← Chapters

အခန်း (၈၃၅-၈၃၆)

Vol. 83 Ch. 835-836

အခန်း (၈၃၅-၈၃၆)

Vol. 83 Ch. 835-836

အခန်း (၈၃၅) မီးလျှံတံတိုင်းများ

ထိုသူ၏ ဦးခေါင်းသည် လူအုပ်ကြီးဆီသို့ လိမ့်သွားပြီးနောက် ခေါင်းပြတ်နေသော ကိုယ်ထည်ကြီးမှာလည်း မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားတော့သည်။

ကျီရှန်သည် ထိုသူ၏ ဦးခေါင်းရှိရာသို့ တိုးကပ်သွားစဉ် သူ၏ဓားမှာ သွေးများဖြင့် ရွဲနစ်နေ၏။

သူသည် ကောင်းကင်ယံသို့ မော့ကြည့်ရင်း ခြေလှမ်းများကို ဖြည်းညှင်းစွာ လှမ်းလိုက်သည်။

သူ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ "တွေ့လား အချစ်... မင်းကို သတ်ခဲ့တဲ့သူ အခု အပြစ်ပေးခံလိုက်ရပြီ"

သူသည် မျက်ရည်များ စီးမကျလာစေရန် မျက်လုံးများကို စုံမှိတ်လိုက်ပြီးနောက် မြေပြင်ပေါ်ရှိ ထိုသူ၏ ဦးခေါင်းကို အင်အားအပြည့်ဖြင့် နင်းခြေဖျက်ဆီးပစ်လိုက်တော့သည်။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်တွင်မူ ကျီရှန်သည် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ သူ၏ မျက်ဝန်းအိမ်များမှာ နာရီပေါင်းများစွာ ငိုကြွေးထားသည့်အလား နီမြန်းနေသည်။

ကျီရှန်သည် အောက်သို့ ငုံ့မကြည့်တော့ဘဲ ရှေ့သို့ လှမ်းထွက်ခဲ့ရာ ဝိညာဉ်ဓား၏ အကာအကွယ်စည်းထဲမှ ထွက်ခွာခဲ့ပြီး သေဆုံးသွားသော အလောင်းကြီးကို နောက်တွင် ချန်ရစ်ခဲ့လေသည်။

မြေပြင်ပေါ်တွင် ရပ်နေသော လုံချန်းကို သူ မြင်လိုက်ရ၏။

"ငါ အားလုံး ပြီးသွားပြီ။ သွားကြစို့" သူက ရှေ့သို့ လှမ်းရင်း ခေါ်လိုက်သော်လည်း လုံချန်း၏ ရှေ့တွင် လဲလျောင်းနေသော အလောင်းကို မြင်လိုက်ရသောအခါ လမ်းခုလတ်၌ပင် ရပ်တန့်သွားရသည်။

နောက်ကျောဘက်မှ ကြည့်စဉ်က သူ မမြင်ခဲ့ရသော်လည်း အနားသို့ ရောက်ရှိလာသည့်အခါတွင်မူ ထိုသူမှာ မည်သူဖြစ်သည်ကို သူ သိလိုက်ရပြီ ဖြစ်သည်။ ထိုသူမှာ လှုပ်ရှားခြင်းမရှိတော့သော မင်းသားကျူးကောင်၏ ရုပ်အလောင်းပင် ဖြစ်၏။

"ဟင်... ဒါက..."

