← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇) - စတုတ္ထအဆင့် တာအိုရုပ်သေးများ၊ တာအိုဆရာ နဂါးနက် အညံ့ခံခြင်း (အပိုင်း - ၄)

ဒါက ရွှေအမြုတေ အဆင့် နှင့် မူလဝိညာဉ် အဆင့် ကြားရှိ ကွာခြားချက် အားလုံး မဟုတ်နိုင်သော်ငြားလည်း၊ အနည်းဆုံးတော့ 'တာအို နယ်ပယ်' ၏ စွမ်းအား နှင့် ပတ်သက်၍မူ သူသည် ဤကွာခြားချက် ကို ရှင်းလင်းစွာ နားလည် သဘောပေါက် သွားတော့၏။

သူ၏ ကိုယ်ပိုင် စွမ်းအား ပြောင်းလဲမှု များကို ထပ်မံ၍ အကျွမ်းတဝင် ဖြစ်အောင် ပြုလုပ်ပြီးနောက်၊ ရုပ်သေး ဝိညာဉ် သည် သူ၏ စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေး ဝိညာဉ် ၏ စွမ်းအင် အမျှင်တန်း တစ်ခုသည် အပြင်ဘက်သို့ ပြန့်နှံ့ ထွက်ပေါ်သွားပြီး၊ ကုန်းယွဲ့ အင်မော်တယ် မြို့တော် တစ်ခုလုံးကို လွှမ်းခြုံ ဖုံးအုပ်သွား‌တော့သည်။

ကောင်း မိသားစု အတွင်း၌မူ...

လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ ရွှေအမြုတေ အဆင့် (၁) သို့ အောင်မြင်စွာ ကျော်ဖြတ် ဝင်ရောက်နိုင်ခဲ့သော ကောင်းယွမ်ယွမ် သည် ကုန်သွယ်ရေး အသင်း ၏ ကိစ္စရပ် များကို ဖြေရှင်း ဆောင်ရွက်နေသဖြင့်... ရုပ်သေး ဝိညာဉ် ထံမှ စူးစမ်း ကြည့်ရှုလာသော အရှိန်အဝါ ကို လုံးဝ သတိမထားမိခဲ့ချေ။

အင်မော်တယ် နန်းတော် ၏ အနက်ပိုင်း တွင်မူ၊ ကောင်း မိသားစု ၏ ဘိုးဘေးကြီး ဖြစ်သူ ကောင်းထန် သည် တံခါးပိတ် ကျင့်ကြံနေသည်။ သူ၏ အရှိန်အဝါ မှာ တစ်စထက်တစ်စ ပိုမို အားကောင်းလာနေပြီး၊ သူ၏ ကျင့်ကြံခြင်း အဆင့်ကို ရွှေအမြုတေ အဆင့် (၇) သို့ တက်လှမ်းနိုင်ရန် ကြိုးစားနေသည်။

လွန်ခဲ့သော နှစ်များ အတွင်း ရုပ်သေး ဝိညာဉ် က ကောင်း မိသားစု အပေါ်သို့ ဆောင်ကြဉ်းပေးခဲ့သော အပြောင်းအလဲ များမှာ သာမန် မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် သိသာ ထင်ရှားလှသည်။

ကောင်း မိသားစု ၏ ဘိုးဘေးကြီး ဖြစ်သူ ကောင်းထန် အတွက် ရရှိနိုင်သော ကျင့်ကြံခြင်း အရင်းအမြစ် များမှာ ယခင်ကထက် ဆယ်ဆ မကပင် တိုးပွားလာခဲ့လေပြီ။

ထို အရင်းအမြစ် များ၏ အကူအညီဖြင့်၊ သူသည် လွန်ခဲ့သော နှစ်အနည်းငယ် ကပင် ရွှေအမြုတေ အဆင့် (၅) မှနေ၍ အဆင့် (၆) သို့ အောင်မြင်စွာ တက်လှမ်းနိုင်တော့၏။

ယခုအခါ သူသည် ရွှေအမြုတေ အဆင့် (၇) သို့ပင် ဆက်လက် တက်လှမ်းရန် ကြိုးစား အားထုတ် နေလေပြီ။

အစပိုင်း တွင် ကောင်းထန် သည် ရုပ်သေး ဝိညာဉ် က ကောင်း မိသားစု ကို 'လွှမ်းမိုး အုပ်ချုပ်' နေခြင်း အပေါ် မကျေမနပ် ဖြစ်ကာ ရင်ထဲတွင် အငြိုးအတေး များ ရှိခဲ့သော်ငြားလည်း၊ ယခု အချိန်တွင်မူ ရုပ်သေး ဝိညာဉ် သူတို့ မိသားစု ထံသို့ ရောက်ရှိလာခြင်း အတွက် အတိုင်းမသိ ဝမ်းသာ ပီတိ ဖြစ်နေလေပြီ။

'ဟဲဟဲ... အခုမှပဲ ဇိမ်ကျတော့တယ်။ ဒါမျိုးမှ ဘဝ လို့ ခေါ်တာ'

ယခင်က သူသည် ကောင်း မိသားစု ကို ဦးဆောင် အုပ်ချုပ်ကာ၊ မိသားစု တိုးတက် ကြီးပွားလာစေရန် အတွက် အသေအလဲ ကြိုးစား ပန်းစား အလုပ်လုပ် ခဲ့ရပြီး... သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အတွက် လိုအပ်သော အရင်းအမြစ် များကိုလည်း မနည်း ရှာဖွေ စုဆောင်း ခဲ့ရသည်။ ထိုအခြေအနေ များနှင့် နှိုင်းယှဉ်လိုက်ပါက...

ယခုအခါ သူသည် မည်သည့် ကိစ္စကိုမျှ ပူပန် သောက ရောက်နေစရာ မလိုတော့ချေ။ ကျင့်ကြံခြင်း အရင်းအမြစ် များနှင့် ပတ်သက်၍မူ၊ သူ၏ မျိုးဆက်သစ် ဖြစ်သူ ကောင်းယွမ်ယွမ် ထံမှ လိုလေသေးမရှိ အပြည့်အဝ ထောက်ပံ့မှု ရရှိနေသဖြင့်... သူသည် တံခါးပိတ် ကျင့်ကြံပြီး ကျင့်ကြံခြင်း ၏ အရသာ ကိုသာ အပြည့်အဝ ခံစား နေရုံပင် ဖြစ်သည်။

‘တကယ်လို့များ ငါက တံခါးပိတ် ကျင့်ကြံရတာ ငြီးငွေ့လာပြီ ဆိုရင်လည်း... အပြင်ထွက်ပြီး သူ့ရဲ့ ငယ်ရွယ် နုပျိုတဲ့ မယားငယ်လေး တွေ နဲ့ အပျော်အပါး သွားရှာလို့ ရသေးတယ် မဟုတ်လား။

ဒီလို ဘဝမျိုး က နတ်စည်းစိမ် ထက်တောင် သာနေသေးတယ်။ ဒီထက် ပိုပြီး ဘာများ တောင်းတစရာ လိုသေးလို့လဲ။

ရုပ်သေး ဝိညာဉ် သည် ကောင်းထန် ရှိရာ အရပ်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

ကောင်းထန် သည် တစ်စုံတစ်ခုကို အာရုံခံ မိလိုက်၏။ စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေး ဝိညာဉ် ၏ အရှိန်အဝါ ဖြင့် စူးစမ်း ကြည့်ရှုလိုက်မှု က သူ့ကို အကြီးအကျယ် ထိတ်လန့် တုန်လှုပ် သွားစေခဲ့သည်။ သူသည် ကျင့်ကြံခြင်း အခြေအနေ မှ ချက်ချင်း နိုးထလာခဲ့ပြီး၊ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွား၏။

ကောင်းထန် မှာ အလွန်တရာ အံ့အားသင့် တုန်လှုပ်သွားပြီး၊ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"စီနီယာ လား ဟင်"

"အေး... ငါ ဒီအတိုင်း လာကြည့်တာပါ။ မင်းဘာသာ ဆက်ပြီး ကျင့်ကြံနေလိုက်ပါ"

ရုပ်သေး ဝိညာဉ် ၏ ခံစားချက် ကင်းမဲ့သော အသံ သည် သူ၏ နားထဲတွင် ပဲ့တင်ထပ် သွားပြီး၊ ကောင်းထန် ၏ နှလုံးသားကို တဆတ်ဆတ် ခုန်သွားစေခဲ့သော အရှိန်အဝါ ကြီးမှာလည်း တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွား‌တော့သည်။

ကောင်းထန် သည် သူ၏ လျှို့ဝှက် အခန်း အတွင်း၌ မျက်လုံးများ ပြူးကျယ်လျက်၊ အသက်ကို ပြင်းပြင်း ရှူသွင်းရင်း ကျန်ရစ်ခဲ့၏။

"ဒီ အရှိန်အဝါ ကြီးက..."

