← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃) - အင်ပါယာ သင်္ချိုင်း ကျွန်းသခင် အသစ် (အပိုင်း - ၄)

"ဒီဝိညာဉ်စမ်းရေက ဝိညာဉ်သဘာဝ နည်းနည်း ပါနေသလိုပဲ။ မဆိုးဘူး... တကယ်ကို မဆိုးဘူး"

'ဟက်... ဒီလောက် ကောင်းတဲ့ဟာကို ဟွမ် မိသားစု က ဘယ်လိုလုပ် ခံစားခွင့် ရှိမှာလဲ။ ငါတို့ပဲ သိမ်းပိုက်ရမှာပေါ့'

အင်အားစု သုံးခု အနက်၊ အသက်အငယ်ဆုံးဟု ထင်ရသော သူမှာ နောက်ဆုံးလူ ပင် ဖြစ်သည်။ သူသည် အသက် သုံးဆယ် အရွယ်ခန့် ရှိမည်ဟု ထင်ရပြီး၊ ကြယ်ပုံသဏ္ဌာန် မျက်ခုံးများ နှင့် မွေးရာပါ ထက်မြက် စူးရှသော အငွေ့အသက်များ ပါဝင်သည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။

သူသည် ထိုအခိုက်အတန့်တွင် ခပ်ဟဟ ရယ်လိုက်ပြီး၊ ထိုနေရာရှိ အခြားသူများကို ကြည့်ကာ ပြောလိုက်၏။

"ဒီ လက်ဖက်ရည် ရော၊ ဒီ ဝိညာဉ် စမ်းရေ ရော... ကျွန်တော် အကုန်လုံး လိုချင်တယ်ဗျာ"

'မင်းတို့ အကုန်လုံး ဖယ်နေလိုက်... ဒီကျွန်းပေါ်က ကောင်းတာမှန်သမျှ ငါ့ဟာချည်းပဲ'

အခန်း အတွင်းရှိ လေထုမှာ ရုတ်တရက် အကြီးအကျယ် တင်းမာ သွား‌တော့သည်။

ဟွမ်မင် ၏ မျက်နှာမှာ ထိုနေရာတွင်ပင် ပျက်ယွင်းသွားမတတ် ဖြစ်သွားပြီး၊ သူ၏ မျက်ခွံများမှာ တဆက်ဆက် တုန်ခါသွားသည်။ ခေတ္တမျှ ဆွံ့အ မှင်သက် သွားပြီးနောက်၊ သူသည် အသံထွက်ကာ ရယ်လိုက်ပြီး ပြောသည်။

"ဒါက ဝိညာဉ် လက်ဖက်ရည် နဲ့ ဝိညာဉ် စမ်းရေ နည်းနည်းပါးပါး လေး ပါဗျာ။ တာအိုမိတ်ဆွေ တို့... အားနာ မနေပါနဲ့"

'သောက်ခွေးသားတွေ... ငါ့အိမ်လာပြီး ငါ့ပစ္စည်းကို ဓားပြတိုက်နေတာလား။ သေစမ်း... လောဘ ကလည်း ကြီးလိုက်ကြတာ'

"ကောင်းပါပြီဗျာ... ခင်ဗျားတို့ ပြန်သွားတဲ့ အချိန်ကျရင်... ခင်ဗျားတို့ တစ်ယောက်ချင်းစီ အတွက် နည်းနည်းစီ ပြင်ဆင်ပေးလိုက်ဖို့ လူတစ်ယောက်ကို စီစဉ်ပေးပါ့မယ်။ လိုလေသေး မရှိစေရပါဘူး"

စကားလုံးများ အပြန်အလှန် ဖလှယ်နေကြစဉ် အတွင်း၊ သူသည် နားမလည် ဟန်ဆောင် နေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ချေ။

'ငါက ဘာလုပ်နိုင်မှာလဲ... အခုချိန်မှာ အချိုသပ်ထားမှ ရမှာပေါ့။ မဟုတ်ရင် ဒီကောင်တွေ အကုန် ဝိုင်းကိုက်ကြတော့မှာ'

တာအိုဆရာ ပိုင်ရင် သည် အခြား နှစ်ဦးကို တစ်ချက် ဝေ့ကြည့်လိုက်၏။ လက်ဖက်ရည် ပန်းကန်လုံးလေး ကို အောက်သို့ ချထားလိုက်ပြီး၊ သူသည် မကြာသေးမီက လုံးဝ မတွေ့ရတော့သော ဟွမ် မိသားစု ၏ ဘိုးဘေးကြီး သို့မဟုတ် မိသားစု ခေါင်းဆောင် ၏ လက်ရှိ အခြေအနေ နှင့် ပတ်သက်၍ စတင် မေးမြန်းရန် ပြင်လိုက်သည်။

သို့သော်လည်း သူ မမေးမြန်းနိုင်မီလေး တွင်ပင်၊ အထက် ကောင်းကင်ယံ မှ ကြီးမားသော အရှိန်အဝါ စွမ်းအားကြီး တစ်ခု သည် ဟွမ်လင်း ကျွန်း ပေါ်သို့ လျင်မြန်စွာ ကျရောက် လာသည်။

အခန်း အတွင်း၌ ဟွမ်မင် နှင့် တာအိုဆရာ ပိုင်ရင် တို့၏ မျက်နှာ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏။

သူတို့ လေးဦးစလုံး သည် သူတို့၏ အာရုံများကို တစ်ပြိုင်နက်တည်း ဖြန့်ကြက် လိုက်ကြရာ... အထက်မှ ကျဆင်းလာသော စစ်သင်္ဘောကြီး တစ်စင်း သည် ၎င်း၏ ရှိနေမှုကို ဖုံးကွယ်ရန် လုံးဝ မကြိုးစားဘဲ ဆင်းသက်လာသည်ကို တွေ့လိုက်ကြရသည်။ တတိယအဆင့် အမြင့်ပိုင်း ပျံသန်းခြင်း အခင်းအကျင်း ဖြင့် မောင်းနှင်လာသော ထို စစ်သင်္ဘော သည် ဟွမ်လင်း ကျွန်း ၏ ကောင်းကင်ယံ ပိုင်နက် အတွင်းသို့ တဇွတ်ထိုး ဝင်ရောက် လာခဲ့ခြင်း ပင်။

မျက်စိကျိန်းမတတ် တောက်ပလှသော တတိယအဆင့် အမြင့်ပိုင်း ကာကွယ်ရေး အလွှာကြီး တစ်ခုက စစ်သင်္ဘောကြီး ကို ဖုံးလွှမ်းထားလေရာ၊ သင်္ဘော အတွင်းရှိ အခြေအနေကို လှမ်းကြည့်ရန် လုံးဝ မဖြစ်နိုင်အောင် တားဆီးထားသည်။

ထို စစ်သင်္ဘောကြီး က ဆိပ်ကမ်း ရှိနေခြင်း ကို လည်းကောင်း၊ သူကိုယ်တိုင် ရှိနေခြင်း ကို လည်းကောင်း လုံးဝ ဂရုမစိုက်ဘဲ ဟွမ်လင်း ကျွန်း ၏ အတွင်းပိုင်း ဆီသို့ တည့်တည့်မတ်မတ် ဦးတည် သွားနေသည်ကို မြင်လိုက်ရသောအခါ ဟွမ်မင် ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်း သွား‌တော့၏။ သူ၏ ပုံရိပ်မှာ အခန်း အတွင်းမှ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ် သွားသည်။

'ဘယ်ကောင်တွေလဲဟ... ငါတို့ ကျွန်းပေါ်ကို ဒီလောက် ဗြောင်ကျကျ ကျူးကျော်လာရဲအောင် ဘယ်က သတ္တိတွေ ရနေတာလဲ'

တစ်ချိန်တည်းမှာပင် ဟွမ်မင် ၏ ဒေါသတကြီး ဟိန်းဟောက်သံကြီး မှာ ကောင်းကင် တစ်ခွင်လုံး ပဲ့တင်ထပ် သွားသည်။

"ရိုင်းစိုင်းလိုက်တာ... မင်းတို့ က ဘယ်သူတွေမို့လို့ ဟွမ်လင်း ကျွန်း ပေါ်ကို စစ်သင်္ဘောကြီး နဲ့ အတင်း ဝင်လာရဲတာလဲ... အခုချက်ချင်း ရပ်လိုက်စမ်း"

"ဝှစ်..."

မျက်စိတစ်မှိတ် အတွင်းမှာပင် ဟွမ်မင် ၏ ပုံရိပ်သည် ဆိပ်ကမ်း ၏ အထက် ကောင်းကင်ယံ တွင် ထွက်ပေါ်လာ၏။ သူ၏ ရွှေအမြုတေ အဆင့် မှ လျှံကျလာသော စွမ်းအားများမှာ ကောင်းကင် နှင့် မြေကြီး ကိုပင် တုန်လှုပ် သွားစေသည်။ သူသည် သူ၏ နတ်ဘုရား အာရုံ များကို အသုံးပြု၍ ဓာတ်သဘာဝ စွမ်းအားများကို ချုပ်ကိုင်ကာ... ဧရာမ ဝိညာဉ် ဖိအား လှိုင်းလုံးကြီး တစ်ခုကို ဖန်တီးပြီး စစ်သင်္ဘောကြီး ဆီသို့ ဦးတည် ရိုက်ခတ်စေလိုက်၏။

ထိုအခိုက်အတန့် တွင်ပင်၊ စစ်သင်္ဘောကြီး ၏ အခင်းအကျင်း အလွှာ အတွင်းမှ ပုံရိပ် တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ခဏလေး အတွင်းမှာပင် သူသည် ဟွမ်မင် ၏ ရှေ့ မလှမ်းမကမ်း နေရာသို့ ရောက်ရှိလာ၏။

