင် လုံးဝ အထင်သေး၍ မရနိုင်သော သူများ ဖြစ်လာကြသည်။

သူ့ကိုယ်သူ လိုမျိုးပေါ့။

စုယွီသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အတွက် အဆောင်လက်ဖွဲ့ များကို အမြောက်အမြား စုဆောင်းထားသည့် အကျင့် ရှိသော်ငြားလည်း၊ သူသည် အခင်းအကျင်း နှင့် ရုပ်သေး ပညာရပ် များကို ဆက်လက် လေ့လာ ကျင့်ကြံရန် လုံးဝ လက်မလျှော့ခဲ့ချေ။

အခင်းအကျင်း တွေ နှင့် ရုပ်သေး တွေ က အဆောင်လက်ဖွဲ့ တွေလောက် အသုံးမဝင်ဘူး ဆိုတာမျိုး လုံးဝ မရှိပါ။

အခင်းအကျင်း တာအို နှင့် ပတ်သက်၍ ခေတ္တမျှ စဉ်းစား တွေးတော ပြီးနောက်၊ စုယွီ သည် အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ကို အသက်သွင်းလိုက်ပြီး သူ၏ ရွှေအမြုတေ ကို သန့်စင်ရန် အတွက် ယနေ့၏ ကျင့်ကြံခြင်းကို စတင်လိုက်‌တော့သည်။

ညအချိန်သို့ ရောက်သောအခါ၊

စုယွီ သည် သူ၏ မန္တန်စွမ်းအားများကို တိုးတက်စေရန် အတွက် ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို ကျင့်ကြံလိုက်သည်။

*

တစ်လခန့် ကြာမြင့်ပြီးနောက်၊ စုယွီ သမာဓိ မှတ်နေစဉ်မှာပင်... မြေကမ္ဘာအင်မော်တယ် နယ်မြေ မှ လူအချို့ ရောက်ရှိလာကြ၏။ ၎င်းတို့ အနက် စုယွီ နှင့် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသော ယွဲ့လန် တောင်ထွတ် ၏ တောင်ထွတ်သခင် အရှင်သခင်ကြီး ယွဲ့လန် နှင့် အရှင်သခင်ကြီး ကုလန် တို့လည်း ပါဝင်ပါသည်။

ကျန်ရှိနေသော သူများမှာ နန်းတော်သခင်ကြီး ၏ အမိန့်ဖြင့် စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ ၏ မူလဝိညာဉ် ကို လာရောက် ယူဆောင်သော မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် မှ မူလဝိညာဉ် အဆင့် အကြီးအကဲ များ ဖြစ်ကြ၏။

အရှင်သခင်ကြီး ယွဲ့လန် နှင့် အရှင်သခင်ကြီး ကုလန် တို့မှာမူ တာအိုဆရာ ထျန်းယွီ အား ကူညီ စောင့်ရှောက်ပေးရန် လာရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။

တာအိုဆရာ ထျန်းယွီ မှာ ကြီးမားသော အန္တရာယ် မရှိတော့ဘဲ ယခုအခါ အေးအေးဆေးဆေး ဒဏ်ရာ ကုသနေကြောင်း သိရှိသွားကြသောအခါ၊ အရှင်သခင်ကြီး ယွဲ့လန် နှင့် အရှင်သခင်ကြီး ကုလန် တို့သည်လည်း အင်မော်တယ် နန်းတော် ၏ အခြေစိုက် စခန်းတွင် နေရာယူလိုက်ကြပြီး၊ အာရုံလှည့်စားမှု ရွှံ့ညွန်တော အပျက်အစီး များ နောက်တစ်ကြိမ် ပြန်လည် ပွင့်လာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်း နေကြ‌တော့သည်။

နှစ်ဝက်ခန့် ကြာမြင့်ပြီးနောက်၊ တာအိုဆရာ ထျန်းယွီ သည် စုယွီ ၏ မှော်လက်နက် နန်းတော် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ် အစောပိုင်း အဆင့်တွင်သာ ရှိနေသေးသယောင် ထင်ရပြီး၊ သိသာ ထင်ရှားသော အပြောင်းအလဲ များ မရှိလှချေ။