မင်းသား အသတ်ခံလိုက်ရသည်ကို မြင်သောအခါ ကျီရှန်မှာ မှင်တက်သွားရသည်။ လုံချန်းသည် ရှဲ့ မျိုးနွယ်စု ခေါင်းဆောင်အား ဒဏ်ရာတစ်ချက်မျှ မရဘဲ သတ်နိုင်ခဲ့သူ ဖြစ်ရာ မင်းသားနှင့် အခြားသူများကိုလည်း တိုက်ခိုက်ပြီး နှိမ်နင်းနိုင်လိမ့်မည်ဟုသာ သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သူသည် ရှဲ့ မျိုးနွယ်စု အကြီးအကဲကို သတ်ဖြတ်ရန် အာရုံစိုက်နေစဉ်အတွင်း လုံချန်းက ထိုသူတို့အား နှိမ်နင်းရုံသာမက မင်းသားကိုပါ သတ်ပစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ မင်းသားကို သတ်လိုက်ခြင်းသည် တစ်နိုင်ငံလုံးနှင့် ရန်သူဖြစ်သွားခြင်းပင် ဖြစ်သည်။ ဤသတင်းကို ဖုံးကွယ်ရန်အတွက် ဤနေရာတွင် ရှိနေသော တော်ဝင်မျိုးနွယ်စု၏ စစ်သည်တော် အားလုံးကို သတ်ပစ်မှသာ သူတို့ လွတ်မြောက်နိုင်မည် ဖြစ်သည်။ ထိုနည်းလမ်းတစ်ခုတည်းသာ သူတို့အတွက် အသက်ရှင်လမ်း ရှိတော့၏။

"ဪ... မင်း ကိစ္စပြီးသွားပြီလား။ မင်း သူ့ကို ဒီထက်ပိုပြီး အချိန်ယူ နှိပ်စက်ဦးမယ်လို့ ငါ ထင်နေတာ" လုံချန်းက ပြုံးလျက် မေးလိုက်သည်။

မင်းသား သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများသည် လုံချန်းထံသို့ ပျံသန်းဝင်ရောက်လာကြတော့သည်။ သူတို့သည် လုံချန်းအနားသို့ တိုးကပ်လာနေသော်လည်း လုံချန်းမှာမူ သူတို့အားလုံးကို လျစ်လျူရှုကာ ကျီရှန်နှင့် စကားပြောနေသဖြင့် သူတို့မှာ ပို၍ပင် ဒေါသထွက်လာကြ၏။

"မင်းလို မိစ္ဆာမျိုးစေ့ကများ၊ ငါတို့ မင်းသားကို သတ်ရုံတင်မကဘဲ ငါတို့ကိုပါ လျစ်လျူရှုရဲတယ်ပေါ့။ ဒီနေ့တော့ နတ်ဘုရားတွေရော မိစ္ဆာတွေရော မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"

သူတို့ထဲမှ တစ်ဦးက ဟိန်းဟောက်လိုက်ရင်း လက်ဖြင့် ထူးဆန်းသော အမူအရာတစ်ခု ပြုလုပ်လိုက်သည်။

လုံချန်း၏ ပတ်ပတ်လည်တွင် ကြီးမားသော မီးလျှံများ တောက်လောင်လာပြီး သူ့ကို အလယ်တွင် ပိတ်ဆို့ထားလိုက်တော့သည်။ ထိုမီးလျှံများမှာ သုံးမီတာခန့် မြင့်မားကာ လုံချန်း၏ ပတ်လည်တွင် မီးတံတိုင်းကြီးများသဖွယ် အရူးအမူး တောက်လောင်နေကြ၏။

လုံချန်းသည် ထိုမီးလျှံတံတိုင်းကြီးများ၏ အလယ်တွင် အေးအေးဆေးဆေး ရပ်နေရင်း အခြေအနေကို စောင့်ကြည့်နေသည်။ ဤမီးလျှံများသည် သာမန် သိုင်းပညာ စွမ်းရည်များဖြင့် ဖန်တီးထားသော မီးလျှံများ မဟုတ်သည်ကို သူ ယုံကြည်ချက်ရှိရှိ သိလိုက်၏။

သူသည် သရော်ပြုံး ပြုံးလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဟင်... မီးနိယာမလား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ။ နိယာမတွေကို သဘာဝအတိုင်း တတ်မြောက်ထားတဲ့သူကို မတွေ့ရတာ ကြာပြီ"

"ဒါပေမဲ့ ကံမကောင်းတာက ဒါဟာ မီးလျှံတွေသက်သက်ပဲ ဖြစ်နေပြီး ဟင်းလင်းပြင် နိယာမနဲ့တော့ အဆင့်ချင်း မတူဘူး။ ငါ့ကိုယ်ငါ ဟင်းလင်းပြင် အကာအကွယ်စည်းနဲ့ ဖုံးအုပ်ပြီး ဒီမီးလျှံတွေကို ဖြတ်ကျော်သွားလို့ ရပေမဲ့ နည်းနည်းတော့ ထိခိုက်နိုင်တယ်။ အဲဒီတော့ နေရာရွှေ့ပြောင်းခြင်းကိုပဲ သုံးလိုက်တာ ပိုကောင်းမယ်" သူက ခေါင်းညိတ်လျက် ဆုံးဖြတ်လိုက်၏။

