အခန်း (၈၃၁-၈၃၂)
Vol. 83 Ch. 831-832
အခန်း (၈၃၁) မင်းသားနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း
လုံချန်းသည် ထိုသူ၏ နောက်ကျောမှ အချိန်ဓားကို ဆွဲနှုတ်လိုက်၏။ သူသည် နတ်ဘုရား အဆင့်ရှိသော ထိုဓားဖြင့် ထိုးနှက်ခဲ့ခြင်းဖြစ်ရာ မြေကမ္ဘာအဆင့် ချပ်ဝတ်မှာ ထောပတ်ကို ဓားဖြင့်လှီးသကဲ့သို့ အလွယ်တကူပင် ပြတ်တောက်သွားခဲ့ရသည်။
ထိုသူသည် မိမိ၏ချပ်ဝတ်ကို မည်သူမျှ မဖျက်ဆီးနိုင်ဟု အလွန်အမင်း ဂုဏ်ယူနေခဲ့သူဖြစ်ရာ ယခုကဲ့သို့ အဖိုးမဖြတ်နိုင်သော လက်နက်ဆန်းတစ်ခုအား ကိုင်ဆောင်ထားသည့်သူ ပေါ်လာလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။
ထိုသူမှာ တစ်ကိုယ်လုံး ချွေးများဖြင့် ရွဲနစ်နေကာ နာကျင်လွန်းသဖြင့် ဟိန်းဟောက်၍ အော်ဟစ်နေတော့သည်။ ထောင့်တွင် ကပ်ထိုင်နေသော အမျိုးသမီးမှာ ထိုအော်သံကြောင့် ပို၍ပင် ထိတ်လန့်သွားသော်လည်း အသံတစ်ချက်မျှ မထွက်ရဲချေ။ သူမသည် လုံချန်း၏ အာရုံစိုက်မှုကို မခံရစေရန်နှင့် အသတ်မခံရစေရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။
သူမသည် မိမိ၏ပါးစပ်ကို လက်ဖြင့် အုပ်ထားရင်း နောက်ထပ် မည်သည်များဖြစ်လာဦးမည်အား စိုးရိမ်တကြီး စောင့်ကြည့်နေမိ၏။
အစောပိုင်းက မြင်တွေ့ခဲ့ရသော သံချေးတက်နေသည့် ဓားမည်းကြီး ပျောက်ကွယ်သွားပြီးနောက် ပိုမိုပေါ့ပါးသော အခြားဓားတစ်လက်မှာ လုံချန်း၏ ခြေရင်းသို့ ပျံသန်းရောက်ရှိလာသည်ကို သူမ သတိပြုမိလိုက်သည်။
လုံချန်းသည် ထိုသူ၏လည်ပင်းကို ဆုပ်ကိုင်ကာ သူ၏ ဝိညာဉ်ဓားပေါ်သို့ တက်နင်းလိုက်၏။ ထောင့်ရှိ အမျိုးသမီးကို သူက တစ်ချက်လှမ်းကြည့်လိုက်ရာ သူမမှာ ပို၍ပင် ကြောက်ရွံ့သွားလေသည်။
“ကဲ... ကျွန်တော်က အဲဒီလောက်လည်း ကြောက်ဖို့မကောင်းပါဘူးဗျာ” လုံချန်းက ခေါင်းခါလျက် ညည်းတွားလိုက်၏။ ဝိညာဉ်ဓားမှာ လေထဲသို့ မြင့်တက်သွားပြီး လုံချန်းကို သယ်ဆောင်သွားတော့သည်။
သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက်မှသာ ထိုအမျိုးသမီးသည် တုန်ယင်နေသော ခြေလှမ်းများဖြင့် မတ်တပ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားတော့၏။ သူမသည် တံခါးကိုဖွင့်ကာ ဘေးကင်းသည်ဟု ခံစားရစေရန်အတွက် လူအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