သို့သော်လည်း စုယွီ သည် သိမ်မွေ့သော ကွာခြားချက် တစ်ခုကို အာရုံခံ မိလိုက်သည်။ ယခင်က တာအိုဆရာ ထျန်းယွီ ၏ ထံတွင် သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသော လူတစ်ယောက်ကဲ့သို့ အိုမင်း ရင့်ရော်မှုများ နှင့် လောကဓံ၏ ဒဏ်ကို အလူးအလဲ ခံထားရသော အရိပ်အယောင်များ လွှမ်းခြုံနေခဲ့၏။

သို့သော် တာအိုဆရာ ထျန်းယွီ သည် မှော်လက်နက် နန်းတော် အတွင်းမှ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်၊ ယခင်က တစ်ကြိမ်တစ်ခါမျှ မပြသခဲ့ဖူးသော တက်ကြွ လန်းဆန်းသည့် သက်စောင့် စွမ်းအား အသစ်များကို သူ၏ ထံတွင် အံ့အားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။

၎င်းမှာ အိုမင်းနေသော သစ်ငုတ်တိုကြီး တစ်ခုမှ အညွန့်သစ်များ ပြန်လည် ထွက်ပေါ်လာသကဲ့သို့ ပင် ဖြစ်၏။

‘'ဝိုး... ဆရာ က တော်တော်လေး နုပျိုသွားသလိုပဲ... အရင်ကလို အဘိုးကြီး ရုပ် ပေါက်မနေတော့ဘူး'

ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှင့် ပတ်သက်၍မူ၊ တာအိုဆရာ ထျန်းယွီ သည် (၁၈) စက် တိတိ သောက်သုံး သန့်စင်ခဲ့သည်။ ယခင်က သောက်သုံးခဲ့သော တစ်စက်ခွဲ နှင့် ပေါင်းလိုက်မည် ဆိုပါက၊ သူသည် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် စုစုပေါင်း (၁၉) စက်ခွဲ တိတိ သောက်သုံး သန့်စင်ခဲ့ပြီး ဖြစ်၏။

အခန်း (၅၁၃) - ပဉ္စမအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ၊ ကောင်းကင် အင်မော်တယ် ၏ စွမ်းအားကို ပြသခြင်း (အပိုင်း - ၆)

ထို့နောက် တာအိုဆရာထျန်းယွီက စုယွီထံမှ နောက်ထပ် အစက် (၃၀) ကို ထပ်မံယူဆောင်သွားသဖြင့်၊ စုယွီ၏ လက်ထဲတွင် ကောင်းကင်ခြင်ဆီ ဝိညာဉ်အရည် (၄၂) စက်သာ ကျန်ရှိတော့သည်။

အစ်မချန်ယွီကို ပေးလိုက်သော (၅) စက်ကို ဖယ်လိုက်မည်ဆိုလျှင်တောင်၊ သူ၏လက်ထဲတွင် (၃၇) စက် တိတိ ကျန်နေသေးရာ... ဒါက နည်းလှသော ပမာဏတော့ မဟုတ်ချေ။

လွန်ခဲ့သော ခြောက်လအတွင်း၊ အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် အပျက်အစီးနေရာ၌ ကောင်းကင်ခြင်ဆီ ဝိညာဉ်အရည်များ ထွက်ပေါ်လာသည်ဟူသော သတင်းမှာ လေအလျင် တိုက်ခတ်သွားခဲ့ရာ... အင်အားစု အသီးသီးမှ ကျင့်ကြံသူ များစွာသည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် သို့ တဖွဲဖွဲ ရောက်ရှိလာကြ၏။ မြို့တော်အတွင်းရှိ ကျင့်ကြံသူ အရေအတွက်မှာ အဆမတန် တိုးပွားလာခဲ့လေပြီ။

တာအိုဆရာထျန်းယွီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာပြီး တစ်လခန့် အကြာတွင်၊ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အတွင်း၌ နောက်ထပ် အံ့မခန်း သတင်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။

အပျက်အစီးနေရာ၏ ဆွဲဆောင်မှုကြောင့် မိစ္ဆာမျိုးနွယ်စုဝင်များ သည်လည်း အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အနီးတစ်ဝိုက်တွင် စတင် ကိုယ်ထင်ပြ လာကြသည်။