"သေစမ်း"

ကောင်းကင်ယံမှ ပြင်းထန်သော အော်ဟစ်သံကြီး တစ်သံ ထွက်ပေါ်လာသည်။

လုံချန်း မော့ကြည့်လိုက်သောအခါ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ သုံးဦးကို တွေ့လိုက်ရ၏။

"နိဗ္ဗာန ထိုးနှက်ချက်"

သူတို့ထဲမှ တစ်ဦးက ဓားဖြင့် ပိုင်းချလိုက်ရာ ထူထဲပြီး ထက်မြက်လှသော အလင်းတန်းကြီးတစ်ခုသည် လုံချန်းထံသို့ တည့်တည့် ပျံသန်းလာတော့သည်။

"ထာဝရမီးလျှံ မိုးစက်များ"

နောက်တစ်ဦးက သူ၏ လက်ဖဝါးကို လုံချန်းထံသို့ ဦးတည်လိုက်သည်။ လေဟာနယ်ထဲမှ မီးလုံးပေါင်း ဆယ်ဂဏန်းခန့် ပေါ်ပေါက်လာပြီး ဥက္ကာခဲများကဲ့သို့ လုံချန်းထံသို့ တရစပ် ကျဆင်းလာတော့၏။

တတိယမြောက်လူကလည်း ငြိမ်မနေပါချေ။ သူသည် သူ၏လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။ သူ၏လက်အနားမှ လေထုမှာ အေးစက်လာပြီး ရေခဲများ စတင်ဖြစ်ပေါ်လာ၏။ ထိုရေခဲများသည် မကြာမီမှာပင် ကမ္ဘာပေါ်တွင် အအေးဆုံးသော ရေခဲဖြင့် ပြုလုပ်ထားသည့်အလား ထင်မှတ်ရသည့် ရေခဲလှံတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ရေခဲပြင် ဖျက်ဆီးခြင်း" သူက ဟိန်းဟောက်လိုက်ရင်း ရေခဲလှံကို လုံချန်းထံသို့ အရှိန်ဖြင့် ပစ်လွှတ်လိုက်လေသည်။

မီးလျှံတံတိုင်းကြီးများကြောင့် ကျီရှန်သည် အတွင်း၌ မည်သို့ဖြစ်နေသည်ကို မမြင်ရချေ။ လုံချန်းမှာ အတွင်းတွင် ပိတ်မိနေပြီး ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများက သူ့ကို တိုက်ခိုက်နေကြသည်ကိုသာ သူ သိလိုက်၏။

သူသည် အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း မိမိအနေဖြင့် မည်သို့ လုပ်နိုင်မည်နည်း။ လုံချန်းကို တိုက်ခိုက်နေသူများသည် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ သူကမူ မြေကမ္ဘာ အဆင့်တွင်သာ ရှိသေးသည်။

ကျင့်ကြံသူများ လုံချန်းအား တိုက်ခိုက်လိုက်သည်ကိုပင် သူ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။

ထိုအချိန်မှာပင် တော်ဝင်တပ်မတော်မှ အခြားသော စစ်သည်တော်များ၏ ရယ်မောသံကို သူ ကြားလိုက်ရသည်။

ကျီရှန်သည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ မီးလျှံတံတိုင်းကြီးများကိုသာ စိုက်ကြည့်နေမိ၏။ လုံချန်းသည် အစောပိုင်းက ပြသခဲ့သော ထူးဆန်းသည့် ဟင်းလင်းပြင် စွမ်းရည်ကို အသုံးပြု၍ အချိန်မီ လွတ်မြောက်လာလိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။