လုံချန်းသည် ထိုသူကို ရှဲ့ မျိုးနွယ်စုဝင်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ကျီရှန် ရပ်နေသော ကျောက်ခင်းလမ်းပေါ်သို့ ဆင်းသက်လိုက်ပြီး ထိုသူကို ကျီရှန့်ခြေရင်းသို့ ပစ်ချပေးလိုက်၏။
“မင်းရှာနေတဲ့ တရားခံ ရပြီ။ မင်း စိတ်ကြိုက်သာ လုပ်တော့” လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။
မင်းသားနှင့် မင်းသမီးတို့သည် ကျီရှန့်ခြေရင်းမှ လူကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ မင်းသမီးမှာ အံ့သြနေသော်လည်း မင်းသား၏ မျက်နှာတွင်မူ စိတ်ပျက်အားမလိုအားမရ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
မင်းသားသည် လုံချန်းအနားသို့ တိုးကပ်လာပြီး စိတ်တိုတိုဖြင့် ပြောလိုက်၏။
“ဒါဆို မင်း သူ့ကို ရှာတွေ့ခဲ့တာပေါ့။ သူ ဘယ်ကို ထွက်ပြေးသွားတာလဲလို့ ငါ သိချင်နေတာ။ မျိုးနွယ်စု ခေါင်းဆောင်ကော ဘယ်မှာလဲ။ သူတို့နှစ်ယောက် အတူတူမရှိကြဘူးလား၊ ဒါမှမဟုတ် မင်းပဲ လွှတ်လိုက်တာလား။ ဟူး... သူတို့ ဘယ်မှာရှိတယ်ဆိုတာ သိရင် မင်း ငါ့ကို ပြောသင့်တာပေါ့။ မင်းကြောင့် ငါတို့ သူ့ကို လက်လွတ်လိုက်ရပြီ”
လုံချန်းသည် မျက်မှောင်ကြုတ်ကာ မင်းသားကို စိုက်ကြည့်လိုက်၏။ မင်းသား၏ မျက်နှာပေါ်မှ ဒေါသများကို မြင်ရသောအခါ ထိုသူအား ပါးရိုက်ပြီး ပျောက်ကွယ်သွားအောင် လုပ်ပစ်ချင်စိတ် ပေါက်သွားသော်လည်း မိမိကိုယ်ကို ထိန်းချုပ်လိုက်ရသည်။
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူတို့နှစ်ဦးမှာ အလွန်နီးကပ်သော အကွာအဝေးတွင် ထိပ်တိုက် ရင်ဆိုင်မိလျက်သား ဖြစ်သွားတော့၏။
“မင်းသားကျူးကောင်... ခင်ဗျား တစ်ခုခုတော့ အထင်မှားနေပုံရတယ်။ ကျွန်တော်က ခင်ဗျားဆီမှာ အလုပ်လုပ်နေတာ မဟုတ်ဘူး၊ ဒါကြောင့် ခင်ဗျားကို ဘာမှ ပြောပြဖို့ မလိုဘူး။ ခင်ဗျားတို့ ဒီလူတွေကို ထွက်ပြေးခွင့်ပေးလိုက်တဲ့အချိန်မှာ ကျွန်တော် ဘယ်သူ့ကို ဖမ်းမိလဲ၊ ဘယ်သူ့ကို လွှတ်လိုက်လဲဆိုတာ ခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်သာ ဒီမှာမရှိရင် ခင်ဗျား ဒီလူကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး။ ဒါကြောင့် ကျေနပ်နေလိုက်စမ်းပါ၊ ကျွန်တော့်ရှေ့မှာ လာပြီး ဆရာမလုပ်နဲ့” လုံချန်းက သူ၏ ရွှေရောင်မျက်ဝန်းများဖြင့် မင်းသား၏ ဝိညာဉ်အနက်ရှိုင်းဆုံးအထိ မြင်နိုင်စွမ်းရှိသကဲ့သို့ စိုက်ကြည့်ကာ သတိပေးလိုက်လေသည်။