"စီနီယာ က တကယ်ပဲ မူလဝိညာဉ် အဆင့် ကို ရောက်သွားပြီလား"

'မဟုတ်သေးပါဘူး... စီနီယာ က ရုပ်သေး ခန္ဓာကိုယ် ပဲ ရှိတာလေ... မူလဝိညာဉ် အဆင့် လို့ ဘယ်လို လုပ်ပြီး သတ်မှတ်လို့ ရမှာလဲ'

"ဒါဆို... စီနီယာ ရဲ့ ရုပ်သေး ခန္ဓာကိုယ် က စတုတ္ထအဆင့် ကို ရောက်သွားပြီပေါ့"

ကောင်းထန် သည် စိတ်ထဲမှ အမျိုးမျိုး ခန့်မှန်း တွေးတော နေမိသည်။

‘ခုနက အရှိန်အဝါ ကြီးက လုံးဝကို ကြောက်စရာ ကောင်းလွန်းတယ်။ တတိယအဆင့် ရုပ်သေး တစ်ရုပ် မှာ ရှိနိုင်မယ့် အရှိန်အဝါ မျိုး လုံးဝ (လုံးဝ) မဟုတ်ဘူး’

ပြီးခဲ့သော နှစ်များ အတွင်း ရုပ်သေး ဝိညာဉ် သည် ကောင်းယွမ်ယွမ် အား ဝိညာဉ် သတ္တုရိုင်း များကို လိုက်လံ စုဆောင်းခိုင်း နေခဲ့သည်ကို သူ့အား လုံးဝ ဖုံးကွယ်မထားခိုင်းခဲ့ချေ။ ထို့ကြောင့် ကောင်းထန် ၏ ခန့်မှန်းချက် အရ... ရုပ်သေး ဝိညာဉ် သည် ထို ဝိညာဉ် သတ္တုရိုင်း များကို အသုံးပြု၍ ၎င်း၏ ကိုယ်ပိုင် အစွမ်းအစ များကို အဆင့်မြှင့်တင်ခြင်း၊ သို့မဟုတ် မွမ်းမံ ပြင်ဆင်ခြင်း များ ပြုလုပ်နေခဲ့ခြင်း ဖြစ်ရမည်။

ထိုအကြောင်းကို စဉ်းစားမိလိုက်သောအခါ ကောင်းထန် ၏ မျက်ဝန်းများမှာ တောက်ပလာခဲ့၏။

'ဟဲဟဲ... အလကား နေရင်း စပွန်ဆာ ကြီးကြီး ရလိုက်တာပဲ'

ရုပ်သေး ဝိညာဉ် က ကောင်း မိသားစု ကို ထိန်းချုပ် အုပ်ချုပ်နေသည် ဆိုသည့် အချက်ကို သူ လုံးဝ လက်ခံထားပြီး ဖြစ်သလို... ယခုအခါတွင်လည်း ကောင်းယွမ်ယွမ် ထံမှ အေးချမ်း တည်ငြိမ်စွာဖြင့် အရင်းအမြစ် များကို ထောက်ပံ့မှု ရရှိနေသည် မဟုတ်ပါလော။

ရုပ်သေး ဝိညာဉ် က ပိုပြီး အစွမ်းထက်လာလေလေ... သူ့အတွက်ရော၊ ကောင်း မိသားစု အတွက်ပါ ပိုပြီး ကောင်းလေလေ ပင် ဖြစ်သည်။

ဒါက တကယ့် သတင်းကောင်းပဲ။

ရုပ်သေး ဝိညာဉ် ၏ အရှိန်အဝါ ကြောင့် အကြီးအကျယ် ထိတ်လန့်သွားခဲ့ရသဖြင့်၊ ကောင်းထန် သည် ဆက်လက်၍ တံခါးပိတ် ကျင့်ကြံရန် စိတ်ဝင်စားမှု လုံးဝ ကုန်ဆုံးသွားခဲ့လေပြီ။ သူသည် တံခါးပိတ် လျှို့ဝှက် အခန်း အတွင်းမှ ထွက်လာခဲ့ပြီး ကောင်း မိသားစု ၏ အင်မော်တယ် နန်းတော် တစ်ပတ် လှည့်လည် ကြည့်ရှုကာ... မိသားစုဝင် များ၏ ရိုသေ လေးစားမှု နှင့် ကြောက်ရွံ့မှု များကို အပြည့်အဝ ခံစားလိုက်၏။ ထို့နောက် သူ၏ ခြံဝင်း အတွင်းသို့ ပြန်လာပြီး... သူ၏ ငယ်ရွယ် နုပျိုသော မယားငယ်လေး များကို အပျော်အပါး ရှာရန် ခေါ်ယူလိုက်‌တော့သည်။

ထိုအချိန်တွင် ရုပ်သေး ဝိညာဉ် ၏ အရှိန်အဝါ သည် ကုန်းယွဲ့ အင်မော်တယ် မြို့တော် တစ်ခုလုံးကို လွှမ်းခြုံပြီးနောက် ကောင်း မိသားစု ရှိရာသို့ အာရုံ ပြန်လည် ရောက်ရှိလာချိန်တွင်... ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လုံးဝ ဆွံ့အ မှင်သက် သွားမိသည်။

‘ကောင်းယွမ်ယွမ် က မိသားစုရဲ့ အာဏာ 'သိမ်းပိုက်' လိုက်ပြီး ကတည်းက၊ ကောင်းထန် တစ်ယောက် တနေ့တခြား ပိုပိုပြီး ကဲလာတာပဲ။

နှစ်အနည်းငယ် ကြာတိုင်း ကြာတိုင်း မယားငယ် တစ်ယောက် ထပ်ထပ် ယူနေလိုက်တာ’

ကောင်းထန် ၏ အဆက်မပြတ် မယားငယ် ယူနေမှု များကြောင့်... ကောင်းယွမ်ယွမ် မှာ သူမ ထက် အဆင့်အတန်း ပိုမြင့်ပြီး သူမ ထက် အသက် အများကြီး ပိုငယ်သော အဘွားလေး များ အများအပြား ထပ်တိုးလာခဲ့လေပြီ။

'အင်းလေ... ဒါကလည်း သဘာဝ ကျပါတယ်... ငါ ဝင်ပါစရာ အကြောင်းမှ မရှိတာ'

မည်သို့ပင် ဆိုစေကာမူ၊ ကောင်းထန် သည် ထို နတ်မိမယ်လေး များကို ရယူရန် အတွက် မည်သည့် ယုတ်မာသော နည်းလမ်းများကိုမျှ အသုံးပြုပြီး အတင်းအကြပ်.. အညံ့ခံခိုင်းခဲ့ခြင်း မဟုတ်ချေ။ သူမတို့ အားလုံးက မိမိ သဘောဆန္ဒ အလျောက် ကောင်းထန် ၏ မျက်နှာသာပေးမှုကို ရရှိရန် တန်းစီ စောင့်ဆိုင်းနေခဲ့ကြခြင်း ပင် ဖြစ်သည်။

‘ဒါကို သွားပြီး ဘာပြောစရာ လိုသေးလို့လဲ’

ရုပ်သေး ဝိညာဉ် သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး၊ ၎င်း၏ ပုံရိပ်မှာ မြေအောက် လှိုဏ်ဂူ အတွင်းမှ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ် သွား‌တော့သည်။

ကုန်းယွဲ့ အင်မော်တယ် မြို့တော် ၏ အပြင်ဘက်တွင်မူ၊

ရုပ်သေး ဝိညာဉ် သည် အနီးအနားရှိ နဂါးနက် မြစ်ကြီး ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်း သွား၏။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တစ်မိုင်ခန့် ခရီး ရောက်ရှိသွားရာ၊ မျက်စိတစ်မှိတ် အတွင်းမှာပင်... ပေရာပေါင်းများစွာ ကျယ်ဝန်းပြီး ကြမ်းတမ်းစွာ စီးဆင်းနေသော နဂါးနက် မြစ်ကြီး ၏ အထက် ကောင်းကင်ယံ သို့ ရောက်ရှိသွားတော့၏။

ထို့နောက် ၎င်းသည် နဂါးနက် မြစ်ကြီး အတိုင်း အောက်ဘက်သို့ စုန်ဆင်း သွားသည်။

မြစ်အောက်ပိုင်း သို့ မိုင်ပေါင်း ထောင်နှင့်ချီ၍ သွားရောက်ပြီးသောအခါ၊ နောက်ဆုံးတွင် မြစ်ကွေ့ တစ်ခု နှင့် ရေကန်ကြီး တစ်ခု အလား ကျယ်ပြန့်လှသော မြေပြန့် လွင်ပြင်ကြီး တစ်ခု ထွက်ပေါ်လာသည်။

ကျယ်ပြန့်လှသော ရေကန်ကြီး ၏ အနက်ပိုင်း ရှိ ကျွန်းတစ်ကျွန်း ပေါ်တွင် ခမ်းနား ကြီးကျယ်လှသော အင်မော်တယ် နန်းတော်ကြီး တစ်ခု တည်ရှိနေလေ၏။

ရုပ်သေး ဝိညာဉ် ၏ အရှိန်အဝါ ဖြင့် စူးစမ်း ရှာဖွေလိုက်သောအခါ၊ ထို အင်မော်တယ် နန်းတော်ကြီး ကို ချက်ချင်းပင် ရှာတွေ့သွားသည်။

ထို့နောက် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားသကဲ့သို့... ခဏလေး အတွင်းမှာပင်၊ ရုပ်သေး ဝိညာဉ် သည် ထို အင်မော်တယ် နန်းတော်ကြီး ၏ အထက် ကောင်းကင်ယံ သို့ ရောက်ရှိနေတော့၏။

"ဝှစ်... ဝှစ်... ဝှစ်..."