တာအိုဆရာ ကျင်းဖုန်း သည် ဟွမ်မင် အား ခံစားချက် ကင်းမဲ့သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အကြီးအကဲ ကိုး... ခင်ဗျား က ဘာလို့ ဒီလောက်တောင် ပွက်လောရိုက် နေရတာလဲဗျာ။ ကျွန်တော် က ဘိုးဘေးကြီး ရဲ့ အမိန့် အရ... ဧည့်သည်တော် တချို့ ကို ဘိုးဘေးကြီး နဲ့ တွေ့ဖို့ ခေါ်လာရုံ သက်သက် ပါ"

'ဟက်... ဟွမ်မင်... မင်း သေမယ့်နေ့ ရောက်ပြီ။ ငါတို့ ကျင်း မိသားစု က ဒီကျွန်းကို အုပ်ချုပ်တော့မှာ'

ထိုသို့ ပြောရင်း တာအိုဆရာ ကျင်းဖုန်း က တံဆိပ်ပြား တစ်ခုကို ရှေ့သို့ လွှင့်ပစ်လိုက်သည်။

ထို တံဆိပ်ပြားလေး မှာ အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ဟွမ်မင် ရှိရာသို့ မြှားတစ်စင်း အလား တိုးဝင်သွားသည်။ ဟွမ်မင် သည် လက်ကို ဆန့်ထုတ်ကာ သူ၏ မန္တန်စွမ်းအား များကို အသုံးပြု၍ ဖမ်းဖမ်းလိုက်၏။ သို့သော် သူ၏ ပုံရိပ်မှာ အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားရပြီး၊ သူ၏ နှုတ်ခမ်းများမှ ညည်းညူသံ တစ်ချက် ထွက်ပေါ်လာသည်။ သူ၏ မျက်နှာမှာ ဖြူလိုက် နီလိုက် ဖြစ်သွားပြီး၊ တံဆိပ်ပြား ကို ဖမ်းမမိဘဲ လွတ်ကျတော့မတတ် ပင် ဖြစ်သွားရ၏။

'အား... အားကြီးလိုက်တာ။ ဒီကောင် ကျင်းဖုန်း... ငါ့ကို တမင် သက်သက် အရှက်ခွဲနေတာပဲ'

သို့သော်လည်း၊ ဟွမ်မင် သည် သူ၏ လက်ထဲသို့ ရောက်လာသော ဘိုးဘေးကြီး ၏ တံဆိပ်ပြား ကို မြင်လိုက်ရသောအခါ... သူ၏ မျက်လုံးအိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွား‌တော့သည်။ သူသည် တာအိုဆရာ ကျင်းဖုန်း ကို မော့ကြည့်လိုက်ရာ၊ သူ၏ မျက်ဝန်း အောက်ခြေတွင် ကြောက်မက်ဖွယ် ထိတ်လန့်မှုများ အထင်းသား ပေါ်လွင် နေတော့၏။

အပြင်လူ တွေ က နားမလည်ကောင်း နားမလည်နိုင်ပေမဲ့... သူ ကတော့ လုံးဝကို ရှင်းရှင်းလင်းလင်း သိနေသည်လေ

သူတို့ ဟွမ် မိသားစု ရဲ့ ဘိုးဘေးကြီး က... လွန်ခဲ့သေယ အနှစ် ဆယ်ကျော် ကတည်းက သူ့ရဲ့ ဝိညာဉ် ကျောက်စာတိုင် ကြီး လုံးဝ အစအန မကျန်အောင် ကွဲကြေ ပျက်စီးသွားခဲ့ပြီးပြီ။ သေသွားခဲ့ပြီလေ။

'ဘိုးဘေးကြီး သေသွားတာ ဆယ်နှစ်တောင် ကျော်နေပြီလေ... ဒီတံဆိပ်ပြား က ဘယ်လိုလုပ် ဒီကောင့် လက်ထဲ ရောက်နေတာလဲ'

‘သူ သေဆုံးသွားခဲ့တာ ကလည်း ပိုးစာပင် နယ်မြေ ရဲ့ ကုန်းမြေမကြီး ပေါ်မှာ။

ပြီးတော့ အဲဒီတုန်းက ဘိုးဘေးကြီး နဲ့ အတူတူ လိုက်သွားခဲ့တဲ့ သူတွေ ထဲမှာ... အခု သူ့ရှေ့မှာ ရပ်နေတဲ့ ဒီ တာအိုဆရာ ကျင်းဖုန်း ပါပါတယ်။ ရွှေအမြုတေ အဆင့် (၉) ကြီးမြတ်တဲ့ ကျင့်ကြံသူ... ကျင်း မိသားစု ရဲ့ ဘိုးဘေးလေ။

အခုတော့ သူတို့ရဲ့ ဘိုးဘေးကြီး သေသွားတာ နှစ်ပေါင်း အတော်ကြာနေပြီ ဖြစ်ပေမဲ့... အဲဒီတုန်းက အတူတူ ပါသွားတဲ့ တာအိုဆရာ ကျင်းဖုန်း က ဘိုးဘေးကြီး ရဲ့ တံဆိပ်ပြား ကို ကိုင်ပြီး ပြန်ရောက်လာတယ်။ ပြီးတော့ ဧည့်သည်တော် တွေကို ဘိုးဘေးကြီး နဲ့ ပေးတွေ့ဖို့ ခေါ်လာတယ် လို့ ပြောနေတယ် ဟုတ်လား’

‘ဘယ် သောက်ရူးက လာပြီး လိမ်နေတာလဲ’

'မင်း ငါ့ကို ကလေး မှတ်နေလား... လူသေ နဲ့ ဘယ်လို သွားတွေ့ရမှာလဲ။ ဒီကောင် ကျင်းဖုန်း.. သေချာပေါက် သစ္စာဖောက်သွားပြီ'

ဟွမ်မင် သည် အသံကုန် ဟစ်အော် ကြိမ်းမောင်းပစ်ချင်နေသော်ငြားလည်း၊ ထိုစကားများ နှုတ်ခမ်းဖျား သို့ ရောက်လာသောအခါ သူ မပြောရဲတော့ချေ။

သူတို့ ဟွမ် မိသားစု ၏ ဘိုးဘေးကြီး သေဆုံးသွားကြောင်း သတင်းကို ယခုအချိန် အထိ အပြင်လူများ မသိစေရန် ဖုံးကွယ်ထားခဲ့သည်။ သို့သော်လည်း သတင်း အစအန အချို့ ပေါက်ကြားသွားပုံ ရပြီး၊ လတ်တလော ရက်များ အတွင်း လူအများအပြား သည် ဟွမ် မိသားစု ၏ တုံ့ပြန်မှု များကို လာရောက် စမ်းသပ် အကဲခတ် နေကြ၏။

‘တကယ်လို့သာ သူက အခု တာအိုဆရာ ကျင်းဖုန်း ကို ပြန်လည် ငြင်းဆန်လိုက်မယ် ဆိုရင်... ဘာမှ မလိုအပ်ဘဲ နဲ့ သူ့ကိုယ်သူ ဖော်ကောင် လုပ်သလို ဖြစ်မသွားဘူးလား’

'ငါ ပါးစပ် ဟလိုက်တာ နဲ့ ဘိုးဘေးကြီး သေပြီ ဆိုတာ တစ်လောကလုံး သိသွားမှာ... ငါ အခု အချိန်မှာ မသိချင်ယောင် ဆောင်နေမှ ရမယ်'

‘ဒါ့အပြင်...ငါက တာအိုဆရာ ကျင်းဖုန်း ရဲ့ ပြိုင်ဘက် မှ မဟုတ်တာ’

'ငါက ရွှေအမြုတေ အဆင့် (၇) ပဲ ရှိတာလေ... အဆင့် (၉) ကို ဘယ်လို သွားယှဉ်နိုင်မှာလဲ။ တိုက်ရင် ငါ အသေပဲ'

‘ဒါပေမဲ့လည်း... ဒီ စစ်သင်္ဘောကြီး ပေါ်မှာ တကယ်တော့ ဘယ်သူတွေ ပါလာတာလဲ။ ပြီးတော့ တာအိုဆရာ ကျင်းဖုန်း ရဲ့ လက်ရှိ အခြေအနေ က ဘာလဲ’

‘တကယ်လို့များ သူတို့ကို မိသားစု နယ်မြေ ထဲကို ဘာအတားအဆီး မှ မရှိဘဲ ဝင်ခွင့် ပြုလိုက်မယ် ဆိုရင်... အဲဒါက ဟွမ် မိသားစု အတွက် ကြီးမားတဲ့ ဘေးအန္တရာယ် ကြီး တစ်ခုကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားနိုင်တယ်’

'မဖြစ်ဘူး... သူတို့ကို ဝင်ခွင့်ပေးလို့ လုံးဝ မဖြစ်ဘူး။ အိမ်ထဲ သူခိုးသွင်းသလို ဖြစ်သွားလိမ့်မယ်'

‘ဒီ တာအိုဆရာ ကျင်းဖုန်း... သေချာတယ်... သူ ဟွမ် မိသားစု ကို သစ္စာဖောက်သွားပြီ’

သူ၏ နတ်ဘုရား အာရုံများ သည် သူ၏ ချန်ခွင်း အိတ် အတွင်းသို့ တိုးဝင်သွားပြီး၊ မိသားစု ကို သတိပေးရန် အတွက် ဆက်သွယ်ရေး တံဆိပ်ပြား ကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင်... တာအိုဆရာ ကျင်းဖုန်း ၏ မျက်လုံးများမှာ ပြောင်းလဲသွားတော့၏။ သူ၏ အေးစက်သော အကြည့်များက ဟွမ်မင် ထံသို့ စူးစိုက် ကျရောက်လာသည်။

တာအိုဆရာ ကျင်းဖုန်း သည် အေးစက် ကြက်သီးထဖွယ် ကောင်းသော လေသံဖြင့် လှောင်ပြောင်လိုက်သည်။

"အကြီးအကဲ ကိုး... ခင်ဗျား က သစ္စာ မရှိဘူးပဲ"

'ဟက်... ငါ့ရှေ့မှာ လာပြီး လှည့်ကွက် သုံးချင်နေတာလား။ စောစောလေး သေချင်နေတာပဲ'

"ဝီ..."

စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည် နှင့်အတူ... ထူးဆန်းသော ပုံသဏ္ဌာန် ရှိသည့်၊ ဓမ္မ တံဆိပ်တုံး တစ်ခု နှင့် တူသော အဆင့်မြင့် မှော်လက်နက် တစ်ခု သည် တာအိုဆရာ ကျင်းဖုန်း ၏ ဘေးတွင် ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် တာအိုဆရာ ကျင်းဖုန်း သည် စိတ်အာရုံကို စုစည်းလိုက်ပြီး၊ သူ၏ လက်များသည် လျင်မြန်စွာ လှုပ်ရှားကာ ဓမ္မ တံဆိပ်တုံး တစ်ခုကို ဖွဲ့တည်စေလိုက်‌တော့သည်။

ရုတ်တရက် ကောင်းကင် နှင့် မြေကြီး အကြားတွင် ကြမ်းတမ်းလှသော လေမုန်တိုင်း ကြီး တစ်ခု စတင် တိုက်ခတ်လာ၏။

မြေပြင်ကို လွှမ်းခြုံ တိုက်ခတ်လာသော လေပြင်းများ နှင့်အတူ၊ တာအိုဆရာ ကျင်းဖုန်း ၏ မှော်လက်နက် မှာ နောက်ချန် အရိပ် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရှေ့သို့ ပစ်လွှတ် ထွက်ပေါ်သွားကာ... လေမုန်တိုင်း ကြီး အတွင်းသို့ ပေါင်းစပ် ဝင်ရောက် သွား‌တော့သည်။

မန္တန် စွမ်းအား - လေဓားသွား မုန်တိုင်း။

မရေမတွက်နိုင်သော လေဓားသွား များသည် ဒေါသတကြီး လှိုင်းလုံးကြီးများ အလား၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ဟွမ်မင် ရှိရာသို့ လိမ့်ဆင်း တိုးဝင် လာကြ‌တော့၏။

တာအိုဆရာ ကျင်းဖုန်း ထုတ်ဖော်လိုက်သော မန္တန် စွမ်းအား ၏ အရှိန်အဝါ ကို အာရုံခံ မိလိုက်သောအခါ၊ ဟွမ်မင် ကြက်သီးထသွားရသည်။ သူသည် ရွှေအမြုတေ အဆင့် (၇) တွင်သာ ရှိသေးပြီး... ဟွမ်လင်း ကျွန်း တွင် နာမည်ကျော်ကြားလှသော ရွှေအမြုတေ အထွတ်အထိပ် အဆင့် တာအိုဆရာ ကျင်းဖုန်း ၏ အစွမ်းအစ နှင့် ယှဉ်လျှင် ကွာခြား လွန်းလှ၏။

'သေစမ်း... ဒီကောင် တကယ် အသေသတ်ဖို့ လုပ်နေပြီ။ ငါ ပြေးမှ ရတော့မယ်'

တာအိုဆရာ ကျင်းဖုန်း လှုပ်ရှားလိုက်သည့် အခိုက်အတန့် တွင်ပင်၊ ဟွမ်မင် သည် အပြည့်အဝ ခုခံ ကာကွယ်မှု အနေအထား သို့ ရောက်ရှိသွားခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် သူသည် အောက်ဘက်ရှိ ဆိပ်ကမ်း ၏ အခင်းအကျင်း ဆီသို့ လွတ်မြောက်ခြင်း နည်းစနစ် တစ်ခုကို အသက်သွင်း အသုံးပြုလိုက်သည်။

သို့သော်ငြားလည်း၊ သူ မည်မျှပင် မြန်ဆန်နေပါစေ... လောကကြီး ၏ ကြမ်းတမ်းလှသော လေပြင်း မုန်တိုင်း များကိုတော့ သူ ဘယ်လိုမှ မကျော်လွန်နိုင်ခဲ့ချေ။

ထို မန္တန် စွမ်းအား များ သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာတော့မည့် အချိန်လေး တွင်ပင်၊ ဟွမ်မင် သည် အသံကုန် ဟိန်းဟောက်လိုက်၏။ ရွှေအမြုတေ အဆင့် (၇) ၏ စွမ်းအားများ သည် သူ၏ ပတ်လည်တွင် ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ မရေမတွက်နိုင်သော ရေ ဖြင့် ဖန်တီးထားသည့် နဂါးများ သည် သူ၏ ပတ်ဝန်းကျင် တွင် ရုပ်လုံးပေါ်လာကြ၏။

ရေဖြင့် ဖန်တီးထားသော နဂါးများ အများအပြား သည် သူ၏ ပတ်လည်တွင် လှည့်ပတ် သွားလာနေကြ၏။ မျက်နှာကြက် တစ်ခု အလား ရေ အကာအကွယ် အလွှာ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ... တိုးဝင်လာသော လေမုန်တိုင်းကြီး ကို ခုခံ တားဆီးထားကြ၏။

'တားနိုင်ပါစေ... တားနိုင်ပါစေ... နည်းနည်းလေး ပဲ ဖြစ်ဖြစ် ခံနိုင်ရည် ရှိပါစေ'

"ဝုန်း..."

"ဖူး..."

ဟွမ်မင် ဖန်တီး စုစည်းထားသော ရေနဂါး များ၏ ရေ အကာအကွယ် အလွှာကြီး မှာ၊ အသက် နှစ်ရှူစာ အချိန်လေး အတွင်းမှာပင် လေမုန်တိုင်းကြီး ၏ ရိုက်ခတ်မှု ကြောင့် အစမကျန်အောင် တစ်စစီ ကွဲကြေ ပျက်စီး သွား‌တော့သည်။

ဟွမ်မင် သည် နည်းလမ်း အမျိုးမျိုး ကို အသုံးပြုကာ ကြိုးပမ်း လှုပ်ရှားခဲ့သော်ငြားလည်း၊ တာအိုဆရာ ကျင်းဖုန်း ၏ လေ မန္တန် စွမ်းအား များထံမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။

'သွားပြီ... ငါ တကယ် သေရတော့မှာလား’

အခန်း (၅၂၄) - အင်ပါယာ သင်္ချိုင်း ကျွန်းသခင် အသစ် (အပိုင်း - ၅)

ပြင်းထန်ရက်စက်လှသော လေမုန်တိုင်းကြီး အတွင်း၌၊ ဟွမ်မင် ၏ မန္တန်စွမ်းအား အကာအကွယ် အလွှာများမှာ တစ်ခုပြီးတစ်ခု စက္ကူစုတ်များ အလား ဆုတ်ဖြဲခံလိုက်ရသည်။ သူ၏ ရေ ဓာတ်သဘာဝ မန္တန်စွမ်းအားများမှာလည်း အဆက်မပြတ် ဖျက်ဆီးခံရပြီး၊ သူ ဝတ်ဆင်ထားသော အဆင့်မြင့် ကာကွယ်ရေး ဝတ်ရုံကြီး ပင်လျှင် အဆုံးအစမဲ့သော လေဓားသွားများ အောက်တွင် အစမကျန်အောင် စုတ်ပြတ်သတ် သွား‌တော့သည်။

'ငါ သေပြီ... ငါ တကယ် သေရတော့မှာလား။ ငါ့အကာအကွယ်တွေ အကုန် ပျက်ကုန်ပြီကွ...'

ထိုအခိုက်အတန့် တွင်ပင်၊ တာအိုဆရာ ကျင်းဖုန်း ၏ အဆင့်မြင့် မှော်လက်နက် ဖြစ်သော လေကွင်း အကွင်းကြီး သည် ရုတ်တရက် ထိုးဖောက် ဝင်ရောက်လာပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ဟွမ်မင် ၏ ဒန်တျန် ကို အပေါက် ဖောက်ချလိုက်ကာ... သူ၏ ခန္ဓာကိုယ် အတွင်းရှိ အစစ်အမှန် အမြုတေ ကိုပါ အစအန မကျန်အောင် ချေမှုန်း ဖျက်ဆီး ပစ်လိုက်‌တော့သည်။

မန္တန်စွမ်းအား ကျင့်ကြံခြင်း အခြေခံများ အားလုံး ပျက်စီး ဆုံးရှုံးသွားသောအခါ၊ ဟွမ်မင် သည် တာအိုဆရာ ကျင်းဖုန်း ၏ လေ မန္တန်စွမ်းအား များ၏ ဒဏ်ကို လုံးဝ မခံနိုင်တော့ဘဲ... ချက်ချင်းပင် အသားစများ အဖြစ် တစ်စစီ ဆုတ်ဖြဲ ခံလိုက်ရ‌တော့သည်။

အောက်ဘက်ရှိ ဆိပ်ကမ်း တွင်မူ၊

မုဖုန်း ကုန်သွယ်ရေး အသင်း၊ ထိုက်ယွမ် ကုန်သွယ်ရေး အသင်း နှင့် ရှီကျဲ့ ကျွန်း မှ ကျောက် မိသားစု တို့မှ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ သုံးဦးစလုံး ၏ မျက်နှာများမှာ ရုတ်ချည်း ပျက်ယွင်း သွားကြ၏။ ဟွမ်မင် တစ်ယောက် တာအိုဆရာ ကျင်းဖုန်း ၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ် အတွင်းမှာပင် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ သူတို့ အားလုံး အကြီးအကျယ် ထိတ်လန့် မှင်သက် သွားကြ၏။

'သေစမ်း... ဟွမ်မင် လို ကောင်ကြီးက တစ်ကွက်တည်း နဲ့ အသတ်ခံလိုက်ရတာလား။ ဒီကောင်တွေ ဘယ်လိုတောင် ကြမ်းနေတာလဲ။'