“မင်း... ကောင်းပြီလေ။ အနည်းဆုံး တစ်ယောက်တော့ ဖမ်းမိခဲ့တာပဲ။ အစောင့်တွေ... ဒီလူကို ဖမ်းစမ်း။ ငါတို့ ခမည်းတော်ဆီကို ခေါ်သွားမယ်။ ငါ့အစ်မကို နာကျင်အောင်လုပ်ဖို့ ကြိုးစားတဲ့အတွက် ခမည်းတော် ကိုယ်တိုင် သူ့ကို အပြစ်ပေးလိမ့်မယ်” မင်းသားက အမိန့်ပေးရင်း လုံချန်းနှင့် အနည်းငယ်ဝေးရာသို့ နောက်ဆုတ်သွား၏။
အစောင့်များသည် ရှဲ့ မျိုးနွယ်စု အကြီးအကဲကို ဖမ်းဆီးရန် ရှေ့သို့ တိုးလာကြသည်။ သို့သော် သူတို့ အနားမရောက်မီမှာပင် ဓားတစ်လက်မှာ ဝဲပျံလာပြီး ကျီရှန်နှင့် အကြီးအကဲတို့၏ ပတ်ပတ်လည်တွင် စည်းတစ်ခု တားလိုက်သကဲ့သို့ ပတ်ချာလည် ဝိုင်းရံလိုက်တော့သည်။
“ဘယ်သူမဆို ရှေ့တိုးလာရဲရင် ခေါင်းပြတ်သွားတဲ့အခါ ငါ့ကို အပြစ်မတင်နဲ့” လုံချန်းက ရှေ့သို့တိုးကာ ပြတ်ပြတ်သားသား သတိပေးလိုက်၏။
“မင်း... ဘာလုပ်တာလဲ။ မင်းက ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူဆိုရုံနဲ့ ငါတို့ကို ဆန့်ကျင်ရဲတာလား။ မင်းကို ငါတို့ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား” မင်းသားသည် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ကျွန်တော် ဒီကိုလာတာ လူတစ်ယောက်ကို သတ်ဖို့လို့ ပြောခဲ့ပြီးသား။ အခု ဒီလူက ကျွန်တော်တို့ သတ်ရမယ့်လူပဲ။ အဲဒါကြောင့် သူ့ကို ကျွန်တော် ဖမ်းခဲ့တာ။ သူ့အသက်ဟာ ကျွန်တော်တို့နဲ့ပဲ ဆိုင်တယ်၊ တခြား ဘယ်သူနဲ့မှ မဆိုင်ဘူး” လုံချန်းက ပြန်ဖြေလိုက်၏။
လုံချန်းသည် ကျီရှန်ဘက်သို့ လှည့်ကြည့်လိုက်ရာ ကျီရှန်ကလည်း လုံချန်း၏ ဘေးကင်းမှုကို စိုးရိမ်နေသည့်အလား ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်မိသည်။ “ဘာမှ စိုးရိမ်မနေနဲ့။ သူ မင်းဆီက ဘာတွေ လုယူသွားခဲ့သလဲဆိုတာ ငါ သိပါတယ်။ ဒီလူကို သတ်ဖို့အတွက် မင်း စိတ်ကြိုက် အချိန်ယူနိုင်တယ်။ ဘယ်သူမှ မင်းတို့နှစ်ယောက်ကြားထဲ ဝင်နှောင့်ယှက်မှာ မဟုတ်ဘူး”
“မင်း... မင်းက ရူးနေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာ ငါ တကယ် မသိတော့ဘူး။ မင်း လူတစ်ယောက်ကို သတ်ချင်တယ်လို့ ပြောတုန်းက သာမန်အစောင့် တစ်ယောက်ယောက်လို့ ငါ ထင်လို့ သဘောတူခဲ့တာ။ ဒါပေမဲ့ အဓိက တရားခံကိုတော့ မင်းကို သတ်ခွင့်မပေးနိုင်ဘူး။ ရှဲ့ မျိုးနွယ်စု ခေါင်းဆောင်နဲ့ သူ့ညီကို ဖမ်းခေါ်လာဖို့က ခမည်းတော်ရဲ့ အမိန့်ပဲ။ မျိုးနွယ်စု ခေါင်းဆောင် ထွက်ပြေးသွားတာကတော့ မင်းကြောင့်မို့လို့ ငါ လွှတ်ပေးလိုက်မယ်”
မင်းသားသည် လုံချန်းကို ဆူပူကြိမ်းမောင်းနေ၏။ သူ ပြောလေလေ သူ၏အသံမှာ ပို၍ ကျယ်လောင်လာလေ ဖြစ်သည်။