အောက်ဘက်ရှိ ကျွန်းပေါ်တွင် တည်ရှိသော အနက်ရောင် အင်မော်တယ် နန်းတော် ကြီး အတွင်းမှ... တာအိုဆရာ နဂါးနက် ဦးဆောင်သော ပုံရိပ်များ တစ်ခုပြီးတစ်ခု အလျင်စလို ထွက်ပေါ်လာကြ၏။ သူ၏ အနောက်တွင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ ခြောက်ဦး က အနီးကပ် လိုက်ပါလာပြီး၊ ထိုနောက်တွင်မူ နဂါးနက် ကုန်သွယ်ရေး အသင်း မှ အလယ်အလတ် နှင့် အဆင့်နိမ့် ကျင့်ကြံသူ အများအပြား က နောက်မှ လိုက်ပါလာကြသည်။

တာအိုဆရာ နဂါးနက် ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေပြီး ထိတ်လန့် တုန်လှုပ်နေပုံ ရ၏။ ယခုလေးတင်... ရွှေအမြုတေ အဆင့် ကို ကျော်လွန်နေသော အရှိန်အဝါကြီး တစ်ခု ရုတ်တရက် ကျရောက်လာသဖြင့်၊ သူ တစ်ဝက်လောက် သေမတတ် လန့်သွားခဲ့ရသည်။

ထို ကြောက်မက်ဖွယ် အရှိန်အဝါကြီး သည် သူ၏ နဂါးနက် ကုန်သွယ်ရေး အသင်း ၏ အထက် ကောင်းကင်ယံ သို့ တည့်တည့်မတ်မတ် ကျရောက်လာသည်ကို သိရှိလိုက်ရသောအခါ၊ တာအိုဆရာ နဂါးနက် ၏ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွား၏။

အကြောက်တရားများ ပြည့်နှက်နေသော်ငြားလည်း၊ သူသည် ထိုအရာကို ရင်ဆိုင်ရန် အလျင်စလို ပြေးထွက်လာခဲ့သည်။ သို့သော်...

ရုတ်တရက်၊ တာအိုဆရာ နဂါးနက် ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

ကောင်းကင်ယံ ထက်ရှိ အလွန် ရင်းနှီးနေသော ရုပ်သေး ဝိညာဉ် ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ၊ သူသည် အံ့အားသင့် ထိတ်လန့်သွားရုံ သာမက၊ ဘေးအန္တရာယ် တစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ ဝမ်းသာ ပီတိ ဖြစ်မှု အချို့ကိုပါ ခံစားလိုက်ရ၏။

"စီနီယာ လား"

တာအိုဆရာ နဂါးနက် သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက်၊ နှုတ်ဆက်ရန် အတွက် ချက်ချင်းပင် အရှိန်မြှင့်ကာ ပြေးထွက်သွား‌တော့သည်။

'ဟူး... တော်ပါသေးရဲ့... ငါ့အသက် မသေသေးဘူးပဲ’

အခန်း (၅၁၈) - စတုတ္ထအဆင့် တာအိုရုပ်သေးများ၊ တာအိုဆရာ နဂါးနက် အညံ့ခံခြင်း (အပိုင်း - ၅)

'ဟူး... သိတဲ့လူ ဖြစ်နေလို့ တော်သေးတာပေါ့'

သူ၏ ရင်ထဲတွင် သက်သာရာရမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ ရင်းနှီးကျွမ်းဝင်သော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရခြင်းမှာ တကယ့်ကို ကံကောင်းခြင်း တစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် မူလဝိညာဉ် အဆင့် သတ္တဝါဆိုး အိုကြီး တစ်ကောင်က သူတို့၏ နဂါးနက် ကုန်သွယ်ရေး အသင်း ကို လာရောက် ပြဿနာ ရှာမည်ကို သူ အလွန်အမင်း စိုးရိမ် ကြောက်ရွံ့နေခဲ့သောကြောင့်ပါ။

တကယ့်ကို သီသီလေး လွတ်သွားခဲ့တာပဲ။

"ဝှစ်... ဝှစ်... ဝှစ်..."

တာအိုဆရာ နဂါးနက် သည် သူ၏ နောက်လိုက် နောက်ပါများကို ဦးဆောင်ကာ တာအို ရုပ်သေး ရှိရာသို့ အလျင်အမြန် သွားရောက်ပြီး၊ သူတို့ အားလုံးသည် ရုပ်သေး ၏ ရှေ့မှောက်တွင် ရိုသေ ကျိုးနွံစွာဖြင့် အရိုအသေ ပေးလိုက်ကြ၏။

"တာအိုဆရာ နဂါးနက် က စီနီယာ့ ကို ဂါရဝပြုပါတယ် ခင်ဗျာ"

"ကျွန်တော်တို့ အားလုံး ကလည်း စီနီယာ့ ကို ဂါရဝပြုပါတယ်"

"အင်း"

တာအို ရုပ်သေး က ခပ်ပေါ့ပေါ့သာ ပြန်လည် တုံ့ပြန်လိုက်ပြီး၊ တာအိုဆရာ နဂါးနက် ကို ကျော်လွန်၍ အောက်ဘက်ရှိ အနက်ရောင် အင်မော်တယ် နန်းတော်ကြီး ဆီသို့ အကြည့် ရွှေ့လိုက်သည်။ ထို အနက်ရောင် အင်မော်တယ် နန်းတော်ကြီး မှာ ရေကန်ကြီး ၏ အလယ်ဗဟို ရှိ ကျွန်းတစ်ကျွန်း ပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။ နဂါးနက် ကုန်သွယ်ရေး အသင်း မှ ကျင့်ကြံသူများ အပြင်၊ ကုန်သွယ်ရေး အသင်း ကို မှီခို အသက်မွေး နေကြရသော လူ အများအပြား သည်လည်း ထိုကျွန်းပေါ်တွင် ရှိနေကြ၏။

ကျွန်းပေါ်တွင် သင်္ဘောဆိပ် အနည်းငယ် ကိုလည်း တည်ဆောက်ထားပြီး၊ နဂါးနက် ကုန်သွယ်ရေး အသင်း ၏ အရင်းအမြစ် များကို သယ်ယူပို့ဆောင်ရန် အတွက် အသုံးပြုသော သင်္ဘော အများအပြား သည်လည်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို တွေ့ရသည်။

ဤကဲ့သို့သော ကုန်သွယ်ရေး အသင်း ကြီးများ အကြားရှိ ကုန်သွယ်မှု များ အားလုံးကို ချန်ခွင်း အိတ်များ သို့မဟုတ် ဟင်းလင်းပြင် လက်စွပ်များ ကဲ့သို့သော မှော်လက်နက် များဖြင့်သာ ပြုလုပ်လေ့ မရှိကြချေ။

အဘယ်ကြောင့်ဆိုသော်... အဆင့်နိမ့် ဝိညာဉ် ဆန်၊ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးများ၊ အဆင့်နိမ့် ဝိညာဉ် ဆေးပင်များ နှင့် အခြားသော အရင်းအမြစ် များသည် ပမာဏ အလွန် များပြားပြီး၊ နေရာ အများအပြား ယူသောကြောင့်ပါ။

အကယ်၍သာ ထိုကုန်သွယ်မှု တွေ အားလုံး အတွက် ချန်ခွင်း အိတ်တွေ ဒါမှမဟုတ် ဟင်းလင်းပြင် လက်စွပ် တွေကိုချည်းပဲ အားကိုးနေရမည် ဆိုလျှင်... အိတ်တွေ၊ လက်စွပ်တွေ ဘယ်လောက်တောင် များများ လိုအပ်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ပေတော့။