နှစ်ပေါင်းများစွာတိုင်အောင် ပုန်းအောင်းနေခဲ့ကြသော လမိုက် တောင်တန်း မှ လမိုက် ကျား မျိုးနွယ်စု နှင့် မတူဘဲ... တာ့ချန် ကျင့်ကြံခြင်း လောက၏ အလယ်ဗဟို ဒေသရှိ မိစ္ဆာမျိုးနွယ်စုများမှာ လူသား ကျင့်ကြံသူများ၏ မြို့တော်များ၊ ဈေးတန်းများ နှင့် အရင်းအမြစ် ထွက်ရှိရာ နေရာများကို မကြာခဏဆိုသလို ဝင်ရောက် တိုက်ခိုက် လုယက်လေ့ ရှိကြ၏။

အင်အားစု အသီးသီး၏ နယ်မြေများမှလွဲ၍ ကျန်သော နေရာများ အားလုံးကို မိစ္ဆာမျိုးနွယ်စုများ၏ လွှမ်းမိုးရာ နယ်မြေများအဖြစ် သတ်မှတ်နိုင်သည်။

ဥပမာအားဖြင့် အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် ကို ကြည့်မည်ဆိုလျှင်... ၎င်း၏ အနက်ပိုင်းတွင် နေထိုင်သော မိစ္ဆာမျိုးနွယ်စု အနည်းငယ် အမှန်တကယ် ရှိနေခဲ့သည်။ ယခင်က အင်အားစုကြီးများက ရွှံ့ညွန်တော၏ အနက်ပိုင်းသို့ ဝင်ရောက်လာကြစဉ်က ထို မိစ္ဆာမျိုးနွယ်စုများမှာ ကိုယ်ထင်မပြရဲခဲ့ကြချေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ မိစ္ဆာမျိုးနွယ်စုဝင်များ သည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အနီးတစ်ဝိုက်တွင် ရဲတင်းစွာပင် ပေါ်ထွက်လာကြလေပြီ။

ရှင်းရှင်းပြောရလျှင်...

လူသား အင်အားစုများ အနေဖြင့် အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် အတွင်းသို့ နောက်ထပ်တစ်ကြိမ် ဝင်ရောက်မည် ဆိုပါက... လူသား ကျင့်ကြံသူများ နှင့် မိစ္ဆာမျိုးနွယ်စုများ အကြား သွေးထွက်သံယို တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာရန်မှာ မလွှဲမရှောင်သာသော ကိစ္စပင် ဖြစ်‌တော့၏။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် ၏ လေထုမှာ တစ်နေ့တခြား ပိုမို တင်းမာလာခဲ့သည်။

မြေကမ္ဘာအင်မော်တယ်နန်းတော် အပါအဝင် အင်အားစု အားလုံးကလည်း သူတို့၏ လူအင်အားကို ထပ်မံ ဖြည့်တင်း လာကြ၏။

အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် အပျက်အစီးနေရာ ပြန်လည် ပွင့်လာမည့် အကြိုနေ့တွင်၊ စုယွီ နှင့် လော့ချန်ယွီ တို့သည် မိတ်ဆွေဟောင်း တစ်ဦးထံမှ စာတစ်စောင် လက်ခံ ရရှိခဲ့သည်။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် ၏ အလယ်ဗဟို ဒေသရှိ၊ အရပ်ရှစ်မျက်နှာ အင်မော်တယ် မျှော်စင်ကြီး။

တတိယထပ်ရှိ လမ်းမကြီးနှင့် နီးသော အခန်းတစ်ခန်း အတွင်း၌၊

စုယွီ၊ လော့ချန်ယွီ နှင့် မာရှီချင်း တို့သည် အတူတကွ အရက်သောက်နေကြ၏။

စုယွီ သည် ရုပ်ရည်သွင်ပြင် အတော်လေး ပြောင်းလဲသွားသော မာရှီချင်း ကို ကြည့်ကာ မနေနိုင်တော့ဘဲ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"တာအိုမိတ်ဆွေ မာ... ခင်ဗျား က ဒီအတိုင်း ဆက်ပြီး ပြောင်းလဲနေဦးမယ် ဆိုရင်... နောက်ဆို လုံးဝ တခြား လူတစ်ယောက် ဖြစ်သွားတော့မယ် ထင်တယ်"