“ဒီလူကိုတော့ ငါနဲ့အတူ ခေါ်သွားရမယ်။ မင်း ဘာပြောပြော ငါ ဂရုမစိုက်ဘူး။ မင်း ဘယ်လောက်ပဲ ပါရမီရှိရှိ ဂရုမစိုက်ဘူး။ မင်းက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်ရုံနဲ့ အရာရာကို လုပ်နိုင်တယ်လို့ ထင်နေတာလား။ ဒီနိုင်ငံဟာ ငါ့နယ်မြေပဲ၊ မင်းကို အချိန်မရွေး သတ်ပစ်လို့ ရတယ်။ ဒါကြောင့် လိမ္မာတဲ့ ကောင်လေးတစ်ယောက်လို နောက်ဆုတ်သွားစမ်း”
‘ငါကတော့ ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဖြစ်ချင်ပါဘူး၊ ဒါပေမဲ့ ငါက နောက်ဆုတ်ပေးလို့လည်း မရဘူး မဟုတ်လား။ ဒါဟာ ကျီရှန်ရဲ့ ရင်ထဲမှာ အေးချမ်းသွားဖို့အတွက် သူကိုယ်တိုင် လုပ်ရမယ့် ကိစ္စပဲ’ လုံချန်းက ပြုံးလျက် တွေးလိုက်မိသည်။
“ဒါဆိုရင်တော့ ဒီနေ့ တော်ဝင်မိသားစုဝင် တစ်ယောက် သေရတော့မှာပေါ့” လုံချန်းက ပြန်ပြောရင်း သံချေးတက်နေသည့် ဓားမည်းကြီးကို သူ၏ လက်စွပ်ထဲမှ ထုတ်ယူလိုက်လေသည်။
“ဟားဟားဟား... မင်းက အဲဒီလို အမှိုက်လို ဓားစုတ်ကြီးကို ကိုင်ပြီး အကြွားသန်နေတာလား။ အဲဒီ ဓားစုတ်ကြီးဆီက ဘာအရှိန်အဝါမှ ငါ မခံစားရဘူး။ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ ဖြစ်နေပြီးတော့ အသုံးဝင်တဲ့ လက်နက်တစ်လက်တောင် မဝယ်နိုင်ဘူးလား။ ဒါဆိုရင် မင်းကလည်း ထူးခြားတဲ့သူ မဟုတ်ပါဘူး” မင်းသားသည် လုံချန်းကို လှောင်ရယ်လိုက်၏။ သူ လှောင်ပြောင်နေသော ထိုလက်နက်မှာ ကောင်းကင်ဘုရင်များပင် တပ်မက်ကြသည့် အရာဖြစ်ကြောင်း သူ မသိရှာပေ။
“အို... ဟုတ်လား။ ဒါဆိုရင် ဒါကိုကော ဘယ်လိုမြင်လဲ” လုံချန်းက သရော်ပြုံး ပြုံးလျက် မေးလိုက်ပြီး သူ၏ ဘုရင်ဓားကို ထုတ်ယူကာ ဘယ်လက်ဖြင့် ကိုင်ဆောင်လိုက်လေတော့သတည်း။
“အဲဒါ... အဲဒါက ဟိုဓားစုတ်ထက်တော့ ပိုကောင်းပါတယ်၊ ဒါပေမဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ယောက် ကိုင်ဆောင်ရမယ့် အဆင့်မျိုးတော့ မဟုတ်သေးပါဘူး။ ငါ အပိုတွေ စိုးရိမ်နေမိတာပဲ။ စစ်သည်တို့၊ ဒီလူကိုပါ ဖမ်းကြစမ်း။ သူဟာ နိုင်ငံတော်ရဲ့ ရန်သူပဲ” မင်းသားက သူ၏ လူများကို အမိန့်ပေးလိုက်လေတော့သည်။
အခန်း (၈၃၂) လုံချန်း၏ အထောက်အထား
မင်းသား၏ အမိန့်ကို ရရှိသည်နှင့် တပြိုင်နက် ကောင်းကင်ဘုံ အဆင့် စစ်သည်တော်များသည် လုံချန်းထံသို့ ပျံသန်းဝင်ရောက်လာကြတော့သည်။