'ဟက်... ကောင်းကင်ဘုံအဆင့် ဆရာကြီး သုံးယောက်လုံးက တိုက်ခိုက်လိုက်တာပဲ။ ကောင်းကင်ဘုံအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက် ဆိုရင်တောင် ဒီလောက် တရစပ် တိုက်ခိုက်မှုတွေကြားမှာ အသက်ရှင်မှာ မဟုတ်ဘူး။ ဒီကောင်လေးတော့ သေပြီပေါ့'

'ဟုတ်တယ်၊ သူ အသက်ရှင်နိုင်စရာ အကြောင်း မရှိဘူး။ သူ့ကိုယ်သူ ဘာကောင်မှတ်နေလို့လဲ။ အရှင်မင်းသားကိုတောင် သတ်ရဲတယ်ပေါ့။ ဒီနေရာကနေ သူ အသက်ရှင်လျက် ထွက်သွားနိုင်စရာ အကြောင်း မရှိပါဘူး'

'မှန်တာပေါ့၊ အရှင်မင်းသားကို သတ်လိုက်ကတည်းက သူဟာ သူ့ရဲ့ ကံကြမ္မာမှာ သေခြင်းတရားကို သူကိုယ်တိုင် ရေးထိုးခဲ့တာပဲ'

ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူများ တိုက်ခိုက်သည်ကို မြင်သောအခါ တော်ဝင်တပ်မတော်မှ အဆင့်နိမ့် ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး ရယ်မောပြောဆိုနေကြလေသည်။

"ဒါက..."

လူတိုင်းက မီးလျှံတံတိုင်းကြီးများနှင့် တိုက်ခိုက်မှုများကိုသာ အာရုံစိုက်နေကြချိန်တွင် ကျီရှန်တစ်ဦးတည်းသာ ပတ်ဝန်းကျင်အား ဝေ့ကြည့်နေ၏။ လုံချန်းသည် ထိုအတိုင်း ငြိမ်ခံပြီး အသေခံမည့်သူ မဟုတ်ကြောင်း၊ အထူးသဖြင့် သူ့တွင် နေရာရွှေ့ပြောင်းခြင်း စွမ်းရည် ရှိနေကြောင်း သူ ယုံကြည်သောကြောင့် ဖြစ်သည်။

ရုတ်တရက် လုံချန်းကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ဝင်းပသွားသော်လည်း လုံချန်း ရောက်ရှိနေသည့် နေရာကို မြင်သောအခါ သူ မှင်တက်သွားရပြန်သည်။

လုံချန်းသည် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ သုံးဦး၏ အထက်တွင် ပျံသန်းနေ၏။ ထိုမျှမက သူသည် အမြဲတမ်း ပျံသန်းလေ့ရှိသကဲ့သို့ ဝိညာဉ်ဓား၏ အကူအညီဖြင့် ပျံသန်းနေခြင်း မဟုတ်ဘဲ ဓားမပါဘဲ ပျံသန်းနေခြင်း ဖြစ်သည်။

သူ၏ နောက်ကျောတွင် ပျံသန်းရန် ကူညီပေးနေသော လှပတင့်တယ်လှသည့် ရွှေရောင်နှင့် အနက်ရောင် ရောယှက်နေသော အတောင်ပံကြီးများ ရှိနေသည်ကို တွေ့လိုက်ရလေသည်။

တိုက်ခိုက်မှု သုံးခုစလုံးသည် လုံချန်း အစောပိုင်းက ရပ်နေခဲ့သော နေရာသို့ တပြိုင်နက် ကျရောက်သွားတော့သည်။ ပထမဆုံး ကျရောက်ခဲ့သော ဓားချက်ကြောင့် မြေပြင်တွင် တွင်းကြီးတစ်တွင်း ဖြစ်သွားပြီး ဖုန်မှုန့်နှင့် မီးခိုးများ အနှံ့အပြား ထွက်ပေါ်လာ၏။

ဒုက္ခပေးသော မီးလုံးများသည် ဒုတိယအချီအဖြစ် နေရာအနှံ့သို့ ကျရောက်လာပြီး ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေသည်။ မီးလျှံတံတိုင်းများ၏ အတွင်းဘက်တွင် မီးများ ဟုန်းဟုန်းတောက်နေတော့၏။