ယခင်က မာရှီချင်း သည် မြေဆရာ လမ်းစဉ်ကို လေ့ကျင့်ခဲ့သဖြင့် သူ၏ ရုပ်ရည်နှင့် အမူအရာမှာ အလွန်တရာ အိုမင်းရင့်ရော်နေပြီး၊ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်ကာ ဆံပင်များ အားလုံး ဖြူဖွေးနေခဲ့၏။

ထိုစဉ်က သူသည် တာအိုဆရာထျန်းယွီ ထက်ပင် ပို၍ အိုမင်းနေပုံ ရသည်။

သို့သော် ယခုအခါ အနှစ် (၂၀) ကျော် ကြာမြင့်ပြီးနောက်၊ မာရှီချင်း မှာ 'နုပျို' လာသကဲ့သို့ ရှိလေသည်။

သူ၏ ဆံပင် အများစုမှာ အနက်ရောင်သို့ ပြန်လည် ပြောင်းလဲသွားပြီး၊ သူ၏ ရုပ်ရည်မှာလည်း သိသိသာသာ နုပျိုလာခဲ့ပါ၏။

ယခင်က သူ့ကို အသက် (၈၀) သို့မဟုတ် (၉၀) အရွယ် အဘိုးအို တစ်ဦးဟု ထင်ရသော်လည်း၊ ယခုအခါတွင်မူ အသက် (၅၀) သို့မဟုတ် (၆၀) အရွယ်ခန့်သာ ရှိမည်ဟု ထင်ရသည်။

သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် ပတ်သက်၍မူ...

ပြီးခဲ့သော နှစ်များအတွင်း မာရှီချင်း ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း သိသာ ထင်ရှားသော တိုးတက်မှုများ ရှိခဲ့သည်။

သူသည် ရွှေအမြုတေ အဆင့် (၆) မှနေ၍ ထိုအဆင့်၏ အဆင့် (၈) သို့ပင် တက်လှမ်းသွားနိုင်တော့၏။

မာရှီချင်း က ရယ်လိုက်ပြီး ဖြေလာ၏။

"ဒီနှစ်တွေ အတွင်းမှာ ကျွန်တော်က ကြယ်စင်ခူး မျှော်စင် ကို ဝင်သွားခဲ့တာလေ။ မျှော်စင် က ထောက်ပံ့ပေးတဲ့ အရင်းအမြစ် တွေကြောင့်... သက်တမ်း တွေ၊ စိတ်အင်အား တွေ အကုန်ခံစရာ မလိုတော့ဘဲ ကျင့်ကြံခြင်း ကိုပဲ အာရုံစိုက်လို့ ရသွားတယ်။ အဲဒါကြောင့် ကျွန်တော့် အခြေအနေ က အရင်ကထက် နည်းနည်း ပိုကောင်းလာတာပါ"

လော့ချန်ယွီ က သူ့အား ကြည့်ကာ မေးလိုက်သည်။

"တာအိုမိတ်ဆွေ မာ... ရှင် အခု အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် ကို လာတာ... အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် အပျက်အစီးနေရာ အတွက်လား"

မာရှီချင်း က ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေသည်။

"ကောင်းကင်ခြင်ဆီ ဝိညာဉ်အရည် ဆိုတာက ကျွန်တော်တို့ ကြယ်စင်ခူး မျှော်စင် က အကြီးအကဲ တွေ အတွက် အရမ်း အဖိုးတန်တယ်လေ။ အဲဒါကို ရဖို့ အခွင့်အရေး ရှိမယ် ဆိုရင်တော့... ကျွန်တော်တို့ သေချာပေါက် ကြိုးစားရမှာပဲ"

စုယွီ "......"