“ဟူး... နောက်ဆုံးတော့လည်း ဒီလိုပဲ ဖြစ်လာရတာပေါ့။ ကျီရှန်... ဒီတိုက်ပွဲကို ဂရုမစိုက်နဲ့၊ မင်းရှာနေတဲ့ လူအပေါ်မှာပဲ အာရုံစိုက်စမ်း” လုံချန်းက အခုထက်ထိ လှုပ်ရှားခြင်း မရှိသေးသော ကျီရှန့်ကို လှမ်းကြည့်ကာ အော်ပြောလိုက်၏။ “မြန်မြန်လုပ်၊ မဟုတ်ရင် သူက မင်းဘာမှမလုပ်ရသေးခင်မှာတင် သေသွားလိမ့်မယ်။ သူက ငါ့လက်ချက်နဲ့ ဒဏ်ရာရထားပြီးသား”
“နေဦး မောင်လေး၊ သူက အစ်မရဲ့ အသက်သခင်ပါ။ သူ့ကို အဲဒီလို မဆက်ဆံပါနဲ့” မင်းသမီးသည် စစ်သည်တော်များနှင့် လုံချန်း၏ ကြားထဲသို့ ပြေးဝင်ကာ သူတို့ကို တားဆီးရန် ကြိုးစားလိုက်၏။
စစ်သည်တော်များသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး အခြေအနေကို မည်သို့ ဆက်လုပ်ရမည်အား သိလိုသဖြင့် မင်းသားကို ပြန်လည်ကြည့်ရှုကြလေသည်။
“အစ်မ... နင်က ဒီလိုလူစားမျိုးတွေကို မသိသေးလို့ပါ။ ဒါဟာ နင့်ကိုအသုံးချဖို့ သူ ကြံစည်ထားတဲ့ ယုတ်မာတဲ့ အကြံအစည်ပဲ ဖြစ်ရမယ်။ တွေ့လား၊ သူက ငါတို့မိသားစုကိုတောင် ဆန့်ကျင်နေတာလေ၊ အဲဒါကို နင်က သူ့ဘက်က ရပ်တည်နေတယ်။ သူ့ရဲ့ အကြံအစည်က အောင်မြင်လုနီးပါး ဖြစ်နေပြီ။ နင် သူ့ရဲ့ လှည့်ကွက်ထဲမှာ မကျရှုံးစေနဲ့” မင်းသားသည် မင်းသမီးအနားသို့ လျှောက်လာရင်း ပြန်ပြောလိုက်၏။
မင်းသမီး၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ထင်ဟပ်လာသည်။ သူမသည် မိမိ၏မောင်နှင့် မည်သို့ တစ်ဖက်စီ ဖြစ်သွားရသနည်းဟု တွေးတောနေမိ၏။
“မဟုတ်ဘူး... မရဘူး။ သူက ငါ့ရဲ့ အသက်ကို ကယ်ခဲ့တာ။ သူ့ရဲ့ တောင်းဆိုချက် တစ်ခုလေးကိုတောင် ငါတို့ မဖြည့်ဆည်းပေးနိုင်ဘူးလား။ သူ လိုချင်တာက သူ့ရန်သူကို သတ်ဖို့ပဲလေ။ သူက ငါတို့နိုင်ငံကိုရော ငါတို့ကိုပါ ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒါလေးကို ငါတို့ ဘာလို့ မကူညီနိုင်ရမှာလဲ” သူမက သူမ၏ မောင်ကို မေးလိုက်၏။
“ဒါပေမဲ့ ခမည်းတော် ငါတို့ကို ဘာခိုင်းလိုက်သလဲဆိုတာ နင်သိသားပဲ။ ခမည်းတော်ကို စိတ်ပျက်အောင် ငါတို့ လုပ်လို့မရဘူး။ ဒါဟာ တော်ဝင်အမိန့်ပဲ၊ သူက ဒီအမိန့်ကို အကောင်အထည်မဖော်နိုင်အောင် တားဆီးနေတာ။ ဒါကြောင့် သူက ငါတို့ကို ဆန့်ကျင်နေတာပဲ။ ငါတို့ ဒီအတိုင်း လွှတ်ထားလို့ မရဘူး” မင်းသားက ပြန်ပြောသည်။
“ငါ... တောင်းပန်ပါတယ်။ ငါ တောင်းဆိုတာပါ။ သူရှိနေလို့သာ ငါ ဒီနေရာကနေ အသက်ရှင်ပြီး ထွက်လာနိုင်တာ။ မဟုတ်ရင် နင်တို့ ငါ့ရဲ့ အလောင်းကိုတောင် ရှာတွေ့မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး၊ ခမည်းတော် ကိစ္စဆိုရင်လည်း အစ်မ ရှင်းပြပါ့မယ်။ ခမည်းတော်ဆီမှာ ခွင့်လွှတ်ဖို့ တောင်းပန်ပါ့မယ်။ ခမည်းတော်လည်း နားလည်ပေးမှာပါ” မင်းသမီးက အသည်းအသန် အသနားခံလေသည်။