ထို့နောက် တာအိုဆရာ ကျင်းဖုန်း သည် ဆိပ်ကမ်း ရှိရာသို့ ခပ်ယဲ့ယဲ့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူသည် သူ၏ လေကွင်း ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး၊ စစ်သင်္ဘောကြီး ပေါ်သို့ ပြန်လည် ပျံသန်း ဝင်ရောက် သွားသည်။ စစ်သင်္ဘောကြီး သည် ဟွမ်လင်း ကျွန်း ၏ အနက်ပိုင်း ဆီသို့ ဆက်လက် ဦးတည် ထွက်ခွာ သွား‌တော့သည်။

ထို သုံးဦးစလုံး သည် သူတို့၏ စွမ်းအားများ ဖြင့် စစ်သင်္ဘောကြီး ကို အာရုံခံ လိုက်ကြပြီး၊ သူတို့၏ မျက်နှာ အမူအရာများမှာ ခန့်မှန်းရ ခက်လောက်အောင် အဆက်မပြတ် ပြောင်းလဲ နေကြ၏။

"ဒါ... ဒါ ဘယ်သူ့ရဲ့ စစ်သင်္ဘောကြီး လဲဟ"

"ဒီကောင်တွေ က ဟွမ်လင်း ကျွန်း ပေါ်ကို ဒီတိုင်းကြီး အတင်း ဝင်ချသွားတာလား။ ဟွမ် မိသားစု ရဲ့ ဘိုးဘေးကြီး အသက်ရှင် နေသေးတယ် ဆိုတာကို သူတို့ နည်းနည်းလေး မှ မကြောက်ကြဘူးလား။ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ရဲ့ လက်တုံ့ပြန်မှု ကို လုံးဝ ဂရုမစိုက်တာလား"

"အခြေအနေ မဟန်တော့ဘူး... ဒီကောင်တွေ က အတင်း ဝင်စီးတော့မှာ"

မမျှော်လင့်ထားသော ဤ အဖြစ်အပျက် ကြောင့် သူတို့ သုံးဦးစလုံး မှာ အကြီးအကျယ် ထိတ်လန့် ပျာယာခတ် သွားကြပြီး၊ ဒေါသတကြီး အံကြိတ်လိုက်ကြ၏။

'လခွမ်း... ဘယ်ကနေ ဘယ်လို ရောက်လာတဲ့ အင်အားစု ကများ လာပြီး ရှုပ်နေတာလဲ။ ဟွမ်လင်း ကျွန်း ထဲကို အတင်း ဝင်ပြီး ဟွမ် မိသားစု ရဲ့ အကြီးအကဲ ကိုး ကိုတောင် သတ်သွားသေးတယ်။'

'သွားပြီ... သွားပြီ။ ငါတို့ အပိုင် ကြံထားတဲ့ အစီအစဉ် ကြီးတော့ ဒီကောင်တွေ ကြောင့် သေချာပေါက် ပျက်စီး ရတော့မယ်။'

သူတို့ သုံးဦး သည် တစ်ဦးကို တစ်ဦး အဓိပ္ပာယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်ကြသည်။ ဘာစကား တစ်ခွန်းမျှ မဟတော့ဘဲ၊ သူတို့၏ ပုံရိပ်များမှာ ထိုနေရာမှ အသီးသီး ပျောက်ကွယ် သွားကြ၏။ သူတို့ အားလုံး သည် သူတို့၏ နောက်ကွယ်ရှိ အင်အားစု ကြီးများ ထံသို့ ဤ သတင်းကို အသိပေး အကြောင်းကြားရန် နည်းလမ်းများ ကိုယ်စီ ရှာဖွေ နေကြ‌တော့၏။

တစ်ချိန်တည်းမှာပင်၊

စစ်သင်္ဘောကြီး ပေါ်တွင်မူ၊ စုယွီ၊ တာအိုဆရာ နဂါးနက် နှင့် တာအိုဆရာ ဖူကျန်း တို့ အားလုံး သည် သူတို့၏ အကြည့်များကို ပြန်လည် ရုပ်သိမ်း လိုက်ကြ၏။ ဆိပ်ကမ်း တွင် ရွှေအမြုတေ အဆင့် ၏ အရှိန်အဝါ အချို့ ကျန်ရှိနေသေးသော်ငြားလည်း၊ သူတို့ အတွက်မူ ထိုအရာများမှာ အသေးအမွှား ကိစ္စလေးများ မျှသာ ဖြစ်သည်။

လာရောက် ပိတ်ဆို့ ဟန့်တားသော အကြီးအကဲ ကိုး ဟွမ်မင် ကို ရှင်းလင်းပြီး သွားသောအခါ၊ သူတို့သည် စစ်သင်္ဘောကြီး ကို ဟွမ် မိသားစု ၏ နယ်မြေ ရှိရာသို့ ဆက်လက် ဦးတည် မောင်းနှင် သွားကြ၏။

ဟွမ်လင်း ကျွန်း ၏ အကျယ်အဝန်း မှာ သေးငယ်လှသည် မဟုတ်ဘဲ၊ တာ့ယွဲ့ နန်းတော် ၏ ထက်ဝက်ခန့် နီးပါးပင် ကျယ်ဝန်းသည်။ စစ်သင်္ဘောကြီး သည် ကျွန်းပေါ်မှ ဖြတ်ကျော် ပျံသန်းရန် အတွက် တစ်ရက် တိတိ အချိန်ယူ ခဲ့ရပြီးနောက်မှသာ... ဟွမ် မိသားစု ၏ စစ်မှန်သော မိသားစု နယ်မြေ ဖြစ်သည့် ဟွမ်လင်း တောင်တန်း သို့ ရောက်ရှိသွား၏။

ဤနေရာမှာ ဟွမ်လင်း ကျွန်း တစ်ခုလုံး ၏ ကောင်းကင် နှင့် မြေကြီး ဝိညာဉ် သွေးကြော ဆုံမှတ် ဗဟို ချက်မ ဖြစ်ပြီး၊ ဟွမ် မိသားစု နယ်မြေ ၏ အလယ်ဗဟို တွင် တည်ရှိသည်။ ၎င်းတွင် ဟွမ် မိသားစု ဘိုးဘေးကြီး ယခင်က ကျင့်ကြံ နေထိုင်ခဲ့သော စတုတ္ထအဆင့် အသေးစား လျှို့ဝှက် နယ်မြေလေး တစ်ခု လည်း ပါဝင်၏။

ဟွမ်လင်း တောင်တန်း ကြီး တစ်ခုလုံး မှာ အလွန် ကျယ်ပြန့်လှသည်။ အပြင်ဘက် ဧရိယာ များတွင် ဝိညာဉ် စွမ်းအင် သိပ်သည်းဆ မှာ ပထမအဆင့် ဝိညာဉ် သွေးကြော များနှင့် ဆင်တူပြီး၊ အဆင့်နိမ့် ဝိညာဉ် ဆန် အချို့ကို စိုက်ပျိုးနိုင်စွမ်း ရှိသည်။ တောင်တန်း ၏ အနက်ပိုင်း သို့ ပိုမို ဝင်ရောက် သွားလေလေ၊ ကောင်းကင် နှင့် မြေကြီး ၏ ဝိညာဉ် စွမ်းအင်များ မှာ ပိုမို သိပ်သည်း လာလေလေ ပင် ဖြစ်၏။

သို့သော်ငြားလည်း၊ ဟွမ် မိသားစု သည် ဟွမ်လင်း တောင်တန်း ကို အလွန်အကျွံ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း မျိုး မပြုလုပ်ခဲ့ချေ။ သူတို့သည် ဝိညာဉ် စိုက်ခင်း များကို အများအပြား ချဲ့ထွင်ခြင်း မပြုလုပ်ခဲ့ဘဲ... ထိုအစား တောင်တန်း ၏ ကောင်းကင် နှင့် မြေကြီး ဝိညာဉ် စွမ်းအင် များကို စုစည်းကာ ဟွမ် မိသားစုဝင် များ၏ ကျင့်ကြံခြင်း အတွက်သာ အဓိက ထောက်ပံ့ ပေးထားခဲ့သည်။

ဤအခိုက်အတန့် တွင်မူ၊ ဟွမ်လင်း တောင်တန်း အတွင်းရှိ ဟွမ် မိသားစု ၏ နယ်မြေ တစ်ခုလုံး မှာ အမြင့်ဆုံး အရေးပေါ် အခြေအနေ သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ တောင်တန်း ကာကွယ်ရေး အခင်းအကျင်း ကြီး ကို အပြည့်အဝ အသက်သွင်း ထားပြီး၊ ၎င်းထံမှ ထွက်ပေါ်နေသော တောက်ပလှသည့် အင်မော်တယ် အလင်းတန်း ကြီးများကို မိုင်ရာပေါင်းများစွာ အဝေးမှပင် ရှင်းလင်းစွာ မြင်တွေ့ နိုင်၏။ ဟွမ် မိသားစု က ကုန်ကျစရိတ် အမြောက်အမြား အကုန်အကျ ခံကာ တည်ဆောက်ထားခဲ့သော စတုတ္ထအဆင့် အဆင့်နိမ့် ကာကွယ်ရေး အခင်းအကျင်း ကြီး အသက်ဝင် လာသောအခါ... ထို အင်မော်တယ် အရှိန်ဝါ ကြီးမှာ ကောင်းကင် နှင့် မြေကြီး ကိုပင် တုန်လှုပ် သွားစေပြီး၊ အနီးအနားရှိ မြို့များမှ ကျင့်ကြံသူ များကို အလွန် ထိတ်ပျာသွားစေသည်။

"ဘာတွေ ဖြစ်နေတာလဲ ဟ... ဟွမ် မိသားစု က ဘာလို့ သူတို့ရဲ့ တောင်တန်း ကာကွယ်ရေး အခင်းအကျင်း ကြီး တစ်ခုလုံး ကို အသက်သွင်း လိုက်ရတာလဲ"