'ဒီကောင်တွေ အကုန်လုံး အလကား သက်သက် အချိန်ကုန် ခံပြီး သွားရှာနေကြတာ... ငါက အကုန် သိမ်းလာခဲ့ပြီးပြီလေ။ ဟင်းဟင်း... ရတနာ ဆိုတာ ကိုယ့်လက်ထဲ ရောက်မှ ကိုယ့်ဟာပဲကွ'

သူသည် ရွှေပုစဉ်း နည်းစနစ်ဖြင့် အပျက်အစီးနေရာ တစ်ခုလုံးကို အကြမ်းဖျင်း ရှာဖွေပြီး ဖြစ်သည်။ အပျက်အစီးနေရာ အတွင်း၌ အခြားသော လျှို့ဝှက် ရတနာများ မရှိခဲ့လျှင်... နောက်ထပ် ကောင်းကင်ခြင်ဆီ ဝိညာဉ်အရည် များကို ရရှိရန် အခွင့်အရေး ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

သို့သော်လည်း မာရှီချင်း က ကြယ်စင်ခူး မျှော်စင် မှ အကြီးအကဲများ သည် ကောင်းကင်ခြင်ဆီ ဝိညာဉ်အရည် ကို လိုအပ်နေသည်ဟု ပြောလာသဖြင့်... စုယွီ ၏ လက်ထဲတွင် အကယ်၍များ သူတို့၏ အကူအညီ လိုအပ်လာပါက အသုံးပြုနိုင်မည့် အပေးအယူ လုပ်စရာ တန်ဖိုးကြီး ပစ္စည်းတစ်ခု ရှိနေပြီ ဖြစ်သည်။

စုယွီ သည် ကောင်းကင်ခြင်ဆီ ဝိညာဉ်အရည် နှင့် ပတ်သက်၍ ဘာတစ်ခွန်းမျှ မဟတော့ဘဲ၊ မာရှီချင်း ကို ကြည့်ကာ မေးလိုက်သည်။

"တာအိုမိတ်ဆွေ မာ... ခင်ဗျား ရော ဒီတစ်ခါ အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် အပျက်အစီးနေရာ ကို သွားမှာလား"

မာရှီချင်း က ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် က ကြယ်စင်ခူး မျှော်စင် မှာပဲ ကျင့်ကြံနေတာ နှစ်တွေ အတော် ကြာနေပြီလေ။ အပြင်ထွက်ပြီး အတွေ့အကြုံ ရှာဖို့ အချိန်တန်ပြီလို့ ထင်တယ်။ ဒီတစ်ခေါက် က အခွင့်အရေး ကောင်း တစ်ခု ဆိုတော့... ကျွန်တော့် ဆရာ က ကျွန်တော့်ကို ခေါ်လာတာပါ"

စုယွီ က မျက်မှောင် အနည်းငယ် ကြုံ့လိုက်ပြီး ပြောလိုက်၏။

"ဒါပေမဲ့ ဒီတစ်ခါ အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် အပျက်အစီးနေရာ ပြန်ပွင့်လာရင်... အခြေအနေ က တော်တော်လေး ကသောင်းကနင်း ဖြစ်လောက်တယ်ဗျ"

"ဒါတင် မကသေးဘူး... မြေကမ္ဘာအင်မော်တယ်နန်းတော် ကလည်း လူတွေ ထပ်ပို့ထားတယ်။ တခြား အင်မော်တယ် ဂိတ်တံခါး တွေ နဲ့ အင်အားစု တွေကလည်း ပိုပြီး အစွမ်းထက်တဲ့ လူတွေ၊ အင်အား တွေ အများကြီး ထပ်ခေါ်လာကြတယ်"

"အဲဒီအပြင်... အပြင်ဘက်မှာ မိစ္ဆာမျိုးနွယ်စု တွေရဲ့ အရိပ်အယောင် တွေပါ တွေ့နေရပြီ ဆိုတော့... အဲဒီအချိန်ကျရင် ဘယ်လို အခြေအနေ မျိုး ဖြစ်လာမလဲ ဆိုတာ ခန့်မှန်းရ တော်တော် ခက်တယ်"

ထိုစကားကို ကြားလိုက်ရသောအခါ မာရှီချင်း သည် စုယွီ ကို ကြည့်ကာ မေးလိုက်သည်။

"ဒါဆို... တာအိုမိတ်ဆွေ စု က ဒီတစ်ခါ မသွားတော့ဘူးပေါ့"