တတိယမြောက် ကျရောက်လာသည်မှာ ပို၍ပင် ထူးဆန်းသော ရေခဲလှံ ဖြစ်သည်။ ထိုရေခဲလှံသည် မီးလျှံများ၏ အလယ်သို့ ကျရောက်သွားသည်နှင့် တပြိုင်နက် အရာအားလုံးမှာ ခဲသွားတော့၏။ တောက်လောင်နေသော မီးလျှံများပင်လျှင် ရေခဲများအဖြစ်သို့ ပြောင်းလဲသွားလေတော့သတည်း။

အခန်း (၈၃၆) ကိုယ်ထင်ပြခြင်း

လုံချန်းသည် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူများ၏ အထက်တွင် ပျံသန်းနေသော်လည်း သူ၏ထံမှ မည်သည့် စွမ်းအင်လှိုင်းမျှ စိမ့်ထွက်ခြင်း မရှိပေ။

သူ၏ အောက်ရှိ ကျင့်ကြံသူများသည် မြေပြင်ပေါ်မှ ပျက်စီးမှုများကို ကြည့်ကာ ကျေနပ်ဂုဏ်ယူနေကြသဖြင့် လုံချန်း အသက်ရှင်နေသေးသည်ကိုပင် သတိမထားမိကြချေ။

‘စိတ်ဝင်စားဖို့ ကောင်းသားပဲ။ အဲဒီဓားချက်ထဲမှာ ဓားရဲ့အနှစ်သာရ ပါဝင်နေတယ်။ မီးလျှံတွေထဲမှာတော့ မီးနိယာမ ပါဝင်နေပြီး ရေခဲလှံကတော့ ရေခဲနိယာမနဲ့ ဖန်တီးထားတာပဲ။ သူတို့အားလုံးဟာ နိယာမတွေကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားကြတာပဲ’ လုံချန်းက ထိုတိုက်ခိုက်မှုများကို မြင်သောအခါ တွေးလိုက်မိသည်။

သူသည် အစွန်ဘက်တွင် ရပ်နေသော တတိယမြောက်လူကို စိုက်ကြည့်လိုက်၏။ 'ရေခဲက မီးနိယာမနဲ့ ဖန်တီးထားတဲ့ မီးတွေကိုတောင် ခဲသွားစေနိုင်တယ်ဆိုတော့ ဒီလူက သူ့ရဲ့နိယာမအပေါ် နားလည်သဘောပေါက်မှု အမြင့်ဆုံးပဲ’ သူက ဆက်လက်တွေးတောနေသည်။

သူသည် မိမိ၏ ပစ်မှတ်ကိုလည်း ရွေးချယ်ပြီးသား ဖြစ်သွားပြီ ဖြစ်၏။

သူသည် အချိန်ဓားကို မြှောက်ကာ ရေခဲလှံ ပစ်လွှတ်ခဲ့သူထံသို့ အားကုန် ပိုင်းချလိုက်တော့သည်။

အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ထိုသူသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ဘေးဘက်သို့ ချက်ချင်း ရှောင်တိမ်းလိုက်၏။

သူသည် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် အသက်မသေဘဲ လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်းမှမူ မကင်းခဲ့ချေ။ လုံချန်း ရည်ရွယ်ထားသကဲ့သို့ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်မသွားသော်လည်း သူ၏ ညာဘက်လက်မှာ ပုခုံးမှနေ၍ ပြတ်တောက်သွားတော့သည်။ ပြတ်ထွက်သွားသော လက်မောင်းကြီးသည် အောက်သို့ ပြုတ်ကျသွားပြီး ခဲနေသော မီးလျှံများပေါ်သို့ ကျရောက်သွား၏။

ရေခဲပြင်ပေါ်တွင် အက်ကြောင်းတစ်ကြောင်း ပေါ်ပေါက်လာပြီး ပျံ့နှံ့သွားတော့သည်။ ထိုအက်ကြောင်းများမှတစ်ဆင့် မီးလျှံများဆီသို့ လေဝင်သွားသဖြင့် မီးများမှာ တစ်ဖန် ပြန်လည် ဟုန်းဟုန်းတောက်လာ၏။ မီးလျှံများကို ခဲစေခဲ့သော ရေခဲများမှာလည်း ဖြည်းဖြည်းချင်း အရည်ပျော်လာတော့သည်။