"ဘုရား... ဘုရား... စတုတ္ထအဆင့် အဆင့်နိမ့် တောင်တန်း ကာကွယ်ရေး အခင်းအကျင်း ကြီး ပါလား။ ဒီ အရှိန်အဝါ ကြီးက တကယ် ကြောက်စရာ ကောင်းလွန်းတယ်။ ဒီလောက် အဝေးကြီး ကနေတောင် ငါ့ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေတာ... တကယ်လို့ ဒီထက် ပိုနီးမယ် ဆိုရင်... ဒီ အခင်းအကျင်း ကြီး ရဲ့ အရှိန်အဝါ နဲ့ တင် ငါ အဖိခံရပြီး သေသွားလောက်တယ်"

"မြန်မြန်... မြန်မြန် လစ်ကြစို့။ ဟွမ် မိသားစု တောင်မှ သူတို့ရဲ့ တောင်တန်း ကာကွယ်ရေး အခင်းအကျင်း ကြီး ကို အသက်သွင်း ရတယ် ဆိုတော့... ပြဿနာ အကြီးကြီး တစ်ခုခု ဖြစ်တော့မှာ သေချာတယ်။ ဒီ ဈေးတန်း ထဲမှာ ဆက်နေလို့ လုံးဝ မရတော့ဘူး... အဲဒီလိုမှ မဟုတ်ရင်... အဲဒီ အင်အားစု ကြီးတွေ အချင်းချင်း ချကြတဲ့ အရှိန်လေး နည်းနည်း လာဟပ်တာ နဲ့ တင် ငါတို့ အသက်တွေ သွားနိုင်တယ်"

ဟွမ်လင်း တောင်တန်း ကြီး ၏ ပတ်ဝန်းကျင် ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူ ဈေးတန်းများ၊ မြို့ငယ်လေးများ နှင့် ကျင့်ကြံခြင်း မိသားစု အင်အားစု များ အားလုံး မှာ အကြီးအကျယ် တုန်လှုပ် ချောက်ချား သွားကြ၏။

ကျင့်ကြံသူ များစွာ သည် အလွန်အမင်း ထိတ်လန့် သွားကြပြီး ထိုနေရာမှ တိုက်ရိုက် ထွက်ပြေးကာ... အဝေးသို့ လွတ်ရာ ကျွတ်ရာ အလျင်အမြန် ရှောင်တိမ်း သွားကြ‌တော့သည်။

ဘာတွေ ဖြစ်တော့မည်ကို သူတို့ တိတိကျကျ မသိကြသော်ငြားလည်း၊ ယခု အချိန်တွင် ဟွမ်လင်း တောင်တန်း နှင့် ဝေးရာသို့ ထွက်ခွာ သွားခြင်းက အလုံခြုံဆုံးသော ရွေးချယ်မှု ပင် ဖြစ်သည်။

တကယ်လို့ ဘာပြဿနာ မှ မရှိခဲ့ဘူး ဆိုလျှင်... ဒါမှမဟုတ် ပြဿနာ တွေ အားလုံး ပြီးသွား၍ အခြေအနေ တွေ တည်ငြိမ် သွားပြီ ဆိုသော အချိန်ကျမှ... သူတို့ ပြန်လာလို့ ရသေးသည်ပဲလေ။ ထို အင်အားစု ကြီးများ သည် မိမိတို့လို.. သာမန် လူငယ်များ အပေါ်သို့ အမျက်ဒေါသ များကို ပုံချ လာမည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင်၊

ဟွမ် မိသားစု အတွင်း၌မူ... မူလဝိညာဉ် အဆင့် သို့မဟုတ် အတုအယောင် အမြုတေ အဆင့် သို့ ကျော်ဖြတ် ဝင်ရောက်နိုင်ရန် အတွက် အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေလေ့ ရှိသော ဟွမ် မိသားစု ၏ ခေါင်းဆောင် ဖြစ်သူ သည်... အကြီးအကဲ တစ်စု ၏ အပူတပြင်း ဖိတ်ခေါ်မှု ကြောင့် တံခါးပိတ် ကျင့်ကြံရာ မှ ထွက်ပေါ် လာခဲ့ရသည်။

ဟွမ် မိသားစု ၏ အနက်ပိုင်း၊ ခမ်းနား ကြီးကျယ်လှသော မိသားစု ခန်းမဆောင် ကြီး အတွင်း၌၊

ဟွမ် မိသားစု ၏ ခေါင်းဆောင် ဖြစ်သူ ဟွမ်ဖူ ၏ မျက်နှာ အမူအရာ မှာ အလွန်တရာ မှိုင်းညို့ နေ၏။ သူ၏ အကြည့်များ သည် ခန်းမဆောင် အတွင်းရှိ အကြီးအကဲ များ၏ မျက်နှာများ ပေါ်သို့ တစ်ဦးချင်းစီ ဝေ့ကြည့် သွားသည်။ သူသည် အတုအယောင် အမြုတေ အဆင့် သို့ ကျော်ဖြတ် ဝင်ရောက်နိုင်ရန် အတွက် အခွင့်အလမ်း တစ်ခု ကို အမြဲတမ်း ရှာဖွေနေခဲ့သော်ငြားလည်း၊ ဤ ဆယ်နှစ် ဟူသော အချိန်တိုလေး မှာ လုံးဝ မလုံလောက်ခဲ့ချေ။

'လခွမ်း... ငါ အဆင့်တက်ဖို့ နည်းနည်းလေး လိုနေတဲ့ အချိန်ကျမှ... မိသားစု ထဲမှာ ပြဿနာ တွေ တန်းစီပြီး တက်လာနေပြီ။'

'ဆိပ်ကမ်း မှာ တာဝန်ကျနေတဲ့ အကြီးအကဲ ကိုး ..သေသွားပြီ တဲ့။ အရင်က ဘိုးဘေးကြီး နောက်ကို တစ်ကောက်ကောက် လိုက်နေတဲ့ အဲဒီ တာအိုဆရာ ကျင်းဖုန်း ရဲ့ လက်ချက် နဲ့ သေတာတဲ့လား။'

'တစ်ချိန်တည်းမှာပဲ... အဲဒီကောင်တွေ က ဟွမ်လင်း ကျွန်း ပေါ်ကို စစ်သင်္ဘောကြီး တစ်စင်း နဲ့ အတင်း ဝင်ချလာပြီး၊ ငါတို့ ဟွမ် မိသားစု ဆီကို တည့်တည့်မတ်မတ် လာနေကြပြီ။ ဒါက အကောက်ကြံဖို့ လာတာ အထင်းသားကြီးပဲ။'

'ဒါပေမဲ့ ငါတို့က အခုထိ ရန်သူက ဘယ်သူလဲ... သူတို့ရဲ့ အစွမ်းအစ က ဘယ်လောက် ရှိလဲ... ပြီးတော့ လူ ဘယ်နှစ်ယောက် ပါလာလဲ ဆိုတာကို လုံးဝ မသိရသေးဘူး။ သောက်ကျိုးနည်း အခြေအနေပဲ။'

မုန်တိုင်း မလာမီ လေပြင်းများ တိုက်ခတ်နေသော အဆောက်အအုံ ကြီး တစ်ခု အတွင်းသို့ ရောက်နေရသကဲ့သို့ ဖိနှိပ်ခံထားရသော ဤ ခံစားချက် ကြီးမှာ... ဟွမ်ဖူ ၏ နှလုံးသား အပေါ်သို့ တောင်ကြီး တစ်လုံး ဖိကျိတ်ထားသလို လေးလံလွန်းလှပြီး၊ သူ့ကို အသက်ရှူရပင် ကြပ်စေသည်။

တကယ်လို့များ သူတို့ အနေဖြင့် အတုအယောင် အမြုတေ အဆင့် ကို ဖြစ်စေ၊ မူလဝိညာဉ် အဆင့် ကို ဖြစ်စေ... အောင်မြင်စွာ မဝင်ရောက်နိုင်လျှင်... ဟွမ် မိသားစု ၏ လက်ရှိ အင်အား လေး ဖြင့် ဤ ဟွမ်လင်း ကျွန်း ကြီးကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲလှပေလိမ့်မည်။

သူ၏ ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများ အလျင်စလို ဖြတ်ပြေး သွားပြီးနောက်၊ ဟွမ်ဖူ သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး မေးလိုက်၏။

"မိသားစု မျိုးစေ့ တွေကို ရွေးချယ်ပြီးပြီလား"

"အိမ်တော်သခင်... အကုန် ရွေးချယ်ပြီးပါပြီ။ ပြီးတော့ သူတို့ကို မိသားစု နယ်မြေ ရဲ့ အပြင်ဘက်ကို တိတ်တဆိတ် ပို့လိုက်ပါပြီ။ အကြီးအကဲ ငါး က သူတို့ နဲ့အတူ ထွက်သွားပါပြီ ခင်ဗျာ။ တကယ်လို့ မိသားစု ကို တစ်ခုခု အရေးအကြောင်း ဖြစ်လာခဲ့မယ် ဆိုရင်... အကြီးအကဲ ငါး က သူတို့ကို ခေါ်ပြီး ဟွမ်လင်း ကျွန်း ကနေ ထွက်သွားပါလိမ့်မယ်... ပြီးရင် အမည်ဝှက် နဲ့ပဲ ဆက်လက် ရှင်သန် နေထိုင်ကြပါလိမ့်မယ်"

ထိုစကားကို ကြားသောအခါ ဟွမ်ဖူ သည် သက်ပြင်း တစ်ချက်ကို ဖွဖွလေး ရှူထုတ်လိုက်သည်။ ဒါက တော်တော်လေး ကောင်းပါတယ်။ မိသားစု ၏ သွေးမျိုးဆက် မျိုးစေ့များ ကျန်ရှိနေသေးသရွေ့... သူတို့ ဟွမ် မိသားစု ကို တစ်ခုခု ဖြစ်သွားခဲ့လျှင်တောင်မှ၊ သူတို့၏ မျိုးဆက် ကို ဆက်လက် ထိန်းသိမ်းထားနိုင်သေးသည် မဟုတ်ပါလော။