စုယွီ က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ခပ်ဟဟ ပြုံးကာ၊

"တာအိုမိတ်ဆွေ မာ က ကျွန်တော့် အကြောင်း သိသားပဲ။ အမှန်တိုင်း ပြောရရင်... ပြီးခဲ့တဲ့ တစ်ခေါက်ကသာ ဆရာ က ကျွန်တော့်ကို ခေါ်မလာခဲ့ဘူး ဆိုရင်... ကျွန်တော် က အင်မော်တယ် ဂိတ်တံခါး ထဲမှာပဲ အေးအေးဆေးဆေး နေနေလောက်ပြီ"

"ဒီတစ်ခေါက် အတွက် ကတော့... ကျွန်တော့် ကျင့်ကြံခြင်း အဆင့်က သိပ်နိမ့်လွန်းတယ်။ ရွှေအမြုတေ အဆင့် (၄) လောက်ပဲ ရှိသေးတာလေ။ အတူတူ လိုက်သွားရင်တောင် ဝန်ထုပ်ဝန်ပိုး ပဲ ဖြစ်နေမှာ။ ဒီမှာပဲ နေခဲ့တာ ဒါမှမဟုတ် အင်မော်တယ် ဂိတ်တံခါး ကို ပြန်သွားတာက ကျွန်တော့် အတွက် ပိုကောင်းပါတယ်"

ကျင့်ကြံခြင်း အဆင့် အကြောင်းကို ကြားလိုက်ရသောအခါ၊ မာရှီချင်း ၏ မျက်ဝန်းများထဲတွင် နားမလည်နိုင်မှု အရိပ်အယောင် အချို့ ဖြတ်ပြေးသွားသည်။

ရွှေအမြုတေ အဆင့် (၄) ဟုတ်လား။

ဒါက လုံးဝ သဘာဝ မကျဘူးလေ။

သူသည် စုယွီ ၏ အရှိန်အဝါ ကို သေချာစွာ အာရုံခံ ကြည့်လိုက်ရာ၊ အမှန်တကယ်ပင် ရွှေအမြုတေ အဆင့် (၄) တွင်သာ ရှိနေသည်ကို တွေ့လိုက်ရ၏။

'ဒီကောင်လေးက တကယ်ပဲ ရွှေအမြုတေ အဆင့် (၄) ပဲ ရှိသေးတာလား... မဖြစ်နိုင်ပါဘူး... တစ်ခုခုတော့ လွဲနေပြီ'

ထိုအချက်က မာရှီချင်း ကို ခေတ္တမျှ ဆွံ့အ သွားစေခဲ့ပြီးနောက်၊ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အဲဒါက ပိုကောင်းလောက်ပါတယ်။ အနည်းဆုံးတော့ ခင်ဗျား အနေနဲ့ အဲဒီ အန္တရာယ် တွေကို သွားပြီး ရင်ဆိုင်နေစရာ မလိုတော့ဘူးပေါ့"

စုယွီ ၏ ဘေးတွင် ထိုင်နေသော လော့ချန်ယွီ ၏ လှပသော မျက်နှာလေးပေါ်တွင်မူ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ထွက်ပေါ်နေသည်။

သူမ.. ဘာတစ်ခွန်းမျှ မဟခဲ့ချေ။

'ဟွန်း... ရွှေအမြုတေ အဆင့် (၄) တဲ့လား... အလကား ကြွားလုံးထုတ်နေတာ။ ဒီကောင် ဘယ်လောက် လည်လဲ ဆိုတာ ငါ အသိဆုံးပဲ'

သူမကိုယ်တိုင်လည်း စုယွီ ၏ ကျင့်ကြံခြင်း အဆင့် နှင့် ပတ်သက်၍ ဘာတွေ ဖြစ်နေမှန်း သေချာ နားမလည်သော်ငြားလည်း၊ အနှစ် (၂၀) ကျော် ကြာသည်အထိ စုယွီ ၏ ကျင့်ကြံခြင်း အဆင့်မှာ လုံးဝ တိုးတက်မှု သို့မဟုတ် အပြောင်းအလဲ မရှိခဲ့ဘူး ဆိုသည်ကိုတော့ လုံးဝ မယုံကြည်ချေ။