ထို့ကြောင့်ပင် ကြီးမားလှသော ကုန်တင် မှော်လက်နက် သင်္ဘောကြီး များသည် ကျင့်ကြံသူ များ၏ ကုန်သွယ်ရေး အသင်း များ အတွက် မရှိမဖြစ် လိုအပ်သော အခြေခံ အဆောက်အအုံ တစ်ခု အဖြစ် တည်ရှိနေဆဲ ပင် ဖြစ်၏။

အဆင့်နိမ့် အရင်းအမြစ် အမြောက်အမြား ကို ဤ သင်္ဘောကြီးများ နှင့် သာမန် ကျင့်ကြံသူ များ ကသာ သယ်ယူ ပို့ဆောင် ကိုင်တွယ် ဖြေရှင်းကြရခြင်း ဖြစ်သည်။

လွန်ခဲ့သော အနှစ် နှစ်ဆယ်၊ သုံးဆယ် ခန့်ကမှ အသစ် တည်ထောင်ခဲ့သော ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း နှင့် နှိုင်းယှဉ်လိုက်ပါက... အနှစ် နှစ်ရာ ကျော်တိုင်အောင် အခြေခံ ခိုင်မာစွာ တည်ဆောက်လာခဲ့သော နဂါးနက် ကုန်သွယ်ရေး အသင်း မှာ သေချာပေါက် ပိုမို ကြီးကျယ် ခမ်းနားပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။

ထို့အပြင် နဂါးနက် ကုန်သွယ်ရေး အသင်း ၏ မူလ အစ မှာ နဂါးနက် မြစ်ကြီး မှ 'ရေဓားပြများ' သာ ဖြစ်သည်။

ဤဒေသ တစ်ဝိုက်ရှိ အခြားသော သာမန် ကျင့်ကြံသူ အင်အားစုများ နှင့် ကျင့်ကြံခြင်း မိသားစုများ ၏ အရင်းအမြစ် များ အားလုံးကို နဂါးနက် ကုန်သွယ်ရေး အသင်း က လုံးဝ နီးပါး လက်ဝါးကြီးအုပ် ထားခဲ့ခြင်းပင်။

ထို့ကြောင့်ပင် ဤ နဂါးနက် ကုန်သွယ်ရေး အသင်း ၏ အဓိက အခြေစိုက် စခန်းရှိ ကုန်သွယ်မှု မြင်ကွင်း များမှာ... ကုန်းယွဲ့ အင်မော်တယ် မြို့တော် ထက်ပင် ပို၍ စည်ကား သိုက်မြိုက် နေပုံ ရ၏။

တာအိုဆရာ နဂါးနက် သည် တာအို ရုပ်သေး ၏ အကြည့်များကို သတိပြုမိလိုက်သောအခါ၊ ရင်ထဲတွင် အနည်းငယ် တင်းကျပ် သွားသလို ခံစားလိုက်ရပြီး၊ လေသံတိုးတိုးဖြင့် သတိထားကာ မေးလိုက်သည်။

"စီနီယာ က ကျွန်တော်တို့ နဂါးနက် ကုန်သွယ်ရေး အသင်း ကို ကြွလာတာ... ဘာများ အမိန့် ရှိလို့လဲ ခင်ဗျာ"

"တကယ်လို့ စီနီယာ့ အတွက် လိုအပ်တာ တစ်ခုခု ရှိလို့... ကျွန်တော်တို့ နဂါးနက် အနေနဲ့ ကူညီပေးနိုင်တာများ ရှိရင်... အားမနာတမ်း ပြောပါ ခင်ဗျာ..."

တာအို ရုပ်သေး သည် သူ၏ အကြည့်များကို တာအိုဆရာ နဂါးနက် ထံသို့ ပြန်လည် ရွှေ့လိုက်၏။

"နဂါးနက်... မင်း ဒီမှာ ကျင့်ကြံနေတာ ဘယ်လောက်တောင် ကြာပြီလဲ”

တာအို ရုပ်သေး က မေးလိုက်သည်။

တာအိုဆရာ နဂါးနက် မှာ အနည်းငယ် အံ့အားသင့် သွားသော်လည်း၊ ချက်ချင်းပင် ရိုသေ ကျိုးနွံစွာဖြင့် ပြန်ဖြေလိုက်၏။

"အနှစ် သုံးရာ ကျော် ပါပြီ ခင်ဗျာ"

တာအို ရုပ်သေး က ထပ်မံ မေးလိုက်ပြန်၏။

"အနှစ် သုံးရာ ကျော်လောက် အခြေခံ တွေ စုဆောင်းလာခဲ့ပြီးပြီ ဆိုတော့... မင်း မူလဝိညာဉ် အဆင့် ကို တက်လှမ်းဖို့ ယုံကြည်မှု ရှိပြီလား"

ထိုစကားကို ကြားလိုက်ရသောအခါ တာအိုဆရာ နဂါးနက် ၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျုံ့ဝင်သွားပြီး၊ ရင်ထဲတွင်လည်း အနည်းငယ် တုန်လှုပ် သွားရသည်။

'မူလဝိညာဉ် အဆင့် ကို တက်လှမ်းဖို့ ဟုတ်လား... ဘာလို့ အဲဒီ အကြောင်း လာမေးနေတာလဲ'

တာအိုဆရာ နဂါးနက် ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံး တစ်ခု ထွက်ပေါ်လာပြီး ပြန်လည် ဖြေကြားလိုက်၏။

"စီနီယာ ကလည်း နောက်နေပြန်ပါပြီ... မူလဝိညာဉ် အဆင့် ကို ကျော်ဖြတ် ဝင်ရောက်ဖို့ ဆိုတာက သာမန် ကိစ္စလေး မှ မဟုတ်တာ။ အင်အားစု ကြီးတွေ က ပါရမီရှင် တွေ နဲ့ ယှဉ်လိုက်ရင်... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အခြေခံ က သာမန် အဆင့် လောက်ပဲ ရှိတာပါ။ မူလဝိညာဉ် အဆင့် ကို တက်လှမ်းဖို့ ဆိုတာတော့... ကျွန်တော့်မှာ လုံးဝ ယုံကြည်မှု မရှိပါဘူး ခင်ဗျာ"

"ဖြစ်နိုင်တာက... ဒီတစ်သက်တော့ မူလဝိညာဉ် အဆင့် ကို ရောက်ဖို့ ဆိုတာ ကျွန်တော့် အတွက် လုံးဝ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်"

တာအို ရုပ်သေး သည် ခေတ္တမျှ စဉ်းစား တွေးတော လိုက်ပြီးနောက် မေးလိုက်သည်။

"ဒါဆို... မင်း မူလဝိညာဉ် အဆင့် ကို တက်လှမ်းချင်သလား"

တာအိုဆရာ နဂါးနက် မှာ ပို၍ နားမလည်နိုင်အောင် ဖြစ်သွားရ၏။ သူသည် ခေတ္တမျှ တွေဝေသွားပြီးနောက်၊ သွားကို ကြိတ်ကာ ပြတ်သားစွာ ဖြေလိုက်သည်။

"ဒါပေါ့ စီနီယာ... ကျွန်တော် သေချာပေါက် တက်လှမ်းချင်တာပေါ့... ကျင့်ကြံခြင်း လမ်းစဉ် ကို လျှောက်လှမ်းနေတဲ့ သူတိုင်း က... ကောင်းကင်ဘုံ ရဲ့ အလိုဆန္ဒ ကို ဆန့်ကျင်ပြီး အင်မော်တယ် တစ်ပါး ဖြစ်လာဖို့ မလိုလားတဲ့ သူ ဘယ်သူ ရှိမှာလဲ"

"တကယ်လို့ ကျွန်တော့် ရဲ့ ရွှေအမြုတေ အဆင့် ကျင့်ကြံခြင်း သာ အဆုံးစွန် ထိ ရောက်သွားမယ် ဆိုရင်... ကျွန်တော့်ရဲ့ သက်တမ်း က အလွန်ဆုံး အနှစ် ငါးရာ အထိပဲ ရှည်လာမှာ"

"ဒါပေမဲ့... ကျွန်တော် သာ မူလဝိညာဉ် အဆင့် ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင်... ကျွန်တော် အနှစ် တစ်ထောင် အထိ အသက်ရှင် နိုင်ပြီလေ။ အဲဒါက အခုထက် နှစ်ဆ တောင် ပိုများတာ"

"အနှစ် တစ်ထောင်... အဲဒီလောက် ရှည်လျားတဲ့ အချိန် ကာလကြီး က... ကျွန်တော့် ဘဝကို ပြန်ပြီး အပြည့်အဝ ခံစားဖို့ လုံလောက်နေပြီ"

သူသည် စကားကို ခေတ္တမျှ ရပ်နားလိုက်သည်။

ထို့နောက် တာအိုဆရာ နဂါးနက် သည် ကြောက်ရွံ့ ရိုသေစွာဖြင့် ခေါင်းကို ငုံ့လိုက်ပြီး ဆက်ပြောလိုက်၏။

"ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ စီနီယာ... ကျွန်တော် နဂါးနက် က ဆင်းရဲတဲ့ ဘဝ ကနေ ပေါက်ဖွားလာခဲ့တာ ဆိုတော့... ရည်မှန်းချက် တွေ ကလည်း နှိမ့်ကျပါတယ်။ ကျွန်တော် လုပ်ချင်တာ က ဒီ နဂါးနက် ကျွန်းလေး ပေါ်မှာ ဘဝကို အေးအေးဆေးဆေး ခံစားချင်တာလေး တစ်ခုပါပဲ။ တခြား ဘာ ရည်မှန်းချက် မှ ကြီးကြီးမားမား မရှိပါဘူး"

"ပြီးတော့... ဒါက ကျွန်တော် စိတ်ကူးယဉ် ရဲရုံလေး သက်သက်ပါ။ တကယ်လို့ တကယ်ကြီး မူလဝိညာဉ် အဆင့် ကို တက်လှမ်းဖို့ ဆိုရင်တော့... ကျွန်တော့်မှာ အဲဒီလောက် သတ္တိ မရှိပါဘူး"

တာအို ရုပ်သေး သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး သူ့အား ကြည့်ကာ ပြောလိုက်သည်။

"တကယ်လို့ မင်း က မင်းရဲ့ ကိုယ်ပိုင် အစွမ်းအစ တစ်ခုတည်း ကိုပဲ အားကိုးပြီး မူလဝိညာဉ် အဆင့် ကို တက်လှမ်းမယ် ဆိုရင်တော့... သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး။ ဒါပေမဲ့... တကယ်လို့များ မင်း အတွက် မူလဝိညာဉ် အဆင့် ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး တစ်ခု ရှိလာခဲ့မယ် ဆိုရင်ရော... မင်း ဘယ်လို လုပ်မလဲ"

‘မူလဝိညာဉ် အဆင့် ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး တဲ့လား’

တာအိုဆရာ နဂါးနက် ၏ မျက်လုံးများ မှာ မယုံကြည်နိုင် လောက်အောင် ပြူးကျယ်သွားပြီး၊ သူသည် တာအို ရုပ်သေး ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

ခဏအကြာတွင် တာအိုဆရာ နဂါးနက် သည်.. တုန်ယင်စွာဖြင့် မေးလိုက်၏။

"စီနီယာ... စီနီယာ က ကျွန်တော့်ကို မူလဝိညာဉ် အဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေး ပေးမလို့လား ဟင်"

တာအို ရုပ်သေး "......"

'ဒီကောင် တော်တော် တွေးတတ်တာပဲ'

'ငါ့မှာ အဲဒီလောက် အဖိုးတန်တဲ့ အခွင့်အရေး မျိုး ဘယ်မှာ သွားရှိမှာလဲ'

'တကယ်လို့ ရှိခဲ့ရင်တောင်... တစ်ခုတည်းပဲ ရှိတာလေ... အဟမ်း'

တာအို ရုပ်သေး က ခပ်ဟဟ ရယ်လိုက်ပြီး ပြန်ဖြေသည်။

"ငါ့ဆီမှာ မူလဝိညာဉ် အဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေး မျိုး တော့ အခု လောလောဆယ် မရှိသေးဘူး။ ဒါပေမဲ့... တကယ်လို့ မင်းတို့ရဲ့ နဂါးနက် ကုန်သွယ်ရေး အသင်း က သာ ငါ့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိမယ် ဆိုရင်... နောင်တစ်ချိန်ကျရင် မင်း အတွက် အဲဒီ အခွင့်အရေး မျိုး ရလာအောင် ငါ ကြိုးစားပေးနိုင်တယ်"

"တကယ်လို့ မင်း ရဲ့ ကိုယ်ပိုင် စွမ်းအား ကိုပဲ အားကိုးနေရမယ် ဆိုရင်... အဲဒီ အခွင့်အရေး မျိုး ရဖို့ ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်။ ဒါပေမဲ့ မင်း သာ ငါ့အပေါ် သစ္စာစောင့်သိမယ် ဆိုရင်တော့... ပိုးစာပင် နယ်မြေ မှာ ဖြစ်ဖြစ်... ပင်လယ်ပြင် ဒေသ တွေမှာ ဖြစ်ဖြစ်... မူလဝိညာဉ် အဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေး တွေကို ဝင်လုဖို့ အခွင့်အရေး ရလာနိုင်တယ်"

ထိုစကားများကို ကြားလိုက်ရသောအခါ တာအိုဆရာ နဂါးနက် ၏ မျက်နှာမှာ သိသိသာသာ ဖြူရော်သွားပြီး၊ သူသည် တာအို ရုပ်သေး ကို ကြောင် ငေးကြည့်နေမိ၏။

'လခွမ်း...'

'ဒါက သူ လာရတဲ့ တကယ့် ရည်ရွယ်ချက် အစစ်အမှန် ပေါ့လေ'

တာအို ရုပ်သေး က သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"သေချာ စဉ်းစားပြီးမှ ငါ့ကို အဖြေပေးပါ။ တကယ်လို့ ငါ က သာ မင်းရဲ့ ပါရမီ ကို နှမြောလို့ရယ်... အရင်တုန်းက ငါတို့ ဆုံခဲ့ဖူးတဲ့ သံယောဇဉ် လေး ကြောင့်ရယ် မဟုတ်ဘူး ဆိုရင်... ဒီနေ့ ငါ မင်း နဲ့ ဒီလို အေးအေးဆေးဆေး ယဉ်ယဉ်ကျေးကျေး လာပြောနေမှာ မဟုတ်ဘူး"

တာအိုဆရာ နဂါးနက် မှာ ရပ်နေရင်းမှပင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး၊ ကျောချမ်းသွားရ၏။

"ဂလု..."

တာအိုဆရာ နဂါးနက် သည် တံတွေးများကို တိတ်တဆိတ် အကြိမ်ကြိမ် မျိုချနေမိသည်။ သူ၏ ရင်ထဲတွင် စိတ်ပျက်မှု၊ ဒေါသ နှင့် အကြောက်တရား များ ရောထွေး ပြည့်နှက်နေ၏။ ဤ နယ်မြေပေါ်တွင် သူ၏ နဂါးနက် ကုန်သွယ်ရေး အသင်း ကို တည်ထောင်ပြီး ကတည်းက... သူသည် နှစ်ပေါင်းများစွာတိုင်အောင် လွတ်လပ်စွာ ခြယ်လှယ် ဗိုလ်ကျ နေလာခဲ့သည်မှာ အကျင့် ပါနေတော့သည်။

အခုမှ ရုတ်တရက်ကြီး သူဌေး အသစ် တစ်ယောက် ကို သူ က ဘယ်လို လုပ်ပြီး လွယ်လွယ်ကူကူ လက်ခံနိုင်ပါ့မလဲ။

ဤအခိုက်အတန့်တွင် တာအိုဆရာ နဂါးနက် ၏ မျက်နှာ အမူအရာမှာ ခန့်မှန်းရ ခက်လောက်အောင် အကြိမ်ကြိမ် ပြောင်းလဲသွားပြီး၊ သူ၏ လက်များမှာလည်း အလိုအလျောက် လက်သီးဆုပ် အဖြစ်သို့ ပြောင်းလဲသွား၏။

သို့သော် နောက်တစ်စက္ကန့်တွင်မူ၊ တာအိုဆရာ နဂါးနက် ၏ မျက်လုံးများမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး... သူ၏ ဆုပ်ထားသော လက်သီးများကို ချက်ချင်း ပြန်လွှတ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ နဖူးမှ ချွေးစေးများ ပေါက်တီးပေါက်ပေါက် ကျဆင်းလာပြီး၊ သူ၏ ရှေ့မှောက်တွင် ရပ်နေသော တာအို ရုပ်သေး ကို အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့စွာဖြင့် စိုက်ကြည့် နေမိ‌တော့၏။

'သေစမ်း... ငါ ဘာတွေ သွားတွေးနေမိတာလဲ... လဲသေလိုက်ပါလား။ သူ့ရဲ့ အစွမ်းအစ နဲ့ ဆိုရင်... ငါ့ကို သတ်ဖို့ ဆိုတာ ပုရွက်ဆိတ် တစ်ကောင်ကို ဖျစ်သတ်သလိုပဲ လွယ်နေမှာကို’

အခန်း (၅၁၉) - စတုတ္ထအဆင့် တာအိုရုပ်သေးများ၊ တာအိုဆရာ နဂါးနက် အညံ့ခံခြင်း (အပိုင်း - ၆)

သူသည်… လွတ်လွတ်လပ်လပ် နှင့် အေးအေးဆေးဆေး နေလာခဲ့ရတာ အကျင့်ပါနေပြီပင်။

သို့သော်လည်း...