နောင်တစ်ချိန် အနာဂတ် တွင်... သူတို့ အနေဖြင့် ပြန်လည် အသက်ဝင် နိုးထလာနိုင်မည့် အခွင့်အရေး မျိုး သေချာပေါက် ရရှိလာနိုင်သေးသည်။

"ဒါဆိုလည်း... သွားကြတာပေါ့။ ငါတို့ရဲ့ ဧည့်သည်တော် တွေကို ကြိုဆိုဖို့ ပြင်ဆင်ကြစို့။ ငါတို့ ဟွမ် မိသားစု ရဲ့ လက်ရှိ အခြေခံ အုတ်မြစ် တွေ နဲ့ ဆိုရင်... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ကိုယ်တိုင် ကိုယ်ကျ ဆင်းလာရင်တောင်မှ... ငါတို့ကို ခြိမ်းခြောက်နိုင်ဖို့ ဆိုတာ သေချာပေါက် မလွယ်ပါဘူး"

အခန်း (၅၂၅) - အင်ပါယာ သင်္ချိုင်း ကျွန်းသခင် အသစ် (အပိုင်း - ၆)

"အစွမ်းအစ မှ မရှိဘဲနဲ့... ငါတို့ ဟွမ် မိသားစု ရဲ့ ဘိုးဘေးတွေ အသွေးအသား နဲ့ တည်ဆောက်ခဲ့တဲ့ ဒီ အခြေခံ အုတ်မြစ် ကြီးကို လာလုချင်နေတာလား။ ဟက်... လေထဲ တိုက်အိမ် ဆောက်နေသလိုပဲ... အိပ်မက် မက်နေလိုက်ကြစမ်း"

ဟွမ် မိသားစု ၏ အကြီးအကဲ များသည် တစ်ဦးပြီး တစ်ဦး နေရာမှ မတ်တပ် ရပ်လိုက်ကြပြီး၊ မိသားစု ခေါင်းဆောင် ဟွမ်ဖူ ထံသို့ ရိုသေစွာ ဦးညွှတ်ကာ ပြိုင်တူ ဖြေကြားလိုက်ကြ၏။

"ဟုတ်ကဲ့ပါ..."

"ဝီ..."

သူတို့၏ စကားမဆုံးမီလေး တွင်ပင်၊ ရုတ်တရက် အလွန်တရာ ကြီးမားလှသော ဟင်းလင်းပြင် စွမ်းအားကြီး တစ်ခု သည် အထက်မှနေ၍ ဒလဟော ဖိကျလာသည်။ မိသားစု ခန်းမဆောင် ကြီး ၏ အလယ်ဗဟိုရှိ ဟင်းလင်းပြင် မှာ လျင်မြန်စွာ လှိုင်းထ သွားပြီးနောက်... ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါ ကြီးများကို ထုတ်လွှတ်နေသည့် ပုံရိပ် တစ်ခု သည် မျက်စိတစ်မှိတ် အတွင်း ထွက်ပေါ် လာ‌တော့သည်။

ထို ဟင်းလင်းပြင် စွမ်းအားကြီး သည် ခန်းမဆောင် တစ်ခုလုံးကို ဖုံးလွှမ်း လွှမ်းမိုး သွားလေရာ၊ မိသားစု ခေါင်းဆောင် ဟွမ်ဖူ အပါအဝင်... ထိုနေရာတွင် ရှိနေကြသော လူအားလုံးမှာ ထိုနေရာတွင်ပင် ရေခဲ ရိုက်ခံလိုက်ရသကဲ့သို့ အေးခဲ သွားကြသည်။ အသက်ဝင်နေသော ပန်းချီကားချပ်ကြီး တစ်ခု အလား လုံးဝ လှုပ်ရှား၍ မရတော့ချေ။

သို့သော်ငြားလည်း၊ ဟွမ်ဖူ နှင့် အခြားသူများ သည် သူတို့၏ ရုပ်ခန္ဓာ များကို လှုပ်ရှား၍ မရတော့သော်လည်း... သူတို့၏ နတ်ဘုရား အာရုံများ နှင့် အသိစိတ် များမှာမူ ရှင်းလင်းစွာ ရှိနေဆဲ ပင် ဖြစ်သည်။

ဤအခိုက်အတန့် တွင်၊ သူတို့ အားလုံး၏ မျက်ဝန်းများ ထဲ၌ ပြင်းထန်သော အကြောက်တရား များ၊ အံ့အားသင့် ထိတ်လန့်မှု များ အထင်းသား ပေါ်လွင် နေပြီး... သူတို့၏ မျက်လုံးအိမ်များ မှာလည်း အပ်ပေါက် တစ်ပေါက်စာခန့် အထိ ပြင်းထန်စွာ ကျုံ့ဝင် နေကြ‌တော့၏။

'သူ... သူက ဘယ်သူလဲ'

'ဒါ... ဒါ ဘာ စွမ်းအား ကြီးလဲ။ အား... ငါက ရွှေအမြုတေ အဆင့် (၉) ကို ရောက်နေတဲ့ ဂုဏ်သရေရှိ ကျင့်ကြံသူ ကြီး တစ်ယောက်လေ... ဘာလို့ လက်တစ်ချောင်းလေး တောင် လှုပ်လို့ မရတော့တာလဲ'

'သူက ဘယ်လိုလုပ် ပေါ်လာတာလဲ... ဒီနေရာ ကို ဘယ်လိုလုပ် ရောက်လာတာလဲကွ'

သူတို့ အားလုံး၏ နတ်ဘုရား အာရုံများ သည် တာအို ရုပ်သေး ရှိရာသို့ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ကျရောက် သွားကြ၏။

တာအို ရုပ်သေး ၏ ရုတ်တရက် ထွက်ပေါ်လာမှု က ဟွမ်ဖူ နှင့် အခြားသူများ ကို မျက်စိတစ်မှိတ် အတွင်းမှာပင် လုံးဝ မလှုပ်ရှားနိုင်အောင် အေးခဲ သွားစေခဲ့သည်။ သူသည် မည်သည့် ခံစားချက်မျှ မရှိသော အေးစက်စက် မျက်လုံးများ ဖြင့် ဟွမ်ဖူ ၏ ဘေးရှိ ထိုင်ခုံ ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်း သွားပြီးနောက် ဝင်ထိုင်လိုက်သည်။

သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ခပ်လှမ်းလှမ်း မှ လက်ဖက်ရည် ပန်းကန်လုံးလေး တစ်လုံး သည် လေထဲတွင် လွင့်ပျံလာပြီး သူ၏ ရှေ့သို့ ရောက်ရှိလာ၏။

တာအို ရုပ်သေး ၏ လက်ထဲတွင်မူ အရက်အိုး တစ်အိုး ရှိနေပြီး၊ သူသည် သူ့ဘာသာ ဝိညာဉ် အရက် တစ်ခွက် ငဲ့ထည့်လိုက်သည်။

သူသည် သူ၏ အရက်ကို သူကိုယ်တိုင် ငဲ့ကာ... ဖြည်းညင်းစွာ တစ်ငုံ သောက်လိုက်၏။

ဘေးတွင် ရပ်နေသော ဟွမ်ဖူ မှာမူ အကြောက်တရား များကြောင့် တစ်ဆက်ဆက် တုန်ယင် နေလေပြီ။ တာအို ရုပ်သေး ၏ ကြီးမား ခမ်းနားလှသော အရှိန်အဝါ ကြီး အောက်တွင်၊ သူ၏ အတွင်းစိတ် ထဲမှ ကြောက်ရွံ့မှု များမှာ တစ်စထက်တစ်စ ပိုမို ပြင်းထန်လာရသည်။... သူ၏ နှလုံးသား နှင့် အသိစိတ် တစ်ခုလုံး ကို အကြောက်တရား များက လုံးဝ ဖုံးလွှမ်း သိမ်းပိုက် သွား‌တော့၏။

'ဒီလူ... ဒီလူကြီး'

'သူ့ကိုယ်ပေါ်က ထွက်နေတဲ့ အရှိန်အဝါ ကြီးက... သေချာပေါက် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး ရဲ့ အရှိန်အဝါ ပဲ'

'ပြီးတော့ သာမန် မူလဝိညာဉ် အဆင့် တောင် မဟုတ်ဘူး။ အဲဒီလိုမှ မဟုတ်ရင်... ငါတို့ ဟွမ် မိသားစု ရဲ့ စတုတ္ထအဆင့် တောင်တန်း ကာကွယ်ရေး အခင်းအကျင်း ကြီး ကို လုံးဝ ဂရုမစိုက်ဘဲ... ငါတို့ မိသားစု ခန်းမဆောင် ထဲကို ဒီလောက် လွယ်လွယ်ကူကူ ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ'

'ပြီးတော့ ငါတို့ အားလုံးကို ဖိနှိပ် ချုပ်ချယ် ထားတဲ့ ဒီ စွမ်းအား ကြီးက... ဒါ... ဒါ ဟင်းလင်းပြင် စွမ်းအား ကြီး လား'

'သေပြီ... ငါတို့တော့ တကယ် သေပြီ'

ခဏအကြာတွင်၊

ဟွမ် မိသားစု ခေါင်းဆောင် ဟွမ်ဖူ ကို ချုပ်ချယ်ထားသော ဟင်းလင်းပြင် စွမ်းအားကြီး မှာ ရုတ်တရက် ပျောက်ကွယ် သွားသည်။ ဟွမ်ဖူ သည် ချက်ချင်းပင် တုန်ခါသွားပြီး၊ ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ခွေကျ သွား‌တော့သည်။ သူသည် မရပ်မနား တုန်ယင်နေပြီး၊ သူ၏ မျက်နှာမှာ စက္ကူချပ် အလား ဖြူရော် နေကာ... မျက်ဝန်းများ ထဲတွင်မူ အကြွင်းမဲ့ အကြောက်တရား များသာ ပြည့်နှက် နေ၏။

သူသည် တာအို ရုပ်သေး ဘက်သို့ ခေါင်းလှည့် ကြည့်ရန်ပင် သတ္တိ မရှိတော့ချေ။

ထိုအခိုက်အတန့် တွင်၊ တာအို ရုပ်သေး ၏ အေးအေးလူလူ ရှိလှသော အသံ သည် မွှေးကြိုင်လှသော ဝိညာဉ် အရက် ၏ ရနံ့ နှင့်အတူ သူ၏ နားထဲသို့ ဝင်ရောက် လာသည်။

"ဟွမ် မိသားစု ခေါင်းဆောင်... တကယ်လို့များ ငါ က မင်းတို့ကို အသက်ချမ်းသာ ပေးလိုက်မယ် ဆိုရင်... မင်းတို့ ဟွမ် မိသားစု က ငါ့အတွက် ဘာများ အသုံးဝင်မှာလဲ"

"ဒါမှမဟုတ်... မင်းတို့ရဲ့ ဘိုးဘေးကြီး ကို ရှင်းပစ်ခဲ့သလိုမျိုး... မင်းတို့ကိုပါ အကုန် ရှင်းပစ်လိုက်ရမလား"

'ဘာ...'