မင်းသားသည် သူမ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီးနောက် လုံချန်းနှင့် ကျီရှန်တို့ဘက်သို့ ဝေ့ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ၏ နှုတ်ခမ်းဖျားမှ သက်ပြင်းရှည်ကြီး တစ်ချက် ထွက်ပေါ်လာပြီး စကားတစ်လုံးတည်းကိုသာ ပြောလိုက်တော့သည်။ “ကောင်းပြီ”
သူသည် သူမအနားသို့ တိုးကပ်လာပြီး ဆိုသည်။ “နင့်ရဲ့ တောင်းဆိုချက်ကို ငါ လက်ခံပါတယ်။ နင် တောင်းပန်စရာလည်း မလိုပါဘူး။ ငါကိုယ်တိုင်ပဲ ခမည်းတော်ကို ပြောပြလိုက်မယ်”
သူသည် လက်ကိုဆန့်ကာ သူမ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်၏။
“ကျေးဇူးတင်ပါတယ်” မင်းသမီးက ညင်သာစွာ ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း မကြာမီမှာပင် သူမ၏ မောင်က သူမကို အတင်းအကျပ် ဆွဲခေါ်လိုက်သဖြင့် မျက်နှာမှာ ဖြူလျော်သွားတော့သည်။
“သူက တော်ဝင်မိသားစုကို မရိုမသေ လုပ်ရုံတင်မကဘူး ငါတို့ကိုပါ ရန်လိုတဲ့ အမူအရာ ပြခဲ့တယ်။ သူ့ကို ခွင့်လွှတ်လို့ မရဘူး။ ကဲ... အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လို လုပ်မနေနဲ့တော့” ကျူးကောင်က မင်းသမီးကို အတင်းအကျပ် ဒရွတ်တိုက် ဆွဲခေါ်သွားရင်း အော်ဟစ်လိုက်လေသည်။
“ဆက်ပြီး တိုက်ခိုက်ကြစမ်း” သူက သူ၏လူများကို အမိန့်ပေးလိုက်သော်လည်း မည်သူမျှ လှုပ်ရှားခြင်း မရှိကြချေ။
သူတို့၏ တုံ့ပြန်မှု မရှိခြင်းကြောင့် မင်းသားမှာ ဒေါသထွက်လာကာ ဟိန်းဟောက်လိုက်၏။ “ဘာဖြစ်ကုန်တာလဲ။ အားလုံး နားမကြားတော့ဘူးလား။ ဘာလို့ အဲဒီကောင်ကို မတိုက်ကြတာလဲ”
သူသည် လုံချန်းရှိရာနေရာသို့ ညွှန်ပြလိုက်သော်လည်း ထိုနေရာတွင် မည်သူမျှ မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ဇဝေဇဝါ ဖြစ်သွားရရှာသည်။
“ဟင်... အဲဒီကောင် ထွက်ပြေးသွားတာလား” သူက အံ့သြတကြီး ရေရွတ်လိုက်၏။ သူသည် သူ၏လူများကို ပြန်လှည့်ကြည့်ကာ ဆိုသည်။ “အဲဒီကောင် ဘယ်ရောက်သွားတာလဲ။ ထားလိုက်ပါတော့၊ သူက သူ့သူငယ်ချင်းကို ထားခဲ့တာပဲ။ အဲဒီကောင်လေးကို သတ်ပြီး ရှဲ့ မျိုးနွယ်စု အကြီးအကဲကို ဖမ်းလိုက်ကြ”