အကြွင်းမဲ့ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီး တစ်ခု၏ ရှေ့မှောက်တွင်မူ... သူသည် မောက်မာ ရိုင်းစိုင်းပြီး အာဏာပြတတ်သော အနေအထား မှနေ၍... ရိုသေ ကျိုးနွံစွာ အညံ့ခံသော အနေအထား သို့ ပြောင်းလဲရာတွင်လည်း အလွန် ချောမွေ့ လိမ္မာလှသည်။

တာအိုဆရာ နဂါးနက် ၏ ခန္ဓာကိုယ်ကြီးမှာ အကြောက်တရား များကြောင့် တစ်ဆက်ဆက် တုန်ယင်နေပြီး၊ သူ၏ မျက်နှာမှာလည်း သွေးဆုတ်သွားသကဲ့သို့ ဖြူရော်နေ၏။ သို့သော် သူ၏ မျက်နှာပေါ်တွင်မူ အလွန်တရာ တောက်ပလှသော အပြုံးကြီး တစ်ခုကို ပုံဖော်ထားသည်။ သူသည် ခါးကို ညွှတ်ကာ အရိုအသေ ပေးလိုက်ပြီး၊ တာအို ရုပ်သေး အား ဖားယားသော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်၏။

"စီနီယာ လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီး ရဲ့ မျက်နှာသာ ပေးမှုကို ခံရတာ... ကျွန်တော့် အတွက်ရော၊ ကျွန်တော်တို့ နဂါးနက် ကုန်သွယ်ရေး အသင်း တစ်ခုလုံး အတွက်ပါ... တကယ့်ကို ကြီးမားတဲ့ ဂုဏ်ကျေးဇူး ပါပဲ ခင်ဗျာ"

"ဒီကနေ့ ကစပြီး... ကျွန်တော် က စီနီယာ့ ရဲ့ သစ္စာရှိတဲ့ အစေခံ ပါပဲ။ စီနီယာ က အရှေ့ ကို သွားခိုင်းရင်... ကျွန်တော် လုံးဝ အနောက် ကို မသွားပါဘူး။ စီနီယာ့ ရဲ့ အမိန့် တွေကို ချက်ချင်း အကောင်အထည် ဖော်ပေးပါ့မယ်... စီနီယာ့ ကို လုံးဝ စိတ်ပျက်အောင် မလုပ်ပါဘူး ခင်ဗျာ"

'ဟူး... အသက်ရှင်ဖို့ အတွက် ဖားရတာလောက်ကတော့ အပျော့ပါကွာ... မာနတွေ ဘာတွေ ခဏ ခေါက်ထားလိုက်ဦးမယ်'

ထိုစကားများကို ကြားလိုက်ရသောအခါ တာအို ရုပ်သေး ၏ မျက်နှာပေါ်တွင် ခပ်ဖွဖွ အပြုံးတစ်ခု ထွက်ပေါ်လာပြီး၊ တာအိုဆရာ နဂါးနက် အား ကြည့်ကာ ပြောလိုက်သည်။

"စိတ်အေးအေး ထားပါ"

"မင်းကို မူလဝိညာဉ် အဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေး ပေးမယ် ဆိုတဲ့ ငါ့ရဲ့ ကတိ က... လေလုံးမိုးလုံး တွေ မဟုတ်ဘူး ဆိုတာ မင်း မှတ်ထားပါ"

"တကယ်လို့ မင်းသာ မူလဝိညာဉ် အဆင့် ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင်... အဲဒီအခါကျရင် မင်း က ငါ့အတွက် အများကြီး အသုံးဝင်လာမှာပါ"

"အခု မင်းရဲ့ အခြေအနေ... ရွှေအမြုတေ အဆင့် (၉) ဆိုတော့လေ..."

"ရိုးရိုးသားသား ပြောရရင်... ငါ့အမြင်မှာတော့... မင်း နဲ့ ကောင်းထန် ကြားမှာ ဘာကွာခြားချက် မှ မရှိပါဘူး"

'မင်းက ငါ့အတွက်တော့ အသုံးဝင်တဲ့ အစေခံ တစ်ယောက် လောက်ပါပဲ... ကိုယ့် နေရာ ကိုယ်သိထားတာ အကောင်းဆုံးပဲ'

တာအိုဆရာ နဂါးနက် ၏ တိတ်ဆိတ် နေမှုက သူ၏ သဘောတူ လက်ခံမှုကို ပြသနေ၏။ သေချာ စဉ်းစားကြည့်မည် ဆိုလျှင်တော့... ထိုအချက်မှာ အမှန်တကယ်ပင် ဖြစ်သည်။

ဤမျှလောက် အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီး တစ်ဦး၏ အမြင်တွင်... သူ၊ တာအိုဆရာ နဂါးနက် ဆိုသည်မှာ ခန္ဓာကိုယ် အနည်းငယ် ထွားကျိုင်းသော လက်အောက်ငယ်သား တစ်ယောက် မျှသာ မဟုတ်ပါလော။

အသေးအမွှား ကိစ္စလေး များကို ဖြေရှင်း ဆောင်ရွက်ပေးရုံ မှလွဲ၍... သူသည် အခြား မည်သည့် ကြီးမားသော ရည်ရွယ်ချက် အတွက် အသုံးဝင်နိုင်မည်နည်း။

သူ တည်ထောင်ခဲ့သော နဂါးနက် ကုန်သွယ်ရေး အသင်း သည် ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း ထက် ပိုမို ကြီးမား ကျယ်ပြန့်သည် ဆိုသော်ငြားလည်း၊ အမှန်တကယ် တွင်မူ ပိုးစာပင် နယ်မြေ တစ်ခုလုံး နှင့် ယှဉ်လိုက်ပါက ကြီးမားသော ရပ်တည်မှု မျိုး မရှိလှချေ။

ထို့ကြောင့်ပင် ယခုအချိန် အထိ မည်သူကမျှ နဂါးနက် ကုန်သွယ်ရေး အသင်း ကို ပစ်မှတ်ထားကာ အကောက်ကြံ အကြံအစည် များ မရှိခဲ့ကြခြင်း ဖြစ်သည်။

အစွမ်းအစ ကြီးမားသော သူများ နှင့် ဩဇာအာဏာ ရှိသော သူများ သည် နဂါးနက် ကုန်သွယ်ရေး အသင်း ကို လုံးဝ အရေးမလုပ်ဘဲ အထင်အမြင် သေးကြ၏။

အင်အား နည်းပါးသော သူများ ကတော့...

နဂါးနက် ကုန်သွယ်ရေး အသင်း ကို သွားပြီး ပြဿနာ ရှာရဲပါ့မလား။ သူတို့ က တကယ်ပဲ အသက်တို ချင်နေကြလို့လား။

ထိုအကြောင်းများကို စဉ်းစားမိလိုက်သောအခါ၊ တာအိုဆရာ နဂါးနက် ၏ ရင်ထဲရှိ မကျေနပ်မှု နှင့် အငြိုးအတေး များမှာ အများကြီး လျော့ပါး ပျောက်ကွယ် သွားသကဲ့သို့ ရှိပြီး... မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုပင် ထွက်ပေါ်လာခဲ့သည်။

'ဒီ စီနီယာ က... တကယ်ပဲ ငါ့အတွက် မူလဝိညာဉ် အဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေး ကို ကြိုးစားပေးနိုင်မှာများလား'

'တကယ်လို့ အဲဒီလိုသာ တကယ် ဖြစ်လာခဲ့မယ် ဆိုရင်တော့... ငါလည်း...'

'နောင်တစ်ချိန်ကျရင်... မူလဝိညာဉ် အဆင့် ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး ရလာနိုင်တာပဲ'

တာအိုဆရာ နဂါးနက် ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းတံပိုး အလား ရိုက်ခတ် နေ‌တော့သည်။

တာအို ရုပ်သေး က ဆွဲပြလိုက်သော မျှော်လင့်ချက် စိတ်ကူးယဉ် ပန်းချီကား ကြီးမှာ အတော်လေး အလုပ်ဖြစ်နေပုံ ရ၏။

တာအိုဆရာ နဂါးနက် သည် အမှန်တကယ် ရိုးသားသည် ဖြစ်စေ၊ ဟန်ဆောင်နေသည် ဖြစ်စေ... ယခုအခါတွင်မူ သူသည် အညံ့ခံရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ သူသည် တာအို ရုပ်သေး အား အနက်ရောင် အင်မော်တယ် နန်းတော်ကြီး အတွင်းသို့ ရိုသေ ကျိုးနွံစွာ ဖိတ်ခေါ်လိုက်ပြီး၊ နဂါးနက် ကုန်သွယ်ရေး အသင်း ၏ အဆင့်မြင့် ခေါင်းဆောင် များကို ခေါ်ယူကာ တာအို ရုပ်သေး နှင့် မိတ်ဆက် ပေးလိုက်၏။ ထို့အပြင် တာအို ရုပ်သေး သည် ကုန်သွယ်ရေး အသင်း ၏ စစ်မှန်သော အရှင်သခင် အသစ် ဖြစ်ကြောင်းကိုပါ တရားဝင် ကြေညာလိုက်‌တော့သည်။