မြေပြင်ပေါ်တွင် မီးနှင့် ရေခဲတို့ အားပြိုင်နေကြစဉ် ကောင်းကင်ယံ၌လည်း အခြားသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေသည်။ ပထမဆုံး တိုက်ခိုက်မှုက ရေခဲစွမ်းအားရှင်ကို မသတ်နိုင်ခဲ့သော်လည်း လုံချန်းက သူ့ကို အသက်ရှူချိန်ပင် မပေးဘဲ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

သူသည် နောက်သို့ ခဲယဉ်းစွာ လှည့်ကြည့်နေသော ထိုသူထံသို့ ဓားဖြင့် ထပ်မံ ပိုင်းချလိုက်ပြန်၏။

"ရေခဲပြင် အကာအကွယ်" ထိုသူသည် သူ၏ သိုင်းပညာစွမ်းရည် တစ်ခုကို အသုံးပြုလိုက်ရာ ဓားချက်ကို ကာကွယ်ရန် သူ၏ရှေ့တွင် ထူထဲလှသော ရေခဲတံတိုင်းကြီး တစ်ချပ် ပေါ်ပေါက်လာတော့သည်။

ရေခဲတံတိုင်းကို ဖန်တီးလိုက်သော်လည်း လုံချန်း၏ တိုက်ခိုက်မှုက မည်မျှ ပြင်းထန်မည်ကို မသေချာသဖြင့် ထိုသူသည် နောက်သို့ ဆက်လက် ဆုတ်ခွာနေမိသည်။ သူ၏ အကာအကွယ်စည်းသည် လုံချန်းကဲ့သို့ ကောင်းကင်ဘုံအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦး၏ အားကုန်တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်း ရှိသော်လည်း သူ၏ စိတ်ထဲတွင်မူ လုံခြုံသည်ဟု မခံစားရသေးပေ။

သူသည် ဆက်လက် ဆုတ်ခွာနေသော်လည်း ရေခဲတံတိုင်းကြီးမှာမူ ကျိုးပျက်သွားခြင်း မရှိချေ။

"သတိထား"

အခြားသော ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူများက သူတို့၏ သူငယ်ချင်းကို သတိပေးရန် အော်ဟစ်လိုက်ကြသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အနက်ရောင် ဓားတစ်လက်သည် ထိုသူ၏ နောက်ကျောကို ထိုးဖောက်သွားတော့၏။ ဓားကို ပြန်ဆွဲထုတ်လိုက်သောအခါ ထိုသူ၏ နှလုံးသား ရှိရမည့်နေရာတွင် အပေါက်ကြီး တစ်ပေါက် ကျန်ရစ်ခဲ့လေသည်။

ထိုသူသည် ဟန်ချက်ပျက်သွားကာ မျက်နှာမှာ ဖြူလျော်လျက် အောက်သို့ စတင် ကျဆင်းသွားတော့သည်။ သူသည် နာကျင်လွန်းသဖြင့် အော်ဟစ်ခြင်း သို့မဟုတ် မည်သည့်အသံမျှပင် မပြုလုပ်နိုင်တော့ပေ။ သူသည် အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့သည်ကို သိလိုက်ပြီ ဖြစ်၏။ သူ အောက်သို့ ကျဆင်းနေစဉ်အတွင်း သူ့ကို ဓားဖြင့် ထိုးခဲ့သူအား မြင်လိုက်ရသည်။

လုံချန်းသည် သွေးများဖြင့် ရွဲနစ်နေသော လေးလံသည့် ဓားကြီးတစ်လက်ကို ကိုင်ကာ ပျံသန်းနေ၏။ ထိုဓားပေါ်ရှိ သံချေးတက်နေသည့် အစင်းကြောင်းများမှာ ထင်ရှားလှသည်။