ဟွမ်ဖူ ၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်သွားပြီး၊ သူ၏ ဦးရေပြား တစ်ခုလုံး စပ်ဖျင်းဖျင်း ဖြစ်သွား၏။

'ဘိုးဘေးကြီး... ဘိုးဘေးကြီး သေတာ သူ့လက်ချက် လား'

အချိန် အတော်ကြာ လွန်မြောက် သွားပြီးနောက်၊ ဟွမ်ဖူ ၏ ခန္ဓာကိုယ် သည် အင်အား အနည်းငယ် ပြန်လည် ရရှိလာပုံ ရသည်။ သူသည် ဖြူရော်နေသော မျက်နှာ၊ တုန်ယင်နေသော ခန္ဓာကိုယ် ဖြင့် သူ၏ ထိုင်ခုံ မှ မတ်တပ် ထရပ်လိုက်ပြီး၊ တာအို ရုပ်သေး ၏ ရှေ့သို့ လျှောက်သွားကာ... လှည့်၍ 'ဒုတ်' ကနဲ ဒူးထောက် ကျသွား‌တော့၏။

ဟွမ်ဖူ သည် တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် တောင်းပန်လိုက်သည်။

"အရှင်သခင်ကြီး ခင်ဗျာ... ကျေးဇူးပြုပြီး ကျွန်တော်တို့ ဟွမ် မိသားစု ကို အသက်ရှင်ခွင့် လေး တစ်ကြိမ်လောက် ပေးပါဗျာ"

...

မြေကမ္ဘာအင်မော်တယ် နယ်မြေ၊ အင်မော်တယ် ဂိတ်တံခါးဝယ်၊

စုယွီ သည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် မှ ဤနေရာသို့ တစ်ယောက်တည်း ပြန်လည် ရောက်ရှိ လာခဲ့သည်။ အာရုံလှည့်စားမှု ရွှံ့ညွန်တော အပျက်အစီး နေရာ ကြောင့် စတင် ဖြစ်ပွားခဲ့သော လူသား ကျင့်ကြံသူများ နှင့် မိစ္ဆာမျိုးနွယ်စုများ အကြားမှ ပဋိပက္ခ ကြီးမှာ ယခုတိုင် ဆက်လက် ဖြစ်ပွားနေဆဲ ပင်။ နှစ်ဖက်စလုံး သည် အတော်လေး ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီး၊ နောက်ထပ် ကျင့်ကြံသူ များ သို့မဟုတ် မိစ္ဆာကောင် များကို ထပ်မံ ခေါ်ယူ အင်အားဖြည့်တင်းခြင်း မျိုး မပြုလုပ်ကြချေ။

သူတို့သည် အာရုံလှည့်စားမှု ရွှံ့ညွန်တော ၏ အစွန်အဖျား တစ်ဝိုက်တွင်သာ ရင်ဆိုင် တိုက်ခိုက် နေကြပြီး၊ နှစ်ဖက်စလုံး တွင် ထိခိုက် ဒဏ်ရာရ သေဆုံးမှု များ ရှိနေကြ၏။ ဤ ပဋိပက္ခ ကြီး မည်သည့် အချိန်တွင် အဆုံးသတ်မည် ဆိုသည်ကိုတော့ မည်သူမျှ တပ်အပ် မပြောနိုင်ကြချေ။

စုယွီ လည်း အင်မော်တယ် ဂိတ်တံခါး သို့ အေးအေးဆေးဆေး ပြန်လာခဲ့ပြီး၊ သူ၏ တာ့ယွဲ့ တောင်ထွတ် ပေါ်တွင်သာ ဆက်လက် ကျင့်ကြံ နေလိုက်ပါသည်။

သူ၏ ကျောက်ဂူ စံအိမ်လေး အတွင်း၌၊

နေ့စဉ် ပုံမှန် ကျင့်ကြံခြင်း ကို ပြီးစီးသွားသောအခါ၊ စုယွီ သည် စီမံခန့်ခွဲရေး ခန်းမဆောင် မှ ရယူထားသော အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း တာဝန် ကို ဆက်လက် လုပ်ဆောင် နေသည်။ သူ ဖန်တီးနေသော တတိယအဆင့် အမြင့်ပိုင်း အဆောင်လက်ဖွဲ့ တစ်ခု အောင်မြင်စွာ ပြီးစီးသွားသောအခါ၊ သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးလေး တစ်ခု ထွက်ပေါ်လာရ၏။

ကောင်းကင် နှင့် မြေကြီး ၏ ဝိညာဉ် စွမ်းအင်များ ဒလဟော စီးဝင်လာပြီး အဆောင်လက်ဖွဲ့ ပေါ်ရှိ အရှိန်အဝါများ ပိုမို အားကောင်း လာသောအခါ၊ စုယွီ သည် ထို အဆောင်လက်ဖွဲ့ ကို သေချာစွာ သိမ်းဆည်း လိုက်ပါသည်။

သူသည် အဆောင်လက်ဖွဲ့ ရေးဆွဲရာတွင် သုံးသော စုတ်တံ ကို အောက်သို့ ချထားလိုက်ပြီး သက်ပြင်း တစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

စုယွီ က သူ့ဘာသာ တီးတိုး ရေရွတ်လိုက်၏။

"ဟွမ်လင်း ကျွန်းသခင်... မဆိုးပါဘူး"

'ဟဲဟဲ... အစတုန်းက ကောင်း မိသားစု ကို သိမ်းသွင်းတာကနေ စလိုက်တာ... အခုတော့ ဟွမ် မိသားစု ကိုပါ သိမ်းပိုက်ပြီး ဟွမ်လင်း ကျွန်း ကိုပါ ထိန်းချုပ်လိုက်နိုင်ပြီ။ ပင်လယ်ပြင် ဒေသ တစ်ခုလုံး ရဲ့ ကျွန်းသခင် ကြီး ဖြစ်သွားပြီပေါ့'

တာအို ရုပ်သေး ၏ လက်အောက် တွင် အသုံးပြုရန် ရရှိနိုင်သော အရင်းအမြစ် များမှာ တစ်စထက်တစ်စ ပိုမို များပြား တောင့်တင်း လာတော့၏။

"ဒီ ကျွန်း ကြီး ရှိနေပြီ ဆိုတော့... ငါ့ရဲ့ ရုပ်သေး ခန္ဓာကိုယ် က ဖူလင်း ပင်လယ်ပြင် ဒေသ မှာ အခြေခံ အခိုင်အမာ ချလို့ ရသွားပြီ။ တစ်ဖက် ကလည်း အနီရောင် ရုပ်သေး ရဲ့ မူလ စွမ်းအား တွေကို ဆက်ပြီး ပြန်လည် ကုစားလို့ ရသလို... တခြား တစ်ဖက် ကလည်း သူ့ရဲ့ ကိုယ်ပိုင် ဩဇာ အာဏာ တွေကို တဖြည်းဖြည်း စုဆောင်းလို့ ရသွားတာပေါ့"

"တကယ်လို့များ နောင်တစ်ချိန်... ငါ့ဆီမှာ ပြဿနာ တစ်ခုခု ပေါ်လာခဲ့မယ် ဆိုရင်... ပင်လယ်ပြင် ဘက်ကို လစ်ပြီး နာမည်ဝှက် နဲ့ သွားပုန်းနေလို့ ရတာပေါ့"

"ငါ့လို မြေကမ္ဘာအင်မော်တယ် နယ်မြေ က သာမန် တပည့်လေး တစ်ယောက် က... ပင်လယ်ပြင် ဒေသ က ကျွန်းသခင် ကြီး ဖြစ်နေမယ် လို့ ဘယ်သူ ကများ ထင်မှာလဲ"

'ဟားဟား... စဉ်းစားကြည့်ရုံ နဲ့တင် မိုက်နေပြီ'

တာအို ရုပ်သေး အနေဖြင့် ဟွမ် မိသားစု ကို အညံ့ခံအောင် လုပ်ရန်မှာ လုံးဝ မခက်ခဲခဲ့ချေ။

ဟွမ်ဖူ အညံ့ခံ သွားပြီးနောက်၊ အခြားသော ဟွမ် မိသားစု ၏ အကြီးအကဲ များ သည်လည်း တာအို ရုပ်သေး ၏ ရှေ့မှောက်တွင် တစ်ဦးပြီး တစ်ဦး ဒူးထောက် ခစား ခဲ့ကြ၏။ ဟွမ် မိသားစု က အသက်သွင်းထားခဲ့သော စတုတ္ထအဆင့် တောင်တန်း ကာကွယ်ရေး အခင်းအကျင်း ကြီး ကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီးနောက်... တာအိုဆရာ နဂါးနက်၊ ဖူကျန်း နှင့် ကျင်းဖုန်း တို့ သုံးဦး သည် လူများကို ဦးဆောင်ကာ ဟွမ် မိသားစု ၏ နယ်မြေ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာကြပြီး၊ ဟွမ် မိသားစု တစ်ခုလုံး ကို လုံးဝ ထိန်းချုပ် လိုက်ကြ‌တော့သည်။