ထို့နောက် တာအိုဆရာ နဂါးနက် သည် တာအို ရုပ်သေး အား နဂါးနက် ကုန်သွယ်ရေး အသင်း ၏ ရတနာ သိုက် ဆီသို့ လမ်းပြ ခေါ်ဆောင် သွား၏။

အစပိုင်း တွင် တာအို ရုပ်သေး သည် သိပ်ပြီး စိတ်ဝင်စားမှု မရှိလှချေ။

သို့သော်လည်း... ရတနာ သိုက် ၏ အနက်ပိုင်း ရှိ စာအုပ်စင် တစ်ခုပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားသော အပိုင်းအစ တစ်ခု ကို မြင်လိုက်ရသောအခါ၊ တာအို ရုပ်သေး မှာ ခေတ္တမျှ ဆွံ့အ မှင်သက် သွားသည်။ ၎င်း၏ မျက်ဝန်းများမှာ အနည်းငယ် ကျုံ့ဝင်သွားပြီး၊ အံ့အားသင့် ဝမ်းသာသွားသော အရိပ်အယောင် အချို့ ထွက်ပေါ်လာ၏။

'ဒါက... ချီ သန့်စင်ရေး အိုး ရဲ့ နောက်ထပ် အပိုင်းအစ တစ်ခုများလား'

တာအို ရုပ်သေး ၏ ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာ ပီတိ ဖြစ်သွားရသည်။

ဘေးမှ အနီးကပ် လိုက်ပါလာသော တာအိုဆရာ နဂါးနက် သည် တာအို ရုပ်သေး ၏ အကြည့်များက ထို အပိုင်းအစ ပေါ်သို့ ကျရောက်နေသည်ကို သတိပြုမိလိုက်သောအခါ၊ အလျင်စလို သွားရောက် ယူဆောင်ပြီး တာအို ရုပ်သေး ထံသို့ ရိုသေစွာ ကမ်းပေးလိုက်၏။

"အရှင်သခင်ကြီး... ဒီ အပိုင်းအစ က တော်တော်လေး ထူးခြားတဲ့ မူလ အရင်းအမြစ် ကနေ ဆင်းသက်လာတဲ့ ပုံပဲ ခင်ဗျ။ ကျွန်တော် တစ်ခါတုန်းက အဆင့်မြင့် မှော်လက်နက် တစ်ခု နဲ့ အစွမ်းကုန် တိုက်ခိုက် ကြည့်ဖူးတယ်... ဒါပေမဲ့ ဒီ အပိုင်းအစ ပေါ်မှာ အစင်းရာ လေး တစ်ခုတောင် မထင်ခဲ့ဘူး"

"ဒါပေမဲ့ ကျွန်တော် ကတော့ ၎င်းရဲ့ မူလ အရင်းအမြစ် အကြောင်း ဘာမှ နားမလည်ပါဘူး။ ပြီးတော့ ဒီ အပိုင်းအစ လေး ကလည်း ဘာ အသုံးဝင်တဲ့ အစွမ်းသတ္တိ မှ ရှိပုံ မရဘူးလေ... အဲဒါကြောင့် ဒီမှာ ဒီတိုင်း ပစ်ထားလိုက်တာပါ"

တာအို ရုပ်သေး သည် ထို အပိုင်းအစ ကို မည်သည့် တွန့်ဆုတ်မှု မျှ မရှိဘဲ လှမ်းယူလိုက်ပြီး ပြောလိုက်သည်။

"ဒီပစ္စည်း က ငါ့အတွက်တော့ အသုံးဝင်တယ်"

"ကောင်းတယ်... မင်းရဲ့ ရတနာ သိုက် က တော်တော်လေး ကောင်းတာပဲ"

ဟားဟားဟား။

ဤမျှလောက် ကြီးမားလှသော အကျိုးအမြတ် တစ်ခုကို မမျှော်လင့်ဘဲ ရရှိလိုက်သဖြင့်၊ တာအို ရုပ်သေး ၏ အကြည့်များမှာ တာအိုဆရာ နဂါးနက် အပေါ် အနည်းငယ် ပိုမို ကြည်ဖြူလာသကဲ့သို့ ရှိ၏။

'ဒီကောင်က တော်တော်လေး ပါးနပ်ပြီး အခြေအနေကို နားလည်တာပဲ'

ခေါင်းမာမာ ဖြင့် အသေအလဲ ခုခံ တိုက်ခိုက်နေခြင်း မျိုး မရှိဘဲ၊ သူသည် မိမိ သဘောဆန္ဒ အလျောက် အညံ့ခံရန် ရွေးချယ်ခဲ့သည် မဟုတ်ပါလော။

ဤ ရတနာ သိုက် ထဲတွင် မမျှော်လင့်ထားသော အကျိုးအမြတ် တစ်ခုကိုပါ ထပ်မံ ရရှိလိုက်သေးသည်။

ထို့ကြောင့် သဘာဝကျစွာပင် တာအို ရုပ်သေး ၏ တာအိုဆရာ နဂါးနက် အပေါ် အမြင်များမှာ အနည်းငယ် ပျော့ပြောင်း သွားခဲ့၏။

တာအို ရုပ်သေး သည် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

'တကယ်လို့များ နောင်တစ်ချိန်... မူလဝိညာဉ် အဆင့် တက်လှမ်းနိုင်မယ့် အပို အခွင့်အရေး တစ်ခု ရလာခဲ့မယ် ဆိုရင်... နဂါးနက်ကို ပျိုးထောင်ပေးဖို့ ငါ စဉ်းစားပေးလို့ ရပါတယ်လေ'

သို့သော်ငြားလည်း..သည်ကိစ္စကို စဉ်းစားဖို့က ယခုချိန်မှာတော့ အစောကြီး ရှိပါသေး၏။

ယခုအခါ ဤ တာအို ရုပ်သေး သည် မူလဝိညာဉ် အစောပိုင်း အဆင့် နှင့် ညီမျှသော စတုတ္ထအဆင့် အဆင့်နိမ့် စွမ်းအားများကို ပိုင်ဆိုင်နေပြီ ဖြစ်သော်ငြားလည်း... သူ၏ စစ်မှန်သော ခန္ဓာကိုယ် ၏ ကျင့်ကြံခြင်း အဆင့်မှာ ရွှေအမြုတေ အဆင့် (၆) တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။

ထို့အပြင် လော့ချန်ယွီ၊ တာအိုဆရာ ချင်ချွမ် နှင့် အခြားသူများ သည်လည်း သူမတို့၏ ကိုယ်ပိုင် မူလဝိညာဉ် အဆင့် တက်လှမ်းရေး အတွက် အရင်းအမြစ် များကို စုဆောင်း နေကြဆဲပင် ဖြစ်သည်။

‘တကယ်လို့များ တနေ့နေ့ တစ်ချိန်ချိန်... မူလဝိညာဉ် ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်း တွေကို ပြည့်စုံအောင် စုဆောင်းနိုင်ခဲ့မယ် ဆိုရင်တောင်... ပထမဆုံး ဦးစားပေး ရွေးချယ်ခံရမယ့် သူတွေက သေချာပေါက် လော့ချန်ယွီ နဲ့ သူ့အနားက ရင်းနှီးတဲ့ သူတွေပဲ ဖြစ်မှာပါ’

‘တာအိုဆရာ နဂါးနက် ကိုတော့... စဉ်းစားပေးလို့ ရပေမဲ့... စာရင်း ရဲ့ အောက်ဆုံး နားမှာပဲ ထားရမှာပေါ့’

နဂါးနက် ကုန်သွယ်ရေး အသင်း ၏ ရတနာ သိုက် ကို တစ်ပတ် လှည့်လည် ကြည့်ရှုပြီးနောက်၊ တာအို ရုပ်သေး သည် စတုတ္ထအဆင့် ဝိညာဉ် သတ္တုရိုင်း အနည်းငယ်ကို ထပ်မံ ယူဆောင်လိုက်၏။ သို့သော် အခြားသော ပစ္စည်းများ မှာ အမြောက်အမြား ရှိနေသော်ငြားလည်း၊ သူ၏ စိတ်ဝင်စားမှုကို ကြီးကြီးမားမား မဆွဲဆောင်နိုင်ခဲ့ချေ။