"ကောင်းလိုက်တဲ့ စွမ်းရည်ပဲ..." သူက အားနည်းစွာ ရေရွတ်လိုက်မိ၏။ လုံချန်းက နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကို သုံးနိုင်သည်အား သူ အံ့သြမိသလို မည်သူမျှ သတိမထားမိခင်၌ပင် အနားသို့ ရောက်ရှိလာခြင်းက သူ့ကို ပို၍ အံ့အားသင့်စေသည်။ ယခင်တစ်ခေါက်ကဲ့သို့ လုံချန်း၏ တိုက်ခိုက်မှုကို သူ ကြိုတင် မခံစားမိခဲ့ချေ။ သူ၏ အာရုံခံစားမှုများ ပျက်ယွင်းသွားခြင်းလော သို့မဟုတ် တိုက်ခိုက်မှုများကြား အာရုံများနေစဉ် လုံချန်းက ပိုမို ထိရောက်စွာ တိုက်ခိုက်လိုက်ခြင်းလော သူ မဝေခွဲနိုင်တော့ပေ။

ကျန်ရှိသော ကျင့်ကြံသူနှစ်ဦးက လုံချန်းကို ထပ်မံ တိုက်ခိုက်လိုက်ချိန်မှာပင် ထိုသူ၏ ရုပ်အလောင်းမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျရောက်သွားတော့သည်။

ဟင်းလင်းပြင်ကြီးမှာ မတည်မငြိမ် ဖြစ်လာပြီး မည်သည့်နေရာမှန်း မသိသော နေရာတစ်နေရာတွင် ဟင်းလင်းပြင် တံခါးပေါက် တစ်ပေါက် ပေါ်ပေါက်လာသည်။ ထိုတံခါးပေါက်သည် လူနှစ်ယောက် ဖြတ်သန်းနိုင်သည့်အထိ တဖြည်းဖြည်း ကျယ်ပြန့်လာ၏။

ကောင်လေးတစ်ယောက်သည် ထိုတံခါးပေါက်ထဲမှ ဖြည်းညှင်းစွာ လှမ်းထွက်လာသည်။ သူ အပြင်သို့ လုံးဝ ရောက်ရှိသွားသည်နှင့် တပြိုင်နက် တံခါးပေါက်ကြီးမှာ ပျောက်ကွယ်သွားတော့၏။

ထိုကောင်လေးမှာ ဆယ်ကျော်သက်အရွယ်ပင် မရောက်သေးသည့် ပုံစံမျိုး ရှိသည်။ သူ၏ လည်ပင်းတွင် ဒင်္ဂါးပြားနှင့်တူသော တံဆိပ်တစ်ခုကို ဆွဲကြိုးကဲ့သို့ ဆွဲထား၏။

တံခါးပေါက်ထဲမှ ထွက်လာပြီးနောက် ထိုကောင်လေးသည် သူ၏ လက်မောင်းများကို ဆန့်ထုတ်ကာ အကြောဆန့်လိုက်သည်။

"ဟင်း... ဒါဆို ဒီနေရာမှာ အဲဒီကိစ္စ ဖြစ်ပျက်ခဲ့တာပေါ့။ အဲဒီလူ ပြောတာသာ အမှန်ဆိုရင် ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စဟာ ကံကြမ္မာကိုတောင် တုန်လှုပ်စေနိုင်တဲ့အထိ ပြင်းထန်ခဲ့တာပဲ။ ငါတို့ရဲ့ သူငယ်ချင်းလေး ဒီကိုရောက်ပြီး ဘာတွေလုပ်ခဲ့သလဲ ကြည့်ရသေးတာပေါ့။ ငါသိသလောက်တော့ သူ ဒီမှာ မရှိတော့ဘူး။ သူ့ကို တွေ့လိုက်ရရင် ကောင်းမှာပဲ" ထိုကောင်လေးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် အနီးအနားတွင် ရွာငယ်လေးတစ်ရွာကို တွေ့လိုက်၏။ သူသည် အလျင်စလို မရှိဘဲ ထိုရွာရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။

ရွာထဲသို့ ခြေချလိုက်သည်နှင့်တပြိုင်နက် ထိုကောင်လေး၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။

"သွေးတွေပါလား။ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်" သူက ရေရွတ်ရင်း ရွာထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွား၏။