“အို... မင်းက ငါ့သူငယ်ချင်းကိုပါ သတ်ချင်တာလား။ ဒါဆိုရင်တော့ မင်းကို သတ်လိုက်ရမှာ ငါ စိတ်မကောင်းဖြစ်နေစရာ မလိုတော့ဘူးပေါ့”
မင်းသား၏ အမိန့်ပေးသံ အဆုံးမှာပင် အသံတစ်သံက သူ၏ နားထဲသို့ တိုးဝင်လာသည်။ ထိုစကားကို ပြောသူမှာ သူ၏ နောက်ကျောတွင် ရပ်နေကြောင်း သူ ခံစားလိုက်ရ၏။
“မင်း... မင်း၊ ဘယ်တုန်းက...” မင်းသားသည် စကားများ ထစ်ငေါ့နေကာ နောက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။
“မင်းသားကျူးကောင်... နောက်ကို လှည့်မကြည့်ဖို့ ငါ အကြံပေးပါရစေ။ ဘာလို့လဲဆိုတော့ ငါ့ဓားဦးက မင်းရဲ့ လည်ပင်းနဲ့ တစ်လက်မပဲ ဝေးတော့လို့ပါ။ အမှားအယွင်း တစ်ခုလေး လုပ်မိရုံနဲ့ မင်း ငါ့ဓားရဲ့ သားကောင် ဖြစ်သွားလိမ့်မယ်” လုံချန်းက ကျူးကောင်ကို သတိပေးလိုက်သည်။
“ငါ့စကားကို သံသယရှိရင် မင်းရဲ့ လူတွေကို မေးကြည့်နိုင်တယ်” သူက ဆက်ပြောလေသည်။
ကျူးကောင်သည် သူ၏လူများကို လှမ်းကြည့်လိုက်ရာ သူတို့အားလုံးက စိုးရိမ်ထိတ်လန့်သော မျက်နှာများဖြင့် ခေါင်းညိတ်ပြကြသည်။
“မင်းသား... သူ့စကားကို နားထောင်လိုက်ပါ။ မင်းသားရဲ့ အသက်က တကယ် အန္တရာယ်ရှိနေပါတယ်” ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ တစ်ဦးက လှမ်းအော်ပြောလိုက်၏။
“မင်း ငါ့ကို ထိခိုက်အောင်လုပ်ပြီးရင် ဒီနိုင်ငံကနေ မင်း လွတ်လွတ်လပ်လပ် ထွက်သွားနိုင်မယ်လို့ ထင်နေတာလား” မင်းသားက လုံချန်းကို ခြိမ်းခြောက်လိုက်သည်။
“ဘယ်သူက ငါ့ကို တားနိုင်မှာလဲ။ မင်းလား၊ ဒီနိုင်ငံလား။ ကြိုက်သလို ကြိုးစားကြည့်နိုင်တယ်။ အကောင်းဆုံး ပြောရရင် ငါ ဒီနိုင်ငံကနေ အလွယ်တကူ ထွက်သွားနိုင်မှာဖြစ်ပြီး အဆိုးဆုံးအနေနဲ့ ငါသာ ဒုက္ခရောက်မယ်ဆိုရင် ဒီနိုင်ငံဟာ အသက်ရှင်သူ တစ်ယောက်မှ မကျန်တော့ဘဲ ပျက်စီးသွားတာနဲ့ပဲ အဆုံးသတ်လိမ့်မယ်” လုံချန်း၏ အဖြေစကားမှာ မိစ္ဆာတစ်ကောင်ကဲ့သို့ အေးစက်လှသည်။
သူသည် သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောလိုက်၏။ “ကံမကောင်းတာကတော့ မင်းတို့နိုင်ငံဟာ ငါ ဖျက်ဆီးမယ့် ပထမဆုံး နိုင်ငံတော့ မဟုတ်ဘူး”
“ဒါ... ဒါက...” မင်းသမီးမှာ သူ၏ စကားကြောင့် မှင်တက်သွားရသည်။
‘သူက နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးခဲ့ဖူးတယ် ဟုတ်လား။ သူ အန္တရာယ်ရှိရင် နိုင်ငံကို ဖျက်ဆီးပစ်မယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အန္တရာယ်ရှိတယ်ဆိုတာက သူတို့က မစွမ်းဆောင်နိုင်လို့ မဟုတ်ဘူးလား။ သူ ဘာတွေ ပြောနေတာလဲ။ နေပါဦး၊ ဒါ ဖြစ်နိုင်တယ်။ သူဟာ အင်အားကြီးတဲ့ နိုင်ငံတစ်ခုခုရဲ့ အမွေဆက်ခံသူ ဖြစ်ရမယ်’ မင်းသမီးသည် လုံချန်း၏ စကားကို အထင်မှားလျက် တွေးနေမိသည်။