ထို့နောက် တာအို ရုပ်သေး သည် တာအိုဆရာ နဂါးနက် နှင့် နဂါးနက် ကုန်သွယ်ရေး အသင်း မှ အဆင့်မြင့် ခေါင်းဆောင် အနည်းငယ် ကို ခေါ်ဆောင်ကာ ကုန်းယွဲ့ အင်မော်တယ် မြို့တော် သို့ ပြန်လာခဲ့ပြီး... သူတို့ကို ကောင်းယွမ်ယွမ် နှင့် တွေ့ဆုံ ဆွေးနွေးစေရန် စီစဉ်ပေးလိုက်သည်။

ကုန်သွယ်ရေး အသင်း နှစ်ခု ပေါင်းစည်းရေး ကိစ္စများ နှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးမှု များကို တာအိုဆရာ နဂါးနက် နှင့် ကောင်းယွမ်ယွမ် တို့ နှစ်ဦး အပေါ်တွင်သာ လုံးဝ လွှဲအပ် ထားလိုက်ပါ၏။

တာအိုဆရာ နဂါးနက် သည် သူ၏ နေရာ ကို သူ ကောင်းစွာ သိရှိ နားလည်ထားပြီး၊ ကောင်းယွမ်ယွမ် မှာ တာအို ရုပ်သေး ၏ ကိုယ်စားလှယ် ဖြစ်ရုံသာမက... အရှင်သခင်ကြီး ၏ အမျိုးသမီး ဖြစ်ကြောင်းကိုပါ ရိပ်မိထားသည်။ ထို့ကြောင့် ပေါင်းစည်းရေး ကိစ္စကို လွယ်ကူစွာပင် သဘောတူ လက်ခံခဲ့ပြီး... သူ အနေဖြင့် ကုန်သွယ်ရေး အသင်း ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ကာ... နောင်တွင် ကောင်းယွမ်ယွမ် ကို အစွမ်းကုန် ကူညီ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ဝမ်းပန်းတသာ ထုတ်ဖော် ပြောဆိုခဲ့၏။

ကောင်းယွမ်ယွမ် မှာမူ တာအို ရုပ်သေး က နဂါးနက် ကုန်သွယ်ရေး အသင်း ကို လွယ်ကူစွာ နှိမ်နှင်းနိုင်ခဲ့ပြီး... ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း နှင့် ပေါင်းစည်းပေးလိုက်ခြင်း အတွက် အတိုင်းမသိ ဝမ်းသာ ပီတိ ဖြစ်နေခဲ့သည်။

နဂါးနက် ကုန်သွယ်ရေး အသင်း နှင့် ပေါင်းစည်းလိုက်မှု ကြောင့်... ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း ၏ အစွမ်းအစ နှင့် ဩဇာလွှမ်းမိုးမှု မှာ အဆင့် နှစ်ဆင့်ခန့် တရိပ်ရိပ် မြင့်တက် သွားခဲ့လေပြီ။

နောက်ထပ် နှစ်အနည်းငယ်ခန့် ဆက်လက် လုပ်ကိုင် ဆောင်ရွက်ပြီး... တာအို ရုပ်သေး ၏ ကျောထောက်နောက်ခံ ပြုမှု ဖြင့်သာ ဆိုလျှင်... ပိုးစာပင် နယ်မြေ အတွင်းရှိ ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း ၏ ဩဇာလွှမ်းမိုးမှု သည် ပိုးစာပင် အင်မော်တယ် မြို့တော် ရှိ ကြီးမားလှသော ကုန်သွယ်ရေး အသင်း ကြီးများ နှင့်ပင် တန်းတူ ရင်ဘောင်တန်း လာနိုင်လောက်ချေပြီ။

တာအို ရုပ်သေး သည် ကုန်သွယ်ရေး အသင်း များ ပေါင်းစည်းရေး ကိစ္စများတွင် လုံးဝ ဝင်ရောက် မစွက်ဖက်ခဲ့ချေ။

ဤနေရာသို့ ပြန်လည် ရောက်ရှိလာပြီး အချိန် အတော်ကြာအောင် စဉ်းစား တွေးတော ပြီးနောက်၊ သူသည် ပိုးစာပင် အင်မော်တယ် မြို့တော် သို့ ခရီး တစ်ခေါက် သွားရောက်ရန် ဆုံးဖြတ်လိုက်၏။

တာ့ချန် ကျင့်ကြံခြင်း လောက ၏ အလယ်ဗဟို ဒေသ သို့ သွားရောက်ရန် အတွက် သူ အသုံးပြုနိုင်မည့် နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း တစ်ခုခု များ ရှိနေမလား ဆိုသည်ကို သူ သွားရောက် စုံစမ်း ကြည့်ရှုလိုခြင်း ဖြစ်သည်။

ချီ သန့်စင်ရေး အိုး မှာ သူ၏ စစ်မှန်သော ခန္ဓာကိုယ် ထံတွင် ရှိနေပြီး၊ ယခုလေးတင် သူ ရရှိလာခဲ့သော အပိုင်းအစ လေးမှာ အသုံးဝင်စေရန် အတွက် သူ၏ စစ်မှန်သော ခန္ဓာကိုယ် ထံသို့ ပြန်လည် ပေးအပ်ရန် လိုအပ်နေသည် မဟုတ်ပါလော။

'လောလောဆယ် ချီ သန့်စင်ရေး အိုး က အဆင့်မြင့် မှော်လက်နက် တစ်ခု ရဲ့ အစွမ်းအစ မျိုးကို ပိုင်ဆိုင်နေပြီး၊ စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ် အရည် တွေ နီးပါးလောက်ကို သန့်စင် ထုတ်လုပ်ပေးနိုင်နေပြီ'

'တကယ်လို့များ ဒီ အပိုင်းအစ လေး နဲ့ သာ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့မယ် ဆိုရင်... စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ် အရည် တွေကို သန့်စင် ထုတ်လုပ်ဖို့ ဆိုတာ ပြဿနာ ရှိမှာ မဟုတ်တော့ဘူး... ဟုတ်တယ်မလား'

တာအို ရုပ်သေး ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ကြီးမားစွာ ရှိနေသည်။

သူ၏ အတွေးအတိုင်း အကောင်အထည် ဖော်ရန် အတွက်၊ သူသည် ပိုးစာပင် အင်မော်တယ် မြို့တော် သို့ ချက်ချင်းပင် ထွက်ခွာလာခဲ့၏။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ... ပိုးစာပင် အင်မော်တယ် မြို့တော် တွင် တာ့ချန် ကျင့်ကြံခြင်း လောက ၏ အလယ်ဗဟို ဒေသ သို့ တိုက်ရိုက် ဆက်သွယ်ထားသော မည်သည့် နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း မှ မရှိခဲ့ချေ။

သို့သော်လည်း ပိုးစာပင် အင်မော်တယ် မြို့တော် ရှိ ကောင်းကင် သိုင်းကျမ်း မျှော်စင် မှတစ်ဆင့်... ဖူလင်း ပင်လယ်ပြင် ဒေသ အတွင်းရှိ ကျယ်ပြန့်လှသော ဈေးတန်း ကျွန်းကြီး တစ်ခု ဖြစ်သည့် 'ဝိညာဉ် တစ်ရာ ကျွန်း' ပေါ်တွင် ဧရာမ နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း ကြီး တစ်ခု ရှိကြောင်း သူ ကြားသိခဲ့ရသည်။

ဖြစ်နိုင်သည်မှာ... သူသည် ထို နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း ကြီးကို အသုံးပြု၍၊ ကောင်းကင် သိုင်းကျမ်း မျှော်စင် ၏ တံဆိပ်ပြား ကို ထုတ်ပြကာ... တာ့ချန် ကျင့်ကြံခြင်း လောက ၏ အလယ်ဗဟို ဒေသ သို့ သွားရောက်ရန် အတွက် တန်ကြေး အချို့ကို ပေးဆပ်ရမည် ဖြစ်၏။

သေချာစွာ စဉ်းစား တွေးတော ပြီးနောက်၊ တာအို ရုပ်သေး သည် ကုန်းယွဲ့ အင်မော်တယ် မြို့တော် သို့ ပြန်လည် ရောက်ရှိလာပြီး၊ ကောင်းယွမ်ယွမ် နှင့် တာအိုဆရာ နဂါးနက် တို့ကို ခေါ်ယူ ဆွေးနွေးကာ... တာအိုဆရာ နဂါးနက် နှင့်အတူ ပင်လယ်ပြင် သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်‌တော့သည်။

သူတို့၏ ပစ်မှတ်မှာ ဝိညာဉ် တစ်ရာ ကျွန်း ပေါ်ရှိ ဧရာမ နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း ကြီးပါ။

သို့သော်လည်း၊ တာ့ချန် ကျင့်ကြံခြင်း လောက ၏ အလယ်ဗဟို ဒေသ သို့ မထွက်ခွာမီလေးတွင်... သူသည် တာအိုဆရာ နဂါးနက် ကို ဟွမ်လင်း ကျွန်း သို့ အရင် ခေါ်သွားရန် စီစဉ်ထားပါ၏။

All Chapters