မြေပြင်ပေါ်တွင် သွေးကွက်များကို သူ မြင်တွေ့နေရသော်လည်း ပတ်ဝန်းကျင်တွင် အလောင်းများကိုမူ မတွေ့ရချေ။

"အလောင်းတွေကို ရှင်းလိုက်တာ တော်တော်ကြာပြီ ထင်တယ်။ ရွာသားတွေ ရှင်းလိုက်တာ ဖြစ်မှာပေါ့" သူက အိမ်များအတွင်းရှိ လူသားများ၏ ရှိနေမှုကို အာရုံခံမိရင်း တစ်ဦးတည်း ပြောနေမိသည်။

သူသည် သွေးစများကို လိုက်ကြည့်ရင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

"ဟင်း... တစ်ယောက်တည်းကပဲ ရန်သူအားလုံးကို သတ်သွားတာပဲ။ တစ်ဖက်သတ် သတ်ဖြတ်မှု ဖြစ်ခဲ့ပုံရတယ်။ လုံချန်းပဲ ဖြစ်မယ်။ ဒီလို လက္ခဏာတွေ ရှိနေတာကို ကြည့်ရင် ရန်သူတွေက သိပ်ပြီးတော့ မသန်မာကြဘူး ထင်တယ်" သွေးစက်များနှင့် ပုံစံများကို ကြည့်ကာ သူက ဆိုလိုက်၏။ သူသည် သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ သာမန်မျက်စိဖြင့် မမြင်နိုင်သော အရာများအား ကြည့်ကာ အတိတ်က ဖြစ်ရပ်များကို ပုံဖော်ကြည့်နေခြင်း ဖြစ်သည်။

သူသည် ဆက်လက် လျှောက်လှမ်းလာရာ လုံချန်းနှင့် ရှုလျန်တို့ ရင်ဆိုင်ခဲ့ကြသည့် ရွာ၏ အခြားတစ်ဖက်သို့ မကြာမီမှာပင် ရောက်ရှိလာတော့သည်။

ပတ်ဝန်းကျင်တွင် ကြီးမားသော ပျက်စီးမှုများ၏ လက္ခဏာများ ရှိနေဆဲပင် ဖြစ်၏။ ပျက်စီးသွားသော အိမ်များမှာလည်း ပြန်လည် ပြုပြင်ခြင်း မရှိသေးချေ။ မြေပြင်ပေါ်တွင်လည်း တွင်းကြီးများနှင့် အက်ကြောင်းများ ရှိနေဆဲ ဖြစ်သည်။

"ငါတို့ ဘာတွေ တွေ့ဦးမလဲ၊ စိတ်ဝင်စားစရာပဲ။ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါတွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေနဲ့ ပတ်သက်နေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ။ အတိတ်နဲ့ အနာဂတ်ကို ကြည့်ဖို့ ငါ့ရဲ့ စွမ်းအားတွေကို တကယ်ပဲ သုံးရတော့မှာလား။ ဟူး... ငါ့မှာ အသက်ရှင်ဖို့ သက်တမ်းက သိပ်မကျန်တော့ပါဘူး။ ဒါဟာ တကယ်ပဲ ထိုက်တန်ရဲ့လား" ကောင်လေးက ညည်းတွားနေမိသည်။

"ရန်သူက လုံချန်းထက်တောင် အများကြီး အင်အားကြီးပုံရပေမဲ့ အဲဒီလူရဲ့ သွေးစက် တစ်စက်တောင် ငါ မတွေ့မိပါလား။ အဲဒီတိုက်ပွဲက ဘယ်လို အဆုံးသတ်သွားတာလဲ။ ဟူး... ငါ့ရဲ့ စပ်စုချင်စိတ် ပြေပျောက်ဖို့အတွက်ပဲ လုပ်လိုက်တော့မယ်" သူက ဆက်ပြောရင်း သူ၏ လက်များကို အပြင်သို့ ဆန့်ထုတ်လိုက်လေသည်။

စွမ်းအင်လှိုင်းလေး တစ်လှိုင်းသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။ ထိုစွမ်းအင်လှိုင်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် အချိန်ကြီးမှာ ရပ်တန့်သွားသည့်အလား ထင်မှတ်ရလေတော့သည်။

All Chapters