‘သူတို့က သူ့ကို အန္တရာယ်ရှိရင် အချက်ပြဖို့အတွက် အဖိုးတန်တဲ့ ပစ္စည်းတစ်ခုခု ပေးထားတာ ဖြစ်ရမယ်။ အချက်ပြလိုက်တာနဲ့ အဲဒီနိုင်ငံက တစ်နည်းနည်းနဲ့ ရောက်လာပြီး ဒီနိုင်ငံကို ဖျက်ဆီးပစ်မှာပေါ့။ ခဏလေး... လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဲဒီလို ကိစ္စမျိုး ဖြစ်ခဲ့ဖူးတယ် မဟုတ်လား။ မင်းသားငယ်တစ်ယောက် စော်ကားခံရလို့ နိုင်ငံတစ်နိုင်ငံလုံး ပျက်စီးသွားခဲ့တာလေ။ သူက အဲဒီမင်းသားပဲ ဖြစ်ရမယ်။ အဲဒါဆိုရင်တော့ ငါတို့ သူ့ကို ထိခိုက်အောင် လုပ်လို့ မဖြစ်ဘူး။ ငါ့မောင်ကို အမြန်ပြောမှ ဖြစ်မယ်၊ မဟုတ်ရင် နိုင်ငံ ပျက်စီးတော့မှာပဲ’ သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ တွေးလိုက်မိ၏။
“မောင်လေး တော်ပါတော့လို့ ငါ ပြောခဲ့သားပဲ။ ဒီကိစ္စကို ငါ မထုတ်ပြောချင်ပေမဲ့ အခုတော့ ရွေးချယ်စရာ မရှိတော့ဘူး။ သူက မိစ္ဆာအိုကြီး မဟုတ်ဘူး၊ သူက အသက် ၂၀ ပဲ ရှိသေးတာ။ နင် သူ့အပေါ် အထင်မှားနေတာ။ ပြီးတော့ သူက အဆင့်မြင့်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ မင်းသားပဲ။ နင် ကွေနိုင်ငံအကြောင်းကို မေ့သွားပြီလား”
“သူတို့က လျှို့ဝှက်တဲ့ အဆင့်မြင့်နိုင်ငံက မင်းသားတစ်ယောက်ကို စော်ကားပြီး သူ့အသက်ကို အန္တရာယ်ပေးခဲ့လို့ အဲဒီနိုင်ငံက ချက်ချင်း ပျက်စီးသွားခဲ့တာလေ။ ငါ မမှားဘူးဆိုရင် သူဟာ အဲဒီလူပဲ” သူမသည် ချွေးများ ပြန်လာကာ သူမ၏ နောင်တော်ကို အလျင်အစလို ပြောပြလိုက်လေသည်။
“ဘာ... မဟုတ်ဘူး... မဖြစ်နိုင်တာ။ သူက အသက် ၂၀ ပဲ ရှိသေးတယ် ဟုတ်လား။ အသက် ၂၀ အရွယ်နဲ့ ဘယ်လိုလုပ် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်နေနိုင်မှာလဲ။ ဒါက မဖြစ်နိုင်ဘူး၊ ဒါမှမဟုတ်... သူက တကယ်ပဲ အဆင့်မြင့်နိုင်ငံက ဖြစ်နေတာလား။ ဒါ... ဒါ မဟုတ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူး၊ ငါက ဘယ်လိုလုပ်ပြီး အဲဒီလိုလူမျိုးကို သွားပြီး စော်ကားမိတာလဲ။ မဟုတ်ဘူး၊ ဒါ မဖြစ်နိုင်ဘူး။ သူ လိမ်နေတာ။ သူ နင့်ကို လှည့်စားထားတာ။ သူက တကယ်တော့ နင့်ကို လှည့်စားတဲ့ မိစ္ဆာအိုကြီးပဲ။ ငါ သူ့ကို သတ်ပစ်မယ်” မင်းသားက ဒေါသတကြီး ဟိန်းဟောက်လိုက်လေတော့သည်။