ထို့နောက် ကောင်း မိသားစု တွင် ပြုလုပ်ခဲ့သကဲ့သို့ပင်၊ ဟွမ် မိသားစု ၏ ခေါင်းဆောင် အသစ် တစ်ဦးကို ရွေးချယ် တင်မြှောက်လိုက်ပြီး... ယခင် မိသားစု ခေါင်းဆောင်၊ အကြီးအကဲ များ နှင့် အခြားသော တာဝန်ရှိသူ များ အားလုံးကို ဖယ်ရှားကာ... သူတို့ စကားကို နာခံမည့် သူများ ဖြင့် အစားထိုး ခန့်အပ် လိုက်သည်။

အချိန် သိပ်မကြာမီ အတွင်းမှာပင်... ဟွမ် မိသားစု သည် သူတို့ အတွက် စစ်မှန်စွာ အလုပ်အကျွေး ပြုလာတော့မည် ဖြစ်သည်။

ဟွမ်ဖူ နှင့် ဟွမ် မိသားစု ၏ ယခင် အကြီးအကဲ များ ကိုတော့... ပင်လယ်ပြင် ဒေသ ရှိ အင်အားစု များ အကြား ဖြစ်ပွားသော ပဋိပက္ခ များကို ဖြေရှင်းရာတွင် အသုံးပြုရန် ချန်လှပ် ထားလိုက်သည်။ သူတို့ အားလုံး တွင် ကိုယ်စီ အသုံးဝင်မည့် နေရာ များ ရှိနေကြသည် မဟုတ်ပါလော။

ဟွမ်လင်း ကျွန်း ၏ ပြည်တွင်း ပြည်ပ ပြဿနာ များကို အလုံးစုံ ဖြေရှင်းပြီး သွားမှသာ... တာအို ရုပ်သေး အနေဖြင့် ထိုနေရာတွင် ကျွန်းသခင် ကြီး အဖြစ် အေးအေးဆေးဆေး ပုန်းအောင်း နေထိုင်နိုင်မည် ဖြစ်သည်။

ထိုအချိန်ကျမှ သူသည် ချီ သန့်စင်ရေး အိုး ၏ အပိုင်းအစ လေးကို ရုပ်သေး ခန္ဓာကိုယ် ထံမှ တစ်ဆင့် သူ့ထံသို့ ပြန်လည် ပို့ဆောင်ခိုင်းရန် အခွင့်အရေး ရရှိပါမည်။

"ချီ သန့်စင်ရေး အိုး ရဲ့ နောက်ထပ် အပိုင်းအစ တစ်ခု... တကယ်လို့ ဒီတစ်ခါသာ အဲဒီ အပိုင်းအစ နဲ့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့မယ် ဆိုရင်... ချီ သန့်စင်ရေး အိုး က မှော်လက်နက် အစစ် တစ်ခု ဖြစ်လာနိုင်မလား... ဒါမှမဟုတ် မှော်လက်နက် တစ်ခု ရဲ့ အကြမ်းဖျင်း ပုံစံမျိုး ဖြစ်လာမလား"

စုယွီ ၏ မျက်နှာပေါ်တွင် ဝမ်းသာ ပီတိ ဖြစ်မှု အရိပ်အယောင် အချို့ ထွက်ပေါ်လာပြီး၊ အလွန် မျှော်လင့် တောင့်တ နေမ်ိပါ၏။

"အဲဒီလိုသာ ဆိုရင်... ချီ သန့်စင်ရေး အိုး က စတုတ္ထအဆင့် ဝိညာဉ် အရည် တွေကို ထုတ်လုပ်ပေးနိုင်လာမှာ သေချာတယ်"

စတုတ္ထအဆင့် ဝိညာဉ် အရည် ၏ အကူအညီ ဖြင့် ဆိုလျှင်... သူ၏ ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် မှာ စတုတ္ထ အလွှာ သို့ အောင်မြင်စွာ ကျော်ဖြတ် ဝင်ရောက် သွားခဲ့လျှင်တောင်မှ... သူ ဆက်လက် ကျင့်ကြံရန် အတွက် လုံလောက်သော အရင်းအမြစ် များ ရှိနေမည် ဖြစ်သည်။

ခေတ္တမျှ စိတ်ကူးယဉ် တွေးတော ပြီးနောက်၊

စုယွီ သည် ရွှေပုစဉ်း နည်းစနစ် ကို အသက်သွင်းကာ သူ၏ စိတ်အာရုံ ကို ပြန်လည် တည်ငြိမ်စေလိုက်ပြီး၊ အဆောင်လက်ဖွဲ့ ကို ဆက်လက် ရေးဆွဲ နေသည်။

ဤတစ်ကြိမ်တွင် သူ၏ ဆရာ ဖြစ်သူ သည် မြေကမ္ဘာအင်မော်တယ် နယ်မြေ မှ လူများကို ဦးဆောင်ကာ အာရုံလှည့်စားမှု ရွှံ့ညွန်တော အစွန်အဖျား ရှိ မိစ္ဆာမျိုးနွယ်စု များ နှင့် ရင်ဆိုင် တိုက်ခိုက်နေရသဖြင့်... တတိယအဆင့် ဝိညာဉ် ဆေးလုံးများ၊ အဆောင်လက်ဖွဲ့ များ နှင့် အခြားသော အရင်းအမြစ် များကို အမြောက်အမြား အသုံးပြု နေရ၏။

ထို့ကြောင့် တာအိုဆရာ ထျန်းယွီ သည် သူ့ကို အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် မှ ပြန်လည် ခေါ်ယူခဲ့ပြီး၊ သူ ကျင့်ကြံနေစဉ် အတွင်း စီမံခန့်ခွဲရေး ခန်းမဆောင် မှ တာဝန် အချို့ကို ယူကာ... အင်မော်တယ် ဂိတ်တံခါး အတွက် ထောက်ပံ့ရေး ပစ္စည်းများကို ဖြည့်တင်းပေးရန် နှင့် ဂိုဏ်း အကျိုးပြု ရမှတ် အနည်းငယ် ကို ရှာဖွေ စုဆောင်းရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

သူ ဖန်တီး ပြုလုပ်ခဲ့သော တတိယအဆင့် ဝိညာဉ် ဆေးလုံးများ နှင့် အဆောင်လက်ဖွဲ့ များ အားလုံးကို အာရုံလှည့်စားမှု ရွှံ့ညွန်တော ရှိ တိုက်ပွဲ မြေပြင် သို့ ပို့ဆောင် ပေးခဲ့၏။

အားလပ်ချိန် များတွင် စုယွီ သည် သူ၏ ဝိညာဉ် ဆေးလုံး များကို ဖော်စပ်ကာ၊ အဆောင်လက်ဖွဲ့ များကို ရေးဆွဲ နေသည်။

သူ၏ အချိန် အများစု ကိုတော့... နေ့စဉ် ပုံမှန် ကျင့်ကြံခြင်း များနှင့် အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ကို အာရုံခံ လေ့လာကာ သူ၏ ရွှေအမြုတေ ကို သန့်စင်ရန် အတွက်သာ အသုံးပြုခဲ့သည်။ သူ၏ ကျင့်ကြံခြင်း ကိုသာ အပြည့်အဝ အာရုံစိုက် နေခဲ့သဖြင့်၊ သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း တစ်နေ့တခြား ပိုမို တိုးတက် မြင့်မား လာခဲ့သည်။

ယခုအခါ သူသည် ရွှေအမြုတေ အဆင့် (၇) သို့ တက်လှမ်းရန် သိပ်မဝေးတော့ချေ။ သူ၏ ရွှေအမြုတေ ပေါ်ရှိ သတ္တမမြောက် တာအို အမှတ်အသား ၏ အရိပ်အယောင် မှာလည်း တဖြည်းဖြည်း ပုံပန်းသဏ္ဌာန် ထင်ရှား လာနေပြီပင်။

အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ မှတစ်ဆင့် ဓာတ်ကြီးငါးပါး တာအို ကို သူ ဆက်လက် အာရုံခံ လေ့လာနေသည် နှင့်အမျှ... ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ စွမ်းအား များမှာလည်း ပိုမို အားကောင်း လာခဲ့သည်။ သူ ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို ကျင့်ကြံလိုက်သည့် အကြိမ်တိုင်းတွင်၊ သူ၏ ပတ်ဝန်းကျင် ၌ ဓာတ်ကြီးငါးပါး နှင့် သက်ဆိုင်သော ထူးဆန်းသည့် ဖြစ်စဉ် များ အမြဲတမ်း ထွက်ပေါ်လာတတ်၏။

တစ်နေ့ထက် တစ်နေ့... မိမထ၏ ဓာတ်ကြီးငါးပါး ကျင့်စဉ် သည် မည်သည့် အတိုင်းအတာ အထိ အဆင့်မြင့်မား လာမည်ကို စုယွီကိုယ်တိုင်ပင် မှန်းဆ ၍ မရနိုင်တော့ချေ။

စုယွီ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် မှ အင်မော်တယ် ဂိတ်တံခါး သို့ ပြန်လည် ရောက်ရှိလာပြီး နှစ်ဝက်ခန့် အကြာတွင်... ဟွမ်လင်း ကျွန်း ပေါ်သို့ ရွှေအမြုတေ အဆင့် ကို ကျော်လွန်နေသော စွမ်းအားကြီး သုံးခု ရုတ်တရက် ကျဆင်း လာခဲ့၏။

တစ်ချိန်တည်းမှာပင်... စစ်သင်္ဘောကြီး စုစုပေါင်း ခြောက်စင်း သည်လည်း ဟွမ်လင်း ကျွန်း ၏ ကောင်းကင်ယံ ပိုင်နက် အတွင်းသို့ ဇွတ်တရွတ် ထိုးဖောက် ဝင်ရောက် လာခဲ့‌တော့သည်။

All Chapters