ဒီလူက တနေ့တခြား ပိုပိုပြီး ကောက်ကျစ် စဉ်းလဲလာသည်ပဲ။

သူတို့ စကားပြောဆိုနေကြရင်း၊ မာရှီချင်း သည် ယခင်က စုယွီ တို့ ကြုံတွေ့ခဲ့ရသော စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ အကြောင်းကို စတင် ပြောဆိုလာ၏။

သူသည် စုယွီ အား ကြောက်ရွံ့ ရိုသေသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။

"စုယွီ ရဲ့ ဆရာ ဖြစ်တဲ့ အရှင်သခင်ကြီး ထျန်းယွီ က တကယ့်ကို သာမန် မဟုတ်ဘူးဗျာ။ သူ့ရဲ့ အခင်းအကျင်း တာအို က အံ့မခန်းပဲ... စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ တစ်ယောက် ဆင်ထားတဲ့ ထောင်ချောက် ကိုတောင် ချိုးဖျက်နိုင်ခဲ့ရုံသာ မကဘူး... ပြန်ပြီးတော့တောင် သတ်ပစ်နိုင်ခဲ့သေးတယ်"

"အခုဆိုရင် အရှင်သခင်ကြီး ထျန်းယွီ က ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင် တွေရဲ့ အောက်မှာ ဆိုရင် နံပါတ်တစ် နေရာမှာ ရှိနေပြီ လို့ လူတိုင်းက သတ်မှတ်ထားကြပြီ"

"ကျွန်တော့် ဆရာ တောင် အဲဒီ သတင်းကို ကြားတော့... အရှင်သခင်ကြီး ထျန်းယွီ ရဲ့ အခင်းအကျင်း တာအို အစွမ်းအစ ကို အသိအမှတ်ပြုပြီး ချီးကျူးနေခဲ့ရသေးတယ်။ တကယ့်ကို သူ့ရဲ့ နာမည် နဲ့ လိုက်ဖက်တဲ့ လူပါပဲဗျာ"

ထိုအခါ၊ စုယွီ က ကပျာကယာ ပြန်ပြောလိုက်သည်။

"အဲဒါတွေ အကုန်လုံးက ဆရာ့ရဲ့ ကိုယ်ပိုင် အစွမ်းအစ တွေ နဲ့ ဩဇာတိက္ကမ တွေကြောင့်ပါ။ ကျွန်တော် ကတော့ ဆရာ နဲ့ ယှဉ်ဖို့ အဝေးကြီး လိုပါသေးတယ်... ထည့်ပြောစရာတောင် မလိုပါဘူး"

လော့ချန်ယွီ ကမူ ဘာတစ်ခွန်းမျှ ဝင်မပြောသေးချေ။ အခြား လူများ မသိလျှင်တောင်မှ... သူမ ကတော့ သေချာပေါက် သိနေသည် မဟုတ်ပါလော။

ထိုစဉ်တုန်းက စုယွီ သာ မရှိခဲ့ဘူး ဆိုလျှင်... နောက်ပိုင်း ကိစ္စတွေ ဘာတစ်ခုမှ ဖြစ်လာစရာ အကြောင်း မရှိပါချေ။

သို့သော်လည်း သူမသည် မိမိ၏ အတိုင်းအတာ ကို သိရှိနားလည်ထားသည်။

ဤအကြောင်းကို ထုတ်ပြောလိုက်မည် ဆိုပါက... စုယွီ ၏ လက်ရှိ အစွမ်းအစ နှင့် အခြေအနေ အရ ပြဿနာများသာ ဖိတ်ခေါ်လာသကဲ့သို့ ဖြစ်သွားမည်ကို သူမ သိပါ၏။

ထို့ကြောင့် ဤလျှို့ဝှက်ချက် သည် သူမ၏ ဝမ်းဗိုက်ထဲတွင် ပုပ်သိုး ဆွေးမြည့်သွားမည် ဆိုလျှင်တောင်မှ၊ လုံးဝ နှုတ်ဟမည် မဟုတ်ချေ။

All Chapters